အခန်း ၃၀၉-၃၁၀
Vol. 31 Ch. 309-310
အခန်း ၃၀၉ - တပည့်ရှိလျှင် ကြွားလုံးထုတ်ရမည်သာ
"ဆရာ... လက်နက်သွန်းလုပ်သူအသင်း ရဲ့ စာမေးပွဲကို တကယ်ပဲ ဖြေဖို့ လိုလို့လား..."
အပြင်ဘက်ရှိ စည်ကားနေသော လူအုပ်ကြီးကို ကြည့်ကာ ဝူကျန်းအဲ့က အနည်းငယ် ဇဝေဇဝါဖြင့် မေးမြန်းလိုက်၏။
ဝမ့်ချီ အင်မော်တယ် မဟာဧကရာဇ် က ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီးနောက် ပြောဆိုလိုက်၏။
"မင်း နားမလည်ပါဘူး... တကယ်လို့ မင်းက လက်နက်သွန်းလုပ်ခြင်း တာအို မှာ ပိုပြီး ရှေ့ဆက်ချင်တယ်ဆိုရင် လက်နက်သွန်းလုပ်သူအသင်း နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်တာက အကောင်းဆုံးပဲ... ရှားပါးတဲ့ ပစ္စည်း တချို့က လက်နက်သွန်းလုပ်သူတွေရဲ့ လက်ထဲမှာပဲ ရှိတာ... ပြီးတော့ လက်နက်သွန်းလုပ်သူအသင်း ကို ဝင်တာက မင်းအတွက် နာမည်တစ်ခု ရဖို့ အမြန်ဆုံး နည်းလမ်းပဲ... ဒါက မင်းရဲ့ အနာဂတ် လက်နက်သွန်းလုပ်ရေး ပစ္စည်း တွေ စုဆောင်းရာမှာ ကြီးမားတဲ့ အကျိုးကျေးဇူး ဖြစ်လာလိမ့်မယ်..."
ဤသည်ကို ကြားချိန်တွင် ဝူကျန်းအဲ့ ခေါင်းညိတ်လိုက်၏။ သို့သော် သူ၏ နောက်ကွယ်ရှိ ဝူမိသားစု ကုန်သည်ကြီးများအသင်းသည် ယခုအခါ အထက်ကမ္ဘာ တစ်ခုလုံးတွင် အကြီးဆုံး ကုန်သည်ကြီးများအသင်း ဖြစ်နေပြီး လက်နက်သွန်းလုပ်ရေး ပစ္စည်းများ မရှားပါးကြောင်းကို သူ ပြောချင်မိသည်။ သို့သော် ဆရာ က ဤသို့ လုပ်ဆောင်ထားပြီးဖြစ်ရာ တပည့် တစ်ဦးအနေဖြင့် ဆရာဖြစ်သူကို ဆန့်ကျင်ပြောဆိုရန်မှာ မသင့်လျော်ချေ။
မကြာမီ ဝမ့်ချီ အင်မော်တယ် မဟာဧကရာဇ် ၏ ဦးဆောင်မှုအောက်တွင် ဝူကျန်းအဲ့သည် အထက်ကမ္ဘာ တစ်ခုလုံးတွင် အကြီးဆုံး မြို့ဖြစ်သော ပုလော်မြို့တော် သို့ ရောက်ရှိလာခဲ့၏။
ပုလော်မြို့တော် သို့ ရောက်ရှိပြီးနောက် ဝူကျန်းအဲ့၏ အမူအရာမှာ တဖြည်းဖြည်း တည်ကြည်လေးနက်လာခဲ့သည်။ အပြင်ဘက်တွင် အလွန် ရှားပါးသော လူသားအင်မော်တယ် များသည် ဤနေရာတွင် နေရာတိုင်း၌ ရှိနေပေသည်။
ဤသည်က ဝူကျန်းအဲ့ကို သူ၏ လက်ရှိ ကျင့်ကြံခြင်းအဆင့်နှင့် ပတ်သက်၍ ပိုမို ရှင်းလင်းစွာ နားလည်သွားစေခဲ့သည်။ ကြည့်ရသည်မှာ သူသည် လုံလောက်အောင် စွမ်းအားမကြီးမားသေးပုံ ရပေသည်။
မကြာမီ ဝူကျန်းအဲ့သည် ဆရာ ၏ နောက်သို့ လိုက်ကာ လက်နက်သွန်းလုပ်သူအသင်း ဟူသော ကြီးမားသော စာလုံးငါးလုံး ထွင်းထုထားသည့် ဧရာမ အဆောက်အအုံကြီး တစ်ခုသို့ ရောက်ရှိလာခဲ့၏။
ထိုကြီးမားသော စာလုံးငါးလုံးကို မြင်တွေ့ရချိန်တွင် ဝူကျန်းအဲ့မှာ အံ့အားသင့်သွားခဲ့သည်။ တစ်ခုခုကို ဆုပ်ကိုင်မိသွားသည့်အလား သူသည် နေရာတွင် တင်ပျဉ်ခွေထိုင်ချလိုက်ပြီး မျက်လုံးများကို မှိတ်ကာ အနှစ်သာရကို စတင် သန့်စင်လေတော့သည်။
အနီးနားတွင် ရပ်နေသော ဝမ့်ချီ အင်မော်တယ် မဟာဧကရာဇ် သည် ဤမြင်ကွင်းကို မြင်ပြီးနောက် အံ့အားသင့်စွာဖြင့် ဆိုလိုက်သည်။
“မင်းက တော်တော်လေး ကံကောင်းတာပဲ ကောင်လေး... လက်နက်သွန်းလုပ်သူအသင်းရဲ့ တည်ထောင်သူ ခေါင်းဆောင် ချန်ထားခဲ့တဲ့ အမွေအနှစ်တွေက တကယ်ပဲ စစ်မှန်နေလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး...”
