← Chapters

အခန်း (၃၆၇-၃၆၈)

Vol. 37 Ch. 367-368

အခန်း (၃၆၇-၃၆၈)

Vol. 37 Ch. 367-368

အခန်း (၃၆၇) - ဒန်ရှားတောင်ထိပ်မှ ခြိမ့်ခြိမ့်သဲသဲ မင်္ဂလာပွဲနှင့် လော့ချန်တို့အဖွဲ့၏ ဘဝစာမျက်နှာများ

ဒန်ရှားတောင်ထိပ်ထက်ရှိ ပြင်းထန်လှသော စွမ်းအင်လှိုင်းတို့သည် ဒီရေအလား ရုတ်ချည်းဆုတ်ခွာသွားကာ သက်ငယ်မိုးတဲအိမ်ကလေးအတွင်းသို့ ပြန်လည်စီးဝင်သွားကြ၏။ တခဏအတွင်းမှာပင် အရာအားလုံးသည် ဘာမျှမဖြစ်ခဲ့သည့်အလား ပတ်ဝန်းကျင်တစ်ခုလုံး ပြန်လည်တိတ်ဆိတ် ငြိမ်သက်သွားတော့သည်။

အပြင်ဘက်တွင် ရပ်နေသော လော့ချန်မှာ ထိုရုတ်တရက် ငြိမ်သက်သွားမှုကြောင့် ခဏမျှ ကြောင်အသွားရသည်။

"ဟင်... ဒီတစ်ခါရော ကျရှုံးသွားတာလား၊ မဖြစ်နိုင်တာ..." ဟု သူ ရေရွတ်လိုက်မိသည်။

ထိုအတွေး သူ့စိတ်ထဲတွင် ခဏမျှသာ ဖြတ်ပြေးသွားချိန်မှာပင် တဲအိမ်၏ သစ်သားတံခါးမှာ ကျယ်လောင်သော အသံနှင့်အတူ ပွင့်ထွက်လာတော့သည်။

ဝမ်ယွမ်သည် ချည်ကြမ်းထည် ဝတ်ရုံကို ရိုးရှင်းစွာ ဝတ်ဆင်လျက် ခြေဗလာဖြင့် အပြင်သို့ လှမ်းထွက်လာသည်။ သူ၏ ရှည်လျားကြမ်းတမ်းသော ဆံနွယ်နက်တို့မှာ ကျောပြင်ထက်ဝယ် ဖားလျားကျနေပြီး လေမတိုက်ဘဲနှင့်ပင် အလိုအလျောက် လွင့်မြောနေကြ၏။ ယခင်ကကဲ့သို့ တည်ငြိမ်အေးဆေးသော အသွင်ရှိနေသော်လည်း သူ၏ တစ်ကိုယ်လုံးတွင် စူးရှထက်မြက်လှသော အရှိန်အဝါတို့ ကိန်းအောင်းနေပြီ ဖြစ်သည်။ သူ၏ နက်မှောင်လှသော မျက်ဝန်းအစုံအတွင်း၌မူ ဝမ်းသာရိပ်တို့မှာ မဖုံးနိုင်မဖိနိုင် ပေါ်လွင်နေလေတော့သည်။

လော့ချန်က ပြုံးလိုက်ရင်း "ဟဲဟဲ အခြေတည် အောင်မြင်သွားတဲ့အတွက် ဂုဏ်ယူပါတယ်ဗျ" ဟု ဆိုလိုက်သည်။

ဝမ်ယွမ်က ပြုံး၍ ပြန်ပြောရန် ဟန်ပြင်လိုက်သော်လည်း သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ယိုင်နဲ့သွားသည်။ သူ၏ ခြေထောက်တစ်ဖက်မှာ ကျောက်သားကြမ်းပြင်ထဲသို့ နက်ရှိုင်းစွာ ကျွံဝင်သွားပြီး ကျောက်သားမှာလည်း အက်ကွဲသွားတော့သည်။ သူတို့နှစ်ဦးစလုံး ထိုပျက်စီးသွားမှုကို ကြည့်ရင်း ခေတ္တမျှ ဆွံ့အသွားကြသည်။

ဝမ်ယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး "အေးကွာ၊ ကျင့်ကြံခြင်းအဆင့်က ရုတ်တရက် မြင့်တက်သွားတော့ ခန္ဓာကိုယ်ကို ထိန်းချုပ်ရတာ နည်းနည်း ခက်နေတုန်းပဲ၊ လောလောဆယ်တော့ ကျင့်ကြံခြင်းအဆင့် တည်ငြိမ်အောင် လုပ်ဖို့က အရေးကြီးဆုံးပဲထင်တယ်" ဟု ဆိုသည်။

လော့ချန်က နားလည်စွာ ခေါင်းညိတ်လိုက်သည်။ ဤသည်မှာ သူ ကြိုတင်မတွေးမိသော အချက်ဖြစ်သော်လည်း ဖြစ်နိုင်ခြေရှိပေသည်။ ဝမ်ယွမ်၏ ခန္ဓာသန့်စင်အဆင့်မှာ ချီသန့်စင်အဆင့်ထက် အဆပေါင်းများစွာ သာလွန်နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ဤအဆင့်သို့ မတက်လှမ်းနိုင်ခင်ကပင် သူ၏ ခွန်အားကို ထိန်းချုပ်ရန် ခက်ခဲခဲ့ရာ ယခုကဲ့သို့ အဆင့်ကြီးတစ်ခုကို ခုန်တက်လိုက်သောအခါ စွမ်းအင်မညီမျှမှုမှာ ပိုမိုသိသာလာခြင်း ဖြစ်သည်။

ထို့ကြောင့် ဝမ်ယွမ်အတွက် သီးသန့် အခြေတည် အထိမ်းအမှတ် အခမ်းအနား ကျင်းပပေးရန် စိတ်ကူးကို လော့ချန် လက်လျှော့လိုက်သည်။ ထိုအစား လော့ချန်က ပြုံးလိုက်ပြီး အနီရောင် သိုလှောင်အိတ်ကလေး တစ်လုံးကို ကမ်းပေးလိုက်သည်။

"ရော့.... ဒါက အစ်ကိုဝမ်ရဲ့ အောင်မြင်မှုအတွက် ကျွန်တော့်ရဲ့ လက်ဆောင်လို့ပဲ သတ်မှတ်လိုက်ပါ"

ဝမ်ယွမ်က ၎င်းကို လက်ခံလိုက်ရင်း အံ့ဩသွားသည့်အလား ရှိသည်။

"ဟေ.... ဒါက.... ဟိုတုန်းက ဟော်ဟူရဲ့ သိုလှောင်အိတ် မဟုတ်လား"

လော့ချန်က ခေါင်းညိတ်ကာ ရယ်မောလိုက်ပြီး ဆိုသည်။

"ဟုတ်တယ်ဗျ၊ ဒါက အစ်ကိုဝမ် တိုက်ခိုက်ပြီး ရလာတဲ့ စစ်နိုင်ပစ္စည်းပဲလေ၊ ဒီအိတ်ပေါ်က ဝိညာဉ်အာရုံ တားမြစ်ချက်ကို ဖြည်ဖို့ ကျွန်တော် နှစ်နှစ်လောက် အချိန်ယူခဲ့ရတာ၊ အခုတော့ ဒါကို အစ်ကိုဝမ်ဆီ ပြန်ပေးဖို့ အကောင်းဆုံး အချိန်ပဲ"

ဝမ်ယွမ်သည် မတည်ငြိမ်သေးသော သူ၏ ဝိညာဉ်အာရုံကို အိတ်အတွင်းသို့ စေလွှတ်၍ စစ်ဆေးကြည့်လိုက်ရာ ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားတော့သည်။

"ဟာ.... ငါလိုတာနဲ့ ကွက်တိပဲဟေ့၊ ငါလည်း အခြေတည်အဆင့်အတွက် လိုအပ်တဲ့ အရင်းအမြစ်တွေကို ဘယ်မှာ ရှာရမလဲလို့ စိုးရိမ်နေတာ၊ ဒီထဲမှာ အကုန်ရှိနေလိမ့်မယ်လို့ မထင်ထားဘူး"

ဟော်ဟူသည် ဟော်မျိုးနွယ်စု၏ အချစ်တော်သား ဖြစ်ရုံသာမက မီးလျှံမဟာမိတ်၏ တပည့်လည်း ဖြစ်သဖြင့် သူသည် ကျင့်ကြံခြင်း အရင်းအမြစ်များကို ကိုယ်တိုင် ရှာဖွေစရာ မလိုခဲ့ပေ။ ထို့အပြင် ကောင်းလင်လွင်ပြင် ချုံခိုတိုက်ခိုက်မှုကို မစီစဉ်ခင်ကပင် သူသည် လေလံပွဲတစ်ခုကို ကြီးကြပ်ခဲ့သဖြင့် ဟော်မျိုးနွယ်စု၏ အမြတ်အစွန်း အစိတ်အပိုင်းအချို့မှာလည်း သူနှင့်အတူ ပါလာခဲ့သည်။ ထို့ကြောင့် သူ၏ သိုလှောင်အိတ်အတွင်း၌ ရတနာများစွာ ပြည့်နှက်နေခြင်း ဖြစ်သည်။

လော့ချန်သည် ထိုအိတ်ကို ယခင်က စစ်ဆေးဖူးပြီးဖြစ်ရာ သူကိုယ်တိုင်ပင် အတော်အတန် ချမ်းသာသော်လည်း ဟော်ဟူ၏ အမွေအနှစ် တန်ဖိုးကြောင့် အံ့ဩခဲ့ရသည်။ ထိုအိတ်တစ်လုံးတည်း၏ တန်ဖိုးမှာ တွမ်မျိုးနွယ်စုတစ်ခုလုံး၏ ပိုင်ဆိုင်မှု ထက်ဝက်ကျော်ထက်ပင် ပိုမိုတန်ဖိုးရှိလှသည်။ လော့ချန်သည် အိတ်၏ တားမြစ်ချက်ကို စတင်ဖြည်စဉ်က ထိုရတနာများအပေါ် တပ်မက်စိတ်ကူးယဉ်မိသော်လည်း နောက်ဆုံးတွင် ဝမ်ယွမ်၏ ပိုင်ဆိုင်မှုသာ ဖြစ်ကြောင်း မိမိကိုယ်ကိုယ် သတိပေးကာ စိတ်ကို ထိန်းချုပ်ခဲ့သည်။

ယခုအခါ ထိုရတနာများမှာ ဝမ်ယွမ်၏ လက်ထဲသို့ ရောက်ရှိသွားပြီဖြစ်ရာ ဝမ်ယွမ်အနေဖြင့် ကျင့်ကြံခြင်း အရင်းအမြစ်များအတွက် အချိန်အတော်ကြာ စိုးရိမ်စရာ မလိုတော့ပေ။

