အခန်း ၁၅၄
Vol. 16 Ch. 154
အခန်း (၁၅၄)
ကျွန်မ ကိုယ်ဝန်ရှိနေပြီ
ရိုးရိုးသားသားဆိုရလျှင် မည်သူမျှ ဘဝတွင် ပြဿနာများကို ဖြေရှင်းရသည်ကို မနှစ်သက်ကြပေ။ အထူးသဖြင့် ချမ်းသာကြွယ်ဝသူများပင် ဖြစ်လေ၏။
အထူးသဖြင့် ရွှီပေါ်အန်း၏ လက်ရှိ အဆင့်အတန်းနှင့် ကြွယ်ဝမှုအရ ဆိုရလျှင် သူသည် ပြဿနာပေါင်းစုံကို ဖြေရှင်းရခြင်းအပေါ် မည်သည့် စိတ်လှုပ်ရှားမှုကိုမျှ မခံစားရတော့ချေ။
ပွင့်ပွင့်လင်းလင်း ပြောရလျှင် အောင်မြင်မှု ခံစားချက် မရှိသောကြောင့်ပင် ဖြစ်လေသည်။
သူ၏ စိတ်နှလုံး အောက်ခြေ၌ သူ တကယ်လိုချင်သည့် အရာမှာ မည်သည့်အလုပ်မှ မရှိဘဲ ပျင်းရိနေရန်ပင် ဖြစ် ၏။
အကောင်းဆုံးအရာမှာ မိမိလုပ်ချင်သည့်အရာမှလွဲ၍ မည်သည့်အရာကိုမျှ အနှောင့်အယှက် အပေးမခံခြင်းပင် ဖြစ်လေသည်။
အချို့လူများက ထိုသို့သော သက်တောင့်သက်သာရှိလှသည့် ဘဝမျိုးကို လိုချင်ပါက အလုပ်မလုပ်ဘဲ နေလိုက် လျှင် ပိုကောင်းမည်ဟု ထင်ကောင်း ထင်နိုင်လေ၏။
ထိုသို့ မကောင်းလှချေ။ အလုပ်မလုပ်ခြင်း၏ အကျိုးဆက်များမှာ ကြီးမားလှပေသည်။
ပထမအချက်အနေဖြင့် မိဘများနှင့် လူကြီးသူမများထံမှ ဆူပူကြိမ်းမောင်းမှုများနှင့် ညည်းညူမှုမျိုးစုံကို ရင်ဆိုင် ရမည် ဖြစ်သည်။ သူတို့၏ ခံစားချက်များကို မည်သည့်အခါမျှ လျစ်လျူရှု၍ မရသလို သူတို့ကိုလည်း ပါးစပ်ပိတ် နေစေရန် မတတ်နိုင်ပေ။
ဒုတိယအချက်အနေဖြင့် အကယ်၍ သင် တကယ်ပင် အလုပ်မသွားလျှင် နေ့စဉ် တစ်ခုခုတော့ လုပ်ရမည် မဟုတ် ပါလား။ အိမ်မှာချည်းပဲ နေပြီး စားသောက် ပျော်ပါးရန်သာ အပြင်ထွက်၍ မရနိုင်ချေ။
ရက်အနည်းငယ်ကြာလျှင်ပင် ထိုအရာများကို ငြီးငွေ့သွားလိမ့်မည် ဖြစ်၏။ အသစ်အဆန်း တစ်ခုခုကို စဉ်းစား ရန်မှာလည်း ထိုမျှ မလွယ်ကူလှပေ။ အရာရာကို စဉ်းစားနေရခြင်းကပင် ဦးနှောက်ဆဲလ်များကို ပျက်စီးစေရန် လုံလောက်နေပြီ ဖြစ်လေသည်။
စီးပွားရေးလုပ်ငန်း တစ်ခု စတင်ရန် ကိစ္စနှင့် ပတ်သက်၍မူ ရွှီပေါ်အန်း၏ လက်ရှိ အခြေအနေသည် အောင်မြင် နေသော စီးပွားရေးလုပ်ငန်းရှင် အများအပြားထက်ပင် များစွာ သာလွန်နေပြီ ဖြစ်လေ၏။
ထို့ပြင် သူ၏ လက်ရှိ အားသာချက်များသည် အလုပ်မှ မထွက်ဘဲနှင့်ပင် လုံလောက်သော ငွေကြေးများ ရရှိရန် စွမ်းဆောင်နိုင်နေပြီ ဖြစ်သည်။ သူက ဘာကြောင့် စီးပွားရေးလုပ်ငန်း စတင်ရမည်နည်း။ ၎င်းသည် မိဘများကို စိတ်ပူစေရုံသာ ရှိလိမ့်မည် ဖြစ်လေ၏။
