အခန်း ၆၂၄
Vol. 42 Ch. 624
အခန်း (၆၂၄) စတုတ္ထအဆင့် အဆင့်နိမ့် ထိုက်ရွှီနှင့် ကြယ်ခူး မျှော်စင်ရှိ ဖြစ်ရပ် အပိုင်း (၂)
အစောပိုင်းက နှိုးဆော်လိုက်သော အခင်းအကျင်းသည် ချောင်ဝမ်ရှန်း၏ မူလဝိညာဉ်ကို လုံးဝ ကြေမွပျက်စီးသွားစေရန် နီးကပ်လှသည်။ ထိုစွမ်းအားမှာ မူလဝိညာဉ် တတိယအဆင့်ရှိ အရှင်သခင် တစ်ပါးထက်ပင် မနိမ့်ကျလှပါချေ။ အကယ်၍ စုယွီနှင့်သာ တိုက်ခိုက်ရလျှင် သူ အနိုင်ရပါမည်လောဟု ကျန်းဝမ် တစ်ယောက် သံသယ ဝင်နေမိတော့၏။
ထိုအခင်းအကျင်း၏ စွမ်းအားမှာ အမှန်တကယ်ပင် ထိတ်လန့်ဖွယ် ကောင်းလှသည်။
၎င်းမှာ ဟင်းလင်းပြင် စွမ်းအားများကို ထုတ်လွှတ်နိုင်သော မန္တန် အခင်းအကျင်းများ ဖြစ်နေလေသလား..။
ရူးစရာပင်။
အကယ်၍သာ ဤအတွင်းနန်းတော် အကြီးအကဲသည် အမြုတေ ဖွဲ့စည်းခြင်း အဆင့် (၅) မျှသာ ရှိသည်ဟု ထင်မြင်ကာ လျှော့တွက်ခဲ့မည် ဆိုပါက…။
ကျန်းဝမ် တစ်ယောက် လေအေးကို တရစပ် ရှူသွင်းလိုက်မိသည်။ သူ၏ ရင်ထဲတွင်လည်း ဤအတွင်းနန်းတော် အကြီးအကဲ အပေါ် စိမ့်ခနဲ ခံစားချက်တစ်ခု ဖြစ်ပေါ်လာရ၏။
စုယွီ လှည့်ကြည့်လိုက်ချိန်တွင် ကျန်းဝမ်၏ မတ်နေသော ကျောပြင်မှာ ချက်ချင်းပင် ကိုင်းညွှတ်သွားကာ မျက်နှာတွင်လည်း ဖားယားသော အပြုံးများ ပြည့်နှက်သွားတော့သည်။
“အကြီးအကဲစု ပြန်လာပြီလား ခင်ဗျာ...”
စုယွီက ခပ်ဟဟ ရယ်လိုက်ရင်း ဆိုလိုက်၏။
“အကြီးအကဲကျန်း...”
ကျန်းဝမ်က ဆိုလာသည်။
“အကြီးအကဲစု... အမှန်အတိုင်း ပြောရရင် ခင်ဗျား ကျွန်တော့်ကို တကယ့်ကို လန့်သွားစေတာပဲ... အခုမှ ခင်ဗျားရဲ့ စွမ်းအားတွေက ဘယ်လောက်အထိ ထူးခြားတယ်ဆိုတာ သိရတော့တယ်... ဒီဂိုဏ်းတော်ကြီး ထဲမှာတောင်...”
စုယွီက သူ့စကားကို ဖြတ်ပြောလိုက်၏။
“အကြီးအကဲကျန်း... ခင်ဗျား တစ်ခုခုတော့ မှားနေပြီ... အစွမ်းထက်တာက ကျွန်တော် မဟုတ်ဘူး... အဲဒီ အဆောင်လက်ဖွဲ့တွေပါ... ခင်ဗျားလည်း သိသားပဲ... ကျွန်တော်က အမြုတေ ဖွဲ့စည်းခြင်း အဆင့် (၅) ပဲ ရှိတာလေ... အဲဒီ အဆောင်လက်ဖွဲ့တွေရဲ့ ဖိနှိပ်မှုသာ မရှိရင် အဲဒီလူကို ကျွန်တော် ဘယ်လို လုပ်နိုင်မှာလဲ...”
