← Chapters

အခန်း (၃၆၉-၃၇၀)

Vol. 37 Ch. 369-370

အခန်း (၃၆၉-၃၇၀)

Vol. 37 Ch. 369-370

အခန်း (၃၆၉) - တမလွန်က ရွှေထုပ်ကြီး

"ခေါင်းဆောင်.... ဟို‌လေ.... ဒီကမ်းလှမ်းမှုကို သိပ်သဘောမကျသလိုပဲနော်…. ဘာ အဆင်မပြေတာ ရှိလို့လဲရှင့်"

လော့ချန်၏ နှုတ်ခမ်းဖျားတွင် ခဏတာ ဖြတ်သန်းသွားသော လှောင်ပြုံးအရိပ်အယောင်ကို မြင်လိုက်ရသဖြင့် စီမာဟွေ့နန်တစ်ယောက် ရင်ထဲ ထိတ်ခနဲ ဖြစ်သွားကာ လေသံကို အတတ်နိုင်ဆုံး နှိမ့်၍ ဂရုတစိုက် မေးမြန်းလိုက်မိသည်။ ထိုခဏ၌ ခန်းမဆောင်အတွင်းရှိ လေထုမှာ ရုတ်ချည်းပင် အပ်ကျသံပင် ကြားရလုနီးပါး တိတ်ဆိတ်ကာ လေးလံသွားသလို ခံစားလိုက်ရ၏။

"အိမ်း.... အဆင်မပြေတာလား"

လော့ချန်က ရေနွေးကြမ်းခွက်ကို တည်ငြိမ်စွာ အောက်သို့ချရင်း အေးစက်သေချာသော လေသံဖြင့် ပြန်လည်စကားဆိုသည်။

"ချင်းဟွာမြစ်က လီမျိုးနွယ်စုက တော်တော်ပါးနပ်တယ်ကွ...."

လော့ချန်သည် ခဏချိန်ဆ‌နေဟန်ဖြင့် အခန်းအပြင်မှ ပြတင်းဝကို ငေးနေသည်။ ထို့နောက် ဖြည်းညှင်းစွာ ဆက်ပြောလိုက်သည်။

"လင်ကျွင်းက ငါ့တပည့်ရင်းလေ.... အခုဆို ဆေးဖော်ဆောင်မှာ သူက အခရာပဲ၊ တကယ်လို့ သူတို့သာ လင်ကျွင်းကို သားမက်တော်ခွင့်ရမယ်ဆို သူတို့ဘက်က နာစရာမှမရှိတာ၊ သူတို့မျိုးနွယ်စုခေါင်းဆောင် သေသွားလဲ ငါ့အရှိန်နဲ့ ဘယ်သူကမှ လီမျိုးနွယ်စုကို ထိရဲမှာ မဟုတ်ဘူး....”

လော့ချန်က စကားကို ခေတ္တရပ်ကာ အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။ ထိုအပြုံးသည် လီမျိုးနွယ်စု၏ ကစားကွက်တစ်ခုလုံးကို ကြိုသိနှင့်ကြောင်း သက်သေပြနေသကဲ့သို့ ရှိလေသည်။

….

စီမာဟွေ့နန်သည် လော့ချန်၏ တွေးထင်ချက်ကို အပြည့်အဝ ထောက်ခံသည်။ လီမျိုးနွယ်စု၏ ကောက်ကျစ်သော ရည်ရွယ်ချက်မှာ လော့ချန်ပြောသကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။ သို့သော် လော့ချန်၏ နားလည်ရခက်သော အပြုံးကြောင့် သူမ၏ ရင်ထဲတွင် မတင်မကျဖြစ်နေသည်။

သူမ ဇဝေဇဝါဖြစ်နေစဉ်မှာပင် လော့ချန်၏ လေသံမှာ ရုတ်ချည်း ခက်ထန်တင်းမာသွားခဲ့သည်။

"ဒါပေမဲ့.... ဒီကောင်တွေ ငါ့ကိုလျှော့တွက်လွန်းတယ်.... သူတို့စိတ်ထဲမှာ လင်ကျွင်းက ချီသန့်စင်အဆင့် ၅၊ ပြီးတော့ မလည်မဝယ် မနူးမနပ်လေး၊ ဒီတော့ အခြေတည်အဆင့်ရောက်ဖို့ အလှမ်းဝေးသေးတဲ့ ဒီကောင်လေးကို သူတို့မျိုးနွယ်စုထဲ သွင်းလိုက်မယ်ပေါ့၊ လင်ကျွင်းသာဆို သူတို့ လီမျိုးနွယ်စုရဲ့ အတွင်းရေးကိစ္စရပ်တွေမှာ ဝင်မရှုပ်လောက်တဲ့အပြင် လော့ထျန်းအဖွဲ့ရဲ့ နောက်ခံအရှိန်အဝါကိုလဲ တစ်ပြားတစ်ချပ်မှ မကုန်ဘဲ ရမယ် ဆိုပြီး ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ပစ်တာပဲ"

လော့ချန်က ဟွေ့နန်ကို တစ်ချက် စိုက်ကြည့်လိုက်သည်။ ထို့နောက် ခနဲ့တဲ့တဲ့ ပြုံးကာ ရေရွတ်လိုက်သည်။

“အဟက်.... ငါတို့‌ လော့ထျန်းကို ဒီလို လူလည်ကျချင်လို့ ရမတဲ့လား.... အတော်လဲ စိတ်ကူးယဉ်တတ်တဲ့ လူတွေပဲ"

ထိုစကားလုံးများသည် စီမာဟွေ့နန်အား တုန်လှုပ်သွားစေသည်။ မဟာမိတ်လက်ထပ်ပွဲကမ်းလှမ်းချက် နောက်ကွယ်မှ လှည့်ကွက်နှင့် လော့ချန်၏ ထိုးထွင်းသိမြင်မှုကို သူမ တစ်ပြိုင်နက်တည်း နားလည်သွားသည့်အတွက် ခေတ္တမျှ ဆွံ့အကာ ကျောချမ်းသွားသည်။

ချီသန့်စင်အဆင့် ၇ ရှိသော မြေးမလေးကို ချီသန့်စင်အဆင့် ၅ သာရှိသော ခန်းမခေါင်းဆောင်တစ်ဦးနှင့် လက်ထပ်ပေးရန် အားထုတ်ခြင်းမှာ အပေါ်ယံ၌ အလျှော့ပေးကမ်းလှမ်းသယောင် ထင်ရသော်လည်း နောက်ကွယ်၌ သေသေချာချာ ချင့်တွက်ထားသော စစ်တုရင်ရွှေ့ကွက်တစ်ခု ရှိနေခဲ့သည်။ ကျင့်ကြံဆင့်နိမ့်‌သော ချွီလင်ကျွင်းကို ရွေးချယ်ခြင်းဖြင့် လီမျိုးနွယ်စု၏ အာဏာစက်အတွင်း မည်သည့်အခါမျှ ဝင်ရောက်စွက်ဖက်ခြင်း မပြုနိုင် ဟူ၍ တွက်ကိန်းချထားဟန်တူသည်။

"ခေါင်းဆောင်ပြောမှပဲ ကျွန်မ ကွက်ကွက်ကွင်းကွင်းမြင်တော့တယ်၊ တကယ်ကို ဉာဏ်အမြော်အမြင် ကြီးပါပေတယ်ရှင်၊ ဒါဆို.... ဒီလက်ထပ်ပွဲကို ငြင်းလိုက်ရတော့မလားရှင့်"

လော့ချန် ခေါင်းယမ်းလိုက်ကာ အဓိပ္ပာယ်ပါပါ ထပ်ပြုံးပြန်သည်။

"အဟက်.... ငြင်းမနေပါနဲ့ ဟွေ့နန်ရယ်.... မင်း ငါးမျှားဖူးလား.... ရိုးရိုးငါးမျှားရင်တော့ အစာလာဟပ်တဲ့ ဘယ်ငါးမဆို မိသမျှ အကုန်ဆွဲတင်ရုံပဲ…. ဒါပေမဲ့.... သူတို့အင်အားလေးနဲ့ ဘယ်လိုမှ ဆွဲမတင်နိုင်ဘဲ မြှားတံပါ ကျိုးသွားစေမယ့် ငါးကြီးကြီးတစ်ကောင်ကို ငါ ချိတ်ပေးလိုက်မယ်လေ....”

စီမာဟွေ့နန် မျက်တောင်ပင် မခတ်နိုင်အောင် စိတ်ဝင်တစား ဖြစ်သွားသည်။

"ခေါင်းဆောင်ပြောတဲ့ ငါးကြီးကြီးဆိုတာ....”

လော့ချန် သူမအား အကဲခတ်လိုက်သလို တချက်ကြည့်လိုက်ရင်း

"စီမာရှန့် နဲ့ ယွမ်တုန်းရှန်း…. သူတို့ထဲက တစ်ယောက်ယောက်ပေါ့.... "

အစ်ကိုကြီးဖြစ်သူ အမည်ကို ကြားလိုက်ရသဖြင့် စီမာဟွေ့နန် ပါးစပ်အဟောင်းသား ဖြစ်ကာ အံ့အားသင့်သွားသည်။ သို့သော် အသေအချာ စဉ်းစားကြည့်သောအခါ ဤသည်မှာ အမြော်အမြင်ရှိသော ရွေးချယ်မှု ဖြစ်ကာ ယုတ္တိကျသည်ဟု သူမ ခံစားရသည်။

အကြောင်းမူ သူမ အစ်ကိုကြီး စီမာရှန့်သည် လင်ကျွင်းထက် ဝါရော သမ္ဘာရော ရင့်သူ ဖြစ်သည်။ ထို့အပြင် လက်အောက်ငယ်သားများ၏ ချစ်ကြောက်ရိုသေခံရသည့် တိုက်ခိုက်ရေးခန်းမဆောင်၏ တာဝန်ခံခေါင်းဆောင်တစ်ဦးလဲ ဖြစ်လေသည်။

စင်စစ်မှာမူ တိုက်ခိုက်ရေးခန်းမဆောင်၏ အဓိက အခရာကျသူမှာ ဝမ်ယွမ် ဖြစ်သည်။ သို့ရာတွင် လွတ်လွတ်လပ်လပ်သာ နေချင်သော ဝမ်ယွမ်သည် ခန်းမဆောင်၏ အတွင်းရေးကိစ္စများအား စိတ်ရှုပ်သဖြင့် စီမာရှန့်ကိုသာ လုံးလုံးလျားလျား တာဝန်လွှဲထားလိုက်လေသည်။ သို့ဖြစ်လေရာ စီမာရှန့်သည် တိုက်ခိုက်ရေးခန်းမဆောင်၏ အခန်းကဏ္ဍတွင် မရှိမဖြစ် အရေးပါအရာရောက်သူ ဖြစ်သည်။

ယွမ်တုန်းရှန်းအား သတို့သားလောင်းအဖြစ် လျာထားခြင်းမှာမူ အဘွားယွမ်၏ နောက်ဆုံးဆန္ဒကြောင့် ဖြစ်ပေလိမ့်မည်။ အဘွားအို သက်ရှိထင်ရှားရှိစဉ်က သူ့မြေးအား အိမ်ထောင်ရက်သားကျပြီး အခြေတကျ ဖြစ်သွားသည်ကို မြင်တွေ့လိုသဖြင့် ကတိတောင်းခဲ့ဖူးသည်။ သို့ဖြစ်ရာ အဖွဲ့ခေါင်းဆောင်လော့ချန်သည် ဤအခွင့်အရေးကို အသုံးချကာ ကွယ်လွန်သူ အဘွားအို၏ အလိုလားဆုံးဆန္ဒကို ဖြည့်ဆည်းပေးရန် ကြိုးပမ်းနေခြင်းလည်း ဖြစ်နိုင်သည်။ သို့သော် လီမျိုးနွယ်စုသည် ယွမ်တုန်းရှန်းအား ရွေးချယ်လိမ့်မည်ဟုမူ မထင်ချေ။

အ‌ကြောင်းမူ ယွမ်တုန်းရှန်းသည် ဆေးဝါးခန်းမဆောင်၏ အကြီးအကဲတစ်ဦးမျှသာ ဖြစ်ပြီး ဝိညာဉ်ဆေးပင်များကို ပြုစုပျိုးထောင်ခြင်းနှင့် သုတေသနပြုခြင်းတို့တွင် သူ့ဘဝကို ပုံအပ်ထားသူဖြစ်သည်။ အုပ်ချုပ်မှု အာဏာနှင့် ကျင့်ကြံအဆင့်များကို ဂရုမစိုက်သလို စိတ်လည်း မဝင်စားပေ။

ရှုထောင့်ပေါင်းစုံမှ တွက်ချက်ကြည့်လျှင် လီမျိုးနွယ်စုသည် လင်ကျွင်းအား မရပါက စီမာရှန့်ကိုသာ သမက် ဖမ်းပေလိမ့်မည်။ သို့သော် တစ်ဖက်က ကမ်းလှမ်းမှုကို ပယ်ဖျက်လာနိုင်ဖွယ် ရှိသည်ကို ကြိုတွက်ထားရပေမည်။ လင်ကျွင်းနှင့် ယှဉ်ပါက စီမာရှန့်သည် လီမျိုးနွယ်စု လိုချင်သောအချက်များနှင့် ဆန့်ကျင်ဖက်သဖွယ် ဖြစ်နေလေသည်။

စီမာဟွေ့နန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်ကာ စိုးရိမ်စိတ်ဖြင့် ဆိုသည်။

"ခေါင်းဆောင်က သူတို့နှစ်ယောက်ကို လျာထားတာတော့ ဟုတ်ပါပြီ၊ လီမျိုးနွယ်စု ဘက်က ကြိုက်ဦးမှကိုး.... ဒီလူဆိုရင်တော့ သဘောမတူဘူး ဆိုပြီး ပြောလာနိုင်ချေက ရှိသေးတယ်ရှင့်.... ”

ထိုအခါ လော့ချန်က ခပ်ပြုံးပြုံးပင် ဆိုသည်။

"သူတို့ဘက်က ပြန်ငြင်းရဲမှာ မဟုတ်ဘူး ဟွေ့နန်ရဲ့.... ဒါ သူတို့စတဲ့ ဇာတ်လမ်းလေ၊ မယုံရင် စောင့်ကြည့်.... သူတို့က ကျဉ်းထဲကျပ်ထဲ ရောက်နေတာ.... ငါတို့ဘက်အသေအချာ ကိုင်တွယ်တတ်ရင် သူတို့ သဘောတူရုံကလွဲပြီး တခြားရွေးစရာလမ်း မရှိဘူး"

လော့ချန်၏ တည်ငြိမ်လွန်းသော လေသံကြောင့် စီမာဟွေ့နန် ယုံကြည်ချက်ရှိသွားသည်။ မဟာမိတ်ကမ်းလှမ်းခြင်းတည်းဟူသော ဗျူဟာတိုက်ကွက်အား အခွင့်အရေးသဖွယ် တန်ပြန်အသုံးချနိုင်သော လော့ချန်၏ အတွေးအခေါ် ကိုလည်း သူမ လေးစားသွားသည်။

ထို့နောက် သူမ တရိုတသေ ဦးညွှတ်လိုက်သည်။

"ဟုတ်ကဲ့ပါ ခေါင်းဆောင်၊ ဒါဆိုရင် ဒီကိစ္စကို ကျွန်မ သေချာလေး ကိုင်တွယ်လိုက်ပါမယ်.... ခေါင်းဆောင် ကျေနပ်စေမယ့် ရလဒ်မျိုးရအောင် ကျွန်မ အစွမ်းကုန် ကြိုးစားပါမယ်ရှင့်....”

