အခန်း ၁၅၃
Vol. 16 Ch. 153
အခန်း (၁၅၃)
တိုက်ဆိုင်လိုက်တာ
နေ့လယ်အချိန်သို့ ချဉ်းကပ်လာသောအခါ ရွှီပေါ်အန်းသည် အိမ်ပြန်၍ နေ့လယ်စာစားရန် ဆုံးဖြတ်လိုက်လေ၏။
သူ၏ မိခင်ဖြစ်သူ ထန်ရုံကျီ ပြောပြသော အံ့ဖွယ်ဆေးနည်းဆိုသည်ကိုမူ သူ စကားတစ်ခွန်းမျှပင် မယုံကြည်ခဲ့ သည်မှာ သေချာလှပေ၏။
သူ သင့်တော်သော လက်တွဲဖော်တစ်ဦးကို ရှာတွေ့ခဲ့လျှင်ပင် ကလေးတစ်ယောက်၏ လိင်ကို ဆေးတစ်ခွက် တည်းဖြင့် ဆုံးဖြတ်၍ မရနိုင်ပေ။
အထူးသဖြင့် ကျန်းမိသားစုမှ လက်ဆင့်ကမ်းလာသော ဆေးကျမ်းများကို လေ့လာပြီးနောက် ၎င်းတို့၏ အခြေခံ သဘောတရားများကို သူ ပိုမိုနက်ရှိုင်းစွာ နားလည်သဘောပေါက်လာခဲ့လေသည်။
ကလေး၏ လိင်ကို ဆုံးဖြတ်ရန်ဆိုသည်မှာ အသာထား၊ မြုံနေခြင်းကို ကုသနိုင်ရုံဖြင့်ပင် ထိုဆေးနည်းမှာ အံ့မခန်း ဖြစ်နေမည်သာ ဖြစ်၏။
သို့သော် ရွှီပေါ်အန်းသည် ဤအရာများကို မိခင်ဖြစ်သူအား လုံးဝ ပြောပြမည် မဟုတ်ချေ။
အကြောင်းရင်းမှာ ရှင်းလင်းလှပေသည်။
ပြောလျှင်လည်း နားထောင်မည် မဟုတ်ပေ။ နားထောင်လျှင်လည်း နားလည်မည် မဟုတ်ချေ။ နားလည်လျှင် လည်း ပြောသည့်အတိုင်း လုပ်မည်မဟုတ်ဘဲ လုပ်လျှင်လည်း အမှားများသာ လုပ်မိပြီး အမှားကိုလည်း ဝန်ခံ မည် မဟုတ်ချေ။ နောက်ဆုံးတွင် အသက်အရွယ်ကြီးရင့်သူကိုသာ စိတ်အနှောင့်အယှက်ဖြစ်စေပြီး သားအမိ ဆက်ဆံရေးနှင့် သူ၏ သားသမီးဝတ္တရား ကျေပွန်နိုင်စွမ်းကို ထိခိုက်စေမည်သာ ဖြစ်လေသည်။
ကလေးဘဝမှသည် လူကြီးအရွယ်အထိ၊ အထူးသဖြင့် အရွယ်ရောက်လာပြီးနောက်တွင် ရွှီပေါ်အန်းသည် အတွေ့ အကြုံများစွာကို စုဆောင်းရရှိခဲ့ပြီး ဖြစ်လေ၏။
ထို့ကြောင့် မိခင်ဖြစ်သူ ပျော်ရွှင်နေသရွေ့ အဆင်ပြေပေသည်။ သူမသဘောအတိုင်းသာ လွှတ်ထားလိုက်လေ၏။
မည်သို့ပင်ဖြစ်စေ မိဘများကို ရိုသေလေးစားပြီး မိဘများကလည်း ပျော်ရွှင်နေလျှင် သင်သည် သားသမီး
ဝတ္တရားကို ကျေပွန်ပြီး ဖြစ်လေသည်။
နေ့လယ်စာကို ချန်ဖိန်ဖိန်နှင့် ထန်ရုံကျီတို့ အတူတကွ ပြင်ဆင်ခဲ့ကြခြင်း ဖြစ်၏။
မူလက ချန်ဖိန်ဖိန်သည် ထန်ရုံကျီကို မည်သည့်အလုပ်မှ ပေးမလုပ်ခဲ့သော်လည်း ထန်ရုံကျီ၏ ခေါင်းမာမှုကို မလွန်ဆန်နိုင်သဖြင့် မီးဖိုချောင်ထဲတွင် အတူတူ ဝင်ကူခဲ့ရလေသည်။
ထန်ရုံကျီက ပဲပြားကြော်ဟင်းတစ်ခွက် ချက်ပြုတ်နေသည်ကို မြင်သောအခါ ချန်ဖိန်ဖိန်က အမြန်သွားကာ ပန်းကန်ထဲသို့ ထည့်ပေးရင်း အပြုံးဖြင့် ပြောလိုက်လေ၏။
“အန်တီ...၊ သွားနားလိုက်ပါတော့...။ ကျန်တာကို သမီး တာဝန်ယူလိုက်ပါ့မယ်...။”
ထန်ရုံကျီသည် သူမ၏ လက်ထဲရှိ ယောက်မကို မလွှတ်ဘဲ ခေါင်းမာစွာဖြင့် ပြောလိုက်လေသည်။
