အခန်း (၃၆၉-၃၇၀)
Vol. 37 Ch. 369-370
အပိုင်း (၃၆၉)
ငရဲကမ္ဘာ၏ ကောင်းကင်တာအိုသည် ဟွာထျန်း၏ ကိုယ်ပွားပေါင်း ထောင်နှင့်ချီ၍ ဖန်တီးထားကာ ငရဲကမ္ဘာရှိ သက်ရှိများကို အင်အားစုများ ဖွဲ့စည်းစေခြင်းနှင့် ငရဲမဟာကမ္ဘာ၏ အလားအလာများကို ဖော်ထုတ်စေခြင်းဖြင့် ကူညီပေးနေသည်။ ထိုလုပ်ဆောင်ချက်များအားလုံး၏ရည်ရွယ်ချက်သည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၏ ကောင်းကင်တာအိုကို ဝါးမြိုရန်အတွက် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကို ဝါးမြိုနိုင်ခဲ့လျှင် ဟွာထျန်းသည် ယွမ်စွမ်းအား ၆၀၀ယူနစ် ကျော်အထိ ရှိလာမည် ဖြစ်ကာ ထို့နောက်တွင် ငရဲမဟာကမ္ဘာသည် အခြားသော မဟာကမ္ဘာများကို ဆက်လက် ဝါးမြိုခြင်းဖြင့် မဟာကမ္ဘာအဆင့်မှ ကျော်လွန်ကာ အကန့်အသတ်မဲ့ကမ္ဘာ အဖြစ်သို့ အဆင့်တက်လှမ်းနိုင် ပေလိမ့်မည်။
ထိုသည်မှာ ဟွာထျန်း၏ အန္တိမ ပန်းတိုင် ဖြစ်သည်။
ယေဘုယျအားဖြင့်ဆိုရသော် ဟွာထျန်းနှင့် ကျုံးရှန်သည် ပြိုင်ဘက်များ ဖြစ်ကြသည်။ ဟွာထျန်း၏ ရည်ရွယ်ချက်သည် ဝမ်ရှန့်ကုန်းမြေတိုက်ကို ဝါးမျိုပြီး ပိုမိုမြင့်မားသည့်အဆင့်သို့ တက်လှမ်းရန်ဖြစ်ကာ ကျုံးရှန်၏ ရည်မှန်းချက်သည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကို သိမ်းပိုက်ပြီး ကောင်းကင်တာအိုကို ဖျက်ဆီးပစ်ရန် ဖြစ်သည်။ ကျုံးရှန်သည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကို သူ၏ အခြေစိုက်စခန်းအဖြစ် အသုံးချကာ အပြင်ဘက်ရှိ ပိုမိုကြီးမားသော ကမ္ဘာများကို စူးစမ်းသွားလိုခြင်း ဖြစ်သည်။
သူတို့နှစ်ဦးစလုံး၏ ပထမဆုံးပစ်မှတ်သည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၏ အသိစိတ် တစ်နည်း ကောင်းကင်တာအိုပင်ဖြစ်သည်။
သို့သော် ဟွာထျန်းသည် အလွန်ပင် ပါးနပ်လှ၏။ သူသည် ကျုံးရှန်နှင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၏ ကောင်းကင်တာအိုတို့ အကြိတ်အနယ် တိုက်ခိုက်နေသည့် အချိန်ကို စောင့်ဆိုင်းကာ ကြားကနေ အကျိုးအမြတ် ရယူရန် ကြံစည်ထား လေသည်။ ထို့ကြောင့်ယခုအချိန်တွင် သူသည် ကျုံးရှန်နှင့် ထိပ်တိုက်ရင်ဆိုင်၍ သူ၏ စွမ်းအားများကို အဆုံးရှုံးခံမည် မဟုတ်ချေ။
အခြားတစ်ဖက်ရှိ ကျုံးရှန်တစ်ယောက် မည်သို့ စဉ်းစားထားသည်ကိုမူ ကျုံးရှန်ကိုယ်တိုင်သာ သိပေလိမ့်မည်။
...
ယခုအချိန်တွင် ကျုံးရှန်သည် နေရာကူးပြောင်းခြင်းတံခါးမှတစ်ဆင့် ကောင်းကင်ဘုံသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ပိုမို တိကျစွာ ဆိုရလျှင် ထိုနေရာသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၏ ကောင်းကင်ဘုံ ဖြစ်ကာ ဝမ်ရှန့်နတ်ဘုရားကောင်းကင်ဘုံ ဟုလည်း ခေါ်ဆိုကြသည်။ အတိတ်ကာလများတွင် ရှေးဟောင်းမဟာဧကရာဇ်များနှင့် ကောင်းကင်သားတော်များ နတ်ဘုရားအင်ပါယာ တည်ထောင်ခဲ့သည့် နေရာဖြစ်သည်။
ရှေးဟောင်းကာလ၏ သမိုင်းကြောင်းသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင် ပေါ်ပေါက်လာသည့် ကာလလောက်ပင် မရှည်လျားခဲ့သော်လည်း မည်သည့်အကြောင်းကြောင့် ထိုနေရာသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ ထိပ်ဆုံးအထပ် ဖြစ်နေသည်ကိုမူ မသိရပါချေ။ထို့အပြင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၏ အလယ်ဗဟိုဖြစ်သော ရှန့်ကျိုးပြည်နယ် တွင်လည်း ဝမ်ရှန့်နတ်ဘုရားကောင်းကင်ဘုံသို့ သွားနိုင်သော လမ်းကြောင်း ရှိခဲ့ဖူးကာ ထိုလမ်းကြောင်းကို နဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံကိုယ်တိုင် ချိတ်ပိတ်ထားခဲ့သည်။ ထိုသတင်းအချက်အလက်များအရ ဝမ်ရှန့်နတ်ဘုရားကောင်းကင်ဘုံသို့ သွားရန် လမ်းကြောင်းနှစ်ခု ရှိနေခြင်း ဖြစ်နိုင်လေသည်။
တစ်ခုသည် ရှန့်ကျိုးပြည်နယ်တွင် ဖြစ်ကာ အခြားတစ်ခုသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ ထိပ်ဆုံးတွင် ဖြစ်သည်။ ထိုအရာများသည် ယခုအချိန်တွင်ကျုံးရှန် စဉ်းစားရမည့် ကိစ္စများ မဟုတ်ပေ။ ဝမ်ရှန့်နတ်ဘုရားကောင်းကင်ဘုံသည် အလွန်ပင် ကျယ်ပြောလှ၏။
