← Chapters

အခန်း ၂၈၈

Vol. 23 Ch. 288

အခန်း ၂၈၈

Vol. 23 Ch. 288

အခန်း (၂၈၈)

- အပိုင်း (၅၄) - မိစ္ဆာဘုရင်သတ်ဖြတ်သူ (၄)

၁၈၆၃ ခုမြောက် ကမ္ဘာဆီ ရောက်ရှိလာပြီးနောက် တစ်ရက် ကုန်ဆုံးသွားခဲ့ပါပြီ။

ပြီးခဲ့သည့်ညကတည်းက စတင်ရွာသွန်းနေသည့် မဟူရာမိုးစက်များကြောင့် ဂွမ်ဟွာမွန်း နယ်မြေတစ်ခုလုံး စိုစွတ်ထိုင်းမှိုင်းနေ၏။ မိုးစက်မိုးပေါက်များ ကျဆင်းလာပြီး မကြာမီမှာပင် ပျက်စီးယိုယွင်းနေသော အဆောက်အဦး အပျက်အစီးများကြားတွင် ဝပ်စင်းနေကြသည့် သားရဲများသည် တစ်ကောင်ပြီးတစ်ကောင် နိုးထလာကြ၏။ ဤနေရာသို့ ပထမဆုံး ရောက်ရှိလာစဉ်က မြင်တွေ့ခဲ့ရသည့် ဆင်နှင့်တူသော သားရဲကြီးအပြင် ဧရာမ ရေဘဝဲကြီးကို အမှတ်ရစေမည့် သတ္တဝါမျိုးလည်း ရှိနေလေသည်။ ထိုအထဲတွင် အကြောက်စရာအကောင်းဆုံးအရာမှာ ဧရာမ အဆောက်အဦးကြီးတစ်ခုမျှ ပမာဏရှိသော ကလေးငယ်တစ်ဦးပင် ဖြစ်သည်။

ပြင်ပနတ်ဘုရား အမျိုးအစား အမြောက်အမြား ရှိသော်လည်း ‘အိပ်မက်များကို ဝါးမြိုသူ’ သို့မဟုတ် ‘ဖော်ပြ၍မရသော အကွာအဝေး’ ကဲ့သို့ ဘွဲ့အမည် ရှိကြသည်တော့ မဟုတ်ပေ။ ၎င်းတို့ထဲမှ အများစုမှာ ‘အမည်မရှိသေးသော’ နက္ခတ်များဖြစ်ကြပြီး စနစ်တကျ ရှိအပ်သော အသိစိတ် ဝိညာဉ် မရှိဘဲ တည်ရှိနေကြခြင်း ဖြစ်၏။

အဆိုပါ ကလေးငယ်က ကလေးအတွင်းခံကြီး တစ်ဖေါင်းဖေါင်းဖြင့် မြို့ပြကြီးကို ဘူဒိုဇာတစ်စီးကဲ့သို့ တိုးဝှေ့ဖျက်ဆီးနေသည်ကို ကြည့်ရင်း အသက်ကို အောင့်ကာ ကျနော်ပုန်းကွယ်နေမိသည်။

…အမှန်အတိုင်း ဝန်ခံရလျှင် ထိုကလေးငယ်ထက် ကျနော်ကသာ ဒိုင်ပါး ပိုမိုလိုအပ်နေပေလိမ့်မည်။

['Aquariusရာသီခွင်တွင် ပွင့်သော နှင်းပန်း' နက္ခတ်သည် သင့်ကို ကြည့်ရှုနေပါသည်။]

နတ်ခေါင်ချုပ်တို့သည် စွမ်းအင်များကို ချွေတာမည်ဟု ဆိုကာ အိပ်မက်ကမ္ဘာထဲသို့ နစ်မြုပ်သွားခဲ့ကြသည်မှာ နာရီအနည်းငယ်မျှ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ဝတ်ရုံထဲရှိ နှင်းပန်းဖြူလေးသည် စွမ်းအားများ ပြန်လည်ရရှိလာသည့်အလား တုန်ခါသွားခဲ့၏။

ဂေဘရီရယ်။

"နိုးလာပြီလား"

[ဘာလို့ အဲဒီလို ရွေးချယ်မှုမျိုးကို ပြုလုပ်ခဲ့ရတာလဲ]

"ဘယ်လို ရွေးချယ်မှုလဲ"

[မေးဖို့ လိုသေးလို့လား]

"ဒီနည်းလမ်းကလွဲရင် တခြားလမ်း မရှိတော့လို့ပါ"

ထိုစဉ် အဝေးတစ်နေရာမှ တကျိကျိနှင့် ကြေမွသွားသည့် အသံတစ်ခုကို ကြားလိုက်ရ၏။ တစ်ခုခု ထပ်မံဖြစ်ပွားသွားပြီဟု တွေးလိုက်မိသည့်ခဏတွင် ဆင်သားရဲကြီး၏ ပြတ်တောက်နေသော ခြေထောက်တစ်ဖက်ကို မြင်လိုက်ရ၏။ ပြင်းထန်သော စွမ်းအားတစ်ခုခုဖြင့် ဆွဲဖြတ်ခံထားရသည့် လက္ခဏာများ ထင်ထင်ရှားရှား ထိုဆင်သားရဲကြီးထံတွင် ရှိနေလေသည်။ တစ်စုံတစ်ယောက်သည် ဖြတ်တောက်ထားသော ထိုခြေထောက်ကို တရွတ်တိုက် ဆွဲယူရင်း ကျနော်တို့ဘက်သို့ ချဉ်းကပ်လာနေသည်။ သူကား ဤဇာတ်ဝင်ခန်း၏ စစ်မှန်သော သားရဲကြီးဖြစ်သည့် ယူဂျွန်ဟော့ပင်။

