← Chapters

အခန်း ၁၈၈

Vol. 19 Ch. 188

အခန်း ၁၈၈

Vol. 19 Ch. 188

188

"မင်းတို့ ရဲတင်းလှချည်လားကွ၊ ဟမ်”

လျိုချန်ဟုန်က ဒေါသတကြီးဖြင့် လှမ်းဟောက်လိုက်သည်။

"ငါက ဘယ်သူလဲဆိုတာ မင်းတို့ သိကြရဲ့လား၊ ငါ့အဖေက ဘယ်သူလဲဆိုတာကိုရော သိရဲ့လား၊ ဒါနဲ့များ မင်းတို့က ငါ့ကို ဖမ်းရဲတယ်ပေါ့လေ”

လျိုချန်ဟုန်၏ လေသံမှာ အလွန်ပင် ရမ်းကားလှပြီး ခြိမ်းခြောက်မှုများဖြင့် ပြည့်နှက်နေသည်။

ချင်ရန်ကမူ တုန်လှုပ်ခြင်းမရှိသော်လည်း သူ့နောက်မှ ရဲအရာရှိ ငါးဦးမှာမူ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ကြောက်ရွံ့တုန်လှုပ်နေကြပြီး နေရာတွင်ပင် အေးခဲနေကြ၏။

ချင်ရန်က မျက်မှောင်ကြုတ်ကာ ရဲတစ်ယောက်၏ လက်ထဲမှ လက်ထိပ်ကို ဆွဲယူလိုက်ပြီး လျိုချန်ဟုန်ကို ကိုယ်တိုင် လက်ထိပ်ခတ်ရန် ပြင်ဆင်သည်။

"ဆရာ”

ထိုစဉ် လျိုချန်ဟုန်၏ နောက်မှ အရပ်ရှည်ရှည် လုံခြုံရေးခေါင်းဆောင်သည် ချင်ရန် အမှန်တကယ် လက်ထိပ်ခတ်တော့မည်ကို မြင်သောအခါ ကျန်ရှိသည့် လုံခြုံရေး တစ်ဒါဇင်ခန့်ကို ဝိုင်းအုံတိုက်ခိုက်ရန် အချက်ပြလိုက်တော့သည်။

ထို့နောက် တစ်ခဏအတွင်းမှာပင် လူတစ်ဒါဇင်ကျော်မှာ တားဆီးရန်အတွက် ချင်ရန်ထံသို့ ပြေးဝင်လာကြ၏။

လုံခြုံရေးခေါင်းဆောင်မှာမူ သေနတ်ထုတ်ရန်အထိ မရဲသဖြင့် လက်သီး၊ ခြေကန်ချက်များကိုသာ အားကိုး၍ တိုက်ခိုက်လိုက်ရသည်။

လူတစ်ဒါဇင်ကျော် တိုးဝင်လာသည်ကို မြင်သော်လည်း ချင်ရန်မှာ အကြောက်အလန့်မရှိဘဲ သူတို့ကို ရင်ဆိုင်လိုက်၏။

*ဖုန်း*

*ခွပ်*

*အား*

နောက် ဆယ်စက္ကန့်ခန့်အကြာတွင် ဖုန်လုံးကြီးများ ငြိမ်သက်သွားပြီး ချင်ရန်က လုံခြုံရေးလူအုပ်ကြီးကို အပြတ်ရှင်းလိုက်ပြီ ဖြစ်သည်။

မြေပြင်ပေါ်တွင်မူ လုံခြုံရေး ဝန်ထမ်းတစ်ဒါဇင်ကျော် လူမိုက်အုပ်လိုက်ကြီးမှာ နာကျင်လွန်း၍ လူးလိမ့်ကာ ညည်းတွားနေကြ၏။

တစ်ကြိမ်တည်းနှင့်ပင် ထိုအရပ်အမောင်း ကောင်းလှသော လူအုပ်ကို ချင်ရန်က အမှုန့်ဖြစ်အောင် ချေမှုန်းပစ်လိုက်ခြင်း ဖြစ်သည်။

