အခန်း ၁၅၁
Vol. 16 Ch. 151
အခန်း (၁၅၁)
နတ်ဘုရားအားလုံး၏ အသံမှာ တူညီနေကြသည်
ဒုက္ခသည်များ၏ တန်းစီနေသော လူတန်းကြီးသည် နဂါးကြီးတစ်ကောင်ကဲ့သို့ တွန့်လိမ်ရှည်လျားနေပြီး တောင်ခြေတွင် ကပ်၍တည်ရှိနေသော ရွာ၏ တူလို မြေနံရံအိမ်ရာများဆီသို့ တဖြည်းဖြည်း ချဉ်းကပ်သွား ကြလေ၏။
ဒုက္ခသည်များသည် တောင်လိုပုံနေသော အသင့်စား ခေါက်ဆွဲများကို လိုချင်တပ်မက်မှုအပြည့်ရှိသော မျက်လုံး များဖြင့် စိတ်အားထက်သန်စွာ စိုက်ကြည့်နေခဲ့ကြပေသည်။
ရွှီပေါ်အန်းသည် အသင့်စား ခေါက်ဆွဲများကို မြေကြီးပေါ်သို့ ချထားပေးလိုက်လေ၏။
သို့သော် မည်သူတစ်ဦးတစ်ယောက်ကမျှ ဤအရာများ ညစ်ပတ်နေသည်ဟု ညည်းညူခြင်း မရှိခဲ့ကြပေ။
သူတို့သည် ၎င်းတို့ကို ကောက်ယူကာ ပါးစပ်ထဲသို့ တန်း၍ ထည့်သွင်းစားသောက်ကြပြီး အရေးကြုံလာပါက အသုံးပြုနိုင်ရန် အချို့ကို သူတို့၏ ကျောပိုးအိတ်များထဲသို့ ထည့်သိမ်းထားလိုက်ကြလေသည်။
ဤသည်မှာ ငတ်မွတ်ခေါင်းပါးနေသော ဒုက္ခသည်များ ဖြစ်သင့်ဖြစ်ထိုက်သည့် အခြေအနေပင် ဖြစ်လေ၏။
ဘေးတွင် ရပ်နေသော လီခန့်ရှန်းသည် ထိုမြင်ကွင်းကို ကြည့်ရင်း ခေါင်းကို အနည်းငယ် ညိတ်လိုက်လေသည်။
၎င်းတို့အထဲတွင် မကောင်းသော ရည်ရွယ်ချက်ရှိသူများ ပါလာမည်ကို သူ စိုးရိမ်မိသော်လည်း အနည်းဆုံးတော့ အများစုမှာ အမှန်တကယ် ငတ်မွတ်နေကြပုံရလေ၏။
လူများစွာမှာ သူတို့ထံတွင် အစားအစာ အချို့ ကျန်ရှိနေသေးလျှင်တောင်မှ ပြီးခဲ့သောရက်များအတွင်း အထိတ် တလန့် ပုန်းအောင်းထွက်ပြေးနေခဲ့ရသဖြင့် မီးမွှေး၍ ချက်ပြုတ်စားသောက်ရန် အခွင့်အရေး မရခဲ့ကြချေ။
ဤအချိန်တွင် အစားအစာများကို မြင်တွေ့ရချိန်၌ မည်သူက သန့်ရှင်းခြင်းနှင့် ညစ်ပတ်ခြင်းကို ဂရုစိုက်နေပါ တော့မည်နည်း။
ဗိုက်ဝရန် စားစရာ တစ်ခုခု ရှိနေခြင်းကပင် လုံလောက်နေပြီ ဖြစ်ပေသည်။
ဟယ်ရှန်း ဘေးဒုက္ခ ကယ်ဆယ်ရေး ပြုလုပ်ခဲ့စဉ်က သူသည် ဆန်များထဲသို့ သဲများကို တမင်တကာ ရောနှောခဲ့ သော်လည်း အမှန်တကယ် ဘေးဒုက္ခကြုံတွေ့နေရသူများမှာမူ ဝမ်းသာအားရ စားသောက်ခဲ့ကြလေ၏။
ယခုအချိန်တွင် ဒုက္ခသည်များသာ အစားအစာကို မြိန်ယှက်စွာ စားသောက်နေကြသည် မဟုတ်ဘဲ မြို့စောင့်နေ သော ဓားပြများနှင့် ကူညီရန် ရောက်ရှိလာကြသည့် ခေါင်ရှန်းရွာမှ လူများသည်ပင်လျှင် တောင်လိုပုံနေသော အသင့်စား ခေါက်ဆွဲ အပိုင်းအစများကို လိုချင်တပ်မက်သည့် မျက်နှာထားများဖြင့် စိုက်ကြည့်နေကြသည်ကို ရွှီပေါ်အန်း မြင်တွေ့လိုက်ရလေသည်။
ဤလူများသည် ယနေ့တွင် သူတို့၏ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြသဖြင့် ရွှီပေါ်အန်းကလည်း သဘာဝ ကျကျပင် သူတို့ကို စိတ်ပျက်အောင် မလုပ်နိုင်ခဲ့ချေ။
သူ့ဘေးရှိ ကော်ဖီစားပွဲပေါ်တွင် အတွင်းရေးမှူး ထျန်ရှောင်ထုန် ပြင်ဆင်ပေးထားသော သရေစာများကို တစ်ချက် ဝေ့ကြည့်ပြီးနောက် ရွှီပေါ်အန်းသည် ယောင်ချန်း အမဲသား အထုပ်ငယ်လေး တစ်ထုပ်ဆီသို့ သူ၏ အာရုံကို စူးစိုက်လိုက်လေ၏။
