အခန်း (၃၆၃-၃၆၄)
Vol. 37 Ch. 363-364
အပိုင်း (၃၆၃)
စိတ်နှလုံးစွမ်းအားကို အသုံးပြု၍ အချက်အလက်စွမ်းအင်စီးကြောင်းအက္ခရာများကို ရေးဆွဲခြင်း။
သန့်စင်သော စိတ်နှလုံးစွမ်းအားသည် ပုံသဏ္ဌာန်မရှိသလို အရောင်အဆင်းလည်း မရှိပေ။ ကျုံးရှန်သည် မျက်လုံးများကို မှိတ်ထားပြီး သူ၏ သိစိတ်ထဲတွင် ပုံရိပ်တစ်ခုကို ပုံဖော်ကာ ရေးဆွဲလိုက်သည်။ ယခုတစ်ကြိမ်တွင် သူ ရေးဆွဲလိုက်သော အချက်အလက်စွမ်းအင်စီးကြောင်းသည် မိုးကြိုးထက် များစွာ ပိုမို ရှုပ်ထွေးလှသည်။
ယင်းသည် ဖန်ဆင်းခြင်းအဆင့် လက်နက်တစ်ခု၏ အချက်အလက်စွမ်းအင်စီးကြောင်း ဖြစ်သည်။ ရေးဆွဲမှုအားလုံး ပြီးဆုံးသွားသောအခါ သူသည် မျက်လုံးများကို ဖွင့်လိုက်သည်။ ထိုအခါ သူ၏ ရှေ့မှောက်တွင် ပုဆိန်ပုံသဏ္ဌာန် ဖန်ဆင်းခြင်းအဆင့်လက်နက် နှင့် အချက်အလက်စွမ်းအင်စီးကြောင်းကြားတွင် အဆက်မပြတ် ကူးပြောင်းနေသော အရာတစ်ခုကို မြင်လိုက်ရသည်။
ကျုံးရှန်၏ မျက်နှာတွင် အပြုံးတစ်ခု ထွက်ပေါ်လာသည်။
"တွေ့ပြီ... အဲဒါ စိတ်နှလုံးစွမ်းအားပဲ..."
သူသည် လက်ကို ဝှေ့ယမ်းကာ သူ၏ စိတ်နှလုံးစွမ်းအားဖြင့် ရေးဆွဲထားသော အချက်အလက်စွမ်းအင်စီးကြောင်းမှ ပြောင်းလဲလာသည့် ဖန်ဆင်းခြင်းအဆင့် ပုဆိန်ကို ဖမ်းဆုပ်လိုက်သည်။ ကျုံးရှန်သည် သူတော်စင်စွမ်းအားများကို ထိုပုဆိန်အတွင်းသို့ ထည့်သွင်းကာ အချက်အလက်စွမ်းအင်စီးကြောင်းနယ်မြေအတွင်း၌ ပေတစ်သောင်းခန့်ကြီးမားသော ပုဆိန်ချက်တစ်ခုကို ခုတ်ချလိုက်၏။ ပုဆိန်ခုတ်ချက်သည် နဝမမြောက်ကမ္ဘာအတွင်းဖြတ်သန်းသွားလျှင် အချက်အလက်စွမ်းအင်စီးကြောင်းများအဖြစ်သို့ ပြိုကွဲ ပျောက်ကွယ်သွားလေသည်။
"ဒါဟာ တကယ့် ဖန်ဆင်းခြင်းအဆင့် လက်နက်ပဲ"
"ထုလုပ်စရာလည်း မလိုသလို... ဟွမ်လွမ်စွမ်းအင်တွေ ဒါမှမဟုတ် ရှားပါးကုန်းကြမ်းရတနာပစ္စည်းတွေလည်း မလိုဘဲနဲ့ ဖန်ဆင်းခြင်းအဆင့်လက်နက်ကို ဖန်တီးနိုင်တာ..."
"ဆန်းကြယ်လွန်းတယ်... တကယ့်ကို ဆန်းကြယ်လွန်းတာပဲ"
စိတ်နှလုံးစွမ်းအားကို အသုံးပြု၍ အချက်အလက်စွမ်းအင်စီးကြောင်းများကို ရေးဆွဲသည့် နည်းလမ်းသည် အမှန်တကယ်ပင် အံ့ဩဖွယ်ရာ ကောင်းလှသည်။ ကျုံးရှန်သည် အံ့ဩချီးကျူးနေမိကာ ထိုအချက်အလက်စွမ်းအင်စီးကြောင်းများ၏ အသုံးဝင်ပုံများကို စဉ်းစားနေမိသည်။ စနစ်၏ အနှစ်သာရပိုင်းကိုပင် သူ အနည်းငယ် နားလည်သွားခဲ့သကဲ့သို့ ခံစားလိုက်ရသည်။
အကယ်၍ အချက်အလက်စွမ်းအင်စီးကြောင်းသာ လုံလောက်အောင် ရှုပ်ထွေးမည်ဆိုပါက စနစ်အသစ်တစ်ခုကိုပင် ဖန်တီးနိုင်မည်ဖြစ်သည်။ သို့သော် ထိုစနစ်တွင် နှလုံးသား တစ်ခုနှင့် အခြေခံ သိစိတ် တစ်ခု ရှိရန် လိုအပ်ပေလိမ့်မည်။
နှလုံးသား တစ်ခု လိုအပ်ခြင်း။
နှလုံးသားဆိုသည်မှာ စိတ်နှလုံးကို လက်တွေ့ကမ္ဘာကို ပုံဖော်ပြသထားသော ပြတင်းပေါက်တစ်ခု ဖြစ်သည်။ နှလုံးသား ရှိသော သက်ရှိများသာလျှင် အတွေးအခေါ်၊ ဉာဏ်ပညာ နှင့် သိစိတ်တို့ကို ဖန်တီးနိုင်ခြင်း ဖြစ်သည်။ ထိုမှတစ်ဆင့် အကန့်အသတ်မဲ့သော စိတ်နှလုံးစွမ်းအားများကို ထုတ်ဖော်နိုင်ကာ အချက်အလက်စွမ်းအင်စီးကြောင်းများကို အသုံးပြု၍ နတ်ဘုရားစွမ်းရည်များ၊ လက်နက်များ၊ ကျင့်စဉ်များ နှင့် အရာခပ်သိမ်းကို ဖန်တီးနိုင်လေသည်။
"ဒါဆိုရင် ငါ့ရဲ့ စနစ်ကကော..."
