← Chapters

အခန်း ၇၈

Vol. 8 Ch. 78

အခန်း ၇၈

Vol. 8 Ch. 78

အခန်း (၇၈) ဆံနွယ်လက်ဆောင်

ကျင်းမော့ရဲ့ သဘောကတော့ ရှင်းပါတယ်။ မင်း လက်ဝတ်ရတနာ တစ်သေတ္တာလောက် သယ်သွားလိုက်လေပေါ့။ ဒါပေမဲ့ ယွီးရှောင်ရှောင်ရဲ့ အကြည့်တွေက အဲဒီသေတ္တာတွေပေါ်ကို တစ်ချက်လောက်ပဲ ဝေ့ဝဲသွားလေရဲ့။ ဘာစိတ်ကူးပေါက်လို့လဲဆိုတာတော့ နတ်ပြည်က သိကြားမင်းပဲ သိမှာပေါ့လေ။ အခုချိန်မှာ သူမက ရတနာတွေကို ဘာစိတ်ဝင်စားမှုမှ မဖြစ်နေဘူး။ ညတစ်ဝက်လောက် ဟိုပြေးဒီလွှား လုပ်ထားရလို့ ယွီးရှောင်ရှောင် ဗိုက်ဆာနေပြီလေ။

"တစ်သေတ္တာ မလောက်လို့လား။ ဒါဆို နှစ်သေတ္တာ ယူသွားလိုက်လေ" လို့ ကျင်းမော့က ဆက်ပြောပြန်တယ်။

"ရှင်က ကျွန်မကို ရတနာ နှစ်သေတ္တာတောင် ပေးမလို့လား"

ကျင်းမော့က ခေါင်းညိတ်ပြရင်း ဆိုလေရဲ့။ "ယောက်ျားကောင်းစကားပါ။ မဖျက်ဘူး”

ယွီးရှောင်ရှောင်ကတော့ လက်ဖက်ရည်စားပွဲပေါ်မှာ တင်ထားတဲ့ မုန့်ပန်းကန်လေးတွေကို လက်ညှိုးထိုးပြပြီး "ငါ အဲဒါပဲ လိုချင်တယ်" လို့ ပြောလိုက်လေတယ်။

ကျင်းမော့လည်း စားပွဲပေါ်ကို ကြည့်လိုက်ပေမဲ့ တန်ဖိုးရှိတဲ့ ပစ္စည်း ဘာတစ်ခုမှ မတွေ့တာကြောင့် "မင်း ဘာလိုချင်တာလဲ" လို့ ပြန်မေးရတာပေါ့။

ယွီးရှောင်ရှောင်က အနားလျှောက်သွားပြီး စားပွဲလေးကို ခုတင်ရှေ့နားထိ ဆွဲရွှေ့လာတယ်။ ပြီးတော့မှ "ဒီမုန့်တွေကို ရှင် စားဦးမှာလား" လို့ မေးလိုက်လေရဲ့။

ကျင်းမော့က ခေါင်းခါပြရှာတယ်။

"ဒါဆိုလည်း ပြီးရော။ ငါ ယူသွားပြီနော်" ယွီးရှောင်ရှောင်က လက်ကိုင်ပဝါ တစ်ထည်ကို ဖြန့်လိုက်ပြီး မုန့်တွေကို ပဝါထဲ စီထည့်တော့တယ်။

ကျင်းမော့က မုန့်တွေ ထုပ်ပိုးနေတဲ့ ယွီးရှောင်ရှောင်ကို ကြောင်ကြည့်နေရင်း "မင်းက ဒါပဲ လိုချင်တာလား" လို့ မေးလိုက်တာပေါ့။

ယွီးရှောင်ရှောင်က ပြန်ဖြေတယ်။ "အခုချိန်က ဆိုင်တွေ အကုန် ပိတ်ကုန်ပြီလေ။ ရှင် ကျွန်မကို ပိုက်ဆံပေးလည်း ဘယ်သွားဝယ်စားရမှာလဲ"

