အခန်း (၃၆၅-၃၆၆)
Vol. 37 Ch. 365-366
အခန်း (၃၆၅) - အလည်လာသော မိန်းကလေးနှင့် ဟော်မျိုးနွယ်စု ပျက်သုန်းခြင်း
"မိန်းကလေးခန်း.... ကျုပ်တို့ မတွေ့ရတာတောင် ကြာပြီနော်"
လော့ချန်၏ ပျူငှာလှသော ကြိုဆိုနှုတ်ဆက်စကားကြောင့် ခန်းရှန်းချုံး၏ လှမ်းလက်စ ခြေလှမ်းများ တန့်ခနဲ ဖြစ်သွားရသည်။ သူမ၏ နက်မှောင်သော မျက်ဝန်းအိမ်ထဲတွင် အံ့ဩတုန်လှုပ်မှုရိပ်များ ထင်ဟပ်သွားသည်ကို အထင်အရှား မြင်တွေ့လိုက်ရ၏။
"အို.... ကျွန်မကို အရင်က မြင်ဖူးလို့လားရှင့်”
"ဟားဟား၊ မြင်ဖူးတာပေါ့၊ ရွှေကျောက်နန်းဆောင်ရဲ့ ဒုတိယထပ်မှာလေ၊ မိတ်ဆွေကြီး ခန်းတုံးယွဲ့နဲ့ ကျွန်တော် စီးပွားရေးကိစ္စတွေ ဆွေးနွေးနေတုန်းက မိန်းကလေးခန်းက ဘေးခန်းမှာ ဝင်ပုန်းနေတာမလား”
ထိုစကားကြောင့် ခန်းရှန်းချုံး မျက်လုံးပြူးသွားသည်။ ဤခရီးကို မလာမီကပင် သူမ၏ အဘိုးဖြစ်သူထံမှ လော့ချန် ဆိုသူသည် အလွန်ပါးနပ်သူဖြစ်ကြောင်း၊ တွေ့ဆုံသည့်အခိုက် အမှားမလုပ်မိစေရန် စသဖြင့် ဩဝါဒအရှည်ကြီးကို နားထောင်ခဲ့ရသည်။ သူမအနေဖြင့် ပေါ့ပေါ့ပင် တွေးခဲ့သည်။ လော့ချန်၏ သိမြင်နိုင်စွမ်းသည် ဤမျှ စူးရှထက်မြက်လိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။ ရွှေကျောက်ခန်းမဆောင်တွင် ခင်းကျင်းထားသော အကာအကွယ်အစီအရင်များမှာ ခပ်ညံ့ညံ့ မဟုတ်ပေ။
လော့ချန်သည်လည်း မိန်းမပျို၏ လာရင်းကိစ္စကို အကဲခတ်နေမိသည်။ သူ့ရှေ့မှ မိန်းမပျိုသည် ဘဝအတွေ့အကြုံ မရင့်ကျက်သေးပုံ ပေါ်နေသော်လည်း မွေးရာပါ ပါရမီဓာတ်ခံနှင့် မျိုးနွယ်စု၏ အထောက်အပံ့ကောင်းမှုကြောင့် အခြေခံတည်ဆောက်ခြင်းအဆင့်သို့ ငယ်ငယ်ရွယ်ရွယ်နှင့် ချောချောမွေ့မွေ့ ရောက်ရှိလာခဲ့သူဖြစ်သည်။ သူနှင့် နှိုင်းဆပါက ထိုမိန်းမပျို၏ ဘဝပေးကုသိုလ်ကံသည် မနာလိုချင်စရာပင် ကောင်းလှသည်။
"ထျန်းလန်နတ်ဘုရားမြို့တော်ထိ လာဖို့ဆို မိန်းကလေးခန်း အတော်လေး ခရီးဝေးနှင်လာရတာပဲ.... ဒီတော့ အိမ်ရှင်တစ်ယောက်အနေနဲ့ သေချာဧည့်ခံရမှာပေါ့ဗျာ.... ဒီ ဒန်ရှားတောင်ထိပ်မှာ ရှုမောမဆုံးနိုင်တဲ့ အလှတရား သုံးမျိုး ရှိတယ်ဗျ၊ လမ်းလျှောက်ရင်း ကြည့်ကြမလားဗျာ"
"အို သိပ်ကောင်းတာပေါ့ရှင်....”
သို့နှင့် သူတို့နှစ်ဦးသည် ဒန်ရှားတောင်တန်း၏ မြွေလိမ်မြွေကောက် လမ်းကလေးများအတိုင်း ယှဉ်တွဲ လျှောက်လှမ်းလာခဲ့ကြသည်။ လမ်းတစ်လျှောက်တွင် ဆုံတွေ့သမျှ လော့ထျန်းအဖွဲ့မှ ကျင့်ကြံသူများသည် လော့ချန်ကို မြင်သည်နှင့် ရိုသေစွာ ဂါရဝပြုကြ၏။ ခန်းရှန်းချုံးသည် ပတ်ဝန်းကျင် ရှုခင်းများကို စူးစမ်းကြည့်ရှုနေသော်လည်း သူမ၏ အာရုံကို အမှန်တကယ် ဖမ်းစားထားသည်မှာ ဤနေရာရှိ လူများ၏ အခြေအနေသာ ဖြစ်ပေသည်။
သူမ တွေ့သမျှ လူတိုင်း၏ မျက်နှာထက်ဝယ် အနာဂတ်အတွက် မျှော်လင့်ချက်ရောင်ခြည်များ ဝင်းလက်နေပြီး တက်ကြွ ဖြတ်လတ်နေကြသည်။ ကျင့်ကြံခြင်းကို ပျင်းရိငြီးငွေ့ဖွယ် အလုပ်တစ်ခုလို မဟုတ်ဘဲ ရည်မှန်းချက်တစ်ခုအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းနေကြခြင်း ဖြစ်သည်။ ဝိညာဉ်စိုက်ခင်းများတွင်ဆိုလျှင် ချီသန့်စင်နှောင်းပိုင်း ကျင့်ကြံသူများပင် ကိုယ်တိုင်ကိုယ်ကျ လုပ်ငန်းခွင်ဝင်နေကြသည်ကို မြင်တွေ့ရသည်။
‘ဒီလော့ချန်က တယ်ဟုတ်ပါလား’ ဟု သူမ တွေးမိသည်။ သူသည် တစ်ကိုယ်တော်ကျင့်ကြံသူများကို စုစည်းထားခြင်း ဖြစ်သော်လည်း နှစ်ပေါင်းရာချီ သက်တမ်းရှိသော ဂိုဏ်းကြီးများကဲ့သို့ စည်းကမ်းစနစ် ကျနလွန်းလှသည်။ သူမတို့ ခန်းမျိုးနွယ်စုနှင့် ယှဉ်လျှင်ပင် အောက်ကျနောက်ကျ မရှိလှပေ။
ခန်းရှန်းချုံး တိတ်တဆိတ် အံ့ဩနေစဉ် လော့ချန်ကလည်း သူမကို အကဲခတ်နေဆဲပင် ဖြစ်သည်။ ခန်းမျိုးနွယ်စုမှ ကျင့်ကြံသူများ ဤမြို့သို့ ရောက်လာခြင်းမှာ ထူးဆန်းသည် မဟုတ်သော်လည်း သူမကဲ့သို့ မျိုးနွယ်စု၏ ဖူးဖူးမှုတ် ရွှေမင်းသမီးတစ်ဦးက အဘယ်ကြောင့် သူ့အား လာရှာရသည်ကို သူ စဉ်းစားနေမိသည်။ နောက်ဆုံးတွင် ခန်းရှန်းချုံးကပင် စကားစလိုက်သည်။
"အဟက်.... အကြီးအကဲ ပုံစံကြည့်ရတာ ကျွန်မလာတာကို အံ့ဩနေပုံပဲ.... ဒီကောင်မလေး အခြေတည်အဆင့် ရောက်ပြီးပြီးချင်း ဘာလို့ ထျန်းလန်မြို့ကို လာတာလဲဆိုပြီး သိချင်နေမှာပဲ"
"ဟားဟား.... နည်းနည်းတော့ သိချင်တာပေါ့ဗျာ"
"ဒီလိုရှင့်…. နောက်ထပ် ခြောက်လနေရင် ဒီ ထျန်းလန်နတ်ဘုရားမြို့တော်မှာ မြို့တော်အဆင့် လေလံပွဲကြီး ကျင်းပမယ်ဆိုတဲ့ သတင်းကြားလို့ပါ၊ ဒါကြောင့်ပဲ ကျွန်မ လာခဲ့တာ”
“အလို.... လေလံပွဲကြောင့် ဒီထိလာခဲ့တာပေါ့”
လော့ချန် စိတ်ဝင်စားသွားသည်။ သူ၏ သိုလှောင်အိတ်ထဲရှိ ဆေးလုံးစိမ်းချိုင့်ဝှမ်းမှ ရွှမ်ယွင်ကျီ ပေးအပ်ခဲ့သော ဖိတ်စာကို သတိရလိုက်သည်။ ၎င်းမှာ ဆယ်နှစ်တစ်ကြိမ် ကျင်းပမြဲဖြစ်သော ခမ်းနားထည်ဝါသည့် လေလံပွဲကြီးဖြစ်ပြီး ရွှေအမြုတေအဆင့် ကျင့်ကြံသူများအထိ တက်ရောက်မည့် ပွဲကြီးပွဲကောင်း ဖြစ်သည်။
"မိန်းကလေးခန်း အရေးတကြီးလိုချင်တာ ရှိလို့လား"
ခန်းရှန်းချုံးက သက်ပြင်းသဲ့သဲ့ချလိုက်ပြီး
"ဟုတ်တယ်ရှင့်၊ ကျွန်မ တတိယအဆင့် ကုသရေး ဝိညာဉ်ဆေးလုံး တစ်မျိုးကို အရေးတကြီး လိုနေလို့ပါ"
"တတိယအဆင့် ကုသရေးဆေးလုံး ဟုတ်လား"
လော့ချန် မျက်ခုံးပင့်လိုက်မိသည်။
"မပြောကောင်းမဆိုကောင်း မိတ်ဆွေကြီး ခန်းတုံးယွဲ့ တစ်ခုခု ဖြစ်လို့လား"
ခန်းရှန်းချုံး၏ မျက်နှာမှာ ချက်ချင်းပင် မှေးမှိန်ညှိုးနွမ်းသွားသည်။ ၎င်းကို မြင်လိုက်ရုံဖြင့် လော့ချန်တစ်ယောက် သူ ခန့်မှန်းမိသည်မှာ မှန်ကန်ကြောင်း သိလိုက်သည်။
"ဟမ်…. ထိုက်ရှန်းဈေးမြို့တော်မှာ တစ်ခုခု ဖြစ်ခဲ့တာလား မိန်းကလေးရဲ့"
သူမက နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း ဆိုသည်။