လုံခြုံရေးခေါင်းဆောင်၏ အခြေအနေမှာလည်း အတော်လေး ဆိုးရွားနေ၏။

*ဂျောက်*

ထိုစဉ် သတ္တုပစ္စည်းတစ်ခု မြေပေါ်သို့ ကျသွားသည့် အသံ ထွက်ပေါ်လာသည်။

ချင်ရန် အကြည့်များ အေးစက်သွားပြီး လုံခြုံရေးခေါင်းဆောင်နားသို့ လျှောက်သွား၏။

သူ့ဘေးတွင် ပြုတ်ကျနေသော ပစ္စတိုသေနတ်တစ်လက်ကို ချင်ရန်က ကောက်ယူလိုက်ပြီး အနောက်မှ ရဲအရာရှိများကို လှမ်းခေါ်လိုက်သည်။

"ဒီလူ့ဆီမှာ လိုင်စင်မဲ့ သေနတ်ရှိနေတယ်၊ သူ့ကိုပါ ဖမ်းခေါ်သွားကြ”

"ဒီလို တရားမဝင် ပစ္စည်းမျိုးကိုတောင် လက်ဝယ်ထားရဲတယ်ဆိုတော့ လျိုချန်ဟုန်၊ ခင်ဗျားကတော့ တကယ့်ကို တစ်ခုခုပဲ“

ချင်ရန်က ခနဲ့လိုက်ရာ လျိုချန်ဟုန်၏ မျက်နှာမှာ ပြာနှမ်းသွားရသည်။

သူသည် ချင်ရန်၏ အစွမ်းအစကို အစအဆုံး တွေ့လိုက်ရသဖြင့် အတော်လေး ကြောက်လန့်သွား၏။

ဤမျှ အစွမ်းထက်သော ကိုယ်ခံပညာရှင်ကို မိမိနောက်လိုက်လူတစ်ဒါဇင်ကျော်မှာ တစ်ကွက်မျှတောင် မယှဉ်နိုင်ခဲ့ချေ။

အားလုံးမှာ အရပ်ရှည်ပြီး သန်မာသူများ ဖြစ်ကြသော်လည်း ဤမျှ လွယ်လွယ်ကူကူ ရှုံးနိမ့်သွားရခြင်းမှာ မယုံနိုင်စရာပင် ကောင်းလှသည်။

ယခုမူ လုံခြုံရေးခေါင်းဆောင်၏ ခါးကြားမှ သေနတ်ကိုပါ တွေ့ရှိသွားပြီဖြစ်ရာ အခြေအနေမှာ အတော်လေး ကြီးသွားပြီ ဖြစ်သည်။

"မင်းနာမည်က ချင်ရန် မဟုတ်လား၊ ငါက ဘယ်သူလဲဆိုတာ သေသေချာချာ ပြန်စဉ်းစားစမ်းပါ၊ မင်း ငါ့ကို လုံးဝ မယှဉ်နိုင်ပါဘူး"

လျိုချန်ဟုန်က မျက်နှာပျက်ပျက်ဖြင့် စိုက်ကြည့်ကာ နောက်ဆုံးအသက်ကယ် ကောက်ရိုးမျှင်ကို ဆွဲ၍ ပြောလိုက်သည်။

"မင်း ငါ့ကို အခု ဖမ်းလို့ရတယ် ဒါပေမဲ့ ငါက ချက်ချင်း ပြန်ထွက်လာမှာ၊ အဲဒီအခါကျရင် မင်းက ရာထူးပြုတ်ရုံတင်မကဘူး၊ တစ်သက်လုံး ခေါင်းမဖော်နိုင်အောင် ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ငါ အာမခံရဲတယ်၊ အဟက်”

