← Chapters

အခန်း ၆၁၉

Vol. 42 Ch. 619

အခန်း ၆၁၉

Vol. 42 Ch. 619

အခန်း (၆၁၉) လှုပ်ရှားမှု စတင်ခြင်းနှင့် အာဏာစက်ကို ပြသခြင်း အပိုင်း (၂)

ပထမအင်အားစုမှာ ချောင်မိသားစု ဖြစ်ပြီး အခြားတစ်ခုမှာမူ လန်မိသားစု ဖြစ်သည်။

ကောင်းကင်မိုးကြိုး ကြွက်အုပ်စု၏ စုံစမ်းချက်များအရ ချောင်မိသားစုဝင် တစ်ဦးမှာ အခြားသော အင်မော်တယ် မြို့တော်တစ်ခုတွင် အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေပြီး လန်မိသားစုမှာမူ ယွဲ့လန်တောင်ထွတ်မှ အရှင်သခင် ကုလန် နှင့် ဝေးကွာသော ဆွေမျိုးတော်စပ်မှု ရှိနေသည်ဟု သိရသည်။

သို့သော်လည်း စုယွီသည် ဤအချက်များကို ကောင်းကင်မိုးကြိုး ကြွက်များအား ထုတ်ဖော်မပြောရန် တားမြစ်ထား၏။ သူတို့ဘက်က နှုတ်ပိတ်နေသရွေ့ အခြားသူများလည်း သိနိုင်မည် မဟုတ်ပါချေ။ အကယ်၍ မသိခဲ့လျှင်တော့ ထိုသူများကို အရင်ဆုံး သတ်ဖြတ်ပစ်လိုက်ခြင်းက အကောင်းဆုံးပင်။

မူလဝိညာဉ် အဆင့်ရှိ ထိုမိသားစု နှစ်ခုစလုံးမှာ အင်အား အလွန်အမင်း ကြီးမားခြင်း မရှိလှပါချေ။ မိသားစု တစ်ခုတွင် မူလဝိညာဉ် ဒုတိယအဆင့်ရှိ ဘိုးဘေး တစ်ဦး ရှိနေပြီး အခြား မိသားစုတွင်မူ မူလဝိညာဉ် ပထမအဆင့်ရှိ ဘိုးဘေး တစ်ဦးသာ ရှိသည်။ ထိုမိသားစု နှစ်ခုအပြင် ဟေးယွီ အင်မော်တယ် မြို့တော် နယ်မြေအတွင်းရှိ ရွှေအမြုတေ အဆင့် အင်အားစု (၃၀) ကျော်မှာလည်း အမိန့်ကို လျစ်လျူရှုကာ ပဋိပက္ခများကို တမင်တကာ ဖန်တီးနေကြဆဲ ဖြစ်၏။

ဖန်ရှောင်က စုယွီကို လှမ်းကြည့်လိုက်သည်။

စုယွီက ပုခုံးတွန့်ပြလိုက်ရင်း ဆို၏။ “သိုင်းလောကမှာ မြန်ဆန်ခြင်းက အောင်မြင်ခြင်းရဲ့ သော့ချက်ပဲ... မင်းအနေနဲ့ ဒီအင်အားစုတွေကို မြန်မြန်ဆန်ဆန် နှိမ်နင်းနိုင်သရွေ့ ဟေးယွီ အင်မော်တယ် မြို့တော် နယ်မြေမှာ မင်းရဲ့ စကားက အာဏာတည်သွားလိမ့်မယ်...”

ထိုသို့ ပြောဆိုပြီးနောက် စုယွီ၏ အကြည့်မှာ အနည်းငယ် ပြောင်းလဲသွားကာ ဖန်ရှောင်၏ နားနားသို့ ကပ်၍ တိုးညှင်းစွာ အကြံပေးလိုက်သည်။

မူလဝိညာဉ် အဆင့်ရှိ အင်အားစုများကိုတော့ ကိုယ်တိုင် ကိုင်တွယ်ရမည် ဖြစ်သော်လည်း ကျန်ရှိသော ရွှေအမြုတေ အဆင့် အင်အားစုများကိုမူ ကျိမိသားစုနှင့် အခြားသူများကိုသာ ရှင်းလင်းခိုင်းလိုက်ရန် ဖြစ်၏။ ရွှေအမြုတေ အဆင့် အထက်ရှိသူ မှန်သမျှကို လုံးဝ ညှာတာခြင်း မရှိဘဲ သတ်ဖြတ်ပစ်ရမည်။

