အခန်း ၂၈၅
Vol. 23 Ch. 285
အခန်း (၂၈၅)
- အပိုင်း (၅၄) - မိစ္ဆာဘုရင်သတ်ဖြတ်သူ (၁)
ကျနော်ဖတ်ဖူးသမျှထဲမှာ စိတ်ကူးယဉ်အဆန်ဆုံးအရာကတော့ 'ပျက်စီးသွားသောကမ္ဘာတွင် ရှင်သန်ခြင်းနည်းလမ်းသုံးသွယ်' ပင် ဖြစ်သည်။
တကယ်လို့ 'Ways of Survival' က လက်တွေ့ဖြစ်လာခဲ့ရင်ကော။
လူတိုင်းဟာ မိမိတို့အနှစ်သက်ဆုံးဝတ္ထုနဲ့ ပတ်သက်ပြီး ထိုကဲ့သို့ စိတ်ကူးယဉ်ဖူးကြပေလိမ့်မည်။ ကျနော်လည်း ထိုနည်းတူပင်။ ငယ်စဉ်က အဆုံးစမဲ့ စိတ်ကူးယဉ်ခဲ့မှုတွေကြောင့်သာ 'Ways of Survival' ထဲ ရောက်သွားချိန်မှာ အသားကျနိုင်ခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်လောက်သည်။
ဇာတ်ဝင်ခ်း စတာနဲ့ ဒါကို အရင်လုပ်မယ်၊ ပြီးရင် ဟိုဟာလုပ်မယ်၊ ဒီ Hidden Piece ကိုတော့ ရအောင်ယူမယ် စသဖြင့်ပေါ့...။
အလယ်တန်းကျောင်းတုန်းကဆိုရင် ကျောင်းသုံးစာအုပ် ထောင့်စွန်းတွေမှာ ဇယားတွေတောင် ကျနော် ဆွဲခဲ့မိ၏။
ယူဂျွန်ဟော့ ။ ပရိုဂိမ်းမားတစ်ယောက်၊ စရိုက်ကတော့ အတော်ဆိုးသည်၊ စိတ္တဇဝေဒနာရှင်၊ စကားပြောလို့မရရင် သတ်သည် (တချို့အချိန်တွေမှာတော့ ဒီအတိုင်းသတ်သည်)၊ သူ့ကို မဖြစ်မနေ ကိုယ့်ဘက်ပါအောင် ဆွဲဆောင်ရမည်၊ တတိယအကျော့မှာတော့ လူသားဆန်မှု ကျန်ရှိနေသေးသည်...။
'Ways of Survival'၏ တတိယအကျော့ထဲကို ကျရောက်နေမှန်း သိလိုက်ရတုန်းက ကျနော် ဝမ်းသာခဲ့မိသည်။
ကိုယ်တိုင် ပြောင်းလဲလို့ရတဲ့ ကမ္ဘာတစ်ခုထဲ ရောက်လာခဲ့တာ တကယ်ကို ကံကောင်းတယ်လို့ ထင်ခဲ့သည်။ အကယ်၍ ကျနော်သာ နောက်ဆုံးအကျော့ထဲကို ကျရောက်ခဲ့လျှင် ဘာတွေဖြစ်လာမည်နည်း...။
「 ကင်ဒေါ့ဂျာ တွေးလိုက်သည် 」
သူ့ကို တားဆီးနိုင်မယ့် ဖြစ်တည်မှုဆိုတာ မရှိတော့ပေ။
「 သောက်ကျိုးနည်း 」
ကျနော်ဆီသို့ ပျံဝဲလာသော ဓါးသွားကို မြင်လိုက်ရချိန်မှာ ရှိသမျှအားကုန်သုံးပြီး အော်ဟစ်လိုက်သည်။
[ ခဏနေဦး။ ရပ်လိုက်။ ရပ်လို့ ပြောနေတယ်လေ ]
အကြိမ်ပေါင်း တစ်ထောင်ကျော် နောက်ပြန်ဆုတ်ခဲ့သူ။ တစ်ဦးတစ်ယောက်ချင်းစီ ခံစားရနိုင်သော ရာနှင့်ချီသည့် ကိုယ့်ကိုယ်ကိုယ် သတ်သေမှုများနှင့် ကြေကွဲဖွယ်ဖြစ်ရပ်များကြောင့် ထုံထိုင်းသွားခဲ့ရသည့် ဝိညာဉ်။ အလွန်အမင်း ပြန့်နှံ့နေသော ပြန်လည်ဝင်စားသူတို့၏ စိတ်ဓာတ်ကျရောဂါ...။
「 ၁၈၆၃ ကြိမ်မြောက်အကျော့၏ ယူဂျွန်ဟော့သည် ကမ္ဘာကြီး၏ စိတ်ပျက်အားငယ်မှု ကိုယ်တိုင်ပင် ဖြစ်သည် 」
ဓါးသွားက ကျနော်၏လည်ပင်းကို ဖြတ်သန်းတော့မည့် အခိုက်အတန့်မှာ ကျနော် လှုပ်ရှားလိုက်သည်။
[ အထူးကျွမ်းကျင်မှု ‘ခန္ဓာကိုယ်သေးငယ်စေခြင်း အဆင့် ၁၀’ အသက်ဝင်လာပါသည်။ ]