ဝူကျန်းအဲ့တစ်ယောက် မျက်လုံးများကို မှိတ်ကာ စိတ်အာရုံကို သန့်စင်ပြီး တရားမှတ်စပြုလာသည်နှင့် တပြိုင်နက်၊ လက်နက်သွန်းလုပ်သူအသင်း၏ ဝင်ပေါက်တွင် ကင်းစောင့်နေကြသော အစောင့်နှစ်ဦးမှာ ဤထူးခြားသော မြင်ကွင်းကို ကောင်းစွာ မြင်တွေ့လိုက်ရသဖြင့် ၎င်းတို့၏ မျက်နှာအမူအရာများမှာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
၎င်းတို့နှစ်ဦး အချင်းချင်း မျက်ရိပ်ပြလိုက်ကြပြီးနောက်၊ တစ်ဦးမှာ ချက်ချင်းပင် လှည့်ကာ အသင်းအတွင်းသို့ သတင်းပို့ရန် ဝင်ရောက်သွားတော့သည်။ ဝမ့်ချီ အင်မော်တယ် မဟာဧကရာဇ်သည် ဤလှုပ်ရှားမှုကို ကောင်းစွာ ရိပ်မိသော်လည်း ကြားဖြတ်နှောင့်ယှက်ခြင်း မပြုခဲ့ပေ။ လက်နက်သွန်းလုပ်သူအသင်း၏ ခေါင်းဆောင်ကိုယ်တိုင် မကြာမီ အပြင်သို့ ထွက်လာလိမ့်မည်ဟု သူ ကြိုတင်ခန့်မှန်းထားသောကြောင့် ဖြစ်သည်။
ဤအချိန်တွင် ဝူကျန်းအဲ့သည် လက်နက်သွန်းလုပ်ခြင်း တာအိုအပေါ် နက်နက်ရှိုင်းရှိုင်း နစ်မြောနေခဲ့သည်။ ထိုဧရာမ စာလုံးကြီးငါးလုံးကို သူ မြင်တွေ့လိုက်ရသည့် အခိုက်အတန့်၌ပင်၊ အလွန်အမင်း အစွမ်းထက်သော သွန်းလုပ်ခြင်းအတတ်ပညာ၏ စစ်မှန်သော ဆန္ဒသည် သူ၏ စိတ်ဝိညာဉ်ထဲသို့ တိုက်ရိုက် တိုးဝင်လာခဲ့တော့သည်။
လောကတွင် ရှိရှိသမျှသော အရာရာတိုင်း၌ ကိုယ်ပိုင် အဓိပ္ပာယ်နှင့် တန်ဖိုးကိုယ်စီ ရှိကြပြီး စွမ်းအား အနိမ့်အမြင့်သာ ကွာခြားကြခြင်း ဖြစ်သည်။ ‘လက်နက်သွန်းလုပ်သူအသင်း’ ဟူသော နာမည်ဆိုင်းဘုတ်စာလုံးများတွင် ကိန်းဝပ်နေသည့် တာအိုအဓိပ္ပာယ်မှာ အလွန်ပင် နက်နဲဆန်းကြယ်ပေရာ ဝူကျန်းအဲ့သည် ထိုစာလုံးများကို မြင်လိုက်ရုံမျှဖြင့် စစ်မှန်သော သွန်းလုပ်ခြင်းလျှို့ဝှက်ချက်ကို စတင် သဘောပေါက်နားလည်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် လက်နက်သွန်းလုပ်သူအသင်း၏ အတွင်းပိုင်းရှိ သီးသန့်သွန်းလုပ်ရေး အခန်းထဲတွင် အသင်း ခေါင်းဆောင် လျုံဝမ်ယင် သည် အလုပ်ရှုပ်နေခဲ့သည်။ သူ၏ ပတ်ပတ်လည်တွင် မည်သည့်အရာမျှ မရှိဘဲ၊ ပြင်းထန်သော အင်မော်တယ်မီးတောက်များဖြင့်သာ ဝန်းရံထား၏။ ထိုအခန်းတွင်းရှိ အပူချိန်မှာ ခန့်မှန်းရခက်လောက်အောင် အလွန်အမင်း မြင့်မားနေသော်လည်း၊ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော အပူရှိန်ကပင် လျုံဝမ်ယင်ကို အနည်းငယ်မျှသာ ချွေးထွက်စေနိုင်သည်။
လျုံဝမ်ယင်သည် ဧရာမတူကြီးတစ်လက်ကို ကျစ်ကျစ်ပါအောင် ကိုင်ဆောင်ထားပြီး၊ သူ ထုရိုက်လိုက်သည့် အချက်တိုင်းတွင် အင်မော်တယ်ရွှေတုံးထံမှ အရောင်ခုနစ်မျိုးဖြင့် တောက်ပနေသော ကြောက်မက်ဖွယ် စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ဤတုန်လှုပ်ဖွယ် မြင်ကွင်းကြောင့် အပြင်ဘက်မှနေ၍ တိတ်တဆိတ် စောင့်ကြည့်နေကြသော လက်နက်သွန်းလုပ်သူအသင်းဝင်များနှင့် အကြီးအကဲများမှာ ရင်သပ်ရှုမောဖြစ်ကာ စိတ်လှုပ်ရှားနေကြသည်။
"ဒါက ခေါင်းဆောင် အဆင့် ၉ အင်မော်တယ် လက်နက်သွန်းလုပ်သူ ဖြစ်လာဖို့ ၉၉ ကြိမ်မြောက် ကြိုးစားတာပဲ... တကယ်လို့ သူသာ အောင်မြင်သွားရင် ငါတို့ရဲ့ လက်နက်သွန်းလုပ်သူအသင်း ဟာ ထာဝရ မှတ်တမ်းတင်ခံရမှာ ဖြစ်ပြီး အထက်ကမ္ဘာ တစ်ခုလုံးမှာ ပထမဆုံး အဆင့် ၉ အင်မော်တယ် လက်နက်သွန်းလုပ်သူ ရှိလာတော့မယ်”
"ဒီတစ်ကြိမ်ကတော့မျှော်လင့်ချက် အရှိဆုံးပဲ.... လက်နက်သွန်းလုပ်တာ ပြီးသွားပြီး အင်မော်တယ် သင်္ကေတ တွေ ထွင်းထုတာ အောင်မြင်သွားရင် အဆင့် ၉ အင်မော်တယ်ဧကရာဇ် မှော်လက်နက် က ပြီးပြည့်စုံသွားပြီ ၊ အဲ့ကြရင် ဂိုဏ်းချုပ် က အဆင့် ၉ အင်မော်တယ် လက်နက်သွန်းလုပ်သူ ဖြစ်လာလိမ့်မယ်..."
