အခန်း (၃၆၇-၃၆၈)
Vol. 37 Ch. 367-368
အပိုင်း (၃၆၇)
ကျုံးရှန်သည် တစ်လှမ်းခြင်း အေးဆေးစွာဖြင့်တက်လှမ်းနေခဲ့ပြီး မသိလိုက်ခင်အချိန်၌ပင် အမြင့်ဆုံးလှေကားထစ်များကို မြင်တွေ့လိုက်ရသည်။ သူနှင့် မျှော်စင်အကြား ဆက်နွှယ်မှုသည်လည်း ပိုမို အားကောင်းလာသကဲ့သို့ခံစားလိုက်ရကာ အတွေးတစ်ချက်ဖြင့်ပင် မျှော်စင်ကြီးကို တုန်ခါစေနိုင်သည်ဟု ခံစားနေရသည်။ မျှော်စင်တစ်ခုလုံး၏လှုပ်ရှားမှုများကို ထိန်းချုပ်နိုင်ရန် ဆံချည်မျှင်တစ်မျှင်စာမျှသာ ဝေးကွာတော့လေသည်။
"ရောက်တော့မယ်..."
ကျုံးရှန်သည် ခေါင်းကို မော့လိုက်၏။
ယခုအခါ သူသည် ထိပ်ဆုံးသို့ ရောက်ရန် လှေကားထစ် ဆယ်ထပ်ပင် မလိုတော့ချေ။သူသည် ဆက်လက် တက်လှမ်းရန် ပြင်လိုက်စဉ် သူ၏ရှေ့မှောက်၌ အရိပ်တစ်ခု ပေါ်လာသည်။ ထိုအရိပ်သည် တက်လှမ်းခြင်းအဘိုးအိုပင် ဖြစ်သည်။
"အရှင်..."
ယခုတစ်ကြိမ်တွင်မူ အဘိုးအိုသည် ကျုံးရှန်ကို အရှင် ဟု စတင် ခေါ်ဝေါ်လာသည်။
"ဘာလဲ... မင်း ငါ့ကို ဆက်ပြီး မတက်နိုင်အောင် တားဆီးချင်လို့လား..."
ကျုံးရှန်သည် ခေါင်းကို အနည်းငယ် စောင်းကာ ပြုံးစစဖြင့် မေးလိုက်သည်။ သို့သော် တက်လှမ်းခြင်းအဘိုးအိုသည် ပျာပျာသလဲဖြင့် လက်ကာပြလိုက်သည်။
"အရှင် နားလည်မှု လွဲနေပါပြီ..."
"ကျွန်တော်မှာ အရှင့်ကို တားဆီးဖို့ မဝံ့ရဲပါဘူး... တောင်းဆိုချက်လေးတစ်ခု ရှိလို့ အရှင် လိုက်လျောပေးနိုင်မလားသိချင်တာပါ..."
တက်လှမ်းခြင်းအဘိုးအိုသည် အလွန် ရိုးသားသည့်လေသံဖြင့် ပြောဆိုလိုက်သည်။
"မင်းက ငါ့ကို မျှော်စင်ရဲ့ ထိန်းချုပ်ခွင့်အာဏာကို မင်းဆီ ပြန်ပေးစေချင်တာလား..."
"ဒါမှ မင်းက မျှော်စင်ကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီး မျှော်စင်ရဲ့ ချုပ်နှောင်မှုကနေ ကင်းလွတ်မယ်လို့ ထင်နေတာမဟုတ်လား..."
ကျုံးရှန်သည် သာမန်ကာလျှံကာပင် မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ တက်လှမ်းခြင်းအဘိုးအိုသည် မျက်နှာပျက်သွားပြီး စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်သည်။
"ကျွန်တော် အရင်ကတော့ ဒီလို တွေးခဲ့တာ မှန်ပါတယ်..."
"ဒါပေမဲ့ အရှင်က အထပ်တစ်ထောင် ကမ္ဘာအသီးသီးကို တစ်ဆင့်ချင်း ကျော်ဖြတ်လာတဲ့ စွမ်းဆောင်ချက်တွေကို ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီးတဲ့နောက်မှာတော့... အရှင့်ဆီကနေ ထိန်းချုပ်ခွင့်အာဏာကို ပြန်တောင်းဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ သိလိုက်ရပါတယ်..."
"ဒါကြောင့် ကျွန်တော်မှာ တောင်းဆိုချက် တစ်ခုပဲ ရှိပါတော့တယ်..."
"အဲဒါကတော့ လွတ်လပ်မှုပါပဲ..."
"အခု အရှင်က စိတ်နှလုံးစွမ်းအားကို ပိုင်ဆိုင်ထားပြီ ဆိုတော့... ကျွန်တော်ရဲ့ ကိုယ်ထဲမှာ စိတ်နှလုံးမျိုးစေ့ အစိုက်ခံပြီး အရှင်ရဲ့ စိတ်နှလုံးဆုံမှတ် တစ်ခု ဖြစ်လာဖို့ ဆန္ဒရှိပါတယ်..."
"အဲဒီနောက်မှာ ကျွန်တော်ရဲ့ ကျင့်ကြံမှုနဲ့ မျှော်စင်ရဲ့ ထိန်းချုပ်ခွင့်အာဏာကို စနစ်ထဲကို ယဇ်ပူဇော်ပြီး နျန်းဘီဒင်္ဂါးတွေအဖြစ် လဲလှယ်လိုက်ပါ့မယ်..."
"ဒါမှသာ ကျွန်တော်နဲ့ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အကြားက ဆက်နွှယ်မှုတွေကို အပြီးအပိုင် ဖြတ်တောက်နိုင်မှာပါ..."
"ရလာတဲ့နျန်းဘီဒင်္ဂါးတွေကို အသုံးပြုပြီး ကျွန်တော် ထျန်းယွမ်နယ်ပယ်အထိ ပြန်ပြီး ကျင့်ကြံနိုင်ပါတယ်..."
