← Chapters

အခန်း ၆၃၀

Vol. 42 Ch. 630

အခန်း ၆၃၀

Vol. 42 Ch. 630

အခန်း (၆၃၀) စတုတ္ထအဆင့် အလယ်အလတ် အစွမ်းနှင့် ပိုင်ဟွာဂိုဏ်း၏ ရန်စမှု အပိုင်း (၂)

မိုင် (၂၀) (၃၀) ခန့်သာ ကျယ်ဝန်းသော လျှို့ဝှက်ဆန်းကြယ်သည့် နယ်မြေသစ်တစ်ခု။

သစ်သားဖြင့် ဆောက်လုပ်ထားသော ခြံဝင်းငယ်လေးအတွင်း၌ စုယွီသည် ကြယ်ခူး မျှော်စင်၏ အကြီးအကဲနှင့် တွေ့ဆုံခဲ့၏။ ထိုသူမှာ မျှော်စင်သခင်ထက်ပင် ပိုမို အိုမင်းပုံရပြီး သူ၏ ကိုယ်ပေါ်မှ သေခြင်းတရား၏ အငွေ့အသက်များကို စုယွီ ခံစားလိုက်ရ၏။ ယင်းမှာ လူသားတို့၏ သင်္ခါရတရားအရ သက်တမ်းကုန်ဆုံးခါနီးနေသည့် လက္ခဏာပင် ဖြစ်သည်။

ဝိညာဉ်ခွဲထွက်အဆင့်ရှိသော ဤအရှင်သခင်နှင့် ပဉ္စမအဆင့် အခင်းအကျင်း ပညာရှင်ကြီးမှာ သူ၏ သက်တမ်း ကုန်ဆုံးတော့မည့် အချိန်သို့ ရောက်ရှိနေပါ၏။

ကြယ်ခူး မျှော်စင် အကြီးအကဲ၏ ရှေ့မှောက်သို့ ရောက်ရှိချိန်တွင် စုယွီသည် သူ၏ထံမှ မည်သည့် ကျင့်ကြံခြင်း အရှိန်အဝါကိုမျှ အာရုံခံမိခြင်း မရှိပါချေ။ သူသည် သာမန် အဘိုးအို တစ်ဦးနှင့်သာ တူနေပြီး ဒဏ်ရာရရှိထားသည်ဟူသော လက္ခဏာများမှာလည်း မရှိပေ။

စုယွီသည် ဝိညာဉ်ခွဲထွက်အဆင့်ရှိ ပုဂ္ဂိုလ်ကြီးအား ရိုသေစွာပင် နှုတ်ဆက်လိုက်၏။

“မျိုးဆက်သစ် စုယွီက အကြီးအကဲ ကြယ်ခူး ကို ဂါရဝပြုပါတယ် ခင်ဗျာ”

ဤသူသည် တာ့ချန် ကျင့်ကြံခြင်း လောကတွင် အဆင့်အတန်း အလွန်မြင့်မားသူ တစ်ဦး ဖြစ်သည်။ စုယွီ အနေဖြင့် ဤကဲ့သို့သော ပုဂ္ဂိုလ်ကြီးကို မည်သို့မျှ မလေးမစား မပြုဝံ့ပါချေ။

အကြီးအကဲ ကြယ်ခူး သည်လည်း ကြင်နာတတ်သော အဘိုးအို တစ်ဦးအလား ပြုံးလျက် ဆိုလာသည်။

“မာရှီချင်းရဲ့ ကိစ္စကို ငါ သိပါတယ်... ဒီကိစ္စအတွက် ကြယ်ခူး မျှော်စင်က မင်းကို ကျေးဇူးတင်ရမှာပဲ...”

စုယွီက ကပျာကယာပင် ပြန်လည် တုံ့ပြန်လိုက်၏။

“ဆရာကြီး.. တစ်ခုခု မှားနေပါပြီ... ကျွန်တော်နဲ့ မာရှီချင်းရဲ့ ခင်မင်မှုအရ ဒါက ဘာမှ မဟုတ်ပါဘူး... အကယ်လို့ ကျေးဇူးတရားတွေအကြောင်း ပြောနေမယ်ဆိုရင် ကျွန်တော်တို့ကြားမှာ သူစိမ်းတွေလို ဖြစ်ကုန်ပါလိမ့်မယ်...”