ဤစကားကို ဆိုပြီးနောက် စီမာဟွေ့နန်သည် အခန်းထဲမှ ထွက်သွားလေသည်။ ခန်းမကျယ်ကြီးထဲတွင် တစ်ယောက်တည်း ကျန်ရစ်သော လော့ချန်သည် မလှုပ်မယှက် ဆက်ထိုင်နေသည်။ သူသည် အပြင်ပန်းတွင် အေးအေးဆေးဆေး ရှိသော်လည်း စိတ်ထဲ၌ကား အကြံတစ်ခုကို အသည်းအသန် စဉ်းစားနေပုံရသည်။ သူသည် မေးစေ့ကို ပွတ်ရင်း နက်နဲသော လှည့်ကွက်တစ်ခုကို ကြံစည်နေတော့သည်။

….

လော့ထျန်းအဖွဲ့ ပိုမိုအင်အားကြီးမားလာသည်နှင့်အမျှ ဤကဲ့သို့သော ကိစ္စရပ်များမှာ အနှေးနှင့်အမြန် ဖြစ်ပေါ်လာမည်မှာ သေချာလှပေသည်။ မဟာမိတ်ကမ်းလှမ်းချက်တည်းဟူ‌သော သံတမန်ရေးရာ ကိစ္စရပ်များသည် အပေါ်ယံတွင် ရွှေမှုံကြဲထားသလိုနှင့် အတွင်းတွင် အမြတ်ထုတ်ချင်သည့် အကြံဆိုးများဖြင့် ပုပ်ပွ‌နေသည်က ပိုများသည်။

စင်စစ်မူ အာဏာစက်နှင့် အရှိန်အဝါ ခွဲယူလိုခြင်း၏ အခြားပုံစံတစ်မျိုးမျှသာ ဖြစ်သည်။ လော့ထျန်းအဖွဲ့ အင်အားနည်း၊ လူသိနည်းစဉ်အခါက မည်သူမျှ အဖတ်မလုပ်ခဲ့ကြပေ။ လက်ရှိတွင်မူ လော့ထျန်းသည် အခြေတည်အဆင့် ကျင့်ကြံသူ သုံးဦးနှင့် ရေခဲခံတပ်၏ အားပေးထောက်ခံမှု ရရှိထားပြီဖြစ်ရာ သူတို့သွားရာ နေရာတိုင်းတွင် ကြောက်ရွံ့မှုနှင့် တလေးတစားဆက်ဆံမှုတို့က အရိပ်ပမာ ကပ်ပါနေတော့သည်။ တစ်ချိန်က သူတို့အား အထင်သေးခဲ့ကြသူများသည် ယခုအခါတွင်မူ မျက်နှာသာရရန်နှင့် ဆက်နွှယ်မှုရှိရန် နည်းလမ်းမျိုးစုံကို အသည်းအသန် ရှာဖွေနေကြပြီ ဖြစ်သည်။

လော့ချန်သည် ထိုသို့သော ပတ်သက်လိုမှုများကို အလွယ်တကူ ငြင်းပယ်လိုက်မည့်အစား စနစ်တကျ ကိုင်တွယ်ဖြေရှင်းခြင်းဖြင့် ရေရှည်တွင် ကြီးမားသော အကျိုးကျေးဇူးများ ရရှိလာလိမ့်မည်ဟု ယူဆထား၏။ ထိုရလဒ်များသည် နေ့ချင်းညချင်း သိသာထင်ရှားလာမည် မဟုတ်သော်လည်း ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်သည့်အခါတွင်မူ အံ့အားသင့်ဖွယ်ရာ အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်ပေသည်။

ထိုသို့ မဟာမိတ်၏ အဓိပ္ပာယ်ကို အချိန်ယူတွေးတောနေရင်း တာဟဲမှ ထိုက်ရှန်းသို့ မျှော်လင့်ချက်များဖြင့် အတူ ထွက်လာခဲ့ ကြသော အပျက်ပျက်နှင့် နှာခေါင်းသွေးထွက်ခဲ့သည့် မဟာမိတ်အဖွဲ့ကြီးကို ပြန်မြင်ယောင်လာသည်။ ထိုအခြင်းအရာများ၏ လက်သည်တရားခံ မိတ်ဆွေတော်ကြီး ဝမ်ဟိုင်ချောင်ကို အမှတ်ရလိုက်သည်နှင့် သူမေ့နေသော ကိစ္စတစ်ခု ခေါင်းထဲ ဖျတ်ခနဲ ပေါ်လာသည်။

လော့ချန်သည် ချက်ချင်းပင် သူသိမ်းထားသော ဝမ်ဟိုင်ချောင်၏ သိုလှောင်အိတ်ကို အမြန်ထုတ်ကြည့်လိုက်သည်။ သူ့ထံတွင် အခြေတည်အဆင့် ကျင့်ကြံသူများ ဖြစ်ကြသော တွမ်ချန်ခွန်း၊ ဟော်ဟူ၊ ထူရှန်းနှင့် ဝမ်ဟိုင်ချောင်တို့၏ သိုလှောင်အိတ် လေးလုံး ရှိနေခဲ့သည်။

ပထမ သုံးအိတ်ကိုမူ သူဖွင့်ကြည့်ပြီး ဖြစ်လေသည်။ တွမ်ချန်ခွန်းနှင့် ဟော်ဟူတို့၏ ဖွင့်ရခက်သော အစီအရင်ခတ်ထားသည့် အိတ်များကို ချိုးဖျက်နိုင်ပြီးနောက်တွင် အစီအရင်အတတ်ပညာ၏ အခြေခံသဘောတရားများကိုလည်း နားလည်ခဲ့သည်။ သို့ဖြင့် ထူရှန်း၏ အိတ်ကိုလည်း သူ အလွယ်တကူပင် ဖွင့်ကြည့်နိုင်ခဲ့သည်။

ထူရှန်းသည် တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ဦးမျှသာဖြစ်ပြီး သူ၏ အိတ်ပေါ်မှ တားမြစ်အစီအရင်မှာလည်း သာမာန်ကာလျှံကာမျှသာဖြစ်သည်။ ထူရှန်း၏ အိတ်သည် သူ့အား စိတ်အပျက်ကြီးပျက်စေခဲ့သည်။

စင်စစ်မူ ထူးရှန်းသည် အိတ်ပေါက်နှင့်ဖားကောက်သည့် ငမွဲတစ်ယောက်သာ ဖြစ်၏။ သူ၏ လက်ဝယ် ဝိညာဉ်ကျောက်တုံး ခုနစ်ထောင်ကျော်မျှသာ ရှိပြီး ကျန်ရှိသော အထွေထွေပစ္စည်းများအားလုံး၏ တန်ဖိုးကို ပေါင်းစပ်လိုက်လျှင်ပင် တစ်သောင်းပြည့်ရန် ခဲယဉ်းလှသည်။ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပါလျက် ဤမျှအထိ မွဲတေနေလိမ့်မည်ဟု မည်သူကမျှ ထင်မှတ်မိကြမည်မဟုတ်ပေ။ ထူးဆန်းသည်မှာ ဤမျှမွဲတေလှသော ထူးရှန်းသည် ဟော်မျိုးနွယ်စု၏ လေလံပွဲအတွင်းဝယ် ချင်းယွမ်အဆိပ်ဖြေနည်းအတွက် လော့ချန်နှင့် အကြိတ်အနယ် ယှဉ်လုရန် ကြံစည်ခဲ့သေးခြင်းပင် ဖြစ်တော့သည်။

သို့ရာတွင် အခြေတည်အဆင့်ရှိ တစ်ကိုယ်တော်ကျင့်ကြံသူ အများစုသည် ငမွဲများ ဖြစ်သည်။ အကြောင်းမူ သူတို့စုဆောင်းထားသမျှသည် ကျင့်ကြံအဆင့်တက်ရန် ကြိုးစားရင်းနှင့်ပင် ကုန်ဆုံးသွားလေ့ရှိကြသည်။ ထိုသူတို့သည် သူမတူ ပြိုင်စံရှားသည့် အတတ်ပညာမရှိပါက အင်အားကြီး အဖွဲ့အစည်းများ၏ မဟာမိတ်အစောင့်အရှောက်သော်လည်းကောင်း၊ ပိုဆိုးလျှင် နောက်လိုက်ခွေးသဖွယ် ခိုင်းရာလုပ်စားရသည့် ဘဝရောက်သွားသည်က များသည်။

နောက်တစ်မျိုးမှာမူ မီရှုဟွာနှင့် ဝမ်ဟိုင်ချောင်တို့ကဲ့သို့ အကြံကြီးသူ၊ လူ‌လည်လူပါးများဖြစ်သည်။ သူတို့နှစ်ဦးလုံးသည် နောက်ကျောလုံလုံ ကျင့်ကြံနိုင်ရန်နှင့် ငွေကြေးကိစ္စ မပူပင်ရလေအောင် ကိုယ်ပိုင်ဂိုဏ်းများထောင်ကာ ဂိုဏ်းသားများ၏ ဝင်ငွေ၊ လုပ်အားနှင့် ရပ်တည်ကြသည်။

လော့ချန်ကိုယ်တိုင်ပင် ဒုတိယအမျိုးအစားထဲတွင် ပါသည်ဟု ဆိုရပေမည်။

မဟာတာအိုလမ်းစဉ်ပေါ်တွင် ရှေ့ဆက်တိုးတက်ရန် မျှော်လင့်ချက် ကုန်ဆုံးသွားသူများလည်း မရှိ မဟုတ်။ အများအပြားရှိကြသည်။ ထိုသူတို့သည် ကျင့်ကြံခြင်းကို စွန့်လွှတ်ကာ အိမ်ထောင်ပြု သားမွေး လုပ်ကြပြီး သူတို့၏ မပြီးဆုံးလိုက်သော ရည်မှန်းချက်ကို လက်ဆင့်ကမ်းရန် ကျင့်ကြံခြင်းမျိုးနွယ်စုများ အဖြစ် စာတင် တည်ထောင်ကြသည်။

သို့သော် မျိုးနွယ်စု၏ အားနည်းချက်မှာ ဗာဟီရ အတွင်းရေးများဖြင့် အချိန်ကုန်‌ နေသည်က များကာ ကိုယ်စွမ်းဉာဏ်စွမ်း မှန်းသလောက် မတိုးတက်တော့ပေ။ သို့ဖြစ်ရာ မကြာခဏဆိုသလိုပင် သူတို့ထက် ပိုမိုအင်အားကြီးမားသော ကျင့်ကြံသူများကို ဦးညွှတ် အရိုအသေပေးနေရတော့သည်။

လော့ချန်သည် ဝမ်ဟိုင်ချောင်၏ သိုလှောင်အိတ်အပေါ် များစွာ မျှော်လင့်မထားပေ။ ချမ်းသာကြွယ်ဝမှုနှင့် အလှမ်း‌ဝေးလေ့ရှိသော တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ဦးထံမှ ပိုင်ဆိုင်မှုအမြောက်အမြား ရရှိရန် မမှန်းသင့်ပေ။

….

"ဟင်.... အခြေတည်အဆင့် ၃ ကြီးက အိတ်ကိုခတ်ထားတဲ့ အစီအရင်ကလည်း ကပျက်ကချော်နဲ့…. ဘာမှတောင် မကျန်တော့ဘူးလားမသိဘူး....”

လော့ချန်က သိုလှောင်အိတ်ကို အသေးစိတ် စစ်ဆေးရင်း တစ်ကိုယ်တည်း တိုးညှင်းစွာ ရေရွတ်လိုက်၏။

"ဒီအစီအရင်လောက်ကတော့ အပျော့ပဲ.... ငါလွယ်လွယ်လေး ဖွင့်လို့ရတယ် ”

သူ ထိုသို့ ပြော‌နေခဲ့သော်လည်း သူ၏လက်ဖြင့် အိတ်ကို အလွန်ပင် ဂရုတစိုက်နှင့် တိကျသေချာစွာ ဖွင့်လိုက်သည်။

ရွှတ်….

ပြာလဲ့သော ဝိညာဉ်အလင်းတန်းလေး တစ်ချက် လက်ခနဲ ဖြစ်ကာ လေထဲ၌ ချက်ချင်းပျောက်သွားသည်။ လော့ချန်သည် တားဆီးထားသော တံဆိပ်ကို အောင်မြင်စွာ ဖျက်ဆီးနိုင်ခဲ့ပြီဖြစ်ကြောင်း သိလိုက်၏။

သူ အသက်ပြင်းပြင်းတစ်ချက်ရှူကာ စိတ်ကို တည်ငြိမ်အောင် အရင်လုပ်လိုက်သည်။ ထို့နောက် သိုလှောင်အိတ်အတွင်းရှိ ပစ္စည်းများကို တစ်ချက် ကြည့်လိုက်သည်။

“ဟင်.... ”

ခဏကြည့်ရုံမျှဖြင့်ပင် သူ၏မျက်နှာထက်တွင် ရင်ခုန်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုများ အတိုင်းသား ပေါ်ပေါက်လာခဲ့သည်။

"ဟဲဟဲ ဝမ်ဟိုင်‌ချောင်ရာ၊ ခင်ဗျားကတော့လေ.... အသက်ရှင်တုန်းကသာ သောက်ကျင့်မကောင်းတာ.... တမလွန်လဲ ရောက်ရော ရွှေထုပ်ကြီး လာပေးနေပါလား....”