"အမှန်ပါပဲရှင်၊ အကြီးအကဲတို့အုပ်စု ထွက်သွားပြီး မကြာခင်ပဲ တတိယအဆင့် ဝိညာဉ်သားရဲတစ်ကောင်က မြစ်ကို ဖြတ်ပြီးတော့ ကြက်သွေးရောင်ဖားတောင်မှာရှိတဲ့ ဟော်မျိုးနွယ်စုကို တိုက်ခိုက်ခဲ့တယ်လေ၊ ကျွန်မတို့ ခန်းမျိုးနွယ်စုကလည်း အဲ့တောင်အနီးမှာ နေတာဆိုတော့ အနည်းနဲ့ အများ ထိခိုက်မှုတွေ ရှိခဲ့တာပေါ့၊ ကျွန်မရဲ့ အဘိုးက မျိုးနွယ်စုကို ကာကွယ်ရင်း ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားပြီး အိပ်ရာထဲက ကို မထနိုင်တော့ဘူး၊ ဒါကြောင့်ပဲ ကျွန်မက အခြေတည်အဆင့်ရောက်အောင် အသေအလဲ ကျင့်ကြံတယ်၊ ကံကောင်းလို့ အခြေတည်အဆင့်ကို တက်သွားတယ် ဆိုပါတော့၊ ဒါနဲ့ပဲ အဘိုးအတွက် ကုသပေးနိုင်မယ့် ဆေးကို လိုက်ရှာဖို့ ဒီအထိရောက်လာတာပါပဲရှင်.... ”
မိန်းမပျို၏ ရှင်းပြချက်အဆုံးတွင် လော့ချန်သည် မိစ္ဆာသားရဲတိုက်ခိုက်ခံရမှုကို အသေအချာ တွေးတောနေသည်။
"တတိယအဆင့် မိစ္ဆာသားရဲ ဟုတ်လား၊ ဒီမိစ္ဆာက ဟော်မျိုးနွယ်စုကို တိုက်ခဲ့တယ်ပေါ့"
"ဟုတ်ပါတယ်ရှင်.... တတိယအဆင့် အလယ်အလတ်အဆင့်ရှိတဲ့ ခြေသုံးချောင်း မြစ်မျိုဖားကြီး ပါ၊ ကျွန်မတို့လို အခြေတည်အဆင့် မျိုးနွယ်စုတွေ သိပ်မခုခံနိုင်တဲ့ မိစ္ဆာ အစွမ်းမျိုးပေါ့"
လော့ချန် မျက်မှောင်ကြုတ်လိုက်သည်။
"နေစမ်းပါဦး.... မြစ်မျိုဖားတွေက သူ့ပိုင်နက်အတွင်းမလာရင် သူ့ဟာသူ အေးအေးဆေးဆေး နေတတ်တဲ့ သားရဲတွေမလား၊ ဘာလို့များ ဟော်မျိုးနွယ်စုကို ရုတ်တရက် တိုက်ခိုက်တာပါလိမ့်ဗျာ.... "
ထိုစကားကြောင့် ခန်းရှန်းချုံး၏ ပါးပြင်များမှာ အနည်းငယ် နီမြန်းသွားပြီး "ဟို.... ဟိုလေ ကျွန်မအဘိုးပြောတာတော့.... အဲဒီသားရဲကြီးက မိတ်လိုက်ချင်ပြီး မ စိတ် မွှန်နေတာလို့ပြောတယ်.... "
‘မိတ်လိုက်ချင်တာလား’ ဟု လော့ချန် တွေးရင်းမှ ရုတ်တရက် သူ့နဖူးသူ ရိုက်လိုက်မိမလို ဖြစ်သွားသည်။ စိတ်ထဲမှလည်း ‘အမလေးဟ၊ ဒါ.... ငါ အရင်က ဟိုဆေးလုံးတွေ အများကြီး ကျွေးခဲ့တဲ့ ကောင်ကြီးပဲ၊ အဲဒီထဲမှာ ထိပ်တန်းအဆင့် အံ့ဖွယ်တစ်သောင်းဆေးလုံးက သုံးလုံးတောင်ပါတာ သေရောဟေ့’ ဟု တွေးမိသွားသည်။
"အကြီးအကဲလည်း သိမှာပေါ့ရှင်၊ ဟော်မျိုးနွယ်စုနေတဲ့ ကြက်သွေးရောင်ဖားတောင် ဆိုတာက သူတို့ရဲ့ ပထမအဆင့် မြေအောက်မီး ဝိညာဉ်ကြောမှာ နေထိုင်တဲ့ ကြက်သွေးရောင်ဖားအုပ်စုကို အစွဲပြုပြီး ခေါ်တာလေ" ဟု ခန်းရှန်းချုံးက နာကြည်းသော လေသံဖြင့် ဆက်ပြောသည်။
"အဲဒီထဲက ဖားမိစ္ဆာမ တစ်ကောင်ဆိုရင် ဒုတိယအဆင့်ကို ရောက်နေပြီး မျိုးနွယ်စုရဲ့ အစောင့်အရှောက်သားရဲတောင် ဖြစ်နေပြီ၊ အဲဒီဖားမကြောင့် မြစ်မျိုဖားကြီးက အသဲအသန်လာတာလို့ ကျွန်မတို့အားလုံး ထင်ကြေးပေးထားတယ်”
လော့ချန်၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားသည်။ သူပေးခဲ့သော ထိပ်တန်းအဆင့် ဆေးလုံး သုံးလုံးမှာ ထိုသားရဲကြီး၏ မိတ်လိုက်ချင်စိတ်ကို အဆုံးစွန်အထိ နှိုးဆွပေးလိုက်ခြင်း ဖြစ်နိုင်သည်။ တစ်နည်းအားဖြင့်ဆိုသော် လော့ချန်သည် သူကိုယ်တိုင်မသိလိုက်ပါဘဲ ထိုကိစ္စတစ်ခုလုံး၏ နောက်ကွယ်မှ လက်သည်တရားခံ ဖြစ်နေတော့သည်။
သူ သတိထား၍ မေးလိုက်သည်။
“မိတ်ဆွေကြီး ခန်းတုံးယွဲ့ ရဲ့ ဒဏ်ရာက အတော်ပဲ ပြင်းသလားဗျ"
"အရမ်းပြင်းထန်တဲ့ဒဏ်ရာတွေပေါ့ရှင်၊ သူ အိပ်ရာထဲလဲနေတာ ကြာပြီရှင့်၊ အပြင်ထွက်ရင်တောင် ထိုက်ရှန်းတောင်ရဲ့ နယ်နိမိတ်ထဲကနေ ဘယ်မှ မသွားနိုင်ဘူး၊ ခရီးဝေး သွားဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ အခြေအနေပဲ၊ ဒါနဲ့ပဲ ကျွန်မ ဒီခရီးကို တစ်ယောက်ထဲ ထွက်လာခဲ့ရတာ"
"ဟို.... ဒါဆို ဟော်မျိုးနွယ်စုကရော"
လော့ချန် သူ အသိချင်ဆုံး မေးခွန်းကို မေးလိုက်သည်။
ခန်းရှန်းချုံးက ခါးခါးသီးသီး ရယ်မောလိုက်သည်။
"သူတို့လား.... သူတို့နဲ့တန်တာ သူတို့ရသွားတာပေါ့ရှင်”
ခန်းရှန်းချုံး၏ စကားအဆုံးတွင် လော့ချန်သည် ဟော်မျိုးနွယ်စု၏ ဆိုးဝါးလှသော ကံကြမ္မာကို ကွင်းကွင်းကွက်ကွက် မြင်ယောင်သွားတော့သည်။
ခြေသုံးချောင်း မြစ်မျိုဖားကြီးသည် မည်သည့်သတိပေးချက်မျှ မရှိဘဲ ဘွားကနဲ ရုတ်တရက် ရောက်လာကာ ဟော်မျိုးနွယ်စု၏ အသက်သွေးကြောဖြစ်သော ပထမအဆင့် မြေအောက်မီး ဝိညာဉ်ကြောကို အစိမ်းလိုက် ဝါးမျိုဖျက်ဆီးပစ်ခဲ့သည်။ ထိုလှုပ်ခတ်မှုကြောင့် ငြိမ်သက်နေသော ကြက်သွေးရောင်ဖားတောင်မှာ ငရဲမီးတောင်ကြီးတစ်ခုအဖြစ် အသွင်ပြောင်းကာ တောင်အတွင်းအနက်ရှိုင်းဆုံးနေရာမှ မီးတောင်ချော်ရည်ပူများ အပေါ်သို တဟုန်ထိုး ဆန်တက် ပေါက်ကွဲထွက်လာခဲ့သည်။
ဟော်မျိုးနွယ်စု၏ ကျင့်ကြံသူ တစ်ရာကျော်နှင့် သောင်းနှင့်ချီသော ဆွေမျိုးသားချင်းတို့မှာ ထိုအပူရှိန်ပြင်းထန်လှသော မီးချော်ရည်များကြားတွင် အော်ဟစ်ကာ သေဆုံးသွားခဲ့ကြရသည်။ သူတို့၏ အဓိကတိုင်ပင်ဖော် ကျင့်ကြံသူ ဟော်ချွမ်သည် ထိုအချိန်က တံခါးပိတ် ကျင့်ကြံနေချိန်ဖြစ်သည်။ ထို ရုန်းရင်းဆန်ခတ်အခြေအနေကြီးကို သိသိချင်း အမြန်ထွက်လာကာ မှော်လက်နက်ဖြင့် မြစ်မျိုဖားကြီးကို တိုက်ထုတ်ရန် ကြိုးစားခဲ့သည်။ သို့ရာတွင် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး၏ အစွမ်းမှာ တတိယအဆင့် မိစ္ဆာသားရဲဘုရင် ရှေ့တွင်မူ ဆင်နှင့်ဆိတ်ပမာ ဖြစ်နေခဲ့သည်။ သားရဲကြီး၏ ပြင်းထန်လှသော တိုက်ခိုက်မှု တစ်ချက်တည်းဖြင့်ပင် ဟော်ချွမ်မှာ ပေါက်ကွဲနေသော မြေအောက်မီး ဝိညာဉ်ကြောထဲသို့ လွင့်စင်ကာ တစစီ ဖြစ်သွားခဲ့ရသည်။
မြစ်မျိုဖားကြီး၏ မိတ်လိုက်ဖော် ရှာလိုသော ရမ္မက်ဆန္ဒတစ်ခုတည်းကြောင့် ဟော်မျိုးနွယ်စုမှာ လောကကြီးထဲမှ ထာဝရ ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်သည်။ ၎င်းမှာ တတိယအဆင့် သားရဲဘုရင်တစ်ကောင်၏ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းပင်ဖြစ်သည်။ ကျင့်ကြံခြင်း မျိုးနွယ်စုတစ်ခုကို ချေမှုန်းရန်မှာ ထို မိစ္ဆာသတ္တဝါအတွက် လက်ဖျောက်တစ်ချက်တီးရသလောက်ပင် လွယ်ကူလှပေသည်။
‘ဪ… ဒီလိုကိုး၊ အခုမှပဲ သဘောပေါက်တော့တယ်၊ ငါ့မှာတော့ ညတိုင်း အိပ်ရေးတွေပျက်တဲ့အထိ ဘယ်ချိန် ဟော်မျိုးနွယ်စုက လာရှာမလဲ တွေးပူနေရတာ၊ ခုမှပဲ ရင်ထဲကအလုံးကြီးကျသွားတယ်၊ ဟော်ဟူကို ဖမ်းလိုက်တာတောင် ဟော်မျိုးနွယ်စုဘက်က လိုက်မရှာတာ ဒီလိုတွေကြောင့်ကိုး.... ”
ထိုသို့တွေးလိုက်ပြီးနောက် သူ၏ ခြေဖဝါးထဲတွင် စူးနေသည့် ဆူးတစ်ချောင်းကဲ့သို့ ဖြစ်နေသော ဟော်ချွမ်၏ အချိန်မရွေး ရန်ရှာနိုင်မှုသည် လုံးဝ စိုးရိမ်စရာမရှိတော့ဘဲ ချုပ်ငြိမ်းသွားခဲ့ပြီဖြစ်သည်။
….