အကြီးအကဲ ကြယ်ခူး က ခပ်ဖွဖွလေး ပြုံးလိုက်ရင်း ဆို၏။

“မဟုတ်ဘူး... ကျေးဇူးဆိုတာ ကျေးဇူးပဲ... မာရှီချင်းက မာရှီချင်းပဲ ဖြစ်သလို သူက ငါတို့ ကြယ်ခူး မျှော်စင်ရဲ့ တာအိုသားတော်လည်း ဖြစ်တယ်... သူ မူလဝိညာဉ်အဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်တာက ငါတို့အတွက် အများကြီး အဓိပ္ပာယ်ရှိတယ်...”

“ဒီကျေးဇူးက အရမ်းကြီးမားပါတယ်... နောင်တစ်ချိန်မှာ မင်း တစ်ခုခု အကူအညီ လိုအပ်လာမယ်ဆိုရင် ငါတို့ ကြယ်ခူး မျှော်စင်က မင်းကို အစွမ်းကုန် တစ်ကြိမ် ထောက်ခံ ပေးပါ့မယ်...”

ခေတ္တမျှ ရပ်နားပြီးနောက် သူက ထပ်လောင်း ဆိုလိုက်ပြန်သည်။

“ဒါပေမဲ့ အဲဒီ အကူအညီက ငါတို့ ကြယ်ခူး မျှော်စင်ရဲ့ စွမ်းဆောင်နိုင်ရည် အောက်မှာတော့ ရှိရမှာပေါ့လေ...”

ထိုစကားကို ကြားသောအခါ စုယွီသည် ခေတ္တမျှ တွေဝေသွားပြီးမှ မငြင်းပယ်တော့ဘဲ လက်ခံလိုက်၏။

“ဆရာကြီးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ”

အကြီးအကဲ ကြယ်ခူး က လက်ကို ဝှေ့ယမ်းပြလိုက်ရင်း ဆိုသည်။

“ဒါနဲ့... မင်း ငါနဲ့ တွေ့ချင်တယ်ဆိုတာ တစ်ခုခု တောင်းဆိုချင်တာ ရှိလို့လား...”

စုယွီသည် ခေတ္တမျှ တုံ့ဆိုင်းနေမိ၏။

မာရှီချင်းနှင့် မျှော်စင်သခင်တို့မှာလည်း အခန်းထဲတွင် ရှိနေကြသေးသည် မဟုတ်ပါလော။ သို့သော်လည်း သူ၏ ရည်ရွယ်ချက်ကို ဖုံးကွယ်ထားရန် မလိုအပ်ဟု တွေးတောမိကာ နေရာရွှေ့ပြောင်း အခင်းအကျင်း တစ်ခု တည်ဆောက်ရန် အကူအညီ တောင်းလိုကြောင်း ဖွင့်ဟလိုက်သည်။

သူ၏ တောင်းဆိုချက်ကို ကြားလိုက်ရချိန်တွင် အကြီးအကဲ ကြယ်ခူး၊ မျှော်စင်သခင်နှင့် မာရှီချင်းတို့မှာ အံ့အားသင့်သွားကြတော့၏။

“နေရာရွှေ့ပြောင်း အခင်းအကျင်း တည်ဆောက်ဖို့ ဟုတ်လား...”

ခေတ္တမျှ ကြာပြီးနောက် အကြီးအကဲ ကြယ်ခူး က မေးမြန်းလိုက်သည်။

“မြေကမ္ဘာအင်မော်တယ် နန်းတော်က နေရာရွှေ့ပြောင်း အခင်းအကျင်း တည်ဆောက်ဖို့ ကြိုးစားနေတာလား...”

