← Chapters

အခန်း (၃၆၅-၃၆၆)

Vol. 37 Ch. 365-366

အခန်း (၃၆၅-၃၆၆)

Vol. 37 Ch. 365-366

အပိုင်း (၃၆၅)

'နောက်ဆုံးတော့ ဒါကို သန့်စင်ပြီး... စနစ်တစ်ခုလုံးကို ပြန်လည်ဖန်တီးနိုင်ခဲ့ပြီ...'

ကျုံးရှန်သည် ဆက်လက် တက်လှမ်းရန် အလျင်မလိုဘဲ တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။ ယခုအခါ သူ၏ ခန္ဓာကိုယ်အတွင်း၌ အလင်းလုံး နှစ်လုံး ရှိနေကာ ဂြိုဟ်ရံများကဲ့သို့ သူ၏ စိတ်ဝိညာဉ်ကို ဗဟိုပြု၍ လည်ပတ်နေကြသည်။

'ဒီလောက်တောင် ငြိမ်သက်နေတာလား...' ကျုံးရှန်သည် အနည်းငယ် ထူးဆန်းသည်ဟုခံစားမိသည်။

ဂူတစ်ခုတွင် ခြင်္သေ့နှစ်ကောင် မအောင်းနိုင်ဟူသောဆိုရိုးအရဆိုလျှင် သူ၏ ခန္ဓာကိုယ်အတွင်း စနစ်နှစ်ခုသည် တစ်ခုနှင့်တစ်ခုဆန့်ကျင်မှုများရှိနေရမည်ဖြစ်သည်။ သို့သော်လည်း နေ့စဉ်မှတ်တမ်းတင်ခြင်းစနစ်သည် မည်သည့် တုံ့ပြန်မှုမျှ မရှိဘဲ ငြိမ်သက်နေ၏။

"စိတ်နှလုံးစနစ်"

ကျုံးရှန်သည် စိတ်ထဲမှ ခေါ်လိုက်သည်။

ထိုအခါချက်ချင်းပင် သူ၏ရှေ့မှောက်၌ ပုံရိပ်ယောင် ဖန်သားပြင်တစ်ခု ပေါ်လာကာ ကျုံးရှန်၏ အခြေခံ အချက်အလက်များအပြင် အောက်ပါအတိုင်း ပေါ်ထွက်လာသည်။

*[လက်ရှိ ချိတ်ဆက်ထားသော စိတ်နှလုံးဆုံမှတ် အရေအတွက် : ၀]

*လုပ်ဆောင်ချက် ၁

*[စိတ်နှလုံးမျိုးစေ့ အခဲပြုခြင်း]

*လုပ်ဆောင်ချက် ၂

*[စိတ်နှလုံးဆုံမှတ် နေရာချထားခြင်း]

'ကြည့်ရတာ ဒီစိတ်နှလုံးစနစ်က ငါ့ကို အသေးစား စိတ်နှလုံးကွန်ရက်တစ်ခု တည်ဆောက်ခွင့် ပေးနိုင်တာပဲ...'

'မဆိုးဘူး... ဒါက အသုံးဝင်မယ့်အရာပဲ' 'အနာဂတ်မှာ စိတ်နှလုံးကွန်ရက်ရဲ့ အပိုင်းအစတွေ ပိုရအောင် ငါ ကြိုးစားရမယ်...'

'ဒီစနစ်က ငါ့ရဲ့ ဝါးမြိုခြင်း၊ သန့်စင်ခြင်းနဲ့ ဖန်တီးခြင်းတွေကို ဖြတ်သန်းလာခဲ့တာဆိုတော့ သန့်စင်တဲ့ တည်ရှိမှု လို့ဆိုရမယ်... ဘာဘေးထွက်ဆိုးကျိုးမှ ရှိလာမှာမဟုတ်ဘူး...'

'ဒါပေမဲ့ နောင်တစ်ချိန်မှာ စိတ်နှလုံးကွန်ရက် ဖြန့်ကျက်မှု ကျယ်ပြန့်လာပြီး ချိတ်ဆက်ထားတဲ့ သက်ရှိတွေ များလာရင်တော့ အသိစိတ်တစ်ခု ဖြစ်ပေါ်လာနိုင်ချေ ရှိတယ်...'

'အခုချိန်မှာ အဲဒါကို စဉ်းစားဖို့က အစောကြီး ရှိသေးတယ်... ခြုံပြောရရင်လောလောဆယ်တော့ ကောင်းကျိုးက ဆိုးကျိုးထက် ပိုများနေတာပဲ...'

ကျုံးရှန်သည် ထိုသို့တွေးတောပြီးနောက် ကောက်ချက်တစ်ခု ချလိုက်သည်။

သို့သော် လက်ရှိတွင် နေ့စဉ်မှတ်တမ်းတင်ခြင်းစနစ်၏ တုံ့ပြန်မှုသည် သူ ထင်ထားသည်ထက် ကျော်လွန်နေ၏။ ယေဘုယျအားဖြင့်ဆိုရလျှင် သူ၏ ခန္ဓာကိုယ်အတွင်း စနစ်အသစ်တစ်ခု တိုးလာခြင်းသည် ခွေးနှစ်ကောင် ထမင်းတစ်ပန်းကန်ထဲကို လုစားနေသကဲ့သို့ ဖြစ်လာမည် ဖြစ်သည်။ နေ့စဉ်မှတ်တမ်းတင်ခြင်းစနစ်သည် မိမိ၏နေရာကို အစားထိုးရန်ဝင်ရောက်လာသော စနစ်ကို တစ်စုံတစ်ရာ တုံ့ပြန်ရမည် ဖြစ်သော်လည်း ယခုမူ မည်သည့် လှုပ်ရှားမှုမျှ မရှိချေ။

ဝါးမြိုခြင်းမတိုင်ခင် စနစ်နှစ်ခုထိပ်တိုက်တွေ့ဆုံခြင်း စမ်းသပ်မှုအရ နေ့စဉ်မှတ်တမ်းတင်ခြင်းစနစ်၏ အချက်အလက် စုစုပေါင်းပမာဏသည်စိတ်နှလုံးစနစ်ထက် များစွာ သာလွန်သဖြင့် သေးငယ်သောအစိတ်အပိုင်းသာဖြစ်သည့် စိတ်နှလုံးစနစ်ထက်ပို၍အစွမ်းထက်သည်ဟုယူဆနိုင်သည်။

"နေ့စဉ်မှတ်တမ်းတင်ခြင်းစနစ်"