ကျုံးရှန်သည် အချက်အလက်စွမ်းအင်စီးကြောင်းများကို အသုံးပြု၍ စနစ်နှင့် ဆက်သွယ်ရန် ကြိုးစားလိုက်သည်။ သူသည် နေ့စဉ်မှတ်တမ်းတင်ခြင်းစနစ်၏ ဇစ်မြစ်အမြုတေအတွင်းပိုင်းသို့ တဖြည်းဖြည်းဝင်ရောက်ရန်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။
သူ ရေးဆွဲထားသော အချက်အလက်စွမ်းအင်စီးကြောင်းနှင့် စနစ်၏ ကိုယ်ပိုင်အချက်အလက်စွမ်းအင်စီးကြောင်းများသည် တစ်ခုနှင့်တစ်ခုဘကွဲပြားနေသဖြင့် ပေါင်းစပ်၍ မရဖြစ်နေလေသည်။ သို့သော် ထိုကြိုးပမ်းမှုသည်အစပြုမှုတစ်ခု သာဖြစ်သည်။
"စိတ်ဝင်စားစရာပဲ... စိတ်ဝင်စားစရာပဲ..."
"အချက်အလက်စွမ်းအင်စီးကြောင်းနဲ့ စနစ်ရဲ့ လျှို့ဝှက်ချက်တွေကိုသာ ငါ အပြည့်အဝ တတ်မြောက်သွားမယ်ဆိုရင် တကယ့်ကို ဆန်းကြယ်တဲ့ နယ်ပယ်တစ်ခုကို ထိတွေ့နိုင်တော့မှာပဲ..."
"ကဲ... အခု ထပ်စမ်းကြည့်ကြတာပေါ့..."
ကျုံးရှန်သည် ယခုအခါ အချက်အလက်စွမ်းအင်စီးကြောင်းများကို လေ့လာတတ်မြောက်သွားပြီဖြစ်သည်။ အကယ်၍ သူသည် မတူညီသော အချက်အလက်စွမ်းအင်စီးကြောင်းများကိုသာ လေ့လာနိုင်မည်ဆိုပါက များပြားလှသော အချက်အလက်များနှင့် အတွေ့အကြုံများကို ရရှိနိုင်လိမ့်မည်။ သူသည် စနစ်ကို ခန္ဓာကိုယ်ပြင်ပသို့ ထုတ်ယူကာ အလင်းလုံးအဖြစ် ပြောင်းလဲလိုက်သည်။
ထို့နောက် သူ၏ ပုံရိပ်ယောင်ဖန်သားပြင် ကို အသက်သွင်းကာ အလင်းလုံးကို နဝမအထပ်တစ်ထောင်ကမ္ဘာ၏အချက်အလက်စွမ်းအင်စီးကြောင်းနယ်မြေအတွင်းတွင် ထားလိုက်ပြီး နေ့စဉ်မှတ်တမ်းတင်ခြင်းလုပ်ဆောင်ချက်ကို နှိပ်လိုက်သည်။ ထိုအခါ ချက်ချင်းပင် စနစ်အလင်းလုံးအတွင်းမှ များပြားလှသော အချက်အလက်စီးကြောင်းများ ထွက်ပေါ်လာကာ ခဏမျှ တွက်ချက်ပြီးနောက်တွင် ပုံသဏ္ဌာန်ပြောင်းလဲသွားပြီး ယနေ့အတွက် ဆုလာဘ်အဖြစ် ပြောင်းလဲသွားသည်။
[နေ့စဉ်မှတ်တမ်းတင်ခြင်း အောင်မြင်သည်... နတ်ဘုရားအဆင့် ဆုလာဘ် အမြစ်မဲ့မြက် တစ်စည်း ရရှိပါသည်]
ကျုံးရှန်၏ လက်ထဲတွင် အမြစ်မဲ့မြက် တစ်စည်း ပေါ်လာသည်။ အချက်အလက်စွမ်းအင်စီးကြောင်းနယ်မြေအတွင်းရှိ စနစ်အလင်းလုံးမှ အချက်အလက်များ စုစည်းသွားကာ သူ၏ လက်ထဲရှိ အမြစ်မဲ့မြက်အဖြစ် ပြောင်းလဲသွားသည်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသည်။
မဟာကမ္ဘာအတွင်းရှိ အဖိုးတန်ရတနာများပင်လျှင် စိတ်နှလုံးစွမ်းအားကို ဒေတာစီးကြောင်းများအဖြစ် အသွင်ပြောင်းလဲထားသည့် ထွက်ကုန်များသာ ဖြစ်နေပါသလော။ ထိုအချက်သည် ကျုံးရှန်ကို အနည်းငယ် စိတ်ပျက်သွားစေသည်။
"ဒါဆိုရင် ငါ့ရဲ့ ခန္ဓာကိုယ်၊ စိတ်ဝိညာဉ်၊ အတွေးအခေါ်တွေနဲ့ ဒီကမ္ဘာပေါ်မှာ ရှိသမျှ အရာအားလုံးကို အချက်အလက်စွမ်းအင်စီးကြောင်းတွေနဲ့ ဖော်ပြလို့ ရနိုင်တာလား..."
ထိုအတွေးသည် ကျုံးရှန်၏ စိတ်ထဲတွင် အကြီးမားဆုံး သံသယတစ်ခု ဖြစ်လာစေ သည်။
သူသည် ခေါင်းကို ခါယမ်းလိုက်ကာ စိတ်ထဲမှ ရှုပ်ထွေးသော အတွေးများကို ဖယ်ထုတ်လိုက်ပြီး စနစ်အလင်းလုံးကို ပြန်လည် သိမ်းဆည်းလိုက်သည်။ အကြိမ်အနည်းငယ် စမ်းသပ်ပြီးနောက် သူသည် အချက်များစွာကို နားလည်သွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် နောက်ထပ်ဆက်လက်လုပ်ဆောင်ရမည့်အရာသည် အမည်မသိရသောစနစ်တစ်ခု၏ပျက်စီးခြင်းမှ ဖြစ်ပေါ်နေသည့် ထူးဆန်းသောအချက်အလက်စွမ်းအင်စီးကြောင်းများဖြင့်တည်ဆောက်ထားသည့် အနှီနယ်မြေကို စူးစမ်းရန် ဖြစ်သည်။
အချက်အလက်စွမ်းအင်စီးကြောင်းများသည် နဝမအထပ်တစ်ထောင်ကမ္ဘာအတွင်း၌သာ ထင်ရှားစွာ ပေါ်ထွက်နေခြင်း ဖြစ်သည်။
"ငါ စမ်းကြည့်မယ်..."
