အခန်း ၆၂၈
Vol. 42 Ch. 628
အခန်း (၆၂၈) စုယွီ၏ မဟာဗျူဟာနှင့် မြင့်မြတ်သော ပုဂ္ဂိုလ်ဖြစ်လာခြင်း အပိုင်း (၃)
စုယွီသည် အတန်ကြာ တွေးတောနေ၏။ မာရှီချင်းက သူ၏ မျက်မှောင်ကြုတ်နေမှုကို မြင်သောအခါ ဝိညာဉ်လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးရင်း ခပ်ဟဟ ရယ်လိုက်သည်။
“ကျွန်တော့်အတွက် စိတ်မပူပါနဲ့ ညီအစ်ကိုစုရယ်... ကြယ်ခူး မျှော်စင်မှာ ဒီလောက်နှစ်တွေအကြာကြီး လေ့ကျင့်လာခဲ့ပြီး ဒီမျှော်စင်ရဲ့ တာအိုသားတော်တစ်ယောက် ဖြစ်လာခဲ့တာပဲ... ကျွန်တော့်မှာလည်း ကိုယ်ပိုင်အစွမ်းအစတော့ ရှိပါသေးတယ်...”
မာရှီချင်းက စကားလမ်းကြောင်းကို ပြောင်းလိုက်ကာ ဆက်၍ ဆို၏။
“ဒါနဲ့ စကားမစပ်... ညီအစ်ကိုစုက ကြယ်ခူး မျှော်စင်ကို အရေးကြီးကိစ္စရှိလို့ လာခဲ့တာလား...”
စုယွီက အသာအယာ ခေါင်းခါယမ်းလိုက်သည်။ သူက တိုးညှင်းစွာ သက်ပြင်းချလိုက်ပြီးနောက် လက်ကို ဝှေ့ယမ်းလိုက်သည့်အခိုက်.. ကျောက်စိမ်းပုလင်း နှစ်လုံး လေထဲ၌ မျောလွင့်လာတော့၏။
ပုလင်းတစ်လုံးထဲတွင် ကောင်းကင်ရိုးတွင်းခြင်ဆီ ဝိညာဉ်အရည် ငါးစက် ပါရှိပြီး အခြားတစ်လုံးထဲတွင်မူ စတုတ္ထအဆင့် အဆင့်နိမ့် ဝိညာဉ်အရည် အစက်တစ်ရာ ပါရှိသည်။
စုယွီသည် ထိုကျောက်စိမ်းပုလင်းများကို မာရှီချင်းထံသို့ ကမ်းပေးလိုက်၏။
“ညီအစ်ကိုမာ... ဒီအရင်းအမြစ်တွေကို စမ်းသုံးကြည့်ပါဦး... ခင်ဗျား မူလဝိညာဉ်အဆင့်ကို ချိုးဖြတ်ဖို့အတွက် အထောက်အကူ ဖြစ်မလားဆိုတာ သိရအောင်လို့ပါ...”
မာရှီချင်းသည် အနည်းငယ် အံ့အားသင့်သွားပြီး ပုလင်းများကို လက်ခံရယူကာ အထဲသို့ လှမ်းကြည့်လိုက်သည့်အခါ သူ၏ မျက်နှာထားမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။
“ဒါက... ကောင်းကင်ရိုးတွင်းခြင်ဆီ ဝိညာဉ်အရည်ပဲ... ပြီးတော့ ဒီအရာကရော... ဒါက ဘယ်လို ဝိညာဉ်အရည်မျိုးလဲ... ဒီအရည်ထဲမှာ ထူးခြားတဲ့ နတ်ဘုရားစွမ်းအားတွေ ကိန်းအောင်းနေသလို ခံစားနေရတယ်...”
ထိုအခါ စုယွီက ပြန်လည် ဖြေကြားလိုက်သည်။
“ဒါတွေက ကျွန်တော် မတော်တဆ ရရှိထားတဲ့ အရာတွေပါ... ညီအစ်ကိုမာ အနေနဲ့ ဒါကို စိတ်ထဲမထားပါနဲ့... အခုလောလောဆယ် အရေးကြီးဆုံးက ခင်ဗျား မူလဝိညာဉ်အဆင့်ကို ချိုးဖြတ်နိုင်ဖို့ အခွင့်အလမ်းကို အတတ်နိုင်ဆုံး မြှင့်တင်ဖို့ပဲ မမဟုတ်လား...”
မာရှီချင်း၏ မျက်နှာတွင် ခံစားချက်အမျိုးမျိုး ဖြတ်သန်းသွားကာ သူသည် နေရာမှ ထရပ်လိုက်ပြီး စုယွီကို အလေးအနက် ဦးညွှတ်လိုက်၏။
“ညီအစ်ကိုစုရဲ့ ကူညီမှုကို တကယ့်ကို ကျေးဇူးတင်ပါတယ်ဗျာ...”
