← Chapters

အခန်း ၁၅၂

Vol. 16 Ch. 152

အခန်း ၁၅၂

Vol. 16 Ch. 152

အခန်း (၁၅၂)

ကျွမ်းကျင်မှု ပညာရပ်များစွာ တတ်မြောက်ထားခြင်းက ဝန်ထုပ်ဝန်ပိုး မဖြစ်စေပါ

နောက်ဆုံးတွင် ဖြည်းညင်းစွာ ရွေ့လျားနေသော လူတန်းကြီးသည် အသင့်စား ခေါက်ဆွဲဗူးခွံကြီးများ တောင်တန်း ဆီသို့ ရောက်ရှိသွားကာ ကျင်းတာ့ကျန့်၏ မိသားစုဝင် ငါးဦး အစားအစာများ လက်ခံရယူမည့် နေရာသို့ ရောက်ရှိ သွားခဲ့လေသည်။

ကျင်းတာ့ကျန့် မိသားစုဝင် တစ်ဦးစီသည် လက်သီးဆုပ်ခန့်ရှိသော မုန့်ညက်တုံးကို လျင်မြန်စွာ ယူလိုက်ကြပြီး ကိုက်စားလိုက်ကြကာ သူတို့၏ အထုပ်များထဲသို့ နောက်ထပ် အနည်းငယ် ထပ်ထည့်လိုက်ပြီးနောက် ကျေနပ် အားရစွာဖြင့် ပျော်ရွှင်စွာ လေချဉ်တက်လိုက်ကြလေသည်။

အသင့်စား ခေါက်ဆွဲဗူးခွံကြီးများ တောင်တန်းတွင် တန်းစီနေသူများကို စည်းကမ်းထိန်းသိမ်းရန် တာဝန်ယူထား ရသော ရွှမ်ကျုး၏ အမေက တိုက်တွန်းလိုက်လေ၏။

"ရပ်မနေကြနဲ့...၊ အားလုံးပဲ ကိုယ့်ပစ္စည်းကိုယ်ယူပြီး မြန်မြန်သွားကြပါ...။ အနောက်မှာ လူတွေ အများကြီး ကျန်နေပါသေးတယ်...။"

ကျင်းတာ့ကျန့်က ဇနီးဖြစ်သူအား မိသားစုကို ဦးဆောင်၍ ရှေ့သို့ သွားစေလိုက်ပြီးနောက် သူသည် လူအုပ်ထဲမှ ထွက်ကာ ရွှမ်ကျုး၏ အမေထံသို့ လျှောက်သွားလိုက်လေသည်။

ရွှမ်ကျုး၏ အမေသည် ကျင်းတာ့ကျန့် တန်းစီရာမှ ထွက်သွားသည်ကို မြင်သောအခါ အလျင်စလို လှမ်းခေါ်လိုက် လေ၏။

"ဟေး...၊ ဟေး...၊ ရှင် ဘာလုပ်မလို့လဲ...။ ရွာလူကြီးက လမ်းမှာ စည်းကမ်းတကျ သွားကြဖို့ ပြောထားတယ် လေ...။"

ကျင်းတာ့ကျန့်က ပြုံး၍ ပြောလိုက်လေသည်။

"အဒေါ်...၊ ကျွန်တော် တစ်ခုလောက် မေးလို့ရမလား...။ အဒေါ် ဟုန်ယာရွာကို သိတယ်မလား...၊ အဲဒါ ရှိရှန်းမြို့ ဘက်မှာ ရှိတာလေ...။"

ကျင်းတာ့ကျန့်သည် ယဉ်ကျေးပျူငှာပြီး မည်သည့် ရန်လိုမှုမျှ မရှိပုံရသည်ကို မြင်သောအခါ ရွှမ်ကျုး၏ အမေက ခေါင်းညိတ်ကာ ပြောလိုက်လေ၏။

"အာ...၊ သိတာပေါ့...။ ငါ့မိသားစုအိမ်က အဲဒီနေရာနဲ့ သိပ်မဝေးဘူးလေ...၊ ရှင် ဘာမေးချင်လို့လဲ...။"

ကျင်းတာ့ကျန့်က ရယ်မောကာ ပြောလိုက်လေသည်။

"ဘာမှတော့ မဟုတ်ပါဘူး...၊ ကျွန်တော် အဲဒီဘက်မှာ အလုပ်လုပ်နေတာပါ...။ အရင်က အဲဒီက မြေစောင့်နတ် နတ်ကွန်းကို သွားခဲ့ဖူးတယ်လေ...၊ ဒီနေရာမှာရော နတ်မင်းတွေအတွက် နတ်ကွန်းတွေ ရှိသလားလို့ သိချင်လို့ ပါ...။"

ရွှမ်ကျုး၏ အမေက ရယ်မော၍ ပြောလိုက်လေ၏။

"အို... ၊ အစ်ကိုကြီးက နောက်နေတာလား...။ ဒီအစားအစာ တောင်တန်းကြီးကို ကြည့်လိုက်လေ...၊ ဘယ်ကနေ ရောက်လာတာလဲ...။ ဒါ တောင်စောင့်နတ်မင်းကြီးဆီက လက်ဆောင်တစ်ခုပဲပေါ့...၊ တကယ်လို့ သူ့ရဲ့ နတ်ကွန်း သာ မရှိဘူးဆိုရင် အခြေအနေတွေက တော်တော်လေး ဆိုးရွားနေမှာ အသေအချာပဲ...။"