"ကျေးဇူးပဲ လော့ချန်ရာ" ဟု ဝမ်ယွမ်က အိတ်ကို လက်ထဲ၌ ချိန်ဆရင်း ဆိုလိုက်သည်။ ဤတားမြစ်ချက်ကို သူကိုယ်တိုင် ဖြည်မည်ဆိုပါက နှစ်ပေါင်းများစွာ ကြာနိုင်သော်လည်း လော့ချန်၏ အကူအညီကြောင့် အချိန်နှင့် လုပ်အားများစွာ သက်သာသွားခဲ့ရသည်။

လော့ချန်က လက်ကာပြလိုက်ပြီး ဆိုသည်။

"ဪ…. အပိုတွေပြောနေပြန်ပြီ၊ ကျွန်တော်တို့က ညီအစ်ကိုတွေပဲလေ၊ ကျေးဇူးတင် တာ ဘာညာမလိုပါဘူး၊ ဒါက ပထမ လက်ဆောင်ပဲ ရှိ‌သေးတယ်”

ဝမ်ယွမ် အံ့ဩသွားရသည်။

လော့ချန်က မျက်စိတစ်ချက် မှိတ်ပြလိုက်ရင်း ဆက်ပြောလိုက်သည်။

"ဒီမယ် ဟိတ်လူ၊ အဘိုးကြီးတွမ်ရဲ့သိုလှောင်အိတ်ထဲမှာ မှော်ရတနာ သန္ဓေသားလောင်း နှစ်ခု တွေ့တယ်ဗျ၊ ကျွန်တော့်သဘောကတော့ တစ်ခုကို တွမ်ဖုန်းကို ပေးပြီး နောက်တစ်ခုကို ခင်ဗျားကို ပေးဖို့ စိတ်ကူးထားတယ်၊ အခုတော့ မှော်ရတနာအဆင့် မရောက်သေးဘူးပေါ့ဗျာ၊ တစ်နေ့ကျရင်တော့ အဲဒီတစ်ခုကို ခင်ဗျားအတွက် ကိုယ်ပိုင်မှော်ရတနာ တစ်ခုအဖြစ် ဖန်တီးပေးမယ်ဗျာ၊ အဲဒါ ဒုတိယလက်ဆောင်ပဲ"

ဝမ်ယွမ်၏ စိတ်ထဲတွင် နွေးထွေးမှုတစ်ခု ခံစားလိုက်ရသည်။

ထို့နောက် သူ၏ လက်ကောက်ဝတ်ကို ပုတ်လိုက်ပြီး "ဟောဒီမှာကြည့်၊ ငါ့မှာ တစ်ခု ရှိပြီးသားကွ၊ ငါ့အတွက် ဒုတိယလက်ဆောင်ကို မင်းပဲ ယူလိုက်တော့"

ဝမ်ယွမ်ပြောသည့် ရှိပြီးသား ဆိုသည်မှာ သူ့လက်ကောက်ဝတ်တွင် ပတ်ထားသည့် နဂါးကျားလက်ပတ်ပင် ဖြစ်သည်။

၎င်းမှာ ဟော်ချွမ်က သူ၏မြေး ဟော်ဟူအတွက် ငွေအပုံလိုက်သုံး၍ ဝယ်ယူ ပေးထားသော အစွမ်းထက် မှော်ရတနာ တစ်ခု ဖြစ်သည်။ ၎င်းအတွင်း၌ နဂါးနှင့် ကျားတို့၏ အာဃာတချီများကို ချိပ်ပိတ်ထားပြီး ခန္ဓာကိုယ်ကို အာဃာတချီဖြင့် သန့်စင်ထားသော ဝမ်ယွမ်နှင့် အလွန်ပင် ပနံသင့် လိုက်ဖက်လှသည်။ ဟော်ဟူကို ဖမ်းဆီးခဲ့စဉ်ကတည်းက ဤရတနာမှာ ဝမ်ယွမ်လက်ထဲသို့ ရောက်ရှိနေသော်လည်း အခြေတည်အဆင့်သို့ မရောက်သေးသဖြင့် အပြည့်အဝ အသုံးမပြုနိုင်ခဲ့ပေ။

"ဒါဆိုလဲ ပြီးရောဗျာ.... တကတည်း အားနာရမဲ့သူတွေ မဟုတ်တာကို မလိုချင်နေပေါ့.... ”

လော့ချန်ထုတ် မပြောခဲ့သော နောက်အချက်တစ်ခုမှာ တွမ်ချန်ခွန်း၏ အိတ်ထဲတွင် ထို နှစ်ခုထက် ပိုသည်များ ရှိနေခြင်း ဖြစ်သည်။ စင်စစ်မူ သူ၏ ဓားအမြုတေမှာလည်း မှော်ရတနာသန္ဓေ တစ်ခုပင် ဖြစ်သည်။ သို့သော် ထိုအရာမှာ ထျန်းရှင်းကျီနှင့် သက်ဆိုင်သဖြင့် သူ ထိုအကြောင်းကို ပေါ့ပေါ့တန်တန် ထုတ်မပြောခြင်းဖြစ်သည်။ ထုတ်ပြောလိုက်ပါက မလိုလားအပ်သော ပြဿနာများကို ဖိတ်ခေါ်နိုင်သောကြောင့် ဖြစ်သည်။

လော့ချန်သည် တောင်ထိပ်ပေါ်တွင် နောက်ထပ် နှစ်ရက်မျှ ဆက်နေခဲ့ပြီး အခြေတည်အဆင့် ကျင့်ကြံခြင်းဆိုင်ရာ ဗဟုသုတများကို ဝမ်ယွမ်နှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ဝမ်ယွမ်သည် မသေမျိုးလမ်းစဉ်တွင် အဆုံးအထိ သွားရန် ရည်ရွယ်ချက် မရှိသော်လည်း သူ၏ ကျင့်ကြံခြင်းအဆင့်ကို တည်ငြိမ်အောင် ပြုလုပ်ရန် လိုအပ်သည်။ ထိုမှသာ တိုးမြင့်လာသော သက်တမ်းကို အသုံးပြု၍ ခန္ဓာကိုယ်ကျင့်ကြံခြင်း လမ်းစဉ်တွင် ပိုမို တိုးတက်နိုင်မည် ဖြစ်သည်။

ထိုနှစ်ရက် ကုန်ဆုံးပြီးနောက် လော့ချန် တောင်ပေါ်မှ ဆင်းလာခဲ့သည်။ သို့ရာတွင် သူ့စိတ်ထဲတွင် စနိုးစနောင့် ဖြစ်နေသည့် အချက်တခုရှိသည်။ ဝမ်ယွမ်တယောက် အခြေတည်အဆင့်သို့ တက်လှမ်းနိုင်ခြင်းမှာ ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်ရာ ဂုဏ်ပြုရန် ထိုက်တန်လှသည်။ ခမ်းနားကြီးကျယ်သော ပွဲမျိုး မဟုတ်စေကာမူ လော့ထျန်းအဖွဲ့ဝင် ကျင့်ကြံသူအားလုံး ထိုသတင်းနှင့် ဝမ်းမြောက်မှုကို အတူတူ ခံစားနိုင်ရန် သူ မဖြစ်မနေ စီစဉ်မှရမည်။

တရားဝင် အခြေတည် အခမ်းအနားကို မကျင်းပနိုင်သော်လည်း အခြားသော နည်းလမ်းဖြင့် ဤသတင်းကောင်းကို အသိပေးနိုင်ရန် သူအသည်းအသန် စဉ်းစားလျက်ရှိသည်။

….

"ဟင်.... ရက်တောင် ရွေးပြီးပြီပေါ့လေ”

လော့ချန်သည် သူ့ရှေ့ရှိ စုံတွဲကို အံ့အားသင့်စွာကြည့်ရင်း မေးလိုက်သည်။

ထိုစုံတွဲတွင် လုလင်ပျိုမှာ ရုပ်ရည် ချောမောခန့်ငြားကာ မျက်ခုံးထူထူနှင့် စူးရှတောက်ပသော မျက်လုံးများပိုင်ဆိုင်သူ ဖြစ်သည်။ မိန်းမပျိုမှာ စာဖွဲ့ရလောက်အောင် လှပသူ မဟုတ်သော်လည်း နူးညံ့သိမ်မွေ့ကာ မိန်းမသားဆန်သူ တစ်ဦးဖြစ်‌လေသည်။ သူတို့ လက်ထပ်ကြမည်ဆိုပါက ကောင်းကင်ဘုံက ဖန်တီးပေးလိုက်သော စုံတွဲအဖြစ် လူတိုင်းက သတ်မှတ်ကာ ကောင်းချီး‌ပေးကြပေမည်။

တွမ်ဖုန်းနှင့် ဖုန်းရှတို့ စုံတွဲသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ပြီးနောက် လော့ချန်ကို ခေါင်းညိတ်ပြလိုက်ကြသည်။

"ငါ့ရဲ့ ကျင့်ကြံအဆင့်က တော်တော်လေး တည်ငြိမ်သွားပါပြီ၊ ဒီတော့ မင်္ဂလာဆောင်ဖို့ကို ထပ်ပြီး အချိန်မဆွဲချင်တော့ဘူး၊ မင်လုံယွီကိုတောင် နေ့ကောင်းရက်သား ရွေးခိုင်းပြီးပြီ၊ သူက နောက်ကိုးရက်နေရင် မင်္ဂလာဆောင်ဖို့ အကောင်းဆုံးနေ့ပဲလို့ ပြောတယ်"

“ဖြောင်း.... ဖြောင်း.... ဖြောင်း.... ”

ရုတ်တရက် လော့ချန် လက်ခုပ်ထတီးလိုက်သဖြင့် တွမ်ဖုန်း ခဏမျှ ကြောင်သွားသည်။

"ဟေး.... သတင်းကောင်းပဲဟေ့၊ ဒါဆို ကျွန်တော်တို့ ပြင်ဆင်ဖို့ ကိုးရက် အချိန်ရတာပေါ့၊ မင်္ဂလာဆောင်အတွက်တော့ ဘာမှ မပူနဲ့၊ လော့ထျန်းအဖွဲ့က‌နေ အကုန်စီစဉ်ပေးမယ်၊ အစ်ကိုတွမ် မင်္ဂလာဦးညအတွက်သာ အားခဲထားပေတော့"