“ဘယ်လိုလုပ် ဖြစ်မှာလဲ...။ ယုတ္တိအရဆိုရင် သမီးက ဧည့်သည်လေ...၊ အန်တီက ချက်ပြုတ်ပြီး ဧည့်ခံရမှာ...။ သမီးကို အမြဲတမ်း ဘယ်လိုလုပ် ဒုက္ခပေးလို့ ဖြစ်ပါ့မလဲ...။”
ရွှီပေါ်အန်းက ချန်ဖိန်ဖိန်ကို ငွေပေး၍ အလုပ်ခန့်ထားကြောင်း သက်ကြီးရွယ်အို မောင်နှံနှစ်ဦးလုံး လုံးဝ မသိခဲ့ ကြချေ။ သူတို့နှစ်ဦးမှာ ရင်းနှီးသော သူငယ်ချင်းများအဖြစ်မှ ချစ်သူများအဖြစ်သို့ ကူးပြောင်းနေပြီဟုသာ ထင်မှတ်ထားခဲ့ကြသဖြင့် ချန်ဖိန်ဖိန်ကို အလုပ်များ ခိုင်းစေရမည်ကို သဘာဝကျကျပင် အားနာနေခဲ့ကြခြင်း ဖြစ်လေသည်။
အနီးတွင် ရပ်နေသော ရွှီပေါ်အန်း၏ ဖခင်ဖြစ်သူ ရွှီကျန်းချန်ကလည်း ဝင်ပြောလိုက်လေ၏။
“ဟုတ်တယ် ချန်လေး...၊ သမီး နားလိုက်ပါတော့...။ ဒီနှစ်ရက်လုံး အန်ကယ်တို့ကို ပြုစုပေးဖို့ အလုပ်ရှုပ်နေတာ... ၊ အန်ကယ်တို့ ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ...။”
ချန်ဖိန်ဖိန်က လိမ္မာပါးနပ်စွာ ပြုံးလိုက်လေသည်။
“အန်ကယ်နဲ့ အန်တီ...၊ လွန်ခဲ့တဲ့ နှစ်ရက်လုံး သမီးက အန်ကယ်တို့နဲ့ လိုက်လည်ပေးရုံပါ...။ နည်းနည်းမှ မပင်ပန်း ပါဘူး...။ အန်ကယ်တို့ နှစ်ယောက်က အသက်အရွယ်ရလာပြီဆိုတော့ ပိုပြီး နားသင့်ပါတယ်...။ သမီးက အန်ကယ်တို့ကို ချက်ပြုတ်ခိုင်းနေတာကို ပေါ်အန်း မြင်သွားရင် သမီးကို သေချာပေါက် ဆူတော့မှာပဲ...။”
ချန်ဖိန်ဖိန်၏ စကားများသည် ရည်ရွယ်ချက် ပါနေသော်လည်း သက်ကြီးရွယ်အို နှစ်ဦးကမူ ချစ်သူများကြားရှိ အပြစ်တင် စကားမျိုးဟုသာ ထင်မှတ်သွားခဲ့ကြလေ၏။
ထန်ရုံကျီက မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။
“သူက လွန်လွန်းနေပြီ...၊ ဖိန်ဖိန်...၊ သူက သမီးကို အနိုင်ကျင့်ရဲရင် အန်တီ့ကို ပြော...။ ဒီကောင်လေးကို အန်တီ ပညာပေးလိုက်မယ်...။”
ချန်ဖိန်ဖိန်သည် အလွန် နှစ်သိမ့်ဖွယ်ကောင်းသော အပြုံးဖြင့် ပြုံးလိုက်လေ၏။
“နားလည်ပါပြီ အန်တီ...။ ဒါဆိုရင် ကြိုပြီး ကျေးဇူးတင်ထားပါရစေ...၊ ကဲ...၊ အန်တီ ခဏလောက် သွားနားလိုက် ပါဦး...။ အန်တီ ပင်ပန်းသွားရင် သမီးကို ဘယ်သူက အားပေးတော့မှာလဲ...။”
စကားပြောရင်းပင် ချန်ဖိန်ဖိန်သည် ထန်ရုံကျီ၏ လက်ထဲမှ ယောက်မကို မသိမသာ ယူလိုက်လေတော့သည်။
မကြာမီ အရသာရှိပုံရသော ဟင်းလျာများ အပြည့်ပါသည့် စားပွဲတစ်ခင်းကို ပြင်ဆင်လိုက်လေ၏။
ချန်ဖိန်ဖိန်၏ ချက်ပြုတ်စွမ်းရည်မှာ တော်တော်လေး ကောင်းမွန်နေပြီဖြစ်ပြီး ထန်ရုံကျီသည်လည်း သူမ၏ ကလေးဖြစ်သူ အကြိုက်ကို အပြည့်အဝ နားလည်ထားလေသည်။ ဤဟင်းလျာများက ရွှီပေါ်အန်း၏ ခံတွင်းကို အလွန်အမင်း တွေ့စေခဲ့ပြီး ပုံမှန်နှင့်မတူဘဲ ထမင်းနှစ်ပန်းကန်တိတိ စားပြီးမှသာ သူ၏ တူကို ချထားလိုက်လေ တော့၏။
