အခန်း ၇၁
Vol. 8 Ch. 71
အခန်း (၇၁) ငါ့နာမည်က ယွီးရှောင်းရှောင်း
အရင်တုန်းကတော့ သူမဘေးနားကလူတွေအကုန်လုံး သူမကို နည်းပြလို့ပဲ ခေါ်ကြတာလေ။ ဒါပေမဲ့ ဒီဘက်ခေတ်ကလူတွေကတော့ အဲဒီလို ခေါ်လေ့ခေါ်ထရှိပုံ မရဘူး။ ယွီးရှောင်ရှောင် တစ်ယောက် စဉ်းစားခန်းဝင်ပြီးတဲ့နောက်မှာတော့ နည်းနည်း သတိထားတာ ပိုကောင်းလိမ့်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တော့တယ်။ ဒါနဲ့ပဲ ဝဝကစ်ကစ် ကလေးပုချိလေး နှစ်ယောက်ကို ဆွဲမထားရင်း ကုရှင်းလန် ဘက်ကို လှည့်မေးလိုက်တာပေါ့။ "ရှောင်ကု... သူတို့က ငါ့ကို ဘယ်လိုခေါ်ရမှာလဲ"
ကုရှင်းလန် ဘာမှတောင် ပြန်မပြောရသေးဘူး။ ကုကျင့်လေးက "ရှောင်ကု... တဲ့လား" ဆိုပြီး ဝင်ဟားပါလေရော။
ကုရွှင်ကလည်း ဉာဏ်ကောင်းတဲ့ ကလေးပီပီ ချက်ဆို နားခွက်က မီးတောက်ပြီးသား။ ချက်ချင်းပဲ ယွီးရှောင်ရှောင်ကို လှမ်းမေးတော့တယ်။ "ဒါဆို သားတို့ကရော ရှောင်ယွီ လို့ ခေါ်ရမှာလားဟင်"
ဟ... ယွီးရှောင်ရှောင် တစ်ယောက် ကြက်သီးတောင် ဖြန်းခနဲ ထသွားတယ်။ ဒီအခေါ်အဝေါ်ကြီးက သူမနဲ့ လုံးဝကို မလိုက်ဖက်ဘူးလေ။
ကုရှင်းလန်က ကုရွှင်လေးကို ခေါင်းခါပြလိုက်ပြီး ဆုံးမလိုက်တယ်။
"အရှင်မင်းသမီးကို အဲဒီလို ရိုင်းရိုင်းစိုင်းစိုင်း မခေါ်ရဘူးလေ"
"ဘာ မင်းသမီးလဲ" ယွီးရှောင်ရှောင်က ဝင်ပြောတာပေါ့။ "နားထောင်ရတာ အရမ်းဆိုးတာပဲ"
"ဘာလို့ နားထောင်ရဆိုးတာလဲဟင်" ကုကျင့်လေးက သိချင်ဇောနဲ့ မေးရှာတယ်။
ယွီးရှောင်ရှောင်က မျက်နှာကို တည်တည်ထားပြီး ပြန်ဖြေတာပေါ့။ "ဘာလို့လဲဆိုတော့ အဲဒီနာမည်က စာလုံးလေးလုံးတောင် ရှိနေလို့လေ။ ငါတစ်ယောက်တည်းကို ခေါ်တာတောင် လူနှစ်ယောက် နာမည်ကို ခေါ်နေရသလိုပဲဆိုတော့ တော်တော် အလုပ်ရှုပ်တယ်။ ဒါနဲ့... ဝတုတ်လေး၊ မင်း ဂဏန်းရေတတ်နေပြီလား"
ကုကျင့်လေးကလည်း ချက်ချင်းပဲ ယွီးရှောင်ရှောင် ကြားအောင် တစ်၊ နှစ်၊ သုံး၊ လေး၊ ငါး ဆိုပြီး အလေးအနက်ထားရင်း ရေပြတော့တာပဲ။
အဲဒီတော့ ကုရွှင်ကလည်း ယွီးရှောင်ရှောင်ကို ဝင်ကြွားတာပေါ့။ "သားလည်း ဂဏန်းရေတတ်တယ်"
"အို... ဟုတ်လား၊ ဒါဆို မင်းလည်း ရေပြစမ်းပါဦး"
