အခန်း ၆၂၇
Vol. 42 Ch. 627
အခန်း (၆၂၇) စုယွီ၏ မဟာဗျူဟာနှင့် မြင့်မြတ်သော ပုဂ္ဂိုလ်ဖြစ်လာခြင်း အပိုင်း (၂)
စုယွီသည် ထိုက်ရွှီ၏ ကျောပေါ်၌ ထိုင်လျက် ကြယ်ခူး မျှော်စင်၏ ပင်မတံခါးဝသို့ ဆိုက်ရောက်လာခဲ့၏။ သူ ချဉ်းကပ်လာသည်နှင့်အမျှ ကင်းစောင့်နေသူ တစ်ဦးထံမှ အော်ဟစ်သံ တစ်သံ ထွက်ပေါ်လာ၏။
“ဟိုက ဘယ်သူလဲ...”
စုယွီက တည်ငြိမ်စွာပင် ပြန်လည် ဖြေကြားလိုက်သည်။
“ငါက မြေကမ္ဘာအင်မော်တယ် နန်းတော်က အကြီးအကဲ စုယွီပဲ... ငါ့ရဲ့ မိတ်ဆွေဟောင်း မာရှီချင်းနဲ့ တွေ့ဖို့ လာတာ... ငါ့အတွက် သတင်းစကားလေး ပါးပေးပါဦး...”
ကြယ်ခူး မျှော်စင်၏ အဝင်ဝတွင် အစောင့်အကြပ်များကို ဦးဆောင်နေသော တပည့်ဖြစ်သူမှာ အံ့အားသင့်သွားရကာ ရိုသေစွာပင် ပြန်ပြော၏။
“မြေကမ္ဘာအင်မော်တယ် နန်းတော်က အကြီးအကဲ ဟုတ်လား... ကျွန်တော်တို့ရဲ့ တာအို သားတော်နဲ့ တွေ့ဖို့ လာတာပေါ့...”
သူက စကားကို ဆက်လိုက်ပြန်၏။
“ခေတ္တလောက် စောင့်ဆိုင်းပေးပါ အကြီးအကဲစု... ကျွန်တော် အခုပဲ တာအို သားတော်ကို သွားပြီး အကြောင်းကြားပေးပါ့မယ်...”
တံခါးဝ၌ ခေတ္တမျှ စောင့်ဆိုင်းနေပြီးနောက် ပုံရိပ်နှစ်ခု ထွက်ပေါ်လာ၏။ ထိုအထဲတွင် စုယွီ နှစ်ပေါင်းများစွာ မတွေ့ရတော့သော မာရှီချင်းလည်း ပါဝင်သည်။ ယခင်နှင့် နှိုင်းယှဉ်လျှင် မာရှီချင်းမှာ များစွာ ပိုမို နုပျိုလာသယောင် ရှိသော်လည်း ဆံပင်များမှာမူ ပို၍ ဖြူဖွေးနေ၏။ ယခင်က အသက် (၇၀) (၈၀) အရွယ်ခန့် ပေါက်နေခဲ့သော်လည်း ယခုမူ (၅၀) (၆၀) အရွယ်ခန့်သာ ရှိတော့သည်ဟု ထင်ရ၏။
စုယွီအား ဆီးကြို နှုတ်ဆက်ရင်း မာရှီချင်းမှာ ထိုက်ရွှီထံမှ ထွက်ပေါ်နေသော ပြင်းထန်လှသည့် အရှိန်အဝါကြောင့် အံ့အားသင့်သွားကာ အလန့်တကြား ရေရွတ်လိုက်မိသည်။
“ညီအစ်ကိုစု... ထိုက်ရွှီက စတုတ္ထအဆင့်ကို ရောက်သွားပြီလား...”
စုယွီက ခပ်ဟဟ ရယ်လိုက်၏။
“ဒီလောက် နှစ်တွေ အကြာကြီး ကျင့်ကြံတာတောင် အဆင့် မတက်သေးဘူးဆိုရင်တော့... သူ့အတွက် အဖော်တစ်ကောင်လောက် ရှာပေးရတော့မယ်ဗျ.. ဒါမှ သူ့ရဲ့ မျိုးဆက်တွေက ပိုပြီး အလားအလာ ကောင်းမလားလို့လေ...”
ထိုအခါ၊ သူ၏ ခြေရင်းမှ ထိုက်ရွှီက မကျေမနပ်နှင့် အော်မြည်လိုက်သည်။
“ကျွန်တော့်အတွက် အဖော်ရှာပေးမယ်ဆိုရင်လည်း တကယ်ရှာပေးပါ... ပါးစပ်ကပဲ ပြောမနေနဲ့ဦး...”
