← Chapters

အခန်း ၂၈၁

Vol. 23 Ch. 281

အခန်း ၂၈၁

Vol. 23 Ch. 281

အခန်း (၂၈၁)

- အပိုင်း (၅၃) - ကယ်တင်ခြင်း၏ မိစ္ဆာဘုရင် (၃)

ယောင်ဟီဝန်က တိုးတိုးလေး ရေရွတ်လိုက်သည်။

"...ဒေါ့ဂျာ"

ကင်ဒေါ့ဂျာ၏ အလင်းရောင်များကြားမှ ဧရာမ မျက်လုံးကြီးသည် ကမ္ဘာလောကကို ငုံ့ကြည့်နေသည်။ ထိုမျက်လုံးနှင့် ဆုံလိုက်ရသည့် ခဏတွင် ယောင်ဟီဝန်၏ တစ်ကိုယ်လုံး တုန်ရီသွား၏။ မြေပြင်မှာလည်း ပုံပျက်ရှုံ့တွသွားပြီး ဆူနာမီတစ်ခု လာနေသကဲ့သို့ တုန်ခါနေလေသည်။

[၇၃ ခုမြောက် မိစ္ဆာနယ်မြေသည် နာကျင်မှုကြောင့် အော်ဟစ်နေပါသည်။]

ကွဲအက်နေသော မြေလွှာကြားမှ ချော်ရည်များ ပွင့်ထွက်လာပြီး လျှံတက်လာသော အပူရှိန်မှာ ဟင်းလင်းပြင် ဗိုက်ကြီးထဲသို့ ထပ်မံ ပျောက်ကွယ်သွားပြန်သည်။ စက်မှုဇုန်ကို ဗဟိုပြု၍ တစ်ကမ္ဘာလုံးက တဖြည်းဖြည်း ကျဉ်းမြောင်းလာနေသည်။ သို့ဆိုလျှင် အခြားသော စက်မှုဇုန်များ မည်သို့ဖြစ်သွားလောက်မည်က ထင်ရှားလှသည်။

ဇာတ်လမ်းကြောင့် ပိုမိုအားကောင်းလာသော အဆင့်ကျော်လွန်သူ၏ မှော်စွမ်းအင်များက လှုပ်ရှားလာသည်။ ထို 'မျက်လုံး' ကို တိုက်ရိုက်ရင်ဆိုင်ရန်မှာ မဖြစ်နိုင်သော်လည်း တုန်ခါမှုလှိုင်းများကိုတော့ နှေးကွေးသွားအောင် လုပ်နိုင်ပေ၏။

「အမြန်လုပ်စမ်း၊ အရူးတပည့်ကောင်」

ကိုင်ရီယော့စ်က အော်ဟစ်လိုက်ပြီး စက်မှုဇုန်မြို့ရိုး၏ အပြင်ဘက် ဟင်းလင်းပြင်မှာ ပုံပျက်သွားသည်။ မိုးကုတ်စက်ဝိုင်းကြီးမှာ ဧရာမ မြူထုကြီး၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီး အမှောင်ထုထဲသို့ ပျောက်ကွယ်သွားသည်။

သို့သော်လည်း ယောင်ဟီဝန်သည် သူ၏ မျှော်လင့်ချက်ကြိုးလေးကို လက်မလွှတ်သေးပေ။ သူ ကြားခဲ့ရတာ မှန်တယ်ဆိုလျှင် ဆရာသမားများနှင့် ကင်ဒေါ့ဂျာတို့သည် ဤအခြေအနေကို ကြိုတင်တွက်ချက်ထားပြီးသား ဖြစ်လောက်ပေမည်။

"ဦးလေးကြီး။ ဒါက ဘာကြီးလဲ"

ချောက်ဂျွန်ဂယောင်း၏ ခန္ဓာကိုယ်မှာ ပျောက်ကွယ်သွားပြီ ဖြစ်ပြီး ကိုင်ရီယော့စ်နှင့် ကောင်းကင်ဖြိုခွင်းဓါးသူတော်စင်တို့မှာလည်း အခြေအနေ မကောင်းလှပေ။ သို့သော်လည်း အခြေအနေ ဤမျှ ဆိုးရွားလာသည်အထိ ကင်ဒေါ့ဂျာက ဘာမှ မလှုပ်ရှားသေးပေ။

ကင်ဒေါ့ဂျာ၏ နှုတ်ခမ်းများက တစ်ခုခုကို အဆက်မပြတ် ရေရွတ်နေသကဲ့သို့ လှုပ်ရှားနေသည်။ သူ၏ မျက်လုံးများကလည်း ဝေးကွာလှသော စကြဝဠာထဲမှ တစ်ခုခုကို ရှာဖွေနေသကဲ့သို့ အလျှင်အမြန် လှုပ်ရှားနေ၏။