စုယွီက ခေါင်းခါယမ်းလိုက်ရင်း ဆို၏။

“မဟုတ်ပါဘူး... ကျွန်တော့်ကိုယ်ပိုင်အတွက်ပါ...”

“ဟင်း...”

မျှော်စင်သခင်နှင့် မာရှီချင်းတို့သည် စုယွီကို ထိတ်လန့်တကြား ကြည့်လိုက်မိကြသည်။ အကယ်၍ အင်မော်တယ် စံအိမ်တော်ကသာ နေရာရွှေ့ပြောင်း အခင်းအကျင်း တစ်ခု တည်ဆောက်လိုခြင်း ဖြစ်ပါက ၎င်းတို့၏ ကြွယ်ဝမှုနှင့် အာဏာအရ ထူးခြားသော ကိစ္စမဟုတ်ပါချေ။

ဒါပေမဲ့ စုယွီက သူကိုယ်တိုင်အတွက် နေရာရွှေ့ပြောင်း အခင်းအကျင်း တစ်ခုကို တည်ဆောက်ချင်နေတာ ဟုတ်လား..

စုယွီက အကြီးအကဲ ကြယ်ခူး ကို ကြည့်ကာ ဆိုလိုက်သည်။

“ကုန်ကြမ်း ပစ္စည်းတွေကိုတော့ ကျွန်တော် အကုန် ပြင်ဆင်ပြီးပါပြီ... ဆုလာဘ် အနေနဲ့လည်း ဆရာကြီး စိတ်ပျက်ရမှာ မဟုတ်ပါဘူး... ကျွန်တော် လိုချင်တာက အကြီးအကဲ အနေနဲ့ အခင်းအကျင်းကို စီရင်ပေးဖို့ပါပဲ...”

အကြီးအကဲ ကြယ်ခူး သည် စုယွီကို နက်နဲစွာ စိုက်ကြည့်လိုက်ပြီးမှ သက်ပြင်းတစ်ချက် ချလိုက်ကာ ခေါင်းခါယမ်းလိုက်၏။

“လက်ရှိ ကြယ်ခူး မျှော်စင်ရဲ့ အခြေအနေကိုလည်း မင်း သိမှာပါ...”

“လောလောဆယ်မှာတော့... မင်းအတွက် အခင်းအကျင်းကို ငါ စီရင်ပေးနိုင်ဦးမှာ မဟုတ်ဘူး...”

စုယွီသည် ဤအဖြေကို ကြိုတင် ခန့်မှန်းထားခဲ့ပြီး ဖြစ်သည်။ သူသည် ခေတ္တမျှ တွေဝေသွားပြီးမှ အကြီးအကဲ ကြယ်ခူး ကို ဂရုတစိုက် ကြည့်ကာ မေးမြန်းလိုက်၏။

“ဆရာကြီးရဲ့ ဒဏ်ရာက ဘယ်လို အခြေအနေ ရှိပါသလဲ... ဘယ်လို ဒဏ်ရာမျိုး ဖြစ်တာလဲ ဆိုတာ သိခွင့် ရှိမလား ခင်ဗျာ...”

ထိုစကားကြောင့် မျှော်စင်သခင်၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားပြီး တစ်စုံတစ်ရာ ပြောရန် ပြင်လိုက်သော်လည်း အကြီးအကဲ ကြယ်ခူး က တားမြစ်လိုက်၏။

အကြီးအကဲ ကြယ်ခူး က ဆို၏။

“တာအို မိတ်ဆွေစု... မင်းက ကြယ်ခူး မျှော်စင်ရဲ့ မိတ်ဆွေကောင်း တစ်ယောက်ပါ... ဒါကို မင်းကို ပြောပြတာ ဘာမှ မဖြစ်ပါဘူး...”

