အခန်း ၁၅၆
Vol. 16 Ch. 156
အခန်း (၁၅၆)
ရှန်းယန်တပ်မှူး အောင်ပွဲခံ၍ ပြန်လည်ရောက်ရှိလာခြင်း
ဟုန်ယာရွာ။
၎င်းတို့၏ စစ်ချီရာ လမ်းကြောင်းသည် ရှန်းယန်ခရိုင်အတွင်းသို့ ဝင်ရောက်လာသော ပုန်ကန်သူတပ်များနှင့် ဆန့်ကျင်ဘက်ဖြစ်နေသောကြောင့် အစပိုင်းတွင် ထိတ်လန့်သွားခဲ့သည်မှလွဲ၍ ထူးခြားမှု တစ်စုံတစ်ရာ မရှိခဲ့ပေ။
တောင်စောင့်နတ်မင်းနှင့် မြေစောင့်နတ် နတ်ကွန်းမှာမူ ပြောင်းလဲခြင်းမရှိဘဲ တည်ရှိနေဆဲပင် ဖြစ်လေသည်။
ရွာထဲရှိ သစ်ပင်ကြီးအောက်တွင် အဘိုးအိုနှင့် အဘွားအို အနည်းငယ်တို့ နေရာယူထားကြဆဲဖြစ်ပြီး အများအား ဖြင့် လုပ်ကြံဖန်တီးထားသော ကောလာဟလများအကြောင်းကို စကားစမြည် ပြောဆိုနေကြလေ၏။
ယန်ရှိုယီသည် သူ့ရှေ့ရှိ လုံးဝ သာမန်ဖြစ်နေသော ဤမြင်ကွင်းကို ကြည့်ရင်း အခြားကမ္ဘာတစ်ခုသို့ ရောက်နေ သကဲ့သို့ ခံစားလိုက်ရလေသည်။
ပုန်ကန်သူများနှင့် ပြင်းထန်စွာ တိုက်ပွဲဝင်ခဲ့ရသော နှစ်ရက်တာကာလအတွင်း ယန်ရှိုယီသည် အသက်နှင့် သေဆုံး ခြင်း ကြားရှိ မြင်ကွင်းများနှင့် နှလုံးကွဲကြေဖွယ် ဝမ်းနည်းပူဆွေးမှုများကို အများဆုံး တွေ့မြင်ခဲ့ရလေ၏။
ယမန်နေ့က တစ်ယောက်ကိုတစ်ယောက် ရယ်မောကာ အားပေးစကား ပြောဆိုနေခဲ့ကြသူများသည် နောက်တစ် နေ့တွင် ထာဝရ ပျောက်ကွယ်သွားခဲ့ကြလေပြီ။
ဤတိုက်ပွဲတွင် ရှန်းယန်တပ်ဖွဲ့သည် ညီအစ်ကို သုံးဆယ်ကျော် ဆုံးရှုံးခဲ့ရပြီး အခြား ငါးဆယ်ကျော်မှာ ဒဏ်ရာ ရရှိခဲ့လေသည်။
အကယ်၍ ပုန်ကန်သူများသာ ယမန်နေ့က ရုတ်တရက် ဆုတ်ခွာမသွားခဲ့ပါက သေဆုံးဒဏ်ရာရသူ အရေအတွက် မှာ ဆက်လက် မြင့်တက်လာဖွယ် ရှိနေခဲ့လေ၏။
သေချာသည်မှာ စစ်ပွဲကာလအတွင်း ဒဏ်ရာရသည်ဟု ဆိုလိုခြင်းမှာ ရွေ့လျားနိုင်စွမ်း သို့မဟုတ် ခန္ဓာကိုယ်၏ အစိတ်အပိုင်း တစ်ခုခုကို ထိခိုက်သွားခြင်းမျိုးကို ဆိုလိုခြင်း ဖြစ်လေသည်။
ရွေ့လျားနိုင်စွမ်းကို မထိခိုက်စေသော ဒဏ်ရာတစ်ခု သို့မဟုတ် ဒဏ်ရာများစွာ ရရှိခြင်းမျိုးကိုမူ စာရင်းထဲတွင် ထည့်သွင်းထားခြင်း မရှိချေ။
