← Chapters

အခန်း ၂၈၄

Vol. 23 Ch. 284

အခန်း ၂၈၄

Vol. 23 Ch. 284

အခန်း (၂၈၄)

- အပိုင်း (၅၃) – ကယ်တင်ခြင်း၏ မိစ္ဆာဘုရင် (၆)

[ဘတ်၊ ဘတ်]

“မရဘူး”

[ဘတ်]

“ပြန်သွားတော့”

ပွင့်ဟနေသော တံခါးအတွင်းမှ ကမ္ဘာကြီးကို သေချာမမြင်ရပေ။ မည်သို့ပင်ဖြစ်စေ ထိုနေရာသည် အန္တရာယ်ရှိသော နေရာဖြစ်သည်မှာတော့ ရှင်းနေလေသည်။

“ငါ့လူတွေကို စောင့်ရှောက်ထားလိုက်ပါ”

သူရိယ၏ ရထားပျက်အစအနများကြားမှ ‘ဖော်ပြ၍မရသော အကွာအဝေး’ ၏ အငွေ့အသက်ကို စတင်တွေ့ရှိခဲ့ကတည်းက ဤအခိုက်အတန့်သည် သတ်မှတ်ပြီးသား ဖြစ်နေခဲ့ပုံရသည်။ ကျနော်သွားရမည့် နေရာတွင် Ways of Survival ထံမှ အကူအညီ ရနိုင်ခြေမှာ အလွန်နည်းပါးပေလိမ့်မည်။

သို့သော်လည်း ကျနော်သွားရမည်သာ ဖြစ်သည်။ ယခုတစ်ကြိမ်သာ ကောင်းကောင်းအောင့်အီးနိုင်လျှင် ကျနော့်၏အပေါင်းအဖော်များထံ ပြန်သွားနိုင်မည်ဖြစ်သည်။ သူတို့နှင့်အတူ ဇာတ်ဝင်ခန်းအားလုံး၏ အဆုံးသတ်သို့ ကျနော်ရောက်ရှိနိုင်မည်ဖြစ်သည်။ ကျနော်က ခြေလှမ်းကို ဖြည်းဖြည်းချင်း လှမ်းလိုက်ရာ ဘီယူက အော်ဟစ်လေတော့သည်။

[ဘတ်၊ ဘတ်.... ဘတ်.... ဘ…ဘတ်...]

ကျနော်က တံခါး၏ နယ်နိမိတ်ကို ကျော်ဖြတ်လိုက်သည်နှင့် ဘီယူ၏ အသံသည် ရုတ်တရက် ပျောက်ကွယ်သွားသည်။ ဘီယူ၏ ဝေဝါးနေသော မျက်နှာလေးကို ကြည့်ရင်း အပြင်သို့ မရောက်နိုင်တော့မည့် စကားလုံးများကို ကျနော်ဆိုလိုက်မိသည်။

「 ငါပြန်လာခဲ့မယ် 」

[ပြင်ပကမ္ဘာ ကတိသစ္စာ အသက်ဝင်ပါပြီ။]

[သင့်ကို ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုမှ နှင်ထုတ်လိုက်ပါပြီ။]

[သင်၏ ဘွဲ့အမည်သည် “ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု” မှ ပျောက်ကွယ်သွားပါမည်။]

ကင်ဒေါ့ဂျာက ကူးပြောင်းမုခ်ဝထဲသို့ ပျောက်ကွယ်သွားပြီးနောက်တွင်ပင် လျှို့ဝှက်ကြံစည်သူသည် ထိုမုခ်ဝကို အတော်ကြာအောင် စိုက်ကြည့်နေမိသည်။ ပုံမှန်မဟုတ်ဘဲ ကြီးမားလှသော အကျိတ်နှစ်ခုရှိသည့် အဖိုးအိုတစ်ဦးသည် လျှို့ဝှက်ကြံစည်သူ၏ ဘေးတွင် လာရပ်သည်။

[မဟာကြံစည်သူကြီး။ သူသွားပြီလား]

[ သွားပြီ ]

[နှမြောစရာပဲ။ သူက ဘယ်လိုလူစားလဲဆိုတာ ကြည့်ချင်သေးတာ... ကောင်းပါပြီလေ။ မဟာကြံစည်သူကြီးက သူ့ကို တော်တော်သဘောကျပုံရတယ်။ သူ့အတွက် လက်ချောင်းသုံးချောင်းတောင် အနစ်နာခံလိုက်တာနော်]

လျှို့ဝှက်ကြံစည်သူ၏ ဘယ်ဘက်လက်မှ လက်ချောင်းသုံးချောင်းမှာ ပျောက်ကွယ်နေပြီဖြစ်သည်။ ၎င်းမှာ ဖြစ်နိုင်စွမ်းအတွက် ပေးလိုက်ရသော တန်ဖိုးပင်။