အကြီးအကဲ၏ ဒဏ်ရာမှာ စိတ်ဝိဉာဉ် ဒဏ်ရာ ဖြစ်သည်။ အလွန်အမင်း ပြင်းထန်ခြင်း မရှိသော်လည်း သူ၏ အသက်အရွယ်ကြီးရင့်မှုနှင့် ပေါင်းစပ်လိုက်သောအခါ အခြေအနေမှာ ဆိုးရွားလာခဲ့ခြင်း ဖြစ်၏။ ထို့အပြင် လညွှန် နန်းဆောင်နှင့် အင်မော်တယ် တစ်သောင်းနန်းတော် တို့၏ ခြိမ်းခြောက်မှုများကြောင့် စုယွီအတွက် အခင်းအကျင်း တည်ဆောက်ပေးရန်မှာ လုံးဝ မဖြစ်နိုင်သေးပါချေ။

ထိုအကြောင်းကို ကြားသိရသောအခါ စုယွီသည် ခဏမျှ ခေါင်းခဲနေမိသည်။

သူသည် ပဉ္စမအဆင့် အဆင့်မြင့် ဝိညာဉ်အရည် အစက်တစ်ရာ ပါရှိသော ကျောက်စိမ်းပုလင်း တစ်လုံးနှင့်အတူ... မာရှီချင်းကို ပေးအပ်ခဲ့သော ကောင်းကင်ရိုးတွင်းခြင်ဆီ ဝိညာဉ်အရည် ငါးစက်ကို ထုတ်ယူလိုက်၏။

“ဒါတွေက ကျွန်တော့်ရဲ့ ဆရာက မကြာသေးခင်ကမှ ကျွန်တော့်ကို လက်ဆောင်ပေးထားတဲ့ အဖိုးတန် ပစ္စည်း နှစ်ခုပါ...”

“ဒါတွေကို ဆရာကြီး စမ်းသုံးကြည့်ပြီး ဒဏ်ရာအတွက် အထောက်အကူ ဖြစ်မလားဆိုတာ ကြည့်စေချင်ပါတယ်...”

“အကယ်လို့ ပုဂ္ဂိုလ်ကြီးရဲ့ ဒဏ်ရာကို အတိုင်းအတာတစ်ခုအထိ တည်ငြိမ်အောင် လုပ်နိုင်မယ်ဆိုရင်... ပုဂ္ဂိုလ်ကြီးရဲ့ အစွမ်းနဲ့တင် ကြယ်ခူး မျှော်စင်ရဲ့ လက်ရှိ အခက်အခဲတွေကို ကျော်လွှားနိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်...”

*

များမကြာမီမှာပင်..စုယွီသည် ကြယ်ခူး မျှော်စင်မှ တိတ်တဆိတ် ထွက်ခွာလာခဲ့ပြီး ဟေးယွီ အင်မော်တယ် မြို့တော်သို့ ပြန်လည် ရောက်ရှိလာခဲ့၏။

သူသည် ထိုပစ္စည်းများကို ပေးအပ်ခဲ့သော်လည်း မည်မျှအထိ အထောက်အကူ ဖြစ်မည်ကိုမူ သူကိုယ်တိုင်လည်း သေချာ မသိပါချေ။

ကြယ်ခူး မျှော်စင် ရင်ဆိုင်နေရသော အခက်အခဲများနှင့် ပတ်သက်၍မူ သူသည် အပြင်လူတစ်ဦး ဖြစ်သောကြောင့် အလွန်အမင်း ဝင်ရောက် မစွက်ဖက်လိုပါချေ။ မာရှီချင်းအား မူလဝိညာဉ်အဆင့် ရောက်အောင် ကူညီပေးခဲ့ခြင်းမှာပင် သူ လုပ်ဆောင်ပေးနိုင်သော အကောင်းဆုံး အကူအညီ ဖြစ်ခဲ့ပြီ မဟုတ်ပါလော။

ထို့အပြင် ကြယ်ခူး ဘိုးဘေးကြီး၏ ဒဏ်ရာအတွက်လည်း အဖိုးတန် ရတနာများကို ထုတ်ပေးခဲ့ပြီး ဖြစ်ရာ... ရှေ့ဆက်၍ ဖြစ်ပျက်လာမည့် အရာများမှာ ၎င်းတို့ ကိုယ်တိုင် မည်သို့ ကိုင်တွယ် ဖြေရှင်းမည် ဆိုသည်အပေါ်တွင်သာ မူတည်တော့သည်။

