အခန်း ၂၈၉
Vol. 23 Ch. 289
အခန်း (၂၈၉)
- အပိုင်း (၅၄) - မိစ္ဆာဘုရင်သတ်ဖြတ်သူ (၅)
"ဖျက်ဆီးလိုက်စမ်း။ နဂါးဓါးနှစ်လက်"
လီဂျီဟယ်၏ စကားအဆုံးတွင် ဓါးနှစ်လက်ထံမှ မှော်စွမ်းအင်များ ပေါက်ကွဲကာ ထွက်ပေါ်လာသည်။
နဂါးပြာတစ်ကောင်နှင့် တူသောအရာတစ်ခုက ကျနော်၏လည်ပင်းကို ကိုက်ဖြတ်ရန် ရှေ့သို့ ပျံသန်းလာခဲ့သည်။
နဂါးဓါးနှစ်လက်။ ကိုရီးယားကျွန်းဆွယ်တွင် အစွမ်းထက်ဆုံးဓါးများဖြစ်ပြီး သစ္စာရှင်စစ်သူကြီး၏ ကြယ်အမွေအနှစ်က တောက်ပနေသည်။ ကျနော်သည် ဓါးသိုင်း၏ ရွေ့လျားမှုကို ကြည့်ပြီး လေ၏လမ်းစဉ်နှင့် လျှပ်စစ်ဓါတ် အားဖြည့်ခြင်းကို အသုံးပြုလိုက်သည်။
"ဟင်…. နင်က သေးသွားတာလား။ ဒီကိုယ်စားလှယ်က ဘယ်ကနေ ထွက်လာတာလဲ"
ရေတပ်စစ်သူကြီး လီဂျီဟယ်။ သူသည် ၉၅ ခုမြောက် ဇာတ်ဝင်ခန်းအထိ ရှင်သန်ခဲ့ပြီး Ways of Survival ထဲက အစွမ်းထက်ဆုံး လူ ၁၀၀ ထဲတွင် တစ်ဦးအပါအဝင် ဖြစ်သည်။
သို့သော် ဤသည်မှာ သူ 'အသက်ရှင်စဉ်' အခါက ဇာတ်လမ်းဖြစ်၏။ ကျနော် မှတ်မိသရွေ့တော့ မူရင်းဝတ္ထုထဲတွင် ၁၈၆၃ ခုမြောက် အလှည့်က လီဂျီဟယ်သည် သေဆုံးသွားခဲ့သည်မှာ ကြာလှပြီ ဖြစ်သည်။ သို့ဆိုလျှင် ကျနော်မျက်စိရှေ့က လီဂျီဟယ်က ဘယ်သူလဲ။
ကျနော်သည် နဂါးဓါးနှစ်လက် မမီနိုင်သည့် အမြင့်သို့ ပျံသန်းကာ အော်ဟစ်လိုက်သည်။
"လီဂျီဟယ် ရပ်လိုက်ဦး။ ငါက ရန်သူမဟုတ်ဘူး"
"ဘာ… နင်က ငါ့ကိုသိတာလား။ ငါက နည်းနည်းတော့ နာမည်ကြီးတာ အမှန်ပဲ"
သူသည် အရှက်မရှိသော စကားများကို ရေရွတ်ရင်း တိုက်ခိုက်ဖို့ ဟန်ပြင်လိုက်သည်။
ဤနည်းစနစ်က ဘာလဲဆိုတာ ကျနော်သိသည်။
မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်ခြင်း။ Ways of Survival ထဲက အလွန်ကောင်းမွန်သော စွမ်းရည်တစ်ခုဖြစ်ပြီး မည်သည့်ပြိုင်ဘက်ကိုမဆို တစ်ချက်တည်းဖြင့် သေဆုံးစေနိုင်သည့် ကြောက်မက်ဖွယ် စွမ်းရည်တစ်ခု ဖြစ်သည်။
"နင့်လို ပိုးကောင်သေးသေးလေးကို ငါမခုတ်နိုင်ဘူးလို့ တကယ်ထင်နေတာလား"
ကျနော်သည် လီဂျီဟယ်၏ မျက်လုံးများကို ရင်ဆိုင်လိုက်ရချိန်တွင် ကြက်သီးများ ထသွားခဲ့သည်။ ထို့နောက်တွင်တော့ လီဂျီဟယ်က မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။ မမြင်နိုင်သော ဓါးတစ်လက်က ကျနော်၏ လည်ပင်းထံ ချိန်ရွယ်လာပြီး နောက်ထပ် ဘာဖြစ်လာမည်ကို ကျနော် အလိုအလျောက် သိလိုက်ရသည်။
ကျနော် အော်ဟစ်လိုက်သည်။
"ယူဂျွန်ဟော့"
အိမ်တစ်လုံးစာမျှကြီးမားသော အရိပ်တစ်ခုက ကျနော်၏မျက်စိကို ဖုံးလွှမ်းသွားပြီး ပြင်းထန်သော သတ္တုချင်းရိုက်ခတ်သံကို ကြားလိုက်ရသည်။