ယင်းသည် အထပ်လတ်တစ်ထောင်ကမ္ဘာ တစ်ခု ဖြစ်ရုံတင်မကဘဲ မဟာကမ္ဘာအဖြစ်သို့ အဆင့်တက်တော့မည့် အင်အားကြီး ကမ္ဘာတစ်ခုလည်း ဖြစ်နေသည်။ ကျုံးရှန်သည် နေရာကူးပြောင်းခြင်းတံခါးအတွင်းမှ ထွက်လာသောအခါ စိမ်းလန်းသော မြက်ခင်းပြင်တစ်ခုသို့ ရောက်ရှိသွားသည်။စမ်းချောင်းငယ်လေး တစ်ခုသည် မြက်ခင်းပြင်အလယ်မှ ဖြည်းညှင်းစွာ ကွေ့ပတ်စီးဆင်းနေကာ ပတ်ဝန်းကျင်တွင် စိမ်းလန်းသော တောင်တန်းများ ဝန်းရံထားသည်။
သူ၏ အမြင်အာရုံတစ်ခုလုံးတွင် စိမ်းလန်းစိုပြည်နေကာ သက်ရှိများ၏ ရှင်သန်မှုနှင့် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေသည်။ အနီးအနားမှ ငှက်ကလေးများ၏ တေးဆိုသံများသည် ပတ်ဝန်းကျင်ကို ပိုမို၍ ငြိမ်သက်အေးချမ်းစေလေသည်။ သို့သော်လည်း ထိုနေရာရှိ ဝိညာဉ်စွမ်းအား များသည် အလွန်ပင် ပါးလွှာနေကြောင်း ကျုံးရှန် ရုတ်တရက်သတိထားမိလိုက်သည်။
လောကနိယာမ စည်းမျဉ်းများသည်လည်း ဝေဝါးနေကာ ကျင့်ကြံခြင်းအတွက် သင့်တော် ကောင်းမွန်သော နေရာမျိုး မဟုတ်ချေ။ ကျုံးရှန်သည် သူ၏ နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သောအခါ တစ်စုံတစ်ခုသော အတားအဆီးကို ခံစားလိုက်ရသည်။ အနှီကမ္ဘာ၏ စွမ်းအားများသည် ပြင်ပစွမ်းအားများကို ငြင်းပယ်နေသည့်အလား သူ၏သိစိတ်ကို တားဆီးလိုက်ခြင်းဖြစ်သည်။
သို့သော်လည်း ကျုံးရှန်သည် ထိုအတားအဆီးကို အလွယ်တကူပင်ဖြတ်ကျော်ကာ သူ၏ နတ်ဘုရားအာရုံကို ဆက်လက် ဖြန့်ကျက်လိုက်သည်။ အချိန်အနည်းငယ်ကြာပြီးနောက်တွင် ကျုံးရှန်သည် သူ၏နတ်ဘုရားအာရုံကို ပြန်လည် ရုပ်သိမ်းလိုက်သည်။ သူနှင့်သိပ်မဝေးသည့် နေရာတွင် ရွာကလေးတစ်ရွာ ရှိနေပြီး လူသားများ နေထိုင်ကြသည်ကို တွေ့ရှိခဲ့သည်။
ထို့အပြင် ဤကမ္ဘာအတွင်း၌ တိရစ္ဆာန်မျိုးစုံ ရှိနေသော်လည်း ယင်းတို့သည် သာမန်တိရစ္ဆာန်များသာ ဖြစ်ကြကာ ကျင့်ကြံသူ ဟူ၍လည်း တစ်ဦးတစ်ယောက်မျှ မတွေ့ရပေ။ ဒဏ္ဍာရီထဲမှ ဝမ်ရှန့်နတ်ဘုရားကောင်းကင်ဘုံသည် သာမန်လူသားများ နေထိုင်ရာ ကမ္ဘာနှင့် ပို၍ တူညီနေ၏။ ကျုံးရှန်သည် ထိုရွာကလေးသို့ သွား၍ စူးစမ်းရန် ဆုံးဖြတ်လိုက်ကာ ပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်စေရန် အတွက် သူ၏ ကိုယ်ပေါ်ရှိ အဖြူရောင် ဝတ်ရုံကို သာမန် ချည်ထည်အင်္ကျီအဖြစ် ပြောင်းလဲလိုက်သည်။
ကျုံးရှန်သည် ခြေလှမ်းအနည်းငယ်အတွင်းပင် ရွာကလေးအနီးသို့ ရောက်ရှိသွားကာ ဆက်လက် ချဉ်းကပ်သွားသည်။ ထိုရွာကလေးသည် တောင်ခြေတွင် တည်ရှိပြီး ရွာပြင်ပတွင် စိုက်ပျိုးမြေ အမြောက်အမြား ရှိနေကာ ပေအနည်းငယ် ကျယ်သော ကြည်လင်သည့် မြစ်ငယ်လေး တစ်စင်းသည် ရွာ၏ဘေးမှ ကွေ့ဝိုက်စီးဆင်းနေသည်။ မြေဆီလွှာ ကောင်းမွန်သဖြင့် စိုက်ခင်းများရှိ သီးနှံများသည် အောင်မြင်စွာ ကြီးထွားဖြစ်ထွန်းနေကြသည်။
စိုက်ခင်းအချို့တွင် သက်ကြီးရွယ်အိုများသည် နွားများဖြင့် လယ်ထွန်နေကြကာ ကလေးငယ်များစွာသည် မြေဩဇာကျွေးခြင်း၊ ပိုးဖမ်းခြင်းနှင့် ကောက်စိုက်ခြင်းများတွင် ကူညီနေကြသည်။ အေးချမ်းလှသော မြင်ကွင်းတစ်ခု ဖြစ်သော်လည်း ထူးခြားသည်မှာ ထိုရွာအတွင်း၌ လူငယ်လူရွယ် အမျိုးသားများကို မတွေ့ရချေ။ ရွာအတွင်း၌ မိန်းကလေးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကိုသာ တွေ့ရသည်။ ကျုံးရှန်သည် ပတ်ဝန်းကျင်ကို အကဲခတ်နေခဲ့ကာ နောက်ဆုံးတွင် မြစ်ငယ်လေး၏ တစ်ဖက်ကမ်းတွင် ရပ်လိုက်သည်။
မကြာခင်ပင် ကလေးငယ်အချို့သည် သူ့ကို တွေ့ရှိသွားကြကာ ရွာထဲရှိ လူကြီးများကို သွားရောက် ပြောဆိုလိုက်ကြသည်။ ထိုအခါ သက်ကြီးရွယ်အို အချို့သည် သစ်သားတုတ်များ၊ မြေတူးကိရိယာများကို ကိုင်ဆောင်ကာ သတိကြီးစွာဖြင့် ထွက်လာကြ၏။ သူတို့သည် မြစ်တစ်ဖက်ကမ်းမှ ကျုံးရှန်ကို လှမ်းအော်မေးကြသည်။
"ဂျီလီဂူလူ"
"..."