မင်္ဂလာဦးညဟု ပြောလိုက်သည်နှင့် ဖုန်းရှသည် ရှက်သွေးဖြန်းကာ ခေါင်းငုံ့သွားတော့သည်။ သူမနှင့် တွမ်ဖုန်းတို့၏ လူမသိအောင် လျှို့ဝှက်ထားသော ဆက်ဆံရေးသည် လော့ထျန်းအဖွဲ့အတွင်း လူတိုင်းလိုလို သိပြီးသား ဖြစ်နေသည်။ သူတို့နှစ်ဦး အတူတူ နေထိုင်သော်လည်း တွမ်ဖုန်း၏ ကျင့်ကြံခြင်းကို မထိခိုက်စေရန် အချင်းချင်း အချစ်နယ်မကျွံရန် စည်းစောင့်ခဲ့ကြသည်။ ယခုမူ တွမ်ဖုန်း အခြေတည် အဆင့်သို့ ရောက်ရှိသွားပြီဖြစ်ရာ တရားဝင်အကြင်လင်မယားအဖြစ် ထိမ်းမြားလက်ထပ်ရန် အချိန်တန်ပြီ ဖြစ်သည်။

လော့ချန်၏ အမိန့်ရသည်နှင့် တစ်ပြိုင်နက် လော့ထျန်းအဖွဲ့တစ်ဖွဲ့လုံးမှာ ဟန်ချက်ညီညီ လှုပ်ရှားလာကြတော့သည်။ စင်စစ်မှာမူ ပွဲအတွက် ပြင်ဆင်ရသည်များမှာ သိပ် အချိန်မကြာလှပေ။

မုရုံချင်းလျန် ဦးဆောင်သောအဖွဲ့သည် မြို့ထဲသို့သွား၍ ပွဲအတွက် လိုအပ်သောပစ္စည်းများနှင့် ခန်းဝင်ပစ္စည်းများကို ဝယ်ယူသည်။

တစ်ဖက်တွင်လည်း စီမာဟွေ့နန်တို့အဖွဲ့က ဒန်ရှားတောင်ထိပ်အား မင်္ဂလာပွဲအခမ်းအနား အတွက် ပြင်ဆင် အလှဆင်နေသည်။

မကြာမီမှာပင် တောင်ထိပ်တစ်ခုလုံးတွင် အနီရောင် ပိုးချည်စများနှင့် မီးအိမ်နီနီလေးများသည် အလှဆင်ထားသော ပန်းပေါင်းစုံနှင့်အတူ လိုက်ဖက်ကာ မျက်စိပသာဒ ဖြစ်နေတော့သည်။ တောင်အောက်တွင်လည်း ကျင့်ကြံသူများသည် စားသောက်ပွဲအတွက် ဟင်းအမယ်မျိုးစုံကို ပြင်ဆင်ကြသူများက တစ်ဖွဲ့၊ ဖောချင်းသောချင်းရှိနေသော ဝိညာဉ်အရက်များအား မျက်စောင်းထိုးနေသူများက တဖုံ၊ စားပွဲများ ခင်းကျင်း နေရာချသူကချ စသဖြင့် ကိုယ်စီ အလုပ်ရှုပ်နေကြသည်။ ကျင့်ကြံသူများ၏ လျင်မြန်ဖြတ်လတ်မှုနှင့် ဝိုင်းဝန်းကူညီမှုများကြောင့် ကိုးရက် မပြည့်သေးမီမှာပင် အရာအားလုံးမှာ အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။

လော့ထျန်းတို့သည် ရိုးရာ မင်္ဂလာဆောင် ထုံးတမ်းစဉ်လာများကို ဘေးဖယ်ထားလိုက်သည်။ သတို့သားနှင့် သတို့သမီး နှစ်ဖက်စလုံးတွင် လူကြီးမိဘများ မရှိတော့သဖြင့် လော့ချန်ကိုယ်တိုင် မင်္ဂလာပွဲကို အမှာစကားပြောကြား၍ ဦးဆောင်ပေးရန် ဆုံးဖြတ်လိုက်သည်။

ဤသို့နှင့် တစ်ရက်ပြီးတစ်ရက်ကုန်လွန်လာကာ မင်္ဂလာပွဲနေ့သို့ ရောက်ရှိလာပြီဖြစ်သည်။

ဒန်ရှားတောင်ထိပ်ရှိ ထိုပွဲသည် ထင်ထားသည်ထက် ပိုမို ခမ်းနားကာ စည်ကားသိုက်မြိုက်နေသည်။

ယခင်က တွမ်ဖုန်း၏ သီးသန့် အခြေတည် အခမ်းအနားနှင့် မတူပေ။ ယခုမင်္ဂလာပွဲသည် အဖွဲ့အတွင်းရှိ အနိမ့်ဆုံးအဆင့်မှသည် အမြင့်ဆုံးအဆင့်အထိ ကျင့်ကြံသူအားလုံး တက်ရောက်ဆင်နွှဲကြသည့် ပွဲကြီးပင် ဖြစ်သည်။ လော့ထျန်းအဖွဲ့၏ ခန်းမဆောင်ကြီးအတွင်း၌ ပွဲလာပရိသတ်များ တပျော်တပါး စားသောက်ရင်း စကားစမည်ပြောနေကြသည်။ လော့ချန်သည်လည်း သူ့ပလ္လင်တွင် တစ်ယောက်တည်း ထိုင်မနေဘဲ ပရိသတ် အားလုံးနှင့်အတူ စကားဖောင်ဖွဲ့ရင်း ဝိညာဉ်အရက်များကို သောက်သုံးလိုက်သည်။

တွမ်ဖုန်းမှာ အရက်တိုက်ခံရသူများထဲတွင် ပထမဖြစ်ပြီး လော့ချန်မှာ ဒုတိယဖြစ်သည်။ လော့ချန်၏ ဦးဆောင်မှုကြောင့်သာ သူတို့ ဤအဆင့်သို့ ရောက်ရှိလာခြင်းဖြစ်သဖြင့် အားလုံးက သူ့အား အထူးလေးစားကြသည်။ လော့ချန်အနေဖြင့် သာမာန်အချိန်များကဲ့သို့ သူ့ထိုင်ခုံထက်တွင် ထိုင်မနေဘဲ သူတို့နှင့် ရောရောနှောနှော ရှိနေခြင်းမှာ ရှားပါးလှသည်။ ဤအချိန်ကို အမိအရ အခွင့်ကောင်းယူကာ အားလုံးက သူ့အား အရက်များ အတင်းတိုက်ကြတော့သည်။ လော့ချန်သည်လည်း မငြင်းတော့ပဲ လူတိုင်း တိုက်သမျှ အရက်ခွက်များကို အကုန်အစင် တစက်မကျန် သောက်လိုက်လေသည်။

အရက်ခွက် လိုက်တိုက်သူများ တွမ်ဖုန်းဆီသို့ အာရုံရောက်နေစဉ် လော့ချန် သက်ပြင်းတစ်ချက် ခိုးချလိုက်သည်။ လက်ရှိ သူတို့ သောက်သုံးနေသော အရက်မှာ ထျန်းလန်နတ်ဘုရားမြို့တော်ရှိ နတ်မင်းမူးယစ် တည်းခိုခန်းမှ ဈေးကြီးပေး၍ ဝယ်ယူထားသော အကောင်းဆုံး ဝိညာဉ်အရက်များ ဖြစ်သည်။ သူသည် အချီများစွာ သောက်ခဲ့ပြီး ချီစွမ်းအင်ကို အသုံးပြု၍ အရက်ရှိန်ကို မလျှော့ချခဲ့သဖြင့် မူးရီရီ ဖြစ်လာတော့သည်။ သူသည် ရီဝေဝေ မျက်လုံးများဖြင့် ခန်းမတစ်ခုလုံးကို လှမ်းကြည့်လိုက်သည်။

ကူချိုင်ယီသည် ပန်းခင်းအလယ်မှ လိပ်ပြာကလေးတစ်ကောင်ကဲ့သို့ စားပွဲတစ်ခုပြီးတစ်ခု ကူးသန်းသွားလာရင်း အားလုံးနှင့် စကားပြောကာ ပျော်ပျော်ရွှင်ရွှင် အရက်သောက်နေသည်။ ရှို့ကုနှင့် မုရုံချင်းလျန်တို့မှာလည်း အတူထိုင်၍ ကလေးပြုစုပျိုးထောင်ခြင်းအကြောင်း အာရုံတစိုက် ပြောဆိုနေကြသည်။

ချွီလင်ကျွင်းသည် အခန်းထောင့်တစ်နေရာတွင် မီလီ၏ လက်ကို ဆုပ်ကိုင်ထားရင်း တိတ်တဆိတ် ထိုင်နေသည်။ မီလီ၏ မျက်ဝန်းထဲတွင်မူ နံရံပေါ်မှ သုခနှစ်ဆ စာတန်းကြီးကို ကြည့်ရင်း အားကျမှုနှင့် တောင့်တမှုများ ပြည့်နှက်နေသည်။

ချင်လျန်ချန်းကမူ မင်လုံယွီကို ဖက်ထားရင်း တာဟဲဈေးမြို့တော်ရှိ ပြိုင်ပွဲစင်မြင့်ထက်မှ အကြောင်းများကို ပြန်ပြောနေသည်။ ချင်းလျန်ချန်းက သူ့ရင်ဘတ်သူ ပုတ်ရင်း “တကယ်လို့ ငါသာ ပထမဆုံး စင်ပေါ်တက်ခဲ့ရင် ဒီကောင်မင်လုံယွီကို သေချာပေါက် နိုင်မှာကွ” ဟု အာလေးလျှာလေးနှင့် ကြွားလုံးထုတ်နေသည်။ မင်လုံယွီမှာ ဘာမှပြန်မပြောဘဲ ပြုံးနေသဖြင့် ချင်လျန်ချန်းမှာ မရိုးမရွဖြစ်ကာ သူ၏ ထိပ်တန်း မှော်ဝတ်ရုံများနှင့် အခြားအားသာချက်များကို တတွတ်တွတ် ရေရွတ်နေတော့သည်။

တစ်ဖက်တွင်လည်း စီမာဟွေ့နန်တို့ မောင်နှမ တသိုက်သည် ဝိုင်းတဝိုင်းတွင် ထိုင်ကာ ဝိညာဉ်အရက်ကို သောက်သုံးနေသည်။ စီမံခန့်ခွဲရေးမှူး တာဝန်၏ ဝန်ထုပ်ဝန်ပိုးများအောက်တွင် သူမ၏ မျက်နှာထက်၌ အေးစက်စက် အကာအကွယ် မျက်နှာဖုံးတစ်ခု အမြဲတမ်း တပ်ဆင်ထားခဲ့ရသည်။ ထိုအရာကပင် ချစ်ခင်ရသော မောင်နှမ အချင်းချင်းကြား၌ မမြင်ရသော တံတိုင်းတစ်ခု ခြားထားသလို စိမ်းသက်စေခဲ့သည်။

