အခန်း ၈၀
Vol. 8 Ch. 80
အခန်း (၈၀) သားပျောက်ရှာ ဧကရာဇ်ရှန်ကျုံး
မိဖုရားကျောင်းခမျာ အခုဆို သေချင်စိတ်တောင် ပေါက်နေပြီ။ သူမက ယွီးကျစ်မင်ကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ထားတယ် ဆိုပေမဲ့လည်း ဒီကလေးကို သူမ ကိုးလလွယ် ဆယ်လဖွားပြီး သုံးနှစ်ခွဲအရွယ်အထိ ဂရုတစိုက် ယုယပျိုးထောင်လာခဲ့တဲ့ သားလေးလေ။ အခု သားလေး ပျောက်သွားတော့ မိဖုရားကျောင်းခမျာ ဘယ်လိုလုပ် ရင်မပူမီးမတောက်ဘဲ နေပါ့မလဲ။
ဧကရာဇ်ရှန်းကျုံးက သူကိုယ်တိုင် နှုတ်ကနေ ထွက်မေးနေတာတောင် မိဖုရားကျောင်းက တစ်စုံတစ်ယောက်ကပဲ ယွီးကျစ်မင်ကို ဒုက္ခပေးချင်နေတာလို့ တစ်ထစ်ချ ပြောဆိုနေတာ။ ဆဋ္ဌမသားတော်ကို သူမ လူလွှတ်ပြီး ခေါ်ထုတ်သွားခိုင်းတာပါလို့ လုံးဝ ဝန်မခံတာကို မြင်တော့ ဧကရာဇ်ရှန်းကျုံးလည်း အတော်လေး ဒေါသထွက်သွားလေရဲ့။ မိဖုရားခေါင်ကြီး မီးတွင်းထဲမှာ နတ်ရွာစံသွားကတည်းက လင်းလုံကလည်း အိမ်ထောင်ကျ၊ ကျင်းမော့ကလည်း မြို့တော်ထဲ ဝင်လာ၊ ဇိုယို့ကလည်း ရောက်လာပြီး မတန်တဆတွေ လာတောင်းဆိုနေတာနဲ့တင် ဧကရာဇ်ရှန်းကျုံးရဲ့ နေ့ရက်တွေက သက်သာရာမရဖြစ်နေခဲ့တာ။ အခုတော့ သူ့ကို အလိုက်အသိဆုံး အချစ်တော် ပန်းလေး မိဖုရားကျောင်းကပါ သူ့ကို စပြီး ဆန့်ကျင်နေပြီဆိုတော့ ဧကရာဇ်ရှန်းကျုံးရဲ့ ရင်ထဲမှာ ပြည့်နှက်နေတဲ့ ဒေါသမီးတွေက ထိန်းမရတော့ဘဲ မိဖုရားကျောင်းအပေါ်ကို အကုန်ပုံချပြီး ပေါက်ကွဲလိုက်တော့တယ်။
မိဖုရားဟွားတို့ မိဖုရားငါးပါးကတော့ သူတို့ သက်တမ်းတစ်လျှောက် ဒီလို ပြဇာတ်ကောင်းတစ်ပုဒ်ကို မြင်တွေ့ခွင့်ရလိမ့်မယ်လို့ ထင်မထားခဲ့ဘူးလေ။ ပါးစပ်ကနေတော့ မိဖုရားကျောင်းအတွက် ကူညီတောင်းပန်ပေးနေကြပေမဲ့ အဲဒီစကားတွေက မီးလောင်ရာ လေပင့်တာကလွဲရင် တခြားဘာအကျိုးသက်ရောက်မှုမှ မရှိပါဘူး။ တစ်ယောက်ချင်းစီက ဧကရာဇ်ရှန်းကျုံး ဒေါသအလျောက် မိဖုရားကျောင်းဆိုတဲ့ မိန်းမယုတ်လေးကို တစ်ခါတည်း အပြတ်ရှင်းပစ်လိုက်ရင် ကောင်းမှာပဲလို့တောင် ဆုတောင်းနေကြတာပေါ့။
