အခန်း ၇၆
Vol. 8 Ch. 76
အခန်း (၇၆) ညအချိန် လျှို့ဝှက်တွေ့ဆုံ
မိန်းကလေးခမျာ ဝမ်းသာလုံးတွေ စို့နေလေရဲ့။ ကျင်းမော့ရဲ့ ခုတင်ပေါ်မှာ တစ်ညလုံး အိပ်စက်ခွင့်ရတယ်ဆိုတာ ခုနက သူမ ပြုစုပေးလိုက်တာတွေကို မင်းသားကြီး အတော်သဘောကျသွားပြီဆိုတဲ့ အဓိပ္ပာယ်ပဲလေ။ ဒါဆို မင်းသားကြီးရဲ့ ယုယကြင်နာမှုတွေကို နောက်ထပ် ရက်အနည်းငယ်လောက် ထပ်ပြီး ဇိမ်ခံခွင့်ရဦးမှာပေါ့။
ကျင်းမော့ကတော့ မျက်လုံးတွေကို မှိတ်ထားရင်း ချစ်တင်းနှောပြီးခါစ လူတစ်ယောက်ရဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ လေသံတိုးတိုးလေးနဲ့ ပြောလိုက်တယ်။ "အိပ်တော့လေ"
မိန်းကလေးကလည်း သူမရဲ့ ခန္ဓာကိုယ်လေးကို တတ်နိုင်သမျှ ကွေးကွေးလေးလုပ်ပြီး သိမ်ငယ်ကျိုးနွံတဲ့ ဟန်လေးနဲ့ ကျင်းမော့ရဲ့ဘေးမှာ တိုးဝှေ့ ကပ်မှီနေလိုက်တော့တာပေါ့။
အဲဒီအချိန်မှာပဲ ကျင်းမော့ဆီကနေ "ကိုယ်နဲ့အတူ ကျူးယိပြည်ကို လိုက်ခဲ့ချင်လား" ဆိုတဲ့ အသံက ရုတ်တရက် ထွက်လာပါရော။
ဆိုတော့ကား မိန်းကလေးကလည်း ကပျာကယာပဲ ချွဲပျစ်ပျစ် အသံလေးနဲ့ ပြန်ဖြေလေရဲ့။
"ကျွန်တော်မျိုးမရဲ့ ကံထူးမှုကြီးပါပဲရှင်"
"ဒါပေမဲ့ မင်းက ဖုန်ထျန်းပြည်သူလေ”
"မင်းသားကြီးရဲ့ အချစ်တော်သာ ဖြစ်ခွင့်ရမယ်ဆိုရင် ဖုန်ထျန်းသူ မလုပ်ရလည်း ကိစ္စမရှိပါဘူး" မိန်းကလေးက အသက်ရှူသံပြင်းပြင်းလေးနဲ့ ပြောလိုက်တာ။
ကျင်းမော့က မျက်လုံးတွေကို ဖွင့်ကြည့်လိုက်တယ်။ ဒီမိန်းကလေးက သာမန် ပြည့်တန်ဆာမျိုး မဟုတ်ဘဲ သူ့ကို ဖျော်ဖြေဖို့အတွက် ဖုန်ထျန်းနန်းတော်ကနေ တမင်ပို့ပေးလိုက်တဲ့ နန်းတွင်းအပျိုတော်လေးလေ။
မိန်းကလေးက ကျင်းမော့ မျက်လုံးဖွင့်ပြီး သူ့ကို ကြည့်နေတာမြင်တော့ ကပျာကယာ ပြုံးပြလိုက်လေတယ်။ "မင်းသားကြီး၊ ကျွန်တော်မျိုးမက မင်းသားကြီးရဲ့ လူဖြစ်နေပါပြီ။ ကျွန်တော်မျိုးမရဲ့ အသက်က မင်းသားကြီး သဘောတော်ကျပါ"
"ဒါဆို ကိုယ်တော့်ကို လင်းလုံမင်းသမီးအကြောင်းလေး ပြောပြပါလား" ကျင်းမော့က ပြုံးလိုက်ပြီး မေးလေရဲ့။
မိန်းကလေး ခဏကြောင်သွားပေမဲ့ ကျင်းမော့ကို အကြောင်းရင်းတော့ မမေးရဲရှာပါဘူး။