သက်ပြင်းချသံကဲ့သို့ ပန်းပွင့်ဖတ်လေးများ ထပ်မံလှုပ်ခတ်သွားပြန်သည်။

[သူ သေသွားလိမ့်မယ်လို့ ထင်ခဲ့တာ… ဘာလို့ ဓါးကို ဆုပ်ကိုင်ထားရသေးတာလဲ]

"သူက ကိုယ့်ကိုကိုယ် သတ်သေနိုင်ခဲ့လောက်ပေမဲ့ အခုတော့ အဲဒီလို ဖြစ်လာတော့မယ် မထင်ဘူး"

ယူဂျွန်ဟော့၏ ကောင်းကင်ခွဲဓါးကို လေထဲတွင် ဝှေ့ယမ်းရင်း စကားဆိုလိုက်သည်။ အံ့ဩစရာ မရှိသော်လည်း ယူဂျွန်ဟော့ကို ကျနော် မသတ်ခဲ့ပေ။

ဂေဘရီရယ်သည် ခေတ္တခဏမျှ တိတ်ဆိတ်သွားပြီးနောက် တိုးညင်းသော အသံဖြင့် ရေရွတ်လိုက်သည်။

[ယူရီအယ်က ဒီလိုလူမျိုးကို ဘယ်အချက်ကိုကြည့်ပြီး သဘောကျနေတာလဲ…]

"ယူရီအယ်ဟုတ်လား။ အာ… ယူရီအယ် နေကောင်းရဲ့လား"

[မပြောတတ်ဘူး]

အနည်းငယ် လွန်ကဲနေသည်ဟု ထင်မှတ်ရသော တုံ့ပြန်မှုမျိုး ဖြစ်သည်။ မေးခွန်း ထပ်မံမေးမြန်းရန် ပြင်လိုက်စဉ်မှာပင် နောက်ထပ် သွယ်ဝိုက်သော မက်ဆေ့ချ်တစ်ခု ရောက်ရှိလာပြန်သည်။

['အနီရောင်အာကာသ၏ စစ်သေနာပတိ' နက္ခတ်သည် သင့်ကို ကြည့်ရှုနေပါသည်။]

ခေါင်းမာလှသော ကောင်းကင်တမန်လည်း နိုးထလာခဲ့ပြီ ဖြစ်သည်။ ဂျိုဖီရယ်သည် နိုးနိုးချင်းမှာပင် အဓိက အချက်ဆီသို့ တိုက်ရိုက် ဦးတည်ပြီး မေးလာခဲ့၏။

[သူ့ကို အသက်ချမ်းသာပေးဖို့ ဆုံးဖြတ်လိုက်တာလား]

မေးခွန်းကို ပြန်လည်ဖြေကြားမည့်အစား ယူဂျွန်ဟော့ ယူဆောင်လာသည့် ဆင်ခြေထောက်ကြီးကိုသာ လှမ်းယူလိုက်သည်။ အသားအလွန်များသော ခြေထောက်တစ်ဖက် ဖြစ်သည်။ ထိုအရာထံမှ အလွန်ကြွယ်ဝပြီး သန့်စင်သော ဇာတ်လမ်းအရှိန်အဝါတို့ ထွက်ပေါ်နေလေ၏။ ဟာလာဟင်းလင်း ဖြစ်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည့် ယူဂျွန်ဟော့နှင့် မျက်နှာချင်းဆိုင်လိုက်သည်။ ဂျိုဖီရယ်က နှုတ်ခမ်းကို ထပ်ဖွင့်ကာ ပြောပြန်သည်။

[သူ့ကို အသက်ချမ်းသာမပေးသင့်ဘူးဆိုတာကို မသိဘူးလား။ နင် လက်ခံရရှိထားတဲ့ ဇာတ်ဝင်ခန်းက…]

"ယူဂျွန်ဟော့၏ သေဆုံးခြင်း"

မုသားဆိုနိုင်လျှင် ကောင်းမည်ဖြစ်သော်လည်း နတ်ခေါင်ချုပ်တို့ကို လှည့်စားရန် အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။ မိမိ မြင်တွေ့ခဲ့ရသည့် ဇာတ်ဝင်ခန်းဇယားကို သူတို့လည်း မြင်တွေ့ခဲ့ပြီး ဖြစ်ပေလိမ့်မည်။

ယူဂျွန်ဟော့၏ သေဆုံးခြင်း။

၎င်းက လျှို့ဝှက်ကြံစည်သူ ပေးအပ်ခဲ့သော ဇာတ်ဝင်ခန်း ဖြစ်သည်။ မူလ တတိယမြောက် ကမ္ဘာဆီသို့ ပြန်လည်ရောက်ရှိရန်အတွက် သူ့ကို သတ်ပစ်ရမည် ဖြစ်သည်။