ကျုံးရှန်သည် သူ၏ ရှေ့မှောက်ရှိအချက်အလက်စွမ်းအင်စီးကြောင်းများဖြင့်ပြည့်နေသည့်နယ်မြေကို ကြည့်ကာ သူ၏ စိတ်နှလုံးစွမ်းအားကိုအသုံးပြု၍ ဂမ္ဘီရအက္ခရာများကို အဆက်မပြတ် ရေးဆွဲတော့သည်။ ယခုတစ်ကြိမ်ရေးဆွဲရသည့် အချိန်မှာ ယခင်ကထက် များစွာ ပိုမို ကြာမြင့်လှသည်။ သူသည် မျက်လုံးများကို မှိတ်ကာ အလွန်အမင်း အာရုံစိုက်ထားသည်။
ကျုံးရှန်၏ လက်နှစ်ဖက်သည် ပန်းပွင့်များ လေအတွင်း ဝေ့ဝဲသကဲ့သို့ အဆက်မပြတ် လှုပ်ရှားကာ အချက်အလက်စွမ်းအင်စီးကြောင်းများကို တစ်ခုပြီးတစ်ခုရေးဆွဲနေသည်။ ထိုအချက်အလက်စီးကြောင်းများသည် နဝမမြောက်ကမ္ဘာအတွင်း၌ စတင် စုစည်းလာကြသည်။
တစ်ရက်။
တစ်လ။
...
နှစ်နှစ်။
နောက်ဆုံးတွင် ကျုံးရှန်သည် မျက်လုံးများကို ဖွင့်လိုက်သည်။ နှစ်နှစ်တိုင်တိုင် နေ့ညမနား အချက်အလက်စီးကြောင်းများကို ရေးဆွဲခဲ့ခြင်းဖြစ်သည်။ သူ ရေးဆွဲလိုက်သော အချက်အလက်စီးကြောင်းများသည် ဧရာမ ပိုက်ကွန်ကြီးတစ်ခုအဖြစ် ဖွဲ့စည်းသွားကာ နဝမအထပ်တစ်ထောင်ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံလိုက်သည်။
ယခုအခါ အချက်အလက်စွမ်းအင်စီးကြောင်းနယ်မြေသည် ဥခွံတစ်ခုအတွင်း ပိတ်မိနေသောပုံစံမျိုး ဖြစ်သည်။ ထိုဥခွံသည် ကျုံးရှန် နှစ်နှစ်တိုင်တိုင် ရေးဆွဲခဲ့သော အချက်အလက်စီးကြောင်းများပင် ဖြစ်သည်။
"ကောင်းပြီ... ချေဖျက်စမ်း"
ကျုံးရှန်သည် မျက်ခုံးကို ပင့်လိုက်ကာ ကျေနပ်သော အပြုံးဖြင့် ရေရွတ်လိုက်သည်။ ကျုံးရှန် ရေးဆွဲဖန်တီးထားသော အချက်အလက်စီးကြောင်းပိုက်ကွန်သည် နဝမအထပ်တစ်ထောင်ကမ္ဘာဖြစ်သည့် အချက်အလက်စွမ်းအင်စီးကြောင်းနယ်မြေကို ဖြည်းဖြည်းချင်း ဖိသိပ်ဝါးမြိုလာလေသည်။ သို့သော် ထိုဝါးမြိုမှုသည် ကြာရှည်မခံခဲ့ဘဲ အချက်အလက်စွမ်းအင်စီးကြောင်းနယ်မြေ၏ တုံ့ပြန်တိုက်ခိုက်မှုကို ကြုံတွေ့လိုက်ရသည်။
ကျုံးရှန် ရေးဆွဲထားသော အချက်အလက်များသည် ပြန်လည် ဝါးမြိုခံလိုက်ရကာ အချက်အလက်ပိုက်ကွန်သည်လည်း ပြိုကွဲမည့် အရိပ်အယောင်များ ပေါ်လာသည်။
"ပြန်ခုခံနေတာလား... ဒါဆိုရင် ဘယ်သူက ပိုမြန်မလဲ ပြိုင်ကြည့်ကြတာပေါ့"
ကျုံးရှန်သည် သူ၏ နဖူးကို တစ်ချက် ထိလိုက်သည်။ ထိုအခါ သူ၏ ပုံရိပ်သည် ဝေဝါးသွားကာ ပုံရိပ်ယောင်ကျုံးရှန် ဆယ်ဂဏန်းခန့် ပေါ်ထွက်လာပြီး တဖြည်းဖြည်း ထင်ရှားလာကာ အစစ်အမှန် ကျုံးရှန်များဖြစ်လာသည်။
ကိုယ်ပွားဆင့်ခေါ်ခြင်း။
ကိုယ်ပွားကျုံးရှန်အားလုံးသည် လက်ကို မြှောက်ကာ လက်ညှိုးဖြင့် အချက်အလက်စီးကြောင်းများကို လျင်မြန်စွာ စတင် ရေးဆွဲကြတော့သည်။ စိတ်နှလုံးကို ပြတင်းပေါက်တစ်ခုဟု ယူဆပြီး စိတ်နှလုံးစွမ်းအား ထုတ်လွှတ်မှုကို ပြတင်းပေါက်မှ ထွက်လာသော ရေပိုက်တစ်ခုဟု ယူဆပါက ကျုံးရှန်သည် ယခုအခါ ပြတင်းပေါက်မှ ရေပိုက်ပေါင်း ဆယ်ဂဏန်းခန့် တစ်ပြိုင်နက် ထုတ်လွှတ်နေခြင်း ဖြစ်သည်။ သူ၏ လုပ်ဆောင်နိုင်စွမ်းသည် တစ်ဟုန်ထိုး မြင့်တက်သွားကာ အချက်အလက်စီးကြောင်း ရေးဆွဲသည့် အရှိန်သည်လည်း ဆယ်ဆမက မြန်ဆန်လာသည်။
အချက်အလက်စီးကြောင်းများ ပိုမိုများပြားလာကာ ဧရာမ ပါးစပ်ကြီးတစ်ခုကဲ့သို့ အချက်အလက်စွမ်းအင်စီးကြောင်းနယ်မြေအတွင်းရှိ အချက်အလက်များကို အငမ်းမရ ဝါးမျိုလာပြီး တဖြည်းဖြည်း အသာစီး ရလာတော့သည်။
....