သူ၏ မိဘများ ခရီးသွားစဉ်က အတွေ့အကြုံများကို ပျော်ရွှင်စွာ ပြန်ပြောင်းပြောပြနေသည်ကို ကြားရသောအခါ ရွှီပေါ်အန်းမှာ ပို၍ပင် ပျော်ရွှင်သွားခဲ့လေသည်။
ဤအသက်အရွယ်တွင် မိဘများ ပျော်ရွှင်နေခြင်းမှာပင် ကောင်းချီးတစ်ခု ဖြစ်နေခဲ့ပြီ မဟုတ်ပါလား။
ချန်ဖိန်ဖိန်ကို ဈေးကြီးပေး၍ အလုပ်ခန့်ခဲ့ခြင်းမှာ အလွန် ပညာသားပါသော ရွေးချယ်မှုတစ်ခု ဖြစ်ပုံရလေ၏။
အကယ်၍ အသက်ပိုငယ်သူ တစ်ယောက်ဆိုလျှင် ချန်ဖိန်ဖိန်ကဲ့သို့ စာနာနားလည်မှုနှင့် သတိထားမှုတို့ ရှိမည်မ ဟုတ်သလို သက်ကြီးရွယ်အိုများကိုလည်း ပျော်ရွှင်စေနိုင်မည် မဟုတ်ချေ။
အကယ်၍ ပရော်ဖက်ရှင်နယ် ပြုစုစောင့်ရှောက်သူ တစ်ဦးကို ငှားရမ်းခဲ့လျှင် သူမသည် အိမ်မှုကိစ္စများ လုပ် ဆောင်ရန်သာ အလုပ်ရှုပ်နေမည်ဖြစ်ပြီး သက်ကြီးရွယ်အိုများ၏ ခံစားချက်ကို ထည့်သွင်းစဉ်းစားပေးရန် အချိန်များများ ရှိမည်မဟုတ်သည်မှာ သေချာလှပေသည်။
ချန်ဖိန်ဖိန်ကဲ့သို့ လိမ္မာပါးနပ်ပြီး ထန်ရုံကျီ၏ အကြိုက်နှင့် ကိုက်ညီမည့်သူကို အခကြေးငွေ အနည်းငယ်မျှဖြင့် ငှားရမ်းနိုင်ခြင်းမှာ အတော်လေး ရှားပါးလှလေ၏။
တစ်ခါတစ်ရံတွင် ငွေကြေးအကြောင်း ပြောဆိုခြင်းသည် ခံစားချက်များအကြောင်း ပြောဆိုခြင်းထက် အမှန် တကယ်ပင် ပို၍ ထိရောက်လှပေသည်။
ထို့ကြောင့် ချမ်းသာကြွယ်ဝသော သူဌေးကြီးများစွာက ပြောဆိုကြခြင်း ဖြစ်လေသည်။
“ဒီလောကကြီးမှာ ငွေနဲ့ ဖြေရှင်းလို့ရတဲ့ ပြဿနာဆိုရင် အဲဒါက ပြဿနာ မဟုတ်တော့ဘူး...။”
ထမင်းစားပြီးနောက် ချန်ဖိန်ဖိန်သည် ပန်းကန်များနှင့် တူများကို ကျွမ်းကျင်စွာ ကောက်သိမ်းကာ ဆေးကြောရန် ပြင်ဆင်လိုက်လေ၏။ ဤတစ်ကြိမ်တွင်မူ ထန်ရုံကျီက သူမနှင့် အပြိုင်မလုတော့ပေ။ သူမက သုံးပြီးသား ပန်းကန်များကို မီးဖိုချောင်ထဲသို့ ကူညီသယ်ဆောင်ပေးရုံသာ လုပ်ဆောင်ပြီး သူမ၏ အခန်းထဲသို့ အပြေးအလွှား ဝင်သွားကာ ရတနာတစ်ခုကို ပြသတော့မည့်အလား စာရွက်တစ်ရွက်ကို ရှာဖွေယူဆောင်လာခဲ့လေသည်။
“ပေါ်အန်း...၊ ဒါလေးကို ကြည့်စမ်း...။ ဒါက ဘုရားကျောင်းက ဆရာတော်တစ်ပါးဆီကနေ မင်းအတွက် အမေ တောင်းလာတဲ့ ဆေးနည်းပဲ...။ ဒါလေးကို သုံးထောင်ကျော်တောင် ပေးခဲ့ရတာ...၊ အရမ်းကို ထိရောက်တယ် တဲ့...။”
ထိုစာရွက်မှာ ရှေးဟောင်းပုံစံ ခပ်ဆင်ဆင်ရှိသော လက်တစ်ဝါးစာအရွယ် မှတ်စုစာရွက်လေး တစ်ရွက် ဖြစ်လေ၏။
၎င်း၏အပေါ်တွင် ထူးခြားဆန်းပြားသော ဟန်ဖြင့် ရေးသားထားသည့် စာကြောင်း ဆယ်ကြောင်းကျော် ပါရှိ လေသည်။
