အခန်း ၉၁
Vol. 10 Ch. 91
အခန်း (၉၁) စိတ်ဓာတ်ကို ရိုက်ချိုး၍ လူသတ်ခြင်း
ချန်ရှင်းသည် လီချန်ကို ရေခဲတမျှ အေးစက်သော မျက်ဝန်းများဖြင့် ငုံ့ကြည့်လိုက်ပြီး ကျောချမ်းဖွယ် လေသံဖြင့် ပြောလိုက်သည်။
"ဒီနေ့ ကောင်းကင်ဘုံဧကရာဇ်ကိုယ်တိုင် ဆင်းလာရင်တောင် မင်းကို ကယ်နိုင်မှာ မဟုတ်ဘူး..."
စကားဆုံးသည်နှင့် သူသည် ခြေထောက်ကို မြှောက်ကာ လီချန်၏ မျက်နှာပေါ်သို့ မဆိုင်းမတွပင် ခပ်ပြင်းပြင်း နင်းချလိုက်ပြီး အားပါပါဖြင့် ပွတ်ခြေပစ်လိုက်သည်။
"အင့်..."
လီချန်၏ မျက်နှာသည် ကြမ်းတမ်းသော မြေသားလမ်းနှင့် ပွတ်တိုက်မိသွားကာ ခဲစရစ်နှင့် သဲများက သူ၏ မျက်နှာရိုးများကို နာကျင်စေပြီး သွားများအားလုံး ကျွတ်ထွက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
ရွှံ့နံ့များ ရောနှောနေသော အရှက်ရမှုက မည်သည့် ရိုက်နှက်ကန်ကျောက်ခံရမှုထက်မဆို သူ့အဖို့ ပို၍ ခံရခက်နေစေ၏။
ချန်ရှင်းသည် တစ်ချက်ပြီးတစ်ချက် ဆက်တိုက် ကန်ကျောက်နေသော်လည်း အသက်အန္တရာယ်ရှိသော နေရာများကို မရည်ရွယ်ဘဲ အရှက်ရဆုံးဖြစ်စေမည့် နေရာများကိုသာ သီးသန့် ရွေးချယ်ကာ ကန်ကျောက်နေခြင်းဖြစ်သည်။
"အား..."
လီချန်ထံမှ သွေးပျက်ဖွယ် စူးစူးဝါးဝါး အော်ဟစ်သံထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်မှာ မြေပြင်ပေါ်တွင် အချည်းနှီး လူးလှိမ့်လိမ်ကောက်နေရလေသည်။
သူ အလွန်ဂုဏ်ယူဝင့်ကြွားလှသော သူ၏ ခွန်အားကြမ်းကြီးမှာ ချန်ရှင်း၏ရှေ့တွင် စက္ကူရွက်လို ကျိုးပဲ့လွယ်နေတော့သည်။
မကြာမီမှာပင် အော်ဟစ်သံများက တအင့်အင့် ရှိုက်ငိုသံများနှင့် အဆက်မပြတ် တောင်းပန်သံများအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
သူက လုံးဝကို စိတ်ဓာတ်ကျိုးပေါက်သွားခဲ့ပြီဖြစ်သည်။
ရွာထဲတွင် အမြဲလိုလို ရမ်းကားသောင်းကျန်းနေတတ်သော ဤရွာလူမိုက်ကြီးမှာ ယခုအခါ မြေပြင်ပေါ်တွင် ကွေးကွေးလေးဖြစ်ကာ ငိုယိုနေပြီး ယခင်က မောက်မာမှုအရိပ်အယောင်များ အားလုံး ပျောက်ကွယ်သွားကာ ကြောက်ရွံ့မှုတို့ဖြင့်သာ အစားထိုးနေရာယူသွားလေသည်။
"ကျွန်တော် မှားသွားပါပြီ... အဘိုး... အဘိုး... ကျွန်တော် မှားသွားပါပြီ... ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ... နောက်ဘယ်တော့မှ မလုပ်တော့ပါဘူး..."