ယူဂျွန်ဟော့က ကျနော်၏ဘေးမှနေ၍ ဓါးကို တားဆီးပေးလိုက်ပြီး လီဂျီဟယ်က နဂါးဓါးနှစ်လက်ကို ယူဂျွန်ဟော့ထံသို့ လွှဲယမ်းလိုက်သည်။
ကောင်းကင်ခွဲဓါး၏ ဓါးသွားပေါ်တွင် သေးငယ်သော ခြစ်ရာတစ်ခု ထင်ကျန်သွားသည်။ မျက်စိတစ်မှိတ်အတွင်း သတ်ဖြတ်ခြင်းသည် ပြင်းထန်သော နည်းစနစ်တစ်ခု ဖြစ်သည်။ ပြိုင်ဘက်က ယူဂျွန်ဟော့သာ မဟုတ်ခဲ့လျှင်ပေါ့။
၁၈၆၃ ခုမြောက် အလှည့်တွင် ယူဂျွန်ဟော့သည် မည်သူမဆိုထက် သတ်ဖြတ်ရေးစက်ရုပ်တစ်ခုနှင့် ပို၍တူနေသည်။ သူ၏ ဆုံးဖြတ်ချက်ကို ပြောင်းလဲ၍မရနိုင်ပေ။ သူက တစ်စုံတစ်ယောက်ကို သတ်ရန် ဆုံးဖြတ်ပြီးလျှင် သတ်ပစ်လိမ့်မည်။
ယူဂျွန်ဟော့သည် အဆင့်ကျော်လွန်ခြင်း၏ အတိုင်းအဆကို ချိုးဖျက်ကာ သူ၏ဓါးကို လွှဲယမ်းလိုက်သည်။ လီဂျီဟယ်သည် စွမ်းအားကွာခြားမှုကြောင့် နောက်သို့ လွင့်စင်သွားပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ အသာစီးရသွားသော ယူဂျွန်ဟော့က လီဂျီဟယ်ထံသို့ ဆင်းသက်သွားသည်။
"ယူဂျွန်ဟော့။ ရပ်လိုက်စမ်း"
မြေပြင်မှ ကျယ်လောင်သော ဟိန်းဟောက်သံကြီး ထွက်ပေါ်လာစဉ် ကျနော် အော်ဟစ်လိုက်သည်။
ဖုန်မှုန့်များထဲတွင် လဲကျနေသော လီဂျီဟယ်နှင့် သူ့ကို ချိန်ရွယ်နေသော ယူဂျွန်ဟော့ကို ကျနော် မြင်လိုက်ရသည်။ ယူဂျွန်ဟော့က ကျနော်၏ စကားကြောင့် ရပ်မသွားခဲ့ပေ။ ဖြစ်နိုင်စွမ်း၏ မီးပွားများက သူ၏ပတ်ပတ်လည်တွင် ဝန်းရံနေသည်။ နောက်ပြန်ဆုတ်ခြင်း စိတ်ဓါတ်ကျမှုက ပေါက်ကွဲထွက်လုနီးပါး ဖြစ်နေ၏။
"ပျော်ရွှင်စရာ အမှတ်တရတွေ။ ပျော်ရွှင်စရာ အမှတ်တရတွေ"
ယူဂျွန်ဟော့ ခဏမျှ တုံ့ဆိုင်းသွားသည်။
"သူ့ကိုမသတ်နဲ့။ သူ့ကို သတ်လို့မရဘူး"
ဤလီဂျီဟယ်က ဘာကြောင့် အသက်ရှင်နေရသည်ကို ကျနော်မသိပေ။ သို့သော် ကျနော်သိသည့် အရာတစ်ခု ရှိ၏။ အနည်းဆုံးတော့ ယူဂျွန်ဟော့အနေဖြင့် သူ့ကို မသတ်သင့်ပေ။
လီဂျီဟယ်က ဖုန်မှုန့်များထဲမှ ထရပ်ကာ အော်ဟစ်လိုက်သည်။
"နင် ဘာလုပ်နေတာလဲ။ လာစမ်းပါ အမြင့်မြတ်ဆုံးဘုရင်ကြီး။ ဒီတစ်ခါတော့ ငါ နင့်ကို သတ်ပစ်မယ်"
လီဂျီဟယ်နှင့် ယူဂျွန်ဟော့တို့ ထိပ်တိုက်တွေ့ခဲ့ကြသည်မှာ ဤအကြိမ်က ပထမဆုံး မဟုတ်ပုံရပေ။ ကျနော် ဘယ်လိုပဲ စဉ်းစားစဉ်းစား နားမလည်နိုင်အောင် ဖြစ်နေရသည်။ သေဆုံးသွားခဲ့သော လီဂျီဟယ်က ရှင်သန်နေရုံသာမက ယူဂျွန်ဟော့နှင့်ပါ ရန်သူဖြစ်နေသည်မှာ ဆန်းကြယ်လှသည်။
"နေဦး။ လီဂျီဟယ်…ရပ်လိုက်စမ်း။ ငါတို့မှာ တိုက်ခိုက်ဖို့ ရည်ရွယ်ချက်မရှိဘူး"
လီဂျီဟယ်က ရပ်မသွားခဲ့ပေ။ ယူဂျွန်ဟော့၏ လှုပ်ရှားမှုများက ကျနော်၏ အမိန့်ကြောင့် အလိုအလျောက် တုံ့ပြန်နေသည်။ လီဂျီဟယ်၏ ဓါးသွားက အရေပြားကို ဖြတ်တောက်သွားပြီး ယူဂျွန်ဟော့ထံမှ သွေးများ စီးကျလာသည်။ နောက်ပြန်ဆုတ်ခြင်း စိတ်ဓါတ်ကျမှု အခြေအနေတွင် သူသည် ထိရောက်သော ကာကွယ်ရေး အစီအမံများကို မလုပ်ဆောင်နိုင်ပေ။