"လာကြစမ်း" ဧကရာဇ်ရှန်းကျုံးက မိဖုရားကျောင်းကို ဒေါသတကြီး အော်ငေါက်ပြီးရုတ်တရက် ခေါင်းထဲမှာ အကြံတစ်ခု ရလာတာမို့ ကျင်းကျုံးကို လှမ်းအမိန့်ပေးလိုက်လေတယ်။
"မင်း လူခေါ်ပြီး ကျောင်းအိမ်တော်ကို သွားစမ်း။ ကျောင်းချိုးမင်ကို ဆဋ္ဌမမင်းသားလေး ဘယ်ရောက်သွားလဲလို့ မေး။ ကျောင်းချိုးမင်က မပြောဘူးဆိုရင် ငါကိုယ်တော်ရဲ့ အမိန့်နဲ့ စစ်ဆေးမေးမြန်းပစ်လိုက်"
မိဖုရားဟွားတို့ တစ်သိုက်လည်း ချက်ချင်းပဲ အပြင်ထွက်ပြီး ဗြောက်အိုးတွေဖောက်၊ အောင်ပွဲခံချင်စိတ်တွေတောင် ပေါက်သွားကြတယ်။ အရှင်မင်းကြီး ဒီတစ်ခါတော့ တကယ်ကို ဉာဏ်ပညာကြီးမားပြီး ထက်မြက်နေပါလားလို့ ထင်မထားမိကြဘူးလေ။
မိဖုရားဟွားက ကျင်းကျုံး အမိန့်ခံယူပြီး ထွက်သွားတော့မလို့ လုပ်နေတာကို မြင်တော့ ရှေ့တစ်လှမ်းတိုးလိုက်ပြီး ဧကရာဇ်ရှန်းကျုံးကို ဝင်ပြောလိုက်လေတယ်။ "အရှင်မင်းကြီး၊ ကျင်းကျုံးက နန်းတော်ထဲမှာလည်း ဆဋ္ဌမမင်းသားလေးကို လိုက်ရှာဖို့ လူဦးဆောင်ရဦးမှာလေ။ သူတစ်ယောက်တည်းက အလုပ်နှစ်ခုကို ဘယ်လိုလုပ် နိုင်ပါ့မလဲ”
ဧကရာဇ်ရှန်းကျုံးက သူ့နဖူးကို သူပြန်ရိုက်ပြီး ပြောလိုက်လေတယ်။ "ကျင်းကျုံး၊ မင်း သွားစရာ မလိုတော့ဘူး"
မိဖုရားဟွားက အခွင့်ကောင်းယူပြီး ဝင်ထောက်လိုက်လေရဲ့။ "နန်းစောင့်တပ်ကိုပဲ လွှတ်လိုက်ပါလား။ ကျောင်းအိမ်တော်မှာက အစေခံတွေ၊ အစောင့်တွေ အများကြီး ရှိတဲ့အပြင် ကျောင်းပေချန်ကလည်း စစ်သူကြီး တစ်ယောက် ဖြစ်နေတယ်လေ"
"ဒီလိုပဲ လုပ်လိုက်ကြတာပေါ့" ဧကရာဇ်ရှန်းကျုံးက လက်တစ်ချက် ဝှေ့ယမ်းရင်း အတည်ပြုလိုက်တော့တယ်။