ကျနော့်ခန္ဓာကိုယ်က ရုတ်ချည်း ကျုံ့သွားပြီး ဓါးသွားက လေထဲသို့သာ ဖြတ်သွားတော့သည်။ ဓါးသွားအထက်မှာ ထိုလူ၏ အံ့အားသင့်သွားသော မျက်လုံးများကို မြင်လိုက်ရသည်။
ဒီသောက်ကျိုးနည်းကောင်။ ငါက အသေခံဖို့ ဒီကိုလာတယ်လို့ သူထင်နေတာလား။ ဒါက ၁၈၆၃ ကြိမ်မြောက်အကျော့ ဖြစ်နိုင်ပေမဲ့ ငါက အလိုက်သင့် အသေခံပေးမယ်လို့ သူထင်နေရင်တော့ မှားသွားမှာပေါ့။
[ သီးသန့်စွမ်းရည် ‘စာမှတ်’ အသက်ဝင်လာပါသည်။ ]
[ သီးသန့်စွမ်းရည် ‘လျှပ်စစ်ဓါတ် အားဖြည့် အဆင့် ၁၂ (+၂) အသက်ဝင်လာပါသည်။ ]
သူ့ပြိုင်ဘက်မဟုတ်မှန်း သိသော်လည်း ကျနော် အစွမ်းကုန် ကြိုးစားရဦးမည်။ လျှပ်စီးကဲ့သို့ မြန်နှုန်းဖြင့် ခန္ဓာကိုယ်ကို လှုပ်ရှားရင်း ကျနော် အော်ဟစ်လိုက်သည်။
"ခွေးမသား! မင်း ငါ့စကားကို နားထောင်သင့်တယ်"
ကျနော့် အော်ဟစ်သံနှင့်အတူ သွယ်ဝိုက်သော မက်ဆေ့ချ်များ လေထဲမှ ပျံထွက်လာ၏။
[ ကြယ်တာရာအချို့က သင်၏တည်ရှိမှုကို သတိထားမိသွားပါသည် ]
[ ‘ဥကို ထောင်မတ်အောင် ထားနိုင်သည့် စွန့်စားသူ’ နက္ခတ်က သင့်ပုံစံကို စိတ်ဝင်စားနေပါသည်။ ]
[ ‘တဒင်္ဂဘုရင်’ နက္ခတ်က သင်နှင့် ‘သံမဏိသွေး ဧကရာဇ်’ တို့၏ တိုက်ပွဲကို စိတ်ဝင်စားနေပါသည်။ ]
[ ကြယ်တာရာအချို့က သင့်အပေါ် ပြင်းထန်သော မနာလိုမှုကို ခံစားနေရပါသည်။ ]
[ ဒင်္ဂါး ၁,၀၀၀ ထောက်ပံ့မှုကို လက်ခံရရှိပါသည်။ ]
၁၈၆၃ ကြိမ်မြောက် ပြန်လည်ဝင်စားမှု၏ ၉၅ ခုမြောက် ဇာတ်လမ်း။ ကမ္ဘာကြီးက ဒီလိုဖြစ်နေလျှင်တောင် ထောက်ပံ့မှုပေးနေသော နက္ခတ်တွေ ရှိနေသေးသည်။ ထောက်ပံ့မှု၏ သဘောသဘာဝက နည်းနည်းကွဲပြားနေပေမဲ့ပေ့ါလေ...။
ယူဂျွန်ဟော့က တင်းမာသော အမူအရာဖြင့် ကျနော်ကို စိုက်ကြည့်လာသည်။
"ဘတ်ချွန်းကျောင်းတော်လား။ ထူးဆန်းလိုက်တာ။ ဒီအကျော့မှာ သူက လှုပ်ရှားနိုင်စွမ်း မရှိတော့ဘူးလို့ ငါသေချာပေါက် သိထားတာ..."
ပြန်လည်ဝင်စားမှု အကြိမ်ပေါင်း ၁,၀၀၀ ကျော်ပြီးနောက်မှာ ဒီလူ၏ ဦးနှောက်ဆားကစ်တွေက ရှုပ်ထွေးသွားခဲ့လေပြီ။ ယခုအထိ ကျနော်ပြသခဲ့သော လုပ်ရပ်တွေအပေါ် မူတည်ပြီး ကျနော်ကို သတ်မလား၊ ချန်ထားမလားဆိုတာ သူ ဆုံးဖြတ်ပြီးလောက်ပြီ ဖြစ်သည်။ အခြေအနေကတော့ ကြောက်စရာကောင်းလှ၏။
[ သီးသန့်စွမ်းရည် ‘အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်’ အသက်ဝင်လာပါသည်။ ]
ကျနော် ကြောက်နေမိသောကြောင့် ယခုချက်ချင်း သူ့စိတ်ကို ဖတ်ဖို့ လိုအပ်နေပြီ ဖြစ်သည်။ ဒါမှသာ ဒီအခြေအနေကနေ လွတ်မြောက်နိုင်ပေမည်။
[ သင်သည် ဤပုဂ္ဂိုဟ်ကို နားလည်မှု အားနည်းနေသဖြင့် ဒုတိယအဆင့်ကို အသုံးမပြုနိုင်ပါ။ ]
