← Chapters

အခန်း ၇၇

Vol. 8 Ch. 77

အခန်း ၇၇

Vol. 8 Ch. 77

အခန်း (၇၇) မိန်းမတွေက ယောက်ျားတွေထက် နိမ့်ကျတယ်လို့ ဘယ်သူပြောလဲ

"သူက ဘယ်သူလဲ" ကျင်းမော့က ဒေါသကို တစ်ခဏလောက် မျိုသိပ်ထားလိုက်ပြီး ယွီးကျစ်မင်ဘက်ကို မေးငေါ့ပြရင်း ယွီးရှောင်ရှောင်ကို မေးလိုက်တယ်။

"ယွီးကျစ်မင်လေ၊ ငါတို့အိမ်က အငယ်ကောင် ခြောက်။ ရှင်နဲ့အတူ ကျူးယိပြည်ကို လိုက်သွားရမဲ့ တစ်ယောက်"

"နေပါဦး" ကျင်းမော့က ယွီးရှောင်ရှောင်ကို လက်ကာပြလိုက်ပြီး သူ့ကို အချိန်နည်းနည်းပေးဖို့နဲ့ သေချာ စဉ်းစားပါရစေဦးဆိုတဲ့ သဘောမျိုး လုပ်လိုက်တယ်။

ယွီးရှောင်ရှောင်လည်း ပါးစပ်လေးစိရင်း ထိုင်စောင့်နေလိုက်ရတာပေါ့။

"သူက ယွီးကျစ်မင်လား" လို့ ကျင်းမော့က ထပ်မေးပြန်တယ်။

ယွီးရှောင်ရှောင်က ခေါင်းညိတ်လိုက်လေရဲ့။

"သူက မိဖုရားကျောင်းရဲ့ သားပေါ့။ ဟုတ်လား" ကျင်းမော့က ထပ်မေးပြန်တယ်။

ယွီးရှောင်ရှောင်က ထပ်ပြီး ခေါင်းညိတ်ပြလိုက်ပြန်တယ်။ ယွီးကျစ်မင်က မိဖုရားကျောင်းရဲ့ သားဆိုတာ မေးနေစရာ လိုသေးလို့လား။

"ရှင် အဆင်ပြေရဲ့လား" ယွီးရှောင်ရှောင်က ကျင်းမော့ကို မေးလိုက်တာပေါ့။ မိန်းမတစ်ယောက်နဲ့ တစ်ချီလောက် လုပ်ရတာကိုတောင် အားမရသေးလို့များလား။ ထန်နေတုန်းဆိုတော့ သူမနဲ့ စကားပြောရတာ လိုင်းမတူသလို ဖြစ်နေတာလား။

ကျင်းမော့က သူ့နားထင်ကို သူဖိရင်း ပြောလိုက်တာပေါ့။

"ငါက ဘာဖြစ်ရမှာလဲ။ သူက မိဖုရားကျောင်းရဲ့ သားဆိုတာကို မင်း သိသိကြီးနဲ့ သူ့ကို ငါ့ဆီ ခေါ်လာသေးတယ်ပေါ့လေ"

"မိဖုရားကျောင်းရဲ့ သားကို ရှင့်ဆီ ခေါ်လာတော့ကော ဘာဖြစ်လို့လဲ" ယွီးရှောင်ရှောင်က ပြန်မေးလိုက်တယ်။

"မင်းက သူ့ကို အဲဒီလောက်တောင် သေစေချင်နေတာလား" ကျင်းမော့က ပြောလိုက်လေရဲ့။ ကိုယ့်မောင်ကို ကိုယ်တိုင် သတ်ရမှာလည်း စိုး၊ ကုရှင်းလန်ကိုပါ ဂယက်ရိုက်သွားမှာ စိုးရိမ်လို့ သူ့ဆီလာပြီး လူသတ်ဖို့ အကူအညီ လာတောင်းတာပေါ့လေ။ ကျင်းမော့က ယွီးရှောင်ရှောင်ကို စိုက်ကြည့်ရင်း ပြောလိုက်တယ်။

"သူသာ သေသွားရင် ငါက ယွီးကျစ်ရီကိုပဲ ကျူးယိပြည်ကို ခေါ်သွားရလိမ့်မယ်ဆိုတာ မင်း မသိဘူးလား"