ကျုံးရှန်သည် စိတ်ထဲမှ ခေါ်လိုက်၏။

ထိုအခါနောက်တစ်စက္ကန့်တွင် နောက်ထပ် ပုံရိပ်ယောင် ဖန်သားပြင်တစ်ခု ပေါ်လာသည်။ ယင်းတွင် နေ့စဉ်မှတ်တမ်းတင်ခြင်းနှင့် နတ်ဘုရားတစ်သောင်းဖြစ်ရပ်မှတ်တမ်း ပါဝင်လေသည်။ စနစ်နှစ်ခုစလုံးသည် တစ်ခုနှင့်တစ်ခု အနှောင့်အယှက် မပေးဘဲ ယှဉ်တွဲတည်ရှိနေကြခြင်းဖြစ်သည်။

မူလတွင် ကျုံးရှန်သည် နေ့စဉ်မှတ်တမ်းတင်ခြင်းစနစ်ကို အသုံးပြု၍ စိတ်နှလုံးစနစ်ကို ဝါးမြိုခိုင်းရန် ကြံစည်ထားကာ စနစ်နှစ်ခု အားပြိုင်ပြီး ဒဏ်ရာအနာတရ ဖြစ်နေချိန်တွင် ဝင်ရောက် အမြတ်ထုတ်ရန် ရည်ရွယ်ခဲ့သည်။ သူသည် စိတ်နှလုံးစွမ်းအားဖြင့် အချက်အလက်စီးကြောင်းများကို ပုံဖော်သည့် နည်းလမ်းကို တတ်မြောက်ထားပြီ ဖြစ်သဖြင့် အခြေခံအားဖြင့် ထိုစနစ်များကို ခြိမ်းခြောက်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။ သို့သော်လည်း နေ့စဉ်မှတ်တမ်းတင်ခြင်းစနစ်သည် မည်သည့် တုံ့ပြန်မှုမျှ မရှိလာသဖြင့် ကျုံးရှန်သည်လည်း ဂရုမစိုက်တော့ဘဲ သူ၏ စွမ်းရည်အသစ်ကို စူးစမ်းရန်သာ ဆုံးဖြတ်လိုက်သည်။

သူသည် လက်ကို မြှောက်ကာ သူ၏ရှေ့မှောက်ရှိ လှေကားထစ်များပေါ်တွင် စတင် ပုံဖော်ကြည့်သည်။ ထိုအခါ စိတ်နှလုံးစွမ်းအားများ အဆက်မပြတ် ထွက်ပေါ်လာပြီး အချက်အလက်စီးကြောင်းများကို စတင် ရေးဆွဲလေတော့သည်။ ထွက်ပေါ်လာသောအချက်အလက်စီးကြောင်းများသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ လှေကားထစ်များနှင့် ထိတွေ့သွားသောအခါ ယင်းလှေကားထစ်များကို စတင် ခွဲထုတ်ကာ တူညီသော အချက်အလက်များအဖြစ် ပြောင်းလဲပစ်လိုက်သည်။

သုံးရက် နှင့် သုံးညတိုင်တိုင် ကြာမြင့်သွားပြီးနောက်တွင် ကျုံးရှန်၏ ရှေ့မှောက်ရှိ လှေကားထစ်တစ်ခုသည် အချက်အလက်များဖြင့်ဖွဲ့စည်းထားသည့် အသွင်သို့ ပြောင်းလဲသွားသည်။ ကျုံးရှန်သည် မျက်လုံးများကို မှေးလိုက်၏။ သူသည် ပုံရိပ်ယောင် အချက်အလက်စီးကြောင်းများကို အသုံးပြုခြင်းအပေါ် နားလည်မှုများစွာ ရရှိသွားပြီဖြစ်သည်။

အစစ်အမှန်အရာဝတ္ထုများကို အချက်အလက်စွမ်းအင်စီးကြောင်းများအဖြစ်ပြောင်းလဲခြင်း။

ထိုစွမ်းရည်သည် စိတ်နှလုံးစနစ်ကို သန့်စင်ပြီးနောက် ရရှိခဲ့သော စွမ်းရည်တစ်ခု ဖြစ်သည်။ သူသည် ယင်းကို ရှင်းလီ ပုံရိပ်ယောင်ပြုခြင်း ဟု အမည်ပေးလိုက်သည်။ ထိုစွမ်းရည်သည် မည်သည့် ပတ်ဝန်းကျင်တွင်မဆို စိတ်နှလုံးစွမ်းအားကို ပုံရိပ်ယောင် အချက်အလက်စီးကြောင်းများအဖြစ် ပြောင်းလဲနိုင်ခြင်း ဖြစ်သည်။

သီအိုရီအရဆိုလျှင် အချက်အလက်စီးကြောင်းများကို အသုံးပြု၍ မည်သည့်အရာကိုမဆို ဖန်တီးနိုင်မည် ဖြစ်သည်။ ထို့အပြင် ရှိပြီးသား အရာဝတ္ထုများကိုလည်း ပုံရိပ်ယောင် အချက်အလက်များအဖြစ် ပြောင်းလဲနိုင်စွမ်း ရှိလေသည်။ အကယ်၍ အချိန်သာ လုံလောက်မည်ဆိုပါက ကျုံးရှန်သည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်တစ်ခုလုံးကိုပင် အချက်အလက်များအဖြစ် ပြောင်းလဲခြင်း သို့မဟုတ် နောက်ထပ် မျှော်စင်တစ်ခုကို ထပ်မံ ဖန်တီးခြင်း ပြုလုပ်နိုင်မည်ဖြစ်သည်။

သူသာ အချိန်ပေးလိုပါက အရာအားလုံးကို ပြုလုပ်ဖန်တီးနိုင်သွားပြီဖြစ်သည်။ ထိုစွမ်းရည်သည် ကျုံးရှန်အတွက် အလွန် စိတ်ဝင်စားစရာ ကောင်းသောအရာ ဖြစ်သည်။ လက်ခုပ်တစ်ချက်တီးလိုက်သောအခါ အချက်အလက်လှေကားထစ်အတွင်းရှိ အချက်အလက်စီးကြောင်းများ ချက်ချင်း ပျောက်ကွယ်သွားကာ လှေကားထစ်တစ်ခုလုံးလည်း ပျောက်ကွယ်သွားသည်။

ထိုနည်းလမ်းသည် အလွန်ပင် ဆန်းကြယ်လှ၏။

အကယ်၍ ရန်သူနှင့် ရင်ဆိုင်ရချိန်တွင် ရန်သူကို အချက်အလက်အဖြစ် ပြောင်းလဲကာ ထိုအချက်အလက်များကို မှတ်တမ်းတင်ထားပြီးနောက် ဖြန့်ကြဲပစ်လိုက်မည်ဆိုပါက မည်သို့ ဖြစ်လာမည်နည်း။

