အခန်း ၂၈၃
Vol. 23 Ch. 283
အခန်း (၂၈၃)
– အပိုင်း (၅၃) - ကယ်တင်ခြင်း၏ မိစ္ဆာဘုရင် (၅)
တွားသွားနေသော ကစဉ့်ကလျားကြီး။ စကြဝဠာ၏ ‘မူလအစ’ နှင့် အနီးစပ်ဆုံးဖြစ်ပြီး လူသားတို့အပေါ် အပြုသဘောဆောင်သော ပြင်ပနတ်ဘုရားများထဲမှ တစ်ပါး... ၎င်းမှာ ဒဏ္ဍာရီများအရ ဖြစ်သည်။ အမှန်စင်စစ် Ways of Survival ထဲတွင်မူ သူ၏အကြောင်းကို တစ်ခွန်းတစ်ပါဒမျှ ဖော်ပြထားခြင်း မရှိခဲ့ပေ။
[ ‘နောက်ဆုံးတံတိုင်း’ က ငါ့ကို အဲဒီလို ခေါ်လိုက်တာလား... တွားသွားနေသော ကစဉ့်ကလျားကြီး တဲ့ ]
“ဒါက ကျနော့်ရဲ့ ခန့်မှန်းချက်သက်သက်ပါ”
[ အဲဒါက ‘ထိတ်လန့်မှုကို မှတ်တမ်းတင်သူတွေ’ ချန်ထားခဲ့တဲ့ စာပေပဲ။ နှစ် ၁၀၀ တောင် မပြည့်သေးတဲ့ မှတ်တမ်းတွေကို ယုံကြည်နေတာလား။ မင်းက ငါထင်ထားတာထက် ပိုပြီးတော့ နုနယ်သေးတာပဲ။ လူသားတွေရဲ့ ဘာသာစကားနဲ့ ဒီလို အမည်မသိတဲ့ အရာတွေကို ဘယ်တော့မှ ထုတ်ဖော်ပြသနိုင်မှာ မဟုတ်ဘူး ]
ကျနော် နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။ Ways of Survival အတွက် ရှေ့ပြေးနမူနာဖြစ်သော ဒဏ္ဍာရီများထဲတွင် ပြင်ပနတ်ဘုရားများအကြောင်းကို များများစားစား မသိရှိရပေ။ Ways of Survival ၏ ၇၄ ကြိမ်မြောက် အလှည့်တွင် ‘ထိတ်လန့်မှုကို မှတ်တမ်းတင်သူများ’ ထဲမှ တစ်ဦးက ဤသို့ မှတ်ချက်ပြုခဲ့ဖူးသည်။
「 “ကျနော်တို့ ရေးခဲ့သမျှ အရာအားလုံးက မုသားတွေပဲ။ အမည်မသိတဲ့ ထိတ်လန့်ဖွယ်ရာတွေကို ရှင်းပြနိုင်ဖို့အတွက် ကျနော်တို့ အသုံးပြုခဲ့ရတဲ့ တစ်ခုထဲသော မုသားတွေပေါ့” 」
ကျနော် အနည်းငယ် စိတ်ဓာတ်ကျသွားပြီး မေးလိုက်သည်။
“...ကမ္ဘာမြေပေါ်က ဒဏ္ဍာရီတွေက မှားနေတာလား”
[ ငါက လျှို့ဝှက်ကြံစည်သူ ပဲ။ အဲဒါနဲ့တင် လုံလောက်ပြီ ]
၎င်းမှာ ဝေဝါးသော အဖြေတစ်ခု ဖြစ်သော်လည်း လုံလောက်သော အဖြေတစ်ခုလည်း ဖြစ်သည်။ သူသည် ‘တွားသွားနေသော ကစဉ့်ကလျားကြီး’ ဟုတ်မဟုတ် ကျနော် မသိသော်လည်း အနည်းဆုံးတော့ လျှို့ဝှက်ကြံစည်သူ သည် အလွန်အင်မတန် အစွမ်းထက်သော ပြင်ပနတ်ဘုရား တစ်ပါးဖြစ်သည်မှာ အသေအချာပင်။
“ကျနော့်မှာ တောင်းဆိုချက်တစ်ခု ရှိပါတယ်”
[ အဲဒါကို ရပ်တန့်ပေးဖို့ ငါ့ကို တောင်းဆိုချင်တာမလား ]
“မှန်ပါတယ်”
မြူထုကြီးက ဂြိုဟ်တစ်ခုကို ဝါးမြိုနေသည်ကို လျှို့ဝှက်ကြံစည်သူ က ငုံ့ကြည့်နေသည်။ ကမ္ဘာလောက၏ အချိန်မှာ လျှို့ဝှက်ကြံစည်သူ ၏ စွမ်းအားကြောင့် နှေးကွေးသွားသော်လည်း လုံးဝဥဿုံ ရပ်တန့်သွားခြင်းမျိုး မဟုတ်ပေ။ လျှို့ဝှက်ကြံစည်သူ က ဆက်လက်ငုံ့ကြည့်ရင်း စကားပြောလိုက်သည်။