ရွှီပေါ်အန်းသည် လူလတ်ပိုင်းအရွယ်တွင် ကွာရှင်းထားပြီး ကလေးလည်း မရှိချေ။ သူ အဂရုစိုက်ဆုံးအရာမှာ သူ၏ မိဘများ၏ ခံစားချက်ပင် ဖြစ်လေသည်။
ထို့ကြောင့် ရွှီပေါ်အန်းသည် ပြဿနာ မဖြစ်စေရန် အတတ်နိုင်ဆုံး ကြိုးစားနေပြီး ပြဿနာများ ဖန်တီးကာ မိဘများကိုလည်း စိုးရိမ်ပူပန်မှု မဖြစ်စေချင်ခဲ့ပေ။
သို့သော် ယခုအခါတွင်မူ ဤပြဿနာက တံခါးလာခေါက်နေခဲ့ပြီ ဖြစ်သည်။
သူတို့က ရည်ရွယ်ချက်ဆိုးဖြင့် ရောက်လာခဲ့ခြင်းပင် ဖြစ်လေ၏။
ချီရှောင်ရွှယ်သည် သူတို့နှစ်ဦး၏ ရှေ့တွင် ရပ်ကာ တက်ကြွစွာ စကားပြောနေကြသော သူတို့ကို ဒေါသတကြီး ဖြင့် စိုက်ကြည့်နေခဲ့လေသည်။
“ရှင်တို့နှစ်ယောက်က တကယ်ပဲ အတူတူ နေနေကြပြီပေါ့...။”
ချန်ဖိန်ဖိန်က အလျင်အမြန် လက်ဝှေ့ယမ်းကာ ပြောလိုက်လေ၏။
“ရှောင်ရွှယ်...၊ အထင်မလွဲပါနဲ့...။ ငါ ရှင်းပြပါရစေ...။”
“ဘာတွေ ရှင်းပြစရာ ရှိလို့လဲ...၊ ငါတို့က ကွာရှင်းထားပြီးသားလေ...။ ငါ ဘယ်သူနဲ့ တွဲတွဲ မင်းနဲ့ မဆိုင်ဘူး...။”
ထိုသို့ ပြောဆိုနေစဉ်မှာပင် ရွှီပေါ်အန်းက ချန်ဖိန်ဖိန်ကို ဆွဲယူကာ သူ၏ အနားသို့ ခေါ်လိုက်ပြီး သူမ၏ ပခုံးကို ဖက်၍ တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်လေ၏။
ချီရှောင်ရွှယ်သည် လက်သီးကို တင်းကျပ်စွာ ဆုပ်ထားပြီး သူမ၏ မျက်လုံးများတွင် ဖုံးကွယ်၍ မရနိုင်သော ဒေါသမီးများ တောက်လောင်နေကာ အချိန်မရွေး ပေါက်ကွဲထွက်တော့မည့်အလား ဖြစ်နေလေသည်။
ချီရှောင်ရွှယ် ဒေါသပေါက်ကွဲတော့မည်ဟု ရွှီပေါ်အန်းနှင့် ချန်ဖိန်ဖိန်တို့ ထင်မှတ်နေချိန်တွင် ချီရှောင်ရွှယ်က ရုတ်တရက် သက်ပြင်းရှည်ကြီးတစ်ခု မှုတ်ထုတ်လိုက်ပြီး တင်းကျပ်နေသော လက်သီးများကို ဖြည်းညင်းစွာ ဖြေလျှော့လိုက်ကာ ပြုံး၍ ညင်သာစွာ ပြောဆိုလာလေ၏။
“တောင်းပန်ပါတယ်...၊ ငါ နည်းနည်း စိတ်လွတ်သွားတယ်... ။ ဘာပဲဖြစ်ဖြစ် နင်တို့ထဲက တစ်ယောက်က နှစ်ပေါင်းများစွာ သိလာခဲ့တဲ့ သူငယ်ချင်းကောင်း ဖြစ်ပြီး နောက်တစ်ယောက်က ငါနဲ့ နေ့ရက်ပေါင်း ထောင်နဲ့ချီ အိပ်ရာတစ်ခုတည်းမှာ အတူနေခဲ့တဲ့ ချစ်သူလေ...။ တစ်ခဏလောက် ငါ့ခံစားချက်တွေကို သေချာ မထိန်းချုပ် နိုင်ခဲ့ဘူး...”