ဟိုတစ်နေ့က ဟင်းတွေ အပြည့်တင်ထားတဲ့ စားပွဲကြီးတစ်ခုံလုံးကို မင်းသမီးကြီး တစ်ယောက်တည်း ပြောင်သလင်းခါအောင် စားပစ်ခဲ့တဲ့ အဖြစ်ကို ပြန်တွေးမိသွားပြီး ကျင်းမော့က တံတွေးတစ်ချက် မျိုချလိုက်မိတော့တယ်။ ပြီးမှ ပြောလိုက်လေတယ်။

"ဒီလက်ဆောင်က သိပ်ပေါ့လွန်းပါတယ်" ဆန်မုန့် ပန်းကန် အနည်းငယ်က ဘယ်လောက်များ တန်ဖိုးရှိမှာမို့လို့လဲ။

"တုံးလိုက်တာ" ယွီးရှောင်ရှောင်က မုန့်တစ်တုံးကို ပါးစပ်ထဲ ကောက်ထည့်လိုက်ပြီး ကျင်းမော့ကို ရှင်းပြတယ်။ "ဒါက အသက်ကို တကယ် ကယ်တင်ပေးနိုင်တဲ့ အရာပဲ။ အသက်ထက် အရေးကြီးတာ ဘာရှိသေးလို့လဲ" ကမ္ဘာပျက်ကပ် ကာလတွေတုန်းကဆို လူတွေက ဒေါ်လာငွေစက္ကူတွေကို အိမ်သာသုံးစက္ကူလို သုံးခဲ့ကြတာ။ ရွှေတုံးတွေကို အရည်ကျိုပြီး လက်နက်လုပ်ကြတယ်။ စိန်ဆိုတာကလည်း ကစားစရာ အရုပ်လေးတွေပဲလေ။ ကုန်ပစ္စည်း မရှိရင် ပိုက်ဆံတွေ ဘယ်လောက်ပဲ များများ ဘာအသုံးကျမှာလဲ။ မြေကြီးထဲကနေ သီးနှံတွေ စိုက်ပျိုးထွက်ရှိအောင် လုပ်နိုင်တဲ့သူမှ ကယ်တင်ရှင်စစ်စစ်ပေါ့။

လင်းလုံမင်းသမီးက သူ့ကို ပဟေဠိစကားတွေ ဝှက်ပြီး ထပ်ပြောနေပြန်ပြီလို့ ကျင်းမော့ တွေးလိုက်မိတယ်။

"ငါတို့အိမ်က ရှောင်လျို့လေးကို သေချာ ဂရုစိုက်ပေးမယ်လို့ ရှင် ကတိပေးတယ်နော်"

မုန့်တွေ ထုပ်ပိုးပြီးသွားတော့ ယွီးရှောင်ရှောင်က ကျင်းမော့ကို လှမ်းမေးပြန်တယ်။

ကျင်းမော့က လေးလေးနက်နက်နဲ့ ဖြေလေရဲ့”ဟုတ်ပါတယ်။ မင်းသမီးကို ကျုပ် ကိုယ်တိုင် ကတိပေးထားတဲ့ ကိစ္စမို့ သေချာပေါက် လုပ်ပေးပါ့မယ်"

"ဒါဆိုလည်း ပြီးရော။ ကျွန်မ ရှင့်ကို ကျေးဇူးတစ်ကြိမ် ဆပ်ဖို့ အကြွေးတင်သွားပြီ။ ရှင် ဘာလိုချင်လဲ" ယွီးရှောင်ရှောင်က ထပ်မေးပြန်တယ်။

"မင်းသမီးကို ရတနာ တစ်သေတ္တာလောက် ယူသွားစေချင်တာပါ" လို့ ကျင်းမော့က ပြန်ဖြေတယ်။

"ကျွန်မက ပိုက်ဆံမက်တဲ့သူ မဟုတ်ပါဘူး" လို့ ယွီးရှောင်ရှောင်က ဆိုလေတယ်။

"ထားလိုက်ပါတော့။ နောင်တစ်ချိန် ကျွန်မ မွဲသွားခဲ့ရင် ရှင့်ဆီမှာ ရတနာ နှစ်သေတ္တာ အပ်ထားတယ်ဆိုတာကိုသာ မှတ်ထားလိုက်။ အဲဒီအချိန်ကျရင် ကျွန်မကို ပြန်ပေးဖို့ မမေ့နဲ့ပေါ့"

