← Chapters

အခန်း ၁၉၅

Vol. 20 Ch. 195

အခန်း ၁၉၅

Vol. 20 Ch. 195

အခန်း (၁၉၅) ယွင်ဟွား စွမ်းရည်များကို ထုတ်ဖော်ပြသခြင်း

ချွေ့ဟုန်ယွမ်သည် ရိုးသားစွာ ပြုံးလိုက်လေ၏။

“အမတ်ချန်... အများအကျိုးအတွက် အနည်းငယ်ကို စတေးလိုက်ပါ... ဘယ်လိုပဲဖြစ်ဖြစ် ငါ့ရဲ့ မြေးမလေးကို စောင့်ကြည့်ပေးနေမှာမို့ မင်းကို တကယ်သေသွားခွင့်ပြုမှာ မဟုတ်ပါဘူး... ဒါကြောင့် ငါတို့အတွက် ဟန်ဆောင်ပြလိုက်တာက ဘာမှမထိခိုက်ပါဘူး..."

ချန်ကျဲဟန်... %&¥……

“ဟင်... ပန်းကလေး... ပိုက်ကွန်ထဲကနေ လွတ်သွားတဲ့ ငါးတစ်ကောင် ရှိနေသေးတယ်..”

ချန်ကျဲဟန် ကျိန်ဆဲနေဆဲမှာပင် သေခြင်းရှင်ခြင်းစာအုပ်က အံ့ဩတကြီး အာမေဍိတ်သံ ပြုလိုက်လေသည်။

“ဟွားဟွား... နင့်ရဲ့ ဘယ်ဘက်က အမတ်က အတော်လေး ပုန်းကွယ်နေနိုင်တယ်... စစ်ရေးဝန်ကြီးဌာနရဲ့ ဒုတိယဝန်ကြီး ကျောက်ထျန်းတယ်က ဝူဟိုင်ဖုန်းကို သတင်းအချက်အလက်တွေ ပေးနေတယ်... ဝူဟိုင်ဖုန်းက တုံလင်နိုင်ငံရဲ့ ထီးနန်းကို တက်လှမ်းတဲ့အခါ သူ့ကို ဘွဲ့ထူးချီးမြှင့်ပြီး ဝန်ကြီးချုပ်အဖြစ် ခန့်အပ်လိမ့်မယ်…”

ယွင်ဟွား... !!!

လူတိုင်း... !!!

ဧကရာဇ်ဝမ်ရွှမ်းက ကျောက်ထျန်းတယ်ကို ရုတ်တရက် လှမ်းကြည့်လိုက်၏။

သူ၏ လက်ကြီးများသည် နဂါးပလ္လင်၏ လက်ရန်းများကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး သူ၏ မျက်လုံးများထဲတွင် အေးစက်မှုများ ပျံ့နှံ့သွားလေသည်။

"သူက အရူးလား..."

ယွင်ဟွားသည် သူ့အား သံသယဖြင့် လှမ်းကြည့်လိုက်၏။

“သူက အဲ့မိစ္ဆာကြီးရဲ့ စကားတွေကို တကယ်ယုံကြည်နေတာလား..."

သေခြင်းရှင်ခြင်းစာအုပ်က ပြောလိုက်လေသည်။

“ပန်းကလေး... ကျောက်ထျန်းတယ်က အဲ့စကားကို အလွန်အမင်း ယုံကြည်နေရတဲ့ အကြောင်းရင်းက သူက ဝူဟိုင်ဖုန်းရဲ့ သမက်ဖြစ်နေလို့ပဲ..”

“နင် ဘာပြောလိုက်တယ်..”