[မင်းရဲ့ သရုပ်မှန်က ဘယ်သူပဲဖြစ်ဖြစ် မြို့စားရဲ့ ဒိုင်မင်းရှင်းတံခါးကို ငှားသုံးတာက ဝန်ထုပ်ဝန်ပိုး ဖြစ်စေမှာပဲ။ ငါတို့ဆီ ဘာလို့အကူအညီမတောင်းတာလဲ]

[ ဒါက အကျိတ်နှင့်လူတွေရဲ့ ဖြစ်နိုင်စွမ်းနဲ့ မထိန်းချုပ်နိုင်တဲ့ လိမ်လည်လှည့်ဖြားတဲ့ အလဲအလှယ်မျိုး ဖြစ်နေလို့ပဲ ]

အဖိုးအိုက နှုတ်ခမ်းသပ်လိုက်သည်။

[ငါ လုံးဝနားမလည်နိုင်တော့ဘူး။ ဘယ်လိုဇာတ်လမ်းမျိုးပဲ ဖြစ်ဖြစ် ငါဆိုရင်တော့ ဒီလိုမျိုး လုပ်မှာမဟုတ်ဘူး]

[ မင်း နားမလည်နိုင်ပါဘူးကွာ]

လျှို့ဝှက်ကြံစည်သူ၏ အရိပ်ထဲတွင် ဖြူဖွေးသော မျက်လုံးများက လေထုထဲတွင် လက်ခနဲ ဖြစ်သွားသည်။ အဖိုးအိုက ထိုအကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ လေထုထဲတွင် တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားသည့်အလား ဖြစ်သွားတော့သည်။

[ဒီပြဿနာကောင်ကို... မင်း တမင်သက်သက် ပို့လိုက်တာလား]

[ ဘာပဲဖြစ်ဖြစ် ဆိုးကျိုးတော့ ရှိမှာမဟုတ်ပါဘူး ]

အဖိုးအိုက ရယ်မောလိုက်သည်။

[ကောင်းပါပြီ၊ အရေးမကြီးပါဘူး။ အဲဒီအရှက်မရှိတဲ့ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုကို တစ်ချက်လောက် ထိုးနှက်နိုင်ရင်ပဲ ကျေနပ်ပါပြီ။ ဒါပေမဲ့ အခွင့်အရေးရော ရှိပါ့မလား]

[ သူသာ အောင်မြင်ရင် ဘယ်သူ့ထက်မဆို ‘ရလဒ်’ နဲ့ ပိုနီးစပ်သွားလိမ့်မယ် ]

[...ဘယ်သူ့ထက်မဆို ဟုတ်လား။ မင်းကိုယ်တိုင်တောင် ‘ရလဒ်’ ကို မြင်ဖူးပြီးသားဖြစ်နေတာကို အဲဒီလိုပြောတာက ရယ်စရာကြီးပဲ]

အဖိုးအိုက မြည်တွန်တောက်တီးလိုက်သည်။

[သူ အောင်မြင်သည်ဖြစ်စေ၊ ရှုံးနိမ့်သည်ဖြစ်စေ မင်းအတွက်တော့ ဆုံးရှုံးမှုပဲ မဟုတ်လား]

လျှို့ဝှက်ကြံစည်သူက ခေါင်းခါယမ်းကာ ပြန်ဖြေလိုက်သည်။

[ ဒါကို ငါက ဆုံးဖြတ်ရမှာ မဟုတ်ဘူး ]

[‘Fourth Wall’ သည် ပြင်းထန်စွာ တုန်လှုပ်နေပါသည်။]

ကျနော်၏ အသိစိတ်များ ဝေဝါးနေစဉ်အတွင်း ကျောရိုးထဲအထိ စိမ့်တက်သွားသော အအေးဓာတ်ကို ခံစားလိုက်ရသည်။

[ပြင်ပကမ္ဘာ ကတိသစ္စာက သင့်တည်ရှိမှုကို ကာကွယ်ပေးနေပါသည်။]

အိပ်မက်အချို့ မက်နေရင်း တစ်နေရာရာကို ရောက်နေသကဲ့သို့ ခံစားရသည်။ ကျနော်မက်နေသည်က အပေါင်းအဖော်များနှင့် ပတ်သက်သော အိပ်မက်များ ဖြစ်၏။

-ဒေါ့ဂျာက အမြဲတမ်း စမတ်ဖုန်းပဲ ကြည့်နေတာနော်။ ဒေါ့ဂျာရဲ့ ဖုန်းနံပါတ်က ဘယ်လောက်လဲ

-...ဘာပဲဖြစ်ဖြစ် သူ့ကို ဖုန်းဆက်လို့မှ မရတာ၊ ဘာထူးမှာလဲ

-သိထားရုံပေါ့။ နောက်ကျရင် ဂိမ်း inviteလုပ်မလို့လေ

ဂိမ်းinviteလုပ်တာတဲ့လား... တစ်ချိန်ချိန်မှာ အဲလိုinvite လုပ်တာမျိုးလေး တကယ်ရချင်မိသည်။