အဲဒီစကားလည်း ကြားရော၊ စကားလမ်းကြောင်းက ကမ္ဘာ့အပြင်ဘက်ရောက်တဲ့ထိ လွဲသွားပြီဆိုတာကို ကုရှင်းလန် သိလိုက်တာမို့ ကပျာကယာ ဝင်ပြောရတော့တယ်။
"မင်းသမီး... သူတို့ကို အောက်ချပေးလိုက်ပါဦး" ကြက်ပေါက်စလေးတွေကို ဆွဲမထားသလိုမျိုး ကလေးနှစ်ယောက်ကို ဇောက်ထိုးကြီး ဆွဲထားတာက သူ့ရဲ့ မိန်းမလေးအတွက်တော့ မပင်ပန်းဘူးဆိုတာ တတိယသခင်လေးကု သိပါတယ်။ ဒါပေမဲ့ မြင်ရတဲ့ မြင်ကွင်းကြီးက အဆင်ပြေမနေဘူးလေ။
ယွီးရှောင်ရှောင်လည်း အသားလုံးကလေးပုစိလေး နှစ်ယောက်ကို မြေကြီးပေါ် ပြန်ချပေးလိုက်တယ်။ သူမက အခုထက်ထိ ကလေးဆိုတဲ့ သတ္တဝါတွေနဲ့ အတူနေရတာကို သိပ်အသားမကျသေးဘူး။ ဒီကလေးတွေရဲ့ အသားအရေက တအားကိုနုဖတ်ပြီး အရိုးတွေကလည်း သိပ်ကျိုးလွယ် ပဲ့လွယ်လွန်းတယ်လို့ပဲ အမြဲခံစားနေရတာ။ သူမသာ ခွန်အားနည်းနည်းလေး ပိုသုံးလိုက်မိရင် ဒီသတ္တဝါပေါက်စလေးတွေကို ပျက်စီးသွားစေမလားလို့ စိုးရိမ်နေရတာလေ။
"မင်းသမီး..." ကုကျင့်လေးက ယွီးရှောင်ရှောင်ရဲ့ ခြေထောက်ကို ဖက်ထားရင်း လှမ်းခေါ်လိုက်လေတယ်။
ယွီးရှောင်ရှောင်က ကုရှင်းလန်ကို ကြည့်ပြီး နောက်တစ်ခေါက် ထပ်မေးလိုက်ပြန်တယ်။
"သူတို့က ငါ့ကို ဘယ်လိုခေါ်ရမှာလဲ။ မင်းသမီးဆိုတာကလွဲပြီး"
ကုရှင်းလန်က "ဒေါ်လေး၃ပေါ့" လို့ ပြန်ဖြေလေရဲ့။
ယွီးရှောင်ရှောင် နှုတ်ခမ်းလေး စူသွားတော့တယ်။ အစ်မဆိုတဲ့ အဆင့်ကနေ ဒေါ်လေးဆိုတဲ့ အဆင့်ကို တန်းပြီး ခုန်တက်သွားတာကိုး။ ကွာဟချက်ကြီးက နည်းနည်းတော့ ကြီးလွန်းနေတယ်လေ။
ကုရွှင်လေးက ကုရှင်းလန်ရှေ့ကို ပြေးသွားပြီး သူ့ တတိယဦးလေးရဲ့ ဒဏ်ရာရနေတဲ့ ခြေထောက်ကို သတိထားရှောင်ရင်း ကုရှင်းလန်ရဲ့ ဘေးနားမှာ အတင်းဝင်ကပ်ချွဲတော့တယ်။ "ဦးလေးသုံး... ဒါဆို ဦးလေးသုံးကရော ဒေါ်လေးသုံးကို ဘယ်လိုခေါ်တာလဲဟင်"
"မင်းသမီးလို့ ခေါ်တာပေါ့"
"ငါတို့ ဒီ 'မင်းသမီး' ဆိုတဲ့ကိစ္စကို ထပ်မပြောဘဲ နေလို့မရဘူးလား" ယွီးရှောင်ရှောင်က ဝင်ပြောတော့တယ်။ သူမ သည်းခံနေတာ အတော်ကြာနေပြီလေ။ သူမမှာ စောက်သုံးမကျတဲ့ ဧကရာဇ်အဖေကြီး တစ်ယောက်ရှိတယ်ဆိုတာကို ဒီလို ဗုံးကြဲနေတဲ့အတိုင်း အတင်းအကျပ်ကြီး သတိပေးနေစရာ လိုလို့လား။ သူမက မင်းသမီး မလုပ်ချင်ပါဘူးဆိုနေမှ။
