← Chapters

အခန်း ၇၃

Vol. 8 Ch. 73

အခန်း ၇၃

Vol. 8 Ch. 73

အခန်း (၇၃) ငြိမ်းချမ်းတဲ့စိတ်

သခင်မကြီးကတော့ ကုရှင်းလန်တစ်ယောက် ဘာအသံမှမထွက်ဘဲ ယွီးရှောင်ရှောင် ထမင်းစားဖို့ ပြုစုယုယပေးနေတာကို မြင်တော့ ရင်ထဲမှာ ပိုပြီး အမြင်ကပ်လာတော့တာပေါ့။ ယောကျ်ားရင့်မာကြီးဖြစ်ပြီး ကိုယ့်မိန်းမ ထမင်းစားဖို့ အလုပ်အကျွေးပြုပေးနေရတယ်လို။ ဧကရာဇ်ရဲ့ သမီးတော်က ရွှေဇွန်းကိုက် ကြီးလာတာဆိုပေမဲ့ သူ့မြေး ကုရှင်းလန်ကလည်း ငယ်ငယ်ကတည်းက နှိပ်စက်ခံပြီး ကြီးပြင်းလာရတာမှ မဟုတ်ဘဲ။

ကုသခင်ကြီးကတော့ ဘာမှမပြောဘဲ ဗိုက်ဝအောင် စားသောက်ပြီးသွားပြီ။ ပန်းကန်နဲ့ တူကို ချလိုက်ပြီးမှ သခင်မကြီးကို မေးလိုက်တယ်။ "ဖူးရန် ပြောစရာ စကားကျန်သေးလို့လား"

ကုသခင်မကြီးကတော့ ဒီကုသခင်ကြီးကလည်း ဘေးကနေ မြှောက်ပေးနေတယ်လို့ပဲ ထင်လိုက်မိတယ်။ မြေးချွေးမလေးရှေ့မှာ သူမ အပြတ်အသတ် ရှုံးနိမ့်သွားတာကို မြင်တော့ ဒီလင်တော်မောင်ကလည်း သူကိုယ်တိုင် စစ်ပွဲနိုင်လာတဲ့အလား သဘောတွေ ကျနေတာကိုး။

ကုသခင်ကြီး စကားပြောပြီးမှ ကုရှင်းလန်က ခေါင်းမော့ပြီး သခင်မကြီးကို ကြည့်ရင်း ပြောရှာတယ်။

"အဘွား... မင်းသမီးက ဘာရည်ရွယ်ချက်ဆိုးမှ မရှိပါဘူး။ အဘွားကို စိတ်ပူလို့ပါ။ ခဏနေကျရင် မီးဖိုချောင်ကို ဆန်ပြုတ်နဲ့ ခေါက်ဆွဲ နည်းနည်း ထပ်ပြင်ခိုင်းလိုက်မယ်၊ အဘွား နည်းနည်းလောက် ထပ်စားလိုက်ပါဦး"

ယွီးရှောင်ရှောင်က ပုစွန်သားတွေကို ပါးစပ်အပြည့် ပလုတ်ပလောင်းဝါးနေရင်းကနေ ခေါင်းမော့ပြီး သူ့ကိုယ်သူ ကာကွယ်တဲ့အနေနဲ့ ပြန်မေးလိုက်တယ်။ "ရည်ရွယ်ချက်ဆိုးတဲ့လား၊ အဲဒါ ဘယ်တုန်းက ဖြစ်သွားတဲ့ ကိစ္စကြီးလဲ"

ကုရှင်းလန်က အလိုက်တသိနဲ့ပဲ လက်လှမ်းပြီး ယွီးရှောင်ရှောင်အတွက် ဟင်းရည် ခပ်ထည့်ပေးလိုက်ရင်း တိုးတိုးလေး ပြောလိုက်တယ်။ "ဒါ ခိုသားဟင်းရည်လေး၊ ရှောင်ရှောင် မြည်းကြည့်ပါဦး"

ကုရှင်းလန် ဟင်းရည်ခပ်ပေးနေတဲ့ အချိန်လေးအတွင်းမှာပဲ ယွီးရှောင်ရှောင်က သခင်မကြီးကို လှမ်းပြောလိုက်သေးတယ်။