တက်လှမ်းခြင်းအဘိုးအိုသည် သူ၏တောင်းဆိုချက်နှင့် ရည်ရွယ်ချက်ကို အသေးစိတ်သေချာရှင်းပြလေသည်။
သူသည် ကျုံးရှန်တစ်ယောက် အချက်အလက်စီးကြောင်းနယ်မြေကို ဝါးမြိုသန့်စင်ပြီး စိတ်နှလုံးစနစ်ကို ပိုင်ဆိုင်သွားသည်ကို မြင်တွေ့ပြီးနောက်တွင် ထိုကဲ့သို့သော အတွေး ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ကျုံးရှန်သည် မျက်လုံးကို မှေးလိုက်ကာ ခေတ္တမျှ စဉ်းစားလိုက်သည်။
"ကောင်းပြီ... ဒါဆိုရင် အခုပဲ စိတ်နှလုံးမျိုးစေ့ကို အစိုက်ခံလိုက်တော့..."
ကျုံးရှန်သည် စိတ်နှလုံးစနစ်ကို ထပ်မံ အသုံးပြုကာ စိတ်နှလုံးမျိုးစေ့ တစ်ခုကို ဖန်တီးလိုက်သည်။ ထို့နောက် သူသည် ထိုမျိုးစေ့ကို လက်ထဲတွင် ဆုပ်ကိုင်ထားကာ တက်လှမ်းခြင်းအဘိုးအိုကိုကြည့်လိုက်သည်။ အဘိုးအိုသည် သူပြောခဲ့သည့်အတိုင်း ကတိမဖျက်ဘဲ သူ၏ကိုယ်ထဲသို့ စိတ်နှလုံးမျိုးစေ့ထည့်သွင်း နေရာချထားခြင်းကို ခွင့်ပြုလိုက်လေသည်။
ကျုံးရှန်သည် စိတ်နှလုံးကွန်ရက်ဆုံမှတ်ကို တက်လှမ်းခြင်းအဖိုးအို၏နှလုံးသားအတွင်းသို့ နေရာချထားလိုက်သောအခါ သူတို့နှစ်ဦးအကြား ဆက်သွယ်မှု စတင်ဖြစ်ပေါ်လာသည်။ ရှန်ဝူရှန်းဆိုသော ကလေးငယ်လေးပြီးလျှင် ကျုံးရှန်၌ စိတ်နှလုံးဆုံမှတ် နှစ်ခု ရှိလာခြင်း ဖြစ်သည်။
"အရှင်... အခု အရှင် ဆက်ပြီး တက်လှမ်းနိုင်ပါပြီ..."
"အရှင် ထိပ်ဆုံးကို ရောက်သွားပြီဆိုရင် ထိန်းချုပ်ခွင့်အာဏာ အားလုံးကို ပိုင်ဆိုင်သွားပါလိမ့်မယ်..."
"အဲဒီအချိန်ကျရင် ကျွန်တော်ရဲ့ ထိန်းချုပ်ခွင့်အာဏာနဲ့ ကျင့်ကြံမှု အားလုံးကို ယဇ်ပူဇော်ပြီး... အရှင့်ရဲ့ မျှော်စင်အပေါ် ထိန်းချုပ်မှုကို ပြည့်စုံစေဖို့ဆောင်ရွက်ပေးပါ့မယ်..."
"ပြီးရင်တော့..ကျွန်တော်လည်း နျန်းဘီဒင်္ဂါးတွေကို သုံးပြီး စနစ်ကနေတစ်ဆင့် ကျင့်ကြံခြင်းအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို လဲလှယ်ပြီး ပြန်လည် ကျင့်ကြံမှာပါ..."
"အချိန်အတိုင်းအတာတစ်ခုအထိ ကြိုးစားပြီးရင် ထျန်းယွမ်နယ်ပယ်ကို ပြန်ရောက်ဖို့ဆိုတာ မခက်ခဲပါဘူး... အဲဒီအချိန်ကျရင် ကျွန်တော်လည်း လွတ်လပ်မှု ရမှာ ဖြစ်သလို မျှော်စင်ထဲမှာလည်း တစ်ဦးတည်း အထီးကျန်နေစရာ မလိုတော့ဘူး..."
"ကျွန်တော်လည်း အိမ်ထောင်ပြုပြီး သားသမီးတွေ အများကြီးရချင်တယ်...ဘဝတစ်ခုရဲ့ ပျော်ရွှင်စရာတွေ ဝမ်းနည်းစရာတွေကို ဖြတ်သန်းပြီး သာမန်ဘဝတစ်ခုကို ခံစားကြည့်ချင်ပါသေးတယ်..."
တက်လှမ်းခြင်းအဘိုးအိုသည် သူ၏ ရင်ထဲမှ ဆန္ဒများကို ပွင့်လင်းစွာ ပြောဆိုလိုက်သည်။
စိတ်နှလုံးဆုံမှတ်ကြောင့် ကျုံးရှန်သည် သူ၏စကားများမှာ စိတ်ရင်းမှန်ဖြင့် ပြောနေခြင်း ဖြစ်ကြောင်း သိရှိနေလေသည်။ ကျုံးရှန်သည် ခေါင်းညိတ်လိုက်၏။
"ကောင်းပြီ... မင်းရဲ့ တောင်းဆိုချက်ကို ငါ သဘောတူတယ်..."
