← Chapters

အခန်း ၇၂

Vol. 8 Ch. 72

အခန်း ၇၂

Vol. 8 Ch. 72

အခန်း (၇၂) အိမ်တွင်းပဋိပက္ခတို့ရဲ့ အရှင်သခင်

ဒီညမှာတော့ ယွီးရှောင်ရှောင် ကုရှင်းလန်နဲ့အတူ ကျောက်တံတားထိပ်မှာရှိတဲ့ ညဈေးကို သရေစာသွားစားဖို့ အစီအစဉ်လေးကလည်း ပျက်စီးသွားခဲ့ရတယ်။ သခင်မကြီးက မိသားစုတစ်စုလုံး အတူတူ ထမင်းစားကြမယ်လို့ အမိန့်ချလိုက်တာကိုး။ မျက်နှာငယ်လေးနဲ့ လှမ်းကြည့်နေတဲ့ ကုရှင်းလန်ကို မြင်တော့ ယွီးရှောင်ရှောင်လည်း ခေါင်းညိတ်ပြလိုက်မိတော့တာပေါ့။ အပြင်ထွက်မစားရလည်း မစားဘူးပေါ့လေ၊ ဘာပဲဖြစ်ဖြစ် သူမအတွက် စားစရာရှိရင် ပြီးတာပဲ။

သခင်မကြီးက ဒီည ကုရှင်းလန်နဲ့ ယွီးရှောင်ရှောင်တို့ အပြင်ထွက်စားကြမယ်ဆိုတာကို ကြားတော့ စိတ်ထဲမှာ ပိုပြီးတောင် မကြည်မလင် ဖြစ်သွားသေးတာ။ မိသားစုလိုက် ထမင်းအတူတူစားမယ်လို့ ပြောလိုက်တာက တကယ်တော့ ယွီးရှောင်ရှောင်ကို နည်းနည်းလောက် ခံရခက်သွားအောင် တမင်သက်သက် လုပ်လိုက်တာပါပဲ။ ဒါပေမဲ့ သခင်မကြီး ထင်မထားတာက မင်းသမီးလေးက ထမင်းဝိုင်းကိုလည်း လာသလို စိတ်မကြည်တဲ့ပုံလည်း မပေါက်ဘူး။ ထမင်းကိုလည်း လျှော့မစားသွားတဲ့အပြင် အများဆုံး စားသွားတဲ့သူတောင် ဖြစ်နေသေး။

သခင်ကြီးကတော့ ယွီးရှောင်ရှောင် ထမင်းစားနေတာကို ကြည့်ပြီး သဘောကျနေလေရဲ့။ ထမင်းစားတယ်ဆိုတာ မင်းသမီးလိုမျိုး မြိန်ရည်ရှက်ရည် စားမှ ထမင်းစားတယ်လို့ ခေါ်တာပေါ့။ နွဲ့နွဲ့နှောင်းနှောင်းနဲ့ ဟင်းတစ်လုတ်ကို ပါးစပ်ထဲမှာ ဆယ်ကြိမ်လောက် ဝါးပြီးမှ ဗိုက်ထဲမျိုချတာမျိုးက အဆင်းရဲခံတဲ့ ပုံစံမျိုးတွေလေ။ သူတို့လို စစ်တပ်ကလူတွေကတော့ ခွက်ကြီးကြီးနဲ့ အရက်သောက်ပြီး အသားကို အတုံးကြီးကြီး ကိုက်စားရမှ အားရတာကိုး။ ကုသခင်ကြီးဆို သဘောကျလွန်းလို့ ညစာကိုတောင် နောက်တစ်ပန်းကန် ထပ်စားလိုက်သေး။

သခင်မကြီးကတော့ ထမင်းတစ်ဝက်လောက် စားပြီးတာနဲ့ ဆက်စားမဝင်တော့ဘူး။

ယွီးရှောင်ရှောင်က သခင်မကြီး တူချလိုက်တာကို မြင်တော့ ဂရုတစိုက်နဲ့ "အဘွား... ဗိုက်ဝသွားပြီလား" လို့ လှမ်းမေးလိုက်သေးတယ်။