ရှန်းယန်တပ်ဖွဲ့ ဟုန်ယာရွာသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ရွာသားများ၏ နွေးထွေးစွာ ကြိုဆိုခြင်းကို ခံခဲ့ရလေသည်။
၎င်းတို့သည် အဝတ်အထည်များနှင့် အစားအစာများကို ပို့ဆောင်ပေးခဲ့ကြပြီး နှစ်သိမ့်စကားများ ပြောကြားကာ မကြာသေးမီက ဖြစ်ပျက်ခဲ့သော အမှန်နှင့် အမှား ရောနှောနေသည့် သတင်းများ အပါအဝင် အသေးအမွှားမှအစ ကိစ္စရပ်အသီးသီးကို ပြန်လည်ပြောပြခဲ့ကြလေ၏။
ရွာသားများ ကျွေးမွေးသော အစားအစာများကို စားသောက်ပြီးနောက် ယန်ရှိုယီက သူ၏ ရှန်းယန်တပ်ဖွဲ့မှ ညီအစ်ကိုများကို ထိုနေရာတွင်ပင် အနားယူရန် အမိန့်ပေးလိုက်လေသည်။
ယန်ရှိုယီသည် သူ၏ ကိုယ်ရံတော် အနည်းငယ်နှင့်အတူ ဟုန်ယာရွာရှိ မြေစောင့်နတ် နတ်ကွန်းအပြင်ဘက်တွင် တဲကြီးတစ်လုံးကို ဆောက်လုပ်ခဲ့လေ၏။
ထို့နောက် ၎င်းတို့သည် အမွှေးတိုင်များကို ထွန်းညှိကာ အမွှေးတိုင်ခွက်ထဲသို့ ရိုသေစွာ စိုက်ထားလိုက်ကြ လေသည်။
“ရှန်းယန်တပ်မှူး ယန်ရှိုယီက တောင်စောင့်နတ်မင်းကြီး၏ စောင့်ရှောက်မှုအတွက် ကျေးဇူးတင်ရှိကြောင်း ဦးချ ကန်တော့ပါတယ်...။”
“ပုန်ကန်မှုကို နှိမ်နင်းရန် စေလွှတ်လိုက်တဲ့ စစ်ကူအားလုံးထဲမှာ လူဆယ်ပုံတစ်ပုံ သေဆုံးပြီး ငါးဆယ်ကျော် ဒဏ်ရာရခဲ့ပါတယ်...။ ဒါက စစ်ကူအားလုံးထဲတွင် သေဆုံးဒဏ်ရာရမှု အနည်းဆုံးနှုန်း ဖြစ်ပါတယ်...။”
“ဒီတိုက်ပွဲမှာ ကျွန်တော်တို့ ရှန်းယန်တပ်ဖွဲ့က ရန်သူစစ်သည် တစ်ရာကျော်ကို သတ်ဖြတ်နိုင်ခဲ့ပြီး သုံ့ပန်းဆယ် ယောက်ကျော်ကို ဖမ်းဆီးရမိကာ စစ်ဘက်ဆိုင်ရာ ပစ္စည်းကိရိယာ အစုံသုံးရာကျော်နဲ့ စစ်မြင်းအကောင်နှစ်ဆယ် ကို သိမ်းဆည်းရမိခဲ့ပါတယ်...။ ဒါဟာ တူညီတဲ့ အဖွဲ့အစည်းတပ်ဖွဲ့တွေကြားမှာ အခမ်းနားဆုံး အောင်ပွဲဖြစ်ပါ တယ်...။”
“စစ်မြေပြင်ကိုသွားရာလမ်းမှာ ခြင်တွေ ပေါများနေတဲ့ စိမ့်တောဧရိယာကို ဖြတ်ကူးရင်း စိမ့်တော ခြင်ဘီလူး ကြီးတွေရဲ့ တိုက်ခိုက်ခံရချိန်မှာ အခြားငါးယောက် သေဆုံးခဲ့ရပါတယ်...။”
“အကယ်၍ တောင်စောင့်နတ်မင်းကြီးရဲ့ စောင့်ရှောက်မှုသာ မရှိခဲ့ရင် ရှန်းယန်က အရည်အချင်းရှိတဲ့ လူငယ် အများစုဟာ စိမ့်တောထဲမှာ ဒဏ်ရာရသွားနိုင်လောက်ပါတယ်...။”