"အဘွား... ကျွန်မက အဘွားကိုရော အဘိုးကိုပါ အသက်ရာကျော်ရှည်စေချင်တာပါ။ နောက်ဆို အဘွားအပေါ် မကောင်းကြံတဲ့သူရှိရင် ကျွန်မကိုသာ ပြော၊ သူ့ပါးစပ်ကို ဖြတ်ရိုက်ပစ်လိုက်မယ်"

ရန်ဖြစ်ရမယ် လက်ပါရမယ်ဆိုတဲ့ စကားလည်း ပါလာရော ယွီးရှောင်ရှောင်ရဲ့ တစ်ကိုယ်လုံးကနေ လူသတ်ချင်တဲ့ အငွေ့အသက်တွေ ဖြာထွက်လာတော့တာပဲ။ မျက်လုံးတွေထဲမှာလည်း ကြမ်းကြုတ်တဲ့ အရိပ်အယောင်တွေ ပေါ်လာတော့၊ အိမ်ထဲမှာပဲ အမြဲနေတဲ့ အဘွားအိုကြီးခမျာ ဒီလိုပုံစံပေါက်နေတဲ့ ယွီးရှောင်ရှောင်ကို တကယ်ကြီး လန့်သွားရှာတယ်။ ယွီးရှောင်ရှောင်ရဲ့ စကားကို ကြားပြီးနောက် ဘာစကားမှတောင် ဆက်မပြောနိုင်တော့ဘဲ ကြက်သေသေသွားတော့တာပေါ့။

ကုရှင်းလန်က ခိုသားဟင်းရည် တစ်ပန်းကန်ကို ယွီးရှောင်ရှောင်ရှေ့မှာ ချပေးလိုက်ပြီး ဟင်းရည်မျက်နှာပြင်ပေါ်က ဆီကွက်လေးတွေကိုတောင် ဂရုတစိုက် ဖယ်ရှားပေးလိုက်သေးတယ်။

ယွီးရှောင်ရှောင် ခေါင်းငုံ့ပြီး ဟင်းရည်ကို သောက်လိုက်တယ်။ ဟင်းရည်တစ်ပန်းကန်ဆိုတာ မင်းသမီးအတွက်တော့ နှစ်ငုံလောက် သောက်လိုက်ရင် ကိစ္စပြတ်သွားတာပဲလေ။

ကုရှင်းလန်က "ဗိုက်ဝသွားပြီလား" လို့ မေးလိုက်ပြန်တယ်။

စားပွဲပေါ်မှာတော့ ဟင်းတွေ အများကြီး ကျန်နေသေးတာပေါ့။ ယွီးရှောင်ရှောင်က ကုရှင်းနော့ ဆက်စားနေသေးတာကို မြင်တော့၊ ခဏနေရင် ဒီအဘွားကြီး ဗိုက်ဆာလာရင်လည်း စားရဦးမယ်လို့ တွေးလိုက်မိတယ်။ အစ်ကိုကြီးနဲ့ အဘွားကြီးအတွက် စားစရာ နည်းနည်းပါးပါး ချန်ထားပေးတာ ပိုကောင်းမယ်ဆိုပြီး ကုသခင်ကြီးကို ခေါင်းညိတ်ပြလိုက်တယ်။

"ရှင်းလန်ကရော" ကုသခင်ကြီးက ကုရှင်းလန်ကိုပါ လှမ်းမေးတယ်။

ကုရှင်းလန်လည်း ခေါင်းညိတ်ပြလိုက်တယ်။ သူက အခု နေ့တိုင်း ဆေးသောက်နေရတော့ ဆေးခါးခါးတွေကြောင့် ခံတွင်းပျက်နေတာလေ။ တတိယသခင်လေးကုသာ ယွီးရှောင်ရှောင်နဲ့ အတူရောပြီး မစားဖြစ်ဘူးဆိုရင်၊ သူ တစ်နေ့တာ စားတဲ့ ပမာဏက ကြောင်လေးတစ်ကောင်ကို ကျွေးဖို့တောင် လောက်မယ် မထင်ဘူး။

"ဒါဆိုလည်း မင်းတို့ အခန်းကို အရင်ပြန်ကြတော့လေ" ကုသခင်ကြီးက ပြောလိုက်လေတယ်။

"မင်းသမီး ထပ်စားချင်သေးရင် မီးဖိုချောင်လေးကို ထပ်လုပ်ခိုင်းလိုက်ပေါ့။ ကြည့်ရတာ ခဏနေရင် မိုးရွာတော့မဲ့ပုံပဲ၊ ညဘက်ကြီး အပြင်မထွက်ကြနဲ့တော့၊ မနက်ဖြန်မှ သွားကြ"