ထို့အပြင် အချက်အလက်များအတိုင်း ရန်သူကို ပြန်လည် ကူးယူဖန်တီးခြင်း ၊ အချက်အလက်များကို ပြင်ဆင်ခြင်းဖြင့် ရန်သူ၏ မူလဇစ်မြစ်၊ အတွေးအခေါ်နှင့် ကျင့်စဉ်များကိုပါ ပြောင်းလဲပြင်ဆင်လာနိုင် မည်ဖြစ်သည်။ သို့သော်လည်း ထိုလုပ်ငန်းစဉ်၏ ခက်ခဲမှုသည် အလွန် တရာကြီးမားလှသည်။ ရန်သူသည် အစွမ်း ပိုမို ထက်မြက်လာသည်နှင့်အမျှ အချက်အလက်အဖြစ် ပြောင်းလဲရန်ကြိုးစားမှုသည်လည်း ရှုပ်ထွေးခက်ခဲလာပေလိမ့်မည်။

ဥပမာ အားဖြင့် သူ၏ရှေ့မှောက်ရှိ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ လှေကားထစ် တစ်ခုတည်းကိုပင် အချက်အလက်အဖြစ် ပြောင်းလဲနိုင်ရန်အတွက် သုံးရက် သုံးညတိုင် အချိန်ပေးခဲ့ရသည်။ လှေကားထစ်ပေါင်း တစ်သောင်းဆိုလျှင် ရက်ပေါင်း သုံးသောင်း ကြာမြင့်မည် ဖြစ်သည်။ ထိုသည်မှာ လှေကားထစ် များသာ ရှိသေးခြင်း ဖြစ်သည်။

မျှော်စင်၏ ကိုယ်ထည်တစ်ခုလုံးတွင် အတိုင်းအဆမရှိသော နက်ရှိုင်း ဆန်းကြယ်မှုများဖြင့်ဖွဲ့စည်းထားကာ အထပ်တစ်ထောင် ကမ္ဘာများ၏ ထူးခြားမှု၊ ကောင်းကင်တက်လှမ်းခြင်း တာအို၏ လျှို့ဝှက်ချက်နှင့် မျှော်စင်အတွင်းရှိ များပြားလှသော အခြား ထူးခြားချက်များ ပါဝင်နေလေသည်။ သို့ဖြစ်၍ ကောင်းကင်တက်လှမ်းခြင်း မျှော်စင်တစ်ခုလုံးကို အချက်အလက်အဖြစ် ပြောင်းလဲပစ်ရန် နှစ်ပေါင်း သန်းနှင့်ချီ၍ ကြာမြင့်နိုင်ချေ ရှိသည်။ ထိုအချက်သည် ရှင်းလီပုံရိပ်ယောင်နည်းလမ်းတွင် သိသာထင်ရှားသော အားနည်းချက်တစ်ခု ရှိနေကြောင်းဖော်ပြနေ၏။

သို့သော်လည်း ကျုံးရှန်၏ ရှင်းလီပုံရိပ်ယောင်ပြုခြင်း နယ်ပယ်အပေါ် နားလည်မှု မြင့်တက်လာခြင်း ၊ စိတ်နှလုံးကွန်ရက် အပိုင်းအစများ ပိုမို ဝါးမြိုနိုင်လာခြင်း နှင့် စိတ်နှလုံးကွန်ရက် တည်ဆောက်ပြီး ချိတ်ဆက်ထားသော သက်ရှိများ၏ စိတ်နှလုံးစွမ်းအားကို စုပ်ယူ၍ အားကောင်းလာခြင်းများရှိပါက ထိုပြဿနာကို ဖြေရှင်းပေးနိုင်မည် ဖြစ်သည်။ ယင်းတို့သည် လွယ်ကူသော ဖြေရှင်းနည်းလမ်းများ မဟုတ်သော်လည်း ကျုံးရှန်သည် ထိုနည်းလမ်းများကို ရှာတွေ့န်ိုင်ရုံဖြင့်ပင် ကျေနပ်နေပြီ ဖြစ်သည်။ ယခုအခါ သူသည် စမ်းသပ်မှုအသစ်တစ်ခု ပြုလုပ်ချင်နေသည်။

ဥပမာအားဖြင့် စိတ်နှလုံးကွန်ရက် တည်ဆောက်ရန် ကြိုးစားခြင်း ဖြစ်သည်။ ကျုံးရှန်သည် အတွေးပေါ်လာသည်နှင့် ချက်ချင်းအကောင်အထည်ဖော်ရန်ဆုံးဖြတ်လိုက်သည်။ သူသည် လက်ကို ဝှေ့ယမ်းကာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ အသေးစားသူတော်စင်နိုင်ငံ (မြေမှုန်အဆင့်ရှိ ကမ္ဘာငယ်) ထဲမှ ရှန်ဝူရှန်းကို ခေါ်ယူလိုက်သည်။ ရှန်ဝူရှန်းသည် ယခုအခါ အသက် ၅ နှစ် အရွယ်ခန့် ကလေးငယ်တစ်ဦး ဖြစ်လာပြီဖြစ်သည်။

သူသည် အသက်အရွယ် ငယ်သေးသော်လည်း အလွန် ဉာဏ်ကောင်းကာ တက်ကြွသော ကလေးဖြစ်သည်။

"ဆရာ"

ရှန်ဝူရှန်းသည် တက်ကြွစွာဖြင့် ခေါ်လိုက်သည်။

"လိမ္မာတဲ့ဝူရှန်းလေး... ကျင့်ကြံခြင်းကို ကောင်းကောင်း လုပ်နေရဲ့လား"

ကျုံးရှန်သည် ခါးကို ကိုင်းကာ ရှန်ဝူရှန်းကိုငုံကြည့်လာပြီး ကြင်နာသော ဖခင်တစ်ဦးကဲ့သို့ မေးမြန်းလိုက်သည်။

"လုပ်နေပါတယ်... ဆရာ"

ရှန်ဝူရှန်းသည် တက်ကြွစွာ ခုန်ပေါက်လိုက်ပြီးမှ ပြန်လည်ဖြေကြားလိုက်သည်။ သူ၏ စိတ်နေစိတ်ထားနှင့် မြင့်မားသောကျင့်ကြံမှုအဆင့်သည် လိုက်ဖက်မှု မရှိလှပေ။

သို့ သော် ရှန်ဝူရှန်း၏ထိုစကားကိုကြားသောအခါ ကျုံးရှန်၏ မျက်နှာတွင် အပြုံးများ ပိုမို ဝေဆာလာသည်။ ရှန်ဝူရှန်းလေးတွင် အကန့်အသတ်မဲ့သော အလားအလာများ ရှိနေလေသည်။ အဘယ်ကြောင့်နည်းဟူမူ ကျုံးရှန် ယခု ရောက်ရှိနေသော နေရာသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ အထပ် ၉၀၀၀ ကျော်တွင် ဖြစ်သောကြောင့် ဖြစ်သည်။