ကုရှင်းလန်ကတော့ ကြောင်အမ်းအမ်းဖြစ်သွားပြီး မေးရှာတယ်။ "ဒါဆို... မင်းသမီးက ဘယ်လိုခေါ်စေချင်လို့လဲ"
"နည်းပြလို့ခေါ်လေ" လို့ ယွီးရှောင်ရှောင်က ဖြေလိုက်လေတယ်။ ဒီကောင်လေးကလည်း စစ်သားတစ်ယောက်ပဲဆိုတော့ သူမကို နည်းပြလို့ ခေါ်တာ သိပ်လိုက်ဖက်တာပေါ့။
ကုရှင်းလန်ခမျာ အသားလုံးလေး နှစ်ယောက်နဲ့အတူ မျက်တောင်လေး တဖျတ်ဖျတ်ခတ်သွားတော့တယ်။ "နည်းပြ ဆိုတာက ဘယ်လို အရာရှိမျိုးလဲ"
ယွီးရှောင်ရှောင် အရမ်း အံ့သြသွားလေရဲ့။ "ဒီကမ္ဘာမှာ နည်းပြဆရာ မရှိဘူးလား။ စစ်တပ်ထဲမှာရော နည်းပြတွေ မရှိဘူးလား"
ကုရှင်းလန်က ခေါင်းခါပြရှာတယ်။ "ကျွန်တော်တို့ စစ်တပ်ထဲမှာတော့ သိုင်းဆရာတွေပဲ ရှိတာပါ"
သိုင်းဆရာတဲ့လား။ ယွီးရှောင်ရှောင် ခေါင်းခါလိုက်တော့တယ်။ ထားလိုက်ပါတော့လေ၊ လူတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်လာအောင် သင်ပေးဖို့ကိစ္စကို သူမမှ စိတ်မဝင်စားတာပဲ။
အဲဒီအချိန်မှာပဲ ကုရှင်းလန်က ရုတ်တရက် အသံတိုးတိုးလေးနဲ့ မေးလာတယ်။ "ဒါဆို လင်းလုံလို့ ခေါ်ရမလား"
အမလေး... ဒီနာမည်ကြီးကိုကြားတော့ ယွီးရှောင်ရှောင် ခမျာ ရင်တွေဘာတွေတောင် နာသွားတယ်။ သူမလိုလူက ဒီလောက် ကဗျာဆန်တဲ့ နာမည်မျိုးနဲ့ ဘယ်နေရာကများ လိုက်ဖက်နေလို့လဲ။ "ရှောင်ရှောင် လို့ပဲ ခေါ်ပါ" ယွီးရှောင်ရှောင်က ကုရှင်းလန်ကို ပြတ်ပြတ်သားသားပဲ ပြောလိုက်တယ်။ "ငါ့မှာ နောက်ထပ် နာမည်တစ်ခု ရှိသေးတယ်။ ယွီးရှောင်ရှောင် လို့ခေါ်တယ်"
ကုရှင်းလန်က "ရှောင်... ရှောင်ရှောင်"
"အင်း၊ ဒီနာမည်ကို သာမန်လူတွေဆိုရင် ငါက ပေးမသိဘူး" ယွီးရှောင်ရှောင်က ရွှီးတာပေါ့။
ဒီစကားကို တတိယသခင်လေးကု ကြားလိုက်ရတဲ့အခါမှာတော့ ဒီနာမည်က ရှန်းကျုံးဧကရာဇ်နဲ့ မိဖုရားခေါင်ကြီးတို့ ပေးထားတဲ့ ငယ်နာမည်လေး ဖြစ်ရမယ်လို့ တွေးလိုက်မိတော့တယ်။ မိန်းကလေးတစ်ယောက်ရဲ့ ငယ်နာမည်ဆိုတာ မိဘတွေနဲ့ ဆွေမျိုးရင်းချာတွေကလွဲရင် ခင်ပွန်းဖြစ်သူကပဲ သိခွင့်ရှိတာလေ။ ကုရှင်းလန်ရဲ့ ချောမောတဲ့ မျက်နှာလေးက ရုတ်တရက် နီမြန်းသွားပြန်တယ်။ အရမ်း ဝမ်းသာသွားပေမဲ့ ဘယ်လို ဖော်ပြရမှန်း မသိဖြစ်နေရှာတာကိုး။
"ရှောင်ရှောင်..." ကုကျင့်လေးက ပြုံးရွှင်စွာနဲ့ ယွီးရှောင်ရှောင်ကို လှမ်းခေါ်လိုက်လေတယ်။