စကားပြောဆိုမှု အဆင်မပြေ ဖြစ်သွားသည်။
သို့သော် ကျုံးရှန်အတွက် ထိုကိစ္စသည် ပြဿနာ မဟုတ်ချေ။ သူသည် နတ်ဘုရားအာရုံကို အသုံးပြု၍ သူတို့၏မှတ်ဉာဏ်များကိုဖတ်ရှုလိုက်ကာ ခဏအတွင်းပင် ဘာသာစကားကို နားလည်သွားသည်။
"မင်းကဘယ်သူလဲ...ဘာလို့ငါတို့ရှောင်ထျန်းရွာကို ရောက်လာတာလဲ"
ကျုံးရှန်သည် ဆက်ဆံရေးအဆင်ပြေစေရန်အတွက် ရိုးသားသော အပြုံးတစ်ခု ပြုံးလိုက်သည်။
"ဦးလေးတို့... ကျွန်တော်က လမ်းမှားလာတဲ့သူ တစ်ယောက်ပါ... ခဏလောက် အနားယူဖို့ ရွာထဲကို ဝင်ခွင့်ပြုလို့ ရမလား..."
ကျုံးရှန်၏ ရုပ်သွင်သည် အသက် ၁၈ နှစ် ၁၉ နှစ်ခန့်သာ ရှိသေးပြီး ရိုးသားအေးချမ်းသော မျက်နှာ ရှိသဖြင့် အန္တရာယ် မရှိသူတစ်ဦးဟု ထင်ရသည်။
သို့သော် သက်ကြီးရွယ်အိုများသည် တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြပြီးနောက် သံသယရှိသော မျက်နှာများဖြင့် ငြင်းဆိုလိုက်ကြသည်။
"မင်း ပြန်သွားပါ... ငါတို့ ရှောင်ထျန်းရွာက ပြင်ပလူတွေကို လက်မခံဘူး"
သူတို့၏ သတိကြီးလွန်းနေပုံကို ကြည့်ကာ ကျုံးရှန်သည် တစ်စုံတစ်ခု ထူးခြားနေသည်ဟု ခံစားလိုက်ရသည်။ သို့နှင့် သူသည် နည်းလမ်းအချို့ကို သုံးရန် ဆုံးဖြတ်လိုက်သည်။
ဝမ်ရှန့်နတ်ဘုရားကောင်းကင်ဘုံကမ္ဘာသည် ပြင်ပစွမ်းအားများကို ငြင်းပယ်နေသော်လည်း ကျုံးရှန်တွင် သူ၏စွမ်းအားများကို အတင်းအကြပ် ထုတ်ဖော်နိုင်စွမ်း ရှိလေသည်။ သူသည် လက်ကို ဝှေ့ယမ်းကာ အလင်းတန်းအချို့ လွှတ်ထုတ်လိုက်ပြီး သက်ကြီးရွယ်အိုများ၏ ဦးခေါင်းအတွင်းသို့ ဝင်ရောက်သွား စေလိုက်သည်။ ထိုအလင်းတန်းများအတွင်း၌ ကျုံးရှန်အပေါ် စာနာမှုနှင့် ရင်းနှီးမှုပေးစေသည့် စွမ်းအားများ ပါဝင်နေ၏။
အလင်းတန်းများ ဝင်ရောက်သွားပြီးနောက်တွင် ထိုသက်ကြီးရွယ်အိုများသည် ကျုံးရှန်ကို ကြည့်သည့် အကြည့်များ ပြောင်းလဲသွားကာ ယုံကြည်လေးစားသည့် အသွင် ပေါ်လာသည်။
"ဧည့်သည်တော်ကို.. ရှောင်ထျန်းရွာကို ကြိုဆိုပါတယ်"
"တစ်ယောက်ယောက်... လာစမ်း...ဧည့်သည်တော်ကိုဧည့်ခံဖို့... ရှောင်အာတို့ကို ဝက်တစ်ကောင် သတ်ခိုင်းဖို့သွားပြောလိုက်စမ်း"
သက်ကြီးရွယ်အိုများသည် အလွန်ပင် နွေးထွေးပျူငှာစွာ ဖိတ်ခေါ်ကြတော့သည်။
ကျုံးရှန်သည် ပြုံးလိုက်သည်။ မြစ်ငယ်လေးသည် မနက်ခင်းတွင် ဒူးဆစ်လောက်အထိသာ ရှိသဖြင့် ကျုံးရှန်သည် သူ၏ဘောင်းဘီကို မ ကာ ရေထဲသို့ ဆင်းလိုက်သည်။ ရေသည် အေးမြသော်လည်း ကျုံးရှန်သည် နေထိုင်လို့ကောင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူသည် မြစ်ကို ဖြတ်ကျော်ကာ သက်ကြီးရွယ်အိုများနောက်သို့ လိုက်၍ ရွာထဲသို့ ဝင်လာခဲ့သည်။
ရွာပြင်ရှိ လယ်ကွင်းထဲ၌ကလေးငယ်များသည်လည်း အလုပ်များကို ရပ်ကာ ကျုံးရှန်ကို အံ့သြစွာ ကြည့်နေကြသည်။
"အားကုံ... အဲ့လူက ဘယ်သူလဲ"
"အဖိုးတို့က ဘာဖြစ်လို့ အဲဒီလူကို ရွာထဲခေါ်လာတာလဲ"
ခေါင်းတုံးနှင့် ကလေးငယ်တစ်ဦးသည် သူ၏ ဘေးနားရှိ ကလေးကို မေးလိုက်သည်။
"ငါလည်း ဘယ်သိမှာလဲ... မင်းပဲ မေးကြည့်ပါလား..."