စုယွီသည် ထိုက်ရွှီအား သူ၏ ဟင်းလင်းပြင် မှော်နန်းတော် အတွင်းသို့ ပြန်လည် သိမ်းဆည်းလိုက်၏။ ထို့နောက် မာရှီချင်း၏ လမ်းပြမှုဖြင့် ကြယ်ခူး မျှော်စင်၏ ဂိတ်တံခါးအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်ခဲ့တော့၏။ သူတို့သည် ဝင်းအတွင်းသို့ နက်ရှိုင်းစွာ လမ်းလျှောက်ဝင်လာကြရင်း မကြာသေးမီက ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို ဆွေးနွေးလာခဲ့ကြသည်။
စုယွီက မေးမြန်းလိုက်၏။
“ကျွန်တော် လာတဲ့ လမ်းတစ်လျှောက်မှာ သတင်းအချို့ ကြားခဲ့ရတယ်... ကြယ်ခူး မျှော်စင်က မကြာသေးခင်မှာ အခက်အခဲ တချို့နဲ့ ရင်ဆိုင်နေရတာလား...”
မာရှီချင်း၏ မျက်နှာမှာ လေးနက် တည်ကြည်သွားကာ ခေါင်းညိတ်၍ ပြန်ဖြေ၏။
“ဟုတ်တယ်... လညွှန် နန်းဆောင်နဲ့ ရန်ငြိုးဟောင်းတွေ ရှိနေလို့လေ... ငါတို့သာ သူတို့ရဲ့ တာအို စိန်ခေါ်ပွဲကို လက်မခံခဲ့ရင် ကြယ်ခူး မျှော်စင် တစ်ခုလုံး စစ်မီးတွေ ဝိုင်းနေလောက်ပြီ...”
ထိုစဉ်၊ စုယွီက သူ့ကို ကြည့်ကာ တည်ငြိမ်စွာ မေးလိုက်သည်။
“ခင်ဗျားမှာရော ယုံကြည်ချက် ရှိလား...”
မာရှီချင်းက လေအေးတစ်ချက်ကို ပြင်းထန်စွာ ရှူသွင်းလိုက်ပြီး ပြောပြလာ၏။
“တစ်ဖက်လူက မူလဝိညာဉ် ဒုတိယအဆင့် တာအို ပညာရှင်ပဲ... သူရဲ့ အခင်းအကျင်း ပညာရပ်ကလည်း စတုတ္ထအဆင့် အလယ်အလတ်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ...”
“အကယ်လို့ ငါသာ သုံးနှစ်အတွင်းမှာ မူလဝိညာဉ် အဆင့်ကို မတက်လှမ်းနိုင်ခဲ့ရင်တော့... အစွမ်းကုန် စွန့်စားရတော့မယ်... မြေဆရာရဲ့ စွမ်းအားကို သုံးပြီး ဒီအခြေအနေကို ကယ်တင်နိုင်မလား ကြည့်ရမှာပဲ...”
စုယွီသည် ခေတ္တမျှ ရပ်တန့်သွားကာ မာရှီချင်းကို အကဲခတ်ကြည့်လိုက်ရာ မျက်မှောင်များ အနည်းငယ် တွန့်ချိုးသွားတော့၏။
မာရှီချင်းသည် စုယွီ၊ လော့ချန်ယွီ၊ တာအိုဆရာမ ချင်းချွမ်နှင့် တာအိုဆရာ ရှုဟိုင်တို့ကြားတွင် အမြုတေ ဖွဲ့စည်းခြင်း အဆင့်၏ အထွတ်အထိပ်သို့ ပထမဆုံး ရောက်ရှိခဲ့သူ ဖြစ်သည်။
သို့သော်လည်း ယခုအခါ စုယွီ၊ လော့ချန်ယွီနှင့် တာအိုဆရာမ ချင်းချွမ်တို့မှာ မူလဝိညာဉ် အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ကြသော်လည်း မာရှီချင်းမှာမူ ထိုတံခါးခုံ၌ပင် တစ်ဆို့နေကာ အဆင့်မတက်နိုင်ဘဲ ရှိနေဆဲ ဖြစ်၏။ သည်အချက်ကပင် အဟန့်အတားများ မရှိသော ကျွမ်းကျင်မှု မျက်နှာပြင်၏ စွမ်းအားမှာ မည်မျှအထိ ကြောက်မက်ဖွယ် ကောင်းကြောင်း သက်သေပြနေပါ၏။
ဤသည်မှာ နောက်ပိုင်းသို့ ရောက်လေလေ ပိုမို အရေးကြီးလာမည့် အချက်ပင် ဖြစ်တော့သည်။
မာရှီချင်းကို အတန်ကြာ လေ့လာပြီးနောက် စုယွီက ပြဿနာ၏ အရင်းအမြစ်ကို ရိပ်မိသွား၏။
“ဒါက သက်တမ်း ပြဿနာလား...”