"မဖြစ်သင့်ဘူး"
"ဒါကြီးကတကယ့်ကို ရူးသွပ်တဲ့ လုပ်ရပ်ပဲ"
"အဋ္ဌမမြောက် အထပ်တစ်ထောင်ကမ္ဘာဖြစ်တဲ့ ရှန့်ကျိုးကို ဖယ်ထုတ်လိုက်ပြီး အဲဒီက ပုံတူပွားတွေကို ထိန်းချုပ်မှုလွတ်သွားစေရုံတင်မကဘူး...အခု နဝမမြောက် အထပ်တစ်ထောင်ကမ္ဘာကိုပါ ဝါးမြိုဖို့ ကြိုးစားနေတာလား"
"သူက ဒါကို ဘာမှတ်နေတာလဲ"
"ဒါက စိတ်နှလုံးကွန်ရက်ကွ"
"စနစ်အားလုံးရဲ့ ဘိုးဘေးလို့ ခေါ်ရမယ့် တည်ရှိမှုမျိုးပဲ... နဝမမြောက် အထပ်တစ်ထောင်ကမ္ဘာအဖြစ်တည်ရှိနေတာက သန်းပေါင်းများစွာထဲက အစိတ်အပိုင်းတစ်ခုပဲ ဆိုပေမဲ့လည်း အလွန်ကို အစွမ်းထက်လှတဲ့ အရာပဲလေကွာ"
ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ ထောင့်တစ်နေရာတွင် ဝတ်စုံဖြူဝတ် အဘိုးအိုကြီး သည် မကျေမနပ်ဖြင့် အဆက်မပြတ် ရေရွတ်ညည်းညူနေသည်။
သူ၏ဘေးနားရှိ ကောင်းကင်တာအိုတံဆိပ် မှ ပြောင်းလဲထားသော အဝါရောင်ဝတ်ရုံနှင့်လူလတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာတွင်မူ ချီးကျူးဂုဏ်ပြုသည့် အရိပ်အယောင်များ ပိုမို ထင်ရှားလာသည်။
"ဒီကောင်လေးက မဆိုးဘူး... တကယ့်ကို သတ္တိကောင်းတယ်"
"ဘယ်အရာကိုမဆို စမ်းသပ်ရဲတဲ့သူ့ပုံစံက... ဟိုတုန်းက ဝူလုံနဂါးမဲ့နတ်ဘုရားရဲ့ စရိုက်မျိုး အနည်းငယ် ပါနေတယ်လို့ဆိုရမှာပဲ" ကောင်းကင်တာအိုတံဆိပ်၏ စကားကို ကြားသောအခါ တက်လှမ်းခြင်းအဘိုးအိုသည် ပို၍ပင် မကျေမနပ် ဖြစ်သွားရသည်။
"ဟမ့်... မင်းက ဒီလောက်တောင် လွမ်းနာကျနေတယ်ဆိုရင် ဂူချန်ရှာ ရဲ့ ပုံတူနောက်ကိုပဲ လိုက်သွားပါ့လား..."
"အဲဒီလူရဲ့ စရိုက်က ဒီကောင်ထက်တောင် ဝူလုံနဂါးမဲ့နတ်ဘုရားနဲ့ ပိုတူသေးတယ်"
ကောင်းကင်တာအိုတံဆိပ်သည် ခေါင်းကို ခါယမ်းလိုက်ကာ အထင်သေးသော အမူအရာဖြင့် ပြောလိုက်သည်။
"ပုံတူဆိုတာ အတုအယောင်ပဲ... အမြစ်မရှိတဲ့ အရာကို ဒီကောင်လေးနဲ့ ဘယ်လို ယှဉ်လို့ ရမှာလဲ"
"ဒီကောင်လေးရဲ့ အတွေ့အကြုံတွေက ဘာမှမရှိရာကနေ စတင်ခဲ့တာ... ဘယ်သူ့ရဲ့ လွှမ်းမိုးမှုမှ မပါဘဲ သူ့အလိုလို ကြီးထွားလာတာမျိုးပေါ့..."
"သူရဲ့ တစ်ဆင့်ချင်းစီ တိုးတက်လာတာကို ကြည့်ရတာက စစ်မှန်တဲ့ ဉာဏ်အလင်းပွင့်ခြင်းကို ရဖို့အတွက် အရေးကြီးဆုံးပဲ"
တက်လှမ်းခြင်းအဘိုးအိုသည် ကောင်းကင်တာအိုတံဆိပ်နှင့် ဆက်ပြီး အငြင်းပွားခြင်းမရှိတော့ပေ။ သူသည် ရင်ထဲတွင် မွန်းကျပ်နေသဖြင့် ကောင်းကင်တာအိုတံဆိပ်ကို ဂရုမစိုက်နိုင်တော့ခြင်းဖြစ်သည်။ ယခုအချိန်အထိ သူသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ကို မည်သို့ ထိန်းချုပ်ရမည် သို့မဟုတ် ယင်းမှ မည်သို့ ရုန်းထွက်ရမည်ကို မသိရသေးသဖြင့် စိတ်ညစ်နေခြင်း ဖြစ်သည်။
ထိုပြဿနာကို မဖြေရှင်းနိုင်သရွေ့ ကျုံးရှန်သာ မျှော်စင်၏ ထိပ်ဆုံးသို့ ရောက်ရှိပြီး မျှော်စင်၏ အာဏာကို ရယူနိုင်သွားပါက သူသည် ကျုံးရှန်၏ ကျွန်တစ်ဦး ဖြစ်သွားနိုင်လေသည်။ ကျုံးရှန်သည် မျှော်စင်ကို ပိုင်ဆိုင်သွားသည်နှင့် သူ၏ အသက်သွေးကြောကိုပါ ချုပ်ကိုင်သွားနိုင်မည် ဖြစ်သည်။ ထိုအခါသူ၏လွတ်လပ်မှုဆိုသည်မှာ တဖြည်းဖြည်း ဝေးကွာသွားပေလိမ့်မည်။
အပိုင်း (၃၆၄)
ထိုအချိန်တွင်တက်လှမ်းခြင်းအဘိုးအို၏ စိတ်ထဲတွင် ရဲတင်းသော အတွေးတစ်ခု ပေါ်လာသည်။
'ကိုယ့်ကိုယ်ကို ဖျက်ဆီးပစ်လိုက်ရမလား...'