"ကျင့်အာ..." ကုရှင်းလန်က ကလေးကို ကပျာကယာ ပြန်ဆုံးမရတော့တယ်။
"ဒေါ်လေး၃လို့ပဲ ခေါ်ရမယ်လေ၊ လူကြီးကို မရိုမသေ မလုပ်ရဘူး”
အသားလုံးပုစိအောင် ကျင့်အာလေးက သူ့ရဲ့ ပါးဖောင်းဖောင်းလေးကို ငုံ့လိုက်ပြီး "အော်" ဆိုတဲ့ အသံလေး ထွက်သွားရှာတယ်။
အဲဒီအချိန်မှာတင် ဝမ်မောမောက ရှောင်ကျွမ်းနဲ့ ရှောင်ဝေကို ခေါ်ပြီး ရောက်ချလာပါလေရော။ ကုရှင်းလန်ကို အရိုအသေပေးတဲ့အချိန်မှာတော့ မောမောရဲ့ မျက်နှာကြီးက မည်းမှောင်နေလွန်းလို့ ကုရှင်းလန်တောင် လန့်ဖြန့်သွားပြီး "မောမော... ဘာဖြစ်လာတာလဲ" လို့ မေးလိုက်မိတော့တယ်။
ဝမ်မောမောက မကြည်မလင်နဲ့ ပြန်ပြောတာပေါ့။ "ဘာမှမဖြစ်ပါဘူး၊ သမက်တော်ကို နှုတ်ဆက်ပါတယ်"
ယွီးရှောင်ရှောင်ကလည်း ဝင်မေးတော့တယ်။ "မောမော... ကျွန်မ ထမင်းစားသွားတုန်းက ခေါ်မသွားလို့ စိတ်ဆိုးနေတာလားဟင်"
ဝမ်မောမောကတော့ ဒီနှစ်ယောက်နဲ့ဆို စကားကို မပြောချင်တော့တာ။ တစ်ယောက်ကို ကြည့်လိုက်ရင် မွန်းကြပ်တယ်၊ နောက်တစ်ယောက်ဖြစ်တဲ့ ယွီးရှောင်ရှောင်ကို ကြည့်လိုက်ပြန်တော့လည်း မောမောခမျာ ရင်ကျိုးရပြန်ရော။ မင်းသမီးလေးမှာ အခု စားမယ်….စားမယ် ဆိုတာကလွဲပြီး ဘာမှ မရှိတော့ဘူးလေ။ အရေးပါတဲ့ ကိစ္စလေး ဘာလေးများ ခေါင်းထဲကို ထည့်စဉ်းစားပေးလို့ မရတော့ဘူးလားတော်။
ကုရှင်းလန်က ဝမ်မောမောရဲ့ မျက်နှာအမူအရာကို အကဲခတ်လိုက်ပြီး "မောမော... သတ္တမမင်းသားလေး အဆင်ပြေသွားပါပြီ" လို့ ပြောပြရှာတယ်။
သတ္တမမင်းသားလေး အဆင်ပြေသွားပေမဲ့ သူ့မင်းသမီးလေးမှာ ပြဿနာရှိနေတယ်လေ။ ဝမ်မောမောက ရှောင်ကျွမ်းနဲ့ ရှောင်ဝေကို မျက်စောင်းထိုးလိုက်ပြီး ဆူပါလေရော။
"နင်တို့ သမက်တော်ကို အခန်းထဲ ပြန်ပို့ဖို့ မလုပ်ကြသေးဘူးလား။ မျက်နှာရိပ်မျက်နှာကဲကို မသိဘူး။ မင်းသမီးက နင်တို့ကို ဘာလုပ်ဖို့ ခေါ်ထားတာလဲ"
ရှောင်ကျွမ်းလည်း အရှေ့ကို ကပျာကယာ ပြေးသွားပြီး ကုရှင်းလန်ကို အခန်းဆီ တွန်းပို့ရတော့တာပေါ့။
ယွီးရှောင်ရှောင်ကတော့ ဝမ်မောမောရှေ့ကနေ လျှောက်သွားရင်း ချော့လိုက်လေတယ်။
"မောမော... ညကျရင် သရေစာမုန့်တွေ သွားစားရအောင် ကျွန်မ ခေါ်သွားမယ်နော်"