သူတို့နှစ်ဦး စကားပြောရင်း လျှောက်လာခဲ့ရာ ဒန်ရှားတောင်ထိပ်သို့ မသိလိုက်မသိဖာသာ ရောက်ရှိလာကြသည်။ ရှေ့တွင် ရိုးရှင်းသော်လည်း သေသပ်ခိုင်ခံ့သော သက်ငယ်မိုး တဲအိမ်ကလေးတစ်လုံးသည် တောင်ထိပ်၏ အစွန်းတွင် တိတ်ဆိတ်စွာ တည်ရှိနေသည်။
"ဟင်.... ဟိုမှာ တဲလေးတစ်လုံးပါလား၊ တစ်ယောက်ယောက် နေနေတာလား" ဟု ခန်းရှန်းချုံးက စူးစမ်းရင်းဖြင့် မေးလိုက်သည်။
"ဟုတ်တယ်ဗျ၊ ကျုပ် မိတ်ဆွေရင်း တစ်ယောက်ပါပဲ”
ထိုတဲလေးသည် အခြားမဟုတ်၊ ရှောင်ဟွမ်းတောင်ထိပ်တွင် ရှိခဲ့သော တဲအိမ်ကလေးပင် ဖြစ်သည်။ လော့ချန် တာဟဲဈေးမြို့တော်မှ ထွက်လာသောအခါ ထိုတဲကို သူကိုယ်တိုင် ဖြုတ်ယူခဲ့ပြီး အတူသယ်လာခဲ့ခြင်း ဖြစ်သည်။ အကြောင်းမူ ထိုတဲအိမ်မှာ နယ်နယ်ရရမဟုတ်ပေ။ ချီစွမ်းအင်များကို စုစည်းပေးနိုင်သော မှော်လက်နက်တစ်ခုပင် ဖြစ်သည်။ ယခင်က ၎င်းကို ရေခဲမီးလျှံ ဝိညာဉ်စမ်းရေတွင်း၏ စွမ်းအင်များကို ထိန်းချုပ်ရန် အသုံးပြုခဲ့ဖူးသည်။ ယခု ဒန်ရှားတောင်ထိပ်သို့ ရောက်သောအခါ သူ ပြန်နေရာချ၍ ဝမ်ယွမ်ကို လက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
ဝမ်ယွမ်သည် ချီသန့်စင်အထွတ်အထိပ်သို့ ရောက်ရှိနေသော်လည်း ချီစွမ်းအင်အပေါ် အလွန်အမင်း အမှီမပြုပေ။ အကြောင်းမှာ သူ၏ လမ်းစဉ်သည် ခန္ဓာကိုယ်ကျင့်ကြံခြင်း လမ်းစဉ်ဖြစ်သောကြောင့်ပင်။ သူ အခြေတည်အဆင့်အား အလိုရှိသည်မှာ အာဏာ သို့မဟုတ် အဆင့်အတန်းအတွက် မဟုတ်ဘဲ ခန္ဓာကိုယ်ကျင့်ကြံခြင်း လမ်းစဉ်၏ တတိယအဆင့်သို့ ရောက်ရှိရန် လိုအပ်သော အချိန်သက်တမ်းကို ရရှိရန်အတွက်သာ ဖြစ်သည်။
ဝမ်ယွမ်၏ ပြောပြချက်အရ ခန္ဓာကိုယ်ကျင့်ကြံခြင်း လမ်းစဉ်ကျင့်ကြံသူများသည် တတိယအဆင့်သို့ ရောက်သောအခါ အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုများ ဖြစ်ပေါ်လာပြီး သူတို့၏ နေထိုင်ရမည့်သက်တမ်းမှာ ပထမဆုံးအကြိမ်အဖြစ် တိုးမြင့်လာလိမ့်မည်ဟု ဆိုသည်။ ထို့ကြောင့်ပင် ဝမ်ယွမ်သည် အခြေခံတည်ဆောက်ခြင်းအဆင့်ကို အလျင်မစလိုဘဲ အချိန်ယူကာ ခိုင်မာသော အခြေခံကို တည်ဆောက်ရန်သာ အာရုံစိုက်နေခြင်း ဖြစ်သည်။
လော့ချန် အတွေးလွန်နေသည်ကို မြင်သောအခါ ခန်းရှန်းချုံးသည် စကားစရန် စနောက်သလို ပြုံးလိုက်ပြီး ဆိုသည်။
"ဒါနဲ့ အကြီးအကဲလော့ ရှင့်.... ဒန်ရှားတောင်က သာယာတာတော့ ဟုတ်ပါပြီ.... ဒါပေမဲ့ ရှင်ကြွားနေတဲ့ ရင်သပ်ရှုမောဖွယ်ရှုခင်း ဆိုတာကြီးက ဘယ်မှာတုန်းရှင်.... ဟိဟိ"
"ဟဲဟဲ.... နောက်ကိုလှည့်ကြည့်လိုက်လေ မိန်းကလေးရဲ့"
“ဟင်.... အိုး.... လှလိုက်တာရှင်”
သူမ လှည့်ကြည့်လိုက်သော ခဏဝယ် အဆုံးအစမဲ့ ဝေ့ဝဲနေသည့် တိမ်ပင်လယ်ကြီးကို မြင်လိုက်ရ၏။ သမုဒ္ဒရာ၏ လှိုင်းတံပိုးများအလား တလိပ်လိပ် တက်လာနေသော တိမ်တိုက်တို့အား နေဝင်ရိုးရီ ဆည်းဆာအလင်းတန်းများက ပယင်းရောင် ခြယ်သထားသည်။ ကောင်းကင်ယံတစ်ခုလုံး ရွှေရောင်လွှမ်းသွားကာ ရွှေရောင်ဒီလှိုင်းများ တုန်ခါနေသကဲ့သို့ပင် လှပလွန်းလှတော့သည်။
ထို ပန်ချီကားတချပ်ပမာ တုနှိုင်းမဲ့ တိမ်ပင်လယ်ရှုခင်းကို ကြည့်ရင်း ခန်းရှန်းချုံးမှာ မှင်သက်သွားသည်။ ကျန်းမာရေးမကောင်းသော အဘိုး၏ ကိုယ်စား မျိုးနွယ်စု ဝန်ထုပ်ဝန်ပိုးများကို ခါးစီး ထမ်းပိုးခဲ့ရသော သူမသည် ဤခက်ခဲသောကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အေးချမ်းမှုကို ရှာဖွေတွေ့ရှိသွားသလို စိတ်အမောပြေသွားခဲ့သည်။
ရုတ်တရက် သူမ လော့ချန်ကို နူးညံ့လှသော အသံဖြင့် ခေါ်လိုက်သည်။
"အစ်ကိုကြီးလော့"
လော့ချန် ကိုယ်ကို မတ်လိုက်သည်။
"ပြောပါ.... မိန်းကလေးခန်း၊ ကျုပ်နားထောင်နေပါတယ်”
"ညီမလေး အကူအညီတစ်ခုလောက် တောင်းလို့ရမလားရှင်၊ လာမယ့် လေလံပွဲမှာ အဘိုးဖို့ ဆေးလုံးကို ညီမလေး လုဝယ်နိုင်ဖို့က သိပ်ယုံကြည်ချက်မရှိဘူးရှင်၊ အဲဒီကိုလာတဲ့သူတွေက ဆရာကြီးတွေပဲလို့ ကြားတယ်၊ ညီမလေးကို ကူညီတဲ့အနေနဲ့ ဟို.... ဟိုလေ၊ အစ်ကိုကြီးလော့က လေလံပွဲတွေမှာ အရမ်းကျွမ်းတယ်လို့ အဘိုးက ပြောဖူးတယ်၊ ဒါကြောင့်.... ညီမလေးကို ဆေးလုံးဝယ်ဖို့ ကူညီပေးလို့ ရမလားဟင်"
လော့ချန် သက်ပြင်းတစ်ချက် မသိမသာ ချလိုက်မိသည်။ သူမ၏ မေတ္တာရပ်ခံမှုကို သူ ချက်ချင်း သဘောတူရန် ပြင်လိုက်သော်လည်း အရှုံးအမြတ်တွက်ချက်တတ်သော သူ၏ ပင်ကိုစရိုက်က ဝင်လာသည်။
လော့ချန်၏ မျက်နှာကို အကဲခတ်ကာ ခန်းရှန်းချုံးက ပြောလိုက်သည်။
“အပြန်အလှန်အနေနဲ့ အစ်ကိုကြီးလော့ လိုအပ်တာရှိရင်လည်း ပြောပါ၊ ညီမလေးတို့ မျိုးနွယ်စုက လုပ်ပေးနိုင်သလောက် အဆုံးထိ အကုန်လုပ်ပေးပါမယ်....”
"ဟာ မဟုတ်တာ၊ ညီမရဲ့အဘိုးက အစ်ကို့ရဲ့ မိတ်ဆွေအရင်းကြီးပဲဟာ၊ အစ်ကို့ဘက်က တတ်နိုင်သလောက် ကူညီရမှာပေါ့.... ဒါနဲ့ စကားမစပ်၊ ညီမတို့ မျိုးနွယ်စုရဲ့ ရွှေကျောက်စိမ်းရည်ရော အခုတလော အရောင်းသွက်ရဲ့လား "
ခန်းရှန်းချုံးက ညှိုးငယ်စွာ ခေါင်းယမ်းပြလိုက်သည်။
"ဒါဆို အဲဒီဆေးရည်ကို အစ်ကိုတို့ဆိုင်မှာ တင်ပြီး ရောင်းပေးရမလား၊ အမြတ် ခွဲယူဖို့ကတော့ အတူတူတိုင်ပင်ပြီးမှ သတ်မှတ်ကြတာပေါ့.... ”
"ဟင်.... ရွှေကျောက်စိမ်းရည်ကို လက်တွဲရောင်းမှာလား"
"သေချာတာပေါ့ ညီမရယ်" ဟု လော့ချန်က ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက်လေသည်။
….
