အခန်း ၇၉
Vol. 8 Ch. 79
အခန်း (၇၉) ငါ့မှာ မင်းရဲ့ ကလေးရှိ
မင်းဆရာ ချန်ကွမ်းက လက်ဖက်ရည်ကြည်ကြည်ကို တစ်ဝက်လောက် ဖြည်းဖြည်းချင်း သောက်လိုက်ပြီးမှ ဆရာလေး ဖုန်းလင်ကို စကားစလိုက်တယ်။ "ဖော့ကျွင်း (စစ်သူကြီးကြယ်) ဆိုတာ ကံဆိုးမိုးမှောင်ကျစေတဲ့ ဂြိုဟ်ဆိုးပဲ။ ဆွေမျိုးသားချင်း သံယောဇဉ် နည်းပါးသလို အချစ်ရေး ကံလည်း ခေတ္တပဲ။ သူသာ ပေါ်လာရင် တစ်လောကလုံး ဖရိုဖရဲ ဖြစ်ရလိမ့်မယ်တဲ့။ ကျောင်းထိုင်ဆရာတော်ကြီးရဲ့ စကားတစ်ခွန်းတည်းနဲ့ ကုရှင်းလန်ကို ဂြိုဟ်ဆိုးလို့ သတ်မှတ်လိုက်တာက တတိယသခင်လေး အပေါ်မှာ သိပ်ကို မတရားလွန်းအားကြီးနေပါတယ်”
ဆရာလေး ဖုန်းလင်က ပြန်မေးတာပေါ့။
"ဒါဆို ခင်ဗျားက ကျုပ်ဆရာ မှားနေတယ်လို့ ပြောချင်တာလား"
"သမက်တော် ရဲ့ ဖခင်က စောစောစီးစီး ကွယ်လွန်သွားခဲ့ပေမဲ့..." ဆရာတော် ချန်ကွမ်းက အငွေ့တထောင်းထောင်း ထနေတဲ့ လက်ဖက်ရည်ပန်းကန်ကို ကိုင်ထားရင်း တိုးတိုးလေး ဆက်ပြောတယ်။
"...ကျန်တဲ့ မိသားစုဝင်တွေ အကုန်လုံး ရှိနေကြသေးတာပဲလေ။ သူက မင်းသမီးကိုလည်း ဇနီးအဖြစ် လက်ထပ်ပြီးပြီ။ သမက်တော်လေးက ငယ်ငယ်ရွယ်ရွယ်နဲ့ စစ်ထဲဝင်ခဲ့ပြီး ဒီနှစ်တွေတစ်လျှောက်လုံး အဘိုးဖြစ်သူ၊ အစ်ကိုဖြစ်သူတို့နဲ့အတူ စစ်တပ်ထဲမှာ တိုင်းပြည်အတွက် အသက်စွန့် အမှုထမ်းနေခဲ့တာပါ။ တိုင်းပြည်နဲ့ လူမျိုးကို ကာကွယ်စောင့်ရှောက်နေတဲ့သူဆီကနေ ဘယ်လိုလုပ် တစ်လောကလုံးကို ဖရိုဖရဲဖြစ်စေမဲ့ လက္ခဏာမျိုး ထွက်လာနိုင်မှာလဲ”
ဆရာလေး ဖုန်းလင်က ပြုံးလိုက်ပြီး လက်ဖက်ရည်ပန်းကန်နှုတ်ခမ်းကို လက်နဲ့ ခေါက်ရင်း ဆိုလေရဲ့။
"ကောင်းကင်ဘုံရဲ့ အလိုတော်ကို လွန်ဆန်လို့မရဘူးလေ။ ဒါကြောင့် ချန်ကွမ်း... ခင်ဗျားသာ ဆက်ပြီး စောင့်ကြည့်နေလိုက်စမ်းပါ"
ဆရာတော် ချန်ကွမ်းကလည်း ပြုံးလိုက်ပြီး ဆရာလေး ဖုန်းလင်ကို ပြန်ပက်လိုက်တယ်။
"ကျုပ်လည်း မျက်တောင်မခတ်တမ်း စောင့်ကြည့်နေခဲ့တာချည်းပါပဲ"
မီးဖိုလေးပေါ်က ရေနွေးအိုးလေးကတော့ ပွက်ပွက်ဆူနေပြီး ဂလုဂလု အသံတွေ ထွက်နေတော့တယ်။
