အခန်း ၁၅၈
Vol. 16 Ch. 158
အခန်း (၁၅၈)
ရောဂါကို ဖုံးကွယ်ခြင်း
ဆုတောင်းဖျာပေါ်တွင် ဒူးထောက်၍ ခေတ္တမျှ ဆုတောင်းပြီးနောက် ယန်ရှိုယီသည် ဖြည်းညင်းစွာ မတ်တတ်ရပ် လိုက်လေ၏။
ယန်ရှိုယီသည် နောက်သို့လှည့်ကာ ယဇ်ပလ္လင်ပေါ်ရှိ တောင်စောင့်နတ်မင်း ချီးမြှင့်ထားသော အမွှေးတိုင်ပြာကို လက်ညှိုးထိုးပြ၍ ညွှန်ကြားလိုက်လေသည်။
“သွား... ၊ တောင်စောင့်နတ်မင်းကြီး ချီးမြှင့်တဲ့ နတ်ဆေးကို ယူပြီး ညီအစ်ကိုတွေကို အရင်တိုက်လိုက်...။ ဒဏ်ရာ အပြင်းထန်ဆုံးရထားတဲ့ ညီအစ်ကိုတွေကို ဦးစားပေးလိုက်...။”
အစောင့်တစ်ဦး၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး စိုးရိမ်တကြီးဖြင့် ပြောလာခဲ့လေ၏။
“အရှင်...၊ အရှင့်ရဲ့ ဒဏ်ရာကလည်း...။”
သူ စကားမဆုံးမီမှာပင် ယန်ရှိုယီက ရိုင်းပြစွာ ဖြတ်ပြောလိုက်ပြီး ပြတ်သားစွာ ဆိုလိုက်လေသည်။
“အပိုတွေ ပြောမနေနဲ့...၊ မြန်မြန်သွား...။ ညီအစ်ကိုတွေကို ဆေးမြန်မြန်တိုက်လေ...၊ သူတို့ ဝေဒနာတွေ မြန်မြန် သက်သာလေပဲ...။”
အစောင့်များမှာ နောက်ထပ် ဘာမျှ ဆက်မပြောရဲတော့ဘဲ ချက်ချင်းပင် ရှေ့သို့တက်ကာ အမွှေးတိုင်ပြာများကို ယူဆောင်သွားကြလေတော့၏။
ဘွန်ဆိုင်းကမ္ဘာထဲရှိ သူ၏ကိစ္စများကို ပြီးစီးပြီးနောက် ရွှီပေါ်အန်းသည် တရုတ်တိုင်းရင်းဆေးဌာနသို့ အလျင် အမြန် ပြန်လာခဲ့လေသည်။
ရွှီပေါ်အန်းသည် ဘွန်ဆိုင်းကမ္ဘာနှင့် အလုပ်ရှုပ်နေခဲ့သဖြင့် ဖော်စပ်ထားသော တိုင်းရင်းဆေးကိုပင် သွားမယူနိုင် သေးချေ။
မကြာမီမှာပင် ရွှီပေါ်အန်းသည် ဆေးထုတ်ပေးသည့် ကောင်တာသို့ ရောက်ရှိသွားခဲ့လေ၏။
“ဆရာဝန်မလေး...၊ ဒါက ကျွန်တော့်နံပါတ်ပါ...။ ဖော်ထားတဲ့ဆေး လာယူတာပါ...။”
အတွင်းရှိ သူနာပြုတစ်ဦးက ရွှီပေါ်အန်း၏ နံပါတ်ကို ကောက်ကိုင်၍ တစ်ချက်ကြည့်လိုက်ပြီးနောက် ပေါ့ပေါ့ ပါးပါးပင် လက်ညှိုးထိုးပြကာ ဆိုလေသည်။
“စောစောက ခေါ်သေးတယ်...၊ ရှင်မှမရှိတာ...။ ရှင့်နံပါတ်က ကျော်သွားပြီ...။ ဒီတစ်ယောက်စာ ဆေးဖော်ပေး ပြီးရင် ရှင့်အတွက် ဖော်ပေးပါ့မယ်...။ ခဏလောက် စောင့်ပေးပါ...။”