ချီရှောင်ရွှယ်၏ သဘောထား ရုတ်တရက် ပြောင်းလဲသွားသည်ကို မြင်သောအခါ ရွှီပေါ်အန်းမှာ ထူးဆန်းသော အရာ တစ်ခုကို မြင်လိုက်ရသကဲ့သို့ လုံးဝ ဝေခွဲမရ ဖြစ်သွားလေသည်။
သူ ခေတ္တမျှ စဉ်းစားမရ ဖြစ်နေသော်လည်း ချီရှောင်ရွှယ် တစ်ခုခု ကြံစည်နေသည်ကိုမူ သူ သေချာပေါက် သိနေခဲ့လေ၏။
သူသည် ချီရှောင်ရွှယ် အကြောင်းကို ကောင်းကောင်းကြီး သိနေခဲ့သည်။ အချိန်ကာလက အရာရာကို ပြောင်းလဲ နိုင်သည် မှန်သော်လည်း ချေးပိုးထိုး၏ ချေးစားသည့် အကျင့်ကို အချိန်တိုအတွင်း ပြောင်းလဲရန်မှာမူ အတော် လေး ခက်ခဲလှပေသည်။
ရွှီပေါ်အန်းက မသိမသာ သတိထားလိုက်ပြီး အတင်းပြုံးကာ တီးတိုး ပြောလိုက်လေ၏။
“အဓိပ္ပာယ် မရှိတာတွေ မပြောနဲ့...၊ ဘာချစ်သူလဲ...။ ငါတို့က ကွာရှင်းထားပြီးသားလေ...။”
ရွှီပေါ်အန်း၏ သတိထားနေသော အမူအရာကို မြင်သောအခါ ချီရှောင်ရွှယ်သည် အနီးသို့ တိုးသွားပြီး ရွှီပေါ်အန်း ၏ ကော်လာကို ကိုင်ရန် ညင်သာစွာ လက်လှမ်းလိုက်လေသည်။
ရွှီပေါ်အန်းက အလိုအလျောက် ရှောင်တိမ်းလိုက်သဖြင့် ချီရှောင်ရွှယ်၏ လက်မှာ လွဲချော်သွားခဲ့လေ၏။
ချီရှောင်ရွှယ်က ရယ်မောကာ ပြောလိုက်လေသည်။
“ဘာလဲ...၊ နေခင်းကြောင်တောင်ကြီး ငါက နင့်ကို စားပစ်မှာ ကြောက်နေတာလား...။ နင့်ကော်လာကိုလည်း ကြည့်ဦး...။ နှစ်ပေါင်းများစွာ ကြာတာတောင် နင်က အမြဲတမ်း ပေါ့ဆနေတုန်းပဲ...၊ ခဏခဏ အထဲကို ခေါက်ဝင် နေတတ်တယ်...။”
ရွှီပေါ်အန်းက သူ၏ ကော်လာကို ပေါ့ပေါ့ပါးပါး ဆွဲဆန့်လိုက်ပြီး စိတ်မရှည်စွာဖြင့် ပြောလိုက်လေ၏။
“ကောင်းပြီလေ...၊ ချီရှောင်ရွှယ်...၊ မင်း ဘာလိုချင်တာလဲ...။ တည့်သာ ပြောစမ်းပါ..၊ အဟန်ရေးပြနေတာတွေ ရပ်လိုက်တော့...။ မင်း ပြောစရာ မရှိဘူးဆိုရင်လည်း ငါတို့ အချိန်တွေကို လာမဖြုန်းပါနဲ့...။”
ချီရှောင်ရွှယ်က ပြုံးကာ ခေါင်းခါရင်း ပြောလေသည်။
“ကြည့်စမ်း...၊ နင် စိတ်မရှည်ပြန်ဘူး...။ နင့်ရဲ့ ဒေါသနဲ့ဆို ဖိန်ဖိန်က နင်နဲ့ အတူတူနေရင် သည်းခံနိုင်ပါ့မလား တောင် ငါ မသိတော့ဘူး...။”
ချီရှောင်ရွှယ်၏ အလွန်တရာ ကောင်းမွန်နေသော အမူအရာကို မြင်သောအခါ ချန်ဖိန်ဖိန်မှာ အနည်းငယ် အနေရ ခက်သွားပြီး ကြင်နာစွာ ပြောလိုက်လေ၏။
“ရှောင်ရွှယ်...။ နင့်မှာ အကူအညီလိုတာ တစ်ခုခု ရှိလို့လား...၊ ငါက ဆိုင်ကို သွားဖို့ နည်းနည်း အလျင်လိုနေ လို့လေ...။ နင်တို့ နှစ်ယောက် အရင် စကားပြောကြမလား...။”
ချီရှောင်ရွှယ်က ပြုံး၍ ပြန်ပြောလေသည်။
“အင်း...၊ ကိစ္စတစ်ခုတော့ ရှိတယ်...။ ဒါပေမဲ့ သူ့အကြောင်းတော့ မဟုတ်ပါဘူး...၊ ငါ နင်နဲ့ စကားနည်းနည်း လောက် ပြောချင်လို့ပါ...။ နင့်အချိန် နည်းနည်းလောက် ပေးလို့ ရမလား...။”
မည်သို့ပင်ဖြစ်စေ ပြုံးနေသော မျက်နှာကို မည်သူမျှ လက်သီးဖြင့် မထိုးရက်ကြပေ။ ချီရှောင်ရွှယ်၏ ယဉ်ကျေး ပျူငှာမှုနှင့် သူတို့နှစ်ဦးသည် အတန်းဖော်များအဖြစ် ဆက်ဆံရေး ကောင်းမွန်ခဲ့ဖူးသည့် အချက်များကြောင့် ချန်ဖိန်ဖိန်သည်လည်း သဘာဝကျကျပင် မငြင်းဆန်နိုင်ခဲ့ချေ။