သို့သော် ကျနော်က တိုက်ခိုက်ရန် အမိန့်ပေးလိုက်လျှင် သူက လီဂျီဟယ်ထံသို့ အရင်ကလိုပဲ အပြေးအလွှား သွားတော့မည်။
ချီး။
ကျနော်သည် လျှပ်စစ်ဓါတ် အားဖြည့်ခြင်းကို ထိန်းသိမ်းထားဆဲမလို့ ယူဂျွန်ဟော့၏ ပုခုံးပေါ်သို့ တက်ကာ လီဂျီဟယ်ကို လှမ်းအော်လိုက်သည်။
"ရပ်လိုက်စမ်း။ ကလေးမ။ ယူဂျွန်ဟော့က နင့်ရဲ့ ဆရာပဲလေ"
"ဆရာဟုတ်လား။ ဘာတွေ လာလျှောက်ပြောနေတာလဲ။ ငါက ဒီသားရဲကြီးကို ဆရာအဖြစ် တစ်ခါမှ မသတ်မှတ်ခဲ့ဘူး"
လီဂျီဟယ်၏ မျက်လုံးများက ရက်စက်စွာ တောက်ပလာသည်။
"ငါ့ရဲ့ဆရာက ဒီထက်မက အများကြီး ပိုပြီးတော့ အံ့သြဖို့ကောင်းတဲ့လူဟ"
ငါးရောင်ခြယ် အလင်းတန်းတစ်ခုက လီဂျီဟယ်၏ ဓါးသွားထံမှ စီးဆင်းလာသည်။ ကျနော်သည် အလိုအလျောက် အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်ကို အသက်သွင်းလိုက်သည်။ မည်သည့်တိုက်ခိုက်မှုမျိုးမဆို လားရာကို သိနေလျှင် ရှောင်တိမ်းရန် လွယ်ကူသည်။
[ထိုသူအပေါ် နားလည်နိုင်စွမ်း အားနည်းမှုကြောင့် စွမ်းရည်အသက်ဝင်ခြင်းကို ဖျက်သိမ်းလိုက်ပါပြီ။]
…ယူဂျွန်ဟော့အပေါ် ကျနော်၏ နားလည်နိုင်စွမ်းက နည်းပါးနေလျှင်တောင် ထူးတော့ ထူးဆန်းနေသည်။ လီဂျီဟယ်သည် ဤမျှ ရှုပ်ထွေးသော လူသားတစ်ဦး မဟုတ်ပေ။ အနည်းဆုံးတော့ ကျနော်သိထားသည့် လီဂျီဟယ်က…
[ဇာတ်ကောင် 'လီဂျီဟယ်' သည် အထူးစွမ်းရည် 'ဓါးတေးသံ အဆင့် ၁၀' ကို အသက်သွင်းလိုက်ပါပြီ။]
သူက ဒီလိုလုပ်တော့မှာလား။
ထို့နောက် ကျနော် စိတ်ကူးတစ်ခု ရလာသည်။ ကျနော်သည် မကျိုးပဲ့နိုင်သောယုံကြည်မှုဓါးကို မြဲမြံစွာ ဆုပ်ကိုင်ပြီး အထူးစွမ်းရည်တစ်ခုကို ထုတ်ဖော်လိုက်သည်။
[အထူးစွမ်းရည် 'ဓါးတေးသံ အဆင့် ၅' ကို အသုံးပြုလိုက်ပါပြီ။]
ကျနော်၏ ဓါးသွားထံမှ ငါးရောင်ခြယ် အလင်းတန်းများ ထွက်ပေါ်လာသည်ကို အတည်ပြုပြီးနောက် လီဂျီဟယ်၏ မျက်နှာအမူအရာက တုန်လှုပ်သွားသည်။ သူက အခုထိ သတိမထားမိသေးပုံရပေ။ မည်သို့ပင်ဆိုစေ ဤအထူးစွမ်းရည်သည် 'ကံတရား' အပေါ်တွင် မူတည်သည်။
ဘယ်သူက ကံပိုကောင်းမလဲ ကြည့်ကြသေးတာပေါ့။
လီဂျီဟယ်က ဓါးတေးသံကို အရင်အသုံးပြုခဲ့သူ ဖြစ်သည်။ လေထုထဲတွင် စာသားများ ပေါ်လွင့်လာပြီး သစ္စာရှင်စစ်သူကြီး၏ စာသားများ စီးဆင်းလာခဲ့သည်။
「 ၁၀ ရက်မြောက်နေ့။ မိုးကူးကင် ပြာလွင်နေသည်။ မနက်စာ စားပြီးနောက် မြို့တော်ခန်းမသို့ အလုပ်လုပ်ရန် သွားခဲ့သည်။ 」