ထိုသို့ပြောပြီးနောက်တွင် ကျုံးရှန်သည် တက်လှမ်းခြင်းအဘိုးအိုကို ဖြတ်ကျော်ကာ ဆက်လက် တက်လှမ်းသွားတော့သည်။ ထိုကိစ္စသည် ကျုံးရှန်အတွက် ဆိုးကျိုးမရှိသကဲ့သို့ တက်လှမ်းခြင်းအဘိုးအိုအတွက်လည်း ကောင်းမွန်သော ကိစ္စ ဖြစ်သည်။ သူ၏ ထျန်းယွမ်နယ်ပယ် ကျင့်ကြံမှုနှင့် မျှော်စင်ထိန်းချုပ်ပိုင်ခွင့်အာဏာကို ယဇ်ပူဇော်ခြင်းဖြင့် စိတ်နှလုံးကွန်ရက်အတွက် များစွာသော နျန်းဘီဒင်္ဂါးများကို ထုတ်ပေးနိုင်ပေလိမ့်မည်။
ထိုအခါ အဘိုးအိုသည်လည်း ထိုဒင်္ဂါးများဖြင့် ကျင့်ကြံခြင်းရင်းမြစ်များကို လဲလှယ်အသုံးပြုကာ ထျန်းယွမ်နယ်ပယ်သို့ ပြန်လည် ကျင့်ကြံနိုင်မည်ဖြစ်သည်။ ယခု လက်ရှိ စိတ်နှလုံးစနစ်သည် အစောပိုင်းအဆင့်တွင်သာ ရှိသေးသော်လည်း ကြီးမားသော စွမ်းအားများကို စုပ်ယူနိုင်စွမ်း ရှိနေပြီ ဖြစ်သည်။ ထို့ကြောင့် ထျန်းယွမ်စွမ်းအားကို သန့်စင်ရန်သည် ပြဿနာ မရှိချေ။
အမှန်စင်စစ်တွင် တက်လှမ်းခြင်းအဘိုးအိုသည် ကျုံးရှန်ကို လက်နက်ချရန် ဆန္ဒမရှိခဲ့ပေ။ သို့သော်လည်း ကျုံးရှန်တစ်ယောက်မျှော်စင်တက်လာစဉ်အတွင်း မယုံနိုင်ဖွယ် သောကိစ္စရပ်များကို ပြုလုပ်ခဲ့ခြင်းနှင့်အတူ ကောင်းကင်တာအိုတံဆိပ်သည် လည်း သူ့ကို စည်းရုံးနားချနေခဲ့သဖြင့် သူ၏ စိတ်သည် မသိလိုက်ခင်အချိန်၌ပင် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။ ယခုအခါ သူသည် ကျုံးရှန် နောက်ဆုံး လှေကားထစ် ဆယ်ထပ်ကို တက်လှမ်းနေသည်ကို လိုက်လံ ကြည့်ရှုနေ၏။
ကျုံးရှန် ခြေတစ်လှမ်း တက်လိုက်တိုင်းတွင် မျှော်စင်တစ်ခုလုံး တုန်ခါသွားကာ ထိုတုန်ခါမှုသည် ငရဲမဟာကမ္ဘာတစ်ခုလုံးကိုပါ ဆက်လက်လှုပ်ခတ်စေလေသည်။
...
ငရဲကမ္ဘာအနှံ့ ပျံ့နှံ့နေသော ဟွာထျန်းများ သည် တုန်ခါမှု၏ မူလဇစ်မြစ်ရှိသည့် ဟင်းလင်းပြင်အတွင်းမှ နေရာတစ်ခုသို့တစ်ပြိုင်နက်တည်း ခေါင်းမော့ လှမ်းကြည့်လိုက်ကြသည်။
"ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ရဲ့ သခင် ပေါ်လာတော့မယ်..."
"အဲဒီလူနဲ့ ငါနဲ့ကတော့ တိုက်ပွဲတစ်ခု ဆင်နွှဲရဦးမှာပဲ..."
ထိုသို့ပြောပြီးနောက်တွင် သူ၏ အကြည့်ကို ပြန်လည် ရုပ်သိမ်းလိုက်သည်။
ဟွာထျန်းသည် ငရဲကမ္ဘာအတွင်းရှိ အင်အားကြီးအဖွဲ့အစည်း အားလုံးနီးပါးကို စုစည်းထားပြီး ဖြစ်ကာ နယ်ပယ်အသီးသီး၌ အစီအမံများကို ပြုလုပ်နေသည်။
....
မျှော်စင်အတွင်းရှိ ကျုံးရှန်သည် ထိပ်ဆုံးသို့ ရောက်ရန် နောက်ဆုံးခြေတစ်လှမ်းသာ လိုတော့သည်။ ထိုအချိန်တွင် နောက်ဆုံးခြေလှမ်း၏ ဖိအားသည် ရုတ်တရက် မြင့်တက်လာကာ သူ၏ နားထဲတွင် အသံတစ်ခု ဟိန်းထွက်သွားသည်။
"မင်းမှာ ကောင်းကင်တက်လှမ်းခြင်းရဲ့ ကံကြမ္မာအကျိုးဆက် ကို ခံနိုင်ရည် ရှိရဲ့လား..."
"ဒါက တစ်ရှိန်ထိုး တက်လှမ်းခြင်းပဲ"
"စစ်မှန်တဲ့ တစ်လှမ်းတည်းနဲ့ကောင်းကင်ကို တက်လှမ်းခြင်းပဲဖြစ်တယ်..."
"မင်းမှာ ကောင်းကင်ဘုံရဲ့ဖိအားကိုတောင့်ခံနိုင်တဲ့သတ္တိရှိရဲ့လား..."
ထိုအသံသည် ကျုံးရှန်၏စိတ်ထဲတွင်ထပ်တလဲလဲ မြည်ဟည်းနေကာ စိတ်ကို ခြောက်လှန့်နေသော မိစ္ဆာအသံကဲ့သို့ ဖြစ်နေသည်။
ကျုံးရှန်သည် ရုတ်တရက် ရယ်မောလိုက်ကာ သူ၏ မျက်နှာတွင် လှောင်ပြုံးတစ်ခု ပေါ်လာသည်။
"ရှုံးနိမ့်သွားတဲ့သူတွေက မကျေမနပ်ပဲဖြစ်နေနိုင်တာလေ... မင်းတို့က ကျဆုံးသွားပြီးသားတွေပဲ..."
