← Chapters

အခန်း ၇၄

Vol. 8 Ch. 74

အခန်း ၇၄

Vol. 8 Ch. 74

အခန်း (၇၄) ညဉ့်မှာ ရတနာရှာ

ညနက်သွားတဲ့အခါမှာတော့ မြို့တော်ရဲ့ ကောင်းကင်ယံမှာ မိုးတိမ်မည်းတွေ အုံ့ဆိုင်းနေပြီး ကြယ်တွေ လတွေပါ ကွယ်ပျောက်နေတော့တယ်။ ဒါပေမဲ့ စစ်သူကြီးကု ခန့်မှန်းထားတဲ့ မိုးကတော့ ကောင်းကင်ပေါ်မှာ အုံ့ခဲနေဆဲဖြစ်ပြီး မိုးတစ်ပေါက်မှတောင် ကျမလာသေးဘူး။

ဒီညမှာတော့ ယွီးရှောင်ရှောင်တစ်ယောက် အိပ်မပျော်တဲ့ ဝေဒနာကို ခံစားနေရလေရဲ့။ ဗိုက်ဝအောင် စားသောက်ပြီး ကောင်လေးကို အိပ်ရာဝင်အောင် ချော့သိပ်ပြီးတဲ့နောက်မှာတော့ မင်းသမီးလေးခမျာ ဘဝဆိုတာကြီးကို စဉ်းစားခန်း ဝင်နေတော့တယ်။ သူမရှေ့မှာ လျှို့ဝှက်ကြံစည်မှု တစ်ခုခုက စောင့်ကြိုနေရမယ်လေ။ ယုံရှန်းဘုန်းကြီးကျောင်းက တိုင်းပြည်ခြောက်ခုလုံးရဲ့ ကိုးကွယ်ယုံကြည်မှုကို ခံရပြီး အမြင့်မြတ်ဆုံး အဆင့်အတန်းမှာ ရှိနေတယ်ဆိုတော့ အဲဒီက အရှင်တစ်ပါးဖြစ်တဲ့ ဝမ်ဖုန်းလင်မှာလည်း ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ စွမ်းရည်တွေ ရှိရမှာပေါ့။ ရက်စက်တဲ့ဘုရင်မရဲ့လုယူတာကို ခံလိုက်ရတဲ့ အပျိုစင်ယောက်ျားလေးလို ဟန်ဆောင်ပြီး ဒီလူက ဘာတွေများ ကြံစည်နေတာပါလိမ့်။ ယွီးရှောင်ရှောင်လည်း မသိပေမဲ့ အခုလို ဝမ်ဖုန်းလင် ထပ်ပေါ်လာပြန်တာက သူ ဖုန်ထျန်းမြို့တော်ကို အလည်အပတ် လာရုံ သက်သက်ပဲ ဖြစ်ပါ့မလား။

ယွီးရှောင်ရှောင်က ကိုယ်ကို မတ်တတ်ထိုင်လိုက်တယ်။ ဘေးနားမှာ အိပ်နေတဲ့ ကုရှင်းလန်ကတော့ ဟောက်သံတိုးတိုးလေးနဲ့ အိပ်မောကျနေပြီလေ။ ယွီးရှောင်ရှောင် ကုရှင်းလန်ရဲ့ နဖူးလေးကို လှမ်းစမ်းကြည့်လိုက်တော့ အဖျားက ကျသွားပါပြီ။ ယွီးရှောင်ရှောင်က အသံတစ်ချက်မှ မထွက်စေဘဲ ခုတင်ပေါ်ကနေ ဆင်းလိုက်ပြီး ဒီညတော့ သူမ မအိပ်တော့ဘူးလို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ ရန်သူရဲ့ လျှို့ဝှက်ပရိယာယ်တွေကို စဉ်းစားလို့ မရရင် ဘယ်လိုလုပ်ရမလဲ။ နည်းပြယွီရဲ့ ဗျူဟာကတော့ ရန်သူ့ဆီ သွားပြီး ခိုးနားထောင်တာပဲပေါ့။ ဘယ်လိုပဲ လျှို့ဝှက်ချက်ဖြစ်နေပါစေ၊ သေချာလေးသာ သွားခိုးနားထောင်ရင် စုံစမ်းလို့ မရစရာ အကြောင်းမရှိဘူးလေ။