အကြီးအကဲများသည် အတွင်းပိုင်း အခြေအနေကို စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်နေစဉ် လျုံဝမ်ယင် အတွင်း၌ သွန်းလုပ်နေသော အင်မော်တယ် မှော်လက်နက်မှာ မည်သည့်သတိပေးချက်မှ မရှိဘဲ ရုတ်တရက် တုန်ရီသွားပြီး ပေါက်ကွဲသွားလေ၏။
အကယ်၍ လျုံဝမ်ယင် သာ အလျင်အမြန် မတုံ့ပြန်နိုင်ခဲ့ပါက အင်မော်တယ် ရွှေတုံး ပေါက်ကွဲမှု၏ စွမ်းအားကြောင့် သူသည် သေချာပေါက် ထိခိုက်သွားနိုင်သည်။
ဤမြင်ကွင်းကို မျက်မြင်တွေ့ရှိပြီးနောက် အပြင်ဘက်ရှိ အကြီးအကဲများမှာ တိတ်ဆိတ်သွားကြသည်။ လျုံဝမ်ယင် သည် လက်နက်သွန်းလုပ်ရေး အခန်း၏ တံခါးကို တွန်းဖွင့်ကာ ဖြည်းညင်းစွာ ထွက်လာခဲ့သည်။
"ကဲကဲ.. မငိးတို့က ဘာလို့ အဲဒီလို အမူအရာတွေ လုပ်နေကြတာလဲ... ငါက ရှုံးသွားရုံလေးပါ... ငါ ဘာမှမသင်ယူလိုက်ရဘူးလို့ မဆိုလိုဘူး... ငါ နောက်တစ်ခါ ထပ်ကြိုးစားရင် အဆင့် ၉ အင်မော်တယ် လက်နက်သွန်းလုပ်သူ ဖြစ်လာနိုင်လောက်တယ်..."
လျုံဝမ်ယင် သည် အကြီးအကဲများ ၏ အမူအရာကို သတိပြုမိသွားသဖြင့် ဖြည်းညင်းစွာ ပြောဆိုလိုက်၏။
အကြီးအကဲများ သည် မော့ကြည့်လိုက်ပြီး အနည်းငယ် ခါးသီးသော အမူအရာဖြင့် ပြောဆိုလိုက်၏။
" ခေါင်းဆောင်... ခင်ဗျား အရင်တစ်ခေါက်ကလည်း အဲဒီအတိုင်းပဲ ပြောခဲ့တာပဲလေ..."
"အဟမ်း... အရင်တစ်ခေါက်က မတော်တဆ ဖြစ်သွားတာပါ... ဒီတစ်ခါတော့ တကယ်ပါ... ငါ ပြန်သွားပြီး ဒီတစ်ခါ လက်နက်သွန်းလုပ်တာ ကျရှုံးရတဲ့ အကြောင်းရင်းတွေကို အကျဉ်းချုပ်ပြီး စိတ်စွမ်းအင် ကို တိုးတက်အောင် လုပ်နိုင်သရွေ့ နောက်တစ်ခါကျရင် အဆင့် ၉ အင်မော်တယ်ဧကရာဇ် မှော်လက်နက် ကို သွန်းလုပ်တာ အောင်မြင်နိုင်လောက်ပါတယ်..."
လျုံဝမ်ယင် သည် သူ၏ ရှက်ရွံ့မှုကို ဖုံးကွယ်ရန် ချောင်းဟန့်လိုက်ပြီး ထပ်လောင်း ပြောဆိုလိုက်၏။
ဤသည်ကို မြင်ချိန်တွင် အကြီးအကဲများသည် ခေါင်းဆောင်၏ ကံကောင်းမှုအတွက် ဝတ်ကျေတမ်းကျေ ဆုတောင်းပေးရုံသာ တတ်နိုင်တော့၏။ မည်သို့ပင်ဆိုစေ သူသည် နောက်တစ်ကြိမ်တွင် သေချာပေါက် အောင်မြင်မည်ဟု ပြောဆိုခဲ့သည်မှာ ၉၉ ကြိမ်မြောက် ရှိနေပြီဖြစ်သည်။
ထိုအချိန်တွင် ရွှေအင်မော်တယ် ကနဦးအဆင့် အစောင့် တစ်ဦးသည် လျုံဝမ်ယင် ထံသို့ အလျင်အမြန် လျှောက်လာပြီး ဒူးတစ်ဖက် ထောက်ကာ ပြောဆိုလိုက်၏။
" ခေါင်းဆောင်... အရေးပေါ် ကိစ္စ ရှိလို့ပါ..."