ကျန်းဝမ်က စကားကို မြိုချလိုက်သော်လည်း စိတ်ထဲတွင်မူ...
'အမြုတေ ဖွဲ့စည်းခြင်း အဆင့် (၅) ဟုတ်လား... ခင်ဗျားရဲ့ အဆင့်က အဲဒီမှာ ရှိနေတာ မှန်ပေမယ့်... အခုနက မြင်ကွင်းကို မြင်ပြီး ဘယ်သူက ယုံမှာလဲ...'
သို့သော် သူက ပါးနပ်စွာဖြင့် စကားလမ်းကြောင်း လွှဲလိုက်ပါသည်။
“အကြီးအကဲစု... ခင်ဗျား အကြီးအကဲချောင်ကို ကိုင်တွယ်တာ နည်းနည်း ပြင်းသွားသလားလို့... သူ ပြန်သက်သာဖို့ကတော့ မလွယ်တော့ဘူး ထင်တယ်...”
စုယွီက ပေါ့ပါးစွာ ရယ်လိုက်ရင်း
“သူက အိုလည်း အိုနေပြီလေ... အရိုးအကြော ဒဏ်ရာတွေက ပြန်ကောင်းဖို့ ခက်တယ် မဟုတ်လား... ကိစ္စမရှိပါဘူး... သူလည်း နိုးလာမှာ မဟုတ်တော့ဘူး ဆိုတော့... အချိန်အတော်ကြာအောင် လှဲနေရုံပေါ့...”
ကျန်းဝမ်၏ မျက်နှာမှာ ဖြူဖျော့သွားသော်လည်း ဟန်မပျက်ပင် ပြန်ပြောလိုက်၏။
“အကြီးအကဲစု ပြောတာ မှန်ပါတယ်... တိုက်ခိုက်ကြတဲ့အခါ မတော်တဆမှုတွေကတော့ ရှိမှာပဲလေ... အကြီးအကဲချောင်ကလည်း အသက်အရွယ်ကြီးမှ အကြီးအကဲစုကို စိန်ခေါ်ဖို့ မကြိုးစားသင့်တာ... ကိုယ့်ကိုကိုယ်လည်း ဂရုမစိုက်တတ်ဘူး...”
“ဟားဟားဟား...”
စုယွီက ခပ်ဟဟ ရယ်ရင်း ကျန်းဝမ်၏ ပုခုံးကို ပုတ်ကာ ဆိုလိုက်သည်။
“နောက်တစ်ခါဆိုရင်တော့ အကြီးအကဲကျန်း အနေနဲ့ သူတို့ကို တိုက်ရိုက် မောင်းထုတ်လိုက်ပါ... စည်းကမ်းထိန်းသိမ်းရေး ခန်းမကို အစီရင်ခံပြီး အပြစ်ပေးခိုင်းလိုက်... သူက အပြင်နန်းတော် အကြီးအကဲ ဖြစ်နေရုံနဲ့... ဒါမှမဟုတ် ချောင်မိသားစု ဖြစ်နေရုံနဲ့ ဂိုဏ်းတော်ရဲ့ စည်းမျဉ်းတွေကို နင်းခြေခွင့် ရှိတယ်လို့ မဆိုလိုဘူး... ဂိုဏ်းတော်ရဲ့ အလိုတော်ကို စော်ကားတဲ့သူ မှန်သမျှ ဘယ်သူပဲ ဖြစ်ဖြစ်... သေရမယ်...”
ကျန်းဝမ်သည် ခေါင်းကို အမြန်ငုံ့လိုက်ရင်း
“အကြီးအကဲစုရဲ့ သွန်သင်မှုကို မှတ်သားထားပါ့မယ်...”