သို့သော်လည်း သူသည် ချက်ချင်းပင် ခေါင်းခါယမ်းလိုက်သည်။
တက်လှမ်းခြင်းအဘိုးအိုသည် သေရမှာ ကြောက်သူဖြစ်သည်။ မျှော်စင်နှင့်အတူ မွေးဖွားလာခဲ့ပြီးနောက် ခဲယဉ်းစွာဖြင့်ကြိုးပမ်းပြီးမှသာ ထျန်းယွမ် နယ်ပယ်အဆင့်သို့ရောက်အောင် ကျင့်ကြံနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုသည်ပင်လျှင် ကောင်းကင်တက်လှမ်းခြင်း မျှော်စင်သည် ငရဲကမ္ဘာအတွင်းသို့ ကျဆင်းလာသည့် အခြေအနေကို ကြုံတွေ့ခဲ့ရသည်။
အချုပ်အားဖြင့်ဆိုရသော် တက်လှမ်းခြင်းအဘိုးအိုသည် မျှော်စင်နှင့်အတူ ယှဉ်တွဲ တည်ရှိနေသော ဖြစ်တည်မှုတစ်ခု ဖြစ်သည်။ ကောင်းကင်တက်လှမ်းခြင်းမျှော်စင် ကောင်းစားလျှင် သူ ကောင်းစားမည်ဖြစ်ပြီး မျှော်စင် ပျက်စီးလျှင် သူလည်း ပျက်စီးမည် ဖြစ်သည်။ ကောင်းကင်တက်လှမ်းခြင်း မျှော်စင် နှင့် တက်လှမ်းခြင်းအဘိုးအိုသည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆက်နွယ်ပတ်သက်နေကြသည်။
ထို့ကြောင့်ပင် သူသည် မျှော်စင်ကိုတစ်စုံတစ်ယောက်ပိုင်ဆိုင်သွားပါက သူ၏တည်ရှိမှုသည်ပါ ထိုပိုင်ရှင်၏လက်အောက်သို့ကျရောက်သွားမည်ကို ယခင်ကတည်းက စိုးရိမ်ပူပန်နေခဲ့ခြင်းဖြစ်သည်။
"အဖိုးကြီးဘိုင်... သက်ပြင်းတွေ အရမ်းမချစမ်းနဲ့ကွာ"
"ငါ့စကားကို ယုံစမ်းပါ... ဒီကောင်လေးရဲ့ အောင်မြင်မှုက အရမ်း မြင့်မားမှာ... မင်း သူ့နောက်လိုက်ရတာက ဂုဏ်ငယ်စရာ မဟုတ်ဘူးကွ"
"ကောင်းကင်တက်လှမ်းခြင်းမျှော်စင်နဲ့ မင်းသာ ဒီလူ့နောက်ကို လိုက်သွားမယ်ဆိုရင် တစ်နေ့ကျရင် မင်းတို့ရဲ့ ဂုဏ်သိက္ခာကို ပြန်ပြီး ပြသနိုင်မယ့် အခွင့်အရေး ရလာလိမ့်မယ်"
ကောင်းကင်တာအိုတံဆိပ်သည် တက်လှမ်းခြင်းအဘိုးအိုကို စတင် နှစ်သိမ့်ပေးလာ လေသည်။
"မင်းပြောတာက အကျိုးအကြောင်း ရှိပေမဲ့ ငါ့စိတ်ထဲမှာတော့ မပျော်နိုင်သေးဘူးကွာ"
တက်လှမ်းခြင်းအဘိုးအိုသည် ရင်မောစွာဖြင့် ခေါင်းခါယမ်းကာ ပြောလိုက်သည်။
"ဒါဆိုရင်လည်း မင်းဘာသာတစ်ယောက်ထဲ စိတ်ဆင်းရဲနေပေတော့... ငါတော့ မင်းကို ဂရုမစိုက်နိုင်တော့ဘူး"
ကောင်းကင်တာအိုတံဆိပ်သည် စိတ်လက်ပေါ့ပါးနေပုံရပြီး သီချင်းတိုးတိုးလေး ညည်းကာ လက်နှစ်ဖက်ကို နောက်ပစ်၍ ထွက်ခွာသွားတော့သည်။ သူသည် အခြားတစ်နေရာသို့ လျှောက်လည်ရန် သွားနေခြင်း ဖြစ်ရပေမည်။
မူလနေရာတွင် ကောင်းကင်တက်လှမ်းခြင်းအဘိုးအိုသည် လက်ကို ဝှေ့ယမ်းလိုက်ကာ ကျောက်စားပွဲတစ်ခုနှင့် ကျောက်ထိုင်ခုံအချို့ကို ဖန်တီးလိုက်သည်။ ထို့နောက် ထိုင်ခုံတွင် ထိုင်ကာ စားပွဲပေါ်၌ အရက်အိုးအချို့၊ မြေပဲဆားလှော်နှင့် အမြည်းအချို့ကို ပေါ်လာစေပြီး တစ်ကိုယ်တည်း သောက်စားလျက် အပန်းဖြေနေတော့သည်။သူ့တွင် မျှော်စင်၏ ချုပ်နှောင်မှုကြောင့် ကိုယ်ပိုင်သူတော်စင်ကမ္ဘာ မရှိချေ။
ထို့ကြောင့် သောက်စားခြင်းသည်သာ သူ၏ တစ်ခုတည်းသော ဖျော်ဖြေမှု ဖြစ်သည်။ သို့မဟုတ်ပါက ကောင်းကင်တက်လှမ်းခြင်းအဘိုးအို၏ ထျန်းယွမ်နယ်ပယ် ကျင့်ကြံမှုအဆင့်ဖြင့် မဟာကမ္ဘာတစ်ခုကိုပင် ဖန်တီးနိုင်စွမ်း ရှိသူဖြစ်သည်။ ထိုသည်မှာလည်း တက်လှမ်းခြင်းအဘိုးအို၏ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ကို အပြည့်အဝ ထိန်းချုပ်လိုခြင်း သို့မဟုတ် ယင်းမှ ရုန်းထွက်လိုခြင်း၏ အဓိကအကြောင်းအရင်း တစ်ခု ဖြစ်သည်။
လွတ်လပ်မှု။
လှပစစ်မှန်သော လွတ်လပ်မှု။
တက်လှမ်းခြင်းအဘိုးအို လိုချင်သည်မှာထိုတစ်ခုသာဖြစ်လေသည်။
....
