← Chapters

အခန်း ၆၂၂

Vol. 42 Ch. 622

အခန်း ၆၂၂

Vol. 42 Ch. 622

အခန်း (၆၂၂) ရက်စက်သော တာအိုသားတော်နှင့် စုဆောင်းမိသော ကုန်ကြမ်းများ အပိုင်း (၃)

ဆေးလုံးစံအိမ်၏ နောက်ဖေးခြံဝင်းအတွင်း၌။

စုယွီသည် လွန်ခဲ့သောတစ်နှစ်အတွင်း သူဖော်စပ်ခဲ့သည့် တတိယအဆင့် အဆင့်မြင့်ဆေးလုံး ထောင်နှင့်ချီ၍ လင်းချင်းရှားထံသို့ လွှဲပြောင်းပေးအပ်လိုက်၏။

တစ်ချိန်တည်းမှာပင် တိလင် ကုန်သွယ်ရေးအသင်းနှင့် အခြားသောကုန်သွယ်ရေး အဖွဲ့အစည်းများထံမှ ပေးပို့လာသည့် နေရာရွှေ့ပြောင်းအခင်းအကျင်းအတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများကိုလည်း သူမထံမှ လက်ခံရရှိခဲ့သည်။

ထိုကုန်ကြမ်းများကို သေချာစွာ စစ်ဆေးကြည့်ရှုပြီးနောက် စုယွီ၏ရင်ထဲတွင် ဝမ်းသာအားရ ဖြစ်သွားရတော့၏။

“ကုန်ကြမ်းတွေ အားလုံး စုံသွားပြီပဲ...”

လောလောဆယ်တွင် သူသည် နေရာရွှေ့ပြောင်းအခင်းအကျင်းအတွက် ကုန်ကြမ်းများကို ထပ်မံလိုအပ်ဦးမည် မဟုတ်ပါချေ။ စုယွီသည် ခေတ္တမျှ တွေးတောလိုက်ပြီးနောက် လင်းချင်းရှားအား မှာကြားလိုက်၏။

“ချင်းရှား... ဒီနှစ်ကစပြီး ဒီကုန်ကြမ်းတွေကို မလဲတော့ဘူးလို့ တိလင်ကုန်သွယ်ရေး အသင်းဆီကို အကြောင်းကြားလိုက်ပါ... အဲဒီအစား ဝိညာဉ်ကျောက်တုံးတွေ ဒါမှမဟုတ် စတုတ္ထအဆင့်နဲ့ ပဉ္စမအဆင့် ဆေးဖော်စပ်တဲ့နေရာမှာသုံးတဲ့ ပစ္စည်းတွေ၊ အဆောင်လက်ဖွဲ့၊ အခင်းအကျင်းနဲ့ ရုပ်သေးပစ္စည်းတွေနဲ့ပဲ လဲမယ်လို့ ပြောလိုက်... သူတို့ဆီမှာ ဘာရှိရှိ အဲဒီပစ္စည်းတွေနဲ့ပဲ ကုန်သွယ်ကြမယ်...”

လင်းချင်းရှားသည် ခေါင်းကိုသာ ငြိမ်သက်စွာညိတ်ပြသော်လည်း စုယွီ၏ဘေးမှ ထွက်ခွာသွားခြင်း မရှိသေးပါချေ။ စုယွီက ဇဝေဇဝါဖြင့် ခေတ္တမျှ စိုက်ကြည့်လိုက်ပြီးနောက်မှ လင်းချင်းရှား၏ ကျင့်ကြံခြင်းအဆင့်မှာ အမြုတေဖွဲ့စည်းခြင်း အဆင့် (၈) သို့ ရောက်ရှိနေကြောင်း သတိပြုမိသွား၏။ သူက ခပ်ဟဟ ရယ်လိုက်ရင်း ဆိုလိုက်၏။

“မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က အဆင့် (၈) ကို ရောက်သွားပြီပေါ့... အရမ်းကောင်းတယ်ကွာ... ဒါကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီညတော့ ငါတို့ ပျော်ပျော်ပါးပါး ဆင်နွှဲကြတာပေါ့...”

ထိုစကားကို ကြားရသောအခါ လင်းချင်းရှား၏ မျက်နှာပေါ်တွင် ဝမ်းသာရိပ်များ ယှက်သန်းသွားပြီး ရှက်ကိုးရှက်ကန်းဖြင့် ပြန်လည်ဖြေကြားလာသည်။

“ကျေးဇူးတင်ပါတယ် သခင်...”