အမှန်စင်စစ်တွင် ထိုအသံများသည် လွန်ခဲ့သော နှစ်သန်းပေါင်းများစွာအတွက်ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ကို တက်လှမ်းရာတွင် ရှုံးနိမ့်ခဲ့သူများ၏ မကျေမနပ်မှုများမှဖြစ်ပေါ်လာသည့် နာကျည်းမှု ရန်ငြိုးများ ဖြစ်သည်။ ထိုရန်ငြိုးများသည် မျှော်စင်ထိပ်သို့ ရောက်လိုသော ဆန္ဒများဖြင့် မျှော်စင်အတွင်း ပုန်းအောင်းနေကြခြင်း ဖြစ်၏။ ယခုအခါ ကျုံးရှန်သည် ထိပ်ဆုံးသို့ ရောက်ရှိတော့မည် ဖြစ်သဖြင့် ထိုရန်ငြိုးများ ပေါက်ကွဲထွက်လာခြင်း ဖြစ်သည်။
ကျုံးရှန်သည် လက်ကို ဝှေ့ယမ်းကာ ထိုမိစ္ဆာရန်ငြိုးများကို ရိုက်ခွဲပစ်လိုက်သည်။ ထို့နောက် တည်ငြိမ်သော ခြေလှမ်းဖြင့် နောက်ဆုံးအဆင့်ကို လှမ်းတက်လိုက်တော့သည်။
"ဝုန်း"
ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ကြီးတစ်ခုလုံးသည် ကျယ်လောင်သောအသံဖြင့်တုန်ခါသွားကာ တစ်လောကလုံးသို့ ကောင်းကင်သံစဉ်များ ပျံ့လွင့်သွားသည်။
"ကောင်းကင်ဘုံကိုတက်လှမ်းနိုင်သူ ပေါ်ထွန်းပြီ"
ထို့နောက်တွင် မျှော်စင်၏ ကိုယ်ထည်မှ အလင်းတန်းများ ဖြာထွက်လာကာ အဆက်မပြတ် လည်ပတ်လာလေသည်။ ထိုအလင်းတန်းများလည်ပတ်နေပုံသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင် ကိုးထပ်ငရဲကုန်းမြေတိုက်အတွင်းသို့ ဆင်းသက်စဥ်ကကဲ့သို့ သာမန်ရိုးရှင်းသော ပုံစံမျိုး မဟုတ်ဘဲ လုံးဝကွဲထွက်နေ၏။ မျှော်စင်အတွင်း၌ ကျုံးရှန်သည် နောက်ဆုံးအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
မျှော်စင်၏ ထိန်းချုပ်ခွင့်အာဏာအားလုံးသည် ပေါင်းစည်းသွားကာ ကောင်းကင်တက်လှမ်းခြင်းမျှော်စင် ပုံသဏ္ဌာန်ရှိသော တက်တူးတစ်ခုအဖြစ် သူ၏ မျက်ခုံးနှစ်ခုအကြား၌ ပေါ်လာသည်။ တက်တူးသည်တစ် ခဏမျှ လင်းလက်သွားပြီးနောက် ပြန်လည် ပျောက်ကွယ်သွားသည်။ ထိုအခါ ကျုံးရှန်၏ ကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါသည် ပိုမို နက်ရှိုင်းလာကာ သူ၏ရှေ့၌ ရပ်နေရခြင်းသည် ကြယ်တာရာပင်လယ်ကြီးနှင့် ရင်ဆိုင်နေရသကဲ့သို့ ခန့်မှန်းရခက်လှသော အနက်ရှိုင်းဆုံး ခံစားချက်ကို ပေးစွမ်းနေသည်။
ထိုအချိန်တွင် ရုတ်တရက် တက်လှမ်းခြင်းအဘိုးအိုသည် ကျုံးရှန်၏ ရှေ့မှောက်၌ ဒူးထောက် ဂါရဝပြုလိုက်သည်။
"တက်လှမ်းခြင်း အရှင်သခင်ကို ဂါရဝပြုပါတယ်"
သူ၏ကိုယ်တွင်းရှိ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ တစ်စိတ်တစ်ပိုင်းသောထိန်းချုပ်ခွင့်အာဏာများ သည် လှုပ်ရှားနေ၏။ သို့သော်လည်း ကျုံးရှန် ပိုင်ဆိုင်သွားသော မျှော်စင်၏ အဓိကထိန်းချုပ်ခွင့်အာဏာအောက်တွင် အဖိနှိပ်ခံလိုက်ရလေသည်။ ကျုံးရှန်သည် ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းပြီ... မင်း ပိုင်ဆိုင်သမျှ အားလုံးကို ယဇ်ပူဇော်နိုင်ပြီ..."