လျိုချန်ဟုန်၏ အရူးချီးပန်း စကားကြောင့် ချင်ရန်က ရုတ်တရက် ရယ်မောလိုက်သည်။

"ကျွန်တော့်ကို လာပြီး ခြိမ်းခြောက်တာလား၊ ဒါဆိုရင်တော့ နည်းနည်းလို‌သေးတယ်၊ ကြိုးစားလိုက်ဦး၊ ကဲ သွားကြမယ် ဟေ့”

ချင်ရန် လက်ထိပ်ခတ်လျက်သားဖြင့် လျိုချန်ဟုန်ကို ဆွဲခေါ်သွားတော့သည်။

ဘေးက မိန်းကလေး နှစ်ဦးမှာလည်း အတော်ပင် ထိတ်လန့်တုန်လှုပ်နေကြ၏။

လျိုချန်ဟုန်က ရုတ်တရက် ရယ်မောလိုက်ပြီး ထိုမိန်းကလေး နှစ်ဦးကို တစ်ယောက်တစ်လှည့် ပါးနမ်းလိုက်ကာ ပြောလိုက်သည်။

"မင်း‌လေးတို့နှစ်ယောက် အိမ်မှာ အရင်စားသောက်ပြီး ငါ့ကို စောင့်နေကြ၊ ငါ ချက်ချင်း ပြန်လာခဲ့မယ်၊ ဒါနဲ့ ငါပြန်လာရင်တော့ အစွမ်းကုန် ကဲဖို့ ပြင်ထားကြဦး၊ ဟဲဟဲ”

လူကိုယ်တိုင်က အဖမ်းခံနေရသော်လည်း ဥပဒေကို လုံးဝ ဂရုမစိုက်ဘဲ ရမ်းကားနေသော လျိုချန်ဟုန်၏ အပြုအမူကြောင့် ချင်ရန် မျက်နှာမှာ တင်းမာသွားသည်။

သူသည် ဖြစ်ပေါ်လာသည့် ဒေါသအား မထိန်းချုပ်နိုင်ဘဲ လျိုချန်ဟုန်၏ လည်ပင်းကို ဖိနှိပ်ကာ ရဲကားဆီသို့ ဆွဲခေါ်သွားလိုက်၏။

"ငြိမ်ငြိမ်နေစမ်း”

ချင်ရန်က လျိုချန်ဟုန်ကို ဟောက်လိုက်သည်။

"ဒီကောင်လေး..”

လျိုချန်ဟုန်က အံကြိတ်ကာ ချင်ရန်ကို စိုက်ကြည့်ရင်း စိတ်ထဲ၌ ကြုံးဝါးနေ၏။

စောင့်နေလိုက်စမ်း၊ မင်း မကြာခင် ငိုရတော့မှာပါ။

*ဘုန်း*

လျိုချန်ဟုန်ကို ရဲကားထဲသို့ ပစ်ထည့်ကာ ချင်ရန်က တံခါးကို စောင့်ပိတ်လိုက်သည်။

ထို့နောက် အနောက်လှည့်ကြည့်လိုက်ရာ မြေပေါ်တွင် လူးလိမ့်နေသော လုံခြုံရေးများထဲမှ အချို့မှာ ထရပ်နေကြ၏။

သို့သော် သူတို့မှာ ချင်ရန်အား ထပ်မံ တိုက်ခိုက်ရန် စိတ်မကူးရဲကြတော့ချေ။

အားချင်းကွာခြားချက်က အလွန်ထင်ရှားလှသဖြင့် လူမိုက်များသာ ထပ်မံရင်ဆိုင်ပါက ရူးသွပ်ရာ ရောက်ပေလိမ့်မည်။

ချင်ရန်လည်း ကားပေါ်သို့ ဝင်ထိုင်လိုက်သည်။

*ဝူး*

ရဲကားသည် စက်နှိုးကာ ဌာနချုပ်ဆီသို့ စတင်ထွက်ခွာလာခဲ့သည်။

ထိုစဉ် မြေပြင်ပေါ်တွင် ကျန်ရစ်သော လုံခြုံရေး ဝန်ထမ်းများထဲမှ တစ်ဦးက သူတို့အချင်းချင်းကို သတိပေးလိုက်ကြ၏။