[ သီးသန့်စွမ်းရည် ‘အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်’ အဆင့် ၁ အသက်ဝင်လာပါသည်။ ]
...နားလည်မှု အားနည်းနေတယ်တဲ့လား။
ကျနော်၏မာန နည်းနည်း ထိခိုက်သွားသော်လည်း ဤကဲ့သို့ဖြစ်လာလိမ့်မည်ဟု ထင်ထားပြီးသားပင်။ ဒါက ကျနော်သိတဲ့ ယူဂျွန်ဟော့မဟုတ်ဘဲ ၁၈၆၃ ကြိမ်မြောက်အကျော့က ယူဂျွန်ဟော့ ဖြစ်နေ၏။ အဆင့်၁ပဲ အသက်သွင်းလို့ရပါစေဦး၊ ကျနော် အသုံးချရပေမည်။ အသေးစိတ်တွေကို မဖတ်နိုင်ရင်တောင် တိုက်ခိုက်မယ့် ဦးတည်ချက်ကို သိရတာကတင် အထောက်အကူ ဖြစ်စေမည်မှာ အသေအချာပင်။
「 လည်ပင်း 」
ယူဂျွန်ဟော့၏ အတွေးကို လက်ခံရရှိလိုက်သည့် ခဏမှာပင် ကျနော် ရှိသမျှအားကုန်သုံး၍ နောက်သို့ ဆုတ်လိုက်သည်။
ဤမအေဘေးတောင် ကျနော့်ကို လွယ်လွယ်ဖြင့် ဖမ်းမိမှာ မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ယခု ကျနော်က ‘လေ၏လမ်းစဉ်’ နှင့် ‘လျှပ်စစ်ဓါတ် အားဖြည့်ခြင်း’ ကို သုံးထားသောကြောင့် ဖြစ်၏။
"...အ"
ကျနော်၏ခန္ဓာကိုယ်က အရင်လှည့်သွားသလား သို့မဟုတ် အနက်ရောင်အရိပ်က ကျနော်ရှေ့ကို အရင်ရောက်နေသလား မသေချာပေ။ ကျနော်၏ အသက်ရှူလမ်းကြောင်း ပိတ်ဆို့သွားပြီး မြင်ကွင်းတွေ မှောင်မည်းသွားသည်။ တစ်ကိုယ်လုံးကို နာကျင်စေသည့် မှော်စွမ်းအင်စီးဝင်လာသကဲ့သို့ ဖြစ်နေတော့သည်။ လျှပ်စစ်စီးနေသော ငါးတစ်ကောင်လို ကျနော် လေထဲမှာ လွင့်ထွက်သွား၏။ ပြင်းထန်လှသည့် မှော်စွမ်းအင်တွေက ကျနော်၏ခန္ဓာကိုယ်ကို တုန်ခါသွားစေ၏။
[ နက္ခတ်အချို့က သင့်ကို လှောင်ရယ်နေကြပါသည်။ ]
ကျနော်၏ ရှေ့တည့်တည့်မှာ မြင်လိုက်ရတာက ယူဂျွန်ဟော့၏ မျက်နှာပင်။ သူ့လက်တွေက ကျနော်၏ ခန္ဓာကိုယ်ကို ချေမှုန်းနေသည်။ ကျနော်၏ လည်ပင်းသည် လက်မနှင့် လက်ညှိုးကြားမှာ အညှပ်ခံထားရပြီး ကျိုးသွားသလိုမျိုး နာကျင်နေသည်။
မယုံနိုင်စရာပင်။ ဒါက နောက်ဆုံးအကျော့က ယူဂျွန်ဟော့ ဖြစ်သော်လည်း ကျနော် လျှပ်စစ်ဓါတ် အားဖြည့်ခြင်းကို သုံးထားတာတောင် အဘယ်ကြောင့် ဤမျှလွယ်လွယ်ဖြင့် ဖမ်းမိသွားသနည်း။
"နောက်ဆုံးအကြိမ် ထပ်မေးမယ်"
အေးစက်ပြီး စိတ်ဝင်စားမှု ကင်းမဲ့နေသော သူ့အသံကို ကြားလိုက်ရသည့်အခိုက်တွင် ကျနော် သဘောပေါက်သွားသည်။ ဦးတည်ချက်ကို ကြိုသိနေရုံဖြင့် ရှောင်တိမ်းနိုင်မယ်လို့ ထင်ခဲ့တာက တကယ်ကို မိုက်မဲခဲ့တာပဲ။ ကျနော်ရှေ့ကလူက တတိယအကျော့က လူငယ်လေး ယူဂျွန်ဟော့ မဟုတ်တော့ချေ။
"နဂါးဓါး အာရွန်ဒိုက် ဘယ်မှာလဲ"
...ဒီကောင်က ငါ့လည်ပင်းကို ညှစ်ထားမှတော့ ငါက ဘယ်လိုပြောရမှာလဲ။
"ဒီမှာ လန်ဆလော့ရဲ့ ကိုယ်စားလှယ်ကို တွေ့လိုက်ရတယ်ဆိုတော့ မင်း သေချာပေါက် သိမှာပဲ..."