ထိုစကားကို ကြားသောအခါ တက်လှမ်းခြင်းအဘိုးအိုသည် တွန့်ဆုတ် တွေဝေမှုမရှိတော့ဘဲ စိတ်နှလုံးကွန်ရက်ကို ဖွင့်ကာ သူ၏ မျှော်စင်ထိန်းချုပ်ခွင့်အာဏာနှင့် ကျင့်ကြံမှု အားလုံးကို ယဇ်ပူဇော်လိုက်သည်။ ထိုအခါတက်လှမ်းခြင်းအဘိုးအို၏ နျန်းဘီဒင်္ဂါး ပမာဏသည် များပြားသောပမာဏအထိ ထိုးတက်သွား၏။ တက်လှမ်းခြင်းအဘိုးအိုသည် သူ၏ ကျင့်ကြံမှုများ အားလုံး ကုန်ဆုံးသွားပြီးနောက်တွင် အနှီးထုပ်လေးနှင့်ကလေးတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။
အပိုင်း (၃၆၈)
ထိုဖြစ်စဉ်သည် ကျင့်ကြံခြင်းကို စွန့်လွှတ်သည့် အခွင့်အရေးကို အသုံးချကာ ခန္ဓာကိုယ်အသစ်နှင့် ပြန်လည် ကျင့်ကြံခြင်းဖြစ်သည်။ စစ်မှန်သည့် ကံကြမ္မာနှင့်ဘဝအသစ်တစ်ခုကို တည်ဆောက်မှသာ ယခင်ဘဝကံကြမ္မာအကျိုးဆက်တွေ၏ ချည်နှောင်မှုမှ ကင်းလွတ်နိုင်မည် ဖြစ်သည်။ တက်လှမ်းခြင်းအဘိုးအို၏ သက်တမ်းသည် နှစ်သန်းပေါင်းများစွာ ရှိနေပြီ ဖြစ်၏။
ရှည်လျားလှသော နှစ်ကာလများကို ဖြတ်သန်းလာခဲ့ပြီးနောက်တွင် သူ့၌ ကျင့်ကြံခြင်းစွမ်းအားများ၏ အထောက်အပံ့သာ မရှိတော့ဘဲ ဘဝသစ်သို့ ပြောင်းလဲခြင်း မပြုပါက ကျင့်ကြံခြင်းကို စွန့်လွှတ်လိုက်သည့် ခဏ၌ပင် သူသည် သမိုင်း၏ ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။ အနှီးထုပ်လေးနှင့် ကလေးငယ်သည် သူ၏ ပြန်လည်မွေးဖွားလာသည့်ဖြစ်တည်မှု ဖြစ်လာကာ အသစ်စက်စက် မှတ်ဉာဏ်များနှင့် ကံကြမ္မာအသစ်ကို ပိုင်ဆိုင်ထားသည်။ တက်လှမ်းခြင်းအဘိုးအိုအဖြစ် အတိတ်ဘဝ၏ မှတ်ဉာဏ်များကိုမူ ချန်ထားခဲ့ခြင်း မရှိပေ။
အဘယ်ကြောင့်ဆိုသော် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်း ကုန်ဆုံးခဲ့ရသော ရှည်လျားလှသည့် သူ့ဘဝတွင် လွမ်းမောဖွယ်ရာ မှတ်ဉာဏ်များ မရှိခဲ့သောကြောင့် ဖြစ်သည်။ တက်လှမ်းခြင်းအဘိုးအိုသည် သူ၏ ကျင့်ကြံခြင်းဆိုင်ရာ အတွေ့အကြုံများနှင့် နားလည်မှုများကိုသာ ချန်ထားခဲ့သည်။ ကျုံးရှန်သည် လက်ကို ဝှေ့ယမ်းလိုက်ကာ တက်လှမ်းခြင်းအဘိုးအိုမှ အသွင်ပြောင်းလဲပြီး ပြန်လည်မွေးဖွားလာသော ကလေးငယ်ကို သူ၏ လက်ထဲသို့ ပျံသန်းရောက်ရှိလာစေလိုက်သည်။
ကျုံးရှန်သည် စိတ်နှလုံးစွမ်းအင်ကိုအသုံးပြု၍ အချက်အလက် စီးကြောင်းများကို စုစည်းကာ ချိုလိမ်တစ်ခု ဖန်တီးလိုက်ပြီး ကလေးငယ်၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်သည်။
“နောင်ကျရင် မင်းနာမည်က မိုသိမ်ထျန်း ပဲ... ငါ ဂိုဏ်းကနေ ထွက်လာပြီးနောက် လက်ခံလိုက်တဲ့ တတိယမြောက် တပည့်ပေါ့...”
ကျုံးရှန်သည် မိုသိမ်ထျန်းဟု အမည်ပေးလိုက်သော ကလေးငယ်ကို ကြည့်ကာ ပြောလိုက်သည်။
သူသည် လက်ကို လှုပ်ရှားလိုက်ကာ သစ်သားပြားလေးတစ်ခုပေါ်တွင် မိုသိမ်ထျန်း ဟု ရေးထွင်းလိုက်ပြီး အနီရောင်ကြိုးဖြင့် သီကာ ကလေးငယ်၏ လည်ပင်းတွင် ဆွဲပေးလိုက်သည်။ ထို့နောက်တွင် ကလေးငယ်ကို သူ၏ ခန္ဓာကိုယ်အတွင်းရှိ သူတော်စင်နိုင်ငံငယ်အတွင်းသို့ ပို့ဆောင်လိုက်၏။ သူ၏ ကိုယ်ပွားမှတစ်ဆင့် ထိုကလေးငယ်ကို ပြုစုစောင့်ရှောက်စေကာ ရှန်ဝူရှန်းနှင့်အတူ ကြီးပြင်းစေမည် ဖြစ်သည်။
သူတို့နှစ်ဦးစလုံးသည် ကျုံးရှန်၏ သင်ကြားပြသမှုအောက်တွင် အတူတကွ ကျင့်ကြံသွားကြရပေမည်။ ရှန်ဝူရှန်းနှင့် မိုသိမ်ထျန်းတို့သည် ကျုံးရှန်၏ စိတ်နှလုံးကွန်ရက်တွင်ဖြစ်ပေါ်လာသည့် အစောဆုံးသော ဆုံမှတ်နှစ်ခု ဖြစ်ကာ တစ်ဦးမှသည် တက်လှမ်းခြင်းအဘိုးအို၏ ဘဝအသစ်ဖြစ်ပြီး အခြားတစ်ဦးမှာ ဝမ်ရှန့်ကုန်းမြေတိုက်ငယ်လေးအတွင်း၌ ပေါ်ပေါက်လာသော မိစ္ဆာသန္ဓေသား ဖြစ်သည်။ ကျုံးရှန်သည် ဝမ်ရှန့်ကုန်းမြေတိုက်သို့ ပြန်ရောက်ပြီး စစ်မှန်သော မိစ္ဆာသန္ဓေသားနှင့် ရှန်ဝူရှန်းကို ပေါင်းစည်းပေးနိုင်ခဲ့လျှင်ထူးခြားဆန်းကြယ်သည့် ဖြစ်တည်မှုတစ်ခုကို ဖန်တီးနိုင်ပေလိမ့်မည်။