သူမသည် အလွန်အမင်း ဝမ်းသာအားရ ဖြစ်သွားပြီးနောက် စုယွီ၏အမိန့်ကို တိလင်ကုန်သွယ်ရေး အသင်းနှင့် အခြားသူများထံ အကြောင်းကြားရန် ထွက်ခွာသွားတော့၏။

ညရောက်သောအခါ စုယွီသည် သူပိုင်ဆိုင်ထားသော အဆင့်မြင့်မှော်ရတနာများအားလုံးကို ထုတ်ယူလိုက်ပြီး လင်းချင်းရှားနှင့် အခြားအမျိုးသမီးနှစ်ဦးအား စိတ်ကြိုက်ရွေးချယ်စေခဲ့သည်။

၎င်းမှာ ဆေးလုံးစံအိမ်ကို သေချာစွာ စောင့်ရှောက်ပေးခဲ့ခြင်းနှင့် ကြိုးစားပမ်းစား ကျင့်ကြံခဲ့ခြင်းတို့အတွက် ပေးအပ်သော ဆုလာဘ်ပင် ဖြစ်တော့၏။ သူပိုင်ဆိုင်သော အရင်းအမြစ်များကို ပြန်လည်စစ်ဆေးကြည့်ရာတွင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး အနည်းငယ်မျှသာ ကျန်ရှိတော့ကြောင်း တွေ့လိုက်ရသည်။

“ဒီလောက် ဝိညာဉ်ကျောက်တုံး ပမာဏနဲ့တော့ ပဉ္စမအဆင့် အခင်းအကျင်း ပညာရှင်တစ်ယောက်ကို ငှားပြီး နေရာရွှေ့ပြောင်းအခင်းအကျင်း ချမှတ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး...”

“နောက်ထပ် နှစ်အနည်းငယ်လောက် ထပ်စုရဦးမယ်... ပြီးမှ ကြယ်ခူးမျှော်စင်ကို သွားပြီး တာအိုမိတ်ဆွေ မာ နဲ့ ဆက်သွယ်ရမယ်... သူတို့ဆီက ပဉ္စမအဆင့် အခင်းအကျင်း ပညာရှင်ကြီးနဲ့ တွေ့ခွင့်ရဖို့ သူ့ကို အကူအညီ တောင်းကြည့်ရမှာပဲ...”

စုယွီသည် စိတ်ထဲမှ တိတ်တဆိတ် ကြံစည်နေမိ၏။

အကယ်၍ နေရာရွှေ့ပြောင်းအခင်းအကျင်းသာ အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပါက တာ့ယွဲ့ လျှို့ဝှက်နယ်မြေနှင့် ဇီယွီ ဂူစံအိမ်တို့မှာ တိုက်ရိုက်ချိတ်ဆက်သွားမည်ပင်။ ထိုအခါတွင် သူသည် တာ့ယွဲ့နယ်မြေသို့ မိမိစိတ်ကြိုက် ကူးချည်သန်းချည် လုပ်နိုင်တော့မည် မဟုတ်ပါလော။ ယွီခယ်အာနှင့် မာထျန်းလင်တို့သည်လည်း ဇီယွီ ဂူစံအိမ်သို့ လာရောက်ကျင့်ကြံနိုင်ပြီး တာ့ချန်ကျင့်ကြံခြင်း ကမ္ဘာ၏ အလယ်ပိုင်းဒေသသို့လည်း လာရောက်လည်ပတ်နိုင်ကြမည် ဖြစ်၏။

သေချာသည်ပေါ့... အရေးကြီးဆုံးအချက်မှာ ဤနေရာရွှေ့ပြောင်းလမ်းကြောင်းကြီး ပေါ်ပေါက်လာပြီးနောက် တာ့ယွဲ့နယ်မြေသည် သူ၏နောက်ဖေးခြံဝင်းနှင့် အစစ်အမှန် အမာခံစခန်းကြီး ဖြစ်လာလိမ့်မည် ဟူသောအချက်ပင်။ အနာဂတ်တွင် မှန်းဆမရသော အရေးပေါ်အခြေအနေများ ကြုံတွေ့လာရပါကလည်း သူ၏နောက်ဆုတ်လမ်းကြောင်းမှာ အဆင်သင့် ရှိနေမည် မဟုတ်ပါလော။

လည်ပတ်တတ်သော ယုန်ကလေးတွင် ပုန်းအောင်းရာတွင်း သုံးတွင်း ရှိသည်ဟု ဆိုကြသည်။ သူသည် ပင်လယ်ပြင်ရှိ ဟွမ်လင်းကျွန်းတွင် ခြေကုပ်တစ်ခု ရထားပြီးဖြစ်သလို အင်မော်တယ်တို့၏ နယ်မြေတွင်လည်း နေရာတစ်ခု ရထားပြီး ဖြစ်၏။ ယခု နေရာရွှေ့ပြောင်းအခင်းအကျင်းသာ ပြီးမြောက်သွားပါက တာ့ယွဲ့နယ်မြေသည် သူ၏ တတိယမြောက် ခိုလှုံရာတွင်းကြီး ဖြစ်လာပေလိမ့်မည်။ ထိုအခါမှသာ သူ လိုရာခရီးကို စိတ်အေးလက်အေး သွားလာနိုင်တော့မည်ပင်။