[ ဒီမြူထုက အစဦးဆုံးကတည်းက မြစ်ဖျားခံလာတဲ့ ကပ်ဘေးတစ်ခုပဲ။ အဲဒါကို လုံးဝပျောက်ကွယ်သွားအောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး ]
“နည်းလမ်းတွေ ရှိတယ်ဆိုတာ ကျနော် သိပါတယ်”
လျှို့ဝှက်ကြံစည်သူ က ကျနော့်စကားကို လျစ်လျူရှုကာ စကြဝဠာကြီးကိုသာ စိုက်ကြည့်နေသည်။ သူ ဘာဆက်ပြောမည်ကို ကျနော် ရင်တထိတ်ထိတ်ဖြင့် စောင့်ဆိုင်းနေမိသည်။
တဖိတ်ဖိတ်တောက်ပနေသော အရိပ်ဆီမှ နှောင့်ယှက်လိုသော အသံတစ်ခု ထွက်ပေါ်လာသည်။ ချန်နယ်ထဲတွင် သူပေးပို့သော သွယ်ဝိုက်မက်ဆေ့ချ်များကို ကြားစဉ်က ဤကဲ့သို့ ခံစားချက်မျိုး ရမည်ဟု ကျနော် မထင်ခဲ့မိပေ။ သူသည် နောက်ပြောင်တတ်ပြီး ဖော်ရွေသော၊ စိတ်ကောင်းရှိသော နက္ခတ်တစ်ခု ဖြစ်မည်ဟုသာ ကျနော် ထင်မှတ်ခဲ့သည်။
ယခု ကျနော့်ရှေ့မှ အရိပ်မှာမူ အေးစက်ပြီး ထိတ်လန့်ဖွယ် ကောင်းသော ခံစားချက်ကိုသာ ပေးစွမ်းနေလေ၏။ ဘာတွေ ဖြစ်ပျက်နေသည် မသိသော်လည်း ၇၃ ခုမြောက် မိစ္ဆာနယ်မြေ၏ မြင်ကွင်းမှာ ရုတ်တရက် အနီးကပ် မြင်နေရသကဲ့သို့ ဖြစ်လာသည်။ အလွန်အင်မတန် အားကောင်းသော အဝေးကြည့်မှန်ပြောင်းဖြင့် ကြည့်နေရသကဲ့သို့ စက်မှုဇုန်ရှိ လူများကို ကျနော် မြင်နေရ၏။
ကင်ဒေါ့ဂျာ
ယောင်ဟီဝန် ၏ အသံမှာ နားထဲတွင် ကြားနေရသော အသံအတုတစ်ခုကဲ့သို့ ဖြစ်နေသည်။ အဖွဲ့သားများက စိတ်ပျက်အားငယ်စွာ ဟစ်အော်နေကြသည်ကို ကျနော် မြင်လိုက်ရသည်။
[ မင်းက ဘာလို့ သူတို့ကို ကယ်ဖို့ ကြိုးစားနေရတာလဲ။ မင်းတစ်ယောက်ထဲ ရှင်သန်ရင်တောင် ဇာတ်သိမ်းကို မြင်နိုင်တာပဲလေ ]
“သူတို့ ရှိနေမှသာ ဒီဇာတ်သိမ်းက အဓိပ္ပာယ်ရှိမှာပါ”
စကားပြောနေစဉ်တွင် ကျနော့်ဦးနှောက်ထဲ၌ မေးခွန်းနှင့် အဖြေပေါင်းများစွာကို နှိုးဆွနေမိသည်။ ကျနော့်လက်နှစ်ဖက်လုံး မှာလည်း ချွေးများ ထွက်နေ၏။ ကျနော် ဤနေရာတွင် ကျရှုံး၍ မဖြစ်ပေ။ မည်သို့ပင်ဖြစ်စေ ဤစကားဝိုင်းတွင် လျှို့ဝှက်ကြံစည်သူကို ကျနော် နားချနိုင်ရမည်။
[ သူတို့က အဲဒါကို မလိုချင်ရင်ရော ]
ကျနော် ဖြည်းဖြည်းချင်း ပါးစပ်ဟလိုက်သည်။
「 ချီး။ ကင်ဒေါ့ဂျာ။ ရပ်လိုက်စမ်း။ ကျေးဇူးပြုပြီး။ ပြန်လာခဲ့ပါ 」
「 ငါ ဒါကို မလိုချင်ဘူး။ ဒီလိုနည်းနဲ့ ရှင်သန်ရမှာကို ငါ မလိုချင်ဘူး 」
