← Chapters

အခန်း (၃၆၃-၃၆၄)

Vol. 37 Ch. 363-364

အခန်း (၃၆၃-၃၆၄)

Vol. 37 Ch. 363-364

အခန်း (၃၆၃) - လီမျိုးနွယ်စု၏ ဘဝပေးကံကြမ္မာ

ထျန်းလန်တောင်ထိပ်၏ တိတ်ဆိတ်ငြိမ်သက်လှသော ဂူဗိမာန်အတွင်း၌ ဝတ်ရုံပွပွကို ဆင်မြန်းထားသည့် အမျိုးသားတစ်ဦးသည် ကျောက်သားပလ္လင်ထက်ဝယ် တည်ကြည်စွာ ထိုင်‌လျက်ရှိသည်။ သူ အသက်တချက် မှန်မှန်ရှူသွင်းလိုက်တိုင်း ခပ်ဟဟပွင့်သွားသော နှုတ်ခမ်းအစုံမှတစ်ဆင့် ပတ်ဝန်းကျင်ရှိ ချီစွမ်းအင်အငွေ့ဓာတ်တို့သည် ပြောင်းပြန်စီးဆင်းနေသော စမ်းရေအလား ကန်တော့ပုံသဏ္ဍာန် ဝဲဂယက်ထကာ စုပ်ယူခြင်း ခံနေရတော့သည်။

လေထုအတွင်း၌ စန္ဒကူးနံ့သာရနံ့မှာ သင်းပျံ့အေးမြနေပြီး ထိုရနံ့ကပင် ကျင့်ကြံသူ၏ စိတ်ဝိညာဉ်ကို ကြည်လင်နိုးကြားအောင် ပံ့ပိုးပေးနေသယောင် ရှိသည်။

ရုတ်တရက် ထိုအမျိုးသားသည် မှိတ်ထားသော မျက်လုံးအစုံကို ဖွင့်လိုက်ရာ ဝင်းလက်တောက်ပသော မျက်ဝန်းအစုံ၌ ကျေနပ်အားရမှု အရိပ်အယောင်တို့က လျှပ်စစ်နွယ်ရှင်သဖွယ် ဖျတ်ခနဲ လက်ခနဲ လင်းလက်သွားလေသည်။

တစ်နှစ်ကျော်ကာလ ကျော်လွန်ခဲ့ပြီးနောက် ပါရမီရှင်အဆင့်သို့ ပေါက်မြောက်သွားပြီဖြစ်သော နွယ်မြက်သစ်ပင်ဆေးဘုရင်ကျင့်စဉ်၏ နက်နဲလှသော အသိပညာတို့မှာ နောက်ဆုံးတွင် အသီးအပွင့် စတင်ပေါ်ပေါက်လာလေပြီ ဖြစ်သည်။ ရုက္ခဓာတ်အခြေခံ နည်းစနစ်များကို အစွမ်းထက်စေသည့်အပြင် ထိုကျမ်းစာ၌ ဖုံးကွယ်နေသော အခြားသော ထူးခြားချက်မှာ ခန္ဓာကိုယ်ကို အတွင်းကျကျ ပြုစုပျိုးထောင်ပေးပြီး သံမဏိသဖွယ် ကြံ့ခိုင်စေခြင်းပင် ဖြစ်သည်။

လော့ချန်သည် ကျင့်ကြံနေရာမှ ၎င်း၏ ထူးခြားလှသော ပြောင်းလဲမှုကို ရှင်းလင်းစွာ အာရုံခံမိနေလေသည်။ တစ်နှစ်ကျော်တိုင်တိုင် စိတ်မပျံ့လွင့်ဘဲ ကျင့်ကြံခဲ့ပြီးနောက် ဤနည်းစနစ်ဖြင့် စစ်ထုတ်သန့်စင်ထားသော ချီစွမ်းအားတို့သည် သူ၏ ကိုယ်တွင်းရှိ အသွေးအသားတိုင်းကို ထိုးဖောက်စိမ့်ဝင်ကာ ပိုမိုတောင့်တင်းစေခဲ့သည်။ သူ၏ ရုပ်ခန္ဓာမှာ ယခင်ကထက် ပို၍သန်မာလာကာ ခံနိုင်ရည်ရှိလာပြီး တက်ကြွနုပျိုသော သက်စောင့်အားမာန်တို့ဖြင့် လျှံပွက်နေခဲ့ပြီဖြစ်သည်။

အတိတ်ကာလတွင် ဆုံးဖြတ်ချက် မှားယွင်းမှုများကြောင့် လော့ချန်သည် အခါအားလျော်စွာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ဖူးသည်။ သူ၏ သွေးကြောကွန်ရက်များ၊ ကိုယ်တွင်းအင်္ဂါစုများနှင့် အခြားသော အသက်သွေးကြော အစိတ်အပိုင်းများမှာ ထိခိုက်ပျက်စီးခဲ့ရသဖြင့် ဆေးလုံးများ၊ ဝိညာဉ်ဆေးရည်များဖြင့် အသည်းအသန် ကုသခဲ့ရဖူးသည်။ ထိုသို့ ပြုပြင်ခဲ့သော်ငြားလည်း အချို့သော နာတာရှည်ဒဏ်ရာဟောင်း များသည် အပေါ်ယံတွင် ပျောက်ကင်းသွားဟန် ရှိသော်လည်း အတွင်းသား၌ အမြစ်တွယ် ကိန်းအောင်းနေဆဲ ဖြစ်သည်။ သို့သော် ယခုအခါ ကိုယ်တွင်း၌ နည်းစနစ်ကို အသက်သွင်းလိုက်သည်နှင့် သန့်စင်ပြီးသား ချီစွမ်းအားတို့သည် နဂါးတစ်ကောင်အလား လှည့်ပတ်လာကာ သူ၏ နာတာရှည်ဒဏ်ရာဟောင်းများကို နူးညံ့စွာ ပွတ်သပ်ကုသပေးနေတော့သည်။

"အင်း.... ဒါကြောင့်မို့လို့လည်း ဆေးဘုရင်ကျင့်စဉ်ဆိုတဲ့ ဂုဏ်ပုဒ်ကို ကမ္ပည်းတင်ထားတာကိုး" ဟု သူ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

"အရင်ကတော့ ဂိုဏ်းရဲ့ ဂုဏ်ပုဒ်တစ်ခုလို့ပဲ ငါကထင်နေတာ၊ တကယ်တော့ ဒီကျင့်စဥ်ရဲ့ သဘာဝကိုက အလိုအလျောက် ကုသနိုင်စွမ်းရှိတာပဲ.... တော်တော်လေး ထူးကဲဂုဏ်သတ္တိတွေ ရှိနေတဲ့ ကျမ်းပါပဲလေ"

သူ၏ နှုတ်ခမ်းဖျား၌ အောင်နိုင်သူ၏ ပြုံးယောင်သန်းသွား၏။

"ဟား.... ဒါဆိုရင်တော့ ငါ့ရဲ့ ကျင့်ကြံခြင်းလမ်းစဉ်ကတော့ ရွှေရောင်သန်းနေပြီဟေ့ "

ချီသန့်စင်အဆင့်ရှိ ကျင့်ကြံသူများသည် ရုပ်ခန္ဓာကို ဂရုစိုက်ရန် မလိုအပ်ဟု အဆိုရှိကြသည်။ ထိုစကားမှာ အပေါ်ယံအားဖြင့် မှန်သယောင်ရှိသော်လည်း စင်စစ်အားဖြင့်မူ လွဲချော်နေပေသည်။ အဆင့်မြင့် ကျင့်ကြံသူများသည် ရုပ်ခန္ဓာကို အမှန်တကယ်ပင် ပစ်ပယ်ထားနိုင်ကြသည်။ အကြောင်းမှာ ထိုကျင့်ကြံသူတို့၏ ချီစွမ်းအားသည် ရုပ်ခန္ဓာမရှိဘဲ သီးခြားလွတ်လပ်စွာ တည်ရှိနိုင်သော နယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်လေသည်။ သို့သော်လည်း အခြေတည်အဆင့် ကျင့်ကြံသူများအတွက်မူ ရုပ်ခန္ဓာမှာ ကျင့်ကြံခြင်းခန္ဓာအိမ်အဖြစ် အလွန်ပင် အရေးပါနေဆဲ ဖြစ်သည်။

လော့ချန်သည် ဤအမှန်တရားကို အစကတည်းကပင် နက်နက်ရှိုင်းရှိုင်း နားလည်ထားခဲ့သည်။ အနှစ်သာရမွေးမြူရည်၊ ရွှေကျောက်စိမ်းရည်တို့ကို အသုံးပြုသည်ဖြစ်စေ၊ ဝမ်မျိုးနွယ်စု လက်စွဲကျမ်းမှ ကိုယ်ကာယလေ့ကျင့်ခန်းများကို လေ့ကျင့်သည်ဖြစ်စေ သူသည် ခန္ဓာကိုယ်ကို အမြဲကြံ့ခိုင်အောင် တည်ဆောက်ခဲ့ပြီး ကျင့်ကြံစဉ်အတွင်း ပြင်းထန်သော နောက်ဆက်တွဲ ထိခိုက်မှုများ မဖြစ်အောင် ကြိုတင်ကာကွယ်ခဲ့သည်။

ယခုအခါ ပါရမီရှင်အဆင့် ဆေးဘုရင်ကျင့်စဉ်က ချီစွမ်းအားများကို အလိုအလျောက် ပြန်လည်ဖြည့်တင်းပေးနေပြီဖြစ်ရာ ၎င်းမှာ ခရီးပန်းနေသည့်အချိန်တွင် ခေါင်းအုံးလေးတစ်ခု အလိုအလျောက် ရောက်ရှိလာသကဲ့သို့ပင် မည်သည့်အားစိုက်ထုတ်မှုမျှ မလိုဘဲ အချိန်ကိုက်ပင် ဖြစ်တော့သည်။

"ဪ.... ငါကလဲ မေ့နေလိုက်တာ.... ငါ အဆင့်တက်ဖို့ကလည်း တော်တော်လေး နီးစပ်နေပြီပဲ ကြည့်ဦးမှ"

စိတ်လှုပ်ရှားမှုနှင့်အတူ လော့ချန်သည် သူ၏ အခြေအနေပြကြေးမုံပြင်ကို စိတ်အာရုံဖြင့် ဖွင့်ကြည့်လိုက်၏။

[အခြေအနေပြကြေးမုံပြင်]

အမည် - လော့ချန်

သက်တမ်း - ၃၇ / ၁၇၀

ဝိညာဉ်အမြစ် - သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ (ငါးမျိုးစုံ)

အဆင့် - အခြေခံတည်ဆောက်ခြင်းအဆင့် ၂ (၈၇/၁၀၀)

အောင်မြင်မှုအမှတ် - ၅

[ကျင့်စဉ်များ]

နွယ်မြက်သစ်ပင် ဆေးဘုရင်ကျင့်စဉ် - ပါရမီရှင်အဆင့် (၆၆၀/၁၀၀၀)

နတ်ဘုရားတို့၏ မိစ္ဆာဖြိုခွင်းခြင်း ကျင့်စဉ် - ပါရမီရှင်အဆင့် (၆၅၀/၁၀၀၀)

ဝိညာဉ်သားရဲတစ်သောင်းကျင့်စဥ် - အခြေခံအဆင့် (၁၀/၁၀၀)

[မှော်အတတ်များ]

ဒုတိယအဆင့်

မြေပြိုခြင်း - တတ်မြောက်အဆင့် (၁၅၀/၂၀၀)

ဖန်သားနတ်ဘုံအကာအရံ - တတ်မြောက်အဆင့် (၁၀၂/၂၀၀)

ပထမအဆင့်

ကုသခြင်းမှော်အတတ် - ပါရမီရှင်အဆင့် (၉၅၀/၁၀၀၀)

မြေစိုင်တောင် မှော်အတတ် - ပြီးပြည့်စုံအဆင့် (၄၅၀/၅၀၀)

လှိုင်းလုံးမှော်အတတ် - ပြီးပြည့်စုံအဆင့် (၄၅၀/၅၀၀)

အသံလုံအတားအဆီး မှော်အတတ် - ပြီးပြည့်စုံအဆင့် (၄၀၀/၅၀၀)

စိတ်ဝိညာဉ်ခြောက်ခြားခြင်း မှော်အတတ် - ကျွမ်းကျင်အဆင့် (၂၇၀/၃၀၀)

အထွတ်အထိပ်အဆင့် မှော်အတတ်များ (အသေးစိတ်ကြည့်ရန် နှိပ်ပါ)

[ဆေးဖော်စပ်ခြင်း]

ကျောက်စိမ်းကွဲခြင်း - အထွတ်အထိပ်အဆင့်

သစ္စာနှလုံးသား - ပါရမီရှင်အဆင့် (၈၀၀/၁၀၀၀)

ရေတံခွန်စိမ့်စမ်း - ပြီးပြည့်စုံအဆင့် (၃၃၀/၅၀၀)

တိမ်တိုက်အသွင်ပြောင်းခြင်း - ကျွမ်းကျင်အဆင့် (၂၅၀/၃၀၀)

ချင်းယွမ်အဆိပ်ဖြေနည်း - ကျွမ်းကျင်အဆင့် (၂၈၀/ ၃၀၀)

[ကိုယ်ခံပညာ]

တောင်ဖြိုကျောက်တိုင်ခွဲ လက်ဝါးသိုင်း - အထွတ်အထိပ်အဆင့်

ကောင်းကင်နတ်သမီးပန်းကြဲခြင်း - ပြီးပြည့်စုံအဆင့် (၃၆၀/၅၀၀)

ဝမ်မျိုးနွယ်စု လက်စွဲကျမ်း - တတ်မြောက်အဆင့် (၁၂၀/ ၂၀၀)

[အတတ်ပညာများ]

ဒုတိယအဆင့် ဆေးဖော်ဆရာ

မှော်အာဟာရဆေးလုံး - အထွတ်အထိပ်အဆင့်

အံ့ဖွယ်တစ်သောင်းဆေးလုံး - အထွတ်အထိပ်အဆင့်

ကျောက်စိမ်းအမြုတေဆေးလုံး - အထွတ်အထိပ်အဆင့်

သွေးအဆီအနှစ်ဆေးလုံး - ကျွမ်းကျင်အဆင့် (၂၀၄/၃၀၀)

ချီလမ်းကြောင်းဆေးလုံး - တတ်မြောက်အဆင့် (၁၂၂/၂၀၀)