သူ၏ အသံမှာ အက်ကွဲနေပြီး စကားလုံးတိုင်းမှာ စိတ်ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာဆီမှပင် တုန်ယင်နေလျက် အော်ဟစ်ငိုယိုနေတော့သည်။
ဘေးနားမှ ရပ်ကြည့်နေကြသော လီကျားရွာမှ ရွာသူရွာသားများမှာလည်း အားလုံး ထိတ်လန့်တုန်လှုပ်နေကြပြီး အသက်ပင် ပြင်းပြင်းမရှူရဲကြချေ။
လီချန် ဤမျှ သနားစရာကောင်းပြီး စုတ်ပြတ်သတ်နေသော အခြေအနေမျိုးကို သူတို့ ဘယ်တုန်းက မြင်ဖူးခဲ့ကြလို့နည်း။ သူတို့၏ ခေါင်းပေါ်တက်ခွကာ မောက်မာစွာ ပြုမူလေ့ရှိသော ဤလူမိုက်ကြီးမှာ ယနေ့တွင်တော့ တကယ့်ဆရာကြီးနှင့် တွေ့သွားခဲ့လေပြီ။
ကြည့်ရတာ တကယ့်ကို အရသာရှိလှပေသည်။
နှိုင်းယှဉ်၍မရအောင်ကို ရင်ထဲ ပေါ့ပါးသွားရ၏။
သို့သော် တစ်ချိန်တည်းမှာပင် ချန်ရှင်းအပေါ်ထားရှိသော သူတို့၏ အကြည့်များမှာ ပိုမိုနက်ရှိုင်းသော ကြောက်ရွံ့ရိုသေမှုတို့ဖြင့် ပြည့်နှက်နေလေသည်။
ဤလူသည် မယုံနိုင်လောက်အောင် စွမ်းဆောင်ရည် မြင့်မားရုံသာမက အရိုးထဲထိ စိမ့်သွားစေလောက်အောင် ရက်စက်ကြမ်းကြုတ်လွန်းလှသည်။
ချန်ရှင်းက ခြေထောက်ကို ဖြည်းညင်းစွာ ရုတ်လိုက်ပြီး အဝတ်စုတ်အရုပ်လေးတစ်ရုပ်လို မြေပြင်ပေါ်တွင် ပစ်ကျနေသော လီချန်ကို ငုံ့ကြည့်လိုက်သည်။ သူ၏ အေးစက်သော မျက်ဝန်းများထဲတွင် နွေးထွေးမှု အရိပ်အယောင်လေး တစ်စက်မျှပင် မရှိချေ။
သူက တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။
"မင်း ကြောက်နေတယ်ဆိုရင် အဲ့ဒီခံစားချက်ကို သေချာမှတ်ထားလိုက်... အခုကစပြီး ငြိမ်ငြိမ်လေးနေ... အဲ့လိုမှမဟုတ်ရင် ဒီခံစားချက်မျိုး နောက်တစ်ခါ ထပ်ခံစားရအောင် ငါက လုပ်ပေးဖို့ ဝန်လေးနေမှာ မဟုတ်ဘူး..."
လီချန်ခမျာ တစ်ကိုယ်လုံး တုန်တက်သွားပြီးနောက် ကြက်ကလေး ဆန်စားနေသည့်အလား ခေါင်းကို အဆက်မပြတ် ညိတ်ပြလိုက်ရာ သူ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများမှလွဲ၍ အခြားဘာမျှ မရှိတော့ချေ။
ထိုအချိန်မှာပင် ကြည့်ရှုနေသော လူအုပ်ကြီးသည် ဒီရေများလို ရုတ်တရက် ကွဲထွက်သွားပြီး အလိုအလျောက် လမ်းဖယ်ပေးလိုက်ကြသည်။
လီကျားရွာ၏ ရွာလူကြီးဖြစ်သူ လီမင်က မျက်နှာကြီး မည်းမှောင်လျက် လက်ကို နောက်ပစ်ကာ လူအုပ်ကြီး၏ နောက်ဘက်မှ အမောတကော ပြေးလာလေသည်။
ဉာဏ်လျင်သော လူငယ်တစ်ဦးက အခြေအနေမဟန်သည်ကို မြင်သည်နှင့် တစ်ပြိုင်နက် ပြေး၍ သွားရောက် သတင်းပို့ခဲ့ခြင်းဖြစ်သည်။
မိမိ၏ သားဖြစ်သူက ရွာထိပ်တွင် ပြဿနာ ထပ်ရှာပြန်ပြီး ချင်းရွှေရွာမှ ထိုရက်စက်သော လူကြမ်းကြီးကို သွားရောက်ရန်စမိကြောင်း လီမင် ကြားလိုက်ရသောအခါ ထိတ်လန့်တကြား ပြေးလာခဲ့ခြင်းဖြစ်သည်။
လီချန်သည် သူ၏ ဖခင်ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် သူ၏ မျှော်လင့်ချက်မဲ့နေသော မျက်ဝန်းများထဲတွင် နောက်ဆုံး မျှော်လင့်ချက် ကောက်ရိုးမျှင်လေးကို ဆုပ်ကိုင်လိုက်ရသကဲ့သို့ မျှော်လင့်ချက်ရောင်ခြည်များ ချက်ချင်း တောက်ပလာခဲ့သည်။
"အဖေ... အဖေ... ကျွန်တော့်ကို ကယ်ပါဦး..."