ယွီးရှောင်ရှောင်ကတော့ မျက်နှာသေလေးနဲ့ ရပ်နေပေမဲ့ ရင်ထဲမှာတော့ အတော်လေးကို နားလည်ရခက်သွားတယ်။ ဒါနဲ့ပဲ ကျင်းမော့ကို ပြန်မေးလိုက်တာပေါ့။

"ငါက ဘာကိစ္စ သူ့ကို သတ်ရမှာလဲ။ ဘယ်သူကမှလည်း သူ့ကို သတ်ချင်နေတာ မဟုတ်ဘူးလေ"

"ဒါဆို လူသတ်ဖို့ ငါ့ကို အကူအညီတောင်းချင်တာ မဟုတ်ဘူးဆိုရင် မင်းက သူ့ကို ဘာလုပ်ဖို့ ခေါ်လာရတာလဲ"

ယွီးရှောင်ရှောင်က ကျင်းမော့ရဲ့ စကားတွေကို အကြောင်းအကျိုး ဆက်စပ်ကြည့်ဖို့ ကြိုးစားလိုက်ပါသေးတယ်။ ဒါပေမဲ့ သူမက ပါးနပ်လိမ္မာတဲ့သူမှ မဟုတ်တာ။ ဒီလို အကြံအစည်ကြီးမားလှတဲ့ ခေတ်ဟောင်းက အာဏာကစားတဲ့သူတစ်ယောက်ရဲ့ စိတ်တွင်းက တိုင်းပြည်ရေးအကွက်တွေကို ဘယ်လိုလုပ် နားလည်နိုင်ပါ့မလဲ။ ယွီးရှောင်ရှောင် အတော်ကြာကြာ စဉ်းစားကြည့်ပေမဲ့လည်း စဉ်းစားလို့ မရတာကြောင့် ကျင်းမော့ကို ဒီအတိုင်းပဲ ရှင်းပြလိုက်တော့တယ်။

"ရှင် သူ့ကိုပိုပြီး ဂရုစိုက်ပေးစေချင်လို့ပါ။ သူက ငယ်သေးတယ်လေ။ အဖေနဲ့အမေက အသုံးမကျပေမဲ့ ငါတို့အိမ်က ရှောင်လျို့လေးကတော့ တော်တော်လေး ချစ်စရာကောင်းတယ် မဟုတ်လား"

ဒီတစ်ခါတော့ ယွီးရှောင်ရှောင်ရဲ့ စကားတွေကို ခေါင်းစားခံပြီး စဉ်းစားရမဲ့ အလှည့်က ကျင်းမော့ဆီ ရောက်သွားပြီ။ အဖေနဲ့အမေက အသုံးမကျဘူးဆိုတဲ့ စကားမှာ မိဖုရားကျောင်းကို ဆဲတယ်ဆိုရင်တောင် ထားလိုက်ပါတော့၊ ကိုယ့်အဖေရှန်းကျုံးကိုပါ တစ်ပါတည်း သိမ်းကျုံးဆဲလိုက်တာမျိုးက တကယ်ပဲ လုပ်သင့်တဲ့ကိစ္စလားပေါ့။

ယွီးရှောင်ရှောင်က ယွီးကျစ်မင်ကို မျက်စိတစ်ချက် မှိတ်ပြလိုက်တယ်။

မောင်နှမနှစ်ယောက်ကလည်း လာကတည်းက တိုင်ပင်ထားခဲ့ကြတာလေ။ အစ်မဖြစ်သူက မျက်စိမှိတ်ပြလိုက်တာနဲ့ မောင်လေးဖြစ်သူက ချက်ချင်းဆိုသလို ချစ်စရာကောင်းအောင် လုပ်ပြဖို့ပေါ့။

ယွီးကျစ်မင်ကလည်း ကျင်းမော့ကို သွားလေးဖြီးပြီး ပြုံးပြလိုက်ရင်း သူရဲ့ မျက်လုံးဝိုင်းဝိုင်းကြီးတွေကို အားရပါးရ ပုတ်ခတ်ပုတ်ခတ် လုပ်ပြလိုက်တော့တယ်။