ရွှီပေါ်အန်းသည် စီမံကိန်း၏ အင်ဂျင်နီယာဌာနသို့ သွားရောက်လည်ပတ်စဉ်က နာမည်ကြီး ပညာရေးအဖွဲ့တစ်ခု ဖြစ်သည့် တုန်းဖန်ကျန်းရွှမ်သည် တိုက်ရိုက်ထုတ်လွှင့်ရောင်းချသော အီလက်ထရောနစ် စီးပွားရေးပလက်ဖောင်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး ကျင်းရှီးတွင် အစီအစဉ်တစ်ခု ရိုက်ကူးနေစဉ် ဒေသထွက် အစားအစာ ရတနာ သိုက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်ကို တွေ့မြင်ခဲ့ရလေသည်။
ထိုအရာများထဲတွင် ဤယောင်ချန်း အမဲသားလည်း ပါဝင်လေ၏။
စျေးကွက်ထဲတွင် အများအားဖြင့် တွေ့ရလေ့ရှိသော ယောင်ချန်း အမဲသားများမှာ အထုပ်ငယ်နှင့် အထုပ်ကြီးဟူ ၍ ရှိတတ်ပေသည်။ အထုပ်ငယ်တွင် ဆယ်ဂရမ်ခန့်သာ အလေးချိန်ရှိသော အမဲသားတုံးငယ်လေး တစ်တုံးသာ ပါဝင်ပြီး လေဟာနယ်စနစ်ဖြင့် ထုပ်ပိုးထားကာ လေးထောင့်ပုံစံ အမဲသားတုံးငယ်လေး ဖြစ်လေ၏။
ရွှီပေါ်အန်းသည် ၎င်းကို အကြိမ်အနည်းငယ် ဝယ်ယူခဲ့ဖူးပြီး ဗိုက်လည်းဝကာ စိတ်ကျေနပ်မှုလည်း ရရှိစေခဲ့ ပေသည်။
အထူးသဖြင့် အချိန်ပို အလုပ်လုပ်ရ၍ ဗိုက်ဆာနေချိန်တွင် အသင့်စား ခေါက်ဆွဲစားရင်း အမဲသား နှစ်တုံးခန့် ထည့်လိုက်ရုံဖြင့် အလွန်တရာ အရသာရှိလှပေသည်။
နောက်ပိုင်းတွင် ရွှီပေါ်အန်း၏ စီမံကိန်း၌ ယောင်ချန်း အမဲသား၊ ဝမ်ကျုံးဝမ် ဝက်အူချောင်း၊ ရှန်ပါလောက် ပဲငံပြာ ရည်ကြက်ဥ၊ ဖူလင်း မုန်ညင်းချဉ်နှင့် အသင့်စား ခေါက်ဆွဲတို့ကို အချိန်ပို အလုပ်လုပ်ချိန်တွင် စားသောက်ရန် အစားအစာ ငါးမျိုးတွဲအဖြစ် သတ်မှတ်ခဲ့ကြလေတော့သည်။
ထိုစဉ်က ၎င်းမှာ အလွန် ရေပန်းစားခဲ့လေ၏။ အမဲသား နှစ်တုံး သုံးတုံးခန့်ကို ပဲငံပြာရည် အမဲသား ခေါက်ဆွဲထဲ သို့ ထည့်လိုက်ရုံဖြင့် ကြော်ငြာများတွင် ပြသထားသည့်အတိုင်း အမဲသားတုံးကြီးများ ပါဝင်သည့် အစစ်အမှန် အမဲသား ခေါက်ဆွဲကဲ့သို့ အာနိသင်ကို ချက်ချင်း ရရှိစေနိုင်သောကြောင့်ပင် ဖြစ်သည်။
သွားလာရခက်ခဲပြီး ဝေးလံခေါင်ဖျားသော ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် ဤသည်မှာ မြို့ပြအင်ဂျင်နီယာ များ လက်လှမ်းမီနိုင်သော အကောင်းဆုံး အရည်အသွေးရှိသည့် အချိန်ပို အစားအစာပင် ဖြစ်ချေ၏။
စီမံကိန်းများတွင် အလုပ်လုပ်ခဲ့ရသည့် ပူပင်သောကကင်းသော နေ့ရက်များကို ပြန်လည်တွေးတောမိရင်း ရွှီပေါ်အန်းသည် အနည်းငယ် ပြုံးလိုက်ကာ ယောင်ချန်း အမဲသား အထုပ်ငယ်လေး တစ်ထုပ်ကို ကောက်ယူပြီး အထုပ်ကို ညင်သာစွာ ဆွဲဖြဲလိုက်လေသည်။
ဤသီးသန့် ထုပ်ပိုးထားသော အမဲသားတုံးလေးမှာ နှစ်စင်တီမီတာပတ်လည်ခန့်သာ အရွယ်အစား ရှိလေ၏။
သို့သော် အရပ် တစ်စင်တီမီတာခန့်သာ ရှိသော လူပုလေးတစ်ဦး၏ရှေ့တွင် ထားလိုက်ပါက ၎င်းသည် ၎င်းတို့ ထက် အဆပေါင်းများစွာ ကြီးမားသော ဧရာမ သတ္တဝါကြီးတစ်ကောင်အဖြစ် ပေါ်လာမည် ဖြစ်ပေသည်။