"မြန်မြန် သခင်ကြီးဆီကို ဖုန်းဆက်လိုက်တော့၊ သခင်လေး အဖမ်းခံလိုက်ရပြီဆိုတာကို အခုချက်ချင်း အကြောင်းကြားလိုက်၊ တောက် ဒါ တော်တော့်ကို အခြေအနေ ဆိုးနေပြီ”

လျိုချန်ဟုန်သည်လည်း ဤအခြေအနေကို ခန့်မှန်းထားပြီးသား ဖြစ်သည်။

သူ အဖမ်းခံရသည်နှင့် လုံခြုံရေးများမှာ သူ့အဖေဆီသို့ ချက်ချင်း ဖုန်းဆက်မည်မှာ သေချာလှ၏။

သူ့အဖေက စကားတစ်ခွန်း ပြောလိုက်ရုံနှင့် သူသည် ချက်ချင်းပင် အပူအပင်မရှိ ပြန်ထွက်လာရမည်ဖြစ်ရာ သူသည် စိုးရိမ်ပူပန်ခြင်းမရှိဘဲ ကားပေါ်တွင် အေးအေးဆေးဆေး ထိုင်နေလိုက်သည်။

ချင်ရန်က သူ့ဘေးတွင် အေးစက်စွာ ထိုင်နေသော်လည်း လောလောဆယ်တွင် သူ့ကို ဘာမှမလုပ်နိုင်သေးချေ။

ကားပေါ်တွင် လျိုချန်ဟုန်က အဘိုးအဘွား လေးဦးကို မြင်သောအခါ ရက်စက်သော လေသံဖြင့် ခြိမ်းခြောက်ပြန်သည်။

"မင်းတို့က ငါ့ကို တိုင်တာလား၊ ကောင်းတယ် သိပ်ကောင်းတာပဲ၊ မင်းတို့က တကယ့်ကို သတ္တိရှိကြတာပဲ”

လျိုချန်ဟုန်၏ စကားကြောင့် အဘိုးအဘွားလေးဦးလုံးမှာ ထိတ်လန့်သွားပြီး ခေါင်းပင် မဖော်ရဲကြတော့ချေ။

သူတို့သည် ဤအကြိမ်တွင် လျိုချန်ဟုန်ကို တိုင်တန်းရန်အတွက် မိုင်ပေါင်းများစွာ ခရီးနှင်ကာ ဒုက္ခမျိုးစုံကို ခံစားခဲ့ရပြီး ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲ ချခဲ့ရခြင်း ဖြစ်သည်။

သို့သော် ယခု လက်တွေ့ရင်ဆိုင်ရချိန်တွင် လျိုချန်ဟုန်ကို အလွန်ပင် ကြောက်ရွံ့နေကြဆဲ ဖြစ်၏။

*ဖုန်း*

ချင်ရန်က ရဲလက်ကိုင်တုတ်တစ်ချောင်းဖြင့် လျိုချန်ဟုန်၏ ပခုံးကို လှမ်းရိုက်လိုက်သည်။

“ငါ့ရှေ့မှာတင် သာမန်ပြည်သူတွေကို မင်းက ခြိမ်းခြောက်ရဲတာလား၊ မင်းကတော့ တကယ့်ကို သေချင်နေတာပဲ”

"မင်း..”