အကယ်၍သာ ရွှီပေါ်အန်းသည် တရုတ်တိုင်းရင်းဆေးပညာကို ကျွမ်းကျင်ပြီး ယေဘုယျသဘောတရားကို ခန့်မှန်းနိုင်စွမ်း မရှိခဲ့ပါက ၎င်းပေါ်ရှိ စာလုံးအားလုံးကို သူ ဖတ်တတ်မည် မဟုတ်သည်မှာ သေချာလှပေ၏။
သေချာသည်မှာ ထိုဆေးနည်းပါ ဆေးဝါးများမှာ လုံးဝကို အသုံးမဝင်လှချေ။
ထိရောက်သည်ဟု ဆိုမည်ဆိုလျှင်ပင် အစာကြေဆေးပြားများနှင့် လျှိုဝေ့တိဟွမ် ဆေးလုံးများ ပေါင်းစပ်ထား သည့် အာနိသင်မျိုးလောက်သာ ရှိပေမည်။
အလွန်ဆုံးမှ အစာကြေစေခြင်း၊ အစာအိမ်ကို အားကောင်းစေပြီး ချီဓာတ်ကို ပြည့်ဝစေခြင်း၊ ခါးနှင့် ဒူးနာကျင် မှုများကို သက်သာစေခြင်းနှင့် သွေးလည်ပတ်မှုကို ကောင်းမွန်စေခြင်းစသည့် အာနိသင်များသာ ရှိနိုင်လေသည်။
ဤဆေးကို သောက်ရုံဖြင့် ယောကျ်ားလေး မွေးဖွားနိုင်မည်ဟု အာမခံနိုင်လျှင် ထိုအရာက လုံးဝကို ယုတ္တိမတန် ဘဲ အလွန်တရာ အဓိပ္ပာယ်မဲ့လွန်းလှပေမည်။
“အမေ...၊ ဒီပေါ်က စာလုံးတွေကို ဖတ်တတ်လို့လား...။”
ရွှီပေါ်အန်းက မိခင်ဖြစ်သူအား အပြုံးဖြင့် မေးလိုက်လေ၏။
ထန်ရုံကျီက အပေါ်ဆုံး စာကြောင်းကို လက်ညှိုးထိုးကာ ဖတ်ပြလိုက်လေသည်။
“တန်းရှန်၊ လိမ္မော်ခွံခြောက်၊ ရှန်းယောင်၊ မုယောစပါးလှော်၊ ဟော်သွန်းသီး...။ အို...၊ အမေလည်း ကျန်တာတွေ ကို မမှတ်မိတော့ဘူး...။ ဒါပေမဲ့ ဆေးရုံ ဒါမှမဟုတ် ဆေးဆိုင်ကို ယူသွားရင် ပရော်ဖက်ရှင်နယ် ဆရာဝန်တွေ သေချာပေါက် နားလည်လိမ့်မယ်လို့ ဆရာတော်က ပြောတယ်...။”
ရွှီပေါ်အန်းက ခေါင်းညိတ်ကာ ပြောလိုက်လေ၏။
“အဲဒါလည်း ယုတ္တိရှိတာပဲ...။ သား ဒီဆေးနည်းကို ယူထားလိုက်မယ်...၊ နောက်မှ ဆေးနည်းနည်း သွားဖော်ပြီး စမ်းကြည့်လိုက်မယ်...။”
“သားက ဘာလို့ ယူသွားမှာလဲ...၊ သားမှာ ချစ်သူတောင် မရှိသေးဘဲနဲ့ ဘာလုပ်ဖို့ ကြိုးစားနေတာလဲ...။ နောက်မှ ပျောက်သွားရင် ဘယ်လိုလုပ်မလဲ...။ ဒီဆေးနည်းကို အမေ သိမ်းထားရမယ်...။ သား အိမ်ထောင်ကျပြီးမှ အမေ ဆေးသွားဖော်ပေးမယ်...။”
“အမေ...၊ တကယ်ပဲ ဒီလောက် လုပ်ဖို့ လိုလို့လား...၊ သားက စာရွက်တစ်ရွက်ကို ဒီအတိုင်း လွှင့်ပစ်လိုက်မယ်လို့ အမေ ထင်နေတာလား...။ သား မိတ္တူတစ်စလောက် ကူးထားလိုက်ရင်ကော...။”
“ဘယ်ရမလဲ...၊ ဒါက အမေ ဆရာတော်ဆီကနေ အခက်အခဲတွေ အများကြီးကြားက တောင်းလာခဲ့ရတာ...။ သေချာ ဂရုစိုက်ရမယ်...၊ သားကို အမေ ပြောပြမယ်...။ ဆရာတော်က အမေ့မှာ ရေစက်ပါလို့သာ ပေးလိုက် တာ...။ မဟုတ်ရင် ပေးမှာတောင် မဟုတ်ဘူး...။”
ရွှီပေါ်အန်း သက်ပြင်းချလိုက်လေ၏။ ဤသည်မှာ ရေစက်ထက် ပိုပါလေသည်။ ဤအထဲတွင် "ယွမ်ငွေ" ပါဝင် ပတ်သက်နေမည်ဟု သူ ထင်မြင်မိလေ၏။