ယန်ရှိုယီသည် ရှိခိုးဖျာပေါ်တွင် ဒူးထောက်ကာ ဤစကားများကို တီးတိုးရေရွတ်နေစဉ် ရုတ်တရက် တံခါးအပြင် ဘက်မှ လျင်မြန်သော မြင်းခွာသံများ ထွက်ပေါ်လာခဲ့လေ၏။
“သတင်းပို့ပါတယ်...။”
အပြင်ဘက်မှ ရှည်လျားသော အသံတစ်သံ ထွက်ပေါ်လာပြီးနောက် သတင်းပို့သမား တစ်ဦးသည် နတ်ကွန်းထဲ သို့ အပြေးအလွှား ဝင်ရောက်လာလေသည်။
ဤအချိန်တွင် ရွှီပေါ်အန်းသည် သူ၏ကားထဲသို့ အလျင်စလို ဝင်ရောက်သွားကာ တောင်စောင့်နတ်မင်း နတ်ကွန်း သို့ ဝင်ရောက်ခဲ့ပြီး ဟုန်ယာရွာ မြေစောင့်နတ် နတ်ကွန်းကို အခြေစိုက်စခန်းအဖြစ် ရွေးချယ်ကာ ဤနေရာသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်လေသည်။
သူ ဝင်ဝင်ချင်းပင် သတင်းပို့သမား၏ အော်သံကို ကြားလိုက်ရလေ၏။
သူသည် အလိုအလျောက်ပင် ၎င်းဆီသို့ အာရုံစိုက်လိုက်မိလေသည်။
သတင်းပို့သမားသည် ခရီးပန်းနေပုံရပြီး ပင်ပန်းနွမ်းနယ်နေပုံ ပေါက်နေလေ၏။ သူ၏ သံချပ်ကာအင်္ကျီပေါ်ရှိ သွေးစွန်းနေသော အရာများမှာ မခြောက်သွေ့သေးဘဲ သူ၏ နှုတ်ခမ်းများသည် ခြောက်သွေ့မှုကြောင့် အက်ကွဲ နေကာ အသံမှာလည်း အက်ရှရှ ဖြစ်နေလေသည်။
အသံကို ကြားသောအခါ ယန်ရှိုယီသည် ဖြည်းညင်းစွာ မတ်တတ်ရပ်လိုက်ပြီး သူ၏ အဝတ်အစားများကို ညင်သာစွာ ပွတ်သပ်ကာ အခွင့်အာဏာအပြည့်ဖြင့် လက်ကိုဝှေ့ယမ်းရင်း ပြောလိုက်လေ၏။
“ပြောပါ...”
၎င်းတို့ စကားပြောနေစဉ် ကိုယ်ရံတော်တစ်ဦးက သစ်သားကုလားထိုင်တစ်လုံးကို ယူဆောင်လာပြီး ယန်ရှိုယီ၏ အနောက်တွင် ချထားပေးလေသည်။ ယန်ရှိုယီ ထိုင်လိုက်သောအခါ ကိုယ်ရံတော်တစ်ဦးက သူ့ကို လက်ဖက်ရည် တစ်ခွက် ကမ်းပေးလိုက်လေ၏။
သတင်းပို့သမားသည် ဒူးတစ်ဖက်ထောက်၍ သူ၏ လက်နှစ်ဖက်ကို ရှေ့သို့ဆုပ်ကိုင်ကာ ပြောလိုက်လေသည်။
“တပ်မှူးကို သတင်းပို့ပါတယ်...။ အသစ်ခန့်အပ်လိုက်တဲ့ ရှန်းယန်ခရိုင်ရဲ့ ခရိုင်ဝန်က အရင်က ရဲမက်ခေါင်းဆောင် ဖြစ်ခဲ့တဲ့ ဝမ်ချောင်း...၊ အမတ်ကြီးဝမ် ဖြစ်နေကြောင်း ကျွန်တော်တို့ အတည်ပြုနိုင်ခဲ့ပါ တယ်...။”
“ဟွန့်...”
