အခန်း ၂၈၂
Vol. 23 Ch. 282
အခန်း (၂၈၂)
- အပိုင်း (၅၃) - ကယ်တင်ခြင်း၏ မိစ္ဆာဘုရင် (၄)
[ သီးသန့်စွမ်းရည် ‘Fourth Wall’ သည် ပြင်းထန်စွာ တုန်လှုပ်နေပါသည်။ ]
အစတုန်းက ကျနော် ဤသို့လုပ်ရန် ရည်ရွယ်ချက်မရှိခဲ့ပါ။ အရာအားလုံးသည် သူရိယနှင့် တိုက်ပွဲအပြီး မကြာမီမှာပင် စတင်ခဲ့ခြင်းဖြစ်ပါသည်။ သူသည် မဟာဇာတ်လမ်းတစ်ပုဒ်ကို ပိုင်ဆိုင်ခဲ့ပြီး သူ၏ရဲဘော်ရဲဘက်များနှင့်အတူ မိစ္ဆာကမ္ဘာကို ကာကွယ်ခဲ့သည်။
ပျက်ဆီးသွားသောကမ္ဘာတွင် ရှင်သန်နည်းလမ်းသုံးသွယ် (တတိယအကြိမ် ပြင်ဆင်ချက်).txt
‘Ways of Survival’ ၏ တတိယအကြိမ် ပြင်ဆင်ချက်ကို ကျနော် လက်ခံရရှိခဲ့သည်။
「 သူ မျက်လုံးဖွင့်လိုက်သည့်အခါ ယူဂျွန်ဟော့က ‘ဒါဟာ စတုတ္ထမြောက် ပြန်လည်စတင်ခြင်းပဲ’ ဟု တွေးလိုက်သည်။ 」
အစပိုင်းတွင် ကျနော်သည် ပေါ့ပါးသောစိတ်ဖြင့်သာ ဖတ်ရှုခဲ့ပြီး အလွန်ပင် မျှော်လင့်နေခဲ့မိသည်။ ယခု ‘တတိယအကျော့’ သည် ယူဂျွန်ဟော့ ဖြတ်သန်းခဲ့ရသမျှ အကျော့များထက် ပိုမိုပြည့်စုံနေခဲ့သည်။ ၂၅ ခုမြောက် ဇာတ်ဝင်ခန်းတွင် ကျနော်သည် မိစ္ဆာဘုရင်တစ်ပါး ဖြစ်လာခဲ့ပြီး မဟာဇာတ်လမ်းတစ်ပုဒ်ကိုလည်း ရရှိခဲ့သည်။ ဤပြင်ဆင်ချက်ထဲတွင်မူ ကျနော်အလိုရှိသော ဇာတ်သိမ်းကို မှတ်တမ်းတင်နိုင်ကောင်း တင်နိုင်လိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော်လည်း….
「 အဆင်ပြေပြေ လည်ပတ်နေသည်ဟု ကျနော် ထင်ခဲ့သည်။ ထိုလူကလည်း ထိုသို့ပင် ပြောခဲ့သည်။ ‘ပြင်ပနတ်ဘုရား’ ပေါ်မလာခင်အထိ လူတိုင်း အဆင်ပြေနေခဲ့ကြသည်။ 」
「 ဘာလို့လဲ။ ဘာလို့လဲ။ ဘာလို့လဲ။ ဘာလို့လဲ။ ဘာလို့လဲ။ ဘာလို့လဲ။ ဘာလို့လဲ။ ဘာလို့လဲ။ ဘာလို့လဲ။ ဘာလို့လဲ။ ဘာလို့လဲ။ ဘာလို့လဲ။ ဘာလို့လဲ။ ဘာလို့လဲ။ ဘာလို့လဲ 」
ယူဂျွန်ဟော့သည် ပထမနှင့် ဒုတိယအကြိမ် နောက်ပြန်ဆုတ်ခဲ့ချိန်များတုန်းကနှင့် မတူတော့ပါ။ သူသည် အသိဉာဏ်ကင်းမဲ့လာကာ စိတ်စောနေပြီး မည်သည့်အစီအစဉ်မှလည်း မဆွဲတော့ပေ။ တတိယအကျော့တွင် ဖြစ်ပျက်ခဲ့သော အရာတစ်ခုခုကြောင့် ယူဂျွန်ဟော့သည် ဆိုးဆိုးရွားရွား ကျိုးပဲ့ပျက်စီးသွားခဲ့ရသည်။
「 ထိုနေ့တွင် တတိယအကျော့၏ အရာအားလုံးသည် ပြီးဆုံးသွားခဲ့သည်။ 」
