← Chapters

အခန်း (၃၆၁-၃၆၂)

Vol. 37 Ch. 361-362

အခန်း (၃၆၁-၃၆၂)

Vol. 37 Ch. 361-362

အခန်း (၃၆၁) - ကျန်းမျိုးနွယ်စု၏ ထမင်းလုတ်ကို ဖြတ်လုသူများ

ဒန်ရှားမေနန်းဆောင်၏ အဝင်ဝတွင် ကျန်းခယ်ကျန့်၏ ခြေလှမ်းတို့သည် ရုတ်ခြည်း တန့်ခနဲ ဖြစ်သွားရသည်။

မူလက ဤဆိုင်သစ်၏ အခြေအနေကို စုံစမ်းရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါ သူ၏ အကြည့်တို့သည် အဆောက်အဦး၏ ခန့်ညားမှုပေါ်၌ မဟုတ်တော့ဘဲ ဆိုင်းဘုတ်၏ ဘယ်ဘက်အောက်ခြေတွင် နေရောင်ခြည်နှင့်အတူ တလက်လက် တောက်ပနေသော ဆန်းကြယ်သည့် အမှတ်တံဆိပ်တစ်ခုပေါ်၌သာ သံလိုက်သဖွယ် ကပ်ညှိသွားတော့သည်။

ရွှေရောင်အလင်းတန်းများ ဝန်းရံလျက်ရှိသော ခြေသုံးချောင်းပါ ကြေးဝါဆေးဖိုကြီး တစ်ခုအား သူတွေ့လိုက်ရသည်။ ထိုဆေးဖို၏ အလယ်တွင် တောက်လောင်နေသော နေမင်းကြီးနှင့်သဏ္ဌာန်တူသည့် ဝင်းလက်သော ဆေးလုံးတစ်လုံးသည် အံ့ဩဘနန်း ထွက်ပေါ်နေသည်။

၎င်းမှာ လော့ထျန်းအဖွဲ့၏ အမှတ်အသားပင် ဖြစ်၏။ ဤအဖွဲ့တည်ထောင်သူ လော့ချန်၏ ထူးခြားသော နေမီးလျှံနှင့် ဆေးဖော်စပ်ခြင်းအတတ်ကို အခြေခံ၍ ပုံဖော်ထားခြင်း ဖြစ်သည်။ ထို့ပြင် အဖွဲ့အခြေစိုက်ရာ ဒန်ရှားတောင်ထိပ်၏ နေဝင်ဆည်းဆာ အလှအပများမှာ ဆေးအိုးအတွင်းမှ နေမင်းကြီး ထွက်ပေါ်လာသည့်အလား မြင်ကွင်းတစ်ရပ်ကို ဖန်တီးပေးထားသည်။

ဤအဖွဲ့၏ အမှတ်တံဆိပ်ကို မဟာအစီအရင်ဆရာကြီး မင်လုံယွီ ကိုယ်တိုင် သူ၏ လက်ရာမြောက်လှသော စုတ်ချက်များဖြင့် ခြယ်မှုန်းပေးခဲ့ခြင်း ဖြစ်သည်။ အစီအရင်ပညာ၌ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သူတစ်ဦးသည် အနုပညာရသဘက်၌လည်း ပါရမီထူးကဲနေခြင်းမှာ အံ့အားသင့်ဖွယ်ရာပင်ဖြစ်သည်။

သို့သော် ကျန်းခယ်ကျန့်ကို တုန်လှုပ်သွားစေသည်မှာ ထိုအနုပညာလက်ရာ မဟုတ်ပေ။ သူ၏ အကြည့်တို့သည် ညာဘက်ဘေးရှိလေထဲတွင် ဝေ့ဝဲနေသယောင်ရှိသော ကြည်လင်ဖြူစင်သည့် နှင်းပွင့်တစ်ပွင့်ဆီသို့ ရောက်သွားသည်။ ချက်ချင်းပင် သူ မျက်နှာပျက်သွားတော့သည်။

အကြောင်းမူ ၎င်းမှာ သာမန်နှင်းပွင့်ကလေး တစ်ပွင့်မဟုတ်ဘဲ ကျောက်စိမ်းအိုး ဂိုဏ်းခုနစ်ခုထဲမှ တစ်ခုဖြစ်သည့် ရေခဲခံတပ်၏ အထွတ်အမြတ်အမှတ်တံဆိပ် ဖြစ်နေသောကြောင့် ဖြစ်သည်။

လော့ထျန်းအဖွဲ့၏ နေမီးလျှံ အမှတ်တံဆိပ်ဘေးတွင် နှင်းပွင့်ကို ယှဉ်တွဲထားခြင်းမှာ မလိုက်ဖက်သယောင် ထင်ရသော်လည်း ကျန်းခယ်ကျန့်၏ ရင်ထဲ၌မူ မိုးကြိုးအချက်ပေါင်း ထောင်သောင်း ပစ်ချခံလိုက်ရသကဲ့သို့ တုန်လှုပ်သွားရသည်။ ဤဆန့်ကျင်ဘက် အမှတ်တံဆိပ်နှစ်ခု ယှဉ်တွဲနေခြင်း၏ အဓိပ္ပာယ်ကို သူ ကောင်းစွာ နားလည်သည်။ သူ၏ ကျန်းမျိုးနွယ်စု အမှတ်တံဆိပ်‌၏ ဘေးတွင်လည်း မီးတောက်အမှတ်အသား တစ်ခု ပါရှိကာ သူတို့မျိုးနွယ်စုသည် မီးလျှံမဟာမိတ်၏ လက်အောက်ခံဖြစ်ကြောင်း သက်သေပြနေခြင်း ဖြစ်သည်။

"ဒီသဘောအရဆိုရင်.... ဒန်ရှားရဲ့ လော့ထျန်းအဖွဲ့က ရေခဲခံတပ်ရဲ့ တိုက်ရိုက်လက်အောက်ခံလို့ ဆိုလိုတာလား"

ထိုအတွေးသည် ကျန်းခယ်ကျန့်၏ စိတ်ကို ချောက်ချားသွားစေသည်။ အကယ်၍ ၎င်းသာ အမှန်ဖြစ်ပါက လော့ထျန်းအဖွဲ့ကို နှိမ်နင်းရန် သူ စဉ်းစားထားသော အစီအစဉ်များအားလုံးမှာ အချည်းနှီးသာ ဖြစ်ပေတော့မည်။ နောက်ခံမရှိသော အင်အားစုအငယ်စားလေးတစ်ခုဟု ယူဆပြီး သူ စဉ်းစားထားသော အကြမ်းနည်း၊ အနုနည်း နည်းလမ်းအားလုံးမှာ သဲထဲရေသွန် ဖြစ်သွားရလေသည်။

ယခုမူ တစ်ဖက်လူက သူတို့တွင် ရွှေအမြုတေအဆင့်ရှိသော ဂိုဏ်းကြီးတစ်ဂိုဏ်း နောက်ခံရှိကြောင်း တလောကလုံးကို ပေါ်တင် ကြေညာထားခြင်း ဖြစ်သည်။ ထိုသို့သော အခြေအနေမျိုးတွင် မည်သည့် နည်းပရိယာယ်ကိုမျှ သုံး၍ မရတော့ပေ။ အကြောင်းမှာ ရွှေအမြုတေအဆင့် ဂိုဏ်းကြီးတစ်ဂိုဏ်း၏ ဩဇာခံအဖွဲ့အား စော်ကားမိပါက မိမိ၏ မျိုးနွယ်စုကို သေတွင်းထဲသို့ တွန်းပို့ခြင်းနှင့် အလားတူသောကြောင့်ပင် ဖြစ်သည်။

ပို၍ ဆိုးသည်မှာ ရေခဲခံတပ်သည် လက်ရှိတွင် ထျန်းလန်နတ်ဘုရားမြို့တော်ကို အလှည့်ကျ အုပ်ချုပ်နေသော ဂိုဏ်းဖြစ်သည်။ ဤကာလအတွင်း၌ မီးလျှံမဟာမိတ်ပင်လျှင် ဗိုလ်ကျ၍ မရဘဲ မြို့တော်၏ စည်းမျဉ်းဥပဒေများကို လိုက်နာကြရသည်။