ထို့နောက် စိတ်နှလုံးကွန်ရက်၏ အကူအညီဖြင့် သူတို့ကို လမ်းညွှန်ပေးကာ အံ့အားသင့်ဖွယ် ကောင်းသော ပုဂ္ဂိုလ်များအဖြစ်သို့ ပြောင်းလဲပေးနိုင်လိမ့်မည် ဖြစ်သည်။ မိုသိမ်ထျန်းနှင့် ပတ်သက်၍မူ ကျုံးရှန်သည် သူ၏ အနာဂတ်နှင့် အစီအစဉ်များကို ဝင်ရောက်စွက်ဖက်ရန် မရည်ရွယ်သကဲ့သို့ တကူးတက လမ်းညွှန်ပြသနေရန်လည်း မလိုအပ်ပေ။ သို့သော် ကျုံးရှန်၏ တပည့်တစ်ဦးအနေဖြင့် အခြေခံ လူကျင့်ဝတ်များကိုသင်ကြားပေးမည် ဖြစ်သည်။
လူတစ်ယောက်အနေဖြင့် အခြေခံစည်းမျဉ်း ဆိုသည်မှာ ရှိရပေမည်။ တစ်ပါးသူကို လှည့်စားခြင်း၊ ကတိမတည်ခြင်းများဖြင့် ရရှိလာသော အောင်မြင်မှုဟူသည် နောက်ဆုံးတွင် အချည်းနှီးသာ ဖြစ်သွားပေလိမ့်မည်။ ထိုသို့ အခြေခံလူ့ကျင့်ဝတ်များကို သင်ကြားပေးခြင်းသည်လည်း လွတ်လပ်သော ဘဝတစ်ခုကို ဖြတ်သန်းလိုသော တက်လှမ်းခြင်းအဘိုးအို၏ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးခြင်း ဖြစ်သည်။
တက်လှမ်းခြင်းအဘိုးအို၏ ကိစ္စကို ဖြေရှင်းပြီးနောက်တွင် ကျုံးရှန်သည် မျှော်စင်၏ ထိန်းချုပ်ပိုင်ခွင့် အာဏာအားလုံးကို ပိုင်ဆိုင်သွားလေသည်။ ထိုအခါ သူ၏ မျက်ခုံးနှစ်ခုအကြားရှိ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ပုံစံတံဆိပ်သည် ပိုမို၍ လင်းလက်တောက်ပလာသည်။ ကျုံးရှန်သည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်တစ်ခုလုံးကို မူလနေရာမှ ကြွတက်လာစေကာ ဟင်းလင်းပြင်အလွှာများကို ဖြတ်ကျော်သွားရန် ထိန်းချုပ်လိုက်သည်။
ထို့နောက်တွင် သူ၏ ခန္ဓာကိုယ်သည် မျှော်စင်အတွင်းမှ ပျောက်ကွယ်သွားကာ ဟင်းလင်းပြင်အတွင်းရှိ မျှော်စင် ဘေးနားတွင်ရပ်လိုက်သည်။ ရုတ်တရက် သူ၏ မျက်ခုံးနှစ်ခုကြား နေရာမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ကြီးမားလှသော ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ကြီးကိုပစ်လွှတ်လိုက်သည်။ ထိုအခါ မျှော်စင်တစ်ခုလုံးသည် ရုတ်တရက် သေးငယ်သွားပြီး သူ၏ မျက်ခုံးနှစ်ခုအကြားရှိ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ပုံစံသင်္ကေတအတွင်းသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။
ယခုအချိန်တွင် ကျုံးရှန်သည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ အသုံးဝင်ပုံကို အပြည့်အဝ နားလည်သွားပြီ ဖြစ်သည်။ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်သည် ကမ္ဘာ ၁၀ ခုကို လက်ခံထားနိုင်စွမ်း ရှိကာမျှော်စင်သခင်၏ စွမ်းအားသာ လုံလောက်မည်ဆိုပါက မဟာကမ္ဘာ ၁၀ ခုကိုပင် ထည့်သွင်းထားနိုင်ပေမည်။ လှေကားထစ် တစ်ထောင်စီတိုင်းတွင် ကမ္ဘာတစ်ခုစီကို ထားရှိနိုင်ကာ မျှော်စင်သခင်၏ စိတ်ကြိုက်ကို ပြုပြင်ပြောင်းလဲနိုင်၏။