ဤအပိုင်းကို ဖတ်ပြီးနောက်တွင် ဘာတွေမှားယွင်းနေသလဲဆိုသည်ကို ကျနော် နားလည်သွားသည်။ တံတိုင်းများပေါ်မှ ဖြတ်ကျော်လာသော အနက်ရောင်မြူခိုးများကို ကြည့်ရင်း ကျနော် နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်မိသည်။ Fourth Wallသည် ကျနော့်ဦးနှောက်ထဲတွင် လှုပ်ရှားလာပြီး စာသားအချို့ကို ထွေးထုတ်လိုက်သည်။
「 ကင်ဒေါ့ဂျာက တွေးလိုက်သည် - ကျရှုံးသွားနိုင်တယ် 」
ဒီတစ်ကြိမ်သာ ကျနော်သေဆုံးသွားပါက နောက်ထပ် ရှင်သန်နိုင်တော့မည်မဟုတ်ပေ။ ယခုအချိန်တွင် ကျနော့်ထံ၌ ပြန်လည်ရှင်သန်ခြင်းစွမ်းရည် မရှိတော့ပေ။ ပြင်ပနတ်ဘုရား၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်နှင့် ကျနော်သည် လုံးဝဥဿုံ ပျောက်ကွယ်သွားပေလိမ့်မည်။ သို့သော်လည်း ကျနော်သာ သူ့ကို တားဆီးနိုင်ခဲ့လျှင်...
「 Ways of Survivalထဲမှာ ဘယ်လိုပဲ ရှာဖွေကြည့်ကြည့် သူ့ကို ငါ အနိုင်မတိုက်နိုင်ဘူး 」
ဟန်ဆိုယောင်းက ကမ္ဘာမြေ၏ ဇာတ်ဝင်ခန်းများသည် မူရင်းလမ်းကြောင်းအတိုင်း တိတိကျကျ လိုက်နာနေသည်ဟု ပြောခဲ့ဖူးသည်။ ကျနော်တို့သာ ဤအကျပ်အတည်းကို ဘေးကင်းစွာ ကျော်ဖြတ်နိုင်ခဲ့လျှင် မူရင်းဝတ္ထု၏ အပိုင်းကဏ္ဍများကို ပစ်မှတ်ထားပြီး ကျနော်တို့ အလိုရှိသော ဇာတ်သိမ်းဆီသို့ ဦးတည်နိုင်မည် ဖြစ်သည်။
နာရီစင်အောက်တွင် ကျနော့်ရဲဘော်များက ကျနော့်ကို မော့ကြည့်နေကြသည်။
「 မဟုတ်သေးဘူး။ နည်းလမ်းတစ်ခုတော့ ရှိသေးတယ်။ မူရင်းထဲက ‘ကျရှုံးခဲ့တဲ့’ နည်းလမ်းပဲ 」
ကျနော် ကောင်းကောင်းလုပ်ဆောင်နိုင်ဖို့ပဲ လိုသည်။
「 သူတို့ အသက်ရှင်ရမယ်။ သူတို့ သဘောမကျရင်တောင် သူတို့ အသက်ရှင်နေရမယ် 」
ဘယ်သူ့ကိုမှ အသေမခံနိုင်ဘူး။
「 ဒါမှသာ လူတိုင်း ဇာတ်သိမ်းပိုင်းကို ရောက်ရှိနိုင်မှာ 」
ညအမှောင်ယံ ကောင်းကင်ကြီးသည် နှစ်ခြမ်းကွဲသွားပြီး မြေပြင်ကို ငုံ့ကြည့်နေသော ဧရာမမျက်လုံးကြီးတစ်လုံးကို ကျနော် မြင်လိုက်ရသည်။ အဆင့်ကျော်လွန်သူများသည် သွေးများအန်ထုတ်ရင်း လဲပြိုကျကုန်ကြသည်။
ကိုင်ရီယော့စ်သည် ဇာတ်လမ်းကို ကြိုတင်သိရှိထားပြီးဖြစ်သဖြင့် အော်ဟစ်လိုက်သည်။