"ကျနော် အရင်က ပြောခဲ့ဖူးသလိုပဲ… ဒီဇာတ်ဝင်ခန်းကို ဒီအတိုင်း တိုက်ရိုက် အဓိပ္ပာယ်ဖွင့်ဆိုဖို့က ခက်ခဲပါတယ်"

လျှို့ဝှက်ကြံစည်သူ ကမ်းလှမ်းခဲ့သည့် သေဆုံးခြင်းဆိုသည်မှာ ကျနော်တို့ တွေးတောနေကြသည့် ‘သေခြင်းတရား’ မျိုး မဟုတ်လောက်ပေ။

နတ်ခေါင်ချုပ်တို့ တိတ်ဆိတ်သွားကြသည်။ သူတို့သည် ကျနော့် စကားလုံးများကို နားမလည်နိုင်ကြသေးသည့်အလား ရှိနေ၏။ ဆင်ခြေထောက်ကြီးကို တစ်ဖက်သို့ လှန်လိုက်ရင်း တည်ငြိမ်စွာပင် ကြေညာလိုက်သည်။

"ယူဂျွန်ဟော့က ‘သေဆုံး’ သွားလို့ မရဘူး။ နတ်ခေါင်ချုပ်တွေအနေနဲ့ ဒါကို အစကတည်းက သိထားသင့်တယ် မဟုတ်လား"

ကောင်းကင်တမန်နှစ်ပါး၏ စိုက်ကြည့်နေသော အကြည့်တို့ကို ခံစားလိုက်ရသည်။

[အဲဒါ ဘာကို ဆိုလိုတာလဲ]

"ဒီလူက နောက်ပြန်ဆုတ်သူ တစ်ယောက်ပဲ"

ကနဦး ဇာတ်ဝင်ခန်းများတွင်မူ ယခုမျှ ပြောလိုက်သော အချက်အလက်များသည် စနစ်၏ စစ်ထုတ်ခြင်းကို ခံရမည်ဖြစ်သော်လည်း ယခုမူ အခြေအနေက ကွဲပြားသွားခဲ့ပြီ ဖြစ်သည်။ ဇာတ်ဝင်ခန်းက ဇာတ်ဝင်ခန်းဖြစ်သော်လည်း ယခုအချိန်တွင်မူ ‘နောက်ပြန်ဆုတ်သူ’ ဟူသော ကောလဟာလသည် အတော်အတန် ပျံ့နှံ့နေလောက်ပြီ ဖြစ်၏။ ထို့ကြောင့် အေဒင်၏ အဆင့်မြင့် နက္ခတ်များအနေဖြင့် ဤအချက်ကို သိရှိနေကြမည်သာ။

အနီရောင် အာကာသ ပန်းပွင့်ဖတ်လေးများသည် မတည်မငြိမ် လှုပ်ခတ်သွားခဲ့သည်။

[…မဟုတ်မှလွဲရော]

ကျနော် ခေါင်းညိတ်ပြလိုက်မိသည်။

"သူက သူ့ဘဝကို ထာဝရ အကြိမ်ကြိမ် ပြန်လည်လျှောက်လှမ်းနေရတဲ့ ဖြစ်တည်မှုတစ်ခုပဲ။ ဘယ်သူမှ သူ့ကို သတ်လို့မရဘူး။ သူ သေဆုံးသွားခဲ့ရင် နောက်ထပ် ကမ္ဘာတစ်ခုဆီကိုပဲ ကူးပြောင်းသွားမှာ"

[ဒါကို နင်က ဘယ်လိုလုပ် သိနေတာလဲ]

"ယူရီအယ်က ဘာလို့ ကျနော့်ကို စောင့်ကြည့်နေခဲ့တာလို့ထင်လဲ"

အဖြေမပေးနိုင်သော မေးခွန်းများအတွက် အကောင်းဆုံး တုံ့ပြန်နည်းမှာ နောက်ထပ် မေးခွန်းတစ်ခုဖြင့်သာ ပြန်လည်မေးမြန်းခြင်း ဖြစ်သည်။ ဂျိုဖီရယ်သည် အမျက်ဒေါသကို ထိန်းချုပ်နေရသည့်အလား တုန်ခါသွားခဲ့၏။

[ဒါဆိုရင်… အခု နင် ဘာဆက်လုပ်မှာလဲ။ သူ့ကို မသတ်နိုင်ရင် နင် ရဲ့ မူလကမ္ဘာကို ပြန်သွားနိုင်မှာ မဟုတ်ဘူးနော်]

ပခုံးကို တွန့်ပြလိုက်ပြီး ကင်ထားသော အသားတစ်ဖတ်ကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။

"နည်းလမ်းတစ်ခုခုကိုတော့ စဉ်းစားရမှာပေါ့။ အချိန်တွေ အများကြီး ရှိပါသေးတယ်"