"မင်းသမီး..." ဝမ်မောမောက ယွီးရှောင်ရှောင်ကို လှမ်းခေါ်လိုက်လေတယ်။
"ရှင်" ယွီးရှောင်ရှောင်က ချက်ချင်း ထူးလိုက်လေရဲ့။
"ကျွန်တော်မျိုးမ အခု ဘာစကားမှ မပြောချင်သေးပါဘူးရှင်" လို့ ဝမ်မောမောက ဆိုပါလေရော။
ယွီးရှောင်ရှောင်လည်း လိမ္မာရေးခြားရှိစွာနဲ့ ပါးစပ်လေး ပိတ်သွားတော့တယ်။ ဝမ်မောမောခမျာ အသက်ကလည်းကြီး၊ လင်ကလည်းမရှိ၊ သက်လတ်ပိုင်းလည်း ရောက်နေပြီဆိုတော့ သွေးဆုံးကိုင်တဲ့ ဝေဒနာက စောပြီး ဝင်လာတာပဲ ဖြစ်ရမယ်။
ကုရှင်းလန် အခန်းထဲ ပြန်ရောက်တဲ့အခါမှာတော့ ရှောင်ဝေကို သီးသန့် ချန်ထားခဲ့ပြီး စစ်မေးတော့တယ်။
ရှောင်ဝေက ကုရှင်းလန်ကို ဘာမှ ဖုံးကွယ်မထားပါဘူး။ သခင်မကြီးနဲ့ သခင်မရွှီတို့ ပြောခဲ့သမျှ စကားတွေကို ကုရှင်းလန်ဆီ တစ်ခွန်းမကျန် ပြန်ပြောပြလေရဲ့။ အဲဒီနောက်မှာတော့ ကုရှင်းလန်ကို မေးတော့တာပဲ။ "သမက်တော်... သခင်မကြီးက ဘာဖြစ်လို့ မင်းသမီးကို ကြည့်မရဖြစ်နေရတာလဲ"
ကုရှင်းလန်ခမျာ မျက်နှာပူစရာ ကောင်းနေတဲ့အပြင် စိတ်တွေလည်း ရှုပ်ထွေးသွားပြီး ရှောင်ဝေကိုပြန်မေးခွန်းထုတ်လိုက်မိတော့တယ် "မင်းကရော ဘယ်လိုထင်လို့လဲ"
ရှောင်ဝေ...
အရိပ်ကိုယ်ရံတော်ဘဝကနေ အစေခံဖြစ်သွားရတာကို သူဘာမှမပြောခဲ့ပါဘူး။ အခုကျတော့ သမက်တော်ရဲ့ အိမ်တွင်းရေးကိစ္စတွေကိုပါ သူက ဝင်ပြီး ခေါင်းစားပေးနေရဦးမှာလား။ လောကကြီးမှာ အရိပ်ကိုယ်ရံတော် လုပ်ရတာ သူ့လောက် အဖြစ်ဆိုးတဲ့သူ ရှိပါဦးမလား။
ကုရှင်းလန်ကတော့ ရှောင်ဝေတစ်ယောက် သူ့ကို ပြူးကြောင်ကြောင်ကြီး ကြည့်ပြီး ဘာစကားမှ ပြန်မပြောတာကို မြင်တော့ နေရခက်သွားရှာတယ်။ "မင်း သွားနားလိုက်တော့လေ၊ ကိစ္စတွေကို ငါ သိပါပြီ"
ရှောင်ဝေ ခဏလောက် တုံ့ဆိုင်းသွားပေမဲ့ သူတို့မင်းသမီးလေးအတွက် ဝမ်မောမောကို ဖော်ကောင်လုပ်ပစ်လိုက်တော့တယ်။ ဆိုတော့ကား ကုရှင်းလန်ကို ပြောချလိုက်လေရဲ့။ "မောမောက ချင်းယွီ ဆိုတဲ့ကောင်မလေးကို သခင်မကြီး သဘောကျနေတယ်လို့ ထင်နေတာ"
ဒီစကားလည်း ကြားရော ကုရှင်းလန်တစ်ယောက် သွေးအန်မတတ် အသက်ရှူကြပ်သွားတော့တယ်။ ဘာလို့ ဒီ ချင်းယွီဆိုတဲ့ နာမည်က ထပ်ပါလာရပြန်တာလဲ။