"ကျွန်တော်မျိုးမက မင်းသမီးကြီးကို အလုပ်အကျွေး မပြုဖူးပါဘူးရှင်" လို့ပဲ တိုးတိုးလေး ဖြေလိုက်တယ်။
"တစ်ခါလေးတောင် မမြင်ဖူးဘူးလား”
ကျွန်ဆိုတာ သခင်ဟောင်းတွေရဲ့ နောက်ကြောင်းတွေကို မပြောရဘူး။ ဒါဟာ အစေခံကျင့်ဝတ်ကို နားလည်တဲ့သူတွေ တင်းတင်းကျပ်ကျပ် စောင့်ထိန်းကြတဲ့ စည်းမျဉ်းတစ်ခုပဲ။ ဒါပေမဲ့ ဒီမိန်းကလေးက အပျိုတော်အဖြစ်ကနေ လာတာဆိုတော့ ဒီအကြောင်းတွေကို သိပ်နားမလည်ရှာဘူးလေ။ ကျင်းမော့က လင်းလုံမင်းသမီးအကြောင်းကို စိတ်ဝင်စားနေတဲ့အပြင် ဒီမနက်ကလည်း လင်းလုံမင်းသမီးက ကျင်းမော့ကို ဒေါသထွက်အောင် လုပ်လိုက်တယ်ဆိုပြီး ကျင်းမော့ရဲ့ အစေခံတချို့ အတင်းတုတ်နေကြတာကို ကြားထားသေးတယ်။ ဆိုတော့ကား မိန်းကလေးက သက်ပြင်းဖွဖွချလိုက်ပြီး ကျင်းမော့ကို ဆက်ပြောပြတော့တာပဲ။
"မင်းသမီးကြီးက မိဖုရားခေါင်ကြီး အလိုလိုက်တာကို ခံထားရတော့ ကိုယ့်ကိုယ်ကိုယ် ဘာမှတ်နေလဲ မသိပါဘူး။ ကုမိသားစုက တတိယသခင်လေးနဲ့ လက်ထပ်ရတာလည်း မိဖုရားကျောင်းရဲ့ အတင်းအကျပ် ခိုင်းစေမှုကြောင့်လို့ ကြားတာပဲ။ ရယ်ရတာက မိဖုရားကျောင်းကို မင်းသမီးကြီးက လူကောင်းလို့ ထင်ခဲ့တာပဲ"
လောလောဆယ်တော့ ကျင်းမော့ဘေးမှာ ယွီးကျစ်မင်ဆိုတဲ့ ကလေးပေါက်စကို ဆွဲမထားတဲ့ ယွီးရှောင်ရှောင်ကြီးကတော့ ဆွံ့တွေကိုအလို့။ ယုန်ဖြူလေးလို ရိုးအလွန်းလို့ အမှားလေး နည်းနည်းပါးပါး လုပ်မိတာကို လူတိုင်းက အဲဒီလောက်ထိ ဘလိမ်းနေစရာ လိုလို့လား။ နောက်ပြီး ကုရှင်းလန်နဲ့ လက်ထပ်တယ်ဆိုတာကလည်း သူမသဘောဆန္ဒအရ လုပ်ခဲ့တာလေ။ ဒီလို ဉာဏ်ပညာကြီးမားတဲ့ ဆုံးဖြတ်ချက်ကြီးကိုတောင် ငတုံးမကြီးရဲ့ လုပ်ရပ်ဆိုပြီး အပြောခံနေရသေးတယ်ပေါ့။
ကျင်းမော့ကတော့ ဘယ်အချိန်တည်းက မျက်လုံးတွေ ပြန်မှိတ်သွားမှန်းတောင် မသိပါဘူး။ မိန်းကလေးပြောတာတွေကိုလည်း ဟုတ်တယ်၊ မဟုတ်ဘူး ဘာမှ ဝင်မပြောဘူး။
မိန်းကလေးကလည်း ကျင်းမော့ဘက်ကနေ ရပ်ခိုင်းတာမျိုး မရှိတော့ "မင်းသမီးကြီးက မိဖုရားကျောင်းကို အမြဲတမ်း သဘောကျနေခဲ့တာ၊ သူက..." ဆိုပြီး ဆက်ပြောဖို့ လုပ်တယ်။