-ဒေါ့ဂျာက လောကကြီး ပျက်စီးပြီးနောက်ပိုင်း ပိုပြီး ရယ်တတ်လာသလိုပဲ

-ဒါနဲ့ ဦးလေးကြီး ပြုံးလိုက်ရင် နည်းနည်းတော့ ကြည့်ရဆိုးတယ်နော်

-ပါးစပ်ပုံစံလေးများ ပြောင်းလိုက်ရင် ကောင်းမလား

-ဒေါ့ဂျာက ကျမရဲ့ စီနီယာဖြစ်ခဲ့ရင် သိပ်ကောင်းမှာပဲ

နာရီ၏ စက္ကန့်တံ သံသည် တစ်နေရာရာမှ ထွက်ပေါ်နေသည်။

-ကျမ ဒေါ့ဂျာကို ဒီနေ့လောက် မုန်းဖူးတာ မရှိဘူး။ ပြန်လာခဲ့ပါ

အမည်မသိ ဇာတ်လမ်း၏ အစနှင့် အဆုံးတို့က ကျနော်ကို တွန်းပို့နေသည်။ ကြမ်းတမ်းသော ရေစီးကြောင်းကြားမှ ဖောင်ငယ်လေးတစ်ခုပမာ ကျနော်၏ မှတ်ဉာဏ်များကို အားကိုးရင်း ရုန်းကန်နေရသည်။ အဆုံးမဲ့သော စကြဝဠာ ဟင်းလင်းပြင်ကြီးထဲတွင် ကျနော်၏ မှတ်ဉာဏ်များသာ လွင့်မျောနေသည်။ ၄၁ ကြိမ်မြောက် ကမ္ဘာက ရှင်ယူဆောင်း သို့မဟုတ် ဘီယူ ခံစားခဲ့ရသည်မှာလည်း ဤသို့ပင် ဖြစ်ပေလိမ့်မည်။

မကြာမီမှာပင် မက်ဆေ့ချ်တစ်ခု ကြားလိုက်ရသည်။

[မြို့စား၏ ဒိုင်မင်းရှင်းတံခါး ပိတ်သွားပါပြီ။]

[ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုက သင့်တည်ရှိမှုကို သတိပြုမိသွားပါပြီ။]

အသိစိတ် ပြန်ဝင်လာသည့်အချိန်တွင် ကျနော်သည် ကြမ်းပြင်ပေါ်တွင် ဝပ်လျက်သားဖြစ်နေပြီး အော့အန်နေမိသည်။ မာကျောသော မြေပြင်၏ ထိတွေ့မှုကို ခံစားလိုက်ရပြီး မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။

[သင်သည် ဇာတ်ဝင်ခန်း နယ်မြေအသစ်သို့ ရောက်ရှိပါပြီ။]

[စီမံခန့်ခွဲရေးဌာနမှ ဒိုကဲဘီများသည် သင့်တည်ရှိမှုအပေါ် သံသယရှိနေကြပါသည်။]

တောင့်တင်းနေသော ကိုယ်စားလှယ်ခန္ဓာကိုယ်၏ အဆစ်အမြစ်များမှာ အလွန်နာကျင်လွန်းနေသည်။ ခန္ဓာကိုယ်ကို အမြန်ဆုံး ပြန်လည်ကောင်းမွန်လာစေရန် ‘သွေးကြောပိတ်ခြင်းနည်းစနစ်’ ကို ကျနော်အသုံးပြုလိုက်သည်။ ဤနေရာသည် မည်သည့်နေရာမှန်း မသိသော်လည်း ယခုမှစ၍ နိုးနိုးကြားကြား ရှိနေရမည်ဖြစ်၏။

လျှို့ဝှက်ကြံစည်သူကိုယ်တိုင်က မူရင်းဝတ္ထုထဲတွင် မပါရှိသောကြောင့် ဤနေရာတွင် ဖြစ်ပျက်သမျှအတွက် Ways of Survival က ကျနော်ကို ကူညီနိုင်မည်မဟုတ်ပေ။

“အွတ်...”