"ဟုတ်ကဲ့ပါ အဘိုး၊ မြေး မှတ်သားထားပါ့မယ်" ကုရှင်းလန်က ကုသခင်ကြီးကို ပြန်ဖြေလိုက်လေတယ်။

ယွီးရှောင်ရှောင်က လက်ဖမိုးနဲ့ ပါးစပ်ကို သပ်ချလိုက်ပြီး မတ်တတ်ရပ်ရင်း ကုသခင်ကြီး၊ သခင်မကြီး၊ သခင်မရွှီ၊ ကုရှင်းနော့တို့ လင်မယားနဲ့ အသားလုံးပုစိနှစ်ကောင်ကိုပါ "ကောင်းသောညပါ" လို့ နှုတ်ဆက်ပြီးမှ ကုရှင်းလန်ကို တွန်းပြီး ထွက်သွားလေရဲ့။

ယွီးရှောင်ရှောင် ထွက်သွားတာကို စောင့်ပြီးမှ သခင်မကြီးက ပြောတော့တယ်။

"ကောင်းသောညပါတဲ့လား။ တော်ဝင်မျိုးနွယ်တွေက အဲဒီလို နှုတ်ဆက်တတ်ကြလို့လား"

ကုသခင်ကြီးက မျက်နှာပေါ်က အပြုံးတွေကို ရုပ်သိမ်းလိုက်ပြီး သခင်မကြီးကို ပြန်မေးလိုက်တယ်။ "မင်း အခုလို လုပ်နေရတာ ပျော်လို့လား"

ကုရှင်းနော့က လူကြီးနှစ်ယောက် ရန်ပွဲစတော့မယ်ဆိုတာကို ရိပ်မိသွားတာနဲ့ စားလက်စ တူကို အမြန်ချလိုက်ပြီး ကပျာကယာ ခွင့်တောင်းရတော့တယ်။

"အဘိုး... ကျွန်တော်လည်း ဗိုက်ဝသွားပါပြီ။ ကျွန်တော်နဲ့ သခင်မစွင်းတို့ အခန်းကို အရင်ပြန်နှင့်မယ်နော်"

ကုသခင်ကြီးကလည်း မြေးအကြီးဆုံးရဲ့ မိသားစု လေးယောက်ကို ထွက်သွားဖို့ လက်ဝှေ့ယမ်းပြလိုက်တယ်။

သခင်မရွှီကလည်း ဝင်ပြောလေတယ်။ "အဖေ... ဒါဆို ချွေးမလည်း အရင် သွားနှင့်ပါရစေ"

"အခန်းပြန်နားကြတော့လေ" လို့ ကုသခင်ကြီးက ပြန်ဖြေလိုက်တယ်။

ထမင်းစားခန်းထဲမှာ လူကြီးနှစ်ယောက်တည်း ကျန်ခဲ့တော့မှ သခင်မကြီးက ပြောလိုက်တော့တယ်။

"ကြည့်ရတာ ကျွန်မတို့အိမ်ရဲ့ မင်းသမီးလေးက သခင်ကြီးရဲ့ အကြိုက်နဲ့ တော်တော်လေး ထပ်တူကျနေတဲ့ပုံပဲနော်"

ကုသခင်ကြီးကလည်း ပြန်ပက်တာပေါ့။

"မင်း သူ့ကို ချလည်း မနိုင်ဘူးလေ။ အခုကြည့်ရတာ စကားနဲ့ လှောင်ရင်တောင် မင်းက သူ့ ပြိုင်ဘက် မဟုတ်ဘူးဆိုတာ သေချာနေပြီ။ မင်း ဘာတွေများ လိုချင်နေသေးလို့လဲ"

သခင်မကြီးခမျာ ထိုင်ရာကမထဘဲ ဒေါသတွေထွက်ရင်း ကျန်ခဲ့ရရှာတယ်။

"ကွာဟချက်က သိပ်ကြီးမားလွန်းတယ်" ကုသခင်ကြီးက မတ်တတ်ထရပ်လိုက်ရင်း ဆက်ပြောလေရဲ့။

"ဒါမျိုးကို စစ်တပ်ထဲမှာဆိုရင် ကြက်ဥနဲ့ ကျောက်ခဲကို ပေါက်သလိုပဲ၊ ကိုယ့်အင်အား ကိုယ်မသိဘူး လို့ ခေါ်တယ်"