အာ... ခုနက သေသွားတဲ့ နက္ခတ်က လန်ဆလော့လား။ သောက်ကျိုးနည်း။
"မင်း မဖြေရင် မင်းဆီကနေ အတင်းဆွဲထုတ်ရလိမ့်မယ်"
ယူဂျွန်ဟော့၏ မျက်လုံးများက ရွှေရောင်အလင်းတန်းများဖြင့် တောက်ပလာသည်။ အမှန်တကယ်တော့ ယူဂျွန်ဟော့၏ အခြေခံကတော့ တတိယအကျော့ဖြစ်စေ၊ ၁၈၆၃ ကြိမ်မြောက်ဖြစ်စေ မပြောင်းလဲဘဲ ကျန်ရှိနေဆဲပင်။
[ ဇာတ်ကောင် ‘ယူဂျွန်ဟော့’ က သူတော်စင်၏မျက်လုံး အဆင့် ??? ကို အသုံးပြုလိုက်ပါသည်။ ]
ပြန်လည်ဝင်စားမှု အကြိမ်ပေါင်း တစ်ထောင်ကျော်ပြီးနောက်မှာ သူ၏ သူတော်စင်၏မျက်လုံးက ကြောက်ခမန်းလိလိ အဆင့်ကို ရောက်ရှိနေပြီဖြစ်သည်။ ယူဂျွန်ဟော့၏ မျက်လုံးထဲမှာ မြင်နေရသော ပုံရိပ်ဟာ အချိန်အတော်ကြာ ရှင်သန်လာခဲ့သည့် ပြင်ပနတ်ဘုရား တစ်ပါးလိုမျိုးတောင် ဖြစ်နေနိုင်လောက်၏။
[ သီးသန့်စွမ်းရည် ‘Fourth Wall’ က သူတော်စင်၏မျက်လုံးကို တားဆီးလိုက်ပါသည်။ ]
[ သီးသန့်စွမ်းရည် ‘Fourth Wall’ က ပြင်းထန်စွာ အသက်ဝင်လာပါသည်။ ]
ယူဂျွန်ဟော့၏ သူတော်စင်၏မျက်လုံးက ကျနော်၏ ခန္ဓာကိုယ်ပေါ် စူးစိုက်လိုက်သည့် ခဏမှာပင် Fourth Wallက လှုပ်ရှားလာသည်။ သတင်းအချက်အလက် တစ်ခုတောင် မလွတ်တမ်း ကြည့်နေသည့် စွဲမြဲသော အကြည့်ရှေ့တွင် Fourth Wallက ခိုင်ခံ့စွာ ရပ်တည်လိုက်၏။ 'အမည်မသိတံတိုင်း' နှင့် ရင်ဆိုင်ရတုန်းကထက် ပိုမိုပြင်းထန်တဲ့ စွမ်းအင်ဖြာထွက်မှုတွေ ဖြစ်ပေါ်လာလေ၏။
「 မ ဆိုး ဘူး 」
ဒီတစ်ခါတော့ Fourth Wallက ပိုပြီး အစွမ်းထက်ပုံပေါ်သည်။ ယခုအချိန်မှာတော့ Fourth Wallက ပိုစွမ်းလား၊ ယူဂျွန်ဟော့က ပိုစွမ်းလား ကျနော် မခွဲခြားနိုင်တော့။ Fourth Wallကလည်း နောက်မဆုတ်သလို ယူဂျွန်ဟော့ကလည်း လက်မလျှော့ပေ။ သူတို့နှစ်ယောက်ကြားမှာ မြေစာပင်ဖြစ်နေရတာကတော့ ကျနော်ပင်။ ကျနော်၏ စစ်မှန်သောအသံဖြင့်တောင် မအော်နိုင်လောက်အောင် နာကျင်နေရသည်။
"အ..."
ယူဂျွန်ဟော့က စွမ်းအားကို အရင်မြှင့်လိုက်သည်။ ထိပ်တိုက်တွေ့မှုက ပြင်းထန်လွန်းသောကြောင့် သူ့မျက်လုံးထဲမှာ ရွှေရောင်စက်ဝိုင်းတွေ လည်ပတ်နေ၏။
[ ဇာတ်ကောင် ‘ယူဂျွန်ဟော့’ က ယှဉ်ပြိုင်လိုစိတ် ခံစားနေရပါသည်။ ]
[ ဇာတ်ကောင် ‘ယူဂျွန်ဟော့’ က သင့်အပေါ် ပြင်းထန်သော ရန်လိုမှုကို ပြသနေပါသည်။ ]
Fourth Wallက သူတော်စင်၏မျက်လုံးဖြင့်တောင် မဖောက်ထွင်းနိုင်တဲ့ အတားအဆီးတစ်ခုပင်။ Fourth Wallဟာ ဘယ်လောက်တောင် ကောင်းမွန်တဲ့ စွမ်းရည်လဲဆိုတာ ကျနော် ထပ်မံ သတိပြုမိသွားသည်။
ထို့နောက် ထူးဆန်းသောအရာတစ်ခု ဖြစ်ပျက်လာသည်။ Fourth Wallက သူတော်စင်၏မျက်လုံးကို တားဆီးနိုင်ရုံတင်မကဘဲ ယူဂျွန်ဟော့၏ လက်ပေါ်သို့ ရေကဲ့သို့ စီးဆင်းသွားသည်။ စာရိုက်ထားသော စာလုံးများက သူ့ခန္ဓာကိုယ်ကို ပိုးမွှားများကဲ့သို့ ဖုံးလွှမ်းသွားပြီး ယူဂျွန်ဟော့၏ အသံက ပထမဆုံးအကြိမ်အဖြစ် တုန်လှုပ်သွား၏။
"ဘာလဲဟ"
လှုပ်ရှားနေသော စာလုံးများသည် မြင်ကွင်းကျယ်ကဲ့သို့ စီးဆင်းလာသော မှတ်ဉာဏ်များ ဖြစ်လာသည်။ ၎င်းတို့သည် Fourth Wallပေါ်မှာ မှတ်တမ်းတင်ထားသော ကျနော်၏ တတိယအကျော့ မှတ်ဉာဏ်များပင်။
「 "ငါ့ကိုလွှတ်ချပြီး ထွက်သွားလိုက်တော့။ ခွေးမသား" 」
「 "ဖြစ်နိုင်တာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ငါကတော့ ဒီအခြေအနေအပေါ် မျှော်လင့်ချက် ရှိနေတုန်းပဲ"
" ...ဘာက မျှော်လင့်ချက်ရှိနေလို့လဲ"
"ဂျွန်ဟော့၊ ငါတို့ ကမ္ဘာကြီးကို ကယ်တင်နိုင်တယ်လေ။ မင်း မသိဘူးလား" 」
「 "ငါတို့ရဲ့ နက်ဗျူလာ နာမည်က... ကင်ဒေါ့ဂျာ ကုမ္ပဏီ..."