"ကျုပ်က လူအိုကြီးကိုး။ ဘယ်အများကြီးစားနိုင်ပါ့မလဲ" လို့ သခင်မကြီးက ပြန်ဖြေလေတယ်။

ယွီးရှောင်ရှောင်လည်း အသားတွေကို ပလုတ်ပလောင်း စားနေတဲ့ ကုသခင်ကြီးကို လှမ်းကြည့်လိုက်တာပေါ့။

သခင်မကြီးကလည်း ကုသခင်ကြီးကို ကြည့်ရင်း စောင်းချိတ်ပြောတော့တယ်”တို့လို အဘွားကြီးက ယောက်ျားသားတွေနဲ့တော့ သွားယှဉ်လို့ ဘယ်ရမလဲ။ မိန်းမသားဆိုတာ မိန်းမသားနဲ့ တန်ရုံလောက်ပဲ စားရတာပေါ့"

"အဘွား..." ကုရှင်းနော့က သခင်မကြီးကို လှမ်းတားလိုက်လေရဲ့။ လင်းလုံ မင်းသမီးလေးက ထမင်းဖြူ သုံးပန်းကန်တောင် ပြောင်သွားပြီဆိုတော့ ဒီစကားက မင်းသမီးကို မိန်းကလေးနဲ့ မတူဘူးလို့ ဗြောင်ကျကျ ပြောနေတာပဲလေ။ ကုရှင်းနော့က သခင်မကြီးကို သဘောမတူတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။ မိသားစုတွေ ထမင်းအတူတူစားတာလေးကိုတောင် ဒီလို စကားနာ ထိုးနေစရာ လိုသေးလို့လား။

"ဗိုက်ဝပြီလား" ကုရှင်းလန်က ယွီးရှောင်ရှောင်ကို တိုးတိုးလေး မေးလိုက်တယ်။ သူက အဘွားအိုကြီးတစ်ယောက်နဲ့ ရန်မဖြစ်ချင်ဘူးလေ၊ ယွီးရှောင်ရှောင်ကို ခေါ်သွားလိုက်ရုံပဲပေါ့။ ခြံဝင်းထဲမှာ သီးသန့် မီးဖိုချောင်လေး ရှိသေးတာပဲ၊ အဆိုးဆုံးကြုံလာရင်တောင် ခဏနေကျ မင်းသမီးနဲ့အတူ ကိုယ့်ခြံဝင်းထဲမှာ နောက်တစ်ခါ ထပ်စားလိုက်လို့ ရတာပဲလေ။

စားပွဲပေါ်မှာ အခုချိန်ထိ ဟင်းတွေ အများကြီး ကျန်နေသေးတာဆိုတော့ ယွီးရှောင်ရှောင်က ဘယ်လိုလုပ် ထွက်သွားနိုင်ပါ့မလဲ။ ကုရှင်းလန်ကို ခေါင်းခါပြလိုက်ပြီး သခင်မကြီးကို လှမ်းပြောလိုက်လေတယ်။

"ထမင်းတစ်ဝက်လောက်လေး စားတာက သိပ်နည်းလွန်းတယ်လေ။ လူဆိုတာ စားလို့ သိပ်မဝင်တော့ဘူးဆိုရင် သေဖို့ သိပ်မလိုတော့ဘူး... "

"ဖွီး..."

ကုရှင်းနော့ဆို ပါးစပ်ထဲက ထမင်းတွေတောင် သီးတယ်။ ဒီတစ်ခါတော့ အကြီးဆုံးသခင်လေးကုရဲ့ သဘောမတူတဲ့ အကြည့်တွေက ယွီးရှောင်ရှောင်ဆီ ရောက်သွားပါလေရော။ လူကြီးတွေ နည်းနည်းပါးပါး ဂျစ်တိုက်ရင်လည်း လျစ်လျူရှုထားလိုက်ပေါ့၊ ဘယ်လိုလုပ် ပါးစပ်ကနေ လူကြီးကို သေဖို့ တန်းကျိန်ဆဲရတာလဲ။

သခင်မရွှီနဲ့ သခင်မစွင်းတို့ကတော့ ကုရွှင်နဲ့ ကုကျင့်တို့ ကလေးနှစ်ယောက်ကိုပဲ ခေါင်းငုံ့ပြီး ဂရုစိုက်နေကြတာ။ ခေါင်းတောင် မမော့ရဲကြရှာဘူး။