ယောင်ဟီဝန် သတိထားမိလိုက်သည်။ သူတို့ လက်မလျှော့သကဲ့သို့ ကင်ဒေါ့ဂျာလည်း လက်မလျှော့သေးပေ။ ကင်ဒေါ့ဂျာသည် မြေပြင်ပေါ်သို့ ဖြည်းဖြည်းချင်း ဆင်းသက်လာသည်။ ယောင်ဟီဝန်က အချက်ပြသည့်အနေဖြင့် အော်လိုက်သည်။

"ပြင်ထားကြတော့"

လီဟန်းဆောင်က သံမဏိအဖြစ် ပြောင်းလဲခြင်းကို အသုံးပြုရင်း မေးလိုက်သည်။

"ဒေါ့ဂျာ။ ကျုပ်တို့ ဘာလုပ်ရမလဲ"

အားလုံးက ကင်ဒေါ့ဂျာကို စောင့်ကြည့်နေကြသည်။ ဘာမှန်း မသိသော်လည်း ကင်ဒေါ့ဂျာတွင် အစီအစဉ်တစ်ခုခု ရှိနေလိမ့်မည်ဟု ယုံကြည်နေကြ၏။

ကင်ဒေါ့ဂျာက မျက်တောင်ကို ဖြည်းဖြည်းချင်း ခတ်လိုက်ပြီး အဖွဲ့သားများကို ကြည့်လိုက်သည်။ ပြီးခဲ့သော ရက်အနည်းငယ်အတွင်း ကင်ဒေါ့ဂျာသည် အဖွဲ့သားများကို အရာများစွာ ပေးခဲ့သည်။ လီဟန်းဆောင်က ဒိုင်းအသစ်တစ်ခု ရခဲ့ပြီး ယောင်ဟီဝန်က စွမ်းရည်အသစ်တစ်ခု ရခဲ့သည်။ လီဂျီဟယ်၏ မှော်စွမ်းအင်များ ပိုအားကောင်းလာပြီး ရှင်ယူဆောင်းနှင့် လီဂီယောင်တို့မှာလည်း ထိန်းချုပ်မှု စွမ်းရည်အမြောက်အမြားကို သင်ယူခဲ့ရသည်။ အဖွဲ့သားများက ယုံကြည်ကြသည်။

[မဟာဇာတ်လမ်းကြီး ‘မိစ္ဆာနယ်မြေ၏ နွေဦး’ သည် ဇာတ်လမ်း၏ ပိုင်ရှင်အတွက် လှုပ်ရှားနေပါသည်။]

သူတို့ အတူတကွ တည်ဆောက်ခဲ့သော ဤမဟာဇာတ်လမ်းကြီးနှင့် ကင်ဒေါ့ဂျာ ပြင်ဆင်ထားသည့် အစီအစဉ်သာ ရှိမည်ဆိုလျှင် အင်အားအကြီးဆုံး ရန်သူကိုပင် သူတို့ ဖြိုလှဲနိုင်လိမ့်မည်။ သူတို့သည် သူရိယ၏ ရထားလုံးကိုပင် ဖျက်ဆီးခဲ့သူများ ဖြစ်သည်။ ဤရန်သူ ရောက်လာခဲ့လျှင်တောင်မှ ရင်ဆိုင်နိုင်လောက်မည်။

"ဦး... လေး... "

အခြေအနေ ထူးခြားမှုကို အစောဆုံး သတိထားမိသူမှာ ရှင်ယူဆောင်း ဖြစ်သည်။ ပြင်းထန်သော မီးပွားများနှင့်အတူ ရှင်ယူဆောင်း၏ ဒူးများမှာ မြေပြင်ပေါ်သို့ နစ်ဝင်သွားသည်။ ရှင်ယူဆောင်း၏ ခန္ဓာကိုယ်မှာ ကြိုးဖြင့် အချည်ခံထားရသကဲ့သို့ လှုပ်ရှား၍ မရတော့ပေ။

「ဒါက ဒေါ့ဂျာရဲ့ ဇာတ်လမ်းပဲ」

ကင်ဒေါ့ဂျာ၏ ခန္ဓာကိုယ်မှ စီးထွက်လာသော မဟာဇာတ်လမ်းကြီးသည် အဖွဲ့သားများအတွက် ပြင်းထန်သော သံခြေကျင်းများ ဖြစ်လာခဲ့သည်။ လီဟန်းဆောင်သည် မြေပြင်ပေါ်သို့ ဖြည်းဖြည်းချင်း နစ်ဝင်သွားသည်။ သူက ကြောင်တောင်တောင် မျက်နှာပေးဖြင့် မေးလိုက်သည်။

"ဒေါ့ဂျာ။ ဒါက ဘာလဲ..."