ကျင်းကျုံးက လူခေါ်ပြီး ကျောင်းအိမ်တော်ကို သွားမယ်ဆိုရင် ဒီကိစ္စက ညှိနှိုင်းလို့ ရနိုင်သေးတဲ့ အနေအထား ရှိသေးတယ်။ အခု နန်းစောင့်တပ်က သွားမယ်ဆိုရင်တော့ ကိုယ့်ဘက်က စစ်သူကြီး ဦးဆောင်ပြီး သွားနိုင်မလား ဆိုတာကတော့ ပြောရခက်သွားပြီလေ။ ကိစ္စတွေက ဘယ်လိုလုပ်ပြီး ဒီလို ဖြစ်သွားရတာလဲ။ အရင်က ကိုယ့်အကြံအစည်အတိုင်း တစ်လှမ်းချင်းစီ အမှားအယွင်းမရှိ သွားနေခဲ့တာလေ။ အခု ဘာတွေ ဖြစ်ကုန်တာလဲ။ ဘယ်မြေနိုးလေးက ယွီးကျစ်မင်ကို ခေါ်သွားရတာလဲ။ မိဖုရားကျောင်းဆို ဒေါသထွက်လွန်းလို့ လည်ချောင်းထဲ သွေးတစ်ပွက် ဆို့တက်လာပြီး သတိလစ်သွားတော့တယ်။
မိဖုရားဟွားက သတိလစ်သွားတဲ့ မိဖုရားကျောင်းကို တစ်ချက် ကြည့်လိုက်ပြီး ဧကရာဇ်ရှန်းကျုံးကို သက်ပြင်းချရင်း ပြောလိုက်ရှာတယ်။
"ညီမတော်ကျောင်းကလည်း သူ့သားအတွက်မို့ ဒီလို ဖြစ်သွားရရှာတာပါ”
ဧကရာဇ်ရှန်းကျုံးက မိဖုရားကျောင်းကို တစ်ချက်လေးတောင် လှည့်မကြည့်တော့ဘဲ ဝတ်ရုံလက်ကို ခါလိုက်ရင်း ထွက်သွားတော့တယ်။
ကုအိမ်တော်မှာတော့ ဝမ်မောမောက ယွီးကျစ်မင်ကို အဝတ်အစား ဝတ်ပေးနေရင်း စိတ်က လွင့်မျောနေတယ်။ သူမတို့ရဲ့ မင်းသမီးလေးကတော့ ဘေးနားမှာ ထိုင်ပြီး မနက်စာကို ကျေနပ်မှုတွေ အပြည့်နဲ့ စားသောက်နေလေရဲ့။
ဝမ်မောမောက မေးလိုက်လေတယ်။
"မင်းသမီး၊ ဆဋ္ဌမမင်းသားလေးကို နန်းတော်ထဲကနေ ဘယ်လိုလုပ် ခေါ်ထုတ်လာရတာလဲ"
"သူ့အမေက သူ့ကို မလိုချင်တော့ဘူးလေ" ယွီးရှောင်ရှောင်က ဆက်ပြောပြန်တယ်။
"ကျွန်မကလည်း သူ့ကို ပစ်မထားနိုင်ဘူး"
ဝမ်မောမောက ခုတင်ပေါ်မှာ လှဲနေတဲ့ ကုရှင်းလန်ကို လှမ်းကြည့်လိုက်ပြီး မိဖုရားကျောင်းရဲ့သားကို မင်းသမီးက ဘာကိစ္စ ဝင်ပါပြီး ဂရုစိုက်နေရတာလဲဆိုတဲ့ သဘောမျိုးနဲ့ မင်းသမီးရဲ့ ယောက်ျားဖြစ်သူကို အသံတိတ် မေးခွန်းထုတ်လိုက်တော့တယ်။
ကုရှင်းလန်မှာလည်း ဝမ်မောမောရဲ့ အကြည့်တွေရှေ့မှာ ဆွံ့အလို့။ သူကိုယ်တိုင်လည်း ဘာမှသိတာမှ မဟုတ်တာ။
"မမ" ယွီးကျစ်မင်က ယွီးရှောင်ရှောင်ကို လှမ်းမေးလေတယ်။ "မယ်တော်က သားကို တကယ်ကြီး မလိုချင်တော့ဘူးလား... ပစ်ထားခဲ့တော့မှာလားဟင်”