တည်ငြိမ်လှသော တုံ့ပြန်မှုကြောင့် ပန်းပွင့်နှစ်ပွင့်၏ ပတ်ဝန်းကျင်တွင် ပုံမှန်မဟုတ်သော လေထုတစ်ခု စီးဆင်းသွားခဲ့သည်။ သူတို့သည် သူတို့၏ ‘အဆင့်အတန်း’ ကို ထုတ်ဖော်ပြသတော့မည်ဟု ထင်မှတ်ကာ စိုးရိမ်ပူပန်မိစဉ်မှာပင် ရုတ်တရက် ထူးဆန်းသော အသံတစ်ခုကို ကြားလိုက်ရသည်။

ထိုအသံက မိမိ၏ ဝမ်းဗိုက်ထဲမှ ထွက်ပေါ်လာသော အသံ မဟုတ်ပေ။ ယူဂျွန်ဟော့ထံမှလည်း ဖြစ်ဟန်မတူချေ။

…ဒါဆိုရင်

ခေါင်းကို ငုံ့ကြည့်လိုက်သည့်အခါ ပန်းပွင့်နှစ်ပွင့်သည် မျက်နှာလွှဲထားကြသည်ကို မြင်လိုက်ရသည်။

"ဗိုက်ဆာနေကြတာလား"

[ဂေဘရီရယ်… နင်က ဘယ်လောက်အထိ ဒီအတိုင်း စောင့်ကြည့်နေဦးမှာလဲ]

[ငါက ဒီအတိုင်း စောင့်ကြည့်နေတာ မဟုတ်ပါဘူး။ ကြည့်ရုံတင် ကြည့်နေတာပါ။ ယူရီအယ်သာ မရှိရင် သူ့ကို ငါ သတ်ပစ်လိုက်မှာ…]

ပလတ်စတစ် ပုလင်းခွံထဲတွင် ညှပ်ထားခြင်းခံရသော ဂေဘရီရယ်သည် ပန်းပွင့်ရိုးတံမှတစ်ဆင့် ရေကို စုပ်ယူရင်း ပြန်လည်ဖြေကြားခဲ့သည်။ သူ၏ ဘေးနားတွင်လည်း ဂျိုဖီရယ်၏ အာကာသ ပန်းပွင့်လေးသည် ရေပုလင်းထဲသို့ အလားတူ ထည့်သွင်းခြင်း ခံထားရ၏။

အဝေးတစ်နေရာတွင် ကင်ဒေါ့ဂျာသည် ယူဂျွန်ဟော့ကို တစ်စုံတစ်ခု ပြောဆိုနေလေသည်။ ဂေဘရီရယ်သည် ထိုမြင်ကွင်းကို ငေးမောကြည့်ရှုရင်း မေးမြန်းလိုက်၏။

[အဲဒီ ယူရီအယ်… သူ နေကောင်းရဲ့လားမသိဘူးနော်]

[ကိုယ့်တာဝန်ကိုပဲ အာရုံစိုက်စမ်းပါ။ ဂေဘရီရယ်]

[မဟုတ်ဘူး… ငါ စိတ်ပူလို့ပါ။ ယူရီအယ်က တစ်ယောက်ထဲ ထားခဲ့ရင် အမြဲတမ်း ပြဿနာရှာတတ်တာ နင်အသိပဲလေ]

[…ဒါဆို နင်က ယူရီအယ်ကို တကယ်ပဲ သံယောဇဉ် ရှိနေတာပေါ့လေ]

[ဘာတွေ လျှောက်ပြောနေတာလဲ။ ပြန်ဖို့ လမ်းကိုကော ရှာတွေ့ပြီလား။ ငါတို့ သူတို့နဲ့ ဘယ်လောက်အထိ အတူတူ နေရဦးမှာလဲ]

ဂေဘရီရယ်၏ ပန်းပွင့်ဖတ်လေးများ တဖျတ်ဖျတ် လှုပ်ခတ်သွားရာ ဂျိုဖီရယ်က ပြန်ဖြေသည်။

[ငါ ပြန်မယ့်လမ်းကို ရှာဖွေနေပေမယ့် ခက်ခဲမယ့်ပုံပဲ]

[ဘာလို့လဲ။ ကမ္ဘာ့လိုင်းတွေ ဘယ်လောက်ပဲ ကွဲပြားပါစေ… ဒီနေရာမှာလည်း အေဒင် ရှိနေရမှာပဲလေ။ ဒီက စာရေးတော်ဆီကနေ အကူအညီ တောင်းမယ်ဆိုရင်တော့…]

[စာရေးတော်ဆီကနေ ဘာတုံ့ပြန်မှုမှ မရှိဘူး]

[ဘာ]

[စာရေးတော်တင် မဟုတ်ဘူး။ အေဒင်က ဘယ်သူ့ကိုမှ ဆက်သွယ်လို့ မရဘူးဖြစ်နေတာ]

အေဒင်နှင့် ဆက်သွယ်၍မရဘူးတဲ့လား။

ကမ္ဘာကြီး မည်မျှပင် ပြောင်းလဲသွားခဲ့ပါစေ အလွန်ထူးဆန်းသော ကိစ္စရပ်တစ်ခု ဖြစ်သည်။ ဇာတ်ဝင်ခန်း၏ ကန့်သတ်ချက်များကြောင့် သူတို့၏ မူလ ‘နက္ခတ်အခြေအနေ’ ထံသို့ ပြန်လည်ရောက်ရှိရန် မဖြစ်နိုင်တော့ပေ။ အလွန် စိတ်ပျက်စရာကောင်းလှသည်။