"မြန်မြန်လုပ်စမ်း။ ငတုံးတပည့်"
ကျနော် ခေါင်းညိတ်ပြလိုက်ပြီး နာရီစင်ပေါ်မှ ဆင်းလာခဲ့သည်။ ချောက်ဂျွန်ဂယောင်းနှင့် ဆရာသခင်များ ရယူပေးထားသော အချိန်များကို ကျနော် အလဟဿ အဖြစ်မခံနိုင်ပေ။
"နင်သွားလို့မရဘူး။ တစ်ယောက်ထဲ ထပ်မသွားပါနဲ့တော့။ တောင်းဆိုပါတယ်"
"ဟား... အကို့ရဲ့ဒီအစီအစဉ်ကို ကျနော် သဘောမကျဘူး။ အကိုဒေါ့ဂျာ"
"ဒါကို တစ်ယောက်ထဲ မလုပ်နိုင်ဘူးလို့ ပြောခဲ့တာ နင်ကိုယ်တိုင်ပဲလေ။ ငါတို့ကို စုစည်းပေးခဲ့တာလည်း နင်ပဲ။ အဲဒါတွေကို ငါ့ကို ပြောပြခဲ့တာလည်း နင်ပဲလေ"
အဖွဲ့သားများ၏ အော်ဟစ်သံများကို ကျနော် ကြားနေရသော်လည်း သူတို့အတွက် လိုအပ်သော စကားများကိုသာ ပြောကြားခဲ့သည်။ သူတို့ သိထားဖို့ လိုအပ်မယ့်အရာကိုပဲ ကျနော် ပြောပြခဲ့ခြင်း ဖြစ်၏။
[ ကျေးဇူးပြုပြီး အသက်ရှင်ပေးကြပါ ]
ကျနော့်ဦးခေါင်းပေါ်မှ ဦးချိုများ ထွက်ပေါ်လာချိန်တွင် ယားကျိကျိ ခံစားလိုက်ရသည်။ ကျောပြင်မှ အတောင်ပံများ ထွက်လာခြင်းကြောင့် နာကျင်မှုကို ခံစားရသည်။ ယောင်ဟီဝန်၏ အော်ဟစ်သံနှင့် လီဟန်းဆောင်၏ ငိုကြွေးသံများကို ကြားနေရသည်။ ကလေးငယ်များက ကျနော့်ဆီသို့ လက်လှမ်းနေကြသည်။ ကျနော့်ထံမှ ဇာတ်လမ်းကို ကြိုတင်ကြားသိထားသော ယူဆန်းအာသည် ငိုကြွေးရင်း ကျနော့်ကို မျက်တောင်မခတ်ဘဲ ကြည့်နေသည်။ ယူဆန်းအာကတော့ အရာအားလုံးကို ကောင်းကောင်း ဆောင်ရွက်နိုင်ပါလိမ့်မည်။
မြေပြင်မှ ဟန်ချက်ယူကာ ခုန်တက်လိုက်သည့် ခဏတွင် မြင်ကွင်းတစ်ခုလုံး ပြောင်းလဲသွားသည်။ အဖွဲ့သားများ၏ ပူဆွေးသောကရောက်နေသော အသံများသည် ဝေးကွာသွားခဲ့လေပြီ။ ကျနော် သူတို့ကို တစ်ခုခု ပြောပြချင်ခဲ့သလိုတော့ရှိ၏။
「 ခင်ဗျားတို့နဲ့အတူ ဇာတ်သိမ်းပိုင်းကို ကြည့်ချင်တယ် 」
လေထုကို ထိုးဖောက်သွားသည့် အသံနှင့်အတူ မြူခိုးများက နာကျင်စွာ အော်ဟစ်လိုက်ကြသည်။
[‘ဝိုင်နှင့် ကာမဂုဏ်ခံစားမှုတို့၏ နတ်ဘုရား’နက္ခတ်က သူ၏ ဖန်ခွက်ကို ချလိုက်ပါသည်။ ]
[ ‘အမှောင်ဆုံး နွေဦး၏ ဘုရင်မ’နက္ခတ်က အသက်ပြင်းပြင်း ရှူထုတ်နေပါသည်။ ]
[‘ရွှေခေါင်းကွင်း၏ အကျဉ်းသား’နက္ခတ်က သင့်ကို ကံကောင်းပါစေဟု ဆုတောင်းပေးနေပါသည်။ ]