သခင်မကြီးက ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်တဲ့ လေသံနဲ့ ဆိုလေရဲ့။ "အမလေး ဟုတ်ပါရဲ့တော်။ တော်ဝင်အမိန့်စာချွန်တော်တောင် မရှိတော့တဲ့ ကျုပ်လို အဘွားကြီးက တော်ဝင်မင်းသမီးတစ်ပါးကို ဘာနဲ့များ သွားယှဉ်နိုင်ပါ့မလဲ။ သူက ရှင့်အကြိုက်နဲ့ ကိုက်ညီတယ်ဆိုတိုင်းလည်း အစောကြီး ဝမ်းသာမနေပါနဲ့ဦး။ နောင်တစ်ချိန်ကျ သူ ရှင်းလန်ကိုများ အထင်သေး ရွံရှာသွားခဲ့ရင် ရှင် ဘာလုပ်မလဲဆိုတာ စောင့်ကြည့်ရသေးတာပေါ့"

ကုသခင်ကြီးက ပြန်မေးလိုက်တယ်။ "မင်းသမီးက အဲဒီလို မလုပ်ခဲ့ရင်ကော"

သခင်မကြီးက မဲ့ပြုံး ပြုံးလိုက်တာပေါ့။ သူ့အမြင်မှာ ယွီလင်းလုံဆိုတာ အိမ်တွင်းပုန်းနေမဲ့ မိန်းမမျိုးမှ မဟုတ်တာ၊ ဒီလို စရိုက်မျိုးကို သူက လုံးဝကို သဘောမကျဘူး။

ကုသခင်ကြီးကတော့ လက်နောက်ပစ်ပြီး အပြင်ဘက်ကို ထွက်သွားလေရဲ့။ အနောက်ဘက် ပန်းခြံထဲမှာ အစာကြေအောင် လမ်းသွားလျှောက်တာလေ။

ချင်းဟယ်က အစေခံတချို့ကို ခေါ်ပြီး ပန်းကန်တွေ လာသိမ်းတယ်။ သခင်မကြီး တစ်ယောက်တည်း မျက်နှာကြီး မည်းမှောင်ပြီး ထိုင်နေတာကို မြင်တော့ မင်းသမီးနဲ့ ဆက်ပြီး ရန်မဖြစ်ဖို့ တားချင်ပေမဲ့ စကားက ပါးစပ်ဖျားရောက်နေတာတောင် ချင်းဟယ်ခမျာ အသံထွက်ပြီး မပြောရဲရှာဘူး။

ယွီးရှောင်ရှောင်ကတော့ ဒီအချိန်မှာ သခင်မကြီး ဘယ်လို ခံစားနေရမလဲဆိုတာကို နည်းနည်းလေးမှ နားလည်မနေပါဘူး။ ကုရှင်းလန်ကို အခန်းထဲ တွန်းပို့ပြီးတာနဲ့ သူ့ခြေထောက်က ဒဏ်ရာကို စစ်ဆေးကြည့်ပါလေရော။

ဒဏ်ရာပေါ်မှာ အကောင်းစား ဆေးတွေ လိမ်းထားပေမဲ့လည်း နည်းနည်းတော့ ရောင်ရမ်းနေတုန်းပဲ။ ယွီးရှောင်ရှောင်က ဒဏ်ရာကို ခပ်ဖွဖွလေး ထိလိုက်တိုင်း ကုရှင်းလန်ရဲ့ မျက်နှာလေး ရှုံ့မဲ့သွားရှာတယ်။

"နာလို့လား" ဆိုပြီး ယွီးရှောင်ရှောင်က မေးလိုက်လေရဲ့။

ကုရှင်းလန်က "နည်းနည်းတော့ နာတယ်" လို့ ဖြေရှာတယ်။

"နည်းနည်း ရောင်နေတာပဲ" လို့ ပြောရင်း ယွီးရှောင်ရှောင်က ကုရှင်းလန်ရဲ့ နဖူးလေးကို လက်လှမ်းစမ်းလိုက်သေးတယ်။ ဒဏ်ရာက ရောင်ရမ်းနေရင် ပုံမှန်အားဖြင့် လူက ဖျားတတ်တာကိုး။ ဒါက ခန္ဓာကိုယ်ကနေ ရောဂါပိုးမွှားတွေကို တိုက်ထုတ်နေတယ်ဆိုတဲ့ အသိသာဆုံး တုံ့ပြန်မှုပဲလေ။