စကားစမြည်ပြောအပြီးတွင် ခန်းရှန်းချုံးသည် လော့ချန်ကို နှုတ်ဆက်ကာ တောင်အောက်သို့ ပြန်ဆင်းသွားပြီ ဖြစ်သည်။ သူမသည် ထျန်းလန်နတ်ဘုရားမြို့တော်သို့ ရောက်ရှိကတည်းက သာမန်တည်းခိုခန်းတစ်ခုတွင်သာ သိုသိပ်စွာ နေထိုင်ပြီး လာမည့် လေလံပွဲကြီးအတွက်သာ အာရုံစိုက် ပြင်ဆင်နေလေသည်။
လော့ချန်သည် တောင်စောင်းလမ်းတစ်ဝက်တွင် ရပ်တန့်နေရင်း အဝေးသို့ ငေးကြည့်ကာ ကျေနပ်အားရစွာ ပြုံးလိုက်မိသည်။ စကားအနည်းငယ် ပြောလိုက်ရုံဖြင့် လော့ထျန်းအဖွဲ့အတွက် အလွန်တရာ အလားအလာ ကောင်းသော အမြတ်များများရမည့် စီးပွားရေးအခွင့်အလမ်းသစ် တစ်ခုကို သူ ဖန်တီးနိုင်ခဲ့ပြီ မဟုတ်ပါလော။
စင်စစ်မူ ခန်းမျိုးနွယ်စု၏ ရွှေကျောက်စိမ်းရည်သည် ဤကာလများအတွင်း ထိုက်ရှန်းတဝိုက်တွင် အရောင်းမသွက်ဖြစ်နေသည်ကို လော့ချန် ခန့်မှန်းရိပ်မိခဲ့သည်။ ယခင် သူနှင့် ခန်းတုံးယွဲ့တွေ့စဉ်က ထိပ်တန်းအဆင့် ရွှေကျောက်စိမ်းရည် အမြောက်အမြားကို လွယ်လွယ်ကူကူ လဲလှယ်ပေးလိုက်ခြင်းကပင် ခန်းမျိုးနွယ်စု လက်ဝယ် ထိုဆေးရည်များ အပိုအလျှံရှိနေကြောင်း သိနိုင်လေသည်။
အဓိက အရောင်းထိုင်းရသည့် အကြောင်းရင်းမှာ ဆေးရည်၏ အာနိသင်ကြောင့် မဟုတ်ဘဲ ရောင်းချသည့် ဈေးကွက်ကြောင့်သာ ဖြစ်သည်။ ထိုက်ရှန်းဈေးမြို့တော်တွင် နေထိုင်သူဦးရေ နည်းပါးလှပြီး ၎င်းတို့ထဲတွင်မှ ခက်ခဲကြမ်းတမ်းလှသော ခန္ဓာကိုယ်ကျင့်ကြံခြင်း လမ်းစဉ် ကျင့်ကြံသူမှာ ပို၍ပင် ရှားပါးလှသည်။ ထို့ကြောင့်ပင် ဤဆေးရည်မှာ မီးခဲ ပြာဖုံးသကဲ့သို့ ဖြစ်နေရခြင်း ဖြစ်သည်။
သို့သော် လော့ချန်ကိုယ်တိုင် ထိုဆေးရည်ကို အသုံးပြု၍ ခန္ဓာကိုယ်အတွင်းရှိ အသွေးအသားများကို ပြုပြင်ပြောင်းလဲလာခဲ့သည်မှာ ကြာပြီဖြစ်ရာ ယခုအခါ သူ၏ ခန္ဓာကိုယ်မှာ ပိုမို ကြံ့ခိုင်ကျစ်လျစ်လာပြီး ကျောက်စိမ်းဖြူဟူသော ခန္ဓာကိုယ်ကျင့်ကြံခြင်း လမ်းစဉ် ဒုတိယအဆင့်သို့ ရောက်ရှိရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဤကဲ့သို့သော ဆေးရည်မျိုးမှာ ဈေးကွက်မှန်လျှင် သေချာပေါက် လူကြိုက်များလိမ့်မည်။ ထိုက်ရှန်းတွင် ရောင်းမရသော်လည်း ကျင့်ကြံသူပေါင်းစုံ စုဝေးရာ ထျန်းလန်နတ်ဘုရားမြို့တော်တွင်မူ ဒန်ရှားမေနန်းဆောင်၏ ရောင်းတန်းဝင် ပစ္စည်းစာရင်းကို ပိုမို ပြည့်စုံ စုံလင်သွားစေမည့် ထိပ်တန်းကုန်ပစ္စည်းတစ်ခု ဖြစ်လာပေလိမ့်မည်။
“ဪ.... ငါ ချီသန့်စင်အဆင့်မှာတုန်းက ခန်းတုံးယွဲ့ကို ငါ့ရဲ့ အံ့ဖွယ်တစ်သောင်းဆေးလုံးတွေကို ဖြန့်ချိပေးပါဆိုပြီး ခခယယ ချဉ်းကပ်ခဲ့ရတယ်.... အခု သိပ်တောင်မကြာဘူး.... ငါက သူတို့မျိုးနွယ်စုရဲ့ ဆေးတွေကို ပြန်ပြီး ဖြန့်ချိပေးရတော့မယ်၊ အပြောင်းအလဲများတဲ့ လောကကြီးမှာ ကံကြမ္မာဆိုတာ တယ်လဲ ခန့်မှန်းရခက်တာပဲ....” ဟု လော့ချန် တစ်ကိုယ်တည်း ရေရွတ်ရင်း တွေးလိုက်မိသည်။
….
လော့ချန်သည် အရှိန်အဟုန်ကို မြှင့်တင်ကာ တိမ်တိုက်တစ်ခုကို စီးနင်းလျက် တောင်ထိပ်ပေါ်ရှိ သက်ကယ်မိုးတဲအိမ်ကလေးဆီသို့ လျင်မြန်စွာ ပျံတက်သွားတော့သည်။
တောင်ထိပ်၏ လေပြင်းများကြောင့် သူ၏ ဝတ်ရုံစများ တဖျပ်ဖျပ် လွင့်နေသော်လည်း သူ ဂရုမစိုက်ဘဲ အားရပါးရ ပြုံးလိုက်သည်။ သူသည် အရှိန်အဟုန်ပြင်းလှသော လေပြင်းကို အံတုလျက် တောင်တန်းတစ်ခုလုံး ဟိန်းထွက်သွားစေမည့် အသံဖြင့် တက်ကြွစွာ အော်ဟစ်လိုက်သည်။
"ဗျိုး.... အစ်ကိုကြီးဝမ်ရေ.... ခင်ဗျား အခြေတည်အဆင့် ရောက်ပြီလို့သာ မှတ်လိုက် တော့ဗျို့....”
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၃၆၆) - ဝိညာဉ်နှုတ်ခြင်းနှင့် ဝမ်ယွမ်၏ အခြေတည်အဆင့်
ဒန်ရှားတောင်ထိပ်ရှိ တိတ်ဆိတ်ငြိမ်သက်လှသော သက်ငယ်မိုးတဲကလေးအတွင်း၌ လူနှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ သူတို့နှင့် မနီးမဝေးတွင် တတိယမြောက်လူတစ်ဦးမှာ သံဘောင်တစ်ခုတွင် ချည်နှောင်ခြင်း ခံထားရသည်။ သူ၏ လက်မောင်းများကို လေးလံသော သံကြိုးများဖြင့် ပတ်နှောင်ထားပြီး ထိုသံကြိုးများထဲမှ တစ်ချောင်းမှာ သူ၏ ညှပ်ရိုးကို ဖောက်ထွက်၍ စူးဝင်နေလေသည်။
ထိုသူသည် နာကြည်းမှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် သူတို့ကို စိုက်ကြည့်နေသည်။ သို့သော် ဝမ်ယွမ်က သူ့ဘက်သို့ အေးစက်သော အကြည့်တစ်ချက် ပစ်လွှတ်လိုက်သည်နှင့် သူ၏ မျက်ဝန်းထဲမှ အာဃာတမီးတောက်များမှာ ချက်ချင်းပင် ငြိမ်းသတ်သွားတော့သည်။ သူသည် တစ်ကိုယ်လုံး တုန်တုန်ယင်ယင်ဖြစ်သွားပြီး ဘာစကားမှ မဆိုရဲတော့ဘဲ ခေါင်းငုံ့သွားရုံသာ တတ်နိုင်တော့သည်။
"မင်း.... မင်းတို့ ငါ့ကို သတ်လို့မရဘူး" ဟု သူ ရုတ်တရက် အသည်းအသန် အော်ဟစ်လိုက်သည်။
"ငါ့အဘိုးက ဟော်ချွမ်ကွ၊ ငါ့ဆရာက မီးလျှံမဟာမိတ်ရဲ့ အကြီးအကဲတစ်ယောက်ပဲ၊ ငါက ဂိုဏ်းရဲ့ အမွေခံဖြစ်လာမယ့်သူ.... မင်းတို့…."