သူမ စကားပြော၍ပင် မဆုံးသေးမီ ဘေးဘက်ဆီမှ တင်းမာသော အသံတစ်သံ ထွက်ပေါ်လာခဲ့လေ၏။
“ဘာတွေ လျှောက်လုပ်နေတာလဲ...။ နံပါတ်ကျော်သွားရင် တန်းပြန်စီရမှာပေါ့...၊ ဒါက ကြားဖြတ်လုတာပဲ...။”
စကားပြောလိုက်စဉ်မှာပင် အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါးနှင့် နှာခေါင်းစည်း တပ်ထားပြီး လက်နှစ်ဖက်ကို အိတ်ကပ်ထဲ ထည့်ထားသော အမျိုးသားတစ်ဦးသည် ဆေးပေးခန်းအတွင်းရှိ ကုလားထိုင်ပေါ်မှ မတ်တတ်ရပ် လာခဲ့လေသည်။
ထိုအမျိုးသားသည် အဖြူရောင် ဆရာဝန်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏ကိုယ်တွင် ချိတ်ဆွဲထားသော အမည် ကတ်ပြားက သူ၏ အခြေခံအချက်အလက်များကို ဖော်ပြနေလေ၏။
ဟူရှောင်ကျဲ...။
ဆေးထုတ်ပေးနေသော သူနာပြုမှာ နားမလည်နိုင်စွာဖြင့် ပြန်လည်ချေပလိုက်လေသည်။
“ဒေါက်တာဟူ...၊ ကျွန်မတို့က အမြဲတမ်း...။”
သူမ စကားမဆုံးမီမှာပင် ဟူရှောင်ကျဲက လက်ကာပြကာ ဖြတ်ပြောလိုက်လေ၏။
“ရပြီ...၊ မင်းက အားနာတတ်ပြီး လူတွေကို ငြင်းရခက်နေတာ ငါသိတယ်...။ ဒါကြောင့် ငါပဲ လူဆိုးလုပ်လိုက် ပါ့မယ်...။”
ထို့နောက် ဟူရှောင်ကျဲသည် စကားလမ်းကြောင်းပြောင်းကာ ရွှီပေါ်အန်းအား ဆိုလေသည်။
“ခင်ဗျား...၊ နံပါတ်အသစ်ပြန်ယူပြီး တန်းပြန်သွားစီလိုက်ပါ...။”
ထိုလူ နှာခေါင်းစည်း တပ်ထားသော်ငြားလည်း ရွှီပေါ်အန်းသည် သူ့ကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွားခဲ့လေ၏။ ဤသူမှာ စောစောက ဒေါက်တာကျန်း၏ တပည့်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ယာဉ်ရပ်နားရန်နေရာ၌ သူ၏ ကားပါ ကင်ကိုပင် လုယူရန် ကြိုးစားခဲ့သော အမျိုးသားဆရာဝန်ပင် ဖြစ်လေသည်။
ရွှီပေါ်အန်းသည် ဟူရှောင်ကျဲကို အေးစက်စွာ တစ်ချက်ကြည့်လိုက်ပြီးနောက် ရုတ်တရက် ရယ်မောလိုက်လေ တော့၏။
“ဘာရယ်တာလဲ...၊ ခင်ဗျားကို တန်းပြန်စီခိုင်းနေတယ်လေ...။”
ရွှီပေါ်အန်းက ခေါင်းခါမ်းပြရင်း ပြောလိုက်လေသည်။
“ခင်ဗျား ဒီလောက်တောင် ဒေါသထွက်နေတာ မဆန်းပါဘူးလေ...။ ခင်ဗျားက လူပျိုပေါက်အရွယ်နဲ့ ပန်းသေ ပန်းညှိုးရောဂါ ခံစားနေရတော့ ဒေါသတွေ စုပုံနေတာကိုး...။”