ကျင်းတာ့ကျန့်၏ မျက်နှာပေါ်တွင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသည့် အရိပ်အယောင်များ ပေါ်လွင်လာပြီး သူက မေးကြည့်လိုက်လေသည်။

"ဒါဆို ကျွန်တော် နတ်ကွန်းကိုသွားပြီး ဆုတောင်းပတ္ထနာပြုလို့ ရနိုင်မလား...။"

ရွှမ်ကျုး၏ အမေ မျက်နှာထား တင်းကျပ်သွားပြီး ပြောလိုက်လေ၏။

"ဒီကိစ္စကို ငါ ဆုံးဖြတ်ပေးလို့ မရဘူး...။ ရှင် ရွာလူကြီးကို သွားမေးမှ ရလိမ့်မယ်...၊ ဒါပေမဲ့ အခု သူ အလုပ်များ နေတယ်.... ရှင် လူအုပ်ထဲ ပြန်ဝင်ပြီး နေစရာထိုင်စရာ နေရာချထားပေးတဲ့အထိ စောင့်ပါဦး...။ ပြီးမှ ရွာလူကြီး ဆီ သွားပြောပေါ့...။"

ကျင်းတာ့ကျန့်က တဟဲဟဲ ရယ်မောကာ ပြောလိုက်လေသည်။

"ကောင်းပါပြီ...၊ ကျွန်တော် နားလည်ပါပြီ...။ တကယ်တော့ ကြီးကြီးမားမား ကိစ္စတော့ မဟုတ်ပါဘူး...၊ ကျွန်တော်က လက်သမားနဲ့ ကျောက်ဆစ်သမားအဖြစ် မွေးဖွားလာခဲ့သူဆိုတော့ နတ်မင်းကြီးဆီက ဒီလောက် ကြီးမားတဲ့ ကျေးဇူးတော်ကို ရရှိထားတဲ့အတွက် သူ့ကို ကျေးဇူးဆပ်ဖို့ တစ်ခုခု လုပ်ပေးချင်လို့ပါ...။ တကယ်လို့ နတ်ကွန်းမှာ ကျွန်တော့်အကူအညီ လိုအပ်တာများရှိရင် ပြောပါခင်ဗျာ...။"

ကျင်းတာ့ကျန့်သည် အမှန်တကယ်ပင် သူ၏ လက်မှုပညာဖြင့် အသက်မွေးဝမ်းကျောင်း ပြုခဲ့ခြင်းဖြစ်ပြီး သူတစ် ယောက်တည်းသာ မဟုတ်ဘဲ သူ၏ အဘိုးလက်ထက်ကတည်းက လက်ဆင့်ကမ်းလာခဲ့သော မိသားစုရိုးရာ ပညာရပ်တစ်ခု ဖြစ်လေသည်။

သူတို့၏ လက်သမားနှင့် ကျောက်ဆစ်ပညာရပ် နှစ်ခုစလုံးသည် တော်တော်လေး ကောင်းမွန်သောကြောင့် မိသားစု၏ ဘဝမှာ အမြဲတမ်း အဆင်ပြေပြေ ရှိခဲ့လေ၏။

လက်သမား သို့မဟုတ် ကျောက်ဆစ်အလုပ်များ လိုအပ်လာပါက ကျင်းအဘိုးကြီး၏ မိသားစုကို ရှာဖွေရမည်ဟု ပတ်ဝန်းကျင်ရှိ ရွာသားများအားလုံးက သိထားကြလေသည်။

အချိန်ကြာလာသည်နှင့်အမျှ မိသားစုသည် လယ်ယာလုပ်ငန်းကို ရပ်နားလိုက်ပြီး သူတို့၏ လက်မှုပညာရပ် များကိုသာ အာရုံစိုက်လာခဲ့ရာ ဝင်ငွေလည်း အတော်အသင့် ကောင်းမွန်လာခဲ့လေသည်။

ကံမကောင်းစွာဖြင့် ဤငတ်မွတ်ခေါင်းပါးသည့်နှစ်တွင် လယ်ကွင်းများ၌ ကောက်ပဲသီးနှံ ရိတ်သိမ်းရမှုမှာ လုံးဝ နီးပါး မရှိသလောက် ဖြစ်နေပြီး ရွာသားများမှာ အသက်ရှင်သန်နိုင်ရေးအတွက် ခါးပတ်ကို တင်းတင်းကျပ်ကျပ် စည်းထားခဲ့ကြရလေသည်။

ရွာသားအများစု၏ အိမ်များတွင် မရှိမဖြစ် လိုအပ်သော အစားအစာမှလွဲ၍ အခြား အပိုကုန်ကျစရိတ်များ မရှိ ကြသဖြင့် စျေးကွက်အတွင်း၌ လက်သမားများနှင့် ကျောက်ဆစ်သမားများအတွက် ဝယ်လိုအား သဘာဝ အလျောက် ကျဆင်းသွားခဲ့လေ၏။