ချန်ဖိန်ဖိန်က ချက်ချင်းပင် ခေါင်းညိတ်ကာ ပြောလိုက်လေ၏။
“ရပါတယ်...၊ ပြောလေ...။”
ချီရှောင်ရွှယ်သည် ချန်ဖိန်ဖိန်အား အလျင်စလို စကားမပြောသေးဘဲ ရွှီပေါ်အန်းကို ကြည့်ကာ ပြောလိုက်လေ သည်။
“ငါတို့ မိန်းမချင်း စကားပြောဖို့ ဒီနေရာမှာ သိပ်အဆင်မပြေဘူးမလား... ။နင်က လူကြီးလူကောင်း ပီပီသသနဲ့ ခဏလောက် ရှောင်ပေးထားလို့ မရဘူးလား...။”
ချန်ဖိန်ဖိန်က အလျင်အမြန်ပင် ဝင်ပြောလိုက်လေ၏။
“ရပါတယ် ရှောင်ရွှယ်ရယ်...၊ ဟိုဘက်က တံတားလေးပေါ်မှာ သွားပြောကြတာပေါ့...။ အဲဒီက ရှုခင်းလည်း တော်တော်လေး လှတယ်...။”
ချီရှောင်ရွှယ်က ပြုံးလိုက်ပြီး ချန်ဖိန်ဖိန်၏ လက်ကို ဆွဲကာ ပြောလိုက်လေသည်။
“အိုကေ...၊ သွားကြတာပေါ့...။”
ချန်ဖိန်ဖိန် ပြောသော တံတားငယ်လေးမှာ ဝမ်တာ့ ဗဟိုဗီလာ ဥယျာဉ်ပုံစံ လူနေအိမ်ရာ အသိုက်အဝန်း၏ စိမ်းလန်းသော နေရာတစ်ခုတွင် ပါဝင်ပြီး မဏ္ဍပ်များနှင့် လသာဆောင်များပါရှိကာ အလွန် ဆွဲဆောင်မှုရှိသော ရှုခင်းတစ်ခု ဖြစ်လေသည်။
တံတားပေါ်တွင် အတန်ကြာ ရပ်နေပြီးနောက် ချီရှောင်ရွှယ် စကားပြောမည့်ပုံ မပေါ်သည်ကို ချန်ဖိန်ဖိန် သတိပြု မိသွားလေသည်။ သူမက လက်ပတ်နာရီကို ကြည့်ကာ စတင်၍ ပြောလိုက်လေ၏။
“ရှောင်ရွှယ်...၊ ဘာကိစ္စ ရှိလို့လဲ...။ ငါ တကယ် နည်းနည်း အလျင်လိုနေလို့ပါ...။”
ချီရှောင်ရွှယ်က သက်ပြင်းချကာ ပြောလိုက်လေသည်။
“ဖိန်ဖိန်...၊ ပေါ်အန်းနဲ့ ငါက နှစ်ပေါင်းများစွာ အတူတူ အခက်အခဲတွေကို ဖြတ်သန်းခဲ့ကြတယ် ဆိုတာ နင် သိပါ တယ်...။ ငါတို့ ကွာရှင်းဖို့ အကြိမ်ကြိမ် စကားများခဲ့ကြပေမယ့် သူက အမြဲတမ်း ငြင်းဆိုခဲ့တယ်လေ...။ ငါ အမှား တချို့ လုပ်မိတယ်ဆိုတာ သိပါတယ်...။ ဒါပေမဲ့ ငါကလည်း မိန်းမသားတစ်ယောက်မို့လို့ ဂရုစိုက်ခံချင်တာပေါ့...။ သူက နေ့တိုင်း အလုပ်သွားပြီး အိမ်ပြန်မလာဘူးလေ...၊ ငါ ဘယ်လို ခံစားနေရလဲ ဆိုတာ သူမှ မသိတာ...။ ငါတို့ နှစ်ယောက်စလုံးက မိန်းမတွေပဲဆိုတော့ နင် ငါ့ကို နားလည်နိုင်မယ်မလား...။”
ချန်ဖိန်ဖိန်သည် အနည်းငယ် ဟန်ဆောင်ကာ ခေါင်းညိတ်ပြလိုက်ပြီး ပြောလေ၏။
“ရှောင်ရွှယ်...၊ အိမ်ထောင်စု တိုင်းမှာတော့ ကိုယ်ပိုင် ပြဿနာတွေ ရှိကြတယ် ဆိုတာ ငါ သိပါတယ်...။ ပြောပါ ...၊ နင် ငါနဲ့ တွေ့ချင်တဲ့ ကိစ္စက ဘာလဲ... ။ ငါ တကယ် အလျင်လိုနေလို့ပါ...။”
ချီရှောင်ရွှယ်၏ မျက်လုံးများထဲတွင် မနာလို မုန်းတီးမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း သူမက အလျင်အမြန်ပင် ဖုံးကွယ်လိုက်လေသည်။ ထို့နောက် သူမက ပြုံးကာ ပြောလေ၏။
“ငါ စဉ်းစားကြည့်ပြီးပြီ...၊ ဘာပဲဖြစ်ဖြစ် လင်မယားအဖြစ် တစ်ရက်လောက် နေခဲ့ဖူးရင်တောင် ရက်တစ်ရာစာ သံယောဇဉ် ရှိတယ်တဲ့လေ...။ ငါ ရွှီပေါ်အန်းနဲ့ ပြန်ပေါင်းချင်တယ်...၊ နင် ငါ့တောင်းဆိုချက်ကို ခွင့်ပြုပေးနိုင်မ လား...။”