「 နင် ခိုင်းတာ အကုန်လုပ်ပါ့မယ်။ နင် သေရင် ငါလည်း သေမယ်။ နင် ငြိမ်ငြိမ်နေမယ်ဆိုရင် ငါလည်း ငြိမ်ငြိမ်နေပါ့မယ်။ ကျေးဇူးပြုပြီး ဒါမျိုး မလုပ်ပါနဲ့။ တောင်းဆိုပါတယ် 」
အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့် ကို အသုံးပြုကာ ကျနော့်အဖွဲ့သားများ၏ အသံကို ကြားနေရသည်။ သူတို့တွေ ထုတ်မပြောသော်လည်း ထိုစကားလုံးများကို ကျနော် ကြားနေရသည်။
[ သူတို့ တကယ် လိုချင်တဲ့ ဇာတ်သိမ်းက မင်းနဲ့အတူ အသေခံဖို့ ဖြစ်နေရင်ရော။ မင်း သူတို့ကို ကယ်ချင်သေးရဲ့လား ]
ကျနော် မနည်းအားယူကာ ပါးစပ်ဟပြီး ပြောလိုက်ရသည်။
“...ကယ်ချင်ပါတယ်”
[ အဲဒါက ကယ်တင်ခြင်း မဟုတ်ဘူး။ ကျိန်စာပဲ ]
ကျနော် ဘာဆင်ခြေမှ မပေးနိုင်ခဲ့ပေ။ ကျနော့်ကိုယ်စား ပြန်လည်ဖြေကြားပေးလိုက်သည်မှာ ကျနော့်၏ ဇာတ်လမ်းပင် ဖြစ်သည်။
[ ‘ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်’ ဇာတ်လမ်းက ဆက်လက် ဖြစ်တည်နေသည်။ ]
လျှို့ဝှက်ကြံစည်သူ က ကျနော့်ဆီမှ ထွက်ပေါ်လာသော ဇာတ်လမ်းကို စောင့်ကြည့်ရင်း ဆက်မေးနေသည်။
[ သေသင့်သေထိုက်တဲ့ လူတွေကို အသုံးပြုပြီး၊ ကမ္ဘာ့လမ်းကြောင်းကို ပြောင်းလဲပြီး၊ လူတိုင်းကို နာကျင်စေပြီးမှ မင်းလိုချင်တဲ့ ဇာတ်သိမ်းကို ရောက်သွားတော့ရော... အဲဒါက ဘာထူးခြားမှာလဲ ]
အရိပ်၏ အနှစ်သာရမဲ့နေသော မျက်လုံးများက တောက်ပနေသည်။ ကျနော့်ကျောရိုးတစ်လျှောက် အေးစိမ့်သွားသည်။
[ မင်း ဘာပဲလုပ်လုပ်၊ ဘယ်လို ဇာတ်လမ်းမျိုးပဲ ဖန်တီးဖန်တီး၊ သူတို့ဆီကို မင်း တကယ် ရောက်နိုင်မှာ မဟုတ်ဘူး ]
သွယ်ဝိုက်မက်ဆေ့ချ်များက နက္ခတ်များ၏ အနှစ်သာရကို အပြည့်အဝ ထုတ်မပြနိုင်ပေ။ စာအုပ်တွေကို ဖတ်ရုံနဲ့ ဇာတ်ကောင်တွေကို အပြည့်အဝ နားမလည်နိုင်သကဲ့သို့ပင်။ လျှို့ဝှက်ကြံစည်သူ ကို တွေ့ဆုံဖို့ ဆုံးဖြတ်ခဲ့ခြင်းမှာ မှားယွင်းမှုတစ်ခု ဖြစ်ကောင်းဖြစ်နိုင်လောက်သည်။
သို့သော် နောက်ဆုတ်ဖို့အတွက် အချိန်နှောင်းသွားပြီ ဖြစ်၏။ ခေတ္တခဏမျှ ကြာပြီးနောက် ကျနော် ပါးစပ်ဟကာ ပြောလိုက်သည်။
“...ငယ်ငယ်တုန်းက အဲဒီလို စကားမျိုး ကြားဖူးပါတယ်။ ဒါပေမဲ့ ချန်ထားရစ်ခဲ့တဲ့ ‘တံတိုင်း’ ဆိုတာ ရှိနေပါသေးတယ်”
၎င်းတို့မှာ ဂျန်ဟာယောင်း တစ်ခါက ပြောဖူးသော စကားများ ဖြစ်သည်။
“ကျနော့်နဲ့ သူတို့ကြားမှာ ကျော်ဖြတ်လို့မရတဲ့ တံတိုင်းကြီး ရှိနေရင်တောင် တံတိုင်းရဲ့ တစ်ဖက်ခြမ်းက လူက မကြားရရင်တောင်မှ ကျနော် တံတိုင်းပေါ်မှာ တစ်ခုခု ရေးနိုင်ပါသေးတယ်။ အနည်းဆုံးတော့ အဲဒီတံတိုင်းက ပြောင်းလဲသွားမှာပါ”