ဤနေရာသည် မျှော်စင်ထိပ်ဆုံးနှင့် အလွန် နီးကပ်နေပြီ ဖြစ်ကာ မိစ္ဆာနတ်ဘုရားနယ်ပယ် အဆင့် ၃ အထွတ်အထိပ်ကျင့်ကြံသူများပင်လျှင် ထိုလှေကားထစ်များရှိ ဖိအားကိုတောင့်ခံနိုင်စွမ်းမရှိကြချေ။ အထပ်၉၀၀၀ကျော်၌ရှိသည့် အနှီလှေကားများတွင် ရပ်နေနိုင်ရန်အတွက် တောင့်တင်းကြံခိုင်သော ခန္ဓာကိုယ်သာမက မြင့်မားသော ဉာဏ်ရည်လည်း လိုအပ်သည်။ ထို့ကြောင့် မိစ္ဆာနတ်ဘုရားနယ်ပယ် အဆင့် ၃ အထွတ်အထိပ်ကျင့်ကြံသူများသည် အများဆုံးအနေဖြင့် အထပ် ၅၀၀၀ ခန့်အထိသာ တက်လှမ်းနိုင်ခဲ့ကြခြင်း ဖြစ်သည်။

သို့သော် ရှန်ဝူရှန်းသည် ကျုံးရှန်နှင့်အတူ ၉၀၀၀ကျော်လှေကားထစ်ပေါ်တွင်ရပ်နေသော်လည်း မည်သည့် ဖိအားမှသက်ရောက်ခြင်းမရှိသကဲ့သို့ ပျော်ရွှင်စွာဖြင့် ခုန်ပေါက်နေသည်။ ထိုအချက်သည် ရှန်ဝူရှန်း၏ အစွမ်းအစကို ပြသနေခြင်း ဖြစ်၏။ ထို့အပြင် ကျုံးရှန်၏ ကိုယ်ပွားမှ တာအိုတရားများကို သင်ကြားပိုချပေးခဲ့ခြင်းကြောင့်လည်း ပါဝင်လေသည်။

ယနေ့တွင် ရှန်ဝူရှန်းကို ခေါ်ထုတ်လိုက်ခြင်းသည် ကျင့်ကြံမှုကို စစ်ဆေးရန် မဟုတ်ဘဲ စိတ်နှလုံးကွန်ရက်ကို စမ်းသပ်ရန် ဖြစ်သည်။

"စိတ်နှလုံးကွန်ရက်"

ကျုံးရှန်သည် စိတ်ထဲမှ ခေါ်ဆိုလိုက်သောအခါ ပုံရိပ်ယောင် ဖန်သားပြင်တစ်ခု သည် သူတို့နှစ်ဦးရှေ့တွင်ပေါ်ထွက်လာသည်။

"စိတ်နှလုံးမျိုးစေ့ကို အခဲပြုလိုက်"

သူ၏ အမိန့်ပေးသံအဆုံးတွင် အချက်အလက်စီးကြောင်းများဖြင့် ဖွဲ့စည်းထားသော မျိုးစေ့တစ်ခု လေထဲတွင် ဝဲပျံဖြစ်ပေါ်လာသည်။ ကျုံးရှန်သည် ထိုမျိုးစေ့ကို ယူကာ ရှန်ဝူရှန်း၏ နှလုံးသားရှိရာနေရာသို့ထိလိုက်လျှင် အတွင်းသို့ ဝင်ရောက်သွားသည်။

"စိတ်နှလုံးဆုံမှတ်ကို နေရာချမယ်"

ကျုံးရှန်သည် ဒုတိယ လုပ်ဆောင်ချက်ကို စတင်လိုက်၏။

ထိုအခါ ရှန်ဝူရှန်း၏ ရင်ဘတ်အတွင်းဝင်ရောက်သွားသည့် စိတ်နှလုံးမျိုးစေ့သည် အညှောင့်ပေါက် ရှင်သန်လာပြီး လက်သီးဆုပ်ခန့်ရှိသော အလင်းလုံးအဖြစ် ပြောင်းလဲသွားသည်ကို မြင်တွေ့လိုက်ရသည်။ ထိုအချိန်တွင် ကျုံးရှန်နှင့် ရှန်ဝူရှန်းအကြား၌ဆက်သွယ်မှုတစ်ခု ဖြစ်ပေါ်လာသည်။

*[ကွန်ရက်ဆုံမှတ် : ၁]

"ဝူရှန်း... မင်း ဆရာ့ကို ချစ်တယ်မလား" ကျုံးရှန်သည် ရုတ်တရက် မေးလိုက်သည်။ ရှန်ဝူရှန်းသည် သူ၏ ရှေ့မှောက်ရှိ ဖန်သားပြင်ကို စပ်စုကြည့်နေစဉ် ထိုမေးခွန်းကို ကြားလိုက်သောအခါ ရိုးသားစွာဖြင့်ပြန်ဖြေလိုက်သည်။

"ဆရာ့ကို အရမ်းချစ်တယ်"

ထိုအခါ သန့်စင်သော စိတ်နှလုံးစွမ်းအားတစ်ခုသည် စိတ်နှလုံးကွန်ရက်မှတစ်ဆင့် ကျုံးရှန်၏ခန္ဓာကိုယ်အတွင်းသို့စီးဆင်းလာသည်။ ထိုစိတ်နှလုံးစွမ်းအား၏ ငါးပုံသုံးပုံသည် စိတ်နှလုံးစနစ်အတွင်း၌ သိမ်းဆည်းခံလိုက်ရကာ ငါးပုံနှစ်ပုံသည် ခန္ဓာကိုယ်အနှံ့သို့ စီးဆင်းသွားပြီး သူ၏ ကုန်ဆုံးသွားသောအားအင်များကို ပြန်လည် အားဖြည့်ပေးလေသည်။ တစ်ချိန်တည်း၌ပင် ရှန်းဝူရှန့်၏ ဖန်သားပြင်ပေါ်တွင် နျန်းဘီဒင်္ဂါး အရေအတွက်သည် ၀ မှ ၁၀၀၀ သို့ ပြောင်းလဲသွားသည်။

'တကယ်ပဲ ဒီအတိုင်းပါလား...'