အမဲသားမျှင်လေး တစ်မျှင်သည်ပင် ရွှေဖရုံသီးတစ်လုံးစာခန့် တုတ်ခိုင်သော အသားပြားရှည်ကြီး တစ်ခု ဖြစ်နေမည်ပင်။
ရွှီပေါ်အန်းသည် တစ်ရှူးနှစ်ရွက်ကို ယူကာ အမဲသားတုံးကို တူညီသော အပိုင်းနှစ်ပိုင်းဖြစ်အောင် ညင်သာစွာ ခွဲဝေလိုက်လေ၏။
ထို့နောက် သူသည် ကတ်ကြေးဖြင့် စက္ကူအပိုင်းအစငယ် နှစ်ခုကို ညှပ်ယူလိုက်ပြီး အမဲသားများကို ၎င်းတို့ ပေါ်တွင် တင်ကာ ဘွန်ဆိုင်းထဲသို့ ညင်သာစွာ ထည့်ပေးလိုက်လေသည်။
“ဒီနေ့မှာ ခေါင်ရှန်းရွာက ရွာသားတွေနဲ့ ရွာကို စောင့်ကြပ်နေတဲ့ စစ်သည်တွေဟာ သူတို့ရဲ့ တာဝန်တွေကို အစွမ်း ကုန် ကျေပွန်စွာ ထမ်းဆောင်ခဲ့ကြတဲ့အတွက် ငါ့ကို အလွန် ဝမ်းမြောက်စေတယ်...။ ဒါကြောင့် ငါက သူတို့ကို ပဲငံပြာရည် အမဲသား နှစ်ပုံ ချီးမြှင့်ချင်တယ်...။ နောက်ထပ် ချက်ပြုတ်စရာမလိုဘဲ ချက်ချင်း စားသုံးနိုင်တယ်...။”
ရုတ်တရက် ဘွန်ဆိုင်းဥယျာဉ်ထဲရှိ လူများသည် ကောင်းကင်မှ စက္ကူအပိုင်းအစ နှစ်ခု အောက်သို့ လွင့်၍ ကျဆင်းလာသည်ကို မြင်လိုက်ရပြီး ၎င်းတို့ပေါ်တွင် အသားနံ့ သင်းပျံ့နေသော လျှို့ဝှက်ဆန်းကြယ်သည့် အရာများ ပါရှိနေလေ၏။
တောင်စောင့်နတ်မင်းကြီး၏ စကားသံကို ထပ်မံကြားလိုက်ရသောအခါ အားလုံးမှာ အလွန် ဝမ်းသာပျော်ရွှင် သွားခဲ့ကြလေသည်။
ခေါင်ရှန်းရွာမှ ရွာသားများသည် တောင်စောင့်နတ်မင်းကြီးထံမှ နောက်ထပ် ဆုလာဘ်တစ်ခုကို ရရှိခဲ့သော ကြောင့် အလွန်တရာ ဝမ်းမြောက်သွားခဲ့ကြလေသည်။
မြို့တံခါးကို စောင့်ကြပ်နေသော ဓားပြများသည်လည်း အလွန် ဝမ်းသာသွားကြလေသည်။ ပထမအချက်မှာ တောင်စောင့်နတ်မင်းကြီးသည် သူတို့၏ ညီအစ်ကိုများကို စစ်သည်များဟူသော ဂုဏ်ပုဒ်ကို ပေးအပ်ခဲ့ခြင်း ဖြစ်ပြီး ဤသည်မှာ သူတို့၏ အဆင့်အတန်းကို အသိအမှတ်ပြုခြင်းပင် ဖြစ်သည်။
ဒုတိယအချက်မှာ တောင်စောင့်နတ်မင်းကြီးသည် သူတို့ကို ခေါင်ရှန်းရွာသားများနှင့် တန်းတူ ဆုလာဘ်များ ချီးမြှင့်ခဲ့ခြင်းဖြစ်ရာ တောင်စောင့်နတ်မင်းကြီး၏ သူတို့အပေါ် အမြင်မှာ ပြောင်းလဲသွားပြီဖြစ်ကြောင်း ဆိုလို နေပေသည်။ လူတိုင်းမှာ ချက်ချင်းပင် မျှော်လင့်ချက်များ ပြည့်ဝလာခဲ့ကြလေ၏။
အပျော်ရွှင်ဆုံးသူများမှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရသော ဒုက္ခသည်များပင် ဖြစ်သည်မှာ သေချာလှပေသည်။
ထိုအရာများသည် သူတို့အတွက် ဆုလာဘ်များ မဟုတ်သော်ငြားလည်း လူများစွာမှာ ပျော်ရွှင်စွာဖြင့် အချင်းချင်း တီးတိုး ပြောဆိုနေခဲ့ကြလေသည်။
“ဝါး...၊ ဒီနေရာက ဘယ်လောက်တောင် အံ့သြဖို့ကောင်းတဲ့ နေရာလဲ...။ နတ်မင်းဘိုးဘိုးကြီး ကိုယ်ထင်ပြရုံသာ မကဘူး လူတွေအတွက် အစားအစာတွေကိုပါ ကိုယ်တိုင်ကိုယ်ကျ ထောက်ပံ့ပေးနေတယ်...။”
“ဘုရားရေ...၊ ဒီလိုမျိုး ပြုစုစောင့်ရှောက်မှုမျိုးနဲ့သာဆိုရင်ဘယ်သူက တောင်ပေါ်မှာ ပုန်းအောင်းနေချင်ပါ တော့မလဲ...။ ငါတို့ ဒီနေရာမှာသာ ဆက်နေလို့ရမယ်ဆိုရင် ပြီးပြည့်စုံနေမှာပဲ မဟုတ်ဘူးလား...။”