အကယ်၍ ကျိမိသားစုကသာ ငြင်းဆန်ခဲ့မည် ဆိုလျှင်တော့ ဖန်ရှောင်အတွက် သူတို့ကိုပါ တစ်ခါတည်း ကိုင်တွယ်ရန် အကြောင်းပြချက် ကောင်းတစ်ခု ရရှိသွားမည် မဟုတ်ပါလော။ ဤသည်မှာ ဒုတိယမြောက် အကွက်ပင် ဖြစ်ချေသည်။ ကျိမိသားစု အနေဖြင့် ဒါကို လက်ခံမည်လော ၊ သို့မဟုတ် ငြင်းပယ်မည်လော။

ထိုအစီအစဉ်ကို ကြားလိုက်ရသောအခါ ဖန်ရှောင်က ခေါင်းညိတ်လိုက်ပြီး ပြတ်သားစွာ ဆိုလိုက်၏။ “တူမလေး ဂိုဏ်းတော်ကို အရင်ပြန်ပြီး ဆရာနဲ့ သွားတွေ့လိုက်ဦးမယ်... ပြန်ရောက်လာတာနဲ့ သူတို့ကို တစ်ခါတည်း ရှင်းပစ်မယ်...”

*

သုံးရက်ပင် မပြည့်မီမှာပင် ဖန်ရှောင်သည် ဂိုဏ်းတော်မှ ပြန်လည် ရောက်ရှိလာခဲ့သည်။

သူမနှင့်အတူ လူနှစ်ဦး လိုက်ပါလာခဲ့ရာ တစ်ဦးမှာ အဓိက တောင်ထွတ်ရှိ ပြစ်ဒဏ်ပေးရေး ခန်းမဆောင်မှ မူလဝိညာဉ် အဆင့်လယ် ကျင့်ကြံသူ အကြီးအကဲ လေ့ယွမ်တုန် ဖြစ်ပြီး ‘မိုးကြိုးတိမ်တိုက် အရှင်သခင်’ ဟု လူသိများသည်။ အခြားတစ်ဦးမှာမူ တစ္ဆေဓား တောင်ထွတ်မှ တောင်ထွတ်သခင်မ ယူရော့ ၏ ညီမတော်စပ်သူ ‘ဓားနတ်ဘုရားမ အရှင်သခင် မင်ကျန့်’ ဖြစ်ကာ ကျင့်ကြံခြင်း အဆင့်မှာ မူလဝိညာဉ် အဆင့် (၇) တွင် ရှိနေ၏။

ထို အရှင်သခင် နှစ်ပါး ဟေးယွီ အင်မော်တယ် စံအိမ်တော်သို့ ရောက်ရှိလာခြင်းကို မည်သူမျှ သတိမပြုမိစေဘဲ တိတ်တဆိတ်သာ ပုန်းကွယ်နေစေလိုက်၏။

ထို့နောက် ဖန်ရှောင်သည် ကျန်းဝမ်၊ ချန်ကျိုးတောက်၊ ပိုင်ချွမ်နှင့် အခြားသူများကို ဆင့်ခေါ်၍ အစည်းအဝေး ကျင်းပကာ အမိန့်တော်များ ထုတ်ပြန်လိုက်တော့သည်။

ဖန်ရှောင်က ချောင်မိသားစုနှင့် လန်မိသားစုကို နှိမ်နင်းရန် ကြံစည်နေပြီး အမိန့်မနာခံသော ချင်မိသားစု ကဲ့သို့သော အင်အားစုများကို ကျိမိသားစုအား ရှင်းလင်းခိုင်းမည်ကို ကြားလိုက်ရသောအခါ ချန်ကျိုးတောက်၏ မျက်နှာမှာ ရုတ်ချည်း ပြောင်းလဲသွားပြီး ကပျာကယာ တားမြစ်လိုက်၏။

“တာအိုသမီးတော်... ခေတ္တ ဆိုင်းငံ့ပါဦး... ဒီလို လုပ်တာက အခြေအနေကို ပိုပြီး ဆိုးရွားသွားစေပါလိမ့်မယ်... ပြီးတော့ ချောင်မိသားစုနဲ့ လန်မိသားစုက ကျွန်တော်တို့ ဂိုဏ်းတော်နဲ့လည်း အဆက်အသွယ် ရှိနေကြတာပါ...”