အကယ်၍ လမ်းခင်းပေးခဲ့သော အမွှေးတိုင်ဖိုး ငွေသုံးထောင်ကျော်သာ မရှိခဲ့လျှင် ဤနေရာတွင် ရောက်နေရန် အခွင့်အရေး ရနိုင်ပါမည်လား။
ရွှီပေါ်အန်းက ဤအတွေးများကို တွေးတောနေခဲ့သော်လည်း သူက အသံထွက်၍ ပြောမည် မဟုတ်သည်မှာ သဘာဝပင် ဖြစ်လေသည်။ သူက ပြုံးရုံသာ ပြုံးကာ ပြောလိုက်လေ၏။
“ကောင်းပါပြီ...၊ အမေ ပြောတာ မှန်ပါတယ်...။ သား ဖုန်းနဲ့ ဓာတ်ပုံရိုက်ထားလိုက်ရင်ကော ဘယ်လိုလဲ...။”
ထန်ရုံကျီက ခေါင်းညိတ်လိုက်ပြီး ရွှီပေါ်အန်းအနီးသို့ တိုးကပ်သွားကာ ပြောလိုက်လေသည်။
“ဖိန်ဖိန်ရဲ့ ခန္ဓာကိုယ်လေးက ကလေးမွေးဖို့ သင့်တော်တယ်လို့ အမေ ထင်တယ်...။ တစ်ခုခုဖြစ်ခဲ့ရင် အဆင်သင့် ဖြစ်အောင် သား အရင်ဆုံး ဒီဆေးနည်းနည်းလောက် သွားဖော်ထားရင် မကောင်းဘူးလား...။”
ရွှီပေါ်အန်းက ခါးသီးသော အပြုံးဖြင့် ပြောလိုက်လေ၏။
“အမေ...၊ ဘယ်သူက လူတွေကို ဆေးသောက်ဖို့ လိုက်လောဆော်နေလို့လဲ...။ ဒါက ဘယ်လောက်ပဲ အသုံး ဝင် ဝင်...၊ မှော်ဆေးစွမ်းမှ မဟုတ်တာ...။ သောက်ပြီးပြီးချင်း ချက်ချင်း အာနိသင်ပြလိမ့်မယ်လို့ မျှော်လင့်ထားလို့ မရဘူးလေ...။”
ထန်ရုံကျီက လေးနက်သော လေသံဖြင့် ပြောလိုက်လေသည်။
“မင်းက အမေ့ကို မယုံဘူးလား ကလေးရဲ့...။ အဲဒီ ဆရာတော်က အရမ်းကို နာမည်ကြီးတာ...၊ ဆေးနည်းတောင်း တဲ့သူတွေ အရမ်းများလွန်းလို့ အမေတောင် တိုးမပေါက်သလောက်ပဲ...။ ပြီးတော့ ဆရာတော်က အရမ်းကို ယုံကြည်မှုရှိတာ...၊ ဆေးက အာနိသင်မပြဘူးဆိုရင်...။ သောက်ပြီး သုံးနှစ်အတွင်း သားယောက်ျားလေး မရဘူး ဆိုရင် ငွေအပြည့် ပြန်အမ်းပေးမယ်လို့ ပြောတယ်...။ အဲဒီလို ဆုံးဖြတ်ချက်နဲ့ လေသံမျိုးဆိုတော့...၊ သူသာ တကယ် ယုံကြည်မှုမရှိရင် နာမည်ရဖို့သက်သက်နဲ့ ဘယ်သူက ဒီနေရာမှာ အရှုံးခံရဲမှာလဲ...။”
သို့သော် သေချာ ဂရုတစိုက် စဉ်းစားကြည့်မည်ဆိုလျှင် သူတို့အနေဖြင့် အမှန်တကယ် ဆုံးရှုံးသွားသည်ဟူ၍ မရှိလှချေ။
ယောက်ျားလေးနှင့် မိန်းကလေး မွေးဖွားမှု အချိုးအစားသည် (၁) အချိုး (၁) ဖြစ်နေလျှင်ပင် အားလုံးက အမြတ် ငွေကို မျှဝေခံစားကြမည်ဖြစ်သဖြင့် အမြတ်အစွန်းရရန် သေချာနေလေသည်။ ထို့အပြင် သင်က ထိုငွေကို သုံးနှစ်တိုင်တိုင် အတိုးမဲ့ အခမဲ့ သုံးစွဲခွင့် ရရှိမည် မဟုတ်ပါလား။
ဤသည်မှာ အလွယ်ကူဆုံးသော လှည့်ကွက်များထဲမှ တစ်ခုသာ ဖြစ်သေး၏။
ပို၍ ကြောက်စရာကောင်းသည်မှာ သုံးနှစ်ကြာပြီးနောက် သူတို့ကို သင် ရှာတွေ့နိုင်ပါဦးမည်လား ဆိုသည်ပင်။