"ဘာကိစ္စလဲ... မြန်မြန်ပြော..."
ဤအချိန်တွင် လျုံဝမ်ယင် သည် ဒေါသထွက်နေဆဲ ဖြစ်သည်။ ရွှေအင်မော်တယ် ကနဦးအဆင့် ရောက်လာသည်ကို မြင်ပြီးနောက် သူသညိ လက်ကို စိတ်မရှည်စွာဖြင့် ဝှေ့ယမ်းကာ ပြောဆိုလိုက်၏။
ရွှေအင်မော်တယ် ကနဦးအဆင့်ရှိ အစောင့် က အလျင်အမြန် ပြောဆိုလိုက်၏။
" ခေါင်းဆောင်... လက်နက်သွန်းလုပ်သူအသင်း တံခါးဝမှာ တည်ထောင်သူ ခေါင်းဆောင် ချန်ထားခဲ့တဲ့ သွန်းလုပ်ခြင်းရဲ့ စစ်မှန်တဲ့ရည်ရွယ်ချက်ကို တစ်ယောက်ယောက်က နားလည်သွားပုံရတယ်..."
"နားလည်သွားတော့ရော ဘာဖြစ်လဲ... ဘာ... မင်း ဘာပြောလိုက်တာ..."
လျုံဝမ်ယင်သည် တစ်ခုခု ပြောရန် ပြင်လိုက်စဉ် သူသည် တစ်ခုခုကို သဘောပေါက်သွားပြီး မယုံနိုင်စွာဖြင့် ပြောဆိုလိုက်၏။
" ခေါင်းဆောင်... ဝင်ပေါက်က လူတစ်ယောက်က တည်ထောင်သူ ခေါင်းဆောင် ချန်ထားခဲ့တဲ့ သွန်းလုပ်ခြင်း၏ စစ်မှန်သောရည်ရွယ်ချက် ကို နားလည်သွားပုံရပါတယ်..."
"ငါ နားလည်ပြီ"
ရလျုံဝမ်ယင် သည် သူ၏ အစောပိုင်းက ကျရှုံးမှုကို ဂရုမစိုက်တော့ဘဲ တံခါးဆီသို့ အလျင်အမြန် ထွက်သွားလေ၏။
ထိုနေရာရှိ အကြီးအကဲများ သည်လည်း အစပိုင်း၌ အံ့အားသင့်သွားကြသော်လည်း အလျင်အမြန် သတိပြန်ဝင်လာပြီး တံခါးဆီသို့ ပြေးသွားကြလေ၏။
တစ်ချိန်တည်းမှာပင် လက်နက်သွန်းလုပ်သူအသင်း ၏ ဝင်ပေါက်တွင် ဝူကျန်းအဲ့၏ နားလည်မှုသည် အရေးအကြီးဆုံး အခိုက်အတန့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ဝမ့်ချီ အင်မော်တယ် မဟာဧကရာဇ်သည် သူ့အား မည်သူမျှ မနှောင့်ယှက်စေရန် ဘေးတွင် ရပ်ကာ စောင့်ကြပ်နေခဲ့၏။
သို့သော် ၎င်းမှာ ကံကြမ္မာရွေးချယ်ခံရသူ ၏ ကံကြမ္မာပင် ဖြစ်သည်။ သူတို့ကို နှောင့်ယှက်မည့်သူ အမြဲတမ်း ရှိနေမည်သာ ဖြစ်သည်။
မလှမ်းမကမ်းတွင် ရွှေအင်မော်တယ် ကနဦးအဆင့် ကျင့်ကြံသူ တစ်စုသည် လူငယ်တစ်ဦးကို ဝိုင်းရံထားပြီး သူ့ကို မြှောက်ပင့်ကာ ပြောဆိုနေကြ၏။
"သခင်လေး... သခင်လေးက ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ အဆင့် ၃ အင်မော်တယ် လက်နက်သွန်းလုပ်သူ ဖြစ်နေပြီ... ပြီးတော့ ဒီနေ့ အဆင့် ၄ အင်မော်တယ် လက်နက်သွန်းလုပ်သူ ဖြစ်လာဖို့ စတင်ကြိုးစားတော့မယ်... တကယ်လို့ သခင်လေး သာ အောင်မြင်သွားရင် အထက်ကမ္ဘာ ရဲ့ သမိုင်းမှာ အသက်အငယ်ဆုံး အဆင့် ၄ အင်မော်တယ် လက်နက်သွန်းလုပ်သူ ဖြစ်လာလိမ့်မယ်..."
"မင်း ဘာတွေပြောနေတာလဲ... 'တကယ်လို့' ဆိုတာ ဘာအဓိပ္ပာယ်လဲ... ငါတို့ရဲ့ သခင်လေး က အဆင့် ၄ အင်မော်တယ် လက်နက်သွန်းလုပ်သူ ဖြစ်လာဖို့ သေချာနေပြီပဲ မဟုတ်ဘူးလား... သခင်လေး အဆင့် ၄ အင်မော်တယ် လက်နက်သွန်းလုပ်သူ ဖြစ်လာမယ့်အတွက် ကြိုတင်ပြီး ဂုဏ်ပြုချင်ပါတယ်..."
"သခင်လေး... သခင်လေး အောင်မြင်သွားရင် ကျွန်တော်တို့ကို မမေ့ပါနဲ့နော်..."