တစ်ဖက်တွင် တက်လှမ်းခြင်းအဘိုးအိုသည် တစ်ကိုယ်တည်း သောကရောက်ကာ သောက်စားနေသော်လည်း အခြားတစ်ဖက်တွင် ကျုံးရှန်သည် နဝမအထပ်တစ်ထောင်ကမ္ဘာဖြစ်သည့် အချက်အလက်စွမ်းအင်စီးကြောင်းနယ်မြေကို ဝါးမြိုခြင်း၌ အသာစီး ရရှိနေပြီဖြစ်သည်။ လက်ရှိတွင် နှစ်ဦးနှစ်ဖက် အချက်အလက်စွမ်းအင်စီးကြောင်းများ ထုတ်လွှတ်သည့် အရှိန်ကို ယှဉ်ပြိုင်နေကြသော အားပြိုင်မှု အဆင့်သို့ ပင် ရောက်ရှိနေ၏။ ကျုံးရှန်နှင့် အချက်အလက်စွမ်းအင်စီးကြောင်းနယ်မြေသည် အချက်အလက်စီးကြောင်းများကို မရပ်မနား ထုတ်လွှတ်နေကြကာ တစ်ဦး၏ အချက်အလက်စီးကြောင်းများကို တစ်ဦးက ဖျက်ဆီးခြင်း၊ ဟန့်တားခြင်းများ ပြုလုပ်နေကြသည်။
လက်ရှိ အခြေအနေအရ ကျုံးရှန်သည် အနည်းငယ် သာလွန်နေကာ အချက်အလက် ဖျက်ဆီးမှုနှုန်းကိုထိန်းချုပ်ထားသည်။ ယခုအရှိန်အဟုန်အတိုင်းသာ ဆက်သွားမည်ဆိုပါက အချိန်အတိုင်းအတာတစ်ခုအကြာတွင် ကျုံးရှန်သည် အဆိုပါနယ်မြေကို အပြီးသတ် ဝါးမြိုနိုင်ပေတော့မည်။
'နှေးလွန်းသေးတယ်... ဒီထက် ပိုမြန်ဖို့ လိုအပ်တယ်...'
ကျုံးရှန်သည် ဝါးမြိုနေသည့် အရှိန်ကို စိတ်ကျေနပ်မှု မရှိဘဲ စိတ်လောနေသည်။
အဘယ်ကြောင့်ဆိုသော် အချက်အလက်စွမ်းအင်စီးကြောင်းနယ်မြေကိုသာ အပြည့်အဝ ဝါးမြိုနိုင်မည်ဆိုပါက အချက်အလက်စီးကြောင်းများကို အသုံးချသည့် နည်းလမ်းကို သူ တတ်မြောက်သွားနိုင်မည်ကို ရှာဖွေသိရှိထားသောကြောင့်ဖြစ်သည်။ ထို့အပြင် ဝါးမြိုနေသည့်အချိန်အတွင်း၌ပင် ကျုံးရှန်သည် အနှီစနစ်၏ အမည်နှင့် နောက်ခံသမိုင်းကြောင်းကို သိရှိခဲ့ရလေသည်။ ယင်း၏နာမည်ကို စိတ်နှလုံးကွန်ရက် ဟုခေါ်ပြီး အတိတ်တွင် အလွန်အစွမ်းထက်သော တည်ရှိမှုတစ်ခုမှ ဖန်တီးခဲ့ခြင်းဖြစ်ကာ မဟာစကြဝဠာအတွင်းရှိ သက်ရှိတိုင်းကို ဆက်သွယ်ပေးထားခဲ့သည်။
မဟာစကြဝဠာအတွင်း၌ စကြဝဠာပေါင်း မြောက်မြားစွာ ပါဝင်နေကာ စကြဝဠာတစ်ခုချင်းစီတွင် အဆုံးမဲ့လွင်ပြင်ကဲ့သို့ ဟင်းလင်းပြင်များစွာ ရှိနေသည်။ မဟာကမ္ဘာများသည်မူ ရေတွက်၍မရအောင်ပင်ရှိကာ ကျုံးရှန်တို့၏ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်နှင့် ငရဲမဟာကမ္ဘာဆိုသည်မှာ သမုဒ္ဒရာကြီးအတွင်းရှိ ရေစက်ကလေးတစ်ခုကဲ့သို့သာ ဖြစ်သည်။ မြေမှုန်ကမ္ဘာ၊ အထပ်ငယ်တစ်ထောင်ကမ္ဘာနှင့် အထပ်လတ်တစ်ထောင်ကမ္ဘာများအကြောင်းကိုမူ ထည့်ပြောရန်ပင် မလိုအပ်ချေ။
အကျဉ်းချုပ်ရပါလျှင် မဟာစကြဝဠာအတွင်း၌ မရေမတွက်နိုင်သော သက်ရှိများစွာ ရှင်သန်နေကာ ထိုခေတ်အခါက သက်ရှိအားလုံးသည် စိတ်နှလုံးကွန်ရက်ဖြင့် ချိတ်ဆက်ထားခြင်းခံခဲ့ရသည်။ ယင်းသည် ကမ္ဘာဦးခေတ်၏ အင်တာနက်ကဲ့သို့ပင် ဖြစ်သည်။ စိတ်နှလုံးစွမ်းအားကို စိတ်နှလုံးကွန်ရက်အတွင်းသို့ ထည့်သွင်းလိုက်ပါက နျန်းဘီဒင်္ဂါး များကို ရရှိနိုင်ကာ ထိုဒင်္ဂါးများဖြင့် ရတနာများ၊ ကျင့်စဉ်များ၊ သက်တမ်းနှင့် ကမ္ဘာများကိုပင် လဲလှယ်ရယူနိုင်လေသည်။