စုယွီက ခေါင်းညိတ်ပြကာ သူ၏ ကိုယ်ပိုင် ခြံဝင်းအတွင်းသို့ ပြန်လည် ထွက်ခွာသွား၏။ ကျန်းဝမ်သည် နဖူးမှ ချွေးစေးများကို သုတ်လိုက်ရင်း ရင်တုန်နေဆဲ ဖြစ်သည်။ ထိုစကားများသည် သူ့ကိုပါ ရည်ရွယ်ပြောခြင်း ဖြစ်မှန်း သူ သိသည်။ ဘာပဲပြောပြော သူသည်လည်း အပြင်နန်းတော် အကြီးအကဲ တစ်ဦး မဟုတ်ပါလော။
စုယွီ ခြံဝင်းထဲ ရောက်ပြီး များမကြာမီမှာပင် တူမတော် ဖန်ရှောင် ရောက်ရှိလာ၏။ သူမသည် စုယွီကို ထိတ်လန့်တကြား ကြည့်ရင်း တိုးညှင်းစွာ ဆိုလိုက်သည်။
“ဦးလေးငယ်... ဦးလေးငယ်က အခုနက ချောင်မိသားစုရဲ့ အကြီးအကဲကို သတ်တော့မလို့ လုပ်လိုက်တာလား...”
စုယွီက ချက်ချင်းပင် ငေါက်လိုက်၏။
“လျှောက်မပြောနဲ့... သတ်တယ် ဟုတ်လား... ဒါက စမ်းသပ်တိုက်ခိုက်တာပဲလေ... အကြီးအကဲချောင် ဖြစ်သွားတာက မတော်တဆပါ... သူက အိုလည်း အိုနေပြီ... ခန္ဓာကိုယ်ကလည်း အားနည်းနေတာကိုး... ငါက ခဏလောက် သတိလက်လွတ် ဖြစ်သွားလို့ သူ နည်းနည်း ထိခိုက်သွားတာပါ...”
‘စမ်းသပ်တာ ... နည်းနည်း ထိခိုက်သွားတာ..’
မျက်တောင်တစ်ချက် မခတ်ဘဲ လိမ်ပြောနေသော စုယွီကို ကြည့်ရင်း ဖန်ရှောင် တစ်ယောက် ရင်ထဲမှ အထင်ကြီး သွားရသည်။ ဤကဲ့သို့သော အမှန်တရားနှင့် တူလှသည့် မုသားစကားကို သူမ၏ ဦးလေးငယ် တစ်ယောက်သာ ပြောနိုင်မည်ဟု တွေးမိတော့၏။
သူမက ခေါင်းညိတ်လိုက်ရင်း
“ဒါဆို ဦးလေးငယ်ရဲ့ စွမ်းအားတွေက တကယ့်ကို ကြောက်စရာ ကောင်းနေပြီပေါ့...”
စုယွီက ငြင်းဆိုလိုက်ပြန်သည်။
“လျှောက်မပြောစမ်းနဲ့... ငါက အမြုတေ ဖွဲ့စည်းခြင်း အဆင့် (၅) ပဲ ရှိတာလေ... ဘယ်လောက်အထိ အစွမ်းထက်နိုင်မှာလဲ... ငါ့ဆီမှာ အဆောင်လက်ဖွဲ့ အချို့ ရှိနေလို့သာ... အဲဒီ အဆောင်လက်ဖွဲ့တွေရဲ့ စွမ်းအားနဲ့ အကြီးအကဲချောင်ကို ခက်ခက်ခဲခဲ အနိုင်ယူလိုက်ရတာပါ...”
ဖန်ရှောင်က စုယွီ၏ ကျင့်ကြံခြင်းကို ဆက်ပြီး မစူးစမ်းတော့ဘဲ အံ့သြတကြီး မေးလိုက်သည်။
“ဦးလေးငယ်... ဦးလေးငယ်က တကယ်ပဲ စတုတ္ထအဆင့် အဆင့်နိမ့် ဆေးဆရာ၊ အဆောင်လက်ဖွဲ့ ဆရာ၊ အခင်းအကျင်းဆရာ နဲ့ ရုပ်သေးဆရာ ဖြစ်နေတာလား...”
စုယွီက ခေါင်းယမ်းပြလိုက်၏။
“အဲဒါတော့ မဟုတ်သေးဘူး...”