ထိုရလဒ်အနေဖြင့် ကျင်းတာ့ကျန့် မိသားစု၏ ဝင်ငွေမှာ သဘာဝအလျောက် သိသိသာသာ ကျဆင်းသွားခဲ့လေ သည်။ ထို့အပြင် လွန်ခဲ့သော နှစ်နှစ်ခန့်က သူ၏ ဖခင်ဖြစ်သူ ကွယ်လွန်သွားခဲ့ရာ မိသားစုကို ထောက်ပံ့ရမည့် ဝန်ထုပ်ဝန်ပိုးကို ကျင်းတာ့ကျန့် တစ်ယောက်တည်း ပခုံးလွှဲထမ်းရန် ပို၍ ခက်ခဲသွားစေခဲ့လေ၏။

၎င်းအပြင် လွန်ခဲ့သောနှစ်များအတွင်း သူသည် ကျောက်ဆစ်သမားနှင့် လက်သမားအဖြစ် အလုပ်များနေခဲ့သဖြင့် သူ၏ လယ်ယာစိုက်ပျိုးရေး ကျွမ်းကျင်မှုမှာလည်း သိသိသာသာ ကျဆင်းသွားခဲ့လေသည်။ ငတ်မွတ်ခေါင်းပါး သည့်နှစ်များတွင် သူ၌ မည်သည့် သီးနှံရိတ်သိမ်းစရာမျှ မရှိခဲ့ချေ။

အခြား ရွေးချယ်စရာမရှိတော့သဖြင့် သူသည် ရွှေမည်းကျောက် သတ္တုတွင်းတွင် သတ္တုတွင်းလုပ်သားအဖြစ် သွားရောက်လုပ်ကိုင်ခဲ့ပြီး သူ၏ မိသားစုကို အနိုင်နိုင် ထောက်ပံ့နိုင်ရန်အတွက် အတော်အသင့် မြင့်မားသော လုပ်အားခကို ရရိခဲ့လေသည်။

ကျင်းတာ့ကျန့်သည် အမှန်တကယ်ပင် လက်သမားနှင့် ကျောက်ဆစ်သမားဖြစ်ကြောင်း ကြားသိရသောအခါ ရွှမ်ကျုး၏ အမေ မျက်လုံးများ အရောင်လက်သွားပြီး မေးလိုက်လေ၏။

"ရှင်က လက်သမားနဲ့ ကျောက်ဆစ်အလုပ်ကို လုပ်နိုင်တာလား...။"

ကျင်းတာ့ကျန့်က ခေါင်းညိတ်ကာ ပြောလေသည်။

"ဒါက မိသားစု အမွေအနှစ် လက်မှုပညာတစ်ခုပါ...။ ကျွန်တော်တို့ လုပ်လာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ...၊ ကျွန်တော့် အဘိုးလက်ထက်ကတည်းက ရှိခဲ့တာပါ...။"

ရွှမ်ကျုး၏ အမေ မျက်နှာပေါ်တွင် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားသည့် အရိပ်အယောင်များ ပေါ်လွင်လာလေ၏။ ဤရက်ပိုင်းအတွင်း တောင်စောင့်နတ်မင်း နတ်ကွန်း ပြန်လည်တည်ဆောက်ရေး ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေး ရန် ရွာလူကြီးက လူတိုင်းကို စုစည်းနေခဲ့သော်လည်း ယုံကြည်စိတ်ချရသော ကျောက်ဆစ်သမားတစ်ဦးကို ရှာဖွေရန် ခက်ခဲနေခဲ့ကြသည်။ သူတို့သည် အချိန်အတော်ကြာအောင် စုံစမ်းရှာဖွေနေခဲ့သော်လည်း မည်သည့် အဖြေမှ မရရှိခဲ့ကြပေ။

အိမ်တံခါးဝသို့ ရောက်လာသော ဤကျောက်ဆစ်သမားသည် နတ်ဘုရားများက ပေးသနားတော်မူသော လက်ဆောင်တစ်ခုပင် ဖြစ်ပေတော့သည်။

ရွှမ်ကျုး၏ အမေက ဝမ်းသာအားရဖြင့် ပြောလိုက်လေ၏။

"ကောင်းပြီ...၊ ခဏလေးစောင့်ပါဦး...။ ရွာလူကြီးကို ရှင်နဲ့လာစကားပြောဖို့ ကျွန်မ သွားပြောလိုက်မယ်...။ သူက ကျောက်ဆစ်သမား ရှာဖို့ အလုပ်များနေတာ...။"

ထိုသို့ပြောပြီးနောက် ရွှမ်ကျုး၏ အမေသည် အသံကုန်ဟစ်၍ အော်ခေါ်လိုက်လေတော့သည်။

"ရွာလူကြီး...၊ ရွာလူကြီး...။ ဒီနေရာမှာ ကျောက်ဆစ်သမားတစ်ယောက် ရှိတယ်...၊ လာကြည့်ပါဦး...။"