အဲဒီမှာတင် ယွီးရှောင်ရှောင်က အလှလေးရဲ့ လည်ကုပ်ကို လက်စောင်းနဲ့ 'ခွပ်' ကနဲ နေအောင် ခုတ်ချလိုက်တော့တယ်။ ဒီအလှလေးကို ဆက်ပြောခွင့် ပေးထားလို့ မဖြစ်တော့ဘူးလေ။ ဒီထက်သာ ဆက်ပြောခိုင်းထားရင် သူမက မိဖုရားကျောင်းနဲ့ ခုတင်ပေါ်မှာ ဒီဂျေပွတ်တယ်လို့ အပြောခံရတော့မဲ့ကိန်းပဲ။
မျက်နှာပေါ်ကို လေအေးတစ်ချက် ဖြတ်တိုက်သွားသလို ခံစားလိုက်ရလို့ ကျင်းမော့ မျက်လုံးကို ဖွင့်ကြည့်လိုက်တဲ့ တစ်ပြိုင်နက်တည်းမှာပဲ ကိုယ်ကို လှည့်ပြီး ထိုင်လိုက်လေတယ်။ ကျင်းမော့ရဲ့ လက်ထဲမှာ ဓားတစ်လက်က အသင့်ရှိနေပြီး ဓားသွားက ယွီးရှောင်ရှောင်ရဲ့ လည်မျိုကို ချိန်ရွယ်ထားလျက်သားပေါ့။
ယွီးရှောင်ရှောင်ကလည်း ရှောင်ဖယ်မနေပါဘူး။ လက်တစ်ဖက်က ယွီးကျစ်မင်ကို ဆွဲမထားပြီး နောက်လက်တစ်ဖက်ကို မြှောက်ရင်း ကျင်းမော့ကို လက်ရမ်းပြရင်း "နိဟောင်" လို့ နှုတ်ဆက်လိုက်လေတယ်။
"မင်းက ဘယ်သူလဲ" ယွီးရှောင်ရှောင်က အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို မြင်းမြီးပုံစံလေး စည်းထားတာလေ။ အခန်းထဲမှာ မီးရောင်က လင်းထိန်နေပေမဲ့ ယွီးရှောင်ရှောင်က အလင်းရောင်ကို ကျောပေးပြီး ရပ်နေတာဆိုတော့ ကျင်းမော့က ချက်ချင်း ကြည့်လိုက်ရုံနဲ့ လင်းလုံမင်းသမီးမှန်း မသိလိုက်ဘူး။
အိပ်ခန်းအပြင်ဘက်က ဘာသံမှ မကြားရတာကြောင့် ကျင်းမော့ရဲ့ ရင်ထဲမှာ စိုးရိမ်စိတ်တွေ ဝင်လာတယ်။ သူ ခုနက အသံကျယ်ကျယ်နဲ့ အော်လိုက်တာတောင် သက်တော်စောင့်တွေဆီကနေ ဘာတုံ့ပြန်မှုမှ မရဘူးဆိုတော့ သက်တော်စောင့်တွေ အကုန်လုံး အသတ်ခံလိုက်ရပြီလားလို့တောင် တွေးလိုက်မိတယ်။
"ဘယ်သူက မင်းကို ခိုင်းလိုက်တာလဲ" ကျင်းမော့က ယွီးရှောင်ရှောင်ကို စူးစူးရဲရဲ ကြည့်ပြီး မေးလိုက်တယ်။ "ငါ့အသက်က ဘယ်လောက်တန်လို့လဲ" ဒီလို အနက်ရောင် ဝတ်စုံကြီးနဲ့ ဆိုတော့ လုပ်ကြံသူ မဟုတ်ရင် ဘာဖြစ်နိုင်ဦးမှာလဲ။
"ဘာ" ယွီးရှောင်ရှောင်က ကျင်းမော့အနားကို မျက်နှာလေး တိုးသွားပြီး ပြောလေရဲ့။
"ငါက ယွီးရှောင်... အဲ ဟုတ်ပါဘူး။ ငါက ယွီးလင်းလုံလေ"
သူ့ရှေ့က မျက်နှာကို ကျင်းမော့ သေချာစိုက်ကြည့်လိုက်တော့မှ ဒီမိန်းကလေးက တကယ်ကြီး ယွီးလင်းလုံ ဖြစ်နေလေရဲ့။
ယွီးရှောင်ရှောင်က ကျင်းမော့ကို နောက်တစ်ခါ လက်ရမ်းပြရင်း "နိဟောင်..." လို့ ထပ်နှုတ်ဆက်လိုက်ပြန်တယ်။