ယန်ရှိုယီက နှာမှုတ်လိုက်ပြီး မတ်တတ်ရပ်ကာ သူ့ရှေ့ရှိ သတင်းပို့သမားအား စူးစိုက်ကြည့်လိုက်လေသည်။ သူက လက်ဖက်ရည်ပန်းကန်ကို ဘေးသို့ ပေါ့ပေါ့ပါးပါး ကမ်းပေးလိုက်ရာ ကိုယ်ရံတော်တစ်ဦးက အရို အသေပေးကာ လှမ်းယူလိုက်လေ၏။
“တပ်မှူးဝမ်..၊ အမတ်ကြီးဝမ်...။ တကယ့်ကို ထူးခြားတဲ့ အမတ်ကြီးဝမ်ပါပဲ...။ သူက တကယ့်ကို အံ့မခန်းပါပဲ...။ ရာထူးမရှိတဲ့ အောက်ခြေအဆင့် အာဏာပါးကွက်သား တစ်ယောက်က ငါ့ခေါင်းပေါ်ကို ဘယ်လိုများ ကျော်တက် သွားနိုင်ရတာလဲ...။”
ယန်ရှိုယီသည် တပ်မှူးတစ်ဦးဖြစ်ပြီး မူလက ရာထူးရှိသော စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦး ဖြစ်လေသည်။ သူ သည် အနိမ့်ဆုံးဖြစ်သော အဋ္ဌမအဆင့် ရာထူးတွင်သာ ရှိနေသော်လည်း မဟာကျင့်မင်းဆက်၏ ဧကရာဇ်က တရားဝင် ခန့်အပ်ထားသူ ဖြစ်ပေသည်။
ဝမ်ချောင်းမှာမူ ။ သူသည် ယခင်က ခရိုင်တစ်ခုတွင် အမှုအခင်းများကို တာဝန်ယူရသည့် အာဏာပါးကွက်သား ခေါင်းဆောင်ဖြစ်ခဲ့ပြီး အလွန်ဂုဏ်သိက္ခာရှိပုံပေါ်ကာ ခရိုင်အတွင်း၌ သြဇာအာဏာ ကြီးမားခဲ့သော်လည်း သူ သည် စာရေးတစ်ဦးသာဖြစ်ပြီး အရာရှိတစ်ဦး လုံးဝ မဟုတ်ခဲ့ပေ။ တရားဝင် ရာထူးရှိသူ တစ်ဦးဖြစ်ရန် ဆိုသည် ကား အဝေးကြီးပင်။
ကိုယ်ရံတော်တစ်ဦးက ရှေ့သို့ကိုင်းကာ တီးတိုးပြောလိုက်လေ၏။
“သခင်ကြီး...၊ ကျွန်တော်တို့ ညီအစ်ကိုတွေက ပုန်ကန်မှုကို နှိမ်နင်းဖို့ အသက်စွန့်နေချိန်မှာ သူကတော့ အိမ်မှာ ထိုင်ပြီး သူ့ရဲ့ တရားဝင်ရာထူး ကောင်းကင်ပေါ်က ကျလာမယ့်အချိန်ကို စောင့်နေခဲ့တာပါ...။ သူ့ကို ကျွန်တော်တို့ ဘယ်လိုများ အကြောင်းပြချက် ပေးနိုင်မှာလဲ...။”
ယန်ရှိုယီက သူ၏ ကိုယ်ရံတော်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်လေသည်။
“အကြောင်းပြချက် ဟုတ်လား...။ ဟွန့်...၊ မီးလောင်ရာ လေမပင့်စမ်းပါနဲ့...။ ဝမ်ချောင်း ငါ့အပေါ် ကျော်တက် သွားတဲ့အတွက် ငါ အရမ်း နာကြည်းမိပါတယ်...။ ဒါပေမဲ့ ပုန်ကန်သူတွေကို ဆန့်ကျင်ဖို့ ပြည်သူတွေကို ဦးဆောင် ခဲ့ပြီး မြို့ရဲ့ မြောက်ဘက်ထောင့်ကို ကာကွယ်ပေးခဲ့တဲ့အတွက် ရှန်းယန်မြို့ လုံးဝ မကျဆုံးသွားအောင် ကာကွယ် ပေးနိုင်ခဲ့တဲ့ သူ့ရဲ့ ကုသိုလ်ကိုတော့ ငါ အသိအမှတ်ပြုပါတယ်...။”
ကိုယ်ရံတော်က အလျင်စလို ပြောလိုက်လေ၏။
“ဟုတ်ပါတယ်...၊ ဟုတ်ပါတယ်...၊ ဒါကတော့ ငြင်းလို့မရပါဘူး...။ တပ်မှူးကြီးက သဘောထားကြီးပါတယ်...။ ဒါပေမဲ့ အဲဒီအချိန်တုန်းကသာ ကျွန်တော်တို့ ညီအစ်ကိုတွေ မြို့ထဲမှာ ကျန်နေခဲ့မယ်ဆိုရင် ခုလို ရာထူးတိုးဖို့ အခွင့်အရေးကြီးက နန်းတွင်းက သာမန် အရာရှိတစ်ယောက်ဆီကို ဘယ်တော့မှ ရောက်သွားမှာ မဟုတ်ဘူးလို့ အမြဲတမ်း ခံစားနေရတယ်...။”