နေ့စဉ်ဘဝတွင် အချို့လူများက ဤစကားစု၏ အဓိပ္ပာယ်ကို နားမလည်နိုင်သော်ငြားလည်း တရုတ်တိုင်းရင်း ဆေးပေးခန်း ဧရိယာအတွင်းရှိ လူအများစုမှာမူ ရွှီပေါ်အန်း၏ စကားကို သဘောပေါက် နားလည်ကြလေ၏။
ဟူရှောင်ကျဲ၏ အမူအရာမှာ ချက်ချင်းပင် ပြောင်းလဲသွားပြီး ဆိုလိုက်လေသည်။
“ဘာတွေ လျှောက်ပြောနေတာလဲ...။”
ရွှီပေါ်အန်းက သူ၏ မေးစေ့ကို အေးအေးဆေးဆေး ပွတ်သပ်ရင်း ဆိုလေ၏။
“ကျွန်တော် လျှောက်ပြောနေတာ ဟုတ်မဟုတ် ခင်ဗျားရင်ထဲမှာ အသိဆုံးပါ...။ ခင်ဗျားက ဒီရက်ပိုင်း အပျော် အပါး လွန်ကြူးမိလို့ ခဏတာ ပင်ပန်းသွားတာပဲ ဖြစ်မယ်ဆိုပြီး မျှော်လင့်ချက်လေး ထားနေတုန်းပဲမလား...။ ဒါပေမဲ့ အဲ့ဒီလိုမဟုတ်ဘူး...၊ ခင်ဗျားရဲ့ ရောဂါက အရမ်းဆိုးရွားနေပြီ...။ အကယ်၍ သေချာ ထိထိရောက်ရောက် မကုသဘူးဆိုရင် ခင်ဗျား တစ်သက်လုံး အခွင့်အရေး ရတော့မှာ မဟုတ်ဘူး...။”
ဟူရှောင်ကျဲသည် ရွှီပေါ်အန်းအား ဒေါသမီးတောက်လောင်နေသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ ဆိုလိုက် လေသည်။
“သရဲတစ္ဆေလို လာဟန်ဆောင်ပြီး ငါ့ကို လာမကျိန်ဆဲနဲ့...။ ငါက ဆေးပညာရှင်တစ်ယောက်ပဲ..၊ ငါ့ခန္ဓာကိုယ် အခြေအနေကို ငါဘယ်လိုလုပ် မသိဘဲနေပါ့မလဲ...။ မင်းက အခြေအမြစ်မရှိ လျှောက်ပြောနေတာပဲ...။”
ရွှီပေါ်အန်းက တိုးညင်းစွာ ပြောလိုက်လေ၏။
“ဆရာဝန်တွေမှာလည်း အဆင့်အတန်း ကွဲပြားမှုတွေ ရှိတယ်လေ...။ ခင်ဗျားပုံစံကို ကြည့်ရတာ ဘွဲ့ရဖို့တောင် မနည်းကြိုးစားခဲ့ရတဲ့ အောက်ခြေအဆင့် ကျောင်းဆင်းတစ်ယောက် ဖြစ်ရမယ်...။”
ဟူရှောင်ကျဲက ပြန်လည်မချေပနိုင်မီမှာပင် ရွှီပေါ်အန်းက လက်ကိုမြှောက်၍ ညာဘက်ဝမ်းဗိုက်အောက်ပိုင်း၏ လက်ငါးလုံးခန့်အကွာ နေရာကို ညင်သာစွာ ပုတ်ပြရင်း ဆက်ပြောလေသည်။
“ခင်ဗျား မယုံရင် ဒီနေရာကို နည်းနည်းလေး ဖိကြည့်လိုက်ပါလား...။”
ဟူရှောင်ကျဲသည် ရွှီပေါ်အန်းကို ဒေါသတကြီး စိုက်ကြည့်နေပြီး ရွှီပေါ်အန်း၏ ပြောစကားကို လုံးဝ လျစ်လျူရှု ထားခဲ့လေ၏။ ထို့အစား သူက အပြင်ဘက်သို့ လက်ညှိုးထိုးပြကာ ဆိုလေသည်။
“ဆေးရုံမှာ လာပြီး အရူးချီးပန်းတွေ ပြောနေရအောင် ဆေးလာကုတာလား...။ မင်း ရူးနေတာလား...။ ဆေးလာ ကုတာလား၊ ပြဿနာလာရှာတာလား...။ ထွက်သွားစမ်း...။”