အချို့သော နက္ခတ်များက ကျနော့်အတွက် စိုးရိမ်နေကြသည်။
[ ‘အနီရောင်အာကာသ၏ စစ်သေနာပတိ’နက္ခတ်က သင့်ကို သဘောမကျပါ။ ]
[ အချို့သော နက္ခတ်များက သင်၏ လုပ်ဆောင်ချက်ကို ရှုတ်ချနေကြပါသည်။ ]
အချို့နက္ခတ်များက ကျနော့်ကို ဝေဖန်ကြသည်။ ဘယ်သူကမှ ကျနော့်ကို ဒင်္ဂါးများ မထောက်ပံ့ကြတော့ပေ။ နက္ခတ်များပင် သိနေကြပုံရသည်။ ဤသည်မှာ ဒင်္ဂါးများအတွက် ဖန်တီးထားသော ဇာတ်လမ်းမျိုး မဟုတ်သည်က အသိသာကြီးပင်။
「 ပါးပြင်ပေါ်မှ မျက်ရည်များကို သုတ်လိုက်ရင်း ကင်ဒေါ့ဂျာသည် ကျယ်ပြောလှသော စကြဝဠာကြီးကို ကြည့်လိုက်သည်။ 」
မြူခိုးများ၏ အလယ်ဗဟို။ ချောက်ဂျွန်ဂယောင်း၊ ကောင်းကင်ဖြိုခွင်းဓါးသူတော်စင်နှင့် ကိုင်ရီယော့စ်တို့ ဖန်တီးထားသော သေးငယ်သည့် အက်ကြောင်းရာကို ကျနော် မြင်လိုက်ရသည်။ ကျနော် ‘လျှပ်စီးဓါတ် အားဖြည့်ခြင်း’ ကို အသက်သွင်းလိုက်ပြီး ထိုအက်ကြောင်းဆီသို့ ကိုယ့်ကိုကိုယ် ပစ်လွှတ်လိုက်သည်။ ဤသည်မှာ မူရင်းဝတ္ထုထဲတွင်သာဆိုလျှင် ကျနော် ဘယ်တော့မှ ကြိုးစားလိမ့်မည်မဟုတ်သော နည်းလမ်းတစ်ခု ဖြစ်၏။
သို့သော်လည်း ယခုအချိန်တွင်မူ အခြားနည်းလမ်း မရှိတော့ပါ။ ပြင်ပနတ်ဘုရားများသည် အရည်အချင်းမရှိသော သတ္တဝါများနှင့် ဘာသာစကားချင်း နှီးနှောဖလှယ်လေ့ မရှိကြပေ။ ကျနော့်၏ ညာဘက်လက်တွင် ဖြူစင်သော ကြယ်စင်စွမ်းအင်များ ထွက်ပေါ်လာချိန်၌ ‘ယုံကြည်မှု’ ဓါးကို မြှောက်လိုက်သည်။
မိစ္ဆာစွမ်းအင်များသည် ကျနော့်ခန္ဓာကိုယ်အတွင်းရှိ သွေးကြောများတစ်လျှောက် စီးဆင်းသွားပြီး အနက်ရောင် အရှိန်အဝါများသည် ပြာလဲ့လဲ့ အဖြူရောင်စွမ်းအင်များနှင့် ထပ်တူကျသွားသည်။ ကျနော့်ညာဘက်လက်မှ မှော်စွမ်းအင်များ ပေါက်ကွဲထွက်သွားချိန်တွင် မြူခိုးများ၏ အလယ်ဗဟိုမှ ပြင်းထန်သော ရိုက်ခတ်မှုလှိုင်းတစ်ခု ပေါ်ထွက်လာ၏။ ခဏတာမျှ သေးငယ်သော ဟာကွက်တစ်ခု ပွင့်ဟသွားပြီး ကျနော် တွန့်ဆုတ်မနေဘဲ တိုးဝင်လိုက်သည်။
မှောင်မည်းနေသော မြူခိုးများထဲသို့ ကျနော် ဝင်ရောက်လိုက်သည့်အခါ ပြင်ပနတ်ဘုရား၏ ပုံရိပ်သည် ထင်ရှားလာသည်။ ပိုးမွှားများကို ဖမ်းဆီးသည့် သွေးဖြူဥများကဲ့သို့ပင် ထောင်ပေါင်း၊ သောင်းပေါင်း၊ သန်းပေါင်းများစွာသော... မရေမတွက်နိုင်သော အမှုန်အမွှားများက ကျနော့်ကို တစ်ပြိုင်နက်တည်း ကြည့်နေကြသည်။ ၎င်းတို့သည် မျက်လုံးများကဲ့သို့ပင်။