ယွင်ဟွားသည် မြေကြွက်တစ်ကောင်ကဲ့သို့ စိတ်ထဲမှနေ၍ အော်ဟစ်လိုက်ရာ လူတိုင်း၏ နားများကို ကိုက်ခဲသွားစေလေသည်။

သေခြင်းရှင်ခြင်းစာအုပ်သည် ၎င်း၏ နားရွက်လေးကို ကုတ်လိုက်ပြီး ဆက်ပြောလေသည်။

“ပန်းကလေး... အရင်က ငါ ပြောခဲ့တာကို မှတ်မိသေးလား... သူက သူ့ရဲ့ သမီးကို နယ်ရုပ်တစ်ခုအဖြစ် အသုံးပြုခဲ့တယ်..”

“မမျှော်လင့်ဘဲ သူက တုံလင်နိုင်ငံမှာ လူနှစ်ယောက်ကို စိုက်ပျိုးထားခဲ့တယ်... တစ်ယောက်က ကြင်ယာတော်စုကို အဆိပ်ခတ်ပြီး မြင်းငါးကောင်နဲ့ ဆွဲဖြဲသတ်ဖို့ ဖန်တီးခဲ့တဲ့သူဖြစ်ပြီး နောက်တစ်ယောက်ကတော့ မူလနာမည် ဝူရွှေရှင်းဖြစ်တဲ့ ကျောက်ထျန်းတယ်ရဲ့ ဇနီး ကျန်းရွှေရှင်းပဲ..”

“ကျောက်ထျန်းတယ်က ဝူရွှေရှင်းကို အလွန်အမင်း စွဲလမ်းနေပြီး သူမရဲ့ ဆွဲဆောင်မှုအောက်မှာ လုံးဝ ကျရောက်နေခဲ့တယ်... သူက သူမရဲ့ အစစ်အမှန် မည်သူမည်ဝါဖြစ်ကြောင်းကို နှစ်အတော်ကြာကတည်းက သိရှိထားပေမယ့် အဲ့ဘွဲ့ထူးဂုဏ်ပုဒ်တွေဆိုတဲ့ အရာအတွက် ဒီအရာအားလုံးကို လုပ်ဆောင်ဖို့ ဆန္ဒရှိနေခဲ့တယ်..”

ယွင်ဟွားက အေးစက်စွာ ရယ်မောလိုက်လေသည်။

“လူယုတ်မာအိုကြီးပီသပါပေတယ်... သူက မြောက်ပိုင်းနယ်စပ်က လူတွေကို လုံးဝ လှည့်စားနိုင်ခဲ့ပြီး အရှေ့ပိုင်းနယ်စပ်မှာလည်း ဉာဏ်ကျယ်တဲ့ ကစားပွဲတစ်ခုကို ကစားနေတယ်... ကံမကောင်းစွာနဲ့ပဲ သူက ငါနဲ့ လာတိုးနေတယ်... သူက အရှေ့ပိုင်းနယ်စပ်ရဲ့ ထီးနန်းကို သိမ်းပိုက်ပြီး မြောက်ပိုင်းနယ်စပ်ကို စစ်ခင်းကာ ကမ္ဘာကြီးကို တစ်ခုတည်းအဖြစ် ပေါင်းစည်းချင်နေတာပဲ... ဒါပေမယ့် သူ့ရဲ့ အကြံအစည်အားလုံးကို ငါ ဖျက်ဆီးပစ်မယ်..”

လူတိုင်းမှာ တုန်လှုပ်သွားကြလေသည်။

ဝူဟိုင်ဖုန်းတွင် ဤမျှကြီးမားသော ရည်မှန်းချက်များ ရှိနေမည်ဟု မမျှော်လင့်ထားခဲ့ပေ။

ပေကျန်းနိုင်ငံက သဘောတူညီချက်ကို ဖောက်ဖျက်ရသည့် အကြောင်းရင်းမှာ သူက နောက်ကွယ်မှ ကြိုးကိုင်နေခြင်းကြောင့် ဖြစ်ပုံရသည်။

"သေချာတာပေါ့... ငါတို့ရဲ့ ဟွားဟွားက သူတို့ကို အပြစ်ပေးဖို့ ရောက်လာတာပဲ..."