ဆရာလေး ဖုန်းလင်လည်း ဘာစကားမှ ဆက်မပြောတော့ဘဲ မတ်တတ်ရပ်ပြီး ထွက်သွားတော့တယ်။
ဆရာလေး လသာဆောင်ကနေ ဆင်းသွားပြီးမှပဲ ဆရာတော် ချန်ကွမ်း မျက်မှောင်ကြုတ်လိုက်မိတော့တယ်။ သူက မိဖုရားခေါင်ကြီးရဲ့ အပ်နှင်းချက်အရ လင်းလုံမင်းသမီးကို စောင့်ရှောက်ပေးဖို့ တာဝန်ယူထားရတာလေ။ မင်းဆရာက လမင်းနဲ့ ကြယ်တွေ ကင်းမဲ့နေတဲ့ ညကောင်းကင်ယံကို မော့ကြည့်လိုက်ရင်း လောကကြီးတစ်ခုလုံး ကမောက်ကမဖြစ်တော့မဲ့အကြောင်း နိမိတ်ပြခဲ့တဲ့ အဲဒီနေ့က ကြယ်တာရာအနေအထားကို ပြန်တွေးမိသွားတယ်။ သူ တကယ်ပဲ လင်းလုံမင်းသမီးကို သေချာ စောင့်ရှောက်ပေးနိုင်ပါ့မလား။
ညဘက်ရွာတဲ့မိုးက တစ်ညလုံး ရွာသွန်းနေခဲ့ပြီး ဒုတိယနေ့ မနက်ခင်းရောက်မှပဲ တဖြည်းဖြည်း တိတ်သွားတယ်။
ကုရှင်းလန် အိပ်ရာကနေ နိုးလာပြီး သူ့ဘေးမှာ အိပ်ပျော်နေတဲ့ ဇနီးသည်လေးကို ခေါင်းလှည့်ကြည့်လိုက်တယ်။ အိပ်မှုန်စုံမွှား ဖြစ်နေတုန်း ဆိုပေမဲ့ သူ့ရဲ့ နှုတ်ခမ်းထောင့်လေးက ပြုံးယောင်သန်းနေပြီလေ။ တစ်ရေးနိုးလို့ ခေါင်းလှည့်ကြည့်လိုက်တာနဲ့ ကိုယ့်ခေါင်းအုံးဘေးမှာ အိပ်ပျော်နေတဲ့ အမျိုးသမီးလေးရဲ့ မျက်နှာကို မြင်ရတာထက် ရင်ကို ပိုနွေးထွေးစေတဲ့ ကိစ္စက ဘာများရှိဦးမှာလဲ။
ယွီးရှောင်ရှောင် အိပ်ပျော်နေတဲ့ ပုံစံလေးကို ကြည့်ပြီးရင်း ကြည့်နေမိပေမဲ့ မနက်ခင်းအနမ်း ပေးတာမျိုးတွေကျတော့ ဒီလူပျိုရိုင်းလေးက ဘာတစ်ခုမှ မတတ်သေးဘူးလေ။ ဒါနဲ့ပဲ ကုရှင်းလန်က ဇနီးသည်လေးရဲ့ ဆံပင်ကို သပ်ပေးဖို့ လက်လှမ်းလိုက်လေတယ်။ အဲဒီအချိန်မှာတင် သူ့နောက်ကျောဘက်ဆီကနေ တစ်ခုခုက ကုသခင်လေးရဲ့ တင်ပါးကို ဘုတ်ခနဲ နေအောင် တစ်ချက် လှမ်းကန်လိုက်ပါရော။
ကိုယ့်ဇနီးသည်ကို စမ်းမလို့ လုပ်နေတဲ့လက်က နောက်ကျောဘက်ကို ရောက်သွားပြီး ကုရှင်းလန်တစ်ယောက် သူ့တင်ပါးနောက်ဆီကနေ ကလေးလေး တစ်ယောက်ကို စမ်းမိသွားတော့တယ်။
ကောင်လေးက ဖင်ပြောင်လေးနဲ့ကိုမှ ကုရှင်းလန်ရဲ့ လက်ထဲ ရောက်နေတာတောင် မနိုးရှာဘူး။ ပါးစပ်ကနေ တံတွေးပူဖောင်းလေးတွေတောင် မှုတ်ထုတ်ရင်း ဆက်အိပ်နေလေရဲ့။