မာရှီချင်းက ခပ်ဖွဖွ ခေါင်းညိတ်ပြလာသည်။
“ဒါက မြေဆရာ တစ်ယောက်ဖြစ်ရခြင်းရဲ့ အားနည်းချက် တစ်ခုပဲ... ငါတို့ရဲ့ သက်တမ်းက များစွာ ကုန်ဆုံးသွားရလို့ ခန္ဓာကိုယ်က လျင်မြန်စွာ အိုမင်းရင့်ရော်လာပြီး ပါရမီတွေကလည်း တဖြည်းဖြည်း ဆုတ်ယုတ်လာရတယ်...”
“အခု ငါ မူလဝိညာဉ် အဆင့်ကို ချိုးဖြတ်ဖို့ ကြိုးစားမယ်ဆိုရင်... ဝိညာဉ်သန္ဓေသား ဆေးလုံးကို သုံးခဲ့ရင်တောင် အောင်မြင်နိုင်ခြေက ထက်ဝက်တောင် မရှိနိုင်ဘူး...”
“ဘယ်လောက်ပဲ ခက်ခဲပါစေ... ဒီသုံးနှစ်အတွင်းမှာတော့ ငါ အစွမ်းကုန် ကြိုးစားကြည့်ဦးမှာပဲ...”
“အကယ်လို့ မျှော်လင့်ချက် အားလုံး ကုန်ဆုံးသွားပြီ ဆိုရင်တော့... ငါ စီစဉ်ထားတဲ့အတိုင်း တိုက်ပွဲကို ဆက်သွားမယ်... ငါ့ရဲ့ စွမ်းအားတွေ အားလုံးကို စုစည်းပြီး စတုတ္ထအဆင့် အဆင့်နိမ့် မြေဆရာ အခင်းအကျင်း တစ်ခုကို တည်ဆောက်ပြရမှာပဲ...”
ကြယ်ခူး မျှော်စင်၏ အခြေစိုက်စခန်းမှာ မြေကမ္ဘာအင်မော်တယ် နန်းတော်လောက် ခမ်းနားထည်ဝါခြင်း မရှိသော်လည်း ဝိညာဉ်တောင်တန်းများက ဝန်းရံထားသည်။ မာရှီချင်းသည် ကြယ်ခူး မျှော်စင်၏ တာအို သားတော် ဖြစ်လာပြီးနောက် ပင်မတောင်ထွတ်၏ တောင်စောင်းတွင် ဂူစံအိမ်တစ်ခု ရရှိထား၏။ သူက စုယွီကို ထိုဂူစံအိမ်ဆီသို့ တိုက်ရိုက် ခေါ်ဆောင်သွားတော့၏။
ခြံဝင်းအတွင်းရှိ ကျောက်စားပွဲ၌ စုယွီကို ထိုင်စေပြီးနောက် မာရှီချင်းက လက်ဖက်ရည် အစုံအလင်ကို ထုတ်ယူကာ ဂူနက်အတွင်းမှ ဝိညာဉ်စမ်းရေကို အသုံးပြု၍ စုယွီအတွက် လက်ဖက်ရည် နှပ်ပေးနေသည်။
မျက်နှာချင်းဆိုင်တွင် ထိုင်နေသော စုယွီမှာမူ မျက်မှောင်ကြုတ်လျက် နဖူးကို လက်ဖြင့် နှိပ်နေမိ၏။
သူ၏ အမြင်တွင် ကြယ်ခူး မျှော်စင်သည် တာ့ယွဲ့ နန်းတော်နှင့် မဝေးလှသော အရပ်၌ တည်ရှိနေသဖြင့် ထူးခြားသော တည်နေရာတစ်ခု ဖြစ်သည်။ ၎င်းမှာ တာ့ချန် ကျင့်ကြံခြင်း လောက၏ အလယ်ပိုင်း ဒေသတွင် ရှိနေပြီး တာ့ယွဲ့ နန်းတော်နှင့် အနီးဆုံးသော အင်အားကြီး အဖွဲ့အစည်း တစ်ခုလည်း ဖြစ်သည်။
အကယ်၍ နောင်တစ်ချိန်တွင် မာရှီချင်းသည် ပဉ္စမအဆင့် မြေဆရာအဖြစ် ကြီးထွားလာပြီး ကြယ်ခူး မျှော်စင်ကို အုပ်ချုပ်နိုင်ခဲ့မည် ဆိုလျှင်...