လီခန့်ရှန်းသည် လီလောင်ဆန်း၊ လီချင်းကျန်းနှင့် အခြားလူအနည်းငယ်တို့နှင့်အတူ အိမ်ခွဲဝေရေးကိစ္စကို ဆွေးနွေးနေစဉ် ရွှမ်ကျုး၏ အမေ အဝေးမှ အော်ဟစ်နေသံကို ကြားလိုက်ရလေသည်။ သူ၏ မျက်လုံးများ အရောင်လက်သွားပြီး ထိုနေရာသို့ လျှောက်သွားလိုက်လေ၏။

"မင်းက ကျောက်ဆစ်သမားလား...။"

ကျင်းတာ့ကျန့်က ခေါင်းညိတ်ကာ ဖြေလိုက်လေသည်။

"ကျွန်တော့် မျိုးရိုးနာမည်က ကျင်းပါ...၊ ရှန်းယန်မြို့ မြောက်ပိုင်းက ပတ်ဝန်းကျင် ရွာတွေမှာရှိတဲ့ လူတိုင်း ကျွန်တော့်ကို သိကြပါတယ်...။"

"ကျင်း...၊"

လီခန့်ရှန်း စကားမပြောနိုင်မီ လီချင်းကျန်းက ခေါင်းညိတ်ကာ ပြောလိုက်လေ၏။

"ကျွန်တော် ခရိုင်ကျောင်းမှာ ကျောင်းဆရာ လုပ်နေတုန်းက အဲဒီ ကျောက်ဆစ်သမားက အရမ်းတော်တယ်လို့ ကြားဖူးတယ်...။ ကျောင်းတံခါးဝက ကျောက်ခြင်္သေ့နှစ်ကောင်ပေါ်မှာ 'ကျင်း' ဆိုတဲ့ စာလုံး ထွင်းထားတာ ရှိ တယ်...။ အဲဒါ သူတို့လုပ်ထားတာလို့ ကြားဖူးတယ်...။"

ကျင်းတာ့ကျန့်က အလျင်စလို ခေါင်းညိတ်ကာ ဆိုလေသည်။

"ဟုတ်ပါတယ်...၊ အဲဒါ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်ကျော်က ကျွန်တော့်အဖေနဲ့ ကျွန်တော် လုပ်ခဲ့တာပါ...။ အဲဒါကို ပြီးအောင် ကျွန်တော့်အဖေနဲ့ ကျွန်တော် ရက်အတော်ကြာ အချိန်ယူခဲ့ရတယ်...။ အဲဒီတုန်းက ခရိုင်ကျောင်းအုပ် ကြီးက အခု တောက်ထိုက်ရုံးတော်မှာ ပြည်နယ် ပညာရေးမင်းကြီး ဖြစ်နေပြီလို့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်တော့်အဖေ ပြောတာကို ကြားခဲ့ဖူးပါတယ်...။"

ခရိုင်ကျောင်းအုပ်ကြီးသည် ကျောင်းများနှင့် စာမေးပွဲများ အပါအဝင် ခရိုင်အတွင်းရှိ ပညာသင်ကြားရေး ကိစ္စ ရပ်အားလုံးကို တာဝန်ယူရသူ ဖြစ်လေသည်။

နယ်လှည့်အရေးပိုင်ရုံးတော်၏ ပညာရေးမှူးမှာမူ ပို၍ပင် ထူးခြားလှပေသည်။ သူ၏ တာဝန်များမှာ ပညာသင် ကြားရေးနှင့် စာမေးပွဲများ နယ်ပယ်အတွင်း၌သာ အဓိကရှိသော်လည်း နှစ်ကာလတစ်လျှောက် နန်းတွင်းစာမေးပွဲ များကို အောင်မြင်ခဲ့သော အရည်အချင်းရှိသူများမှာ အားလုံး သူ၏ တပည့်များပင် ဖြစ်လေသည်။ ထို့ကြောင့် အဆင့်အတန်း အရဆိုလျှင် သူသည် ထိပ်တန်းအရာရှိမှလွဲ၍ နယ်လှည့်အရေးပိုင်ရုံးတော်ရှိ အခြား မည်သည့် အရာရှိထက်မျှ နိမ့်ကျခြင်း မရှိခဲ့ပေ။

ထို့ကြောင့် ကျင်းတာ့ကျန့်သည် သူ၏ စကားလုံးများ ပိုမိုလေးနက်စေရန်အတွက် ထိုစကားတစ်ခွန်းကို အလေး အနက်ထား ပြောဆိုခဲ့ခြင်း ဖြစ်လေသည်။

လီချင်းကျန်းက ခေါင်းညိတ်ကာ ပြောလိုက်လေသည်။

"ဒါပေါ့...၊ ခင်ဗျားရဲ့ ကျောက်ဆစ်ပညာရပ်က တကယ်ကောင်းတာပဲ...။ နေဒဏ် လေဒဏ်တွေကို နှစ်ပေါင်းများ စွာ ခံခဲ့ရပေမယ့် အဲဒီ ကျောက်ခြင်္သေ့နှစ်ကောင်က အက်ကွဲကြောင်း တစ်ခုမှမရှိဘဲ ပိုပိုပြီး တောက်ပြောင် လာခဲ့တာ...။"