နတ်ဒေဝါပျားရည် - အခြေခံအဆင့် (၃/၁၀၀)

ကျောက်စိမ်းနှင်းစက်ဆေးလုံး - အခြေခံအဆင့် (၈၀/၁၀၀)

သူ အချက်အလက်များကို အောက်သို့ ဆက်ကြည့်လိုက်ရာ သူ၏ အသက်မှာ တစ်နှစ် ပိုကြီးလာသည်ကို သတိပြုမိလိုက်သည်။ သို့သော် အံ့ဩစရာကောင်းသည်မှာ သူ၏ အနာဂတ်သက်တမ်းမှာလည်း ငါးနှစ်ခန့် တိုးလာခဲ့ပြီး ယခုအခါ အသက် တစ်ရာ့ခုနစ်ဆယ်အထိ မြင့်တက်သွားခဲ့ပြီဖြစ်သည်။

ဤသည်မှာ ရုတ်တရက် ဖြစ်တည်လာခြင်းမဟုတ်ဘဲ လွန်ခဲ့သော တစ်နှစ်တာကာလအတွင်း ကြိုးစားမှုရလဒ်များစုပေါင်း၍ ဖြည်းဖြည်းချင်း တိုးလာခဲ့ခြင်းဖြစ်သည်။

တစ်ခုရှိသည်မှာ ဤသက်တမ်းတိုးလာမှုသည် ကျင့်ကြံခြင်းအဆင့် တိုးတက်မှုကြောင့် မဟုတ်ဘဲ ပါရမီရှင်အဆင့် နွယ်မြက်သစ်ပင်ဆေးဘုရင်ကျင့်စဉ်ကြောင့် သူ၏ ကိုယ်တွင်းဒဏ်ရာဟောင်းများအားလုံး အမြစ်ပြတ်ပျောက်ကင်းသွားရာမှ ဖြစ်ပေါ်လာသော ကောင်းကျိုးရလဒ်သာ ဖြစ်သည်။

“ဪ.... နောက်ဆုံးတော့လဲ ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်က သဘာဝအရ အသက်ပိုရှည်တာပေါ့လေ၊ ဒါက တကယ် ရိုးရှင်းတဲ့ အမှန်တရားပါပဲလား”

လော့ချန်သည် ထိုရလဒ်အပေါ်တွင် အချိန်အကြာကြီး စဉ်းစားတွေးတောမနေခဲ့ချေ။ သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့် တိုးတက်မှုဆီသို့သာ တစ်ဖန် ပြန်အာရုံစိုက်၍ ကြည့်လိုက်သည်။

"ဟာ.... အခြေတည်အဆင့် ၃ ကို ရောက်ဖို့ တိုးတက်မှုရမှတ် တစ်ဆယ့်သုံးမှတ်ပဲ လိုတော့တာပဲ" ဟု သူ မျှော်လင့်ချက်အပြည့်ဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်၏။

လော့ချန် စဉ်းစားဆင်ခြင်ရင်း အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ကာ နောက်တစ်ဆင့်သို့ ရောက်ရန် အချိန်မည်မျှ ကြာဦးမည်ကို ခန့်မှန်းတွက်ချက်လိုက်သည်။ သူသည် လွန်ခဲ့သော တစ်နှစ်တာ ကျင့်ကြံမှုအတွေ့အကြုံကို ကိုးကား၍ တွက်ချက်လိုက်သည်။ ကျင့်ကြံထောက်ကူများ ဖြစ်ကြသော ဒုတိယအဆင့်နိမ့် ဂူဗိမာန်၊ နဂါးပျံဆေးလုံးများ၊ ပါရမီရှင်အဆင့် နည်းစနစ်များနှင့် နတ်ဘုရားမီးလျှံအမွှေးတိုင်တို့၏ အထောက်အပံ့ဖြင့် သူသည် ခုနစ်ရက် သို့မဟုတ် ရှစ်ရက်လျှင် တိုးတက်မှုရမှတ် တစ်မှတ်နှုန်းဖြင့် မှန်မှန်တိုးတက်နေခဲ့ခြင်း ဖြစ်သည်။

ထိုအရှိန်အဟုန်မှာ ကျင့်စဉ်များနှင့် ဂူဗိမာန်ပတ်ဝန်းကျင်ကိုသာ အားကိုးခဲ့ရသော အစောပိုင်းကာလများနှင့် နှိုင်းယှဉ်ပါက ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှပေသည်။ ထိုအချိန်မှစ၍ သူ၏ ကျင့်ကြံခြင်းအရှိန်မှာ နှစ်ဆကျော် တိုးလာခဲ့သည်။

အကြီးမားဆုံးသော အရှိန်မြှင့်တင်မှုမှာ နတ်ဘုရားမီးလျှံအမွှေးတိုင်ကို အသုံးပြုခြင်းမှ ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းကို အသုံးပြုခြင်းဖြင့် သူသည် သူ၏ ပင်မကျင့်စဉ်ကို နေ့စဉ် နှစ်ကြိမ်ခန့် ပိုမိုလေ့ကျင့်နိုင်ခဲ့၏။ ထိုအချက်တစ်ချက်တည်းနှင့်တင် နဂါးပျံဆေးလုံး ပေးစွမ်းနိုင်သည်ထက် ပိုမိုသာလွန်သော အားသာချက်ကို ရရှိစေခဲ့သည်။

သို့သော်လည်း ကျင့်ကြံခြင်းလုပ်ငန်းစဉ်မှာ ခြောက်ကပ်ပြီး ပျင်းရိဖွယ်ရာ ကောင်းနေဆဲပင်ဖြစ်သည်။ ပါရမီ ဓာတ်ခံ မကောင်းသော်ငြား ဤမျှ တိုးတက်မှု မြန်ဆန်ခြင်းသည် ပြင်ပအရင်းအမြစ်များကို စနစ်တကျနှင့် ဗျူဟာမြောက်စွာ အထပ်ထပ် အသုံးပြုခဲ့ခြင်းကြောင့် ဖြစ်နိုင်သည်။ ထိုသို့ဖြစ်ပါလျက် သူသည် ကျေနပ်ရောင့်ရဲခြင်း မရှိသေးချေ။

"ဟူး.... တစ်မှတ်ရဖို့ ခုနစ်ရက်၊ ရှစ်ရက် ကြာတာဆိုတော့ ဆယ့်သုံးမှတ်အတွက်ဆို.... အင်း.... အနည်းဆုံး သုံးလလောက်တော့ ထပ်လိုဦးမှာပဲ" ဟု သူ တွက်ဆလိုက်သည်။

ထိုတွက်ဆချက်သည် သူ့အား စိတ်သက်သာရာ ရစေခဲ့သည်။ ချီသန့်စင်အဆင့်ကာလကဆိုလျှင် သုံးလဟူသော အချိန်မှာ ငရဲကျသကဲ့သို့ ရှည်လျားသည်ဟု ခံစားရနိုင်သော်လည်း ယခု အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့်မူ ထိုအချိန်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားမည့် ခဏတာမျှသာ ဖြစ်ပေလိမ့်မည်။

သူ၏ အဆင့်ကို အတည်ပြုပြီးနောက် သူသည် မှော်အတတ်ပိုင်းကို စိတ်ဝင်စားမှုမရှိဘဲ လျှပ်ခနဲ ကြည့်လိုက်၏။ လွန်ခဲ့သော တစ်နှစ်အတွင်း သူ၏ ကျင့်ကြံခြင်းမဟုတ်သော အချိန်အားလုံးနီးပါးကို ဆေးဖော်စပ်ခြင်း၌သာ နှစ်မြှုပ်အသုံးပြုခဲ့သဖြင့် မှော်အတတ်များအတွက် အချိန်ပေးနိုင်ခြင်း မရှိခဲ့သလောက် ဖြစ်ခဲ့သည်။ ရလဒ်အနေဖြင့် ပထမအဆင့် ကုသခြင်းအတတ် တစ်ခုမှလွဲ၍ ကျန်သော မှော်အတတ်များမှာ တိုးတက်မှုမရှိဘဲ ရပ်တန့်နေခဲ့သည်။

သူ ထိုမှော်အတတ်ကို အဆင့်မြှင့်တင်ရန် အာရုံစိုက်ရခြင်းမှာ ပါရမီရှင်အဆင့် နွယ်မြက်သစ်ပင်ဆေးဘုရင်ကျင့်စဉ်သည် သစ်သားဓာတ်အခြေခံ မှော်အတတ်များ၏ စွမ်းပကားကို နှစ်ဆ တိုးစေသောကြောင့်ပင် ဖြစ်သည်။ ထိုအချက်ကပင် ကုသခြင်းအတတ်ကို ပါရမီရှင်အဆင့်သို့ တွန်းပို့ရန် ခိုင်လုံသော အကြောင်းပြချက် ဖြစ်စေခဲ့သည်။

ဆေးဖော်ခန်းမ‌တွင် ယခုအခါ ပထမအဆင့် မြေအောက်မီးကို အသုံးပြုနေပြီဖြစ်ရာ ၎င်းမှာ လခြမ်းတောင်ကြားမှ ထင်းမီး သို့မဟုတ် ရှောင်ဟွမ်းတောင်မှ သာမန်မြေအောက် မီးတို့ထက် များစွာ သာလွန်ထက်မြက်လှပေသည်။ သို့သော်လည်း ထိုမီးကို အသုံးပြုခြင်းနှင့်အတူ ကပ်ပါလာသော အန္တရာယ်မှာလည်း အမှန်တကယ်ပင် ကြီးမားလှသည်။ ကျင့်ကြံသူအချို့မှာ သူ့အား ကူညီရာမှ မီးလောင်ဒဏ်ရာများပင် ရခဲ့ကြပြီး အဆိုးဆုံး ဖြစ်ရပ်တစ်ခုတွင် ရုတ်တရက် ဝုန်းခနဲ ထွက်ပေါ်လာသော မြေအောက်မီးလျှံကြောင့် ကျင့်ကြံသူတစ်ဦး၏ မျက်နှာအရေပြားများ ပျက်သည်အထိ ဒဏ်ရာရခဲ့သည်။

ထိုအခြေအနေကို မြင်သောအခါ လော့ချန်သည် သူ၏ ကုသခြင်းအတတ်ကို ဒဏ်ရာရနေသော လက်ထောက်များအား ကုသပေးခြင်းဖြင့် လက်တွေ့လေ့ကျင့်ရန် အခွင့်အရေး ရခဲ့သည်။ ထိုသို့ ကူညီကုသပေးခြင်းဖြင့် သူ၏ ကုသခြင်းအတတ် ပိုမိုကျွမ်းကျင်လာရုံသာမက အဖွဲ့ဝင်တပည့်တို့သည်လည်း ယခင်ကထက် သူ့အပေါ် သစ္စာစောင့်သိလာသည်ကို သူခံစားမိလေသည်။

ယခုအခါ သူသည် အထွတ်အထိပ်အဆင့်သို့ ရောက်ရန် အမှတ်ငါးဆယ်သာ လိုတော့သည်။ အချိန်အနည်းငယ် ထပ်ပေးလိုက်ရုံဖြင့် အလွယ်တကူပင် အပြည့်အဝ တတ်မြောက်သွားပေလိမ့်မည်။

သူ၏ ကျွမ်းကျင်မှုအားလုံးထဲတွင် ဆေးဖော်စပ်ခြင်း နည်းစနစ်များမှာ အတိုးတက်ဆုံး ဖြစ်သည်။ တစ်နှစ်ပတ်လုံး ဆေးလုံးအမြောက်အမြား ထုတ်လုပ်ခဲ့ခြင်းက သူ၏ ဆေးဖော်စပ်မှု အတွေ့အကြုံကို အံ့ဩဖွယ်ရာ အရှိန်အဟုန်ဖြင့် မြှင့်တင်ပေးခဲ့သည်။

သစ္စာနှလုံးသားလက်ကွက်မှာ အထွတ်အထိပ်အဆင့်သို့ နီးကပ်နေပြီဖြစ်သည်။ ရေတံခွန်စိမ့်စမ်းလက်ကွက်မှာလည်း ကျွမ်းကျင်အဆင့်မှ ပြီးပြည့်စုံအဆင့်သို့ တဟုန်ထိုး တက်လှမ်းသွားခဲ့၏။ ၎င်းမှာ အဆင့်နှစ်ဆင့် တိုးတက်သွားခြင်းဖြစ်ပြီး ပါရမီရှင်အဆင့်သို့ ရောက်ရန်လည်း လက်တစ်ကမ်းသာ လိုတော့သည်။ သူ၏ အသစ်စက်စက် ကျွမ်းကျင်မှုဖြစ်သော တိမ်တိုက်အသွင်ပြောင်းလက်ကွက်ပင်လျှင် ခိုင်မာသော တိုးတက်မှုရမှတ် နှစ်ရာ့ငါးဆယ်အထိ ရောက်ရှိနေပြီဖြစ်သည်။

ဤတိုးတက်မှုများသည် သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို တိုက်ရိုက် မမြှင့်တင်ပေးနိုင်သော်လည်း ဝိညာဉ်ကျောက်တုံးများ ရှာဖွေရာတွင်မူ သူ၏ စွမ်းဆောင်ရည်ကို များစွာ တိုးတက်စေခဲ့သည်။ ကျောက်စိမ်းအမြုတေဆေးလုံး ဖြစ်စေ၊ ချီလမ်းကြောင်းဆေး ဖြစ်စေ သူ ယခုဖော်စပ်လိုက်သော ဆေးလုံးတိုင်းသည် ယခင်ကထက် အချိန်သုံးပုံတစ်ပုံခန့် ပိုမိုမြန်ဆန်သွားခဲ့သည်။ မကြာသေးမီကမှ စတင်ဖော်စပ်ခဲ့သော ကျောက်စိမ်းနှင်းစက်ဆေးလုံးပင်လျှင် ယခင်က တစ်သုတ်ဖော်လျှင် တစ်နေ့အပြည့်ကြာသော်လည်း ယခုအခါ နေ့တစ်ဝက်သာ ကြာတော့သည်။

အကယ်၍ ရေတံခွန်စိမ့်စမ်းလက်ကွက်နှင့် နှင့် တိမ်တိုက်အသွင်ပြောင်းလက်ကွက်နှစ်ခုလုံးကို ပါရမီရှင်အဆင့်သို့ မြှင့်တင်နိုင်လျှင် ချီလမ်းကြောင်းဆေးလုံးနှင့် ကျောက်စိမ်းနှင်းစက်ဆေးလုံးများ ဖော်စပ်သည့် အရှိန်မှာ တဟုန်ထိုး တက်သွားလိမ့်မည်ဟုပင် လော့ချန် ခံစားနေမိသည်။