ကုရှင်းလန်ရဲ့ မျက်နှာအမူအရာကတော့ ဘာမှ ပြောင်းလဲမသွားပါဘူး။ "ဒဏ်ရာက ပိုဆိုးလာလို့လား" လို့ သူက မေးလိုက်လေတယ်။ ဒီရက်ပိုင်း ခြေကျင်းဝတ်မှာရှိတဲ့ ဒဏ်ရာက တစ်ချိန်လုံး နာကျင်နေခဲ့ပေမဲ့ ကုရှင်းလန် သည်းခံနိုင်တဲ့ အတိုင်းအတာထဲမှာပဲ ရှိနေသေးတာမို့၊ ဘာမှမဖြစ်တဲ့သူလိုပဲ ဟန်ဆောင်နေနိုင်ခဲ့တာကိုး။

လက်အောက်က နဖူးလေးကလည်း နည်းနည်း ပူနေတာမို့ ယွီးရှောင်ရှောင်က ကိုယ်ကို ကိုင်းညွတ်ပြီး ကိုယ့်နဖူးနဲ့ ကုရှင်းလန်ရဲ့ နဖူးကို ကပ်ကြည့်လိုက်တယ်။ ပြီးတော့မှ မျက်မှောင်လေး ကြုတ်ရင်း "ရှင် ဖျားနေပြီ" လို့ ပြောလာတယ်။

"ဖျားတာလား"

ယွီးရှောင်ရှောင်က ပြန်ဖြေတယ်။ "အေးလေ.. ရှင်တို့ အခေါ်ဆို ကိုယ်ပူနေတာကို ပြောတာပေါ့"

ကုရှင်းလန်က အတော်ကြာမှ "နန်းတွင်းသမားတော်တွေက ကိုယ်ပူတာကို ဖျားတယ်လို့ သုံးကြတာလား" လို့ ပြန်မေးလေရဲ့။

ယွီးရှောင်ရှောင်က အဲဒီကိစ္စကို ဆက်ပြီး အငြင်းပွားမနေတော့ဘဲ ကုရှင်းလန်ကို စောင်သေချာ ခြုံပေးလိုက်ပြီး မေးလိုက်တယ်။ "ရှင် နေရမခက်ဘူးလား"

"ခံသာပါသေးတယ်"

ယွီးရှောင်ရှောင်က ကုရှင်းလန်ကို လက်မထောင်ပြလိုက်ရင်း "သူရဲကောင်းကြီးပဲ" လို့ ချီးကျူးလိုက်လေရဲ့။

ကုရှင်းလန်က ပြုံးလိုက်တာပေါ့။ "ကိုယ်ဖျားတာ အရမ်းဆိုးနေလို့လား"

"မပူပါနဲ့၊ ရှင့်မှာ ဆေးနဲ့ဓာတ်မတည့်တာမျိုး ရှိမနေဘူးဆိုရင်ပေါ့လေ။ ကျွန်မ ဆေးကောင်းတစ်ခွက်လောက် ဖော်ပြီးသွားတာနဲ့ ဒဏ်ရာရောင်တာဘာညာက ရက်ပိုင်းအတွင်း ပျောက်သွားမှာပါ"

"ဆေးနဲ့ဓာတ်မတည့်ဘူး ဆိုတာက..."

ယွီးရှောင်ရှောင်က "ဆေးပညာ အသုံးအနှုန်းတွေပါလေ၊ ရှင် မသိလည်း ထားလိုက်ပါတော့။ မောမောက ရှင့်အတွက် ဆေးသွားကျိုနေပြီ။ လောလောဆယ် ကျွန်မ ရှင့်ကို ရေပတ်တိုက်ပေးမယ်"

ကုရှင်းလန်တစ်ယောက် ချက်ချင်းပဲ နေရခက်သွားပြီး "အစေခံတွေကိုပဲ ခေါ်လုပ်ခိုင်းလိုက်ပါလား" လို့ ဆိုရှာတယ်။

"ရှင့်ရဲ့ ဖင်ပြောင်ကြီးကို ကျွန်မ မမြင်ဖူးတာကျနေတာပဲ" ယွီးရှောင်ရှောင်က တံခါးအပြင်ဘက်ကို ခေါင်းလှည့်ပြီး ရေနွေးယူခဲ့ဖို့ အော်ခိုင်းရင်း တစ်ဖက်ကလည်း ကုရှင်းလန်ကို ပြောပြန်တယ်။