တရားသူကြီးပေပေ့က သူ၏ ခေါင်းလေးကို မော့ကာ ဆက်ပြောလေသည်။

“ဟွားဟွား... ကျောက်ထျန်းတယ်ကိုလည်း ရှင်းပစ်လိုက်... ပေပေ့က ခဏနေရင် ဆီပူအိုး သွားယူလာခဲ့မယ်... ပြီးရင် သူ့ကို ဒီနေရာမှာတင် ကြော်ပစ်လိုက်မယ်..”

ငရဲလကျောက်သည် အပြင်သို့ ထွက်လာချင်နေသော်လည်း ၎င်း၏ သခင်ခန္ဓာကိုယ်ထဲမှ အဆိပ်အများစုကို ကုသပေးထားရုံသာ ရှိသေးသဖြင့် ယခုအခါ စွမ်းအင်နည်းပါးနေပြီး နွမ်းနယ်နေလေသည်။

ယွင်ဟွားသည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ရာ သူမ၏ နှုတ်ခမ်းများပေါ်တွင် ယုတ်မာသော အပြုံးတစ်ခု ပေါ်လာ၏။

“အကောင်းဆုံးပဲ... သူ့ကို ငါ့ရဲ့ စမှတ်အဖြစ် အသုံးပြုလိုက်မယ်..”

ယွင်ဟွားသည် စိတ်လှုပ်ရှားမှု တစ်ဟုန်ထိုး တက်လာသည်ကို ခံစားလိုက်ရသည်။ သူတို့က သူမကြောင့် လွှမ်းမိုးခံရပြီး ကြောက်လန့်တကြား မသေဆုံးသွားစေရန် သူမ၏ စွမ်းရည်များကို တဖြည်းဖြည်းချင်း ဖော်ထုတ်ပြသရန် သူမ စီစဉ်ထားလေသည်။

"အရှင်မင်းကြီး..."

"အရှင်မင်းကြီး... ကျွန်တော်မျိုးမမှာ တင်ပြစရာ ရှိပါတယ်..."

ယွင်ဟွားသည် သူမ၏ လက်လေးကို မြှောက်ထားလျက် ရှေ့သို့ ထွက်လာခဲ့သည်။ သူမ၏ စိတ်လှုပ်ရှားနေမှုကြောင့် လူတိုင်းကို တိတ်တဆိတ် ခြေတစ်လှမ်း နောက်ဆုတ်သွားစေလေသည်။ ယနေ့ ညီလာခံသည် ပုံမှန်နှင့် လုံးဝ ကွာခြားနေပြီး ပြဿနာများကြားတွင် မပါဝင်မိစေရန် သူတို့သည် ခပ်ကင်းကင်း နေရန် ဆုံးဖြတ်လိုက်ကြ၏။

"ခွင့်ပြုတယ်..."

ဧကရာဇ်ဝမ်ရွှမ်း၏ မျက်နှာက ချက်ချင်း လင်းလက်သွားပြီး မတ်မတ်ထိုင်ကာ ပြဇာတ်ကို ကြည့်ရှုရန် ပြင်ဆင်လိုက်လေသည်။

ဤကိစ္စ ပြီးဆုံးသွားပြီးနောက် မိန်းကလေး အချိန်ကြာမြင့်စွာ တောင့်တခဲ့သော မင်းသမီးအဆင့်အတန်းကို ကမ္ဘာကြီးအား ကြေညာပေးနိုင်မည် ဖြစ်သည်။

ယွင်ဟွားသည် ညီလာခံခန်းမ၏ အလယ်တွင် ရပ်လိုက်ပြီး အသက်ကို ပြင်းပြင်းရှူလိုက်၏။

သူမ၏ လက်ကောက်ဝတ်ကို တစ်ချက် လှုပ်ခါလိုက်သည်နှင့် ရွှေအုတ်ခဲလေးက သူမ၏ လက်ထဲတွင် ပေါ်လာပြီး နောက်တစ်ကြိမ် လှုပ်ရှားလိုက်ချိန်တွင် ပျောက်ကွယ်သွားလေသည်။