ဤဆေးလုံးနှစ်မျိုးမှာ တစ်အိုးလျှင် ထွက်နှုန်း အလွန်နည်းပါးပြီး ဖော်စပ်ရန် အလွန်ခက်ခဲလွန်းလှသဖြင့် ကျွမ်းကျင်မှုရမှတ် တိုးရန်မှာ အလွန်ပင် နှေးကွေးလှပေသည်။

လွန်ခဲ့သောနှစ်က သူသည် ကျောက်စိမ်းအမြုတေဆေးလုံးများကို ခုနစ်လခန့် တောက်‌လျှောက် ဖော်စပ်ခဲ့သည်။ ကျန်ရှိသော ငါးလကိုမူ ချီလမ်းကြောင်းဆေးလုံးနှင့် ကျောက်စိမ်းနှင်းစက်ဆေးလုံးများ (အထူးသဖြင့် ကျောက်စိမ်းနှင်းစက်ဆေးလုံး) ကို ဖော်စပ်ရင်း အချိန်ကုန်ခဲ့သည်။

သူ့အနေဖြင့် မဖော်စပ်ချင်ဟုဆိုကာ ရှောင်လွှဲ၍လည်း မရ‌ပေ။ အကြောင်းမူ သူသည် ထန်ထိုက်ကျင်းထံသို့ တစ်နှစ်လျှင် ငါးပုလင်း ပေးသွင်းရမည့် တာဝန်ရှိနေခဲ့သည်။ ထိုအမျိုးသမီး၏ ပင်ကိုစရိုက်အရ ဤပမာဏဖြင့်ပင် ရောင့်ရဲလိမ့်မည်ဟု လော့ချန်မထင်ထားချေ။ အချိန်ကြာလာသည်နှင့်အမျှ များများပေးရန် တောင်းဆိုလာနိုင်သည်ဖြစ်ရာ သူ၏ ဖော်စပ်နိုင်စွမ်းကို မြှင့်တင်ရမည်ဖြစ်သည်။

"ဪ.... ဒုက္ခ.... ဒုက္ခ.... ငါဘာလို့များ ဒီလိုလူတွေနဲ့ ထပ်ကြုံနေရပါလိမ့်.... သူတို့က အမြဲတမ်း ဒီလိုပဲ.... " ဟု သူ ခေါင်းယမ်းရင်း တိုးတိုးလေး ရေရွတ်လိုက်မိသည်။

"ဘယ်တော့မှ ရောင့်ရဲမှု မရှိ၊ အလိုလောဘတွေ ကြီးလိုက်ကြတာ"

"အခုလောလောဆယ် သူက ငါ ပေးသလောက်နဲ့ ကျေနပ်နေပေမဲ့ ရေရှည်ကျ ရလေလိုလေ အိုတစ္ဆေ ဖြစ်လာလိမ့်မယ်”

လော့ချန်သည် လာမည့်ရှေ့ရေးကို ကြို မြင်သည်။ လက်ရှိတွင် သူ့အား ယုံကြည်မှုအပြည့်ဖြင့် လုပ်ဆောင်နိုင်စေရန်နှင့် အရှိန်အဝါကို ချေးငှား၍ ဟန်ရေးပြနိုင်စေရန် အခွင့်အရေး ပေးထားသည်မှာ ကျောက်စိမ်းနှင်းစက်ဆေးလုံးကြောင့်ပင် ဖြစ်သည်။ အကယ်၍ သူ့အနေဖြင့် ရေခဲခံတပ်နှင့် လက်ရှိအတိုင်း ကောင်းမွန်သော ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းလိုလျှင် သို့မဟုတ် ပိုမိုခိုင်မာစေလိုလျှင် နည်းလမ်းတစ်ခုသာ ရှိပေသည်။

ကြီးမားသော တတ်မြောက်မှု သို့မဟုတ် ပါရမီရှင်အဆင့် ကျွမ်းကျင်မှု မရရှိမီ သူသည် ဤဆေးလုံးများကို အမြောက်အမြား မဖော်စပ်နိုင်သေးချေ။ ယခုအချိန်တွင် သူ လုပ်ဆောင်နိုင်သည်မှာ သူ၏ ကျွမ်းကျင်မှုကို တစ်ဆင့်ချင်း ဖြည်းဖြည်းချင်း တည်ဆောက်သွားရန်သာ ဖြစ်သည်။

ကျင့်ကြံခြင်းလောကရှိ အခြားသော ဆေးဖော်ဆရာအားလုံးလည်း ဤအတိုင်းပင် ဖြစ်ပေလိမ့်မည်။

အမှန်စင်စစ် သူ့အဖွဲ့ဝင်အများစုသည် လော့ချန်အား ဆေးဖော်စပ်စဉ်အတွင်း အကူအညီ များစွာ မပေးနိုင်ကြချေ။ ထို့ကြောင့် သူတို့အနေဖြင့် ဆေးလုံးတစ်မျိုးတည်းကို အဆင့်မြင့်ဆုံးဖြစ်အောင် ပုံမှန်ဖော်စပ်နိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။

"ခုမှ သတိရတယ်.... နဂါးတောင်ရိုးက ကျန်းမျိုးနွယ်စုရော ဘာတွေ ကျိတ်ကြံနေပြီလဲမသိဘူး.... ”

....

နောက်တစ်နေ့တွင် လော့ချန်သည် ကိုယ်လက်သန့်စင်ပြီးနောက် အပြင်သို့ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

သူ ဂူဗိမာန်အဝင်ဝနားရောက်စဉ် အနီးနားရှိ ဂူဗိမာန်တစ်ခုမှ လှုပ်ရှားမှုတစ်ခုကို သတိပြုမိလိုက်၏။ တိတိကျကျဆိုရသော် လီရီရှန်း ငှားရမ်းထားသော ဂူဗိမာန်မှ ဖြစ်သည်။ သူ မျက်မှောင်ကြုတ်ကာ ထိုနေရာသို့ လျှောက်သွားလိုက်သည်။

သူ ထိုအနီးသို့ ရောက်သွားသောအခါ လီမျိုးနွယ်စုဝင် ကျင့်ကြံသူများက သူ့ကို ချက်ချင်း မှတ်မိသွားကြသည်။

"အကြီးအကဲလော့ပါလား.... မင်္ဂလာပါဗျ"

လော့ချန်က သိလိုစိတ်ဖြင့် မေးလိုက်၏။

"အေး ငါအသံကြားလို့‌ ဒီနားခဏလာတာ၊ မင်းတို့ ဘာ‌တွေ လုပ်နေကြတာလဲ"

လီမျိုးနွယ်စု ကျင့်ကြံသူသည် အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားဟန်ဖြင့် ဂူဗိမာန်ကို ညွှန်ပြလိုက်သည်။

"ဟို.... ဂူဗိမာန် ငှားရမ်းခ သက်တမ်းကုန်သွားပြီလေ၊ အဲဒါကြောင့် ကျွန်‌တော်တို့ အပြင်ကို ပြန်ပြောင်းမလို့ပါ"

“ဟေ.... အငှားသက်တမ်းစေ့တာလား၊ ဘာလို့ အပြင်ကို ပြောင်းမှာလဲ”

လော့ချန်က ဝေခွဲမရသည့် အကြည့်တို့ဖြင့် ထပ်မေးလိုက်သည်။

"မိတ်ဆွေ လီရီရှန်းက အငှားသက်တမ်း မတိုးဘူးလား၊ အခုမှ စဉ်းစားမိတယ်.... သူ့ကို မမြင်တာ တစ်နှစ်ကျော်တောင် ရှိနေပြီပဲ၊ သူ ဘယ်သွားနေတာလဲ"

ထိုအခါ လီမျိုးနွယ်စု ကျင့်ကြံသူက တလေးတစား ပြန်ဖြေလိုက်သည်။

"ကျွန်တော်တို့ ခေါင်းဆောင်က အခု လျန်ယွန်းကုန်သွယ်ရေးမဟာမိတ်အဖွဲ့ရဲ့ အထူးအဖွဲ့ဝင်တစ်ဦး ဖြစ်နေပါပြီ၊ သူက ကျွန်‌တော်တို့တွေကို ဦးဆောင်ပြီး အဲ့အဖွဲ့အတွက် တာဝန်ထမ်းဆောင်ပေးနေတာပါ၊ သူက အဲ့မှာပဲ ရေရှည်လုပ်တော့မှာ ဆိုတော့ ဒီမှာ ဆက်ကျင့်ကြံဖို့အဆင်မ‌ပြေတော့ဘူးလေ၊ အဲ့တော့ အငှားသက်တမ်းတိုးဖို့ မလိုတော့လို့ပါခင်ဗျ"

”ဟမ်.... လျန်ယွန်းကုန်သွယ်ရေးမဟာမိတ်အဖွဲ့ ဟုတ်လား”

လော့ချန် အနည်းငယ် အံ့အားသင့်သွားသည်။ စိတ်ထဲတွင်လည်း ‘ဘယ်လိုတွေးပြီး အဲ့မှာ လုပ်ဖြစ်သွားတာလဲ မိတ်ဆွေ လီရီရှန်းရယ်’ ဟု တွေးမိလိုက်သည်။

ထျန်းလန် နတ်ဘုရားမြို့တော်ကို ရောက်ရှိလာပြီးနောက် လော့ချန်သည် လျန်ယွန်းကုန်သွယ်ရေးမဟာမိတ်အဖွဲ့အကြောင်းကို စုံစမ်းကြည့်ဖူးသည်။ အကြောင်းမူ ထိုမဟာမိတ်အဖွဲ့သည် တစ်ချိန်က အခြေတည်အဆင့် ကျင့်ကြံသူ ဆယ်ဂဏန်းကျော်အထိ ရှိခဲ့ပြီး ဂိုဏ်းကြီးများပြီးလျှင် ထျန်းလန်နတ်ဘုရားမြို့တော်တွင် ဒုတိယအင်အားအကြီးဆုံး ဖြစ်ခဲ့သည်။ သူတို့၏ စီးပွားရေးလုပ်ငန်းမှာ ဈေးမြို့တော် ဆယ်ဂဏန်းကျော်အထိ လွှမ်းခြုံထားကြောင်း လော့ချန် ကြားမိသည်။

ထိုမျှသာမက မဟာမိတ်အဖွဲ့သည် လုကျိုးရှီး အမည်ရှိ ရွှေအမြုတေအဆင့်ရှိသော တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးကိုပင် တိတ်တဆိတ် စည်းရုံးထားခဲ့သည်ဟု ဆိုကြသည်။

သို့သော်လည်း ခေတ်ကာလများကား ပြောင်းလဲသွားခဲ့လေပြီ။

လျန်ယွန်းကုန်သွယ်ရေးမဟာမိတ်အဖွဲ့သည် ယခင်ကဲ့သို့ ဩဇာ မရှိတော့ချေ။ ၎င်းတို့သည် တစ်ချိန်က အင်အားကြီးမားခဲ့သော်လည်း ကျောက်စိမ်းအိုးဓားဂိုဏ်းနှင့် တိမ်ပြိုဂိုဏ်းတို့ စစ်ဖြစ်ပွားစဉ်အတွင်း တိမ်ပြိုဂိုဏ်းဘက်မှ ရပ်တည်ပေးသော သူလျှိုများအဖြစ် လူအများက စွပ်စွဲခဲ့ကြသည်။ ရလဒ်အနေဖြင့် သူတို့သည် ကျောက်စိမ်းအိုးဓားဂိုဏ်း၏ အထူးပစ်မှတ်ထားခြင်းကို ခံခဲ့ရ၏။ ဓားဂိုဏ်းမှ ကျင့်ကြံသူများ တိုက်ရိုက် လာမတိုက်ခိုက်သော်ငြား ၎င်းတို့၏ လက်အောက်ခံ အင်အားစုများသည် တွေ့ရာနေရာတွင် ရက်စက်စွာ တိုက်ခိုက်ခဲ့ကြသည်။

ယခုအခါ လျန်ယွန်းကုန်သွယ်ရေးမဟာမိတ်အဖွဲ့တွင် အခြေတည်အဆင့် ကျင့်ကြံသူ ငါးဦးသာ ကျန်ရှိတော့သည်။ ကျန်ရှိသူများမှာ အစောပိုင်း တိုက်ပွဲများအတွင်း သေဆုံးခဲ့ကြခြင်း သို့မဟုတ် နောက်ပိုင်းတွင် မဟာမိတ်အဖွဲ့ကို စွန့်ခွာ၍ ထွက်ပြေးခဲ့ကြခြင်း ဖြစ်သည်။ ထိုဖြစ်ရပ်များ ဖြစ်နေသည့် တစ်လျှောက်လုံး တိမ်ပြိုဂိုဏ်းမှ မည်သည့်အကူအညီမျှ မပေးခဲ့ခြင်းမှာ လျန်ယွန်းကုန်သွယ်ရေးမဟာမိတ်အဖွဲ့နှင့် ထိုဂိုဏ်းသည် လူအများ ထင်ထားသကဲ့သို့ နီးကပ်စွာ ပတ်သက်နေခြင်းမရှိကြောင်း ထင်ရှားနေခဲ့သည်။

"လီရီရှန်းရယ်.... ကျောက်စိမ်းအိုးဓားဂိုဏ်းက ခင်ဗျားကိုပါ တိမ်ပြိုဂိုဏ်းရဲ့ လက်ပါးစေလို့ သံသယဝင်နေရင်တော့ သွားပြီပဲ.... တကယ် တိမ်ပြိုဂိုဏ်းနဲ့ ပတ်သက်နေရင် ခံသာဦးမယ်.... မဟုတ်ရင်တော့လား.... ”

လော့ချန်ပင်လျှင် ထျန်းလန်နတ်ဘုရားမြို့တော်တွင် ခြေကုပ်မရသေးမီ အချိန်က သူ၏ မိတ်ဆွေဟောင်း အကြီးအကဲ ကျိုးချင်းကို တစ်ခါမျှပင် မဆက်သွယ်ခဲ့ခြင်းမှာ ထို ဇာတ်ရှုပ်ကြီးကြောင့် ဖြစ်သည်။

သူသည် လျန်ယွန်းကုန်သွယ်ရေးမဟာမိတ်အဖွဲ့နှင့် မည်သည့်နည်းနှင့်မျှ မပတ်သက်လိုချေ။ သို့သော် လီရီရှန်းကမူ အတင့်ရဲကာ ပတ်သက်ဝံ့နေသည်။