နင့်မေကြီးတော်ကို သွားနိဟောင်
ကျင်းမော့ခမျာ သွေးအန်မတတ်တောင် ဖြစ်သွားရှာတယ်။ လက်ထဲက ဓားကလည်း ခုတင်ပေါ် ပြုတ်ကျသွားတာပေါ့။ သူက ယွီးကျစ်ရီကိုတောင် လွှတ်ပေးထားပြီးပြီပဲ။ လင်းလုံမင်းသမီးက သူ့ကို သတ်စရာ အကြောင်းမှ မရှိတာ။
"မင်းသမီးကြီးက ဘာကိစ္စ ရောက်လာရတာလဲ" ကျင်းမော့က ယွီးရှောင်ရှောင်ကို မေးလိုက်လေတယ်။ ညကြီးမင်းကြီး၊ ပြီးတော့ အခုမှ အိမ်ထောင်ကျခါစ အမျိုးသမီးတစ်ယောက်က တခြားယောက်ျားတစ်ယောက်ရဲ့ အိပ်ခန်းထဲကို ဝင်လာတယ်ဆိုတော့ ဒီမင်းသမီးက ဘာတွေများ တွေးနေတာပါလိမ့်။
ယွီးရှောင်ရှောင်က ယွီးကျစ်မင်ကို ကျင်းမော့ရဲ့ ခုတင်ပေါ် တင်ပေးလိုက်ပြီး ပြောလေတယ်။
"ရှင်နဲ့ စကားနည်းနည်း ပြောချင်လို့ လာခဲ့တာ"
"ညသန်းခေါင်ကြီးမှ ဆွေးနွေးစရာ ဘာကိစ္စ ရှိလို့လဲ" ဒါ ညသန်းခေါင်ကြီး ခိုးတွေ့တယ်ဆိုတာ မင်းသမီးကြီး မသိဘူးလား။
ယွီးကျစ်မင်က သူ့ရဲ့ ကိုင်းရိုးလေးလို သေးသွယ်နေတဲ့ လက်ညှိုးလေးနဲ့ ကျင်းမော့ကို ထိုးပြရင်း ထပြောတော့တာပဲ။ "မမ၊ သူက ကိုယ်တုံးလုံးကြီး"
ကျင်းမော့လည်း တောင့်တောင့်ကြီးဖြစ်သွားပြီး ကိုယ့်ကိုယ်ကိုယ် ငုံ့ကြည့်လိုက်တော့မှ ကိုယ်လုံးတီး ဖြစ်နေတာကို သတိထားမိသွားတော့တယ်။
ဟပြဲလေး ဖြစ်နေတဲ့ ပြတင်းပေါက်ဆီကနေ ဆောင်းဦးလေအေးလေး တစ်ချက် တိုက်ခတ်လိုက်လေတော့ မျက်လုံးခြောက်လုံးရဲ့ စူးစိုက်ကြည့်ရှုမှုအောက်မှာပဲ ကျင်းမော့ ရင်ဘတ်က အနီရောင်အစက်လေး နှစ်စက်က ပိုင်ရှင်ဖြစ်သူရဲ့ ထိန်းချုပ်မှုကို လုံးဝမနာခံတော့ဘဲ တဖြည်းဖြည်းနဲ့ ထောင်မတ်လာပါလေရော။
ယွီးရှောင်ရှောင်က မင်းသားကြီးကျင်း ရင်ဘတ်က အနီရောင်အစက်လေး နှစ်စက်ကို ကြည့်ပြီး ဝေဘင်တော့တယ်။
"ရှင် အဝတ်အစားတွေ ချွတ်လိုက်တော့လည်း ခန္ဓာကိုယ် အချိုးအစားက တော်တော်မိုက်သားပဲ။ မထင်ထားမိဘူး" တစ်ချက်ကြည့်လိုက်တာနဲ့တင် နှစ်ရှည်လများ သိုင်းပညာ လေ့ကျင့်ထားသူမှန်း သိသာပါတယ်။ ကုရှင်းလန်လိုပဲ၊ အဝတ်အစား ဝတ်ထားရင် ပိန်ပိန်ပါးပါးလို့ ထင်ရပေမဲ့ အင်္ကျီချွတ်မှပဲ ကျစ်လျစ်ခိုင်မာနေတဲ့ ကြွက်သားတွေကို တွေ့လိုက်ရတာမျိုးလေ။