မင်းသမီးက အိမ်ထောင်ကျကာစဆိုတော့ အိမ်ထောင်သည် အသစ်စက်စက်လေးဆီမှာ ညဘက်ခိုးထွက်ဖို့ အနက်ရောင်ဝတ်စုံတွေ ကြိုတင်ပြင်ဆင်ထားစရာ အကြောင်းမရှိဘူး။ ဒါကြောင့် ယွီးရှောင်ရှောင်က အဝတ်ဗီရိုကို ဖွင့်ပြီး ကုရှင်းလန်ရဲ့ အနက်ရောင် ဝတ်ရုံတစ်ထည်ကို ဆွဲထုတ်လိုက်တယ်။ အင်္ကျီလက်တွေကို ခေါက်တင်၊ ဘောင်းဘီခြေကျင်းဝတ်တွေကို ခေါက်တင်ပြီး ခါးမှာလည်း အနက်ရောင် ခါးပတ်ကြိုးတစ်ချောင်း ချည်လိုက်တယ်။ တတိယသခင်လေးကုရဲ့ အဝတ်အစားတွေက ကြီးနေပေမဲ့ ယွီးရှောင်ရှောင်အတွက်တော့ အခက်အခဲ မဖြစ်စေပါဘူး။

ဒီကမ္ဘာက မိန်းကလေးတွေ ဆံထုံးထုံးတဲ့ပုံစံကို ယွီးရှောင်ရှောင်မှ မလုပ်တတ်တာလေ။ ဒါနဲ့ပဲ ရိုးရိုးရှင်းရှင်း မြင်းမြီးဆံပင်ပုံစံလေးပဲ စည်းလိုက်ပြီး ခုတင်နားကို ပြေးသွားရင်း အိပ်မောကျနေတဲ့ ကုရှင်းလန်ကို နောက်ဆုံးတစ်ခေါက် ကြည့်လိုက်သေးတယ်။ ပြီးတာနဲ့ ယွီးရှောင်ရှောင်တစ်ယောက် အခန်းတံခါးကနေ ဝှစ်ခနဲ လစ်ထွက်သွားပါလေရော။

ကုရှင်းလန်ကတော့ ခုတင်ပေါ်မှာ ပက်လက်ကြီး အိပ်ပျော်နေရှာတယ်။ စစ်သူကြီး တစ်ယောက်ဖြစ်ပေမဲ့ အိပ်တဲ့ပုံစံကတော့ သိပ်ကို လိမ္မာရေးခြားရှိတာပဲ။ လက်တွေခြေတွေ လှုပ်ရမ်းပြီး ခုတင်ပေါ်မှာ ဟိုဘက်ဒီဘက် လူးလွန့်တာမျိုး လုံးဝမရှိဘူး။ တတိယသခင်လေးကု တစ်ယောက် အခုချိန်မှာ သူ့ဘေးနားက လူတစ်ယောက် လျော့သွားမှန်းကို နည်းနည်းလေးမှတောင် သတိမထားမိရှာပါဘူး။

ယွီးရှောင်ရှောင်က ကုအိမ်တော်ရဲ့ ပင်မတံခါးကြီးကနေလည်း မထွက်သွားဘူး။ ခြံတံတိုင်းတစ်ခုဆီကို ဖြစ်သလို လျှောက်သွားပြီး တစ်ချက်လေး ခုန်ပျံကျော်လွှားလိုက်ရုံနဲ့ ကုအိမ်တော်ပြင်ပကို ရောက်သွားတော့တာပဲ။