"နာမည်တော့ မရှိသေးဘူး။ ပြီးတော့ အခု ထောက်ခံသူတွေကိုလည်း ငါတို့ ရရှိတော့မှာပါ" 」
ယူဂျွန်ဟော့သည် သူ့ရှေ့က မှတ်ဉာဏ်များကို နားမလည်နိုင် ဖြစ်နေသည်။ ဒါတွေအားလုံးက ဒီအကျော့မှာ တည်ရှိမနေခဲ့သော အရာတွေပင်။ ကျနော်၏ မျက်စိကို ကန်းမတတ် ဖြစ်ပေါ်နေသော စွမ်းအင်တွေက လျော့ပါးသွားပြီး ယူဂျွန်ဟော့၏ မျက်နှာအမူအရာက ပိုမို ရှင်းလင်းလာသည်။
"မင်းက ဘယ်သူလဲ..."
'၁၈၆၃ ကြိမ်မြောက်အကျော့'၏ယူဂျွန်ဟော့မှာ အံ့အားသင့်သော အမူအရာ ပြုလုပ်လိုက်သည်။ ဒီအကျော့က စိတ်ဝင်စားဖို့ကောင်းတယ်လို့ ထင်နေသလိုမျိုး Fourth Wall၏ အသံကို ကျနော်၏ ခေါင်းထဲမှာ ကြားလိုက်ရသည်။
「 ငါ တော် တယ် မဟုတ် လား ကင် ဒေါ့ ဂျာ 」
သူက တော်တယ်ဟုတ်လား။
"ပြောစမ်း။ တော် တယ် မ လား။ မင်း မပြောရင် မင်းကို ငါ အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်"
သူက ဘာတွေ တော်နေတာလဲ။ သောက်ကျိုးနည်း။
[ အ... မဟုတ်ဘူး၊ ခဏနေဦး။ ငါ့ပြန်ဖြေဖို့ အချိန်နည်းနည်းပေးပါဦးဟ ]
ယူဂျွန်ဟော့၏ လက်ထဲမှာ အဖမ်းခံထားရစဉ်မှာပင် ကျနော် အပြာရောင်အလင်းတန်း စွမ်းအင်ကို ပေါက်ကွဲစေလိုက်သည်။ ကျနော်သည် သူ့ဆီကနေ လွတ်မြောက်ဖို့ အတင်းရုန်းကန်နေမိသည်။ ဒါက မလုံလောက် လောက်သော်လည်း ‘မဟာဇာတ်လမ်း’၏စွမ်းအားကို ငှားရမ်းသုံးစွဲနိုင်သည်အထိတော့ အချိန်ဆွဲထားနိုင်ပေလိမ့်မည်...။
ထို့နောက် မမျှော်လင့်ထားသောအရာ ဖြစ်ပျက်ခဲ့သည်။ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး ယူဂျွန်ဟော့က ကျနော်ကို လွှတ်လိုက်၏။ သူ့ဆီမှာ အံ့အားသင့်မှုနှင့် ဝေခွဲမရဖြစ်နေသော အမူအရာ ရှိနေလေသည်။ ယူဂျွန်ဟော့က နှေးကွေးသော လှုပ်ရှားမှုများဖြင့် လက်လှမ်းလိုက်သည်။ ဘာဖြစ်သွားတာလဲဆိုတာ သိချင်သော်လည်း ယခုရလိုက်သော အခွင့်အရေးကို ကျနော် အဆုံးရှုံးမခံနိုင်ပေ။
[ သီးသန့်စွမ်းရည် ‘လေ၏လမ်းစဉ် အဆင့် ၁၁ (+၁)’ အသက်ဝင်လာပါသည်။ ]
လေ၏လမ်းစဉ် အသက်ဝင်သွားပြီး အပြာရောင်အလင်းတန်း စွမ်းအင်က လေထဲမှာ လမ်းကြောင်းတစ်ခု ဖန်တီးလိုက်သည်။ သူ ကျနော်နောက်ကို ချက်ချင်း လိုက်လာလိမ့်မည်ဟု ထင်ခဲ့သော်လည်း ယူဂျွန်ဟော့၏ အရှိန်အဝါကို ချက်ချင်း မခံစားရပေ။ ကျနော် နောက်လှည့်ကြည့်လိုက်သောအခါ မမျှော်လင့်ထားသည့် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရ၏။