ကုသခင်လေးလည်း ကြောင်တောင်တောင်နဲ့ လန့်ဖျပ်သွားတော့တာပေါ့။ အိပ်ရာကနိုးတော့ မိန်းမက ကိုယ့်ဘေးမှာ အိပ်နေတယ်၊ ဒါပေမဲ့ ကိုယ့်တင်ပါးနောက်မှာကျတော့ ကလေးလေးတစ်ယောက်က အပို ထွက်လာတယ် ဆိုတော့ ဒါကြီးက ဘယ်လို အခြေအနေကြီးလဲဟ။
ကုရှင်းလန် သူ့မိန်းမကို ခေါင်းလှည့်ကြည့်လိုက်တဲ့ အချိန်မှာတင် အိပ်နေတုန်း ဘေးကနေ ဘာသံလေးကြားကြား ချက်ချင်းထပြီး တိုက်ခိုက်ဖို့ အသင့်ဖြစ်နေတတ်တဲ့ ယွီးရှောင်ရှောင်ကတော့ နိုးနေနှင့်ပြီလေ။ ဒါပေမဲ့ ကုရှင်းလန်က သူမအတွက် အန္တရာယ်မရှိဘူးဆိုတာ သိနေတော့ ယွီးရှောင်ရှောင်က မျက်စိမှိတ်ပြီး ဆက်အိပ်ဖို့ လုပ်နေတာ။ အခုကျတော့ ကုရှင်းလန် အသံနည်းနည်း ကျယ်သွားတော့မှ ယွီးရှောင်ရှောင်လည်း မျက်လုံးဖွင့်ကြည့်လိုက်တော့တယ်။
ကုရှင်းလန်က ယွီးရှောင်ရှောင် နိုးလာတာကို မြင်တော့ ကပျာကယာနဲ့ မေးလိုက်လေတယ်။
"ဒီကလေးက ဘယ်လိုလုပ် ရောက်နေတာလဲ"
ယွီးရှောင်ရှောင်ကလည်း ထပ်တူ ပြန်ဖြေတယ်။ "အေးလေ၊ ကလေးတစ်ယောက် ဘယ်လိုလုပ် ရောက်နေတာပါလိမ့်"
ကုရှင်းလန်ခမျာ စကားတွေတောင် ထစ်ပြီး "ဒီ... ဒီကလေးက ဘယ်... ဘယ်လိုလုပ် ကိုယ်... ကိုယ်တို့ ခုတင်ပေါ် ရောက်... ရောက်လာတာလဲ" လို့ မေးရှာတယ်။
ယွီးရှောင်ရှောင်က ပြန်မေးတာပေါ့”ဒီကလေး ကျွန်မနဲ့ တူတယ်လို့ ရှင်ထင်လား"
ကုရှင်းလန်တစ်ယောက် သူ့ရင်ခွင်ထဲမှာ အိပ်ပျော်နေတဲ့ ကလေးကို တစ်ချက် ကြည့်လိုက်တယ်။ သူ ဘယ်လောက်ပဲ တွေးတွေး၊ အသက် ၁၃ နှစ်ပဲ ရှိသေးတဲ့ သူ့ဇနီးသည်မှာ သုံးလေးနှစ်အရွယ် သားတစ်ယောက် ရှိနေပြီလို့တော့ တွေးမိမှာ မဟုတ်ဘူးလေ။
"မတူဘူး" လို့ ကုရှင်းလန်က ယွီးရှောင်ရှောင်ကို ဖြေလိုက်လေတယ်။ "ဒီကလေးက ဘာလို့ ဒီလောက်တောင် ပိန်နေရတာလဲ"
ကုသခင်လေး မျက်နှာပေါ်မှာ အကြံအိုက်နေတဲ့ ပုံပေါက်နေတာကို မြင်တော့ ယွီးရှောင်ရှောင်က "သူ့ကို ရှင် ဘယ်နေရာမှာ တွေ့တာလဲ" လို့ မေးလိုက်လေတယ်။
“နောက်ကျောမှာလေ”
"နောက်ကျောမှာလား" ယွီးရှောင်ရှောင်က ဉာဏ်နီဉာဏ်နက်တွေ ထုတ်သုံးပြီး မေးချလိုက်တော့တယ်။ "ဒါဆို ရှင် မွေးထားတဲ့ ကလေးများလား"
...