ကျနော် ဂျန်ဟာယောင်း ကို သေချာနှုတ်မဆက်နိုင်ခဲ့ပေ။ သူသည်လည်း ယူဂျွန်ဟော့ ကဲ့သို့ပင် ဆေးရုံခန်းထဲတွင် ရှိနေနိုင်သည်။
“ရေးထိုးခဲ့တာကို အချိန်အတော်ကြာပြီးတဲ့ နောက်မှာမှ တစ်စုံတစ်ယောက်က ဒီတံတိုင်းကို ကြည့်ပြီး မြင်မိကောင်း မြင်မိနိုင်တာပဲလေ”
လျှို့ဝှက်ကြံစည်သူ ဆီမှ ခေတ္တခဏမျှ စကားသံ ထွက်မလာပေ။ ဝါကျတိုင်းမှာ ဘာသာပြန်သူအပေါ် မူတည်ပြီး အဓိပ္ပာယ် အမျိုးမျိုး ကွဲပြားနိုင်သည်။ အချိန်အတော်ကြာ ရှင်သန်လာခဲ့သည့် လျှို့ဝှက်ကြံစည်သူ အတွက်မူ ကျနော့်စကားများက လုံးဝခြားနားစွာ ကြားနေရပေမည်။ သို့သော်လည်း ဤစကားများမှာ ကျနော့်၏ ၂၈ နှစ်တာ အသိဉာဏ်ဖြင့် ညှစ်ထုတ်နိုင်ခဲ့သော တစ်ခုတည်းသော စကားများ ဖြစ်သည်။ ဤစကားများက လျှို့ဝှက်ကြံစည်သူ ၏ စိတ်ထဲမှ တစ်စုံတစ်ခုကို လှုပ်ခတ်နိုင်လိမ့်မည်ဟုသာ ကျနော် မျှော်လင့်မိသည်။
[ မင်းရဲ့ နည်းလမ်းကို ငါ သဘောမတူပေမယ့် ငါ စိတ်ဝင်စားသွားပြီ ]
နောက်ဆုံးတွင် လျှို့ဝှက်ကြံစည်သူ က စကားပြောလာသည်။
[ မင်းရဲ့ နည်းလမ်းကို သုံးပြီး အရာအားလုံးရဲ့ အဆုံးသတ်ကို ရောက်သွားပြီး ကမ္ဘာကြီးကို ကယ်တင်နိုင်ခဲ့တယ် ဆိုပါစို့။ အဲဒီအခါကျရင် တခြား ကမ္ဘာတွေကရော ဘယ်လိုဖြစ်သွားမလဲ ]
“ဗျာ”
...တခြား ကမ္ဘာတွေ ဟုတ်လား။ ကျနော် စကားပြောဖို့ ပြင်လိုက်စဉ်မှာပင် ကျနော့်ခြေရင်းက စကြဝဠာကြီးက ဖဲချပ်တစ်ခုလို မှောက်ခုံ လန်သွားသည်။ အပိုင်းအစပေါင်း ရာနှင့်ချီ ကွဲထွက်သွားသော ဖဲချပ်များက ကွဲပြားသော အရောင်အသွေး၊ ပုံသဏ္ဌာန်များဖြင့် ၎င်းတို့ဘာသာ တောက်ပနေကြသည်။
၎င်းမှာ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု ထက် ပို၍ ဝေးကွာသော ဒိုင်မင်းရှင်း တစ်ခု ဖြစ်သည်။ ဝေဝါးနေသော်လည်း အမှန်တကယ် တည်ရှိနေသော ကမ္ဘာတစ်ခု။ ၎င်းတွင် ကျနော် ဖတ်ခဲ့ရသော Ways of Survival ထဲက ကမ္ဘာကြီး ပါဝင်နေသည်။
၈ ကြိမ်မြောက် နောက်ပြန်ဆုတ်မှု၊ ရုပ်ရှင်ရုံခံတပ်ထဲတွင် သေဆုံးခဲ့သော ယူဂျွန်ဟော့။
၁၈ ကြိမ်မြောက် နောက်ပြန်ဆုတ်မှု၊ ကောင်းကင်ဖြိုခွင်းဓါးသိုင်း သူတော်စင်ထံ သွားခဲ့သော ယူဂျွန်ဟော့။
သူ့အပေါင်းအဖော်တွေကို စတေးဖို့ ဆုံးဖြတ်ခဲ့တဲ့ ၄၁ ကြိမ်မြောက် အလှည့်က ယူဂျွန်ဟော့။
စိတ်ပျက်အားငယ်မှုတွေကြားက ပြန်လည်ထရပ်ခဲ့တဲ့ ၁၈၁ ကြိမ်မြောက် အလှည့်က ယူဂျွန်ဟော့။
.....