သူပြောလျှင် ပြောလောက်စရာပေ။ အကြောင်းမူ ဝမ်ဟိုင်ချောင်၏ အိတ်ထဲတွင် ဝိညာဉ်ကျောက်တုံးများ တောင်ပုံရာပုံ ရှိနေလေသည်။ မဟူရာညတွင် လင်းလက်နေသော ငွေရောင်ကြယ်ပွင့်များကဲ့သို့ အိတ်အတွင်း၌ မရေမတွက်နိုင် တလက်လက် ရှိနေကြသည်။

အများစုမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများ ဖြစ်ကြသော်လည်း ပမာဏမှာမူ ဖော်ပြနိုင်စွမ်းမရှိလောက်အောင် အံ့ဩဖွယ်ရာပင် ဖြစ်သည်။ တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် အရေအတွက်ကို အတိအကျ ခန့်မှန်းရန်ပင် မလွယ်ကူလှချေ။

လော့ချန်သည် အရင်လူများနှင့်ယှဉ်ကာ ဝမ်ဟိုင်ချောင်၏ ပိုင်ဆိုင်မှုအား လျှော့တွက်မိခဲ့သည်။ ဝမ်ဟိုင်ချောင်သည် တွမ်ချန်ခွန်းကဲ့သို့ မျိုးနွယ်စုတာဝန်များ ပိမနေခဲ့သလို ထူရှန်းကဲ့သို့ နောက်လိုက်မရှိသော လေလွင့်သူလဲမဟုတ်ပေ။ တာကျန်းဂိုဏ်းကို အကာအကွယ်ပြု၍ ဝမ်ဟိုင်ချောင်သည် နှစ်ပေါင်းများစွာတိုင်အောင် မတရားသော နည်းလမ်းမျိုးစုံဖြင့် ဝင်ငွေများစွာကို သိမ်းကျုံးရရှိနေခဲ့လေသည်။ သူ သုံးဖြုန်းနေသည့်ကြားမှပင် ဤမျှ များပြားသော ငွေပုံကြီး ကျန်နေခဲ့သေးသည်။

အချိန်ယူ၍ သေသေချာချာ ရေတွက်ကြည့်ရာ နောက်ဆုံးတွင် ကိန်းဂဏန်းတစ်ခုသို့ ရောက်ရှိသွားချိန်၌ လော့ချန်၏ နှလုံးခုန်သံမှာ ရုတ်ချည်းပင် မြန်ဆန်လာခဲ့ရသည်။

"ဟင်.... ဝိညာဉ်ကျောက်တုံး.... တစ်သိန်းခြောက်သောင်း....”

သူ မယုံကြည်နိုင်လောက်အောင် မျက်လုံးများပင် ပြူးသွားသည်။

"ပြီးတော့.... အဆင့်လတ် ဝိညာဉ်ကျောက်တုံးက သုံးရာတောင် ပါသေးတယ်.... "

ဤပမာဏမှာ လော့ချန်တစ်ယောက် ဘေးအန္တရာယ်ပေါင်းများစွာကို ကျော်ဖြတ်ပြီးမှ ရုန်းကန်စုဆောင်းထားရသည့် လက်ရှိပိုင်ဆိုင်ငွေ တစ်သိန်းငါးသောင်းထက်ပင် သာလွန်နေခဲ့ပြီ ဖြစ်သည်။

သူ့အကျင့်အတိုင်း ဤငွေများ၏ လာရာလမ်းကြောင်းကို တွေးလိုက်ပြန်သည်။

ဝမ်ဟိုင်ချောင်သည် တာဟဲမှအထွက် လန်ချန်းမြစ်ကူးခ လက်မှတ်ရောင်းရငွေမှတင် ဝိညာဉ်ကျောက်တုံး နှစ်သိန်းကျော် ရရှိခဲ့သည်ဟု သိရသည်။ နောက်ပိုင်းတွင် လီမျိုးနွယ်စုနှင့် နန်းကုန်းမျိုးနွယ်စုတို့ထံမှ မိစ္ဆာသားရဲများကို ဝယ်ယူရာတွင် အတော်များများကို အသုံးပြုခဲ့သည်။ လေလံပွဲကြီးအတွင်း၌လည်း နန်းကုန်းကျင်းနှင့် အပြိုင် ရွှေမီးဓားအတွက် လေလံဆွဲရာတွင် နောက်ထပ် ခုနစ်သောင်း သို့မဟုတ် ရှစ်သောင်းခန့် အသုံးပြုခဲ့သေးသည်။

ဝမ်ဟိုင်ချောင်၏ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သိန်းခြောက်သောင်းကို ကြည့်ခြင်း အားဖြင့် ပရမ်းပတာမသုံးခဲ့ဘဲ နှစ်ပေါင်းများစွာ စုသင့်တာစု သုံးသင့်တာသုံး စနစ်တကျရှိခဲ့ပုံရသည်။

“ဒါပေမဲ့....”

လော့ချန်က သူ၏ မေးစေ့ကို ပွတ်ရင်း မျက်မှောင်ကြုတ်လျက် တိုးတိုးလေး ဆက်လက်ရေရွတ်လိုက်သည်။

"အဟက်.... ထျန်းလန်လို မြို့တော်ကြီးမှာတော့ ဒီငွေပမာဏ‌လောက်က သမုဒ္ဒရာထဲက ရေတစ်ပေါက်စာထက် မပိုဘူး”

ဤနတ်ဘုရားမြိုတော်တွင် နေရသည်မှာ တနေ့တနေ့ အလွန်တရာ စရိတ်ကြီးလှသည်။ ဒုတိယအဆင့် ဂူဗိမာန်တစ်ခုကို ငှားရမ်းခသည် တစ်နှစ်လျှင် ဝိညာဉ်ကျောက်တုံး တစ်သောင်းမှ ငါးသောင်းအထိ ရှိနိုင်သည်။ အဆင့်မြင့်တက်လှမ်းလိုသော မည်သည့် ကျင့်ကြံသူများမဆို တည်ငြိမ်လုံခြုံ၍ ရေရှည်ကျင့်ကြံနိုင်မည့် နေရာလေးတခု လိုအပ်သည်။ သို့သော် ထိုသို့ ရရှိရန် ငွေအပုံလိုက် အကုန်ခံနိုင်ဖို့ လိုပေသည်။ ပုံမှန်ဝင်ငွေလမ်းကြောင်းမရှိပါက လက်ထဲမှငွေသည် မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားနိုင်ပေသည်။

"ဪ.... ဝမ်ဟိုင်ချောင်.... ခင်ဗျားက ဒီအချက်တွေ ကြိုသိနေလို့ ထိုက်ရှန်းကနေ ခြေမကြွချင်တာကိုး.... တော်တော်ဉာဏ်ပြေးတဲ့လူ.... ”

သူ လက်ကို ဝှေ့ယမ်းလိုက်ပြီး ဝိညာဉ်ကျောက်တုံးများကို သူ၏ ကိုယ်ပိုင် သို‌လှောင်အိတ်များအတွင်းသို့ ပြောင်းရွှေ့လိုက်၏။ လော့ချန်သည် ကိုယ်ပိုင်အိတ်သုံးလုံးကို သီးခြားစီ အမြဲတစေ ဆောင်ထားလေ့ရှိပြီး ၎င်းတို့ကို အဆင့်နိမ့်၊ အဆင့်လတ်နှင့် အဆင့်မြင့် ကျင့်ကြံခြင်းအရင်းအမြစ်များအတွက် သုံးရန် ခွဲထားခြင်းဖြစ်သည်။

အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးများသည် သေးငယ်သော်လည်း ပမာဏများပြားသည့်အခါ နေရာအတော်များများကို ယူတတ်ကြသည်။ တစ်ချက်ကြည့်လိုက်လျှင် အဆုံးမရှိသော ငွေတောင်ကြီးအလား ထင်ရသော်လည်း သေသေချာချာ ကြည့်လိုက်သည့်အခါတွင်မူ ၎င်း၌ အကန့်အသတ်များ ရှိနေဆဲပင်။ သို့သော်လည်း လော့ချန်၏ လက်ရှိလိုအပ်ချက်များအတွက်မူ ၎င်းမှာ အလွန်ကောင်းမွန်သော အထောက်အပံ့တစ်ခု ဖြစ်သည်။

ဆယ်နှစ် တစ်ကြိမ် ကျင်းပလေ့ရှိသော ထျန်းလန် နတ်ဘုရားမြို့တော်၏ လေလံပွဲကြီးမှာလည်း နီးကပ်လာနေပြီ ဖြစ်သည်။ အကယ်၍ သူ ပစ္စည်းကောင်းကောင်း ရချင်လျှင် များများပေးဝယ်မှရပေမည်။ တာဟဲကဲ့သို့ တောနယ်မြို့တွင် ဝိညာဉ်ကျောက်တုံး တစ်သိန်းလောက် ရှိလျှင် လေလံပွဲတခုလုံးတွက် မော်ကြွားနိုင် သော်လည်း ထျန်းလန် နတ်ဘုရားမြို့တော်တွင်မူ ထိုပမာဏမှာ လေလံဈေးအပြိုင်လိုက်နိုင်ရန်ပင် ခဲယဉ်းလှပေသည်။

ထူရှန်း၏ စုဆောင်းမှုများကိုပါ ပေါင်းထည့်လိုက်လျှင် လော့ချန်၏ လက်ဝယ်တွင် ဝိညာဉ်ကျောက်တုံး သုံးသိန်းနှစ်သောင်းကျော် ရှိနေပြီ ဖြစ်သည်။ ထိုမျှသာမက ယခင် ခြောက်လအတွင်းမှ လော့ထျန်းအဖွဲ့၏ အမြတ်ငွေများလဲ ရှိသေးသည်။ ထိုအမြတ်ဝေစုပါ ထည့်တွက်ပါက သူအသုံးပြုနိုင်သော ငွေကြေးမှာ လေးသိန်းလောက်အထိ ရှိနိုင်သည်။ လိုအပ်လျှင် လော့ထျန်း အရန်ဘဏ္ဍာငွေကိုပါ သုံးနိုင်သေးသည်။

"ဟဲဟဲ ဒီလောက် ဆိုရင်တော့.... "

လော့ချန် သဘောကျသလို ခပ်တိုးတိုး ရေရွတ်လိုက်သည်။

"အဆင့်လတ် မှော်ရတနာ တစ်ခုခုကို ငါ ကောင်းကောင်းကြီး လုဝယ်လို့ရလောက်ပြီ.... ”

….

ကျင့်ကြံခြင်းလောကတွင် မှော်ရတနာများ၏ ဈေးနှုန်းသည် ပုံသေစံနှုန်းတစ်ခုရှိသည်။ ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်သည် ထိုစံနှုန်းကို အကြမ်းဖျင်း မှတ်စုဖြင့် စနစ်တကျ မှတ်ထားသည်ကို သူ့ဝိုးတဝါး မှတ်ဉာဏ်ထဲတွင် တွေ့ရှိလိုက်ရသည်။

ထိုမှတ်စုပါအချက်များအရ မှော်ရတနာများသည် ကျင့်ကြံသူများ၏ ချမ်းသာကြွယ်ဝမှု အဆင့်အတန်းကို ထင်ဟပ်နေခြင်းမှာ သိသာလှပေသည်။

လော့ချန်သည် မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်စုအား အားကျအတုယူချင်စိတ်‌ပေါ်လာကာ ကျင့်ကြံသူတဦးသည် အဆင့်အလိုက် မည်မျှပိုင်ဆိုင်မှု ကွာခြားမှု ရှိနိုင်သည်ကို ခန့်မှန်းကာ တွက်ချက်လိုက်သည်။ ဤသည်မှာ သူ၏ ကျင့်ကြံလောကတွင် ကျင်လည်လာခဲ့သမျှ အတွေ့အကြုံများအရ ယေဘုယျ ခန့်မှန်းတွက်ချက်ခြင်းဖြစ်သည်။

"ဟား.... ဟား.... ဟား ဘာပဲဖြစ်ဖြစ် အခုတော့ ငါဟာ အခြေတည်အဆင့် တစ်ကိုယ်တော် ကျင့်ကြံသူတွေထဲမှာ အချမ်းသာဆုံးပဲထင်တယ် ဟားဟား"

ဝိညာဉ်ကျောက်တုံးများကို သိမ်းဆည်းပြီးနောက် လော့ချန်သည် ဝမ်ဟိုင်ချောင်၏ အိတ်အတွင်းမှ အခြားသော ပစ္စည်းများကို အာရုံစိုက်လိုက်သည်။

မှော်လက်နက်များ ရှိနေပြီး အများစုမှာ အဆင့်လတ်နှင့် အချို့မှာ အဆင့်မြင့်သို့ နီးကပ်နေကြသည်။ ဤအရာများကို လော့ထျန်းအဖွဲ့၏ အတွင်းပိုင်းလမ်းကြောင်းများမှတစ်ဆင့် ရောင်းချနိုင်ပြီး သူကိုယ်တိုင် ပါဝင်ရန်မလိုဘဲ ငွေကြေးအမြောက်အမြား ရရှိနိုင်ပေသည်။

ဆေးလုံးများလည်း ရှိနေသေးသည်။ အများစုမှာ အခြေတည်အဆင့် ကျင့်ကြံသူများ နှစ်သက်ကြသော ချီတည်ငြိမ်ဆေးလုံးများ ဖြစ်သည်။ စုစုပေါင်း ဆယ်ပုလင်းခန့် ရှိပြီး ဝိညာဉ်ကျောက်တုံး ထောင်ဂဏန်းခန့် တန်ဖိုးရှိသည်။ ရေဓာတ်အခြေခံသော ကျင့်ကြံခြင်း အရင်းအမြစ်များစွာလည်း ရှိနေပြီး ၎င်းတို့အားလုံးကို ပေါင်းလိုက်လျှင်လည်း ကြီးမားသော ပမာဏတစ်ခု ဖြစ်လာသည်။

ထို့အပြင် ကျင့်ကြံခြင်းလမ်းညွှန်စာအုပ် ဆယ်အုပ်ကျော်လည်း ပါဝင်နေသေးသည်။ ထိုလမ်းညွှန်ချက်များကို စာအုပ်များ၊ ဝါးစာလိပ်များ၊ ကျောက်စိမ်းပြားများနှင့် သားရဲအရေခွံများ စသည်ဖြင့် အမျိုးမျိုးသော ပုံစံများဖြင့် သိမ်းဆည်းထားကြသည်။

ဤအရာအားလုံးကို လော့ထျန်းအဖွဲ့အတွင်းသို့ လက်ဆင့်ကမ်း ပေးအပ်နိုင်ပေသည်။

လော့ချန်သည် ထိုစာအုပ်များကို အကြမ်းဖျင်း ကြည့်လိုက်ရာ အများစုမှာ ပထမအဆင့် နည်းစနစ်များသာ ဖြစ်သည်။ ကျောက်စိမ်းပြားတစ်ခုနှင့် ဝါးစာလိပ်တစ်ခုသာလျှင် သိသာထင်ရှားစွာ ရှိနေခဲ့သည်။

“အတိုင်းအဆမဲ့ သမုဒ္ဒရာ”