အကယ်၍ မရှာတွေ့နိုင်ပါက ငွေပြန်အမ်းရန် မည်သူ့ကို ဆက်သွယ်ရမည်နည်း။
သင် ရှာတွေ့ခဲ့လျှင်ပင် ထိုငွေများသည် အလှူငွေများဖြစ်သည်ဟု ပြောဆိုလာပါက သို့မဟုတ် ရိုးရိုးရှင်းရှင်းပင် ငွေပြန်အမ်းရန် ငြင်းဆန်လာပါက သင် ဘာလုပ်နိုင်မည်နည်း။
အရောင်းအဝယ်၏ ရည်ရွယ်ချက်ကို ဖော်ပြထားသော ငွေစာရင်းပြေစာကို သင် အမှန်တကယ် ရရှိခဲ့ပါသလား။
ရွှီပေါ်အန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေဆဲဖြစ်ပြီး မိခင်ဖြစ်သူ စကားပြောပြီးသောအခါ သူက သဘော တူသည့်အနေဖြင့် အနည်းငယ် ခေါင်းညိတ်ပြကာ ပြောလိုက်လေ၏။
“ဟုတ်လား...၊ ဒါဆိုရင်တော့ ဆရာတော်က တော်တော်လေး စွမ်းတာပဲ...။”
ထန်ရုံကျီက ပျော်ရွှင်စွာ ပြောလိုက်လေသည်။
“ဒါပေါ့...၊ ကဲ...၊ မြန်မြန် ဓာတ်ပုံရိုက်ထားလိုက်...။ ဒီနေ့ နေ့လယ်ကျရင် အမေ ဆေးဆိုင်သွားပြီး ဆေးနည်းနည်း သွားဖော်ပြီး ဘယ်လိုနေလဲ စမ်းကြည့်ရမယ်...။ ဆေးကို ပုံမှန်သောက်ပေးရင် သက်တမ်းကို ရှည်စေတယ်...၊ ကြွက်သားတွေကို ပြေလျော့စေပြီး သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေတယ်လို့ ဆရာတော်က ပြောသေး တယ်...။”
ထိုစကားများကို ကြားသောအခါ ရွှီပေါ်အန်းက စိတ်ထဲမှ လှောင်ပြောင်လိုက်လေ၏။
*အသက်ရှည်ဖို့အတွက် ငါက နေ့တိုင်း စားသောက်နေတာပဲလေ... မင်းရဲ့ဆေးက အလုပ်ဖြစ်၊ မဖြစ် ဘယ်သူက သိမှာလဲ…။*
“သား သိပါပြီ...။ ဒီနေ့ နေ့လယ် ကုမ္ပဏီမှာ အရမ်း မရှုပ်ဘူးဆိုရင် သား ဆေးသွားဖော်လိုက်ပါ့မယ်...။”
ရွှီပေါ်အန်း၏ အလိုလိုက် ပြောဆိုမှုက နောက်ဆုံးတွင် သူ၏မိခင်အား ကျေနပ်သွားစေခဲ့ပြီးနောက် သူမသည် နေ့လယ်ခင်း တစ်ရေးအိပ်ရန် အိပ်ခန်းထဲသို့ ဝင်သွားလေတော့သည်။
ချန်ဖိန်ဖိန်သည် ရွှီပေါ်အန်း၏ အိမ်တွင် ဆက်မနေတော့ချေ။ ပန်းကန်များ ဆေးကြောပြီးနောက် သူမသည် အဝတ်အစားလဲကာ ဧည့်ခန်းထဲတွင် သူ၏ ဖခင်နှင့်အတူ ထိုင်နေသော ရွှီပေါ်အန်းကို နှုတ်ဆက်လိုက်လေသည်။
“အန်ကယ်နဲ့ ပေါ်အန်း... သမီး ဆိုင်မှာ ကိစ္စလေးရှိလို့ အဲဒီကို သွားလိုက်ဦးမယ်...။ ဒီည ဘာစားချင်ကြလဲ...၊ သမီး လာရင် ဟင်းစားလေးတွေ ဝယ်လာပြီး ချက်ပေးမယ်လေ...။”
ရွှီကျန်းချန်သည် စကားပြောဆိုရာတွင် မကျွမ်းကျင်လှသော်လည်း ချန်ဖိန်ဖိန်၏ မေးခွန်းကို ကြားသောအခါ ယဉ်ကျေးစွာဖြင့် အလျင်စလို ပြောလိုက်လေ၏။
“အဲဒီလောက်အထိ ဒုက္ခခံစရာ မလိုပါဘူးကွယ်...။ အန်ကယ်နဲ့ အန်တီက ညဘက်ဆိုရင် ပုံမှန်အားဖြင့် ဆန်ပြုတ် လေး နည်းနည်းပဲ သောက်ကြတာပါ...။ ပေါ်အန်းရဲ့အမေက အဲဒါကို ကြိုက်တယ်...၊ အစာအိမ်အတွက်လည်း ကောင်းတယ်လို့ ပြောတယ်လေ...။”