ထိုအချိန်တွင် အားကုံသည် ရုတ်တရက်တစ်စုံတစ်ခုကို သတိရသွား၏။
"ဒါနဲ့... မင်း မနေ့က ငါ့မုန့်ကို ခိုးစားတာ မဟုတ်လား"
"မဟုတ်ပါဘူးဆို..."
ထို့နောက်ကလေးငယ်နှစ်ဦးသည် လယ်ကွင်းထဲတွင် ပြေးလွှား ဆော့ကစားလိုက်ကြကာ တစ်ကိုယ်လုံး ရွှံ့များ ပေပွသွားလေသည်။
ထိုအချိန်တွင် ကျုံးရှန်သည် သက်ကြီးရွယ်အိုများ၏ နောက်သို့ လိုက်ပါကာ ရွာအတွင်းရှိ အကောင်းဆုံးသော အိမ်ကြီးတစ်လုံးရှေ့သို့ ရောက်လာသည်။ ရွာထဲရှိ အခြားသော မြက်မိုးအိမ်လေးများနှင့် နှိုင်းယှဉ်လျှင် ထိုအိမ်ကြီးသည် သစ်သားတိုင်ကြီးများဖြင့် ဆောက်လုပ်ထားကာ ခန့်ညားခိုင်ခံ့ကြီးမားလှပေသည်။ သက်ကြီးရွယ်အို အချို့သည် ကျုံးရှန်ကို အလွန်ပင် ယဉ်ကျေးပျူငှာစွာဖြင့် အတွင်းသို့ ဖိတ်ခေါ်လိုက်ကြသည်။
အိမ်အတွင်း၌ သစ်လုံးကို လွှဖြတ်၍ ပြုလုပ်ထားသော ရှည်လျားလှသည့် စားပွဲကြီးတစ်လုံး ရှိနေသည်။ ကျုံးရှန်သည် သက်ကြီးရွယ်အိုများ၏ နွေးထွေးသော ဖိတ်ခေါ်မှုအောက်တွင် စားပွဲ၏ ထိပ်ဆုံးနေရာ၌ ဝင်ထိုင်လိုက်သည်။ သူသည် အားနာခြင်း မရှိဘဲ တိုက်ရိုက် ထိုင်လိုက်ခြင်း ဖြစ်ကာ ရိုးရာဓလေ့အရ လူငယ်သည်လူကြီးတွေအောက်ထိုင်ရမည်ဟူသောအစဉ်အလာကိုလုံးဝဂရုစိုက်ခြင်းမပါရှိချေ။
သို့သော်လည်း သက်ကြီးရွယ်အိုများသည် ထိုအချက်ကို ဂရုမစိုက်ကြသည့်အပြင် အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသည့် အမူအရာများပေါ်ပေါက်နေကာ ကျုံးရှန်၏ ဘေးတစ်ဖက်တစ်ချက်တွင် ရိုသေစွာ ရပ်နေကြသည်။
"ဧည့်သည်တော်... လိုအပ်တာတစ်ခုခုရှိရင် ကျွန်တော်တို့ကိုပြောလို့ရပါတယ်.. ဒီနေ့တော့ ရွာမှာပဲ တစ်ည အနားယူလိုက်ပါ"
"ဧည့်သည်တော်ကို ဧည့်ခံဖို့အတွက် ကလေးတွေကို နှစ်သစ်ကူးဝက်ကို သတ်ခိုင်းထားပါတယ်"
ဖြူဆွတ်သော မုတ်ဆိတ် မွှေးရှည်များရှိသည့် အဘိုးအိုသည် လက်နှစ်ဖက်ကို ပွတ်သပ်ကာ စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်သည်။
"အဲဒီလောက်ထိ အလုပ်ရှုပ်ခံစရာ မလိုပါဘူး... ဒါပေမဲ့ ငါ မင်းတို့ကို မေးချင်တာတစ်ခုရှိတယ်... ဘာဖြစ်လို့ မင်းတို့က ပြင်ပလူတွေကို ဒီလောက်အထိ ငြင်းပယ်နေကြတာလဲ"
ကျုံးရှန်သည် လေးနက်စွာဖြင့် သူ၏ စိတ်အတွင်း၌ ရှိနေသော သံသယကို မေးမြန်းလိုက်သည်။
"ကျွန်တော်တို့လည်း မတတ်သာလို့ပါ ဧည့်သည်တော်... ဒါတွေအားလုံးက ချင်ထျန်းခရိုင်က အခွန်ကောက်တဲ့ ကျင်းဟူဂိုဏ်းကြောင့် ဖြစ်ရတာပါ"
"အခုဆိုရင် ဒီပတ်ဝန်းကျင် မိုင်ရာပေါင်းများစွာမှာ ရှိတဲ့ ရွာတွေအားလုံးက ရင်တထိတ်ထိတ်နဲ့နေနေရပါတယ်"
"ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကျင်းဟူဂိုဏ်းကလူတွေ... ခရီးသွားအယောင်ဆောင်ပြီး ကျွန်တော်တို့ရွာအနီးက ကျားရှန်းရွာကို အတင်းအဓမ္မ လုယက်သွားကြသေးတယ်"
"ဒါကြောင့် ကျွန်တော်တို့ရဲ့ ဘေးကင်းလုံခြုံရေးအတွက် အပြင်လူတွေကို ရွာထဲကို ပေးမဝင်တော့တာပါ"
ထိုအဘိုးအိုသည် ဖြစ်ကြောင်းကုန်စင်ကို ဖြည်းညှင်းစွာ ရှင်းပြလာသည်။
ထိုအဖြစ်အပျက်များကိုကြားသောအခါ ကျုံးရှန်လည်း လေးနက်စွာဖြင့် ခေါင်းကို ညိတ်လိုက်သည်။ ဝမ်ရှန့်နတ်ဘုရားကောင်းကင်ဘုံအတွင်း၌ နေထိုင်ကြသော မူလနေထိုင်သူများသည် ဖိနှိပ်ချုပ်ချယ်မှု တစ်မျိုးအောက်တွင် ရောက်ရှိနေကြဟန်ရှိသည်။
"ဘာဖြစ်လို့ မင်းတို့က ကိုယ်ခံပညာ သင်ယူပြီးတော့... ပြန်မခုခံကြတာလဲ"
ကျုံးရှန်သည် ဆက်လက်၍ မေးမြန်းလိုက်သည်။