ယွီးရှောင်ရှောင် ခြံတံတိုင်းကို ကျော်ပြီး ကုအိမ်တော်ကနေ ထွက်သွားတဲ့ အချိန်လေးမှာပဲ အိပ်ပျော်နေတဲ့ ကုရှင်းနော့က ရုတ်တရက်ကြီး ခုတင်ပေါ်ကနေ မတ်တတ်ထိုင်လျက်သား ဖြစ်သွားတယ်။ အဲဒီလှုပ်ရှားမှုက နည်းနည်းလေး ပြင်းသွားတော့ သခင်မစွင်းကိုပါ လန့်နိုးသွားစေတော့တယ်။

"စစ်သူကြီး... ဘာကိစ္စဖြစ်လို့လဲဟင်" သခင်မစွင်းလည်း ကမန်းကတန်း ထိုင်လျက်သားဖြစ်သွားပြီး မေးလိုက်တာပေါ့။

ကုရှင်းနော့ မျက်နှာကြီး ရှုံ့မဲ့သွားပြီး "ငါ ဘာကိစ္စကို မေ့နေတာလဲဆိုတာ အခုမှ သတိရလာပြီကွ" လို့ ဆိုလေရဲ့။

သခင်မစွင်းက ပြောရှာတယ်။

"ကိစ္စတစ်ခုခု မေ့နေတာလား၊ စစ်သူကြီးက ဘာကိုများ မေ့နေလို့လဲ"

"ငါတို့ ညီလတ်ကို ပြန်ခေါ်ဖို့ လူမလွှတ်ရသေးဘူးလေ"

သခင်မစွင်းခမျာ မျက်လုံးကြီး ပြူးသွားရှာတာပေါ့။

"စစ်သူကြီးက ညီလေးကို သွားသတင်းပို့ဖို့ လူမလွှတ်လိုက်ဘူးလား" ဘယ်လို အဖြစ်ကြီးလဲတော်။ သတ္တမမင်းသားလေးလည်း ဘာမှမဖြစ်တော့တာကို၊ ကုသခင်လေးနှစ်ခမျာ မင်းသားလေးကို ခေါ်ပြီး ပြေးတုန်း လွှားတုန်းကြီး ဖြစ်နေဦးမှာပေါ့။

ကုရှင်းနော့လည်း အပေါ်ဝတ်ရုံကို ကောက်ခြုံပြီး ခုတင်ပေါ်ကနေ ဆင်းလိုက်ရတယ်။ "ငါ အခုချက်ချင်း သူ့ကို သွားရှာဖို့ လူလွှတ်လိုက်ဦးမယ်"

သခင်မစွင်းက ကမန်းကတန်းလှမ်းတားရရှာတယ်။ "အခုအချိန်ဆို မြို့တံခါးတွေ အကုန်ပိတ်ကုန်ပြီလေ၊ လွှတ်လိုက်တဲ့လူက ဘယ်လိုလုပ် မြို့ပြင်ထွက်လို့ ရတော့မှာလဲ"

ခါးပတ်ကြိုးကို ချည်နေတဲ့ ကုရှင်းနော့ရဲ့ လက်တွေ ရပ်တန့်သွားတော့တယ်။ ဟုတ်သားပဲ၊ အခုဆို မြို့တံခါးလေးပေါက်လုံး ပိတ်သွားပြီဆိုတော့ မြို့ပြင်တောင် ထွက်လို့မရတာ၊ ဘာသတင်း သွားပို့လို့ ရတော့မှာလဲ။

သခင်မစွင်းလည်း ခုတင်ပေါ်မှာ ထိုင်နေရင်း တွေးကြည့်လေလေ စိတ်ပူလာလေလေ ဖြစ်လာရှာတယ်။

"မတ်လေးသာ သူပြောခဲ့သလို သတ္တမမင်းသားလေးကို ခေါ်ပြီး နေ့ရောညပါ ခရီးနှင်နေမယ်၊ တစ်နေ့ကို လီ ရှစ်ရာလောက်တောင် ခရီးပေါက်နေမယ်ဆိုရင် အခုလောက်ဆို သူ ဘယ်လောက်ထိ ရောက်နေလောက်ပြီလဲ"