ချန်ဖိန်ဖိန်က ပြုံးကာ ပြောလိုက်လေသည်။
“ဟုတ်ကဲ့ပါ...၊ သမီး နားလည်ပါပြီ အန်ကယ်...။ သမီးတို့ ဆိုင်အနားမှာ အရသာရှိတဲ့ ပေါင်းဟင်းတွေ ရတဲ့ စားသောက်ဆိုင် ကောင်းကောင်းတစ်ဆိုင် ရှိတယ်...။ အဲဒါက အစာအိမ်အတွက်လည်း ကောင်းတယ်လေ...။ အန်ကယ်တို့ မြည်းကြည့်လို့ရအောင် သမီး နှစ်ပွဲလောက် ပါဆယ်ဆွဲလာခဲ့ပါ့မယ်...။”
“အို...၊ အဲဒီလောက်အထိ ဒုက္ခခံစရာ တကယ် မလိုပါဘူးကွယ်...။”
ရွှီကျန်းချန်က ယဉ်ကျေးစွာ ပြောလိုက်လေ၏။
“ရပါတယ် အန်ကယ်ရယ်...၊ ဘာပဲဖြစ်ဖြစ် သမီး လာမယ့်လမ်းမှာပဲ ရှိတာကို...။”
ချန်ဖိန်ဖိန်က ဖိနပ်လဲရင်း ပြုံးကာ ပြောလိုက်လေသည်။
“အားနာစရာကြီးကွယ်...၊ ပေါ်အန်း...၊ ချန်လေးကို လိုက်ပို့ပေးလိုက်ပါဦး...။”
ရွှီပေါ်အန်းက တုံ့ပြန်သည့်အနေဖြင့် မတ်တတ်ရပ်ကာ ခေါင်းညိတ်လိုက်ပြီး ပြောလိုက်လေ၏။
“နားလည်ပါပြီ အဖေ...။ အဖေနဲ့ အမေ ခဏလောက် အိပ်လိုက်ကြဦး...။ အချိန်လည်း လင့်နေပြီဆိုတော့...၊ ကုမ္ပဏီကို သွားပြီး တခြားကိစ္စတွေ ရှိသေးလားလို့ သွားစစ်ကြည့်လိုက်ဦးမယ်...။ တခြားကိစ္စ မရှိဘူးဆိုရင် စောစော ပြန်လာခဲ့ပါ့မယ်...။”
ရွှီကျန်းချန်သည် သူ၏ သားဖြစ်သူမှာ ကုမ္ပဏီတွင် ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း သိထားပြီး အလုပ်အလွန် များကြောင်းကိုလည်း နားလည်ထားလေသည်။ သူက ကားကို ဖြည်းဖြည်းမောင်းရန်သာ ပြောလိုက်ပြီး ထပ်မံ၍ မည်သည့်စကားမှ မဆိုတော့ချေ။
ဗီလာထဲမှ အပြင်သို့ ထွက်လာချိန်တွင် ရွှီပေါ်အန်း စကားမပြောရသေးမီ ချန်ဖိန်ဖိန်က မျက်နှာလေး အနည်းငယ် နီရဲသွားကာ ပြောလိုက်လေသည်။
“ဆေးနည်းအကြောင်း ပြောပြပါရစေ...။”
ရွှီပေါ်အန်းက ခေါင်းညိတ်ကာ ပြောလိုက်လေ၏။
“အမေက နည်းနည်း စွဲလမ်းနေတာပါ... ။ ဘာပဲဖြစ်ဖြစ် ငါလည်း အသက်တော်တော် ကြီးနေပြီလေ...။”
ချန်ဖိန်ဖိန်က တောင်းပန်သည့် လေသံဖြင့် ပြောလိုက်လေသည်။
“တောင်းပန်ပါတယ်...၊ ကျွန်မ အန်တီ့ကို တားခဲ့သင့်တာ...။ ဒါပေမဲ့ သူ ဘယ်လောက်တောင် စိုးရိမ်နေလဲဆိုတာ မြင်တော့ ကျွန်မလည်း ဘာမှ ဆက်မပြောရက်တော့ဘူး...။”
ရွှီပေါ်အန်းက ပြုံးကာ ခေါင်းခါလိုက်ပြီး ပြောလိုက်လေ၏။
“ကိစ္စမရှိပါဘူး...၊ သူ ပျော်နေသရွေ့ အဆင်ပြေပါတယ်...။”
ရွှီပေါ်အန်း အမှန်တကယ် ဒေါသမထွက်ကြောင်း မြင်သောအခါ ချန်ဖိန်ဖိန်မှာ စိတ်သက်သာရာ ရသွားပြီး နောက်ပြောင်လိုက်လေသည်။