ရွှီပေါ်အန်း စကားမပြောနိုင်မီမှာပင် ဘေးဘက်ဆီမှ ဩဇာတိက္ကမနှင့် ပြည့်စုံသော အသံတစ်သံ ထွက်ပေါ်လာခဲ့ လေသည်။
“ရှောင်ကျဲ...၊ ရိုင်းရိုင်းစိုင်းစိုင်း မလုပ်နဲ့...။ သူပြောတဲ့အတိုင်း လုပ်ကြည့်စမ်း...။”
လူအုပ်ကြီးက အသံလာရာဆီသို့ လှည့်ကြည့်လိုက်ကြရာ သက်ကြီးရွယ်အို တစ်ဦး ဘေးဘက်မှ လျှောက်လာ သည်ကို မြင်လိုက်ရလေသည်။
သူသည် တရုတ်တိုင်းရင်းဆေးဌာန၏ ညွှန်ကြားရေးမှူး ကျန်းကျိမင်ပင် ဖြစ်လေသည်။ ထိုသူမှာ ရွှီပေါ်အန်း ယခင်က တွေ့ဆုံဖူးသော ဒေါက်တာကျန်း ဖြစ်ပြီး ပိုင်စုစု၏ အဘိုးလည်း ဖြစ်လေ၏။
ဟူရှောင်ကျဲက ကျန်းကျိမင်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်ပြီး မလိုလားအပ်စွာဖြင့် ဆိုလေသည်။
“ဆရာ...၊ သူက...။”
သူ စကားမဆုံးမီမှာပင် ကျန်းကျိမင်က ဟူရှောင်ကျဲဆီသို့ လက်လှမ်းကာ လက်နှစ်ချောင်းကို စု၍ ရွှီပေါ်အန်း ခုနက ပြောခဲ့သော နေရာကို ဖိချလိုက်လေတော့သည်။
ဟူရှောင်ကျဲသည် မူလက ရှောင်ဖယ်ချင်ခဲ့သော်လည်း ကျန်းကျိမင်၏ လေးနက်သော မျက်ဝန်းများကို မြင်လိုက် ရသောအခါ သူက လိမ္မာစွာဖြင့်ပင် အဖိခံလိုက်လေ၏။
သူက မခံချင်စိတ်ဖြင့် တီးတိုးရေရွတ်လိုက်လေသည်။
“ဆရာက ဒီလမ်းဘေးကကောင် ပြောတာကို တကယ်ယုံနေတာလား...။ ကောင်းပြီလေ...၊ သူ ဘာလှည့်ကွက် တွေ သုံးမလဲ ကြည့်ရသေးတာပေါ့...။”
နောက်တစ်စက္ကန့်တွင် ဟူရှောင်ကျဲ၏ အမူအရာ ပြောင်းလဲသွားပြီး သူ အသက်ရှုမှားသွားခဲ့လေ၏။
ကျန်းကျိမင်၏ လက်ချောင်းများဖြင့် ဖိချလိုက်သည်နှင့် တစ်ပြိုင်နက် ဟူရှောင်ကျဲသည် ထိုနေရာ၌ လျှပ်စစ် ဓာတ်လိုက်သွားသကဲ့သို့ ခံစားလိုက်ရလေသည်။
၎င်းသည် ကြီးမားသော လျှပ်စစ်စီးကြောင်းမျိုး မဟုတ်ဘဲ တစ်ခါသုံးမီးခြစ်၏ မီးပွားထွက်စေသော ကိရိယာမှ သေးငယ်သော လျှပ်စစ်မော်တာလေး ရှော့ခ်ဖြစ်သွားသကဲ့သို့ ခံစားရခြင်းမျိုး ဖြစ်လေ၏။
ဟူရှောင်ကျဲ၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်ကို မြင်သောအခါ ကျန်းကျိမင်၏ အမူအရာမှာ ပို၍ လေးနက်သွားခဲ့လေသည်။