ဖော်ပြ၍မရသော အကွာအဝေး၏ ဝါးမြိုခြင်းခံခဲ့ရသော ခန္ဓကိုယ်အစိတ်အပိုင်းများမှာ နာကျင်နေသော်လည်း ‘မဟာပြန်လည်ရှင်သန်ခြင်းဆေးလုံး’ ဖြင့် အနည်းငယ် သက်သာသွားသည်။ မိစ္ဆာဘုရင် အသွင်ပြောင်းခြင်း ပြီးဆုံးသွားပြီဖြစ်သဖြင့် ကျနော်၏ ဦးချိုများနှင့် အတောင်ပံများ ပျောက်ကွယ်သွားပြီဖြစ်သည်။

[လက်ရှိအချိန်တွင် မိစ္ဆာဘုရင် အသွင်ပြောင်းခြင်းကို အသုံးပြု၍ မရနိုင်ပါ။]

ပစ္စည်းကိရိယာများကို သေချာစစ်ဆေးပြီး လိုအပ်သော ပစ္စည်းများကို အဆင်သင့် အသုံးပြုနိုင်သော နေရာတွင် ကျနော် ထားလိုက်သည်။ ပထမဆုံး စစ်ဆေးလိုက်သည်မှာ ကိုယ်ပိုင် ဇာတ်ဝင်ခန်း ဇယားပင်။

[သင်သည် ဇာတ်ဝင်ခန်းအသေး ဇယားကို ဖွင့်၍မရပါ။]

[ဤဇာတ်ဝင်ခန်းအတွက် အချက်အလက်များကို Update မလုပ်ရသေးပါ။]

...ဇာတ်ဝင်ခန်း Update က အကျိုးသက်ရောက်မှု မရှိသေးပေ။

ပျက်စီးနေသော အဆောက်အဦးများကို ကျနော်လှည့်ကြည့်လိုက်သည်။ ပြိုကျနေသော မိုးမျှော်တိုက်ကြီးများနှင့် ၎င်းတို့ကြားမှ လိုဂိုအပျက်အစီးများ။ လိုဂိုပေါ်မှ စာလုံးများမှာ ရင်းနှီးနေသည်။ ကိုရီးယား စာလုံးများရှိသလို အင်္ဂလိပ်စာလုံးများလည်း ရှိသည်။ တခြား ဘာသာစကားများကိုလည်း တွေ့နေရ၏။

ကျနော် ခေတ္တခဏရပ်တန့်ကာ ဖတ်ကြည့်လိုက်သည်။ ခြေဖျားမှစ၍ မသိုးမသန့် ခံစားချက်တစ်ခု တိုးဝင်လာသည်။ ဤနေရာသည် မည်သည့်နေရာနည်း။

[ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုက သင့်ဘွဲ့အမည်ကို အသိအမှတ်ပြုလိုက်ပါပြီ။]

[ညကောင်းကင်ယံရှိ သင်၏ တည်နေရာကို Update လုပ်ပါမည်။]

[စီမံခန့်ခွဲရေးဌာနက သင်၏တည်ရှိမှုကို သတိထားနေပါသည်။]

[သင့်အား ဖုံးကွယ်ပေးထားသော ဇာတ်ဝင်ခန်းတစ်ခု သတ်မှတ်ပေးလိုက်ပါပြီ။]

[ဖုံးကွယ်ပေးထားသော ဇာတ်ဝင်ခန်း – ‘ကမ္ဘာမြေနှင့် အသားကျခြင်း’ ကို ရရှိပါပြီ။]

[သင်သည် ဇာတ်လမ်းသစ်တစ်ခုကို ရရှိပါပြီ။]

...မဟုတ်မှလွဲရော

လမ်းမများအတိုင်း ကျနော် စတင်ပြေးလွှားမိသည်။ မှတ်မိရန်ပင် ခက်ခဲလောက်အောင် ပျက်စီးနေသော မြို့ကြီး။ သို့သော်လည်း ဤနေရာကို ကျနော်မှတ်မိနိုင်သည်။ မမှတ်မိလျှင်ပင် ထူးဆန်းနေပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ကျနော်၏ အိပ်မက်ဆိုးများမှာ ဤမြို့မှ မြစ်ဖျားခံခဲ့သောကြောင့်ပင်။

ခြေထောက်နှစ်ဖက်သာ ကျန်တော့သော လီဆွန်ရှင်း၏ ရုပ်ထုနှင့် ပျက်စီးနေသော အကြွင်းမဲ့ပလ္လင်။ နေရာအနှံ့ ပျံ့ကျဲနေသော သားရဲအလောင်းများနှင့် ဧရာမ ရေဘဝဲလက်တံကြီးများ၏ အကြွင်းအကျန်များက ဆိုးရွားသော အနံ့အသက်များကို ထုတ်လွှတ်နေသည်။

“ဒါက ...ဆိုးလ်မြို့လား”