သို့သော် ယနေ့ည၏ ဆူညံသံများ၊ ဝိုင်များ အရက်နံ့များ သင်းပျံ့သော လေထုနှင့် မြူးကြွသော ပျော်ပွဲရွှင်ပွဲ အငွေ့အသက်များက ထိုအကာအကွယ်ကို အရည်ပျော်ကျစေခဲ့ပြီ ဖြစ်သည်။ သူမသည် စီမာဝမ်ကျဲ၏ လက်မောင်းကို ကလေးငယ်တစ်ဦးကဲ့သို့ ခပ်တင်းတင်း ချိတ်ထားရင်း ကျောက်ရုပ်ကဲ့သို့ တည်ငြိမ်လှသော အစ်ကိုကြီး စီမာရှန့်ကို မျက်မှောင်ကြုတ်ကြည့်ကာ စတင် တိုက်စစ်ဆင်တော့သည်။

"ဒီမယ် အစ်ကိုကြီး.... ဒို့အစ်ကို မျက်နှာက ဒီအတိုင်းဆိုရင် ကျင့်ကြံခြင်းလောကမှာ ရှေးဟောင်းကျောက်စာတိုင်ကြီး ဖြစ်တော့မယ်သိလား၊ မိန်းမလေး ဘာလေး ယူဖို့များ စိတ်ကူးမရှိဘူးလား"

သူမ၏ ရုတ်တရက် အမေးကြောင့် အရက်ခွက်ကို မော့သောက်နေသော စီမာရှန့်မှာ သီးမလိုပင် ဖြစ်သွားရသည်။

"အမလေးဟ.... ငါက ကျင့်ကြံခြင်းလမ်းစဉ်ကိုပဲ အာရုံစိုက်နေတာ ညီမလေးရဲ့…. ဒါတွေက.... "

"ကျင့်ကြံတာက နတ်သက်ကြွေတဲ့အထိ စောင့်လို့ရတယ် အစ်ကိုကြီး၊ ဒါပေမဲ့ အစ်ကို့ ရုပ်ရည်ကတော့ အိုစာသွားရင် ပြန်နုလို့ မရဘူးနော်" ဟု သူမက ဖြတ်ပြောလိုက်သည်။

"ကိုင်း ကြည့်လိုက်စမ်းပါ.... လော့ထျန်းအဖွဲ့ထဲက ဘယ်သူ့ကို သဘောကျလဲ ပြော၊ ကျွန်မက ဘယ်သူလဲ…. ဒီအဖွဲ့ရဲ့ စီမံခန့်ခွဲရေးမှူးကြီးလေ၊ ဒို့ အစ်ကိုကြီး အတွက်ဆို ဘာပဲဖြစ်ဖြစ် အစွမ်းကုန် ကူညီပေးမယ်.... ဒီ အဖွဲ့ထဲက မကြိုက်ဘူးလား မြို့ထဲက ကျင့်ကြံသူ မျိုးနွယ်စုကြီးတွေထဲမှာ အဆက်အသွယ်တွေ အများကြီးရှိတယ်…. အစ်ကိုကြီးသာ ခေါင်းတချက်ညိမ့်လိုက်.... မနက်ဖြန် မင်္ဂလာဝတ်စုံ တိုင်းလို့ ရစေမယ်"

ထိုအခါ ဘေးမှ စီမာဝမ်ကျဲကလည်း အားကျမခံ ဝင်ထောက်သည်။

"ဟုတ်တယ် အစ်ကိုကြီး၊ ငါ့အစ်ကိုကြီးက စစ်မြေပြင်မှာဆို ရဲရင့်လိုက်တာ၊ ခုကျတော့ ဘာဖြစ်လို့ ကြက်ကလေးလို ငြိမ်နေတာလဲ…. ဒါမှမဟုတ်.... ဟဲဟဲ အစ်ကိုကြီးက တစ်ဖက်သတ် ချစ်နေတဲ့ မိန်းကလေး ရှိနေလို့လား"

ထိုစကားကြောင့် တည်ငြိမ်လှသော စီမာရှန့်၏ နားရွက်ဖျားများ သိသိသာသာ နီရဲတက်လာသည်။ သူသည် အနေခက်စွာဖြင့် လည်ပင်းကို ပွတ်သပ်ရင်း "မင်းတို့.... မင်းတို့ တော်ကြပါတော့…. လူတွေ အများကြီးနဲ့ အရှက်ခွဲမနေကြနဲ့" ဟု တိုးတိုးလေး ပြောရှာသည်။

ဟွေ့နန်သည် ဝမ်ကျဲနှင့်အတူ တစ်ခစ်ခစ် ရယ်မောလိုက်သည်။ ထိုရယ်သံမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက ကလေးဘဝတွင် အတူတူ ဆော့ကစားခဲ့စဉ်ကကဲ့သို့ပင် နွေးထွေးကြည်လင်နေတော့သည်။ အာဏာရှိသော ရာထူးတာဝန်နှင့် နေရချိန်ထက် အစ်ကိုနှင့် မောင်အကြား အလိုလိုက်ခံရသော နှမလေး အဖြစ် ပြန်လည်ရောက်ရှိသွားသော ဤခဏသည် ယနေ့ည၏ အလှပဆုံး အချိန်ပင် ဖြစ်လေတော့သည်။

ခန်းမကြီးအတွင်း၌ လင်းလက်နေသော မီးရောင်များအောက်တွင် လော့ချန်သည် သူ၏ မိတ်ဆွေဟောင်းများကို ငေးကြည့်နေမိသည်။ ကျိုးယွမ်လီ၏ လေးနက်တည်ကြည်သော အကြည့်များ၊ လျိုချန်းနှင့် ဘီယန်ကျန်းတို့၏ ရင်းနှီးသော အပြုံးများ၊ စုရှောင်လင်နှင့် ရွှီရှောင်လျိုတို့၏ အမှတ်တရစကားသံများ၊ ထို့အပြင် ယွမ်တုန်းရှန်း၏ ရယ်သံများ….။

ဤမျက်နှာများသည် သူ၏ အတိတ်နှင့် ပစ္စုပ္ပန်ကို ဆက်စပ်ပေးထားသည့် ပြက္ခဒိန်စာမျက်နှာများနှယ် ဖြစ်နေသည်။

တရိပ်ရိပ်တက်လာသော အရက်ရှိန်နှင့်အတူ အတိတ်က ဇာတ်လမ်းများ တစ်ခုပြီးတစ်ခု ပြန်လည်ရှင်သန်လာသောအခါ လော့ချန်၏ ရင်ထဲတွင် နွေးထွေးမှုတစ်ခုကို ခံစားရတော့သည်။ သူ၏ ခရီးလမ်းတစ်လျှောက်တွင် ဖြတ်သန်းခဲ့ရသော အခက်အခဲများ၊ တိုက်ပွဲများကြားမှ စုစည်းမိလာသော ဤလူတစ်စုသည် သူ၏ ကျင့်ကြံခြင်းအဆင့်ထက်ပင် ပိုမိုတန်ဖိုးရှိသော ရတနာများဖြစ်ကြောင်း သူ နားလည်လိုက်သည်။

ထာဝရရှင်သန်ခြင်းဆိုသည်မှာ တစ်ကိုယ်တည်း ထာဝရတည်ရှိနေခြင်း မဟုတ်ဘဲ ဤကဲ့သို့သော ရင်းနှီးမှုများကို သက်သေအဖြစ် ဆုပ်ကိုင်ထားနိုင်ခြင်းပင် ဖြစ်လိမ့်မည်။ လော့ချန်သည် ခွက်ကို မြှောက်ကာ စိတ်ထဲမှ တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဒါက.... တကယ်တန်ဖိုးရှိတဲ့ ညခင်းအချိန်လေးအတွက် ဂုဏ်ပြုလိုက်တဲ့ အရက်ခွက်ပါပဲ”

ထို့နောက် လော့ချန်သည် ဆူညံသံများ ပြည့်နှက်နေသော ခန်းမဆောင်ကြီးအတွင်းမှ အေးချမ်းလှသော အပြင်ဘက်သို့ ဖြည်းညှင်းစွာ လမ်းလျှောက်ထွက်လာခဲ့သည်။ ဒန်ရှားတောင်ထိပ် တစ်ခုလုံးသည် အရောင်အသွေးစုံလင်သော မီးအိမ်များဖြင့် နတ်ဘုံနတ်နန်းအလား ထိန်လင်းတောက်ပလျက် ရှိနေသည်။

မင်္ဂလာပွဲအထိမ်းအမှတ်အဖြစ် ကောင်းကင်ယံတွင် ပေါက်ကွဲထွက်သွားသော မီးရှူးမီးပန်းများသည်လည်း ရောင်စုံပန်းပွင့်များအလား ညဉ့်ကောင်းကင်ကို ခဏတာ ဝင်းခနဲ လင်းလက်စေပြီး ပြန်လည်ပျောက်ကွယ်သွားကုန်သည်။

တာဟဲဈေးမြို့‌တော်၏ ဖုန်ထူထူ လမ်းများမှသည် ထျန်းလန်နတ်ဘုရားမြို့တော်၏ ခမ်းနားသော လမ်းမကြီးအထိ သူတို့အားလုံး သေမင်းနှင့် လက်တကမ်းသာလိုသော အခက်အခဲပေါင်းများစွာကို ကျော်ဖြတ်ခဲ့ရသည်။ လော့ထျန်းအဖွဲ့သားများအတွက် ဤပွဲသည် သာမန်ပျော်ပွဲရွှင်ပွဲတစ်ခု မဟုတ်ဘဲ နှစ်ပေါင်းများစွာ ရင်ထဲတွင် ဖိနှိပ်ထားရသော သောကများနှင့် တင်းမာမှုများကို လွှတ်ချလိုက်သည့် လွတ်မြောက်မှု သင်္ကေတပင် ဖြစ်သည်။

လော့ချန်သည် တောက်ပနေသော မီးရှူးမီးပန်းများကို ငေးကြည့်ရင်း ခြေလှမ်းများ တန့်သွားသည်။ သူ၏ မျက်ဝန်းများထဲတွင် တစ်စုံတစ်ခုကို အသည်းအသန် ရှာဖွေနေသည့်အလား အရိပ်အယောင်များ ယှက်သန်းသွားသည်။ ဤမျှ စည်ကားလှသော ပွဲလမ်းသဘင်နှင့် လူအုပ်ကြီးကြားတွင်မှ သူ၏ ရင်ထဲ၌ အတိတ်က အမှတ်တရတစ်ခုသည် ဖျတ်ခနဲ ပေါ်လာခဲ့သည်။

ထိုအမှတ်တရသည် သူနှင့်အတူ ဤခရီးလမ်းကို အတူတကွ စတင်ခဲ့ကြသော်လည်း ယနေ့ညတွင်မူ အတူရှိမနေနိုင်တော့သော လူတစ်ယောက်၏ ကတိစကားလော သို့မဟုတ် သူစွန့်ခွာခဲ့ရသော ဘဝဟောင်း၏ အပိုင်းအစတစ်ခုလော ဆိုသည်ကိုမူ သူကိုယ်တိုင်ပင် ဝေခွဲမရနိုင်အောင် ဖြစ်နေဟန် တူလေတော့သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၃၆၈) - မင်္ဂလာပွဲ၏ နောက်ဆက်တွဲဂယက်

"ဪ.... ဟိုးအတိတ်တုန်းက ရှောင်ဟွမ်းတောင်ကို သိမ်းပိုက်အောင်နိုင်အပြီး အခုလို မင်္ဂလာပွဲမျိုး ကျင်းပခဲ့ဖူးတာပါလား....”