ကုရှင်းလန်က ယွီးရှောင်ရှောင်ရဲ့ လက်ကို ခိုးပြီး လှမ်းဆွဲလိုက်တယ်။ သူ့ရဲ့ ဇနီးသည်လေးက စိတ်ထားမဆိုးဘူးဆိုတာ သူယုံကြည်တာကိုး။ အလွန်ဆုံးရှိလှ စကားပြောမတတ်တာလောက်ပဲလေ။

ယွီးရှောင်ရှောင်က ကုရှင်းလန်ကို တစ်ချက်ကြည့်လိုက်ပြီး သခင်မကြီးကို ဆက်ပြောနေတုန်းပဲ။

"ကျွန်မ သိပါတယ်။ မိန်းကလေး တော်တော်များများက သွယ်လျတဲ့ ခန္ဓာကိုယ်လေးကို လိုချင်ကြတာပဲ။ ဒါပေမဲ့ အဘွားရယ်… ဒီအရွယ်ကြီးရောက်မှ ဘယ်လိုခန္ဓာကိုယ် အချိုးအစားကို လိုချင်နေသေးလို့လဲ။ ဟိုမှာ ဝမ်မောမောကိုသာ ကြည့်လိုက်၊ သူကလေ နေ့တိုင်း ဝိတ်ချမယ် ဝိတ်ချမယ်သာ ပြောနေတာ၊ တကယ်တမ်းကျ ရေသောက်ရင်တောင် ဝိတ်တက်လာတဲ့သူ။ ဝတယ် ပိန်တယ်ဆိုတာ ကောင်းကင်ဘုံက သတ်မှတ်ထားပြီးသားပါ၊ ဒါကြောင့် လူဆိုတာ စားသင့်တဲ့အချိန်မှာ စားရမယ်လေ"

တံခါးဝမှာ အသင့်စောင့်နေရင်းနဲ့ အလကားနေရင်း မြားလာစိုက်ခံလိုက်ရတဲ့ ဝမ်မောမော ” ...”

သခင်မကြီးကတော့ တော်တော်လေး နေရထိုင်ရ ခက်သွားပြီ။ မြို့တော်က မျိုးရိုးမြင့်သခင်မကြီးတွေထဲမှာဆိုရင် ကုသခင်မကြီးရဲ့ ခန္ဓာကိုယ် အချိုးအစားက အပြေပြစ်ဆုံးလို့ သတ်မှတ်လို့ ရတာကိုး။ ငယ်ငယ်တုန်းကထက် နည်းနည်းလေးပဲ ပိုဝလာတာကို။ အခု ဒီမင်းသမီးဆိုတဲ့ စွကလေးမက သူမကို ဘာတွေ လာပြောနေတာလဲ။ ဝိတ်ချချင်လို့ ထမင်းမစားဘူးတဲ့လား။ ဒီလို ကိုယ့်သေတွင်းကိုယ်တူးတဲ့ နာမည်ဆိုးကြီးသာ အပြင်ရောက်သွားရင် သူမ နောက်ဆို လူလုံးထွက်ပြရဲပါတော့မလား။

"အဘွား... ကျွန်မ ဆက်ပြောပြမယ်..."

"မင်းသမီး..." တတိယသခင်လေးကုခမျာ သူ့ရဲ့ ဇနီးသည်လေးက ဆက်ပြီး ဖောင်ဖွဲ့မဲ့ အရိပ်အယောင်ကို မြင်နေရတော့၊ မြန်မြန်ပဲ ယွီးရှောင်ရှောင်ကို ခေါင်းခါပြလိုက်ပြီး မိန်းမရေ မြန်မြန် ပါးစပ်ပိတ်လိုက်ပါတော့လို့ အချက်ပြရတော့တယ်။

"ကျန်းမာရေးနဲ့ ပတ်သက်နေတာလေ" ယွီးရှောင်ရှောင်ကတော့ အလေးအနက်ကို ဆက်ပြောနေတုန်းပဲ။

"အဘွား ထမင်းမစားတဲ့ ကိစ္စကို ကျွန်မတို့က လျစ်လျူရှုထားလို့ မရဘူးလေ၊ ရှင်ကရော... မိဘဘိုးဘွားအပေါ် သိတတ်တဲ့ တာဝန်ဝတ္တရားတွေ ဘယ်ရောက်သွားလဲ"