“ဟီးဟီး...၊ ဒါတင်မကဘူးလေ...။ ဒီနေရာက နတ်ဘုရားတွေ အကာအကွယ်ပေးထားတဲ့ နေရာဆိုတော့ လုံးဝကို ဘေးကင်းလုံခြုံတယ်...။ ပုန်ကန်သူတွေ ဘယ်လောက်ပဲ ကြမ်းတမ်းပါစေ နတ်ဘုရားတွေထက် ပိုပြီး စွမ်းအား ကြီးနိုင်ပါ့မလား...။ မင်း ငါ့ကို မေးရင်တော့ ဒီနေရာမှာ နေရတာ ဘာကိုမှ ပူပန်စရာမလိုတော့ဘူးလို့ ပြောရမှာ ပဲ...။ ကလေးယူဖို့ကိုပဲ အာရုံစိုက်ထားလိုက်...၊ မင်းရဲ့ သားမြေးတွေက အဆုံးမရှိ တိုးပွားလာလိမ့်မယ်...။”
“ချီး...၊ မင်းမှာ သားတစ်ယောက်တောင် မရှိဘဲနဲ့ မိသားစုမျိုးဆက်ကို ဆက်ခံဖို့ ဘာတွေလုပ်မှာလဲ...။ မင်းက မင်းရဲ့ သားမြေးတွေအကြောင်း တွေးနေသေးတယ်ပေါ့...။”
“မနှစ်က နတ်မင်းဘိုးဘိုးကြီးရဲ့ အကူအညီနဲ့ ငါ သားယောက်ျားလေး ရဖို့ ဆုတောင်းခဲ့လို့ရတယ်...။ နတ်မင်းဘိုး ဘိုးကြီးက ဒီလောက် စွမ်းအားကြီးတာတောင် ငါ့ကို သားယောက်ျားလေး မပေးနိုင်ဘူးဆိုတာကို ငါ လုံးဝ မယုံ ဘူး...။”
“မင်း တွေးတာလွန်နေပြီ...၊ အဲဒါက သားဆုပန်မယ်တော်ကွမ်ရင်ရဲ့ အပိုင်းလေ...။ ဒီနတ်မင်းကြီးက လူတွေရဲ့ ဘေးကင်းရေးကို ကာကွယ်ပေးတဲ့ နေရာမှာ အလွန်ကောင်းမွန်တဲ့ အလုပ်ကို လုပ်ဆောင်နေပြီပဲ...။ အကယ်၍ သူသာ ဒီနေရာမှာ ဆက်နေမယ်ဆိုရင် မင်းဆက်ပြောင်းလဲတဲ့ ကြီးမားတဲ့ ကသောင်းကနင်း အခြေအနေတွေက တောင် သူ့ကို ထိခိုက်နိုင်မှာ မဟုတ်ဘူး...။”
“ရှူး...၊ အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့...။ မင်းဆက်ပြောင်းလဲတယ်ဆိုတဲ့ ပုန်ကန်ချင်တဲ့ စကားမျိုးက မင်း အလွယ်တကူ ပြောလို့ရတဲ့ အရာမဟုတ်ဘူး...။ အဓိပ္ပာယ်မရှိတာတွေ တော်လိုက်တော့...၊ ရှေ့က လမ်းကိုသာ သေချာကြည့်...။”
အလားတူ ခံစားချက်မျိုးသည် အိုးအိမ်စွန့်ခွာလာရသော ဒုက္ခသည်များကြားတွင် ပျံ့နှံ့နေခဲ့လေသည်။
ဒုက္ခသည်များစွာက ဤနေရာတွင် ဆက်နေထိုင်လိုကြောင်း ဆွေးနွေးနေကြသည်ကို ကြားလိုက်ရသောအခါ ရွှီပေါ်အန်းသည် သူ၏ ရည်မှန်းချက် အောင်မြင်သွားပြီဖြစ်၍ ကျေနပ်စွာ ပြုံးလိုက်လေသည်။
သူတို့ကို အံ့အားသင့်သွားအောင် ပြုလုပ်ပြီး အရည်အချင်းရှိသူများကို ဆက်လက် ထိန်းသိမ်းထားနိုင်ရန် တတ် စွမ်းသမျှ အရာအားလုံးကို လုပ်ဆောင်ဖို့ လိုအပ်ပေသည်။
သို့သော် သားယောက်ျားလေး ရရှိရေး ပြဿနာနှင့် ပတ်သက်၍မူ သူ အမှန်တကယ် လုပ်ဆောင်ပေးနိုင်စွမ်း မရှိချေ။ ဤလူများ၏ စွဲလမ်းမှုမှာ အလွန် နက်ရှိုင်းလှပေသည်။
*သူတို့ကို သေချာ နားချဖို့ လိုအပ်နေပြီ...။ သားပဲဖြစ်ဖြစ် သမီးပဲဖြစ်ဖြစ် အတူတူပါပဲ...။ မဟုတ်ရင် ကလေး တွေမှာ အိမ်ထောင်ဖက် ရှိလာမှာ မဟုတ်ဘူး...။*
*တကယ်လို့ သူတို့အားလုံးမှာ သားယောက်ျားလေးတွေပဲ ရှိနေမယ်ဆိုရင် အနာဂတ်မှာ လူပျိုကြီးတွေ ဘယ် လောက်တောင် များပြားလာလိုက်မလဲ...။*
...