သို့သော်လည်း ဟေးယွီ အင်မော်တယ် မြို့တော်သို့ ပြန်ရောက်ပြီးနောက်တွင် စုယွီသည် မြေကမ္ဘာအင်မော်တယ် နန်းတော်၏ အင်အားကို အသုံးပြု၍ ကြယ်ခူး မျှော်စင်၏ အခြေအနေကို မျက်ခြေမပြတ် စုံစမ်းနေခဲ့၏။ တစ်နှစ်ကျော် ကြာပြီးနောက်တွင် ကြယ်ခူး မျှော်စင်၏ တာအို စိန်ခေါ်ပွဲ သတင်းမှာ ရောက်ရှိလာခဲ့သည်။

ကြယ်ခူး မျှော်စင်၏ တာအိုသားတော် မာရှီချင်းနှင့် လညွှန် နန်းဆောင်၏ တာအိုသားတော် ထျန်းယွဲ့ တို့၏ တိုက်ပွဲမှာ သရေရလဒ်ဖြင့် ပြီးဆုံးသွားခဲ့ကြောင်း မြေကမ္ဘာအင်မော်တယ် နန်းတော်က သတင်း ရရှိခဲ့၏။ ထိုအင်အားစု နှစ်ခုကြားမှ အာဏာလုပွဲမှာ ခေတ္တမျှ ငြိမ်သက်သွားခဲ့ပါသည်။

သို့သော် များမကြာမီမှာပင် စုယွီသည် မာရှီချင်းထံမှ လျှို့ဝှက်စာတစ်စောင်ကို ရရှိခဲ့သည်။ ထိုစာထဲတွင် မာရှီချင်းသည် တစ်ဖက်လူကို အမှန်တကယ် အနိုင်ယူနိုင်စွမ်း ရှိသော်လည်း... အခြေအနေ အရပ်ရပ်ကို ထည့်သွင်း စဉ်းစားကာ သရေ ရလဒ်အဖြစ်သာ အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားလေ၏။

လညွှန် နန်းဆောင်နှင့် အင်မော်တယ် တစ်သောင်းနန်းတော် တို့၏ မဟာမိတ်ကို ရင်ဆိုင်ရန်အတွက် ကြယ်ခူး မျှော်စင် အနေဖြင့် ခေတ္တမျှ ငြိမ်သက်နေရန် လိုအပ်နေသည်လေ။

'သရေ ရလဒ် ဖြစ်သွားတာတောင် ဒါက လညွှန် နန်းဆောင်နဲ့ အင်မော်တယ် တစ်သောင်းနန်းတော် အတွက်တော့ ရှုံးနိမ့်မှု တစ်ခုပဲ...'

စုယွီ စိတ်ထဲမှ တွေးတောလိုက်မိသည်။

ဘာပဲဖြစ်ဖြစ် ဒီလူတွေရဲ့ ရည်ရွယ်ချက်က အခင်းအကျင်း အမွေအနှစ်ကို ရဖို့ပဲ မဟုတ်လား... အခုတော့ သူတို့ မရလိုက်ဘူးလေ..

ထိုစာထဲတွင်ပင် စုယွီ ပေးအပ်ခဲ့သော ရတနာများမှာ ဘိုးဘေးကြီး၏ ဒဏ်ရာအတွက် များစွာ အထောက်အကူ ဖြစ်ခဲ့ကြောင်းနှင့်... ဘိုးဘေးကြီး၏ သုံးနှစ်ကြာ တံခါးပိတ် ကျင့်ကြံခြင်း ပြီးဆုံးသွားသည့်အခါ စုယွီအတွက် အခင်းအကျင်းကို စီရင်ပေးမည် ဖြစ်ကြောင်း ရေးသားထား၏။

ဆုလာဘ်များနှင့် ပတ်သက်၍မူ... မိမိတို့ဘက်မှ လုံးဝ လက်ခံမည် မဟုတ်ကြောင်းလည်း ဆိုထားသေး၏။