...ဒါက ဘာလဲဟ။
ကျနော် သံသယဖြစ်လိုက်သည့် ခဏမှာပင် နားကွဲမတတ် ပြင်းထန်လှသော စစ်မှန်သောအသံက လေထုထဲမှာ ဟိန်းထွက်လာသည်။
[ ယူဂျွန်ဟော့။ အတိုင်းအဆမဲ့ ခြိုးခြံချွေတာသူ ရဲ့ ရန်ကြွေးကို ငါပြန်ဆပ်မယ် ]
အနီးအနားရှိ အဆောက်အဦး ခေါင်မိုးပေါ်ကနေ နီရဲပြီး ပြာလွင်နေသော မျက်လုံးတွေက စိုက်ကြည့်နေလေသည်။ အနက်ရောင် ကျားသစ်နှစ်ကောင်က ပြင်းထန်သော စွမ်းအင်တွေ ထုတ်လွှတ်ရင်း ယူဂျွန်ဟော့ဆီသို့ ခုန်ဆင်းလာကြသည်။
[‘လွယ်ကူမှုနှင့်ရက်စက်မှု၏နတ်ဆိုး’ မိစ္ဆာဘုရင်က ကိုယ်စားလှယ် ‘ယူဂျွန်ဟော့’ အပေါ် ရန်လိုမှု ပြသနေပါသည်။ ]
[‘တားမြစ်ထားသောအရာကို မြင်နိုင်သော မျက်လုံးများ’ မိစ္ဆာဘုရင်က ကိုယ်စားလှယ် ‘ယူဂျွန်ဟော့’ ကို သွားဖြဲကာ ခြိမ်းခြောက်နေပါသည်။ ]
၁၈၆၃ ကြိမ်မြောက်အကျော့၏ ယူဂျွန်ဟော့သည် ဘယ်သူ့ထက်မဆို သန်မာသော်လည်း သူ့မှာ ရန်သူတွေ အများကြီး ရှိနေသည်။ ကျေးဇူးတင်စရာကောင်းသည်က ထိုကျားသစ်နှစ်ကောင်ကို ကျနော် အလွယ်တကူ ခွဲခြားနိုင်ခဲ့ခြင်းပင်။
လွယ်ကူမှုနှင့် ရက်စက်မှု၏ နတ်ဆိုး ‘အိုဆေး’။ တားမြစ်ထားသောအရာကို မြင်နိုင်သော မျက်လုံးများ ‘ဖလော်ရော့စ်’။ သူတို့က မိစ္ဆာကမ္ဘာ၏ ၅၇ ခုမြောက်နှင့် ၆၄ ခုမြောက် မိစ္ဆာဘုရင်တွေပဲ ဖြစ်၏။
မာနကြီးလှသော မိစ္ဆာဘုရင်တွေဟာ ရှက်စရာကောင်းမှုကို မေ့ထားပြီး ကိုယ်စားလှယ် တစ်ယောက်တည်းကို ညှပ်တိုက်ဖို့ ပြင်နေကြလေသည်။
ဒါပေမဲ့ ဒါက ရှက်စရာတာတော့ မဟုတ်ဘူး။
[ မိစ္ဆာဘုရင်သတ်ဖြတ်သူ။ မင်းရဲ့ ဇာတ်လမ်းက ဒီမှာတင် အဆုံးသတ်ရလိမ့်မယ် ]
ယခုအချိန်တွင် ယူဂျွန်ဟော့ဟာ တန်ဖိုးအရှိဆုံး ဖြစ်တည်မှုတစ်ခု ဖြစ်နေလေသည်။ နားကွဲမတတ် ဟိန်းဟောက်သံတွေ ထွက်ပေါ်လာချိန်တွင် အပျက်အစီးပုံတွေကြားမှာ ကျနော် ပုန်းအောင်းလိုက်သည်။ ပြီးနောက် အခြေအနေကို ဂရုတစိုက် စောင့်ကြည့်နေမိသည်။ ဒါက ကျနော် မပါဝင်နိုင်တဲ့ တိုက်ပွဲတစ်ခု ဖြစ်သောကြောင့် ထွက်သွားသင့်သည်ဟု ထင်ခဲ့သော်လည်း တိုက်ပွဲကို နည်းနည်းလောက် ထပ်ကြည့်ချင်တဲ့ ဆန္ဒ ရှိနေ၏။
ဒါက တခြားတိုက်ပွဲ မဟုတ်ဘဲ ၁၈၆၃ ကြိမ်မြောက်အကျော့ ယူဂျွန်ဟော့ရဲ့ တိုက်ပွဲပင်။ မြင်ရဖို့ မလွယ်ချေ။ ကျနော်၏ နားစည်တွေ ကွဲထွက်မတတ် ဖြစ်နေချိန်မှာပဲ တိုက်ပွဲက စတင်ခဲ့သည်။