ကျုံးရှန်သည် သူ၏ ခန့်မှန်းချက် မှန်ကန်ကြောင်း သိရှိသွားပြီဖြစ်သည်။

စိတ်နှလုံးကွန်ရက်ကို ဖန်တီးသူသည် အဆုံးမဲ့သော အကျိုးကျေးဇူးများကို ရရှိနိုင်၏။ စိတ်နှလုံးဆုံမှတ်ရှိ သက်ရှိများသည် စိတ်နှလုံးကွန်ရက်အတွင်းသို့ စိတ်နှလုံးစွမ်းအား ထည့်သွင်းကာ နျန်းဘီဒင်္ဂါးအဖြစ် လဲလှယ်လိုက်သည်နှင့် အဆိုပါ စွမ်းအား၏ ငါးပုံနှစ်ပုံသည် ဖန်တီးသူထံသို့ ရောက်ရှိသွားမည် ဖြစ်သည်။ ကျန်ရှိသော ငါးပုံသုံးပုံသည် အချက်အလက်စီးကြောင်းများ ထုတ်လုပ်ရန်နှင့် လဲလှယ်လိုသော ပစ္စည်း၏ တန်ဖိုးအဖြစ် အသွင်ပြောင်းရန် အသုံးပြုခြင်း ဖြစ်သည်။

ထိုလုပ်ဆောင်ချက်သည် အရှုံးမရှိသော ကုန်သွယ်မှုတစ်ခု ဖြစ်သည်။ နှမြောစရာကောင်းသည်မှာ ကျုံးရှန်၏ အစွမ်းသည် မလုံလောက်သေးသဖြင့် စိတ်နှလုံးစနစ်၏ အစွမ်းသည် လုံလောက်စွာကြီးထွားနိုင်ခြင်းမရှိသေးချေ။ ထို့ကြောင့် မိမိဘာသာ အလိုအလျောက် နယ်မြေချဲ့ထွင်နိုင်စွမ်း မရှိသေးဘဲ စိတ်နှလုံးမျိုးစေ့ကို ဖန်တီးသူကိုယ်တိုင် လက်ခံမည့်သူထံ နေရာချထားပေးပြီးမှသာ စိတ်နှလုံးကွန်ရက်ကို တည်ဆောက်နိုင်လေသည်။

ထိုဖြစ်စဉ်သည် အလွန် နှေးကွေးလှ၏။ ကျုံးရှန်သည် အကြမ်းဖျင်း တွက်ချက်ကြည့်လိုက်သောအခါ လူပေါင်း သန်းနှင့်ချီသော စိတ်နှလုံးဆုံမှတ်များကိုသာ ချထားနိုင်မည်ဆိုပါက တစ်လအတွင်း၌ ရရှိလာသော စွမ်းအားဖြင့် ဖန်ဆင်းခြင်းအဆင့် လက်နက်တစ်ခုကို ဖန်တီးနိုင်ကြောင်းသိလိုက်ရသည်။

"အံ့မခန်းပဲ... တကယ့်ကို အံ့ဩစရာကောင်းလွန်းတယ်"

"ဝူရှန်း... မင်း ကမ္ဘာငယ်လေးကို ပြန်သွားလိုက်အုန်း"

ကျုံးရှန်သည် ခေါင်းငုံကာ ပြုံးလျက် ပြောလိုက်သည်။ ရှန်းဝူရှန့်သည် လိမ္မာစွာ ခေါင်းညိတ်ပြကာ သူတော်စင်နိုင်ငံငယ် (မြေမှုန်ကမ္ဘာငယ်) အတွင်းသို့ ပြန်လည် ဝင်ရောက်သွားလေတော့သည်။

အပိုင်း (၃၆၆)

"တကယ်ကိုဆန်းကြယ်တာပဲ...အရမ်းဆန်းကြယ်လွန်းတယ်"

ရှန်ဝူရှန်းတစ်ယောက် သူတော်စင်နိုင်ငံငယ် (မြေမှုန်ကမ္ဘာငယ်) လေးအတွင်းသို့ ဝင်ရောက်သွားပြီးနောက်တွင်ပင် ကျုံးရှန်သည် ဆက်လက်၍ ချီးကျူးရေရွတ်နေမိသည်။

စိတ်နှလုံးစနစ်၏ အသုံးဝင်ပုံနှင့် အလားအလာသည် နေ့စဉ်မှတ်တမ်းတင်ခြင်းစနစ်ထက်ပင် သာလွန်နေ၏။ ကျုံးရှန် ချီးကျူးရေရွတ်နေစဉ်၌ သူ၏ခန္ဓာကိုယ်အတွင်းရှိ နေ့စဉ်မှတ်တမ်းတင်ခြင်းစနစ် အလင်းလုံး၏ အလယ်ဗဟိုတွင် သာမန်မျက်စိဖြင့် မမြင်နိုင်လောက်အောင် သေးငယ်သော အမှုန်ကလေးတစ်ခု တစ်စက္ကန့်မျှ လင်းလက်ကာ မှိန်ကျသွားလေသည်။ ထို့နောက်တွင် အရာအားလုံးသည် ပြောင်းလဲမှုမရှိဘဲ ပုံမှန်သာ ဖြစ်နေခဲ့သဖြင့် ကျုံးရှန်ကိုယ်တိုင်ပင်လျှင် ထိုသေးငယ်သောဖြစ်စဉ်လေးကို သတိမထားမိလိုက်ပေ။

"ဟူး... ဆက်ပြီး တက်လှမ်းတာပေါ့..."

"နောက်ဆုံး လှေကားထစ် တစ်ထောင်ပဲ ကျန်တော့တယ်..."

"ဒီကောင်းကင်တက်လှမ်းခြင်းမျှော်စင်ထဲမှာ ငါရရှိခဲ့တဲ့ ကံကောင်းမှုတွေက လုံလောက်တာထက်တောင် ပိုနေပါပြီ..."

"အမြင့်ဆုံးအထပ်မှာ ရှိနေတာက တကယ်ပဲ ဒဏ္ဍာရီထဲက ကောင်းကင်ဘုံလားဆိုတာ ငါမသိဘူး..."

"အကန့်အသတ်မဲ့ကမ္ဘာရဲ့ကောင်းကင်ဘုံ လား ဒါမှမဟုတ် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ရဲ့ ကောင်းကင်ဘုံလား...''

''ဒုတိယတစ်ခု ဖြစ်ဖို့ များတာပဲ...''