ချန်ဖိန်ဖိန်သည် ချီရှောင်ရွှယ်ကို အံ့အားသင့်သော အမူအရာဖြင့် ကြည့်လိုက်လေသည်။
သူမသည် ရွှီပေါ်အန်းနှင့် ချီရှောင်ရွှယ်တို့ ကွာရှင်းရသည့် အသေးစိတ် အကြောင်းအရင်းများကို မသိသော်လည်း ရွှီပေါ်အန်းက "မုဆိုးဖို" ဟူသော စကားလုံးကို မကြာခဏ အသုံးပြုလေ့ရှိသဖြင့် ချီရှောင်ရွှယ်အပေါ် ရွှီပေါ်အန်း ၏ မုန်းတီးမှုကိုတော့ သူမ နားလည်ထားလေ၏။
ယခု သူမက ပြန်ပေါင်းချင်နေသည်။ သို့သော် ထိုကိစ္စမှာ အတော်လေး ခက်ခဲလိမ့်မည် ဖြစ်လေသည်။
ထို့ပြင် သူမက ရွှီပေါ်အန်း ကိုယ်စား ဆုံးဖြတ်ချက်များ မချမှတ်နိုင်ပေ။ ထို့ကြောင့် သူမ၏ တောင်းဆိုချက်ကို မည်သို့ ခွင့်ပြုပေးနိုင်မည်နည်း။
ချန်ဖိန်ဖိန်က အလျင်အမြန် ခေါင်းခါကာ ပြောလိုက်လေ၏။
“ရှောင်ရွှယ်...၊ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ငါ တကယ် ဘာမှ လုပ်ပေးလို့ မရဘူး...။ နင် ပြောစရာ ရှိရင် ရွှီအို ကြီးကို နင့်ဘာသာနင် သွားပြောလိုက်ပါ...။”
ချီရှောင်ရွှယ်က သက်ပြင်းရှည်ကြီးတစ်ခု မှုတ်ထုတ်လိုက်ပြီး လက်ကိုင်အိတ်ထဲသို့ လက်နှိုက်ကာ စာအိတ်တစ် အိတ်ကို ထုတ်ယူလိုက်လေသည်။
“ဖိန်ဖိန်...၊ ငါ နင့်ကို ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်...။ ဒီမှာ ယွမ် တစ်သောင်း ရှိတယ်...။ နင် ရွှီပေါ်အန်းကို ထားခဲ့ နိုင်မယ် ဆိုရင် ငါ နင့်ကို နောက်ထပ် ယွမ် ငါးသောင်း ပေးမယ်...။”
ချီရှောင်ရွှယ်၏ လုပ်ရပ်ကြောင့် ချန်ဖိန်ဖိန်မှာ ချက်ချင်းပင် စိတ်အနှောင့်အယှက် ဖြစ်သွားခဲ့လေ၏။
သူမနှင့် ရွှီပေါ်အန်းကြားတွင် အမှန်တကယ် မည်သည့်ပတ်သက်မှုမှ မရှိခြင်းကိုပင် ထားလိုက်ဦးတော့။
အကယ်၍ တစ်ခုခု ရှိနေလျှင်ပင် ဤငွေပမာဏသည် သူတောင်းစား တစ်ယောက်အတွက်ပင် အလွန် နည်းပါး လွန်းနေပေသေး၏။
ရွှီပေါ်အန်းက တစ်လလျှင် လစာ ယွမ် တစ်သိန်း ပေးထားပြီး ၎င်းမှာ တည်ငြိမ်သော ဝင်ငွေလမ်းကြောင်း တစ်ခု ဖြစ်လေသည်။
ချီရှောင်ရွှယ်သည် သွေးထွက်အောင် ငွေထုတ်ပေးနေရသည့်ပုံ ပေါက်နေသော်လည်း ၎င်းမှာ ယွမ် ခြောက် သောင်းတည်းသာ ဖြစ်ပြီး အရစ်ကျ ပေးချေရန်ပင် ရွေးချယ်ထားသေး၏။
အရူးတစ်ယောက်ပင်လျှင် မည်သည့်အရာကို ရွေးချယ်ရမည်ကို သိနိုင်သည် မဟုတ်ပါလား။
“ရှောင်ရွှယ်...၊ ဒီငွေကို ငါ တကယ် ယူလို့ မရဘူး...။ ငါ့မှာ တခြား လုပ်စရာတွေ ရှိသေးတယ်...။ ပြီးတော့ ဒီကိစ္စ တွေမှာလည်း နင့်ကို ငါ မကူညီပေးနိုင်ဘူး...။ နင် လောင်ရွှီကိုပဲ တိုက်ရိုက် သွားပြောလိုက်ပါ...၊ ကောင်းပြီ...။ ငါ လုပ်စရာလေးတွေ ရှိသေးလို့ နင့်ကို အချိန်မပေးနိုင်တော့ဘူး...။”
ထိုသို့ ပြောဆိုပြီးနောက် ချန်ဖိန်ဖိန်က ထွက်ခွာရန် ပြင်ဆင်လိုက်လေသည်။