ကျင်းတာ့ကျန့်သည် ကျောက်ဆစ်သမား တစ်ဦးဖြစ်ရုံသာမက တော်တော်လေး ကျွမ်းကျင်သူဖြစ်ကြောင်း ကြားသိရသောအခါ လီခန့်ရှန်းက ချက်ချင်းပင် ဝမ်းသာအားရဖြင့် ပြောလိုက်လေသည်။

"ဆရာကျင်း...၊ ကျွန်တော်တို့ရွာက လက်ရှိမှာ တောင်စောင့်နတ်မင်းကြီးရဲ့ နတ်ကွန်းကို ပြုပြင်ဖို့နဲ့ တောင်စောင့် နတ်မင်းကြီးရဲ့ ရုပ်ပွားတော်ကို ပြန်လည်သွန်းလုပ်ဖို့ ပြင်ဆင်နေပါတယ်...။ တံခါးတွေနဲ့ ပြတင်းပေါက်တွေကို တော့ ကျွန်တော်တို့ ပြီးအောင် လုပ်နိုင်ခဲ့တယ်...။ ဒါပေမဲ့ ကျွန်တော်တို့ထဲက ဘယ်သူမှ ကျောက်တုံးတွေကို ဘယ်လိုတူးဖော်ရမလဲ မသိတဲ့အတွက် အခက်တွေ့နေရတယ်...။ တကယ်လို့ ခင်ဗျားသာ ကူညီပြီး ကျွန်တော် တို့ကို သင်ပေးမယ်ဆိုရင် တောင်စောင့်နတ်မင်းကြီး အခုလေးတင် ပေးသနားထားတဲ့ ဝက်သားနှပ် အချောင်း တွေထဲက တစ်ချောင်းကို ခင်ဗျားကို ကျွန်တော် ပေးပါ့မယ်...။"

ကျင်းတာ့ကျန့်က ရိုးသားစွာ ပြုံး၍ ပြောလိုက်လေ၏။

"ဒါဆိုရင် ကျွန်တော်က ကလေးတွေရဲ့ အဘိုးနေရာကနေ ရွာလူကြီးအဖြစ် တာဝန်ယူပေးပါ့မယ်...။ ကျွန်တော့် အတွက်ကတော့ အဆင်ပြေပါတယ်...။ ဒါပေမဲ့ ကလေးတွေက အစားအသောက်တွေကို မြင်ပြီး မြိုသိပ်မထား နိုင်မှာကိုပဲ စိုးရိမ်မိတယ်...။"

ထိုစကားလုံးများက ကျင်းတာ့ကျန့်သည် သူ၏ လုပ်အားကို ပါဝင်ကူညီရန် သဘောတူလိုက်ပြီ ဖြစ်ကြောင်း ပြသနေခဲ့လေသည်။

လီခန့်ရှန်းမှာ အလွန်တရာ ဝမ်းမြောက်သွားခဲ့ပြီး ဆိုလေ၏။

"ပြဿနာမရှိပါဘူး...၊ ဆရာကျင်းမှာ မိသားစုရှိတဲ့အတွက် ဆရာကျင်းနဲ့ မိသားစု နေထိုင်ဖို့ အခန်းတစ်ခန်း အလွတ်ရအောင် ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပေးပါ့မယ်...။"

ကျင်းတာ့ကျန့်က လက်ကာပြရင်း ပြောလိုက်လေသည်။

"မဟုတ်တာ...၊ အဲဒီလို လုပ်လို့မဖြစ်ပါဘူး...။ နေစရာအိမ်က အရမ်း ရှားပါးနေတာလေ...၊ ကျွန်တော်တို့ နေစရာ နေရာလေး တစ်ခုရှိရင်ပဲ ကျေနပ်နေပါပြီ...။"

လီခန့်ရှန်းက ချက်ချင်းပင် ခေါင်းယမ်းလိုက်ကာ ဆိုလေ၏။

"အိမ်အတွက် စိတ်မပူပါနဲ့...၊ ကျွန်တော့် မြေးလေးက အခု အိမ်မှာမရှိဘူး...။ ပြီးတော့ ကျွန်တော် တစ်ယောက် တည်း နေမယ်ဆိုရင်လည်း အလဟဿ ဖြစ်သွားမှာပဲလေ...။ ကျွန်တော် ထွက်ပြီး လောင်ဆန်းနဲ့ သွားတိုးဝှေ့ နေလိုက်လို့ ရပါတယ်...။ ခင်ဗျားတို့ကိုတော့ ဒုက္ခမခံခိုင်းနိုင်ပါဘူး...။"

ကျွမ်းကျင်မှု ရှိသူများကို အမြဲတမ်း အလိုရှိနေကြဆဲဖြစ်ပြီး အထူးသဖြင့် မိမိ၏ ကျွမ်းကျင်မှုသည် အခြားတစ် ဖက်လူ လိုအပ်နေသည့်အရာနှင့် အတိအကျ ကိုက်ညီနေချိန်တွင် ပို၍ပင် အရေးပါလှပေသည်။

ထို့ကြောင့်ပင် လူအများက "ကျွမ်းကျင်မှု ပညာရပ်များစွာ တတ်မြောက်ထားခြင်းက ဘယ်တော့မှ မကောင်းတဲ့ အရာ မဟုတ်ပါဘူး" ဟု မကြာခဏ ပြောဆိုတတ်ကြခြင်း ဖြစ်လေ၏။