ဝမ်ယွမ်၏ အေးစက်စက် အကြည့်အောက်တွင် သူ၏ စကားများမှာ တဖြည်းဖြည်း တိမ်ဝင်သွားတော့သည်။
လော့ချန် ထိုမြင်ကွင်းကို ပြုံးကြည့်နေသည်။ သူ၏ စိတ်ထဲ၌ သနားခြင်း ကရုဏာ အလျင်းမရှိပေ။ သူတစ်ပါးအသက်ကို သတ်မည့်သူသည် မိမိအသက်ကိုလည်း စွန့်လွှတ်ရန် အသင့်ဖြစ်နေရမည်။ ထိုသူက မိမိတို့အပေါ် အရင် လက်ဦးမှုယူရန် ကြိုးစားခဲ့ကတည်းက သေရန် အသင့်ပြင်ထားသင့်ပေသည်။ ဤလောကတွင် အသတ်ခံရန် သက်သက်အတွက် မွေးဖွားလာသူဟူ၍ မည်သူမျှ မရှိပေ။
လော့ချန်သည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ပြီး ဝမ်ယွမ်ဘက်သို့ လှည့်ကြည့်ကာ "ဒါနဲ့.... အစ်ကိုဝမ်၊ ပြီးခဲ့တဲ့ နှစ်တွေအတွင်းမှာ သွေးစွမ်းအားလုယူခြင်း အစီအရင်အကြောင်း လေ့လာတာ ဘယ်လိုလဲ" ဟု မေးလိုက်သည်။
ဝမ်ယွမ်က မဆိုင်းမတွပင် "လွန်ခဲ့တဲ့ နှစ်နှစ်လောက်က မေးရင်တော့ ငါ သိပ်မဟန်ပါဘူးကွာလို့ ပြောမိမှာပဲ၊ ဒါပေမဲ့ မင်လုံယွီရဲ့ အကူအညီနဲ့ အစီအရင်ကို အချောသတ်နိုင်ခဲ့ပြီကွ၊ အဲဒီအစီအရင်ကို ငါ့ကျောပြင်ပေါ်မှာတောင် ဆေးမှင်ကြောင်ထိုးပြီးပြီ၊ ဒါမှလဲ ဝိညာဉ်လုယူတဲ့ ဖြစ်စဉ်က တစ်ဝက်လောက် အားစိုက်ရုံနဲ့ နှစ်ဆလောက် ထိရောက်မှာ" ဟု ပြန်ဖြေသည်။
လော့ချန် ခေါင်းညိတ်လိုက်ပြီး အနည်းငယ် စိတ်အေးသွားသည့်အလား ရှိသော်လည်း ထပ်မံ၍ မေးမြန်းလိုက်သေးသည်။
"ပြီးတော့ ချီလမ်းကြောင်းဆေးလုံးရော ဘယ်နှစ်လုံးလောက် သောက်ပြီးပြီလဲ"
"ဟာ မင်းပေးသမျှ တစ်လုံးမကျန် သောက်တာပေါ့ကွ"
ဝမ်ယွမ်က သူ၏ ဦးခေါင်းကို ညွှန်ပြကာ
"ဒီထဲမှာ ငါခံစားလို့ရတယ်၊ ငါ့ ဝိညာဉ်အုတ်မြစ်က သုံးဆယ်ရာခိုင်နှုန်းလောက် ပိုသန်မာလာပြီ၊ ဟို အဘိုးကြီး တွမ်ချန်ခွန်းရဲ့ ဝိညာဉ်အကြွင်းအကျန်မျိုးနဲ့ ထပ်ဆုံရင်တောင် အခုတော့ အသာလေး နှိမ်နင်းနိုင်ပြီလို့ ယုံကြည်တယ်ကွာ"
ပြီးခဲ့သည့် နှစ်များအတွင်း လော့ချန်သည် ကျောက်စိမ်းအမြုတေဆေးလုံးများနှင့် ကျောက်စိမ်းနှင်းစက်ဆေးလုံးများကိုသာ ဖော်စပ်နေခြင်း မဟုတ်ပေ။ သူ၏ ဆေးဖော်စပ်မှု အစွမ်းကို မြှင့်တင်ရန်အတွက် ချီလမ်းကြောင်းဆေးလုံးများကိုလည်း အခါအားလျော်စွာ ဖော်စပ်ခဲ့သည်။ သူ၏ ထိုဆေးလုံးအပေါ် ကျွမ်းကျင်မှုမှာ အခြေခံအဆင့်မှ တတ်မြောက်အဆင့်သို့ ရောက်ရှိခဲ့ပြီး ကျွမ်းကျင်အဆင့်သို့ပင် နီးကပ်နေပြီ ဖြစ်သည်။
သူဖော်စပ်ထားသော အဆင့်နိမ့်ဆေးလုံးအများစုမှာ သူ့အတွက် အသုံးမဝင်သော်လည်း ချီသန့်စင်အဆင့်၌ ရှိနေသူများအတွက်မူ တန်ဖိုးမဖြတ်နိုင်သော ရတနာများ ဖြစ်သည်။ ထိုဆေးလုံး အနည်းငယ်ကို စီမာဟွေ့နန်၊ မုရုံချင်းလျန်နှင့် အခြားသူများအား ပေးအပ်ခဲ့သော်လည်း အများစုကိုမူ ဝမ်ယွမ်အား ပေးခဲ့ခြင်း ဖြစ်သည်။
သူ၏ လူယုံများထဲတွင် ဝမ်ယွမ်မှာ ထိုဆေးလုံးများကို အလိုအပ်ဆုံးသူ ဖြစ်သည်။ သွေးစွမ်းအားလုယူခြင်း အစီအရင်သည် ပစ်မှတ်၏ အနှစ်သာရသွေး၊ ကျင့်ကြံခြင်းအုတ်မြစ်နှင့် ဝိညာဉ်တို့ကို စုပ်ယူရန် လိုအပ်သဖြင့် ဝမ်ယွမ်အနေဖြင့် အာရုံစူးစိုက်မှု အပြည့်ရှိရန် လိုအပ်သည်။ ၎င်းက ဝိညာဉ်အပေါ်တွင် ကြီးမားသော ဝန်ထုပ်ဝန်ပိုးကို ဖြစ်စေသည်။
ယခင်က ရှောင်ဟွမ်းတောင်ထိပ်တွင် သူ ကျရှုံးခဲ့ရခြင်းမှာ တွမ်ချန်ခွန်း၏ ဝိညာဉ်အုတ်မြစ် သန်မာလွန်းခြင်းကြောင့်လည်း ပါသလို ဝမ်ယွမ်ကိုယ်တိုင်က အလျင်စလိုဖြစ်ခဲ့ခြင်းနှင့် သူ၏ ဝိညာဉ်အုတ်မြစ် မခိုင်မာခြင်းတို့ကြောင့်လည်း ဖြစ်သည်။ ချီလမ်းကြောင်းဆေးလုံးများမှာ ဤပြဿနာအတွက် အကောင်းဆုံး အဖြေပင် ဖြစ်သည်။
သို့သော် ထိုဆေးလုံးများတွင်လည်း ဘေးထွက်ဆိုးကျိုး ရှိသေးသည်။ ဆေးသောက်ပြီးနောက် ဝိညာဉ်မှာ လျင်မြန်စွာ ပွါးများလာတတ်သည်။ လော့ချန်ကဲ့သို့ စိတ်ဝိညာဉ်ခြောက်ခြားခြင်းအတတ်ကို လေ့ကျင့်ထားသူမဟုတ်ပါက ထိုပြန့်ကားလာသော စွမ်းအင်များကို ထိန်းချုပ်ရန် ခက်ခဲလှသည်။ ထို့ကြောင့် ဝမ်ယွမ်တို့ကဲ့သို့ သူများအနေဖြင့် ထိုမငြိမ်မသက်ဖြစ်နေသော စွမ်းအင်များကို တဖြည်းဖြည်းချင်း တည်ငြိမ်သွားအောင် ပြန်လည် ထိန်းညှိရန် အချိန်ယူရလေသည်။
လော့ချန်သည် ထိုအတတ်ကို ဝမ်ယွမ်အား သင်ကြားပေးရန် ကြိုးစားခဲ့သော်လည်း ဝမ်ယွမ်မှာ မှော်အတတ်ပိုင်းတွင် ပါရမီ မပါလှပေ။ အခြေခံအဆင့်ကိုပင် ခက်ခက်ခဲခဲ လေ့လာခဲ့ရခြင်း ဖြစ်သည်။ ရလဒ်အနေဖြင့် ပြီးခဲ့သည့် နှစ်နှစ်အတွင်း ဝမ်ယွမ်သည် ချီလမ်းကြောင်းဆေးလုံးများကို လအနည်းငယ်ခြားမှ တစ်လုံးစီသာ သောက်ခဲ့ရသည်။ သို့သော်လည်း ဆေးလုံးများစွာ သောက်သုံးပြီးနောက်တွင် ဆေး၏ အာနိသင်မှာ ယခင်ကထက် လျော့နည်းလာခဲ့သည်။
မည်သို့ပင်ဖြစ်စေ ဝမ်ယွမ်၏ မျက်နှာတွင် ယုံကြည်မှုများ ပြည့်နှက်နေသည်ကို မြင်ရသဖြင့် လော့ချန် စိတ်အေးသွားရသည်။
"ကောင်းပြီလေ၊ ဒါဆို.... အခြေတည်အဆင့်ကူးဖို့ ဘယ်တော့ စမယ် စိတ်ကူးထားလဲဗျ"
ဝမ်ယွမ်သည် သံကြိုးဖြင့် ချည်နှောင်ခံထားရသော ဟော်ဟူဘက်သို့ လှည့်ကြည့်လိုက်သည်။ သူ၏ အသံမှာ တည်ငြိမ်နေသော်လည်း သွေးအေးလှသည်။
"ကြာတယ်ကွာ ဒီနေ့ပဲ စကြတာပေါ့”
ဟော်ဟူ၏ နှလုံးခုန်သံမှာ ရပ်တန့်မတတ် ဖြစ်သွားသည်။ ရုန်းမရအောင် ချည်နှောင်ခံထားရသောကြောင့်လည်း သူ၏ စိတ်ထဲတွင် ကြောက်ရွံ့မှုများ အကြီးအကျယ် ဖြစ်ပေါ်လာတော့သည်။
‘အခြေတည်အဆင့်ကို ကူးမယ် ဟုတ်လား ငါ.... ငါနဲ့ ဘာဆိုင်လို့.... မင်းက ငါ့ကို ဘာလို့ အဲ့လိုကြီး ကြည့်နေရတာလဲကွာ၊ ပြီးတော့ အဲဒီ သွေးစွမ်းအားလုယူခြင်းအစီအရင် ဆိုတာကရော ဘာကြီးလဲ’
လော့ချန်က သူ့အား လုံးဝ လျစ်လျူရှုထားပြီး ဝမ်ယွမ်ကိုသာ တည်ကြည်စွာ ကြည့်ရင်း
"ကိုင်း.... လုပ်ဗျာ၊ ဒီလို ယုံကြည်ချက်ရှိတာ ကြိုက်တယ်၊ တစ်ခုရှိတာက ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျွန်တော် အစ်ကိုဝမ့်ဘေးမှာ စောင့်ရှောက်ပေးမယ်"
ဝမ်ယွမ်က မျက်ခုံးပင့်လိုက်ပြီး လော့ချန်ကို စိုက်ကြည့်ကာ ခဏမျှ တိတ်ဆိတ်သွားသည်။ ထို့နောက်မှ ခေါင်းကို ဖြည်းညှင်းစွာ ညိတ်ပြလိုက်သည်။
"ဒါဆိုရင်တော့ ပိုကောင်းတာပေါ့ကွာ.... ငါ့ လမ်းစဉ်ကို စောင့်ရှောက်ပေးဖို့ အားကိုးပါတယ်ကွာ "
….