ကျုံးရှန်သည် တိုးညင်းစွာ ရေရွတ်လိုက်သည်။

ထို့နောက် သူသည် ခြေထောက်ကို မြှောက်လိုက်ကာ အချက်အလက်အဖြစ် ပြောင်းလဲထားသော လှေကားထစ်ရှိခဲ့သည့်နေရာကို ကျော်ဖြတ်၍ စတင်တက်လှမ်းတော့သည်။ထိုအထပ်မှစတင်ကာ ကျုံးရှန် ရင်ဆိုင်ရသော အတားအဆီး ဖိအားများသည် ယခင်ကထက် များစွာ ပိုမိုကြီးမားလာ၏။ အကယ်၍ ငရဲကမ္ဘာမှ မည်သည့် အဆင့် ၃ အထွတ်အထိပ် မိစ္ဆာအရှင်သခင်ကိုမဆို ဤနေရာသို့ ပို့ထားမည်ဆိုပါက ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ ဖိအားကြောင့် တခဏအတွင်းပင် အပိုင်းပိုင်းအစစ ကြေမွသွားပေလိမ့်မည်ဖြစ်သည်။

သို့သော် ကျုံးရှန်သည် အလွန် ပေါ့ပါးသွက်လက်နေသည်ဟု ခံစားနေရသည်။ အဘယ်ကြောင့်ဆိုသော် သူသည် မဟာကမ္ဘာအဆင့်ရှိ ကောင်းကင်တာအိုခန္ဓာကိုယ်ကို ကျင့်ကြံအောင်မြင်ထားသောကြောင့် ဖြစ်သည်။ ထို့အပြင် ကောင်းကင်တက်လှမ်းခြင်း တာအိုအပေါ် သူ၏ နားလည်သဘောပေါက်မှုသည်လည်း အခြေခံအားဖြင့် ပြည့်စုံနေပြီ ဖြစ်သဖြင့် သူ၏ တက်လှမ်းမှုသည် ပိုမို၍သာလွယ်ကူလာ သည်။

မဟာကမ္ဘာအတွင်း၌ ကျုံးရှန်၏ခန္ဓာကိုယ်ကို ထိခိုက်အောင်လုပ်နိုင်စွမ်းရှိသူသည် လက်ချိုးရေတွက်၍ပင်ရ၏။ တစ်နည်းအားဖြင့် ဆိုရလျှင် သူသည် မသေမျိုး ၊ မပျက်စီးနိုင်သော ထာဝရဖြစ်တည်မှု အဆင့်သို့ ရောက်ရှိနေသူ ဖြစ်သည်။ အကယ်၍ သူ၏ နတ်ဘုရားဝိညာဉ်နှင့် ဝိညာဉ်စွမ်းအား (ကျင့်ကြံခြင်းစွမ်းအင်အရည်အသွေး)များကိုပါ မဟာကမ္ဘာ၏ ကောင်းကင်တာအိုအဆင့်သို့ မြှင့်တင်နိုင်မည်ဆိုပါက ထိုစွမ်းအားသုံးရပ် ပေါင်းစည်းမှုဖြင့် ပိုမိုမြင့်မားသော အဆင့်သို့ တက်လှမ်းနိုင်ပေလိမ့်မည်။

ကျုံးရှန်သည် ယခင်လှေကားထစ်များကဲ့သို့ မြန်ဆန်စွာတက်လှမ်းခြင်းမရှိတော့ချေ။ သူသည် တစ်လှမ်းချင်းစီကို တည်ငြိမ်စွာ တက်လှမ်းနေခြင်းဖြစ်သည်။ သူ၏ ခြေလှမ်းတိုင်းတွင် ကောင်းကင်တက်လှမ်းခြင်း တာအိုအပေါ် နားလည်မှုများသည် ပိုမိုပြည့်စုံလာပြီး ကောင်းကင်တက်လှမ်းခြင်းမျှော်စင်နှင့်လည်း တစ်မျိုးတစ်ဖုံသော ဆက်နွှယ်မှု၊ တုန်ခါမှုများ ဖြစ်ပေါ်လာသည်။

အထက်သို့ တက်လှမ်းသည့် ခြေလှမ်းတိုင်းတွင် ကျုံးရှန်သည် မျှော်စင်ကြီး၏ တုန်ခါမှုကို ခံစားနေရသည်။ ထိုတုန်ခါမှု အရှိန်အဟုန်သည် ဖြည်းညှင်းစွာဖြင့် သူ၏ နှလုံးခုန်နှုန်းနှင့် တစ်သားတည်း ဖြစ်လာကာ ဖော်ပြရန်ခဲယဉ်းသော ဆန်းကြယ်သည့် ဆက်နွှယ်မှုတစ်ခု ဖြစ်ပေါ်လာသည်။ ထိုဆက်နွှယ်မှုသည် မိမိ၏ခန္ဓာကိုယ်ပြင်ပ၌ အပိုအင်္ဂါအစိတ်အပိုင်းတစ်ခု ထပ်မံတိုးလာသကဲ့သို့ ခံစားရစေကာ တစ်ဖက်နှင့်တစ်ဖက်အကြား ဆက်သွယ်မှုကို သိသာစွာ ခံစားနေရသော်လည်း မိမိစိတ်ကြိုက် အမိန့်ပေး ထိန်းချုပ်၍ မရသေးချေ။

ထိုသည်က သိမ်မွေ့သော သန့်စင်ခြင်းလုပ်ငန်းစဉ်တစ်ခု ဖြစ်ကာ ကျုံးရှန်၏ ထိန်းချုပ်မှုမပါပဲ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ကိုအလိုလျောက် သန့်စင်နေခြင်း ဖြစ်သည်။ အထပ် ၉၀၀၀ ကျော် လှေကားထစ်များပေါ်၌ ကျုံးရှန် ခြေတစ်လှမ်း တက်လိုက်တိုင်းတွင် ကောင်းကင်တက်လှမ်းခြင်း မျှော်စင်နှင့် သူ၏အကြားရှိဆက်နွှယ်မှုသည် ပိုမိုနက်ရှိုင်းလို့လာသည်။ ထိုသည်မှာ စမ်းသပ်မှု တစ်ခု ဖြစ်၏။

အထပ် ၉၀၀၀ မှ ၁၀၀၀၀ အထိ တစ်နည်းအားဖြင့် မျှော်စင်၏ ထိပ်ဆုံးသို့ ရောက်ရှိသည်နှင့် ထိုဆက်နွှယ်မှုသည် ပြည့်စုံသွားမည် ဖြစ်ကာ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ကို ထိန်းချုပ်နိုင်သည့် အခွင့်အာဏာအချို့ ပိုင်ဆိုင်လာမည် ဖြစ်သည်။

အဘယ်ကြောင့် ထိန်းချုပ်နိုင်စွမ်း အချို့ကိုသာ ရရှိနိုင်သနည်း။

တက်လှမ်းခြင်းအဘိုးအို၏ ဖြစ်တည်မှုသည် မျှော်စင်၏ ထိန်းချုပ်ခွင့်အာဏာကို နှစ်ပိုင်းကွဲနေသော အခြေအနေသို့ရောက်ရှိစေခဲ့သောကြောင့် ဖြစ်သည်။ တက်လှမ်းခြင်းအဘိုးအိုသည် အမှန်စင်စစ်အားဖြင့် မျှော်စင်၏ သိစိတ် ဝိညာဉ် ဖြစ်သော်လည်း မိမိကိုယ်ပိုင်အသိစိတ် ပေါ်ပေါက်လာကာ သီးခြားခွဲထွက်ခဲ့သည်။ ထို့ကြောင့်မျှော်စင်ကို အပြည့်အဝ