သို့သော်လည်း စဉ်းစားနေရန် အချိန်မရှိပေ။ ပေါက်ကွဲသံတစ်ခု ကြားလိုက်ရသဖြင့် အပျက်အစီးများကြားတွင် ကျနော် ပုန်းကွယ်လိုက်သည်။ အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာသည်။ လူများက တစ်စုံတစ်ခုထံမှ ထွက်ပြေးနေကြ၏။ မဟုတ်သေးပေ။ သေချာကြည့်လိုက်တော့ လူတွေထွက်ပြေးနေခြင်းမဟုတ်ပေ။

ထွက်ပြေးနေသူတို့မှာ ကိုယ်စားလှယ်ခန္ဓာကိုယ်များဖြင့် နက္ခတ်များ ဖြစ်ကြသည်။ နက္ခတ်အများပြားမှာ သူတို့၏ စစ်မှန်သောအသံများဖြင့် အော်ဟစ်နေကြ၏။

[ထွက်ပြေးကြဟေ့]

[ချီး….]

သူတို့၏ စကားမဆုံးလိုက်ပေ။ လေထုထဲမှ ဆင်ခြေထောက်ကြီးတစ်ခု ဆင်းသက်လာပြီး ကိုယ်စားလှယ်ခန္ဓာကိုယ်များမှာ ပိုးကောင်များပမာ ပေါက်ကွဲထွက်သွားသည်။ ကျနော် အသက်ပင် မရှူနိုင်ဘဲ ထိုမြင်ကွင်းကို ကြည့်နေမိသည်။ ဆင်ခြေထောက်ကြီးတွင် အံတု၍မရသော ‘အဆင့်အတန်း’ ပါရှိနေပြီး သေဆုံးသွားသော ကိုယ်စားလှယ်ခန္ဓာကိုယ်များကို တစ်နေရာရာသို့ တရွတ်တိုက် ဆွဲခေါ်သွားသည်။

ရူးချင်စရာပဲ။ အဲဒါကြီးက ဘာကြီးလဲ။

ဆင်ကြီး ပျောက်ကွယ်သွားပြီးနောက် အပျက်အစီးများကြားမှ ကျနော် သတိထားထွက်လာပြီး အလောင်းများရှိရာသို့ ချဉ်းကပ်သွားလိုက်သည်။ ကြမ်းပြင်ပေါ်တွင် ကောက်ယူစရာ ပစ္စည်းအချို့ ကျန်ရစ်သည်။ ထိုပစ္စည်းများကို ကြည့်ရင်း ကျနော့်စိတ်ကို ထိန်းလိုက်၏။

ကျနော် တည်ငြိမ်ရမည်။ ဤနေရာသည် မည်မျှပင် အန္တရာယ်ရှိပါစေ အချက်အလက်သာ ရရှိလျှင် အနိုင်ရရန် အခွင့်အရေး ရှိသေး၏။ ဤနေရာသည် ဇာတ်ဝင်ခန်းနယ်မြေ ဖြစ်နေသေးလျှင် Ways of Survival က အကျုံးဝင်နေဆဲ ဖြစ်လေသည်။

[ဝိသေသလက္ခဏာ အကျိုးသက်ရောက်မှုကြောင့် ဖတ်ပြီးသား စာမျက်နှာများအပေါ် မှတ်မိနိုင်စွမ်းနှင့် ပတ်သတ်ပြီး သင်၏မှတ်ဉာဏ်မှာ ပိုမိုကောင်းမွန်လာပါသည်။]

ဒါက ဘယ်လိုဇာတ်ဝင်ခန်းမျိုးလဲ။ နက္ခတ်တွေရဲ့ ကိုယ်စားလှယ်ခန္ဓာကိုယ်တွေ ရှိနေပြီး ပြင်ပနတ်ဘုရားရဲ့ အစအနတွေ ပျံ့ကျဲနေတယ်...

[၉၅ ခုမြောက် ပင်မဇာတ်ဝင်ခန်းကို လုပ်ဆောင်နေပါသည်။]

[ပြင်ပကမ္ဘာ ကတိသစ္စာက သင့်တွင် လိုအပ်နေသော ဖြစ်နိုင်စွမ်းများကို အစားထိုးပေးလိုက်ပါပြီ။]

[သင်သည် ဇာတ်ဝင်ခန်း၏ တရားဝင် ပါဝင်သူတစ်ဦး မဟုတ်ပါ။]

[ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုက သင်၏ အရည်အချင်းကို သံသယရှိနေပါသည်။]

ကျနော်၏ လက်မှ ကြက်သီးများထလာသည်။

...ဘယ်လောက်တောင်လဲဟ။

[ပစ္စည်း – ‘အာရွန်ဒိုက်’ ကို ရရှိပါပြီ။]