ကုရှင်းလန်လည်း လက်မြှောက်ပြီး မျက်နှာကိုသာ ပွတ်သပ်လိုက်မိတော့တယ်။ အေးရော၊ အခုတော့ ဒီအပြစ်ကြီးက သူ့ခေါင်းပေါ် ကျလာပြန်ပြီပေါ့။

"ဒါနဲ့ နေပါဦး၊ ကျွန်မက ရှင့်ကို ခုနက ဘယ်လိုခေါ်ခိုင်းထားလဲ" ယွီးရှောင်ရှောင်ရဲ့ တွေးခေါ်ပုံက အမြဲတမ်း ဟိုခုန်ဒီခုန်နိုင်လွန်းတော့ စကားလမ်းကြောင်းက ရုတ်တရက်ကြီး ပြောင်းသွားပြန်ရော။

ကုရှင်းလန် တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်သွားပြီးမှ ချက်ချင်း သဘောပေါက်သွားတယ်။ ဒါပေမဲ့ မိသားစုတွေ ရှေ့ကြီးမှာဆိုတော့ သူက ပါးစပ်ကနေ အသံထွက်ပြီး မခေါ်ရဲရှာဘူးလေ။

"ရှောင်ရှောင်" အဲဒီအချိန်မှာပဲ ကုကျင့်လေးက လက်သေးသေးလေးတွေနဲ့ စားပွဲကို ပုတ်ရင်း သူ့ဦးလေးသုံး ကိုယ်စား ဝင်ခေါ်ပေးလိုက်တယ်။

အသက် ခြောက်နှစ်အရွယ် ကုရွှင်လေးကလည်း ရယ်မောရင်း လက်သေးသေးလေးနဲ့ သူ့ပါးလေးကို သူ ပြန်ကုတ်ရင်း ကုရှင်းလန်ကို လှောင်ပါလေရော။ "ဟားဟား... ဦးလေးသုံး ရှက်သွားပြီကွ"

ကုရှင်းလန်ရဲ့ မျက်နှာကတော့ ကြည့်နေရင်းနဲ့ကို နီရဲတက်လာတော့တာပဲ။

ကုရှင်းနော့က သဘောကျသွားပြီး မေးလိုက်လေတယ်။ "ဒါက မင်းသမီးရဲ့ နောက်ထပ် နာမည်တစ်ခုလား"

ယွီးရှောင်ရှောင်က ခေါင်းညိတ်ပြပြီး ပြောလိုက်တယ်။

"အစ်ကိုကြီးနဲ့ မရီးတို့လည်း နောက်ဆို ကျွန်မကို အဲဒီလိုပဲ ခေါ်လို့ရပါတယ်။ မင်းသမီးတွေ ဘာတွေ ခေါ်မနေပါနဲ့၊ ကျွန်မတို့က တစ်မိသားစုတည်းပဲဟာကို၊ မင်းသမီးလို့ ခေါ်နေရင် သူစိမ်းဆန်လွန်းပါတယ်"

ကုရှင်းနော့က ထိုင်မရ ထမရ ဖြစ်နေရှာတဲ့ သူ့ညီလေးကို တစ်ချက်ကြည့်လိုက်ပြီး၊ ရှားရှားပါးပါး စချင် နောက်ချင်စိတ် ပေါ်လာတာကြောင့် ယွီးရှောင်ရှောင်ကို လှမ်းပြောလိုက်လေတယ်။

"မင်းသမီးရယ်... အစ်ကိုကြီးသာ အဲဒီလို ခေါ်လိုက်ရင် ရှင်းလန်က စိတ်ဆိုးသွားမှာ စိုးရိမ်လို့ပါ"