ထိန်းချုပ်နိုင်ရန်အတွက် တက်လှမ်းခြင်းအဘိုးအိုကိုမျှော်စင်အတွင်းသို့ ပြန်လည် ပေါင်းစပ်သန့်စင်ရန် လိုအပ်လေသည်။

သို့သော် တက်လှမ်းခြင်းအဘိုးအိုသည် ထျန်းယွမ်နယ်ပယ်အဆင့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။

ထျန်းယွမ်နယ်ပယ်သည် မည်မျှ အစွမ်းထက်သနည်း။

အနိမ့်ဆုံးသော ထျန်းယွမ်နယ်ပယ် ကျင့်ကြံသူတစ်ဦးသည်ပင် ယွမ်စွမ်းအားယူနစ်တစ်ခုကို ပိုင်ဆိုင်ထားသည်။ ယွမ်စွမ်းအား ယူနစ်တစ်ခုဟူသည်မှာ မဟာကမ္ဘာတစ်ခု၏ စွမ်းအားနှင့် ညီမျှ၏။ သို့သော်လည်း မဟာကမ္ဘာများအကြားတွင်လည်း အကြီးအသေး၊ အနိမ့်အမြင့်စသည်ဖြင့် အဆင့်အတန်း ကွဲပြားမှုများ ရှိနေသည်။

အစွမ်းထက်သော မဟာကမ္ဘာ(အစစ်အမှန်မဟာကမ္ဘာ)များသည် ယွမ်စွမ်းအား ယူနစ်ပေါင်း ထောင်နှင့်ချီ၍ ရှိနိုင်သော်လည်း အားနည်းသော မဟာကမ္ဘာများမှာမူ အလတ်စားကမ္ဘာမှ အဆင့်တက်လာစ ဖြစ်သဖြင့် ယွမ်စွမ်းအား တစ်ယူနစ်သာ ရှိတတ်ကြသည်။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်နှင့် ငရဲမဟာကမ္ဘာတို့သည် အစစ်အမှန်မဟာကမ္ဘာနှင့် အလတ်အလယ်ကမ္ဘာနှစ်ခုအကြားတွင် ရှိနေကာ ယွမ်စွမ်းအားယူနစ် ၂၀၀ မှ ၃၀၀ ခန့် ရှိကြသဖြင့် မဟာကမ္ဘာများထဲတွင် အလယ်အလတ်အဆင့်ဟု သတ်မှတ်နိုင်သည်။ သို့သော်လည်း ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်နှင့် ငရဲမဟာကမ္ဘာတို့၏ သမိုင်းကြောင်းသည် အလွန်ပင် ပျင်းရိငြီးငွေ့ဖွယ်ကောင်းလှပြီး တက်ကြွမှုနှင့် ဖန်တီးနိုင်စွမ်းမရှိသော ခေတ်ကာလများသာဖြစ်ခဲ့သည်။

ရှေးဟောင်းနတ်ဘုရား အများအပြားသည် ဟင်းလင်းပြင်အတွင်း ပုန်းအောင်းနေကြကာ မိမိတို့၏ သူတော်စင်ကမ္ဘာများကို တိတ်တဆိတ် တည်ဆောက်ခြင်း သို့မဟုတ် ကမ္ဘာငယ်လေးများကို တိုက်ခိုက်သိမ်းပိုက်၍ ကိုးကွယ်ယုံကြည်မှုစွမ်းအားများကို လုယူကြခြင်းတွင်သာ အားသာနေကြသည်။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်အတွက် ဘေးဒုက္ခဟု ဆိုနိုင်သည်မှာ ရှေးဟောင်းမဟာဧကရာဇ်ခေတ်မှ စတင်ခဲ့သော ဟင်းလင်းပြင်နတ်မိစ္ဆာများ၏ ကျူးကျော်မှုများသာ ဖြစ်သည်။ဟင်းလင်းပြင်နတ်မိစ္ဆာကမ္ဘာသည် အခြားသော မဟာကမ္ဘာတစ်ခု ဖြစ်ကာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်နှင့် အလွန်နီးကပ်သဖြင့် လောကနှစ်ခုအကြား ပုံမှန်ပွင့်နေသော လမ်းကြောင်းများ ရှိနေသည်။

သို့သော် ထို ဟင်းလင်းပြင်နတ်မိစ္ဆာများ၏ကျူးကျော်မှုများမှလွဲ၍ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်တွင် အခြားသော ကြီးမားသည့် ဘေးဒုက္ခများ မရှိသလောက်ပင် ဖြစ်သည်။ လူသားမျိုးနွယ်နှင့် မျိုးနွယ်ခြားများ၏ တိုက်ပွဲသည်လည်း ကုန်းမြေတိုက်၏ ပြည်တွင်းရေးဟုသာ ဆိုနိုင်လေသည်။ ငရဲမဟာကမ္ဘာတွင်လည်း အလားတူ ဖြစ်သည်။

ငရဲကမ္ဘာနှင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်တို့အကြားမှ အတားအဆီးကို နဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံ ချိတ်ပိတ်လိုက်ပြီးနောက်တွင် လွန်ခဲ့သော နှစ်သန်းပေါင်းများစွာအတွင်း အစွမ်းထက်သည့် ကောင်းကင်မိစ္ဆာ ကျူးကျော်မှုမှလွဲ၍ အခြားသော ဘေးဒုက္ခများ မရှိခဲ့ချေ။ ငရဲကမ္ဘာသည် ယခုအချိန်အထိ ဖရိုဖရဲ ဖြစ်နေဆဲ ဖြစ်ကာ ခေါင်းဆောင်မဲ့သည့် အခြေအနေ၌ရှိနေသည်။ အမှန်စင်စစ်တွင် ယွမ်စွမ်းအား ယူနစ် တစ်ခုကို ပိုင်ဆိုင်ထားခြင်းသည်ပင်လျှင် မည်သည့် မဟာကမ္ဘာကိုမဆို တုန်လှုပ်စေနိုင်သော အစွမ်း ဖြစ်သည်။

တက်လှမ်းခြင်းအဘိုးအိုသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်နှင့်အတူ နှစ်ပေါင်း သန်းနှင့်ချီ၍ ရှင်သန်ခဲ့သူ ဖြစ်သည်။ သူသည် အစွမ်းထက်သူများစွာ၏ ကြီးထွားခြင်းနှင့် ပျက်စီးခြင်းများကို မြင်တွေ့ခဲ့ရပြီး မျှော်စင်သည်လည်း မရေမတွက်နိုင်သောနှစ်ပေါင်းများစွာအတွင်း မည်မျှသော စွမ်းအားများကို စုပ်ယူထားသည်ကို မည်သူမျှ မသိနိုင်ချေ။ ထို့အပြင် ကျုံးရှန်သည် တက်လှမ်းခြင်းအဘိုးအိုနှင့် လက်ရည်ခြင်းယှဉ်ပြိုင်မှု မရှိခဲ့ဖူးသဖြင့် အဘိုးအို၌ ယွမ်စွမ်းအား ယူနစ်မည်မျှအထိ ထုတ်ဖော်နိုင်သည်ကို အတိအကျ မသိရှိပေ။