ကျနော့်ကို တစ်ခါက ကယ်တင်ခဲ့ဖူးသော ယူဂျွန်ဟော့ ၏ ဇာတ်လမ်းများကို ကျနော့်ရှေ့တွင် ခင်းကျင်းပြသထားသည်။ ထို့အပြင် နောက်ပြန်ဆုတ်ခြင်း အားလုံး၏ ဇာတ်သိမ်းကိုလည်း ကျနော် သိရှိနေသည်။
[ မင်း မကယ်တင်ခဲ့တဲ့ တခြား ကမ္ဘာတွေကရော ဘယ်လို ဖြစ်သွားမလဲ ]
၎င်းမှာ မစဉ်းစားမိခဲ့သော မေးခွန်းတစ်ခု ဖြစ်သည်။ မဟုတ်ပေ။ ကျနော် မစဉ်းစားချင်ခဲ့သော မေးခွန်းတစ်ခု ဖြစ်၏။ ထိုဇာတ်လမ်းကို ရပ်တန့်နိုင်ရန်အတွက် ကျနော်သည် ယူဂျွန်ဟော့ ၏ တတိယမြောက် နောက်ပြန်ဆုတ်မှုကို ပြောင်းလဲခဲ့သည်။
မူရင်း Ways of Survival ထဲက ဖြစ်ရပ်အားလုံးနှင့် ကျနော့်ရဲ့ ငယ်ဘဝကို ကာကွယ်ပေးခဲ့တဲ့ ကမ္ဘာအားလုံး...
အဲဒါတွေက အခုဆို မတည်ရှိတော့ဘူးလား။ လျှို့ဝှက်ကြံစည်သူ က စိတ်ဝင်တစားဖြင့် ကျနော့်ကို ကြည့်နေသည်။
[ မင်းရဲ့ တောင်းဆိုချက်ကို ငါ ဖြည့်ဆည်းပေးမယ် ]
ရုတ်တရက် ကြမ်းပြင်ပေါ်က မြင်ကွင်းက ၇၃ ခုမြောက် မိစ္ဆာနယ်မြေသို့ ပြောင်းလဲသွားသည်။ အဘယ်ကြောင့် လျှို့ဝှက်ကြံစည်သူသည် ဤကဲ့သို့စိတ်ကူးပေါက်သွားခဲ့မှန်း ကျနော် နားမလည်သော်လည်း လျှို့ဝှက်ကြံစည်သူ က ကျနော်နှင့် သဘောတူညီချက်တစ်ခု ပြုလုပ်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။
[ ဒါပေမဲ့ အခြေအနေ တစ်ခုတော့ ရှိတယ် ]
ကျနော် မျှော်လင့်ထားပြီးသား ဖြစ်သည်။ ပြင်ပကမ္ဘာ ကတိသစ္စာ အားလုံးတွင် ပြင်းထန်သော စည်းကမ်းချက်များ ပါဝင်လေ့ရှိသည်။
“ကျနော့်ကို ခင်ဗျားရဲ့ လက်အောက်ခံ ဖြစ်စေတာမျိုး ဒါမှမဟုတ် ကျနော့်ကို သေခိုင်းတာမျိုး မဟုတ်ရင် ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်”
လျှို့ဝှက်ကြံစည်သူ ၏ ပါးစပ်မှာပွင့်လာပြီး အဖြူရောင် အရာတစ်ခုကို ထုတ်ဖော်ပြလိုက်သည်။ ကျနော် ပြောလိုက်သော စည်းမျဉ်းများမှာ ရယ်စရာကောင်းနေသကဲ့သို့ပင်။
[ တစ်ခါတလေကျရင် မင်းရဲ့ အသက်ကို ရင်းရလိမ့်မယ်။ အဲဒါက မင်းအပေါ်မှာပဲ မူတည်တယ် ]
“ကောင်းပါပြီ။ ဒါပေမဲ့ စည်းကမ်းချက်တွေ မပြောခင် ကျနော့်အဖွဲ့သားတွေကို အရင်ဆုံး ကယ်ပေးပါဦး”
[ ငါ အရင်က ပြောခဲ့သလိုပဲ၊ မြူထုကိုတော့ ငါ မဖျက်ဆီးနိုင်ဘူး ]
“ဒါဆိုရင်...”