သူသည် လီမင်၏ ခြေသလုံးအနားသို့ တွားသွားသွားကာ ခြေထောက်ကို တင်းတင်းကျပ်ကျပ် ဖက်ထားပြီး မျက်ရည်၊ နှပ်ချေးများ ပေပွနေသော မျက်နှာဖြင့် ငိုယိုအော်ဟစ်နေတော့သည်။
"အဖေ... သူ ကျွန်တော့်ကို သတ်တော့မယ်... သူ ကျွန်တော့်ကို သတ်တော့မှာ..."
သူသည် ပေါက်စီလုံးလို ဖောင်းအစ်နေသော လက်ကို ဆန့်ထုတ်ကာ မလှမ်းမကမ်းရှိ ချန်ရှင်းကို လက်ညှိုးထိုးပြပြီး အမှန်တရားကို လိမ်ဆင်ဖန်တီးလျက် ချန်ရှင်းက မည်သည့်အကြောင်းပြချက်မျှမရှိဘဲ မိမိထံ လာရောက်ကာ အင်အားသုံး၍ မည်သို့ အနိုင်ကျင့်ခဲ့ကြောင်း ငိုယိုကာ ပြောဆိုနေလေသည်။
လီမင်၏ မျက်နှာမှာ ပြာနှမ်းသွားပြီး ဘာမှအသုံးမကျသော သူ၏ သားဖြစ်သူအပေါ် အလွန်တရာ ဒေါသထွက်သွားမိသည်။
သူ၏ မျက်နှာချင်းဆိုင်တွင် အေးစက်သော မျက်နှာအမူအရာရှိပြီး မည်သည့်အရာကိုမျှ မလုပ်ခဲ့သလို ရပ်နေသော ချန်ရှင်းကို ကြည့်လိုက်ရာ သူ၏ မျက်ဝန်းများမှာ ယုံကြည်နိုင်လောက်အောင် ရှုပ်ထွေးသွားခဲ့သည်။
မိမိ သား၏ စရိုက်ကို သူ ကောင်းကောင်း သိထားသလို ချန်ရှင်းသည်လည်း အကြောင်းမဲ့ ပြဿနာရှာတတ်သော လူစားမျိုး မဟုတ်ကြောင်း သူ သိထားသည်။
ဤကိစ္စသည် မိမိ၏ ရိုင်းစိုင်းလှသော သားမိုက်ကြောင့် စတင်ခဲ့ခြင်းဖြစ်ရမည်။
ချက်ချင်း လေသံပြောင်းကာ အပုပ်ချတတ်သည့် လီချန်၏ အကျည်းတန်လှသော အပြုအမူကို မြင်လိုက်ရသောအခါ ချန်ရှင်းက အေးစက်စက် လှောင်ပြောင်သော အပြုံးတစ်ပွင့်ကို ဖန်တီးလိုက်သည်။
သူက တိုးတိုးလေးသာ ပြောလိုက်သော်လည်း သူ၏ အသံမှာ မကျယ်လွန်းဘဲ ထိုနေရာရှိ လူအားလုံး ရှင်းရှင်းလင်းလင်း ကြားနိုင်လေသည်။
"သင်ခန်းစာပေးရတာ မလုံလောက်သေးဘူးနဲ့ တူတယ်..."
သူ စကားပြော၍ မဆုံးသေးခင်နှင့် လီမင် တုံ့ပြန်ရန် အချိန်မရလိုက်ခင်မှာပင် ချန်ရှင်းက ရှေ့သို့ လှမ်းသွားခဲ့ပြီဖြစ်သည်။
လူအားလုံး၏ အလွန်တရာ အံ့သြမှင်တက်နေသော အကြည့်များကြားတွင်ပင် သူသည် လီချန်၏ ဆံပင်များကို ဆွဲကိုင်လိုက်ပြီး လီမင်၏ အနီးမှ ခွေးသေတစ်ကောင်လို ဆွဲခေါ်သွားလေသည်။
"မင်း..."