ဝမ်ရှန့်နတ်ဘုရားကောင်းကင်ဘုံ၏ နိယာမ စည်းမျဉ်းများသည် တစ်စုံတစ်ဦး၏ ပြုပြင်ပြောင်းလဲခြင်းကို ခံထားရသကဲ့သို့ ရှိနေကာ လောကအတွင်းရှိဝိညာဉ်စွမ်းအားများ ပါးလျနေသည်။ သို့ဖြစ်၍ သူတို့သည်ကျင့်ကြံခြင်း မပြုနိုင်ကြသော်လည်း ကိုယ်ခံပညာ လေ့ကျင့်ခြင်းသည်မူ ပြဿနာ ရှိမည် မဟုတ်ပေ။
"ကျွန်တော်တို့လည်း ခုခံချင်ပါတယ်... ဒါပေမဲ့ စားဖို့သောက်ဖို့တောင်အနိုင်နိုင်ဖြစ်နေတဲ့အတွက် ကိုယ်ခံပညာ လေ့ကျင့်ဖို့ အချိန်မရှိတော့ပါဘူး"
"မူလက ကျွန်တော်တို့ ရှောင်ထျန်းရွာကို ချမ်းသာတယ်လို့ ပြောလို့ရပါတယ်... မြေဆီလွှာ ကောင်းမွန်တော့ စိုက်ပျိုးရေးနဲ့အသက်မွေးပြုကြတာပေါ့"
"ဒါပေမဲ့ ခရိုင်က ကောက်ခံတဲ့ အခွန်တွေက တစ်နှစ်ထက်တစ်နှစ် ပိုများလာပြီး...ပိုပြီးတော့လည်း ရက်စက်လာပါတယ်"
ကျုံးရှန်သည် အဘိုးအို၏ စကားသံအတွင်းမှ မတတ်သာသည့် စိတ်ပျက်အားငယ်မှုများကို ကြားသိလိုက်ရသည်။ ထိုအခါသူ၏ စိတ်အတွင်း၌ ပိုမိုနက်ရှိုင်းသော ပြဿနာများကို စဉ်းစားမိလာလေသည်။
အပိုင်း (၃၇၀)
ဝမ်ရှန့်နတ်ဘုရားကောင်းကင်ဘုံသည် မူလက ဝမ်ရှန့်ကုန်းမြေတိုက်၏ နံပါတ်တစ် အကောင်းဆုံးသော ကျင့်ကြံခြင်း နယ်မြေအဖြစ် ကျော်ကြားခဲ့ကာ လောကအတွင်း၌ ဝိညာဉ်စွမ်းအားများ ပေါကြွယ်ဝပြီး တာအိုစည်းမျဉ်းနိယာမများသည်လည်း ဝမ်ရှန့်နတ်ဘုရားကုန်း မြေတိုက်နှင့်နှိုင်းယှဥ်ပါက ပိုမိုထင်ရှားလှသည်။ ထို့ကြောင့်ပင် ဝမ်ရှန့်ကုန်းမြေတိုက်တွင် ကျင့်ကြံပြီးအတားအဆီးနှင့် ကြုံတွေ့ရပါက ဝမ်ရှန့်နတ်ဘုရားကောင်းကင်ဘုံသို့ ဝင်ရောက်ခြင်းဖြင့် အလွယ်တကူ အဆင့်တက်လှမ်းနိုင်သည်ဟု ဆိုစမှတ်ပြုကြလေသည်။ ထို့အပြင် ဝမ်ရှန့်နတ်ဘုရားကောင်းကင်ဘုံသည် လောကကံကြမ္မာနှင့် ကောင်းကင်ဘုံ၏ မျက်နှာသာပေးမှုကို ရရှိထားသဖြင့် ပါရမီရှင်များ ပေါ်ထွက်လာရန် အလွန်ပင် လွယ်ကူလှသည်။
ထိုအချက်များကို ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ရှိ အစွမ်းထက် ပုဂ္ဂိုလ်များစွာ၏ သဘောတူညီချက်ဖြင့် ရှေးဟောင်းကျမ်းစာများတွင် မှတ်တမ်းတင်ထားခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ယခုအခါတွင် အခြေအနေများသည် သိသိသာသာ ပြောင်းလဲသွားခဲ့ကာ လောကအတွင်းရှိ ဝိညာဉ်စွမ်းအင်များနည်းပါးသွားပြီး ဝမ်ရှန့်နတ်ဘုရားကောင်းကင်ဘုံ၏ မူလနေထိုင်သူများသည်လည်း ကျင့်ကြံခြင်း မပြုနိုင်ကြတော့ပေ။ ထိုကိစ္စများ၏နောက်ကွယ်တွင် ဖုံးကွယ်ထားသောအကြံအစည်များရှိနေနိုင်လေ၏။
ကျုံးရှန်သည် ခေတ္တမျှစဉ်းစားပြီးနောက်တွင် သူ၏ နတ်ဘုရားအာရုံကို ကြီးမားလှသော ကွန်ရက်တစ်ခုအဖြစ် ပြောင်းလဲကာ ရှောင်ထျန်းရွာအတွင်းသို့ဖြန့်ကျက်လိုက်သည်။ ရှောင်ထျန်းရွာအတွင်းရှိရွာသားတိုင်း၏ခန္ဓာကိုယ်အခြေအနေကို စစ်ဆေးလိုက်ခြင်းဖြစ်သည်။ ထိုအခါ ထွက်ပေါ်လာသောရလဒ်များကြောင့် သူကဲ့သို့ အမြင်ကျယ်ပြီး အတွေ့အကြုံများသော သူပင်လျှင် အံ့အားသင့်သွားရသည်။
အဘယ်ကြောင့်ဆိုသော် ရှောင်ထျန်းရွာလေးတွင် စုစုပေါင်း လူဦးရေ နှစ်ရာပင် မပြည့်သော်လည်း ထိုအထဲမှ ၈၀ ရာခိုင်နှုန်းခန့်သည် အလွန်ကောင်းမွန်သော ကျင့်ကြံခြင်း ပါရမီများကို ပိုင်ဆိုင်ထားကြသောကြောင့်ဖြစ်သည်။ သူတို့သည် အလယ်အလတ် သို့မဟုတ် ဂျီးနီးယပ်စ် အဆင့်ရှိသော အရည်အချင်းများကို ပိုင်ဆိုင်ထားကြခြင်း ဖြစ်၏။ ထိုအထဲမှ ကျန်၂၀ ရာခိုင်နှုန်းသည် ပြိုင်ဘက်ကင်း ပါရမီရှင်အဆင့်များ ဖြစ်ကာ တစ်ရွာလုံးနီးပါးသည် ကျင့်ကြံခြင်း ပြုနိုင်သည့် အရည်အချင်း ရှိနေကြသည်။