ဤတစ်ကြိမ်တွင် ကျင်းတာ့ကျန့် ငြင်းဆန်ခြင်း မပြုတော့ပေ။ မည်သို့ပင်ဆိုစေကာမူ မိသားစုတစ်စုလုံး အတူတ ကွ နေထိုင်ရခြင်းက များစွာ ပို၍ အဆင်ပြေစေမည် မဟုတ်ပါလား။

ထို့နောက် ကျင်းတာ့ကျန့်က ပြောလိုက်လေသည်။

"ရွာလူကြီး...၊ ကျွန်တော်တို့ရဲ့ တောင်စောင့်နတ်မင်း နတ်ကွန်းက ဘယ်မှာလဲ...။ တကယ်လို့ အဆင်ပြေမယ် ဆိုရင် ကျွန်တော့်ကို နတ်ကွန်းဆီ အရင်ဆုံး လိုက်ပို့ပေးဖို့ တစ်ယောက်ယောက်ကို စီစဉ်ပေးလို့ ရမလား...။ ကျွန်တော် အမြန်ဆုံး အစီအစဉ်တချို့ ရေးဆွဲရအောင်ပါ...။"

လီခန့်ရှန်းသည် အဝေးရှိ တောင်စောင့်နတ်မင်း နတ်ကွန်း တည်ရှိရာ အရပ်ဆီသို့ လက်ညှိုးထိုးပြကာ ဆိုလေ၏။

"အဲဒါ တောင်တစ်ဝက်မှာ ရှိတာ...၊ ငါက ဒီနေရာကနေ ထွက်သွားဖို့ အရမ်း အလုပ်များနေတယ်...။ ချင်းကျန်း... မင်း ဆရာကျင်းကို အဲဒီကို လိုက်ပို့ပေးလိုက်ပါလား...။"

လီချင်းကျန်းက အကြောင်းပြန်လိုက်ပြီး ကျင်းတာ့ကျန့်အား တောင်စောင့်နတ်မင်း နတ်ကွန်းဆီသို့ ခေါ်ဆောင် သွားလေတော့သည်။

ကျင်းတာ့ကျန့်သည် လူလတ်ပိုင်းအရွယ်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း သူသည် ကာယလုပ်ငန်းများ လုပ် ကိုင်ရန် မွေးဖွားလာခဲ့သူ ဖြစ်လေသည်။ တောင်တစ်ဝက်သို့ ရောက်အောင် တက်လှမ်းပြီးနောက် လီချင်းကျန်း က ခေတ္တမျှ နားမည်ဟု ပြောသော်လည်း ကျင်းတာ့ကျန့်မှာမူ တံခါးကို တွန်းဖွင့်ကာ တောင်စောင့်နတ်မင်း နတ်ကွန်းအတွင်းသို့ ဝင်ရောက်၍ လေ့လာကြည့်ရှုနေလေပြီဖြစ်၏။

တောင်စောင့်နတ်မင်း နတ်ကွန်းအတွင်းရှိ ဗဟိုတည့်တည့်တွင် ဟုန်ယာရွာတွင်ကဲ့သို့ ရုပ်ပွားတော် နှစ်ဆူ မရှိဘဲ တစ်ဆူတည်းသာ ရှိလေသည်။

သို့သော်လည်း တောင်စောင့်နတ်မင်း နတ်ကွန်း၏ ဘယ်နှင့်ညာ တစ်ဖက်တစ်ချက်စီတွင်မူ ရုပ်ပွားတော် နှစ်ဆူ ရှိနေလေ၏။

အရင်က ဤနေရာတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ဖူးသောကြောင့် တံခါးများနှင့် ပြတင်းပေါက်များကို အသစ် လဲလှယ်ထားခဲ့လေသည်။

ကျင်းတာ့ကျန့် လျှောက်သွားကာ ခေတ္တမျှ သေချာစွာ စစ်ဆေးကြည့်ရှုလိုက်ပြီးနောက် သူ၏ ခေါင်းကို အနည်း ငယ် ယမ်းလိုက်လေရာ ထိုလက်ရာများကို သိပ်ဘဝင်မကျဖြစ်နေကြောင်း ရှင်းလင်းစွာ သိသာနေလေ၏။

အမွှေးတိုင် ပူဇော်ရာ စားပွဲဆီသို့ လျှောက်သွားရင်း ကျင်းတာ့ကျန့်သည် အမွှေးတိုင် သုံးတိုင်ကို မီးညှိကာ အမွှေး တိုင်ထွန်းသည့် ခွက်အတွင်းသို့ ထည့်လိုက်လေသည်။ ထို့နောက် သူသည် ဆုတောင်းပတ္ထနာပြုသည့် အခင်းပေါ် တွင် ဒူးထောက်ကာ ရှိခိုးဦးချလိုက်လေ၏။

ရွှီပေါ်အန်းသည် မနက်ခင်း အလုပ်များကို ပြီးစီးကာစဖြစ်ပြီး သူ၏ လက်ကောက်ဝတ်မှာ လက်မှတ်ရေးထိုး ရလွန်းသဖြင့် အနည်းငယ် ထုံကျင်နေခဲ့လေသည်။