လီမင်၏ မျက်လုံးအိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားပြီး ဘေးနားရှိ ရွာသူရွာသားများ အားလုံးလည်း လန့်ဖြတ်ကာ အသက်ရှူမှားသွားကြသည်။
သူ ရူးနေသည်... ဤလူ ရူးနေတာ သေချာသည်။
ကာယကံရှင်၏ ဖခင်နှင့် ရွာလူကြီး၏ ရှေ့မှာပင် လူတစ်ယောက်အပေါ် အခုလို လက်ပါရဲသည်တဲ့လား။
ဤသည်မှာ ရဲတင်းလွန်းသည်ဟု မဆိုသာတော့ဘဲ လီကျားရွာအား လုံးလုံးလျားလျား ဂရုမစိုက်ခြင်းပင်ဖြစ်သည်။
လီချန်မှာ အလွန်တရာ ထိတ်လန့်သွားပြီး အော်ဟစ်လုနီးပါး ဖြစ်သွားသော်လည်း သူ၏ မျက်နှာပေါ်သို့ အလွန်ပြင်းထန်သော ပါးရိုက်ချက်တစ်ခု ကျရောက်လာခဲ့သည်။
"ဖြန်း..."
အသံမှာ ပြတ်သားပြီး ရှင်းလင်းနေသည်။
ထို့နောက် ပို၍ ကျယ်လောင်သော ပါးရိုက်သံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။
"ဖြန်း... ဖြန်း... ဖြန်း... ဖြန်း..."
လီမင်၏ ရှေ့မှာပင် ချန်ရှင်းက လီချန်၏ ဆံပင်များကို လက်တစ်ဖက်ဖြင့် ဆွဲကိုင်ထားကာ လှုပ်မရအောင် လုပ်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် သူ၏ မျက်နှာကို ပြင်းထန်ပြီး ကျယ်လောင်သော ပါးရိုက်ချက် ဆယ်ချက်ကျော်ခန့် ဆက်တိုက် ရိုက်ချလိုက်သည်။
လီချန်၏ မျက်နှာမှာ မျက်စိရှေ့မှာပင် ဝက်ခေါင်းကြီးတစ်ခေါင်းလို ဖောင်းကားလာပြီး နှာခေါင်းမှ သွေးများနှင့် တံတွေးများ လွင့်စဉ်ထွက်လာကာ သွားနှစ်ချောင်းပါ ကျွတ်ထွက်သွားလေသည်။
ချန်ရှင်း၏ အသံမှာ ရေခဲတမျှ အေးစက်နေပြီး စကားလုံးတိုင်းမှာ လီချန်၏ နားထဲတွင် ပဲ့တင်ထပ်နေသလို လူအားလုံး၏ နှလုံးသားထဲတွင်လည်း ပဲ့တင်ရိုက်ခတ်သွားစေသည်။
"လူကြီးသူမတွေကို ဘယ်လို စကားပြောရမလဲဆိုတာ မင်းကို ငါ သင်ပေးမယ်..."
လီမင်သည် ထိုနေရာတွင် မလှုပ်မယှက် ရပ်နေလေသည်။
သူ၏ အင်္ကျီလက်ထဲရှိ လက်များမှာ လက်သီးဆုပ်ထားလျက် လက်ခုံပေါ်တွင် သွေးကြောများ ဖောင်းကြွနေပြီး သူ၏ မျက်နှာမှာလည်း ဖြူဖျော့လိုက်၊ ပြာနှမ်းလိုက်ဖြင့် တောက်လျှောက် ပြောင်းလဲနေ၏။
အရှက်ရမှု... ဤသည်ကား ဗြောင်ကျကျ အရှက်ခွဲခံရခြင်းပင်။
သို့သော်လည်း နောက်ဆုံးတွင်တော့ သူက ရှေ့ထွက်၍ တားဆီးခြင်း မပြုခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် သူ၏ မျက်ဝန်းနက်ရှိုင်းရာထဲတွင် ဒေါသနှင့် အရှက်ရမှုတို့အပြင် တိတ်တဆိတ် ကျေနပ်နေသော အရိပ်အယောင်လေးတစ်ခုလည်း ရှိနေသောကြောင့်ပင်။
ဤသားမိုက်မှာ များသောအားဖြင့် ဥပဒေကို ဂရုမစိုက်ဘဲ ရိုင်းစိုင်းလှကာ သူ့ကို အကြောင်းပြချက်ဖြင့် နားချ၍မရသလို ဆူပူရိုက်နှက်၍လည်း မရပေ။
ယခုတော့ နောက်ဆုံးမှာ သူ့ကို ဆုံးမပေးနိုင်မည့်သူ ပေါ်လာခဲ့ပြီဖြစ်သည်။