တစ်ဖက်လူက အတင်းပေးချင်နေမှတော့ ယွီးရှောင်ရှောင်ကလည်း ငြင်းဆန်ဖို့ရာ အားနာသွားတယ်။ ပိုက်ဆံကို နေရာခွဲပြီး စုဆောင်းထားတာက အကျိုးရှိတာပဲလေ။ လူတစ်ယောက်က သစ်ပင်တစ်ပင်တည်းမှာပဲ ကြိုးဆွဲချမသေသင့်ဘူးဆိုတဲ့ သဘောတရားမျိုးပေါ့။

ကျင်းမော့က ရယ်မောလိုက်ပြီး ဒါက သူနဲ့အတူတူ ချမ်းသာကြွယ်ဝမှုကို ခွဲဝေခံစားမယ်ဆိုတဲ့ သဘောပဲလေ လို့ တွေးလိုက်မိလေတယ်။

"မင်းသမီးအတွက် ဒီရတနာ နှစ်သေတ္တာကို သိမ်းပေးထားပါ့မယ်"

ယွီးရှောင်ရှောင်က အတည်ပြုလေရဲ့။ "ဒါဆိုလည်း ကတိနော်။ ငါ ရှောင်လျို့လေးကို ခေါ်သွားပြီ"

"ဒါဆို မင်းသမီးက ကျုပ်အတွက် အမှတ်တရ ပစ္စည်းတစ်ခုခု ထားခဲ့ပေးရမယ်လေ" လို့ ကျင်းမော့က လှမ်းပြောလေရဲ့။ မဟာမိတ်ဖွဲ့ပြီးမှတော့ အာမခံချက်အနေနဲ့ တစ်ခုခုတော့ ချန်ထားခဲ့ရမှာပေါ့။

$~!@!##@@F... ယွီးရှောင်ရှောင် စိတ်ထဲမှာ ကျင်းမော့ကို နည်းနည်းတော့ အထင်သေးသွားမိတယ်။ လက်ဆောင်တောင် သူမက မယူရသေးဘူး၊ ဒီကောင်က လက်ဆောင်ပြန်တောင်းဖို့ တွေးနေပြီ။ ယောက်ျားကောင်းပီသတဲ့ လုပ်ရပ်မျိုး လုံးဝမဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် ပြန်ငုံ့ကြည့်လိုက်တော့လည်း အိတ်ကပ်ထဲမှာ ကြေးပြားတစ်ပြားတောင် ပါမလာဘူးလေ။ သူမက ဘာကို ချန်ထားခဲ့ပေးရမှာလဲ။

ကျင်းမော့ကလည်း ယွီးရှောင်ရှောင် ကိုယ်ပေါ်မှာ ဘာအဆင်တန်ဆာမှ မပါတာကို မြင်တော့ နောက်လိုက်တာပေါ့။ "ဒါမှမဟုတ် မင်းသမီးရဲ့ ဆံနွယ်လေး နည်းနည်းလောက် ပေးခဲ့ပါလား"

ယွီးရှောင်ရှောင်ကတော့ "ဆံနွယ်ဆိုတာ ဘာလဲ" လို့ ပြန်မေးရှာတယ်။

လင်းလုံမင်းသမီးရဲ့ ရူးချင်ယောင်ဆောင်၊ တုံးချင်ယောင်ဆောင်နေတဲ့ အကျင့်ကို ကျင်းမော့က ရိုးနေပြီဆိုတော့ "ဆံနွယ်ဆိုတာ မင်းသမီးရဲ့ ဆံပင်ကို ပြောတာပါ" လို့ ရှင်းပြလိုက်ရတယ်။