ယွီးရှောင်ရှောင်က ကုရှင်းလန် ဘာလို့ စိတ်ဆိုးသွားရမှာလဲ ဆိုတာကိုတောင် မမေးရသေးဘူး။ ကုသခင်မကြီးက သူ့ရှေ့မှာချထားတဲ့ ကြွေပန်းကန်လုံးလေးကို ကောက်ကိုင်လိုက်ပြီး စားပွဲပေါ်ကို ဒိုင်းခနဲ ဆောင့်ချလိုက်တော့တယ်။ သူ့ကို သိက္ခာချပြီးတာနဲ့ ဒီကလေးတစ်သိုက်က ဒီမှာ ရယ်မောပျော်ရွှင်နေကြတယ်ပေါ့လေ။ သခင်မကြီး ယွီးရှောင်ရှောင်ကို ကြည့်နေတဲ့ အကြည့်တွေက သာမန်ပဲလို့ ထင်ရပေမဲ့ အခုတော့ ယွီးရှောင်ရှောင်အပေါ် သတိထားစောင့်ကြည့်မှုက အတော်လေးကို ပိုလာခဲ့ပြီလေ။ ဒီမင်းသမီးက ဘာအရိပ်အယောင်မှ မပြဘဲနဲ့ သူ့ကို အရှုံးပေးသွားအောင် လုပ်လိုက်နိုင်သလို၊ ချက်ချင်းပဲ ဘာအကြံအစည်မှ မရှိတဲ့ပုံစံမျိုးနဲ့ သူ့ယောက်ျားရယ်၊ ခဲအိုရယ်နဲ့ ရယ်ရယ်မောမော စကားပြောနေပြန်တယ်။ ကုရွှင်နဲ့ ကုကျင့်ဆိုတဲ့ ကလေးနှစ်ယောက်ကရော၊ သူ့ကို သိတာ ဘယ်နှရက်ရှိသေးလို့ ဒီလောက်တောင် ရင်းနှီးနေရတာလဲ။ နန်းတော်ထဲက ထွက်လာတဲ့ မိန်းမတွေကတော့လေ။

အဘွားကြီးက စားပွဲစွန်းကို လက်နဲ့စမ်းရင်း... တကယ့်ကို ကွေ့ကောက်ပြီး လည်လွန်းတဲ့သူချည်းပါပဲလားလို့ တွေးလိုက်မိတော့တယ်။

ယွီးရှောင်ရှောင်ကတော့ စကားလေးနည်းနည်းပြောလိုက်တဲ့ အချိန်တိုလေးအတွင်းမှာပဲ သခင်မကြီးရဲ့ စိတ်ထဲမှာ သူမဟာ အိမ်တွင်းရေး လျှို့ဝှက်ပရိယာယ်တွေမှာ အင်မတိအင်မတန်ကိုကျွမ်းကျင်တဲ့ ဆရာမကြီးတစ်ယောက် အဖြစ်ကို ရောက်သွားမှန်း လုံးဝကို မသိရှာပါဘူး။ သူကတော့ သခင်မကြီး ဒေါသတကြီး ဆောင့်ချလိုက်တဲ့ အပြာရောင်ပန်းပွင့်တွေ ပါတဲ့ ကြွေပန်းကန်လုံးလေးကို နားမလည်နိုင်စွာနဲ့ ကြည့်ရင်း "ပန်းကန်က ကြည့်ရဆိုးလို့ ထမင်းစားမဝင်တာလားဟင်" လို့ မေးလိုက်လေရဲ့။

ဒီအဘွားကြီး သိပ်ပြီး ဇီဇာကြောင်လွန်းနေတာ မဟုတ်ဘူးလား။ ကမ္ဘာပျက်ကပ်ကိုသာ ရောက်သွားရင် အသက်ဆက်ဖို့ အရေးပေါ် ဘီစကစ်ခြောက်ကိုပဲ ထမင်းလို သဘောထားပြီး ဖက်ကိုက်နေရမှာကို။ ဒီအဘွားအိုကြီးသာဆို ငတ်ပြီး သော်ကေနေလောက်ပြီ။

သခင်မကြီးက ပြန်ပက်လေရဲ့။ "ဒီအဘွားကြီးမှာ အဲ့လိုပစ္စည်းကို ခုံမင်တဲ့အကျင့်မျိုး ဘယ်ရှိပါ့မလဲ"

"အော်" ယွီးရှောင်ရှောင်က အသံထွက်လိုက်တာပေါ့။ "ဒါဆို လက်တုန်သွားလို့လား။ ဒီပန်းကန်လေးက ကြည့်ရတာ သိပ်လှတာပဲ၊ ဝယ်မယ်ဆိုရင် ပိုက်ဆံတော်တော်လေး ပေးရမှာနော်"