ကုရှင်းနော့တစ်ယောက် ခုတင်ပေါ် ဖုန်းခနဲ ပြန်ထိုင်ချလိုက်ပြီး ရှုံ့မဲ့နေတဲ့ မျက်နှာကြီးနဲ့ ညည်းတော့တာပဲ။

"သူ မနက်ဖြန်လောက်နဲ့တော့ ဝူကျိုးကို ဘယ်ရောက်နိုင်ပါ့မလဲကွာ"

သခင်မစွင်းကပဲ အကြံပေးလိုက်တယ်။ "မနက်ဖြန် မနက်စောစော မိုးလင်းတာနဲ့ လူတစ်ယောက်ကို ခြေမြန်မြင်းစီးပြီး အမြန်လိုက်ခိုင်းလိုက်ပါတော့"

ကုရှင်းနော့လည်း ခေါင်းညိတ်လိုက်ပြီးမှ ရုတ်တရက် ထမေးလေတယ်။ "ဒီနေ့ ထမင်းစားတဲ့အချိန်တုန်းက ငါ့ခယ်မလတ်ကို ဘာလို့ မတွေ့တာပါလိမ့်"

သခင်မစွင်း စိတ်ထဲကနေ အပြစ်တင်လိုက်တာပေါ့။ 'ရှင်က အခုအချိန်ကျမှ ကိုယ့်ခယ်မ ထမင်းစားမလာတာကို သတိရရသေးလား' ပြီးမှပဲ သူ့ယောကျာ်းကို ရှင်းပြလိုက်တယ်။

"သူက နေလို့ သိပ်မကောင်းဘူးဆိုပြီး ရွှီအာလေးနဲ့ အခန်းထဲမှာပဲ ထမင်းစားလိုက်တယ်တဲ့"

"သမားတော် ခေါ်ပြလိုက်သေးလား" လို့ ကုရှင်းနော့က မေးလေရဲ့။

သခင်မစွင်းလည်း သက်ပြင်းတစ်ချက်ချလိုက်ပြီး ယောကျ်ားဖြစ်သူရဲ့ ရင်ဘတ်ကို လက်ညှိုးလေးနဲ့ ခပ်ဖွဖွလေး ထိုးလိုက်ရှာတယ်။ "သူ နေလို့မကောင်းတာက ဒီနေရာလေတော်၊ သမားတော် ခေါ်ပြလို့ ဘာထူးမှာလဲ"

ကုရှင်းနော့ကတော့ ခေါင်းယမ်းလိုက်ပြီး "စိတ်ကလည်း ကလေးကျနေတာပဲ" လို့ မှတ်ချက်ချလိုက်တော့တယ်။

သခင်မစွင်းကတော့ အကြီးဆုံးသခင်လေးကုရဲ့ စကားကို ဘာမှ ပြန်မပြောတော့ပါဘူး။ လင်သခင်မ ဒီအိမ်မှာ နေရတာ စောဒကတက်စရာများနေတာလည်း မဆန်းပါဘူးလေ။ ကုသခင်လေးနှစ်က ဒီအိမ်မှာ အဆင့်အတန်း အနိမ့်ဆုံးဖြစ်နေတာကိုး။ တစ်နေ့လုံး ပြီးသွားတာတောင် လူကြီးတွေရော ကလေးတွေရော တစ်ယောက်မှ သူ့ကို သတိမရကြဘူးလေ။

အဲဒီအချိန်မှာမှ ကုရှင်းနော့ကလည်း တိုးတိုးလေး ရေရွတ်လိုက်ပြန်တယ်။

"မင်းသမီးကရော သတ္တမမင်းသားလေးကို ဘာလို့ သတိမရတာပါလိမ့်"