ညံ့ဖျင်းသူအဆင့်ရှိသော ပါရမီ ပိုင်ဆိုင်သူဟူ၍ မရှိသလောက် ဖြစ်နေခြင်းဖြစ်သည်။ ထိုရလဒ်သည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ရှိ သာမန်လူသားများနှင့်နှိုင်းယှဉ်ပါ များစွာ ခြားနားလှသည်။ အဘယ်ကြောင့်ဆိုသော် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ရှိသာမန်လူအများစုသည် မွေးရာပါ ကျင့်ကြံခြင်းပါရမီမရှိကြသောကြောင့်ဖြစ်သည်။
ထိုရှုထောင့်မှ ကြည့်မည်ဆိုပါက ဝမ်ရှန့်နတ်ဘုရားကောင်းကင်ဘုံရှိ လူများ၏ မွေးရာပါ ပါရမီ ပိုင်ဆိုင်မှု အချိုးအစားသည် အလွန်ပင် များပြားလွန်းလှ၏။ သေးငယ်ပြီး ဝေးလံခေါင်ဖျားသော ရှောင်ထျန်းရွာလေးအတွင်း၌ပင် ထူးချွန်ထက်မြက်သော ပါရမီရှင် ဒါဇင်ပေါင်းများစွာ ရှိနေခြင်းဖြစ်သည်။ အကယ်၍ သူတို့ကို ပြင်ပကမ္ဘာသို့ ပို့ဆောင်ပေးနိုင်ပါက နိယာမ အဆင့် ၂၈ သို့ အလွယ်တကူ တက်လှမ်းကာ သူတော်စင်အဆင့် ကျင့်ကြံသူများ ဖြစ်လာနိုင်ကြပေလိမ့်မည်။
"စိတ်ဝင်စားစရာပဲ"
ကျုံးရှန်သည် သူ၏ မျက်လုံးများကို မှေးလိုက်ကာ အလေးအနက်စဉ်းစားလိုက်သည်။
ပါရမီ ရှိသောသူများသည် ကျင့်ကြံခြင်း မပြုနိုင်ကြဘဲ ကျင့်ကြံနိုင်သော နေရာများတွင် ပါရမီ ရှိသူများ ရှားပါးနေသည်။ ဝမ်ရှန့်နတ်ဘုရားကောင်းကင်ဘုံနှင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်သည် ထင်ရှားသော ဆန့်ကျင်ဘက် အသွင်ဆောင်နေခြင်းဖြစ်သည်။
'အကယ်၍ ဝမ်ရှန့်နတ်ဘုရားကောင်းကင်ဘုံကို ဝမ်ရှန့်ကုန်းမြေတိုက်ထဲကို ပေါင်းထည့်လိုက်မယ်ဆိုရင် ဝမ်ရှန့်ကုန်းမြေတိုက်တစ်ခုလုံးကို အခြေခံကစပြီး အပြောင်းအလဲတွေ ဖြစ်သွားစေလိမ့်မယ်'
သက်ကြီးရွယ်အိုများသည် ကျုံးရှန်တစ်ယောက်စဉ်းစားခန်းဝင်နေခြင်းကို ဝင်ရောက် မနှောင့်ယှက်ဝံ့ကြချေ။အဘယ်ကြောင့်ဆိုသော် ကျုံးရှန်သည် ထိုသက်ကြီးရွယ်အိုများ၏ စိတ်အတွင်းသို့ သူသည် အလေးစားရဆုံးနှင့် အယုံကြည်ရဆုံး ပုဂ္ဂိုလ်ဖြစ်ကြောင်း အသိစိတ်များ ထည့်သွင်းပေးထားသောကြောင့် ဖြစ်သည်။ ထိုအသိစိတ်များကြောင့် သက်ကြီးရွယ်အိုများသည် ယခုအခါတွင် ကျုံးရှန်ကို အကြွင်းမဲ့ ယုံကြည်နေကြကာ တိတ်ဆိတ်စွာဖြင့်ရှိနေသည်။
ထိုသို့ဖြင့် နာရီဝက်ခန့် ကုန်ဆုံးသွားလေသည်။ ရွာထဲမှ လူငယ်လေးတစ်ဦးသည် အိမ်အတွင်းသို့အမြန်ပြေးဝင်လာသည်။ သူ၏ လက်ထဲတွင် သွေးများ ပေကျံနေသော ချွန်ထက်သည့် သားသတ်ဓားတစ်စင်းကို ကိုင်ဆောင်ထားကာ ကိုယ်ပေါ်ရှိ အဖြူရောင် ဝတ်စုံသည် သွေးစက်များဖြင့် ပေပွနေသည်။
"အဖိုးတို့... ဝက်ကို သတ်ပြီးပါပြီ... အဘိုးဝမ်ကို ဟင်းချက်ပေးဖို့ သွားပြောပေးပါဦး"
ထိုလူငယ်လေးက အနည်းငယ် ကြောက်ရွံ့တုန်လှုပ်နေသော အသံဖြင့် ပြောဆိုလိုက်သည်။ သူ၏ ပုံစံသည် အလွန် အရှက်ကြီးသည့်ပုံပေါ် နေသဖြင့် ဝက်သတ်ဝံ့သည့် လူငယ်တစ်ဦးဟုပင် ထင်မှတ်ရခက်လှသည်။
"ကောင်းပြီ... ငါ အခုပဲ သွားလိုက်မယ်"
လူငယ်လေး၏စကားကို ခန္ဓာကိုယ်ထွားကြိုင်းသန်မာသည့် အဘိုးအိုတစ်ဦးက ပြန်လည် ဖြေကြားလိုက်သည်။ ထို့နောက် အဖိုးအိုသည် ကျုံးရှန်ဘက်သို့ လှည့်ကာ ဖော်ရွေသော အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။
"ဧည့်သည်တော်... ကျွန်တော် ဧည့်သည်တော်အတွက် ဝက်သားသွားချက်လိုက်ပါဦးမယ်"
ကျုံးရှန်သည် ဂရုမစိုက်ဟန်ဖြင့် လက်ကို ဝှေ့ယမ်းလိုက်သည်။
"သွားပါ..."
