အခန်း ၆၂၀
Vol. 42 Ch. 620
အခန်း (၆၂၀) ရက်စက်လှသော တာအိုသမီးတော်နှင့် စုဆောင်းမိသော ကုန်ကြမ်းများ အပိုင်း (၁)
ချောင်မိသားစု၏ ဘိုးဘေးမှာ မူလဝိညာဉ် အဆင့် (၂) ရှိသော အရှင်သခင် တစ်ဦး ဖြစ်၏။ ၎င်းတို့၏ မိသားစု နယ်မြေတွင် စတုတ္ထအဆင့် အလယ်အလတ်ရှိသော တောင်တံခါး အခင်းအကျင်းကြီးကို အခိုင်အမာ တည်ဆောက်ထားရာ... မူလဝိညာဉ် အဆင့်လယ် ကျင့်ကြံသူ တစ်ဦး တိုက်ခိုက်လာလျှင်ပင် အချိန်အတော်ကြာ တောင့်ခံနိုင်စွမ်း ရှိသည်။
သို့သော်လည်း... အံ့မခန်းလှသော အင်မော်တယ် စွမ်းအားစုကြီး နှစ်ခု ဆင်းသက်လာချိန်တွင်မူ... ချောင်မိသားစုဘက်မှ အစွမ်းကုန် နှိုးဆော်ထားသော စတုတ္ထအဆင့် အလယ်အလတ် အကာအကွယ် အတားအဆီးကြီးမှာ ရုတ်ချည်း တုန်ခါသွားရတော့၏။
အဆင့်နိမ့် မှော်ရတနာ နှစ်ခု ဖြစ်သည့် ဓားတစ်လက်နှင့် တုတ်တစ်ချောင်းတို့သည် တစ်နေရာတည်းကို စုပေါင်း တိုက်ခိုက်လိုက်ကြရာ... အကာအကွယ် အတားအဆီးပေါ်တွင် ချိုင့်ခွက်ကြီး တစ်ခု ဖြစ်ပေါ်သွား၏။ အက်ကြောင်းငယ်လေးများမှာလည်း ပတ်ပတ်လည်သို့ ပျံ့နှံ့သွားပြီး... ချောင်မိသားစု ယုံကြည် အားကိုးနေသော အခင်းအကျင်းကြီးမှာ ပြိုလဲလုနီးပါး ဖြစ်သွား၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ချောင်မိသားစု ဘိုးဘေး၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်တော့သည်။
“အကြီးအကဲတို့... ခေတ္တ ဆိုင်းငံ့ပေးကြပါဦး...”
“ကျွန်တော့်ရဲ့ ဦးလေးငယ်က မြေကမ္ဘာအင်မော်တယ် နန်းတော်ရဲ့ အကြီးအကဲ တစ်ယောက်ပါ... ကျွန်တော်တို့ ချောင်မိသားစုကလည်း မြေကမ္ဘာအင်မော်တယ် နန်းတော်ကို အမြဲတမ်း ရိုသေ လေးစားခဲ့သလို နက်ရှိုင်းတဲ့ ဆက်ဆံရေးလည်း ရှိပါတယ်... ဘာဖြစ်လို့ အကြီးအကဲတို့က ကျွန်တော်တို့ မိသားစုကို တိုက်ခိုက်နေရတာလဲ...”
“အကြီးအကဲတို့ စိတ်လျှော့ကြပါ... ကျွန်တော့် ဦးလေးငယ်က အခု လမ်းမှာ ပြန်လာနေပါပြီ... သူ ပြန်ရောက်လာတဲ့အထိ စောင့်ပေးကြပါဦး... တစ်စုံတစ်ရာ နားလည်မှု လွဲနေတာ ရှိရင်လည်း ဆွေးနွေးလို့ ရတာပဲ မဟုတ်လား...”
“ဒါကိုသာ စံအိမ်တော် သခင်ကြီး သိသွားရင်... အကြီးအကဲတို့အနေနဲ့ ကျွန်တော်တို့ ချောင်မိသားစုကို အကြောင်းမဲ့ ဖျက်ဆီးခဲ့တဲ့အပေါ် ဘယ်လို ရှင်းပြမှာလဲ...”
ချောင်မိသားစု ဘိုးဘေးမှာ အလွန်တရာ ပျာယာခတ်နေသဖြင့် စဉ်းစား ဆင်ခြင်ခြင်း မရှိဘဲ ပါးစပ်ထဲ ရှိရာကိုသာ လျှောက်ပြောနေတော့၏။
ကံဆိုးသည်မှာ သူ အော်ဟစ်နေစဉ်မှာပင် ချောင်မိသားစု၏ စတုတ္ထအဆင့် အလယ်အလတ် တောင်တံခါး အခင်းအကျင်းမှာ ကျယ်လောင်သော မြည်ဟီးသံနှင့်အတူ ပြိုလဲသွားခဲ့လေပြီ။
“ဝုန်း...”