ဖော်ပြ၍မရသော အကွာအဝေး၊ အမည်မဲ့မြူခိုး။ ၎င်းမှာ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုထဲတွင် လွင့်မျောနေသော ဘေးဒုက္ခ၏ အမည်နာမပင် ဖြစ်သည်။ ကျနော် ထိုသတ္တဝါဆီသို့ ဦးတည်၍ ပြောလိုက်သည်။
[ ကြီးမြတ်သော ပြင်ပနတ်ဘုရား ]
အတိအကျ ပြောရလျှင် ဤမြူခိုးများသည် ပြင်ပနတ်ဘုရား၏ မူရင်းပုံစံ မဟုတ်ပေ။ ကြောက်မက်ဖွယ်ကောင်းသော ရှေ့ပြေးပုံစံမျှသာ ဖြစ်သည်။ သို့သော်လည်း ဤကိုယ်ပွားပုံရိပ်၌ပင် ကြီးမားလှသော စွမ်းအားများ ကိန်းအောင်းနေလေသည်။
[ ကျေးဇူးပြုပြီး... ကျေးဇူးပြုပြီး ထွက်သွားပေးပါ ]
ကျနော့်စကားကြောင့် အမှုန်အမွှားများ တုန်ခါသွားသည်။ ဟုတ်ပေသည်၊ စကားလုံးများဖြင့် အလုပ်ဖြစ်လိမ့်မည်ဟု ကျနော် မမျှော်လင့်ထားခဲ့ပါ။ ကျနော့်ပတ်ပတ်လည်ရှိ စုဝေးနေသော မြူခိုးအမှုန်အမွှားများသည် ကျနော့်ကို စတင်ဝါးမြိုလာကြသည်။
[ မဟာဇာတ်လမ်း ‘မိစ္ဆာကမ္ဘာ၏ နွေဦး’ က သင်၏ လူသားကိုယ်ထည်ကို ကာကွယ်ပေးနေပါသည်။ ]
[ Fourth Wallက သင်၏ ဝိညာဉ်ကို ကာကွယ်ပေးနေပါသည်။ ]
Fourth Wall၏ လွှမ်းမိုးမှုကြောင့် ကြီးမားလှသော ဤတည်ရှိမှုကြီး၏ ရှေ့မှောက်တွင် ကျနော် လဲပြိုမသွားဘဲ တောင့်ခံထားနိုင်သည်။ သို့သော်လည်း ‘မဟာဇာတ်လမ်း’ တဖြည်းဖြည်း ပျက်စီးဆုံးရှုံးနေမှုကို တားဆီးရန်မှာမူ မဖြစ်နိုင်တော့ပေ။
[ ■■■■······■■■■ ]
မြူခိုးများသည် အမည်မသိ ဘာသာစကားတစ်ခုဖြင့် စကားပြောနေသည်။ ၎င်းကို ဘာသာပြန်နိုင်ခဲ့လျှင်တောင် ကျနော် ကောင်းကောင်းကြားနိုင်လိမ့်မည် မဟုတ်ပေ။ ‘ဖော်ပြ၍မရသော အကွာအဝေး’ ဆိုသည်မှာ အသိစိတ်မရှိသော အရာတစ်ခုနှင့် ပိုတူသည်။ ၎င်းမှာ ဇာတ်လမ်းနောက်သို့ သူ၏ ဗီဇအတိုင်းသာ လိုက်ပါနေသည့် ဗိုက်ဆာနေသော အမဲလိုက်သတ္တဝါတစ်ကောင်သာ ဖြစ်၏။
မွန်းကျပ်နေသော မြူခိုးများကြားတွင် ကျနော့်၏ တည်ရှိမှုသည် ပိုမိုပါးလျလာသည်။
[ ...ချီးပဲ။ ခွေးမသား ]