သူသည် သာမန်လူသားများ၏ အစားအစာကို မစားခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း တစ်သန်းခန့်အတွင်း ချင်ထျန်းတောင်ထိပ်တွင် အစားအသောက် အာသီသ ဖြေဖျောက်ရန်အတွက် တိရစ္ဆာန်လေးများကိုမွေးမြူခဲ့သော်လည်း နောက်ပိုင်းတွင် ထိုတိရစ္ဆာန်များသည် တစ်ကောင်ပြီး တစ်ကောင် မိစ္ဆာများ ဖြစ်သွားကြသည်။ ဝက်များသည် ဝက်မိစ္ဆာများ ဖြစ်လာကာ ကြက်များသည် ကြက်မိစ္ဆာများ ဖြစ်လာပြီး ငါးများသည်လည်း ငါးမိစ္ဆာများ ဖြစ်သွားသည်။
နောက်ပိုင်းတွင် ထိုတိရစ္ဆာန်များသည် ရှေးဟောင်း သွေးမျိုးဆက်များပါ နိုးထလာကြသဖြင့် သူတို့ကို စားသောက်ရန် မဖြစ်နိုင်တော့ချေ။ သူသည် ဝိညာဉ်ကြက်များကို ပြန်လည် မွေးမြူကာ သူတို့၏ အသိဉာဏ်ကို အတင်းအဓမ္မ ပိတ်ပင်ထားမှသာ သူ၏ စားချင်စိတ်ကို တစ်ခါတစ်ရံ ဖြည့်ဆည်းနိုင် တော့ခြင်းဖြစ်သည်။ ထို့ကြောင့် ယခုအခါ ဝက်သားဟင်းစားရန်အတွက် သူသည် အိမ်ငယ်လေးအတွင်း၌ ထိုင်ကာ စောင့်ဆိုင်းရန်ဆုံးဖြတ်လိုက်သည်။
ကျုံးရှန်သည် ဆက်လက်စကားပြောခြင်းမရှိတော့ဘဲ ဝမ်ရှန့်နတ်ဘုရားကောင်းကင်ဘုံ အဘယ်ကြောင့်ယခုကဲ့သို့ ပြောင်းလဲသွားရသည့် အကြောင်းအရင်းကို တိတ်ဆိတ်စွာ စဉ်းစားနေမိသည်။ သူ၏ ထင်မြင်ချက်အရ ပုံမှန်မဟုတ်သော အခြေအနေတိုင်း၏ နောက်ကွယ်တွင် ထူးခြားသော အကြောင်းအရင်း ရှိနေနိုင်ကြောင်းသိထားသည်။ ကျမ်းစာမှတ်တမ်းများအရ ဝမ်ရှန့်နတ်ဘုရားကောင်းကင်ဘုံသည် မဟာဧကရာဇ်တို့၏ အင်ပါယာ ဖြစ်ခဲ့ကာ ဝမ်ရှန့်ကုန်းမြေတိုက်၏ ထိပ်တန်း ကျင့်ကြံခြင်း နယ်မြေ ဖြစ်သည်။
ဤကမ္ဘာသည်ကောင်းချီးပေးခံထားရသော နယ်မြေ ဖြစ်သဖြင့် ရှေးခေတ်မှ ယနေ့ခေတ်တိုင်အောင် မည်မျှ များပြားသော အစွမ်းထက် ပုဂ္ဂိုလ်များ ပေါ်ထွက်ခဲ့သည်ကို မည်သူမျှမသိနိုင်ချေ။ ထို့ကြောင့် ယခုကဲ့သို့ ဝိညာဉ်စွမ်းအင်နည်းပါးကာ ကျင့်ကြံသူများရှားပါးနေသည့် အခြေအနေသို့ ရောက်ရှိနေခြင်းသည် ကျုံးရှန်အတွက် သံသယဖြစ်ဖွယ် ကောင်းနေ၏။ နာရီဝက်ခန့် ကြာပြီးနောက်တွင် ခန္ဓာကိုယ်ကြီးထွားကြံခိုင်သော အဘိုးအိုနှင့် ဝက်သတ်ခဲ့သော လူငယ်လေးတို့သည် မွှေးကြိုင်လှသော အသားဟင်း ပန်းကန်များကို သယ်ဆောင်ကာ ကျုံးရှန်ရှိသည့် အိမ်အတွင်းသို့ပြန်လည်ရောက်ရှိလာကြသည်။
ဝက်ခြေထောက်၊ ဝက်ပေါင်သား၊ နံရိုး၊ ဝက်ကလီစာနှင့် ဝက်ခေါင်းသားများ ပါဝင်သည့် ဝက်တစ်ကောင်လုံးကို ချက်ပြုတ်ထားသော စားပွဲကြီးတစ်ခု ဖြစ်သည်။ သို့သော်လည်း ထိုသက်ကြီးရွယ်အိုများနှင့် လူငယ်လေးတို့သည် ကျုံးရှန်၏ ဘေးတွင်ထိုင်၍ ဝင်ရောက်စားသောက်ခြင်း မရှိကြချေ။ သူတို့သည် ဘေးတွင် ရပ်နေကြကာ စားပွဲပေါ်ရှိ ဟင်းလျာများကို ကြည့်၍သာ သွားရည်ကျနေကြသည်။
ကျုံးရှန်သည် သူတို့ကို တစ်ချက် ကြည့်လိုက်ကာ မျှော်လင့်တကြီး ရှိနေသော အကြည့်များအောက်တွင် တူကို ကိုင်ကာ နံရိုးတစ်တုံးကို မြည်းစမ်းလိုက်သည်။ သို့သော် သူသည် အသားကို တစ်ချက် ကိုက်လိုက်ပြီးနောက်တွင် မျက်မှောင်ကြုတ်လိုက်မိ၏။ အသား၏ အရသာသည် ဟင်းခတ်အမွှေးအကြိုင်များပါဝင်မှုမရှိသဖြင့် အလွန်ပင် ပေါ့ပျက်လွန်းလှကာ အရသာ ရှိသည်ဟု ပြောရန် ခက်ခဲလှသည်။
အနှီကမ္ဘာအတွင်း၌ ဟင်းခတ်အမွှေးအကြိုင်များ ရှားပါးဟန်ရှိလေသည်။ ဝမ်ရှန့်နတ်ဘုရားကောင်းကင်ဘုံသည် အလွန်ရှေးကျသော အင်ပါယာ ယဉ်ကျေးမှုအဆင့်တွင်သာ ရှိနေဆဲ ဖြစ်ပြီး ကျင် ဟု အမည်ရသော မင်းဆက်တစ်ခုက အုပ်ချုပ်နေခြင်း ဖြစ်သည်။ ကမ္ဘာအတွင်း၌ ကျင့်ကြံခြင်း မပြုနိုင်သလို စိုက်ပျိုးရေးကိုသာအမှီသဟဲပြုနေရသောကမ္ဘာဖြစ်သဖြင့် အရင်းအမြစ်အမျိုးမျိုးသည်လည်း ရှားပါးလှသည်။