[ နက္ခတ် အများအပြားက ကိုယ်စားလှယ် ‘ယူဂျွန်ဟော့’ ၏ တိုက်ပွဲကို စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြပါသည်။ ]
ယူဂျွန်ဟော့က သူ့ဓါးကို ဆွဲထုတ်လိုက်ချိန်မှာ သွယ်ဝိုက်သော မက်ဆေ့ချ်များ စီးကျလာသည်။ ဒါက တတိယအကျော့မှာ ကျိုးသွားခဲ့သော ‘ကောင်းကင်ခွဲဓါး’ ပင်။ ထိုဓါးသွားသည် ဇာတ်လမ်းများစွာကို ဖြတ်သန်းခဲ့ပြီးနောက် လုံးဝသစ်လွင်သော အဆင့်တစ်ခုသို့ မြှင့်တင်ထားခဲ့ကာ အမှောင်ထုထဲမှာ တောက်ပနေလေသည်။
သူ့ကို ရင်ဆိုင်နေသော မိစ္ဆာဘုရင်တွေကလည်း သူတို့၏ စွမ်းအားတွေကို ထုတ်ဖော်လိုက်ကြသည်။
[ အားလုံးပဲ၊ သေခြင်းတရားကနေ နိုးထကြလော့ ]
မိစ္ဆာကမ္ဘာက သေဆုံးသွားခဲ့တဲ့ စော်ဘွားတွေနှင့် မြို့စားတွေသည် မသေကောင် တွေအဖြစ် မြေကြီးထဲကနေ ထွက်ပေါ်လာကြသည်။ သူတို့သည် သူတို့ အသက်ရှင်စဉ်က တိုက်ခိုက်ရေးစွမ်းရည်တွေကို ထိန်းသိမ်းထားသော အထူးပစ္စည်းတွေကို ကိုင်ဆောင်ထားကြ၏။
သို့သော် ယူဂျွန်ဟော့ကတော့ အနည်းငယ်မျှ ထိတ်လန့်သွားခြင်း မရှိပေ။
"မသေကောင်တွေကို ဆင့်ခေါ်တာလား။ ‘နိယာမများ၏ နတ်ဆိုး’လည်း ဒါကို သုံးခဲ့တာပဲ"
ယူဂျွန်ဟော့က ပြုံးနေသည်။
"အဲဒီကောင်ရဲ့ အလောင်းကတော့ အခု သေဆုံးသွားတဲ့ နက္ခတ်တွေကြားမှာ ချိတ်ဆွဲခံထားရပြီ"
[ ပါးစပ်ပိတ်ထားစမ်း ]
အလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး ယူဂျွန်ဟော့၏ ဓါးက လှုပ်ရှားသွားသည်။ ဒီဓါးသိုင်းကို ဘယ်လို ခေါ်ရမှာလဲ။
...ကောင်းကင်ဖြိုခွင်းဓါးသိုင်းလား။ ကျနော် မသိတော့။ သေချာတာတစ်ခုကတော့ ဒါဟာ အံ့သြစရာကောင်းလောက်အောင် လှပသော ဓါးသိုင်းတစ်ခု ဖြစ်နေခြင်းပင်။ တစ်ချိန်တည်းမှာပဲ အံ့သြစရာကောင်းလောက်အောင် ရက်စက်သည့် ဓါးသိုင်းလည်း ဖြစ်နေလေသည်။
မိစ္ဆာကမ္ဘာ၏အရာရှိတွေသည် ဓါးချက်အောက်မှာ အပိုင်းပိုင်း ပြတ်တောက်သွားပြီး ပြာအဖြစ် ပြောင်းလဲသွားချိန်တွင် အော်ဟစ်နေကြသည်။ သူတို့က ‘သမိုင်းဝင်အဆင့်’ နက္ခတ်တွေနှင့် ယှဉ်နိုင်သော အဆင့်မြင့် စော်ဘွားတွေပင်။ ထိုကဲ့သို့ ဖြစ်တည်မှုတွေသည် ဓါးချက်အနည်းငယ် ထိမှန်လိုက်ရုံနဲ့တင် ပေါက်ကွဲထွက်သွားကြ၏။
တစ်မိနစ်တောင် မပြည့်ခင်မှာတင် ယူဂျွန်ဟော့သည် မသေကောင် အရာရှိပေါင်း ဒါဇင်ချီပြီး သတ်ဖြတ်လိုက်ကာ ဖလော်ရော့စ်၏ အနားအထိ ရောက်ရှိသွား၏။
[ ဘယ်လိုလုပ်...]