ကံကောင်းသွားသည်။ လီဂျီဟယ်၏ မျက်နှာ တွန့်ရှုံ့သွားသည်ကို ကျနော် မြင်လိုက်ရသည်။ ဓါးတေးသံသည် သစ္စာရှင်စစ်သူကြီး၏ နေ့စဉ်မှတ်တမ်းအပေါ် အခြေခံ၍ ပြုလုပ်ထားသော စွမ်းရည်တစ်ခု ဖြစ်သည်။ ကံမကောင်းလျှင် အကျိုးသက်ရောက်မှုက ထွက်ပေါ်လာမည် မဟုတ်ပေ။
ထို့နောက် ကျနော့် အလှည့် ရောက်လာသည်။
「 ၂၈ ရက်မြောက်နေ့။ မိုးကောင်းကင် ပြာလွင်နေသည်။ ငါသည် လေးဖြင့် ဆယ်ချီမှာ ငါးချီ ပစ်ခတ်ခဲ့သည်။ ငါးချီမြောက်တွင် ပစ်မှတ်အားလုံးကို ထိမှန်ခဲ့သည်။ နှစ်ချီမြောက်တွင် ပစ်မှတ်လေးခုကို ထိမှန်ခဲ့ပြီး သုံးချီမြောက်တွင် ပစ်မှတ်သုံးခုကို ထိမှန်ခဲ့သည်။ 」
မီးလျှံကျည်ဆန်တစ်ခုက ကျနော်၏ ဓါးသွားထံမှ လျှံထွက်သွားသည်။ လီဂျီဟယ်၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ နောက်သို့ ဆုတ်သွားခဲ့သည်။
['ပင်လယ်စစ်နတ်ဘုရား' နက္ခတ် သည် သင့်ကို အံ့သြတုန်လှုပ်စွာဖြင့် ကြည့်ရှုနေပါသည်။]
လီဂျီဟယ်က သူ၏ကော်လံတွင် လောင်ကျွမ်းနေသော မီးကို ငြှိမ်းသတ်ရင်း အော်ဟစ်လိုက်သည်။
"နင်က ဘယ်သူလဲ။ နင်က ငါ့ရဲ့ ထောက်ပံ့သူရဲ့ အထူးစွမ်းရည်ကို ဘယ်လိုလုပ် သုံးနိုင်ရတာလဲ"
"ငါတို့ စကားပြောကြရအောင်"
"ငါ နင့်ရဲ့ လက်ခြေတွေကို ဖြတ်တောက်ပြီးမှ နင်က အမှန်အတိုင်း ဖြေရလိမ့်မယ်"
ကျနော်၏ တိုက်ခိုက်မှုက သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေပုံရပြီး လီဂျီဟယ်၏ မျက်နှာအမူအရာက နည်းနည်း တည်တံ့သွားသည်။
"နင့်မှာ ဘယ်လိုထောက်ပံ့သူ ရှိနေလဲတော့ ငါမသိဘူး။ ဒါပေမယ့် နင့်ရဲ့ထောက်ပံ့သူပါ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားစေရမယ်"
လီဂျီဟယ်က ဓါးအသစ်တစ်လက်ကို ထုတ်ယူလိုက်သည်။ အံ့သြစရာကောင်းသည်မှာ ထိုဓါးသည် ကျနော်သိထားသော ပစ္စည်းတစ်ခုလည်း ဖြစ်နေလေသည်။ ယင် လေးပါး မိစ္ဆာခေါင်းဖြတ်ဓါး။ ကျနော် ဖတ်ဖူးသမျှ အလှည့်အားလုံးထဲတွင် လီဂျီဟယ်က ယင် လေးပါး မိစ္ဆာခေါင်းဖြတ်ဓါးကို ကိုင်ဆောင်ထားတာမျိုး မရှိခဲ့ပေ။
"ခုနစ်စင်ကြယ်။ ငါ့ကို စွမ်းအားပေးသနားပါ"
လီဂျီဟယ်၏ အော်ဟစ်သံနှင့်အတူ ကောင်းကင်တွင် ကြယ်အချို့ တောက်ပလာသည်။
ခုနစ်စင်ကြယ်သည် မူလက နက္ခတ်ခုနစ်ခုဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ သို့သော် ဤသည်မှာ နောက်ပိုင်းဇာတ်ဝင်ခန်း ဖြစ်နေပြီး အချို့မှာ သေဆုံးသွားခဲ့သောကြောင့် ကြယ်လေးပွင့်သာ တောက်ပနေတော့သည်။ ယင် လေးပါး မိစ္ဆာခေါင်းဖြတ်ဓါးထံမှ စူးရှသော အလင်းတန်းများ စီးကျလာပြီး ၎င်းက ကြယ်အမွေအနှစ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။