ထျန်းလန်နတ်ဘုရားမြို့တော်ကို ဂိုဏ်းခုနစ်ခု စုပေါင်းတည်ထောင်ထားခြင်း ဖြစ်ရာ အလှည့်ကျ အုပ်ချုပ်သော ကာလအတွင်း မြို့တော်မှ ရရှိသမျှ အကျိုးအမြတ်နှင့် အာဏာစက်မှာ ထိုဂိုဏ်းတစ်ခုတည်းနှင့်သာ သက်ဆိုင်ပေသည်။

ဤသို့သော အရှိန်အဝါမျိုးကို မည်သူက ဆန့်ကျင်ရဲပါမည်နည်း။ သူတို့၏ လက်အောက်ခံ အင်အားစုလေးတစ်ခုကိုပင် မထိရဲကြပေ။ ထိုသို့ စော်ကားမိပါက မည်သို့ ဖြစ်သွားမည်ကို သမိုင်းက သက်သေပြခဲ့ဖူးသည်။

ကျန်းခယ်ကျန့်သည် လွန်ခဲ့သော ရာစုနှစ်တစ်ခုက မင်မျိုးနွယ်စု၏ ကံကြမ္မာဆိုးကို ပြန်လည် မြင်ယောင်လာသည်။ ထိုစဉ်က မင်မျိုးနွယ်စုသည် ကျန်းမျိုးနွယ်စုကဲ့သို့ပင် ထင်ရှားကျော်ကြားခဲ့သော်လည်း ခြေလှမ်းတစ်လှမ်း မှားသွားခဲ့သည်။ အုပ်ချုပ်သူဂိုဏ်းမှ ကျင့်ကြံသူများနှင့် ပဋိပက္ခ ဖြစ်ရာမှ မျိုးနွယ်စုတစ်ခုလုံး အမြစ်ပြတ် သုတ်သင်ခံလိုက်ရသည်။ မျိုးနွယ်စု၏ မဟာမိတ်ဟု ဆိုသူများမှာလည်း ဂိုဏ်းကြီး၏ အမျက်ဒေါသကို မရင်ဆိုင်ရဲသဖြင့် ဘေးမှသာ ရပ်ကြည့်နေခဲ့ကြသည်။

နောက်ဆုံးတွင် မင်မျိုးနွယ်စုသည် တစ်နှစ်ကြာ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံခဲ့ရပြီးနောက်၊ သူတို့၏ ဝိညာဉ်တောင်တန်းကြီး ပြိုလဲပျက်စီးသွားကာ မျိုးနွယ်စုတစ်ခုလုံး မြေမြှုပ်သင်္ဂြိုဟ်ခြင်း ခံလိုက်ရတော့သည်။

ကျန်းခယ်ကျန့်၏ ရင်ထဲတွင် ဝေခွဲမရခြင်း၊ ထိတ်လန့်ခြင်းနှင့် သံသယများစွာ လှိုင်းထန်နေသော်လည်း သူသည် ဒန်ရှားမေနန်းဆောင်အတွင်းသို့ တိတ်တဆိတ် ခြေလှမ်းဝင်ရောက်ရင်း စိတ်ထဲမှ ကြုံးဝါးလိုက်မိသည်။

"ငါ မင်းတို့ကို ဘာမှ မလုပ်နိုင်ရင်တောင်မှ၊ ကျန်းမျိုးနွယ်စုရဲ့ ဆေးလုံးဈေးကွက်ကို မင်းတို့ ဘယ်လိုမျိုး အပိုင်စီးဖို့ ကြိုးစားနေသလဲဆိုတာတော့ သိအောင် လုပ်ရမယ်"

ကျန်းခယ်ကျန့်သည် အတွင်းသို့ ဝင်လိုက်သည်နှင့် သူ၏ စူးရှသော မျက်လုံးများဖြင့် ဒန်ရှားမေနန်းဆောင်၏ အတွင်းပိုင်းကို စတင် လေ့လာတော့သည်။

သူ ဝင်ဝင်ချင်းပင် ကျိုင်းကောင်များသဖွယ် များပြားလှသော လူအုပ်ကြီးကိုတွေ့လိုက်ရသည်။

ချီသန့်စင်အဆင့် တစ်ကိုယ်တော်ကျင့်ကြံသူ ဆယ့်ငါးယောက်ခန့်သည် စိတ်လှုပ်ရှားစွာ ဆိုင်အတွင်း ကြည့်နေကြသည်။ အချို့က ဆေးလုံးများကို စေ့စေ့စပ်စပ် ကြည့်ရှုနေကြပြီး အချို့က မှော်လက်နက်များအကြောင်း မေးမြန်းနေကြသည်။ အချို့မှာမူ ပြတင်းပေါက်နားတွင် ထိုင်ကာ မွှေးပျံ့သော လက်ဖက်ရည်များကို သောက်ရင်း အမျိုးအမည်မသိ မုန့်များကို မြည်းစမ်းကာ ရယ်မောပျော်ရွှင်စွာဖြင့် စကားဖောင်ဖွဲ့နေကြသည်။

ဤသည်မှာ အမှန်တကယ် ထူးဆန်းလှသော မြင်ကွင်းပင်ဖြစ်သည်။

ဆိုင်သည် ဘာဆိုင်ပါဟု အတိအကျပြောရန်ပင် ခက်နေသည်။ ကျင့်ကြံ‌ထောက်ကူပစ္စည်းရောင်းဆိုင် ဖြစ်သော်လည်း လက်ဖက်ရည်ဆိုင်လိုလို၊ အပန်းဖြေ ခန်းမလိုလို ဖြစ်နေသည်။ ကျန်းခယ်ကျန့်အတွက်မူ ၎င်းမှာ သိက္ခာမဲ့လှသည်ဟု ခံစားရသည်။

သို့သော် ဝယ်သူအရေအတွက်မှာ အလွန်များပြားလှသဖြင့် အရောင်းဝန်ထမ်းတိုင်းသည် လက်ရော ခြေရော မအားနိုင်အောင် ဖြစ်နေကြသည်။ သူတို့သည် ကျန်းခယ်ကျန့်ကဲ့သို့ အဆင့်မြင့်ကျင့်ကြံသူတစ်ဦး ဝင်လာသည်ကိုပင် ဂရုပြုမိချိန်မရှိသဖြင့် မည်သူမျှ လာရောက် ဂါရဝမပြုကြပေ။

သို့သော် သူသည် ထိုအခြင်းအရာကို အာရုံမထားဘဲ တွေးလိုက်သည်။

"ရပါတယ်၊ ငါ့ဘာသာငါပဲ အကဲခတ်တော့မယ်"

ကျန်းခယ်ကျန့် ထိုသို့ တွေးလိုက်စဉ်မှာပင် နူးညံ့ပျူငှာသော အသံချိုချိုတစ်သံ ထွက်ပေါ်လာ၍ သူ အနည်းငယ် အံ့အားသင့်သွားသည်။

"မင်္ဂလာပါ အစ်ကိုရှင့်.... ကျွန်မတို့ ဒန်ရှားမေနန်းဆောင်ကို ပထမဆုံး ကြွရောက်လာတာလားရှင့်"

သူ မော့ကြည့်လိုက်ရာ တောက်ပလှပပြီး ကျော့ရှင်းသော အမျိုးသမီးတစ်ဦး သူ၏ ရှေ့သို့ ရောက်လာသည်ကို မြင်လိုက်ရသည်။

ကျန်းခယ်ကျန့်သည် ထိုအမျိုးသမီးမှာ သူ့ကို ပြောနေခြင်းဖြစ်ကြောင်း သိလိုက်သဖြင့် တည်ငြိမ်စွာ ခေါင်းညိတ်ပြလိုက်ပြီး "ဟုတ်တယ်ကွ၊ ဒါ ပထမဆုံးအကြိမ်ပဲ၊ မင်းတို့ဆိုင်မှာ ထူးထူးခြားခြား ဘာဆေးလုံးတွေရှိလဲ ပြောစမ်းပါဦးကွာ" ဟု ပြောလိုက်သည်။