လျိုချန်ဟုန်က အံကြိတ်ကာ ချင်ရန်ကို စိုက်ကြည့်လိုက်၏။

"မင်းရဲ့ ကောင်းစားနေတဲ့နေ့ရက်တွေ ကုန်တော့မှာပါ၊ မကြာခင်မှာ မင်းရဲ့ ယူနီဖောင်းက မင်းကိုယ်ပေါ်မှာ ရှိနေဦးမလားဆိုတာကို စောင့်ကြည့်နေလိုက်"

ထို့နောက် ကားလေးသည် သွားလိုသည့် လိုရာခရီးသို့ ဆက်လက်မောင်းနှင်လာခဲ့ရာ နာရီဝက်ခန့် ကြာသောအခါ ကားမှာ ဌာနချုပ်သို့ ရောက်ရှိသွားသည်။

ချင်ရန်က လျိုချန်ဟုန်ကို ကိုယ်တိုင် ဆွဲခေါ်ကာ စစ်ဆေးမေးမြန်းခန်းသို့ ခေါ်ဆောင်သွား၏။

တစ်ချိန်တည်းမှာပင် ရဲဌာနချုပ်ရှိ ရုံးခန်းတစ်ခုအတွင်း၌ ပေကျင်းမှ ဖုန်းတစ်ကော ဝင်လာခဲ့ရာ ညွှန်ကြားရေးမှူးချုပ် ရှီကျင်းစုန့်က ဖုန်းကို ကိုင်လိုက်သည်။

"ဟယ်လို ဘယ်သူပါလဲ”

"ကျင်းစုန့် မင်းရဲ့ လူတွေက တကယ့်ကို မျက်စိမပါတဲ့ ကောင်တွေပဲ”

ဖုန်း၏ တစ်ဖက်မှ ဒေါသတကြီး အော်ဟစ်လိုက်သည်။

ရှီကျင်းစုန့်က ထိုအသံကို မှတ်မိလိုက်ပြီး တည်ငြိမ်စွာပင် မေးလိုက်၏။

"မျက်စိမပါဘူးဆိုတာ ဘာကို ဆိုလိုတာလဲ”

“မင်း ဒီကိစ္စကို ယခုထိ မသိသေးတာလား၊ မင်းရဲ့လူတွေက ငါ့သားကို ဖမ်းသွားပြီကွ၊ အခု ငါ မင်းနဲ့ စကားအရှည်ကြီး ပြောမနေချင်ဘူး၊ ငါ တကယ့်ကို ဒေါသထွက်နေတာ လူတောင် သတ်မိတော့မယ်၊ အဲ့ဒါကြောင့် မင်းရဲ့လူတွေကို အခုချက်ချင်း ငါ့သားကို ပြန်လွှတ်ပေးဖို့ ပြောလိုက် ပြီးတော့ ငါ့သားကို ဖမ်းသွားတဲ့ကောင်ရဲ့ နာမည်ကိုပါ ငါ့ကို အခုချက်ချင်းပြောပြ”

"သူ့ကို ရာဇဝတ်မှုတွေ ကျူးလွန်တယ်ဆိုတဲ့ တိုင်ကြားချက်ကြောင့် ဥပဒေအတိုင်း ဖမ်းဆီးတာပါ၊ တကယ်လို့ ပြစ်မှုကင်းရှင်းတယ်ဆိုရင်တော့ ပြန်လွတ်လာပါလိမ့်မယ်”

ရှီကျင်းစုန့်က လေးနက်သောအသံဖြင့် ပြောလိုက်၏။

"ကျင်းစုန့်၊ မင်း ဘာစကား ပြောတာလဲ”

"လျိုချန်ဟုန်ကို ဖမ်းဖို့ ကျွန်တော်ကိုယ်တိုင် ခွင့်ပြုလိုက်တာပါ၊ သူ ဘာရာဇဝတ်မှုတွေ ကျူးလွန်ခဲ့လဲဆိုတာ ကျွန်တော်တို့ သေသေချာချာ စုံစမ်းစစ်ဆေးသွားမှာပါ၊ အပြစ်မရှိတဲ့သူကို မတရား မစွပ်စွဲသလို၊ ရာဇဝတ်ကောင်ကိုလည်း လုံးဝ ခွင့်လွှတ်မှာ မဟုတ်ဘူး"