ကင်ဒေါ့ဂျာ၏ မျက်နှာအမူအရာမှာ ခန့်မှန်းရခက်နေဆဲပင်။ သူသည် ထိုနေရာတွင် ရှိနေသော်လည်း သူတို့နှင့်အတူ ရှိနေပုံမရပေ။ အဖွဲ့သားများကတော့ သူတို့အားလုံး အတူတူ ရင်ဆိုင်နေရသည်ဟု ထင်ခဲ့ကြသည်၊ သို့သော် အဘယ်ကြောင့်နည်း။

အဘယ်ကြောင့် ကင်ဒေါ့ဂျာက တစ်ယောက်တည်း ရှိနေသလိုမျိုး ဖြစ်နေရသနည်း။ တစ်ဦးတည်း တည်ရှိနေသော 'ဇာတ်လမ်း' ဆိုသည်မှာ မရှိပေ။ ကင်ဒေါ့ဂျာ၏ 'ရှင်ဘုရင်မဲ့ကမ္ဘာ၏ ဘုရင်' သည် ယူဂျွန်ဟော့၏ 'ဘုရင်အမည်ကို ဆက်ခံသူ' နှင့် ချိတ်ဆက်နေသကဲ့သို့ ယောင်ဟီဝန်၏ 'နောင်လာမည့် မကောင်းမှုကို ဖယ်ရှားခြင်း' သည်လည်း ကင်ဒေါ့ဂျာ၏ 'ထုတ်လွှင့်သူကို မထီမဲ့မြင်ပြုသူ' နှင့် ချိတ်ဆက်နေခြင်း ဖြစ်သည်။

ပို၍ကြီးမားသော ဇာတ်လမ်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်သော မဟာဇာတ်လမ်းဆိုလျှင် ပြောစရာပင် မလိုပေ။ မဟာဇာတ်လမ်း 'မိစ္ဆာနယ်မြေ၏ နွေဦး' ဆိုသည်မှာ ကြောက်မက်ဖွယ်ကောင်းသော စစ်မြေပြင်တွင် ပါဝင်ခဲ့ကြသည့် လူတိုင်းနှင့် သက်ဆိုင်သည်။ သို့သော်လည်း ဤအခိုက်အတန့်တွင် 'မိစ္ဆာနယ်မြေ၏ နွေဦး' သည် ကင်ဒေါ့ဂျာ တစ်ယောက်တည်းအတွက်သာ ဖြစ်နေသည်။

[မဟာဇာတ်လမ်း ‘မိစ္ဆာနယ်မြေ၏ နွေဦး’ ၏ အဓိကဇာတ်ကြောင်းပြောကြားသူက သူ၏ ဇာတ်လမ်းကို စတင်လိုက်ပါပြီ။]

အဖွဲ့သားများ ပိုင်ဆိုင်ထားသော မဟာဇာတ်လမ်း၏ အစိတ်အပိုင်း အားလုံးမှာ ထိန်းချုပ်ခြင်း ခံလိုက်ရသည်။ အဖွဲ့သားများသည် သူတို့၏ ဇာတ်လမ်းအစိတ်အပိုင်းများကို အသုံးပြုကာ ခုခံခဲ့ကြသည်။ ယောင်ဟီဝန်၊ ယူဆန်းအာ၊ လီဟန်းဆောင်၊ လီဂီယောင်၊ ရှင်ယူဆောင်း...

သူတို့ အားလုံး၏ ဇာတ်လမ်းအစိတ်အပိုင်းများကို ပေါင်းလိုက်လျှင်ပင် လူတစ်ဦးတည်း၏ ကြီးမားလှသော ဆန္ဒကို အနိုင်မယူနိုင်ခဲ့ကြပေ။ ယူဂျွန်ဟော့သာ နိုးနေလျှင် အခြေအနေက တစ်မျိုး ဖြစ်နိုင်သော်လည်း ယူဂျွန်ဟော့မှာ အခုအချိန်တွင် မရှိပေ။

ယောင်ဟီဝန်သည် မြေပြင်ပေါ်တွင် ထိုင်လျက် နာကျင်စွာ အော်ဟစ်လိုက်သည်။

"နေဦး။ ဒါက ဘာလဲ။ ဒါက ဘာကြီးလဲ"

ယောင်ဟီဝန်သည် ကင်ဒေါ့ဂျာ၏ မျက်နှာအမူအရာကို စိုက်ကြည့်ရင်း တစ်ခုခုကို နောက်ဆုံးတွင် သတိထားမိလိုက်သည်။

ကြီးမားသော ဘေးအန္တရာယ်နှင့် မကြုံတွေ့မီ ကင်ဒေါ့ဂျာသည် အမြဲတမ်း တစ်မျိုးတည်းသော မျက်နှာအမူအရာကို လုပ်လေ့ရှိသည်။ သူ၏ နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးညွတ်သွားပြီး ကြည့်ရတာ ကံမကောင်းသလိုမျိုး ဖြစ်နေတတ်သော်လည်း အဖွဲ့သားများကိုတော့ စိတ်အေးစေခဲ့သည်။ အခု ကင်ဒေါ့ဂျာ၏ မျက်နှာအမူအရာကတော့...