လော့ချန်သည် ဝိုးတဝါးအတိတ်ကို ပြန်လည်တမ်းတရင်း တိုးတိုးရေရွတ်လိုက်မိသည်။

ထိုစဉ်က မင်္ဂလာမောင်နှံမှာ သူ၏ လူရင်း အစ်ကိုကြီး ကျန်းဝမ်နှင့် ဇနီးသည် ရှို့ကုတို့ပင် ဖြစ်ချေသည်။ သို့ရာတွင် ကံအကြောင်းမလှ၍ အဆုံးသတ်မလှရှာပဲ သေကွဲ ကွဲခဲ့ရလေသည်။

ယခုမူ အချိန်ရေယာဉ်သည် တရွေ့ရွေ့စီးဆင်းခဲ့ပြီဖြစ်ရာ အရာခပ်သိမ်းသည်လည်း ပြောင်းလဲခဲ့ချေပြီ။

လက်ရှိတွင် လော့ထျန်းအဖွဲ့သည် အခြေမဲ့အနေမဲ့ အစုအဖွဲ့ငယ်လေး မဟုတ်တော့ဘဲ အခြေတည်အဆင့် ကျင့်ကြံသူ အမာခံ သုံးဦးအထိ ပိုင်ဆိုင်ထားသည့် အရှိန်အဝါကြီးမားသော အင်အားစုတစ်ခု ဖြစ်နေလေပြီ။ အကယ်၍သာ တာဟဲဈေးမြို့တော်အတွင်း၌ ရှိနေသေးပါက မည်သူမျှ မပြိုင်ဝံ့သည့် အနှိုင်းမဲ့ အထင်ကရဂိုဏ်းကြီးအဖြစ် မားမားမတ်မတ် တည်ရှိနေမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်သည်။

သူ၏ နောင်တော်ကြီး ကျန်းဝန်မှာမူကား ကြာညောင်းလှသော အတိတ်ကာလ၏ မြူမှုန်များကြားဝယ် ပျောက်ကွယ် ကျန်ရစ်ခဲ့လေပြီ။

ဤကဲ့သို့သော စည်ကားသိုက်မြိုက်သည့် ပျော်ပွဲရွှင်ပွဲမျိုး ဟူသည် ရှည်လျားလှသော ကျင့်ကြံခြင်းလမ်းစဉ် ခရီးတစ်လျှောက်တွင် ခေတ္တခဏ ဖြတ်သန်းရသည့် ရှုခင်းအလှတစ်ခုမျှသာ ဖြစ်ပေသည်။

လော့ချန်သည် ဤသာယာကြည်နူးဖွယ် ပတ်ဝန်းကျင်ကို နှစ်သက်မြတ်နိုးသော်လည်း ၎င်းအပေါ်တွင် စိတ်အစဉ်ကို အချိန်အကြာကြီး သာယာမိန်းမောမနေသင့်ကြောင်း ကောင်းစွာသဘောပေါက်ထားသည်။

နောင်အနာဂတ်ကာလများတွင်လည်း ဤကဲ့သို့သော မြင်ကွင်းမျိုးကို မကြာမကြာ ထပ်မံတွေ့မြင်ခံစားလိုပါက သူ မရှိမဖြစ်လိုအပ်သည့် အရာမှာ တစ်ခုတည်းသာရှိသည်။ ၎င်းမှာ ထာဝရရှင်သန်ခြင်းပင် ဖြစ်တော့သည်။ ထိုမှသာလျှင် လောက၏ လှပသော အခိုက်အတန့်များကို ကမ္ဘာတည်သရွေ့ ဆက်လက် ကြုံတွေ့နိုင်မည် မဟုတ်ပါလော။

ထို့ကြောင့် ယခုလက်ရှိ သူ၏ အန္တိမပန်းတိုင်မှာ ရွှေအမြုတေအဆင့်အား အောင်မြင်စွာ ကျင့်ကြံ ဖြစ်မြောက်နိုင်ရန်သာ ဖြစ်ပေသည်။

ဒိုင်း….

မီးရှူးမီးပန်းများမှာ ဟုန်းခနဲ တောက်လောင် အသံပေးကာ ကောင်းကင်ယံသို့ မြားတံကဲ့သို့ ပျံတက်သွားကြပြီးနောက် အမှောင်ထုကို ခွင်း၍ တောက်ပသော ရောင်စုံအလင်းတန်းများအဖြစ် ဖြာထွက် ပွင့်အံသွားကြလေသည်။

သူ၏ အနောက်ဘက်တွင်လည်း ဝမ်းသာအားရ ဟစ်ကြွေးသံများ ဆူညံလျက် ရှိနေသည်။

အရက်နံ့ တထောင်းထောင်းထနေသော မင်္ဂလာသတို့သားကြီး တွမ်ဖုန်းအား မိတ်ဆွေအပေါင်းအသင်းများက ရယ်မောပျော်ရွှင်စွာဖြင့် သူ၏ လူပျိုဘဝ၏ အဆုံးသတ်ည တစ်နည်းအားဖြင့် မင်္ဂလာဦးညကို ပျော်ရွှင်ကုန်ဆုံးရန် ကြင်သူ သတို့သမီးရှိရာ ဂူဗိမာန်အဆောင်တော်ဆီသို့ ဝိုင်းဝန်းတွန်းပို့နေကြခြင်း ဖြစ်သည်။

"ဗျို့.... လူပျိုသိုး အဖွဲ့ချုပ်ခေါင်းဆောင်ကြီးပါလား.... ဘာတွေငိုင်နေတာတုန်း.... ကျုပ်တို့ သတို့သားကြီးရဲ့ မင်္ဂလာခန်းဆောင်ကို လိုက်နှောင့်ယှက်ကြဦးမလားဗျ…. ဟီးဟီး"

"ဟားဟား.... မလိုက်တော့ပါဘူးဗျာ၊ ခင်ဗျားတို့ပဲ သွားကြပါတော့”

လော့ချန်က ခပ်ပြုံးပြုံးဖြင့် လက်ယမ်းပြကာ တွမ်ဖုန်းကို လူအုပ်ကြီးနှင့်အတူ လွှတ်လိုက်လေသည်။ ဂုဏ်ယူဝင့်ကြွားပြီး ပီတိဖြာနေသော တွမ်ဖုန်း၏ ကျောပြင်ကို ကြည့်ရင်း လော့ချန်၏ ရင်ထဲတွင် ဟာတာတာ ခံစားချက်လေး တစ်ခု ရိပ်ခနဲ ပေါ်လာသော်လည်း ချက်ချင်းပင် ဦးခေါင်းကို ခါယမ်းကာ ထိုအတွေးကို မောင်းထုတ်လိုက်သည်။

"တွမ်ဖုန်းရေ.... ကျွန်တော်ပေးထားတဲ့ မင်္ဂလာဦး လက်ဆောင်ကို ခင်ဗျား ကျိန်းသေ သဘောကျမှာပါ" ဟု မိမိဘာသာ တိုးတိုးဆိုရင်း ဒန်ရှားတောင်ထိပ်ပေါ်ရှိ သူ၏ သီးသန့်နေရာသို့ ပြန်လာခဲ့သည်။ ထိုနေရာမှာ ချီစွမ်းအင်တို့ လှိုင်လှိုင်ကြွယ်ဝသော ဂူဗိမာန်တစ်ခု ဖြစ်သော်လည်း အတွင်းခန်းဝယ် တိတ်ဆိတ်ငြိမ်သက်လွန်းလှသဖြင့် အထီးကျန်ခြင်း အငွေ့အသက်တို့က လွှမ်းမိုးထားလေသည်။

လော့ချန်သည် စိတ်တည်ငြိမ်စေသည့် နတ်ဘုရားမီးလျှံအမွှေးတိုင်ကို ထွန်းညှိလိုက်ရာ ထူးခြားဆန်းပြားသော ရနံ့များမှာ လေထုထဲတွင် ထုံသင်း မွှေးပျံ့သွားတော့သည်။

နဂါးပျံဆေးလုံး တစ်လုံးကို ထုတ်ယူကာ မျိုချလိုက်ပြီးနောက် တစ်ကိုယ်ရေ ထီးထီးတည်းသော ထိုကျင့်ကြံသူသည် ပတ်ဝန်းကျင်မှ ဝိညာဉ်အာပေါဓာတ်တို့ကို စုပ်ယူလျက် ကျင့်စဉ်အတွင်းအားကို တည်ငြိမ်စွာပင် လှည့်ပတ်နေတော့သည်။

….

စည်ကားသိုက်မြိုက်ကာ အောင်အောင်မြင်မြင် ကျင်းပခဲ့ပြီးဖြစ်လေသည့် မင်္ဂလာပွဲ၏ ဆူဆူညံညံပြောသံဆိုသံများ တဖြည်းဖြည်း တိတ်ဆိတ် ငြိမ်သက်သွားသည့် အချိန်ဝယ်….။

တောင့်တင်း ကျစ်လစ်နေသော ခန္ဓာကိုယ်နှင့် လိုက်ဖက်ညီစွာ ချုပ်လုပ်ထားသည့် အနီရောင် မင်္ဂလာသတို့သားဝတ်စုံကို ဝတ်ဆင်ထားသော တွမ်ဖုန်းသည် အိပ်ခန်းတွင်းသို့ လှမ်းဝင်လိုက်လေသည်။

အိစက်ညက်ညောသော ခုတင်မွေ့ယာထက်၌ ငြိမ်သက်စွာ ထိုင်နေသော ကြင်သူသက်ထားကို မြင်လိုက်ရသည့်အခါ အမြဲတစေ ခက်ထန်ကြမ်းတမ်းသော မျက်နှာထားပိုင်ရှင် တွမ်ဖုန်းတွင် တွေ့ရခဲလှသော နူးညံ့ကြင်နာစိတ်များသည် ယိုဖိတ်လျှံကျလျက်နေသည်။