လျိုထျန်းရွှေအင်မော်တယ် တစ်စု၏ ဝိုင်းရံမှုကို ခံနေရသော ထိုလူငယ်သည် သူ၏ အပြုံးကို မဖုံးကွယ်နိုင်တော့ဘဲ သူ၏ နှုတ်ခမ်းထောင့်များမှာ အလိုအလျောက် ကွေးညွှတ်သွားခဲ့သည်။
သူသည် လက်နက်သွန်းလုပ်သူအသင်း ဒုတိယ ခေါင်းဆောင် ကောသယ်ကန်း၏ သားဖြစ်သူ ကောရှောင်ကန်း ပင်ဖြစ်သည်။ အသက် ၅၀,၀၀၀ နီးပါး အရွယ်တွင် အဆင့် ၃ အင်မော်တယ် လက်နက်သွန်းလုပ်သူ တစ်ဦး ဖြစ်နေပြီဖြစ်သည်။ အကယ်၍ သူသည် ယနေ့တွင် ချိုးဖောက်ဝင်ရောက်ရန် အောင်မြင်ခဲ့မည်ဆိုပါက ၊ သူသည် ဂိုဏ်းချုပ် လျုံဝမ်ယင်ထက်ပင် ပိုမို စွမ်းအားကြီးမားသော တည်ရှိမှုတစ်ခု ဖြစ်လာပေလိမ့်မည်။
အချိန်တစ်ခုသာ ပေးလိုက်ပါက သူသည် လျုံဝမ်ယင်၏ နေရာကို အစားထိုးသူတစ်ယောက် ဖြစ်လာနိုင်သည်။
အခန်း (၃၁၀) မင်းအဖေက အရမ်းအစွမ်းထက်လို့လား
မကြာမီ ကောရှောင်ကန်းသည် လျိုထျန်းရွှေအင်မော်တယ် ကျင့်ကြံသူတစ်စု၏ ဝန်းရံမှုဖြင့် လက်နက်သွန်းလုပ်သူအသင်း ၏ တံခါးဝသို့ ရောက်ရှိလာခဲ့သည်။
သို့သော် လက်နက်သွန်းလုပ်သူအသင်း ၏ တံခါးဝသို့ ရောက်ရှိချိန်တွင် ကောရှောင်ကန်းနှင့် ဘေးမှ ကျင့်ကြံသူများ၏ အမူအယာမှာ ပျက်ယွင်းသွားခဲ့သည်။ အကြောင်းမှာ ဝူကျန်းအဲ့သည် လက်နက်သွန်းလုပ်သူအသင်း ၏ တံခါးဝတည့်တည့်တွင် တင်ပလ္လင်ခွေ ထိုင်နေသဖြင့် ကောရှောင်ကန်း၏ လမ်းကို ပိတ်ဆို့ထားသကဲ့သို့ ဖြစ်နေခဲ့သည်။
ကောရှောင်ကန်း စကားမပြောမီမှာပင် သူ၏ ဘေးမှ လျိုထျန်းရွှေအင်မော်တယ် အလယ်အလတ်အဆင့်ရှ်ိ ကျင့်ကြံသူတစ်ဦးက လျင်မြန်စွာ ပြောလိုက်သည်။
“ဒီကောင်ကတော့ သတ္တိရှိလှချေလား... သခင်လေးရဲ့ လမ်းကို ပိတ်ရဲတယ်... သခင်လေး စိတ်မပူပါနဲ့၊ ကျွန်တော် အခုပဲ သွားပြီး မောင်းထုတ်လိုက်ပါ့မယ်”
ထိုသို့ပြောပြီးသည်နှင့် ထိုလျိုထျန်းရွှေအင်မော်တယ် ကျင့်ကြံသူသည် ဝူကျန်းအဲ့ထံသို့ လျှောက်လှမ်းရန် ပြင်လိုက်ရာ ကောရှောင်ကန်းက တားမြစ်လိုက်သည်။
“မင်း နာမည် ဘယ်လိုခေါ်လဲ”
ဤသည်ကို ကြားသောအခါ ထိုကျင့်ကြံသူသည် အစပိုင်းတွင် ကြောင်သွားသော်လည်း ချက်ချင်းပင် ဝမ်းသာအားရဖြင့် ရိုသေစွာ လျှောက်တင်လိုက်၏။
“သခင်လေး... ကျွန်တော့်နာမည် လုဇီဖန် လို့ ခေါ်ပါတယ်”
“အင်း... ကောင်းပြီ၊ ငါ မင်းကို မှတ်ထားမယ်... သွားတော့”
ကောရှောင်ကန်းက ကျေနပ်စွာ ခေါင်းညိတ်ရင်း လက်ဝှေ့ယမ်းကာ ခိုင်းစေလိုက်သည်။
လုဇီဖန်သည် တွန့်ဆုတ်မနေတော့ဘဲ ဝူကျန်းအဲ့၏ ဘေးသို့ အရှိန်အဟုန်ဖြင့် လျှောက်လှမ်းသွားပြီး ဝူကျန်းအဲ့ကို ကန်ထုတ်ရန်ပြင်လိုက်သည်။ သို့သော် ရုတ်တရက် ပေါ်လာသော အင်မော်တယ် မဟာဧကရာဇ် ဝမ်ချီက သူ့ကို တားဆီးလိုက်သည်။
“မင်း ဘာလုပ်ချင်တာလဲ”
ဖြစ်နိုင်သည်မှာ အသက်အရွယ် ကြီးရင့်လာသောကြောင့် အင်မော်တယ် မဟာဧကရာဇ် ဝမ်ချီသည် အရင်ကကဲ့သို့ ဒေါသ မကြီးတော့ဘဲ တတ်နိုင်သမျှ လက်ပါရမည့် လုပ်ရပ်များကို ရှောင်ကြဉ်လိုခြင်း ဖြစ်ပေလိမ့်မည်။