မျက်နှာအပျက်ပျက်နှင့် ပစ္စည်း ပစ္စယများ ထုပ်ပိုးနေကြသော လီမျိုးနွယ်စု ကျင့်ကြံသူများကို ကြည့်ရင်း တစ်ချိန်က တာဟဲတွင် လီမျိုးနွယ်စုအဖြစ် ဂုဏ်ယူခဲ့ကြသော မျိူနွယ်ဝင်များ၏ အဖြစ်သည် တရားကျစရာကောင်းလေသည်။ သူတို့၏ မျက်နှာတွင် သိက္ခာ မာန်မာနဟူသမျှ ခဝါချထားသည်ကို မြင်တွေ့ရသည့်အခါ လော့ချန်သည် ခါးသီးသောအမှန်တရား အချို့ကို သိမြင်လိုက်ရသည်။

သေချာသည်မှာ ဘဝ ဟူသော ကျင်လည်မှုသံသရာက သူတို့အား ပြောင်းလဲစေခဲ့ခြင်းပင် ဖြစ်ပေလိမ့်မည်။

လော့ချန်သည် လီမျိုးနွယ်ဝင်များအား လက်ရှိ မည်သည့်နေရာတွင် နေထိုင်သည်ကို မေးကြည့်သည့်အခါ တိကျသော အဖြေတစ်ခုကို ရရှိခဲ့သည်။

"ဟဲဟဲ.... ကျွန်တော်တို့လား၊ အခု တိမ်လွှာငယ်တောင်တန်းပေါ်မှာ နေနေတယ်ခင်ဗျ၊ အကြီးအကဲလော့အနေနဲ့ ကျွန်‌တော်တို့ ခေါင်းဆောင်ကို ရှာချင်တယ်ဆိုရင် အဲဒီနေရာမှာ ရှိနေပါလိမ့်မယ်"

တိမ်လွှာငယ်တောင်တန်းမှာ ချီစွမ်းအား အလွန်နည်းပါးသော တောင်ကုန်းငယ်လေးတစ်ခုမျှသာ ဖြစ်သည်။ အဓိကအချက်မှာ ထိုနေရာသည် လျန်ယွန်းတောင်တန်း၏ ပိုင်နက်တစိတ်တဒေသ ဖြစ်နေခြင်းပင် ဖြစ်သည်။ ထိုအချက်ကပင် လျန်ယွန်းကုန်သွယ်ရေးမဟာမိတ်အဖွဲ့မှ လီမျိုးနွယ်စုကို ခိုလှုံခွင့်ပေးထားကြောင်း အတည်ပြုပေးနေခဲ့သည်။

လော့ချန် ခေါင်းယမ်းလိုက်၏။ သူသည် ထိုကဲ့သို့သော ရှုပ်ထွေးနေသည့် ကိစ္စရပ်များအတွင်းသို့ ဝင်မပါလိုချေ။

"အေးကွာ၊ နောက်ကြုံမှပေါ့.... မိတ်ဆွေလီကိုတော့ သာကြောင်းမာကြောင်း မေးလိုက်တယ်လို့ ပြောပေးပါဦး၊ တစ်ရက်တော့ ဆုံကြတာပေါ့လို့”

ထိုသို့ လောကွတ်ချော်ကာ လော့ချန် ထွက်လာလိုက်သည်။ လီမျိုးနွယ်စု ကျင့်ကြံသူများသည် မြင်ကွင်းမှတစ တစပျောက်ကွယ်သွားသော လော့ချန်အား အထင်ကြီးအားကျစိတ်အပြည့်ဖြင့် ကြည့်ကာ ကျန်ရစ်ခဲ့လေသည်။

လော့ထျန်းအဖွဲ့ ၏ ကျော်ကြားမှုမှာ ယခုအခါ ထျန်းလန်မြို့တော် တစ်ခုလုံး၌ တဖြည်းဖြည်း မြင့်တက်နေခဲ့ပြီ ဖြစ်သည်။ ထိုအဖွဲ့၏ ကျင့်ကြံသူအားလုံးမှာ ယုံကြည်မှုအပြည့်ရှိပြီး အနာဂတ်အတွက် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေကြသည်။ သူတို့မှာမူ နေ့စဉ်နေ့တိုင်း ဘဝကို အတိအကျမသိနိုင်သော အခြေအနေတွင် ရပ်တည်နေရပြီး အသက်ဘေးနှင့် ရင်ဆိုင်နေကြရသည်။ အလုပ်တာဝန်များမှာ အမြဲတမ်းရှိနေပြီး အန္တရာယ်များလှကာ အသက်အန္တရာယ်ကိုပင် စိုးရိမ်နေရသည်။ တည်ငြိမ်မှုလည်း မရှိသလို ပိုမိုကောင်းမွန်လာမည့် အနာဂတ်လည်း မရှိချေ။

သို့ရာတွင် သူတို့ မည်သူ့ကို အပြစ်တင်ရမည်နည်း။ သူတို့၏မျိုးနွယ်စု ခေါင်းဆောင် လီရီရှန်းကိုလည်း အပြစ်မတင်ရက်ပေ။

သူတို့အားလုံး အပြစ်မတင်သင့်မှန်း သိကြသည်။ သူမသည် အတတ်နိုင်ဆုံး ကြိုးစားခဲ့ပြီးဖြစ်ကာ ပြိုလဲလုနီးပါး ဖြစ်နေသော လျန်ယွန်းကုန်သွယ်ရေးမဟာမိတ်အဖွဲ့ထဲသို့ ဝင်ရောက်ကာ လီမျိုးနွယ်စုအတွက် ခိုလှုံရာတစ်ခု ရရှိအောင် သူမ၏ အသက်ကိုပင် ရင်းခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် အခြေတည်အဆင့် ကျင့်ကြံသူချင်း လော့ချန်နှင့် လီရီရှန်း အဘယ်ကြောင့် ဘဝပေးအခြေအနေ ကွာခြားနေသည်ကို သူတို့ နားမလည်နိုင်ဖြစ်နေသည်။

အဆုံးတွင်မူ သူတို့သည် ကံကိုသာယိုးမယ်ဖွဲ့၍ အပြစ်တင်လိုက်ကြတော့သည်။

....

ကျယ်ပြန့်လှသော မြို့လယ် လမ်းမကြီးသည် လူစည်ကားလျက်ရှိသည်။ နေ့တဓူဝ လုပ်ငန်းဆောင်တာများအတွက် လှုပ်ရှားနေကြ‌သော မြို့သူမြို့သားများသည် ပျားပန်းခတ် သွားလာနေကြပြီး ယာဉ်ပျံငယ်လေးများသည်လည်း ပျားပိတုန်းများသဖွယ် တဝီဝီနှင့် ဟိုဟိုဒီဒီ ပျံသန်းနေကြသည်။

မြို့တော်အတွင်း ပျံသန်းခွင့်သည် လွန်ခဲ့သော တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့်ကမှ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ရတနာနန်းဆောင်မှ ထုတ်လုပ်လိုက်သော ဤယာဉ်ပျံငယ်လေးများသည် အမြင့်၊ အလတ်၊ အနိမ့် အဆင့် သုံးမျိုး ရှိကြသည်။ ၎င်းတို့မှာ ကောင်းကင်ယံ၌ ပျံသန်းနိုင်ရုံသာမက မြို့တွင်းလမ်းမများပေါ်၌လည်း မောင်းနှင်နိုင်သဖြင့် ချမ်းသာကြွယ်ဝသူများအကြား ရေပန်းစားလှပေသည်။

သို့သော်လည်း ယာဉ်ပျံများကြား၌ပင် ကွာခြားမှုများ ရှိနေဆဲပင်ဖြစ်သည်။

လော့ချန်၏ လန်ချီယာဉ်ပျံမှာမူ အခြားယာဉ်ပျံများနှင့် မတူဘဲ သီးခြားအဆင့်အတန်းတစ်ခုတွင် ရှိနေခဲ့သည်။ အရွယ်အစား အပြည့်အဝချဲ့လိုက်လျှင် ခရီးသည် တစ်ထောင်ကျော်အထိ တင်ဆောင်နိုင်၏။ အရွယ်အစား ကျုံ့လိုက်သည့်အခါတွင်လည်း အလွန်လျင်မြန်လှပြီး အတွင်းပိုင်းကို ပြင်ပလူများ မမြင်နိုင်ရန် ဖုံးကွယ်ထားသော အစီအရင်များဖြင့် ဖွဲ့စည်းထားသည်။ သူသိရသလောက် ယနေ့တိုင်အောင် ရတနာနန်းဆောင်သည် ဤကဲ့သို့သော ယာဉ်ပျံမျိုးကို နောက်ထပ် မထုတ်လုပ်နိုင်သေးချေ။

ဤအချက်ကပင် သူဝယ်ယူစဉ်က ဆိုင်မှအရောင်းမိန်းကလေး ပြောခဲ့သော အထူးမှာယူထားခြင်းဖြစ်သည် ဟူသော စကားမှာ ရမ်းသမ်းပြောခြင်းဖြစ်ကြောင်း လော့ချန် ရိပ်မိတော့သည်။

အမှန်စစ်စစ်တွင်မူ လန်ချီဝေဟင်ယာဉ်ကို ဖန်တီးခဲ့စဉ်က မှော်ရတနာ အဆင့်အတန်းမီစေရန် ရည်ရွယ်၍ သွန်းလုပ်ခဲ့ခြင်း ဖြစ်သော်လည်း လုပ်ဆောင်စဉ်အတွင်း၌ အနည်းငယ် အဆင်မချောခဲ့မှုကြောင့်သာ ထိုအဆင့်သို့ မတက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ရလဒ်အနေဖြင့် ထိပ်တန်း မှော်လက်နက် တစ်ခုအဖြစ်သာ ဆိုင်သို့ရောက်လာခဲ့ရလေသည်။

မြို့မ လမ်းကျယ်ကြီး၏ ဝေဟင်ပေါ် ပျံသန်းလျက်ရှိသော လန်ချီလှေပျံထဲမှ လော့ချန်၏ အသိစိတ်အစဉ်မှာမူ လီမျိုးနွယ်စုထံသို့ ပြန်လည်ရောက်ရှိနေခဲ့၏။ လွန်ခဲ့သော တစ်နှစ်ကျော်ကာလက လီရီရှန်း ပေးပို့ခဲ့သော ထိုအသံလွှင့်စာလွှာမှာ သူမကိုယ်တိုင် အမှန်တကယ် အားကိုးရာမဲ့ အကြပ်အတည်း ဆိုက်နေချိန်မှသာ ပေးပို့ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ထိုစဉ်က သူသည် တံခါးပိတ်ကျင့်ကြံခြင်းဖြင့် လောကပြင်ပနှင့် အဆက်အသွယ် ပြတ်တောက်နေခဲ့သဖြင့် ထိုသတင်းစကားကို လုံးဝ မကြားသိခဲ့ရချေ။ ထို့ကြောင့်လည်း သူ လှုပ်ရှားကူညီပေးနိုင်စရာ အကြောင်းမရှိခဲ့ပေ။

လောက၌ လူတိုင်းတွင် မိမိတို့၏ ကံကြမ္မာ အကွေ့အကောက် ကိုယ်စီ ရှိကြစမြဲပင်။ ထျန်းလန်မြို့တော်သို့ အတူတကွ ခရီးနှင်ခဲ့ကြသည့် သံယောဇဉ်နှင့် တစ်ဦးကိုတစ်ဦး ကူညီစောင့်ရှောက်ရန် ပေးခဲ့သော ကတိကဝတ်တို့မှာလည်း ယခုမူ လမ်းဆုံးသို့ ရောက်ရှိခဲ့လေပြီ။ သူသည် သူမနှင့် နန်းကုန်းကျင်းတို့ကို လော့ထျန်းအဖွဲ့အား ကူညီပေးရန် တစ်ကြိမ် တောင်းဆိုခဲ့စဉ်ကတည်းက ခရီးသွားဖော်များအဖြစ် ရှိခဲ့သော သံယောဇဉ်ကြွေး ကျေခဲ့ပြီးသား ဖြစ်သည်။

ယခုအချိန်တွင်မူ.... ။

ဝေဟင်ယာဉ်သည် ရုတ်ချည်း ရပ်တန့်သွား၏။ လော့ချန်သည် မြေပြင်ပေါ်သို့ သက်ဆင်းလိုက်ပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ လန်ချီဝေဟင်ယာဉ်မှာ ဟင်းလင်းပြင်အတွင်း ကျုံ့ဝင်သွားပြီး သူ၏ သိုလှောင်အိတ်အတွင်းသို့ လျှပ်ခနဲ ဝင်ရောက်ပျောက်ကွယ်သွားခဲ့သည်။ အနီးနားရှိ ကျင့်ကြံသူအချို့မှာ ထိုအစွမ်းကို အံ့ဩတကြီး ငေးမောကြည့်နေကြသော်လည်း သူကမူ ဂရုမစိုက်ဘဲ လမ်းဆုံတစ်ခုဆီသို့ အေးအေးလူလူ ဆက်လက် လျှောက်လှမ်းသွားခဲ့လေသည်။

ထို့နောက် လော့ချန်က ခပ်လှမ်းလှမ်းမှ လှမ်း၍ မေးမြန်းလိုက်သည်။

"ဟေ့.... မင်းတို့က ဘယ်ကလဲကွ၊ မင်းတို့ ဘာလက်ကမ်းစာစောင်တွေ ဝေနေတာလဲ၊ တစောင်လောက်.... "

သူ မြင်တွေ့ရသည့်အတိုင်းပင်။ လမ်းဆုံ၌ လက်ကမ်းစာစောင်များ ဝေငှနေသည်မှာ ဒန်ရှားမေနန်းဆောင်မှ ကျင့်ကြံသူများသာမကဘဲ အခြားသော အဖွဲ့အစည်းများမှ လူများလည်း အတုခိုး၍ လိုက်ဝေနေခြင်း ဖြစ်သည်။

လော့ချန်၏ အခြေတည်အဆင့် အရှိန်အဝါကို ခံစားမိလိုက်သောအခါ ကျင့်ကြံသူငယ်သည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ရပြီး လက်ကမ်းစာစောင်တစ်ခုကို ရိုသေကိုင်းညွတ်စွာ ကမ်းပေးလိုက်၏။