ယွီးရှောင်ရှောင် ပြန်မေးလိုက်တာပေါ့။ " မင်းပဲ ငါ့ကို အဲ့လို ပြောခဲ့တာ မဟုတ်ဘူးလား"
ကလေးပေါက်စလေးလည်း သေချာ စဉ်းစားကြည့်လိုက်တယ်။ ဟုတ်သားပဲ၊ ဒီစကားက မနေ့ညကမှ သူကိုယ်တိုင် သူ့အစ်မတော်ကို ပြောခဲ့တာပဲလေ။
ယွီးရှောင်ရှောင်က ပြောင်သလင်းခါနေပြီဖြစ်တဲ့ ဆန်ပြုတ်ပန်းကန်ကို ချလိုက်ပြီး လက်ထဲကနေ အီကြာကွေး တစ်ချောင်းကို ကောက်ကိုင်လိုက်ရင်း ယွီးကျစ်မင်ကို ပြောလိုက်လေတယ်။ "ယောက်ျားကောင်းဆိုတာ မိန်းမတွေ အကြောင်းကိုပဲ အချိန်ပြည့် တွေးမနေရဘူးကွ။ ယောက်ျားကောင်းတို့ရဲ့ ရည်မှန်းချက်ဆိုတာ အရပ်လေးမျက်နှာလုံးကို ဖြန့်ကြက်လွှမ်းမိုးနိုင်ရမှာပေါ့”
"ဒီစကားက သိပ်မဟန်ဘူးမလား" ဝမ်မောမောက ကုရှင်းလန်ကို လှမ်းမေးလိုက်တယ်။
ကိုယ့်အမေကို လွမ်းတာနဲ့ မိန်းမတစ်ယောက်ကို လွမ်းတာက သေချာပေါက် တစ်ကဏ္ဍစီပဲလေ။ ဒါကြောင့် ကုရှင်းလန်က ယွီးရှောင်ရှောင်ကို ဝင်ပြောလိုက်လေတယ်။
"မင်းသမီး... အမေဆိုတာက သာမန် မိန်းမတွေနဲ့ ဘယ်လိုလုပ် တူပါ့မလဲ”
ယွီးရှောင်ရှောင်ကတော့ အီကြာကွေးကိုသာ ခေါင်းမဖော်တမ်း ကိုက်နေတာ။ 'အင်း' လို့ တော့ အသံပြုရှာပါရဲ့။ အကြောင်းအရာကိုတော့ တစ်စိမှ စိတ်ဝင်စားမနေဘူး။
ဝမ်မောမောတစ်ယောက် ယွီးကျစ်မင်ကို အဝတ်အစား ဝတ်ပေးပြီးတဲ့အချိန်မှာပဲ ရုတ်တရက် ကိစ္စတစ်ခုကို သွားသတိရလိုက်မိတယ်။ ဒါနဲ့ပဲ ဆဋ္ဌမမင်းသားလေးကို သမက်တော်ရဲ့ ရင်ခွင်ထဲ ထိုးထည့်ပေးလိုက်ပြီး သူမကိုယ်တိုင်ကတော့ ယွီးရှောင်ရှောင်ရှေ့ကို ပြေးသွားရင်း "အမလေး ဘုရား ဘုရား... သတိရပြီ မင်းသမီးရဲ့" လို့ အော်ပြောလိုက်တော့တယ်။
ယွီးရှောင်ရှောင်လည်း ဝမ်မောမောရဲ့ အော်သံကြောင့် ကပျာကယာ ခေါင်းမော့ကြည့်လိုက်ပြီး "ဘာဖြစ်လို့လဲ" လို့ မေးလိုက်တာပေါ့။
"သတ္တမမင်းသားလေးလေ" ဝမ်မောမောက ယွီးရှောင်ရှောင်ကို အော်ပြောလေတယ်။
"သတ္တမမင်းသားလေးကို ပြန်ခေါ်လာဖို့ ဒုတိယသခင်လေးဆီ သွားပြောမဲ့သူ ရှိလို့လား”