သူမ လှည့်မထွက်ရသေးခင်မှာပင် ချီရှောင်ရွှယ်က အံကြိတ်ကာ ပြောလိုက်လေ၏။
“ချန်ဖိန်ဖိန်...၊ ငါတို့က သိလာတာ ကြာပြီပဲ...။ ဒီလောက်ထိ ရက်စက်ပြနေစရာ မလိုပါဘူး...၊ အရင်က အတန်းရဲ့ အလှဘုရင်မ၊ ကျောင်းရဲ့ အလှဘုရင်မလေးက အခုတော့ သူများရဲ့ မယားငယ် ဖြစ်နေပြီး သူတို့ရဲ့ အိမ်ထောင် ရေးကို ဖျက်ဆီးခဲ့တယ် ဆိုတာကို ငါတို့ ကျောင်းသားဟောင်း ဂရု(ပ်) ထဲက လူတွေ သိသွားတာကို နင် မလိုချင် ဘူး မလား...။”
ဤစကားကို ကြားသောအခါ ချန်ဖိန်ဖိန်၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားပြီး သူမ၏ ယခင်က ကောင်းမွ န်သော စိတ်ထားများ ပျောက်ကွယ်သွားကာ ဒေါသတကြီးဖြင့် ချက်ချင်း ပြန်လည်ချေပလိုက်လေသည်။
“နင် ဘာ အဓိပ္ပာယ် မရှိတာတွေ လာပြောနေတာလဲ...၊ ဘယ်သူက မယားငယ်လဲ...။ နင့်ကိုယ်နင် ပြန်ပြောနေ တာလား...။”
ချီရှောင်ရွှယ်မှာ အပြစ်ရှိသလို ခံစားနေရပြီးသား ဖြစ်ရာ ချန်ဖိန်ဖိန်က သူမအပေါ် ရိုင်းရိုင်းစိုင်းစိုင်း တုံ့ပြန်ကာ မယားငယ်ဟု ခေါ်လိုက်သည်ကို ကြားသောအခါ သူမ ဆက်၍ သည်းမခံနိုင်တော့ချေ။
သူမသည် ဆက်၍ ဟန်မဆောင်နိုင်တော့ဘဲ သူမ၏ စရိုက်မှန်ကို ထုတ်ပြလိုက်လေတော့၏။
“ခွေးမ...၊ နင် ငါ့ကို စော်ကားရဲတယ်ပေါ့...။”
ပြောရင်းဆိုရင်းပင် သူမက လက်လှမ်းကာ အားကုန် တွန်းချလိုက်ရာ ချန်ဖိန်ဖိန်မှာ ခြေလှမ်းအနည်းငယ် ယိမ်းယိုင်သွားခဲ့လေသည်။
ချန်ဖိန်ဖိန်သည် ချီရှောင်ရွှယ်၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် သတိလက်လွတ် ဖြစ်သွားပြီး ကာကွယ်ရန် အလိုအလျောက် လက်မြှောက်လိုက်သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်လေ၏။
သူမ၏ ခန္ဓာကိုယ်ကို တွန်းအား ရိုက်ခတ်သွားပြီးနောက် အရှိန်ကြောင့် အနောက်သို့ ခြေလှမ်းအနည်းငယ် လွင့်စင်သွားကာ ခြေထောက်များ ရုတ်တရက် ခွေယိုင်သွားပြီး ရှုခင်းလှသော ရေကန်ထဲသို့ ထိုးကျသွားလေ တော့သည်။
“အား...”
ချန်ဖိန်ဖိန်က အော်ဟစ်လိုက်သော်လည်း ကံကောင်းထောက်မစွာဖြင့် ရေကန်မှာ မနက်လှဘဲ ချန်ဖိန်ဖိန်ကလည်း ရေကူးတတ်သဖြင့် အလျင်အမြန်ပင် မတ်တတ်ရပ်လိုက်နိုင်လေ၏။
မလှမ်းမကမ်းတွင် ရှိနေသော ရွှီပေါ်အန်းသည် ဤမြင်ကွင်းကို စောင့်ကြည့်နေခဲ့သည်။ သူ မြင်လိုက်ချိန်တွင် တားဆီးရန် နောက်ကျသွားခဲ့ပြီ ဖြစ်လေသည်။
ချန်ဖိန်ဖိန် ရေထဲကျသွားသည်ကို မြင်သောအခါ သူသည် ရှေ့သို့ ခုန်တက်ကာ ရေကန်ထဲသို့ ခုန်ဆင်းလိုက်ရုံမှ တစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ဘဲ ချန်ဖိန်ဖိန်ကို ရေထဲမှ အလျင်အမြန် ဆွဲယူပွေ့ချီကာ ခေါ်ထုတ်လာခဲ့ လေ၏။
“ချီရှောင်ရွှယ်...။ မင်း ရူးနေလား...။”
ထိုသို့ပြောရင်း ရွှီပေါ်အန်းက သူမကို ပါးရိုက်ချင်သည့်အလား လက်ကို မြှောက်လိုက်လေသည်။
သို့သော် ချီရှောင်ရွှယ်သည် အနည်းငယ်မျှ ထိတ်လန့်သွားခြင်း မရှိချေ။ သူမက မော့ကြည့်ကာ ရွှီပေါ်အန်းအား ဒေါသတကြီး စိုက်ကြည့်ရင်း ပြောလိုက်လေ၏။