‘အင်း လော့ချန် ခန့်မှန်းထားတဲ့အတိုင်းပဲ၊ သူ ဆေးလုံးတွေအကြောင်း စုံစမ်းဖို့ လာတာပဲ’ ဟုတွေးရင်း ကူချိုင်ယီ၏ စိတ်ထဲတွင် ခေတ္တ မွန်းကြပ်သွားသော်လည်း မျက်နှာအမူအရာမပျက် တည်ငြိမ်ထားလိုက်သည်။

သူမ နွေးထွေးစွာဖြင့် ထိုသူအား ပြတင်းပေါက်နားသို့ လမ်းပြလိုက်သည်။

"ရှောင်လျန်ရေ.... ဒီ ဧည့်သည်တော်အတွက် လက်ဖက်ရည် ပြင်လိုက်ပါဦး"

ကျန်းခယ်ကျန့်သည် သူ မေးစရာ အနည်းငယ်သာ ရှိကြောင်းနှင့် ဘာမျှ မသောက်လိုကြောင်း ငြင်းဆန်ရန် ရည်ရွယ်ထားသော်လည်း ထိုအမျိုးသမီး၏ ဆွဲဆောင်မှုရှိသော အပြုအမူကြောင့် မသိလိုက်ဖာသာ ထိုင်လိုက်မိသည်။ သူ ဘာမျှမပြောရသေးခင်မှာပင် ထိုအမျိုးသမီးကျင့်ကြံသူက ပြုံးရွှင်စွာ ပြောလိုက်သည်။

"ငြင်းမနေပါနဲ့ အစ်ကိုရယ်၊ ကျွန်မတို့ဆိုင်ကို ပထမဆုံးအကြိမ် လာတဲ့သူတိုင်းကို နို့လက်ဖက်ရည်နဲ့ မုန့်အချို့တည်ခင်းဧည့်ခံတာ ထုံးစံပါပဲရှင်"

မကြာမီမှာပင် အရောင်းဝန်ထမ်းလေးတစ်ဦးက အဖြူရောင် ဖျော်ရည်တစ်ခွက်နှင့် မုန့်ပန်းကန်အချို့ ပါသော လင်ဗန်းတစ်ချပ်ကို တရိုတသေ တည်ခင်းပေးသည်။

"ဒါက လှိုင်းဖြူ ပုလဲနို့လက်ဖက်ရည် ပါ၊ ထျန်းလန်တောင်ထိပ်က အေးမြတဲ့ ဝိညာဉ်စမ်းရေ၊ ဘိုဘိုငါးရဲ့ နို့နဲ့ ဝိညာဉ်သစ်သီးတွေ ရောစပ်ထားတာပါ၊ အရသာမှာ အတုမရှိတာမို့လို့ မြည်းစမ်းကြည့်ပါဦး အစ်ကိုရှင့်"

ကျန်းခယ်ကျန့်မှာ အစက စိတ်မဝင်စားသော်လည်း သူမ ဤမျှ တိုက်တွန်း ပြောနေသဖြင့် မြည်းစမ်းကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။ သူ၏ နှုတ်ခမ်းနှင့် ထိလိုက်သည်နှင့် လန်းဆန်း မွှေးအီသော အချိုဓာတ်မှာ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားတော့သည်။ မျိုချလိုက်ပြီးနောက် လည်ချောင်းအတွင်း၌ ချိုမြိန်သော ရသ ကျန်ရှိနေသည်ကို သူ အံ့ဩစွာ ခံစားလိုက်ရသည်။ သူ အံ့ဩသွားရသည်မှာ ချီစွမ်းအင် အနည်းငယ်သည် စမ်းရေအေးလေးကဲ့သို့ သူ၏ ဝိညာဉ်လမ်းကြောင်းများအတွင်းသို့ စိမ့်ဝင်သွားခြင်းပင် ဖြစ်သည်။

သူ ခေတ္တ ကြောင်သွားရသည်။

"ဟေ ဒါက ဘာလဲဟ၊ အရသာ ရှိလှချည်လား၊ ချီစွမ်းအင်တောင် ပါသေးတယ်"

အကယ်၍ ၎င်းကို ခေါင်းလောင်းရွှေအိုးရိပ်မြုံ ကဲ့သို့သော နာမည်ကြီး စားသောက်ဆိုင်ကြီးများ၌ တည်ခင်းသည်ဆိုပါက ကျိုးကြောင်းဆီလျော်သေးသည်။ သို့သော် ဆေးရောင်းဆိုင်တစ်ဆိုင်တွင် ဤကဲ့သို့သော အရည်အသွေးမျိုး တွေ့ရခြင်းမှာ တကယ်ပင် ထူးဆန်းလှသည်။

"ဟောဒီက မုန့်ချိုလေးတွေကိုလည်း မြည်းကြည့်ပါဦး အစ်ကိုတော်.... စားရင်းနဲ့မှ ကျွန်မတို့ ပစ္စည်းတွေကို လေ့လာကြည့်ပေါ့၊ ကျင့်ကြံရင်းနဲ့ နွမ်းနယ်နေတဲ့သူ‌အဖို့တော့ ဒါက စိတ်အပန်းပြေစရာ ခရီးစဉ်လေး မဟုတ်ဘူးလားရှင့်"

ကျန်းခယ်ကျန့်သည် ပြောင်းဖူးပေါက်ပေါက် တစ်ဆုပ်ကို ယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။ ထူးဆန်းသည်မှာ ထိုမုန့်သည်လည်း အရသာရှိပြီး ချီစွမ်းအင် အနည်းငယ် ရှိနေသည်။ သူ၏ စိတ်ထဲတွင်မူ မတင်မကျ ဖြစ်နေသည်။

အကြောင်းမှာ နဂါးတောင်ရိုးမှ ကျန်းမျိုးနွယ်စု၏ ဆိုင်များတွင် ဤကဲ့သို့သော ဝန်ဆောင်မှုမျိုး တစ်ခါမျှ မရှိခဲ့ဖူးသောကြောင့်ဖြစ်သည်။

‘ဒီလို ဝန်ဆောင်မှုတွေက တကယ်ပဲ အလုပ်ဖြစ်လို့လား’ ဟု သူ မတွေးဘဲ မနေနိုင်တော့ပေ။

သို့ရာတွင် သူအဖြေကို သိနေသည်။ ဤဝန်ဆောင်မှုမျိုးသည် ဖောက်သည်ဆွယ်ရာတွင် အကျိုးများလှသည်။ အထူးသဖြင့် ဝိညာဉ်ကျောက်တုံး တစ်တုံးကိုပင် တွန့်တိုစွာ သုံးစွဲရသော တစ်ကိုယ်‌တော် ကျင့်ကြံသူများအတွက် ဤကဲ့သို့သော အခမဲ့ ဝန်ဆောင်မှုလေးများမှာ အကောင်းဆုံးသော ဆွဲဆောင်မှုပင် ဖြစ်သည်။

နို့လက်ဖက်ရည် တစ်ခွက်နှင့် မုန့်ချိုတစ်ပန်းကန်သည် သူတို့၏ ကျင့်ကြံခြင်းအတွက် အထောက်အကူ ဖြစ်စေသည်။ ထို့အပြင် လှပချောမောသော အမျိုးသမီးကျင့်ကြံသူတစ်ဦးကလည်း သူတို့ဘေးတွင် စိတ်ရှည်လက်ရှည် ရှင်းပြပေး‌နေရာ ထိုသူများအတွက် နတ်ပြည်ရောက်သကဲ့သို့ ရှိပေလိမ့်မည်။

ထိုအချိန် ကျန်းမျိုးနွယ်စု၏ ဆိုင်ရှင်များကမူ ဘာလုပ်ကြသနည်း။ သူတို့သည် "ကြိုက်ရင် ဝယ်၊ မကြိုက် မလာနဲ့၊ ငါတို့က ဂရုကိုမစိုက်တာ" ဟူသော မျက်နှာပေးဖြင့်သာ ဆက်ဆံကြမည် မဟုတ်ပါလော။

ကျန်းခယ်ကျန့်သည် မုန့်ချိုများကို တိတ်တဆိတ် ဝါးနေမိသည်။ ထို အရသာမှာ သူ၏ လျှာပေါ်တွင်သာမက သူ၏ အတွေးများထဲအထိ စိမ့်ဝင်နေတော့သည်။