သေချာသည်မှာ ရွှီပေါ်အန်း၏ စကား မှန်ကန်နေခြင်းပင် ဖြစ်လေ၏။
ရွှီပေါ်အန်းသည် ဤမြင်ကွင်းကို ပြုံး၍ ကြည့်နေကာ ဆက်ပြောလိုက်လေသည်။
“အဲ့ဒီနောက်မှာ လည်ပင်းနဲ့ နောက်စေ့ဆုံတဲ့နေရာကနေ အပေါ်ဘက်ကို လက်သုံးလုံးလောက် အကွာက ပတ်ဝန်းကျင်နေရာကို နည်းနည်းလေး အားသုံးပြီး ဖိကြည့်လိုက်ပါ...။”
ဤသည်ကို ကြားသည်နှင့် တစ်ပြိုင်နက် ကျန်းကျိမင်က ချက်ချင်း လုပ်ဆောင်လိုက်ပြီး သူ၏ လက်ချောင်းများ ကို ဟူရှောင်ကျဲ၏ လည်ပင်းပေါ်သို့ တင်လိုက်လေ၏။
အပြစ်ရှိသလို ခံစားနေရသော ဟူရှောင်ကျဲသည် ဆက်လက် ပူးပေါင်းပါဝင်လိုခြင်း မရှိတော့ချေ။ အကယ်၍ သူ ဆက်လက် ပူးပေါင်းပါဝင်နေမည်ဆိုလျှင် သူကိုယ်တိုင် အရှက်ကွဲရတော့မည်ဖြစ်ကြောင်း သူ သဘောပေါက် သွားခဲ့လေသည်။
သို့သော် သူ မရှောင်တိမ်းနိုင်မီမှာပင် ကျန်းကျိမင်က ဖိချလိုက်ရာ သူ၏ မျက်လုံးရှေ့တွင် ရုတ်တရက် အမြင်အာ ရုံများ ဝေဝါးသွားသည်ကို ခံစားလိုက်ရလေတော့၏။
ထို့နောက် သိသာထင်ရှားသော ခေါင်းမူးဝေမှုနှင့်အတူ သူ၏ နှလုံးမှာ ရုတ်တရက် ပြင်းထန်စွာ ခုန်ပေါက်လာ သကဲ့သို့ ခံစားလိုက်ရလေသည်။
လည်ချောင်းထဲမှ အပြင်သို့ ခုန်ထွက်လာတော့မည့်အလားပင် ခံစားလိုက်ရလေ၏။
ဟူရှောင်ကျဲသည် သူ၏ နှလုံးနေရာကို ကာကွယ်ရန် လက်ကို အလျင်အမြန် မြှောက်လိုက်ရာ ပြင်းထန်သော ရောဂါကြီးတစ်ခုမှ နာလန်ထခါစ လူတစ်ယောက်ကဲ့သို့ သူ၏ မျက်နှာမှာ ဖြူရော်နေခဲ့လေပြီ။
အမှန်တော့ ဟူရှောင်ကျဲသည် သူ၏ ကိုယ်ပိုင်အခြေအနေကို သတိပြုမိနေခဲ့သည်။
သို့သော် ရွှီပေါ်အန်း ခုနက ပြောခဲ့သလိုပင် သူ၏ ရောဂါလက္ခဏာများသည် ဤရက်ပိုင်းအတွင်း အလုပ်ပန်းခြင်း နှင့် အပျော်အပါး လွန်ကြူးခြင်းတို့ကြောင့်သာ ဖြစ်သည်ဟု သူက တွေးထင်ထားခဲ့ခြင်း ဖြစ်ပေသည်။
ဤရက်ပိုင်းများတွင် သူသည် ဂိုဂျီသီး၊ ဆီးသီးနှင့် ထျဲ့ဖီရှီဟူ ဆေးရည်များကို အများအပြား သောက်သုံးနေခဲ့ပြီး သူ၏ အလုပ်တာဝန်ကို အခွင့်ကောင်းယူကာ အလွန်အာဟာရပြည့်ဝသော ဆေးစွမ်းကောင်း အချို့ကိုပင် သူ့ အတွက်သူ ရယူထားခဲ့သေးသည်။ အချိန်အတန်ကြာလျှင် ပြန်လည်သက်သာလာမည်ဟု သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်၏။