ကျင်းမော့လည်း မသိစိတ်ကနေ ရှက်ရှက်နဲ့ စောင်ကိုဆွဲပြီး ဖုံးကွယ်လိုက်မိရှာတယ်။ ဒါပေမဲ့ ကိုယ်ပေါ်ကို စောင်ပတ်လိုက်ပြီးမှ မင်းသားကြီး တစ်ယောက် သတိရသွားပြန်တယ်။ သူလို ယောက်ျားကြီး တစ်ယောက်က ဘာကို ရှက်နေရမှာလဲလို့။ တကယ်တမ်း ရှက်ရမှာက ယွီးလင်းလုံ မဟုတ်ဘူးလား။ ခေါင်းမော့ပြီး ကြည့်လိုက်တော့လည်း ကောင်းရော၊ မင်းသမီးကြီးက သူ့ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေတုန်းပဲလေ။
"ဟတ်ချိုး"
အဲဒီအချိန်မှာပဲ ယွီးကျစ်မင်က နှာချေလိုက်ပါရော။
ယွီးရှောင်ရှောင်က ကလေးပေါက်စလေးကို "ချမ်းနေလို့လား" ဆိုပြီး မေးလိုက်တော့ ယွီးကျစ်မင်က ခေါင်းညိတ်ပြရှာတယ်။
ဒါနဲ့ ယွီးရှောင်ရှောင်က ယွီးကျစ်မင်ကို ဆွဲမ,လိုက်ပြီး ကျင်းမော့ရဲ့ စောင်ပုံထဲ ကလေးကို အတင်း ထိုးထည့်ပေးလိုက်တော့တာပဲ။
ကျင်းမော့ခမျာ အပေါ်ပိုင်းမှာလည်း အဝတ်မပါသလို အောက်ပိုင်းကလည်း ဗလာကျင်းနေတာလေ။ ယွီးရှောင်ရှောင်က သူ့စောင်ပုံထဲကို ကလေးတစ်ယောက် ထိုးထည့်လိုက်တော့ လန့်ဖြန့်သွားပြီး စောင်ကို တင်းတင်းကျပ်ကျပ် ဆွဲထားတာများ လုံးဝကို အလွတ်မပေးတော့ဘူး။
ယွီးကျစ်မင်ရဲ့ လက်သေးသေးလေးတွေက စောင်ပုံထဲမှာ ဟိုစမ်းဒီစမ်း လုပ်ကြည့်လိုက်ပြီးတဲ့နောက် ယွီးရှောင်ရှောင်ကို ချက်ချင်းပဲ သတင်းပို့တော့တယ်။
"မမ... သူ... သူ ဘောင်းဘီလည်း ပါပူး"
"မင်း..." ကျင်းမော့ရဲ့ မျက်နှာကြီး နီရဲတက်သွားပြီး ယွီးကျစ်မင်ကို စူးစူးရဲရဲ ကြည့်ရင်း အော်တော့တယ်။ "ဟကောင် လျှောက်မစမ်းနဲ့လေ"
"သူက ကလေးလေးပဲဟာ၊ စမ်းချင်လည်း စမ်းပါစေပေါ့" ယွီးရှောင်ရှောင်က ဝင်ပြောလေတယ်။
"ရှင့်ရဲ့ လူပျိုဂုဏ်သိက္ခာက သေချာပေါက် ထိခိုက်သွားမှာ မဟုတ်ပါဘူး”
ကျင်းမော့မှာတော့... ဆွံ့တွေကိုအလို့။
တကယ်တော့ ဘယ်သူ့ရဲ့ သိက္ခာက ပိုအရေးကြီးနေတာလဲ။
"ချမ်းနေသေးလား" လို့ ယွီးရှောင်ရှောင်က ယွီးကျစ်မင်ကို မေးလိုက်လေတယ်။
ကလေးပေါက်စလေးက ခေါင်းခါပြရင်း "သူက ကျင်းမော့လား" လို့ ပြန်မေးတာပေါ့။
ယွီးရှောင်ရှောင်က ခေါင်းညိတ်ပြလေရဲ့။ "သူက နောက်ဆိုရင် မင်း အသေဖက်ထားရမဲ့ ပေါင်လုံးကြီးပဲ။ မြန်မြန်၊ ကျင်းမော့ကို ချစ်စရာကောင်းအောင် တစ်ချက်လောက် ပြုံးပြလိုက်စမ်း"