ဘာကြောင့်လဲ။

"နင် ဒီလိုပဲ လုပ်တော့မယ်ဆိုရင် ဘာလို့ ပြီးခဲ့တဲ့ ရက်တွေမှာ ငါတို့ကို ပြင်ဆင်ခိုင်းခဲ့တာလဲ။ ဘာလို့ ငါ့ကို ဒီစွမ်းရည်တွေ ပေးခဲ့တာလဲ"

ယောင်ဟီဝန်၏ စိတ်ပျက်အားငယ်စွာ အော်ဟစ်သံကြောင့် ကင်ဒေါ့ဂျာက ပါးစပ်ကို ဖွင့်ကာ ပြောလိုက်သည်။

"၂၈ ခုမြောက် ဇာတ်ဝင်ခန်းမှာ နှင်းလူတွေကိုရင်ဆိုင်ရမှာမလို့ ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို နင့်ကို ငါ ပြောပြခဲ့တာပါ"

"ဒါ-ဒါဆို ကျုပ်ရဲ့ ဒိုင်းက..."

"အဲဒါက ၃၅ ခုမြောက် ဇာတ်ဝင်ခန်းမှာ 'အယ်ဂွန်ကင်မြွေ' တွေကို ဖမ်းဖို့ အသုံးဝင်လာလိမ့်မယ်။ ခင်ဗျားတို့ရဲ့ စွမ်းရည်တွေကို မမေ့ကြနဲ့။ စွမ်းရည်တွေကို ဘယ်လိုသုံးရမလဲဆိုတာ ခင်ဗျားတို့အားလုံးကို ကျုပ် ပြောပြထားပြီးပြီနော်"

ခါတိုင်းကဲ့သို့ပင် သူ၏ ပြင်ဆင်မှုတိုင်းတွင် အကြောင်းပြချက် ရှိနေခဲ့သည်။ ကြောင်တောင်တောင် ဖြစ်နေသော အဖွဲ့သားများကို ကင်ဒေါ့ဂျာက အကြောင်းပြချက်များကို တစ်ခုပြီးတစ်ခု ပေးနေသည်။

"ဒါဆို ဒီ... ဒီဇာတ်ဝင်ခန်းကကော..."

သို့သော်လည်း မည်သည့် ပြင်ဆင်မှုကမှ ဤအခြေအနေအတွက် မဟုတ်ခဲ့ပေ။

အမှောင်ထုက မိုးကုတ်စက်ဝိုင်းကို ဖုံးလွှမ်းလာနေသည်။ ကင်ဒေါ့ဂျာက ထိုအမှောင်ထုကို ကြည့်ရင်း ပြောလိုက်သည်။

"ဒီအခြေအနေကို ငါ ကိုင်တွယ်လိုက်မယ်"

"ချီး။ အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့"

ယောင်ဟီဝန်က အော်လိုက်သည်။

"နင့်ကို သွားခွင့်မပေးနိုင်ဘူး။ နောက်တစ်ခါ တစ်ယောက်ထဲ ထပ်မသွားပါနဲ့တော့။ တောင်းပန်ပါတယ်"

ကင်ဒေါ့ဂျာ တစ်ယောက်တည်း ထိုအရာကို ရင်ဆိုင်ရန်မှာ မဖြစ်နိုင်ပေ။ ထိုအရာကို အဆင့်ကျော်လွန်သူ နှစ်ဦးနှင့် ချောက်ဂျွန်ဂယောင်းတို့ပင် တားဆီးနိုင်ခြင်း မရှိခဲ့ပေ။ ကင်ဒေါ့ဂျာ တစ်ယောက်တည်းနှင့် ထိုကဲ့သို့သော အရာကို ရင်ဆိုင်နိုင်ရန် နည်းလမ်းမရှိပေ။

"ဟား။ ကျနာ် အကိုရဲ့အစီအစဉ်ကို သဘောမကျဘူး။ အကိုဒေါ့ဂျာ"

ပြီးခဲ့တဲ့ အခေါက်ကလိုမျိုး သူ့အပေါ်မှာ အကြွေးမတင်ချင်တာကြောင့် ယောင်ဟီဝန် ပိုပြီး သန်မာအောင် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ ယောင်ဟီဝန်သည် ငရဲကဲ့သို့ ပြင်းထန်သော သီးသန့်ဇာတ်ဝင်ခန်းများကို လုပ်ဆောင်ခဲ့ပြီး သားရဲများကို ရူးသွပ်စွာ နှိမ်နင်းခဲ့သည်။ ယောင်ဟီဝန်သည် သွေးများ အန်ရင်း အော်ဟစ်လိုက်သည်။