"အံ့ဖွယ်တစ်သောင်းဆေးလုံးတွေကတော့ နာမည်ကြီးပဲရှင့်၊ ဒါပေမဲ့ အစ်ကိုတို့လို ကျင့်ကြံခြင်းကို အလေးထားတဲ့သူတွေက ဒါမျိုးတွေ လိုမယ်မထင်ပါဘူး၊ ဒီတော့.... "

"မ.... မဟုတ်ဘူး၊ ငါ အဲဒါတွေ လိုတယ်" ဟု ကျန်းခယ်ကျန့်က ကြားဖြတ်ပြောလိုက်သည်။

ကူချိုင်ယီသည် သူ၏ ပြတ်သားသော စကားသံကြောင့် အံ့အားသင့်သွားပြီးမှ ပြုံးလိုက်သည်။

"ဟုတ်ကဲ့ပါရှင့်၊ ဒါဆို အစ်ကို့ အတွက် တစ်ပုလင်း အသင့်ပြင်ပေးပါမယ်၊ အနှစ်သာရ မွေးမြူရည် အကြောင်းကိုကော ရှင်းပြရမလားရှင်"

"အေးပေါ့၊ ဆက်ပြောကွာ"

ကျန်းခယ်ကျန့်က ပဲလှော်များကို လက်တစ်ဆုပ်စာ နှိုက်ယူကာ ပါးစပ်ထဲပစ်ထည့် ဝါးနေရင်း ခပ်ပေါ့ပေါ့ပင် ပြန်ပြောလိုက်သည်။

ကူချိုင်ယီသည် ဆေးလုံးအမျိုးမျိုး၏ အာနိသင်နှင့် ဈေးနှုန်းများကို အသေးစိတ် ရှင်းပြတော့သည်။ အချိန်အတန်ကြာအထိ ကျန်းခယ်ကျန့်သည် စိတ်ရှည်လက်ရှည် အာရုံစိုက် နားထောင်နေသည်။

အထူးသဖြင့် ကျောက်စိမ်းအမြုတေဆေးလုံး အကြောင်းကို ရောက်သောအခါ သူသည် အကျိုးသက်ရောက်မှုနှင့် ဆောင်ရန်၊ ရှောင်ရန်များကို အသေးစိတ် မေးမြန်းနေပြီး တစ်ချက်ကလေးမျှ လွတ်သွားမည်ကို စိုးရိမ်နေသယောင် ရှိသည်။

နောက်ဆုံးတွင် သူသည် ဝိညာဉ်ကျောက်တုံး နှစ်ရာဖိုး သုံးစွဲခဲ့ပြီး ဒန်ရှားမေနန်းဆောင်မှ ရောင်းချသမျှ ဆေးလုံးနှင့် မုန့်အမျိုးအစား အားလုံးကို ဝယ်ယူခဲ့သည်။

သူ ထွက်သွားသောအခါ ကူချိုင်ယီက တံခါးဝအထိ လိုက်ပါ ပို့ဆောင်ပေးလိုက်သည်။

"အစ်ကိုကြီး.... နောက်တစ်ခေါက်လည်း လာအားပေးပါဦးနော်"

အခြေတည် အလယ်အဆင့်ဖြစ်သော ကျန်းခယ်ကျန့်သည် ကူချိုင်ယီ၏ နူးညံ့ပျူငှာသော အပြုံးလေးနှင့် နှုတ်ဆက်သံကို ကြားသောအခါ သူတို့ဆိုင်နှင့် နံ့သာဆီနှင့် အီးပမာ ကွာချက်ကိုတွေးရင်း ငိုမဲ့မဲ့ပင် ဖြစ်သွားသည်။

"ကျွတ်.... တကယ် နားမလည်နိုင်တော့ဘူးဟေ့၊ ဒီလောက် အရည်အသွေးကောင်းတဲ့ဆေးတွေကို ဒီဈေးနဲ့ရောင်းနေတာ သူတို့က အရှုံးခံပြီး ရောင်းနေတာလား၊ ကျင့်ကြံခြင်းလောကမှာ ဒါမျိုးက ဖြစ်နိုင်လို့လားဟ၊ ပြီးတော့ တကယ့် ဝေးလံခေါင်သီတဲ့ နေရာကြီးမှာ.... ငါတို့ မြို့လယ်ခေါင်က ဆိုင်တွေထက်တောင် ဝန်ဆောင်မှုက အပုံကြီးသာနေသေးတယ်၊ လူတန်းစားမရွေး ဆိုင်လာသမျှ လူတိုင်းကို အပြုံးမပျက် ဧည့်ခံနေတာ၊ ဒါကြည့်ပြီး ငါ့ဆိုင်က လူတွေကို ပြန်နှိုင်းမိရင် စိတ်ပျက်ဖို့ကောင်းလိုက်‌လေခြင်း၊ တကယ့်ကို စိတ်ပျက်စရာ ဝန်ဆောင်မှုမျိုးတွေ၊ ဒီအတိုင်းသာဆို ကျန်းမျိုးနွယ်စုရဲ့ ဆိုင်တွေက သူတို့ကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ၊ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊ ကောင်းကင်နဲ့ မြေကြီးလို ကွာ‌နေပြီ၊ ငါတို့ဆိုင်က ရှေးရိုးစွဲ ဆက်လုပ်နေရင် ကိုယ့်ကိုယ်ကိုယ် သတ်သေနေတာနဲ့ အတူတူပဲ"

ဒန်ရှားမေနန်းဆောင်၏ တတိယထပ် ပြတင်းပေါက်မှတစ်ဆင့် မျက်လုံးတစ်စုံက ကျန်းခယ်ကျန့် ထွက်ခွာသွားသည်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။

"သူ့နာမည်က ကျန်းတဲ့၊ အခြေတည် အလယ်အဆင့် ဖြစ်ပုံရတယ်၊ လျိုဇီ.... သူ ဘယ်သူလဲ မင်း သေချာသိလား"

လော့ချန်၏ နောက်တွင် ရပ်နေသော ရွှီရှောင်လျိုမှာ ချက်ချင်း ဆိုသလို "ခေါင်းဆောင်ခင်ဗျ.... သူက နဂါးတောင်ရိုး ကျန်းမျိုးနွယ်စုရဲ့ ခေါင်းဆောင် ကျန်းခယ်ကျန့် ဖြစ်ဖို့ များပါတယ်၊ ခေါင်းဆောင်ပြောသလို သူက အခြေတည် အလယ်အဆင့် ၄ မှာ ရှိတယ်လို့ အတည်ပြုထားပါတယ်ဗျ" ဟု ဆိုသည်။

"အိမ််း.... နဂါးတောင်ရိုး ကျန်းမျိုးနွယ်စု....”

လော့ချန် ထိုနာမည်ကို တိုးတိုးလေး ရွတ်လိုက်သည်။

ရွှီရှောင်လျိုက စိုးရိမ်တကြီးဖြင့် ဆိုသည်။

"ဂိုဏ်းကြီးတွေကို ခဏဖယ်ထားဦးဗျာ၊ ကျန်းမျိုးနွယ်စုဆိုတာ ဆေးဖော်စပ်တဲ့နေရာမှာ နာမည်အကြီးဆုံး မျိုးနွယ်စုတွေထဲက တစ်ခုပဲဗျ၊ သူတို့ရဲ့ မီးသစ်ခွဆေးလုံး ဆိုရင် တစ်ကိုယ်တော်ကျင့်ကြံသူတွေကြားမှာ အတော်လေး နာမည်ကြီးပြီး အဝယ်လိုက်တယ်ခင်ဗျာ၊ ကျွန်တော်တို့ ကျောက်စိမ်းအမြုတေ ဆေးလုံးကို စရောင်းတုန်းကတော့ သူတို့ ဘာမှ သိပ်မပြောသေးပေမဲ့.... အခုတော့ သူတို့ စီးပွားရေးကို တော်တော်လေး ထိခိုက်လာပုံရတယ် ခေါင်းဆောင်.... အခြေအနေကတော့ သိပ် မကောင်းဘူး၊ ခေါင်းဆောင်ရော ဘယ်လိုထင်လဲ၊ သူတို့ ကျွန်တော်တို့ကို ပြန်ပြီး ရန်မူလာနိုင်မလား မသိဘူးနော်"