လျှို့ဝှက် ကောင်းကင် နယ်မြေအတွင်းသို့ ဝင်ရောက်လာသော အရှင်သခင် လေ့ယွမ်တုန် သည် ချောင်မိသားစု ဘိုးဘေးကို ချက်ချင်းပင် လက်စသတ်လိုက်တော့၏။ သူသည် တုတ်နှင့် မိုးကြိုးလှံကို ကိုင်ဆောင်ကာ ဟင်းလင်းပြင်ရှိ ချောင်မိသားစု ဘိုးဘေး၏ ရင်ဘတ်ဆီသို့ ထိုးစိုက်လိုက်ရာ... ထိုသူမှာ လေထုထဲမှနေ၍ မြေပြင်ပေါ်သို့ တည့်တည့်မတ်မတ် လွင့်စင်သွားရသည်။
မူလဝိညာဉ် အဆင့် (၆) ၏ ပြင်းထန်လှသော မိုးကြိုး စွမ်းအားများသည် ချောင်မိသားစု ဘိုးဘေး၏ မန္တန်စွမ်းအား အတားအဆီးနှင့် ဝတ်စုံ ကာကွယ်မှုတို့ကို ထိုးဖောက်သွား၏။ သူ၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်း အစစ ကွဲအက်သွားတော့၏။ အရိုးစုများမှာလည်း ကြေမွသွားခဲ့ပြီး ခြေလက်များမှာမူ အသားစ အနည်းငယ်ဖြင့်သာ တွယ်ကပ်နေတော့သည်။
ချောင်မိသားစု ဘိုးဘေး၏ မူလဝိညာဉ်မှာ ထိတ်လန့်တကြား ထွက်ပြေးရန် ကြိုးပမ်းစဉ်... မိုးကောင်းကင်မှ မိုးကြိုးလှံ တစ်စင်း ကျဆင်းလာကာ ၎င်း၏ မူလဝိညာဉ်ကို မျက်စိတစ်မှိတ်အတွင်း အမှုန်အမွှား ဖြစ်အောင် ဖျက်ဆီးပစ်လိုက်၏။ ထိုသူမှာ နေရာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။
မိမိတို့၏ ဘိုးဘေးဖြစ်သူ မြေကမ္ဘာအင်မော်တယ် နန်းတော်မှ အစွမ်းထက် ပုဂ္ဂိုလ်ကြီးများ၏ လက်ချက်ဖြင့် သေဆုံးသွားသည်ကို ကြည့်ရင်း ချောင်မိသားစုဝင်များမှာ မှင်သက် အံ့သြနေကြ၏။ သူတို့၏ အသိစိတ်များပင် လွတ်ထွက်သွားသယောင် ရှိ၏။
မြေကမ္ဘာအင်မော်တယ် နန်းတော်၏ တာအိုသမီးတော်က ဤတစ်ကြိမ်တွင် အမှန်တကယ် လက်ရဲဇာတ်ရဲ လုပ်လိမ့်မည်ဟု သူတို့ လုံးဝ မထင်မှတ်ထားခဲ့ကြပါချေ။
သူမသည် မြေကမ္ဘာအင်မော်တယ် နန်းတော်၏ အပြင်နန်းတော် အကြီးအကဲ တစ်ဦး ဖြစ်သော သူတို့ ဦးလေးငယ်၏ မျက်နှာကိုပင် မထောက်ဘဲ ချောင်မိသားစုကို ရက်စက်စွာ ကိုင်တွယ်လိုက်ခြင်းပင်။
“ဟွန့်...”