ဒုက္ခသည်များ စနစ်တကျ နေရာချထားခြင်း ခံနေရသည်ကို မြင်သောအခါ ရွှီပေါ်အန်းသည် ထိုနေရာကို အာရုံစိုက်ခြင်းမှ ရပ်တန့်လိုက်လေ၏။
အခြေအနေအရ ကြည့်မည်ဆိုလျှင် သူတို့ နေ့တစ်ဝက်ခန့်အတွင်း အခြေကျသွားနိုင်မည်ဆိုပါက ကောင်းမွန်ပေ လိမ့်မည်။
ရွှီပေါ်အန်း သူ၏ အလုပ်များကို ပြန်လည် အာရုံစူးစိုက်လိုက်ချိန်တွင် ဘွန်ဆိုင်းကမ္ဘာထဲရှိ ကျင်းတာ့ကျန့်မှာမူ အချိန်အတန်ကြာ ငြိမ်သက်စွာဖြင့် မှင်သက်နေခဲ့လေသည်။
သူတို့၏ အနောက်ရှိ လူများသည် စိတ်မရှည်တော့ဘဲ တိုက်တွန်းခြင်းငှာ မနေနိုင်တော့ချေ။
“ဟေ့...၊ ရှေ့ကလူတွေ ဘာဖြစ်နေကြတာလဲ...။ မြန်မြန်သွားကြလေ...။ မင်းတို့က အခက်အခဲ ဖြစ်အောင် လုပ်နေတာပဲ...။”
ကျင်းတာ့ကျန့်၏ ဇနီးက သူ၏ ခါးကို အလျင်အမြန် တွတ်လိုက်ပြီး ပြောလိုက်လေ၏။
“ယောက်ျား...၊ ဘာဖြစ်လို့လဲ...။ ရှေ့မှာ နေရာလွတ်ကြီး ရှိနေပြီ...၊ လမ်းလျှောက်ရအောင်လေ...။ လူတွေက စိတ်မရှည်ကြတော့ဘူး...။”
ထိုအခါမှ ကျင်းတာ့ကျန့်သည် အသိပြန်ဝင်လာပြီး အနောက်သို့ အနေခက်စွာ လက်ဟန်ခြေဟန်ပြရင်း အသံ ကျယ်ကျယ်ဖြင့် ပြောလိုက်လေသည်။
“တောင်းပန်ပါတယ် ညီအစ်ကို...၊ ငါ အတွေးလွန်သွားလို့ပါ...။”
ထိုသို့ပြောပြီးနောက် သူသည် မိခင်ဖြစ်သူကို ကူညီ၍ ရှေ့သို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားစေပြီး တီးတိုး ပြောလိုက်လေ၏။
“အမေ...၊ ကလေးအမေ...၊ ခုနက ငါ ဘာလို့ မှင်သက်သွားလဲဆိုတာ မင်းတို့နှစ်ယောက် သိကြလား...။”
ကျင်းတာ့ကျန့်၏ မိခင်မှာ အသက်အရွယ်ကြီးရင့်ပြီး နားလေးနေလေပြီ။ ထို့ပြင် ကျင်းတာ့ကျန့်၏ အသံမှာ လည်း မကျယ်လောင်သဖြင့် သားဖြစ်သူ၏ စကားကို လုံးဝ မကြားရဘဲ မည်သို့မျှ တုံ့ပြန်ခြင်း မရှိခဲ့ပေ။
ကျင်းတာ့ကျန့်၏ ဇနီးဖြစ်သူက ခေါင်းခါပြလိုက်ပြီး သိချင်စိတ်ဖြင့် မေးလိုက်လေ၏။
“ဘာဖြစ်လို့လဲ...၊ ခုနက နတ်ဘုရားရဲ့ ဆုလာဘ်ကြောင့် အံ့သြသွားလို့လား...။”
ကျင်းတာ့ကျန့်သည် အသံကို ထပ်မံနှိမ့်လိုက်ပြီး ပြောလိုက်လေသည်။
“လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါ နေမကောင်းဖြစ်ခဲ့တယ်လေ... ။ တကယ်တော့ ငါ မင်းတို့ကို အမှန်အတိုင်း မပြောခဲ့ဘူး...။ သတ္တုတွင်းမှာ ငါ ဒဏ်ရာရခဲ့တာပါ...။”
“အာ...၊ ဘယ်လောက်တောင် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားတာလဲ...။ ဘာလို့ ငါတို့ကို မပြောခဲ့ရတာလဲ...။”
ကျင်းတာ့ကျန့်၏ ဇနီးဖြစ်သူ ပြောနေစဉ်မှာပင် သူမ၏ မျက်လုံးများ၌ မျက်ရည်များ ဝဲတက်လာပြီး ခင်ပွန်းဖြစ် သူအပေါ် မည်မျှ စိုးရိမ်ပူပန်နေကြောင်း သိသာထင်ရှားစွာ ပေါ်လွင်နေလေ၏။
ကျင်းတာ့ကျန့်က တီးတိုးရယ်မောလိုက်ပြီး သူ၏ ဇနီးကို နှစ်သိမ့်လိုက်လေသည်။