အကယ်၍ ၎င်းမှာ အခြားသော အင်အားစုအငယ်စားလေးတစ်ခုသာဆိုလျှင် ရွှီရှောင်လျို စိုးရိမ်မည် မဟုတ်ပေ။ လော့ထျန်းအဖွဲ့သည် အပြင်ပန်း မြင်ရသလောက် မပျော့ညံ့ကြောင်း သူ ကောင်းစွာ သိသည်။

အပြင်ပန်းကြည့်လျှင် လော့ထျန်းအဖွဲ့တွင် အခြေတည်အဆင့် ကျင့်ကြံသူ နှစ်ဦး (ခေါင်းဆောင် လော့ချန်နှင့် တွမ်ဖုန်း) ရှိသည်။ ထို့ပြင် ချီသန့်စင် အထွတ်အထိပ် အဆင့်ရှိသည့် ခန္ဓာကိုယ်ကျင့်ကြံခြင်း လမ်းစဉ် ကျင့်ကြံသူ တစ်ဦးလည်း ရှိသေးသည်။ ထိုသူသည် အခြေတည်အဆင့် ကျင့်ကြံသူများကိုပင် အကြိမ်ကြိမ် အနိုင်ယူခဲ့ဖူးသည်ဟု ဆိုကြသည်။

ထို့ပြင် ခေါင်းဆောင်သည် အဆက်အသွယ် ကောင်းမွန်ပြီး အခြေတည်အဆင့် ကျင့်ကြံဖော် အများအပြားကို အချိန်မရွေး ခေါ်ယူနိုင်သည်။ အဆင့်မြင့် တိုက်ခိုက်ရေးစွမ်းရည်ကို အသာထား၊ သူတို့၏ အလယ်အလတ် အင်အားစုမှာလည်း တိုက်ပွဲပေါင်းစုံ ဖြတ်သန်းခဲ့သော ဝါရင့် ချီသန့်စင်အဆင့် ကျင့်ကြံသူများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

သို့သော် နဂါးတောင်ရိုး ကျန်းမျိုးနွယ်စုမှာ ထိုအင်အားစုလေးများကဲ့သို့ မဟုတ်ပေ။ သူတို့သည် ထျန်းလန်နတ်ဘုရားမြို့တော်အတွင်း အခြေကျနေသော ကျင့်ကြံခြင်းမျိုးနွယ်စုကြီး ဖြစ်သည်။

သူတို့၏ သမိုင်းကြောင်းမှာ ရာစုနှစ် သုံးခုခန့်သာ ရှိသေးသည်ဟု ဆိုသော်လည်း၊ အမှန်တကယ်တွင်မူ သူတို့သည် ကျောက်စိမ်းအိုး နယ်မြေ မတည်ထောင်ခင်ကတည်းက မီးလျှံမဟာမိတ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ကြသူများ ဖြစ်သည်။ သူတို့၏ မျိုးရိုးစဉ်ဆက်မှာ ရှေးကျကာ ဩဇာကြီးမားလှသည်။

လတ်တလော နှစ်များအတွင်း ရွှေအမြုတေအဆင့် ကျင့်ကြံသူ မပေါ်ထွက်ခဲ့သော်လည်း မျိုးနွယ်စုအတွင်း၌ အခြေတည်အဆင့် ကျင့်ကြံသူ သုံးဦးအထိ ရှိနေဆဲ ဖြစ်သည်။ ရာစုနှစ်များစွာ တည်ဆောက်ခဲ့သော သူတို့၏ လက်တံရှည်မှုနှင့် အဆက်အသွယ်များမှာ အခြေမကျသေးသော လော့ထျန်းအဖွဲ့နှင့် ယှဉ်လျှင် များစွာ သာလွန်ပေလိမ့်မည်။ အကယ်၍ သူတို့သာ တကယ် ရန်မူလာမည်ဆိုလျှင် မည်သို့ ရင်ဆိုင်ပါမည်နည်း။

"သိပ်လဲ ပူမနေပါနဲ့ကွာ၊ ငါ့အထင် သူတို့က ထိပ်တိုက်ရင်ဆိုင်တဲ့ နည်းလမ်းကို သုံးမှာ မဟုတ်ဘူး"

လော့ချန်၏ တည်ငြိမ်သော အသံက ရွှီရှောင်လျိုအား အနည်းငယ် စိတ်သက်သာရာ ရစေသည်။ ရွှီရှောင်လျိုက လော့ချန်၏ ကျောပြင်ကို ငေးကြည့်လိုက်သည်။ ထို့နောက် လော့ချန်သည် ပြတင်းပေါက်ကို ပိတ်ကာ လှည့်ထွက်ပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။

သူ လမ်းလျှောက်ရင်း ဆက်ပြောလိုက်သည်။

"သေချာတာက သူတို့ အကြမ်းဖက်တဲ့ နည်းလမ်းကို သုံးမှာ မဟုတ်ဘူး"

ရွှီရှောင်လျို ကြောင်သွားရသည်။ အကြမ်းမဖက်ဘူးဆိုပါက ပညာရှိနည်းဖြင့် အနုနည်းနှိပ်စက်လာနိုင်သည်ဟု ဆိုလိုချင်သည်လား။ သို့သော် လော့ချန်က ထပ်မံ ရှင်းမပြတော့ပေ။ သို့နှင့် သူတို့ အတူတူ အောက်ထပ်သို့ ဆင်းလာခဲ့ကြသည်။

ကူချိုင်ယီမှာ အောက်တွင် အသင့် စောင့်ဆိုင်းနေပြီး ဖြစ်သည်။

"ခေါင်းဆောင် ခန့်မှန်းထားတဲ့အတိုင်းပဲ၊ အဲဒီအကြီးအကဲက ကျွန်မတို့ အခြေအနေကို အသေးစိတ် မေးသွားပါတယ်၊ ကျွန်မလည်း ဆေးလုံးတွေအကြောင်း သေချာ ရှင်းပြခဲ့ပါတယ်၊ ဒါပေမဲ့ အချို့အ‌ရေးကြီးအချက်တွေကိုတော့ ချန်ထားခဲ့ပါတယ်"

လော့ချန် ခေါင်းညိတ်လိုက်သည်။

"ကောင်းတယ်၊ အဲဒီအတိုင်းပဲ ဆက်လုပ်"

သူ၏ မလှုပ်မယှက် တည်ငြိမ်နေမှုကို ကြည့်ရင်း ကူချိုင်ယီ မေးလိုက်မိသည်။

"အဲဒီလူက မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လာတာလားဟင်"

လော့ချန် အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။

"မကောင်းတဲ့ ရည်ရွယ်ချက်လား.... အဟက်.... ငါတို့ကမှ သူတို့ထမင်းအိုးကို အရင်သွားရိုက်ခွဲလိုက်တာလေ၊ အခု သူရောက်လာတာက ငါတို့ကို လာဆဲဖို့လား၊ ဒါမှမဟုတ် ထမင်းဝိုင်းထဲ အတင်းဝင်ထိုင်ဖို့လားဆိုတာတော့ စောင့်ကြည့်ရမှာပေါ့”

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၃၆၂) - ဘုန်းနှင့်ကံနှင့် တော်ဝင်သဇင်

အမှန်စင်စစ် ရဲရဲတင်းတင်း ရန်စသူများမှာ လော့ထျန်းအဖွဲ့ သာ ဖြစ်ပေသည်။ သူတို့သည် အာနိသင်ထူးကဲသော ဝိညာဉ်ဆေးလုံးများနှင့် စိတ်ကျေနပ်ဖွယ် ဝန်ဆောင်မှုများကို ဈေးနှုန်းသက်သက်သာသာဖြင့် ဝယ်ယူသူများအောင် ဆွဲဆောင်ခဲ့ကြသည်။ ထို့ပြင် ထျန်းလန် နတ်ဘုရားမြို့တော်၏ ဆေးလုံးဈေးကွက် အတွင်းသို့ မည်သည့် ထုံးတမ်းစဉ်လာနှင့် အလားတူ ဆေးလုံးအရောင်းအဝယ်လုပ်ငန်းရှင်များကို ဂရုမစိုက်ဘဲ အလုံးအရင်းနှင့် ထိုးဖောက်ဝင်ရောက်ခဲ့ကြ၏။ စိုးရိမ်ပူပန်ရမည့်သူများမှာ ဒေသခံ စီးပွားရေးလုပ်ငန်းရှင်များသာဖြစ်ပြီး သူတို့မဟုတ်ချေ။