ကစားစရာတစ်ခုကဲ့သို့ မိစ္ဆာဘုရင် ဖလော်ရော့စ်၏ ခေါင်းက ပေါက်ကွဲသွားတော့သည်။
သူ့မျက်လုံးတွေထဲမှာ ဘာခံစားချက်မှ မရှိချေ။ ချိုမြိန်သော အပြုံးတစ်ခုနှင့်အတူ တစ်ချက်တည်း သတ်ဖြတ်လိုက်ခြင်းသာ ဖြစ်၏။ ယူဂျွန်ဟော့က မိစ္ဆာဘုရင် တစ်ပါးကို သတ်ဖြတ်လိုက်လေပြီ။
[ ဒီ... ဒီကောင်က ရူးချင်စရာပဲ ]
မိစ္ဆာဘုရင် အိုဆေးက ဒေါသတကြီး အော်ဟစ်လိုက်သည်။
[ နက္ခတ်အပေါင်းတို့၊ မင်းတို့ ဘာကို တွန့်ဆုတ်နေကြတာလဲ ]
ထိုအသံကို ကြားလိုက်ရသော ခဏမှာပင် အပျက်အစီးတွေကြားမှာ ပုန်းနေသည့် နက္ခတ်တွေ ထွက်လာကြ၏။ သူတို့အထဲက အများစုဟာ 'အကြွင်းမဲ့ မကောင်းမှု' စနစ်က နက္ခတ်တွေပင်။ ထိုနက္ခတ်တွေထဲတွင် ‘သမိုင်းဝင်အဆင့်’ ကနေ ‘ဒဏ္ဍာရီအဆင့်’ အထိ နက္ခတ်များ ရှိနေလေသည်။ နက္ခတ်တိုင်းဟာ ကိုယ်စားလှယ် တစ်ယောက်တည်းဖြစ်သော ယူဂျွန်ဟော့ကို ဖယ်ရှားဖို့ အတင်းတိုးဝှေ့လာကြ၏။
[ ဇာတ်ကောင် ‘ယူဂျွန်ဟော့’ က ‘ထာဝရ ငရဲဒဏ်သင့်ခြင်း’ ဇာတ်လမ်းအကြောင်းကို ပြောပြနေပါသည်။ ]
ဒါပေမဲ့ ယူဂျွန်ဟော့က အနည်းငယ်မျှ နောက်ဆုတ်မသွားပေ။ သွေးရောင်အရှိန်အဝါတွေက သူ့ခန္ဓာကိုယ်ကနေ လျှံထွက်လာပြီး နက္ခတ်တွေနှင့် ထိပ်တိုက်တွေ့လေတော့သည်။ ဤသည်က ကြောက်စရာကောင်းပြီး အစွမ်းထက်သော အင်အားတစ်ခု ဖြစ်သော်လည်း ဓါးချက်တွေကတော့ တည်ငြိမ်ပြီး စည်းချက်ကျနေ၏။ ယူဂျွန်ဟော့၏ ဓါးက လှုပ်ရှားလိုက်တိုင်း နက္ခတ်တွေမှာ အကူအညီမဲ့စွာ တုန်ခါသွားရသည်။
[ ‘အကြွင်းမဲ့ ကောင်းမှု’ စနစ်က နက္ခတ်များက ကိုယ်စားလှယ် ‘ယူဂျွန်ဟော့’ ကို မုန်းတီးနေကြပါသည်။ ]
နက္ခတ်တွေ၏ ကိုယ်စားလှယ်တွေဟာ တစ်ခုပြီးတစ်ခု ပေါက်ကွဲကုန်ကြသည်။ အဆင့်မြင့် နက္ခတ်တွေသည် ကြည့်ရတာ အတော်လေး သနားစရာ ကောင်းနေလေသည်။ ယူဂျွန်ဟော့ကတော့ စိတ်မရှည်သော အမူအရာ လုံးဝမပြဘဲ တိုက်ပွဲကို ဆက်လက် ဆင်နွှဲနေ၏။
[ ဇာတ်ကောင် ‘ယူဂျွန်ဟော့’ က မဟာဇာတ်လမ်း ‘ဖျက်စီးခြင်း၏ အထီးကျန်ခရီးသည်’ အကြောင်းကို ပြောပြနေပါသည်။ ]
ယူဂျွန်ဟော့ဟာ နက္ခတ်တွေကို ဖျက်ဆီးဖို့ သူ၏ ‘ဘယ်ဘက်လက်’ တစ်ဖက်တည်းကိုသာ သုံးနေလေသည်။ နက္ခတ် တစ်ပါး အမှောက်သိပ်ခံလိုက်ရတိုင်း ကျနော်၏ လက်တွေ တုန်ခါနေမိသည်။
[ ‘အကြွင်းမဲ့ မကောင်းမှု’ စနစ်က ကြယ်တာရာများက ကိုယ်စားလှယ် ‘ယူဂျွန်ဟော့’ ၏ တိုက်ခိုက်ရေးစွမ်းရည်ကြောင့် တုန်လှုပ်နေကြပါသည်။ ]
မုန်းတီးမှုကနေ တုန်လှုပ်မှု ဖြစ်လာသည်။
[ ‘အကြွင်းမဲ့ မကောင်းမှု’ စနစ်က နက္ခတ်အချို့က ကိုယ်စားလှယ် ‘ယူဂျွန်ဟော့’ ကို ကြောက်လန့်နေကြပါသည်။ ]
တုန်လှုပ်မှုကနေ ကြောက်ရွံ့မှု ဖြစ်လာသည်။
[ နက္ခတ် အများအပြားက ကိုယ်စားလှယ် ‘ယူဂျွန်ဟော့’ ၏ စွမ်းအားကြောင့် တုန်လှုပ်နေကြပါသည်။ ]
တကယ့်ကို ရင်ခုန်စရာပင်။
အရူးကောင်... သူဟာ တကယ့်ကို ရူးသွပ်နေတဲ့ကောင်ပဲ။
ဘယ်လိုပဲ စဉ်းစားစဉ်းစား၊ ယခု ယူဂျွန်ဟော့ကို ဖြိုလှဲနိုင်မယ့် နည်းလမ်းဆိုတာ မရှိဘူး။
‘လျှို့ဝှက်ကြံစည်သူ’ က ကျနော့်ကို ဘယ်လို ဇာတ်လမ်းမျိုး ပေးထားသလဲဆိုတာ မသိသော်လည်း ဒီကိစ္စ မပြီးမချင်းတော့ ဒီလူနှင့် ရန်သူ မဖြစ်အောင် သေချာပေါက် ရှောင်ရပေမည်။
ထို့နောက် မက်ဆေ့ချ်တစ်ခုကို ကြားလိုက်ရ၏။
[ ‘လျှို့ဝှက်ကြံစည်သူ’ က ပေးအပ်ထားသော ဇာတ်ဝင်ခန်းအသေး ရောက်ရှိလာပါသည်။ ]