ကြယ်ခူး မျှော်စင်သည် တာ့ယွဲ့ နန်းတော်အတွက် အလယ်ပိုင်းဒေသမှ အစွမ်းထက်သော အင်အားစုများကို ကာကွယ်ပေးမည့် ဒိုင်းလွှားကြီး တစ်ခု ဖြစ်လာပေလိမ့်မည် မဟုတ်ပါလော။
အကယ်၍သာ ဤဒိုင်းလွှားကြီး ပျက်စီးသွားပြီး လညွှန် နန်းဆောင် သို့မဟုတ် အင်မော်တယ် တစ်သောင်းနန်းတော် တို့၏ လက်ထဲသို့ ကျရောက်သွားမည် ဆိုပါက…။
စုယွီ၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားရ၏။
လောလောဆယ်တွင် မြေကမ္ဘာအင်မော်တယ် နန်းတော်နှင့် အင်မော်တယ် တစ်သောင်းနန်းတော်တို့ကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နေကြသော်လည်း... ယွီလုံ နန်းတော်နှင့် ကိုးဝိညာဉ် အင်မော်တယ် တောင်တန်း တို့၏ ပဋိပက္ခမှလွဲ၍ တာ့ချန်မှာ ယေဘုယျအားဖြင့် အေးချမ်းနေဆဲပင် ဖြစ်၏။
သို့သော် အနာဂတ်တွင် ဘိုးဘေးကြီးများ ကွယ်လွန်သွားပြီးနောက် သူတို့ကဲ့သို့သော မျိုးဆက်သစ်များ အာဏာရလာသည့် အခါတွင်ရော... ထိပ်သီး အင်မော်တယ် ဂိုဏ်းကြီး (၁၀) ဂိုဏ်းကြားတွင် မငြိမ်မသက်မှုများ ဖြစ်လာနိုင်မည် မဟုတ်ပါလော။
ဖြစ်နိုင်ချေ ရှိသည်ပေါ့..။ ဤအတွေးမှာ ယခုအချိန်တွင် အလှမ်းဝေးနေသေးသော်လည်း အနာဂတ်အတွက် ကြိုတင် ပြင်ဆင်ထားခြင်းက မမှားနိုင်ပါချေ။
စုယွီ၊ မာရှီချင်း၊ လော့ချန်ယွီ၊ တာအိုဆရာမ ချင်းချွမ်နှင့် အခြားသူများသာ အသက်ရှင် ကျန်ရစ်နေမည် ဆိုပါက... နောင်တစ်ချိန်တွင် သူတို့သည် မြေကမ္ဘာအင်မော်တယ် နန်းတော်နှင့် ကြယ်ခူး မျှော်စင် တို့၏ ဦးဆောင်သူများ ဖြစ်လာနိုင်သည့် အလားအလာ အမှန်တကယ် ရှိနေသည်။ ထိုအခါ ဖြစ်ပေါ်လာသမျှသော ပွတ်တိုက်မှုများနှင့် မငြိမ်မသက်မှုများမှာ သူတို့ဆီသို့ တိုက်ရိုက် ဦးတည်လာပေလိမ့်မည်။
သေချာသည်ပေါ့။
ဤသို့သော ကြိုတင် ပူပန်မှုများကို ဖယ်ထုတ်လိုက်လျှင်ပင် မာရှီချင်းက ကြယ်ခူး မျှော်စင်ကို ထိန်းချုပ်နိုင်ခြင်းမှာ သူ့အတွက် များစွာ အကျိုးရှိစေမည့် အရာပင် ဖြစ်တော့၏။
ကြယ်ခူး မျှော်စင်၏ အခင်းအကျင်း ပညာရပ်နှင့် မြေကမ္ဘာအင်မော်တယ် နန်းတော်၏ ဩဇာအာဏာသာ ပေါင်းစပ်လိုက်မည် ဆိုပါက... မြေကမ္ဘာအင်မော်တယ် နန်းတော်ကို ခြိမ်းခြောက်နိုင်မည့်အရာ များစွာ ရှိတော့မည် မဟုတ်ပါလော။
သို့ဆိုလျှင် စုယွီ အနေဖြင့် မာရှီချင်းကို မည်သို့ ကူညီပေးနိုင်ပါမည်နည်း။