"ဟုတ်ကဲ့.... ယူပါဗျာ၊ ကျွန်တော်တို့က နဂါးတောင်ရိုးက ကျန်းမျိုးနွယ်ဝင် ကျင့်ကြံသူတွေပါခင်ဗျာ" ဟု ထိုလူငယ်က တုန်ယင်သော အသံဖြင့် ဖြေကြားလိုက်သည်။

"အကြီးအကဲ.... ကျွန်တော်တို့ရဲ့ ဆေးလုံးတွေအကြောင်းကို လေ့လာကြည့်ချင်လားဗျ၊ အားလုံးက ပထမအဆင့် ဆေးလုံးတွေဆိုတော့ အကြီးအကဲတို့ရဲ့ မျိုးဆက်သစ်တွေနဲ့ တပည့်သားမြေးတွေအတွက်တော့ အထူး သင့်လျော်လှပါတယ်ခင်ဗျာ"

"ဒါ့အပြင် ဒီဆေးလုံးတွေက ကျွန်တော်တို့ မျိုးနွယ်စုခေါင်းဆောင်ကိုယ်တိုင် တမူထူးခြားတဲ့ နည်းစနစ်တွေနဲ့ ဖော်စပ်ထားတာပါဗျ၊ အခုဆိုရင် အဆင့်မြင့် မီးသစ်ခွ ဆေးလုံးတွေကိုတောင် အတည်တကျ ဝယ်ယူလို့ရနေပြီခင်ဗျ၊ ဆေးစွမ်းအရည်အသွေးကတော့ အထူးတလည် ပြောစရာမလိုအောင် အရမ်းကောင်းပါတယ်ဗျာ"

"ကျွန်‌တော်တို့ မျိုးနွယ်စုခေါင်းဆောင်က ဒုတိယအဆင့် ဆေးဖော်ဆရာကြီး တစ်ဦးဖြစ်ပြီးတော့.... "

ထိုလူငယ်လေးသည် ပြောရင်း အားပါလာကာ ဝါရင့် အရောင်းသမားတစ်ဦးကဲ့သို့ အာပေါင်ရင်းသန်သန်ဖြင့် သူ့အား ဝယ်ချင်အောင် လိုက်လံဆွဲဆောင်နေတော့သည်။

လော့ချန်က ထိုလူငယ်အား “ဒီကောင် မဆိုးဘူးပဲ” ဟူသည့်အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်၏။ ဤသို့သော အရောင်းမြှင့်တင်ရေး ပရိယာယ်မျိုးကို လော့ထျန်းအဖွဲ့၏ အပြင်စည်းအဖွဲ့မှ လေ့ကျင့်ပေးထားသော ကျင့်ကြံသူများထံ၌သာ သူ မြင်တွေ့ဖူးခဲ့ခြင်းဖြစ်သည်။ ကျန်းမျိုးနွယ်စုသည် ဤမျှအထိ အတုယူ လုပ်ဆောင်လာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိပေ။

လက်ကမ်းစာစောင်ကို ကြည့်လိုက်သည့်အခါတွင်လည်း သူတို့ လော့ထျန်းအဖွဲ့၏ ကြော်ငြာစာရွက်များနှင့် တစ်ပုံစံတည်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ နောက်ကျောဘက်တွင်ပင် ကျန်းမျိုးနွယ်စု၏ ဆေးဆိုင်သို့ သွားရာလမ်းကြောင်းကို လက်ဖြင့် သေချာစွာ ရေးဆွဲထားသော မြေပုံတစ်ခု ပါဝင်နေပြီး ၎င်းမှာ လော့ထျန်းအဖွဲ့၏ နည်းနာများကို အသေအချာ အတုယူထားခြင်း ဖြစ်ကြောင်း ထင်ရှားလှပေသည်။

“အဟက်.... ကျန်းမျိုးနွယ်စုကလဲ မခေဘူးကိုး” ဟု လော့ချန် စိတ်ဝင်တစား ပြုံးရင်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။

‘ဒုတိယအဆင့် ဆေးဖော်ဆရာ.... ကျန်းခယ်ကျန့်’

လော့ချန်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွှတ်သွားကာ အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ပေါ်လွင်လာသည်။ အရာအားလုံးသည် သူ ကြိုတင်တွက်ဆထားသည့် နယ်ရုပ်များအတိုင်းပင် တိတိကျကျ ရွေ့လျားနေသည်။

“ကောင်းပြီလေ.... ”

လော့ချန်၏ မျက်ဝန်းများ တောက်ပသွားသည်။

“အဆုံးသတ်ထိ ဘယ်သူက တောင့်ခံနိုင်မလဲ ကြည့်ကြသေးတာပေါ့”

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၃၆၄) - ကျွဲနှစ်ကောင်ကြား မြေစာပင်ညက်ညက်ကြေ

ဒန်ရှားတောင်ထိပ်ရှိ ဆေးဆောင်ဝန်း အတွင်း၌ ကျင့်ကြံသူများသည် ဆေးဖက်ဝင်ကုန်ကြမ်းပစ္စည်းများကို စနစ်တကျ ပြင်ဆင်လျက် အလုပ်ရှုပ်နေကြသည်။ ထိုစဉ် လော့ချန်သည် စီမာဟွေ့နန်ကို ဆင့်ခေါ်၍ လက်ရှိ အခြေအနေအရပ်ရပ်ကို မေးမြန်းစုံစမ်းလိုက်သည်။

သတင်းပေးပို့ချက်များမှာ သူခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်‌နေသည်။

နဂါးတောင်ရိုးမှ ကျန်းမျိုးနွယ်စုသည် ရှေးယခင်က ငြိမ်သက်နေသည့် အစဉ်အလာကို ရုတ်ခြည်းစွန့်ပယ်ကာ ပြင်းထန်သော ဈေးကွက် ထိုးစစ်ဆင်သည့် အနေအထားသို့ ကူးပြောင်းလာခဲ့သည်။

ပထမဆုံး သိသာထင်ရှားသည့် လက္ခဏာမှာ သူတို့၏ ဆေးလုံးထုတ်လုပ်မှုနှုန်း မကြုံစဖူး တဟုန်ထိုး မြင့်တက်လာခြင်းဖြစ်သည်။ ယခုအခါ အဆင့်မြင့် မီးသစ်ခွဆေးလုံးများကိုပင် ဈေးကွက်အတွင်း အလုံးအရင်းနှင့် ဖြန့်ဖြူးနေပြီ ဖြစ်သည်။ ဤဆေးလုံးများမှာ သာမန်မဟုတ်ပေ။ ၎င်းတို့၏ အာနိသင်မှာ ကျောက်စိမ်းအမြုတေဆေးလုံးထက် ၃၀ ရာခိုင်နှုန်းခန့် ပိုမိုပြင်းထန်လှသည်။

ဒုတိယအချက်မှာ ကျန်းမျိုးနွယ်စု၏ ဆေးဆိုင်ခန်းများကို ကွပ်ကဲနေသည့် ကျင့်ကြံသူများသည် အထူးလေ့ကျင့်မှုများ ခံယူထားပုံရသည်။ သူတို့သည် ယခင်ကထက် ပိုမိုတက်ကြွလာပြီး ဧည့်ဝတ်ကျေပွန်မှုတွင်လည်း လော့ထျန်းအဖွဲ့၏ ရွှေ ခန်းမဆောင်မှ အမျိုးသမီးကျင့်ကြံသူများကို မယှဉ်နိုင်သေးသော်လည်း သိသာစွာ တိုးတက်လာခဲ့သည်။ တတိယအချက်မှာ ကျန်းမျိုးနွယ်စုသည် နဂါးတောင်ရိုးနှင့် ထျန်းလန်နတ်ဘုရားမြို့တော်အစပ်တွင် ဆိုင်ခွဲသစ်တစ်ခုကို ဆောက်လုပ်ဖွင့်လှစ်ကာ ဆိုင်အလုပ်သမားအပြည့်အစုံဖြင့် အမြဲ ဖွင့်လှစ်ထားတော့သည်။

နောက်ဆုံးတစ်ချက်မှာမူ ဆေးလုံးဈေးနှုန်းများကို သိသိသာသာ လျှော့ချလိုက်ခြင်းပင် ဖြစ်သည်။

မီးသစ်ခွဆေးလုံးများကို ယခင်က ဝိညာဉ်ကျောက်တုံး ၁၀၀ ဖြင့် ရောင်းချခဲ့သော်လည်း ယခုအခါ ၉၀ ထိ လျှော့ချလိုက်သည်။ သူတို့၏ တန်ဖိုးကြီးလှသော အဆင့်မြင့် ဆေးလုံးများကိုပင် ၁၅၀ မျှဖြင့် ရောင်းချနေတော့သည်။

ဤပြောင်းလဲမှုကြီးများကို ကြည့်ခြင်းအားဖြင့် ကျန်းမျိုးနွယ်စုသည် လော့ထျန်းအဖွဲ့အား ပြတ်သားသော ဆုံးဖြတ်ချက်ဖြင့် ပြန်လည်တုံ့ပြန်လာခြင်းဖြစ်ကြောင်း ထင်ရှားနေသည်။

"ဟားဟား.... သူတို့က ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်သိမ်းပိုက်ဖို့တင် မဟုတ်ဘူး၊ တစ်ချက်တည်းနဲ့ အရင်ကထက်တောင် ပိုပြီး အောင်မြင်ချင်နေကြတာပဲ" ဟု လော့ချန် သာသာယာယာ ရယ်မောရင်း မှတ်ချက်ပြုလိုက်သည်။

စီမာဟွေ့နန်က မျက်မှောင်ကြုတ်လျက် စိုးရိမ်တကြီးဖြင့် "အဖွဲ့ခေါင်းဆောင်.... ဒါက ကျွန်မတို့ရဲ့ စီးပွားရေး ထိခိုက်သွားမလားမသိဘူးနော်"

"အင်းပေါ့.... ထိခိုက်မှုတော့ အနည်းအကျဉ်း ရှိမှာပေါ့" ဟု လော့ချန်က အမှန်အတိုင်း ဝန်ခံသည်။

"ဒါဆို ကျွန်မတို့ဘက်က နည်းလမ်းရှာရမယ် ထင်တယ်၊ မှတ်လောက်သားလောက်အောင် တခုခုလုပ်ကြမလားရှင့်"

"ဟားဟား မလောပါနဲ့လေ၊ ဒီလောက်လဲ မလိုသေးပါဘူး၊ လောလောဆယ် သူတို့ ဘာဆက်လုပ်မလဲဆိုတာကို အေးအေးဆေးဆေး စောင့်ကြည့်ကြတာပေါ့" ဟု လော့ချန်က ခပ်အေးအေးပင် ပြန်ဖြေသည်။

သို့သော် စီမာဟွေ့နန် စိတ်မအေးနိုင်သေးသည်ကို မြင်သောအခါ လော့ချန်က ပြုံး၍ ရှင်းပြလိုက်သည်။

"ဒီမယ် ငါပြောတာနားထောင်၊ အများကြီး စိုးရိမ်နေစရာမလိုဘူး.... ငါ့အထင် ဝင်ငွေ နည်းနည်း လျော့သွားနိုင်ပေမဲ့ ဆိုင်ကတော့ ဆက်ရောင်းနေရမှာပဲ၊ မင်း နားလည်ထားရမှာက ငါတို့ရဲ့ ကျောက်စိမ်းအမြုဆေးလုံးတွေက ထုတ်လုပ်စရိတ် တော်တော်သက်သာတယ်၊ တစ်ခါဖော်ရင် အထွက်နှုန်းလည်း များတယ်.... အဲ.... သူတို့ရဲ့ မီးသစ်ခွဆေးလုံးတွေကျတော့ ဖော်စပ်ရတာ လက်ဝင်တယ်လို့ကြားတယ်.... ဈေးကလဲ ငါတို့ဆေးက အပြတ်အသတ် သာနေတုန်းပဲ၊ အဲဒါကြောင့် သူတို့ ဈေးလျှော့တာက ငါတို့အတွက် သိပ်ပူစရာ မဟုတ်ပါဘူး"

စီမာဟွေ့နန် သဘောပေါက်သယောင် ရှိသွားသော်လည်း အခြားမေးခွန်းတစ်ခု သူမ စိတ်ထဲ ထပ်မံ ပေါ်လာပြန်သည်။

"ဒါနဲ့များ သူတို့ဘက်က ဘာလို့ ဒီလောက်အထိ အသေအလဲ ကြိုးစားနေကြလဲ မသိဘူး၊ ဟိုအရင်ကတော့ ဘာမှမဖြစ်သလိုနဲ့”

"ဟားဟား.... ဟွေ့နန်ရယ် နဲနဲပါးပါး ခေါင်းသုံးစမ်းပါ၊ သူတို့ တိုက်ခိုက်ဖို့ ကြိုးစားနေတာ ငါတို့ကို ဟုတ်ချင်မှဟုတ်မှာလေ၊ ငါတို့ကို မယှဥ်နိုင်မှန်း သူတို့သိ‌နေတာပဲ၊ ကိုင်း.... မင်းသာ သူတို့ နေရာမှာဆို ဘာလုပ်မလဲ “

“အင်း.... ကျွန်မသာဆို.... ဒါ ပြောရခက်တယ်ရှင့်.... ဖောက်သည်တွေက ကိုယ့်ဆိုင်ထက်ပိုသက်သာတဲ့ နေရာသွားတာ ဓားထောက်ပြီး ဝယ်ခိုင်းလို့လဲ မရဘူး.... ကိုယ့်ဆီကဝယ်သူကိုပဲ အကောင်းဆုံးဆွဲဆောင်ထားဖို့ပဲ ရှိတော့တယ်.... ”

“မင်း ပြောတာနီးစပ်ပါတယ်၊ ဒါပေမယ့် ငါ့ဆိုင်လာမဝယ်တဲ့သူအကုန် သူ့ဆီသွားပါ့မလား.... တခြားဆိုင်တွေလဲ အများကြီးရှိ‌နေတယ်မလား၊ သူတို့လို အမြော်အမြင်ရှိတဲ့ မျိုးနွယ်စုက ကလေးကလား ငါနဲ့ဈေးအပြိုင်လျှော့ရောင်းပြီး ရေရှည်မှာ အရှုံးခံမယ်တဲ့လား.... ကဲ ငါ့မေးခွန်းတွေမှာတင် အဖြေကပါနေပြီ.... မင်း သွားလို့ရပြီ ဟွေ့နန်.... ”

....