ဆံပင်တဲ့လား။ ယွီးရှောင်ရှောင် တစ်ယောက် ကျင်းမော့ဆိုတဲ့ လူကို တကယ်ကြီး နားမလည်နိုင်အောင် ဖြစ်သွားရတယ်။ ဆံပင်က သိပ်တန်ဖိုးရှိလို့လားပေါ့။ ဒါနဲ့ပဲ ခုတင်ပေါ် ပြုတ်ကျနေတဲ့ ကျင်းမော့ရဲ့ ဓားကို ကောက်ကိုင်လိုက်ပြီး သူမရဲ့ မြင်းမြီးပုံစံ စည်းထားတဲ့ ဆံပင်ထဲက တစ်ပိုင်းကို လက်မြှောက်ပြီး 'ဖြတ်ခနဲ' ပိုင်းဖြတ်ချလိုက်တော့တယ်။

ကျင်းမော့ခမျာ မျက်လုံးပြူး မျက်ဆံပြူးနဲ့ ပါးစပ်အဟောင်းသား ဖြစ်သွားရလေရဲ့။

ယွီးရှောင်ရှောင်က ဖြတ်လိုက်တဲ့ ဆံပင်တစ်ပိုင်းကို ကျင်းမော့ဆီ ကမ်းပေးရင်း "ရော့... ယူထားလိုက်တော့" လို့ ပြောလိုက်လေတယ်။

"မင်းသမီး... ဒါကို တကယ်ကြီး ကျုပ်ဆီ ပေးမလို့လား" ခန္ဓာကိုယ်နဲ့ အရေပြားဆိုတာ မိဘတွေဆီက ရထားတာလေ။ မိန်းကလေး တစ်ယောက်က ယောက်ျားလေး တစ်ယောက်ကို ဆံပင်ဖြတ်ပေးတယ်ဆိုတာ ချစ်သူတွေအဖြစ် သစ္စာဆိုတဲ့ အဓိပ္ပာယ်မျိုး မဟုတ်ဘူးလား။

ယွီးရှောင်ရှောင်ကတော့ အံ့သြသလိုနဲ့ ပြန်မေးတယ်။ "ရှင်ပဲ တောင်းတာ မဟုတ်ဘူးလား" သူမက ဆံပင်တောင် ဖြတ်ပြီးသွားပြီလေ။ ဒီလူကများ မယူချင်တော့ဘူးလို့ ပြောတော့မလို့လား။

ကျင်းမော့က လက်လှမ်းပြီး လက်သန်းလောက် အရွယ်ရှိတဲ့ ဆံပင်တစ်စုကို လှမ်းယူလိုက်တယ်။

ယွီးရှောင်ရှောင်က ကိုယ်ကို ကိုင်းပြီး အိပ်မောကျနေတဲ့ ယွီးကျစ်မင်ကို လက်တစ်ဖက်နဲ့ ဆွဲမယူလိုက်ပြီး ကျင်းမော့ကို လှမ်းပြောလေရဲ့။

"အမှတ်တရပစ္စည်းလည်း ပေးပြီးပြီဆိုတော့ ငါတို့ ကတိအတိုင်းနော်"

ကျင်းမော့က ခေါင်းညိတ်ပြလိုက်တာပေါ့။

"ဒါဆိုလည်း သွားပြီနော်" ယွီးရှောင်ရှောင်က လက်တစ်ဖက်က ကလေးပေါက်စကို ဆွဲမ၊ နောက်လက်တစ်ဖက်က မုန့်ထုပ်ကို ကိုင်ရင်း ပြတင်းပေါက်ဆီ ပြေးသွားတယ်။ ပြီးတာနဲ့ ပြတင်းပေါက်ကို တွန်းဖွင့်ပြီး အိပ်ခန်းထဲကနေ ခုန်ထွက်သွားပါလေရော။