"ဒါကို ငါတို့ဘာသာငါတို့ မလုပ်နိုင်ဘူးလို့ ပြောခဲ့တာ နင်ပဲလေ။ ငါတို့ကို စုစည်းခဲ့တာလည်း နင်ပဲ။ ဒါတွေအားလုံးကို ငါ့ကို ပြောပြခဲ့တာလည်း နင်ပဲ"

ပြုံးနေသော ကင်ဒေါ့ဂျာ၏ နှုတ်ခမ်းများမှ စစ်မှန်သောအသံ တစ်ခု ထွက်ပေါ်လာသည်။

[ငါ သိပါတယ်]

"ဘာကို သိတာလဲ။ သိတဲ့လူက ဘယ်လိုလုပ်ပြီး..."

[ဒါပေမဲ့ အခုတော့ မဟုတ်သေးဘူး]

လီဟန်းဆောင်က အော်လိုက်သည်။

"ကျုပ် ဒါကို အလိုမရှိဘူး။ ဒီလို အကူအညီမျိုးကို မလိုအပ်ဘူး။ ကျုပ် ဒီမှာပဲ သေလိုက်မယ်။ ဒေါ့ဂျာနဲ့အတူ ဒီမှာပဲ သေလိုက်မယ်"

ဒီမှာ သေမယ်တဲ့လား။

ကောင်းကင်ကို ကြည့်နေသော ကင်ဒေါ့ဂျာသည် အဖွဲ့သားများဆီသို့ ကြည့်လိုက်သည်။

[ ‘ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်’ နက္ခတ်သည် အဖွဲ့သားများကို ကြည့်နေပါသည်။]

အဖွဲ့သားများသည် ထိုမက်ဆေ့ချ်ကို ကြားလိုက်ရသည်။ သူတို့သည် လွင့်ပျံ့နေသော ကင်ဒေါ့ဂျာ၏ ဆံပင်များကို ကြည့်လိုက်ကြသည်။ သူ၏ ရှည်လျားသော မျက်တောင်များ၊ သူ၏ မျက်လုံးများ၊ သူ၏ ဖြူဖွေးသော ပါးပြင်များနှင့် ဝမ်းနည်းစွာ ပုံပျက်နေသော နှုတ်ခမ်းများကို သူတို့ မြင်လိုက်ရသည်။ ရုတ်တရက်ဆိုသလို ကင်ဒေါ့ဂျာသည် ဤကမ္ဘာလောကတွင် ထိုကဲ့သို့သော မျက်နှာအမူအရာမျိုးနှင့် တည်ရှိနေနိုင်သည်ကို သူတို့ သတိထားမိလိုက်သည်။

[ရှင်သန်ကြပါ]

စစ်မှန်သောအသံမှာ အမိန့်တစ်ခုကဲ့သို့ ဖြစ်နေသဖြင့် သူတို့သည် ကူကယ်ရာမဲ့စွာ နားထောင်နေရသည်။

[မိစ္ဆာဘုရင် ‘ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်’ သည် အပြင်ဘက်ကို ကြည့်နေပါသည်။]

ကင်ဒေါ့ဂျာ၏ မျက်နှာအမူအရာမှာ ပြောင်းလဲလာနေသည်။ အိပ်ပျော်နေသော မိစ္ဆာဘုရင်၏ စွမ်းအားများက နိုးထလာနေပြီ ဖြစ်သည်။

[‘ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်’ ဇာတ်လမ်း စတင်ပါပြီ။]

၇၃ ခုမြောက် မိစ္ဆာနယ်မြေ၏ ဇာတ်လမ်းများမှာ သူ၏ ပတ်ဝန်းကျင်တွင် စတင်စုစည်းလာသည်။ ဖြူစင်သော ကုတ်အင်္ကျီမှာ မိစ္ဆာစွမ်းအင်များကြောင့် မဲမှောင်သွားပြီး ကင်ဒေါ့ဂျာ၏ ဦးခေါင်းပေါ်တွင် ချိုနှစ်ချောင်း ထွက်ပေါ်လာသည်။ ၎င်းမှာ မိစ္ဆာဘုရင် တစ်ပါးသာ အသုံးပြုနိုင်သည့် 'မိစ္ဆာဘုရင် အသွင်ပြောင်းခြင်း' စွမ်းအားပင် ဖြစ်သည်။

[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်သည် သူ၏ မိတ်ဆွေကို ကြည့်နေပါသည်။]

[‘မဟူရာမီးလျှံ အသူတစ်ရာနဂါး’ နက္ခတ်သည် သူ၏ ပြိုင်ဘက်ကို ဂုဏ်ပြုနေပါသည်။]

[‘ဂိုလျော၏ ပထမဆုံးသော ဓါး’ နက္ခတ်သည် ပြင်းထန်စွာ ဟိန်းဟောက်လိုက်ပါသည်။]