သို့သော်လည်း ထိုအဘိုးအိုသည်အားနည်း သောသူမဟုတ်သည်မှာ သေချာလှသည်။ ကျုံးရှန်သည် မျှော်စင်၏ ထိန်းချုပ်ခွင့်အာဏာကို ပိုင်ဆိုင်ရန် စိတ်မဝင်စားချေ။ သူ၏ရည်ရွယ်ချက်သည် မျှော်စင်ထိပ်ဆုံးတွင် ကောင်းကင်ဘုံသို့ သွားနိုင်သည့် နေရာကူးပြောင်းခြင်း ဂိတ်တံခါး ရှိ၊ မရှိကိုသာ ကြည့်လိုခြင်း ဖြစ်သည်။

ထိုနေရာသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၏ ကောင်းကင်ဘုံပဲ ဖြစ်နေလျှင်ပင် သူအတွက် အလွန် အသုံးဝင်၏။ အဘယ်ကြောင့်ဆိုသော်ထျန်းဂိုဏ်း မြင့်မြတ်နယ်မြေအတွက် အခြေစိုက်ရန် ကမ္ဘာငယ်တစ်ခု လိုအပ်နေသောကြောင့် ဖြစ်သည်။ ထို့အပြင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၏ ကောင်းကင်ဘုံသည် ရှေးယခင်နှစ်ပေါင်းများစွာကပင် ရှေးဟောင်းမဟာဧကရာဇ်များနှင့် ကောင်းကင်သားတော်များ၏ အင်ပါယာမင်းဆက်များ တည်ရှိရာနေရာ ဖြစ်ခဲ့သည်။

ထိုကောင်းကင်ဘုံသည် အခြေခံနက်ရှိုင်းလှသော အလယ်အလတ်ကမ္ဘာတစ်ခုဖြစ်ကာ မဟာကမ္ဘာအဆင့်သို့ တက်လှမ်းနိုင်မည့် အလားအလာများလည်း ရှိနေလေသည်။ အကယ်၍ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၏ ကောင်းကင်ဘုံကို သိမ်းပိုက်နိုင်ပါက ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေကို နတ်ဘုရားအင်ပါယာအဖြစ် ပြောင်းလဲလာနိုင် ပေလိမ့်မည်။ ထိုအခါ ကျုံးရှန်သည်လည်း ခေတ်သစ်ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၏ ပထမဆုံးသော မဟာဧကရာဇ် ဖြစ်လာကာ နောက်ဆုံးတွင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်တစ်ခုလုံးကို စည်းလုံးစေမည် ဖြစ်သည်။

ထို့နောက် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကို အခြေစိုက်စခန်းအဖြစ် အသုံးချကာ ပိုင်ရွှီနယ်မြေနှင့် အပြင်ဘက်ကမ္ဘာများကို စူးစမ်းလေ့လာသွားမည် ဖြစ်သည်။ ထိုသည်မှာ ကျုံးရှန်၏ ရေတိုရည်မှန်းချက် ဖြစ်သည်။ ကောင်းကင်တက်လှမ်းခြင်း ခရီးစဉ်ပြီးဆုံးပါက သူသည် ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေသို့ ပြန်သွားကာ ဂိုဏ်းချုပ်ရာထူးကို ဆက်ခံပြီး ဝမ်ရှန့်ကုန်းမြေတိုက်ကို သိမ်းပိုက်ခြင်း၊ ကောင်းကင်တာအိုကို ဖျက်ဆီးခြင်းနှင့် ကမ္ဘာသစ်တစ်ခု ဖန်တီးခြင်းများကို စတင်ဆောင်ရွက်မည် ဖြစ်သည်။

ကျုံးရှန်သည် လှေကားများဆက်လက် တက်လှမ်းနေသော်လည်း များစွာသော ကိစ္စရပ်များကိုလည်း စဉ်ဆက်မပြတ် တွေးတောတွက်ချက်နေခဲ့သည်။ အမှန်စင်စစ်တွင် သူသည် လွန်ခဲ့သော နှစ်ပေါင်း တစ်သန်းအတွင်း ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၌ စီစဉ်မှုများစွာကို ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ယခုအခါ သူ၏ ကျင့်ကြံမှုသည်လည်း ကံတရားကျိန်စာ အတားအဆီးမှ ချိုးဖောက်နိုင်သွားပြီ ဖြစ်သဖြင့် ထိုစီစဉ်မှုများကို တစ်ခုချင်းစီ အကောင်အထည်ဖော်ရန် အချိန်ကျရောက်လာလေသည်။

ကျုံးရှန်၏ကံတရားသည်လည်း လွန်ခဲ့သောနှစ်တစ်သန်းနှင့်ယှဉ်ပါက ပို၍ကောင်းလာပြီဖြစ်ကာ ယခင်က မဖွင့်နိုင်ခဲ့သော ထူးခြားသည့် ရတနာများနှင့် ကံကောင်းမှုများကို ယခုအခါ ဖြေရှင်းနိုင်သွားပြီ ဖြစ်သည်။ ဥပမာအားဖြင့် ချင်ထျန်းတောင်ထိပ်မှ ဖန်ဆင်းခြင်းကျောက်သန္ဓေသား နှင့် ဒုတိယအထပ်တစ်ထောင်ကမ္ဘာမှ တဲအိမ်၌ တွေ့ရှိခဲ့သော ဖန်ဆင်းခြင်း မျိုးစေ့ တို့ကို စတင် ပျိုးထောင်ရန် နည်းလမ်းရရှိလာပြီ ဖြစ်သည်။ ထိုနည်းလမ်းမှာ စိတ်နှလုံးစွမ်းအားကို အသုံးပြု၍ ထိုအရာများကြီးထွားလာရန်လိုအပ်သော အရင်းအမြစ်များကိုဖန်တီးမည်ဖြစ်သည်။

အကျဉ်းချုပ်ရလျှင် ကျုံးရှန်၌ လုပ်ဆောင်စရာ အစီအစဉ်များစွာ ရှိနေကာ မျှော်စင်ထိပ်သို့ ရောက်ရှိပြီးနောက်တွင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်သို့ ပြန်၍ အကောင်အထည်ဖော်သွားမည် ဖြစ်သည်။

All Chapters