ကောက်ယူရရှိသော ပစ္စည်းကို ကြောင်စီစီဖြင့် ကျနော်ကြည့်နေမိသည်။ နက္ခတ်တစ်ပါး၏ ကြယ်အမွေအနှစ်က လမ်းပေါ်တွင် ဒီအတိုင်း လိမ့်နေသည်ပေါ့လေ။ အချိန်ဝိရောဓိဖြစ်ပြီး ငါဟာ နှစ်အတော်ကြာ ကျော်သွားခဲ့တာလား။ ငါ့အဖွဲ့သားတွေရော ဘာဖြစ်သွားကြပြီလဲ။

[သီးသန့်စွမ်းရည် ‘အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်’ ကို အသက်သွင်းလိုက်ပါပြီ။]

.ယောင်ဟီဝန်။ လီဟန်းဆောင်။ ရှင်ယူဆောင်း။

[သီးသန့်စွမ်းရည် ‘အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်’ ပျက်ပြယ်သွားပါပြီ။]

[လက်ရှိပစ်မှတ်နှင့် ဆက်သွယ်၍ မရနိုင်ပါ။]

[‘ဇာတ်ကောင်’ ကို ရှာမတွေ့ပါ။]

ကျနော်၏ တုန်ရင်နေသော နှလုံးသားကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။ တည်ငြိမ်ရမည်။ မည်သည့်အရာမှ အတည်မပြုနိုင်သေးပေ။ ကျနော် အသက်ကို ပြင်းပြင်းရှူရင်း စိတ်ကို ထိန်းကာ နက္ခတ်တစ်ပါး၏ စွမ်းအားကို ထုတ်ဖော်လိုက်သည်။ အနီးအနားတွင် လိုင်းတစ်ခုခုရှိလျှင် ၎င်းမှတစ်ဆင့် ပတ်ဝန်းကျင်ကို စူးစမ်းရန် စီစဉ်လိုက်သည်။

ထိုအခိုက်တွင် ပတ်ဝန်းကျင်မှ အသံတစ်သံ ကြားလိုက်ရသည်။ ထိုအသံမှာ နက္ခတ်များ၏ အော်ဟစ်သံနှင့်အတူ စွမ်းအားပြင်းသော တိုက်ခိုက်သံကြီးပင်။ အဆောက်အဦးများကြားတွင် ပုန်းကွယ်ရန် ကျနော် ကြိုးစားလိုက်စဉ်မှာပင် အနက်ရောင် ဝတ်ရုံစတစ်ခု လွင့်ပျံနေသည်ကို မြင်လိုက်ရသည်။

ခေတ္တခဏမျှ ကျနော်၏ နှလုံးခုန်သံ ရပ်တန့်သွားသလို ခံစားလိုက်ရသည်။ စုတ်ပြဲနေသော ဝတ်ရုံလက်စကြားမှ ဒဏ်ရာများရထားသည့် ကြွက်သားများကို မြင်ရ၏။ မြေပြင်ပေါ်သို့ ပိုင်းချလိုက်သော ဓါးချက်လမ်းကြောင်းကို ကြည့်ရင်း ရင်ထဲတွင် ခံစားချက်များ ပြည့်လျှံလာသည်။

သူ အသက်ရှင်နေသေးတာပဲ၊ ကျနော်မှတ်မိတာနဲ့တော့ အတိအကျ မတူတော့ပေမယ့်ပေါ့။ သူ့ခန္ဓာကိုယ်က ပိုထွားလာပြီး အမူအရာကလည်း ပိုခက်ထန်လာသလို ပါးပြင်မှာလည်း ကြီးမားတဲ့ ဒဏ်ရာတစ်ခု ရှိနေသည်။ သူ့ကို ကျနော်မသိဘဲ နေစရာ အကြောင်းမရှိပေ။

“ယူ―”

ကျနော် ပါးစပ်ဟလိုက်သော်လည်း အသံထက် မြန်သော တစ်စုံတစ်ခုက ကျနော်ထံသို့ ပျံသန်းလာသည်။ ‘စာမှတ်’ နှင့် ‘လေ၏လမ်းစဉ်’ ကိုသာ အသုံးမပြုခဲ့လျှင် ကျနော် ချက်ချင်း သေသွားပေလိမ့်မည်။ ကျနော် ရှောင်တိမ်းလိုက်သော်လည်း နံဘေးတွင် ကြီးမားသော ဓါးဒဏ်ရာရာတစ်ခု ရသွား၏။ ကျနော် ဒဏ်ရာကို ဖိထားရင်း သူ့ကို ဝေခွဲမရသော အမူအရာဖြင့် ကြည့်လိုက်သည်။ ကျနော် မော့ကြည့်လိုက်သည့်အချိန်တွင် သူသည် ကျနော်၏ ရှေ့မှောက်သို့ ရောက်ရှိနေပြီဖြစ်သည်။

သူက ကျနော်၏ လည်ပင်းကို ညှစ်ထားသဖြင့် အသက်ရှူပင် မဝတော့ပေ။ အသံထွက်မလာသဖြင့် ကျနော်၏ စစ်မှန်သောအသံကို အသုံးပြုလိုက်ရသည်။

[ဟေ့ကောင်… ယူဂျွန်ဟော့၊ ငါပါဟ]

အချိန်တွေ အများကြီး ကုန်ဆုံးသွားလို့ ထင်ပါရဲ့။ ကျနော်ထင်ထားတာထက် ပိုကြာသွားလို့ သူ ကျနော်ကို မေ့သွားတာလည်း ဖြစ်နိုင်သည်။

[လွှတ်စမ်း။ ငါလေကွာ။ မင်း မေ့သွားပြီလား...]