ယွီးရှောင်ရှောင်တစ်ယောက် ပါးစပ်အပြည့် ငုံထားတဲ့ အီကြာကွေးတွေနဲ့ ဝမ်မောမောကို ကြောင်ကြည့်နေမိတော့တယ်။ သွားပါပြီ၊ သူမ အိမ်က ခုနစ်လေးကို လုံးဝ မေ့နေခဲ့တာပဲ။
ယွီးကျစ်မင်ကို သူ့ဗိုက်မှာ ကပ်ထိုင်ခိုင်းထားတဲ့ ကုရှင်းလန်ခမျာလည်း ကြောင်အမ်းအမ်း ဖြစ်သွားရတယ်။ မနေ့က တစ်နေ့ခင်းလုံး သူလည်း သူ့ရဲ့ ဒုတိယအစ်ကိုကို လုံးဝ သတိမရခဲ့ဘူးလေ။
"မေ့နေတာလား" ဝမ်မောမောက ယွီးရှောင်ရှောင်ကို မျက်လုံးကြီး ပြူးပြီး စိုက်ကြည့်လိုက်တယ်။
ယွီးရှောင်ရှောင်ခမျာ ပါးစပ်ထဲက အီကြာကွေးတွေကို အမြန်မျိုချလိုက်ပြီး "ကျွန်မ မေ့သွားတာ" လို့ ပြောလိုက်ရတာပေါ့။ မေ့ရင်လည်း မေ့တယ်လို့ ဝန်ခံရဲရမှာပဲလေ။
မင်းသမီးကြီးလို တာဝန်ယူစိတ် အပြည့်ရှိတဲ့သူက ကိုယ့်အမှားကို ဝန်မခံဘဲ ဘယ်နေပါ့မလဲ။
ဝမ်မောမောက ကုရှင်းလန်ဘက်ကို ခေါင်းလှည့်ကြည့်လိုက်ပြန်တယ်။ ကိုယ့်မင်းသမီးက ဖြစ်ကတတ်ဆန်း နိုင်တာဆိုရင် သမက်တော်ကရော ကူပြီးဖြစ်ကတတ်ဆန်း နိုင်ရသလားပေါ့။
ကုရှင်းလန်ကလည်း တာဝန်ယူမှုရှိတဲ့ ယောက်ျားကောင်းပီပီ "ကျွန်တော့် အမှားပါဗျာ" လို့ ဝန်ခံရှာတယ်။
ဝမ်မောမောခမျာ တကယ့်ကို မျှော်လင့်ချက်မဲ့သွားတဲ့ ခံစားချက်ကြီးကို ခံစားနေရတော့တာပါပဲ။ မိဖုရားခေါင်ကြီးရဲ့ ဝိညာဉ်သာ သိခဲ့မယ်ဆိုရင် တကယ်ပဲ မျက်စိမှိတ်နိုင်ပါဦးမလား။
ယွီးရှောင်ရှောင်လည်း အီကြာကွေး သုံးချောင်းတိတိ ဗိုက်ထဲရောက်သွားပြီးမှ ခုတင်ဘေးကို လျှောက်သွားလိုက်တယ်။ ပြီးတော့ ယွီးကျစ်မင်ရဲ့ လက်ထဲကို မန်ထို (ပေါက်စီအလွတ်) ဖြူဖြူလုံးလုံးလေး တစ်လုံး ထိုးထည့်ပေးလိုက်ပြီး "ငါ မင်းကို အိမ်ပြန်ပို့ပေးမယ်" လို့ ပြောလိုက်လေရဲ့။
ကုရှင်းလန်ကမေးတာပေါ့။ "မင်း အခုချက်ချင်း သူ့ကို ခေါ်သွားတော့မလို့လား"
ယွီးရှောင်ရှောင်က ပြန်မေးလေတယ်"ရှင်က ရှောင်လျို့လေးကို ထမင်းစားဖို့ ထားခဲ့ချင်သေးလို့လား"