ယူရီအယ် ဆင်းသက်လာခဲ့လျှင်တောင် ဤကောင်ကို တားဆီးနိုင်မည်မဟုတ်ပေ။ ယခုလက်ရှိ ကောင်းကင်တမျှ မဟာပညာရှိနှင့် မဟူရာမီးလျှံ အသူတစ်ရာနဂါးတို့အတွက်လည်း ထပ်တူပင် ဖြစ်လိမ့်မည်။ သူတို့ သုံးယောက်လုံးသာ ဆင်းသက်လာပါက ရင်ဆိုင်နိုင်ဖို့က ဖြစ်နိုင်ကောင်း ဖြစ်နိုင်သော်လည်း ထိုသို့ဖြစ်လာလိမ့်မည်မဟုတ်ပေ။
「 ယခုအချိန်တွင် ကင်ဒေါ့ဂျာကို ကူညီနိုင်မည့် အရာတစ်ခုသာ ရှိသည်။ 」
‘Ways of Survival’ ထဲတွင် တစ်ခါမှ ပေါ်မလာခဲ့သော တည်ရှိမှုတစ်ခု။ ဤမြူခိုးများကို ဆန့်ကျင်ပြီး ကျနော့်ကို ကူညီနိုင်မည့်အရာမှာ တစ်ခုတည်းသာ ရှိသည်။ မြူခိုးအမှုန်များကြားတွင် ကြယ်စင်အလင်းတန်းများကို ဝေဝါးစွာ မြင်နေရသည်။ သူ့ထံသို့ ‘စစ်မှန်သော’ အသံကို ပေးပို့နိုင်ရန်အတွက်သာ ကျနော် ဤအထိ လာခဲ့ခြင်းဖြစ်သည်။
[ လျှို့ဝှက် ကြံစည်သူ ]
ကျနော့်၏ အစွမ်းကုန် အော်ဟစ်လိုက်သော အသံသည် မြူခိုးများကို ဖောက်ထွက်ကာ ကြယ်တာရာဟင်းလင်းပြင်ကို ဖြတ်ကျော်သွားသည်။ ဝေးကွာလှသော ဂလက်ဆီတစ်ခု၏ တစ်ဖက်ခြမ်းမှ တစ်စုံတစ်ခု တောက်ပလာချိန်တွင် မြူခိုးများသည် တွန့်လိမ်ကာ ဟိန်းဟောက်လိုက်ကြသည်။
ကျနော် ထပ်မံ၍ အော်ဟစ်လိုက်သည်။
[ ခင်ဗျားနဲ့ ‘ပြင်ပကမ္ဘာ ပဋိညာဉ်’ တစ်ခု ပြုလုပ်ချင်တယ် ]
ယူဂျွန်ဟော့သည် ပြင်ပကမ္ဘာ ပဋိညာဉ်ပြုလုပ်တိုင်း အမြဲတမ်း စိတ်မချမ်းမသာ ဖြစ်ရလေ့ရှိသည်။ အဘယ်ကြောင့်ဆိုသော် တန်ဖိုးမပေးဆပ်နိုင်ခြင်း သို့မဟုတ် အဓိပ္ပာယ်မရှိသော စာချုပ်တစ်ခုကို ဖြည့်ဆည်းပေးရခြင်းတို့ကြောင့် ဖြစ်၏။ သို့သော်လည်း ဤသည်မှာ တစ်ခုတည်းသော နည်းလမ်းပင် ဖြစ်သည်။ ဤသည်မှာ ကျနော် ရှင်သန်နိုင်မည့် ပထမဆုံးနှင့် နောက်ဆုံးသော နည်းလမ်း ဖြစ်သည်။
မြူခိုးများသည် ဝါးမြိုခြင်းကို မစတင်ခဲ့ချေ။ မြူခိုးများသည် ကျနော့်ကိုဖြစ်စေ၊ ၇၃ ခုမြောက် နတ်ဆိုးနယ်မြေကိုဖြစ်စေ ဝါးမြိုခြင်း မပြုခဲ့ပေ။ ဇာတ်လမ်းများ ပျက်စီးနေသည်ကို မြင်လိုက်ရသည့်အခါ ကျနော် ခံစားချက်မကောင်း ဖြစ်မိသည်။ လျှို့ဝှက် ကြံစည်သူသည် ဤကောင်ကို တားဆီးနိုင်ပါ့မလား။