ကျင်းမော့ခမျာ ခေါင်းတွေတောင် ကိုက်လာသလိုပဲ၊ တစ်ဆစ်ဆစ်နဲ့ကို ကိုက်လာတာ။ အခုတလော ဘာတွေ ဖြစ်နေတာပါလိမ့်။ ဉာဏ်ပညာကြီးမားလှပါတယ်ဆိုတဲ့ မင်းသားကြီးကျင်းခမျာ သူ့တစ်သက်နဲ့တစ်ကိုယ် ပထမဆုံးအကြိမ်အဖြစ် သူ့ဉာဏ်ရည်ကို သူ ပြန်သံသယဝင်သွားရတော့တယ်။ သူ ငတုံးများ ဖြစ်နေပြီလားပေါ့။ ယွီးလင်းလုံရဲ့ အကြံအစည်တွေကို ဘာလို့ နားမလည်နိုင်ရတာလဲ။

ယွီးရှောင်ရှောင်ကတော့ ကျင်းမော့ရဲ့ တွန့်ချိုးနေတဲ့ မျက်ခုံးကြီးကို ကြည့်ပြီး တွေးနေမိလေတယ်။ ငါများ လွန်ကျူးတဲ့ တောင်းဆိုမှုတစ်ခုကို လုပ်လိုက်မိတာလား။ ကလေးတစ်ယောက်ကို စောင့်ရှောက်ပေးရတာက အဲဒီလောက်တောင် အလုပ်ရှုပ်လို့လား။

ကျင်းမော့လည်း အတော်ကြာကြာအောင် စဉ်းစားခန်း ဝင်နေလိုက်သေးတယ်။ ယွီးကျစ်မင်တစ်ယောက် ခေါင်းတညိတ်ညိတ်နဲ့ အိပ်ငိုက်နေတာကို မြင်တော့မှ ကလေးကို အိပ်စေဖို့ သူ့ကျောဘက်မှာ လှဲသိပ်ပေးလိုက်တယ်။ ပြီးမှ ယွီးရှောင်ရှောင်ကို လေသံတိုးတိုးလေးနဲ့ မေးလိုက်တာပေါ့။

"မင်း ဒီလိုလုပ်လိုက်ရုံနဲ့ သူတို့သားအမိနှစ်ယောက်ကို သွေးကွဲသွားစေနိုင်မယ် ထင်နေတာလား"

"ဘာ"

"သားအမိဆိုတာ နှလုံးသားချင်း ဆက်သွယ်နေကြတာလေ" ကျင်းမော့က ယွီးရှောင်ရှောင်ရဲ့ လုပ်ရပ်ကို သိပ်ပြီး လွယ်လွယ်တွေးလွန်းတယ်လို့ ထင်နေတာပါ။

"အခု မင်းက သူ့ကို နည်းနည်းပါးပါး ဂရုစိုက်ပေးလိုက်ရုံနဲ့ ဆဋ္ဌမမင်းသားလေးက မိဖုရားကျောင်းကို ခင်တွယ်တော့မှာ မဟုတ်ဘဲ မင်းလို အစ်မတော်ကိုပဲ လာကပ်တော့မယ်လို့ ထင်နေတာလား။ မင်းသမီး... သူရော သတ္တမမင်းသားလေးပါ မင်းသားတွေချည်းပဲလေ။ သတ္တမမင်းသားလေးက မိဖုရားခေါင်ကြီးရဲ့ သားအရင်း ဖြစ်နေတယ် ဆိုဦးတော့၊ နောင်တစ်ချိန် မိဖုရားကျောင်းသာ မိဖုရားခေါင်ကြီး နေရာကို ရသွားရင် ဒီကလေးကလည်း မိဖုရားခေါင်ကြီးရဲ့ သားအရင်းဆိုတဲ့ ဂုဏ်ပုဒ်ကို ရလာမှာပဲလေ။ အဲဒီအခါကျရင် သူက သတ္တမမင်းသားရဲ့ အောက်မှာ ကျေကျေနပ်နပ်ကြီး ခေါင်းငုံ့ပြီး နေပါ့မယ်လို့ မင်းက ထင်နေတာလား"

ယွီးရှောင်ရှောင်ကတော့ ကျင်းမော့ရဲ့ စကားကို ဆုံးအောင် နားထောင်ပြီးတာနဲ့ ချက်ချင်းပဲ ခေါင်းခါပြလိုက်ပြီး "နားမလည်ဘူး" လို့ ပြောချလိုက်တော့တယ်။

ကျင်းမော့ကြီးခမျာ ဒေါသထွက်လွန်းလို့ ရယ်တောင် ရယ်ချင်သွားတယ်။ "မင်းသမီး ကျုပ်ရှေ့မှာ နားမလည်ချင်ယောင် ဆောင်နေလည်း ကိစ္စမရှိပါဘူး။ မင်းသမီးရဲ့ ရင်ထဲမှာ ကြေးမုံပြင်လို ရှင်းလင်းနေဖို့ပဲ လိုတာပါ"