[‘အမြင့်မြတ်ဆုံးသော အလင်းနတ်ဘုရား’ နက္ခတ်သည် ၇၃ ခုမြောက် မိစ္ဆာနယ်မြေ၏ နိဂုံးကို စောင့်ကြည့်နေပါသည်။]

ကင်ဒေါ့ဂျာ၏ ပုခုံးများမှ အနက်ရောင် အတောင်ပံများ ထွက်ပေါ်လာပြီး ညကောင်းကင်ယံဆီသို့ ဦးတည်လိုက်သည်။ နာရီစင်၏ စက္ကန့်လက်တံမှာ နှေးကွေးစွာ ရွေ့လျားနေပြီး ကင်ဒေါ့ဂျာက ပျံတက်သွားသည်။ ဤအချိန်ကာလကို စွန့်ခွာသွားသကဲ့သို့ပင် ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကောင်းကင်ယံဆီသို့ ပျံတက်သွားခဲ့သည်။

ကင်ဒေါ့ဂျာက ဟင်းလင်းပြင်ကို ဖောက်ထွက်လိုက်သည့် ခဏမှာပင် မိုးကြိုးများ ပစ်ချလိုက်၏။ မိုးကြိုးအချို့ ပစ်ချလိုက်ပြီးနောက် မိုးကုတ်စက်ဝိုင်းမှ လာနေသည့် မြူထုကြီးမှာ ရပ်တန့်သွားသည်။

အချိန်ကြီး ရပ်တန့်သွားသလိုပင်။ အဖွဲ့သားများသည် ကင်ဒေါ့ဂျာ ပျောက်ကွယ်သွားသည့် ညကောင်းကင်ယံကို မော့ကြည့်ရင်း အသက်ရှူပင် ကောင်းကောင်း မရှူနိုင်ကြပေ။ မပြီးဆုံးသေးသော နာရီစင်ပေါ်တွင် အချိန်များမှာ ဆက်လက် စီးဆင်းနေလေသည်။ တစ်မိနစ်၊ နှစ်မိနစ်၊ သုံးမိနစ်...

အချိန်တွေ ဘယ်လောက်ပဲ ကုန်ဆုံးသွားပါစေ ကင်ဒေါ့ဂျာ ပြန်မလာခဲ့ပေ။ ယောင်ဟီဝန်က အော်လိုက်သည်။

"ကင်ဒေါ့ဂျာ"

ထိုအချိန်မှာပင် အဆင့်ကျော်လွန်သူများမှာ မြို့ရိုးပေါ်မှ လွင့်စဉ်ကျလာကြသည်။ ဖရိုဖရဲ ဖြစ်နေသော ကောင်းကင်ဖြိုခွင်းဓါးသူတော်စင်နှင့် ကိုင်ရီယော့စ်တို့မှာ သူတို့နေရာမှ ယိုင်တိယိုင်တိုင်နှင့် ထလာကြသည်။

မြူထုကြီးက ကမ္ဘာလောကကို တစ်ဖန် ပြန်လည် ဝါးမျိုလာပြန်သည်။ မြူထုကြီးမှာ မိုးကုတ်စက်ဝိုင်းရှိ အရာအားလုံးကို ဝါးမျိုလိုက်ပြီး မြို့ရိုးဆီသို့ နီးကပ်လာသည်။ မြို့ရိုးများမှာ ပြိုကျပျက်စီးလာနေပြီ ဖြစ်သည်။ လူများက အော်ဟစ်နေကြသည်။

ယောင်ဟီဝန်က အပြင်းအထန် စဉ်းစားနေသည်။

'သူ ဒါကို မတားနိုင်ဘူး။ ကင်ဒေါ့ဂျာ ဒါကို မတားနိုင်ဘူး'

မြူထုက စက်မှုဇုန်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ နောက်တစ်ခဏတွင် ယောင်ဟီဝန်သည် သူ၏ ခန္ဓာကိုယ်မှာ တစ်နေရာရာသို့ ကူးပြောင်းခံလိုက်ရသည်ကို ခံစားလိုက်ရ၏။

ယူဆန်းအာက လက်လျှော့လိုက်သကဲ့သို့ မျက်လုံးများကို ပိတ်ထားပြီး လီဟန်းဆောင်ကမူ ကောင်းကင်ကို ကြည့်ရင်း ဟိန်းဟောက်လိုက်သည်။

ဟန်မြုံအိုက ထိုင်ချလိုက်ပြီး ဂုံဖီဒူကတော့ ပျက်စီးသွားသော ရဲတိုက်ကို စောင့်ကြပ်နေသည်။

အားလုံးထံမှ အဖြူရောင် မီးပွားများ ထွက်ပေါ်နေသည်။ ထို့နောက် 'ယူဂျွန်ဟော့ - ကင်ဒေါ့ဂျာ စက်မှုဇုန်' ထဲရှိ လူတိုင်းမှာ တစ်နေရာရာသို့ ပို့ဆောင်ခံလိုက်ရတော့သည်။