ကျင်းမော့လည်း အပြင်ဘက်ကို အပြေးအလွှား လိုက်ကြည့်လိုက်တော့ သက်တော်စောင့်တွေ အကုန်လုံး ဟိုတစ်ယောက် ဒီတစ်ယောက်နဲ့ သတိလစ်ပြီး လဲကျနေတာကို တွေ့လိုက်ရတယ်။ လင်းလုံမင်းသမီးရဲ့ အရိပ်အယောင်တောင် မတွေ့ရတော့ဘူး။ ကျင်းမော့က ဝတ်ရုံကို ဆွဲစိလိုက်ပြီး စင်္ကြံလမ်းက သစ်သားလက်ရန်းဆီ ခြေဗလာနဲ့ လျှောက်သွားလိုက်တော့တယ်။ သယ်ယိ စားသောက်ဆိုင်လေးထဲမှာ မီးရောင်တွေက မှိန်ပျပျ ဖြစ်နေပြီလေ။ သစ်သားလက်ရန်းကို မှီပြီး ဆံပင်လေးကို ဆုပ်ကိုင်ထားရင်း ကျင်းမော့က ရုတ်တရက် ပြုံးလိုက်မိတယ်။ ယွီးလင်းလုံ... တကယ်ကို နာမည်နဲ့ လိုက်အောင် ထက်မြက်ပြီး ဆွဲဆောင်မှုရှိတဲ့ မိန်းမလှလေးပါပဲလား။

ညကောင်းကင်ယံမှာ လျှပ်စီးတစ်ချက် လက်သွားတယ်။ ညနေဆည်းဆာ အချိန်ကတည်းက ကောင်းကင်ပေါ်မှာ အုံ့ဆိုင်းနေခဲ့တဲ့ မိုးက နောက်ဆုံးမှာတော့ ရွာချလာခဲ့ပြီ။ တဖွဲဖွဲကျနေတဲ့ မိုးရေစက်တွေက ဖုန်ထျန်းမြို့တော်ကြီးအတွက် မိုးရေပန်းကြီး တစ်ခုကို ဖန်တီးပေးလိုက်သလိုပဲ။

ယွီးရှောင်ရှောင်က ယွီးကျစ်မင်ကို ဆွဲမ,ပြီး သယ်ယိစားသောက်ဆိုင်ထဲကနေ ထွက်လာတယ်။ ကလေးပေါက်စလေးကို နန်းတော်ထဲ ပြန်ပို့ပေးမလို့ စိတ်ကူးနေတုန်းမှာပဲ သူမ မျက်နှာပေါ်ကို မိုးပေါက်တွေ ကျလာပါရော။

မိုးရွာနေပြီဆိုတာ သိလိုက်တာနဲ့ ယွီးရှောင်ရှောင်လည်း ယွီးကျစ်မင်ကို ခေါ်ပြီး ကုအိမ်တော်ဘက်ကိုသာ တန်းပြေးတော့တယ်။ ကုအိမ်တော်က ပိုနီးတာကိုး။ ရှောင်လျို့လေးကို မနက်ဖြန်မှပဲ နန်းတော်ထဲ ပြန်ပို့ပေးလိုက်တော့မယ်လေ။

ဟူကော်ဘုရားကျောင်းတော်ကြီးရဲ့ မြင့်မားလှတဲ့ စေတီတော် လသာဆောင်မှာတော့ ဆရာလေးဖုန်းလင်က အမိုးအောက်ကနေ ဆောင်းဦးမိုးကို ငေးကြည့်ရင်း မင်းဆရာ ချန်ကွမ်းကို စကားဆိုနေတယ်။

"ဆောင်းဦးမိုး တစ်ကြိမ်ရွာတိုင်း တစ်ကြိမ် ပိုအေးလာတတ်တယ်။ ချန်ကွမ်း... ခင်ဗျား အဝတ်အစား နွေးနွေးထွေးထွေး ပိုဝတ်သင့်တယ်နော်”