ကုရှင်းလန် ဘာစကားမှ ဆက်မပြောတော့ပါဘူး။ သူ တကယ်ကို မထားခဲ့စေချင်ပါဘူး။
ယွီးရှောင်ရှောင်လည်း ယွီးကျစ်မင်ကို ပွေ့ချီပြီး ချက်ချင်းပဲ ထွက်သွားတော့တယ်။ ဒီကလေးကိုသာ ဆက်ထားခဲ့မယ်ဆိုရင် သူမက ဒီကလေးကို နေ့လယ်စာ တစ်နပ် ထပ်ကျွေးရဦးမှာလေ။ စားနပ်ရိက္ခာဆိုတာမျိုးက ချွေတာလို့ ရရင် ချွေတာရမှာပေါ့။
ဝမ်မောမော အိပ်ခန်းအပြင်ဘက်ကို ပြေးထွက်ကြည့်လိုက်တော့ သူမတို့ရဲ့ မင်းသမီးလေးက အရိပ်တောင် မတွေ့ရတော့ဘူး။ ဒါနဲ့ ကုရှင်းလန်ဆီပဲ ပြန်လှည့်လာခဲ့ရပြီး စိုးရိမ်တကြီးနဲ့ မေးလိုက်*ှ,တယ်။ "သမက်တော်... နန်းတော်ထဲမှာ ဆဋ္ဌမမင်းသားလေး ပျောက်နေတာကို သိသွားလောက်ပြီလားဟင်"
ကုရှင်းလန်မှာတော့... ဆွံ့အလို့။
ဝမ်မောမောက ထပ်မေးပြန်တယ်။ "သမက်တော်က ဒီကိစ္စကို ခေါင်းထဲမထည့်ထားဘူးလား"
ကိုယ့်မင်းသမီးက ခေါင်းထဲမှာ ဘာမှမရှိဘူး ဆိုရင်တောင် ထားပါတော့။ သမက်တော်လို စစ်တပ်ကို ဦးဆောင်ပြီး စစ်တိုက်နေတဲ့ သူတစ်ယောက်ကလည်း ဒီလောက်တောင် ခေါင်းမသုံးတတ်တာမျိုးတော့ မဖြစ်သင့်ဘူးလေ။
ကုရှင်းလန်ခမျာ မနက်စောစော နိုးလာတော့ လန့်ကလန့်သွားရသေးတယ်။ ယွီးရှောင်ရှောင်ရော၊ ယွီးကျစ်မင်နဲ့ပါ အိပ်ရာဝင်ပြီး တစ်ရေး ထပ်အိပ်လိုက်သေးတာကိုး။ သူ့ခေါင်းထဲမှာ ဘာမှမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေတာလေ။ အခု ဝမ်မောမောက လာမေးတော့မှပဲ ကုရှင်းလန် တစ်ယောက် ခုတင်ပေါ် လှဲနေရင်းကနေ ဒီကိစ္စကို သေချာ ပြန်တွေးမိသွားတယ်။ လူကို နန်းတော်ထဲကနေ ခေါ်ထုတ်လာခဲ့တာ တစ်ညတောင် ရှိသွားပြီပဲ။ အခုမှ ဘာတွေဆက်ပြောနေလည်း အလကားပါပဲလေ။
"သမက်တော်" အခုချိန်မှာ ဝမ်မောမော အားကိုးလို့ရတာဆိုလို့ ကုရှင်းလန် တစ်ယောက်ပဲ ရှိတော့တာလေ။
"ကျွန်တော် နန်းတော်ထဲ တစ်ခေါက်လောက် သွားလိုက်ပါ့မယ်" ကုရှင်းလန်က ဝမ်မောမောကို ပြောလိုက်လေတယ်။