မိမိ လိုချင်သမျှ အရာအားလုံးကို ထိုမှတစ်ဆင့် ရရှိနိုင်ခြင်း ဖြစ်သည်။ ယင်းအပြင် စိတ်နှလုံးကွန်ရက်သည် မဟာစကြဝဠာအတွင်းရှိ စကြဝဠာအသီးသီးနှင့် ကမ္ဘာအသီးသီးကြားမှ ဟင်းလင်းပြင် အတားအဆီးများကို လျစ်လျူရှုကာ တိုက်ရိုက် ဆက်သွယ်ခြင်း၊ ကုန်သွယ်ခြင်းနှင့် ကူးသန်းသွားလာခြင်းများကိုလည်း ဆောင်ရွက်ပေးနိုင်သည်။ စိတ်နှလုံးကွန်ရက်ကို အများသုံး စနစ်တစ်ခုဟုယူဆပါက ကျုံးရှန်၏ ခန္ဓာကိုယ်ပေါ်ရှိ နေ့စဉ်မှတ်တမ်းတင်ခြင်းစနစ်ကို တစ် ယောက်သုံးစနစ်ဟု သတ်မှတ်နိုင်သည်။
စိတ်နှလုံးကွန်ရက်သည် ပိုမို အစွမ်းထက်သော စနစ်ဖြစ်ကာ သက်ရှိပေါင်း မြောက်မြားစွာ၏ စိတ်နှလုံးကို တိုက်ရိုက် ချိတ်ဆက်ထားနိုင်ပြီး လူတိုင်း၏ စိတ်နှလုံးစွမ်းအားကို အသုံးပြု၍ နျန်းဘီဒင်္ဂါးများ ထုတ်လုပ်ကာ စိတ်နှလုံးစွမ်းအား အချက်အလက်စီးကြောင်းများဖြင့် အရာခပ်သိမ်းကို ဖန်တီးပေးခြင်း ဖြစ်သည်။ ထိုစနစ်သည် အချိန်တိုင်း၌ အကန့်အသတ်မရှိ စိတ်နှလုံးစွမ်းအားများကို ရရှိနေပြီး မဟာစကြဝဠာရှိ သက်ရှိအားလုံးကို သူ၏ စိတ်နှလုံးစွမ်းအား ထုတ်လုပ်ပေးသူများအဖြစ် အသုံးချနေခြင်းဖြစ်သည်။ ထိုသည်က စိတ်နှလုံးစနစ်၌ အမှန်တကယ်ပင် အံ့ဩဖွယ်ကောင်းသော စွမ်းဆောင်ရည်များရှိကြောင်းဖော်ပြနေသည်။
သို့သော်လည်း စိတ်နှလုံးကွန်ရက်ကို ဖန်တီးသူသည် နောက်ဆုံး၌ ကျဆုံးသွားခဲ့ကာ သူ၏ ဆန္ဒ၊ မူလအရင်းအမြစ်နှင့် စိတ်နှလုံးအားလုံးကို စိတ်နှလုံးကွန်ရက်အတွင်းသို့ ပေါင်းစပ်စေပြီး ကွန်ရက်စနစ်၏ လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးခဲ့သည်။ ကံဆိုးစွာဖြင့် စိတ်နှလုံးကွန်ရက်သည် မဟာစကြဝဠာ၏ ကြီးထွားပြန့်ကားလာမှုကို လိုက်မမှီနိုင်ဘဲ ပျက်စီးသွားခဲ့ရသည်။ ယင်းသည် အပိုင်းအစပေါင်း သန်းနှင့်ချီ၍ ကွဲအက်သွားကာ မည်သည့်နေရာသို့ ရောက်ရှိသွားသည်ကို မည်သူမျှ မသိရှိကြတော့ချေ။
ယခု ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ နဝမမြောက် အထပ်တစ်ထောင်အတွင်းရှိ အချက်အလက်စွမ်းအင်စီးကြောင်းနယ်မြေမှသည် ထိုစိတ်နှလုံးကွန်ရက်၏ အပိုင်းအစတစ်ခုမှ ပြောင်းလဲလာခြင်း ဖြစ်သည်။
"စိတ်နှလုံးကွန်ရက်... စိတ်ဝင်စားစရာပဲ..."
'ငါသာ ဒီအပိုင်းအစကို ဝါးမြိုပေါင်းစပ်နိုင်မယ်ဆိုရင် စိတ်နှလုံးကွန်ရက်ရဲ့ လျှို့ဝှက်ချက်အချို့ကို သိရှိနိုင်မှာပဲ...'