တန်ယွမ်ဂိုဏ်း.... ။

လွန်ခဲ့သော နှစ်ပေါင်းနှစ်ရာခန့်က အခြေတည်အဆင့် တစ်ကိုယ်တော် ကျင့်ကြံသူ တစ်ဦးသည် သူ့မိတ်‌ဆွေ ဆေးဖော်ဆရာများကို စုစည်းကာ ဤဂိုဏ်းကို တည်ထောင်ခဲ့သည်။ ထိုသူသည် အဆင့်နိမ့် ချီသန့်စင်အဆင့်ရှိ တစ်ကိုယ်တော်ကျင့်ကြံသူများကို စုစည်းကာ ဆေးဖက်ဝင်ပစ္စည်းများ ရှာဖွေရန်၊ ဆေးလုံးများ ရောင်းချရန်နှင့် ကျင့်ကြံခြင်း အရင်းအမြစ်များ ရရှိရန် သူတို့အား ဖြည်းဖြည်းချင်း လေ့ကျင့်ပေးခဲ့သည်။

ကံဆိုးစွာပင် သူ၏ ပါရမီဓာတ်ခံညံ့မှုနှင့် သက်တမ်းကန့်သတ်ချက်ကြောင့် ရွှေအမြုတေအဆင့်သို့ မရောက်နိုင်ခဲ့ပေ။ သို့သော် သူကွယ်လွန်ပြီးနောက်တွင်ပင် ဂိုဏ်းမှာ ပြိုကွဲမသွားခဲ့ပေ။ နောက်ပိုင်းတွင် သူ၏ ဆေးပညာများကို ဆက်ခံထားသော တပည့်တစ်ဦးက အခြေတည်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ကာ ဂိုဏ်းအစဉ်အလာကို ဆက်လက် ထိန်းသိမ်းခဲ့သည်။

ယနေ့တွင် တန်ယွမ်ဂိုဏ်းသည် စနစ်ကျသော အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်နေသည်။ ကိုယ်ပိုင် ဓလေ့ထုံးတမ်းများ၊ ဆရာတပည့် ဆက်ဆံရေးများနှင့် ဂရုတစိုက် ပြုစုထားသော ဝိညာဉ်စိုက်ခင်းများ ရှိကြသည်။ သူတို့၏ အဓိက ဝင်ငွေ အသက်သွေးကြောမှာ ဆေးဖော်စပ်ခြင်းပင် ဖြစ်သည်။ လော့ထျန်းအဖွဲ့ ဈေးကွက် အတွင်း ဝင်ရောက်လာမှုကြောင့် မကြာသေးမီက သူတို့၏ စီးပွားရေးတွင် များစွာ ထိခိုက်မှုများ ရှိလာခဲ့သည်။

"ဂိုဏ်းချုပ် ဂိုဏ်းချုပ်"

တပည့်တစ်ဦး အမောတကော ပြေးလာသည်။

"သတင်းကောင်းပါ ဂိုဏ်းချုပ်" ဟု သူ လောကြီးစွာ ပြောလိုက်သည်။

"အေး.... ပြောကွ၊ ဘာတွေ ဒီလောက် အရေးတကြီး ဖြစ်နေတာလဲ"

ဂိုဏ်းချုပ်ဆိုသူက စူးစမ်းသော မျက်နှာထားဖြင့် သူ၏ ဂူအတွင်းမှ ထွက်လာရင်း မေးလိုက်သည်။

"ဟားဟား.... ဂိုဏ်းချုပ်ရေ.... သူတို့ ချနေကြပြီ.... နောက်ဆုံးတော့ ချကုန်ပြီဗျ.... ”

"ဟ ဒီကောင်ပြောရင် မရှင်းမရှင်းနဲ့၊ ဘယ်သူတွေ ချနေကြတာလဲ.... သေချာ ပြောစမ်း"

"ဟူး.... ပြေးလာရတာ မောလိုက်တာဗျာ၊ ဟိုလေ နဂါးတောင်ရိုးက ကျန်းမျိုးနွယ်စုနဲ့ ဟို တောသား လော့ထျန်းအဖွဲ့လေ၊ သူတို့ အခု အချင်းချင်း တိုက်ခိုက်ကုန်ပြီဗျ"

"ဟေ.... "

"သူတို့ ရောင်းဈေးတွေကို အပြိုင် လျှော့ချ နေကြတယ်ဗျ၊ ဒါတင်မကဘူး၊ ကျန်းမျိုးနွယ်စုက လော့ထျန်းအဖွဲ့ရဲ့ ခြေရာအတိုင်း လိုက်တုနေတာ၊ ဒီတခါတော့ ပွဲကြီးပွဲကောင်းပဲဗျ"

ထိုအခါ ဂိုဏ်းချုပ်၏ မျက်နှာမှာ ဝင်းပသွားပြီး ဂူအပြင်ဘက်တွင် မြောက်ကြွမြောက်ကြွ လမ်းလျှောက်နေတော့သည်။

သူ လက်ခုပ်တီးလျက် ဆိုသည်။

"ဟေး ကောင်းတယ်ဟေ့ ကောင်းတယ်၊ လော့ထျန်းစုတ်တွေက စည်းမျဉ်းတွေကို လုံးဝ ဂရုမစိုက်တဲ့ကောင်တွေ၊ ဒီလောက် ကောင်းတဲ့ ဆေးလုံးတွေကို ဈေးပေါပေါနဲ့ချ ရောင်းနေတာ.... သူတို့ကို ဒီလိုပြန်တိုက်တဲ့လူ ရှိဦးမှပဲ ဟားဟား”

"ငါတို့ တန်ယွမ်ဂိုဏ်းက ဒီကောင်တွေကို အားမတန်လို့သာ မာန်လျှော့ထားရတာ၊ ကျန်းမျိုးနွယ်စုကတော့ မတူဘူး၊ သူတို့က ချမ်းသာပြီးသား နောက်ခံလည်း တောင့်တယ်၊ ဟိုကောင်တွေ သေဖို့ မြေကျင်းသာတူးထားပေတော့ ဟားဟား"

ကျန်းမျိုးနွယ်စု သို့မဟုတ် တန်ယွမ်ဂိုဏ်းတို့သာ ဆေးအရောင်းအဝယ် လုပ်ငန်း လုပ်သည်မဟုတ်။ ထျန်းလန်နတ်ဘုရားမြို့တော်အတွင်း၌ပင် ဂိုဏ်းကြီးများကို ထည့်မတွက်ပါက အလားတူ အင်အားစု အနည်းဆုံး ခြောက်ဖွဲ့ သို့မဟုတ် ခုနစ်ဖွဲ့ခန့် ရှိသည်။ ဟူမျိုးနွယ်စုနှင့် လီမျိုးနွယ်စုတို့သည် မျိုးရိုးစဉ်ဆက် ဆေးအရောင်းအဝယ် လုပ်လာသော အင်အားစုများ ဖြစ်သည်။ ထို့အပြင် မြို့ပြင်ရှိ နေရာများတွင် အခြေစိုက်သော အခြားကျင့်ကြံသူ မျိုးနွယ်စုသုံးစုလည်း ရှိသေးသည်။ သူတို့အားလုံး လိုလိုပင် ကျန်းမျိုးနွယ်စု၏ ရုတ်တရက် လှုပ်ရှားမှုများကို ကြားသိသွားကြသည်။

သူတို့အားလုံးသည် လွန်ခဲ့သော တစ်နှစ်ပတ်လုံး လော့ထျန်းအဖွဲ့ကို တိတ်တဆိတ် မုန်းတီးနေခဲ့ကြသည်။ သို့သော် ပြဿနာမှာ သူတို့၏ ဆေးလုံးထုတ်လုပ်စရိတ်မှာ အရင်းများနေသဖြင့် ဈေးနှုန်းများကို လိုက်မလျှော့ချနိုင်ခြင်း ဖြစ်သည်။ ယခုအခါ ကျန်းမျိုးနွယ်စုမှ အပြင်းအထန် ဈေးနှုန်းစစ်ပွဲ ဆင်နွှဲလာပြီ ဖြစ်ရာ လော့ထျန်းအဖွဲ့ မျက်ခုံးလှုပ်‌နေမည်မှာ သေချာသဖြင့် ကြားထဲမှ အချောင်ဝမ်းသာလုံးဆို့နေကြသည်။

သူတို့၏ အမြင်တွင်မူ တောမှ တက်လာသည့် ဤတစ်ကိုယ်တော်ကျင့်ကြံသူအဖွဲ့မှာ ဈေးကွက်တွင် ကြာရှည်ခံနိုင်လိမ့်မည် မဟုတ်ပေ။ ကျန်းမျိုးနွယ်စုက အောင်ပွဲခံလိုက်သည်နှင့် ဈေးကွက်သည် ယခင်အတိုင်း ဟန်ချက် ပြန်ညီသွားလိမ့်မည်ဟု သူတို့ ယူဆကြသည်။

ဆေး‌ဖော်ဆရာများနှင့် ကုန်သည်များသာမက မြို့သူမြို့သားအပေါင်းသည်လည်း ဤပဋိပက္ခကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

"ဒီမယ် အစ်ကိုကြီး၊ ဟို လမ်းဆုံက လက်ကမ်းစာစောင်တွေ အတင်းလိုက်ဝေနေတဲ့ အဖွဲ့နှစ်ဖွဲ့ကို တွေ့လား"

"အေး.... တွေ့တယ်လေ၊ အဲ့ဒါလော့ထျန်းအဖွဲ့နဲ့ ကျန်းမျိုးနွယ်စုက လူတွေမလား၊ ကြည့်စမ်း သူတို့ရှေ့ ဖြတ်သွားသမျှ လူတိုင်းကို အတင်းလိုက်ဝေပြီး ရှင်းပြနေတာများ....”

"ဟုတ်ပါ့ရှင်.... ညီမလေး ကြားတာတော့ လော့ထျန်းအဖွဲ့ရဲ့ ကျောက်စိမ်းအမြု‌တေဆေးလုံးက ဆေးဘုရင်ဂိုဏ်းရဲ့ ချီစွမ်းအင်ဖြည့်ဆေးလုံးတွေကိုတောင် ယှဉ်နိုင်တယ်တဲ့"

"အေး‌.... ဈေးလည်း ပိုသက်သာတယ်၊ ငါ‌တောင်တစ်ပုလင်း ဝယ်ဖူးတယ်"

"အမလေး လက်သွက်လှချည်လား၊ မဖြစ်ဖူး မဖြစ်ဖူး.... အခုက နှစ်ဖွဲ့အပြိုင်ကြဲနေတော့ နောက်ဘယ်လိုတွေလာမယ်မသိဘူး၊ တော်ကြာ လော့ထျန်းက အခြေအနေမ‌ဟန်လို့ ဆိုင်ပိတ်ပြေးရင်ခက်မယ်.... ညီမလေးလည်း အများကြီး သွားဝယ်စုထားမှပဲ"

ထိုသို့ တဆင့်စကားတဆင့် ကြားသွားကြသော တစ်ကိုယ်တော် ကျင့်ကြံသူများသည် တယောက်တပေါက် ထိုအကြောင်းအား ပြောဆိုလျက် ရှိကြလေသည်။

"ဟိတ်ကောင်.... ဟိုအကြောင်း သိပြီးပြီ မလား၊ ငါတော့ လော့ထျန်းကနေ လိုတာတွေ ဝယ်ပြီး နည်းနည်း စုထားလိုက်ပြီ.... ”

"အေး ငါက မလိုဘူးကွ၊ လောလောဆယ် မီးတောက်ယန်တံဆိပ် ကျင့်စဉ်ကို ကျင့်နေတာဆိုတော့ မီးဓာတ်ဆေးလုံးတွေပဲ လိုတာ.... အခု ဈေးလျှော့ပေးနေတုန်း ကျန်းမျိုးနွယ်စုဆိုင်ကနေ တစ်ခါတည်း ဝယ်ထားလိုက်မလို့....”

“အလို ရှေ့က ကျင့်ကြံဖော်ကျိုးပါလား.... ဟေ့ လူကြီး ဘေးဘီလေးလဲကြည့်ဦး.... ခင်ဗျားလည်း ကျန်းမျိုးနွယ်စုဆိုင်ကို သွားမလို့လား"

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ ငါက ဒန်ရှားမေနန်းဆောင်ကို သွားမလို့ကွ"

"ဟမ်.... ခင်ဗျားက ချီသန့်စင်အဆင့် ၉ ရောက်နေပြီလေ၊ ကျောက်စိမ်းအမြု‌တေဆေးလုံးက လိုမှမလိုတော့တာ.... ”

"ရှူး.... တိုးတိုး‌ပြောကွာ အာကျယ်အာကျယ်နဲ့၊ သူတို့က ကျောက်စိမ်းအမြု‌တေဆေးလုံး တစ်မျိုးတည်း ရောင်းတာမှ မဟုတ်တာ"

"ဟမ်"

"ဟို.... ဟိုအံ့ဖွယ်တစ်သောင်း.... ဟာကွာ မင်းတို့လိုကောင်တွေနားမလည်ပါဘူး.... ငါသွားပြီ.... နောက်မှတွေ့မယ်.... ”

....