“တာအိုသမီးတော်... အကယ်လို့ ဒီမိသားစု နှစ်ခုကိုသာ နှိမ်နင်းလိုက်မယ်ဆိုရင် ဂိုဏ်းတော်က တချို့လူတွေနဲ့ ထိပ်တိုက်တွေ့တာမျိုး ဖြစ်ကုန်ပါလိမ့်မယ်... ဒီလို အမြစ်ပြတ် ချေမှုန်းတဲ့ နည်းလမ်းမျိုးနဲ့ မြို့တော်ရဲ့ မငြိမ်မသက်မှုတွေကို ဖြေရှင်းလို့ မရနိုင်ပါဘူး...”

ဖန်ရှောင်သည် ချန်ကျိုးတောက်ကို စိုက်ကြည့်လိုက်၏။ သူမ၏ တာအိုသမီးတော် အရှိန်အဝါမှာ သိပ်သည်းလာခဲ့ပြီး ချန်ကျိုးတောက်ကို စကားတစ်ခွန်းမျှ မဆိုဘဲ တိတ်ဆိတ်စွာသာ စိုက်ကြည့်နေမိသည်။

တဖြည်းဖြည်းနှင့် ချန်ကျိုးတောက်၏ မျက်နှာမှာ အရောင်အသွေးများ ပြောင်းလဲလာတော့၏။ သူသည် အကြည့်များကို လွှဲလိုက်ရကာ ဖန်ရှောင်နှင့် မျက်လုံးချင်း မဆုံရဲတော့ပါချေ။

သူ၏ နဖူးထက်တွင် ချွေးစေးများ ထွက်ပေါ်လာပြီး မျက်နှာမှာလည်း ဖြူဖျော့သွားကာ ရင်ထဲတွင် မငြိမ်မသက် ဖြစ်လာရတော့သည်။

ဖန်ရှောင်သည် လက်ရှိတွင် ရွှေအမြုတေ အဆင့်မှာသာ ရှိနေသော်ငြား သူမ၏ ဂုဏ်သိက္ခာမှာ မူလဝိညာဉ် ပထမအဆင့်ရှိ အရှင်သခင် တစ်ပါးထက်ပင် မနိမ့်ကျလှပါချေ။ ထို့အပြင် သူမသည် စံအိမ်တော် သခင်ကြီး၏ တိုက်ရိုက်တပည့်နှင့် တာအိုသမီးတော် ဖြစ်နေခြင်းက ချန်ကျိုးတောက်အတွက် ကြီးမားလှသော စိတ်ဓာတ်ပိုင်းဆိုင်ရာ ဖိအားများကို ဖြစ်ပေါ်စေခဲ့ရာ တောင့်ခံရန်ပင် ခက်ခဲလာခဲ့၏။

ချန်ကျိုးတောက်၏ မျက်နှာမှာ သွေးဆုတ် ဖြူရော်သွားပြီး ခေါင်းငုံ့လိုက်သည့် အခါမှသာ ဖန်ရှောင်က တည်ငြိမ်စွာ ဆိုလိုက်သည်။

“အကြီးအကဲချန်... ကျိမိသားစုဆီ သွားလိုက်ပါ... အကယ်လို့ ကျိမိသားစုက သူတို့ လက်အောက်ခံ ချင်မိသားစု အပါအဝင် အင်အားစု သုံးခုကို မကိုင်တွယ်ဘူး ဆိုရင်တော့... အကြီးအကဲချန်လည်း ပြန်လာစရာ မလိုတော့ဘူး...”