၎င်းမှာ ဒုတိယအဆင့် ရေဓာတ်အခြေခံ အခြေတည်အဆင့် ကျင့်ကြံခြင်းနည်းစနစ်တစ်ခုဖြစ်ပြီး တည်ငြိမ်သော ဝိညာဉ်စီးဆင်းမှုနှင့် ကြွယ်ဝသော ချီစွမ်းအားတို့ကြောင့် လူသိများသည်။ ၎င်းမှာ ဝမ်ဟိုင်ချောင်၏ အဓိကကျင့်စဉ်ဖြစ်ပြီး တစ်ချိန်က လော့ချန်ကို ချီစွမ်းအားပြိုင်ဆိုင်မှုဖြင့် အနိုင်ယူရန် ကြိုးစားခဲ့စဉ်က အသုံးပြုခဲ့သော နည်းစနစ်လည်း ဖြစ်သည်။ အမှန်စင်စစ် သူသည် ထိုစဉ်က အပြာရောင်ကတိုး အဆိပ်၏ ဒဏ်ကို ခံနေရသဖြင့် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်သည်။

“ဖန်သားနတ်ဘုံအကာအရံ”

၎င်းမှာ ဒုတိယအဆင့် ရေဓာတ်အခြေခံ မှော်အတတ်တစ်ခု ဖြစ်သည်။ လော့ချန်သည် ၎င်းကို ကိုယ်တိုင်လည်း လေ့ကျင့်နေသဖြင့် ကောင်းစွာ သိရှိထားသည်။ သူ၏ အခြေတည်အဆင့် ဂုဏ်ပြုအခမ်းအနားတွင် ဝမ်ဟိုင်ချောင်က သူ့အား ဒုက္ခပေးရန် ရည်ရွယ်ချက်ဖြင့် လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ထိုဝါးစာလိပ်ကို ပြန်လည်ကြည့်ရှုလိုက်သည့်အခါ လော့ချန်၏ အကြည့်များမှာ စူးရှသွားခဲ့သည်။ ထိုဝါးစာလိပ်တွင် ယခင်ကျင့်ကြံသူတစ်ဦး၏ ကျင့်ကြံခြင်းဆိုင်ရာ သိမြင်နားလည်မှုများ ပါဝင်နေခဲ့သည်။

"စိတ်ဝင်စားစရာပဲ.... "

လော့ချန် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

"ဒါရှိရင်တော့ ငါ့ရဲ့ ဖန်သားနတ်ဘုံအကာအရံကို အချိန်တိုအတွင်းမှာတင် ပေါက်မြောက်အောင် ကူညီပေးနိုင်လိမ့်မယ်"

သူ ကျေနပ်စွာ ပြုံးလိုက်ရင်း ထိုစာလိပ်ကို သီးခြားအိတ်တစ်ခုအတွင်း သိမ်းဆည်းလိုက်၏။

နောက်ဆုံးတွင် လော့ချန်သည် အိတ်အတွင်းရှိ ကျန်ရှိနေသော အထွေထွေပစ္စည်းများဆီသို့ အာရုံစိုက်လိုက်သည်။

ရုတ်တရက် သူ ကျောက်စိမ်းသေတ္တာလေးတစ်ခုကို ထုတ်ယူလိုက်၏။ ၎င်းပေါ်တွင် မည်သည့်အစီအရင်မျှမရှိဘဲ ချီစွမ်းအား အလွှာပါးလေးတစ်ခုသာ ရှိနေခဲ့သည်။

ဝမ်ဟိုင်ချောင်သည် အခြေတည်အဆင့် ၃ တွင်သာ ရှိခဲ့ခြင်းဖြစ်သည်။ လော့ချန်သည်လည်း ယခုအခါ ထိုအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း သူ၏ ချီစွမ်းအားမှာ ဝမ်ဟိုင်ချောင်ထက် ပိုမိုသန့်စင်ပြီး အားကောင်းလှပေသည်။ ချီစွမ်းအား အမျှင်တန်းလေးတစ်ခုဖြင့်ပင် သူ ထိုတံဆိပ်ကို အလွယ်တကူပင် ဖြေလိုက်နိုင်သည်။

ဘေးကင်းသော အကွာအဝေးမှနေ၍ သူ သေတ္တာကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး အတွင်းသို့ ကြည့်လိုက်၏။

အတွင်း၌ ဝိုင်းစက်ကာ နက်မှောင်သော ရွှေရောင်ရှိပြီး ခံတက်သီးခန့်ရှိသော ဆေးလုံးတစ်လုံး ရှိနေခဲ့သည်။ လော့ချန် ၎င်းကို ချက်ချင်းပင် မှတ်မိလိုက်၏။

"အမလေး.... အခြေတည်ဆေးလုံးကြီးပါလား”

“နေစမ်းပါဦး.... ဝမ်ဟိုင်ချောင်မှာ အခြေတည်ဆေးလုံး မရှိဘူးဆို.... ဒါက ဘာကြီးလဲ.... ဒီဆေးလုံး မရှိလို့ပဲ မင်လုံယွီခမျာ စိတ်ပျက်ပြီး အချိန်အကြာကြီး သူ့နောက်လိုက် လုပ် နေရာက ငါ့ဘက် ပြောင်းလာတာ မဟုတ်ဘူးလား…. အခုကျမှ ဒီဆေးလုံးက ဘာလို့ ဒီနေရာမှာ ရောက်နေတာလဲ.... ”

ခေတ္တမျှ ဇဝေဇဝါ ဖြစ်သွားပြီးနောက် လော့ချန်သည် ထိုလူ၏ အတိတ်က အပြုအမူများကို ပြန်လည် သတိရသွားခဲ့သည်။

"အာ.... ပေါက်ပြီ.... သဘောပေါက်ပြီ”

“ဒါက ဟိုတုန်းက တာဟဲ လေလံပွဲတုန်းက အခြေတည်အဆင့် ကျင့်ကြံသူ လေးယောက် တစ်ယောက်တစ်လုံးစီ လုယူသွားခဲ့ကြတဲ့ ဆေးလုံးတွေထဲက တစ်လုံးပဲ ဖြစ်ရမယ်.... ဟဲဟဲ နောက်ဆုံးတော့ ငါပဲ ကံထူးသွားတာပေါ့

ဤဆေးလုံးများသည် ပြင်းထန်ပြီး မသန့်စင်သေးသော ဆေးဖက်ဝင် အာနိသင်များဖြင့် ပြည့်နှက်နေသဖြင့် ၎င်းတို့ကို ပေါ့ပေါ့တန်တန် စားသုံးရန် မသင့်တော်ချေ။ သို့သော် လော့ချန်၏ လက်ထဲတွင်မူ ၎င်းတို့၏ တန်ဖိုးမှာ အမြင့်ဆုံးသို့ ရောက်ရှိသွားနိုင်သည်။ စနစ်တကျ ကိုင်တွယ်နိုင်လျှင် ဤဆေးလုံးသည် လော့ထျန်းအဖွဲ့အတွင်းမှ နောက်ထပ် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးကို မွေးထုတ်ပေးရန်အတွက် သော့ချက် ဖြစ်လာပေလိမ့်မည်။

"ဒါနဲ့ဆိုရင်တော့.... "

လော့ချန်က ကျောက်စိမ်းသေတ္တာလေးကို ဂရုတစိုက် မ လိုက်ရင်း ခပ်တိုးတိုး ပြောလိုက်သည်။

"လာမယ့် လေလံပွဲမှာ ငါ အသာစီး ရ‌တော့မှာပဲ.... ”

ထို့နောက် လော့ချန်သည် ရွှမ်ယွင်ကျီ ပေးအပ်ခဲ့သော ဖိတ်ကြားလွှာကို ထုတ်ယူလိုက်၏။ သူ ဝယ်ချင်သည့် ပစ္စည်းစာရင်းမှာလည်း တစ်နေ့ထက်တစ်နေ့ တိုးသထက်တိုးလာပြီ ဖြစ်သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၃၇၀) - အဘိုးစီစဉ်ပေးတဲ့ ဖူးစာရှင်နတ်သားလေး

ထျန်းလန်နတ်ဘုရားမြို့တော်ဆိုသည်မှာ သူစိမ်းများအတွက်မူ နတ်ဘုရားမြို့တစ်မြို့ဟုသာ ထင်ရဖွယ်ရှိသော်လည်း ဤနေရာတွင် မှီတင်းနေထိုင်ကြသော ကျင့်ကြံသူများအတွက်မူ တောင်တန်းကြီးများ၊ ဝိညာဉ် မြေကြောများနှင့် ဝန်းရံထားသည့် ရေမြေတောတောင်ကြွယ်ဝ၍ ကျယ်ပြန့်လှသော နယ်မြေကြီးတစ်ခု ဖြစ်ပေသည်။

အထူးသဖြင့် ဤဒေသတွင် အဓိကအားထားရသော ရေလမ်းကြောင်းနှစ်ခု ရှိ‌နေသည်။

တစ်ခုမှာ ယွမ်ကျင်မြစ်ဖြစ်သည်။ ထိုမြစ်သည် မြစ်ဟုအမည်တွင်ရုံမျှသာရှိ၍ တာဟဲမှ လန်ချန်းမြစ်‌လောက်ပင် မကျယ်ပြန့်‌ပေ။ ထျန်းလန်တောင်ထိပ်မှ မြစ်ဖျားခံ စီးဆင်းလာခြင်း ဖြစ်သည်။

မြို့တော်၏ အဓိက အချက်အခြာကျသော မြစ်မှာ ချင်းဟွာမြစ်ဟု လူသိများသော မြစ်ကြီးဖြစ်သည်။ ကျောက်စိမ်းအိုးနယ်မြေ တစ်ခုလုံး၏ မြစ်လက်တက်များစွာပေါင်းစုံရာ မြစ်ကြီးတစင်းလည်းဖြစ်‌သည်။ အလွန်တရာ ကြီးမားကျယ်ပြန့်၍ ရေနေသတ္တဝါမျိုးစုံ ကျင်လည်ကျက်စားကာ ရေကြောင်းသွားလာရေးအတွက်လဲ ဤချင်းဟွာမြစ်ကိုပင် အားထားနေရသည်။ မြစ်ရေစီးကြောင်းမှာ အရှေ့ဘက်ပင်လယ်ဆီသို့ ဦးတည် စီးဆင်းနေပြီး ရေအနက်နှင့် အကျယ်မှာ ဝိညာဥ်စွမ်းအင်များစွာဖြင့် ပြည့်နှက်နေလေသည်။

လီမျိုးနွယ်စုသည် ဤမြစ်ကမ်းနားဘေးတွင် အခြေချနေထိုင်ကြသော မျိုးနွယ်စု ကြီးဖြစ်သည်။ သူတို့သည် ချင်းဟွာမြစ်ကြီးအား အမှီသဟဲပြုကာ ရှေးနှစ်ပေါင်းနှစ်ရာမှ ယနေ့ထိတိုင်အောင် မျိုးရိုးစဉ်ဆက် စည်ပင်ဝပြောလျက်ရှိသည်။

သို့သော် မည်သည့်အရာမှ ထာဝစဉ်တည်မြဲခြင်းမရှိ ဟူသည့် လောကနိယာမရှိလေရာ သူတို့မျိုးနွယ်စုသည်လည်း လွန်ဆန်နိုင်ခြင်းမရှိပေ။ အကြောင်းမူ မျိုးဆက်သစ်များ၏ ကျင့်ကြံမှုတိုးတက်နှုန်း လွန်စွာနှေးကွေးလှသဖြင့် အခြေတည်အဆင့်ထိ ပေါက်ရောက်သူမှာ ခေါင်းဆောင်ကြီး တစ်ဦးထဲသာ ရှိလေသည်။ သို့သော် ထိုခေါင်းဆောင်ကြီး၏ ဘဝနေဝင်ချိန်မှာ တရွေ့ရွေ့နီးကပ်လာနေပြီ ဖြစ်သဖြင့် ကျန်သူများ မျက်ခုံးလှုပ်လာကြသည်။ သူတို့ ရှေးရေးအနာဂတ်သည်လည်း တစတစ ဝေဝါးလာတော့သည်။

ထိုကဲ့သို့ ခေါင်းခဲကာ ကျဉ်းထဲကျပ်ထဲ ရောက်နေသည့်အချိန်တွင် လော့ထျန်းတည်းဟူသော မျက်စိတမှိတ်အတွင်း အရှိန်အဟုန်ဖြင့် တိုးတက်လာနေသော အဖွဲ့တဖွဲ့သည် ထျန်းလန်သို့ ရောက်လာ‌ခဲ့သည်။ ဤအကွက်ကောင်းကို ချောင်းနေသော လီခေါင်းဆောင်ကြီးသည် ချက်ချင်းပင် ကျန်သူများနှင့် စုဝေးတိုင်ပင်ကာ မဟာမိတ်လက်ထပ်ပွဲ တစ်ခု ဖန်တီးရန် ဆုံးဖြတ်လိုက်ကြသည်။

သူတို့အကြံအောင်မြင်သည်ဟု ဆိုရမည်။ များမကြာမီမှာပင် လော့ထျန်းဘက်မှလဲ သဘောတူလက်ခံကြောင်း အကြောင်းပြန်လာသည်။ တစ်ခုတော့ရှိသည်။ သတို့သားလောင်းမှာ သူတို့ မျှော်လင့်ထားသော လင်ကျွင်းမဟုတ်၊ အခြားသူနှစ်ဦးထဲမှ ရွေးချယ်ရန် ပြန်အဆိုပြု‌လာသည်။ သို့ရာတွင်ကိစ္စမရှိပေ။ သူတို့အတွက်မူ လော့ထျန်းအဖွဲ့တည်းဟူသော အရှိန်အဝါ ရရုံဖြင့် ကျေနပ်‌ပေသည်။

ဤသို့အားဖြင့် လော့ထျန်းအဖွဲ့ ခေါင်းဆောင် လော့ချန်ကိုယ်တိုင် ကြီးမှူးသော ရာထူးကြီးခေါင်းဆောင်ပိုင်းအဖွဲ့သည် သူတို့ အိမ်တော်ထက်သို့ စေ့စပ်တောင်းရမ်းပွဲအတွက် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချလာတော့သည်။ လီအဘိုးကြီး၏ အချစ်ဆုံးမြေးမလေးအား တောင်းရမ်းရမည်ဖြစ်သဖြင့် များစွာသော လက်ဆောင်ပစ္စည်းများကိုပါ တပါတည်း ယူလာခဲ့လေသည်။

တောင်းရမ်းစေ့စပ်ပွဲမှာ ချောမွေ့စွာ ပြီးဆုံးသွားခဲ့သည်။ သတို့သားလောင်း မည်သူမည်ဝါမှန်း လူအများသိသွားချိန်တွင်မူ တီးတိုးဝေဖန်သံတချို့ ထွက်လာသည်။ အကြောင်းမူ သတို့သားလောင်းသည် လော့ထျန်းဝိညာဉ်ဆေးပင်အဖွဲ့မှ ကြီးကြပ်ရေးမှူး၊ တနည်းဆိုရသော် သာမာန် အဖွဲ့ဝင် တစ်ဦးမျှ ဖြစ်သော ယွမ်တုန်းရှန်း ဖြစ်နေသည်။ ထိုသူမှာ အကျင့်စာရိတ္တအနေဖြင့် အပြစ်ဆိုစရာမရှိသူ ဖြစ်သော်လည်း ဤမျှ မျိုးရိုး ဂုဏ်သရေရှိသော မိန်းမပျိုလေး လီယင်းကျွင်းတယောက် မထင်မရှား သာမည တစ်ဦးနှင့် လင်တော်ရမလို ဖြစ်နေသဖြင့် လူအများက မေးငေါ့ကြခြင်း ဖြစ်သည်။

သို့သော် နှစ်ဖက်စလုံးသည် ဘေးပတ်ဝန်းကျင်၏ ပြောဆိုသံများကို ဂရုမစိုက်ပေ။ သူတို့တွက်ကိန်းနှင့်သူတို့ ဖြစ်သည်။

….