အင်အားစုနှစ်ခုကြား ပြိုင်ဆိုင်မှု ပြင်းထန်လာသည်နှင့်အမျှ နှစ်ဖက်စလုံးက အရောင်းမြှင့်တင်မှုများကို ပို၍ တိုးမြှင့်လာကြသည်။ ဈေးနှုန်းစစ်ပွဲသတင်းမှာ မြို့တွင်းရှိ အဆင့်နိမ့် ကျင့်ကြံသူများကြား တောမီးပမာ ပျံ့နှံ့သွားတော့သည်။ စစ်ပွဲကြောင့် ကုန်ပစ္စည်းအတော်များများ ဈေးတက်နေချိန်တွင် အင်အားစုနှစ်ခုက အပြိုင်အဆိုင် ဈေးလျှော့ပေးနေခြင်းမှာ လူတိုင်းကို ဆွဲဆောင်နေတော့သည်။ အခြားဆေးလုံးများကိုသာ ဝယ်လေ့ရှိသူများပင်လျှင် ဈေးနှုန်းသက်သာမှုကြောင့် ဤဆေးလုံးသစ်များကို စမ်းသပ်ကြည့်လာကြသည်။

စမ်းသပ်ပြီးနောက်တွင်မူ ကျောက်စိမ်းအမြု‌တေဆေးလုံးမှာ အာနိသင်ပြင်းထန်ပြီး ချီစွမ်းအင်များဖြင့် ပြည့်နှက်နေသည်။

မီးသစ်ခွဆေးလုံးမှာလည်း တိုးတက်လာသည်။ ၎င်း၏ အရသာမှာ ပိုမိုစင်ကြယ်လာပြီး အာနိသင်မှာလည်း ပိုမိုနူးညံ့လာကာ ယခင်ကကဲ့သို့ ခန္ဓာကိုယ်ကို ပူလောင်စေသည့် ဂုဏ်သတ္တိများကို စနစ်တကျ ထိန်းညှိထားသည်။ ကျန်းမျိုးနွယ်စုမှ ဆေးဖော်ဆရာများသည်လည်း သူတို့၏ အတတ်ပညာ၌ တိုးတက်မှုများ ရှိလာကြောင်း ထင်ရှားလှသည်။

အချိန်ကြာလာသည်နှင့်အမျှ လော့ထျန်းအဖွဲ့၊ ဒန်ရှားမေနန်းဆောင်နှင့် ကျောက်စိမ်းအမြု‌တေဆေးလုံး ဟူသော အမည်များမှာ အဆင့်နိမ့် ကျင့်ကြံသူများအကြား ပိုမို ရေပန်းစားလာခဲ့သည်။

သူတို့သည် ဆေးလုံးဈေးနှုန်းများကို ကျဆင်းစေခဲ့သူများ ဖြစ်ရာ ကျင့်ကြံခြင်းလောကအတွက်မူ ကောင်းချီးတစ်ရပ်ဟုပင် ဆိုရမည်။

ကျန်းမျိုးနွယ်စုမှာလည်း အမြတ်အစွန်းများ ပြန်လည် ရရှိနေသည်။ သူတို့၏ ဆိုင်ရှေ့တွင် လက်ကျန်ရှင်း ရောင်းဈေးဟု အမြဲ အော်ဟစ်နေကြသဖြင့် အချို့က သူတို့ မျိုးနွယ်စု ခွက်ဆွဲတောင်းစားရသည်အထိ မွဲသွားမည်ကို တွေးပူနေကြသည်။

တစ်ကိုယ်တော်ကျင့်ကြံသူများမှာမူ အလွန် ပျော်ရွှင်နေကြသည်။

ဤသို့နှင့် ရက်မှ လ ကူးပြောင်းလာသောအခါ ဘေးမှ လက်ပိုက် ကြည့်နေခဲ့ကြသော အခြားအင်အားစုများမှာ တစ်ခုခု မှားနေပြီဟု စတင် ခံစားလာရသည်။

....

ဗုန်း....

“ဘာလို့ အရင်လ ဝင်ငွေက ဝိညာဉ်ကျောက်တုံး တစ်သောင်းခွဲပဲ ရှိတာလဲကွ"

တန်ယွမ်ဂိုဏ်းအတွင်း၌ ဂိုဏ်းချုပ်သည် စားပွဲကို တဗုန်း‌ဗုန်းရိုက်ကာ ဒေါသငယ်ထိပ်ရောက်သံဖြင့် အော်ဟစ်လိုက်သည်။

"ဟို.... ဟို‌လေ ဂိုဏ်းချုပ်၊ အရင်လကမှတော်ပါသေးတယ်၊ အခုလက ပိုဆိုးတော့မှာဗျ....”

"ဘာ.... မင်း ဘာကိုပြောချင်တာလဲကွ”

"နောက် သုံး.... သုံးရက်ဆို လကုန်ပြီ ဂိုဏ်းချုပ်၊ ဒါ.... ဒါပေမဲ့.... လောလောဆယ်ထိ ခုနစ်ထောင် ဖိုးပဲ ရောင်းရသေးတယ် ခင်ဗျာ"

တန်ယွမ်ဂိုဏ်းချုပ်သည် တလောကလုံး မှောင်အတိ ကျသွားသလို ခံစားလိုက်ရသည်။ သူသည် နေရာမှာပင် လဲကျလုနီးပါး ဖြစ်သွားပြီး စားပွဲကို အားပြုကာ ကိုယ်ကို ထိန်းထားရသည်။

"အမလေး.... အမေရေ ကယ်ပါ၊ ဒါ ဘယ်လိုဖြစ်ရတာလဲ၊ မင်းတို့ကောင်တွေ ဘာကိစ္စ ငါ့ကိုစောစောမပြောတာလဲ ဟမ်.... ငါ လုပ်ရင်တော့ နာတော့မယ်၊ ငါ့မှာ ဒီလော့ထျန်းစုတ်ကိစ္စ စိတ်ချရပြီဆိုပြီး တခြားဟာတွေနဲ့ အလုပ်ရှုပ်နေတာ၊ မင်းတို့ က အမြှီးမြှောက်လိုက် အီးပေါက်လိုက် လုပ်ကောင်းနေတုန်း၊ ဒီလောက်အရေးကြီးတဲ့ဟာကျ ငါ့လာပြောဖို့ သတိမရကြဘူး၊ ပြောစမ်း.... ခုမှ မျက်နှာငယ်တွေ လုပ်မနေနဲ့.... သွား.... ခွက်သွားယူချေ့၊ တဂိုဏ်းလုံးတောင်းစားမယ်.... ”

အမှန်စင်စစ် တန်ယွမ်ဂိုဏ်းသာမက အခြားသော ဆေးလုံးရောင်းချသူများသည်လည်း တစ်ခုခု မှားနေပြီဟု သတိထားမိလာကြသည်။ လော့ထျန်းအဖွဲ့အနေဖြင့် ဤ အပြိုင်ဈေးလျှော့ပွဲကို မည်မျှအထိ ဆက်ထိန်းထားနိုင်မည် ဆိုသည်ကို သူတို့ မသိကြပေ။ သူတို့ သိသည်မှာ သူတို့၏ လစဉ်ဝင်ငွေများမှာ တဖြည်းဖြည်း လျော့နည်းလာနေခြင်း ဖြစ်သည်။

ထိုအချိန်ရောက်မှ သူတို့ အပြေးအလွှား စုံစမ်းအကဲခတ်ကြသည်။ ကျန်းမျိုးနွယ်စုမှ ကျင့်ကြံသူများမှာ ဝယ်သူများ ကြိတ်ကြိတ်တိုးနေသဖြင့် ပင်ပန်းနေကြသော်လည်း ရွှေတွင်းကြီး တွေ့ထားသူများကဲ့သို့ မျက်နှာများတွင် အောင်မြင်မှု အရိပ်အယောင်များဖြင့် ဝင်းပနေကြသည်။

လော့ထျန်းအဖွဲ့မှ ကျင့်ကြံသူများမှာလည်း ထုံးစံအတိုင်း စိတ်အားထက်သန်နေကြဆဲပင်။ ဆေးလုံးမဝယ်လျှင်ပင် သူတို့သည် နို့လက်ဖက်ရည်၊ မုန့်များ၊ ဝိညာဉ်သစ်သီးများနှင့် မှော်လက်နက်များကဲ့သို့သော အခြားပစ္စည်းများကို နွေးထွေးစွာ အကြံပြုပေးတတ်ကြသည်။

တစ်ချိန်တည်းမှာပင် ဟူမျိုးနွယ်စု၏ အစည်းအဝေးခန်းမ၌ အခြေတည်အဆင့်ရှိ မျိုးနွယ်စုခေါင်းဆောင်သည် အကြီးအကဲများရှေ့တွင် မျက်နှာပျက်လျက် ထိုင်နေသည်။

"အား.... ငါတို့တော့သွားပြီ၊ ဘာ မှားနေတာလဲ.... ဘယ်နေရာက စလွဲခဲ့တာလဲ.... ”

….

ထျန်းလန်တောင်ထိပ်၌ လော့ချန်သည် သူ၏ ဂူဗိမာန်အတွင်း တိုတောင်းသော တံခါးပိတ်ကျင့်ကြံမှုကို ပြုလုပ်နေသည်။ သူသည် စီမာဟွေ့နန် ပေးပို့သော သတင်းကို လက်ခံရရှိသည်။ ထိုအထဲတွင် သူတို့၏ ပြိုင်ဘက်များပင်လျှင် လော့ထျန်းအဖွဲ့နှင့် ကျန်းမျိုးနွယ်စု၏ နည်းလမ်းများကို လိုက်လံတုပနေကြကြောင်း ဖော်ပြထားသည်။

လော့ချန်က ပြုံး၍ ထိုစာကို ဘေးသို့ ဖယ်လိုက်သည်။

"နောက်ဆုံးတော့ သူတို့ ရိပ်မိသွားကြပြီပေါ့.... အလာကောင်းပေမဲ့ အခါနှောင်းနေပြီ ဆရာကြီးတို့‌ရေ....”

ထိုအခါမှ တံခါးပိတ် ကျင့်ကြံခြင်း စမဝင်မီ သူနှင့် ကျန်းမျိုးနွယ်စုခေါင်းဆောင် ကျန်းခယ်ကျန့်တို့ လျှို့ဝှက်‌တွေ့ဆုံခဲ့သည်ကို ပြန်မြင်ယောင်မိသည်။ ကျန်းခယ်ကျန့်မှ လော့ချန်ကို စတင် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

ထိုတွေ့ဆုံမှုတွင် ကျန်းခယ်ကျန့်မှာ အလွန်ပင် နွေးထွေးပျူငှာလှသည်။ သူတို့၏ စကားဝိုင်းမှာ ယဉ်ကျေးပျူငှာသော ချီးမွမ်းစကားများဖြင့် ပြည့်နှက်နေသည်။ ကျန်းခယ်ကျန့်က လော့ချန်၏ အရည်အချင်းကို ချီးမွမ်းသလို၊ လော့ချန်ကလည်း ကျန်းခယ်ကျန့်၏ အဆင့်မြင့် မီးသစ်ခွဆေးလုံးများ ဖော်စပ်နိုင်မှုကို ပြန်လည် ချီးမွမ်းခဲ့သည်။

သို့သော် ထိုတွေ့ဆုံမှုမှ ထွက်ပေါ်လာသော ရလဒ်မှာ မည်သူမျှ မမျှော်လင့်ထားသည့်အရာ ဖြစ်သည်။

"ဒီမယ် ညီလေး၊ ငါတို့ ဆက်ပြီး အပြိုင်အဆိုင် လုပ်ရအောင်၊ အစွမ်းကုန် လုပ်ကြမယ်.... အများအမြင်မှာ ငါတို့ အသေအကြေ ဈေးကွက်လုနေသလို ထင်အောင် လုပ်ကြတာပေါ့၊ ဘယ်လိုလဲ"

၎င်းမှာ ကျန်းခယ်ကျန့် ပြောခဲ့သည့် စကားပင် ဖြစ်သည်။

"ငါတို့ မြို့ပြင်မှာ အဖွဲ့သား အချင်းချင်း ရန်ဖြစ်တဲ့ပုံစံမျိုးတောင် လုပ်ကြမလား၊ တစ်ယောက်ကိုတစ်ယောက် ဘုကြည့်ကြည့်မယ်၊ ဆဲဆိုမယ်.... တကယ်သတ်ပုတ်နေသယောင် လုပ်ဇာတ်ခင်းကြတာပေါ့"

"ဟားဟား အကြံကောင်းပဲဗျ" ဟု လော့ချန်က ရယ်မောရင်း ပြန်ပြောလိုက်သည်။

"အစ်ကိုကြီးကျန်း.... ဒီမြို့မှာ ခင်ဗျားရဲ့ နည်းဗျူဟာကို ယှဉ်နိုင်တဲ့သူ မရှိ‌လောက်ဘူးဗျ၊ ခင်ဗျားကတော့ တကယ့်လူဗျာ....”

"မဟုတ်တာပဲ ငါ့ညီရာ.... မင်းဆီကနေ မျက်စိပွင့် နားပွင့်အောင် ပညာယူနေတုန်း ရှိပါသေးတယ် ဟဲဟဲ”

"ဟားဟား.... မဟုတ်တာပြောရော့မယ်၊ အစ်ကိုကြီးကျန်း ဆေးလုံးဖော်ဖို့ ထျန်းလန်တောင်ထိပ်က ဒုတိယအဆင့် ဂူဗိမာန်ကိုတောင် အငှားပြန်ချတာ တကယ် ပြတ်သားတယ်ဗျာ.... ကျွန်တော် လေးစားပါတယ်”

သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး သိတတ်နားလည်စွာ ပြုံးပြလိုက်ကြပြီး အပြန်အလှန် ကြော်ငြာ မောင်းခတ်ပေးသကဲ့သို့ ဖြစ်နေမည့် ပြိုင်ဆိုင်မှုကို ဆက်လက် လုပ်ဆောင်ရန် သဘောတူညီခဲ့ကြသည်။

လော့ချန် အတိတ်ဖြစ်ရပ်များကို တွေးနေရာမှ လက်ရှိ ဒုက္ခတွေ့‌နေကြသော အင်အားစုများအဖြစ်ကို ပြန်သတိရကာ အပြုံးများ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားသည်။

ဤကဲ့သို့သော ဖြစ်ရပ်မျိုး သာဓကမျိုးမှာ အသစ်အဆန်း မဟုတ်ပေ။ ၎င်းမှာ ကျွဲနှစ်ကောင်ကြား မြေစာပင် ညက်ညက်ကြေ ဆိုသည့် အတိုင်းသာ ဖြစ်သည်။

သူ ကျင့်ကြံလောကသို့ မကူးပြောင်းမီ လူသားစင်စစ် ဘဝက သမိုင်းဖြစ်ရပ်တစ်ခုကို မှတ်သားလေ့လာခဲ့ဖူးသည်။ သူ့အရင်ကမ္ဘာ၌ ဒုတိယကမ္ဘာစစ်မီး တောက်လောင်ချိန်တွင် အနောက်အုပ်စု နယ်ချဲ့အင်အားကြီးများနှင့် အရှေ့ဖျားမှ နိုင်ငံဖြစ်သော ဂျပန် အင်ပါယာတို့သည် အရှေ့တောင်အာရှတိုက်အတွင်း ဩဇာလွှမ်းမိုးရန် အပြင်းအထန် အားပြိုင်ကြရာ ကြားထဲမှ ဒေသတွင်းနိုင်ငံငယ်လေးများမှာ အလဲလဲအကွဲကွဲ ပြိုလဲခဲ့ကြရသည်။ အင်္ဂလိပ်၊ ပြင်သစ်၊ ဒတ်ချ် နှင့် ဂျပန်တို့ စစ်ဘီလူးကြီးများအလား တစ်ဖက်နှင့်တစ်ဖက် ဗျူဟာခင်း တိုက်ခိုက်ကြစဉ် အချို့ဒေသတွင်း နိုင်ငံငယ်လေးများသည် စစ်တလင်းဖြစ်ကာ မြေစာပင် ဖြစ်ခဲ့ရသလို ထိုဒေသများ၏ ငြိမ်းချမ်းရေးနှင့် သယံဇာတများမှာလည်း တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်သွားခဲ့ရသည်။