ဂေဘရီရယ်သည် သက်ပြင်းတစ်ချက်ချရင်း ရေကို ထပ်မံစုပ်ယူလိုက်ပြန်သည်။

[ဘာလဲဟ… ပြီးခဲ့တဲ့ နာရီအနည်းငယ်ကတင် သူတို့တွေ အချင်းချင်း လည်ပင်းညှစ်ပြီး တိုက်ခိုက်နေကြတာ မဟုတ်ဘူးလား…]

အဝေးတစ်နေရာ၌ ကင်ဒေါ့ဂျာသည် ယူဂျွန်ဟော့၏ ခေါင်းကို ပွတ်သပ်ပေးနေသည့်အလား ရှိနေသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း ဂေဘရီရယ်သည် ယူရီအယ်နှင့် သူ့ကိုသူ ပြန်လည်အမှတ်ရမိသွားသည်။ မတူညီသော်လည်း တစ်စုံတစ်ခု တူညီနေသည့်အချက် ရှိနေ၏။

…မိတ်ဆွေကောင်း စိတ်ဓာတ်လား။

အလွန်တိုတောင်းလှသော အချိန်ကာလအတွင်းမှာပင် ဂေဘရီရယ်သည် ယူရီအယ်က သူတို့ကို ဘာကြောင့် သဘောကျခဲ့ရသည်ဆိုသည့် အချက်ကို နားလည်သွားခဲ့ပုံရသည်။

"ဖုန်ရှုလိုက်… ယူဂျွန်ဟော့"

ယူဂျွန်ဟော့သည် တိတ်ဆိတ်စွာပင် ဖုန်ကို ကုန်းရှူလိုက်လေတော့သည်။ ကျနော် လန့်ဖျာသွားခဲ့ရပြီး သူ့ခေါင်းနောက်စေ့ကို လှမ်း၍ ရိုက်လိုက်မိသည်။

"ဘာလို့ တကယ်ကြီး ရှူနေရတာလဲ"

စမ်းသပ်ကြည့်ရုံသာ စမ်းသပ်ကြည့်ချင်ခဲ့ခြင်း ဖြစ်သော်လည်း ကျနော့် အမိန့်ကို တကယ်ကြီး လိုက်နာလိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။ ကျနော်သိသော ယူဂျွန်ဟော့ဆိုလျှင် ဤကဲ့သို့သော အပြုအမူမျိုးကို မည်သည့်အခါမျှ ပြုလုပ်လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း နောက်ပြန်ဆုတ်ခြင်း၏ စိတ်ဓာတ်ကျဆင်းမှု ဘေးဒုက္ခသည် သူ၏ အသိစိတ် ဝိညာဉ်ကို လုံးဝဝါးမြိုသွားခဲ့ပြီဖြစ်ရာ လောလောဆယ်တွင် ယူဂျွန်ဟော့သည် အရူးတစ်ယောက်ကဲ့သို့ အခြေအနေသို့ ရောက်ရှိနေခြင်း ဖြစ်၏။ ယူဂျွန်ဟော့သည် ကျနော့်ကို ဟာလာဟင်းလင်း မျက်ဝန်းများဖြင့် မော့ကြည့်လာခဲ့သည်။

ဂရုဏာစိတ် အနည်းငယ်ဖြင့် သက်ပြင်းချလိုက်မိသည်။

" မင်းက ဒီလိုမျိုး ပုံမှန်အခြေအနေမှာလည်း အမြဲတည်ငြိမ်နေရင် ဘယ်လောက်ကောင်းမလဲ။ မင်းက တတိယမြောက် ကမ္ဘာက ကောင်ထက်စာရင် အများကြီး ပိုကောင်းပါတယ်"

"…"

"…ပါးစပ်ထဲဝင်သွားတဲ့ဖုန်တွေကို ပြန်ထွေးထုတ်လိုက်"

ဖုန်များကို ပြန်လည်ထွေးထုတ်နေသည့် ယူဂျွန်ဟော့ကို ကြည့်ရင်း ကျနော်သိရှိထားသည့် အခြားသော ယူဂျွန်ဟော့တစ်ယောက်ကို ပြန်လည်အမှတ်ရမိသွားသည်။ သူ ကောင်းကောင်းမွန်မွန် ရှိနေပါ့မလား မသိပေ။ ကျနော် ပြန်လည်ရောက်ရှိသွားချိန်၌ သူ အသိစိတ် လွတ်မသွားခဲ့လျှင် ကောင်းမည် ဖြစ်သည်။ ယူဆန်းအာကို အပ်နှံခဲ့ခြင်းဖြစ်ရာ အရာရာ အဆင်ပြေလိမ့်မည်ဟု မျှော်လင့်ရ၏။

"အခု အဲဒီမှာ လှဲလျောင်းပြီး အနားယူလိုက်တော့… ၁၈၆၃ ခုမြောက် ကမ္ဘာက ယူဂျွန်ဟော့"