သို့သော် လုဇီဖန်သည် အင်မော်တယ် မဟာဧကရာဇ် ဝမ်ချီကို မမှတ်မိသည်မှာ ထင်ရှားသည်။ ထိုဖြစ်ရပ်ပြီးကတည်းက အင်မော်တယ် မဟာဧကရာဇ် ဝမ်ချီ ကွယ်ပျောက်သွားခဲ့သည်မှာ နှစ်ပေါင်း သန်းရာချီ ရှိနေပြီဖြစ်ရာ ၎င်းတို့အနေဖြင့် မမှတ်မိခြင်းမှာ အလွန်ပင် သဘာဝကျပေသည်။
“ဟေ့ လူကြီး... ဒါ ခင်ဗျားရဲ့ တပည့်လား... သူ့ကို လမ်းဖယ်ခိုင်းလိုက်စမ်း၊ ငါတို့ သခင်လေးရဲ့ လမ်းကို ပိတ်နေတယ်”
လုဇီဖန်သည် မောက်မာဝင့်ကြွားသော အမူအရာဖြင့် ပြောဆိုလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ သူ၏သခင်လေးမှာ လက်နက်သွန်းလုပ်သူအသင်းမှ ဖြစ်နေသည်မဟုတ်လော။ ဒုတိယခေါင်းဆောင်၏ သားဖြစ်သူမှာ ပါရမီအလွန်ထူးချွန်သူတစ်ဦး ဖြစ်ရာ၊ ဤအထက်ကမ္ဘာတွင် ရူးသွမ်းနေသူမဟုတ်ပါက သူတို့သခင်လေး၏ မျက်နှာကို မထောက်ထားဘဲ နေဝံ့မည့်သူဟူ၍ မရှိသလောက်ပင် ဖြစ်သည်။
လုဇီဖန်၏ စကားကို ကြားလိုက်ရသောအခါ အင်မော်တယ် မဟာဧကရာဇ် ဝမ်ချီသည် လုဇီဖန် မျှော်လင့်ထားသကဲ့သို့ ကြောက်ရွံ့တုန်လှုပ်သွားခြင်း မရှိသည့်အပြင်၊ ဝူကျန်းအဲ့ကို အလျင်အမြန် ခေါ်ထုတ်သွားရန်လည်း မပြင်ဘဲ တည်ငြိမ်အေးစက်သော အမူအရာဖြင့် စကားတစ်လုံးတည်းကိုသာ ပြတ်သားစွာ ပြောဆိုလိုက်လေတော့သည်။
“လစ်စမ်း”
“ဘာ ၊ ခင်ဗျားက ကျုပ်ကို ဒီလိုစကားမျိုး ပြောရဲတယ်...”
လုဇီဖန်သည် ဒေါသပေါက်ကွဲသွားပြီး အင်မော်တယ် မဟာဧကရာဇ် ဝမ်ချီကို တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် အင်မော်တယ် မဟာဧကရာဇ် ဝမ်ချီ၏ လက်ချက်ဖြင့် ဟိုးနယ်စပ်ဒေသထိ လွင့်ထွက်သွားခဲ့တော့သည်။ သူ့ကို မသတ်ပစ်ခဲ့ခြင်းမှာပင် အင်မော်တယ် မဟာဧကရာဇ် ဝမ်ချီ၏ အလွန်ကြီးမားသော သက်ညှာမှုဟုဆိုရမည်။
ထိုနယ်စပ်ဒေသမှ သူ ပြန်လာနိုင်မလားဆိုသည်မှာမူ လုဇီဖန်၏ ကံတရားအပေါ်၌သာ မူတည်တော့သည်။
မလှမ်းမကမ်းမှ လုဇီဖန်ကို စောင့်ကြည့်နေကြသော ကောရှောင်ကန်းနှင့် အပေါင်းအပါများ၏ မျက်နှာပေါ်ရှိ အပြုံးများမှာ ချက်ချင်းပင် အေးခဲသွားခဲ့ကြသည်။ လုဇီဖန်အနေဖြင့် ဤကိစ္စကို သပ်သပ်ရပ်ရပ်နှင့် လျင်မြန်စွာ ကိုင်တွယ်နိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ယခုကဲ့သို့ မာကျောသော ကျောက်ဆောင်နှင့် တိုးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြချေ။
ကောရှောင်ကန်း၏ အမူအယာမှာ ချက်ချင်းပင် ကြည့်ရဆိုးသွားခဲ့သည်။ လက်နက်သွန်းလုပ်သူအသင်း ၏ တံခါးဝတည့်တည့်မှာတင် တစ်စုံတစ်ယောက်က သူ့လူကို တိုက်ခိုက်ဝံ့လိမ့်မည်ဟု သူ မည်သို့မျှ မထင်ထားခဲ့ချေ။
“သခင်လေး စိတ်လျှော့ပါ.. ဒါဟာ လုဇီဖန်က သခင်လေးရဲ့ အဆင့်အတန်းကို သေသေချာချာ မပြောပြလိုက်လို့ ဖြစ်ရတာပါ... မဟုတ်ရင် ဟိုဘက်ကလူက သခင်လေးရဲ့ လူကို ဘယ်လိုလုပ်ပြီး ထိရဲပါ့မလဲ”
“ဟုတ်ပါတယ် သခင်လေး... ကျွန်တော်တို့ အားလုံး အတူတူ သွားကြရအောင်... သခင်လေးရဲ့ အဆင့်အတန်းကို ပြောလိုက်တာနဲ့ တစ်ဖက်လူဟာ နောက်တစ်စက္ကန့်မှာတင် ဒူးထောက်ပြီး အသက်ချမ်းသာပေးဖို့ တောင်းပန်လာမှာ သေချာတယ်”