[ စက်မှုဇုန်ထဲက သာမန်လူသားတွေကိုပဲ ငါ ကယ်နိုင်မယ်။ အဆင်ပြေရဲ့လား ]
ကျနော် ခေတ္တခဏမျှ တုံ့ဆိုင်းသွားပြီးမှ ခေါင်းငြိမ့်လိုက်သည်။ လျှို့ဝှက်ကြံစည်သူ ဘာလုပ်တော့မည်ကို ကျနော် သိလိုက်ပြီဟု ထင်မိသည်။
“သူတို့ကို ဘေးကင်းတဲ့ နေရာတစ်ခုဆီ ရွှေ့ပေးနိုင်မလား”
[ ဘယ်နေရာကို ရွှေ့ပေးစေချင်တာလဲ ]
“ကမ္ဘာမြေ။ ဖြစ်နိုင်ရင် ဆိုးလ်ဆီကို ရွှေ့ပေးစေချင်ပါတယ်”
[ အဲဒါက ပိတ်ထားတဲ့ ဇာတ်ဝင်ခန်း နယ်မြေ ဖြစ်ပေမယ့် မျှော်လင့်ချက်တော့ ရှိပါတယ် ]
အသံတစ်ခုနှင့်အတူ သူ၏ လက်ချောင်းရှည်ကြီးများထဲမှ တစ်ချောင်းမှာ ပြတ်ထွက်သွားသည်။ အရိပ်၏ လက်သန်းလေးမှာ လေထဲသို့ ပျံတက်သွားပြီး အစက်အပြောက်ပေါင်း သောင်းနှင့်ချီ ပြောင်းလဲကာ စကြဝဠာထဲသို့ ပျံဝင်သွားသည်။ ထိုအစက်အပြောက်များက ဂလက်ဆီကို မျက်စိတစ်မှိတ်အတွင်း ဖြတ်ကျော်သွားပြီး ၇၃ ခုမြောက် မိစ္ဆာနယ်မြေထဲသို့ တိုးဝင်သွားကြသည်။
ကျနော့်ခြေရင်းက မြင်ကွင်းတွင် စက်မှုဇုန်ရှိ လူများကို ပြသနေသည်။ ထိုလူများကို ဇာတ်ဝင်ခန်းအသစ်တစ်ခုနှင့်အတူ တစ်နေရာရာသို့ ပို့ဆောင်နေကြသည်။ စက်မှုဇုန်၏ လူဦးရေမှာ တစ်သိန်းနီးပါး ရှိသည်။
ယခု လျှို့ဝှက်ကြံစည်သူ သည် ကိုယ်စားလှယ် အားလုံးထံသို့ သီးသန့်ဇာတ်ဝင်ခန်းများကို ပေးပို့လိမ့်မည်။ ဖြစ်နိုင်စွမ်း အမြောက်အမြား ကုန်ဆုံးသွားသော်လည်း လျှို့ဝှက်ကြံစည်သူ က သူ၏ လက်ချောင်းတစ်ချောင်းကို စတေးခြင်းဖြင့် ထိုဖြစ်နိုင်စွမ်းကို အစားထိုးလိုက်ခြင်း ဖြစ်၏။
ဇာတ်ဝင်ခန်းကို ရရှိလိုက်သော လူများသည် မိစ္ဆာကမ္ဘာထဲတွင် ပုန်းကွယ်နေကြသည်။ မြူထုကြီးသည် အချိန်၏ ချည်နှောင်မှုမှ လွတ်မြောက်သွားပြီး ဂြိုဟ်ကို နောက်ကျစွာ ဝါးမြိုရန် ကြိုးစားသော်လည်း ၎င်းမှာ လွတ်လပ်နေပြီ ဖြစ်သည်။ မြူထုကြီးက အဖွဲ့သားများကို ဝါးမျိုဖို့လွဲချော်သွားသဖြင့် ဟစ်အော်နေလေသည်။
[ အခု ငါ့အလှည့်ပဲ ]
“ပြောပါ”
[ မင်း တစ်စုံတစ်ယောက်ကို သတ်ရမယ် ]
“ကျနော် ဘယ်သူ့ကို သတ်ရမလဲဆိုတာ မေးလို့ရမလား”
ကျနော့်ရင်ထဲ လေးလံသွားသည်။ ထူးခြားသော ကန့်သတ်ချက်တစ်ခု ရှိနေနိုင်လောက်သည်။ သို့မဟုတ် လျှို့ဝှက်ကြံစည်သူ တောင် မထိတွေ့နိုင်သော ဖြစ်နိုင်စွမ်း၏ ရှုပ်ထွေးမှုများ ဖြစ်နေနိုင်၏။