စုယွီက လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြုံးလိုက်သည်။
သူ၏ တိုက်တွန်းမှုကြောင့် မာရှီချင်းသည် စုယွီအား သူ၏ ဂူစံအိမ်တွင် တည်းခိုရန် စီစဉ်ပေးပြီးနောက် သူကိုယ်တိုင်မှာမူ လျှို့ဝှက်အခန်းအတွင်းသို့ ဝင်ရောက်ကာ တံခါးပိတ် ကျင့်ကြံတော့၏။
စုယွီသည် အပြင်ဘက်၌ တစ်ဦးတည်း ကျန်ရစ်ခဲ့ကာ လက်ဖက်ရည်ကို သောက်ရင်း ကြယ်ခူး မျှော်စင်၏ ဘိုးဘေးကြီးအကြောင်းကို စဉ်းစားနေမိသည်။
ဘိုးဘေးကြီးသည် ဒဏ်ရာရထားသည်ဟု ကြားရသော်လည်း မည်သို့သော ဒဏ်ရာမျိုး ဖြစ်သည်ကိုမူ မသိရှိရသေးပါချေ။
'အကယ်လို့ ငါက ကြယ်ခူး မျှော်စင်ရဲ့ တာအိုသားတော်ကို မူလဝိညာဉ်အဆင့် ရောက်အောင် ကူညီပေးနိုင်ပြီး ဘိုးဘေးကြီးရဲ့ ဒဏ်ရာကိုပါ ကုသပေးနိုင်မယ် ဆိုရင် ဒီမျှော်စင်ရဲ့ အဖိုးတန် ဧည့်သည်တော်ကြီး ဖြစ်လာမှာပဲ...'
သို့သော်လည်း ကြယ်ခူး မျှော်စင်နှင့် အလွန်အမင်း ရင်းနှီးရန်မှာ သူ၏ ရည်ရွယ်ချက် မဟုတ်ပါချေ။ ထို့အပြင် ပဉ္စမအဆင့် အခင်းအကျင်း ပညာရှင်ကြီး တစ်ဦး၏ ဒဏ်ရာကို ကုသပေးရန်မှာလည်း မလွယ်ကူလှသော ကိစ္စပင် ဖြစ်သည်။
သူ ဤနေရာသို့ လာရခြင်း၏ အဓိက အကြောင်းရင်းမှာ ကြယ်ခူး မျှော်စင် ဘိုးဘေးကြီးအား နေရာရွှေ့ပြောင်း အခင်းအကျင်း တည်ဆောက်ရာတွင် ကူညီပေးရန် အကူအညီ တောင်းခံဖို့ပါပင်။
အကယ်၍ ဘိုးဘေးကြီးက ဒဏ်ရာကြောင့် မကူညီနိုင်လျှင် သူ.. အခြားမည်သူ့ကို အကူအညီ တောင်းရပါမည်နည်း။
စုယွီသည် လညွှန် နန်းဆောင်နှင့် အင်မော်တယ် တစ်သောင်းနန်းတော် တို့အကြောင်းကိုလည်း ထည့်သွင်း စဉ်းစားနေမိသည်။
အကယ်၍ မာရှီချင်းသာ မူလဝိညာဉ်အဆင့်သို့ ရောက်ရှိသွားခဲ့လျှင် သူတို့၏ ကတိအတိုင်း လညွှန် နန်းဆောင်က အခင်းအကျင်း အမွေအနှစ်ကို လွှဲပြောင်းပေးပါမည်လော။
'ဒီအင်အားစု နှစ်ခုက သူတို့ရဲ့ ကတိကို ဖျက်မှာ သေချာတယ်... ဒါကို ပေးဖို့ဆိုတာ (၉၀) ရာခိုင်နှုန်းလောက် မဖြစ်နိုင်ဘူး...'
အရင်းအမြစ်နှင့် အမွေအနှစ်တို့နှင့် ပတ်သက်လာလျှင် ကျင့်ကြံသူတို့သည် လွယ်လွယ်နှင့် လက်လျှော့ကြမည် မဟုတ်ချေ။
အကယ်၍ ထိုအင်အားစု နှစ်ခုကသာ ကတိဖျက်ခဲ့လျှင် ကြယ်ခူး မျှော်စင် အနေဖြင့်လည်း မည်သို့မျှ တုံ့ပြန်နိုင်စွမ်း ရှိမည် မဟုတ်ပါချေ။ ကြယ်ခူး မျှော်စင် အနေဖြင့် အင်မော်တယ် စံအိမ်တော် တစ်ခုခု၏ ထောက်ခံမှုကို ရရှိနိုင်မှသာ ဤအခြေအနေကို ကျော်လွှားနိုင်ပေလိမ့်မည်။
အချိန်ကား တဖြည်းဖြည်း ကုန်လွန်သွားခဲ့ပါ၏။ စုယွီသည် ကြယ်ခူး မျှော်စင်တွင် သုံးလကျော်ကြာ တည်းခိုနေခဲ့သည်။ သုံးလ ကြာပြီးနောက် မာရှီချင်းသည် အလွန်အမင်း ကျေနပ် အားရသော ရယ်သံများနှင့်အတူ တံခါးပိတ် ကျင့်ကြံခြင်းမှ ထွက်ပေါ်လာတော့သည်။
“ညီအစ်ကိုစု... မင်းက တကယ့်ကို ကျွန်တော့်ရဲ့ ကျေးဇူးရှင်ပါပဲဗျာ... အဲဒီ ဝိညာဉ်အရည်က တကယ့်ကို အံ့သြဖို့ ကောင်းလွန်းတယ်... အခု ကျွန်တော့်ရဲ့ အခြေအနေက အကောင်းဆုံးမှာ ရှိနေပြီ... အခုသာ မူလဝိညာဉ်အဆင့်ကို ချိုးဖြတ်ဖို့ ကြိုးစားမယ်ဆိုရင် အောင်မြင်နိုင်ခြေက အနည်းဆုံး (၇၀) ရာခိုင်နှုန်းလောက် ရှိတယ်ဗျ…”