အချိန်နှင့် ဟင်းလင်းပြင်တို့သည် တကျိကျိ အသံမြည်လာကာ အရာအားလုံး စတင်နှေးကွေးသွားသည်။ လွှမ်းမိုးထားသော စွမ်းအားကြီးတစ်ခုသည် ထိုဧရိယာအတွင်းရှိ အချိန်နှင့် ဟင်းလင်းပြင်အားလုံးကို ထိန်းချုပ်နေ၏။ မြူခိုးများက အော်ဟစ်လိုက်ကြပြီး ကျနော့်ပတ်ဝန်းကျင်ရှိ အသက်ဝင်နေသောလှုပ်ရှားမှုအားလုံး ရုတ်တရက် ရပ်တန့်သွားသည်။ ရေခဲမြစ်ထဲတွင် အေးခဲနေသော သတ္တဝါများကဲ့သို့ပင် ၎င်းတို့သည် ထိုအချိန်ကာလထဲတွင် ထာဝရ ပိတ်မိနေကြသည်။
နောက်တစ်ခဏတွင်မူ ကျနော်သည် အမည်မသိ ဂလက်ဆီတစ်ခုထဲတွင် ရောက်ရှိသွားတော့သည်။ ကျနော့်ခြေရင်းကို ငုံ့ကြည့်လိုက်သည့်အခါ ကြယ်တရာရုပ်သံထုတ်လွှင့်မှု ၏ မြင်ကွင်းကို မြင်လိုက်ရသည်။ ထိုမြင်ကွင်းမှာ ကြယ်တရာရုပ်သံထုတ်လွှင့်မှု၏ ပြင်ပ၊ ကြယ်တာရာ နက်ဗျူလာများ၏ အဝေးဆုံးသော နေရာတစ်ခု ဖြစ်သည်။ မရေမတွက်နိုင်သော ကြယ်ပေါင်းများစွာသည် ကျနော့်ခြေရင်းတွင် လှပစွာ တောက်ပနေကြသည်။
[ ဒါဟာ ပျင်းစရာကောင်းတဲ့ မြင်ကွင်းပဲ ]
အခြားသော ပြင်ပနတ်ဘုရားများနှင့် မတူသည်မှာ ဤအသံသည် အလွန်ပင် စူးရှပြီး ကြည်လင်ပြတ်သားနေခြင်း ဖြစ်သည်။ လူသားပုံသဏ္ဌာန်ရှိသော အရိပ်တစ်ခုသည် ဝေဝါးစွာ လှုပ်ခတ်နေသည်။
[ ‘နောက်ဆုံးအခန်း’ ကို လိုက်လံရှာဖွေနေတဲ့ မင်းကို ငါ စောင့်နေခဲ့တာ ]
ဟက်တက်ပွင့်နေသော ထိုပါးစပ်ထဲကို ကျနော် ကြည့်လိုက်သည့်အခါ အဖြူရောင်အရောင်တစ်ခုကို မြင်လိုက်ရသည်။ ကျနော် သူ့စကားကို နားထောင်နေရုံမျှဖြင့်ပင် ကျနော့်ခန္ဓာကိုယ်မှာ တုန်ယင်နေမိသည်။ အဆုံးမဲ့သော အမည်မသိ အမှောင်ထု။ အမှောင်ထု၏ အလယ်ဗဟိုတွင် ရပ်နေသော ထိုမိစ္ဆာသည် ကျနော့်ကို စိုက်ကြည့်နေသည်။ ကျနော် တုန်လှုပ်နေရခြင်းမှာ လျှို့ဝှက် ကြံစည်သူ၏ နိမိတ်မကောင်းသော အဆင့်အတန်းကြောင့်သာ မဟုတ်ပေ။
[ မဟုတ်ဘူး၊ မင်းက ထာဝရရှင်သန်ခြင်းကို လိုက်လံရှာဖွေနေတာလို့ ပြောရရင် ပိုမှန်လိမ့်မယ် ]
ကျနော် သူ့ကို စိုက်ကြည့်ရင်း ခေတ္တခဏမျှ တိတ်ဆိတ်နေမိသည်။
"...ခင်ဗျား ဘယ်လိုသိတာလဲ"
[ ■■ ]
သူ့စကားများသည် ကျနော့်အတွက် အဓိပ္ပာယ် နှစ်မျိုးရှိနေသည်။
ထာဝရရှင်သန်ခြင်း။ နောက်ဆုံးအခန်း။ ဆန့်ကျင်ဘက် အဓိပ္ပာယ်နှစ်ခုလုံးသည် စကားလုံးတစ်လုံးတည်းထဲတွင် အတူတကွ ကိန်းအောင်းနေကြသည်။ ၎င်းမှာ ကျနော် မဟာဇာတ်လမ်းကို ရရှိခဲ့စဉ်က ကြားခဲ့ရသော မက်ဆေ့ချ်များနှင့် ဆင်တူနေလေသည်။