ထိုအင်အားစုများ၏ လက်စားချေ တုံ့ပြန်လာနိုင်မှုအပေါ်တွင်မူ လော့ချန် သိပ်စိတ်မပူချေ။

ဤကဲ့သို့ လုပ်ငန်းတူ ပြိုင်ဘက်များ၏ ရန်သည် အလွန်အမင်း ကြောက်ရွံ့နေရန် မလိုအပ်သော ကိစ္စရပ်တစ်ခုသာ ဖြစ်သည်။ အခြေအနေများသည် အကြမ်းဖက်မှုအသွင်သို့ ကူးပြောင်းမသွားသရွေ့ ထိုကိစ္စများကို စနစ်တကျရှိသော စီးပွားရေး ဗျူဟာများဖြင့်သာ ဖြေရှင်းရမည်ဖြစ်သည်။

လော့ချန်သည် ကုန်သွယ်မှုပညာတွင် ပါရမီထူးချွန်သူတစ်ဦး မဟုတ်ခဲ့သော်ငြားလည်း ထိုခေါင်းမာလှသော ကျင့်ကြံသူအိုကြီးများထက်တော့ အမျှော်အမြင် နည်းသူတစ်ဦး မဟုတ်ခဲ့ချေ။ ပို၍ အရေးကြီးသည်မှာ ဆေးလုံးရောင်းဝယ်မှု ဟူသည်မှာ တစ်ဖက်သတ် ဆုံးဖြတ်၍ရသော အရာမျိုး မဟုတ်ခြင်းပင် ဖြစ်သည်။ အရာအားလုံးသည် တစ်ကိုယ်တော်ကျင့်ကြံသူတို့၏ ရွေးချယ်မှုအပေါ်တွင်သာ မူတည်နေ၏။ ၎င်းတို့၏ ချမ်းသာကြွယ်ဝမှု၊ ကျင့်ကြံခြင်းလမ်းစဉ်နှင့် တစ်ဦးချင်း လိုအပ်ချက်များမှာ ကွဲပြားခြားနားလှသည့်အတွက် ဈေးကွက်အတွင်း ရောင်းချသူများလေလေ ဝယ်ယူသူများ စိတ်ကြိုက်ရွေးချယ် နိုင်လေလေဖြစ်သည်။ သို့ဖြစ်လေရာ ရေရှည်ကြည့်ပါက မြို့တော်မှ ဝယ်ယူသူများအတွက် ကောင်းကျိုးရမည်မှာ မလွဲမသွေပင် ဖြစ်တော့သည်။

လော့ထျန်းအဖွဲ့ မရောက်ရှိမီ အချိန်ကတည်းကပင် ထျန်းလန် နတ်ဘုရားမြို့တော်၏ ဆေးရောင်းဝယ်ဖောက်ကားရေး လုပ်ငန်းရှင်များသည် ညီညွတ်ခဲ့ခြင်း မရှိသ‌လောက်ပင်ဖြစ်သည်။ သို့ဖြစ်လေရာ လော့ထျန်းအဖွဲ့ ဈေးကွက်ထဲသို့ ဝင်ရောက်လာရုံမျှဖြင့် ရှိရင်းစွဲ အင်အားစုများက ရုတ်တရက် လက်တွဲသွားကြလိမ့်မည်ဟု ယုံကြည်ရန် အကြောင်းမရှိပေ။ စင်စစ်တွင်မူ ဆန့်ကျင်ဘက်အနေဖြင့် အပျက်ပျက်နှင့် နှာခေါင်းသွေးထွက်ဖို့သာ ပို၍ ဖြစ်နိုင်ချေရှိသည်။

….

"ခေါင်းဆောင်ခင်ဗျ.... အမိန့်အတိုင်း ကျွန်‌တော်တို့ စုံစမ်းစစ်ဆေးမှုတွေ လုပ် ပြီးသွားပါပြီ"

ကျန်းခယ်ကျန့်သည် ထိုသူအား တစ်ချက်ကြည့်လိုက်ပြီး စကားတစ်လုံးတည်းကိုသာ ဆိုလိုက်၏။

"ပြောစရာရှိတာသာ မြန်မြန်ပြောစမ်းကွ"

သတင်းအချက်အလက် စုဆောင်းရန် တာဝန်ပေးခြင်းခံရသော ကျင့်ကြံသူသည် တုန်လှုပ်သွားရပြီး လွန်ခဲ့သောနေ့က သူသိရှိခဲ့သမျှကို အလျင်အမြန်ပင် အစီရင်ခံလိုက်တော့သည်။

"ကျွန်‌တော်တို့ရဲ့ ဈေးကွက်ကို နှောင့်ယှက်နေတဲ့ အင်အားစုကတော့ လော့ထျန်းအဖွဲ့ လို့ခေါ်တဲ့ အသစ်တက်လာတဲ့ အဖွဲ့အစည်းတစ်ခုပါဗျ၊ သူတို့က လွန်ခဲ့တဲ့ နှစ်နှစ် လောက်က ဟိုးနယ်စွန်နယ်ဖျားမှာရှိတဲ့ တာဟဲဆိုတဲ့ မြို့ကနေ ထျန်းလန် နတ်ဘုရားမြို့တော်ကို ရောက်လာတယ်လို့ သိရပါတယ်၊ သူတို့ရဲ့ ခေါင်းဆောင်ကတော့ ဒုတိယအဆင့် ဆေးဖော်ဆရာတစ်ဦးပါ၊ ကျောက်စိမ်းအမြုတေလို့ခေါ်တဲ့ ပထမအဆင့်ဆေးလုံးကို ဖော်စပ်ရာမှာ အရမ်းနာမည်ကြီးပါတယ်၊ အဲဒီဆေးလုံးက သူတို့ ဒီမြို့တော်ကို ရောက်လာတဲ့ အချိန်လောက်မှာပဲ ဈေးကွက်ထဲမှာ စပျံ့နှံ့လာတာပါခင်ဗျာ"

"ပထမတော့ အဲဒီဆေးကို ဟိုတစ ဒီတစ်စပဲ ရောင်းခဲ့တာမို့ တစ်ကိုယ်တော်ကျင့်ကြံသူတွေ ကိုယ်တိုင်လုပ်ပြီး လျှောက်ရောင်းနေတာလို့ပဲ အားလုံးက ထင်ခဲ့ကြပါတယ်၊ ဘယ်သူမှလဲ အရေးတယူ လိုက်မစုံစမ်းကြပါဘူး၊ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ် လောက်ကစပြီး ကျောက်စိမ်းအမြုတေဆေးလုံးကို သူတို့အဖွဲ့ကနေ တရားဝင် စတင်ရောင်းလာခဲ့ပါတယ်၊ သူတို့ရဲ့ အဓိက ဆိုင်ခန်းနေရာတွေကတော့ ပိယိုတောင်ကြားနဲ့ ဒန်ရှားတောင်မှာပါခင်ဗျ၊ သူတို့ ဆိုင်စဖွင့်တာနဲ့ အထူးလျှော့ဈေးတွေ၊ ပုံမှန်ဖောက်သည်တွေအတွက် အထူးခံစားခွင့်တွေနဲ့ လက်ကမ်းစာစောင်တွေလိုမျိုး အရောင်းမြှင့်တင်ရေး နည်းလမ်းတွေကို အသုံးပြုခဲ့ကြပါတယ်ဗျ.... "

ကျန်းခယ်ကျန့်သည် နားထောင်နေရင်းမှာပင် လော့ထျန်းအဖွဲ့ သည် ဈေးကွက်အတွင်းသို့ မည်သို့ တိတ်တဆိတ် ဝင်ရောက်လာခဲ့ပြီး မြန်ဆန်လှသော အရှိန်အဟုန်ဖြင့် မည်သို့ ဈေးကွက်နယ်မြေချဲ့ထွင်လာခဲ့သည်ကို မျက်ဝါးထင်ထင် မြင်ယောင်နေမိတော့သည်။ ခွေးတိုးပေါက်မှ တစတစချဲ့ဝင်လာရာမှ ရုတ်တရက် ပလ္လင်ပေါ်တက်ထိုင်ချင်ဟန် ပြောင်းလဲသွားခြင်းဖြစ်သည်။ သို့သော် လော့ထျန်း၏ ခြေလှမ်းတိုင်းတွင် ကြိုတင်ပြင်ဆင်မှုများ ရှိနေခဲ့သည်။ ဤသည်ကို‌ထောက်ချင့်ပါက သူတို့အဖွဲ့သည် မဆင်မခြင် ပြုမူတတ်သော အဖွဲ့အစည်းသစ်တစ်ခု မဟုတ်ကြောင်း သိသာနေသည်။