“ဟင်း...၊ ဘာတွေ ပြောစရာရှိသေးလို့လဲ...။ ဘယ်လိုပဲဖြစ်ဖြစ် ကောင်းမွန်တဲ့ ဖြေရှင်းနည်းမှ မရှိတာ...၊ မင်းတို့ ကို စိတ်ပူအောင် လုပ်သလိုပဲ ဖြစ်နေမှာပေါ့...။”
ကျင်းတာ့ကျန့်၏ ဇနီးက မျက်လုံးများကို ပွတ်သပ်လိုက်ပြီး မေးလိုက်လေ၏။
“ဘယ်လောက်တောင် ဆိုးဆိုးရွားရွား ဒဏ်ရာရသွားတာလဲ...၊ ပြင်းထန်လို့လား...။”
ကျင်းတာ့ကျန့်သည် လေးနက်စွာ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်လေသည်။
“ပြင်းထန်တယ်...၊ အရမ်းကို ပြင်းထန်တယ်...။ အဲ့ဒီအချိန်တုန်းက ငါ ဘယ်တော့မှ ပြန်မတ်တတ်ရပ်နိုင်တော့မှာ မဟုတ်ဘူးလို့ ထင်ခဲ့တာ...။ ပြီးတော့ ငါတို့ တစ်ယောက်ကိုတစ်ယောက် နောက်ဆုံးအကြိမ်ပဲ မြင်တွေ့ရတော့ မယ်လို့တောင် ထင်ခဲ့တာ...။”
မျက်လုံးများကို ပွတ်သပ်လိုက်ခါစဖြစ်သော ကျင်းတာ့ကျန့်၏ ဇနီးမှာ ချက်ချင်းပင် မျက်ရည်များ ထပ်မံ ကျ ဆင်းလာပြန်ပြီး သူမ၏ မျက်နှာပေါ်သို့ စီးကျလာလေ၏။ ထို့နောက် သူမက စိုးရိမ်တကြီးဖြင့် မေးလိုက်လေ သည်။
“ဘာ...၊ အဲဒီလောက်တောင် ပြင်းထန်တာလား...။ ဒါဆိုရင်လည်း...၊ ပေးလေ...၊ ဒီအထုပ်ကို ကျွန်မ သယ်လိုက် မယ်...၊ ကျွန်မ သယ်နိုင်ပါတယ်...။”
ကျင်းတာ့ကျန့်၏ မိခင်ကလည်း ထိုဇနီးမောင်နှံ၏ ပုံမှန်မဟုတ်သော အမူအရာကို သတိပြုမိသွားပြီး လှည့်ကာ မေးလိုက်လေ၏။ သူမ၏ စကားသံမှာ တိုးညှင်းနေလေသည်။
“ဘာဖြစ်လို့လဲ တာ့ကျန့်...၊ မင်းက မင်းမိန်းမကို ဘာလို့ ထပ်ငိုအောင် လုပ်နေရပြန်တာလဲ...၊ အဆိုးလေး...။”
ကျင်းတာ့ကျန့်၏ ဇနီးသည် အလျင်အမြန် ခေါင်းခါပြလိုက်ပြီး ပြောလိုက်လေသည်။
“အမေ...၊ မဟုတ်ပါဘူး...။ တာ့ကျန့်နဲ့ ကျွန်မ ဘာမှမဖြစ်ပါဘူး...။ ကျွန်မတို့ ဝမ်းနည်းစရာ ကိစ္စတစ်ခုအကြောင်း ပြောနေရင်းနဲ့ ငိုမိသွားရုံပါ...။”
ကျင်းတာ့ကျန့်၏ မိခင်သည် သက်ပြင်းချလိုက်ပြီး ပြောလိုက်လေ၏။
“ဘယ်လောက်တောင် ဆိုးရွားတဲ့ အခြေအနေလဲ...၊ လာ... ၊ တာ့နီအာနဲ့ အာ့နီအာကို ငါ ဘေးကို ဆွဲခေါ်သွား လိုက်မယ်...။ မင်းတို့နှစ်ယောက် ခဏလောက် စကားပြောကြလေ...။”
“မလိုပါဘူး အမေ...၊ ကျွန်မ ဒီအတိုင်းပဲ အဆင်ပြေပါတယ်...။ အမေ့ခြေထောက်တွေက သိပ်သန်မာတာ မဟုတ် ဘူး...။”
ကျင်းတာ့ကျန့်၏ ဇနီးက အလျင်အမြန် ခေါင်းခါပြကာ ပြောလိုက်လေသည်။
“ဟေ့...၊ အဆင်ပြေပါတယ်...။ ဒီလို ညီညာတဲ့ မြေပြင်ပေါ်မှာ ငါ လမ်းလျှောက်နိုင်ပါတယ်...၊ ပြီးတော့ ငါက ဘယ်လိုပဲဖြစ်ဖြစ် မြန်မြန်မှ မလျှောက်နိုင်တာ...။”
ကျင်းတာ့ကျန့်၏ မိခင်က ပြောရင်းဖြင့် ကလေးနှစ်ယောက်၏ လက်ကို လှမ်းကိုင်လိုက်လေ၏။
ယဉ်ကျေးစွာ အပြန်အလှန် ငြင်းဆန်ပြီးနောက် ဇနီးမောင်နှံနှစ်ဦးသည် နောက်ဆုံးတွင် အတူတကွ ယှဉ်တွဲလျက် လျှောက်လှမ်းသွားကြလေတော့သည်။