ချန်ကျိုးတောက်၏ မျက်လုံးအိမ်များ ရုတ်ချည်း ကျုံ့သွားကာ ဖန်ရှောင်ကို ထိတ်လန့်တကြား စိုက်ကြည့်လိုက်မိသည်။

ပြန်လာစရာ မလိုတော့ဘူး ဟုတ်လား..။

သူ၏ မျက်နှာမှာ အလွန်ပင် ကြည့်ရဆိုးနေသော်လည်း နှုတ်ခမ်းများ တုန်ယင်နေကာ ဖန်ရှောင်၏ အမိန့်ကို မငြင်းဆန်ရဲတော့ပါချေ။ သူသည် အပြင်နန်းတော်မှ အကြီးအကဲ တစ်ဦးမျှသာ ဖြစ်သည် မဟုတ်ပါလော။ ပုံမှန် အခြေအနေဆိုလျှင် ပြဿနာ မရှိသော်လည်း ယခုအခါတွင်မူ တာအိုသမီးတော် ဖန်ရှောင်သည် ဟေးယွီ အင်မော်တယ် မြို့တော် တစ်ခုလုံး၏ အရေးကိစ္စများကို တာဝန်ယူထားသူ ဖြစ်ရာ သူမသည် သူ၏ အထက်လူကြီးပင် ဖြစ်တော့သည်။ အကယ်၍ သူက အမိန့်ကို မနာခံခဲ့လျှင် ဖန်ရှောင်အနေဖြင့် သူ့ကိုပါ အရေးယူရန် အခွင့်အရေး ရှိနေသည် မဟုတ်ပါလော။

ချန်ကျိုးတောက်သည် မျက်နှာပျက်ပျက်နှင့်ပင် ခေါင်းညိတ်၍ သဘောတူလိုက်ရ၏။ “တာအိုသမီးတော်ရဲ့ အမိန့်ကို နာခံပါ့မယ်...”

ဖန်ရှောင်က ခေါင်းတစ်ချက် ညိတ်လိုက်ပြီး အပြင်နန်းတော် အကြီးအကဲများ ဖြစ်ကြသော ကျန်းဝမ်နှင့် ပိုင်ချွမ် တို့ဘက်သို့ လှည့်ကာ ဆိုလိုက်၏။ “ကျွန်မ အခုနက ပြောခဲ့တဲ့ အင်အားစုတွေကို အကြီးအကဲကျန်းနဲ့ အကြီးအကဲပိုင် တို့က လူတွေကို ခေါ်သွားပြီး အမိန့်တော် သွားထုတ်လိုက်ပါ...”

“တစ်လအတွင်း အမိန့်ကို ဖီဆန်တဲ့သူ မှန်သမျှကို သတ်ပစ်မယ်...”

မူလဝိညာဉ် အဆင့် (၄) ရှိသော အကြီးအကဲ ကျန်းဝမ်မှာပင် အနည်းငယ် တုန်လှုပ်သွားရကာ ဖန်ရှောင်ကို ထိတ်လန့်မှု အရိပ်အယောင်များဖြင့် ကြည့်လိုက်မိသည်။ ဟေးယွီ အင်မော်တယ် မြို့တော်၏ အပြင်နန်းတော်ကို ကျန်းဝမ်က အဓိက ထိန်းချုပ်ထားသူ ဖြစ်သည်။ ထို့ကြောင့် လွန်ခဲ့သော တစ်နှစ်အတွင်း မြို့တော် နယ်မြေအတွင်းရှိ မည်သည့် အင်အားစုများက အမိန့်ကို ဖီဆန်ခဲ့သည်ကို သူက ကောင်းစွာ သိရှိထား၏။

သို့သော်လည်း ကျန်းဝမ်သည် ဤအချက်အလက်များကို ဖန်ရှောင်ထံသို့ တင်ပြခဲ့ခြင်း မရှိပါချေ။ အဘယ်ကြောင့်ဆိုသော် သူသည် ပရိယာယ် ကြွယ်ဝသူ တစ်ဦး ဖြစ်သောကြောင့်ပင်။ အကယ်၍သာ ဖန်ရှောင်ကို အရာအားလုံး ပြောပြလိုက်မည် ဆိုလျှင် ဖန်ရှောင် ထွက်သွားပြီးနောက် သူသည် ဤနယ်မြေရှိ အင်အားစုများနှင့် မည်သို့ ဆက်လက် ရှင်သန်နိုင်ပါမည်နည်း။

ဒါပေမဲ့ အခုတော့ တာအိုသမီးတော် ဖန်ရှောင်က ဒီအချက်အလက်တွေကို ဘယ်လိုများ ဒီလောက်အထိ အသေးစိတ် သိနေရတာလဲ..