လီဂျီဟယ် ဘာလုပ်တော့မည်ဆိုတာ ရှင်းနေပါသည်။ ယင် လေးပါး မိစ္ဆာခေါင်းဖြတ်ဓါးသည် ထောက်ပံ့သူနှင့် ကိုယ်စားလှယ်ကြားက ဆက်နွယ်မှုကို အချိန်တိုအတွင်း ဖြတ်တောက်နိုင်သည့် ကြောက်မက်ဖွယ် စွမ်းအားရှိ၏။
ထို့အပြင် ကျနော်အပေါ်ထားရှိသော လီဂျီဟယ်၏ မျက်နှာအမူအရာက ဆန်းကြယ်နေသည်။
"နင့်… မှာ ဆက်နွယ်မှုတွေ မရှိဘူးလား"
သေချာတာပေါ့။ ကျနော်သည် အခု ကျနော်၏ ကိုယ်စားလှယ်ခန္ဓာကိုယ်နှင့် တစ်သားတည်း ဖြစ်နေပြီဖြစ်သည်။
['ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်' နက္ခတ်သည် ကိုယ်စားလှယ် 'လီဂျီဟယ်' ကို ကြည့်ရှုနေပါသည်။]
အံ့သြတုန်လှုပ်သွားသော လီဂျီဟယ်က နောက်သို့ ခြေတစ်လှမ်း ဆုတ်သွားသည်။ ထို့နောက် ကျနော့် အလှည့် ရောက်လာသည်။ ကျနော်သည် လီဂျီဟယ် ကိုင်ထားသည့် ဓါးမျိုးကိုပဲ ဆွဲထုတ်လိုက်သည်။
"ဘ—ဘာလဲဟ။ မဖြစ်နိုင်တာ"
ကျနော်သည် ယူဂျွန်ဟော့၏ ပုခုံးပေါ်မှ ခုန်ဆင်းကာ စူးရှတောက်ပသော အလင်းတန်းများ ထွက်ပေါ်နေသည့် ယင် လေးပါး မိစ္ဆာခေါင်းဖြတ်ဓါးကို ဆုပ်ကိုင်လိုက်သည်။ သတိလက်လွတ်ဖြစ်နေသော လီဂျီဟယ်၏ မျက်လုံးများ ပြူးကျယ်သွားသည့် အခိုက်အတန့်တွင် လေ၏လမ်းစဉ်က သူ၏ဦးခေါင်းထက်သို့ ရွေ့လျားသွားသည်။ ပေါက်ကွဲသံများနှင့်အတူ မီးပွားများ ထွက်ပေါ်လာပြီး လီဂျီဟယ်က နာကျင်စွာဖြင့် အော်ဟစ်လိုက်ရသည်။
"အားးး"
သူ့ကို ကာကွယ်ပေးထားသော ပင်လယ်စစ်နတ်ဘုရား၏ ကြယ်က တုန်ခါသွားသည်။ ကျနော် နောက်သို့ ဆုတ်လိုက်သည်။
['ပင်လယ်စစ်နတ်ဘုရား' နက္ခတ် သည် သင့်အပေါ် အမျက်ဒေါသ ထွက်နေပါသည်။]
…ကျနော် နားလည်သွားသည်။ လီဂျီဟယ်ကို အစွမ်းမဲ့သွားစေရန်အတွက် ပင်လယ်စစ်နတ်ဘုရား၏ ဆက်နွယ်မှုကို ဖြတ်တောက်ရန် ကျနော် စီစဉ်ခဲ့သော်လည်း ပျက်ပြားသွားခဲ့သည်။
လီဂျီဟယ်၏ မျက်လုံးများက ဖြူဆွတ်သွားသည်။ ၉၅ ခုမြောက် ဇာတ်ဝင်ခန်း၏ သစ္စာရှင်စစ်သူကြီးသည် ကျနော်၏ မျက်စိရှေ့တွင် သက်ဆင်းတော့မည် ဖြစ်သည်။ ကျနော်သည် ပတ်ဝန်းကျင်ရှိ ရေထုကို အလျင်အမြန် စစ်ဆေးလိုက်သည်။ တစ္ဆေစစ်သင်္ဘောအုပ်စုကို ဤနေရာတွင် ဆင့်ခေါ်လိုက်လျှင် အရာအားလုံးက ပြီးဆုံးသွားလိမ့်မည်။
ချောင်ဂီချွန်း၏ မြစ်လက်တက်က လေထုထဲသို့ မြင့်တက်လာသည်။ တစ္ဆေစစ်သင်္ဘောအုပ်စု၏ ပုံရိပ်ယောင်များက တစ်ခုပြီးတစ်ခု စတင်ပေါ်ပေါက်လာစဉ် မီးပွားများ ထွက်ပေါ်လာခဲ့သည်။
ချီးပဲ။
ကျနော်၏နောက်ကွယ်က ပလတ်စတစ်ပုလင်းများကို အလိုအလျောက် ကျနော်လှမ်းကြည့်လိုက်သည်။ အတိအကျပြောရလျှင် မြင်နေရသည်က ထိုးစိုက်ထားသော ပန်းပွင့်များ ဖြစ်သည်။ ကျနော် နတ်ခေါင်ချုပ်များ၏ စွမ်းအားကို ငှားရမ်းသုံးစွဲသင့်သလား။ သူတို့က သူတို့၏ စွမ်းအားကို ငှားရမ်းပေးပါ့မလား။ ကျနော်မျက်စိရှေ့က လီဂျီဟယ်သည် 'မိစ္ဆာ' မဟုတ်ပေ။