ယန်ရှိုယီက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ပြီး ပြောလိုက်လေသည်။
“ဟွန့်...၊ မှန်တယ်... ။အဲဒီကောင်လေးက ကံကောင်းလို့သာ ရာထူးတိုးသွားတာ...။ ငါသာ သူ့နေရာမှာဆိုရင် ရှန်းယန်မြို့က ဘယ်တော့မှ ကျဆုံးသွားမှာ မဟုတ်ဘူး...။ တံခါးတစ်ပေါက်တောင် ကျိုးပေါက်သွားမှာ မဟုတ် ဘူး...။”
ထိုစဉ် ရှန်းယန်တပ်ဖွဲ့မှ အခြားစစ်သည်တစ်ဦး ပြေးဝင်လာခဲ့လေ၏။
“တပ်မှူးကြီး... အဆက်အသွယ်လုပ်ဖို့ တပ်မှူးကြီး ခိုင်းထားတဲ့ ကျန်ခဲ့တဲ့ ညီအစ်ကိုတွေကို ကျွန်တော် ဆက်သွယ် ပြီးပါပြီ...။ ရှန်းယန်ခရိုင်မှာ ကျန်ခဲ့တဲ့ စစ်သည်စုစုပေါင်း (၅၃) ယောက် ရှိပါတယ်...။ ဖျားနာနေတဲ့သူ ဒါမှမ ဟုတ် ဒဏ်ရာရပြီး အနားယူနေတဲ့သူ သုံးယောက်ကို ဖယ်လိုက်ရင် တာဝန်ထမ်းဆောင်ဖို့ ညီအစ်ကို ရှစ်ယောက် ပဲ ကျန်ပါတော့တယ်...။ ပြီးတော့ ရှစ်ယောက်လုံး ဒဏ်ရာရထားပြီး ငါးယောက်က ပြင်းထန်ပါတယ်...။ သူတို့ရဲ့ ကံကြမ္မာကနေ လွတ်မြောက်နိုင်မယ် မထင်ဘူး...။”
ယန်ရှိုယီ နားထောင်လေလေ သူ၏ မျက်နှာအမူအရာမှာ ပိုမို ဆိုးရွားလာလေလေ ဖြစ်၏။
နောက်ဆုံးအပိုင်းကို ကြားသောအခါ သူသည် လက်သီးများကို တင်းကျပ်စွာ ဆုပ်လိုက်ရာ အရိုးအဆစ်များပင် မြည်သွားခဲ့လေသည်။
“ကျစ်...၊ မင်း… ဝမ်ချောင်း...။ မင်းက ငါ့ရဲ့ ရှန်းယန်တပ်ဖွဲ့က ညီအစ်ကိုတွေကို အမြောက်စာအဖြစ် အသုံးချနေ တာပဲ...။”
ထိုသို့ပြောရင်း ယန်ရှိုယီသည် သူ၏ ဒေါသကို ဆက်လက် မထိန်းချုပ်နိုင်တော့ချေ။ သူသည် ခါးမှ ဓားကိုဆွဲထုတ် ကာ သူခုနက ထိုင်ခဲ့သော သစ်သားကုလားထိုင်ကို ခုတ်ချလိုက်လေတော့သည်။
ချက်ချင်းပင် သစ်သားကုလားထိုင်၏ ကျောမှီမှာ နှစ်ခြမ်းကွဲသွားပြီး မြေကြီးပေါ်တွင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားခဲ့လေ၏။
ရုတ်တရက် သူ၏ မျက်နှာသည် နီရဲသွားပြီး သွေးတစ်ပွက်ကို အန်ချလိုက်လေသည်။
“တပ်မှူးကြီး...၊ စိတ်ကို တည်ငြိမ်အောင် ထားပါဦး...။ တပ်မှူးကြီး ဒဏ်ရာရထားသေးတယ်...။ သမားတော်က ဒေါသမထွက်ရဘူးလို့ ပြောထားတယ်နော်...။”
စစ်သည်တစ်ဦးက ယန်ရှိုယီ၏ ဒဏ်ရာများကို သုတ်ပေးရန် ရေနှင့် အဝတ်တစ်ထည်ကို အလျင်စလို ယူဆောင် လာခဲ့လေ၏။
ယန်ရှိုယီ၏ ဝမ်းဗိုက်တွင် သူ၏ ခါးကို ကန့်လန့်ဖြတ်လုနီးပါး ဖြစ်နေသော ဒဏ်ရာရှည်ကြီး တစ်ခုရှိနေသည်ကို ရွှီပေါ်အန်း သတိပြုမိလိုက်လေသည်။