ကုရှင်းလန်ခမျာ ယွီးကျစ်မင်ကို ခုတင်အောက် လွှင့်ပစ်ချင်စိတ်တောင် ပေါက်သွားတယ်။ သူ့မှာ အဲဒီလို လုပ်ဆောင်ချက်မျိုး ပါလို့လား။ အတော်ကြာအောင် ဆွံ့အသွားပြီးမှ ကုရှင်းလန်က ယွီးရှောင်ရှောင်ကို ပြောလိုက်ရရှာတယ်။
"မင်းသမီး၊ မိန်းမတွေမှ ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးလို့ ရတာလေ"
"နည်းနည်းလေးတောင် ဟာသဉာဏ် မရှိဘူး" ယွီးရှောင်ရှောင်က ပွစိပွစိ လုပ်လိုက်တာပေါ့။ တတိယသခင်လေးကုရဲ့ တုံ့ပြန်မှုက မင်းသမီးကြီးကို လုံးဝဘဝင်မကျဖြစ်စေတာ သိသာနေတယ်လေ။
ကုရှင်းလန်က "ဒါဆို ဘယ်လိုလုပ်ရမှ ဟာသမြောက်မှာလဲ" လို့ မေးလိုက်ရတော့တယ်။
"ရှောင်ရှောင်..." ယွီးရှောင်ရှောင်က သူမရဲ့ အသံကို တမင်သက်သက် ဩရှရှ ယောက်ျားသံကြီးဖြစ်အောင် လုပ်လိုက်ပြီး ပြောတာပေါ့။
"မင်း နာကျင်ရမှာကို စိုးရိမ်လို့ ကိုယ်က မင်းအစား ကလေးတောင် ဝင်မွေးပေးလိုက်တယ်ကွာ" ဟိုးအရင်တုန်းက သူမရဲ့ လက်အောက်ငယ်သား တစ်ယောက်က ဒီလို ချိုဆိမ့်နေတဲ့ စကားမျိုးနဲ့ သူ့မိန်းမကို မြူဆွယ်ပြီး ယူသွားခဲ့တာလေ။ ယွီးရှောင်ရှောင်ကတော့ ကိုကိုကုအတွက် တကယ်ကို စိတ်ပူနေမိတာပါ။ ကြည်နူးစရာလေးတွေ ဖန်တီးဖို့ နည်းနည်းလေးမှ နားမလည်ရင် ရှေ့ဆက်မဲ့ ဘဝခရီးမှာ ဘယ်လိုလုပ် သာယာပျော်ရွှင်ရပါ့မလဲ။
ကုရှင်းလန်က သူ့ဇနီးသည်လေးကို မျက်လုံးပြူး ပါးစပ်အဟောင်းသားနဲ့ ကြည့်နေမိတော့တယ်။ ဒီလို ယုတ္တိမရှိတဲ့ စကားမျိုးက ဟာသမြောက်တယ်ပေါ့လေ။
ယွီးရှောင်ရှောင်ကတော့ "ရှင် ဘာလို့ စကားမပြောတော့တာလဲ" လို့ မေးလိုက်တာပေါ့။
ကုရှင်းလန် ပါးစပ်လေး ခပ်ဟဟ ဖြစ်သွားပေမဲ့ သူက ဘာပြောရမှာလဲ။
ယွီးရှောင်ရှောင်က လက်မြှောက်ပြီး ကုရှင်းလန်ရဲ့ ပါးကို တစ်ချက် ဆွဲလိမ်လိုက်ရင်း ပြောလိုက်တော့တယ်။ "မစတော့ပါဘူးလေ။ သူက ယွီးကျစ်မင်ပါ"
"ဘယ်သူ" ကုရှင်းလန် တစ်ယောက် သူ အခုထိ အိပ်ရာမနိုးသေးဘဲ အိပ်မက်မက်နေတုန်းပဲလားလို့တောင် တွေးလိုက်မိတယ်။
ယွီးရှောင်ရှောင်က ပြန်ဖြေလေရဲ့။ "ယွီးကျစ်မင်လေ၊ မိဖုရားကျောင်း မွေးထားတဲ့ ကလေး"