"သစ္စာရှင်စစ်သူကြီး။ ကျေးဇူးပြုပြီး ရပ်လိုက်ပါ"
ထို့နောက် တည်ကြည်သော လူတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။ ဝံပုလွေတစ်ကောင်ကဲ့သို့ ကြီးမားသော လူတစ်ယောက်၏ လက်က လီဂျီဟယ်၏ ပုခုံးကို ညွှန်ပြလိုက်သည်။
['ပင်လယ်စစ်နတ်ဘုရား' နက္ခတ်သည် အလွန်အမင်း အမျက်ဒေါသထွက်နေပါသည်။]
['သံမဏိသခင်' နက္ခတ်သည် အေးစက်သော အကြည့်ကို ပေးပို့နေပါသည်။]
၎င်းသည် နက္ခတ်များအကြားက တိုက်ပွဲတစ်ခု ဖြစ်သည်။ ပထမဆုံး နောက်ဆုတ်သွားခဲ့သည်မှာ သစ္စာရှင်စစ်သူကြီး ဖြစ်သည်။ တစ္ဆေစစ်သင်္ဘောအုပ်စု၏ ပုံရိပ်ယောင်များ ပျောက်ကွယ်သွားပြီး လီဂျီဟယ်က မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ ထို့နောက် လီဂျီဟယ်၏ နောက်ကွယ်မှ လူတစ်ယောက် ထွက်ပေါ်လာသည်။
"မင်းလည်း ဒီမှာ ရှိနေတာပဲ"
ကျနော်သည် ထိုလူကို ငေးမောစွာ စိုက်ကြည့်နေမိသည်။ ဒီနေ့ ကျနော် ဘယ်နှစ်ကြိမ်မြောက် အံ့သြနေရမှန်း မသိတော့ပေ။
"ဘာလုပ်နေတာလဲ။ ဦးလေးကြီးဟန်းဆောင်။ သူက ယူဂျွန်ဟော့ဘက်ကလေ"
"ဒါက အခုထိ သေချာမသိရသေးပါဘူး"
၂၅ ခုမြောက် သို့မဟုတ် ၉၅ ခုမြောက် ဇာတ်ဝင်ခန်း။ တတိယမြောက် အလှည့် သို့မဟုတ် ၁၈၆၃ ခုမြောက် အလှည့်… လီဟန်းဆောင်သည် ကျနော်သိထားသော လီဟန်းဆောင်ပင် ဖြစ်သည်။
ကျနော်သည် မျက်ရည်အချို့ကို မနည်း ထိန်းထားလိုက်ရသည်။
"ကျုပ်က လီဟန်းဆောင်ပါ။ ခင်ဗျားရဲ့ နာမည်ကို မေးလို့ရမလား"
"…ကျနော် ကင်ဒေါ့ဂျာပါ"
လီဟန်းဆောင်သည် အများကြီး ခံစားခဲ့ရပုံရပြီး သူ၏နဖူးပေါ်တွင် ထူထဲသော အမာရွတ်တစ်ခုကို ကျနော် မြင်လိုက်ရသည်။ သူ၏ တင်းကျပ်သော သံမဏိကဲ့သို့ ကြွက်သားများပေါ်တွင် ရေတွက်မရနိုင်သော အမာရွတ်များ ရှိနေလေသည်။
ကျနော်၏ ရှုပ်ထွေးနေသော စိတ်ကို တည်ငြိမ်အောင် ကျနော် ကြိုးစားလိုက်သည်။ လီဂျီဟယ်ကဲ့သို့ပင် လီဟန်းဆောင်သည်လည်း လက်ရှိအချိန်တွင် အသက်ရှင်မနေသင့်သော လူတစ်ဦး ဖြစ်သည်။ ၁၈၆၃ ခုမြောက် အလှည့်တွင် ယူဂျွန်ဟော့သည် သူ၏ မိတ်ဆွေအားလုံးကို ဆုံးရှုံးခဲ့ရသည်။
လီဟန်းဆောင်က ပြောလိုက်သည်။
"ဒေါ့ဂျာ။ ကျုပ်တို့မှာ ခင်ဗျားကို ရန်မူဖို့ ရည်ရွယ်ချက်မရှိပါဘူး။ ကျုပ်တို့အတွက် အဲဒီမှာရှိတဲ့ ယူဂျွန်ဟော့ကိုပဲ လိုအပ်တာပါ"
ကောင်းမွန်သော အပြုံးတစ်ခုကို ပြုံးပြနေသော်လည်း ထိုအပြုံး၏နောက်ကွယ်က တည်ငြိမ်မှုကို ကျနော် အခက်အခဲမရှိ ဖတ်ရှုနိုင်လေသည်။ ဤလီဟန်းဆောင်သည် ၉၄ ခုမြောက် ဇာတ်ဝင်ခန်းအထိ ဖြတ်သန်းလာခဲ့ခြင်း ဖြစ်သည်။ ကျနော်က သူ့ကို နည်းနည်းလေး ခြိမ်းခြောက်လိုက်လျှင်တောင် လီဟန်းဆောင်သည် လီဂျီဟယ်ထက် ပိုမိုစေ့စပ်ပြီး ထိရောက်သော နည်းလမ်းဖြင့် ကျနော်ကို ဖယ်ရှားပစ်ရန် ကြိုးစားပေလိမ့်မည်။