“အဲ့ဒီလူနှစ်ယောက်က တကယ်ကို သတ္တိကောင်းလွန်းတယ်... သူတို့ရဲ့ လုပ်ရပ်က သေတွင်းတူးနေတာပဲ... သခင်လေး၊ သူတို့ကို လုံးဝ အလွတ်မပေးနဲ့”
ဘေးမှ လျိုထျန်းရွှေအင်မော်တယ် ကျင့်ကြံသူများက အလုအယက် မြှောက်ပင့်ပြောဆိုကြရာ ကောရှောင်ကန်းသည် အသက်ကို ပြင်းပြင်းရှူကာ သူ၏ ဒေါသများကို ထိန်းချုပ်လိုက်သည်။
သူသည် အဆင့် ၃ အင်မော်တယ် သွန်းလုပ်ရေးသမား ဖြစ်လာနိုင်သည်ဟူသောအချက်က သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း မြင့်မားကြောင်း ပြသနေသည်။ ဤမျှ ငယ်ရွယ်သော အသက်ဖြင့် သူသည် လျိုထျန်းရွှေအင်မော်တယ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထို့ပြင် သူ၏ ဖခင် ကောသယ်ကန်းသည် ဒုတိယခေါင်းဆောင်သာ ဖြစ်သော်လည်း အဆင့် ၈ အင်မော်တယ် သွန်းလုပ်ရေး သခင်ကြီးတစ်ဦး ဖြစ်သလို အင်မော်တယ် မဟာဧကရာဇ်တစ်ပါးလည်း ဖြစ်သည်။ သူ၏ ဖခင်မှာ အင်မော်တယ် မဟာဧကရာဇ် အလယ်အလတ်အဆင့်ရှိ ပုဂ္ဂိုလ်ကြီးဖြစ်ရာ ၊ အထက်ဘုံ၌ မည်သူကများ သူ့ကို လာရောက် စိန်ခေါ်ဝံ့မည်နည်း။
“သွားကြစို့... ဘယ်သူက ငါ့လူကို ထိဝံ့သလဲဆိုတာ သွားကြည့်ရအောင်”
ကောရှောင်ကန်းသည် ကျန်သူများကို ဦးဆောင်ကာ အင်မော်တယ် မဟာဧကရာဇ် ဝမ်ချီနှင့် ဝူကျန်းအဲ့တို့ထံသို့ လျှောက်လှမ်းသွားတော့သည်။ ဘေးမှ ကျင့်ကြံသူများမှာလည်း ကပျာကယာ လိုက်ပါသွားကြသည်၊။အကြောင်းမှာ ၎င်းတို့အားလုံးသည် ကောရှောင်ကန်း၏ ရှေ့တွင် မျက်နှာလိုမျက်နှာရ လုပ်ချင်ကြသောကြောင့် ဖြစ်သည်။
အကယ်၍ သခင်လေး၏ မှတ်မိခြင်းကို ခံရလျှင် သခင်လေး၏ ဖခင်ထံမှ အခွင့်အရေး အနည်းငယ် ရရှိရုံမျှဖြင့် ၎င်းတို့သည် လျိုထျန်းရွှေအင်မော်တယ် အဆင့်မှသည် အင်မော်တယ်ဘုရင် အဆင့်သို့ တက်လှမ်းနိုင်မည် မဟုတ်လော။
မကြာမီ ကောရှောင်ကန်းသည် ကျင့်ကြံသူတစ်စုကို ဦးဆောင်ကာ အင်မော်တယ် မဟာဧကရာဇ် ဝမ်ချီနှင့် ဝူကျန်းအဲ့၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။ အင်မော်တယ် မဟာဧကရာဇ် ဝမ်ချီသည် ဤသည်ကို မြင်သောအခါ မျက်မှောင်ကြုတ်သွားပြီး ကောရှောင်ကန်းနှင့် အပေါင်းအပါများကိုပါ လွှင့်ပစ်ရန် ပြင်လိုက်စဉ် တစ်စုံတစ်ခုကို အာရုံခံမိသွားသဖြင့် မြှောက်ထားသော လက်ကို ဖြည်းညင်းစွာ ပြန်ချလိုက်သည်။
ကောရှောင်ကန်းသည် အင်မော်တယ် မဟာဧကရာဇ် ဝမ်ချီတို့၏ ရှေ့သို့ ရောက်ရှိလာချိန်တွင် ဝမ်ချီ၏ ရုပ်ရည်ကို ကြည့်ကာ မရေမရာသော ရင်းနှီးမှုတစ်ခုကို ခံစားလိုက်ရသော်လည်း အဘယ်ကြောင့်ဟူသည်ကိုမူ အတိအကျ စဉ်းစား၍ မရနိုင်ချေ။
သို့သော် ယခု အရေးကြီးဆုံးအရာမှာ ဝူကျန်းအဲ့နှင့် အင်မော်တယ် မဟာဧကရာဇ် ဝမ်ချီတို့ကို လမ်းဖယ်ခိုင်းရန် ဖြစ်သည်။
ကောရှောင်ကန်း စကားပြောရန် ပါးစပ်ဟလိုက်စဉ်မှာပင် မလှမ်းမကမ်းမှ လူပုံရိပ်အချို့ က ၎င်းတို့ထံသို့ အပြေးအလွှား ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရသည်။ သူ၏ မျက်လုံးများ လင်းလက်သွားပြီး စကားပြောရန် ပြင်လိုက်သော်လည်း ထိုလူများမှာ သူ့ကို ကျော်လွန်ကာ ဝူကျန်းအဲ့၏ ဘေးသို့ လျင်မြန်စွာ ချဉ်းကပ်သွားကြသည်ကို တွေ့လိုက်ရ၏။