ဝမ်းဗိုက်တွင် ဆိုးရွားသော နာကျင်မှုကို ခံစားလိုက်ရပြီး သတိလစ်တော့မလို ဖြစ်သွားသည်။ ဒါက ရူးကြောင်ကြောင် နောက်ပြောင်မှုတစ်ခုလို့ ကျနော်ထင်ခဲ့မိသည်။ ဒါမှမဟုတ် သူက အရမ်းစိတ်ဆိုးနေလို့ ဒီလိုလုပ်နေတာလည်း ဖြစ်နိုင်သည်။ ထို့နောက်တွင် ယူဂျွန်ဟော့၏ အေးစက်သော အသံကို ကြားလိုက်ရသည်။

“အာရွန်ဒိုက် ဘယ်မှာလဲ။ မင်းဆီမှာ ရှိလား”

ထိုအခိုက်တွင် လည်ပင်းနားမှ အေးစိမ့်သော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ ဒေါင်းဟိုတံတားပေါ်တွင် ယူဂျွန်ဟော့နှင့် ပထမဆုံး ဆုံခဲ့စဉ်က ပုံရိပ်က ခေါင်းထဲသို့ ဝင်လာသည်။ သူ့မျက်လုံးတွေက အဲဒီတုန်းကလိုပဲ။ ကျနော်ကို မသိတဲ့ လူတစ်ယောက်ရဲ့ မျက်လုံးတွေ ဖြစ်နေလေသည်။

“ငါးစက္ကန့်အတွင်း မဖြေရင် မင်းကို သတ်မယ်”

တကယ်ပင်၊ သူသည် ကျနော်ကို သတ်နိုင်သော မျက်လုံးမျိုးဖြင့် ကြည့်နေခြင်းဖြစ်သည်။

[သီးသန့်စွမ်းရည် ‘ဇာတ်ကောင်စာရင်း’ အသက်ဝင်ပါပြီ။]

[ဤသူနှင့် ပတ်သက်သော အချက်အလက်များ အလွန်များပြားနေပါသည်။ ‘ဇာတ်ကောင်စာရင်း’ ကို ‘ဇာတ်ကောင်အကျဉ်းချုပ်စာရင်း’ အဖြစ် ပြောင်းလဲလိုက်ပါပြီ။]

[စနစ် အမှားအယွင်းတစ်ခု ဖြစ်ပွားခဲ့ပါသည်။]

“လေး”

[ဇာတ်ကောင်၏ အချက်အလက်များကို အကျဉ်းချုပ်၍ မရနိုင်ပါ။]

[ဇာတ်ကောင်၏ အချက်အလက်များကို အကျဉ်းချုပ်၍ မရနိုင်ပါ။]

ဆိုးရွားသော ခေါင်းကိုက်မှုနှင့်အတူ များပြားလှသော အချက်အလက်များက ခေါင်းထဲသို့ စီးဝင်လာသည်။

“သုံး”

ကျနော် ညည်းတွားရင်း ‘ဇာတ်ကောင်စာရင်း’ ၏ Setting ကို ပြောင်းလိုက်သည်။

[အသုံးပြုသူ သတ်မှတ်ထားသော အနည်းဆုံး အချက်အလက်များကိုသာ ပြသပါမည်။]

ကျနော့် မျက်စိရှေ့တွင် ပေါ်လာသော အချက်အလက်များကို ကြည့်ရင်း ကျနော် စိတ်မကောင်း ဖြစ်မိသည်။ Ways of Survival ၏ အဆုံးသတ်အားလုံးကို ကျနော်သိသည်ဟု ထင်ခဲ့မိတာပါ။

[ဇာတ်ကောင်စာရင်း အကျဉ်းချုပ်]

အမည် ယူဂျွန်ဟော့

ထောက်ပံ့သူ???