ဤမြင်ကွင်းကြောင့် ဘေးနားရှိ ရွာသူရွာသားများအားလုံး လုံးဝ ဆွံ့အမှင်တက်သွားကြပြီး မေးရိုးများပင် ပြုတ်ကျမတတ် ဖြစ်သွားကြရသည်။
ဖခင်ရှေ့မှာပင် သားဖြစ်သူကို ရိုက်နှက်နေပါလျက် ဖခင်ဖြစ်သူက ဝင်တောင် မတားဘူးဆိုသည်မှာ နေမင်းကြီး အနောက်ဘက်ကများ ထွက်လာသလားဟုပင် ထင်မှတ်ရပေသည်။
လီချန်ခမျာ လုံးဝကို ကြက်သေ သေသွားလေသည်။
သူ၏ နောက်ဆုံး မျှော်လင့်ချက်၊ သူ၏ အကြီးမားဆုံး အားကိုးရာကြီးက သူ အရိုက်ခံနေရသည်ကို ဘာမှမလုပ်ဘဲ ဤအတိုင်း ရပ်ကြည့်နေခဲ့သည်တဲ့လား။
ဤအသိတရားက သူ ခံစားခဲ့ရသော နာကျင်မှုအားလုံးထက်ပင် ပိုမို ကြီးမားသော မျှော်လင့်ချက်မဲ့ခြင်းတို့ကို ခံစားလိုက်ရစေသည်။
သူ အော်ဟစ်ရန်ပင် အင်အားမရှိတော့ချေ။ သူ၏ ခေါင်းထဲတွင် အူဝေနေပြီး အလိုအလျောက် တုန်ယင်နေမှုများနှင့် အဆက်အစပ်မရှိသော တောင်းပန်သံများသာ ကျန်ရစ်တော့သည်။
ချန်ရှင်းသည် သူ့ကို ရိုက်နှက်ပြီးနောက် ရွံရှာစွာဖြင့် လွှတ်လိုက်ပြီး အမှိုက်တစ်စသဖွယ် မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။
လီချန်သည် မြေပြင်ပေါ်သို့ ခွေကျသွားပြီး လုံးဝ အသက်ကင်းမဲ့နေသကဲ့သို့ ဖြစ်နေကာ အလွန်အမင်း ထိတ်လန့်နေမှုကြောင့် သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်နေဆဲဖြစ်သည်။
ချန်ရှင်းသည် သူ၏ လက်များကို ခါချလိုက်ပြီး မြေပြင်ပေါ်တွင် ညည်းညူနေဆဲဖြစ်သော လူမိုက်အချို့ကို တစ်ချက် ဝေ့ကြည့်ကာ ရွာသူရွာသားများကို အေးစက်စက် ကြေညာလိုက်သည်။
"အကယ်၍ သူက ပြဿနာထပ်ရှာရဲရင် ဒါမှမဟုတ် ရွာသားတွေကို အနိုင်ကျင့်ရဲရင် ချင်းရွှေရွာကို လာပြီး ငါ့ကို ရှာကြ... သူ့ကို တွေ့တိုင်း ငါ ရိုက်မယ်..."
ဤစကားကို ကြားသောအခါ လီချန်မှာ အကြောက်လွန်ကာ တုန်ယင်သွားတော့သည်။ သူ၏ ဖခင် ဘေးနားတွင် ရှိနေသေးသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ တစ်စက္ကန့်လေးမျှ တုံ့ဆိုင်းနေမိလျှင်ပင် ထိုပါးရိုက်ချက် မိုးပေါက်များ ထပ်မံ ကျဆင်းလာမည်ကို ကြောက်ရွံ့ကာ ခေါင်းကို အဆက်မပြတ် ညိတ်ပြနေလေသည်။
ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် ချန်ရှင်းက မျက်နှာအမူအရာ ရှုပ်ထွေးနေသော လီမင်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
သူ၏ အေးစက်သော မျက်နှာအမူအရာမှာ ရုတ်တရက် ပျောက်ကွယ်သွားပြီး လှောင်ပြောင်လိုသော အရိပ်အယောင်တစ်ခုဖြင့် အစားထိုး ဝင်ရောက်လာ၏။
"ရွာလူကြီးလီ... အထင်မလွဲပါနဲ့..."
သူက ဖြည်းညင်းစွာနှင့် သေချာပေါက် ပြောလိုက်သည်။
"တကယ်တော့... ဒီနေ့ ငါ ဒီကို လာခဲ့တဲ့ အကြောင်းရင်းက လူတစ်ယောက် ဘယ်လိုနေထိုင်ရမလဲဆိုတာ သူ့ကို သင်ပေးဖို့ သက်သက် မဟုတ်ဘူး..."