ဒီစကားကိုတော့ သခင်မစွင်းလည်း အကြီးဆုံးသခင်လေးကုကို ဘယ်လို ပြန်ပြောရမှန်း မသိတော့ဘူး။ မင်းသမီး ဘာအကြံအစည်ရှိနေလဲ ဆိုတာ ဘယ်သူက သိမှာလဲ။

မင်းသမီးက ဘာတွေများ ကြံစည်နေတာလဲ။

ယွီးရှောင်ရှောင်ကတော့ အခုချိန်မှာ ကုအိမ်တော်ရဲ့ ခြံတံတိုင်းအပြင်ဘက်မှာ ရပ်ပြီး ကောင်းကင်ကြီးကို မော့ကြည့်ရင်း စဉ်းစားခန်း ဝင်နေလေရဲ့။ သူမ ဝမ်ဖုန်းလင်ကို ဘယ်သွားရှာရမလဲပေါ့။

ညသန်းခေါင်ယံ ကင်းလှည့်သံချောင်းခေါက်သံက အဝေးကနေ နီးလာပြီး ယွီးရှောင်ရှောင်ရဲ့ နားထဲကို ဝင်လာတယ်။ ကင်းလှည့်တဲ့သူရဲ့ "ရာသီဥတုက ခြောက်သွေ့နေတယ်၊ မီးဘေးကို သတိထားကြပါ" လို့ ထပ်ခါတလဲလဲ အော်နေတာကို နားထောင်ရင်း၊ နောက်ကျောဘက်က ခြံတံတိုင်းကို လက်နဲ့ ခပ်ဖွဖွလေး ခေါက်ပြီး ဒီလူ့ကို နန်းတော်ထဲမှာ အရင်သွားရှာမယ်လို့ ယွီးရှောင်ရှောင် ဆုံးဖြတ်လိုက်လေတယ်။ ယုံရှန်းဘုန်းကြီးကျောင်းက ဆရာတော်လေးဆိုတော့ ဘယ်လိုပဲတွေးတွေး အဲဒီ စောက်သုံးမကျတဲ့ ဧကရာဇ်ရဲ့ အထူးဧည့်သည်တော် ဖြစ်ရမှာပဲလေ။ နန်းတော်ထဲမှာ ဘုရားကျောင်းဆောင်ရှိတယ်ဆိုတာကို ယွီးရှောင်ရှောင် မှတ်မိနေသေးတာကိုး။

ဘာ... နန်းတော်ထဲမှာ ညဘက်ဆိုရင် အပြင်လူ ယောက်ျားသားတွေကို ညအိပ်ခွင့် မပေးဘူး ဟုတ်လား။ တောင်းပန်ပါတယ်နော်... ဒီလို စည်းမျဉ်းစည်းကမ်းတွေကို ကမ္ဘာပျက်ကပ်ကနေ ရောက်လာတဲ့ ဧည့်သည်က ဘယ်လိုလုပ် သိနိုင်မှာလဲ။

လုပ်ချင်ရင် ချက်ချင်းလုပ်ရမှလေ။

ယွီးရှောင်ရှောင်လည်း လေပွေလေးလို ခပ်သုတ်သုတ် ပြေးသွားလိုက်တာများ နန်းတော်ဆီ ခဏနဲ့ ရောက်သွားတော့တာပဲ။ ညဘက် နန်းတော်ရဲ့ လုံခြုံရေးက နေ့ဘက်ထက်ကို ပိုပြီး တင်းကျပ်နေတယ်။ နန်းတော်တံခါးဝမှာဆိုရင် မီးရောင်တွေ ထိန်ထိန်လင်းနေပြီး အဲဒီမီးရောင်အောက်မှာ ကိုယ်ရံတော်စစ်သည်တွေ ဝတ်ဆင်ထားတဲ့ သံချပ်ကာအင်္ကျီတွေကနေ အေးစက်စက် အလင်းရောင်တွေ ပြန်ဟပ်နေတာပေါ့။ လူတစ်ယောက်ကသာ အဲဒါကို အကြာကြီး ကြည့်နေမိရင် မျက်စိတောင် ကျိန်းသွားနိုင်တယ်။