ကျင်းမော့ခမျာ ယွီးရှောင်ရှောင် ဘာတွေပြောနေမှန်း လုံးဝကို နားမလည်တော့ဘူး။ ဆိုတော့ကား သတိမေ့နေတဲ့ မိန်းကလေးကို လက်ညှိုးထိုးပြရင်း "အရင်ဆုံး သူ့ကို တစ်နေရာရာ သွားထားလိုက်ပါဦး" လို့ ပြောလိုက်လေတယ်။
အလှလေးရဲ့ ကိုယ်ပေါ်မှာတော့ စောင်ခြုံထားရက်သားလေးလေ။ ယွီးရှောင်ရှောင် ဆော်လိုက်လို့ သတိလစ်သွားပေမဲ့ မိန်းမပျိုလေးရဲ့ အရှက်ကတော့ ပေါ်မသွားရှာပါဘူး။ ယွီးရှောင်ရှောင်လည်း အလှလေးကို စောင်ရော လူပါ ပွေ့ချီပြီး အခန်းကန့်ရဲ့ အပြင်ဘက်က ကုလားထိုင်ပေါ် သွားတင်ထားပေးလိုက်တယ်။
ကျင်းမော့က အဲဒီအချိန်လေးကို အခွင့်ကောင်းယူပြီး အပြင်ဝတ်ရုံတစ်ထည်ကို ကပျာကယာ ကောက်စွပ်လိုက်ရတော့တာပေါ့။ ဖင်ပြောင်ကြီးနဲ့ စောင်ပုံထဲမှာ လူမိသွားတယ်ဆိုတာ မင်းသားကြီးအတွက်တော့ ကမ္ဘာတည်စကတည်းကဆိုရင် ဒါက ပထမဆုံးအကြိမ် ကြုံဖူးတာပဲလေ။ ခံစားချက်ကြီးကတော့... မင်းသားကြီးကျင်းခမျာ အိပ်မက်ဆိုးတစ်ခု ဖြစ်ပါစေလို့ပဲ ဆုတောင်းနေမိတော့တယ်။
ယွီးရှောင်ရှောင်လည်း အလှလေးကို နေရာချပေးပြီး ပြန်လာတယ်။ ပြီးမှ ခုတင်ဘေးမှာ ဝင်ထိုင်လိုက်ပြီး ကျင်းမော့ကို ပြောတာပေါ့။ "ကဲ... ငါတို့ စကားနည်းနည်း ပြောရအောင်"
ကျင်းမော့ကတော့ ယွီးရှောင်ရှောင်ကို ကြည့်ရင်း 'ဟာ... ဒါ အိပ်မက်ဆိုး မဟုတ်ပါလား' လို့ တွေးလိုက်မိတယ်။
"မင်းသမီးက ညသန်းခေါင်ကြီး လာလည်တယ်ဆိုတာ သိပ်တော့ ယဉ်ကျေးရာ မကျဘူးနော်" ကျင်းမော့က မျက်နှာကြီးမည်းရင်း ယွီးရှောင်ရှောင်ကို ပြောလိုက်တယ်။
"ဒီသတင်းသာ အပြင်ရောက်သွားရင် ဖြစ်သွားမဲ့ မင်းသမီးရဲ့ ဂုဏ်သိက္ခာကိုရော ထည့်တွေးထားရဲ့လား"
ဂုဏ်သိက္ခာဆိုတဲ့ အရာကြီးက စားလို့ရလို့လား။ ယွီးရှောင်ရှောင်က နှုတ်ခမ်းကို အရင်သပ်လိုက်တာပေါ့။
"ဒါဆိုလည်း ရှင် အရင်ဆုံး ဘောင်းဘီဝတ်လိုက်ပါလား"
ဘော
ကျင်းမော့ခမျာ ဒေါသထွက်လွန်းလို့ ခုန်တောင် ပေါက်ချင်သွားတယ်။ မင်းရဲ့ ဂုဏ်သိက္ခာနဲ့ ငါ ဘောင်းဘီ ဝတ်တာ၊ မဝတ်တာနဲ့ ဘာဆိုင်လို့လဲ။ တကယ်ကြီး ဘာဆိုင်လို့လဲ။ ငါက မင်းကို မုဒိမ်းကျင့်မလို့မှ မဟုတ်တာ။ မင်းဘာသာမင်း ငါ့အဝတ်ချွတ်ထားတာကို လာကြည့်နေတာလေကွာ။
...