ဤကဲ့သို့သော ဖြစ်ရပ်များမှာ မရေမတွက်နိုင်အောင်ရှိသည်။ စီးပွား‌ရေး ဈေးကွက်တွင်လည်း အပြိုင် အင်အားစု ကြီးများသည် အသိပညာအင်အား၊ ငွေနှင့် နောက်ခံအင်အား တောင့်တင်းကာ နှစ်ဖက်စလုံးတွင် ရေရှည်ယှဉ်ပြိုင်နိုင်စွမ်းရှိသော အခြေခံအုတ်မြစ် ရှိနေသရွေ့ သူတို့မှာ ဆုံးရှုံးမှု ကြီးကြီးမားမား မရှိရုံသာမက ဈေးကွက်ဝေစုကို ပို၍ပင် ရရှိလာကြလိမ့်မည်။ ဘေးမှ ကြည့်နေသော အင်အားစုငယ်လေးများကမူ သူတို့ ရိပ်မိချိန်မှာပင် စီးပွားရေးလောကကြီးမှ ပျောက်ကွယ်သွားကြတော့မည် ဖြစ်သည်။

ကျန်းခယ်ကျန့်သည် ထက်မြက်သော လူတစ်ဦး ဖြစ်သည်။ ဈေးနှုန်းစစ်ပွဲ ဒုတိယလ ရောက်သောအခါ သူသည် အကျိုးကျေးဇူးများကို မြင်လာခဲ့သည်။ သို့သော် သူ စိတ်မရှည်သေးပေ။ သူတို့ကြားရှိ တိတ်တဆိတ် နားလည်မှုကပင် လုံလောက်နေပြီဖြစ်ရာ နောက်ထပ် တွေ့ဆုံရန်ပင် မလိုတော့ပေ။

လော့ချန်တို့၏ အားသာချက်မှာ ကျောက်စိမ်းအမြုတေဆေးလုံး၏ ထုတ်လုပ်စရိတ် သက်သာမှုနှင့် သူ၏ ထူးခြားသော ဆေးဖော်စပ်မှု စွမ်းရည်ဖြစ်သည်။ သို့ဖြစ်ရာ ဈေးနှုန်းစစ်ပွဲတွင် လော့ထျန်းအဖွဲ့ အနေဖြင့် အချိန်ကြာကြာ တောင့်ခံနိုင်မည်မှာ သေချာသည်။

တစ်ဖက်မှ နှစ်ပေါင်းများစွာ အစဉ်အလာရှိသော ကျန်းမျိုးနွယ်စုသည်လည်း အခြေတည်အဆင့် ကျင့်ကြံသူ သုံးဦးနှင့် မီးလျှံမဟာမိတ်၏ ထောက်ခံမှုကြောင့် တောင့်ခံနိုင်မည် ဖြစ်သည်။

ထိုအချိန် မြေစာပင်များ ဖြစ်သော အခြားသော အင်အားစုများနှင့် မျိုးနွယ်စုများသည် အချိန်ကြာလာသည်နှင့်အမျှ ကြာရှည် တောင့်မခံနိုင်တော့ပေ။ အဆုံးသတ်တွင် လော့ထျန်းအဖွဲ့နှင့် ကျန်းမျိုးနွယ်စုသာ ကျန်ရစ်တော့မည် ဖြစ်သည်။

လော့ချန်သည် မျက်လုံးများကို ဖြည်းဖြည်းချင်း ပိတ်လိုက်ပြီး အတွေးများကို ဖယ်ထုတ်လိုက်သည်။ အခြေတည်အဆင့် ၂ မှ အဆင့် ၃ သို့ တက်လှမ်းရန် အချိန်မှာ နီးကပ်နေပြီ ဖြစ်သည်။ သူသည် ထိုအရှိန်အဟုန်ကို အသက်ရှူချက်တိုင်းတွင် ခံစားနေရသည်။

စန္ဒကူးနံ့သာရနံ့များ လေထုထဲတွင် လှည့်ပတ်နေစဉ် သူ၏ ဝိညာဉ်မှာ ဖြည်းဖြည်းချင်း အတွင်းသို့ စုစည်းသွားသည်။ သူ နဂါးပျံဆေးလုံး နှစ်လုံးကို ယူလိုက်သည်။ တစ်လုံးကို တိုက်ရိုက် မျိုချလိုက်ပြီး အခြားတစ်လုံးကိုမူ လိုအပ်လျှင် သုံးနိုင်ရန် လျှာအောက်တွင် ထားလိုက်သည်။

ထို့နောက် ပါရမီရှင်အဆင့်ရှိ နွယ်မြက်သစ်ပင် ဆေးဘုရင်ကျင့်စဉ်ကို နှိုးဆော်ကာ ပတ်ဝန်းကျင်မှ ချီစွမ်းအင်များကို ဆွဲယူလိုက်ပြီး ခန္ဓာကိုယ်အတွင်း လည်ပတ်စေကာ ဆေးအာနိသင်များကို သန့်စင်လိုက်သည်။

သူ၏ ချီပင်လယ်အတွင်း၌ ပြင်းထန်သော စွမ်းအင်လှိုင်းများသည် ချီစွမ်းအင် ဝဲဂယက်အတွင်းသို့ စီးဝင်သွားသည်။ ထိုလည်ပတ်မှုက စွမ်းအင်များကို သန့်စင်ပေးကာ တောက်ပသော အစိမ်းရောင် ချီနွယ်မျှင်များအဖြစ် ပြောင်းလဲပေးလိုက်သည်။ သူ၏ အတွင်းအာရုံတွင် ဒန်ထျန်း၏ အလွှာကိုးလွှာမှာ ကြီးမားသော ဂဏန်းကွင်းကြီးတစ်ခုကဲ့သို့ မြင့်တက်လာသည်။

ပထမအလွှာမှာ ဝိညာဉ်ရည်များဖြင့် ပြည့်လျှံနေပြီ ဖြစ်သည်။ ဒုတိယအလွှာရှိ ဝိညာဉ်ရည်များမှာလည်း ပြည့်လျှံလုနီးပါး ဖြစ်နေသည်။ ထိုအစိမ်းရောင် အလင်းတန်းများ ပိုမို စီးဝင်လာသည်နှင့်အမျှ သန့်စင်ရန် အချိန်ယူရမည့် စွမ်းအင်များသည် အတွင်းပိုင်း ဖိအားကြောင့် အလျင်အမြန် သန့်စင်သွားတော့သည်။

အချိန်များမှာ သတိမထားမိဘဲ ကုန်ဆုံးသွားသည်။

နဂါးပျံဆေးလုံး နှစ်လုံးစလုံးမှာ လွန်ခဲ့သော အချိန်ကတည်းက ကြေပျက်သွားပြီ ဖြစ်သော်လည်း လော့ချန် မရပ်တန့်ပေ။ သူသည် နွယ်မြက်သစ်ပင်ဆေးဘုရင်ကျင့်စဉ်ကို ဆက်လက် လည်ပတ်စေကာ ပတ်ဝန်းကျင်ရှိ ချီစွမ်းအင် အမှုန်အမွှားလေးများကိုပါ မကျန် စုပ်ယူပြီး ခန္ဓာကိုယ်အတွင်းသို့ ပို့လွှတ်နေသည်။

ခုနစ်ကြိမ်တိုင်တိုင် အပြည့်အဝ လည်ပတ်ပြီးနောက်တွင်ပင် သူ မရပ်သေးပေ။

နောက်ဆုံးတွင်….။

တောက်….

နောက်ထပ် ဝိညာဉ်ရည်တစ်စက်မှာ သိပ်သည်းသွားပြီး ကျဆင်းသွားတော့သည်။ သူ၏ ချီပင်လယ်မှာ ပြင်းထန်စွာ လှုပ်ခတ်သွားပြီး နောက်ဆုံးတွင် အတားအဆီးကို ကျော်ဖြတ်ကာ တတိယမြောက်အလွှာထဲသို့ စီးဝင်သွားတော့သည်။

ထိုအချိန်တွင် လော့ချန်၏ မျက်လုံးများ ပွင့်လာသည်။ သူ၏ ခန္ဓာကိုယ်မှ ပြင်းထန်သော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာပြီး ယခင်ကထက် ပိုမို အားကောင်းလှသည်။

အတွေးတစ်ချက်ဖြင့်ပင် သူသည် ထိုစွမ်းအင်များကို ပြန်လည် ထိန်းချုပ်လိုက်ပြီး ချက်ချင်းပင် ဖိနှိပ်လိုက်သည်။

"ဟူး.... နောက်ဆုံးတော့ အောင်မြင်သွားပြီ"

အဆင့် - အခြေခံတည်ဆောက်ခြင်းအဆင့် (၃) (၁/၁၀၀)

သူ၏ အတွင်းအာရုံဖြင့် ကြည့်လိုက်သောအခါ တတိယအလွှာအတွင်း၌ အစိမ်းရောင်အလင်းများ တောက်ပနေသော ဝိညာဉ်ရည်အသစ်တစ်စက်ကို မြင်လိုက်ရသည်။ ၎င်း၏ အပေါ်တွင် ချီစွမ်းအင် အမှုန်အမွှားလေးများသည် တိမ်တိုက်အသစ်တစ်ခုအဖြစ် စုစည်းရန် ကြိုးစားနေကြသည်။ သို့သော် ချီစွမ်းအင် မလုံလောက်သေးသဖြင့် မအောင်မြင်ဘဲ ဆာလောင်မှုလှိုင်းတစ်ခုသာ သဘာဝအတိုင်း ထွက်ပေါ်လာသည်။

လော့ချန် သာသာယာယာ ရယ်လိုက်မိသည်။ ယခုအချိန်သည် ကျင့်ကြံခြင်းကို ဆက်လုပ်ရန် အချိန်မဟုတ်ပေ။ ပိုပြီး တွန်းအားပေးခြင်းမှာ ထိခိုက်မှုသာ ဖြစ်စေလိမ့်မည်။ သူ အနားယူရန် လိုအပ်သည်။ အဆင့်တက်စဉ်က ထွက်ပေါ်လာသော စွမ်းအင်များကြောင့် သူ၏ ဝိညာဉ်လမ်းကြောင်းများမှာ အနည်းငယ် နာကျင်နေသဖြင့် နွယ်မြက်သစ်ပင်ဆေးဘုရင်ကျင့်စဉ်၏ အာနိသင်ဖြင့် ညင်သာစွာ ပြန်လည် ကုသပေးရန် လိုအပ်သည်။

စိတ်ရောလူပါ ပင်ပန်းနေသဖြင့် လော့ချန် ဖြည်းဖြည်းချင်း အိပ်ပျော်သွားတော့သည်။

….

"ဟေ.... ငါးရက်တောင် ကြာသွားတာလား”

"ဒါနဲ့ ငါ တံခါးပိတ် ကျင့်ကြံနေတုန်း ဘာတွေ ထူးခြားသေးလဲ" ဟု သူ မေးလိုက်သည်။

ပိုင်မေလင်းက မေးစေ့ကို လက်နှစ်ဖက်ဖြင့် ထောက်လိုက်ရင်း "အင်း နေဦး.... ဪ…. ဘာမှ ထူးထူးခြားခြား မရှိပါဘူး၊ သခင်က မမဟွေ့နန်တို့ကို အနှောင့်အယှက် မပေးခိုင်းထားဘူးလေ"

"အဲလိုလား.... "

"ဪ.... နေဦး”

"တစ်ခုတော့ ရှိသေးတယ်"

ပိုင်မေလင်းက ကလေးငယ်တစ်ဦးကဲ့သို့ ချစ်စဖွယ် ရယ်မောလိုက်ရင်း "အရင် သုံးရက်လောက်က အခြေတည်အဆင့်ရှိတဲ့ အရမ်း.... ချော အရမ်း.... လှတဲ့ နတ်သမီးလေးလို မမတယောက် သခင့်ကို တွေ့ခွင့်တောင်းသွားတယ်" ဟု ဆိုလာသည်။

လော့ချန်သည် သူမအား စကားတစ်လုံးမျှ မဆိုဘဲ စိုက်ကြည့်နေမိသည်။ ပိုင်မေလင်းသည် ဤသတင်းကို တမင်တကာ အချိန်ဆွဲ၍ ပြောနေခြင်းဖြစ်ကြောင်း သူ ကောင်းစွာ ရိပ်မိသည်။

“အရမ်းချော အရမ်းလှတဲ့ နတ်သမီးလေးလို မမ ဟုတ်လား”

သူသည် အခြေတည်အဆင့် ကျင့်ကြံသူ အမြောက်အမြားနှင့် ထိတွေ့ဖူးသော်လည်း အမျိုးသမီးဟူ၍ကား နည်းပါးလှရာ ထိုမျှအထိ လှပသော အမျိုးသမီးဆိုသည်မှာ မည်သူနည်းဟု တွေးတောမိသည်။

‘ဘယ်သူများ ဖြစ်နိုင်မလဲ....’

"ခစ်ခစ်…. သခင်က ရီရတယ်၊ စဉ်းစားနေရင်း ခေါင်းခြောက်မခံနဲ့တော့၊ အဲ့မမနာမည်က ခန်းရှန်းချုံးတဲ့၊ ထိုက်ရှန်းဈေးမြို့တော်ရဲ့ ခန်းမျိုးနွယ်စုကလို့ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်သွားတယ်"

လော့ချန် အတန်ငယ် အံ့အားသင့်သွားရသည်။ သူသည် ခန်းမျိုးနွယ်စုနှင့် တစ်ကြိမ်တစ်ခါက စီးပွားရေးအရ ဆက်ဆံဖူးသော်လည်း ခန်းရှန်းချုံးဆိုသော အမည်ကိုမူ တစ်ခါမျှ မကြားဖူးခဲ့ချေ။

နောက်တစ်နေ့တွင် လော့ချန်သည် ဒန်ရှားတောင်ထိပ်၌ ခန်းရှန်းချုံးနှင့် လူချင်းတွေ့ဆုံလိုက်ရသည့် အခါတွင်မှ အကြောင်းစုံကို ကွင်းကွင်းကွက်ကွက် နားလည်သွားတော့သည်။

All Chapters