ထိုသို့ တွေးတောမိသောအခါ ကျုံးရှန်သည် သွားကို တင်းတင်းကြိတ်လိုက်မိသည်။ သူသည် မိမိ၏ အစွမ်းအစများကို အစွမ်းထုတ်ဖော်ရန်ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ထို့နောက်သူ၏ ကောင်းကင်ကို အနိုင်ယူကျော်လွှားခြင်း တာအိုလမ်းစဉ်ကို ရူးသွပ်စွာ လည်ပတ်စေလိုက်လျှင် အတိုင်းအဆမရှိသော စိတ်နှလုံးစွမ်းအားများသည် တာအိုလမ်းစဉ်၏ လမ်းညွှန်မှုဖြင့် ထွက်ပေါ်လာသည်။
"ထပ်ပြီး ခွဲထွက်စမ်း"
ကျုံးရှန်သည် ကျယ်လောင်စွာကြုံးဝါးလိုက်၏။ ထိုအခါ နဂိုရှိနှင့်ပြီးသော ကျုံးရှန်ကိုယ်ပွားများသည် ထပ်မံ ဝေဝါးသွားကာ ကိုယ်ပွားတစ်ခုစီမှ နောက်ထပ် ကိုယ်ပွား ဆယ်ခုစီ ထပ်မံ ခွဲထွက်သွားကြသည်။ ကိုယ်ပွား အရေအတွက်သည် ဆယ်ဂဏန်းမှ ရာဂဏန်းအထိ ရုတ်တရက် တဟုန်ထိုးတိုးပွားသွားသည်။
ထိုဖြစ်စဉ်သည် စိတ်နှလုံးစွမ်းအား ထုတ်လွှတ်သည့် ရေပိုက်ခေါင်း အရေအတွက် ဆယ်ဂဏန်းမှ ရာဂဏန်းအထိ တိုးပွားသွားခြင်းနှင့် တူညီပြီး အလုပ်လုပ်နိုင်စွမ်းသည်လည်း အဆမတန်မြင့်တက်သွားလေသည်။ ထိုအခြေအနေသည် အချက်အလက် ထုတ်လုပ်မှုအရှိန်ကို အချက်အလက်စွမ်းအင်စီးကြောင်းနယ်မြေထက် များစွာ မြန်ဆန်စေကာ ဝါးမြိုမှုနှုန်းကို အလွန် မြန်ဆန်လာစေသော်လည်း ကျုံးရှန်၏ ခန္ဓာကိုယ်အတွက် ကြီးမားသော ဖိအားတစ်ခုကိုယူ ဆောင်လာသည်။ ကိုယ်ပွားရာဂဏန်းခန့်ခွဲထုတ် ခြင်းသည် သူ၏ ကောင်းကင်တာအိုခန္ဓာကိုယ်ဖြင့်ပင်လျှင် အချိန်မရွေး ဆုတ်ဖြဲခံရတော့မည့်သကဲ့သို့ ခံစားနေရချေသည်။
သူ၏စိတ်ဝိညာဉ်လည်း ထိုနည်းတူပင်ဖြစ်ကာ ဧရာမ လက်ကြီးသည် သူ၏ ဝိညာဉ်ကို ရူးသွပ်စွာဆွဲဖြဲနေသည့်အလား ခံစား နေရသည်။ ကျုံးရှန်၏တစ်ကိုယ်လုံးသည် ကြီးမားသော နာကျင်မှုကို အလူးအလဲ ခံစားနေရခြင်းဖြစ်သည်။ ကံကောင်းစွာဖြင့် ကျုံးရှန်၌ အလွန်တရာ ကြံ့ခိုင်သောစိတ်ဓာတ်နှင့် မလျှော့သော ဇွဲလုံ့လ တို့ရှိနေသောကြောင့်သာ ထိုနာကျင်မှုကို သည်းခံနိုင်ခြင်း ဖြစ်သည်။
စိတ်နှလုံးစွမ်းအားဆိုသည်မှာ အဆုံးမဲ့သော သမုဒ္ဒရာကြီးနှင့် တူညီပြီး ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်သည် ထိုစွမ်းအားများကို လက်ခံရသည့် အိုးများ ဖြစ်ကာ ခန္ဓာကိုယ်နှင့် ဝိညာဉ် ပိုမို ကြံ့ခိုင်လာသည်နှင့်အမျှ စိတ်နှလုံးစွမ်းအားကို ပိုမို ပြင်းထန်စွာ ထုတ်ဖော်လာ နိုင်ပေမည်။ သို့ဖြစ်ရာ အကယ်၍ မိမိ၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်အကန့်အသတ်ကိုကျော်လွန်၍ အတင်းအဓမ္မ ထုတ်ဖော်မည်ဆိုပါက ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ပြင်းထန်စွာ နာကျင်စေမည်ဖြစ်သည်။ လက်ရှိတွင် အချက်အလက်စွမ်းအင်စီးကြောင်းနယ်မြေသည် သိသာထင်ရှားစွာဖြင့် လျင်မြန်စွာ ကျုံ့ဝင်လာသည်။
အချက်အလက်စွမ်းအင်စီးကြောင်းနယ်မြေ ပိုမိုသေးငယ်လာသည်နှင့်အမျှ ကျုံးရှန်၏ ဝါးမြိုမှုနှုန်းမှာလည်း ပိုမို မြန်ဆန်လာသည်။ သို့ဖြင့်ရက်အနည်းငယ် ကြာပြီးနောက်တွင် အချက်အလက်စွမ်းအင်စီးကြောင်းနယ်မြေသည် ကျုံးရှန်၏ အပြီးအတိုင် ဝါးမြိုခြင်းကို ခံလိုက်ရလေသည်။ ထိုအခါမှပင် ကျုံးရှန်သည်လည်း သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိသည်။
စိတ်နှလုံးစွမ်းအားကို အတင်းအဓမ္မ ထုတ်ဖော်ရခြင်းသည် စကားလုံးဖြင့် ဖော်ပြရန်ပင် ခဲယဉ်းလှသော နာကျင်မှုမျိုးဖြစ်သည်။ ယခုအခါ သူ၏ မျက်နှာသည် ဖြူလျော့နေကာ စိတ်ဝိညာဉ်နှင့် ခန္ဓာကိုယ် ထိခိုက်ထားကြောင်းဖော်ပြနေသည်။ သို့သော် ထိုဒဏ်ရာများသည် ကျုံးရှန်အနေဖြင့် ကောင်းကင်ကို အနိုင်ယူကျော်လွှားခြင်း တာအိုလမ်းစဉ်ကို လည်ပတ်ပြီး စိတ်နှလုံးစွမ်းအားကိုအသုံးပြု၍ အချိန်ယူ ကုသပါက ပြန်လည် ပျောက်ကင်းသွားမည်သာဖြစ်သည်။
နဝမမြောက် အထပ်တစ်ထောင် ကမ္ဘာ၏ ကျန်ရှိနေသောဟင်းလင်းပြင်သည် အဆက်မပြတ်ကျုံ့ဝင်လာကာ နောက်ဆုံးတွင်ပြိုကွဲပျက်စီးသွားပြီး ကျုံးရှန်ကို အပြင်ဘက်သို့ ကန်ထုတ်လိုက်သည်။
နဝမအထပ်တစ်ထောင်ကမ္ဘာတစ်ခုလုံးသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်းမှ ထာဝရ ပျောက်ကွယ်သွားခြင်း။
ကျုံးရှန်သည် နဝမအထပ်တစ်ထောင်ကမ္ဘာဖြစ်သည့် အချက်အလက်စွမ်းအင်စီးကြောင်းနယ်မြေတစ်ခုလုံးကို ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်းမှ အကြွင်းမဲ့ဝါးမြိုဖျက်စီးပစ်လိုက်ခြင်းသာဖြစ်လေသည်။