သူ့ဘဝတစ်လျှောက်လုံး သေတပန်သက်တစ်ဆုံး ပေါင်းဖက်သွားရမည့် ဇနီးသည် ဖုန်းရှသည် ပန်းရနံ့များ သင်းပျံ့နေသော မင်္ဂလာခုတင်ထက်ဝယ် ငြိမ်သက်စွာ စောင့်ဆိုင်းနေလေသည်။ အနီရောင် မင်္ဂလာမျက်နှာဖုံး ပုဝါအောက်မှ ဖုန်းရှ၏ ပုံရိပ်လေးမှာ ပန်းချီကားတစ်ချပ်အလား သိက္ခာရှိရှိ လှပလွန်းနေ၏။

သူသည် တဒိတ်ဒိတ်ခုန်နေသော ရင်ခုန်သံတို့ကို အသာထိန်းရင်း မင်္ဂလာပုဝါလှန်သည့် အနီရောင်တံစိုးကို ခိုင်မြဲစွာဆုပ်ကိုင်ကာ ဇနီးသည်၏ မျက်နှာဖုံးကို အသာအယာ မ တင်ပေးလိုက်သည်။ ပုဝါစလေး လွင့်တက်သွားသည့် ခဏဝယ် လှပလွန်းသော ဖုန်းရှ၏ မျက်နှာဝင်းဝင်းလေးက လပြည့်ဝန်းပမာ ပေါ်ထွက်လာခဲ့သည်။

"မမရှ.... ကျွန်တော် ရောက်ပြီ သိလား.... "

သူ့အသံမှာ ကြင်နာမှုတို့ လွှမ်းမိုးနေပြီး ဖုန်းရှ၏ မျက်လုံးအိမ်တွင်လည်း ကြင်နာမြတ်နိုးမှုတို့နှင့်အတူ ပီတိမျက်ရည်များ ဝိုင်းနေရှာသည်။ သူမသည် ရှက်သွေးဖြန်းနေသော မျက်နှာလေးဖြင့် သူ့ကို မော့ကြည့်ရင်း တိုးညှင်းချိုသာသော အသံလေးဖြင့် ဆိုလိုက်သည်။

"မောင်.... အခုကစပြီး မမရှကို မိန်းမလို့ပဲ ခေါ်ရတော့မယ်နော်....”

ထိုစကားသံအဆုံးဝယ် သူတို့နှစ်ဦးကြားရှိ မေတ္တာရိပ်မြုံလေးမှာ ပိုမိုနက်ရှိုင်းသွားပြီး ထာဝရလက်တွဲရမည့် ကတိသစ္စာတို့သည် ထိုမင်္ဂလာဦးည၏ လရောင်အောက်တွင် ခိုင်မြဲစွာ အမြစ်တွယ်သွားလေတော့သည်။

"ဟုတ်ပါပြီဗျာ မောင့်မိန်းမလေးကို မိန်းမလို့ပဲ ခေါ်ပါတော့မယ်ဗျ.... ဟား ဟား.... "

တွမ်ဖုန်းသည် ကြည်နူးစွာ ရယ်မောလိုက်သော်လည်း ခဏချင်းမှာပင် သူ၏အပြုံးတို့ တောင့်ခဲသွားရသည်။ အကြောင်းမူ သူ ကြားလိုက်ရသော ဖုန်းရှ၏ အသံမှာ ယခင်ကနှင့် လုံးဝမတူတော့ဘဲ ထူးခြားဆန်းသစ်နေသောကြောင့် ဖြစ်သည်။

သူ့နားစည်အတွင်းသို့ တိုးဝင်လာသော ထိုအသံမှာ အဖိုးတန်ပိုးသား အိအိလေးကဲ့သို့ နူးညံ့လှပြီး တောင်ကျစမ်းရေအေးလေးကဲ့သို့ ကြည်လင် အေးမြလှပေသည်။ နားထောင်ရသူအဖို့ စွဲမက်ဖွယ်ကောင်းလောက်အောင် ငြိမ့်ညောင်းနေပြီး ယခင်က ရှိခဲ့ဖူးသော ခြောက်ကပ် ရှတသည့် အသံဩဩကြီးမှာ လုံးဝဥဿုံ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

"ဟင်.... မမ.... မမရှရဲ့ အသံ ပြန်ကောင်းသွားတာလား"

တွမ်ဖုန်းသည် မယုံကြည်နိုင်လောက်အောင် အံ့သြသွားပြီး ဖုန်းရှ၏ ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ စိတ်လှုပ်ရှားစွာ မေးလိုက်မိသည်။ ဖုန်းရှက သူမ၏ လည်ပင်းလေးကို လက်ချောင်းလေးများဖြင့် အသာအယာ စမ်းကြည့်ရင်း သက်ပြင်းသဲ့သဲ့ ချလိုက်သည်။ သူမ၏ မျက်ဝန်းအစုံတွင်လည်း ကျေးဇူးတင်မှုနှင့် အားကိုးမှုတို့ အတူတကွ ယှက်သန်းနေသည်။

"ခစ်ခစ်.... လော့ချန်ရဲ့ လက်‌ဆောင်လေ.... သူ မင်္ဂလာလက်ဖွဲ့အဖြစ် မမရှကို ဆေးကုပေးလိုက်တာ....”

သူမ၏ အသံသစ်လေးမှာ တိတ်ဆိတ်သော ညအမှောင်ထက်တွင် သာယာသော တေးသံတစ်ပုဒ်အလား ထပ်မံထွက်ပေါ်လာပြီး တွမ်ဖုန်း၏ ရင်ထဲတွင်လည်း လော့ချန်အပေါ် ကျေးဇူးတင်မှုနှင့်အတူ ဇနီးသည်အတွက် ဝမ်းမြောက်မှုတို့ဖြင့် ပြည့်လျှံသွားလေတော့သည်။

ခဏကြာမှ စိတ်လှုပ်ရှားမှုကို ထိန်းကာ တိုးညင်းသော အသံဖြင့် ဆိုသည်။

"မောင်တို့ အခုလို အတူရှိနေရတာ.... အားလုံးက သူ့ကျေးဇူး မကင်းပါဘူး မိန်းမရယ် "

ထိုစကားမှာ မြေကြီးလက်ခတ်မလွဲ အမှန်ပင် ဖြစ်သည်။ လွန်ခဲ့သော အတိတ်ကာလတွင် တွမ်ဖုန်းသည် အရှေ့ပိုင်းလွင်ပြင်ရှိ ရွှေအမြုတေဂူသင်္ချိုင်း ဟူသော သေတွင်းထဲသို့ မိုက်မဲစွာ တိုးဝင်မည်ပြုခဲ့ဖူးသည်။ ထိုစဉ်က လော့ချန်သည် တွမ်ဖုန်းအား အတင်းအကျပ် တားဆီးခဲ့သည်။ ထိုသို့သာ မတားဆီးခဲ့လျှင် တွမ်ဖုန်းအတွက် ယနေ့ကဲ့သို့ ပျော်ရွှင်ကြည်နူးဖွယ်ကာလကို ပိုင်ဆိုင်ခွင့်ရမည်မဟုတ်ပေ။

အကြောင်းမူ သူ ထိုစဉ်က ဇွတ်ထွက်သွားခဲ့ပါက အသက်ရှင်လျက် ပြန်လာနိုင်ရန်မှာ လားလားမျှ မဖြစ်နိုင်ပေ။

ထို့အပြင် လော့ချန်၏ လမ်းညွှန်ကူညီမှုသာ မရှိခဲ့ပါက ဖုန်းရှသည်လည်း ဆေးပေါင်းတစ်ထောင်ခန်းမမှ အလုပ်ထုတ်ခံရပြီးနောက် တစ်ကိုယ်တည်း ဒုက္ခပင်လယ်ဝေကာ ရှင်သန်ရန်ပင် ခဲယဉ်းသွားကာ တွမ်ဖုန်းနှင့်လည်း အချစ်နှောင်ကြိုးသွယ်နိုင်ရန် အခွင့်အလမ်း ရှိမည်မဟုတ်ပေ။

သူတို့နှစ်ဦး၏ ပေါင်းဖက်ခြင်း ကံကြမ္မာအတွက် လော့ချန်သည် မဟာ ကျေးဇူးရှင်ကြီးပင် ဖြစ်တော့သည်။

"မောင်ရေ.... နောင်တစ်ချိန်မှာ အသက်နဲ့ရင်းရင် ရင်းရပစေ…. သူ့ကျေးဇူးကို မိန်းမတို့ ပြန်ဆပ်ကြမယ်နော်" ဟု ဖုန်းရှက တည်ကြည်လေးနက်သော မျက်ဝန်းတို့ဖြင့် ဆိုလိုက်သည်။ သူမ၏ အသံအသစ်လေးမှာ အေးမြသော ညဦးလေပြည်ကဲ့သို့ပင် ဆွဲဆောင်မှု ရှိနေသည်။

တွမ်ဖုန်းသည် သူမ၏ စကားကြောင့် ပြုံးလိုက်မိသော်လည်း ဤအချိန်တွင် ကျေးဇူးတရားထက် ပိုမိုအရေးကြီးသော အရာတစ်ခုကိုသာ အာရုံစိုက်ချင်နေမိသည်။ သူသည် ဖုန်းရှ၏ နူးညံ့သော လက်ဖဝါးလေးကို ဆုပ်ကိုင်ရင်း တိုးညှင်းသော အသံဖြင့် ဆိုလိုက်သည်။

"ဒါက နောက်မှ ပြောရမယ့် ကိစ္စပါ မိန်းမရယ်.... ဒီညတော့ ဒီကိစ္စတွေ ခဏဖယ်ထားကြရအောင်"

တွမ်ဖုန်း၏ အကြည့်တို့က ဖုန်းရှ၏ ရှက်သွေးဖြန်းနေသော မျက်နှာထက်၌ ခဏတာ ရပ်တန့်သွားသည်။ ထို့နောက် သူသည် ခုတင်ပေါ်သို့ လှမ်းတက်လိုက်ပြီး သူတို့နှစ်ဦး၏ သီးသန့်ကမ္ဘာလေးကို ဖန်တီးရန် အနီရောင် မင်္ဂလာလိုက်ကာစများကို အသာအယာ ချလိုက်တော့သည်။

ဖယောင်းတိုင်အလင်း မှိန်ပျပျအောက်တွင် အနီရောင်လိုက်ကာစများ တလှုပ်လှုပ်နှင့် ချစ်သူနှစ်ဦး၏ ထာဝရကတိသစ္စာတို့သည် ထိုမင်္ဂလာဦးည၌ပင် စတင်၍ အမြစ်တွယ်ခဲ့လေတော့သည်။

….