ကျန်းဝမ်၏ မျက်လုံးများ ကျဉ်းမြောင်းသွားကာ တွေးကြည့်လေလေ ပို၍ ကြောက်စရာ ကောင်းလေလေ ဖြစ်နေတော့၏။ သူ၏ နဖူးပေါ်တွင် ချွေးစေးများ သီးဝေလာ၏။

ဖန်ရှောင်၏ အမိန့်ကို ကြားလိုက်ရချိန်တွင် ကျန်းဝမ်မှာ ချက်ချင်းပင် မတ်တတ်ရပ်လိုက်သည်။ သူသည် ဖန်ရှောင်ကို အလွန်တရာ ရိုသေလေးစားစွာဖြင့် ဦးညွှတ်လိုက်ပြီး ဆိုလိုက်၏။ “တာအိုသမီးတော်ရဲ့ အမိန့်ကို နာခံပါ့မယ်... စိတ်ချပါ... ဒီကိစ္စကို အကောင်းဆုံး ဖြစ်အောင် ကျွန်တော် ကိုင်တွယ်လိုက်ပါ့မယ်...”

၎င်းတို့ကြားတွင် အပြင်နန်းတော် အကြီးအကဲ ပိုင်ချွမ်မှာမူ အလွန်ပင် စိတ်သက်သာရာ ရနေပုံ ရှိသည်။ ဖန်ရှောင်သည် မြို့တော်သို့ ရောက်ရှိလာပြီး နှစ်နှစ်တိုင်တိုင် တိတ်ဆိတ်နေခဲ့ကာ မြို့တံခါး ပြင်ပသို့ပင် ခြေတစ်လှမ်းမျှ မချခဲ့ချေ။ ထိုအချက်ကြောင့် ဖန်ရှောင်သည် တာအိုသမီးတော် တာဝန်ကို အမှန်တကယ် စိတ်ဝင်စားမှု ရှိမရှိ ပိုင်ချွမ်က သံသယ ဝင်နေခဲ့ခြင်း ဖြစ်သည်။

‘ဒါပေမဲ့ အခုတော့ သူမက လှုပ်ရှားဖို့ ဆုံးဖြတ်လိုက်တဲ့ အခါမှာတော့ တကယ့်ကို အံ့သြစရာ ကောင်းလောက်အောင် ပြတ်သားနေခဲ့ပြီပဲ..’

ပိုင်ချွမ်သည်လည်း ဖန်ရှောင်၏ အမိန့်ကို ကြားလိုက်ရသောအခါ စိတ်ဓာတ်များ ပြန်လည် တက်ကြွလာခဲ့၏။

သို့သော် ကျန်းဝမ်က အမိန့်ကို လက်ခံပြီးနောက်တွင် ပိုင်ချွမ်က အကြံပေးလိုက်၏။ “တာအိုသမီးတော်... ကျိမိသားစုနဲ့ တခြား အင်အားစုတွေက သာမန် အမိန့်လောက်ကိုတော့ နာခံချင်မှ နာခံကြပါလိမ့်မယ်... ကျွန်တော့်အမြင်မှာတော့ အရင်ဆုံး အာဏာစက်ကို ပြသထားသင့်ပါတယ်...”

ဖန်ရှောင်က ပိုင်ချွမ်ကို ကြည့်ကာ ကျေနပ်သည့် အပြုံးလေး တစ်ခု ပြလိုက်၏။

အကြီးအကဲ ပိုင်ချွမ်သည်သာ ဂိုဏ်းတော်အပေါ် အမှန်တကယ် သစ္စာရှိသူ ဖြစ်ကြောင်း သူမ သိလိုက်ရ၏။

ဖန်ရှောင်က တည်ငြိမ်စွာ ဆိုလိုက်သည်။

“အကြီးအကဲ သုံးဦး အနေနဲ့ အဲဒီ အင်အားစုတွေဆီကို အမိန့်တော် သွားပို့ပေးဖို့ပဲ လိုပါတယ်... ကျန်တဲ့ ကိစ္စတွေကိုတော့ ကျွန်မ ကိုယ်တိုင် ကိုင်တွယ်ပါ့မယ်...”