ဆရာတော်ချန်ကွမ်းကတော့ အနက်ရောင်ဝတ်ရုံပါးလေး တစ်ထည်ကိုပဲ ဝတ်ထားတာလေ။ ဆောင်းဦးမိုးတွေ ရွာသွန်းနေတဲ့ ညဖက်ကြီးမှာ ဒီလိုဝတ်ထားတာက တကယ်ကို ပါးလွှာလွန်းနေတာပေါ့။

ဆူပွက်နေတဲ့ ရေနွေးအိုးကို ကောက်ကိုင်လိုက်ပြီး ဆရာလေးဖုန်းလင်နဲ့ သူကိုယ်တိုင်အတွက် လက်ဖက်ရည် တစ်ခွက်စီ ဖျော်ရင်း ဆရာတော်ချန်ကွမ်းက လေသံတိုးတိုးနဲ့ မေးလိုက်လေတယ်။ "ဆရာလေးက ဖုန်ထျန်းကို ဘာကိစ္စများရှိလို့ ကြွလာရတာလဲ"

ဆရာလေးဖုန်းလင်က လက်ဖက်ရည်ကြည်ကြည်လေးကို တစ်ငုံ သောက်လိုက်ပြီး တိုးညှင်းတဲ့ အသံနဲ့ ပြန်ဖြေတယ်။

"ဆရာတော်ကြီးက ကောင်းကင်ဘုံရဲ့ ကံကြမ္မာအလှည့်အပြောင်းတွေ ဖြစ်နေတယ်တဲ့။ အဲဒီအပြောင်းအလဲတွေရဲ့ အရင်းအမြစ်က ဖုန်ထျန်းမှာမို့လို့ ကိုယ်တော့်ကို လာကြည့်ခိုင်းတာလေ"

ဆရာတော်ချန်ကွမ်းက မျက်လွှာပင့်ပြီး လူငယ်ဆရာလေးကို တစ်ချက် ကြည့်လိုက်တယ်။

"ခင်ဗျားက ဖုန်ထျန်းမြို့တော်မှာပဲ ရှိနေတာလေ" လို့ ဆရာလေးဖုန်းလင်က ဆက်ပြောတယ်။ "ဘာမှ မမြင်မိဘူးလား”

ဆရာတော်ချန်ကွမ်းက အေးအေးလူလူ ပြုံးလိုက်ရင်း ဆိုလေရဲ့။ "ကံကြမ္မာ အပြောင်းအလဲဆိုတာ သူ့အကြောင်းပြချက်နဲ့သူ ပြောင်းလဲသွားတာပဲ။ ဘာကြောင့်လဲ ဆိုတာကို အတင်းအကျပ် လိုက်ရှာနေစရာ လိုလို့လား"

"ဖော့ကျွင်းကြယ်က သေချာပေါက် သေရမဲ့ကိန်း ဆိုက်နေတာတောင် မသေဘူးလေ"

ဆရာလေးဖုန်းလင်က ချန်ကွမ်းကို စိုက်ကြည့်ရင်း မေးလိုက်တယ်။ "ဒီလို အပြောင်းအလဲကြီးကိုတောင် ရှင်းပြစရာ မလိုတော့ဘူးလို့ ထင်နေတာလား”

"မတရား စွပ်စွဲခံထားရတဲ့သူလေ" လို့ ဆရာတော်ချန်ကွမ်းက ပြန်ဖြေတယ်။

"သေချာပေါက် သေရမယ်ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

"ဒါဆို လင်းလုံမင်းသမီးကရော" ဆရာလေးဖုန်းလင်က ထပ်မေးပြန်တယ်။

ဆရာတော်ချန်ကွမ်းက အတော်လေး အံ့သြသွားပုံရတယ်။ "မင်းသမီးကြီးက ဘာဖြစ်လို့လဲ"

"သူက ကိုယ်တော်တို့ ယုံရှန်း ကျောင်းတော်ကြီးကို အဖက်လုပ်ပြီးတောင် ပြောစရာမလိုဘူးလို့ ပြောတယ်လေ”

"မိဖုရားခေါင်ကြီးက သားတော်ကို မွေးဖွားရင်း နတ်ရွာစံသွားရတာ"