လူတိုင်း၏ တုံ့ပြန်မှုကို ကြည့်ရန် ယွင်ဟွားက သူမ၏ စွမ်းရည်များကို ထုတ်ဖော်ပြသလိုက်သော်လည်း ချီးမွမ်းသံတစ်ခုကြောင့် သူမ လဲကျလုနီးပါး ဖြစ်သွားရလေသည်။

"ဟမ်း... မဆိုးဘူး...ဆုချရမယ်"

လူတိုင်းက အမတ်တစ်ဦးထံသို့ လှည့်ကြည့်လိုက်ကြ၏။

ထိုလူမှာ အလန့်တကြား ဖြစ်သွားလေသည်။

သူ ဘာလုပ်လိုက်မိသည်ကို သတိပြုမိသွားချိန်တွင် သူ မည်မျှ မိုက်မဲသွားခဲ့ကြောင်းကို နားလည်သွားလေသည်။ သူသည် ရိုးရာမျက်လှည့်ပြကွက်များကို ကြည့်ရှုရသည်ကို နှစ်သက်ပြီး ယခုလည်း မသိစိတ်မှနေ၍ လွှတ်ခနဲ ပြောလိုက်မိခြင်း ဖြစ်၏။

အမတ်ငယ်ယွင် လုပ်ဆောင်နေသည်မှာ မျက်လှည့်ပြကွက်မဟုတ်ဘဲ အစစ်အမှန် စွမ်းရည်ဖြစ်ကြောင်းကို သူ မေ့သွားခဲ့လေသည်။

“တကယ့် အဓိပ္ပာယ်မရှိတဲ့ စကားတွေပဲ..”

သေခြင်းရှင်ခြင်းစာအုပ်သည် ထိုအမတ်ထံသို့ ပျံသန်းသွားပြီး သူက ထိုးကြိတ်ကန်ကျောက်ခံလိုက်ရလေသည်။

“ဒီစာအုပ်လေးက နင့်ကို ဒီကိစ္စအတွက် စမ်းသပ်ခံအဖြစ် သုံးဖို့ ဆုံးဖြတ်လိုက်ပြီ…”

ချန်ကျဲဟန်က သူ၏ လုပ်ဖော်ကိုင်ဖက်အား ကျေးဇူးတင်သော အကြည့်ဖြင့် လှမ်းကြည့်လိုက်၏။

"တကယ့်ကို သဘောကောင်းတဲ့သူပဲ... သူက ငါ့ကို အကျပ်အတည်းထဲကနေ ကယ်တင်ပေးခဲ့တယ်..."

ယွင်ဟွားသည် ဒေါသတကြီးဖြစ်သွားပြီး စိတ်ဆိုးမာန်ဆိုးဖြင့် ပြန်လည်ချေပလိုက်လေသည်။

"ကျွန်တော်မျိုးမက နက္ခတ်တာရာ လေ့လာရေးဌာနကပါ... ကျွန်တော်မျိုးမ အခုလေးတင် လုပ်ပြလိုက်တာက သဘာဝလွန်စွမ်းအားပါ... သဘာဝလွန်စွမ်းအားပါ..."

ယွင်ဟွားသည် ဤသို့ အော်ဟစ်ပြီးနောက် နောက်တစ်ကြိမ် လှုပ်ရှားလိုက်ရာ ဟွန်ယွမ် ကောင်းကင်တုန်ခါအုတ်ခဲက အမည်းရောင်သို့ ပြောင်းလဲသွားပြီး လူသတ်ချင်သော အငွေ့အသက်များဖြင့် ခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားစေလေသည်။

ဧကရာဇ်ဝမ်ရွှမ်းနှင့် နန်ကုန်းယွမ်တို့မှလွဲ၍ ကျန်လူအားလုံးမှာ ဖိအားများကြောင့် အပြင်းအထန် မောဟိုက်နေကြလေသည်။