ဝိသေသ လက္ခဏာနောက်ပြန်ဆုတ်သူ (၁၈၆၃ ကြိမ်မြောက်) (ဒဏ္ဍာရီ)၊ ပျော်ရွှင်မှု၏အုပ်စိုးသူ (ဒဏ္ဍာရီ)၊ သံမဏိသွေး ဧကရာဇ် (ဒဏ္ဍာရီ)၊ မိစ္ဆာဘုရင် သုတ်သင်သူ (ဒဏ္ဍာရီ)၊ ထာဝရ အထီးကျန်သူ (ဒဏ္ဍာရီအဆင့်နီးပါး)၊ ကြယ်တာရာတို့၏ ထိတ်လန့်ဖွယ်ရာ (ဒဏ္ဍာရီ)...

သီးသန့်စွမ်းရည် သူတော်စင်၏မျက်လုံး အဆင့် ???၊ လက်ဗလာတိုက်ခိုက်ရေး အဆင့် ???၊ စိတ်ကူးကူးစက်မှု ကာကွယ်ရေး အဆင့် ???၊ နတ်လက်သီးအကွက်ရာချီ အဆင့် ???၊ ဖီးနစ်နီအလျှင် အဆင့် ???၊ ကောင်းကင်ဖြိုခွင်းဓါးသိုင်း အဆင့် ???... (ချန်လှပ်ထားသည်)။

အထူးစွမ်းရည် နောက်ပြန်ဆုတ်ခြင်း အဆင့် ???၊ လွှဲပြောင်းခြင်း အဆင့် ???

.....

ဤသူ၏ စွမ်းရည်အဆင့်ကို ကိန်းဂဏန်းဖြင့် ဖော်ပြ၍ မရနိုင်ပါ။

ဤသူ၏ အထူးစွမ်းရည်အဆင့်ကို ကိန်းဂဏန်းဖြင့် ဖော်ပြ၍ မရနိုင်ပါ။

....

သို့သော်လည်း တစ်ခုသော အရာရှိနေလေသည်။​ အဆုံးသတ်ကို ကျနော် မသိသော နောက်ပြန်ဆုတ်မှု တစ်ခုရှိနေလေသည်။ အပေါင်းအဖော် အားလုံးကို ဆုံးရှုံးခဲ့ပြီး နောက်ဆုံးတွင် ဇာတ်လမ်း၏ နောက်ဆုံးအခန်းကို သူ၏ ရှေ့မှောက်တွင် မြင်တွေ့နေရသော လူတစ်ယောက်။

“နှစ်”

မရေမတွက်နိုင်သော သစ္စာဖောက်မှုများနှင့် မြောက်မြားလှသော နောက်ပြန်ဆုတ်မှုများကြောင့် ခံစားချက်များ ကုန်ခန်းနေသည့် မိစ္ဆာကြီးက ကျနော်ကို ကြည့်နေသည်။ ရင်ဘတ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသော နာကျင်မှုနှင့်အတူ လျှို့ဝှက်ကြံစည်သူ ချန်ရစ်ခဲ့သော စကားလုံးများက နားထဲတွင် ဝဲနေသည်။

[ မင်းရဲ့ နည်းလမ်းနဲ့ အရာအားလုံးရဲ့ အဆုံးသတ်ကို ရောက်ပြီး ကမ္ဘာကြီးကို ကယ်တင်နိုင်ခဲ့တယ် ဆိုပါစို့။ ဒါဆို တခြားကမ္ဘာတွေကရော ]

[ မင်း မကယ်တင်ခဲ့တဲ့ ကမ္ဘာတွေ အားလုံးကရော ဘယ်လိုဖြစ်သွားမလဲ ]

ပျက်စီးနေသော ဂွမ်ဟွာမွန်း၏ ကောင်းကင်ယံတွင် သေလုမျောပါး ဖြစ်နေသော ကြယ်များက တောက်ပနေသည်။ ဒါက ကျနော်ပြောင်းလဲခဲ့တဲ့ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုရဲ့ တတိယမြောက် ကမ္ဘာ မဟုတ်ဘူး။ ကျနော်က အနာဂတ်ကို ပြောင်းလဲခဲ့သော်လည်း မူရင်းဝတ္ထု၏ ကမ္ဘာများမှာမူ စွန့်ပစ်ခြင်း ခံခဲ့ရသည်။ ယူဂျွန်ဟော့၏ ဓါးသွားက လေထဲတွင် လှုပ်ရှားသွားသည်။

“မင်း ဖြေမှာမဟုတ်ဘူး ထင်တယ်။ ဒါဆိုလည်း သေလိုက်တော့”

ဒါက Ways of Survival ရဲ့ ၁၈၆၃ ကြိမ်မြောက် နောက်ပြန်ဆုတ်မှုပဲ။ ဤကမ္ဘာက ကျနော်သိခဲ့တဲ့ ယူဂျွန်ဟော့ရဲ့ နောက်ဆုံးအကြိမ်မြောက် ကမ္ဘာပဲ ဖြစ်လေတော့သည်။

All Chapters