ထိုကမ္ဘာ ၁၀ ခုသည် မျှော်စင်၏ အထပ် ၁၀၀၀ စီရှိသော နယ်မြေများ ဖြစ်လာကာ ကမ္ဘာများမှ အခြေခံစွမ်းအားများကို မျှော်စင်အတွင်းသို့ အဆက်မပြတ် စီးဝင်စေခြင်းဖြင့် လှေကားထစ်တက်သူများ၏ ခန္ဓာကိုယ်အား ကြံ့ခိုင်သန်််မာစေသော စွမ်းအင်အမှုန်များကို ထုတ်လွှတ်ပေးမည် ဖြစ်သည်။ မျှော်စင်တက်လှမ်းသူများသည် ထိုလှေကားထစ်များ၏ လေ့ကျင့်ပေးမှုနှင့် ကမ္ဘာ ၁၀ ခုအတွင်းရှိ ကံကောင်းမှုများကို ဖြတ်ကျော်ရယူကာ ထိပ်ဆုံးသို့ ရောက်ရှိနိုင်ခဲ့လျှင် ထိုသူသည် ကောင်းကင်သို့ တက်လှမ်းနိုင်သော စွမ်းအားကို ပိုင်ဆိုင်လာပေလိမ့်မည်။ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်သည် အမှန်စင်စစ်တွင် ကမ္ဘာတစ်ခု၏ ကောင်းကင်မဏ္ဍိုင်တစ်ခု ဖြစ်ခဲ့ဖူး၏။
သူ၏ဖြစ်တည်မှုသည် ထိပ်ဆုံးသို့ ရောက်ရှိနိုင်သူမှန်သမျှကို ပိုမိုမြင့်မားသော ကမ္ဘာတစ်ခုသို့ တက်လှမ်းနိုင်ရန် လေ့ကျင့်ပေးခြင်း ဖြစ်သည်။ တစ်နည်းဆိုရသော် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်သည် အားနည်းသော သက်ရှိများနှင့် ကျင့်ကြံသူများအတွက် အဆင့်မြင့်ကမ္ဘာသို့ သွားနိုင်သည့် လမ်းကြောင်းတစ်ခု ဖြစ်သည်။ သို့သော် အမျိုးအမည်မသိရသော အကြောင်းအရင်းတစ်ခုကြောင့် အထွတ်အထိပ် အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦး၏ အမည်မသိ နည်းလမ်းဖြင့် ရိုက်ထုတ်ခြင်းကို ခံခဲ့ရကာ မျှော်စင်ကြီး ပျက်စီးသွားခဲ့ပြီး ငရဲမဟာကမ္ဘာအတွင်းသို့ လွင့်စင်ကျဆင်းလာခြင်း ဖြစ်သည်။
ထို့အပြင် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်သည် ရန်သူများကို ဖိနှိပ်ခြင်း သို့မဟုတ် အရင်းအမြစ်များ သိမ်းပိုက်ခြင်းများအတွက်လည်း ကောင်းမွန်သော ရတနာတစ်ခု ဖြစ်သည်။ အကယ်၍ ကျုံးရှန်၌ လုံလောက်သော စွမ်းအားရှိခဲ့လျှင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက် သို့မဟုတ် ငရဲမဟာကမ္ဘာကဲ့သို့ ယွမ်စွမ်းအားယူနစ် ရာနှင့်ချီ၍ ရှိသော အလယ်အလတ် မဟာကမ္ဘာများကိုပင် သိမ်းပိုက်နိုင်ပေလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ ကျုံးရှန်သည် ယခုအခါ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ သခင် ဖြစ်လာခဲ့ပြီ ဖြစ်သည်။
သူသည် နှစ်သန်းပေါင်းများစွာအတွင်း မျှော်စင်၏ထိပ်ဆုံးသို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည့် ပထမဆုံးသော ပုဂ္ဂိုလ် ဖြစ်သည်။
"မျှော်စင်အတွင်းကပျက်စီးနေတဲ့ နေရာတွေကိုတော့ စိတ်နှလုံးကွန်ရက်ရဲ့ အချက်အလက် စီးကြောင်းတွေကို သုံးပြီး ဖြည်းဖြည်းချင်း ပြန်ပြင်ရမှာပဲ..."
"ဒါပေမဲ့ လိုအပ်တဲ့ စိတ်နှလုံးစွမ်းအားကလည်း နည်းမှာ မဟုတ်ဘူး...”
“စိတ်နှလုံးကွန်ရက်ကို ကောင်းကောင်း ဖြန့်ကျက်ပြီးတဲ့ အချိန်ကျမှပဲ မျှော်စင်ကို ပြုပြင်ဖို့ စီစဉ်ရမယ်...”
ကျုံးရှန်သည် တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။
သူသည် မရေမတွက်နိုင်သောအင်အားကြီး ပုဂ္ဂိုလ်များစွာ၏ အကြည့်များ သူရှိနေသည့်နေရာသို့ ကျရောက်နေသည်ကို အာရုံခံမိ လိုက်သည်။ ထိုအကြည့်များသည် ငရဲကမ္ဘာအတွင်းရှိ မိစ္ဆာနတ်ဘုရားနယ်ပယ် အဆင့် ၃ အထွတ်အထိပ် မိစ္ဆာအရှင်သခင်များ ဖြစ်ကြသည်။ မျှော်စင်ထဲသို့ မဝင်ခင်တွင် ကျုံးရှန်သည် ထိုအဆင့်မိစ္ဆာအရှင်သခင်များကို အနည်းငယ် သတိထားခဲ့ရသော်လည်း ယခုအခါတွင် ထိုသူများသည် ကျုံးရှန်အတွက် မြက်ပင်များကဲ့သို့သာ ဖြစ်သွားချေသည်။