မြို့ရိုးပေါ်ကနေ ကျောက်ခဲသေးသေးလေး တစ်လုံး ပြုတ်ကျလာပြီး "ဖျတ်" ဆိုတဲ့ အသံတိုးတိုးလေး ထွက်သွားတယ်။

မြို့ရိုးအောက်က စစ်သူကြီးလည်း အပေါ်ကို မော့ကြည့်လိုက်ပေမဲ့ အပေါ်က စစ်သည်တွေဆိုတာကလည်း လက်နက်တွေကိုင်ပြီး မတ်မတ်ကြီး ရပ်နေကြတာ။ ဘာ ထူးခြားမှုမှ မရှိဘူး။

ယွီးရှောင်ရှောင်တစ်ယောက် မြို့ရိုးပေါ်ကနေ ခုန်ဆင်းလိုက်တယ်။ သူမက ဝမ်မောမောနဲ့အတူ နန်းတော်ထဲက ဘုရားကျောင်းဆောင်ဆီ နှစ်ခေါက်သုံးခေါက်လောက်ထိ ရောက်ဖူးတော့၊ ဘုရားကျောင်းဆောင် ရှိတဲ့နေရာကို အသေအချာ သိနေတာပေါ့။ အမှောင်ထုထဲမှာ ကိုယ်ကို ဖျောက်လိုက်ပြီး ယွီးရှောင်ရှောင်က ဘုရားကျောင်းဆောင်ဆီကို လျှပ်တစ်ပြက် အမြန်နှုန်းနဲ့ ပြေးသွားတော့တယ်။

ဖုန်ထျန်းနန်းတော်ရဲ့ ဘုရားကျောင်းဆောင်ကို ကျင့်ရှန်းဆောင်လို့ ခေါ်တယ်။ အခုချိန်ထိ ဘုရားရှေ့က ဆီမီးခွက်တွေဆိုတာ လင်းထိန်နေတုန်းပဲ၊ ဒါပေမဲ့ အထူးဧည့်သည်တော် တစ်ယောက်ယောက် တည်းခိုနေတဲ့ အရိပ်အယောင်မျိုးတော့ မတွေ့ရဘူး။

ယွီးရှောင်ရှောင်လည်း ကျင့်ရှန်းဆောင်ရဲ့ အပြင်ရောအထဲပါ နေရာအနှံ့လိုက်ရှာတာပေါ့။ သီလရှင်တွေနဲ့ ဆံပင်မရိတ်ဘဲ တရားအားထုတ်နေတဲ့ အမျိုးသမီး ဆယ်ယောက်ကျော်လောက်ကို တွေ့လိုက်ရပေမဲ့ ဘုန်းကြီးဆိုလို့ တစ်ပါးမှကို အရိပ်အယောင်တောင် မမြင်ရဘူးလေ။

ခန့်မှန်းချက် လွဲသွားပြီပေါ့။ ယွီးရှောင်ရှောင်က ဘုရားကျောင်းဆောင်တစ်ခုရဲ့ တံခါးအပြင်ဘက်မှာ ရပ်ရင်း စိတ်ထဲကနေ အသေအလဲကို ကျိန်ဆဲနေတော့တယ်။ အဲဒီ ဝမ် ဆိုတဲ့ အချော်တကောက်က ဘယ်ချောင်မှာ သွားနေနေတာလဲ။ မြို့တော်ထဲက ဘုန်းကြီးကျောင်းတွေထဲမှာများလား။ အမလေး... ယွီးရှောင်ရှောင် တော်တော်လေး ခေါင်းစားသွားရပြီ။ သူမက အခုလက်ရှိ ရောက်နေတဲ့ ဒီမြို့တော်ကြီးနဲ့ သိပ်ရင်းနှီးတာမှ မဟုတ်ဘဲ။ မြို့တော်ထဲမှာ ဘုန်းကြီးကျောင်း စုစုပေါင်း ဘယ်နှကျောင်းရှိလဲ ဆိုတာတောင် သူမ မသိတာ၊ အခု ဘယ်လိုရှာမလဲပေါ့။