ကျနော် တည်ငြိမ်သော လေသံဖြင့် မေးမြန်းလိုက်သည်။
"ဘာလို့ ယူဂျွန်ဟော့ကို လိုအပ်တာလဲ"
"သူ့မှာ ဒီဇာတ်ဝင်ခန်းကို ရှင်းလင်းဖို့ သော့ချက်ရှိတယ်"
၉၅ ခုမြောက် ဇာတ်ဝင်ခန်းက ဘာလဲဆိုတာ ကျနော်သိထားပြီး လီဟန်းဆောင်၏ စကားများက အမှန်တရားဖြစ်ကြောင်း မြင်နိုင်သည်။ ကျနော် သိချင်နေသည့် အရာက ထိုတစ်ခုတည်း မဟုတ်ပေ။
"ခင်ဗျားတို့အဖွဲ့မှာ လူဘယ်နှစ်ယောက် ရှိလဲ"
"ဟမ်"
"ခင်ဗျားတို့က ၉၅ ခုမြောက် ဇာတ်ဝင်ခန်းအထိ ရောက်လာတယ်ဆိုရင် အဖွဲ့တစ်ခုတော့ ရှိရမယ်လေ"
"အာ… ကျုပ်အဖွဲ့က ဂျီဟယ်…"
"ကျနော့်ကို နောက်တစ်ကြိမ် ထပ်ပြီး လိမ်မယ်ဆိုရင် နောက်နောင် ခင်ဗျားရဲ့ စကားတွေကို ကျနော် ယုံကြည်တော့မှာ မဟုတ်ဘူး"
လီဟန်းဆောင်၏ မျက်နှာအမူအရာ တင်းမာသွားသည်။ ကျနော် ဆက်ပြောလိုက်သည်။
"ခင်ဗျားက ခေါင်းဆောင်လား။ လီဟန်းဆောင် "
လီဟန်းဆောင်၏ မျက်လုံးများ တုန်ခါနေသည်။ အမှန်ပင် သူသည် အချိန်တွေ ဘယ်လောက်ပဲ ကုန်လွန်ပါစေ သူ၏ခံစားချက်များကို ဖုံးကွယ်ရာတွင် မကျွမ်းကျင်သော လူတစ်ယောက် ဖြစ်သည်။
"ဒါက…"
ဝေဝါးနေသော မျက်လုံးများက ကျနော်ကို ယုံကြည်မှု ပေးစွမ်းနိုင်သည်။ လီဟန်းဆောင်နှင့် လီဂျီဟယ်တို့သည် အဖွဲ့တစ်ခုတည်းတွင် ရှိနေကြသော်လည်း သူတို့က ခေါင်းဆောင် မဟုတ်ကြပေ။ ဤ '၁၈၆၃ ခုမြောက် အလှည့်' သည် ကျနော်သိထားသော ၁၈၆၃ ခုမြောက် အလှည့် မဟုတ်ပေ။
ကျနော်၏ ဦးခေါင်းက တည်ငြိမ်သွားခဲ့သည်မှာ သေချာသော အယူအဆတစ်ခု ရှိနေသောကြောင့် ဖြစ်၏။ ပြန်တွေးကြည့်လျှင် အရာအများစုကို နားလည်နိုင်ပေသည်။ ယူဂျွန်ဟော့အပေါ် ကျနော်၏ နားလည်နိုင်စွမ်းက ဆန်းကြယ်စွာ နည်းပါးနေသည်။ လီဂျီဟယ်နှင့် လီဟန်းဆောင်တို့ သေဆုံးရမည့်အစား ရှင်သန်နေရသည့် အကြောင်းရင်း။
ကျနော်အပြင် အခြားတစ်ယောက် ရှိနေသေးသည်။ မူရင်းဝတ္ထုထဲတွင် မပါဝင်သော တစ်စုံတစ်ဦးက ဤအလှည့်တွင် လှုပ်ရှားနေခြင်း ဖြစ်သည်။
"ခင်ဗျားတို့က ယူဂျွန်ဟော့ကို လိုချင်တယ်ဆိုရင် ကျေးဇူးပြုပြီး ခင်ဗျားတို့ရဲ့ ခေါင်းဆောင်ဆီကို ကျနော့်ကို လမ်းပြပေးပါ"
လီဟန်းဆောင်က ခေါင်းခါလိုက်သည်။
"အဲ့လိုလုပ်ပေးဖို့က ခက်ခဲလိမ့်မယ်။ ခင်ဗျားနဲ့ ယူဂျွန်ဟော့မှာ ဘာရည်ရွယ်ချက်ရှိနေလဲဆိုတာ ကျုပ်မသိဘူးလေ…"
"ခင်ဗျား အဲဒီလောက်အထိ သတိမထားနေလည်း ရပါတယ်။ ခင်ဗျားမြင်တဲ့အတိုင်းပဲ ကျနော်က အားနည်းပြီး လက်ရှိ ယူဂျွန်ဟော့ကတော့ အန္တရာယ်မပေးနိုင်ဘူးလေ။ သူက ကျနော့်ရဲ့ စကားတွေကို တော်တော်လေး နားထောင်တယ်"