ကျနော့် စကားလုံးများကြောင့် ယူဂျွန်ဟော့သည် ပျက်စီးနေသောအဆောက်အဦးဆီသို့ လေးလံသော ခြေလှမ်းများဖြင့် လျှောက်လှမ်းသွားခဲ့သည်။ အဝေးတစ်နေရာတွင် နေဝင်ရိုးရီ အချိန်ကာလသို့ ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရ၏။ ၉၅ ခုမြောက် ဇာတ်ဝင်ခန်း၏ နေဝင်ဆည်းဆာသည် လှပစွာ တောက်ပနေဆဲပင်။ ထို ဝေဝါးလှသော မြင်ကွင်းကို ကြည့်ရင်း ထူးဆန်းစွာပင် စိတ်အေးချမ်းမှုကို ခံစားလိုက်ရသည်။ အလွန် ထူးဆန်းလှသည်။ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ဇာတ်ဝင်ခန်းအတွင်းမှာပင် ယခုကဲ့သို့ ခံစားချက်မျိုးကို ကျနော်ခံစားနိုင်နေသေးသည်။

「 ကင်ဒေါ့ဂျာသည် ယူဂျွန်ဟော့ကို သတ်ပစ်ရန် လိုအပ်သည်။ 」

…မဟုတ်ဘူး… ငါ မလုပ်ခဲ့ဘူး။

ကံကောင်းထောက်မစွာဖြင့် လျှို့ဝှက်ကြံစည်သူ ပေးအပ်ခဲ့သော ဇာတ်ဝင်ခန်း၌ အချိန်ကန့်သတ်ချက် မရှိချေ။ ခေါင်းကို လှည့်ကြည့်လိုက်သည့်အခါ ယူဂျွန်ဟော့သည် အရူးတစ်ယောက်ကဲ့သို့ အမူအရာမျိုးဖြင့် ကျနော့် အမိန့်ကို စောင့်ဆိုင်းရင်း ကွေးကွေးလေး ဝပ်စင်းနေသည်ကို မြင်တွေ့လိုက်ရသည်။

"အိပ်တော့"

ယူဂျွန်ဟော့သည် ကျနော့် စကားလုံးများကို နားလည်သွားခဲ့ပုံရပြီး မျက်လုံးများကို မှိတ်လိုက်လေသည်။ ဇာတ်ဝင်ခန်း စတင်ခဲ့ကတည်းက ယူဂျွန်ဟော့သည် ကောင်းမွန်စွာ အိပ်စက်နိုင်ခဲ့ခြင်း မရှိချေ။ ယခုအိပ်စက်ခြင်းသည် ယူဂျွန်ဟော့အတွက်မူ ‘ပထမဆုံးသော အိပ်စက်ခြင်း’ ဖြစ်ပေလိမ့်မည်။ သူ၏ အတိတ်မှတ်ဉာဏ် အားလုံးထံမှ လွတ်မြောက်သွားခဲ့ရသည့် ပထမဆုံးသော အိပ်စက်ခြင်းပင်။

ယူဂျွန်ဟော့ လုံးဝအိပ်ပျော်သွားခဲ့ပြီးနောက် ကျနော့် စမတ်ဖုန်းကို ဖွင့်လိုက်သည်။ ဖုန်းမျက်နှာပြင်ထက်တွင် ပုံမှန်အတိုင်းပင် Ways of Survival ဝတ္ထုစာသားများ ရှိနေဆဲ ဖြစ်သည်။ သို့သော်လည်း ယခုအကြိမ်တွင်မူ ထူးခြားသော အချက်တစ်ခု ရှိနေ၏။

––ပျက်ဆီးနေသောကမ္ဘာမှ ရှင်သန်ခြင်းနည်းလမ်းသုံးသွယ်.txt

…ဘာလဲဟ… ‘တတိယမြောက် ပြင်ဆင်ချက်’ မဟုတ်တော့ဘူးလား။

ရုတ်တရက် ကြက်သီးမွေးညင်းများ ထသွားခဲ့ရသည်။ မူလကမ္ဘာဆီ ကျနော် ပြန်လည်ရောက်ရှိလာခဲ့ခြင်းကြောင့်များလား။ ထို့ကြောင့် ပြင်ဆင်ထားသော စာသားများ မဟုတ်တော့ဘဲ မူလစာသားဟောင်းအတိုင်း ပြန်လည်ပြောင်းလဲသွားခဲ့ခြင်းလား။

ရှုပ်ထွေးနေသော စိတ်အစဉ်ဖြင့် ဖိုင်ကို ဖွင့်လိုက်သည်။ ထိုဖိုင်သည် ကျနော်သိရှိထားသည့် မူလ Ways of Survival ဝတ္ထုပင် ဖြစ်သည်။ ယခုကဲ့သို့ ဖြစ်ပျက်သွားခြင်းက ပိုမိုကောင်းမွန်ပေလိမ့်မည်။ အနာဂတ်ကို သေချာစွာ စဉ်းစားတွေးတောလိုလျှင် ယခုကမ္ဘာ၏ အချက်အလက်များကို ရရှိထားရန်က အလွန်အရေးကြီးလှသည်။ ဖုန်းမျက်နှာပြင်ကို ၁၈၆၃ ခုမြောက် ကမ္ဘာဆီသို့ အမြန်ဆုံး ရွှေ့ပြောင်းလိုက်ပြီး အချက်အလက်အားလုံးကို သေချာစွာ ဖတ်ရှုလိုက်မိသည်။