ကုသခင်လေး၃ တစ်ကိုယ်လုံး တုန်တက်သွားတော့တယ်။ ဒါကြီးက သူကိုယ်တိုင် ကလေးမွေးလိုက်ရတာထက်တောင် ပိုပြီး ကြောက်စရာကောင်းနေသေးတာလေ။ မိဖုရားကျောင်းရဲ့ သားက ဘယ်လိုလုပ် သူ့ခုတင်ပေါ်မှာ လာအိပ်နေရတာလဲ။ မနေ့ညကများ သူ့ဝိညာဉ်က ခန္ဓာကိုယ်ထဲကနေ ထွက်သွားပြီး နန်းတော်ထဲ ဝင်၊ ဆဋ္ဌမမင်းသားလေးကို ပြန်ပေးဆွဲလာခဲ့တာလား။
ယွီးရှောင်ရှောင်က တံတွေးပူဖောင်းလေးတွေ မှုတ်ပြီး အိပ်မောကျနေတဲ့ ကလေးပေါက်စလေးကို တစ်ချက် ကြည့်လိုက်ပြီး ကုရှင်းလန်ကို ပြောလေတယ်။
"သူ့ကို ပေးအိပ်လိုက်ပါ။ သူ နိုးလာတော့မှပဲ ကျွန်မ သူ့ကို အိမ်ပြန်ပို့ပေးလိုက်မယ်"
"အိမ်ပြန်ပို့မယ်။ နေပါဦး... သူ့အိမ်က နန်းတော်ထဲမှာဆိုတာ ကိုယ်သိပါတယ်။ ဒါပေမဲ့ ရှောင်ရှောင်... သူက ဘယ်လိုလုပ် ရောက်လာတာလဲ"
"ဪ..." ယွီးရှောင်ရှောင်က ရှင်းပြတာပေါ့။ "မနေ့က ငါ နန်းတော်ထဲဝင်ပြီး ဟိုအချော်တကောက်ကို သွားရှာမလို့ လုပ်တာလေ။ ဒါပေမဲ့ သူက စောင်ပုံထဲ ပုန်းပြီး ငိုနေတာကို တွေ့လိုက်လို့ သူ့ကို ကျင်းမော့ဆီ ခေါ်သွားလိုက်တာ။ ရှောင်ကု... ကျင်းမော့က ငါနဲ့ သဘောတူညီချက် ယူပြီးသွားပြီ။ ရှောင်လျို့လေး ကျူးယိပြည်ကို ရောက်သွားရင် သူက ရှောင်လျို့လေးကို သေချာ စောင့်ရှောက်ပေးလိမ့်မယ်"
ဒီစကားထဲမှာ ပါလာတဲ့ အချက်အလက်တွေက သိပ်ကို များပြားလွန်းနေတော့ ကုသခင်လေး၃ခမျာ သေချာ စဉ်းစားဖို့ အချိန်နည်းနည်း လိုသွားတော့တယ်။
ယွီးရှောင်ရှောင်က သမ်းဝေလိုက်ပြီး မျက်လုံးကို မှိတ်ရင်း ပြောလေရဲ့။ "ကျွန်မလည်း ခဏလောက် ဆက်အိပ်လိုက်ဦးမယ်"
"မင်း..." ကုရှင်းလန်က ကျေးဇူးပြုပြီး မအိပ်ပါနဲ့ဦးလို့ အော်ပြောချင်နေတာ။ အခုချိန်က အိပ်ရမဲ့ အချိန်မှ မဟုတ်တာ။ ဒါပေမဲ့ ကုသခင်လေး၃က ကိုယ့်မိန်းမကို အလိုလိုက် အကြိုက်ဆောင်တတ်တဲ့သူလေ။ 'မင်း' ဆိုတဲ့ စကားလုံး တစ်လုံးပဲ ထွက်လာပြီး နောက်ဆက်တွဲ စကားတွေကို အရှင်လတ်လတ် မျိုချပစ်လိုက်ရတော့တယ်။ ဘယ်လောက်ပဲ ကြီးမားတဲ့ ပြဿနာတွေ တက်နေပါစေ၊ ကောင်းကင်ကြီး ပြိုကျလာတော့မယ် ဆိုရင်တောင်မှ မိန်းမ အိပ်ချင်နေတာကို မအိပ်ရဘူးလို့ တားလို့မှ မဖြစ်နိုင်တာ၊ ဟုတ်တယ်မလား။
ဒီအချိန် နန်းတော်ထဲမှာတော့ မိဖုရားဟွား ဦးဆောင်တဲ့ မိဖုရားငါးပါးက ဧကရာဇ်ရှန်းကျုံး ရှေ့မှောက်မှာတင် မိဖုရားကျောင်းနဲ့ ထိပ်တိုက်တွေ့နေကြလေရဲ့။
မိဖုရားကျောင်းက ငိုယိုပြီး ဧကရာဇ်ရှန်းကျုံးကို တိုင်တည်နေတယ်။