ကျင်းတာ့ကျန့်၏ ဇနီးသည် စိုးရိမ်တကြီးဖြင့် မေးလိုက်ခြင်းငှာ မနေနိုင်ခဲ့ချေ။
“အခုရော ရှင် ဘယ်လိုနေသေးလဲ...။ သမားတော်နဲ့ရော ပြပြီးပြီလား...။”
ကျင်းတာ့ကျန့်မှာ သူ ကျန်းမာနေစဉ်က အတိုင်းပင် လုံးဝပုံမှန် ဖြစ်နေလေ၏။
ကျင်းတာ့ကျန့်၏ ဇနီးမှာ အစပိုင်းတွင် ခေတ္တမျှသာ ထိတ်လန့်သွားခဲ့သော်လည်း တည်ငြိမ်သွားပြီးနောက်တွင် သူမသည် သိပ်ပြီး စိုးရိမ်ထိတ်လန့်ခြင်း မရှိတော့ဘဲ များစွာ တည်ငြိမ်သွားခဲ့လေသည်။
ကျင်းတာ့ကျန့်သည် သူ၏လက်ကို မြှောက်ကာ ညင်သာစွာ အားပြုလိုက်ရာ ဇနီးဖြစ်သူက ခင်ပွန်း၏ လက်ထဲရှိ
ခွန်အားကို ချက်ချင်း ခံစားလိုက်ရလေ၏။
“အခုတော့ အရာအားလုံး အဆင်ပြေသွားပါပြီ...။ ဒါပေမဲ့ အဲဒါက သမားတော်နဲ့ တွေ့ခဲ့လို့ မဟုတ်ဘူး...။ အဲ့ဒီ ကောင်လေး နျူရှီအာ ကံကောင်းသွားလို့ပဲ...။ ငါတို့ရဲ့ ဒဏ်ရာရနေတဲ့ လုပ်ဖော်ကိုင်ဖက် အများအပြားရဲ့ ရောဂါ တွေကို ကုသပေးခဲ့တဲ့ အံ့ဖွယ် နတ်မင်းဘိုးဘိုးကြီးတစ်ပါးဆီကို သူက ငါတို့ကို ခေါ်သွားပေးခဲ့တာ...။”
ထိုစကားကို ကြားသောအခါ ကျင်းတာ့ကျန့် ဇနီး၏ မျက်လုံးများ ပြူးကျယ်သွားပြန်လေသည်။
“ဟင်...၊ နတ်ဘိုးဘိုးကြီး...။ ဒါက...၊ တကယ်လို့ ဒီနေရာက အံ့ဖွယ်ဖြစ်ရပ်တွေကို ကျွန်မမျက်စိနဲ့ ကိုယ်တိုင် မမြင်တွေ့ခဲ့ရဘူးဆိုရင် ရှင် အဓိပ္ပာယ်မရှိတာတွေ ပြောနေတယ်လို့ ကျွန်မ ထင်မိမှာပဲ...။”
ကျင်းတာ့ကျန့်၏ ဇနီးက မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်လေ၏။
လူတိုင်းက နတ်ဘုရားများ ပေါ်လာပြီး သူတို့ကို ကာကွယ်စောင့်ရှောက်ပေးမည်ဟု မျှော်လင့်ကြသော်လည်း လူအများစုမှာ နတ်ဘုရားများ ရှိနေခြင်းကို လုံးဝ မယုံကြည်ကြချေ။
အဘယ်ကြောင့်ဆိုသော် ခေတ်အဆက်ဆက်တွင် လူတို့သည် နတ်ဘုရားများနှင့် အင်မော်တယ်များ၏ ဒဏ္ဍာရီ များကိုသာ ကြားဖူးခဲ့ကြပြီး သူတို့၏ အစစ်အမှန် မျက်နှာသွင်ပြင်ကို တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးသော ကြောင့်ပင် ဖြစ်ချေသည်။
မဟာကျင့်မင်းဆက်၏ ဧကရာဇ်သည် သူကိုယ်တိုင် နတ်ဘုရား၏ သားတော်နှင့် စစ်မှန်သော နဂါး၏ လူဝင်စား ဖြစ်ကြောင်း ကြွေးကြော်ခဲ့သော်ငြားလည်း သူသည် သာမန်ပြည်သူ အများစု ကိုယ်တိုင်ကိုယ်ကျ မမြင်တွေ့နိုင် သော တည်ရှိမှုတစ်ခုသာ ဖြစ်နေဆဲပင်။
ကျင်းတာ့ကျန့်က ခိုင်မာသော မျက်နှာအမူအရာဖြင့် ပြောလိုက်လေ၏။
“တကယ်လို့ ငါ ကိုယ်တိုင် မကြုံတွေ့ခဲ့ရဘူးဆိုရင် ငါလည်း ယုံကြည်ခဲ့မှာ မဟုတ်ဘူး...။ အဲ့အချိန်တုန်းက ငါ့ ဒဏ်ရာတွေ ဘယ်လောက် ပြင်းထန်သလဲဆိုတာ ငါ သိတယ်...။ သာမန် သမားတော်ဆိုတာ ထားလိုက်ဦး...၊ နန်းတော်က နန်းတွင်း သမားတော်တွေတောင်မှ ကူညီနိုင်မှာ မဟုတ်ဘူး...။”