သခင်မကြီးခမျာ ဒေါသထွက်လွန်းလို့ တစ်ကိုယ်လုံး ထပ်ပြီး တုန်ယင်သွားရပြန်တယ်။ သင်းက ဒီအိမ်ကကျွေးတာကို စားပြီး ဒီအိမ်ကပစ္စည်းတွေကို သုံးနေရတာတောင် မဟုတ်သေးဘူးလေ၊ ဒီမိန်းမ အခုကတည်းက ပိုက်ဆံကို နှမြောနေပြီလားပေါ့။

"အဟင်း မင်းသမီးရဲ့ နန်းတော်ထဲက ပန်းကန်ခွက်ယောက်တွေဆိုတာ ကျွန်တော်မျိုးမတို့ ကုအိမ်တော်က ပစ္စည်းတွေထက် အဆတစ်ရာလောက် ပိုပြီး သပ်ရပ်လှပနေတာ မဟုတ်ဘူးလား" သခင်မကြီးက ယွီးရှောင်ရှောင်ကို စကားနာ ထိုးလိုက်တာပါ။ တော်ဝင်မင်းသမီးတစ်ပါး ဖြစ်နေပြီးမှ ပန်းကန်လုံးလေး တစ်လုံးလောက်ကို နှမြောနေရတယ်လို့။ အမြင်ကျဉ်းလိုက်တာ။ အပြင်လူတွေ သိရင် လှောင်စရာကြီး ဖြစ်မှာကို မကြောက်ဘူးလားပေါ့။

ယွီးရှောင်ရှောင်ကတော့ ပြန်ပြောလိုက်လေတယ်။

"အဘွားက နန်းတော်ထဲက ပန်းကန်ခွက်ယောက်တွေကို သဘောကျလို့လား။ ကျွန်မ အများကြီး ယူလာခဲ့တယ်လေ၊ ခဏနေရင် အဘွား သုံးဖို့ တစ်စုံလောက် လက်ဆောင်ပေးလိုက်မယ်နော်" ဖုန်းဟွာနန်းဆောင် တစ်ခုလုံးကို ပြောင်သလင်းခါအောင် သယ်လာခဲ့တာဆိုတော့ နန်းတော်သုံး ပန်းကန်တစ်စုံလောက် ပေးရတာကို ယွီးရှောင်ရှောင်က နည်းနည်းလေးမှ နှမြောမနေပါဘူး။

သခင်မကြီးကတော့ လင်းလုံမင်းသမီးကို အိမ်တွင်းရေး ပရိယာယ် ကျွမ်းကျင်သူလေး တစ်ယောက်ဆိုတာထက်ကို ပိုသွားပြီလို့ တွေးလိုက်မိတယ်။ ဒီမိန်းမက သွေးမထွက်ဘဲ လူသတ်တတ်တဲ့ လူယုတ်မာမကြီး။ သူမကို တော်ဝင်နန်းသုံး ပန်းကန်တွေနဲ့ ထမင်းစားခိုင်းတယ်တဲ့လား။ လောကကြီးမှာ ဧကရာဇ် ချီးမြှင့်ထားတဲ့ ပစ္စည်းတွေကို ကိုယ်ပိုင်အဖြစ် သုံးရဲတဲ့သူ ရှိလို့လား။ ဒီမင်းသမီးက သူမအသက်ကို အလိုရှိနေတာများလား။

ကုရှင်းလန်ကတော့ တိတ်တိတ်လေးပဲ ဆီပူထိုးထားတဲ့ မြစ်ပုစွန်လေးကို အခွံနွှာပြီး ယွီးရှောင်ရှောင်ရှေ့ကို တိုးပေးရင်း ချော့လိုက်ရတယ်။

"ရှောင်ရှောင်... ပုစွန်လေး စားလိုက်ပါဦး၊ ပူတုန်းလေး စားနော်" အခုအချိန်မှာ စားစရာကလွဲပြီး အဘွားအပေါ် သူ့မိန်းမလေး အလွတ်ပေးဖို့ ဘာကများ တားနိုင်ဦးမှာတဲ့လဲ။ တတိယသခင်လေးကုခမျာ သူ့အဘွားကိုတောင် မကြည့်ရဲတော့ဘဲ ခေါင်းငုံ့ပြီး ပလုပ်ပလောင်း စားနေတဲ့ သူ့ဇနီးသည်လေးကိုပဲ ကြည့်နေရတော့တာပေါ့။

...

All Chapters