"မင်းသမီးက ငယ်ပါသေးတယ်။ သူနဲ့ ဆဋ္ဌမမင်းသားလေးက မောင်နှမ သံယောဇဉ် ကြီးမားကြလို့ပါ။ ဒီကိစ္စ... ဒီကိစ္စကို အရှင်မင်းကြီးဆီ ကျွန်တော် သေချာ ရှင်းပြလိုက်ပါ့မယ်”
ကုသခင်လေး၃ နှုတ်ကနေ ထွက်လာတဲ့ 'မောင်နှမ သံယောဇဉ် ကြီးမားလို့' ဆိုတဲ့ စကားတစ်ခွန်းကြောင့် ဝမ်မောမောရဲ့ ခန္ဓာကိုယ်ကြီး တုန်တက်သွားပြီး မျက်နှာအမူအရာတွေပါ ရှုံ့မဲ့ကုန်တော့တယ်။
"ဒါဆိုလည်း ကောင်းတာပါပဲ။ သမက်တော် ခဏစောင့်ပါဦး။ ကျွန်တော်မျိုးမ အခုပဲ ရှောင်ကျွမ်းနဲ့ ရှောင်ဝေကို ဝင်လာပြီး အဝတ်အစား လဲပေးဖို့ ခေါ်လိုက်ပါ့မယ်” သမက်တော်သာ ဘေးနားကနေ အဖော်လိုက်သွားပေးရင် ခဏနေ အရှင်မင်းကြီး ဒေါသထွက်လာတဲ့အခါ မင်းသမီးအတွက် ဒေါသမီးတစ်ဝက်ကို မျှဝေခံစားပေးမဲ့သူ ရှိသွားတာပေါ့၊ မဟုတ်ဘူးလား။ အမြဲတမ်း စိတ်ပူစရာတွေ ဖန်တီးနေတတ်တဲ့ သူမတို့ မင်းသမီးလေးအတွက် ဝမ်မောမောခမျာ ရှောင်လွှဲလို့မရဘဲ စိတ်ထားလေး နည်းနည်းတော့ ယုတ်မာလိုက်ရတော့တယ်။
ယွီးရှောင်ရှောင်ကတော့ ယွီးကျစ်မင်ကို ဆွဲမ,ပြီး ခြံစည်းရိုးကျော်ရင်း ကုအိမ်တော်ထဲကနေ ထွက်လာခဲ့လေရဲ့။
ယွီးကျစ်မင်က မေးလေတယ်။ "မမ၊ ကျွန်တော်တို့ ဘာလို့ တံခါးပေါက်ကနေ မထွက်တာလဲ"
ယွီးရှောင်ရှောင်ကတော့ "ဒီလိုသွားတာ ပိုနီးလို့လေ" လို့ ပြန်ဖြေတယ်။
ယွီးကျစ်မင်က ထပ်ပြီး "မမ၊ သားကို ချီပါလား" လို့ ပူဆာပြန်ရော။
ယွီးရှောင်ရှောင် တစ်ချက် စဉ်းစားလိုက်ပြီး ကလေးပေါက်စလေးကို သူမရဲ့ ပခုံးပေါ်မှာ ခွထိုင်ခိုင်းလိုက်တယ်။ ဟိုးအရင်တုန်းက ပခုံးထမ်းလောင်ချာ(RPG)ကြီးကိုတောင် ထမ်းလာခဲ့သေးတာပဲ။ အခု ကလေးပေါက်စလေးကို ထမ်းရတာကတော့ ပြောစရာတောင် မလိုတော့ပါဘူး။
ယွီးကျစ်မင်က ယွီးရှောင်ရှောင်ရဲ့ ပခုံးပေါ်မှာ ထိုင်ရင်း သူ့လက်သေးသေးလေးတွေနဲ့ ယွီးရှောင်ရှောင်ရဲ့ လည်ပင်းကို ဖက်ထားလေတယ်။ ပြီးတော့မှ ပြောလေရဲ့။ "မမ၊ ကျွန်တော်တို့ အခု အိမ်ပြန်တော့မှာလား။ သားက အဘိုးကို လွမ်းနေပြီ"
...