ကံကောင်းထောက်မစွာဖြင့် ဒဏ်ရာမှာ သိပ်မနက်လှချေ။ သို့မဟုတ်ပါက သူ၏ အတွင်းကလီစာ တစ်ဝက်ခန့်မှာ အပြင်သို့ ထွက်ကျလာမည် ဖြစ်လေ၏။
“ငါ အဆင်ပြေပါတယ်...။”
ယန်ရှိုယီက ဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်ပြီး သူ၏ နှုတ်ခမ်းထောင့်မှ သွေးများကို လက်ခုံဖြင့် သုတ်ကာ နာကြည်းစွာ ပြောလိုက်လေသည်။
“ငါ့ရဲ့ ညီအစ်ကို ငါးဆယ်အတွက် ငါ စိတ်မကောင်းဖြစ်ရုံပါ...။”
“ရှန်းယန်က ငါ့ရဲ့ ရဲရင့်တဲ့ လူတွေက ပုန်ကန်မှုကို နှိမ်နင်းဖို့ စစ်ချီရာမှာ ငါ့နောက်ကို လိုက်လာခဲ့ကြတာ...။ အသေအကြေ တိုက်ပွဲသုံးကြိမ် အပြီးမှာ လူသုံးဆယ်ကျော်လောက်ပဲ ဆုံးရှုံးခဲ့ရတယ်...။ အဲဒီ ဝမ်ချောင်းဆိုတဲ့ ကောင်စုတ်က ငါ့ရဲ့ ညီအစ်ကိုကောင်း ငါးဆယ်လုံးနီးပါးကို ဆုံးရှုံးသွားအောင် လုပ်ခဲ့တာပဲ...။”
“ကျစ်...၊ ငါ သူ့ကို စွပ်စွဲပြစ်တင်ရမယ်...။ သွားပြီး စက္ကူနဲ့ စုတ်တံ သွားယူခဲ့...။ ငါပြောမယ်...၊ မင်းတို့ ဒါကို လိုက်ရေး...။”
ယန်ရှိုယီသည် စာရေးသားရာတွင် မကျွမ်းကျင်ကြောင်းကို သိထားသဖြင့် သူ၏ဘေးရှိ ကိုယ်ရံတော်က စက္ကူနှင့် စုတ်တံရှာရန် လူတစ်ဦးအား အလျင်အမြန် အမိန့်ပေးလိုက်သော်လည်း တီးတိုး ပြောလိုက်လေ၏။
“တပ်မှူးကြီး...၊ သေချာစဉ်းစားပါဦး...။ ဝမ်ချောင်းက အခု ရှန်းယန်ခရိုင်ရဲ့ ခရိုင်ဝန် ဖြစ်နေပြီ...။ သူက ကျွန်တော် တို့ရဲ့ တိုက်ရိုက် အထက်လူကြီး မဟုတ်ပေမဲ့ ရှန်းယန်ခရိုင် အတွင်းမှာတော့ သူ ထိန်းချုပ်ထားတဲ့အောက်မှာ ရှိနေ တုန်းပါပဲ...။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့က အထက်အရာရှိကို ပုန်ကန်နေသလို ဖြစ်နေပါ လိမ့်မယ်...။”
ယန်ရှိုယီက ကုလားထိုင်ကို ကန်ချလိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်လေသည်။
“အဓိပ္ပာယ်မရှိတာတွေ...၊ သူ့ရဲ့ သတ္တိကြောင်မှုကို ငါ သည်းခံရမယ် ဟုတ်လား...။ ငါ တပ်မှူးအလုပ်က ထွက် လိုက်တာကမှ ပိုကောင်းဦးမယ်...။”
ထိုသို့ပြောဆိုနေစဉ်မှာပင် ယန်ရှိုယီ၏ နှုတ်ခမ်းထောင့်မှ သွေးအနည်းငယ် ထပ်မံ ယိုစိမ့်လာခဲ့လေ၏။
ယန်ရှိုယီ၏ ဒဏ်ရာများကို ကုသပေးရန် စိုးရိမ်တကြီး ကူညီပေးနေကြသော လူများကို မြင်သောအခါ ရွှီပေါ်အန်း သည် သက်ပြင်းမချဘဲ မနေနိုင်တော့ဘဲ အသံထွက်သွားခဲ့လေသည်။
“ဟင်း...။”
အခန်းတွင်းရှိ တင်းမာနေသော လေထုမှာ ရွှီပေါ်အန်း၏ သက်ပြင်းချသံကြောင့် ရုတ်တရက် ပျက်ပြားသွားခဲ့ လေ၏။
ချက်ချင်းပင် လူတိုင်း၏ အကြည့်များသည် အမွှေးတိုင်တင်ထားသော စားပွဲပေါ်ရှိ ရုပ်တုဆီသို့ ရောက်ရှိသွားခဲ့ ကြလေသည်။