ကောရှောင်ကန်းသည် သူ၏ ဖခင်နှင့် အခြားသူများက သူ၏ ပါရမီကြောင့် ကြိုဆိုရန် ရောက်လာကြခြင်း ဖြစ်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း လက်နက်သွန်းလုပ်သူအသင်း၏ ခေါင်းဆောင်နှင့် အကြီးအကဲများမှာ ဝူကျန်းအဲ့၏ ဘေးသို့ ရောက်ရှိသွားကာ ရှားပါးလှသော ရတနာတစ်ပါးကဲ့သို့ စိုက်ကြည့်နေကြသည်။
လုဝမ်ယင်နှင့် အခြားသူများ စကားမပြောရသေးမီမှာပင် အင်မော်တယ် မဟာဧကရာဇ် ဝမ်ချီက စတင် စကားဆိုလိုက်သည်။
“ပါးစပ်ပိတ်ထားကြစမ်း... သူ့ကို မနှောင့်ယှက်နဲ့”
အင်မော်တယ် မဟာဧကရာဇ် ဝမ်ချီ စကားပြောလိုက်သည့် အခိုက်အတန့်တွင် ကောရှောင်ကန်းသည် ‘ခင်ဗျားက ဘာမို့လို့ လုဦးလေးနဲ့ အခြားသူတွေကို ဒီလို စကားပြောရဲရတာလဲ... သေချင်လို့လား’ ဟု ရက်ရက်စက်စက် လှောင်ပြောင်ရန် ပြင်လိုက်သည်။
သို့သော် မမျှော်လင့်ဘဲ နောက်တစ်စက္ကန့်တွင် လုဝမ်ယင်နှင့် အခြားသူများသည် အင်မော်တယ် မဟာဧကရာဇ် ဝမ်ချီကို မြင်လိုက်ရသောအခါ အံအားသင့်သွားကြပြီး စိတ်လှုပ်ရှားစွာဖြင့် နှုတ်ဆက်လိုက်ကြတော့သည်။
“ရတနာတစ်သောင်းသခင်ကို ဂါရဝပြုပါတယ်”
လုဦးလေးနှင့် အခြားသူများ၏ စကားကို ကြားသောအခါ ကောရှောင်ကန်းမှာ အစ၌ အံ့အားသင့်သွားသော်လည်း ၎င်းတို့ ခေါ်ဆိုလိုက်သော ‘ရတနာတစ်သောင်းသခင်’
ဆိုသည်မှာ မည်သူ့ကို ရည်ညွှန်းကြောင်း ချက်ချင်း သိရှိသွားခဲ့သည်။
အင်မော်တယ် မဟာဧကရာဇ် ဝမ်ချီကို မှတ်မိသွားပြီးနောက် ကောရှောင်ကန်းမှာ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားပြီး ဝမ်ချီအနေဖြင့် သူ့အပေါ် ရန်ငြိုးထားမည်ကို စိုးရိမ်လာသည်။ သူ၏ ပါရမီမှာ အင်မော်တယ် မဟာဧကရာဇ် ဝမ်ချီ၏ ရှေ့တွင် ဖုန်မှုန့်မျှသာ ရှိသည်။
သူ၏ အနောက်မှ လျိုထျန်းရွှေအင်မော်တယ် ကျင့်ကြံသူများမှာလည်း ရှေ့ရှိ သက်ကြီးရွယ်အိုမှာ သာမန်လူမဟုတ်ကြောင်း သိရှိသွားကြသည်။
ကောရှောင်ကန်းနှင့် ရင်းနှီးသော လက်ပါးစေတစ်ဦးက ကောရှောင်ကန်း၏ ဘေးသို့ ချဉ်းကပ်ကာ တိုးတိုးလေး မေးမြန်းလိုက်၏။
“သခင်လေး... ဒီအဖိုးကြီးက တကယ်ပဲ အရမ်းအစွမ်းထက်လို့လားဗျ”
ကောရှောင်ကန်းက ထိုလက်ပါးစေကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
‘အဖိုးကြီး’ ဟုတ်လား...
သူကိုယ်တိုင်ပင် ထိုသူကို အဖိုးကြီးဟု မခေါ်ဝံ့ချေ၊ သူ၏ ဖခင်ကိုယ်တိုင်ပင်လျှင် ဤသူကို မြင်ပါက ရတနာတစ်သောင်းသခင် စီနီယာ ဟု ရိုသေစွာ ခေါ်ဆိုရမည် ဖြစ်သည်။
သို့သော် သူ၏ လက်ပါးစေများမှာ ဤအဖြေကို မသိကြချေ။ ထိုသို့ တွေးမိသောအခါ ကောရှောင်ကန်းက သက်ပြင်းချကာ အလွန်ပင် လေးနက်သော အမူအယာဖြင့် ပြောလိုက်တော့သည်။
“အကုန်သွားပြီ...”
“ငါတို့ရှေ့ကလူက အထက်ဘုံတစ်ခုလုံးမှာ အစွမ်းအထက်ဆုံး သွန်းလုပ်ရေးသမားဖြစ်တဲ့ အင်မော်တယ် မဟာဧကရာဇ် ဝမ်ချီ ကွ”