ဤဖြစ်ရပ်ကြောင့် စုယွီသည် မာရှီချင်း၏ မိတ်ဆွေကောင်း တစ်ဦးမျှသာ မဟုတ်တော့ဘဲ ကြယ်ခူး မျှော်စင် တစ်ခုလုံး၏ မြင့်မြတ်သော ဧည့်သည်တော်ကြီး ဖြစ်လာခဲ့ပါ၏။

နောက်ထပ် သုံးနှစ် ကြာပြီးနောက်..စုယွီသည် မူလဝိညာဉ် တတိယအဆင့်နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော စတုတ္ထအဆင့် အဆင့်နိမ့် ရုပ်သေး ‘အရိပ်ဓား’ ကို နောက်ဆုံးတွင် အောင်မြင်စွာ ဖန်တီးနိုင်ခဲ့၏။ ၎င်းကို တည်ဆောက်ရန်အတွက် ကုန်ကျစရိတ်မှာပင် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်သန်းကျော် ရှိနေချေပြီ။

...

တစ်ဖက်တွင်လည်း..

ဟွမ်လင်းကျွန်း... ပင်လယ်မြေမျက်နှာပြင် နယ်မြေဝယ်၊

သူ၏ တာအိုရုပ်သေးမှာ ဤနေရာသို့ ပြန်လည် ရောက်ရှိနေသည်မှာ ကြာပြီဖြစ်ကာ... ကုန်းယွဲ့ အင်မော်တယ် မြို့တော်မှ ကောင်းယွမ်ယွမ် ကိုလည်း ဤနေရာသို့ ခေါ်ဆောင်လာခဲ့လေပြီ။

ကောင်းယွမ်ယွမ်သည် ဟေးကျောက် တာအို သားတော်နှင့်အတူ ဟွမ်လင်းကျွန်း၏ ကုန်သွယ်ရေး အားလုံးကို စီမံခန့်ခွဲနေခဲ့ကြသည်။

စုယွီသည် ပင်လယ်ပြင်မှ ရရှိသော ဝိညာဉ် သတ္တုရိုင်း အရင်းအမြစ်များကို ဝါးမြိုပြီး သူ၏ ကိုယ်ပိုင် စွမ်းအားနှင့် ရုပ်သေး ဝိညာဉ်၏ စွမ်းအားကို တဖြည်းဖြည်း မြှင့်တင်နေခဲ့၏။

ယနေ့တွင်မူ တာအိုရုပ်သေးသည် မရေမတွက်နိုင်သော ဝိညာဉ် သတ္တုရိုင်းများကို ဝါးမြိုပြီးနောက်တွင်... အရည်အသွေးပိုင်းဆိုင်ရာ အသွင်ပြောင်းလဲမှုကို ကြုံတွေ့ခဲ့ရကာ သူ၏ အရှိန်အဝါမှာ စတုတ္ထအဆင့် အဆင့်နိမ့်မှသည် စတုတ္ထအဆင့် အလယ်အလတ်သို့ တိတ်တဆိတ် တက်လှမ်းသွားခဲ့ပါ၏။ ဤသည်မှာ မူလဝိညာဉ် စတုတ္ထအဆင့်နှင့် နှိုင်းယှဉ်နိုင်သော စွမ်းအားပင် ဖြစ်တော့သည်။

အတွင်းပိုင်းရှိ ရုပ်သေး ဝိညာဉ်၏ အရှိန်အဝါမှာလည်း မူလဝိညာဉ် စတုတ္ထအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ ပဉ္စမအဆင့်သို့ ရောက်ရန် များစွာ မလိုတော့ပါချေ။ ကျင့်ကြံခြင်း အဆင့် တိုးတက်လာပြီးနောက် တာအိုရုပ်သေးသည် ချင်းရွှမ် ပင်လယ်ပြင်ရှိ အခြားသော အင်အားစုများကို စတင် ပစ်မှတ်ထားလိုက်တော့၏။