“တောင်စောင့်နတ်မင်းကြီး...။ အရှင်နတ်မင်းကြီး...၊ ရောက်လာပါပြီလား...။”
ယန်ရှိုယီသည် သူ့ကို ဝန်းရံနေသော လူများကို တွန်းဖယ်လိုက်ပြီး အရက်မူးနေသူတစ်ဦးကဲ့သို့ ယိမ်းယိုင်ကာ အမွှေးတိုင်ခုံရှေ့ရှိ ရှိခိုးဖျာဆီသို့ သွားလိုက်ပြီး သူ၏ လက်ဝါးများကို အမွှေးတိုင်ခုံ၏ အစွန်းတွင် ထောက်ကာ ခြေထောက်များကို တစ်ဖက်ပြီးတစ်ဖက် ကွေး၍ ခက်ခဲစွာ ဒူးထောက်လိုက်လေသည်။
“ရှန်းယန်တပ်ဖွဲ့ကို တင်းကျပ်စွာ ကာကွယ်စောင့်ရှောက်နေတဲ့ ဒုတိယသားက တောင်စောင့်နတ်မင်းကြီးကို အရိုအသေ ပေးပါတယ်...။”
ရွှီပေါ်အန်းက မေးလိုက်လေ၏။
“ဒီစစ်ချီခရီးမှာ ခုနက မင်းပြောခဲ့တဲ့ ခြင်တွေ ပေါများနေတဲ့ စိမ့်တောကို ဖြတ်သန်းခဲ့ရတာလား...။”
ယန်ရှိုယီက ပြန်ဖြေလေသည်။
“ဟုတ်ပါတယ်...။ ဖြတ်သန်းခဲ့ရပါတယ်...။ တောင်စောင့်နတ်မင်းကြီး ပေးသနားတော်မူခဲ့တဲ့ နတ်ဘုရား ခြင်နှင်ဆေးနဲ့ အဆောင်ကြောင့် ရှန်းယန်က ကျွန်တော့်ရဲ့ ညီအစ်ကို အများစုက စိမ့်တောကို ဘေးကင်းစွာ ဖြတ်သန်းနိုင်ခဲ့ကြပါတယ်...။”
“အများစု ဟုတ်လား...။”
ရွှီပေါ်အန်းမှာ အံ့အားသင့်သွားခဲ့လေသည်။
“မင်းဆိုလိုတာက အထဲမှာ ပြဿနာကြုံရပြီး မဖြတ်သန်းနိုင်ခဲ့တဲ့သူတွေ ရှိနေသေးတယ်ဆိုတဲ့ သဘောလား...။”
ယန်ရှိုယီက လေးနက်စွာဖြင့် အင်း... ဟု အသံပြုလိုက်ပြီးနောက် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သတိပြုမိ သွားကာ ရိုသေစွာ ပြောလိုက်လေသည်။
“မူလကတော့ ညီအစ်ကိုအားလုံး ဘေးကင်းလုံခြုံကြပါတယ်...။ ဒါပေမဲ့ ကျွန်တော်တို့ အဲဒီစိမ့်တောကနေ ထွက်ခွာတော့မယ့် အချိန်လေးမှာပဲ ကျွန်တော်တို့ထဲက အနည်းငယ်ကို တိုက်ခိုက်တဲ့ ခြင်ဘီလူးကြီး တစ်ကောင် နဲ့ ရုတ်တရက် ရင်ဆိုင်ခဲ့ရတာပါ...။”
“ခြင်ဘီလူးကြီး ဟုတ်လား...။ ဘယ်လောက်တောင် ကြီးလို့လဲ...။”
ရွှီပေါ်အန်းက စပ်စုလိုစိတ်ဖြင့် မေးလိုက်လေ၏။
ယန်ရှိုယီက သူ၏ လက်ကိုမြှောက်ကာ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ရင်း ပြောလိုက်လေသည်။
“ကျွန်တော်နဲ့ အရပ်အမောင်းလောက် ရှိပြီး လက်တံအရှည်ကလည်း အဲဒီအရွယ်အစားလောက် ရှိပါတယ်...။ သူ့ရှေ့က ပါးစပ်နဲ့တူတဲ့ အရာက အပ်တစ်ချောင်းတည်းနဲ့ လူတစ်ယောက်ကို သွေးထွက်လွန်ပြီး သေဆုံးသွားစေ နိုင်ပါတယ်...။”
“အဲဒီလောက်တောင် ကြီးတာလား...။”
ရွှီပေါ်အန်းက အံ့သြတကြီး ရေရွတ်လိုက်လေသည်။
“ဟုတ်ပါတယ် တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...။ ပြီးတော့ သူက ပိုကြီးလာဖို့ပဲ ရှိပြီး သေးသွားမှာ မဟုတ်ပါ ဘူး...။ ဒါက သူ့ရဲ့ အကန့်အသတ် မဟုတ်ဘူးဆိုတာကို ကျွန်တော် မြင်တွေ့နိုင်ပါတယ်...။”