လော့ချန်သည် အကြီးအကဲ လီကျင်ဟွမ်၏ အကြံကို ကောင်းကောင်းကြီး သိသည်။ စီမာရှန့်နှင့် လက်ဆက်ရန် သူ ပထမ ကမ်းလှမ်းခဲ့သော်လည်း လီအကြီးအကဲသည် ချက်ချင်းငြင်းပယ်ခဲ့သည်။ စီမာရှန့်သည် လော့ထျန်းတိုက်ခိုက်ရေးအဖွဲ့တွင် စစ်သည်တော်များအား စည်းရုံးရေးကောင်း၍ နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်သူအဖြစ် လူသိများသည်။ သို့ရာတွင် သူ၏ ကျင့်ကြံအဆင့်အား မြှင့်တင်နိုင်ရန် အချိန်နှင့် ငွေကြေးအရင်းအမြစ်များစွာ လိုအပ်နေသဖြင့် နောင်တစ်ချိန် လီမျိုးနွယ်စု၏ ပိုင်ဆိုင်မှုများကိုထိမှာ ကြောက်ကြသည်။

နောက်ထပ်တစ်ဦးမှာ ယွမ်တုန်းရှန်း ဖြစ်သည်။ လီအဘိုးကြီး၏ တွက်ကိန်းမှာ လူသိနည်း၊ ကျင့်ကြံဆင့်နိမ့်သူ ယွမ်တုန်ရှန်းသည် ခပ်အေးအေးသမား ဖြစ်သည်။ လော့ထျန်း၏ ရာနှင့်ချီသော ဝိညာဉ်ဆေးပင်စိုက်ခင်းများမှ လွဲ၍ ကျန်ကိစ္စများကို ဂရုမထားသူဟု အတွင်းသတင်းအရ သိရသည်။ ထို့ကြောင့် တနေ့ တနေ့ စိုက်ခင်းကိစ္စများနှင့်သာ နပန်းလုံးနေရသူသည် သူတို့ ပိုင်ဆိုင်မှုများအပေါ် လောဘတက်ချိန်ပင် ရှိမည်မဟုတ်ဟု တထစ်ချ တွက်ထားသည်။

ဆေးပင်များနှင့် ပတ်သတ်သည့် ဗဟုသုတများစွာကိုလဲ ကျမ်းကြေထားသူဖြစ်သဖြင့် ဆေးလုံး အရောင်းအဝယ်ဖြင့် အဓိကဝင်‌ငွေရနေသော လော့ထျန်းအဖွဲ့အတွက် အရေးမပါသူ မဖြစ်နိုင်ဟု ယူဆထားသည်။ သို့နှင့် ယွမ်တုန်းရှန်းအား သမက်တော်ရန် ရွေးချယ်လိုက်တော့သည်။

“တယ်လဲ အကြံကြီးတဲ့ မြေခွေးအိုကြီးပဲ.... " ဟု လော့ချန် စိတ်ထဲမှ ကျိတ် ကျိန်ဆဲလိုက်သည်။

…..

မင်္ဂလာပွဲနေ့၌ လော့ထျန်း၏ အဖွဲ့ချုပ်ခေါင်းဆောင် ဖြစ်နေသည့်အလျောက် လီအဘိုးကြီးနှင့် အတူတူထိုင်ကာ လောကွတ်စကားများကို ပြောနေရသည်။ သူတို့နှစ်ဦးသည် ဆူညံနေသော ဧည်ခန်းမကို ကျောခိုင်းကာ စာကြည့်ခန်းထဲသို့ ဝင်လာကြသည်။

စားပွဲတစ်ဖက်မှ ထိုင်နေသော လီအဘိုးကြီးသည် ငါးခူပြုံးပြုံးနေရင်း သူ့အားစကားစ လိုက်သည်။

“မောင်ရင်.... သုံးဆောင်ပါဦးကွာ၊ ဒီ ရေနွေးကြမ်းက ကျုပ်တို့ လီမျိုးနွယ်စုရဲ့ နာမည်ကြီးပဲဗျ"

လော့ချန် ပြုံးပြုံးလေးနှင့် ခေါင်းညိတ်ရင်း ကြွေခွက်ကိုမကာ ဖြည်းဖြည်းချင်း သောက်လိုက်သည်။ အဘိုးကြီး အမွှမ်းတင်သည့်အတိုင်းပင် ရေနွေးကြမ်းသည် ရနံ့ သင်းသင်းလေးနှင့် လည်ချောင်းထဲသို့ ပူနွေးစွာ စီးဝင်သွားသည်။ သူ ခွက်ကို အသာအယာ ပြန်ချရင်း ထိုရေနွေးကြမ်းအား ချီးမွမ်းခန်း ဖွင့်လိုက်သည်။

"အိုး.... အနံ့လေးက မွှေးနေတာပဲဗျာ.... အရသာကလဲ လတ်ဆတ်ပြီး ထူးခြား ပါပေတယ်၊ သောက်ပြီးရင်တောင် လျှာဖျားမှာ စွဲကျန်နေတာပဲ.... ဒန်ထျန်းနဲ့ ချီပင်လယ်ထဲမှာ နေရောင်ခြည်တွေ ပွင့်ထွက်လာသလို‌တောင် ခံစားရတယ်ဗျာ၊ အင်း.... ဒါကြောင့်လဲ လီမျိုးရိုးရဲ့ ရေနွေးကြမ်းရယ်လို့ နာမည်ကြီးတာပေကိုး…. ဆေးဖက်ဝင်ပစ္စည်းတွေကို ရေနွေးကြမ်းထဲ ပေါင်းစပ်ထားတာတော့ တကယ် အံ့ဩ လောက်ပါပေတယ်ဗျာ.... ”

လီအဘိုးကြီး ပီတိဖြာသွားသည်။

"ဟားဟား.... မောင်ရင်က တော်တော် နှံ့နှံ့စပ်စပ် သိတာပဲ၊ ကျုပ်နဲ့ အကောင်းကြိုက်တာချင်းတော့ တူသွားပြီဗျို့.... ”

လော့ချန်သည် နှိမ့်ချသော အပြုံးဖြင့် ပြန်လည် တုံ့ပြန်လိုက်သည်။ စင်စစ်မူ သူသည် ရေနွေးကြမ်းထက် အရက်ကို ပိုခုံမင်လေ့ရှိသူဖြစ်သည်။ စောစောက မြှောက်ပင့်ချက်များမှာ ဤ မင်္ဂလာပွဲမတိုင်ခင် လီမျိုးနွယ်စု၏ ဝါသနာနှင့် ဓလေ့ထုံးတမ်းများကို ဟွေ့နန်အား ကြိုစုံစမ်းခိုင်းကာ အလွတ်ကျက်ထားခြင်း ဖြစ်သည်။

အပြင်ဘက်မှ ရယ်မောသံများ၊ အရက်ခွက်ချင်းတိုက်သံများနှင့် သာယာသော တေးသံများ သဲ့သဲ့ပျံ့လွင့်နေလျှက် ရှိသည်။ လော့ချန် ဤမင်္ဂလာပွဲကို လာရောက်ရသည်မှာ အကြောင်းရှိသည်။ ထိုအကြောင်းသာ မရှိပါက ဤလောကဝတ်ကိစ္စများကို စီမာဟွေ့နန်လက်ထဲသို့သာ လွှဲထားခဲ့မည် ဖြစ်သည်။

"အကြီးအကဲရယ်.... ကျွန်တော်တို့ချင်းလဲ မဟာမိတ်တွေ ဖြစ်နေပြီဆိုတော့.... ပွင့်ပွင့်လင်းလင်း တစ်ခုလောက် ပြောချင်ပါတယ်.... "

လီကျင်ဟွမ်သည် ပြုံးနေရာမှ မျက်နှာတည်သွားကာ သူ့အားအကဲခတ်သလို ကြည့် လိုက်သည်။

"ဒီလိုရှိတယ် အကြီးအကဲရဲ့.... ထျန်းလန်နတ်ဘုရားမြို့တော်ရဲ့ လေလံပွဲကို ကျွန်တော် တစ်ခါမှ မရောက်ဖူးဘူး.... ဒီတစ်ခါပွဲကို ကျွန်တော်တက်ချင်တယ်.... ဒါပေမဲ့ ပွဲတက်ခွင့်ရဖို့ ဘယ်လိုထုံးစံလေးတွေ ရှိပြီး ဘယ်သူ့ကိုဆက်သွယ်ရလဲ မသိဘူး ဖြစ်နေတယ်ဗျာ၊ အဲ့ဒါကြောင့် အပန်းမကြီးဘူးဆို ကျွန်တော့်ကို နည်းပေးလမ်းပြလေးလုပ်ပေးလို့ ရမလားလို့လေ.... "

လီကျင်ဟွမ်သည် ထျန်းလန်နတ်ဘုရားမြို့တော်တွင် နှစ်ပေါင်းနှစ်ရာကျော် ကျင်လည်ခဲ့သူ ဖြစ်သည်။ ထိုသူမျိုးသည် အတွေ့အကြုံများကာ မိတ်ဆွေ အဆက်အသွယ်လည်း ပေါများမည် မလွဲပေ။ လက်ရှိတွင် လီအဘိုးကြီးသည် မီးစာကုန်ဆီခမ်း ဘဝနေဝင်ချိန်နီးနေပြီဖြစ်ကာ သူ၏ ကျန်မျိုးနွယ်ဝင်များသည်လည်း လော့ချန်၏ အကာအကွယ်ကို ရယူရတော့မည် ဖြစ်သည်။ သို့ဖြစ်လေရာ လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားရန် အကြောင်းမရှိလောက်ပေ။

ရှီပေါ်ရင်း သို့မဟုတ် ရွှမ်ယွင်ကျီတို့နှင့် နှိုင်းယှဉ်လျှင် မိမိနှင့် အကျိုးစီးပွား တိုက်ရိုက်ပတ်သက်နေသော လီကျင်ဟွမ်ကဲ့သို့ လူမျိုး၏ စကားကို လော့ချန် ပို ယုံသည်။

သူထင်သည့်အတိုင်းပင် လီကျင်ဟွမ်သည် လော့ချန် မသိသေးသော အကြောင်းအရာများကို ရှင်းပြလာတော့သည်။

“ဪ…. ရပါတယ် မောင်ရင်ရယ်၊ တကယ်တော့ ဒီမြို့ရဲ့ လေလံပွဲကို ကျောက်စိမ်းအိုး ဓားဂိုဏ်းတစ်ခုတည်းက ဦးဆောင်ကျင်းပတာ မဟုတ်ဘူး၊ များသောအားဖြင့် အင်အားကြီးဂိုဏ်း နှစ်ခု ပူးပေါင်းပြီး လုပ်ကြတာ၊ ဒီလောက်ကြီးတဲ့ပွဲမျိုးဆိုတော့ ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေ ပါလာမှာကတော့ အသေအချာပဲ"

ထို့နောက် သူ အနည်းငယ် ရှေ့တိုးလာပြီး နှစ်ကိုယ်ကြားလေသံဖြင့် ဆိုသည်။

"ဒါပေမဲ့ သတိထားရမယ့် တားမြစ်ချက်တစ်ခုတော့ ရှိတယ်.... တကယ်လို့ ရွှေအမြုတေအဆင့် လူကြီးမင်းတစ်ယောက်က ပစ္စည်းတစ်ခုခုကို သဘောကျသွားပြီဆိုရင်.... ကျုပ်တို့လို အခြေတည်အဆင့် ကျင့်ကြံသူတွေက ဘယ်လောက်ပဲ ချမ်းသာချမ်းသာ၊ လေလံပြိုင်မဆွဲတာ အကောင်းဆုံးပဲ၊ မဟုတ်ရင် အသက်ပါ ဆုံးရှုံးရလိမ့်မယ်"

"အလိုဗျာ.... အဲဒီလိုမျိုးတွေ တကယ် ဖြစ်ခဲ့ဖူးတာလား အကြီးအကဲရဲ့"

"ဖြစ်ခဲ့ဖူးတာပေါ့ကွာ”

လီကျင်ဟွမ်က ခေါင်းညိတ်ပြသည်။ ထိုစဉ်က အင်အားကြီးအဖွဲ့တစ်ခုသည် သူတို့၏ ကြီးမားသော ဓနအင်အားကို အသုံးပြု၍ ရွှေအမြုတေ ကျင့်ကြံသူတစ်ဦးထက် ပို၍ ဈေးပေးကာ လေလံဆွဲခဲ့သည်။ သူတို့ အောင်မြင်ခဲ့သော်လည်း ရလဒ်အနေနှင့် ထိုအဖွဲ့တစ်ခုလုံးမှာ ဒေါသထွက်နေသော ရွှေအမြုတေအဆင့် ကျင့်ကြံသူ၏ တစ်ချက်တည်းသော တိုက်ခိုက်မှုအောက်တွင် ပြာကျသွားခဲ့ရသည်။ ထျန်းလန်နတ်ဘုရားမြို့တော်ကလည်း ထိုကိစ္စနှင့် ပတ်သက်ပြီး မည်သည့် ရှင်းပြချက်မျှ မပေးခဲ့သလို ထိုရွှေအမြုတေ ကျင့်ကြံသူကိုလည်း အပြစ်ပေးရန် မကြိုးစားခဲ့ပေ။