ယွင်ဟွားသည် ကောင်းကင်တုန်ခါအုတ်ခဲကို လက်ချောင်းထိပ်လေးဖြင့် ပုတ်လိုက်ရာ အငွေ့အသက်များ ပျောက်ကွယ်သွားလေ၏။ လူတိုင်း၏ ကျောပြင်များသည် ချွေးများဖြင့် ရွှဲနှစ်နေပြီ ဖြစ်သည်။

ယွင်ဟွား၏ နှုတ်ခမ်းများက တွန့်ကွေးသွားပြီး လိမ်လည်ပြောဆိုလိုက်လေသည်။

"အရှင်မင်းကြီး... ကျွန်တော်မျိုးမက ငယ်စဉ်ကတည်းက ထူးကဲတဲ့ ပါရမီ ပါလာခဲ့ပြီး နတ်ဘုရားတွေနဲ့ ဆက်သွယ်နိုင်ပါတယ်... အိပ်မက်တွေထဲမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ဆရာတစ်ပါးက ကျွန်တော်မျိုးမကို တတိယမျက်လုံး ဖွင့်ခြင်း၊ နိမိတ်ဖတ်ခြင်း၊ နတ်ဘုရားစွမ်းအားတွေ ချီးမြှင့်ခြင်းနဲ့ နတ်ဘုရားလက်နက်တွေ ပေးအပ်ခြင်းစတဲ့ စွမ်းရည်တွေကို သင်ကြားပေးခဲ့ပါတယ်..."

လူတိုင်း…

ယွင်ဟွားက သူမ၏ လက်ထဲရှိ ကောင်းကင်တုန်ခါအုတ်ခဲကို အလေးချိန် ချိန်ဆကြည့်လိုက်၏။

"ဒါကို မူလကနဦး ကောင်းကင်တုန်ခါအုတ်ခဲလို့ ခေါ်ပါတယ်... သူက ကောင်းကင်နဲ့ မြေကြီးရဲ့ ပရမ်းပတာ စွမ်းအင်တွေကို စုပ်ယူနိုင်ပါတယ်... သေးငယ်တဲ့ အတိုင်းအတာမှာဆိုရင် သံချပ်ကာတွေကို ဖောက်ထွင်းပြီး အရိုးတွေကို ချေမှုန်းနိုင်ကာ ကြီးမားတဲ့ အတိုင်းအတာမှာဆိုရင်တော့ မြို့တွေကို ဖျက်ဆီးပစ်နိုင်ပါတယ်... ဒီဟာက ကျွန်တော်မျိုးမရဲ့ ဆရာသခင် ပေးအပ်ထားတဲ့ နတ်ဘုရားလက်နက်တစ်ခုပါ..."

"ဒါ့အပြင် ကျွန်တော်မျိုးမဆီမှာ ဆရာသခင် ပေးအပ်ထားတဲ့ ကိုယ်ပိုင်အသက်ကယ်ရတနာလည်း ရှိပါသေးတယ်... အကယ်၍ အရှင်မင်းကြီးတို့က ကျွန်တော်မျိုးမကို မယုံကြည်ဘူးဆိုရင် ဓားတွေ၊ လှံတွေနဲ့ ခုတ်ကြည့်ပြီး ထိခိုက်နိုင်သလားဆိုတာကို စမ်းသပ်ကြည့်လို့ ရပါတယ်..."

“အဲ့တာတွေအပြင် ကျွန်တော်မျိုးမဆီမှာ နေရာရွှေ့ပြောင်းတာ၊ တစ္ဆေဖမ်းတာစတဲ့ တခြားနည်းလမ်းတွေလည်း ရှိပါသေးတယ်..."

နန်းတွင်းအရာရှိများနှင့် စစ်ဘက်ဆိုင်ရာ အရာရှိများသည် တစ်ယောက်ကိုတစ်ယောက် တွေဝေစွာ ကြည့်လိုက်ကြလေသည်။

အမှန်တရားကို သိရှိထားသော အမတ်များက ပြောလိုက်ကြ၏။

“အမတ်ငယ်ယွင်... မင်းဆီမှာ အကာအကွယ်ရောင်ဝါ ရှိနေတယ်ဆိုတာကို မင်းရဲ့အဖေက ကြာပြီကတည်းက သစ္စာဖောက်ပြီး ဖွင့်ဟထားပြီးသားပါ..."