ဖန်ရှောင် တစ်ယောက် စိတ်အေးသွားစဉ်မှာပင် စုယွီက ဆက်ပြောလိုက်သည်။
“ငါက ရုပ်သေးဆရာ မဟုတ်သေးဘူး... မကြာသေးခင်က အလုပ်တွေ များနေလို့ စတုတ္ထအဆင့် အဆင့်နိမ့် ရုပ်သေးကို မပြီးသေးပါဘူး... အဲဒါကို အောင်မြင်အောင် လုပ်ပြီးမှသာ စတုတ္ထအဆင့် အဆင့်နိမ့် ရုပ်သေးဆရာလို့ ခေါ်လို့ ရမှာပေါ့...”
“.....”
ဖန်ရှောင်ခမျာ ဆွံ့အသွားရသည်။
သူမ၏ ဦးလေးငယ်သည် အလုပ်များနေ၍သာ ရုပ်သေးဆရာ မဖြစ်သေးခြင်းလော။
ဖန်ရှောင်က စုယွီကို ဆွဲဆောင်မှုရှိသော မျက်ဝန်းများဖြင့် ကြည့်ရင်း ဆိုလိုက်၏။
“ဦးလေးငယ်... ကျွန်မတို့လည်း တစ်ချက်လောက် စမ်းကြည့်ရအောင်လေ...”
အချိန်အနည်းငယ် ကြာပြီးနောက် ဖန်ရှောင် တစ်ယောက် အရှုံးပေးလိုက်ရသည်။ သူမသည် စုယွီအား စတုတ္ထအဆင့် အဆင့်နိမ့် အခင်းအကျင်း အချို့ကို ရုပ်သိမ်းပေးရန်နှင့် အဆောင်လက်ဖွဲ့ ဒါဇင်ပေါင်းများစွာကို ပြန်သိမ်းပေးရန် အသနားခံနေရတော့၏။
“ဦးလေးငယ်... ဦးလေးငယ်က ကျွန်မကိုတောင် စတုတ္ထအဆင့် အခင်းအကျင်းတွေရော... အဆောင်လက်ဖွဲ့ ဒါဇင်ပေါင်းများစွာကိုပါ သုံးရသလား... ဒါက ကြက်ကို သတ်ဖို့ ဓားမကြီး သုံးသလို ဖြစ်မနေဘူးလား...”
“ဘယ်လို ဖြစ်နိုင်မှာလဲ... ဒါက ငါက ဂိုဏ်းဝင် တပည့်တစ်ယောက်ရဲ့ စွမ်းအားကို အပြည့်အဝ လေးစားလို့ပါ... မင်းက အမြုတေ ဖွဲ့စည်းခြင်း အဆင့်မှာပဲ ရှိနေသေးလို့ အဆောင်လက်ဖွဲ့ ဒါဇင်လောက်ပဲ သုံးတာလေ... အကယ်လို့ မင်းသာ မူလဝိညာဉ် အဆင့်ကို ချိုးဖြတ်ပြီးသား ဆိုရင်တော့...”
“ဒါဆိုရင် ဘာဖြစ်မှာလဲဟင်...” ဖန်ရှောင်က စူးစမ်းစွာ မေးလိုက်သည်။
စုယွီက ပြန်မဖြေဘဲ သူမကို ပြန်သွားပြီး ဆက်လက် ကျင့်ကြံရန်သာ တိုက်တွန်းလိုက်၏။
မူလဝိညာဉ် အဆင့်ကို ရောက်မှသာ ဆက်ပြောမည်ဟု မှာကြားလိုက်သည်။
သူမ ထွက်သွားပြီးနောက် စုယွီသည် သူ၏ လက်စွပ်အတွင်းရှိ ထောင်နှင့်ချီသော စတုတ္ထအဆင့် အဆင့်နိမ့် အဆောင်လက်ဖွဲ့များကို ငုံ့ကြည့်လိုက်၏။
‘သေချာတာပေါ့... အဲဒီလောက် မသုံးရင် ငါက.. ဘာလုပ်ရမှာလဲ..
မဟုတ်ဘူး... ဂိုဏ်းဝင် တပည့် ဆိုတာ ကြက် မဟုတ်ဘူး... အနည်းဆုံးတော့ နွားတစ်ကောင်တော့ ဟုတ်တာပေါ့’