「 ငါသည် ၅၄ ခုမြောက် ဇာတ်ဝင်ခန်းအတွင်း လီဟန်းဆောင်ကို ဆုံးရှုံးခဲ့ရသည်။ 」

ဇာတ်လမ်းကို ဖတ်ပြီးရင်း ဖတ်ရင်း ထပ်မံဖတ်ရှုနေမိသည်။

「 ၆၇ ခုမြောက် ဇာတ်ဝင်ခန်းအတွင်း လီဆောဟွာသည် သတ်ဖြတ်ခြင်း ခံခဲ့ရသည်။ 」

သူသည် လူအမြောက်အမြားကို ဆုံးရှုံးပြီးရင်း ဆုံးရှုံးခဲ့ရပြန်သည်။

「 လီဂျီဟယ်သည် ၇၈ ခုမြောက် ဇာတ်ဝင်ခန်းအတွင်း သေဆုံးသွားခဲ့သည်။ 」

ယခုကမ္ဘာ၏ ယူဂျွန်ဟော့သည် လုံးဝဥဿုံ တစ်ကိုယ်တည်း ဖြစ်နေခဲ့ပြီ။ အမှန်တကယ်တော့ ယခုကမ္ဘာတစ်ခုတည်း မဟုတ်ပေ။ ယူဂျွန်ဟော့၏ ကမ္ဘာအားလုံးတွင် သူသည် တစ်ကိုယ်တည်းသာ လျှောက်လှမ်းခဲ့ရ၏။ အဆုံးသတ်အချိန်အထိ တူညီသော ဘဝမျိုးကိုသာ ဖြတ်သန်းခဲ့ရခြင်း ဖြစ်သည်။

"…သနားစရာကောင်းတဲ့ကောင်"

Ways of Survival ဝတ္ထု၏ ဇာတ်သိမ်းပိုင်းကို ကျနော်မသိရှိချေ။ သေချာပေါက် သိရှိထားသည့် အချက်တစ်ခုမှာမူ Ways of Survival ဝတ္ထု၌ ပျော်ရွှင်စရာကောင်းသော ဇာတ်သိမ်းမျိုး မရှိခဲ့ခြင်းပင်။

…ငါသာ တတိယမြောက် ကမ္ဘာဆီ ပြန်မသွားတော့ဘူးဆိုရင်ကော ဘာဆက်လုပ်ရမလဲ။

ဤနေရာမှာပဲ ကျနော် နေထိုင်ပြီး နောက်ဆုံးကမ္ဘာ၏ ယူဂျွန်ဟော့ကို ဇာတ်ဝင်ခန်းများ အောင်မြင်အောင် ကူညီပေးခဲ့မယ်ဆိုရင်ကော။

「 Fourth Wall က စကားဆိုလာသည်။ "ကင်ဒေါ့ဂျာ… အဲဒါ…" 」

ငါ သိပါတယ်။

「 ဟုတ်ကဲ့ 」

၎င်းက လျှို့ဝှက်ကြံစည်သူ၏ အစီအစဉ်နောက်ကွယ်၌ ပုန်းကွယ်နေသည့် လှည့်ကွက်တစ်ခု ဖြစ်သည်။ လျှို့ဝှက်ကြံစည်သူသည် ဤအချက်ကို ကြိုတင်မျှော်လင့်ထားခဲ့ပြီး ကျနော့်အား ဇာတ်ဝင်ခန်း ပေးအပ်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်လည်း ဇာတ်ဝင်ခန်း၌ အချိန်ကန့်သတ်ချက် မရှိခဲ့ခြင်းပင်။

ယူဂျွန်ဟော့ကို ဤနေရာ၌ သတ်ပစ်ပြီး မူလကမ္ဘာဆီ ပြန်လည်ရောက်ရှိခြင်း သို့မဟုတ် ဤနေရာရှိ ယူဂျွန်ဟော့နှင့်အတူ ဇာတ်ဝင်ခန်း၏ အဆုံးသတ်ကို အတူတကွ ကြည့်ရှုခြင်း။

ဤသည်က ‘ပြင်ပနတ်ဘုရား’ ၏ အမြင်ပင် ဖြစ်သည်။ ရယ်စရာကောင်းလှသည်မှာ ထိုကမ်းလှမ်းချက်ကြောင့် ကျနော် တကယ်ကြီး စိတ်လှုပ်ရှားသွားခဲ့ရခြင်း ဖြစ်သည်။ ဤနေရာရှိ ယူဂျွန်ဟော့ကို ဒီအတိုင်းထိုင်ကာ ကြည့်ရှုမည်ဆိုလျှင်… ကျနော် တကယ်အလိုရှိသော အဆုံးသတ်မျိုးကို မြင်တွေ့ရလိမ့်မည် မဟုတ်ချေ။ သို့သော် ကျနော် သူ့ကို ဤနေရာ၌ သတ်ပစ်လိုက်မည်ဆိုလျှင်လည်း မူလ ‘ယူဂျွန်ဟော့’ သည် ထာဝရ ပျောက်ကွယ်သွားရပေလိမ့်မည်။