ဤခြင်သည် အလွန်ကြီးမားလှပြီး ဘွန်ဆိုင်းကမ္ဘာအတွင်းရှိ အရွယ်ရောက်ပြီးသူ တစ်ဦး၏ အရပ်တစ်ဝက်ခန့်နှင့် ညီမျှလေသည်။
အကယ်၍ ဤအရာသာ လက်တွေ့ကမ္ဘာတွင် ဖြစ်ပျက်ခဲ့ပါက ဤမျှကြီးမားသော ခြင်ကို မြင်တွေ့ရလျှင် လူအများမှာ သေလောက်အောင် ကြောက်လန့်သွားကြမည် ဖြစ်လေ၏။
ဤဘွန်ဆိုင်းအတွင်းရှိ ကမ္ဘာငယ်လေးသည် လက်တွေ့ကမ္ဘာနှင့် အလွန်တရာ ကွဲပြားခြားနားနေပေသည်။
ရွှီပေါ်အန်းက ပေါ့ပေါ့ပါးပါးပင် မှတ်ချက်ချလိုက်လေသည်။
“ဒီလောက်ကြီးမားတဲ့ ခြင်တွေ ရှိနေမယ်ဆိုတာကို ငါသာ သိခဲ့ရင် ခြင်နှင်ဆေးရဲ့ ပမာဏနဲ့ ပြင်းအားကို တိုးပေး ခဲ့ရမှာ...။”
ယန်ရှိုယီက ခေါင်းယမ်းလိုက်ပြီး ပြောလိုက်လေ၏။
“တောင်စောင့်နတ်မင်းဘိုးဘိုးကြီးရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်...။ ဒါပေမဲ့ ခုလို ခြင်ဘီလူးကြီး တွေကို ကျွန်တော်တို့ မြင်ဖူးတာ ဒါပထမဆုံးအကြိမ်ပါပဲ...။ ဒီနေရာက အချိန်အကြာကြီး စိုစွတ်နေတာကြောင့် သူတို့ ကြီးထွားလာဖို့ ကောင်းမွန်တဲ့ နေထိုင်ရာ ပတ်ဝန်းကျင်တစ်ခု ဖြစ်သွားတာကြောင့် ဖြစ်နိုင်ပါတယ်...။ တောင်စောင့်နတ်မင်းဘိုးဘိုးကြီးအနေနဲ့ ခုလို အသေးအမွှား ကိစ္စလေးအတွက် အနှောင့်အယှက်ဖြစ်ခံစရာ မလိုပါဘူး...။”
ရွှီပေါ်အန်းက ခေါင်းညိတ်လိုက်လေသည်။ အကယ်၍ တစ်ခါတစ်ရံမှ တစ်ကောင်၊ နှစ်ကောင်လောက်သာ ဆိုလျှင်တော့ ပြဿနာကြီးကြီးမားမား မဟုတ်လှချေ။
မည်သို့ပင်ဖြစ်စေ ထိုနေရာတွင် မျိုးဗီဇပြောင်းလဲရန် အခွင့်အလမ်း မရှိသေးချေ။ ၎င်းမှာ မျိုးဗီဇပြောင်းလဲခြင်း တစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပေသည်။
“ဒါဆို နောက်ပိုင်းမှာ အဲဒီ ခြင်ဘီလူးကြီးတွေကို မင်း ဘယ်လို ဖြေရှင်းခဲ့လဲ...။”
ရွှီပေါ်အန်းက မေးလိုက်လေ၏။
ယန်ရှိုယီက ခေါင်းကိုမော့ကာ ပြောလိုက်လေသည်။
“ကျွန်တော် တစ်ယောက်တည်း ရင်ဆိုင်ခဲ့ပြီး ကံကောင်းထောက်မစွာနဲ့ပဲ ကျွန်တော့်ရဲ့ တာဝန်ကို မပျက်ကွက်ခဲ့ဘဲ အဲဒီ ခြင်ဘီလူးကြီးကို သတ်ပစ်နိုင်ခဲ့ပါတယ်...။”
ခြင်များမှာ ထိုမျှလောက် အန္တရာယ် မပေးနိုင်ကြောင်း ကြားသောအခါ ရွှီပေါ်အန်းသည် လုံးဝ အလေးအနက် မထားတော့ချေ။
၎င်းတို့သည် ယန်ရှိုယီ၏ ဒဏ်ရာများကို ကုသပေးရန် စဉ်းစားနေကြဆဲမှာပင် ခေါင်ရှန်းရွာ၏ လမ်းကြောင်းဆီမှ နားကွဲမတတ် ဟိန်းဟောက်သံကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့လေတော့သည်။