မထင်မှတ်ထားဘဲ ယနေ့တွင် ရွှီပေါ်အန်း၏ စမ်းသပ်မှုကို ခံလိုက်ရပြီးနောက် သူ အလွန်ရိုးရှင်းစွာ တွေးတောနေ ခဲ့မိကြောင်းကို သဘောပေါက်သွားခဲ့လေတော့သည်။
ကျန်းကျိမင်သည် ဟူရှောင်ကျဲ၏ အပြောင်းအလဲများကို အချိန်ပြည့် စောင့်ကြည့်နေခဲ့လေ၏။
ဤအချိန်တွင် ဆယ်စုနှစ်များစွာ တရုတ်တိုင်းရင်းဆေးပညာကို လေ့လာခဲ့သော ကျန်းကျိမင်သည် ဟူရှောင်ကျဲ ၏ အခြေအနေကို သဘောပေါက် နားလည်နေခဲ့ပြီ ဖြစ်သည်။
ရွှီပေါ်အန်းအား ကြည့်ရင်း ကျန်းကျိမင်က တိုးညင်းစွာ ဆိုလေ၏။
“လူငယ်လေး...၊ ပွင့်ပွင့်လင်းလင်း ပြောရရင် ပြီးခဲ့တဲ့အကြိမ်က ကိစ္စအတွက် မင်းကို ကျေးဇူးမတင်ရသေးဘူး... ။ ဒီတစ်ကြိမ်မှာလည်း မင်းက ငါ့ကို ဒီလောက်တောင် အထင်ကြီးသွားစေလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး...။”
ကျန်းကျိမင်၏ ကျေးဇူးတင်စကားသည် သူက ကျန်းကျိမင်၏ ဇနီးဖြစ်သူ အရိုးလွဲသွားမည့်အရေးမှ အလွယ် တကူ ကူညီ၍ အရိုးဆက်ပေးခဲ့သည့် လုပ်ရပ်ကြောင့်ဆိုသည်ကို ရွှီပေါ်အန်း သိရှိနေခဲ့လေသည်။
အကယ်၍ သူသာ မလုပ်ပေးခဲ့လျှင်လည်း ကျန်းကျိမင်ကိုယ်တိုင် အသေအချာ လုပ်ပေးနိုင်စွမ်း ရှိလေ၏။
ထို့ပြင် ရွှီပေါ်အန်း၏ အရည်အချင်းများမှာ ကျန်းကျုံးကျင့်ထံမှ လက်ဆင့်ကမ်းလာခဲ့သော ကျန်းကျိမင်၏ မိသားစု ဆေးကျမ်းကြောင့်ဟု ဆိုလျှင်လည်း မမှားပေ။
ရွှီပေါ်အန်းက လက်ကာပြလိုက်ပြီး ယဉ်ကျေးစွာဖြင့် ဆိုလေသည်။
“ဒေါက်တာကျန်း...၊ ခင်ဗျားက သဘောကောင်းလွန်းပါတယ်...၊ ဒါက အကူအညီအသေးစားလေးပါ...။ ပြောနေစရာတောင် မလိုပါဘူး...။”
ကျန်းကျိမင်က ထိုကိစ္စနှင့် ပတ်သက်၍ ဆက်လက် မပြောဆိုတော့ဘဲ ရိုးသားစွာ မေးမြန်းလိုက်လေ၏။
“မင်းက သူ့ရဲ့ ခန္ဓာကိုယ်အခြေအနေကို ဘယ်လိုများ ဆုံးဖြတ်လိုက်သလဲဆိုတာ မေးလို့ရမလား...။”
ရွှီပေါ်အန်းက ပခုံးတွန့်ပြကာ ပေါ့ပေါ့ပါးပါးဖြင့်ပင် ပြောလိုက်လေသည်။
“ဟီးဟီး...၊ ရိုးရှင်းတယ်လို့ ထင်ရပေမယ့် ကျွန်တော်က ဒီအတိုင်း လျှောက်ပြောလိုက်တာပါ...။ ဘာပဲဖြစ်ဖြစ် ဒီဒေါက်တာဟူက ချောမောပြီး အလားအလာကောင်းတဲ့သူဆိုတော့ မိန်းကလေးတွေကြားမှာ အရမ်းဆွဲဆောင်မှု ရှိမှာပဲလေ...။”