သူသည် အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ရင်း လက်များကို ခါရမ်းနေစဉ် ရုတ်တရက် အမွှေး တိုင် ပူဇော်မှု စွမ်းအားက အနည်းငယ် ထပ်တိုးလာခဲ့လေ၏။

ရွှီပေါ်အန်းသည် မသိစိတ်၏ စေ့ဆော်မှုအရ တောင်စောင့်နတ်မင်း နတ်ကွန်းအတွင်းသို့ လှမ်းကြည့်လိုက်ရာ ကျင်းတာ့ကျန့်ကို ချက်ချင်း မြင်လိုက်ရလေတော့သည်။

“ဟင်...၊ ဒီလူပဲ…”

အခြားလူများအားလုံး အောက်ထပ်တွင် အလုပ်များနေကြဆဲဖြစ်ရာ ဤလူက မိမိကိုယ်မိမိ အမွှေးတိုင် လာရောက်ပူဇော်ရန် ဤနေရာသို့ မည်သို့ ပြေးတက်လာခဲ့သနည်း။

"ကျင်းတာ့ကျန့်...၊ အောက်ထပ်မှာ ကိုယ့်ပစ္စည်းတွေ ကိုယ်သိမ်းပြီး နေစရာနေရာ ရှာဖို့ အလုပ်များမနေဘဲ မင်းက ဘာလို့ ဒီနေရာကို ရောက်နေရတာလဲ...။"

ရွှီပေါ်အန်း စကားပြောလိုက်သည်နှင့် တစ်ပြိုင်နက် ကျင်းတာ့ကျန့်၏ မျက်လုံးများ ပြူးကျယ်သွားပြီးနောက် သူက ရယ်မောလိုက်လေ၏။

"အင်မော်တယ် အဘိုး...၊ အရှင်က ကျွန်တော့်ကို သိတာပဲ...။ ကျွန်တော် ခန့်မှန်းတာ မှန်သွားပြီ...၊ တကယ်ပဲ အရှင် ဖြစ်နေတာကိုး...။"

ရွှီပေါ်အန်းက တဟဲဟဲ ရယ်မောကာ ပြောလိုက်လေသည်။

"ငါဖြစ်တာ သေချာတာပေါ့...၊ မင်းရဲ့ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာမှုက ဘယ်လိုနေလဲ...။"

ကျင်းတာ့ကျန့်က အလျင်စလို ပြောလိုက်လေ၏။

"အရှင့်ရဲ့ ကျေးဇူးကြောင့် ဘာပြဿနာမှ မရှိတော့ပါဘူး...။ ကျွန်တော် တစ်ယောက်ယောက်အတွက် ကျောက် ဆစ်အလုပ် လုပ်ပေးနေတုန်းက တစ်ယောက်ယောက်က ကျွန်တော့်ကို ဆေးဖက်ဝင်အပင်တချို့ လက်ဆောင် အဖြစ် ပေးခဲ့တယ်...။ ကျွန်တော် ပြန်ရောက်တဲ့အခါ အရှင် လမ်းညွှန်ပြသထားတဲ့အတိုင်း အသုံးပြုခဲ့လို့ ရလဒ် က အရမ်းကောင်းခဲ့ပါတယ်...။ ဒါက ရောဂါအားလုံးကို ပျောက်ကင်းစေနိုင်သလောက်ပါပဲ...။"

ရွှီပေါ်အန်းက အလွန် စပ်စုလိုစိတ်ဖြင့် ပြောလိုက်လေသည်။

"ကျောက်ဆစ်သမား...၊ မင်းမှာ ဒီကျွမ်းကျင်မှုလည်း ရှိတာလား...။"

ကျင်းတာ့ကျန့်က ပြောလေ၏။

"ဒါက ဘိုးဘွားစဉ်ဆက် လက်မှုပညာတစ်ခုပါ...။ ခုလေးတင် ရွာလူကြီးလီက အရှင့်ရဲ့ ရွှေရောင်ရုပ်ပွားတော် သွန်းလုပ်ဖို့နဲ့ နတ်ကွန်းကို ပြုပြင်ဖို့ ပြောခဲ့တယ်...။ ကျွန်တော့်မှာလည်း ဒီကျွမ်းကျင်မှု ရှိနေတော့ အရှင့်ရဲ့ ကြီးမားတဲ့ ကျေးဇူးတော်ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ကူညီပေးမယ်လို့ တွေးခဲ့မိတာပါ...။"

ရွှီပေါ်အန်းက တဟဲဟဲ ရယ်မောလိုက်ပြီး သူ၏ ဘေးနားရှိ သရေစာများထဲမှ ပေါင်မုန့် တစ်ဖဲ့ကို ယူလိုက်လေ သည်။ သူက ၎င်းကို ဖဲ့လိုက်ပြီး မုန့်အစအနတစ်ခုကို ဆိတ်ယူကာ အမွှေးတိုင် ပူဇော်ရာ စားပွဲပေါ်သို့ ညင်သာစွာ ချထားလိုက်ရင်း ပြောလိုက်လေ၏။