“မင်းက တစ္ဆေတွေကို ဖမ်းနိုင်တယ်ဆိုတဲ့ အချက်က မင်းဟာ ငရဲပြည်က နတ်ဘုရားတစ်ပါးဖြစ်တယ်ဆိုတာကို ငါတို့ သိထားပြီးသားပါ..."

နှလုံးသား၏ အသံကို မကြားနိုင်သော အမတ်များသည် သိပ်မယုံကြည်ကြသော်လည်း အမတ်ငယ်ယွင်၏ လက်ထဲရှိ အမည်းရောင် အုတ်ခဲထံမှ ယခုလေးတင် ထွက်ပေါ်လာသော အစွမ်းထက်ပြီး ဖိနှိပ်နိုင်စွမ်းရှိသည့် အငွေ့အသက်က သူတို့၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေလေသည်။

လောကကြီးတွင် နတ်ဘုရားများ၏ မျက်နှာသာပေးခံရသောသူများ တကယ့်ကို ရှိနေပေသည်။

လူအုပ်ထဲတွင် ပုန်းကွယ်နေသော ကျောက်ထျန်းတယ်သည် သူ၏ စိတ်နှလုံးထဲတွင် ကြောက်ရွံ့မှု တစ်ဟုန်ထိုး တက်လာသည်ကို ခံစားလိုက်ရ၏။

သူသည် သတိထား၍ လှုပ်ရှားလိုက်ပြီး အခြားအမတ်ကြီးများ၏ အနောက်တွင် မိမိကိုယ်ကို ပုန်းကွယ်ကာ ယွင်ဟွားက သူ၏ မျက်နှာကို မမြင်စေရန် ကြိုးစားနေလေသည်။

လူတိုင်း၏ မျက်နှာပေါ်ရှိ တည်ငြိမ်နေသော အမူအရာများကို မြင်လိုက်ရသဖြင့် ယွင်ဟွား၏ အပြုံးသည် တုံ့ဆိုင်းသွားလေသည်။

"အရှင်မင်းကြီးတို့... အရှင်မင်းကြီးတို့က ကျွန်တော်မျိုးမကို မယုံသေးဘူးလား..."

“အဲ့တာက ငါ့ရဲ့ အဆုံးစွန်ထိ အစွမ်းကုန်ကို သုံးရတော့မယ်လို့ ဆိုလိုတာလား..”

“ဟွန်း... ပန်းကလေးကို မယုံသေးဘူးလား... ပန်းကလေး... နင်က ကောင်းကင်ချိုးဖျက်အုတ်ခဲနဲ့ ဒီနန်းတော်ကို ရိုက်ခွဲလိုက်... ငါတို့အားလုံး အတူတူ သေကြတာပေါ့... ပေပေ့က နောက်မှ သူတို့အားလုံးကို ပြန်ခေါ်လာခဲ့မယ်..”

လူတိုင်း ထပ်မံ၍ တုန်လှုပ်သွားကြပြန်လေသည်။

"ချန်နင်း ကောင်တီမင်းသမီး… ဒီမင်းသား မင်းကို ယုံကြည်ပါတယ်..."

နန်ကုန်းယွမ်က ပထမဆုံး စတင်ပြောဆိုလိုက်ပြီးနောက် သေစေနိုင်လောက်သော အေးစက်မှုများ ပါဝင်နေသည့် အကြည့်ဖြင့် လူအုပ်ကြီးကို လှမ်းကြည့်လိုက်လေသည်။

"မင်းက ငါ့ရဲ့ သမီးပဲ... ဒါကြောင့် မင်းရဲ့အဖေက မင်းကို ယုံကြည်တာပေါ့..."