တဲအိမ်လေးအတွင်းရှိ အပူချိန်မှာ ရုတ်တရက် ကျဆင်းသွားသလို ခံစားလိုက်ရသည်။ ဟော်ဟူမှာ တစုံတရာကို ရိပ်မိသွားသဖြင့် အသက်ရှူသံများ မြန်လာတော့သည်။
"မင်း.... မင်းတို့ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"
သူ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"ဟင့်အင်း.... မလုပ်ပါနဲ့ကွာ.... ငါ.... ငါ တောင်းပန်ပါတယ်၊ ငါ့ကို လွှတ်ပေးပါ ငါ့မျိုးနွယ်စုဆီကနေ ဝိညာဉ်ကျောက်တုံးတွေ၊ အခြေတည်ဆေးလုံးတွေ တောင်းပေးမယ်…. ဟုတ်တယ်.... ငါ အဲဒီဆေးလုံးတွေ ရအောင် လုပ်ပေးနိုင်တယ်"
သူ၏ အသံမှာ တုန်ယင်နေပြီး အကျိတ်အနယ် အသနားခံနေတော့သည်။
"ဟိုကွာ ပြီး.... ပြီးတော့ မှော်လက်နက်တွေလည်း ပေးနိုင်တယ်၊ ငါ့အဘိုးမှာ သက်စောင့်အနှစ်သာရ ပေတံ ရှိတယ်၊ အဲဒါက အရမ်းအစွမ်းထက်ပြီး တိုက်ခိုက်ရေးမှာ အံ့ဩစရာကောင်းအောင် အစွမ်းထက်တာ၊ အဲဒါကို မင်းတို့ ယူလိုက်ပါ ငါ့ကို လွှတ်ပေးရင် ပြီးတာပဲ"
“အား.... ဝမ်ယွမ် မင်း ကျိန်စာသင့်ပြီး အသေဆိုးနဲ့ သေပါစေ"
စူးရှလှသော အော်ဟစ်သံများမှာ ထိုမှောင်ရီလှသော တဲအိမ်လေးအတွင်း ထပ်တလဲလဲ ပဲ့တင်ထပ်နေသော်လည်း အတွင်းရှိ လူနှစ်ဦးမှာမူ ဘာမှမဖြစ်သည့်အလား အေးစက်တည်ငြိမ်နေကြဆဲ ဖြစ်သည်။ လော့ချန်မှာ ရှေ့ရှိ မြင်ကွင်းကို ကြည့်ရင်း မျက်မှောင်ကြုတ်မိသည်။
ဝမ်ယွမ်သည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေပြီး အပေါ်ပိုင်း ဗလာကျင်းထားသည်။ သူ၏ ခန္ဓာကိုယ်ရှိ ကြွက်သားများမှာ နဂါးအုပ်စု တစ်စုကဲ့သို့ တင်းတင်းရင်းရင်း ရှိနေသည်။ သူ၏ ဦးခေါင်းထက်မှနေ၍ ပြင်းထန်သော သွေးချီများမှာ ကြက်သွေးရောင် မီးခိုးတန်းကြီးတစ်ခုကဲ့သို့ လွင့်တက်လာသည်။ သူ၏ အရိုးများမှာ ကျောက်စိမ်းဖြူကဲ့သို့ ဝင်းလက်နေပြီး အရေပြားကိုပင် ဖောက်ထွက်၍ တောက်ပနေသည့်အလား ရှိသည်။
ထိုမျှနှင့်ပင် ပြည့်စုံလုံလောက်နေပြီ ဖြစ်သော်လည်း သူ၏ ကျောပြင်ပေါ်ရှိ နဂါးတစ်ကောင်အလား လှုပ်ရှားနေသော ကြွက်သားစုများကြားဝယ် ရှေးဟောင်းဆန်ပြီး ရိုးရှင်းလှသည့် အစီအရင်တစ်ခု ရှိနေသေးသည်။ ထိုအစီအရင်မှာ သဘာဝအတိုင်း ထွင်းထုထားသကဲ့သို့ အသက်ဝင်လှရုံသာမက သွေးစွမ်းအားကိုပင် ဝါးမြိုလုယူနိုင်စွမ်းရှိ၏။ ၎င်းမှာ မိုးမြေစွမ်းအားလုယူခြင်းအစီအရင်ကို ဝမ်ယွမ်က နှစ်ပေါင်းများစွာ အားထုတ်လေ့လာပြီးနောက် မင်လုံယွဲ့၏ အကူအညီဖြင့် ပြုပြင်ဖန်တီးထားသော အစီအရင်ပင် ဖြစ်သည်။ ဝမ်ယွမ်၏ ခိုင်မာတောင့်တင်းလှသော ခန္ဓာကိုယ်ထက်ဝယ် ထိုအစီအရင်ကို ခက်ခဲစွာ ထွင်းထုထားခြင်းဖြစ်ရာ ၎င်း၏ အဖျက်စွမ်းအားမှာ အထွတ်အထိပ်သို့ ရောက်ရှိနေတော့သည်။
ယခုအခါ အစီအရင်မှာ စတင်လည်ပတ်လာပြီဖြစ်ရာ အပေါ်သို့ တက်နေသော သွေးချီတိုင်မှာ အောက်သို့ ပြန်လည် နိမ့်ဆင်းသွားပြီး ဝမ်ယွမ်၏ ကျောပြင်ပေါ်ရှိ အစီအရင်အတွင်းသို့ စီးဝင်သွားတော့သည်။ သူတို့၏ မျက်စိရှေ့တွင်ပင် ထိုအစီအရင်မှာ အသက်ဝင်လာတော့သည်။
“ခန္ဓာကိုယ်က အုတ်မြစ်
သွေးက လောင်စာ
လမ်းပြပေးမဲ့ ချီစွမ်းအင်နဲ့
ဝိညာဉ် နှုတ်.... စမ်း
ဟေး.... သွေးအာဃာတ....
ချက်ချင်း ထွက်ခဲ့စမ်းဟေ့"
ဝမ်ယွမ်၏ ထိုဟိန်းဟောက် အမိန့်ပေးသံနှင့်အတူ အစီအရင်အတွင်းမှ သွေးနီရောင် ကြိုးမျှင်များ ထွက်ပေါ်လာပြီး တစ်ခုနှင့်တစ်ခု လိမ်ယှက်ကာ တွန့်လိမ်နေသော သွေးမြွေပေါင်းများစွာအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။ မြွေတစ်ကောင်ချင်းစီမှာ အသက်ရှူကျပ်လောက်စရာ အာဃာတချီများကို ထုတ်လွှတ်နေပြီး ရှေ့တွင်ရှိသမျှကို ဝါးမြိုရန် အသင့်ဖြစ်နေကြသည်။ ဝမ်ယွမ်မှာ လော့ချန်ကို ကျောပေးထားခြင်း ဖြစ်သဖြင့် သွေးမြွေများသည် ပစ်မှတ်ကို မတွေ့ရဘဲ အနီးဆုံးရှိ ဝိညာဉ်ကို စူးစမ်းလိုက်ကြသည်။
ထိုခဏတွင် သူတို့သည် လော့ချန်ကို ပစ်မှတ်ထားသလို ကြည့်လိုက်ရာ လော့ချန်မှာ တစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်သွားရသည်။
‘အလိုလေး.... ကြက်သီးထလိုက်တာ ဒီနည်းလမ်းကြီးက.... တော်တော်ရက်စက်လွန်းတာပါလား၊ ဒါက သဘာဝတရားကို ဆန့်ကျင်နေတာပဲ၊ ဒါက ဓမ္မနဲ့ အညီ ကျင့်ကြံသူတစ်ယောက် အခြေတည်အဆင့်တက်ဖို့ သုံးရမယ့် လမ်းစဉ်မဟုတ်ဘူး…. အစ်ကိုကြီးဝမ်ရာ.... ခင်ဗျား ဘယ်လို လမ်းစဉ်ကြီးကို ရွေးချယ်လိုက်တာလဲ’ ဟု လော့ချန် စိုးရိမ်စိတ်ဖြင့် တိတ်တဆိတ် တွေးလိုက်မိသည်။
သူ တွေးတောနေစဉ်မှာပင် သွေးမြွေတို့သည် ဦးတည်ရာကို ရုတ်ချည်းပြောင်းလဲလိုက်ကြ၏။ ထို့နောက် အဆိပ်စွယ်တို့ကို ငေါ့ထွက်စေလျက် ချည်နှောင်ခြင်း ခံထားရသော ဟော်ဟူထံသို့ လေထဲ၌ တဟုန်ထိုး ပြေးဝင်သွားကြတော့သည်။ ဟော်ဟူ၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်တို့အောက်ဝယ် ထိုသွေးမြွေဆိုးတို့သည် သူ၏ ခန္ဓာကိုယ်အတွင်းသို့ တစ်ကောင်ပြီးတစ်ကောင် အတင်းအဓမ္မ တိုးဝင်ပျောက်ကွယ်သွားကြလေတော့သည်။
ရှူး....
တစ်ခုခုကို ကိုက်ဖြတ်လိုက်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။
"အား.... "
ဟော်ဟူ၏ ပါးစပ်မှ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာသည်။ သူ ကျိန်ဆဲရန် မတတ်နိုင်ခင်မှာပင် သူ၏ ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ယင်လာပြီး လေထဲတွင် လူးလွန့်နေတော့သည်။
ရှူး.... ရှူး.... ရှူး....
ထိုကဲ့သို့ ထူးဆန်းသော အသံများမှာ သူ၏ ခန္ဓာကိုယ်အတွင်းမှ ဆက်တိုက် ထွက်ပေါ်နေသည်။ သူ၏ မျက်နှာမှာ တဖြည်းဖြည်း ဖြူရော်လာပြီး နောက်ဆုံးတွင် အသက်မဲ့သကဲ့သို့ ဖြူဆွတ်သွားတော့သည်။ ထို့နောက် ရုတ်တရက် သွေးမြွေတစ်ကောင်မှာ ဟော်ဟူ၏ ရင်ဘတ်ကို ဖောက်ထွက်၍ ထွက်ပေါ်လာသည်။ ၎င်းမှာ ယခင်ကထက် နှစ်ဆခန့် ပိုမိုကြီးမားလာပြီး ကြက်သွေးရောင်များ တောက်ပနေသည်။ ၎င်းသည် တစ်ခုခုကို ဝါးမြိုထားသဖြင့် ဖောင်းကားနေကာ လေထဲတွင် လူးလွန့်နေသည်။
"သွေးအာဃာတ.... ပြန်လာစမ်း"
ဝမ်ယွမ် အမိန့်ပေးလိုက်သည်။ ထိုမြွေကြီးမှာ ဝမ်ယွမ်၏ နံဘေးသို့ ဝန်လေးစွာဖြင့် ပြန်လည် ရောက်ရှိလာပြီး သူ၏ ကျောပြင်ပေါ်ရှိ အစီအရင်အတွင်းသို့ ဖြည်းညှင်းစွာ စီးဝင်သွားသည်။ ထိုခဏတွင် လော့ချန်သည် ဝမ်ယွမ်၏ စွမ်းအင်များ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။ သူသည် ချီသန့်စင်အထွတ်အထိပ်ကို စတင်ကျော်ဖြတ်ကာ အခြေတည်အဆင့်သို့ ဖြတ်လမ်းနည်းဖြင့် တဟုန်ထိုး တက်လှမ်းနေပြီ ဖြစ်သည်။