လီအဘိုးကြီးက သက်ပြင်းတစ်ချက် ခပ်ပြင်းပြင်းချရင်း မျက်လုံးများက အတိတ်တစ်ခုဆီသို့ ပြန်မြင်ယောင်နေဟန်ဖြင့် လွန်ခဲ့သော ဆယ်စုနှစ်များစွာက ဖြစ်ရပ်တစ်ခုကို ပြန်ပြောပြသည်။

"လွန်ခဲ့တဲ့ ဆယ်နှစ်ကပေါ့.... ကျုပ်မျက်စိရှေ့တင် ဖြစ်ခဲ့တဲ့ ကိစ္စတစ်ခု ရှိဖူးတယ်၊ အဲ့ဒီတုန်းက အတော်လေးချမ်းသာတဲ့ အင်အားကြီးအဖွဲ့တစ်ခု ရှိတယ်၊ သူတို့ငွေအင်အားနဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ထက် ဈေးအဆမတန် ပိုပေးပြီး လေလံပစ္စည်းကို အနိုင်ဆွဲသွားခဲ့တာပေါ့"

လီအဘိုးကြီး၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ရင်လာပြီး လေသံကလည်း တိုးဖျော့သွားကာ ဆက်ပြောသည်။

"သူတို့ လေလံပွဲမှာ နိုင်သွားတာတော့ မှန်တယ်၊ ဒါပေမဲ့.... ရလဒ်က ဘာလဲသိလား…. လေလံပွဲပြီးတာနဲ့ အဲ့ဒီဒေါသထွက်နေတဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူက လက်တစ်ချက်ပဲ ဝှေ့ယမ်းလိုက်တာ.... အဲ့အဖွဲ့တစ်ခုလုံး နေရာမှာတင် ပြာကျသွား‌ရောပဲ.... တစ်ယောက်မှ မလွတ်ခဲ့ဘူး"

ထို့နောက် လီအဘိုးကြီးက ခါးသက်သက် အပြုံးတစ်ခုနှင့် ခေါင်းကို ခါယမ်းလိုက်ရင်း

"ပိုဆိုးတာက.... ဒီ ထျန်းလန်အုပ်ချုပ်ရေးပိုင်းကလည်း အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာရှင်းပြချက်မှ မပေးသလို အဲ့ဒီ ရွှေအမြုတေအဆင့် ကျင့်ကြံသူကိုလည်း အပြစ်ပေးဖို့ မကြိုးစားဝံ့ခဲ့ဘူးလေ၊ အဲဒါကြောင့် ကျုပ်ပြောတာ.... အင်အားကြီးသူတွေရဲ့ ဒေါသကို ဘယ်လိုနည်းနဲ့မှ သွားမဆွမိစေနဲ့ မောင်ရင်ရယ်…. ကျုပ်တို့ မောင်ရင်တို့လို အခြေတည် ကျင့်ကြံသူတွေက ရွှေအမြုတေ အဆင့်တက်ဖို့ အထောက်အကူရမယ့် ရတနာတွေတွေ့ရင် လေလံဆွဲချင်ကြတာပေါ့.... ဒါပေမဲ့ မောင်ရင်.... အခြေခံတည်အဆင့် နှောင်းပိုင်းလောက်ထိ မရောက်သေးဘူးဆိုရင်တော့.... အဲ့ဒီလို အပြိုင်အဆိုင်တွေထဲ ဝင်မပါတာ အကောင်းဆုံးပဲ"

လော့ချန်က မျက်မှောင်ကြုတ်လိုက်ရင်း ဖြတ်မေးလိုက်သည်။

"ဒါဆို.... ပွဲအပြီးမှာ ရတနာ လေလံ‌အောင်တဲ့ပစ္စည်း လုတာမျိုးလည်း ရှိမှာပေါ့နော် အကြီးအကဲ.... ”

"အမလေး.... သေချာတာပေါ့ကွာ.... အဲ့ဒါကတော့ ရှောင်လွှဲဖို့ ခက်တာ အမှန်ပဲ.... ဒါပေမဲ့ တကယ့်အန္တရာယ်က အောက်ခြေကလူတွေ မဟုတ်ဘူး.... အပေါ်က ရွှေအမြုတေဂိုဏ်း ကြီးတွေဆီကလာတာ၊ အရင်က ခြောက်ဂိုဏ်း ရှိခဲ့ပေမဲ့ အခုတော့ ငါးဂိုဏ်းပဲ ကျန်တော့တယ်လေ.... သူတို့ရဲ့ ထောက်ခံမှု၊ သူတို့ပေးတဲ့ အခွင့်အရေး မရဘဲနဲ့တော့.... ရွှေအမြုတေအဆင့်ကို တက်လှမ်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး"

လီအဘိုးကြီးသည် စကားစ ခဏဖြတ်ကာ စားပွဲခုံကို လက်ချောင်းများဖြင့် တတောက်တောက် အသာအယာ ခေါက်နေရင်း ဆက်ပြောသည်။

"ကျုပ်လည်း ဒီလိုအတွင်းရေး ကိစ္စတွေအကုန်တော့ မသိပါဘူး၊ ဒါပေမဲ့ မောင်ရင်က အသက်ငယ်ငယ်နဲ့ ဒီအဆင့်အထိတောင် ရောက်နေပြီဆိုတော့.... အချိန်တန်ရင် ဒိလိုကိစ္စတွေ မင်းဘာသာ မသိချင်မှအဆုံး သိလာရမှာပါ"

လော့ချန်၏ ရင်ဘတ်ထဲတွင် အပူလုံးကြီး လှိုက်တက်လာသယောင်ပင် ခံစားလိုက်ရသည်။

"အကြီးအကဲပြောသလို.... အဲ့ဒီဂိုဏ်းကြီးတွေကပဲ အကုန်ချုပ်ကိုင်ထားတာဆိုရင်၊ ဒီလေလံပွဲမှာရောင်းမယ့် အဆင့်မြင့်ပစ္စည်းတွေက တကယ်တမ်း ဘယ်သူတွေအတွက်လဲ၊ ဒီလို တဖက်သတ်အနိုင်ကျင့်ချင်မှတော့ ဘာလို့ လေလံပွဲဆိုပြီး ခေါင်းစဉ်တပ်နေကြသေးလဲဗျာ"

"ဪ…. မောင်ရင်ရယ်.... ရွှေအမြုတေအဆင့် ရောက်ခါနီး ကျင့်ကြံသူတွေ၊ အခြေတည်အဆင့်နှောင်းပိုင်းသမားတွေနဲ့.... အင်အားကြီးဂိုဏ်းတွေနဲ့ အဆက်အသွယ်ရှိတဲ့သူတွေ အတွက်ပေါ့"

လီကျင်ဟွမ်က အဖြေပေးရင်း လော့ချန်ကို အကဲခတ်သလို စူးစိုက်ကြည့်လိုက်သည်။

"ဒါနဲ့ မောင်ရင်.... မင်းက ရေခဲခံတပ်က လူတွေနဲ့ အတော်လေး ရင်းနှီးတယ်မလား၊ အဲ့ဒီအဆက်အသွယ်က မင်းအတွက် အခွင့်အရေးကောင်းတွေ ရလာစေနိုင်တယ်နော်"

လော့ချန်သည် ဘာမှပြန်မပြောဘဲ ခေါင်းကိုသာ အသာအယာ ညိတ်ပြလိုက်သည်။ သို့ရာတွင် သူ့ဝမ်းနာ သူသာသိသဖြင့် စိတ်ထဲမှ သက်ပြင်းအကြိမ်ကြိမ် ချနေမိသည်။ စင်စစ်မူ သူ ရင်းနှီးသည်မှာ ရေခဲခံတပ်တစ်ခုလုံး မဟုတ်ဘဲ ထန်ထိုက်ကျင်း တစ်ယောက်တည်းသာ ဖြစ်သည်။ အကယ်၍ ရွှေအမြုတေ ဖြစ်တည်ခြင်းဆိုင်ရာ ရတနာများသာ လေလံပွဲတွင် တကယ်ထွက်လာပါက ထန်ထိုက်ကျင်းသည်ပင် သူ့အတွက် အကြီးမားဆုံး ပြိုင်ဘက် ဖြစ်လာနိုင်‌ပေသည်။

လီကျင်ဟွမ်သည် လော့ချန်၏ အတွေးလွန်နေသည်ကို ရိပ်မိသွားကာ နားလည်သည့် အပြုံးမျိုး ပြုံးလိုက်ရင်း စကားလမ်းကြောင်းကို ချက်ချင်း ပြောင်းလိုက်သည်။

"ဒါနဲ့.... စကားမစပ်.... မောင်ရင် အခြေတည်ဆေးလုံးတွေကိုရော စိတ်မဝင်စားဘူးလား၊ ကြားရသလောက်.... မောင်ရင်က အဲ့ဒီ ခွဲတမ်း လိုချင်နေတယ်ဆို.... ”

‘ခွဲတမ်း….’

ထိုစကား ကြားလိုက်ရုံနှင့် လော့ချန် စိတ်လှုပ်ရှားသွားသည်။ ၎င်းမှာ သူ လီအဘိုးကြီးဆီသို့ တကူးတက လာခဲ့ရခြင်း၏ အဓိက အကြောင်းရင်းပင် ဖြစ်တော့သည်။

….

လော့ချန်သည် ယခင် တာဟဲလေလံပွဲတွင် မြင်ခဲ့ရသည့် မြင်ကွင်းကို ပြန်လည်တွေးတောမိလေသည်။

ထိုစဉ်က အခြေတည်ဆေးလုံးများကို သူတို့ မည်သို့ ခွဲဝေခဲ့ကြသနည်း။ အဖြေမှာ စိတ်ပျက်စရာကောင်းသည်။ လေလံပွဲတစ်ခုလုံးတွင် ဆေးလုံးတစ်လုံးတည်းကိုသာ တစ်ကိုယ်တော်ကျင့်ကြံသူများအတွက် သနားကရုဏာစိတ်ဖြင့် ချန်ပေးထားတတ်ကြပြီး ကျန်ဆေးလုံးများကို အင်အားကြီးအဖွဲ့ လေးစုမှ မောင်ပိုင်စီး ခွဲဝေယူသွားခဲ့ကြသည်။ ထိုအဖွဲ့များ၏ နောက်ကွယ်တွင် ကြိုတင်ဇာတ်တိုက် ညှိနှိုင်းထားကြသည်မှာ လယ်ပြင်တွင် ဆင်သွားသကဲ့သို့ သိသာထင်ရှားလွန်းလှသည်။

နယ်မြေ ဒေသကွာခြားမှုအရ စည်းကမ်းချက်များနှင့် ဓလေ့ထုံးတမ်းများ အသေးစိတ် ကွဲပြားနိုင်သော်လည်း အဆုံးသတ်ရလဒ်မှာမူ အတူတူပင် ဖြစ်ပေလိမ့်မည်။ ယခု ထျန်းလန် နတ်ဘုရားမြို့တော်သည်လည်း ထိုအမှောင်ရိပ်များအောက်မှ ချွင်းချက် ဖြစ်နေလိမ့်မည်မဟုတ်သည်မှာ ဧကန်မုချပင်။

လော့ချန်သည် ဤအကြောင်းကိစ္စကို ချူခွေးထံတွင် ကြိုတင်မေးမြန်း စုံစမ်းဖူးခဲ့သည်။ ထို့ကြောင့်လည်း လေလံပွဲတွင်ရောင်းချမည့် ဆေးလုံးများသည် ပွဲမစခင် ရက်များကတည်းက ကြိုတင် ခွဲတမ်း‌ချပြီးသားမှန်း သူသိနေခြင်းဖြစ်သည်။ ထို ဆေးလုံး ခွဲတမ်းများအား ဤမြို့တွင် နှစ်ပေါင်းငါးဆယ်နှင့် အထက် အခြေချနေထိုင်လျက်ရှိ‌သော ဝါရင့်အင်အားစုကြီးများအား ပေးလေ့ရှိကြောင်းကိုလည်း သူ အသေအချာ အတည်ပြုထားပြီးသား ဖြစ်သည်။

သူတို့ လော့ထျန်းအဖွဲ့ကဲ့သို့ အသစ်တက်လာသော အဖွဲ့ငယ်လေးများမှာမူ ထိုသူတို့၏ မျက်စိထဲ ထည့်သွင်းစဉ်းစားခံရမည်မဟုတ်ပေ။ အကယ်၍ လော့ထျန်းဘက်မှ ဆေးလုံးတစ်လုံးကို အသည်းအသန် လိုချင်သည်ဆိုပါက ကံဆိုးလှသော တစ်ကိုယ်တော်ကျင့်ကြံသူများနှင့်သာ လုံးလားထွေးလား ဝင်ရောက်ပြိုင်ဆိုင်ကြရပေလိမ့်မည်။ ထိုသို့ပြိုင်ဆိုင်ရာတွင် ငွေအပုံလိုက် ပေးရရုံတင်မက ခွဲတမ်း ချပြီးသား ဆေးလုံးအား မသိလိုက်ဘဲ လေလံဆွဲမိလျှင် ရွှေအမြုတေဂိုဏ်းကြီးများကိုပါ အမှတ်မထင် စော်ကားသလို ဖြစ်မည်ကိုလည်း စိုးရိမ်ရသေးသည်။

လော့ချန်သည် စားပွဲတစ်ဖက်မှ လူကို ကြည့်ရင်း အားနာဟန်ဖြင့် ပွင့်ပွင့်လင်းလင်းပင် ဝန်ခံလိုက်တော့သည်။

"အကြီးအကဲကို မညာတော့ပါဘူးဗျာ၊ ကျွန်တော့်အတွေးတွေကို အကြားအမြင်ရနေသလိုပါပဲလား.... ”

လီကျင်ဟွမ်က လော့ချန်၏ အခြေအနေကို စာနာနားလည်ပေးဟန်ဖြင့် သက်ပြင်း ခပ်ဖွဖွချလိုက်ရင်း လေးလေးနက်နက်ပြောသည်။

"ကိုင်း.... ဒါဆိုရင်လည်း.... ဒီတစ်ခေါက် ကျုပ်တို့ လီမျိုးနွယ်စုအတွက် ခွဲတမ်းကို မောင်ရင့်ကိုပဲ ပေးလိုက်ပါ့မယ်.... အဲ.... ဈေးကတော့ အခြေတည်ဆေးလုံး တစ်လုံးကို ဝိညာဉ်ကျောက်တုံး ငါးထောင်လောက်တော့ရှိမယ်.... "

"ဗျာ.... အဲ့ဒီလောက်တောင် ဈေးကြီးတာလား.... "