"မင်းရဲ့ အဘိုးကလည်း မင်းကို ယုံကြည်ပါတယ်..."

ထိုသို့ စတင်လိုက်သည်နှင့် လူတိုင်းက ယွင်ဟွား၏ အနောက်တွင် ရပ်တည်လိုက်ကြလေသည်။

မကြားနိုင်သော အမတ်များမှာ... !!!

ယွင်ဟွားသည် ကျယ်လောင်စွာ ပြုံးလိုက်ရာ နောက်ဆုံးတွင် အစွမ်းကုန် ထုတ်ပြနိုင်ပြီဖြစ်ပြီး မည်သည့်အရာကိုမျှ ဖုံးကွယ်ထားစရာ မလိုတော့ပေ။

"အရှင်မင်းကြီး... လွန်ခဲ့တဲ့ ရက်အနည်းငယ်က မြောက်ပိုင်းနယ်စပ်က ဝူဟိုင်ဖုန်းဟာ နိုင်ငံနှစ်ခုကြား စစ်ပွဲတွေ ဖြစ်ပွားအောင် လှုံ့ဆော်ပြီး ကမ္ဘာပေါ်က ပြည်သူတွေကို ဆင်းရဲဒုက္ခ ရောက်စေချင်နေတယ်လို့ ကောင်းကင်တာအိုက ကျွန်တော်မျိုးမကို သတိပေးခဲ့ပါတယ်... ကျွန်တော်မျိုးမ အလွန် ကြောက်လန့်သွားခဲ့ပြီး ချက်ချင်းပဲ တွက်ချက်မှုအချို့ကို လုပ်ဆောင်ခဲ့ပါတယ်..."

"အဲ့တွက်ချက်မှုက တုံလင်နိုင်ငံရဲ့ ကြီးမားတဲ့ လျှို့ဝှက်ချက်တစ်ခုကို ဖော်ထုတ်ပေးခဲ့ပါတယ်... တစ်စုံတစ်ယောက်က ဝူဟိုင်ဖုန်းနဲ့ နှစ်အတော်ကြာကတည်းက တိတ်တဆိတ် ပူးပေါင်းကြံစည်နေခဲ့ပြီး သူတို့ကြားမှာ သတင်းစကားတွေ ဖလှယ်နေခဲ့ပါတယ်..."

ယွင်ဟွားက တင်းမာစွာ ပြောလိုက်ပြီး သူမ၏ အေးစက်သော အကြည့်များသည် စုဝေးနေကြသော အမတ်များအပေါ်သို့ ကျရောက်သွားလေသည်။

“ဟေး... ဟိုလူယုတ်မာကျောက်က ဘယ်ရောက်သွားတာလဲ…”

သူမက ယခုလေးတင် သူ့ကို မြင်လိုက်ရသည်ဟု ရှင်းလင်းစွာ မှတ်မိနေ၏။

အမတ်များသည် မျက်ခုံးပင့်လိုက်ကြပြီး သူတို့၏ ပတ်ဝန်းကျင်ကို တိတ်တဆိတ် လေ့လာနေကြလေသည်။ မင်းသားစုသည် သူ၏ တည်ရှိနေမှုကို အတတ်နိုင်ဆုံး လျှော့ချရန် ကြိုးစားနေသော ကျောက်ချွဲတယ်အား လှမ်းကြည့်လိုက်၏။

သူသည် ချက်ချင်း အပြေးအလွှား သွားကာ ထိုသူအား ကန်ထုတ်လိုက်လေသည်။

"သွားစမ်း..."

ဘုန်းခနဲ အသံနှင့်အတူ သူက ယွင်ဟွား၏ တည့်တည့်အရှေ့တွင် ဒူးထောက်ကျသွားလေသည်။

သူမက ပြုံးလိုက်၏။

"အိုး... အမတ်ကျောက်... ရှင်က ထောင်ချောက်ထဲကို တည့်တည့်ကြီး ဝင်လာခဲ့တာပဲ..."

All Chapters