ထိုသို့သော အခြေအနေတွင်ပင် အုပ်ချုပ်သူများသည် အောက်ခြေလူတန်းစားများထံမှ ပြင်းထန်သော အခွန်အခများကို ကောက်ခံနေကြသေး၏။ ဝမ်ရှန့်နတ်ဘုရားကောင်းကင်ဘုံ၏ မြေဆီလွှာ ကောင်းမွန်သဖြင့် အထွက်နှုန်း ကောင်းမွန်သော်လည်း လူတန်းစားအလွှာလိုက် ကောက်ခံနေသော အခွန်အခများကို မည်သူမျှ တောင့်ခံနိုင်ခြင်းမရှိကြချေ။ အောက်ခြေ လူတန်းစားများသည် ဆင်းရဲဒုက္ခ ရောက်နေကြပြီး ဝမ်းစာဝဖို့ပင် ရုန်းကန်နေကြရခြင်းဖြစ်သည်။
ရှောင်ထျန်းရွာကဲ့သို့ ရွာမျိုးတွင် ယနေ့ ကျုံးရှန်ကို ကျွေးမွေးသော ဝက်သည် ရွာအတွင်းရှိ တစ်ကောင်တည်းသော ဝက်ပင် ဖြစ်သည်။ နံရိုး၏ အရသာသည် မကောင်းသော်လည်း ကျုံးရှန်သည် ထိုအသားများကို ကုန်အောင် စားလိုက်သည်။ ထိုအသားသည် ရှောင်ထျန်းရွာသားများ၏ အဖိုးတန်ဆုံးသော ဧည့်ခံမှု ဖြစ်သောကြောင့်ဖြစ်သည်။
"မင်းတို့လည်း စားကြပါ... ငါ တစ်ယောက်တည်း ကုန်အောင် မစားနိုင်ဘူး"
ကျုံးရှန်သည် နံရိုးတစ်တုံးကို စားပြီးနောက်တွင် တူကို ချလိုက်ကာ ဘေးတွင် ရပ်ကြည့်နေကြသော အဘိုးအိုများနှင့် လူငယ်လေးကို ပြောဆိုလိုက်သည်။
ထိုသူများသည် တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြပြီး တွေဝေနေကြကာ နောက်ဆုံးတွင် ခေါင်းကိုသာ ခါယမ်းလိုက်ကြသည်။
"လာစားကြပါ"
ကျုံးရှန်သည် နောက်တစ်ကြိမ် ထပ်မံ ပြောလိုက်သည်။ ယခုတစ်ကြိမ်တွင်မူ သူ၏ စကားသံအတွင်း၌ နတ်ဘုရားစွမ်းအင်ကိုအသုံးပြုလိုက်သဖြင့် သူတို့သည် မငြင်းဆန်နိုင်ကြတော့ချေ။ ထို့ကြောင့် သူတို့သည် စားပွဲတွင် ဝင်ထိုင်ကာ အငမ်းမရ စားသောက်ကြတော့သည်။
ပုံမှန်အားဖြင့် ဝမ်းစာဝရုံသာ စားသောက်နေရသော ရှောင်ထျန်းရွာကဲ့သို့နေရာတွင် အလွန်ရှားပါးလှသောအသားများကို စားရခြင်းကြောင့် လူတိုင်းသည် ငတ်မွတ်နေသော သရဲများ ကဲ့သို့ အငမ်းမရစားသောက်လိုက်ကြခြင်းဖြစ်သည်။ ထိုအချိန်တွင် အိမ်ပြင်ပမှ ကဗျာကယာ ခြေသံအချို့ ကြားလိုက်ရကာ လူငယ် အမျိုးသမီး အချို့သည် အပြေးအလွှား ဝင်လာကြ၏။ သူမတို့၏ မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံနေသောအမူအရာများရှိနေကာ တုန်လှုပ်စွာဖြင့်ဆိုလိုက်သည်။
"အဖိုးတို့..မကောင်းတော့ဘူး... ကျင်းဟူဂိုဏ်းက လူတွေ ပြန်လာကြပြန်ပြီ"
ထိုစကား ပြောပြီးသည်နှင့် တစ်ပြိုင်နက်အပြင်ဘက်မှ ရိုင်းစိုင်းသော ဆဲဆိုသံများ ထွက်ပေါ်လာသည်။
"ရှောင်ထျန်းရွာက ခွေးကောင်တွေ... အပြင်ကို ထွက်ခဲ့ကြစမ်း..."
"မင်းတို့ ပြီးခဲ့တဲ့လက အခွန်ကို အပြည့်အဝ မပေးရသေးဘူးနော်"
"နောက်ပြီးမင်းတို့က... ခရိုင်မြို့ကို သွားတဲ့ ပိုင်ချွမ်းတံတားကိုတောင် ဖျက်ဆီးရဲတယ်ပေါ့လေ"
"မင်းတို့ တကယ့်ကို သတ္တိကောင်းလာကြတာပဲ"
"ကြည့်ရတာ မင်းတို့ ရွာကို မြေပုံပေါ်ကနေ ဖျက်ဆီးပစ်ရမယ် ထင်တယ်"
ဆဲဆိုသံများသည် တဖြည်းဖြည်း နီးကပ်လာကာ ပြောဆိုနေသော သူများသည် အလျင်အမြန် ချဉ်းကပ်လာနေကြောင်း သိသာလှသည်။
မကြာခင်၌ပင် မီးခိုးရောင် ဝတ်စုံများ ဝတ်ဆင်ထားကာ ခေါင်းတွင် အနက်ရောင် ဦးထုပ်များဆောင်းထားသော ဗိုက်ရွှဲနေသည့်လူအချို့ ကျုံးရှန်တို့ရှိသည့်အိမ်ထဲသို့ ရိုင်းစိုင်းစွာ ဝင်ရောက်လာကြသည်။
Book 37 end.