သို့နှင့် ဟေးယွီ အင်မော်တယ် မြို့တော်ကို စောင့်ကြပ်နေကြသော အကြီးအကဲ သုံးဦးမှာ ခံစားချက် အဖုံဖုံဖြင့် ထွက်ခွာသွားကြတော့၏။

ထိုနည်းတူစွာပင် ဖန်ရှောင်သည် ပြစ်ဒဏ်ပေးရေး ခန်းမဆောင်မှ အရှင်သခင် လေ့ယွမ်တုန် နှင့် တစ္ဆေဓား တောင်ထွတ်မှ အရှင်သခင်မ မင်ကျန့် တို့ကို ခေါ်ဆောင်ကာ ချောင်မိသားစုနှင့် လန်မိသားစုကို ကိုယ်တိုင် ကိုင်တွယ်ရန်အတွက် ဟေးယွီ အင်မော်တယ် မြို့တော်မှ တိတ်တဆိတ် ထွက်ခွာလာခဲ့တော့သည်။

ရက်အနည်းငယ် အကြာတွင်..

ကျိမိသားစု၌..

ချန်ကျိုးတောက် ရောက်ရှိလာသောအခါ ကျိမိသားစု၏ ဘိုးဘေး ကျိရုစုန်း ကိုယ်တိုင် ထွက်၍ ကြိုဆို၏။

“အကြီးအကဲချန် ဘာကိစ္စရှိလို့ ရောက်လာတာလဲ... တကယ့်ကို ရှားရှားပါးပါး ဧည့်သည်တော်ကြီး ပါလား...”

သို့သော်လည်း ချန်ကျိုးတောက်က ဖန်ရှောင်၏ အမိန့်တော်ကို ပြောကြားလိုက်သောအခါ ကျိရုစုန်း၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားတော့၏။

သူသည် အံ့အားသင့်သွားပြီး ချန်ကျိုးတောက်ကို ကြည့်ကာ ဆိုလိုက်သည်။

“အကြီးအကဲချန်... တစ်ခုခု မှားနေတာများလား... ချင်မိသားစု အပါအဝင် အင်အားစု သုံးခုက တာအိုသမီးတော်ရဲ့ အမိန့်ကို ဖီဆန်နေတယ်ဆိုတာ ကျွန်တော် တစ်ခါမှ မကြားမိပါဘူး... သူတို့က ဒီနှစ်ထဲမှာ တော်တော်လေးကို လိမ္မာနေကြတာပါ...”

“တာအိုသမီးတော်က မြို့တံခါးပြင်ကို မထွက်တာ တစ်နှစ်ကျော်နေပြီလေ... သူမကို တစ်စုံတစ်ယောက်က လှည့်စားလိုက်တာ မဟုတ်ပါဘူးနော်...”

ချန်ကျိုးတောက်က ခပ်ဖွဖွ ခေါင်းခါယမ်းလိုက်ရင်း ဆို၏။ “တာအိုသမီးတော် ဘာတွေ တွေးနေလဲဆိုတာ ကျွန်တော်လည်း မသိပါဘူး... ဒါပေမဲ့ ကျွန်တော်ကတော့ အမိန့်ကို လာပြီး ပြောပြရုံပါပဲ... ကျိမိသားစုက အမိန့်ကို နာခံမလား ဆိုတာကတော့ ခင်ဗျားတို့ရဲ့ အပိုင်းပါ...”

ကျိရုစုန်း၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့၏။ သူသည် ဒေါသများ ပြည့်နှက်နေကာ တွေးတောနေမိသည်။

‘ ငါတို့ ကျိမိသားစုက ကိုယ့်ရဲ့ လက်အောက်ခံ ချင်မိသားစုတွေကို ကိုယ်တိုင် ရှင်းပစ်ရမယ် ဟုတ်လား..