ချင်းရွှမ် အင်မော်တယ် ဂိတ်တံခါးရှိ မူလဝိညာဉ် အဆင့်လယ် အကြီးအကဲကို ကိုင်တွယ်ရန်မှာ မလွယ်ကူသေးသော်လည်း... ချင်းရွှမ် ပင်လယ်ပြင်ရှိ အခြား အင်အားစုများကိုမူ... ဟွမ်လင် ကုန်သွယ်ရေး အသင်းမှတစ်ဆင့် တစ်စစီ ဝါးမြိုပစ်ရန် သူ ကြိုးပမ်းနိုင်သည်။

နောင်အနာဂတ်တွင် သူသည် ချင်းရွှမ် အင်မော်တယ် ဂိတ်တံခါး တစ်ခုလုံးကို ဝါးမြိုကာ ချင်းရွှမ် ပင်လယ်ပြင် တစ်ခုလုံးကို နောက်ကွယ်မှနေ၍ ထိန်းချုပ်မည့် ထာဝရ အရှင်သခင်ကြီး ဖြစ်လာပေလိမ့်မည်။

...

အရှင်သခင် ဆယ်ပါး အင်မော်တယ် မြို့တော်။

စုယွီ ထိုနေရာသို့ ရောက်ရှိလာချိန်တွင် ကြယ်ခူး ဘိုးဘေးကြီးနှင့် မာရှီချင်းတို့မှာ စောင့်ဆိုင်းနေကြသည်မှာ ကြာပြီ ဖြစ်သည်။ ထိုသုံးဦး တွေ့ဆုံပြီးနောက် စုယွီ၏ လမ်းပြမှုဖြင့် မြို့တော်မှ တိတ်တဆိတ် ထွက်ခွာလာခဲ့ကြကာ ဇီယွီဂိုဏ်း၏ ဂူစံအိမ်ဆီသို့ ဦးတည်ခဲ့ကြ၏။

သို့သော်လည်း စုယွီသည် ဇီယွီဂိုဏ်း ဂူစံအိမ်သို့ ချဉ်းကပ်လာချိန်တွင် သူ၏ မျက်နှာမှာ ရုတ်ချည်း သုန်မှုန်သွားရတော့သည်။

ဂူစံအိမ်၏ အခင်းအကျင်း အပြင်ဘက်တွင် စုယွီ အရင်က တွေ့ဖူးခဲ့သော ပိုင်ဟွာဂိုဏ်းမှ အမြုတေ ဖွဲ့စည်းခြင်း အဆင့် (၉) ရှိ အမျိုးသမီး တစ်ဦးနှင့်အတူ... မူလဝိညာဉ်အဆင့်ရှိ ကျင့်ကြံသူ နှစ်ဦးနှင့် ရာနှင့်ချီသော ပိုင်ဟွာဂိုဏ်းသားများမှာ ဇီယွီဂိုဏ်း ဂူစံအိမ် တစ်ခုလုံးကို ဝိုင်းရံထားကြ၏။

ထိုအခိုက်အတန့်တွင် မူလဝိညာဉ် စတုတ္ထအဆင့်ရှိ ပိုင်ဟွာဂိုဏ်း အကြီးအကဲမှာ အခင်းအကျင်းအတွင်းရှိ ကောင်းကင်မိုးကြိုး ကြွက်ဘုရင်ကို အေးစက်သော မျက်နှာပေးဖြင့် ကြည့်ကာ သူ၏ ပြင်းထန်လှသော အင်မော်တယ် အရှိန်အဝါဖြင့် ဖိနှိပ်နေလေသည်။

“ငါတို့ မင်းကို နောက်ထပ် အခွင့်အရေး တစ်ခု ပေးလိုက်မယ်... မင်းရဲ့ သခင်ကို ပြန်လာဖို့ အမြန်ခေါ်လိုက်စမ်း...”

“ဒါမှမဟုတ်ရင်တော့ ငါတို့ ပိုင်ဟွာဂိုဏ်း အနေနဲ့ ဒီဂူစံအိမ်ကို အတင်းအကျပ် ပြန်လည် သိမ်းယူရတော့မယ်…”

All Chapters