ဆရာတော်ချန်ကွမ်းက ပြောလေတယ်။ "ထာဝရအသက်ကို ဆုတောင်းခဲ့ပေမဲ့ မရခဲ့ဘူး။ ဒီတော့ မင်းသမီးကြီးဘက်က စိတ်ပြောင်းသွားတယ်ဆိုတာကလည်း လူ့သဘာဝပါပဲ”

တဖွဲဖွဲကျနေတဲ့ မိုးရေစက်တချို့က ဆရာလေးဖုန်းလင်ရဲ့ လက်ဖက်ရည်ပန်းကန်ထဲကို လွင့်စဉ်ဝင်ရောက်လာတယ်။ မိုးပေါက်တွေ ရိုက်ခတ်မှုကြောင့် ပန်းကန်ထဲက ရေနွေးကြမ်းတချို့ အပြင်ကို စင်ထွက်လာပြီး ဆရာလေးရဲ့ လက်ပေါ်ကို လာစင်ပါရော။ ဒါနဲ့ ဆရာလေးဖုန်းလင်လည်း သူ့လက်ကို သူ ပြန်ငုံ့ကြည့်နေလိုက်တော့တယ်။

"ဆရာလေးမှာ ကျုပ်ကို မပြောချင်တဲ့ ကိစ္စတွေ ရှိနေတယ်ဆိုရင်လည်း ကျုပ် ထပ်မမေးတော့ပါဘူး" ဆရာတော်ချန်ကွမ်းက ဆက်ပြောလေရဲ့။

"ဖုန်ထျန်းမှာ ဘုရားကျောင်းတွေ အများကြီး ရှိတာမို့ ဆရာလေး အနေနဲ့ ဟိုဟိုဒီဒီ ပိုပြီး လေ့လာသွားသင့်ပါတယ်လေ”

ဆရာလေးဖုန်းလင်က မျက်လွှာပင့်ပြီး ဆရာတော်ချန်ကွမ်းကို တစ်ချက် ကြည့်လိုက်ပြန်တယ်။

မင်းဆရာချန်ကွမ်းကတော့ ဘာကိစ္စမှ သူ့အပူမပါဘူးဆိုတဲ့ မျက်နှာပေးမျိုးနဲ့ပဲ တည်တည်ငြိမ်ငြိမ် လေသံနဲ့ ဆက်ပြောလေရဲ့။

"ကျောင်းထိုင်ဆရာတော်ကြီးက ဆရာလေးကို ကံကြမ္မာ အပြောင်းအလဲတွေ လာကြည့်ခိုင်းတယ်ပေါ့။ ဒီမှာ ဆရာလေး... ကျုပ် ပွင့်ပွင့်လင်းလင်းပဲ ပြောပါရစေ။ သာမန်လူသားတွေက ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေကို ဘယ်လိုလုပ် ဖောက်ထွင်းသိမြင်နိုင်မှာတဲ့လဲ။ ဘယ်ကိစ္စမဆို ဖြစ်ပေါ်လာတဲ့ သဘာဝအတိုင်း လွှတ်ထားလိုက်တာ အကောင်းဆုံးပါပဲ”

"ကျွန်တော်က လင်းလုံမင်းသမီးအကြောင်း မေးနေတာကို ခင်ဗျားက အရာရာကို သဘာဝအတိုင်း လွှတ်ထားလိုက်ပါလို့ လာပြောနေတယ်ပေါ့လေ" ဆောင်းဦးမိုးညမှာ ထွက်ပေါ်လာတဲ့ ဆရာလေးဖုန်းလင်ရဲ့ အသံက အတော်လေး အေးစက်စူးရှနေတယ်။

သူက မင်းဆရာချန်ကွမ်းကို "ခင်ဗျား သူ့ကို ကာကွယ်ပေးနေတာပဲ။ ဘာဖြစ်လို့လဲ" လို့ မေးချလိုက်တော့တယ်။

…

All Chapters