တွမ်ဖုန်းနှင့် ဖုန်းရှတို့၏ ခြိမ့်ခြိမ့်သဲ မင်္ဂလာပွဲကြီးသည် ကျင့်ကြံခြင်းလောကအတွင်းသို့ ကြီးမားသော လှိုင်းဂယက်များ ရိုက်ခတ်သွားစေခဲ့သည်။

ပထမအချက်အနေဖြင့် ၎င်းသည် လော့ထျန်းအဖွဲ့သားတို့၏ ရင်ထဲ၌ နှစ်ရှည်လများ စုပြုံအုံခဲနေခဲ့သော မွန်းကျပ်မှုများကို ဖြေဖျောက်ပေးနိုင်ခဲ့ပြီး၊ အဖွဲ့အစည်းအပေါ် သစ္စာစောင့်သိမှုနှင့် စည်းလုံးညီညွတ်မှုကို အမြင့်ဆုံးသို့ မြှင့်တင်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယအချက်မှာမူ ဤခမ်းနားလှသော ပွဲတော်ကြီးကြောင့် ပတ်ဝန်းကျင်ရှိ အင်အားစုအသီးသီး၏ အာရုံစိုက်မှုကို မလွဲမသွေ ဆွဲဆောင်နိုင်ခဲ့ခြင်းပင် ဖြစ်တော့သည်။

ယခုအခါတွင်မူ လော့ထျန်းတို့အား မည်သူမျှ လျစ်လျူရှု၍ မရနိုင်တော့ချေ။

ထိုမင်္ဂလာအခါတော်နေ့က ကောင်းကင်ယံထက်၌ အနီရောင်ဖဲကြိုးများမှာ လေဟုန်တွင် လွင့်ဝဲနေခဲ့ကြပြီး တောင်တစ်ခွင်လုံး၌လည်း လူအများဖြင့် ပြည့်နှက်စည်ကားခဲ့သည်။ စည်သံဗုံသံများနှင့် မြေဟီးမတတ် ယမ်းဖောက်သံများမှာ ညဉ့်နက်သန်းခေါင်တိုင်အောင် မဆဲမနား ပဲ့တင်ထပ်နေခဲ့လေသည်။

ဤကဲ့သို့ စည်ကားလှသော မြင်ကွင်းမျိုးမှာ ကျင့်ကြံခြင်းလောကတွင် မြင်တွေ့ရခဲလှသည့် အခိုက်အတန့်ပင် ဖြစ်သည်။ မိမိကိုယ်ကိုယ် ယုံကြည်မှုနှင့် တောင့်တင်းသော အင်အားရှိသည့် အဖွဲ့အစည်းများသာလျှင် ဤမျှ အရှိန်အဝါကြီးမားသော ပွဲလမ်းသဘင်ကို ခင်းကျင်းပြသနိုင်ကြသည်။ အင်အားရှိမှသာလျှင် ရဲရင့်သော ယုံကြည်မှုတို့သည်လည်း ယှဉ်တွဲဖြစ်ထွန်းလာမည် မဟုတ်ပါလော။

ဤမင်္ဂလာပွဲမှတစ်ဆင့် လော့ထျန်းအဖွဲ့သည် ၎င်းတို့၏ စည်းလုံးခိုင်မာသော အင်အား စွမ်းပကားကို ပတ်ဝန်းကျင်ရှိ အုပ်စုများအားလုံးထံသို့ ရဲရဲဝံ့ဝံ့ ကြေညာလိုက်ခြင်းလည်း ဖြစ်ပေသည်။

ကနဦးအစတွင် လော့ထျန်းအဖွဲ့၌ အခြေတည်အဆင့် ကျင့်ကြံသူအဖြစ် လော့ချန် တစ်ဦးတည်းသာ ရှိခဲ့သော်လည်း မကြာမြင့်သော ကာလအတွင်း၌ပင် အခြေတည်အဆင့် ကျင့်ကြံသူ သုံးဦးအထိ တိုးပွားလာခဲ့ပြီ ဖြစ်သည်။ ထို့အပြင် ၎င်းတို့၏ နောက်ကွယ်တွင် ခိုင်မာသော ရေခဲခံတပ် ရှိနေသဖြင့် မည်သည့်အင်အားစုကမျှ လော့ထျန်းအဖွဲ့ကို လျှော့တွက်ရန် မဝံ့ရဲကြတော့ချေ။

မင်္ဂလာပွဲ၏ ပျော်ပွဲရွှင်ပွဲများ ပြီးဆုံးပြီး နောက်ပိုင်း မကြာမီမှာပင် စီမာဟွေ့နန်ထံမှ သတင်းကောင်းများ ဆက်တိုက်ဆိုသလို ရောက်ရှိလာတော့သည်။

ကန်းမျိုးနွယ်စုသည် လုပ်ငန်းအကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ပြီး ပိယိုတောင်ကြားတွင် အခြေချကာ ယခင်က ရပ်တန့်ထားခဲ့သော လုပ်ငန်းများကို ပြန်လည်စတင်ခဲ့ကြသည်။ ထို့အပြင် ၎င်းတို့ ထိန်းချုပ်ထားသော ကုန်သွယ်ရေးဈေးကွက်ငယ်တစ်ခုကိုလည်း လမ်းဖွင့်ပေးလိုက်သဖြင့် လော့ထျန်းအဖွဲ့၏ ဆေးလုံးလုပ်ငန်းများမှာ အဟန့်အတားမရှိ စီးဆင်းနိုင်ပြီဖြစ်သည်။ ဤသည်မှာ နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးအမြတ် ဖြစ်ထွန်းစေသော လုပ်ရပ်ပင် ဖြစ်သည်။

ထို့နောက်တွင်မူ ပို၍ ထူးခြားသော သတင်းကောင်းတစ်ခု ထပ်မံရောက်ရှိလာပြန်သည်။

ယခင်က အင်အားစုအချို့သည် လော့ထျန်းအဖွဲ့၏ ဆေးလုံးလုပ်ငန်းအပေါ် ကုန်ကြမ်းထောက်ပံ့မှုနှင့် ဈေးနှုန်းပိုင်းတွင် တင်းကျပ်ခြင်း၊ အာမခံကြေး အမြောက်အမြား တောင်းခံခြင်းများဖြင့် တိတ်တဆိတ် ချောင်ပိတ်၍ ပစ်မှတ်ထားခဲ့ကြဖူးသည်။

ယခုမူ ထိုနှောင့်ယှက်တင်းကျပ်မှုများမှာ စိုးစဉ်းမျှ မရှိတော့ဘဲ လုံးဝဥဿုံ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ကုန်ကြမ်းထောက်ပံ့သူများ၏ ဆက်ဆံရေးမှာ သိသိသာသာ ပြောင်းလဲကောင်းမွန်လာရုံသာမက ယခင်က တောင်းဆိုခဲ့သော အာမခံကြေးများလည်း မလိုအပ်တော့ကြောင်း အတိအလင်း အသိပေးလာကြသည်။

ယခုအခါ ပစ္စည်းရောက်မှ ငွေချေသည့် စနစ်ဖြင့် တိုက်ရိုက် လွတ်လပ်စွာ အရောင်းအဝယ် ပြုလုပ်နိုင်ပြီဖြစ်သည်။

အချို့သော ကုန်သည်ကြီးများဆိုလျှင် ပစ္စည်းကို အရင်ပေး၍ ငွေကို နောက်မှပေးချေရန်ပင် ကမ်းလှမ်းလာကြကာ မဟာမိတ် ဆက်ဆံရေး တည်ဆောက်ချင်သည့် အရိပ်အယောင်များ ပြသလာကြသည်။

ထျန်းလန်နတ်ဘုရားမြို့တော်၏ မြစ်အောက်ပိုင်း၊ ချင်းဟွာမြစ်ကမ်းဘေးတွင် အခြေချနေထိုင်သော အခြားကျင့်ကြံသူ မျိုးနွယ်စုတစ်ခုကမူ အံ့အားသင့်စရာ ကမ်းလှမ်းချက်တစ်ခုကို ဆိုလာသည်။ အကြိမ်ကြိမ် ဆက်သွယ်ပြီးနောက်တွင် သူတို့သည် လော့ထျန်းအဖွဲ့နှင့် မဟာမိတ်လက်ထပ်ပွဲ တစ်ခု ပြုလုပ်ရန် တရားဝင် အဆိုပြုလာခဲ့ကြသည်။

သူတို့မျိုးနွယ်စု၏ အခြေတည်အဆင့် အကြီးအကဲမှာ သက်တမ်းကုန်ဆုံးခါနီးနေပြီဖြစ်ရာ နေဝင်ချိန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ မျိုးနွယ်စုအတွင်း၌လည်း အခြေတည်အဆင့်သို့ ဆက်ခံတက်လှမ်းနိုင်မည့် မျိုးဆက်သစ်ဟူ၍ မရှိသေးချေ။ ထို့ကြောင့် သူတို့သည် မျိုးနွယ်စုကို ကာကွယ်ပေးမည့် အကာအကွယ်အသစ်တစ်ခုကို အသည်းအသန် လိုအပ်နေခြင်း ဖြစ်သည်။ အကယ်၍သာ ထိုသို့ မဆောင်ရွက်နိုင်ပါက သူတို့၏ နယ်မြေဒေသကို စောင့်ရှောက်နိုင်မည်မဟုတ်ဘဲ ဖူမျိုးနွယ်စုကဲ့သို့ပင် အခြေမဲ့အနှီးမဲ့ နယ်မြေစွန့်ခွာ ထွက်ပြေးကြရပေလိမ့်မည်။

လက်ရှိတွင် အင်အားနှင့် ကြွယ်ဝမှုတို့ဖြင့် ပြည့်စုံလာသော လော့ထျန်းအဖွဲ့သည် သူတို့အတွက် အားကိုးထိုက်သော ရွေးချယ်စရာ ဖြစ်လာခဲ့သည်။

ထို ကမ်းလှမ်းချက် အဆိုပြုလွှာသည် လော့ချန်၏ စားပွဲထက်သို့ တိုက်ရိုက် ရောက်ရှိလာသည်။

"လီမျိုးနွယ်စု.... ဟုတ်လား"

"မှန်ပါတယ်ရှင့်၊ ချင်းဟွာမြစ်ကမ်းက လီမျိုးနွယ်စုပါ" ဟု စီမာဟွေ့နန်က အတည်ပြု လျှောက်ထားသည်။

လော့ချန်က အဆိုပြုလွှာကို အသေးစိတ် ကြည့်ရှုရင်း ဇဝေဇဝါဖြင့် မေးလိုက်သည်။

"နေဦး၊ သူတို့လည်း ဆေးလုံး အရောင်းအဝယ်လုပ်ငန်းကိုပဲ အဓိကလုပ်တာ မဟုတ်လား…. အရင်တုန်းက ငါတို့နဲ့ ပဋိပက္ခတွေ ရှိခဲ့ဖူးတယ် ထင်တယ်"