လော့ချန် အံ့ဩတုန်လှုပ်သွားရင်း မျက်လုံးပြူးသွားသည်။ အကြောင်းမူကား သူ သိထားသရွေ့ တာဟဲဘက်တွင် အခြေတည်အဆင့် ကျင့်ကြံသူအချင်းချင်း လက်တို့ကာ မှောင်ခိုရောင်းချကြသော ဈေးသည် အလွန်ဆုံးရှိမှ ဝိညာဉ်ကျောက်တုံး နှစ်ထောင်ဝန်းကျင်သာ ရှိခဲ့ဖူးသောကြောင့် ဖြစ်သည်။

"မောင်ရင်ရယ်.... အခြေတည်ဆေးလုံး ဆိုတာမျိုးက ဘယ်ခေတ်ဘယ်အခါပဲဖြစ်ဖြစ် အမြဲတမ်း တန်ဖိုးတက်နေတဲ့ အရာပဲလေ၊ ပြီးတော့ အဲ့ဒီဆေးလုံးအများစုက ဝိညာဉ်သန္ဓေတည်အဆင့်ရှိတဲ့ ဂိုဏ်းကြီးတွေဆီကနေ တိုက်ရိုက်ဆင်းလာတာမျိုးကွဲ့.... ဒီတစ်ကြိမ် လေလံပွဲမှာဆိုရင်.... တိမ်ပြိုဂိုဏ်းနဲ့ ဆေးဘုရင်ဂိုဏ်းဘက်က တရားဝင် ခွဲတမ်းချပေးထားတာ၊ မောင်ရင်သိတဲ့အတိုင်း.... ကျုပ်တို့ လီမျိုးနွယ်စုအနေနဲ့လည်း ကိုယ့်ခွဲတမ်းကို ပြန်ရောင်းရင် တိမ်ပြိုဂိုဏ်းရဲ့ မျက်နှာကိုလည်း ထောက်ထားရဦးမယ် မဟုတ်လား.... "

ထိုနောက်ဆုံးစကားတစ်ခွန်းကပင် နောက်ကွယ်မှ အမှန်တရားအားလုံးကို အထင်အရှား ဖော်ပြနေတော့သည်။

တိမ်ပြိုဂိုဏ်း ဆိုသည်မှာ ကျင့်ကြံခြင်းလောကတွင် ဝိညာဉ်သန္ဓေတည်အဆင့်သို့ အသစ်တက်လှမ်းထားသော အရှိန်အဝါကြီးမားလှသည့် ဂိုဏ်းတစ်ဂိုဏ်း ဖြစ်သည်။ ယခုလည်း သူတို့၏ မဟာမိတ်ဖြစ်သော ဆေးလုံးစိမ်းချိုင့်ဝှမ်းနှင့်အတူ ဤလေလံပွဲကြီးကို ပူးပေါင်းကျင်းပခြင်း ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူတို့ဘက်မှ အဖိုးတန်ဆေးလုံးများကို လေလံပွဲထဲ ထည့်ဝင်ပေးလာခြင်းမှာ အမှန်စင်စစ်အားဖြင့် ဂိုဏ်း၏ ဩဇာတိက္ကမနှင့် အရှိန်အဝါကို လောကသို့ ထုတ်ဖော်ပြသခြင်း သက်သက်သာ ဖြစ်သည်။

လော့ချန်သည် ထိုနောက်ကွယ်မှ ဂိုဏ်းအချင်းချင်း အာဏာချင်း ပြိုင်ဆိုင်သော ရှုပ်ထွေးမှုများကို ဆက်ပြီး ခေါင်းခြောက်မခံတော့ဘဲ ဘေးဖယ်ထားလိုက်သည်။ အများမိုးခါးရေ သောက်ပါက သူလည်း လိုက်သောက်ရမည်သာ ဖြစ်သည်။

"ဒါနဲ့.... နောက်တစ်ခု ရှိသေးတယ် မောင်ရင်.... လေလံပွဲကြီး မစခင်မှာ မြို့ထဲမှာ အထူးဈေးရောင်းပွဲတော် တစ်ခု ကျင်းပလိမ့်မယ်၊ အဲ့ဒီဈေးပွဲ‌တော်က ကျုပ်တို့လို အခြေတည် အင်အားစုတွေအတွက်တော့ လွတ်လွတ်လပ်လပ် အရောင်းအဝယ်လုပ်ပြီး စီးပွားရှာလို့ရမယ့် ရှားရှားပါးပါး အခွင့်အရေးကြီးပဲကွဲ့၊ မောင်ရင် ဒါကိုတော့ လက်လွတ်မခံသင့်ဘူးနော်"

လော့ချန်က ခေါင်းညိတ်ပြရင်း သတင်းပေးသည့်အတွက် ကျေးဇူးတင်စကားဆိုလိုက်သည်။ အမှန်တွင် တာဟဲလေလံပွဲ မကျင်းပမီ ရက်ပိုင်းအလိုတွင် ကျောက်စိမ်းအိုးဓားဂိုဏ်းမှ ဈေးပွဲတော် ကျင်းပပေးခဲ့သဖြင့် သူ ဤထုံးစံနှင့် ရင်းနှီးပြီးဖြစ်သည်။ ထို့နောက်တွင် သူတို့နှစ်ဦးသည် ကျင့်ကြံခြင်းလမ်းစဉ်အကြောင်းများနှင့် အခြေတည်အဆင့်၏ ထိုးထွင်းသိမြင်မှု၊ အတွေ့အကြုံများကို အချိန်တော်တော်ကြာအောင် ဆက်လက်နှီးနှောဖလှယ် ဖြစ်ခဲ့ကြသည်။

စကားဝိုင်း အတော်လေး ကြာလာပြီးနောက်တွင် လီကျင်ဟွမ်၏ မျက်နှာထက်တွင် ဇရာ၏ သဘောအရ ပင်ပန်းနွမ်းနယ်နေဟန်ကို လော့ချန်မြင်လိုက်ရသဖြင့် အလိုက်သိစွာဖြင့် နှုတ်ဆက်စကားပြောကာ ပြန်ခဲ့တော့သည်။

….

လော့ချန် ထွက်ခွာသွားပြီးနောက်တွင် လီကျင်ဟွမ်သည် တစ်ကိုယ်လုံး နုံးချိ အားအင်ကုန်ခမ်းနေပြီ ဖြစ်သဖြင့် မိမိကိုယ်ကို အားတင်းကာ သတိမလွတ်စေရန် အပြင်းအထန် ကြိုးစားနေသည်။

ထိုစဉ်မှာပင် အခန်းတံခါးဝဆီမှ ခြေသံဖွဖွနှင့်အတူ မိန်းမချောလေး တစ်ဦး အခန်းထဲသို့ ဝင်ရောက်လာခဲ့သည်။

"အဘိုး.... "

သူမက လေသံတိုးတိုးလေးဖြင့် ရိုသေစွာ နှုတ်ဆက်လိုက်သည်။

"ဪ.... သမီးလေး ရောက်လာပြီလား၊ ဒါနဲ့.... သတို့သားနဲ့ရော ပြောရဆိုရတာ အဆင်ပြေရဲ့လား "

လီကျင်ဟွမ်က မျက်လုံးကို အသာဖွင့်ရင်း မေးလိုက်သည်။ လီယင်းကျွင်းသည် သူမ၏ နှုတ်ခမ်းအစုံကို အသာအယာ ကိုက်လိုက်မိရင်း ရှက်သွေးဖြန်းကာ ခေါင်းညိတ်ပြရှာသည်။

"ပြေပါတယ် အဘိုး…. ကြည့်ရသလောက်.... သူက လူကောင်းတစ်ယောက်ပါ.... ”

"အင်း.... ဒါနဲ့ သူနဲ့ လော့ချန် ဆက်ဆံရေးကရော.... ဘယ်လိုရှိလဲ အကဲခတ်မိလား သမီးလေး"

လီကျင်ဟွမ်က စူစမ်းလိုသော အကြည့်များဖြင့် ထပ်မေးလာသည်။ လီယင်းကျွင်းသည် ချက်ချင်းမဖြေဘဲ ခေတ္တမျှ တွန့်ဆုတ်နေပြီးမှ ပြန်ပြောင်းသတိရဟန်ဖြင့် ဆိုသည်။

"ဟုတ်ကဲ့.... သမီးထင်တာတော့ တကယ် ရင်းနှီးတဲ့ ဆက်ဆံရေးမျိုးပါပဲ အဘိုး၊ သူတို့က ဟိုးအရင်ထဲက သိကျွမ်းခဲ့တာတဲ့၊ ခေါင်းဆောင်လော့ အဖွဲ့စထောင်တုန်းက ယွမ်မိသားစုဘက်က အများကြီး ကူညီဖူးတယ်လို့ ကြားရပါတယ်.... သေချာတာကတော့.... အဘွားယွမ် ဆုံးတုန်းက ခေါင်းဆောင်လော့ကိုယ်တိုင် သင်္ဂြိုဟ်ရာ‌ကို လိုက်ပို့ပေးခဲ့တာပဲ၊ ဈာပနအခမ်းအနားကိုပါ ခမ်းခမ်းနားနား ကျင်းပပေးဖို့ လော့ထျန်းအဖွဲ့ တစ်ခုလုံးကို အမိန့်ပေးခဲ့တာဆိုတော့.... သူတို့ကြားက သံယောဇဉ်က မသေးလှဘူးလို့ ပြောရမှာပါ အဘိုး.... ”

“အိမ်း.... ဒါဆိုရင်တော့.... ဟုတ်ပြီ”

ထိုခိုင်မာလှသော အချက်အလက်ကို ကြားလိုက်ရခါမှ အဘိုးအိုကြီး၏ ရင်ထဲတွင် ခဲဆွဲထားသမျှ ဝန်ထုပ်ဝန်ပိုးကြီး ကျသွားသကဲ့သို့ တစ်ကိုယ်လုံး စိတ်အေးလက်အေး ရှိသွားတော့သည်။

ယနေ့ မတိုင်ခင်အထိ အဘိုးအို၏ စိတ်ထဲတွင် အခြားသော အစီအစဉ်အချို့ တွေးတောထားမိသေးသည်။ သို့သော်လည်း လော့ချန်နှင့် လူကိုယ်တိုင် သေချာတွေ့ဆုံ စကားပြောပြီးသည့် နောက်တွင်မူ ထိုစိတ်ကူးအကြံအစည်များ မလိုအပ်တော့ပေ။

ထို့အပြင် ဤလူရွယ်သည် အသက်အရွယ်အားဖြင့် ငယ်ရွယ်လှသော်လည်း သူ၏ အပြုအမူ အပြောအဆိုတိုင်းမှာ တည်ငြိမ်ရင့်ကျက်ပြီး အားကိုးထိုက်လွန်းလှသည်။ လီမျိုးနွယ်စု၏ မဟာမိတ် ဆိုပါက မည်သည့်ကျင့်ကြံသူမျှ သူ့မျက်စိအောက်တွင် ဆူပူသောင်းကျန်းရဲကြလိမ့်မည် မဟုတ်ချေ။

မိမိ၏ မြေးမလေးကို လော့ထျန်းအဖွဲ့ နှင့် ပတ်သက်ဆက်နွှယ်စေခြင်းအားဖြင့် မျိုးနွယ်စု အရေးကြုံပါက အကောင်းဆုံး ထွက်ပေါက် ဖြစ်ပေလိမ့်မည်။

ဇရာ ကြီးရင့်လှပြီဖြစ်သော အဘိုးဖြစ်သူမှာ ယခုတိုင်အောင် မျိုးနွယ်စုအရေးအတွက် အားကုန်ခမ်းမတတ် ကြိုးပမ်းရုန်းကန်နေရသည်ကို မျက်ဝါးထင်ထင် မြင်တွေ့ရသောအခါ လီယင်းကျွင်း၏ မျက်နှာထက်တွင် မျက်ရည်ဝဲလျက် ဝမ်းနည်းကြေကွဲမှုနှင့် မိမိကိုယ်ကို အပြစ်တင်စိတ်များ အတိုင်းထက်အလွန် ပေါ်လာရတော့သည်။

"ကျွန်မတို့လို မြေးတွေက.... ဖျင်းလွန်းလို့ အဘိုး အခုလို အသက်ကြီးတဲ့အထိ ပင်ပင်ပန်းပန်း လှုပ်ရှားနေရတာပါ၊ ကျွန်မ စိတ်မကောင်းဘူး အဘိုးရယ်.... "

လီကျင်ဟွမ်က ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းလိုက်ရင်း လေသံကို အောက်ချ၍ ဆိုရှာသည်။

"မဟုတ်တာ သမီးရယ်.... ဒါက သမီးတို့ရဲ့ အပြစ်မဟုတ်ပါဘူး၊ အမှန်အတိုင်း ဖွင့်ပြောရရင်.... သမီးတို့မောင်နှမတွေထဲက တစ်ယောက်ယောက်က ဒီနေ့ပဲ အခြေတည်အဆင့်ကို ချက်ချင်း တက်လှမ်းနိုင်ခဲ့ရင်တောင်မှ.... အဘိုးကတော့ လော့ထျန်းအဖွဲ့ နဲ့ မဟာမိတ်ဖွဲ့ဖြစ်အောင် ဖွဲ့ဖို့ ကြိုးစားမိမှာပဲ"

လီယင်းကျွင်းမှာ အဘိုးဖြစ်သူ၏ စကားကြောင့် ဇဝေဇဝါဖြစ်ကာ လွှတ်ကနဲ မေးမိတော့သည်။

"ဟင်.... ဘာလို့များလဲ အဘိုးရယ် "

လီကျင်ဟွမ်က သက်ပြင်းရှည်ကြီး ချလိုက်မိသည်။

"အိမ်း.... သမီးရဲ့ အမြင်က ကျဉ်းလွန်းသေးတယ်ကွဲ့၊ ခုအချိန်မှာ ကျောက်စိမ်းအိုးနယ်မြေ တစ်ခုလုံးရဲ့ အခြေအနေတွေက နောက်ကွယ်မှာ အကြီးအကျယ် ပြောင်းလဲနေပြီ၊ အဘိုးတို့ ချင်းဟွာမြစ် လီမျိုးနွယ်စုလို အင်အားစုအသေးလေးက ဒီလောက်ပြင်းထန်တဲ့ စစ်ပွဲ မုန်တိုင်းဒဏ်ကြားမှာ အခြေတည် ကျင့်ကြံသူ တစ်ယောက်၊ နှစ်ယောက်တည်း ရှိရုံနဲ့ ဘယ်လိုမှ တောင့်ခံရပ်တည်နိုင်မှာ မဟုတ်ဘူးကွဲ့"

လီယင်းကျွင်း ထိတ်လန့်တုန်လှုပ်သွားရင်း အံ့ဩတကြီး မေးလိုက်သည်။

"အဘိုး.... အဘိုး ပြောချင်တာက အထက်က ဝိညာဉ်သန္ဓေတည်အဆင့် ဂိုဏ်းကြီးတွေကြားက အားပြိုင်ပဋိပက္ခကို ပြောတာလားဟင်"