သင်သည် ‘ထာဝရရှင်သန်ခြင်း’ ၏ အရည်အချင်းကို ရရှိခဲ့ပါသည်။
သင်သည် ‘နောက်ဆုံးအခန်း’ ၏ အရည်အချင်းကို ရရှိခဲ့ပါသည်။
ထူးဆန်းသည်မှာ ကျနော့်၏ ‘အဆုံးသတ်’ ၌ အဓိပ္ပာယ် နှစ်မျိုးရှိနေခြင်းပင်။ ထုတ်လုပ်ရေးလုပ်ငန်းရှင် အပါအဝင် နက္ခတ်များက ကျနော့်အား စစ်ထုတ်ထားသော စကားလုံးအကြောင်း မေးမြန်းခဲ့စဉ်က နက္ခတ်များကို နားဝင်အောင်ပြောရန် လွယ်ကူသောကြောင့် ‘နောက်ဆုံးအခန်း’ ဟုသာ ကျနော် ပြန်ဖြေခဲ့သည်။ ကျနော့်၏ ■■ တွင် အဓိပ္ပာယ် နှစ်မျိုးရှိကြောင်းကို ဘယ်သူ့ကိုမှ မပြောပြခဲ့ဖူးချေ။
[ နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်လာတဲ့အခါမှာ မပြောဘဲ ထားခဲ့တဲ့ အရာတွေက ပိုပြီး ကျယ်ကျယ်လောင်လောင် ကြားရတတ်စမြဲပဲ ]
[ သီးသန့်စွမ်းရည် ‘Fourth Wall’ သည် နိမိတ်မကောင်းစွာ တုန်လှုပ်နေပါသည်။ ]
[ Fourth Wallသည် ပိုမိုကြီးထွားလာခြင်းဖြင့် သင့်ကို ကာကွယ်ပေးနေပါသည်။ ]
[ Fourth Wallသည် လျှို့ဝှက် ကြံစည်သူဘက်သို့ ဦးတည်၍ သွားများကို ပေါ်အောင် ခြိမ်းခြောက်နေပါသည်။ ]
[ ‘နောက်ဆုံးတံတိုင်း’ ရဲ့ အပိုင်းအစလေးရယ်... စိတ်မပူပါနဲ့။ ငါ မင်းကို နာကျင်အောင်လုပ်ဖို့ ရည်ရွယ်ချက်မရှိပါဘူး ]
ထိုအရိပ်၏ ပါးစပ်မှ အမည်မသိ ရယ်မောသံတစ်ခု ထွက်ပေါ်လာသည်။
လျှို့ဝှက် ကြံစည်သူ။ ကောင်းကင်တမျှ မဟာပညာရှိ၊ မဟူရာမီးလျှံ အသူတစ်ရာနဂါးနှင့် ယူရီအယ်တို့နည်းတူ သူသည်လည်း ကျနော့်ကို အကြာရှည်ဆုံး စောင့်ကြည့်လာခဲ့သည့် နက္ခတ်တစ်ပါး ဖြစ်သည်။ ‘Ways of Survival’ ထဲတွင် ကျနော် တစ်ခါမှ မဖတ်ခဲ့ဖူးသော တည်ရှိမှုတစ်ခုလည်း ဖြစ်၏။
ကျနော် အသက်ကို ပြင်းပြင်းရှူလိုက်သည်။ သူနှင့်တွေ့ဆုံရန် အကြိမ်ပေါင်းများစွာ လေ့ကျင့်ခဲ့သော်လည်း ဤသို့ဖြစ်လာလိမ့်မည်ဟု ကျနော် မထင်ထားခဲ့ပါ။
"တွေ့ရတာ ဝမ်းသာပါတယ်။ လျှို့ဝှက် ကြံစည်သူ"
ကျနော် သူ့ကို မသိပေ။ သို့သော်လည်း ကျနော် လုံးဝ ခန့်မှန်းလို့မရဘူးဟု မဆိုလိုချေ။
"ဇာတ်ဝင်ခန်း၏ အနက်ရှိုင်းဆုံးနေရာက ‘တွားသွားနေသော ကစဉ့်ကလျားကြီး’"