“ဘာလဲ...၊ နင် ငါ့ကို ရိုက်ချင်တာလား...။ လာလေ...၊ ရိုက်လိုက်စမ်းပါ...။”
ယခင်က အိပ်ရာတစ်ခုတည်း အတူအိပ်ခဲ့ဖူးသူ၏ လက်ရှိ အခြေအနေကို ကြည့်ရင်း ရွှီပေါ်အန်းမှာ အလွန်တရာ ရွံရှာသွားခဲ့လေသည်။
သူမကို ရိုက်လိုက်၍ကော ဘာထူးခြားသွားမည်နည်း။
ရွှီပေါ်အန်းသည် သက်ပြင်းချကာ လက်ကို အောက်ချလိုက်လေ၏။
ချီရှောင်ရွှယ်က အောင်ပွဲခံနေသော ကြက်ဖတစ်ကောင်ကဲ့သို့ ခေါင်းကို မော့ကာ အောင်နိုင်သူ၏ ဟန်ပန်ဖြင့် ပြောလိုက်လေသည်။
“ဟွန့်... မိန်းမတစ်ယောက်အပေါ် လက်မပါရဘူး ဆိုတာကို သိတဲ့ နင့်ဆီမှာ အနည်းဆုံးတော့ စည်းမျဉ်းတချို့ ရှိသေးတာပဲ...။”
ရွှီပေါ်အန်းက ခေတ္တမျှ မျက်လုံးကို တင်းကျပ်စွာ မှိတ်လိုက်ပြီး ချီရှောင်ရွှယ်ကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်လေ၏။
“စည်းမျဉ်းတွေ အကြောင်း ငါ့ကို လာပြောဖို့ မင်းက မထိုက်တန်ပါဘူး...။”
ထိုသို့ ပြောဆိုနေစဉ်မှာပင် ရွှီပေါ်အန်းက သူ၏ အဝတ်အစားကို ချွတ်ကာ ချန်ဖိန်ဖိန်၏ ကိုယ်ပေါ်သို့ လွှမ်းခြုံပေး လိုက်လေသည်။
“တောင်းပန်ပါတယ်...၊ ဒီကိစ္စက ငါ့ကြောင့် ဖြစ်ရတာ များပါတယ်...။ ဆေးကုသစရိတ်၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက် မှုအတွက် လျော်ကြေးနဲ့ နောက်ပိုင်း ဖြစ်လာနိုင်တဲ့ အာဟာရစရိတ်တွေ အပါအဝင်ဆိုရင် ငါးသိန်းလောက်ဆို လုံလောက်လောက်တယ်မလား...။”
ထိုစကားကို ကြားသောအခါ ချန်ဖိန်ဖိန်မှာ ချက်ချင်းပင် အံ့အားသင့်သွားခဲ့လေ၏။
“ရှင်...။”
*ငါ ကြားလိုက်တာ မှန်ရဲ့လား...။ ငါ ရေထဲ တစ်ခဏလောက် ကျသွားရုံနဲ့ ယွမ် ငါးသိန်းတောင် ပေးမယ်တဲ့ လား...။*
ချန်ဖိန်ဖိန်က မေးခွန်းများ မမေးနိုင်မီမှာပင် ရွှီပေါ်အန်းက သူ၏ ဖုန်းကို ကောက်ကိုင်ကာ ငွေလွှဲခြင်းကို အောင်မြင်စွာ လုပ်ဆောင်လိုက်လေသည်။
“တီ... ယွမ်ငွေ ငါးသိန်းကို သင့် ဝီချက်အကောင့်ထဲသို့ ထည့်သွင်းပြီးပါပြီ...။ ကျေးဇူးပြု၍ သင့်အကောင့်ကို စစ်ဆေးပါ...။”
ချန်ဖိန်ဖိန်မှာ ချက်ချင်းပင် ကြက်သေသေသွားခဲ့လေ၏။
*ဒါက တကယ်ကြီးလား...။*
ချီရှောင်ရွှယ်မှာမူ လုံးဝ အံ့အားသင့်ကာ ဆွံ့အသွားခဲ့လေတော့သည်။
ရွှီပေါ်အန်းတော့ ရူးနေသည်မှာ သေချာလှလေ၏။
သူသည် ယွမ် ငါးသိန်းကို တွန့်ဆုတ်ခြင်း အလျဉ်းမရှိဘဲ ပေးပစ်လိုက်သည်။ ယခင်ကဆိုလျှင် သူ့ကို ယွမ် ငါးဆယ် သုံးခိုင်းလျှင်ပင် သူ တွန့်ဆုတ်နေမည် ဖြစ်၏။ ယခုတော့ သူ ချန်ဖိန်ဖိန်၏ ပြုစားခြင်းကို ခံလိုက်ရ သည်မှာ သေချာလှပေသည်။
*ဘာဖြစ်လို့ ငါ့မှာ အဲ့လို အရည်အချင်းမျိုး မရှိရတာလဲ...။ ငါ့အတွက် ငွေသုံးဖို့ အမြဲတမ်း ဆန္ဒရှိတယ်လို့ ပြောတတ်တဲ့ ချန်တက်ဝေတောင်မှ ငါ့ရဲ့ အိမ်နဲ့ ကားအတွက် ပေးချေဖို့ ချေးငွေ ယူနေရတာကို...။*