ရင်ထဲမှာ ကြေးမုံပြင်လို ရှင်းလင်းနေတယ်... ဒါက ဘာအဓိပ္ပာယ်ကြီးလဲ။ ငါ့ရင်ဘတ်ထဲကို မှန် ထည့်စိုက်ခိုင်းနေတာလား။ ဒါကြီးက ဘယ်လို ရူးကြောင်ကြောင် တောင်းဆိုမှုကြီးလဲ။ ယွီးရှောင်ရှောင်က ကျင်းမော့ကို ခေါင်းခါပြရင်း "အဲဒါကိုတော့ ငါ လုပ်မပေးနိုင်ဘူးနော်" လို့ ငြင်းလိုက်တော့တယ်။

ကျင်းမော့ခမျာ ယွီးရှောင်ရှောင်ကို ထထိုးချင်စိတ်တွေတောင်ပေါက်လာတော့တယ်။ ဒီလောက်ထိ အရူးကွက်နင်းပြနေတာ သိပ်အရသာတွေ့နေများလို့လား။

"နင်က ငါတို့အိမ်ရဲ့ ရှောင်လျို့လေးကို သေချာဂရုစိုက်ပေးရင် ရပါပြီ" လို့ ယွီးရှောင်ရှောင်က ပြောလိုက်လေတယ်။

"မိဖုရားကျောင်း နောက်ထပ် သားတစ်ယောက် ထပ်မွေးနိုင်ဖို့ဆိုတာ အဲဒီလောက် လွယ်ပါ့မလား။ ရှောင်လျို့လေး ရှင့်လက်ထဲမှာ အသက်ရှင်နေသရွေ့ ကျောင်းချိုးမင် ဆိုတဲ့ကောင်က ရှင့်စကားကို သေချာပေါက် နားထောင်ရတော့မှာလေ။ သူ့ကိုခိုင်းပြီး ရှင့်ညီကို ဒုက္ခပေးခိုင်းလည်း ရတယ်။ သူ့ဆီက ငွေညှစ်လည်း ရတာပဲ။ ဘာပဲဖြစ်ဖြစ် သူ့စရိုက်က အောက်တန်းကျကျနဲ့ ပိုက်ဆံကလွဲရင် ဘာမှမရှိတဲ့ ကောင်မျိုးပဲဟာ"

ကျင်းမော့ရဲ့ ခေါင်းကိုက်ဝေဒနာက ပိုလို့တောင် ဆိုးလာတော့တယ်။ ဒါနဲ့ပဲ ယွီးရှောင်ရှောင်ကို ပြောလိုက်ရတော့တာပေါ့။

"ငါ နားလည်နိုင်မဲ့ စကားမျိုး နည်းနည်းလောက် ပြောလို့မရဘူးလား"

"ရှင်က ဘယ်စကားကို နားမလည်တာလဲ" ယွီးရှောင်ရှောင်က ပြန်မေးလေတယ်။

"မင်းက ကျောင်းချိုးမင်နဲ့ ကျင်းချန်တို့ ကိစ္စကို သိနေတာလား"

ယွီးရှောင်ရှောင် တစ်ချက် ကြောင်အသွားတယ်။ ကျင်းချန်ဆိုတာ ကျင်းမော့ရဲ့ ညီ မဟုတ်ဘူးလား။ အဲဒီလူက ကျောင်းချိုးမင်နဲ့ ဘာပတ်သက်စရာ ရှိလို့လဲပေါ့။

ကျင်းမော့က ယွီးရှောင်ရှောင်ကို ကြည့်ပြီး မေးလိုက်လေတယ်။ "မင်းသမီးက ကျုပ်ကို ကူညီဖို့ သဘောတူလိုက်ပြီပေါ့လေ"

ယွီးရှောင်ရှောင်က ခေါင်းညိတ်ပြလိုက်တယ်။ ချစ်သူရည်းစား မဖြစ်နိုင်ရင်တောင် ဘော်ဒါတွေ အဖြစ်တော့ ပေါင်းလို့ရသေးတာပဲ။

"ဒါဆို ကျင်းချန်ကို ဘယ်လို နှိမ်နင်းသင့်တယ်လို့ မင်းသမီး ထင်လဲ"