ထိုအကြောင်းကို စဉ်းစားတွေးတောမိသည့်အခါ ခေါင်းကိုက်လာခဲ့ရသည်။ ယူဂျွန်ဟော့ကို သတ်ပစ်လိုလျှင် ယူဂျွန်ဟော့၏ နောက်ပြန်ဆုတ်ခြင်း နိယာမများကို အဆုံးသတ်ရမည် ဖြစ်သည်။ သို့သော်လည်း သူ၏ ထောက်ပံ့သူသည် မည်သည့်စကားမျှ ဆိုခြင်းမရှိရာ မည်သူမည်ဝါဖြစ်ကြောင်းကို ကျနော် မသိရှိချေ။ ထိုသို့မသိရှိခြင်းက ကံကောင်းခြင်းလား သို့မဟုတ် ကံဆိုးခြင်းလားဆိုသည်ကို မဝေခွဲနိုင်တော့ပေ။

သက်ပြင်းတစ်ချက်ချလိုက်ပြီး Ways of Survival ဝတ္ထုကို ထပ်မံ၍ ဖတ်ရှုနေမိသည်။ ထိုစဉ် ကျောရိုးထဲအထိ စိမ့်တက်သွားစေမည့် အေးစက်သော ခံစားချက်တစ်ခုကို ခံစားလိုက်ရ၏။

['Aquariusရာသီခွင်တွင် ပွင့်သော နှင်းပန်း နက္ခတ် သည် သင့်ကို သတိပေးနေပါသည်။]

အဝေးတစ်နေရာရှိ ပလတ်စတစ် ပုလင်းခွံထဲမှ ပန်းပွင့်နှစ်ပွင့်သည် ပြင်းထန်စွာ လှုပ်ခတ်နေကြသည်။ ပြင်းထန်သော သတိပေးချက်တစ်ခု ဖြစ်သည်။ ပြင်ပနတ်ဘုရားများ ရောက်ရှိလာခြင်းလား။

"နင်က ဒီနေရာမှာ ပုန်းကွယ်နေခဲ့တာပဲ… ယူဂျွန်ဟော့"

ခေါင်းကို လှည့်ကြည့်ရန် ပြင်လိုက်စဉ်မှာပင် ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ ကျနော့်သာ ယခုအချိန်တွင် ခေါင်းကို လှည့်ကြည့်လိုက်မည်ဆိုပါက သေဆုံးသွားရပေလိမ့်မည်။ ထိုခံစားချက်မျိုးကို ထင်ထင်ရှားရှား ခံစားလိုက်ရခြင်း ဖြစ်၏။ ကျနော့် နက္ခတ်အာရုံများကိုပင် လှည့်စားနိုင်လောက်သည့် အဆင့်အတန်းရှိသော ကိုယ်ရောင်ဖျောက်ခြင်းမျိုး ဖြစ်သည်။ သေချာပေါက် အတိုင်းအဆမဲ့ ဖြစ်တည်မှုတစ်ခု ဖြစ်ပေလိမ့်မည်။ ထိုဖြစ်တည်မှုသည် အနီးနားမှာတင် ရှိနေခဲ့တာလား။

"နင်က ဘာကောင်လဲ။ နင်က ယူဂျွန်ဟော့ရဲ့ မိတ်ဆွေလား"

ထိုအသံထံမှ ရင်းနှီးနေသော ခံစားချက်တစ်ခုကို ရရှိလိုက်သည်။ သေချာပေါက် ကျနော်သိရှိထားသည့် အသံမျိုး ဖြစ်၏။ ရန်သူအနေဖြင့် ခြိမ်းခြောက်မှုတစ်ခုဟု မခံစားရစေရန်အတွက် ခေါင်းကို နှေးကွေးစွာပင် လှည့်ကြည့်လိုက်မိသည်။ ကျနော့် နောက်ကွယ်တွင် ရင်းနှီးသော ရုပ်သွင်ရှိသည့် အမျိုးသမီးတစ်ဦး ရှိနေခဲ့၏။ ခေတ္တမျှ မိမိ၏ စိတ်အစဉ်သည် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားခဲ့ရသည်။

…ဘယ်လိုဖြစ်တာလဲ။

ထိုအချက်ကို ကျနော် လုံးဝတွေးတောမထားခဲ့မိချေ။ အဘယ်ကြောင့်ဆိုသော် ထိုလူသည် ယခု ‘ကမ္ဘာ’ အတွင်း၌ အစကတည်းက သေဆုံးသွားခဲ့ပြီ ဖြစ်သောကြောင့်ပင်။

"ကောင်းပြီလေ… သိနေဖို့လည်း မလိုပါဘူး။ ဘာပဲဖြစ်ဖြစ် ငါ သူ့ကို သတ်ပစ်မှာမလို့လေ"

အပြုံးတစ်ခုနှင့်အတူ စစ်သူကြီး လီဂျီဟယ်သည် နဂါးဓါးနှစ်လက်ကို ကျနော့်ထံသို့ ချိန်ရွယ်ရင်း ပြုံးပြလိုက်လေသည်။

All Chapters