"ပြန်လာစမ်း"
"ပြန်လာစမ်း"
"ပြန်လာစမ်း"
ထိုသို့ အခေါက်ခေါက်အခါခါ အမိန့်ပေးသံနှင့်အတူ ဟော်ဟူ၏ ခန္ဓာကိုယ်ထဲမှ သွေးမြွေများ တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာပြီး ဝမ်ယွမ်၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် စီးဝင်သွားကြသည်။ မြွေတစ်ကောင် ပြန်ဝင်လာတိုင်း ဝမ်ယွမ်၏ စွမ်းအားမှာ ပိုမိုမြင့်မားလာသည်။ ဆန့်ကျင်ဘက်အနေဖြင့် ဟော်ဟူ၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ပါးလွှာလာပြီး လေထဲတွင် စက္ကူချပ်တစ်ခုကဲ့သို့ လွင့်မျောနေတော့သည်။
လော့ချန်သည် မျက်လုံးအပြူးသားကြည့်ရင်း အာခေါင်များပင် ခြောက်လာ၍ တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရသည်။ အကယ်၍ ထိုသွေးမြွေများသာ သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်လာပါက သူ့တွင် ရှိသမျှ အရာအားလုံးကို တိုက်စားသွားလိမ့်မည်ဟု သူ ခံစားလိုက်ရသည်။
သူ၏ သွေးအမြုတေ၊ ရိုးတွင်းခြင်ဆီနှင့် အသားမျှင်များ၊ တာအိုဓမ္မလမ်းစဥ်၏ အခြေခံအုတ်မြစ်….။
“ဝိညာဉ် နှုတ်.... လိုက်.... စမ်း”
ရုတ်တရက် ဝမ်ယွမ်၏ ဟိန်းဟောက်သံကြောင့် သူ့အတွေးများ ရပ်တန့်သွားပြန်သည်။
ဝမ်ယွမ်၏ မျက်လုံးများမှ သွေးနီရောင် အလင်းတန်းနှစ်ခု ထွက်ပေါ်လာပြီး လေထဲတွင် လွင့်မျောနေသော ဟော်ဟူ၏ ပါးလျနေသော လက်ကျန် ခန္ဓာကိုယ်ဆီသို့ တန်းတန်းမတ်မတ် စူးဝင်သွားသည်။ ထိုအလင်းတန်းများ ထိမှန်သွားသည်နှင့် ထိုခန္ဓာကိုယ်မှာ နတ်ပူးသကဲ့သို တုန်ယင်လာသည်။
ထိုခန္ဓာကိုယ်အတွင်းမှ ဟော်ဟူနှင့် တထေရာတည်း တူလှသော ဝိညာဉ်တစ်ခုမှာ ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ အစပိုင်းတွင် ထိုဝိညာဉ် မျက်လုံးအစုံမှာ ဗလာကျင်း နေသော်လည်း မကြာမီမှာပင် အသိစိတ် ဝင်လာကာ ချက်ချင်းပွင့်လာပြီး ဝမ်ယွမ်ကို နာကြည်းစွာ စိုက်ကြည့်လိုက်တော့သည်။
"မင်း.... မင်း အသေဆိုးနဲ့ သေရမယ်"
ဟော်ဟူ၏ ဝိညာဉ်က အာဃာတအပြည့်ဖြင့် ဟိန်းဟောက်လိုက်သည်။
"အဟက်.... စိတ်မပူပါနဲ့ ကွာ၊ ငါက ကောင်းကောင်းကြီး အသက်ရှင်နေဦးမှာ.... လာစမ်း.... မင်းရဲ့ အသက်ကို ပေးပြီး ငါ့ကို တာအိုအုတ်မြစ် တည်ဆောက်ပေးစမ်း"
သွေးအလင်းတန်းများမှာ ဝမ်ယွမ်၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် ဆုတ်ခွာသွားပြီး ဟော်ဟူ၏ ဝိညာဉ်ကိုလည်း အတူတူ ဆွဲခေါ်သွားတော့သည်။ ဝိညာဉ်သည် အသည်းအသန် ရုန်းကန်နေသော်လည်း ထို သွေးနီရောင်တန်းများ၏ ဆွဲအားကို မည်သို့မျှ မခုခံနိုင်ပေ။ ဝိညာဉ်သည် ဝမ်ယွမ်၏ ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူခံလိုက်ရသည်နှင့် ဝမ်ယွမ်၏ ကျောပြင်မှနေ၍ သွေးနီရောင် အလင်းတန်းများ ဖြာထွက်လာပြီး အကာအကွယ်တစ်ခုကဲ့သို့ လွှမ်းခြုံထားလိုက်တော့သည်။
ထိုမျှနှင့်တင် ရပ်မသွားဘဲ သွေးမြွေတစ်ကောင်ချင်းစီအတွက် အလင်းတန်းတစ်ခုစီ ထွက်ပေါ်လာကာ ဝမ်ယွမ်၏ ခန္ဓာကိုယ်ကို ရစ်ပတ်ထားလိုက်သည်။ အလင်းတန်းများမှာ တစ်ခုနှင့်တစ်ခု လိမ်ယှက်သွားပြီး နောက်ဆုံးတွင် ဝမ်ယွမ်ကို ထူထဲလှသော သွေးနီရောင် ပိုးအိမ်ကြီး အသွင်ဖြင့် ဖုံးအုပ်ထားလိုက်တော့သည်။
ဤသည်မှာ ပထမအဆင့် ပြီးဆုံးခြင်းသာ ဖြစ်သည်။ ပထမဆုံး အဆင့်သာ ရှိသေးသည်။
လော့ချန် သက်ပြင်းတစ်ချက်ကို အသာလေး ချလိုက်ပြီး ထိုသွေးနီရောင် ပိုးအိမ်ကြီးကို ခဏမျှ စိုက်ကြည့်ကာ တဲအိမ်အပြင်ဘက်သို့ ထွက်လာခဲ့သည်။ သို့သော် သူ ထိုတဲအနားမှ ထွက်ခွာမသွားပေ။ ထိုအစား သူသည် သိုလှောင်အိတ်တစ်ခုကို ထုတ်ယူကာ ၎င်းတွင် ခတ်ထားသော တားမြစ်ချက်များကို ဖြည်ရန် ကြိုးစားနေရင်း တစ်ဖက်မှလည်း အတွင်းမှ ဖြစ်ပျက်နေသည်များကို အာရုံစိုက်နေသည်။
“အင်း.... အရင်အခေါက် အစ်ကိုကြီးဝမ်က တွမ်ချန်ခွန်းရဲ့ အမြုတေကို လုယူဖို့ သုံးလလောက် ကြာခဲ့တာ၊ ဒီတစ်ခါတော့ ဘယ်လောက်ကြာမယ်မသိဘူး၊ ဒါပေမဲ့ ဒီတစ်ခါကတော့ မြန်မြန် အဆင်ပြေကောင်းပါရဲ့”
ယခင်တခေါက်က ဝမ်ယွမ်သည် ချီသန့်စင်အဆင့် ၉ တွင်သာ ရှိသေးသည်။ သွေးစွမ်းအားလုယူခြင်း အစီအရင်မှာလည်း အဖြစ်သဘောသာ ရှိသေးပြီး သူ၏ ဝိညာဉ်မှာလည်း အားနည်းသေးသည်။ သို့သော် ယခုမူ လော့ချန်၏ အကူအညီဖြင့် အရာအားလုံးမှာ ကွဲပြားသွားခဲ့လေပြီ။ အရေးကြီးဆုံးအချက်မှာ ယခုတစ်ခါ ပစ်မှတ်မှာ တွမ်ချန်ခွန်းကဲ့သို့ နှစ်ပေါင်းများစွာ အခြေတည်အဆင့်၌ နေလာသူ မဟုတ်ပေ။ မကြာသေးမီကမှ အခြေတည်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သော ဟော်ဟူသာ ဖြစ်သည်။
ပြီးခဲ့သည့် နှစ်များတစ်လျှောက် ဝမ်ယွမ်၏ ချုပ်နှောင်မှုအောက်ဝယ် ဟော်ဟူ၏ ကျင့်ကြံဆင့်မှာ တိုးတက်လာခြင်းမရှိဘဲ ကောင်းလင်လွင်ပြင် တိုက်ပွဲကာလအတွင်းက အဆင့်၌ပင် တန့်နေခဲ့၏။ ဝမ်ယွမ်နှင့် ဟော်ဟူတို့အကြားရှိ စွမ်းအားကွာဟချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ အလွန်ကြီးမားလွန်းလှရာ ဤတစ်ကြိမ်တွင်မူ ဝမ်ယွမ်အတွက် မအောင်မြင်စရာ အကြောင်းအလျှင်းမရှိတော့ချေ။
သွေးစွမ်းအားလုယူခြင်း အစီအရင်မှာ အခွင့်အရေး သုံးကြိမ်သာ ပေးထားပြီး ဤလမ်းကို တစ်ခါ ရွေးချယ်ပြီးပါက အခြားသော အခြေတည် နည်းလမ်းများကို အသုံးပြု၍ မရတော့ပေ။ ဝမ်ယွမ်အနေဖြင့် နောက်ထပ် အမှားခံ၍ မရသလို လော့ချန်လည်း ထိုသို့ဖြစ်လာသည်ကို မတွေ့လိုပေ။
“အချိန်ကပဲ အရာအားလုံးကို ဆုံးဖြတ်ပါစေတော့” ဟု လော့ချန် သက်ပြင်းချရင်း တဲအိမ်အတွင်းမှ မြင်ခဲ့ရသော ထိတ်လန့်စရာ မြင်ကွင်းများကို သူ၏ စိတ်ထဲမှ ဖျောက်ဖျက်ရန် ကြိုးစားနေမိသည်။ ၎င်းမှာ တာအိုနှင့် အညီ ကျင့်ကြံသူတစ်ဦး လျှောက်လှမ်းရမည့် လမ်းစဉ်မဟုတ်သည်မှာတော့ အမှန်ပင် ဖြစ်သည်။
….
တစ်လခန့် အချိန်ကာလ ကုန်လွန်ပြီးနောက်....။
ဒန်ရှားတောင်ခြေရှိ ဂူတစ်ခုအတွင်း၌ ချွီလင်ကျွင်းသည် ဆေးဖော်စပ်ခြင်းလုပ်ငန်းစဉ်ကို ကိုယ်တိုင်ကိုယ်ကျ အနီးကပ်ကြီးကြပ်နေလေသည်။ သူ၏ လက်အောက်ငယ်သားများက ဆေးဖက်ဝင်ပစ္စည်းများကို အချိုးကျထည့်သွင်းပေးပြီး မီးရှိန်ကို စနစ်တကျ ထိန်းညှိပေးကြသည်။ ချွီလင်ကျွင်း လုပ်ဆောင်ရမည့်အလုပ်မှာ သူ၏ ကြွယ်ဝလှသော အတွေ့အကြုံကို အသုံးပြု၍ ဆေးလုံးများ၏ ရုပ်သွင်ပြောင်းလဲမှုကို စောင့်ကြည့်ရန်နှင့် ဆေးဖက်ဝင်ပစ္စည်းများ ပေါင်းစပ်မှုကို လမ်းညွှန်ရန်အတွက် ချီစွမ်းအင်များကို အခါအားလျော်စွာ ထိုးသွင်းပေးရန်သာ ဖြစ်သည်။
ဝူး....