ရှောင်ဝေကတော့ ဓားနဲ့ ထိုးချင်ရာထိုးပြီးသွားပြီဆိုတော့ ကုရှင်းလန် မျက်နှာပျက်သွားတာကို မြင်တာနဲ့ အရိုအသေပေးပြီး ကတိုက်ကရိုက် လစ်ပြေးတော့တာပဲ။
အဲဒီအချိန်မှာ ယွီးရှောင်ရှောင်ကတော့ အမှောင်ခန်းလေးထဲမှာ ဆောင့်ကြောင့်ထိုင်နေလေရဲ့။ သူမရှေ့မှာက မြက်ပင်အရည်နဲ့ ဆန်ဆေးရည်ကို ရောစပ်ထားတဲ့ ပိုးမွေးဆေးရည် ရှိနေတာလေ။ အဲဒီအထဲမှာတော့ ပင်နီဆီလင်တွေ ထုတ်နေတယ်။ ယွီးရှောင်ရှောင်က ဆေးအိုးကို ကြည့်ပြီး ကြောင်တောင်တောင် ဖြစ်လေရဲ့။ ခဏနေတော့ ဝမ်မောမောရဲ့ သွေးဆုံးကိုင်တဲ့ ပြဿနာအတွက် စိတ်ကျန်းမာရေးဆရာဝန်ကို ဘယ်ကနေ သွားရှာပေးရမလဲလို့ တွေးနေပြန်တယ်။ နောက်ခဏနေပြန်တော့လည်း ဝမ်ဖုန်းလင်က ဘာအသုံးမှမကျတဲ့ ငပျော့ကြီးလည်း မဟုတ်ပါဘဲနဲ့ ဘာဖြစ်လို့များ ရက်စက်တဲ့ ဘုရင်မ အတင်းသိမ်းပိုက်တာကိုခံပြီး လင်ငယ်လေးလုပ်နေရတာလဲဆိုတာကို စဉ်းစားနေပြန်ရော။ ဒီအထဲမှာ သေချာပေါက် လျှို့ဝှက်ကြံစည်မှု တစ်ခုခုတော့ ရှိရမယ်လေ။ ဒါပေမဲ့ အဲဒီလျှို့ဝှက်ကြံစည်မှုဆိုတာက ဘာကြီးလဲဆိုတာကိုတော့ ယွီးရှောင်ရှောင် သိမနေဘူး။ သူမရဲ့ ဦးနှောက်က ဒီလို နက်နဲတဲ့ ပြဿနာတွေကို စဉ်းစားဖို့အတွက် မွေးရာပါကို ပါမလာတာ။
ဝမ်မောမောကတော့ အမှောင်ခန်းအပြင်ဘက်က စင်္ကြံလမ်း လက်ရန်းပေါ်မှာ ထိုင်နေရင်း ခေါင်းထဲမှာ ပြဿနာတွေ အပြည့်နဲ့ တွေးပူနေရှာတယ်။ ယောက္ခမနဲ့ ချွေးမ ဆက်ဆံရေး အဆင်မပြေရင် နောက်ဆုံး နစ်နာရမှာက သူတို့ရဲ့ မင်းသမီးလေးပဲလေ။ ဒီကိစ္စကို ဘယ်လို ဖြေရှင်းရမလဲ။ အိမ်ခွဲနေလိုက်ပြီး မင်းသမီးနဲ့ သမက်တော်ကို သီးသန့်ပေးနေခိုင်းလိုက်ရင် ကောင်းမလား။ ဒါပေမဲ့ အိမ်ထောင်ကျကာစလေးပဲ ရှိသေးတာ။ အိမ်ခွဲမယ်လို့ ပူညံပူညံလုပ်ရင် သူတို့မင်းသမီးလေးရဲ့ နာမည် ဂုဏ်သိက္ခာ ထိခိုက်မှာပေါ့။ ဝမ်မောမောခမျာ ခေါင်းကြီးကို လက်ကြီးနဲ့ အုပ်ရင်း သောကတွေများပြီး သေတော့မယ်။
တစ်ချိန်တည်းမှာပဲ အကြီးဆုံးသခင်လေးကုတစ်ယောက် ကုသခင်ကြီးရဲ့ စာကြည့်ခန်းထဲမှာ ထိုင်နေတုန်းပဲ။ ကုသခင်ကြီးနဲ့ စကားဖောင်ဖွဲ့နေရင်း တစ်ဖက်ကလည်း သူ ကိစ္စတစ်ခုခုကို မေ့နေသလိုမျိုး ခံစားနေရတယ်။ ခံစားလို့သာ ရနေတာ၊ အဲဒီကိစ္စက ဘာကိစ္စလဲဆိုတာကိုတော့ ဘယ်လိုမှကို စဉ်းစားလို့ကို မရဘူး။
….