ရှီကျင်းစုန့်က ပြတ်သားစွာဖြင့် ပြောလေသည်။

"ရှီကျင်းစုန့်၊ မင်း ရူးနေတာလား၊ ငါ့ကို ဒီလို စကားတွေ ပြောရဲတယ်ပေါ့လေ၊ မင်း အခက်အခဲ ဖြစ်နေတုန်းက ငါ ကူညီခဲ့တာတွေကို မေ့သွားပြီလား"

တစ်ဖက်မှ အသံမှာ အလွန်အမင်း ဒေါသထွက်နေပုံရကာ ကျေးဇူးခံကျေးဇူးကြွေးများကိုပါ ထည့်သွင်းပြောဆိုလာ၏။

"ရာဇဝတ်ဂိုဏ်းနှိမ်နင်းရေးအပေါ် အထက်လူကြီးတွေရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို ခင်ဗျားလည်း သိမှာပါ၊ ဒါကြောင့် ကျွန်တော် ရှည်ရှည်ဝေးဝေး မပြောတော့ဘူး၊ စုံစမ်းစစ်ဆေးမှု ပြီးရင် ကျွန်တော် ဖုန်းပြန်ဆက်လိုက်မယ်၊ ဘာမှပြောစရာ မရှိရင် ကျွန်တော် ဖုန်းချလိုက်ပါတော့မယ်”

ထို့နောက် ရှီကျင်းစုန့်က မိမိသဘောဖြင့် ဖုန်းကို အရင်ချလိုက်သည်။

သူ့မျက်နှာမှာ အလွန်ပင် တည်ငြိမ်နေ၏။

လျိုချန်ဟုန်၏ ဖခင်မှာ ပေကျင်းတွင် အာဏာရှိသူ တစ်ဦး ဖြစ်သော်လည်း ဂရုစိုက်စရာ မလိုချေ။

ရာဇဝတ်မှု ကျူးလွန်ထားလျှင် ဖမ်းဆီးရမည်သာ ဖြစ်သည်။

စင်စစ်အားဖြင့် လျိုချန်ဟုန်၏ ရာဇဝတ်မှုများသာ ကြီးလေးပါက သူ့ဖခင်ကိုပါ ရာထူးမှ ဆွဲချသွားနိုင်ပေသည်။

တစ်ဖက်တွင်လည်း စစ်ဆေးမေးမြန်းခန်းအတွင်း၌ လျိုချန်ဟုန်မှာ ဆဲဆိုကြိမ်းမောင်းကာ အော်ဟစ်နေဆဲပင်။

သူသည် ပေကျင်းမြို့တော်မှ လာသူဖြစ်ကြောင်း၊ သူ့ဖခင်မှာ အာဏာရှိသူဖြစ်ပြီး ပေကျင်းရှိ အရေးပါသော ပုဂ္ဂိုလ်ကြီးများနှင့် ရင်းနှီးကြောင်းများကို တတွတ်တွတ် ကြွားဝါနေ၏။

ချင်ရန်မှာ ထိုစကားများကို နားထောင်ရသည်မှာ ငြီးငွေ့လာသဖြင့် စိတ်မရှည်စွာဖြင့် ပြောလိုက်လေသည်။

“ပါးစပ်ပိတ်ထားစမ်း၊ မင်းက မြို့တော်ကပဲ လာလာ၊ ကောင်းကင်ဘုံကပဲ ဆင်းလာလာ ငါတို့နဲ့ မဆိုင်ဘူး၊ ဥပဒေနဲ့ ငြိစွန်းရင်တော့ ငါတို့က ဖမ်းမှာပဲ၊ အခု ငါမေးတာကိုပဲ ဖြေစမ်း၊ ပြည်သူတွေ စွပ်စွဲထားတဲ့ ရာဇဝတ်မှုတွေကို မင်း ဝန်ခံသလား၊ မဝန်ခံဘူးလား”

All Chapters