"ဘာတွေ လာလျှောက်ပြောနေတာလဲ။ အဲဒီလူယုတ်မာက တခြားလူရဲ့စကားကို နားထောင်ပါ့မလား"
လီဂျီဟယ်တွင် ယူဂျွန်ဟော့အပေါ် တော်တော်လေး နားလည်နိုင်စွမ်း ရှိသည်။ လီဟန်းဆောင်သည်လည်း မယုံကြည်မှုများဖြင့် ပြည့်နှက်နေသည်။
"ကင်ဒေါ့ဂျာ။ ခင်ဗျားက ယူဂျွန်ဟော့ရဲ့မိတ်ဆွေလား"
…မိတ်ဆွေတဲ့လား
"ဟုတ်တယ်"
"…ကျုပ် မယုံဘူး။ ယူဂျွန်ဟော့မှာ မိတ်ဆွေ မရှိဘူးဆိုတာ ကျုပ်သိတယ်"
"ကျနော် ခင်ဗျားကို သက်သေပြမယ်။ ယူဂျွန်ဟော့"
ယူဂျွန်ဟော့က ကျနော်ကို လှမ်းကြည့်လိုက်သည်။
"မင်းရဲ့ ဓါးကို ကောက်လိုက်စမ်း"
ယူဂျွန်ဟော့က ကောင်းကင်ခွဲဓါးကို ကောက်ကိုင်လိုက်သည်။
လီဂျီဟယ်က အော်ဟစ်လိုက်သည်။
"ဒီလောက်ကတော့…"
"ယူဂျွန်ဟော့။ ဒီကိုလာခဲ့"
ယူဂျွန်ဟော့ ချဉ်းကပ်လာသည်နှင့်အမျှ ထိတ်လန့်သွားသော လီဂျီဟယ်က လီဟန်းဆောင်၏ နောက်ကွယ်တွင် ပုန်းအောင်းလိုက်သည်။
"ဦးလေးကြီးဟန်းဆောင်။ သတိထား။ သူက တိုက်ခိုက်တော့မယ်—"
"ယူဂျွန်ဟော့။ ထိုင်လိုက်စမ်း"
ယူဂျွန်ဟော့ ထိုင်ချလိုက်သည်။
လီဂျီဟယ်နှင့် လီဟန်းဆောင်တို့၏ ပါးစပ်များ ပြူးကျယ်သွားသည်။ ကျနော်၏ခိုင်းစေပြမှုက အမှန်တကယ်ပင် အံ့သြစရာ ကောင်းလှသည်။ သူတို့သိထားသော ယူဂျွန်ဟော့သည် ဤကဲ့သို့သော အရာမျိုးကို ဘယ်တော့မှ လုပ်မည့်သူ မဟုတ်ပေ။ ကျနော် သူ့အတွက် နည်းနည်းတော့ အားနာမိသော်လည်း မနေ့က ကျနော် အများကြီး အရိုက်ခံခဲ့ရတာမလို့ အားနာမနေတော့ပေ။
လီဂျီဟယ်နှင့် လီဟန်းဆောင်တို့သည် ဆပ်ကပ်ပွဲတစ်ခုကို ကြည့်နေရသကဲ့သို့ ဖြစ်နေပြီး ကျနော်က သူတို့ကို ပြုံးပြလိုက်သည်။ "ခင်ဗျားတို့ နောက်ထပ် ဘာကို စမ်းကြည့်ချင်သေးလဲ။ သူ့ကို ဖုန်ရှူခိုင်းရဦးမလား"
သူတို့သည် ကျနော့် စကားကို ကြားပြီးနောက် တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်လိုက်ကြသည်။ လီဂျီဟယ်က သူ၏လက်များကို ဝှေ့ယမ်းလိုက်ပြီး လီဟန်းဆောင်က သက်ပြင်းချလိုက်သည်။
"…ကျုပ်နောက်ကို လိုက်ခဲ့ပါ"
သူတို့၏ အခြေစိုက်စခန်းသည် သိပ်မဝေးလှပေ။ သို့သော် လမ်းတစ်လျှောက်တွင် ပေါ်ပေါက်လာသော 'အမည်မသိသောအရာများ' ကြောင့် ကျနော် ထင်ထားသည်ထက် ပို၍ အချိန်ကြာမြင့်သွားခဲ့သည်။ ကျနော် တို့သည် သားရဲများကို ရှောင်တိမ်းရင်း ပျက်စီးယိုယွင်းမှုများအကြား လှည့်လည်သွားလာခဲ့ကြရာ နှစ်နာရီခန့် ကြာမြင့်သွားခဲ့၏။
အဝေးတစ်နေရာတွင် သူတို့၏ ခံတပ်ဖြစ်ပုံရသော အဆောက်အဦးတစ်ခု ပေါ်ပေါက်လာသည်။
"ဒီနေရာပဲ"
ထိုနေရာတွင် ကျနော်နှင့် အင်္ကျီချင်းတူညီသော ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်နှင့် ကျနော်ဆုံတွေ့လိုက်ရသည်။