မြူထုထဲမှ ဒေါသထွက်နေသည့်အလား ခြိမ်းခြောက်သံကြီး တစ်ခု ထွက်ပေါ်လာသည်။

[■■■■... ■■■■■■]

မကြာမီမှာပင် အမှောင်ထုက အရာအားလုံးကို ဝါးမျိုသွားခဲ့လေတော့သည်။

တိုးညင်းလှသော ဆူညံသံများကြားတွင် ယူဂျွန်ဟော့ မျက်လုံးပွင့်လာသည်။ သူ၏ ခန္ဓာကိုယ်ရှိ ကြွက်သားများမှာ ကောင်းကောင်း လှုပ်ရှား၍ မရပေ။ ပြန်လည်ကောင်းမွန်ခြင်း၏ နောက်ဆက်တွဲဆိုးကျိုးမှာ ကြီးမားလှသည်။

သူသည် အက်ကြောင်းများ ပြည့်နေသော မျက်နှာကြက်ကို စိုက်ကြည့်ရင်း သူ့ကိုယ်သူ တည်ငြိမ်အောင် အသက်ပြင်းပြင်း ရှူလိုက်သည်။ ထို့နောက် ဘာတွေဖြစ်ခဲ့သည်ကို သူ သတိရလိုက်သည်။

မိစ္ဆာဘုရင် ရွေးချယ်ပွဲ ရှိခဲ့သည်။ သူက နောက်ပြန်ဆုတ်ဖို့ကို ငြင်းဆန်ခဲ့သည်။ သူသည် ကင်ဒေါ့ဂျာနှင့် တိုက်ခိုက်ခဲ့ပြီး သူရိယကို အနိုင်ယူခဲ့သည်။ ထိုအကြောင်းကို စဉ်းစားလိုက်သောအခါ စွမ်းအင်များက သူ၏ ဦးခေါင်းထဲတွင် ပြည့်နှက်သွားသည်။

သူတို့ နိုင်သွားပြီ။ သူတို့ နိုင်သွားခဲ့ပြီ။

မှော်စွမ်းအင်များက သူ၏ ခန္ဓာကိုယ်ထဲတွင် ကစဉ့်ကလျား လှုပ်ရှားနေပြီး သူ အနည်းငယ် မူးဝေသွားသည်။ သူ၏ အာရုံခံစားမှုများ ဖြည်းဖြည်းချင်း ပြန်လည် ရရှိလာသည်။ သူ မျက်တောင် တစ်ခါ ခတ်လိုက်သောအခါ ပတ်ဝန်းကျင် မြင်ကွင်းမှာ သူ၏ မျက်စိထဲသို့ တဖြည်းဖြည်း ဝင်လာလေသည်။

သူရောက်နေသည့်နေရာမှာ ဆေးရုံခန်းတစ်ခု ဖြစ်သည်။ နူးညံ့သော ကုတင်၏ အထိအတွေ့ကို ခံစားနေရပြီး သူ၏ ညာလက်က မာကျောသော တစ်ခုခုကို ထိမိလိုက်သည်။

ယူဂျွန်ဟော့သည် ညည်းတွားရင်း သူ၏ ခန္ဓာကိုယ်အထက်ပိုင်းကို ကြွလိုက်သောအခါ သူ၏ လက်တွင် ပတ်ထားသော သေးငယ်သည့် အိတ်ဆောင်နာရီလေးကို တွေ့လိုက်ရသည်။ လှုပ်ရှားနေသော နာရီလက်တံများမှာ သူ၏ နှလုံးခုန်သံနှင့် တူလှသည်။ ယူဂျွန်ဟော့က သူ၏ နာရီကို ငုံ့ကြည့်လိုက်သည်။

ပြတင်းပေါက် အပြင်ဘက်တွင် နေရောင်ခြည် အနည်းငယ် တောက်ပနေသည်။

ယူဂျွန်ဟော့က ဖြည်းဖြည်းချင်း ထပြီး ပြတင်းပေါက်ဆီသို့ သွားလိုက်သည်။ ပြိုကျနေသော စက်မှုဇုန် မြို့ရိုးများ၏ အပြင်ဘက်တွင် သူ စိမ်းသက်သော်လည်း ရင်းနှီးနေသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။ ကျိုးပဲ့နေသော ရေတပ်ဗိုလ်ချုပ် 'လီဆွန်းရှင်း' ၏ ရုပ်တုနှင့် ပျက်စီးနေသော 'ဂယောင်းဘုတ်' နန်းတော်။ 'ဂွမ်ဟွာမွန်း' ရှိ ပြိုကျနေသော အဆောက်အဦးများမှ မီးခိုးများ ထွက်နေသည်။