သူ၏ လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့်ပင် ထိုသူများကို အလွယ်တကူချေမှုန်းပစ်နိုင်စွမ်း ရှိနေပြီ ဖြစ်၏။ ထိုမိစ္ဆာအရှင်သခင်များသည် အဆင့်ကျော်လွန်နိုင်မည့် နည်းလမ်းကို ရှာဖွေနေကြဆဲ ဖြစ်သော်လည်း ကျုံးရှန်သည် အချက်အလက် စွမ်းအင်စီးကြောင်းများ၏ အနှစ်သာရကို နားလည်သွားကာ အချက်အလက်စွမ်းအင်စီးကြောင်းနယ်မြေကို ဝါးမြိုပြီး ကိုယ်ပိုင် စနစ်တစ်ခုပင် တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်သည်။သူတို့နှင့် ကျုံးရှန်အကြားရှိ ခြားနားချက်သည် ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင် ဖြစ်သည်။
ကျုံးရှန်သည် လက်ကို ဝှေ့ယမ်းလိုက်ကာစူးစမ်းနေသော အကြည့်များ၏အရင်းအမြစ်ရှိရာသို့ သူ၏ စိတ်ဆန္ဒ အသိကို ပြန်လည် ပို့လွှတ်လိုက်သည်။
“အား”
ငရဲကမ္ဘာအတွင်း၌ တစ်ပြိုင်နက်တည်းတွင် နာကျင်စွာ အော်ဟစ်သံပေါင်း ရာနှင့်ချီ၍ ထွက်ပေါ်လာသည်။
စူးစမ်းကြည့်ရှုနေကြသော အဆင့် ၃ အထွတ်အထိပ် မိစ္ဆာအရှင်သခင်များအားလုံး သူတို့၏ ဦးခေါင်းကို ဆုပ်ကိုင်ကာ မြေပြင်ပေါ်၌ လူးလိမ့် အော်ဟစ်နေကြရသည်။ သူတို့၏ နတ်ဘုရားဝိညာဉ်များသည် ဓားငယ်လေး တစ်စင်းဖြင့် အပိုင်းပိုင်း ခုတ်ထစ်ခံနေရသကဲ့သို့ ခံစားနေကြရ သောကြောင့်ဖြစ်သည်။ ထိုနာကျင်မှုသည် မိနစ်အနည်းငယ်ခန့် ကြာမြင့်ပြီးနောက်တွင်မှ ပြန်လည် ပျောက်ကွယ်သွားသည်။
တိုက်ခိုက်ခံလိုက်ရသော မိစ္ဆာအရှင်သခင်များ အားလုံး ထိတ်လန့်တုန်လှုပ်သွားကြကာ ထိုနေရာကို ဆက်လက် စူးစမ်းရန် မဝံ့ရဲကြတော့ချေ။
“ကောင်းပြီ... ကောင်းကင်ဘုံကို သွားကြည့်တာပေါ့...”
ကျုံးရှန်သည် လက်ချောင်းဖြင့် ဟင်းလင်းပြင်ကို တစ်ချက် တို့လိုက်သောအခါ အလင်းစက်လေးတစ်ခု ပေါ်လာသည်။
ထိုအလင်းစက်လေးသည် ရုတ်တရက် ကျယ်ပြန့်လာကာ နေရာကူးပြောင်းခြင်း တံခါးတစ်ခု ဖြစ်လာ၏။ ကျုံးရှန်သည် ထို နေရာကူးပြောင်းခြင်းတံခါးအတွင်းသို့ လှမ်းဝင်သွားလိုက်သည်။ သူ ဝင်သွားပြီးနောက်တွင် ထိုတံခါးသည် ချက်ချင်း ကျဉ်းမြောင်းသွားကာ အလင်းစက်လေးအဖြစ်သို့ ပြန်လည်ပြောင်းသွားပြီး လုံးဝ ပျောက်ကွယ်သွားလေတော့သည်။
ခဏအကြာတွင် ဟွာထျန်းသည် ကျုံးရှန်ရှိခဲ့သည့် ဟင်းလင်းပြင်အတွင်း၌ ပေါ်လာကာ ထိုနေရာတွင် ရပ်၍ တစ်စုံတစ်ခုကို အာရုံခံလိုက်သည်။
"ငရဲကမ္ဘာထဲမှာ နှစ်သန်းပေါင်းများစွာ အိပ်ပျော်နေတဲ့ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်လည်း နောက်ဆုံးတော့ သခင်ရှာတွေ့သွားပြီပဲ..."
"ဝမ်ရှန့်ဓား ရဲ့ သခင်လည်း မကြာခင် ပေါ်လာဦးမယ် ထင်တယ်..."
"ဒါပေမဲ့ ဒီလူက တကယ်ကို ခြိမ်းခြောက်မှု တစ်ခုပဲ... အဆင့် ၃ သူတော်စင် ကျင့်ကြံမှုလောက်နဲ့တင် မဟာကမ္ဘာအဆင့်ရှိ ကောင်းကင်တာအိုခန္ဓာကိုယ်ကို ကျင့်ကြံအောင်မြင်ထားရုံတင်မက... အချက်အလက် စွမ်းအင်စီးကြောင်းရဲ့ လျှို့ဝှက်ချက်ကိုပါ နားလည်သွားပါ့လား..."
"ငါ ကောင်းကင်တာအိုတောင် အခုထိ အပြင်ပန်းလောက်ပဲ နားလည်သေးတာ...အခြေခံအားဖြင့် စနစ် ဆိုတာ ဒီလောကထဲက သက်ရှိတွေကို စီမံခန့်ခွဲတဲ့ နည်းလမ်းတစ်ခုဖြစ်ပြီး ကောင်းကင်တာအိုနဲ့အလုပ်လုပ်ပုံခြင်းတူညီတာပဲ..."
"ထားလိုက်ပါတော့... ဒါတွေက အရေးမကြီးသေးဘူး... အခု အရေးကြီးတာက ငရဲကမ္ဘာထဲက အင်အားစုတွေကို ဆက်ပြီး စုစည်းဖို့နဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ဖို့ပဲ..."
"အဲဒါတွေပြီးမှ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကို အမြန်ဆုံး ဝါးမြိုပစ်ရမယ်..."
"ဝါးမြိုပြီးတဲ့အချိန်ကျရင် ငါ့မှာ ယွမ်စွမ်းအား ယူနစ် ၆၀၀ လောက် ရှိလာလိမ့်မယ်..."
ဟွာထျန်းသည် ထိုသို့ တစ်ဦးတည်း ရေရွတ်ပြောဆိုပြီးနောက်တွင် ထိုနေရာမှ ပျောက်ကွယ်သွားကာ မည်သည့်နေရာသို့ ရောက်သွားသည်ကို မသိရတော့ချေ။