"ဟုတ်တယ် သမီး"

"ဒါပေမဲ့.... ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ အခြေအနေတွေက အတော်လေး ပြန်ငြိမ်သက်သွားပြီ မဟုတ်လား အဘိုး"

လီကျင်ဟွမ်၏ နှုတ်ခမ်းဖျားတွင် ခါးသက်သက် လှောင်ပြုံးတစ်ခု ယှက်သန်းသွားသည်။

"ပြန်ငြိမ်သက်သွားပြီ ဟုတ်လား.... ဝေးသေးတယ်သမီး၊ နောက်ထပ် ဆယ်စုနှစ် လောက်ထိ ငြိမ်နေတယ်ထားဦး၊ တကယ့် အဓိကဇစ်မြစ် ပြဿနာက ဘယ်တုန်းကမှ မပြေလည်ခဲ့ဘူးလေ"

လီယင်းကျွင်းက မရေမရာနှင့် နားမလည်နိုင်စွာ ဘဝင်မကျဖြစ်ရင်း

"အဘိုးရယ် သမီး နားမရှင်းဘူး ဖြစ်နေတယ်၊ ပြဿနာရင်းမြစ်က ဟို ရာဇဝင်အဆက်ဆက်က အငြိုးအတေးတွေကြောင့် မပြေလည်နိုင်ကြတာလားဟင်"

"မဟုတ်ဘူး သမီး.... အဲ့ဒီအငြိုးအတေးတွေက ဘာမှမဟုတ်ဘူး၊ ဘယ်ဂိုဏ်းမဆို စစ်ပွဲမှာတိုက်ရင် သွေးတွေအသက်တွေ စတေးရတာ ဓမ္မတာပဲ၊ တကယ့် ပြဿနာက.... ဒီ ကျောက်စိမ်းအိုးနယ်မြေဟာ ဝိညာဉ်သန္ဓေတည်အဆင့် ဂိုဏ်းကြီးနှစ်ခုကို တစ်ပြိုင်တည်း လက်ခံထားနိုင်လောက်အောင်.... မြေမကျယ်တာပဲ သမီး.... တိုက်ပွဲတွေက ပြန်ဖြစ်လာဦးမယ်.... မလွဲမသွေ ပြန်ဖြစ်လာမှာ"

“နောက်တခါထပ်ဖြစ်ရင် အဆပေါင်းများစွာ ပိုပြီး ရက်စက်ကြမ်းကြုတ်လိမ့်ဦးမယ်၊ ကျောက်စိမ်းအိုးနယ်မြေထဲက ဂိုဏ်းအကြီးအငယ်၊ မျိုးနွယ်စု အားလုံးလည်း.... အဲ့ဒီမုန်တိုင်းဝဲဂယက်ထဲကို အရှင်လတ်လတ် ဆွဲသွင်းခံရတော့မှာ"

ထိုအနာဂတ် ကပ်ဘေးဆိုးကြီးကို ကြိုတင်မြင်နေရသောကြောင့်သာ သူ့နာရေးမရောက်ခင် ကြိုတင်၍ အားကိုးထိုက်သော အင်အားကြီးမဟာမိတ်တစ်ခုကို မရရအောင် ရှာဖွေနေခဲ့ခြင်း ဖြစ်တော့သည်။ ထိုသို့ မြော်မြင်နိုင်ခြင်းမှာ အထောက်အထား ခိုင်ခိုင်လုံလုံ သတင်းအချက်အလက်များကြောင့် မဟုတ်ဘဲ သူ၏ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ရသော အတွေ့အကြုံနှင့် သွေးချင်းသားချင်းတို့၏ အန္တရာယ်ကို ကြိုတင်သိရှိတတ်သည့် အလိုလိုသိစိတ်ကြောင့်သာ ဖြစ်ပေလိမ့်မည်။

"ယင်းကျွင်း....”

သူ လေသံကို မျှင်းနိုင်သမျှ မျှင်းပြီး ဖြည်းဖြည်းချင်း ဆိုလာသည်။

"အဘိုး.... မင်းရဲ့ အစ်ကိုအတွက် အခြေတည်ဆေးလုံး ချန်ထားပေးခဲ့မယ်၊ တကယ်လို့လေ.... တကယ်လို့ သူသာ ကံကောင်းလို့ အဆင့်တက်သွားရင် သူ့ကို လော့ထျန်းအဖွဲ့ထဲကိုပဲ ချက်ချင်း ဝင်ခိုင်းလိုက်ပါ"

လီယင်းကျွင်းမှာ အဘိုးဖြစ်သူ၏ စကားကြောင့် ရင်ဘတ်ထဲ ဗြောင်းဆန်သွားကာ ထိတ်လန့်တုန်လှုပ်သွားရသည်။

"အဘိုး.... ဒါက.... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲဟင်၊ ကျွန်မတို့ လီမျိုးနွယ်စုရဲ့ သွေးသားကို သူများအဖွဲ့ထဲ....”

"နားထောင်စမ်း သမီး"

လီကျင်ဟွမ်က မြေးမလေး၏ စကားကို ဖြတ်ကာ ပြတ်ပြတ်သားသား အမိန့်ပေးလိုက်သည်။

"မင်းအစ်ကိုက ကျင့်ကြံခြင်းကလွဲရင် အပြင်လောက အကောက်အကျစ်တွေကို ဘာမှမသိဘူး၊ အဘိုး အသက်ရှိနေသေးတဲ့ အချိန်မှာတော့ သူ့ကို အသေအချာ ပြောပြဆုံးမထားခဲ့မယ်၊ ဒါပေမဲ့.... တစ်နေ့နေ့ အဘိုး မရှိတော့ရင် သမီးကပဲ သူ့ကို ဘေးကနေ သတိပေး ထိန်းကျောင်းရလိမ့်မယ်"

သူ စကားကို ခဏရပ်ကာ အသက်ကို ခက်ခက်ခဲခဲ ရှူလိုက်ပြီးမှ သူ့မြေးမလေးအား အသေအချာကြည့်လိုက်သည်။

"တစ်ခုတော့မြဲမြဲမှတ်ထား သမီး.... လော့ချန်ကို သစ္စာမဖောက်မိစေနဲ့၊ သူ့လိုလူမျိုးက နောက်ကျော ဓားနဲ့ထိုးတဲ့သူဆို မရရတဲ့နည်းနဲ့ ရေဆုံးမြေဆုံး လိုက်သတ်လိမ့်မယ်.... ကြားလား”

….

တစ်လကြာပြီးနောက်….။

ထျန်းလန်နတ်ဘုရားမြို့တော်၏ ဗဟိုချက်မတွင် သားရဲကြီးများ ဆွဲသော ရထားလုံး ခုနစ်စီးမှာ လမ်းကြောင်းပြောင်း၍ ဗဟိုရင်ပြင်အနီးတွင် ရပ်တန့်လိုက်ကြသည်။ နေ့စဉ်နေ့တိုင်း ကျင့်ကြံသူများမှာ လှိုင်းလုံးကြီးများအလား တဖွဲဖွဲ ရောက်ရှိလာကြသည်။

ရင်ပြင်ပတ်ပတ်လည်တွင် ယာယီအရောင်းဆိုင်ပေါင်းများစွာကို တည်ဆောက်ထားကြပြီး နေရာတစ်ခုစီအတွက် အသီးသီးသော အင်အားစုများက မှတ်ပုံတင်၍ ငွေပေးချေထားကြသည်။ တစ်ကိုယ်တော် ကျင့်ကြံသူများစွာသည်ပင်လျှင် ဖျာကလေးများခင်း၍ သူတို့၏ ပစ္စည်းများကို စတင် ရောင်းချနေကြပြီ ဖြစ်သည်။

ဤစည်ကားလှသော မြင်ကွင်းမှာ ကိုးရက်တိုင်တိုင် ကြာမြင့်မည် ဖြစ်သည်။ ထို့နောက်တွင်မှ ထျန်းလန်နတ်ဘုရားမြို့တော်၏ မဟာလေလံပွဲကြီးမှာ သုံးရက်တိုင်တိုင် စတင် ကျင်းပမည် ဖြစ်သည်။

ထင်ထားသည့်အတိုင်းပင် တရားဝင် လေလံပွဲမှာ မည်သူမဆို ဝင်ခွင့်ရသည် မဟုတ်။ ရွှေအမြုတေအဆင့်မှ ချီသန့်စင်အဆင့်အထိ မည်သူမဆို ဖိတ်စာ မရှိပါက ပိုင်ဆိုင်ကြွယ်ဝမှု စစ်ဆေးခြင်းကို အောင်မြင်မှသာ ဝင်ခွင့် ရရှိမည် ဖြစ်သည်။

သေချာပေါက်ပင် လော့ထျန်းအဖွဲ့တစ်ခုလုံးသည်လည်း ဤအခွင့်အရေးအတွက် အလုပ်များနေကြသည်။

လော့ချန်သည် ရေခဲလှိုင်းနန်းတော်ထံမှ အရောင်းဆိုင် သုံးဆိုင်ကို ရက်ရက်ရောရော ငှားရမ်းလိုက်သည်။ တစ်ဆိုင်မှာ ဆေးလုံးများအတွက်၊ တစ်ဆိုင်မှာ မှော်လက်နက်များအတွက်နှင့် ကျန်တစ်ဆိုင်မှာ မုန့်ပဲသရေစာများအတွက် ဖြစ်သည်။

သူတို့တွင် ကိုးရက် အချိန်ရှိသည်။ ၎င်းမှာ ပုံမှန်အားဖြင့် တစ်လ၊ နှစ်လခန့် စီးပွားရှာရမည့် အမြတ်အစွန်းမျိုးကို ရရှိနိုင်မည့် အခွင့်အရေးပင် ဖြစ်သည်။

တိုက်ခိုက်ရေးခန်းမဆောင်မှ ကျင့်ကြံသူများသည် ဒန်ရှားတောင်ထိပ်မှ ပစ္စည်းများကို ရင်ပြင်သို့ မနားမနေ သယ်ယူနေကြသည်။ ရွှေခန်းမဆောင်တွင်လည်း ကူချိုင်ယီသည် ဒန်ရှားမေနန်းဆောင်ကို ယုံကြည်ရသော ကျင့်ကြံသူတစ်ဦးထံ လွှဲအပ်ခဲ့ကာ လော့ထျန်းအဖွဲ့၏ အရောင်းဆိုင်များကို ကိုယ်တိုင် သွားရောက် ကြီးကြပ်နေတော့သည်။

သို့ရာတွင် လော့ချန် တစ်ယောက် ဘယ်ပျောက်နေပါသနည်း။

တစ်လတိုင်တိုင် မနားတမ်း ဆေးဖော်စပ်ပြီးနောက်တွင် လော့ချန် အနားယူရန် ဆုံးဖြတ်လိုက်သည်။

သူသည် လူသူတိုးမပေါက်အောင် စည်ကားအသက်ဝင်လှသော ဈေးပွဲတော်အတွင်းသို့ အေးအေးလူလူ လမ်းလျှောက် ဝင်လာခဲ့လိုက်သည်။

“ကဲ.... ငါက တခြားနယ်ကနေ ပြောင်းလာတဲ့သူဆိုတော့ ဒါမျိုးလေ့လာရမယ် ဟဲဟဲ၊ အခုထိတော့.... ဈေးသည်တွေဆီကနေ ပေါချောင်ကောင်းပစ္စည်းတခုမှ မတွေ့သေးတာကတော့ မဖြစ်သင့်ဘူး”

လော့ချန် စိတ်ကူးပေါက်ရာ သွားနေရင်း တစ်ကိုယ်တည်း ပြုံးလိုက်သည်။ သူ ယခင်က အချောင်ဈေးဖြင့် ရရှိခဲ့ဖူးသည့် နတ်ဒေဝါပျားရည်ကိုမူ ထည့်မတွက်ဘဲ ထားလိုက်၏။ အကြောင်းမှာ ထိုအရာအား ဝမ်ယွမ် အရင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး သူကိုယ်တိုင် ရှာတွေ့ခဲ့ခြင်း မဟုတ်ပေ။ သို့သော် ယခုတစ်ကြိမ်တွင်မူ သူသည် ကိုယ်တိုင်ကိုယ်ကျ အဖိုးတန်ကို ဈေးပေါပေါဖြင့် ရှာဖွေကြည့်ချင်နေမိသည်။

တစ်ဖက်ကလည်း စိတ်ကို အပန်းဖြေရင်း၊ တစ်ဖက်ကလည်း မိမိတွင် ကံတရား ရှိ၊ မရှိ စမ်းသပ်ကြည့်ချင်သည့် သဘောဖြစ်သည်။

“အင်း.... အနယ်နယ်အရပ်ရပ်က ဈေးသည်တွေ အုံနဲ့ကျင်းနဲ့ ဖျာခင်းရောင်း နေကြတာဆိုတော့.... တစ်ခါမှမမြင်ဖူးတဲ့ အထူးအဆန်း ပစ္စည်းတွေ ပါလာမှာကတော့ အသေအချာပဲ၊ ငါနဲ့ ကံစပ်ပြီး သင့်တော်မယ့်အရာလေး တစ်ခုခုတော့ ရှိနိုင်တာပဲ၊ အထဲမှာ တရားဝင် လေလံပွဲကြီး ရှိနေရုံနဲ့.... အပြင်က လမ်းဘေး‌ ဈေးဆိုင်တွေပေါ်မှာ ပစ္စည်းကောင်းကောင်း မတွေ့ဘူးလို့ ဘယ်သူက ပြောရဲမှာလဲ.... ”

လော့ချန်သည် ခပ်ဖွဖွ တစ်ချက် ရယ်မောလိုက်ရင်း ဝတ်ရုံလက်အင်္ကျီများကို အသာပင့်တင်ကာ လက်ချောင်းများကို ခါယမ်းလိုက်သည်။ ထို့နောက်တွင်မူ သူသည် မျက်စိတစ်ဆုံး လှပဆန်းပြားလှသော လမ်းဘေးဖျာခင်းဈေးသည်များနှင့် အော်ဟစ်ရောင်းချနေကြသည့် ကျင့်ကြံသူများ၏ ပင်လယ်ပြင်ကြီးထဲသို့ ကိုယ်တိုင်ကိုယ်ကျ တိုးဝှေ့ဝင်ရောက်သွားပြီး ဖုံးကွယ်နေသော ရတနာအစစ်အမှန်များကို လိုက်လံရှာဖွေကာ ကံကြမ္မာနတ်သမီး၏ အပြုံးကို ဖမ်းဆွဲရန် အသင့်ပြင်လိုက်တော့သည်။

All Chapters