အရှင်သခင်ဆယ်ပါး အင်မော်တယ်မြို့တော်၏ မှောင်ခိုဈေးကွက်တွင် ရက်အနည်းငယ် ကုန်လွန်ပြီးနောက် စုယွီသည် ဟေးယွီအင်မော်တယ်မြို့တော်သို့ ပြန်လည်ထွက်ခွာလာခဲ့သည်။ ဟေးယွီအင်မော်တယ်မြို့တော်တွင် နေထိုင်စဉ်အတွင်း သူသည် ငါးသေတစ်ကောင်အလား အေးအေးဆေးဆေးပင် နေထိုင်ခဲ့ပြီး... နေ့စဉ်နေ့တိုင်း ကျင့်ကြံခြင်း၊ ဆေးဖော်စပ်ခြင်း၊ အဆောင်လက်ဖွဲ့၊ အခင်အကျင်းနှင့် ရုပ်သေးပညာရပ်များကိုသာ တိုးတက်အောင် လေ့ကျင့်ရင်း အချိန်ကုန်လွန်စေခဲ့၏။

၎င်းအပြင် သူသည် သူ၏တူမတော်စပ်သူ ဖန်ရှောင်အား ဟေးယွီအင်မော်တယ်မြို့တော် နယ်မြေတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်ရန် ကူညီပေးခဲ့ပြီး သူမ၏ အခြေခံအုတ်မြစ်ကို ခိုင်မာအောင် ပြုလုပ်ပေးခဲ့သည်။ ထိုသို့ဆိုလျှင် သူမအနေဖြင့် ဂိုဏ်းသို့ ပြန်သွားသည့်တိုင် ကိုယ်ပိုင်အင်အားစုတစ်ခု ရှိနေမည်ဖြစ်ကာ အစဉ်တစိုက် ကြီးထွားလာနိုင်မည် မဟုတ်ပါလော။

စုယွီ၏ စိတ်ထဲတွင် အတွေးစလေးတစ်ခုပင် ပေါ်လာမိသေး၏။ သူ အားလပ်သည့်အချိန်တွင် ဖန်ရှောင်အား မြို့တော်ဝန်ရာထူးရအောင် တွန်းပို့ပေးရမလား ဟူ၍ပင်။

သူသည် အခြားသော တာအိုသားတော်များနှင့် ရင်းနှီးခြင်းမရှိသော်လည်း ဖန်ရှောင်ကိုမူ ကောင်းစွာ နားလည်ထားသည် မဟုတ်ပါလော။ အကယ်၍ ဖန်ရှောင်သာ မြို့တော်ဝန် ဖြစ်လာခဲ့ပါက အင်မော်တယ်တို့၏ နယ်မြေတွင် သူ၏အဆင့်အတန်းမှာလည်း ခိုင်မာသွားမည်ပင်။

နောင်တစ်ချိန်တွင် သူ၏ ကျင့်ကြံခြင်းအဆင့် မြင့်မားလာသောအခါ ဖန်ရှောင်၏နောက်ကွယ်တွင်သာ ပုန်းအောင်းနေပြီး အရာရာကို သူမအား ကိုင်တွယ်ဖြေရှင်းခိုင်းကာ... သူကတော့ နောက်ကွယ်မှနေ၍ တိတ်တဆိတ်သာ ကျင့်ကြံနေပေမည်။ ထိုသို့ဆိုလျှင် တကယ့်ကို သက်သောင့်သက်သာ ရှိလှပေလိမ့်မည်။

သို့သော်လည်း စုယွီ တစ်ယောက် ဟေးယွီအင်မော်တယ်မြို့တော်သို့ ပြန်ရောက်သည်နှင့် တစ်ပြိုင်နက် ပြဿနာရှာရန် ရောက်ရှိလာသူတစ်ဦးကို တွေ့လိုက်ရသည်။ ထိုသူမှာ ယခင်က သူနှင့် ဆုံတွေ့ခဲ့ဖူးသော ချောင်မိသားစုဝင် တစ်ဦးဖြစ်ပြီး... ကျင့်ကြံခြင်းအဆင့်မှာ မူလဝိညာဉ်အဆင့် ဒုတိယအလွှာသို့ ရောက်ရှိနေသည့် အင်မော်တယ်အကြီးအကဲ တစ်ဦးပင်။

All Chapters