“ဒါ့အပြင် ငါတို့ရဲ့ လုပ်ဖော်ကိုင်ဖက် အများအပြားလည်း ဒဏ်ရာရခဲ့ကြပြီး ငါတို့အားလုံး အကူအညီမဲ့နေခဲ့ ကြ တယ်...။ အဲဒါကြောင့်ပဲ အလုပ်ကြပ်ကြီး စိတ်ပြောင်းသွားပြီး ငါတို့ကို လျော်ကြေးနည်းနည်းပါးပါး ပေးလာ မလားဆိုတဲ့ မျှော်လင့်ချက်နဲ့ အလုပ်သမားတဲထဲမှာ ငါတို့ ဆက်နေခဲ့ကြတာ...။”
ကျင်းတာ့ကျန့်၏ ဇနီးသည် သူ၏အနီးသို့ ပိုမိုတိုးကပ်သွားပြီး ပြောလိုက်လေ၏။
“ကျွန်မ ပိုက်ဆံ မလိုချင်ပါဘူး...၊ ကျွန်မ ရှင့်ကိုပဲ လိုချင်တာ...။ ရှင်တစ်ခုခုဖြစ်သွားရင် ကျွန်မရယ်...၊ အမေ ရယ်...၊ ကလေးတွေရယ် ဘယ်လိုလုပ်ကြမလဲ...။”
ကျင်းတာ့ကျန့်က ပြုံးလိုက်ပြီး သူ၏ လက်မောင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသော ဇနီးဖြစ်သူ၏ လက်ကို ပုတ်ကာ ပြောလိုက်လေသည်။
“အခုတော့ အဆင်ပြေသွားပါပြီ...။ နတ်ဘုရားရဲ့ ကယ်မမှုကြောင့် အရာအားလုံး ပြီးဆုံးသွားပြီ...။ အခု ငါ တော် တော်လေး နေလို့ကောင်းနေပြီ...။”
ကျင်းတာ့ကျန့်၏ ဇနီးသည် မျက်တောင်ခတ်လိုက်ပြီး ရုတ်တရက် မေးလိုက်လေ၏။
“ဒါဆိုရင်...၊ တာ့ကျန့်...၊ နတ်ဘိုးဘိုးကြီးက ရှင့်ကို ဒီလောက်တောင် ကူညီခဲ့တာဆိုတော့ ကျွန်မတို့ သစ္စာပြု ထားတာကို ပြန်ဆပ်ရမယ်...။”
ကျင်းတာ့ကျန့်က ခေါင်းညိတ်ကာ ပြောလိုက်လေသည်။
“အင်း...၊ ငါလည်း အဲဒီလိုပဲ တွေးထားတာ...။ အစကတော့ တစ်ရက် နှစ်ရက်အတွင်း သစ္စာပြုထားတာကို ပြန်ဆပ်ဖို့ သွားမလို့ စီစဉ်ထားတာပဲ...။ ဒါပေမဲ့ ခုလိုမျိုး ပုန်ကန်တဲ့ တပ်ဖွဲ့နဲ့ ကြုံရလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ...။”
ကျင်းတာ့ကျန့်၏ ဇနီးက သက်ပြင်းချလိုက်ပြီး ပြောလိုက်လေ၏။
“ဟူး... လောကကြီးပါလား...၊ အခြေအနေတွေ ငြိမ်သက်သွားတဲ့ အခါကျရင် နောက်ရက်အနည်းငယ်လောက် နေမှ ငါတို့ အတူတူ သွားကြတာပေါ့...။ ဒါက ကြီးမားတဲ့ ကျေးဇူးတရားပဲ...။”
ကျင်းတာ့ကျန့်က ခေါင်းညိတ်ကာ ပြောလိုက်လေသည်။
“ငါလည်း အဲဒီလိုပဲ တွေးထားတာ...။ ဒါပေမဲ့ ခုနက ဒီနေရာက နတ်ဘိုးဘိုးကြီး စကားပြောနေတာကို ငါ ရုတ်တရက် ကြားလိုက်ရတယ်...။ ဒီအသံက ငါ့ကို ကုသပေးခဲ့တဲ့ နတ်ဘိုးဘိုးကြီးရဲ့ အသံနဲ့ နည်းနည်း တူနေ တယ်လို့ ငါ ထင်တယ်...။ နတ်ဘုရားတွေအားလုံးမှာ တူညီတဲ့ အသံရှိနေနိုင်တယ်လို့ မင်း ထင်လား...။”
ကျင်းတာ့ကျန့် ဇနီး၏ မျက်လုံးများ ပြူးကျယ်သွားလေ၏။
“ဘာ...၊ အသံက တူတူပဲ...၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...။”
“ဒီနတ်ဘိုးဘိုးကြီးက ငါ့ကို ကယ်တင်ခဲ့တဲ့ နတ်မင်း ဘိုးဘိုးကြီးနဲ့ တစ်ပါးတည်းပဲ ဖြစ်နိုင်တယ်လို့ ငါခံစား နေရ တယ်….။”