ဘုရားကျောင်းဆောင်ထဲမှာတော့ ဆံပင်မရိတ်ဘဲ တရားအားထုတ်နေတဲ့ အမျိုးသမီးတစ်ယောက်က ဘုရားရှေ့မှာ ဒူးထောက်ပြီး သစ်သားမောင်းကို တစ်ချက်တစ်ချက် ခေါက်ရင်း ဘုရားစာ ရွတ်ဖတ်နေလေရဲ့။

ယွီးရှောင်ရှောင်လည်း လှည့်ထွက်ပြီး ကျင့်ရှန်းဆောင်ထဲကနေ ထွက်လာခဲ့တယ်။ အိပ်ချိန်ရှိပါရက်နဲ့ မအိပ်ဘဲ ညဘက်ကြီး ဘုရားစာ ထိုင်ရွတ်နေတယ်ဆိုတာ ဘယ်လို စိတ်ဓာတ်မျိုးပါလိမ့်။ ဘာသာရေး ယုံကြည်မှု လုံးဝမရှိတဲ့ နည်းပြယွီ အတွက်တော့ နောက်ထပ် ဘဝသစ်တစ်ခု ထပ်ရှင်သန်ခွင့်ရရင်တောင်မှ၊ ဘာသာဝင်တွေရဲ့ ကြည်ညိုသဒ္ဓါတရားကို နားလည်နိုင်မှာ မဟုတ်ဘူးလေ။

နန်းတော်ရဲ့ အနောက်မြောက်ဘက် ထောင့်ဆီကနေလွင့်လာတဲ့ တေးဂီတသံ သဲ့သဲ့လေးက ယွီးရှောင်ရှောင်ရဲ့ နားထဲကို ဝင်လာတယ်။ နန်းတော်ထဲမှာ နေဖူးတဲ့ ယွီးရှောင်ရှောင်ကတော့ စဉ်းစားနေစရာတောင် မလိုပါဘူး။ ဒါ သေချာပေါက် အဲဒီ စောက်သုံးမကျတဲ့ ဘုရင်ပဲ။ ဘယ် အလှလေးရဲ့ ရင်ဘတ်ထဲသွားတိုးနေပြန်ပြီလဲ။

"ဝူး... ဝူး... ဝူး..."

ယွီးရှောင်ရှောင်တစ်ယောက် နန်းတော်ထဲကနေထွက်ပြီး တစ်မြို့လုံးက ဘုန်းကြီးကျောင်းတွေကို နေရာအနှံ့လိုက်ရှာဖို့ ပြင်နေတုန်း၊ နန်းဆောင်တစ်ခုကို ဖြတ်သွားရင်း ကလေးငယ်တစ်ယောက်ရဲ့ ငိုသံကို ကြားလိုက်ရတယ်။ အဲဒီငိုသံက နန်းဆောင်ရဲ့ တောင်ဘက်ထောင့် တစ်နေရာကနေ ထွက်ပေါ်လာတာ။ ယောကျ်ားလေးလား၊ မိန်းကလေးလား ဆိုတာတောင် ခွဲခြားလို့ မရတဲ့ ငိုသံကြောင့် ယွီးရှောင်ရှောင် ခြံတံတိုင်းကို ကျော်ပြီး အဲဒီနန်းဆောင်ထဲကို ဝင်သွားတော့တယ်။ ကလေးငယ်ဆိုတာ လူသားတွေရဲ့ အဖိုးတန်ရတနာလေးတွေပဲလေ၊ ဒီလို ညဉ့်နက်သန်းခေါင်ကြီးမှာ ရတနာလေးကို ဘယ်လိုလုပ် အငိုခံခိုင်းလို့ ဖြစ်ပါ့မလဲ။

...

All Chapters