“နောင်ကျရင် ဘယ်သူကများ ရှင်တို့မိသားစုထဲကို ဝင်လာရလောက်အောင် ကံကောင်းမလဲ မသိဘူးနော်...။ အန်ကယ်နဲ့ အန်တီက အရမ်း သဘောကောင်းတာ...။ လမ်းမှာ သူတို့ပြောတာက...၊ နောင်ကျရင် ရှင်တို့မှာ ကလေးတွေ ရှိလာရင် ရှင့်ကို လုံးဝ ပူပင်မခံဘူးတဲ့...၊ ကလေးတစ်ယောက်ရှိရင် သူတို့နှစ်ယောက်ပေါင်းပြီး တစ်ယောက်ကို ပြုစုမယ်...။ နှစ်ယောက်ရှိရင်လည်း သူတို့နှစ်ယောက်လုံးကို ပြုစုပေးမယ်တဲ့...။ သူတို့ကို ကျန်းမာရေးကောင်းပြီး ဝဝဖြိုးဖြိုးလေး ဖြစ်အောင် သေချာပေါက် ပြုစုပျိုးထောင်ပေးမယ်တဲ့လေ...။”
အဘိုးအိုနှင့် အဘွားအိုတို့က ချန်ဖိန်ဖိန်ကို ၎င်းတို့၏ ချွေးမအဖြစ် သတ်မှတ်ထားဆဲဖြစ်ကြောင်း အရိပ်အမြွက် ပြောဆိုနေခြင်းဖြစ်သည်ကို ရွှီပေါ်အန်းက ချက်ချင်းပင် နားလည်သွားခဲ့လေ၏။
ရွှီပေါ်အန်းတွင် ဤစကားများကို တုံ့ပြန်ရန် နည်းလမ်းမရှိခဲ့သည်မှာ သဘာဝပင် ဖြစ်လေသည်။
သူက ပြုံးရုံသာ ပြုံးကာ ပြောလိုက်လေ၏။
“ဒီနှစ်ရက်လုံး မင်းကို ဒုက္ခပေးသလို ဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်...။ ငါထင်တာတော့ မင်း နှစ်ရက် လောက် နားပြီး ဒီကို ဆက်မလာသင့်တော့ဘူး...။ ငါ့အမေက ငြိမ်ငြိမ်မနေနိုင်တဲ့ အမျိုးအစားလေ...၊ သူ့ကို ဘာမှပေးမလုပ်ဘူးဆိုရင် သူ သက်တောင့်သက်သာ ရှိမှာ မဟုတ်ဘူး...။”
ချန်ဖိန်ဖိန်က မျက်ခုံးတစ်ဖက်ကို ပင့်ကာ ပြောလိုက်လေသည်။
“အဲဒီလို ဘယ်ဖြစ်မလဲ...။ ဒီရက်ပိုင်း အန်တီက ပိုပြီး ပင်ပန်းနေတာဆိုတော့ သူ့ကို ပင်ပန်းခံခိုင်းလို့ မဖြစ်ဘူး လေ...။ မဟုတ်ရင် ရှင်ပေးတဲ့ လစာအများကြီးကို ယူရတာ ကျွန်မ အပြစ်ရှိသလို ခံစားရမှာပေါ့...။ ဒါ့အပြင် လတ်တလော ကျွန်မဆိုင်က စီးပွားရေးလည်း သိပ်မကောင်းဘူးဆိုတော့...၊ လစာကောင်းတဲ့ ဒီအလုပ်လေးကို တန်ဖိုးထားရမယ်လေ...။”
ရွှီပေါ်အန်းက ပြုံးကာ ခေါင်းခါလိုက်ပြီး ပြောလိုက်လေ၏။
“မင်းက အရမ်း နှိမ့်ချလွန်းပါတယ်...။ ဝမ်တန်း ပလာဇာမှာ ဖောက်သည်တွေ အများကြီး လာကြတာပဲ...။ အဲဒီ လောက် ကြီးတဲ့ဆိုင်ကြီး ရှိနေမှတော့...၊ မင်းက ဘယ်လိုလုပ်ပြီး...။”
ရွှီပေါ်အန်း၏ အသံမှာ စကားတစ်ဝက်တွင် ရုတ်တရက် ရပ်တန့်သွားခဲ့လေသည်။
ရွှီပေါ်အန်းသည် သူ၏ လမ်းကို ပိတ်ဆို့ထားသော လူကို ကြည့်ကာ ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်လေ ၏။
ခေါင်းငုံ့ကာ ရွှီပေါ်အန်း၏ ဘေးမှ လမ်းလျှောက်လာသော ချန်ဖိန်ဖိန်သည်လည်း ရွှီပေါ်အန်း၏ ပုံမှန်မဟုတ်သော အမူအရာကို သတိထားမိသွားခဲ့လေသည်။ သူမက ခေါင်းမော့ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏ မျက်နှာ အမူအရာ ပြောင်းလဲသွားခဲ့ပြီး အနည်းငယ် အနေရခက်စွာဖြင့် နှုတ်ဆက်လိုက်လေတော့၏။
“ရှောင်ရွှယ်...၊ တိုက်ဆိုင်လိုက်တာ...။”