"အဲဒါက အရင်တုန်းက အခြေအနေပါ အဖွဲ့ချုပ်ခေါင်းဆောင်.... အခုကတော့ ကျွန်မတို့နဲ့ ဆက်ဆံရေးက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားပါပြီ၊ သူတို့ရဲ့ အကြီးအကဲက ဆုံးပါး ခါနီးဖြစ်နေသလို ဆေးလုံးလုပ်ငန်းကလည်း ဟိုဈေးကွက်လုစစ်ပွဲကြောင့် အတော်လေး အထိနာနေတာပါ.... နောက် ကျွန်မကြားမိတာ သူတို့ငှားထားတဲ့ ဆေးဖော်ဆရာ အခြေတည်အဆင့် အကြီးအကဲကိုတောင် လစာမပေးနိုင်တော့ဘူးတဲ့ရှင်.... ဒီလိုမျိုး မျိုးနွယ်စုခေါင်းဆောင်ကြီးကလည်း သိပ်မနေရတော့မှန်းသိနေ၊ ငှားထားတဲ့ ဆေးဖော်ဆရာနဲ့လည်း လက်တွဲဖြုတ်လိုက်ရပြီ ဆိုတော့ ချင်းဟွာရဲ့ လီမျိုးနွယ်စုဟာ ပြိုလဲလုနီးပါး အခြေအနေ ဖြစ်နေပါပြီ…. ဒါကြောင့် မျိုးနွယ်စုဝင် တစ်ဦးတစ်ယောက် အခြေတည်အဆင့်ကို မတက်လှမ်းနိုင်သေးခင် စပ်ကြားမှာ သူတို့ကို အကာအကွယ်ပေးနိုင်မယ့် ကျောထောက်နောက်ခံအသစ်ကို အသည်းအသန် ရှာဖွေနေကြတာပါ"

စီမာဟွေ့နန်၏ ရှင်းပြချက်ကြောင့် လော့ချန်သည် ထိုမျိုးနွယ်စု၏ အကျပ်အတည်းကို ကောင်းစွာ နားလည်သွားသည်။

ကမ်းလှမ်းအဆိုပြုလွှာကို ထပ်မံဖတ်ကြည့်ခြင်းဖြင့် ချင်းဟွာ လီမျိုးနွယ်စု၏ အင်အားနှင့် ပိုင်ဆိုင်မှုများကို ခန့်မှန်းနိုင်လိုက်သည်။ သူတို့သည် မြစ်ကမ်းဘေး၌ တည်ရှိပြီး ဆေးဖက်ဝင်အပင် အမြောက်အမြား စိုက်ပျိုးနိုင်သည့် ကျယ်ပြန့်သော လွင်ပြင်ကြီးကို ပိုင်ဆိုင်ထားကြသည်။ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး၏ အစောင့်အရှောက်မပါဘဲ ထိုကဲ့သို့သော ရတနာနယ်မြေကို ထိန်းသိမ်းထားရန်မှာ အမှန်တကယ်ပင် မဖြစ်နိုင်ချေ။

“အိမ်း.... မဟာမိတ် လက်ထပ်ပွဲတဲ့လား၊ ဟွေ့နန်.... မင်းအမြင်ကရော ဘယ်လိုရှိလဲ"

စီမာဟွေနန်၏ မျက်လုံးများမှာ တွက်ချက်မှုတို့ဖြင့် အရောင်တောက်သွားသည်။

"ကျွန်မအမြင်ကတော့ ဒါက လက်မလွှတ်သင့်တဲ့ အခွင့်အရေးတစ်ခုပဲ ခေါင်းဆောင်၊ လီမျိုးနွယ်စုရဲ့ ပိုင်ဆိုင်ထားတဲ့ သယံဇာတ အရင်းအမြစ်တွေကတော့ နည်းနည်းနောနောမဟုတ်ဘူးရှင့်.... သူတို့ကို လက်ထပ်ပွဲကတစ်ဆင့် မဟာမိတ်အဖြစ် သိမ်းသွင်းထားနိုင်ရင်.... အပြန်အလှန် စီးပွားရေးအရ အကျိုးပြုဖို့ပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် နောင်တစ်ချိန်မှာ တဖြည်းဖြည်းချင်း သိမ်းပိုက်လိုက်တာပဲဖြစ်ဖြစ် ကျွန်မတို့ အဖွဲ့အတွက် အများကြီး အကျိုးရှိနိုင်ပါတယ်ရှင့်"

လော့ချန်က ဟွေ့နန်အပြောကို သဘောကျစွာ ရယ်မောလိုက်သည်။

ဟွေ့နန်သည် အနာဂတ်အတွက် အဝေးကြီးအထိ တွက်ချက်ထားပုံရသည်။ သူမ ပြောသလို အစပိုင်းတွင် အပြန်အလှန် ကူညီကြမည် ဖြစ်သော်လည်း မဟာမိတ် စာချုပ်တွင် သတ်မှတ်ထားသော သက်တမ်းတစ်ခု ရှိပေလိမ့်မည်။

အကယ်၍ သူတို့ဘက်မှ အခြေတည်အဆင့် ကျင့်ကြံသူအသစ် ထွက်ပေါ်လာပါက မဟာမိတ်မှာ နှစ်ဦးနှစ်ဖက် အကျိုးရှိမည် ဖြစ်သော်လည်း ထိုသတ်မှတ်ချိန်အတွင်း မပေါ်ပေါက်လာခဲ့ပါက လော့ထျန်းအဖွဲ့သည် သူတို့၏ အရာခပ်သိမ်းကို အလွယ်တကူပင် ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။

လော့ချန်က စဉ်းစားခန်းကို ရပ်လိုက်ပြီး ပြန်ပြောလိုက်သည်။

"ကောင်းပြီလေ၊ ဒီကမ်းလှမ်းချက်ကို ငါ သဘောတူတယ်၊ ဒါနဲ့.... သူတို့က ဘယ်သူနဲ့ လက်ထပ်ပေးဖို့ အဆိုပြုထားတာလဲ"

လော့ချန်၏ မေးခွန်းကြောင့် စီမာဟွေ့နန်က အနည်းငယ် အသက်ရှူမှားသွားသယောင် ရှိသော်လည်း တည်ငြိမ်စွာပင် ပြန်လည်ဖြေကြားလိုက်သည်။

"သူတို့ဘက်က လီယင်းကျွင်း ဆိုတဲ့ မိန်းကလေးနဲ့ ကမ်းလှမ်းထားပါတယ်ရှင့်၊ အဲ့မိန်းကလေးက ကျင့်ကြံခြင်းအပိုင်းမှာတော့ သိပ်မထူးချွန်ဘူး၊ ချီသန့်စင်အဆင့် ၇ မှာပဲ ရှိပါသေးတယ်.... ဒါပေမယ့် အဲ့မိန်းကလေးက အခု သေအံ့ဆဲဆဲဖြစ်နေတဲ့ အကြီးအကဲရဲ့ သဲသဲလှုပ် မြေးမလေးဆိုတော့ သူတို့ မျိုးနွယ်စုထဲမှာ အတော်လေး ပြောရေးဆိုခွင့်ရှိတယ်လို့ ကြားပါတယ်…. မျိုးရိုးဂုဏ်အဆင့်အတန်းအရ ဆိုရင်တော့ ငြင်းစရာမရှိဘူးရှင့်.... ”

စီမာဟွေ့နန်က ဤနေရာတွင် စကားကို ခေတ္တရပ်လိုက်သည်။ ထို့နောက် လေသံကို အနည်းငယ်နှိမ့်ကာ အခြားသူကြားသွားမည် စိုးသည့်အလား တိုးတိုးပြောသည်။

"သူတို့က ခေါင်းဆောင်ရဲ့ တပည့်ကျော် ချွီလင်ကျွင်းကို မျက်စိကျနေတာရှင့်.... ”

မကြာသေးမီက ချွီလင်ကျွင်းသည် ချီသန့်စင်အဆင့် ၅ သို့ တက်လှမ်းနိုင်ခဲ့ပြီးနောက် လော့ချန်သည် မိမိ၏ ဆေးဖော်ခန်းမဆောင် ရာထူးကို ချွီလင်ကျွင်းအား လွှဲပြောင်းပေးအပ်ခဲ့သည်။ ၎င်းမှာ မိမိ၏ တာဝန်များကို လျှော့ချရန်နှင့် ချွီလင်ကျွင်းအား ဆေးဖော်စပ်ခြင်း ပညာရပ်တွင် ပိုမိုနက်ရှိုင်းစွာ အာရုံစိုက်နိုင်စေရန် မြေတောင်မြှောက်ပေးခြင်းလည်း ဖြစ်သည်။

ထို့ကြောင့် ချွီလင်ကျွင်းသည် လော့ထျန်းအဖွဲ့တစ်ဖွဲ့လုံးတွင် အသက်အငယ်ဆုံးနှင့် ကျင့်ကြံသက် အနုဆုံး ခန်းမခေါင်းဆောင် ဖြစ်လာခဲ့လေသည်။

မည်သူမျှ ဤဆုံးဖြတ်ချက်ကို မကန့်ကွက်ဝံ့ကြချေ။ အကြောင်းမူ ချွီလင်ကျွင်းသည် လော့ချန်၏ တပည့်အရင်း ဖြစ်သလို ယခင်က လော့ချန်ကိုယ်တိုင်လည်း ဖိုရှန်းဂိုဏ်းတွင် ရှိစဉ်က ငယ်ငယ်ရွယ်ရွယ်နှင့် ဆေး‌ဖော်ဆောင်ကို အောင်မြင်စွာ ဦးဆောင်ခဲ့ဖူးသောကြောင့်ပင် ဖြစ်သည်။

သို့သော် ယခုအခါ ချင်းဟွာ လီမျိုးနွယ်စု၏ လက်ထပ်ရန် ကမ်းလှမ်းမှုမှာမူ အခြားသူကို မဟုတ်ဘဲ ချွီလင်ကျွင်းကိုသာ တိုက်ရိုက် ပစ်မှတ်ထားနေခြင်း ဖြစ်တော့သည်။ ဤသည်မှာ ရိုးရှင်းသော အိမ်ထောင်ရေးကိစ္စထက် ပိုမိုနက်ရှိုင်းသည့် အာဏာလှည့်ကွက် ပရိယာယ်တစ်ခုမှန်း သိသာလှပေသည်။

လော့ချန် သူ၏ လက်ချောင်းများဖြင့် စားပွဲခုံကို အသာအယာ ခေါက်နေရင်း စိတ်ဝင်တစားရှိလှသော အကြည့်တို့ဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။

"အဟက်.... ပွဲကတော့ လှပြီပဲ”

သူ၏ နှုတ်ခမ်းဖျားတွင် လှောင်ပြုံးသဲ့သဲ့ ယှက်သန်းသွားပြီး မျက်ဝန်းအစုံကမူ တစ်စုံတစ်ခုကို ကြိုတင်တွက်ဆထားသည့်အလား ရှိနေတော့သည်။

All Chapters