ချွီလင်ကျွင်း လက်ကို တစ်ချက် ဝေ့ယမ်းလိုက်ရာ နတ်သစ်သားဆေးအိုးမှာ ဝင်းလက်တောက်ပသွားပြီး ဆေးလုံးပေါင်း သုံးဆယ်ကျော်မှာ အိုးအတွင်းမှ ထွက်ပေါ်လာတော့သည်။ ချက်ချင်းပင် တပည့် တစ်ယောက်က ရှေ့သို့ တိုးလာပြီး ထိုဆေးလုံးများကို စုစည်းသိမ်းဆည်းလိုက်သည်။ မုတ်ဆိတ်မွေး ခပ်ရေးရေးနှင့် လင်ကျွင်းမှာ တည်ငြိမ်စွာဖြင့် ဆေးလုံးများ၏ အရည်အသွေးကို စစ်ဆေးနေသည်။
ဤတစ်ကြိမ် ဖော်စပ်ထားသော ကျောက်စိမ်းအမြုတေဆေးလုံးများမှာ ကုန်ကြမ်းနှစ်စုံကို အသုံးပြုထားခြင်း ဖြစ်သည်။ ရလဒ်အနေဖြင့် အဆင့်လတ်ဆေးလုံး ၂၅ လုံးနှင့် အဆင့်နိမ့် ဆေးလုံး ၁၁ လုံး ရရှိခဲ့သည်။ ထို့နောက် သူသည် ဆေးဖော်စပ်ခန်းအတွင်းမှ အပြင်သို့ ထွက်လာခဲ့သည်။
"လင်ကျွင်းရေ.... မင်းရဲ့ ဆေးဖော်စပ်တဲ့ အစွမ်းက တဖြည်းဖြည်းနဲ့ ပိုပြီး အထင်ကြီးစရာ ကောင်းလာပြီပဲ" ဟု ချီးမွမ်းသံတစ်သံ ထွက်ပေါ်လာသည်။
ထိုချီးမွမ်းစကားမှာ တည်ငြိမ်ပြီး ပြုံးရွှင်နေသော စီမာဟွေ့နန်ထံမှ ဖြစ်သည်။
ချွီလင်ကျွင်းက ခေါင်းခါလိုက်ပြီး "ဟာ မဟုတ်တာဗျာ.... ကျွန်တော့်ကို မြှောက်မနေပါနဲ့ဦး၊ ဒီလောက်က ဘာမှ မဟုတ်သေးပါဘူး၊ ဆရာဆိုရင် ဆေးလုံးတွေကို တည်တည်ငြိမ်ငြိမ် ဖော်စပ်နိုင်ရုံတင်မကဘူး၊ အကုန်လုံးကလည်း ထိပ်တန်းအဆင့်တွေချည်းပဲ၊ ဆရာနဲ့ ယှဉ်ရင်တော့ ကျွန်တော်က လမင်းကြီးနဲ့ ပိုးစုန်းကြူးတစ်ကောင်ကို ယှဉ်သလို ဖြစ်နေမှာပေါ့.... ကျွန်တော် သင်ယူရမှာတွေ အများကြီး ကျန်ပါသေးတယ်" ဟု နှိမ့်ချစွာ ဆိုသည်။
စီမာဟွေ့နန်က နူးညံ့စွာ ပြုံးလိုက်ပြီး "မင့်ဆရာက ဆေးဖော်စပ်တဲ့ လမ်းစဉ်မှာ မျိုးဆက်တစ်ခုမှာ တစ်ယောက်သာ ပေါ်ထွန်းတတ်တဲ့ ပါရမီရှင်လေ၊ သူနဲ့ ကိုယ့်ကိုယ်ကိုယ် ယှဉ်နေဖို့ မလိုပါဘူး၊ ငါ့ အမြင်မှာတော့ မင်းက အတော်လေးကို ထူးချွန်နေပါပြီ" ဟု ပြောလိုက်သည်။
၎င်းမှာ အမှန်ပင် ဖြစ်သည်။ ချွီလင်ကျွင်း၏ ဆေးဖော်စပ်မှုအစွမ်းမှာ သာမန်မဟုတ်တော့ဘဲ သူသည် လစဉ် အဆင့်လတ် ကျောက်စိမ်းအမြုတေဆေးလုံးများကို မှန်မှန်ဖော်စပ်ပေးနိုင်သဖြင့် လော့ထျန်းအဖွဲ့အတွက် ဝိညာဉ်ကျောက်တုံး ထောင်ပေါင်းများစွာ အမြတ်ရစေသည်။ ထို့အပြင် သူသည် အသက် ၂၀ အစောပိုင်းမျှသာ ရှိသေးရာ အနာဂတ်တွင် မည်မျှအထိ မြင့်မားသော အဆင့်သို့ ရောက်ရှိနိုင်မည်ကို ခန့်မှန်းရန်ပင် ခက်ခဲလှသည်။
"မင်း ပါရမီရှိပြီး တော်လို့လဲ မင်းဆရာက တပည့်အဖြစ် လက်ခံခဲ့တာပေါ့၊ မဟုတ်ဘူးလား....” ဟု သူမက ထပ်လောင်းပြောလိုက်သည်။
ချွီလင်ကျွင်းက ခေါင်းကို ထပ်ခါတလဲလဲ ခါယမ်းရင်း "မဟုတ်ရပါဘူးဗျာ.... ကျွန်တော်သာ တခုခု တလွဲတချော်လုပ်မိရင် ဆရာ့အပေါ် ရိုသေမှု မရှိရာ ရောက်မှာ စိုးပါတယ်ဗျာ" ဟု ဆိုသည်။ သို့သော် သူ၏ ရင်ထဲတွင်မူ ဆရာကို အမှီလိုက်ရန် ကြိုးစားရမည်ဟု ပန်းတိုင်တစ်ခု သတ်မှတ်ထားသည်။ လူတစ်ယောက်တွင် တိကျသော ရည်မှန်းချက်ရှိမှသာ ပို၍ မြန်မြန်နှင့် ခိုင်ခိုင်မာမာ လျှောက်လှမ်းနိုင်မည်ဟု သူယူဆသည်။
ထို့နောက် သူ တစ်ခုခုကို သတိရသွားသည့်အလား "ဒါနဲ့ မမဟွေ့နန်.... ဆေးဖော်ဆောင်ကို တကူးတက လာတာဆိုတော့ ဘာကိစ္စများ ရှိလို့လဲဗျ" ဟု မေးလိုက်သည်။
"ဪ…. ထွေထွေထူးထူး မဟုတ်ပါဘူး.... ဒီတိုင်းကြုံလို့ မင်းတို့ဆေးဖော်စပ်မှု အခြေအနေကို လာကြည့်တာပါ.... လိုတာရှိရင်လဲပြောနော်.... မင်းဆရာက အနားမှာ မရှိတော့ အစ်မက အဆင်ပြေမပြေ လာကြည့်ရုံပါ.... ”
"ကျေးဇူးပါဗျာ၊ ကျွန်တော်တို့ အားလုံး အဆင်ပြေပါတယ်ဗျ"
ချွီလင်ကျွင်း ပြန်ဖြေနေရင်း သူ၏ အကြည့်မှာ အခြားသော ဆေးဖော်စပ်ခန်းတစ်ခုဆီသို့ ရောက်သွားသည်။
ထိုအခန်းတံခါးမှာ ဖြည်းညှင်းစွာ ပွင့်လာပြီး မိုးကုတ်စက်ဝိုင်းအောက်မှ လေတိုက်ခတ်စဉ် ယိမ်းနွဲ့နေသော မိုးမခပင်လေးပမာ နုနယ်လှသော မိန်းမပျိုတစ်ဦး ထွက်လာသည်။ ထိုမိန်းမပျိုကို မြင်သည်နှင့် ချွီလင်ကျွင်းက ချက်ချင်း ရှေ့သို့ တိုးသွားပြီး "မမ မီလီ.... ဒီနေ့ ဘယ်လိုလဲ၊ အဆင်ပြေခဲ့ရဲ့လား" ဟု မေးလိုက်သည်။
"ဟိ.... မဆိုးပါဘူး၊ အံ့ဖွယ်တစ်သောင်းဆေးလုံး ၇ လုံး ဖော်စပ်နိုင်ခဲ့တယ်၊ နည်းနည်းတော့ အခြေအနေကောင်းလာပြီ ပြောရမှာပေါ့"
ချွီလင်ကျွင်းသည် အလွန်ပင် ဝမ်းသာသွားကာ မီလီလက်ကို ကိုင်လိုက်ရင်း “ဟေး.... ပျော်လိုက်တာဗျာ၊ မမ အများကြီး တိုးတက်လာပြီပဲ" ဟု ဆိုသည်။
"အာ လင်ကျွင်းရယ်၊ မမဟွေ့နန် ရှေ့မှာ မဟုတ်ကဟုတ်ကတွေ မပြောစမ်းနဲ့၊ အဖွဲ့ချုပ်ခေါင်းဆောင် ပေးထားတဲ့ အံ့ဖွယ်တစ်သောင်းဆေးလုံး ဖော်စပ်နည်း လမ်းညွှန်ချက်ကြောင့်သာ ဒီလောက်ရသွားတာ၊ မဟုတ်ရင် ဒီလောက် တိုးတက်မှာ မဟုတ်ဘူး"
အနီးတွင်ရှိနေသော စီမာဟွေ့နန်မှာ သူတို့နှစ်ဦး၏ နွေးထွေးလှသော စကားဝိုင်းကို ကြည့်ရင်း ခေါင်းခါကာ ရယ်မောလိုက်မိသည်။
"ဟားဟား.… ကြည့်ရတာ ဒီနေ့တော့ ဝမ်းသာစရာတွေ တစ်ခုပြီးတစ်ခု ထပ်နေပြီပဲ၊ အစ်မတို့ လော့ထျန်းအဖွဲ့မှာ ဆေးဖော်စပ်ခြင်း လမ်းစဉ်ရဲ့ ထွန်းသစ်စ ကြယ်ပွင့်လေး နှစ်ပွင့်တောင် ရှိလာပြီပေါ့"
မီလီမှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားသလို ချွီလင်ကျွင်းကလည်း ခေါင်းကို ကုတ်ရင်း ရယ်လိုက်မိသည်။ ထို့နောက် ချွီလင်ကျွင်းက သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။
"ဒါနဲ့ ဆရာက ထပ်ပြီး တံခါးပိတ်ကျင့်ကြံနေပြန်ပြီလား၊ ဒီတစ်လလုံး တစ်ခါမှ မတွေ့ရသေးဘူး"
စီမာဟွေ့နန်က ခေါင်းခါပြကာ မသိကြောင်းသာ ဆိုလိုက်သည်။ စင်စစ်မူ လော့ချန် မည်သည့်နေရာတွင် ရှိနေပြီး ဘာလုပ်နေသည်ကို သူမ အသေအချာ သိရှိသော်လည်း ထိုအကြောင်းကို အခြားသူများအား ဖွင့်ဟရန် မလိုအပ်ပေ။ သူမသည် လုပ်ရိုးလုပ်စဉ်အရ လာရောက်ကြည့်ရှုခြင်းသာ ဖြစ်ပြီး သူတို့အားလုံး အဆင်ပြေနေသည်ကို မြင်တွေ့ရသဖြင့် အခြားလုပ်ဆောင်စရာ ရှိသည်များကို လုပ်ဆောင်ရန် ပြန်ထွက်ခွာဖို့ ပြင်လိုက်လေတော့သည်။
ထိုစဉ်မှာပင် သူမ၏ မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားသည်။ ချက်ချင်းဆိုသလို သူမ မိုးပေါ်သို့ ပျံတက်လိုက်ပြီး ဒန်ရှားတောင်ထိပ်သို့ လှမ်းကြည့်လိုက်တော့သည်။ ထိုနေရာတွင် အရှိန်အဟုန်ပြင်းလှသော စွမ်းအင်များမှာ တဖြည်းဖြည်း မြင့်တက်လာနေသည်။
စီမာဟွေ့နန် ဝမ်းသာအားရ ဖြစ်သွားသည်။
ထိုစွမ်းအင်မှာ သူမအတွက် အစိမ်းသက်သက် မဟုတ်ပေ။ သူမ ထိုစွမ်းအင်နှင့် နဖူးတွေ့ဒူးတွေ့ မကြုံဖူးသော်လည်း ၎င်းမှာ ဝမ်ယွမ်၏ စွမ်းအင်ဖြစ်ကြောင်း သူမ သေချာပေါက် သိလိုက်သည်။
“ဟေး… ဟုတ်ပြီ၊ ဟုတ်ပြီ ဒီအချိန်ကစပြီး ငါတို့ လော့ထျန်းအဖွဲ့မှာ အခြေတည်အဆင့် ကျင့်ကြံသူ သုံးယောက် ရှိသွားပြီပဲ”
စီမာဟွေ့နန် တစ်ယောက်တည်း ထိုစွမ်းအား၏ ရိုက်ခတ်မှုကို ခံစားလိုက်ရခြင်း မဟုတ်ပေ။ ထိုခဏတွင် လော့ထျန်းအဖွဲ့မှ ကျင့်ကြံသူတိုင်း ဒန်ရှားတောင်ထိပ်မှ ထူးဆန်းသော လှုပ်ခတ်မှုများကို ခံစားလိုက်ရသည်။ အလင်းတန်းများစွာမှာ တောင်တန်းအတွင်းမှ ပျံထွက်လာကြပြီး ကောင်းကင်ယံသို့ မျှော်လင့်ချက်အပြည့်ဖြင့် လှမ်းကြည့်နေကြတော့သည်။