အရှင်သခင် လေ့ယွမ်တုန်၊ အရှင်သခင်မ မင်ကျန့် နှင့် အပေါင်းအပါများ ရောက်ရှိလာကာ ချောင်မိသားစုရှိ အမြုတေ ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ အားလုံးကို သုတ်သင်ပြီးနောက်... အဝါနုရောင် ဂါဝန်လေးကို ဆင်မြန်းထားသော နတ်မိမယ်လေး တစ်ပါး ဆင်းသက်လာခဲ့၏။ သူမထံမှ မှေးမှိန်သော နတ်အလင်းတန်းများ ဖြာထွက်နေပြီး အစွမ်းထက်သော အင်မော်တယ် အရှိန်အဝါများ ထွက်ပေါ်နေသည်။
တာအိုသမီးတော် တစ်ဦးအနေဖြင့် ဖန်ရှောင်၏ အာဏာစက်မှာ ဤအခိုက်အတန့်တွင် မူလဝိညာဉ် အဆင့်ရှိ အရှင်သခင် လေ့ယွမ်တုန် နှင့် အရှင်သခင်မ မင်ကျန့် တို့ထက်ပင် မနိမ့်ကျလှပါချေ။ သူမ၏ ခိုင်မာသော ရွှေအမြုတေ အခြေခံနှင့် သာလွန် ထူးကဲသော ဟန်ပန်တို့က ဖန်ရှောင်၏ အရှိန်အဝါကို အလွန်တရာ ကြောက်မက်ဖွယ် ကောင်းစေခဲ့သည်။
ချောင်မိသားစု တစ်ခုလုံးကို ငုံ့ကြည့်ရင်း ဖန်ရှောင်က သူမ၏ နီမြန်းသော နှုတ်ခမ်းလွှာကို ဖွင့်ဟကာ အေးစက်သော အသံဖြင့် သူတို့၏ ကံကြမ္မာကို ဆုံးဖြတ်လိုက်တော့၏။
“ချောင်မိသားစုဟာ မြေကမ္ဘာအင်မော်တယ် နန်းတော်ရဲ့ အကာအကွယ်အောက်မှာ ရှိနေပေမယ့် အမိန့်တော်ကို မနာခံခဲ့ဘူး... ဒါကြောင့် ဒီနေ့ကစပြီး မြေကမ္ဘာအင်မော်တယ် နန်းတော် နယ်မြေထဲက အင်အားစု အဖြစ်ကနေ အပြီးတိုင် ထုတ်ပယ်လိုက်တယ်...”
အရှင်သခင် လေ့ယွမ်တုန်သည် ချောင်မိသားစု ဘိုးဘေး၏ မှော်ရတနာများကို သိမ်းဆည်းလိုက်ပြီး ဘဏ္ဍာတိုက်အတွင်းရှိ စည်းစိမ်ဥစ္စာနှင့် အရင်းအမြစ် အားလုံးကို ရှင်းလင်းကာ အင်မော်တယ် ဂိုဏ်းတော်၏ ဘဏ္ဍာတိုက်ထဲသို့ ထည့်သွင်းလိုက်သည်။ ထို့နောက် ဖန်ရှောင်၊ အရှင်သခင် လေ့ယွမ်တုန် နှင့် အရှင်သခင်မ မင်ကျန့် တို့သည် ချောင်မိသားစု နယ်မြေမှ ထွက်ခွာခဲ့ကြတော့၏။
ကျန်ရှိနေသော ချောင်မိသားစုဝင်များမှာမူ ခြိမ်းခြောက်မှု တစ်ခု မဟုတ်တော့ပါချေ။ လွန်ခဲ့သော နှစ်များအတွင်း ဟေးယွီ အင်မော်တယ် မြို့တော်တွင် ချောင်မိသားစု ဖန်တီးခဲ့သော ဖရိုဖရဲ ဖြစ်ရပ်များကြောင့် ၎င်းတို့တွင် ရန်ငြိုးဖွဲ့ထားသော ရန်သူ အမြောက်အမြား ရှိနေသည် မဟုတ်ပါလော။
၎င်းတို့၏ ဘိုးဘေး သေဆုံးသွားပြီး အမြုတေ ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ တစ်ဦးမျှ မကျန်တော့ကြောင်း ရန်သူများ သိရှိသွားသည်နှင့် တစ်ပြိုင်နက်... ချောင်မိသားစု၏ နယ်မြေကို အလုအယက် ဝိုင်းဝန်း ခွဲဝေယူကြမည်မှာ ဧကန်မလွဲပင် ဖြစ်ချေသည်။
ချောင်မိသားစု၏ အခြေအနေ သတင်းမှာ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့၏။ ဟေးယွီ အင်မော်တယ် မြို့တော် နယ်မြေရှိ အခြား အင်အားစုများမှာလည်း အုတ်အော်သောင်းနင်း ဖြစ်သွားကြရသည်။ အချို့မှာ မှင်သက်သွားကြပြီး အချို့မှာမူ ထိတ်လန့်တကြား ဖြစ်နေကြ၏။
‘အဲ့ဒီတာအိုသမီးတော်က တကယ်ပဲ လက်တွေ့ လှုပ်ရှားလိုက်ပြီလား..’