"ရှင်က ဘာတွေများ မူပြီး ရှက်ကိုးရှက်ကန်း လုပ်နေရတာလဲ" လို့ ပြောလိုက်တယ်။

မူတယ်တဲ့လား။ ကုရှင်းလန်ခမျာ ဒီစကားလုံးလေးရဲ့ အဓိပ္ပာယ်ကို နားလည်ဖို့တောင် အတော်လေး အချိန်ယူပြီး စဉ်းစားလိုက်ရတယ်။

ယွီးရှောင်ရှောင်က ကုရှင်းလန်ကို ရေပတ်တိုက်ပေးတယ်၊ ဆေးသောက်တာကို ထိုင်စောင့်ပေးတယ်။ ပြီးတော့ ခုတင်ဘေးမှာ ဝင်ထိုင်ပြီး သူ့ကို စကားပြောဖော် လုပ်ပေးနေလိုက်သေးတာ။ နောက်ဆုံး ဆေးအရှိန်တက်လာပြီး ကုရှင်းလန်တစ်ယောက် အိပ်မောကျသွားတဲ့အချိန်အထိပဲပေါ့။ အချိန်ဘယ်လောက်ရှိပြီလဲလို့ ဝမ်မောမောကို မေးကြည့်လိုက်တော့မှ မသိမသာနဲ့ နှစ်နာရီလောက်တောင် အချိန်ကုန်လွန်သွားခဲ့ပြီလေ။

ဝမ်မောမောက ဖျားနေလို့ နည်းနည်း ရဲတက်နေတဲ့ ကုရှင်းလန်ရဲ့ မျက်နှာလေးကို ကြည့်ပြီး ယွီးရှောင်ရှောင်ကို သောကမျက်နှာနဲ့ မေးရှာတယ်။ "မင်းသမီး... သမက်တော်ရဲ့ ဒဏ်ရာက တကယ်ရော ပျောက်နိုင်ပါ့မလားဟင်"

"ပျောက်မှာပါ" လို့ ယွီးရှောင်ရှောင်က ပြန်ဖြေလိုက်တယ်။ အကြောပြန်ဆက်ရုံလေးကိုများ။ ဒီဒဏ်ရာလေးကိုမှ သူမ မကုပေးနိုင်ဘူးဆိုရင် ကမ္ဘာပျက်ကပ်ကာလကြီးမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ အဲဒီ ငမွှေထိုးတွေ သူမကို ဝိုင်းလှောင်ကြလွန်းလို့ သေတောင်သေသွားနိုင်တယ်။

"တကယ်လို့များ မပျောက်ခဲ့ရင်ကော" လို့ ဝမ်မောမောက ထပ်မေးတယ်။

ယွီးရှောင်ရှောင်က "မပျောက်ရင်လား။ ဘာပဲဖြစ်ဖြစ် သူ အသက်ရှင်နေဖို့က အဓိကပဲ မဟုတ်ဘူးလား" လို့ ဆိုလေရဲ့။

ဝမ်မောမောခမျာ ပျာယာခတ်သွားပြီး ပြန်မေးလိုက်တာပေါ့။ "ဒါဆို မင်းသမီးက ဘယ်လိုလုပ်မလဲ"

ယွီးရှောင်ရှောင် ခေါင်းငုံ့ပြီး ကုရှင်းလန်အတွက် စောင်စွန်းလေးကို သေချာဖိဖုံးပေးလိုက်ရင်း ဘာမှအပူအပင်မရှိတဲ့ လေသံနဲ့ ပြောလိုက်တယ်။

"အသက်ရှင်နေရင်ကို တော်ပါပြီ၊ ကျွန်မ ရှိနေတာပဲဟာ"

မျက်လုံးမှိတ်ပြီး အိပ်မောကျနေတဲ့ ကုရှင်းလန်ရဲ့ မျက်ခွံလေးတွေက ခပ်ဖွဖွလေး တုန်ခါသွားရှာတယ်။ သူ့ဘေးနားမှာ ထိုင်နေတဲ့ ဒီမိန်းကလေးက သူ့ရင်ထဲကို အတိုင်းမသိတဲ့ အေးချမ်းလုံခြုံမှုတွေ ပေးစွမ်းနေခဲ့တာကိုး။

...

All Chapters