ဒီကောင်(ကျင်းမော့)က အဖေကိုသတ် ညီကိုသတ်ပြီး ထီးနန်းလုမဲ့ကောင်ပဲ။ ကျင်းချန်ကို ဘယ်လို နှိမ်နင်းရမလဲဆိုတာ သူမက ဝင်ပြောနေစရာ လိုသေးလို့လား။ ယွီးရှောင်ရှောင်က ကျင်းမော့ကို ဒီအတိုင်းပဲ ပြောချလိုက်တယ်။

"အဖေ့မေတ္တာကို မရနိုင်ဘူးဆိုရင်လည်း အတင်းအကျပ်ကြီး တောင်းဆိုမနေပါနဲ့တော့။ ကိုယ်တိုင်ကသာ အင်အားကြီးနေရင် ဘယ်သူ့ကို ကြောက်စရာလိုသေးလို့လဲ"

ကျင်းမော့က ယွီးရှောင်ရှောင်ကို ငေးကြောင်ပြီး ကြည့်နေမိတာပေါ့။

ယွီးရှောင်ရှောင်ကတော့ ရင်ထဲမှာ ကျင်းမော့ကို နည်းနည်းလေး သနားသွားမိရှာတယ်။ အဖေ့မေတ္တာမရတဲ့ ကလေးဆိုတော့ ရင်ထဲမှာ အတော်လေး ခါးသီးနေရှာမှာပေါ့လေ။

ကျင်းမော့က သူ့မျက်လုံးတွေကို လက်နဲ့ တစ်ချက်ပွတ်သပ်လိုက်လေရဲ့။ ထီးနန်းလုပွဲမှာ တချို့က ဉာဏ်နီဉာဏ်နက်တွေနဲ့ ကစားကြသလို တချို့ကျတော့လည်း အကြွင်းမဲ့ အာဏာရှင်လမ်းစဉ်ကို လျှောက်ကြတာပဲ။ အရင်က သူ လမ်းမှားရွေးခဲ့တာ ဖြစ်မယ်။ မယ်တော်က မျက်နှာသာမရ၊ ခမည်းတော်ကလည်း သူ့မယ်တော်ရဲ့ ဆွေမျိုးတွေကို ရန်သူလို သဘောထားနေမှတော့ သူက ဘယ်လောက်ပဲ မျက်နှာသာရဖို့ တောင်းဆိုတောင်းဆို၊ ဘယ်လောက်ပဲ အကြံအစည်တွေ ထုတ်ထုတ် ဘာများ ရလာမှာမို့လို့လဲ။ လင်းလုံမင်းသမီး ပြောတာ မမှားဘူး။ မရနိုင်တဲ့ အရာကို ဘာလို့ အတင်းအကျပ် လိုချင်နေရမှာလဲ။ သူဆိုတဲ့ ကျင်းမော့က ဘုရားတားရင် ဘုရားကိုခုတ်၊ မာရ်နတ်တားရင် မာရ်နတ်ကို သတ်ပစ်မဲ့ အကြွင်းမဲ့ အာဏာရှင်လမ်းစဉ်ကို ဘာလို့ မလျှောက်ရမှာလဲပေါ့။

မျက်လုံး ပြန်ဖွင့်ပြီး ယွီးရှောင်ရှောင်ကို ကြည့်လိုက်တဲ့ အခါမှာတော့ ကျင်းမော့ရဲ့ အကြည့်တွေက အတော်လေး နက်ရှိုင်းနေပြီး ခဏကြာမှ စကားပြန်ပြောလာတယ်။

"မင်းသမီးက ယောက်ျားလေး မဖြစ်လာတာ နှမြောစရာပဲ"

ယွီးရှောင်ရှောင်က မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး ပြန်ပက်လေရဲ့။ "မိန်းမဖြစ်တော့ ဘာဖြစ်လဲ။ မိန်းမတွေက ယောက်ျားတွေထက် ညံ့တယ်လို့ ဘယ်သူပြောလဲ"

"မိန်းမတွေက ယောက်ျားတွေထက် ညံ့တယ်လို့ ဘယ်သူပြောလဲ" ဆိုတဲ့ စကားကို ကျင်းမော့က စိတ်ထဲကနေ တစ်ချက် ရေရွတ်လိုက်ပြီး ပြုံးစိစိနဲ့ ဆိုလေရဲ့။ "မင်းသမီးက ရည်မှန်းချက် ကြီးမားလှပါလား"