*
ဖန်ရှောင်သည် အရှင်သခင် လေ့ယွမ်တုန်၊ အရှင်သခင်မ မင်ကျန့် တို့နှင့်အတူ အခြား မူလဝိညာဉ် မိသားစုဖြစ်သော လန်မိသားစုထံသို့ ရောက်ရှိလာချိန်တွင်... လန်မိသားစု ဘိုးဘေးမှာ မိသားစု အကြီးအကဲ အားလုံးကို ဦးဆောင်ကာ လျှို့ဝှက် ကောင်းကင် နယ်မြေ၏ အပြင်ဘက်တွင် ဒူးထောက်၍ ကြိုဆိုနေခဲ့ကြသည်။
လန်မိသားစု ဘိုးဘေးမှာ အလွန်တရာ ရိုသေကျိုးနွံနေပြီး မြေပြင်ပေါ်တွင် ဝပ်တွားနေလျက် ဆိုလာ၏။
“ကျွန်တော့်ရဲ့ လန်မိသားစုဟာ ဒီနေ့ကစပြီး တာအိုသမီးတော်ရဲ့ ခွေးတစ်ကောင် အဖြစ် အမှုထမ်းဖို့ အသင့်ရှိပါတယ်... ကျွန်တော်တို့ရဲ့ အသက်တွေကို အရှင်သခင် လေ့ယွမ်တုန် ဆီမှာ အပ်နှံထားပါ့မယ်...”
“တာအိုသမီးတော်က အရှေ့ကို တစ်လှမ်းသွားဖို့ ခိုင်းရင် ကျွန်တော်တို့ လန်မိသားစုက နှစ်လှမ်းတောင် မသွားပါဘူး ခင်ဗျာ...”
သို့သော်လည်း နောက်တစ်ခဏတွင် ဖန်ရှောင် ကိုယ်တိုင် လှုပ်ရှားလိုက်၏။ သူမသည် လက်ကို ဝှေ့ယမ်းလိုက်ကာ မူလဝိညာဉ် ပထမအဆင့်ရှိ လန်မိသားစု ဘိုးဘေး၏ ဦးခေါင်းကို တိုက်ရိုက် ရိုက်ခွဲပစ်လိုက်ရာ... သွေးများမှာ နေရာအနှံ့သို့ ဖျန်းခနဲ လွင့်စင်သွားတော့သည်။
“မင်းတို့ရဲ့ လုပ်ရပ်တွေအတွက် တန်ဖိုး ပြန်ပေးဆပ်ရလိမ့်မယ်...”
“အကယ်လို့ ငါက မင်းတို့ လန်မိသားစုကို အသက်ရှင်ခွင့် ပေးလိုက်မယ်ဆိုရင်... ငါ့ရဲ့ စကားကို ငါကိုယ်တိုင် ဖျက်လိုက်သလို ဖြစ်နေမှာပေါ့... ဟုတ်တယ် မဟုတ်လား...”
ချောင်မိသားစုမှာကဲ့သို့ပင် လုပ်ဆောင်ခဲ့ကြ၏။ အရှင်သခင် လေ့ယွမ်တုန် နှင့် အရှင်သခင်မ မင်ကျန့် တို့သည် လန်မိသားစုမှ ကျန်ရှိနေသော အမြုတေ ဖွဲ့စည်းခြင်း အဆင့် ကျင့်ကြံသူ အားလုံးကို သတ်ဖြတ်လိုက်ကြပြီး အရင်းအမြစ် အားလုံးကို သိမ်းဆည်းကာ ဂိုဏ်းတော် ဘဏ္ဍာတိုက်ထဲသို့ ထည့်သွင်းလိုက်ကြ၏။
ထို့နောက် ထိုသုံးဦးမှာ ဟေးယွီ အင်မော်တယ် မြို့တော်ဆီသို့ ပြန်လည် ထွက်ခွာခဲ့ကြ၏။
ချောင်မိသားစုနှင့် လန်မိသားစုတို့၏ ဖြစ်ရပ်များ ပေါ်ပေါက်ပြီး လဝက်အတွင်းမှာပင်... ထိုသတင်းနှစ်ခုကို ကြားသိလိုက်ရသော ကျိမိသားစု ဘိုးဘေး ကျိရုစုန်း သည် ချက်ချင်းပင် ကိုယ်တိုင် လှုပ်ရှားလိုက်တော့၏။ သူသည် မိသားစု ကျင့်ကြံသူများကို ဦးဆောင်ကာ ချင်မိသားစု အပါအဝင် အမြုတေ ဖွဲ့စည်းခြင်း မိသားစု အင်အားစု သုံးခုကို ကိုယ်တိုင် သွားရောက် သုတ်သင်ပစ်လိုက်သည်။
ထို့နောက်.. ကျိရုစုန်းသည် ချန်ကျိုးတောက်နှင့်အတူ ဟေးယွီ အင်မော်တယ် မြို့တော်သို့ လိုက်ပါလာပြီး ဖန်ရှောင်ကို ဂါရဝပြုလိုသော်လည်း... ချန်ကျိုးတောက်က မသွားရန် တားမြစ်လိုက်သဖြင့် မသွားဖြစ်ခဲ့ပါချေ။