ထိုသို့သော အဖွဲ့မျိုးနှင့် ယှဉ်ပြိုင်ရခြင်းမှာ လွယ်ကူသော တိုက်ပွဲတစ်ခု ဖြစ်လာလိမ့်မည် မဟုတ်ပေ။

ကျန်းခယ်ကျန့်သည် ခေါင်းငုံ့လိုက်ပြီး သူ့လက်ထဲရှိ ဆေးပုလင်းပုံကြီးကို စိုက်ကြည့်နေမိသည်။ မနေ့ကပင် သူသည် မျိုးနွယ်စုဝင် ကျင့်ကြံသူများကို ထိုဆေးများအား စမ်းသပ်ရန် အမိန့်ပေးခဲ့၏။ ရလဒ်များမှာ ထိတ်လန့်ဖွယ်ကောင်းလှသည်။

အခြားဆေးများကို မဆိုထားဘိ၊ ကျောက်စိမ်းအမြုတေဆေးလုံး တစ်မျိုးတည်းနှင့်ပင် ကျန်းမျိုးနွယ်စု၏ မီးသစ်ခွဆေးလုံးကို အပြတ်အသတ် ကျော်လွန်နေခဲ့သည်။ ဝိညာဉ်ဆေးနန်းဆောင်၏ ချီစွမ်းအင်ဖြည့်ဆေးလုံးနှင့် နှိုင်းယှဉ်လျှင်ပင် အောက်ကျနောက်ကျ မရှိဘဲ တန်းတူရည်တူလိုက်နိုင်သည်။

သို့သော်လည်း လော့ထျန်းတို့သည် ဤကဲ့သို့သော အာနိသင်ထူးသည့်ဆေးလုံးအား တစ်ပုလင်းလျှင် ဝိညာဉ်ကျောက်တုံး ရှစ်ဆယ့်ငါးတုံးဖြင့်သာ ရောင်းချနေခဲ့သည်။ ချီစွမ်းအင်ဖြည့်ဆေးလုံးများမှာ ယခုအခါ တစ်ပုလင်းလျှင် တစ်ရာ့နှစ်ဆယ်အထိ ဈေးပေါက်နေခဲ့ပြီ ဖြစ်သည်။ အာနိသင် ပိုမိုအားနည်းသော နဂါးဝါဆေးလုံးကိုပင် ဆေးလုံးစိမ်းချိုင့်ဝှမ်းက တစ်ရာ့တစ်ဆယ် ဖြင့် ရောင်းချနေခြင်းပင် ဖြစ်သည်။ သူတို့၏ မီးသစ်ခွဆေးလုံးမှာလည်း ဈေးနှုန်းလိုက်ညှိကာ ချရောင်းထားရသဖြင့် ယခုအခါ တစ်ပုလင်းလျှင် တစ်ရာအထိသာ ရှိတော့သည်။

"ငါ့အမြတ်လေးတွေတော့ ကုန်ပါပြီဟ”

ကျန်းခယ်ကျန့်သည် စိတ်ထဲ၌ လွန်စွာ မချိတင်ကဲအားကိုးရာမဲ့မှုကို ခံစားရကာ ညည်းတွားလိုက်မိသည်။ ဤမျှ ကောင်းမွန်သော ဆေးလုံးများကို သကောင့်သားများက ဈေးနှုန်းအလွန်ချိုသာစွာဖြင့် ရောင်းချနေကြသည်။ သို့ဖြစ်ရာ တစ်နှစ်တာကာလတိုလေးအတွင်းမှာပင် သူတို့၏ စီးပွားရေးကို ထိခိုက်စေခဲ့သည်မှာ မဆန်းတော့ချေ။

"ခေါင်းဆောင်ခင်ဗျ.... "

အတွေးပေါင်းသောင်းခြောက်ထောင်နှင့် ငိုင်‌နေသောသူ့အား ဘေးမှသူ့တပည့်က ခေါ်လိုက်၏။

ကျန်းခယ်ကျန့် ခေါင်းကို မော့လိုက်သည်။ သူ့တွင် သူ့လက်အောက်ငယ်သားများ၏ အသုံးမကျမှုကို အပြစ်တင်ရန် အားအင်မရှိတော့ချေ။ လက်ရှိ အရေးကြီးဆုံးအရာမှာ ဈေးကွက်ကို ပြန်လည်ရယူရန်ဖြစ်ပြီး အလျင်စလို စိတ်လိုက်မာန်ပါ ပြုမူခြင်းသည် ပိုမိုကြီးမားသော ဆုံးရှုံးမှုများကိုသာ ဖြစ်ပေါ်စေလိမ့်မည်။ အနည်းဆုံးတော့ သူသည် လော့ထျန်းအဖွဲ့ ခေါင်းဆောင်စီစဉ်သူထံမှ အချက်တစ်ချက်ကို သင်ယူလိုက်ရသည်။ ၎င်းမှာ အကြံအစည်တခု ထမြောက်‌ရေးအတွက် ဦးဆောင်သူသည် အမြဲတမ်း တည်ငြိမ်စွာ၊ စနစ်တကျနှင့် ရည်ရွယ်ချက်ရှိရှိ လှုပ်ရှားရန်ပင် ဖြစ်သည်။

ရုတ်တရက် သူ ကောက်မေးလိုက်၏။

"ဒါနဲ့ တခြား ပထမအဆင့် ဆေးရောင်းချသူတွေရော.... သူတို့ရဲ့ အခြေအနေက အခု ဘယ်လိုရှိလဲကွ"

တပည့်ဖြစ်သူသည် သူ့မေးခွန်းအား ဖြေစရာအဖြေမရှိဘဲ ဆွံ့အသွားသည်။

ကျန်းခယ်ကျန့်သည် အသည်းတယားယားဖြင့် နာရင်းအုပ်လိုက်ချင်သော်လည်း သူ၏ဒေါသကို ထိန်းချုပ်လိုက်သည်။

"အေး.... အသုံးမကျချက်ပဲဟေ့"

ကျန်းခယ်ကျန့်က အေးစက်စွာ ကြိမ်းမောင်းလိုက်သည်။

"အခုချက်ချင်း သွားစုံစမ်းချေ.... သွား"

ထိုကျင့်ကြံသူသည် အလျင်အမြန်ပင် ပြေးထွက်သွားတော့သည်။

ထိုသူ ပြေးထွက်သွားသည်ကို ကြည့်ရင်း ကျန်းခယ်ကျန့်သည် ဆိတ်ငြိမ်သွားသော ခန်းမကြီးအတွင်း သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်မိသည်။ ကျင့်ကြံခြင်း မျိုးနွယ်စုတစ်ခုတွင် အားသာချက်များ ရှိပေသည်။ ၎င်းတို့မှာ စည်းလုံးမှု၊ အင်အားတောင့်တင်းမှုနှင့် ခွန်အားတို့ပင် ဖြစ်သည်။ ကိစ္စအတော်များများမှာ ခေါင်းဆောင်ဖြစ်သူ ကိုယ်တိုင် ပါဝင်ပတ်သက်နေရန် မလိုအပ်ချေ။

သို့သော်လည်း တဖက်တွင် အားနည်းချက်များမှာလည်း ရှိနေပြန်သည်။ မျိုးနွယ်စုသည် သူတို့၏ ထောက်တိုင်သဖွယ် ရှိနေသော်လည်း တစ်ဖက်တွင် အပြင်လောက၏ ရှင်သန်ရုန်းကန်ရသော အလေ့အထကိုမသိအောင် ချည်နှောင်ထားသကဲ့သို့ ဖြစ်နေပြန် သည်။