ဆန့်ကျင်ဘက်အနေဖြင့် သူမ အထင်သေးခဲ့ဖူးသော ရွှီပေါ်အန်းမှာ ယခုအခါ ချမ်းသာကြွယ်ဝပြီး အာဏာရှိသူ တစ်ဦး ဖြစ်လာခဲ့လေပြီ။
*တစ်ကြိမ်တည်းနဲ့ ငါးသိန်းတဲ့လား...၊ မျက်တောင်တစ်ချက်တောင် မခတ်ဘဲနဲ့လေ...။*
*ဒါကို ရတဲ့သူက ငါသာ ဖြစ်ခဲ့ရင် သိပ်ကောင်းမှာပဲ...။*
*ငါးသိန်းကိုတော့ ထားလိုက်ပါတော့...။*
*ဆယ်ဆလောက် လျှော့လိုက်ရင်တောင် ငါးသောင်းဆိုလည်း လုံလောက်နေပါပြီ...။*
*တကယ်လို့ ဒီလို ကောင်းမွန်တဲ့ အရာမျိုးသာ တကယ် ရှိခဲ့မယ်ဆိုရင် ကိုယ်လက်လှုပ်ရှားဖို့အတွက် ငါ ရေထဲကို အကြိမ်တစ်ရာလောက် ခုန်ချပြီး ဟိုဘက်ဒီဘက် ကူးခတ်နေမိမှာ အသေအချာပဲ...။*
“ချန်ဖိန်ဖိန်...၊ နင်က တကယ် မသာမန်ဘူးပဲ...။ ရွှီပေါ်အန်းကို ဘယ်လို ပြုစားတဲ့ ဆေးတွေများ ကျွေးလိုက် တာလဲ...။”
ချီရှောင်ရွှယ်၏ ဒေါသထွက်ကာ မချိတင်ကဲ ဖြစ်နေသော အမူအရာကို မြင်သောအခါ ချန်ဖိန်ဖိန်က ပြုံးလိုက် လေ၏။
ရိုးရိုးသားသား ဆိုရလျှင် အစပိုင်းတွင် သူမ အနည်းငယ် စိုးရိမ်နေခဲ့သဖြင့် နှိမ့်ချသော သဘောထားကို လက်ခံ ကျင့်သုံးခဲ့ခြင်း ဖြစ်လေသည်။
နောက်ပိုင်းတွင် ချီရှောင်ရွှယ်၏ တွန်းချခြင်းကို ခံရပြီးနောက် သူမသည် အပြစ်ရှိသလို ခံစားနေရမှုများ ပျောက်ကွယ်သွားရုံသာမက အမှန်တကယ်ပင် ဒေါသထွက်လာခဲ့လေ၏။
သို့သော် ရွှီပေါ်အန်းထံမှ ယွမ် ငါးသိန်း လွှဲပြောင်းပေးမှုကို လက်ခံရရှိပြီးနောက်တွင် ချန်ဖိန်ဖိန်သည် ချက်ချင်း တည်ငြိမ်သွားရုံသာမက ချီရှောင်ရွှယ်ကိုပင် အနည်းငယ် ကျေးဇူးတင်သလို ခံစားလိုက်ရလေသည်။
ရေထဲသို့ တစ်ကြိမ် ကျသွားရုံမျှဖြင့် ထိခိုက်ဒဏ်ရာ မရှိသည့်တိုင် ယွမ် ငါးသိန်း ပြန်လည်ရရှိခဲ့သည် မဟုတ်ပါ လား။
ဤသည်မှာ သာမန်လူများ ရနိုင်သော ကံကောင်းမှုမျိုး မဟုတ်ဘဲ ဖြစ်နိုင်ခြေမှာ ထီပေါက်ခြင်းထက်ပင် ပို၍ နည်းပါးသေး၏။
သူမမှာ မတရားခံရသလို ခံစားနေရပြီး အလွန်အမင်း နစ်နာလှလေသည်။
သို့သော် ယွမ် ငါးသိန်း ရရှိခြင်း၏ ဝမ်းမြောက်မှုနှင့် နှိုင်းယှဉ်လိုက်လျှင် ထိုသေးငယ်သော နစ်နာမှုများက ဘာ များ အရေးပါတော့မည်နည်း။
“ချီရှောင်ရွှယ်...၊ နင်က လောင်ရွှီနဲ့ ပြန်ပေါင်းချင်နေတာ မဟုတ်လား...။ ငါ နင့်ကို ပြောပြရဦးမယ်...၊ နင့်အတွက် ဘာအခွင့်အရေးမှ မရှိတော့ဘူး...။ ငါ့မှာ လောင်ရွှီနဲ့ရတဲ့ ကိုယ်ဝန်ရှိနေပြီ...။ နင် အိမ်မက် ဆက်မက်နေလိုက် ဦး...။”
ချန်ဖိန်ဖိန်၏ စကားများမှာ အလွန်တရာ အံ့မခန်း ဖြစ်နေပြီး ချီရှောင်ရွှယ်ကို ဆွံ့အသွားစေရုံသာမက ရွှီပေါ်အန်း ကိုပင် အနည်းငယ် ကြက်သေသေသွားစေခဲ့လေ၏။
တစ်နေရာလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့လေသည်။
အနီးအနားတွင် လမ်းလျှောက်နေသော သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးက ထိုမြင်ကွင်းကို သိချင်စိတ်ဖြင့် လှမ်းကြည့်လိုက်ပြီးနောက် ပေါ့ပေါ့ပါးပါးပင် ထွက်ခွာသွားလေတော့သည်။