ဒါက ငါတို့ ကျိမိသားစုကို လူပုံအလယ်မှာ အကျပ်ရိုက်အောင် လုပ်နေတာပဲ မဟုတ်လား.. ငါတို့ ကျိမိသားစုက ဒါမျိုးကို ဘယ်လိုနည်းနဲ့မှ မလုပ်ဘူး..’

သို့သော်လည်း မြေကမ္ဘာအင်မော်တယ် နန်းတော်၏ တာအိုသမီးတော် ဟူသော ဖန်ရှောင်၏ အဆင့်အတန်းကို တွေးမိသောအခါ ကျိရုစုန်းမှာ ကြီးမားလှသော ဖိအားများကို ခံစားလိုက်ရပြီး အသက်ရှူပင် ကျပ်လာသလို ရှိသည်။

အမိန့်ကို နာခံရမလား.. တကယ်လို့ မနာခံဘဲ ထို တာအိုသမီးတော်ကို စော်ကားမိမည် ဆိုပါက ကျိမိသားစု၏ အနာဂတ်မှာ…

ကျိရုစုန်း၏ မျက်နှာမှာ စိုးရိမ်မှုများဖြင့် အဖန်ဖန် ပြောင်းလဲနေတော့၏။

ဒါကို မြင်တော့ ချန်ကျိုးတောက်က တိုးညှင်းစွာ ဖွင့်ဟလိုက်သည်။

“တာအိုသမီးတော်က အချိန် တစ်လ သတ်မှတ်ထားတယ်... ကျိမိသားစု အနေနဲ့ စဉ်းစားဖို့ လဝက်လောက် အချိန်ကျန်သေးတယ်နော်...”

ထိုအချိန်တွင် ကျိမိသားစုမှာ တွေဝေ နှောင့်နှေးနေဆဲ ဖြစ်သော်လည်း အခြားသော ကိစ္စရပ်တစ်ခုမှာ ချောင်မိသားစု၏ နယ်မြေအတွင်းရှိ စတုတ္ထအဆင့် ဝိညာဉ်သွေးကြော တည်ရှိရာ တောင်တန်းကြီးတစ်ခုတွင် ဖြစ်ပေါ်လာခဲ့၏။

ဖန်ရှောင်သည် သူတို့ မိသားစုကို ပစ်မှတ်ထားနေသည်ဟူသော သတင်းကို ကြားလိုက်ရချိန်တွင် ချောင်မိသားစုမှာ အလွန်ပင် ထိတ်လန့်သွားခဲ့ရ၏။ သို့သော် တဖြည်းဖြည်းနှင့် သူတို့ ပြန်လည် တည်ငြိမ်လာခဲ့ကြသည်။

ဘာပဲပြောပြော ဖန်ရှောင်သည် ဟေးယွီ အင်မော်တယ် မြို့တော်သို့ ရောက်ရှိနေသည်မှာ နှစ်နှစ်ပင် ရှိနေပြီ မဟုတ်ပါလော။ သူမသည် မြို့တံခါးပြင်သို့ပင် ခြေတစ်လှမ်းမျှ မချဖူးသလို မည်သည့် အင်အားစုကိုမျှလည်း အရေးယူခဲ့ခြင်း မရှိပါချေ။ ဟေးယွီ အင်မော်တယ် မြို့တော်၏ အခြေအနေမှာလည်း အရင်အတိုင်းပင် ရှိနေခဲ့သည် မဟုတ်ပါလော။

ဒါကို တွေးမိတော့မှ ချောင်မိသားစု၏ ဘိုးဘေး၊ မိသားစု ခေါင်းဆောင်နှင့် အကြီးအကဲများ အားလုံးမှာ ယုံကြည်ချက်များ ပြန်လည် ရရှိလာခဲ့ကြ၏။

သို့သော်လည်း ချောင်မိသားစု၏ ဆွေးနွေးပွဲ ပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် လူတိုင်းအား ကျောချမ်းသွားစေနိုင်သော ကောင်းကင်အရှိန်အဝါကြီး နှစ်ခုသည် ချောင်မိသားစု၏ နယ်မြေအပေါ်ရှိ ကောင်းကင်ယံမှနေ၍ ရုတ်ချည်း ဆင်းသက်လာခဲ့တော့သည်။

All Chapters