သူမက နောင်တစ်ချိန်ကျရင် ဧကရီဘုရင်မကြီး လုပ်မဲ့သူလေ။ ရည်မှန်းချက်လေး နည်းနည်းမှ မရှိရင် ဘယ်ဖြစ်ပါ့မလဲ။ (ဟေ့ ဟေ့... နည်းပြကြီးရေ၊ ရှင် တကယ်ကြီး အတွေးချော်နေပြီနော်)

"ကျေးဇူးပါပဲ" ကျင်းမော့က ယွီးရှောင်ရှောင်ကို ကျေးဇူးတင်စကား ဆိုလေတယ်။

ငါ ဘာလုပ်လိုက်လို့လဲ။ ယွီးရှောင်ရှောင်ကတော့ နားမလည်နိုင်အောင် ဖြစ်နေတုန်းပဲ။ ယွီးကျစ်မင်ကို ခေါ်လာပြီး သူနဲ့ သံယောဇဉ် တွယ်အောင် လုပ်ပေးလို့ ကျေးဇူးတင်တာလားပေါ့။

"မင်းရဲ့ မောင်လေးကို သေချာ စောင့်ရှောက်ထားပါ့မယ်"

"ငါ ရှိနေသရွေ့တော့ ကျူးယိပြည်မှာ သူ့အသက်ကို ရန်ရှာနိုင်မဲ့သူ တစ်ယောက်မှ မရှိစေရဘူး”

"သူ့အတွက် ဆရာကောင်းကောင်းလေးတွေ ထပ်ရှာပေးလို့ ရမလား" ယွီးရှောင်ရှောင်က မေးတာပေါ့။

"ဆရာလား။ မင်းသမီးက ဆဋ္ဌမမင်းသားကို ဘာတွေ သင်ပေးစေချင်လို့လဲ" လို့ ကျင်းမော့က ပြန်မေးတယ်။

"အဆင်ပြေသလိုပေါ့" လို့ ယွီးရှောင်ရှောင်က ပြောလိုက်တယ်။ "ကလေးဆိုတာက စာကြိုးစားရမယ်၊ နေ့တိုင်း တိုးတက်နေရမယ်လေ”

ကျင်းမော့က ရယ်မောရင်း ချီးကျူးလိုက်လေတယ်။ "မင်းသမီးရဲ့ အမြင်က တော်တော် မြင့်မားတာပဲ"

"ဒါပေါ့" ပြောရင်းဆိုရင်း ယွီးရှောင်ရှောင်ရဲ့ နှုတ်ခမ်းထောင့်လေးတွေ ကွေးတက်သွားတော့တယ်။ သူမရဲ့ အသိအမြင်က ဒီကမ္ဘာက လူတွေနဲ့ ယှဉ်လိုက်ရင် သေချာပေါက် အများကြီး ပိုပြီး နက်ရှိုင်းနေမှာပေါ့။ ကြားထဲမှာ နှစ်ထောင်ပေါင်း ဘယ်လောက်တောင် ကွာဟနေတာလဲ။

"ဟိုဘက်ခန်းထဲက ပစ္စည်းတွေထဲကနေ မင်းသမီး သဘောကျတာ တစ်ခုခု ရွေးယူသွားလို့ ရပါတယ်" ကျင်းမော့က ယွီးရှောင်ရှောင်ကို ကြည့်ပြီး ပြောလိုက်လေတယ်။

"မင်းသမီးကို ငါ့ဘက်က နောက်ကျမှ ပေးတဲ့ လက်ဆောင်အနေနဲ့ မှတ်လိုက်ပေါ့”

ယွီးရှောင်ရှောင်လည်း ဟိုဟိုဒီဒီ လိုက်ကြည့်လိုက်တယ်။ ပိုက်ဆံမပေးရတဲ့ ပစ္စည်းဆိုတော့ မယူတဲ့သူက ငတုံးပဲ။

ကျင်းမော့က ပြတင်းပေါက်အောက်က သစ်သားသေတ္တာအချို့ကို လက်ညှိုးထိုးပြပြီး ငွေကြေးကြွယ်ဝသူပီပီ "အဲဒီမှာ လက်ဝတ်ရတနာတွေ ရှိတယ်။ မင်းသမီး သဘောကျတယ်ဆိုရင် တစ်သေတ္တာလောက် ယူသွားလို့ရတယ်" လို့ ပြောလိုက်တော့တယ်။

...

All Chapters