[ ကတိသစ္စာကို လက်ခံလိုက်ရင် မင်း သိရလိမ့်မယ် ]
“...ကျနော် ငြင်းရင်ရော ဘာဖြစ်မလဲ”
နောက်ဆုံးတွင် လျှို့ဝှက်ကြံစည်သူ ကြောင့် ကမ္ဘာမြေသို့ ရောက်ရှိသွားသော လူအုပ်ကြီးကို ကျနော် မြင်လိုက်ရသည်။
[ ငါ့မှာ လက်ချောင်း ၉ ချောင်း ကျန်သေးတယ် ]
“လက်ခံပါတယ်”
ဘာပဲဖြစ်ဖြစ် အဆိုးဆုံး အခြေအနေကနေ လွတ်မြောက်သွားခဲ့လေပြီ။ အဖွဲ့သားတွေ ကမ္ဘာမြေကို ဘေးကင်းကင်းနဲ့ ပြန်ရောက်သွားကြပြီဆိုတော့ အားလုံးက စီစဉ်ထားတဲ့အတိုင်းပါပဲ။
[ ဇာတ်ဝင်ခန်းအသေးအသစ်တစ်ခုကို ရရှိပါပြီ။ ]
[ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု ၏ ဇာတ်ဝင်ခန်းစနစ်တွင် ချို့ယွင်းချက်တစ်ခု ဖြစ်ပေါ်နေပါသည်။ ]
[ ဤဇာတ်ဝင်ခန်း၏ အချက်အလက်များကို ပြန်လည်တည်ဆောက်နေပါသည်။ ]
[ သင်သည် ဇာတ်လမ်းအသစ်တစ်ခု၏ ဖြစ်နိုင်စွမ်းကို ရရှိခဲ့ပါပြီ ]
[ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု မှ နားမလည်နိုင်သော ဇာတ်လမ်းတစ်ခု စတင်ပေါက်ဖွားနေပါသည်။ ]
ကျနော် တစ်ယောက်တည်းပဲ ကျန်တော့သည်။
ဒါကိုသာ သေချာလုပ်နိုင်ရင် အရာအားလုံး အဆင်ပြေပြေနဲ့ ပြီးဆုံးသွားမှာပါ။
လျှို့ဝှက်ကြံစည်သူ က သူ၏ ညာဘက်လက်ကို မြှောက်လိုက်ရာ စကြဝဠာ၏ အမှောင်ထုမှာ ပုံပျက်သွားပြီး ကူးပြောင်းမုခ်ဝ ငယ်လေးတစ်ခု ပွင့်လာသည်။
[ တကယ်တော့ မင်းအပြင် ကတိသစ္စာပြုခဲ့တဲ့ တခြားလူတစ်ယောက်လည်း ရှိသေးတယ် ]
...ကျနော့်အပြင် ဟုတ်လား။ မူရင်းဝတ္ထုထဲက မှတ်ဉာဏ်တွေကို ပြန်စဉ်းစားကြည့်ပေမယ့် ဒီအချိန်မှာ ပြင်ပကမ္ဘာ ကတိသစ္စာ ပြုမယ့်လူကို ကျနော် မစဉ်းစားမိပေ။
“အဲ့ဒီလူရော ဘာဖြစ်သွားလဲ”
[ မင်းဆီကနေ ငါ ပိုပြီး ကြီးမားတဲ့ အရာတွေကို မျှော်လင့်ထားတယ်။ မင်းသာ ဇာတ်ဝင်ခန်းကို ဘေးကင်းကင်းနဲ့ အဆုံးသတ်နိုင်ရင် ဘာပြဿနာမှ မရှိဘဲ ပြန်လာနိုင်ပါလိမ့်မယ် ]
ကူးပြောင်းမုခ်ဝ မှာ ကျနော် ဖြတ်သွားနိုင်လောက်သည်အထိ ကြီးမားလာသည်။
[ တခြား ပြင်ပနတ်ဘုရား တစ်ပါးက မင်းကို ပို့ဆောင်ပေးလိမ့်မယ်။ သူ့ကို မဆန့်ကျင်မိအောင် သတိထားပါ ]