မြင်နေရသည်က ဆိုးလ်မြို့ ဖြစ်သည်။

ပြတင်းပေါက် အပြင်ဘက်တွင် ထိုင်နေကြသော အဖွဲ့သားများကို သူ မြင်နေရသည်။ ယူဂျွန်ဟော့၏ ခေါင်းထဲတွင် ရှုပ်ထွေးသွားသည်။

ဘာကြောင့်... သူတို့ ဆိုးလ်ကို ရောက်နေတာလဲ။ စက်မှုဇုန်တစ်ခုလုံး ရောက်နေတာလား။

ယူဂျွန်ဟော့က ကြောင်တောင်တောင် မျက်လုံးများဖြင့် အဖွဲ့သားများကို ကြည့်လိုက်သည်။ သူ ရင်းနှီးနေသော မျက်နှာတစ်ခုကို မမြင်ရပေ။

"...ကင်ဒေါ့ဂျာ"

သူ ထိုသို့ ရေရွတ်လိုက်သည့် ခဏမှာပင် မက်ဆေ့ချ်တစ်ခု ထွက်ပေါ်လာသည်။

[‘သေခြင်းနှင့်ရှင်ခြင်းကို အတူမျှဝေခံစားသူများ’ ဇာတ်လမ်းသည် တိတ်ဆိတ်နေပါသည်။]

ယူဂျွန်ဟော့က ထိုမက်ဆေ့ချ်ကို ကြောင်တောင်တောင်နှင့် နားထောင်ပြီး ပြတင်းပေါက်ကို ထပ်ကြည့်လိုက်ပြန်သည်။

...ဟိုမှာ မရှိဘူး။ သူ့ကို ဘယ်နေရာမှာမှ မတွေ့ရဘူး။

ယူဂျွန်ဟော့က ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ကောင်းကင်မှာ ကြယ်ရောင်တွေ မလိုအပ်လောက်အောင် တောက်ပနေသည်။ သူတို့၏ အထက်မှာ ရှိနေသော နက္ခတ်တို့၏ အလင်းရောင်ကို သူ ရေတွက်လိုက်သည်။ သူ ထပ်ခါထပ်ခါ ရေတွက်နေမိသည်။ သူ မသိတော့ပေ။ ကြယ်တွေ အရမ်းများလွန်းသဖြင့် ထိုသူကို သူ မရှာနိုင်တော့ပေ။

ယူဂျွန်ဟော့က ပါးစပ်ကို ဖွင့်လိုက်ပြီး တုန်ရီနေသော အသံဖြင့် ပြောလိုက်သည်။

[‘မွန်းတည့်ချိန် ချိန်းဆိုမှု’ ပစ္စည်းကို အသုံးပြုလိုက်ပါပြီ။]

ခဏတာ အသုံးမပြုဖြစ်ခဲ့သော မက်ဆေ့ချ်ဝင်းဒိုး ပွင့်လာပြီး မက်ဆေ့ချ်တစ်ခု ပို့လိုက်သည်။

[မက်ဆေ့ချ် ပြန်လည် ရောက်ရှိလာပါသည်]

ဒါက အမှားတစ်ခု ဖြစ်ရမည်။ သူ မက်ဆေ့ချ်ကို အကြိမ်ကြိမ် အထပ်ထပ် ပို့နေမိသည်။ သူ ထပ်ခါထပ် ပို့လိုက်၊ ထပ်ပို့လိုက်နှင့် လုပ်နေမိသည်။ မက်ဆေ့ချ်များက ပြန်လည် ရောက်ရှိလာနေသဖြင့် ယူဂျွန်ဟော့၏ အကြည့်မှာ ဖြည်းဖြည်းချင်း မှုန်မှိုင်းသွားသည်။ ထို့နောက် နောက်ဆုံးတွင်...

[ယနေ့အတွက် မက်ဆေ့ချ် ပို့နိုင်သော အရေအတွက် ကုန်ဆုံးသွားပါပြီ။]

ရှေ့တွင် တတောက်တောက်နှင့် လည်နေသော အိတ်ဆောင်နာရီလေး ရှိနေပြီး ယူဂျွန်ဟော့၏ အမြင်အာရုံထဲတွင် မက်ဆေ့ချ်များ ပြည့်သွားခဲ့သည်။

[‘ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်’ နက္ခတ်သည် ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုထဲတွင် တည်ရှိမနေတော့ပါ။]

[‘ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်’ နက္ခတ်သည် ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုထဲတွင် တည်ရှိမနေတော့ပါ။]

[‘ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်’ နက္ခတ်သည် ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုထဲတွင် တည်ရှိမနေတော့ပါ။]

[‘ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်’ နက္ခတ်သည် ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုထဲတွင် တည်ရှိမနေတော့ပါ။]

.

.

.

[‘ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်’ နက္ခတ်သည် ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုထဲတွင် တည်ရှိမနေတော့ပါ။]

All Chapters