နှစ်ပေါင်းများစွာ ကြာလာသည်နှင့်အမျှ မျိုးနွယ်စု၏ ကိုယ်ရည်ကိုယ်သွေး ဉာဏ်စွမ်းဉာဏ်စတို့သည် သံချေးအလိပ်လိပ်‌တက်နေသော ဓားဟောင်းတလက်ကဲ့သို့ အချိန်ကြာလေ သုံးစားမရလေ ဖြစ်လာသည်။ မျိုးနွယ်ဝင် အငယ်များသည် ခိုင်းသည်ကိုသာ လုပ်တတ်ကြပြီး ကိုယ်ပိုင် အစွမ်းအစဖြင့် လိုက်လျောညီထွေဖြစ်အောင် မလုပ်ဆောင်နိုင်ကြတော့ချေ။

“လော့ထျန်းအဖွဲ့ကို စုံစမ်းစစ်ဆေးနေတုန်း တခြား ပြိုင်ဘက်တွေရဲ့ သတင်းအချက်အလက်တွေကိုလဲ တစ်ခါတည်း မေးစမ်းကြည့်လို ရနေတာကို.... အ လိုက်တဲ့ ငဖျင်းတွေ”

သူ နောက်ထပ် သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် သူ့စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ပြီး "ဒါတွေ ထားလိုက်ပါတော့၊ တကယ့် ပြဿနာအစစ် မဟုတ်သေးဘူး၊ အခု ငါကိုယ်တိုင် ကြီးကြပ်နေပြီဆိုတော့ ဒီလို အမူအကျင့်တွေကို တစ်ခုချင်းစီ လိုက်ပြင်ပြီး ဖြေရှင်းသွားလို့ ရပါတယ်" ဟု သူ့ကိုယ်သူ အားပေးလိုက်သည်။

စင်စစ်မူ သူသည် ရွှေအမြုတေအဆင့်သို့ တက်လှမ်းရန် မျှော်လင့်ချက် မရှိတော့သည်ကို သိရှိထားသဖြင့် သူ၏ ဒုတိယအဆင့် ဂူဗိမာန်ကို သားဖြစ်သူအား လွှဲပြောင်းပေးခဲ့ပြီးဖြစ်ကာ အရင်းအမြစ်များကိုလည်း အခြေတည်အဆင့်(၆) အကြီးအကဲနှင့် သူ၏ အမွေခံတို့အပေါ်၌သာ ပုံအောထားခဲ့သည်။ သူကိုယ်တိုင်မှာမူ ကျန်းမျိုးနွယ်စု၏ နေ့စဉ်ဝန်ထုပ်ဝန်ပိုးများကို ပုခုံးပေါ်တင်ကာ မျိုးနွယ်စု၏ အတက်အကျကို ကိုယ်တိုင် ရင်ဆိုင်သွားတော့မည် ဖြစ်သည်။

ထို့နောက် သူသည် အိပ်ခန်းထဲသို့ ဝင်ကာ ရိုးရှင်းသော မီးခိုးရောင်‌ဝတ်ရုံကြမ်းတထည်ကို လဲလှယ်ဝတ်ဆင်လိုက်သည်။ ကျန်းမျိုးနွယ်စု၏ ပထမအဆင့် ဆေးဖော်ဆရာနှစ်ဦး၏ အံ့ဩဘနန်း ဖြစ်မှုနှင့်အတူ သူသည် နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ဆေးဖော်စပ်ခန်းအတွင်းသို့ လှမ်းဝင်လိုက်တော့သည်။

"အမလေးဗျ.... ခေါင်း.... ခေါင်းဆောင်ကြီးပါလားဗျာ၊ ဒီကိုဘာလာလုပ်တာလဲဗျ.... "

ကျန်းခယ်ကျန့်က ဒါများ အဆန်းလုပ်လို့ ဟူသည့်သဘော ခပ်ဖွဖွ ပြုံးလိုက်ပြီး သူ၏ ရှည်ထွက်နေ‌သော ဝတ်ရုံလက်ကို တံတောင်ဆစ်ထိ လိပ်တင်လိုက်သည်။

"ဟ.... ဘာဆန်းလို့လဲ.... ဆေးမဖော်ရတာ နည်းနည်းကြာလို့ လက်ရည်သွေးတဲ့ အနေနဲ့ ပြန်လုပ်မလို့ဟေ့.... နေစမ်းပါဦး မင်းတို့နှစ်ယောက် ဒီအဆင့်မြင့် မီးသစ်ခွဆေးလုံးတွေကို ခုထိ မဖော်စပ်တတ်သေးဘူးလား၊ လာ.... လာ ဒါဆိုရင် ဒီနေ့တော့ ငါဖော်စပ်တာကို ကြည့်ပြီး သင်ယူကြပေတော့"

ဆေးဖော်ဆရာနှစ်ဦးမှာ အံ့ဩလွန်း၍ ဆွံ့အသွားကြပြီးနောက် အတိုင်းထက်အလွန် ဝမ်းမြောက်သွားကြတော့သည်။

ကျန်းခယ်ကျန့်မှာ သမ္ဘာရင့် ဒုတိယအဆင့် ဆေးဖော်ဆရာတစ်ဦးဖြစ်ပြီး မီးသစ်ခွဆေးလုံးကို ဖော်စပ်ရာတွင် သူ၏ ကျွမ်းကျင်မှုမှာ ပြီးပြည့်စုံ အဆင့်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏ နက်နဲသော ဆေးဖော်ပညာနှင့် ချီစွမ်းအား ထိန်းချုပ်မှုတို့အောက်တွင် ဆေးဖိုအတွင်းရှိ ဝိညာဉ်မီးလျှံများမှာ ကခုန်မြူးထူးနေကြ၏။ သူ၏ လမ်းညွှန်မှုနှင့်ဆိုလျှင် အဆင့်မြင့် ဆေးလုံးများကို အောင်မြင်စွာ ထုတ်လုပ်နိုင်ကြပေလိမ့်မည်ဟုတွေးရင်း ဆေးဖော်ဆရာနှစ်ဦးမှာ အူမြူးနေကြတော့သည်။

သို့နှင့် ထိုနေ့တာ၏ အချိန်များ ရွေ့လျားလာသည်နှင့်အမျှ ကျန်းခယ်ကျန့်၏ စိတ်အာရုံသည် ဆေးဖော်စပ်ခြင်းအတွင်းသို့ ပြန်လည် နစ်မြုပ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ့တပည့်ကျော်သည်လည်း မြို့အနှံ့ လိုက်လံသတင်းစုဆောင်းလျက်ရှိလေသည်။

ထိုနေ့ ညသန်း‌ခေါင်ယံတွင် အကြာကြီးနေမှ ပြန်ဆေးဖော်စပ်ခြင်းကြောင့် ပင်ပန်းနွမ်းနယ်နေသော ကျန်းခယ်ကျန့်သည် တပည့်ကျော်၏ နောက်ဆုံးရ အစီရင်ခံစာများကို နားထောင်နေခဲ့သည်။

သတင်းအရ တန်ယွမ်ဂိုဏ်း၊ လီမျိုးနွယ်စု၊ ဟူမျိုးနွယ်စု အားလုံးမှာ အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။ အချို့မှာ သူ၏ မျိုးနွယ်စုထက်ပင် အခြေအနေ ပိုဆိုးနေခဲ့ကြသည်။

အစီရင်ခံစာကို ကြားပြီးနောက် သူ၏ ရင်ထဲ၌ လေးလံနေသော ကျောက်တုံးကြီးမှာ နောက်ဆုံးတွင် ပြုတ်ကျသွားခဲ့လေပြီ။ ဆိုလိုသည်မှာ ယနေ့ သူ စဉ်းစားစိတ်ကူးထားသော အစီအစဉ်များကို နောက်ဆုံးတွင် အသုံးချနိုင်တော့မည် ဖြစ်သည်။

“အဟက်.... လော့ထျန်းအဖွဲ့က.... တန်ချန်ဇီရေ.... ငါ့တို့ ကျန်းမျိုးနွယ်စုဆိုတာ မျိုးနဲ့ရိုးနဲ့ အခြေခိုင်ခိုင် နေလာတာကြာပြီကွ၊ မင်း ငါတို့ကို လွယ်လွယ်အထင်သေးလို့ ဘယ်ရမလဲကွာ....

All Chapters