နောက်ဆုံးတွင် ကျနော် ကူးပြောင်းမုခ်ဝ ထဲသို့ စုပ်ယူခြင်း ခံလိုက်ရသည်။ အခြေခံ အဆောက်အဦးများ တည်ဆောက်ထားသည့် တစ်ကမ္ဘာလုံးမှာ ခေတ်လွန် ဆီဆေးပန်းချီကားတစ်ချပ်ကဲ့သို့ ပြန့်ကားသွားသည်။ တောက်ပသော အရောင်အသွေးများကြောင့် ကျနော် ပျို့အန်ချင်သကဲ့သို့ ခံစားရပြီး ခေါင်းပြန်မော့လိုက်သောအခါ ကျနော့်ရှေ့တွင် ဧရာမ တံခါးကြီးတစ်ချပ် ရှိနေလေသည်။
ကျနော့်ရှေ့တွင် အဆုံးမဲ့စကြဝဠာကြီးကို ပြည့်နှက်နေသော ဧရာမ ပူဖောင်းကြီးတစ်ခု ရှိနေပြီး အလယ်တွင် စက်ဝိုင်းပုံ တံခါးကြီးတစ်ခု ရှိနေ၏။ ထိုတံခါးကြီးက မျက်လုံးအိမ်ကြီးများကို ဖွင့်ကာ ကျနော့်ကို ကြည့်လိုက်သည့် ခဏတွင် Fourth Wall မှာ အသက်ဝင်လာသည်။
[ Fourth Wall က သတိပေးချက်တစ်ခု ထုတ်ပြန်နေပါသည်။ ]
Ways of Survival ထဲတွင် ဤကဲ့သို့ ဧရာမတံခါးကြီးမျိုး တစ်ခုသာ ရှိသည်။
[ လျှို့ ဝှက် ကြံ စည် သူ ပို့ လိုက် တဲ့ ဖြစ် တည် မှု ]
ကျနော် ခေါင်းငြိမ့်လိုက်သည်။ တံခါးကြီးက သူ့အလိုအလျောက် ကျနော့်ကို ငုံ့ကြည့်နေသည်။
[ နောက် ဆုံး တံ တိုင်း ရဲ့ အ ပိုင်း အ စ... ပြီး တော့... ]
၎င်းမှာ ရေထဲက ထွက်ပေါ်လာသကဲ့သို့ အသက်ရှူရကျပ်စေသော အသံမျိုး ဖြစ်သည်။
[ ... ဘဝ ရဲ့ အ ဆုံး သတ် ဆီ ကို ခရီး နှင် နေ တဲ့ အ စေ အ ပါး... ]
“...ငါ ဘယ်ကို သွားနေတာလဲ”
[ အရာ အားလုံး က ရေး သား ပြီး သား ဖြစ် သလို တစ် ချိန် ထဲ မှာ လည်း တည် ရှိ နေ တယ် ]
...ဘာပဲဖြစ်ဖြစ် ပုံမှန်စကားပြောလို့ ရလိမ့်မယ်လို့ ကျနော် တစ်ခါမှ မတွေးခဲ့ချေ။ ပြင်ပနတ်ဘုရားတွေနဲ့ ဆိုလျှင် ဒါက ပုံမှန်ပါပဲ။ လျှို့ဝှက်ကြံစည်သူ တစ်ယောက်သာ ထူးခြားတဲ့ အခြေအနေ ဖြစ်သည်။
[ အ တိတ် နဲ့ ပစ္စုပ္ပန် က အ နာ ဂတ် နဲ့ မ ခြား နား ဘူး။ လွတ် လပ် တဲ့ စိတ် ဆန္ဒ ပဲ ကျန် တော့ တယ် ]
ဧရာမ အသံကြီးနှင့်အတူ တံခါးကြီး ပွင့်သွားသည်။ အတိတ်၊ ပစ္စုပ္ပန် နှင့် အနာဂတ်တို့ကို ဆက်သွယ်ပေးထားသော တံခါးကြီး။ အကယ်၍ ကျနော် အဲဒီတံခါးထဲကို လှမ်းဝင်လိုက်ရင် ပြန်လာနိုင်တော့မှာ မဟုတ်ချေ။
အထဲမဝင်ခင် ကျနော် လုပ်စရာ တစ်ခု ရှိသေးသည်။ ကျနော် တုံ့ဆိုင်းနေပြီးမှ အင်္ကျီထဲသို့ လက်နှိုက်လိုက်သည်။ နွေးထွေးပြီး သေးငယ်သော ဂွမ်းလုံးလေး တစ်ခုကို ကျနော် ဆွဲထုတ်လိုက်သည်။
[ ဘတ် ]
ဘီယူ က ကျနော့်ကိုကြည့်ကာ အော်ဟစ်ပြီး ငိုကြွေးနေလေတော့သည်။