"ကလေးတွေအတွက် ဒီသရေစာတွေကို ယူသွားလိုက်ပါ...။ တကယလို့ သူတို့ အလုပ်ကို ကောင်းကောင်း လုပ် တယ်ဆိုရင် ငါ သူတို့ကို ကောင်းကောင်းမွန်မွန် ဆုချပေးမယ်...။"

ရွှီပေါ်အန်းသည် ၎င်းမှာ အသစ်ဖြစ်စေ၊ အဟောင်းဖြစ်စေ၊ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ အမှန်တကယ် ပင် ဂရုမစိုက်ခဲ့ချေ။

မည်သို့ပင်ဆိုစေကာမူ သူသည် ထိုနေရာတွင် အမှန်တကယ် နေထိုင်ခဲ့ခြင်း မဟုတ်ပေ။

သို့သော်လည်း ခေါင်းဆောင်တစ်ဦးအနေဖြင့် အလုပ်လုပ်ရန် ဆန္ဒရှိသော သူ၏ လက်အောက်ငယ်သားများ၏ စိတ်အားထက်သန်မှုကို မလျော့ကျစေနိုင်ကြောင်း သူ သဘာဝအလျောက် သိရှိထားလေသည်။

သင့်လျော်သော အချိန်တွင် လူများကို ဆုချီးမြှင့်ခြင်းက အခြားသူများကို အမီလိုက်နိုင်ရန်နှင့် ကျော်တက်နိုင်ရန် သူတို့၏ စိတ်အားထက်သန်မှုကို အမှန်တကယ်ပင် မြှင့်တင်ပေးနိုင်လေ၏။

ကျင်းတာ့ကျန့်မှာ အလွန်တရာ ကျေးဇူးတင်ရှိသွားခဲ့ပြီး ရွှီပေါ်အန်းအား ကျေးဇူးတင်စကား ဆိုလေတော့သည်။

ရွှီပေါ်အန်း ပြုံးနေစဉ် ခေါင်ရှန်းရွာတွင် ဒုက္ခသည်များကို နေရာချထားရေး လုပ်ငန်းများ မည်သို့ရှိနေသည်ကို စစ်ဆေးရန် ပြင်နေခိုက် သူ၏ ဖုန်းက ရုတ်တရက် မြည်လာခဲ့လေ၏။

"အမေ...၊ နောက်ဆုံးတော့ သားနဲ့ စကားပြောဖို့ အမေ့မှာ အချိန်ရသွားပြီပေါ့...။"

ရွှီပေါ်အန်းက သူမကို ပြုံး၍ နှုတ်ဆက်လိုက်လေသည်။

လွန်ခဲ့သော နှစ်ရက်က ချန်ဖိန်ဖိန်သည် ရွှီပေါ်အန်း၏ မိဘများကို ဒေသတွင်း ခရီးစဉ်တစ်ခုသို့ အဖော်အဖြစ် လိုက်ပါပို့ဆောင်ပေးခဲ့သည်။ သက်ကြီးရွယ်အို နှစ်ဦးမှာ ထိုသို့သော အခွင့်အရေးမျိုး ရခဲသဖြင့် သူတို့သည် ခရီးစဉ်တစ်လျှောက် ပိုမို၍ စိတ်လှုပ်ရှားကာ စိတ်အားထက်သန်နေခဲ့ကြလေ၏။

ဖုန်းထဲမှတစ်ဆင့် ရွှီပေါ်အန်း၏ မိခင်ဖြစ်သူ ထန်ရုံကျီက လျှို့ဝှက်ဆန်းကြယ်စွာဖြင့် ပြောလိုက်လေသည်။

"ပေါ်အန်း...၊ ဒီနေ့ နေ့လယ်စာစားဖို့ အိမ်ပြန်လာခဲ့...။ ဘုရားကျောင်းကနေ သားအတွက် ဆေးနည်းတစ်ခု ရလာ တယ်...။ တကယ်လို့ အဲဒါကိုသာ ဆက်သောက်မယ်ဆိုရင် သားယောက်ျားလေး ရနိုင်တယ်လို့ ကြားခဲ့တယ်...။"

ထိုစကားကို ကြားသောအခါ ရွှီပေါ်အန်းမှာ ရယ်ရမည်လော၊ ငိုရမည်လော မသိတော့ဘဲ စကားအပြောရခက် အောင် ဖြစ်သွားခဲ့လေ၏။

“ဘုရားရေ...၊ အမေအိုကြီး ထပ်ပြီး အလိမ်ခံရပြန်ပြီပေါ့…။”

အကယ်၍ ထိုကဲ့သို့သော ဆေးနည်းသာ အမှန်တကယ် ရှိခဲ့မည်ဆိုလျှင် အခြားအရာအားလုံးကို ဘေးဖယ်ထား၍ မိမိ၏ ဘွန်ဆိုင်းကမ္ဘာတွင် ၎င်းကို ရိုးရှင်းစွာ အသုံးချလိုက်ရုံဖြင့် အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု စွမ်းအားများသည် ချန်ထန်ရေကန်၏ ရေဒီရေကဲ့သို့ မြင့်တက်လာမည် မဟုတ်ပါလော။

All Chapters