“သူ့ရဲ့ ကိုလုံးရေမွှေးနံ့အောက်မှ အနည်းငယ် ထွက်ပေါ်နေတဲ့ ဆေးလိပ်နဲ့ အရက်နံ့ကို ရှူရှိုက်မိလိုက်တော့ သူက နိုက်ကလပ်တွေကို မကြာခဏ သွားလေ့ရှိမယ်လို့ ကျွန်တော် တွေးလိုက်မိတယ်...။ ဒါကြောင့် ဒီအတိုင်းလျှောက် ပြောလိုက်တာ...။ ကျွန်တော်ပြောတာ တကယ်မှန်သွားလိမ့်မယ်လို့ ဘယ်သူက သိမှာလဲ...။”
ကျန်းကျိမင် ပြန်မပြောနိုင်မီမှာပင် ဟူရှောင်ကျဲက စိတ်မရှည်စွာဖြင့် အော်ဟစ်လိုက်လေ၏။
“အပိုတွေ လျှောက်မပြောနဲ့...၊ ဘယ်သူက နိုက်ကလပ် သွားလို့လဲ...။ မနေ့ကမှ ငါ့သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ရှိလို့ ငါနဲ့ သူငယ်ချင်းတွေ သူ့အတွက် သွားကျင်းပပေးတာ...။”
ရွှီပေါ်အန်းက တခစ်ခစ်ရယ်မောလိုက်ပြီး ဆိုလေသည်။
“ဘာပဲဖြစ်ဖြစ်...၊ အဲ့ဒါက ကျွန်တော်နဲ့မှ မဆိုင်တာ...။ ခင်ဗျား သူငယ်ချင်းတွေရဲ့ မွေးနေ့ကို နေ့တိုင်း ကျင်းပပေး ရင်တောင် ခင်ဗျား ပျော်နေသရွေ့ အဆင်ပြေပါတယ်...။ ကျွန်တော့် ပိုက်ဆံကုန်တာမှ မဟုတ်တာ...။ ကျွန်တော့် ခါးနာရတာမှ မဟုတ်တာ...။”
“မင်း...။”
ဟူရှောင်ကျဲ ဆက်မပြောနိုင်မီမှာပင် ကျန်းကျိမင်က စိတ်မရှည်စွာဖြင့် ဆိုလိုက်လေ၏။
“ရပြီ...။ ဒီအသေးအဖွဲ ကိစ္စတွေကို ဆက်မပြောကြနဲ့တော့...။”
ကျန်းကျိမင်၏ မျက်လုံးထဲမှ စိတ်ပျက်မှုများကို မြင်လိုက်ရသောအခါ ဟူရှောင်ကျဲက အလျင်အမြန် ရှင်းပြလေ သည်။
“ဆရာ...၊ အထင်မလွဲပါနဲ့...။ ကျွန်တော် တကယ်ပဲ...။”
“တော်လောက်ပြီ...။ နေမကောင်းရင် သေသေချာချာ ဆေးကုသမှု ခံယူရမယ်...။ မင်းကို ငါ အကြိမ်ကြိမ် ပြောဖူးပါတယ်...။ ရောဂါကုသမှု ခံယူဖို့ မရှောင်လွှဲပါနဲ့လို့...၊ ဒါ့အပြင် ငါတို့ကိုယ်တိုင်က ဆရာဝန်တွေပဲ...၊ ကိုယ့်ရောဂါကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်သင့်တယ်...။”
ကျန်းကျိမင်၏ ဆူပူကြိမ်းမောင်းသော လေသံကို ကြားလိုက်ရသောအခါ ဟူရှောင်ကျဲမှာ ဒေါသထွက်သွား ခဲ့လေ၏။
*ကျွန်တော့်ကို ရှင်းပြခွင့်ပေးပါဦး...။ ကျွန်တော်က ဆရာ့ရဲ့ မြေးမလေး ပိုင်စုစုကို လိုက်နေလို့သာ သည်းခံနေ တာ...။ မဟုတ်ရင် ဘယ်သူက ဆရာ့ကို ဂရုစိုက်နေမှာလဲ...။*