"အရှင်မင်းကြီး... ဆဋ္ဌမမင်းသားလေးကို သွားကယ်ဖို့ လူမြန်မြန်လွှတ်ပေးပါဦးရှင်။ မင်းသားလေးတော့ သေချာပေါက် ဒုက္ခရောက်နေလောက်ပြီ"
မိဖုရားဟွားက ခနဲ့တဲ့တဲ့ ပြုံးလိုက်လေရဲ့။
"ညီမတော်... မျက်ရည်လေး ဘာလေး သိမ်းထားလိုက်ပါဦး။ မနေ့ကမှ အရှင်မင်းကြီးကိုယ်တိုင် ဆဋ္ဌမမင်းသားလေးကို ကျူးယိပြည် သွားဖို့ အမိန့်ချမှတ်ခဲ့တာ၊ ဒီနေ့မနက်စောစောလည်းကျရော မင်းသားလေးက ပျောက်သွားပါလေရော။ ညီမတော်ကတော့ ဆဋ္ဌမမင်းသားလေးကို ဒုက္ခပေးချင်တဲ့သူ ရှိနေတယ်လို့ ပြောနေတာပဲ။ အဲဒီ သေချင်စော်နံနေတဲ့ လူသတ်ကောင် ရက်ရွေးတော့ တော်တော်လေး တတ်တာပဲနော်"
"အစ်မတော်က ဘာသဘောနဲ့ ပြောတာလဲ" မိဖုရားကျောင်းက ငိုသံပါကြီးနဲ့ မိဖုရားဟွားကို မေးတာပေါ့။
မိဖုရားဟွားက ပြန်ပက်တယ်။ "ဘာသဘော ဖြစ်ရမှာလဲ။ ညီမတော်က ဆဋ္ဌမမင်းသားလေးကို ကျူးယိပြည် မသွားစေချင်ဘူးဆိုရင်လည်း အရှင်မင်းကြီးကို သေချာ တောင်းပန်လို့ ရသားပဲ။ ဘာလို့များ ဒီလို ပြဿနာတွေ ဖန်တီးပြီး ငါတို့တစ်တွေအားလုံးကိုပါ အေးအေးချမ်းချမ်း မနေရအောင် လုပ်ရတာလဲ"
"ကျွန်တော်မျိုးမ မလုပ်..."
မိဖုရားကျောင်း သူမဘက်ကနေ မတရားခံရကြောင်း ရှင်းပြလို့တောင် မဆုံးသေးခင်မှာပဲ မိဖုရားရုံက ဝင်ပြောလေတယ်။ "ဟုတ်ပါ့ ညီမတော်ရယ်၊ မင်းသားတစ်ပါးရဲ့ အသက်အန္တရာယ် ဆိုတာက ကလေးကစားစရာ မှမဟုတ်တာ။ အရှင်မင်းကြီးရှေ့မှာ သူခိုးက လူပြန်ဟစ်တဲ့ အကွက်တွေ လာသုံးနေလို့ ဘယ်ရပါ့မလဲ။ နန်းတော်ရဲ့ အစောင့်အရှောက်တွေက အဲဒီလောက် ထူထပ်နေတာကို။ မင်ကွမ်းနန်းဆောင်ထဲမှာဆိုလည်း အပျိုတော်တွေ၊ ကုန်းကုန်းတွေ အများကြီး ရှိနေတာလေ။ ဘယ်သူကများ ဆဋ္ဌမမင်းသားလေးကို မင်ကွမ်းနန်းဆောင်ထဲကနေ ခေါ်ထုတ်သွားနိုင်လောက်တဲ့အထိ စွမ်းဆောင်နိုင်မှာမို့လို့လဲ"
မိဖုရားငါးပါးကတော့ တစ်ယောက်တစ်ပေါက်နဲ့ ဝင်ပြောနေကြတာပေါ့။ ကျောက်ရင်းလော့ (မိဖုရားကျောင်း) ကို အသေအလဲ နင်းချေပစ်ဖို့ အခွင့်အရေး ရတာကို သူတို့က ဘယ်လိုလုပ် လက်လွှတ်ခံပါ့မလဲ။
ဧကရာဇ်ရှန်းကျုံးကတော့ မြင်ရခဲလှတဲ့ မျက်နှာမည်းကြီးနဲ့ မိဖုရားကျောင်းကို စိုက်ကြည့်ရင်း မေးချလိုက်တော့တယ်။ "ကိုယ်တော့်ကို ပြောစမ်း။ ကျစ်မင် အခု ဘယ်မှာလဲ"
…