ကျန်းကျိမင်က ရွှီပေါ်အန်းဘက်သို့ လှည့်ကာ ရိုးသားစွာ ပြောလိုက်လေသည်။
“လူငယ်လေး...၊ မင်းကို ငါ့နေရာမှာ ခဏလောက် ထိုင်ဖို့ ဖိတ်ခေါ်ချင်တယ်...။ အခု မင်းအတွက် အဆင်ပြေရဲ့ လား...။”
ရွှီပေါ်အန်းက ခေါင်းညိတ်ပြလိုက်သော်လည်း ထို့နောက်တွင် ဆိုလေ၏။
“အဆင်ပြေပါတယ်...။ ဒါပေမဲ့ ကျွန်တော့်အတွက် ဆေးဖော်လို့ မပြီးသေးဘူးလေ...၊ ကျွန်တော် တန်းပြန်သွားစီ ရဦးမှာမို့လို့ ဆရာ ခဏလောက် စောင့်ပေးလို့ရမလား...။”
ကျန်းကျိမင်သည် ဤနေရာတွင် လုံးဝ အာဏာရှိသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လေသည်။
သူ ဤနေရာတွင် ရှိနေသဖြင့် ဟူရှောင်ကျဲမှာ နောက်ထပ် စကားတစ်ခွန်းမျှ မပြောရဲတော့ချေ။
မကြာမီမှာပင် ရွှီပေါ်အန်းအတွက် တိုင်းရင်းဆေးများကို ရရှိသွားခဲ့လေ၏။
ကျန်းကျိမင်က ရွှီပေါ်အန်း ယူလာသော တိုင်းရင်းဆေးများကို သိချင်စိတ်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး ပေါ့ပေါ့ ပါးပါးပင် မှတ်ချက်ပြုလေသည်။
“ဒါက လူငယ်တွေကြားမှာ အဖြစ်များတဲ့ ပြဿနာတစ်ခုပါပဲ...။ ငါတို့တွေ အသက်ငါးဆယ်ကျော်မှပဲ ချီစွမ်းအင် ကို ဖြည့်တင်းဖို့ စဉ်းစားကြတာလေ...။”
ကျန်းကျိမင် သူ့ကို အထင်လွဲသွားလောက်ပြီဖြစ်ကြောင်း ရွှီပေါ်အန်း သိရှိလိုက်ပြီး ခါးသက်စွာ ပြုံးရင်း ပြော လေ၏။
“ကျွန်တော့်အမေက ဒီဆေးကို သွားယူခိုင်းနေလို့ပါ...။ မြို့ပြင်က စေတီသုံးဆူကျောင်းတော်မှာ သူ့ကိုယ်သူ
ဆရာကြီးလို့ ဟန်ဆောင်ထားတဲ့ လူတစ်ယောက်ရဲ့ လှည့်စားခြင်းကို ခံလိုက်ရတာ...။ သူက ဒီဆေးနည်းက သားယောက်ျားလေး ရဖို့ အာမခံတယ်လို့ ပြောလိုက်တော့ အမေက လုံးဝကို ယုံသွားတာ...။ ကျွန်တော်လည်း အမေ့သဘောအတိုင်း ဆေးနည်းနည်းသွားယူပြီး ပြန်ဖြေရှင်းရုံကလွဲလို့ ရွေးချယ်စရာ မရှိတော့ဘူးလေ...။”
ရွှီပေါ်အန်း၏ စကားကို ကြားသောအခါ ကျန်းကျိမင်၏ အကြည့်များမှာ အေးစက်သွားပြီး မျက်မှောင်ကြုတ်ကာ ဆိုလေသည်။
“စေတီသုံးဆူကျောင်းတော်...”
ရွှီပေါ်အန်းက ပေါ့ပေါ့ပါးပါးပင် ဆိုလေ၏။
“ဟုတ်တယ်...။ အဲ့ဒါက တောင်ဘက်ဆင်ခြေဖုံးမှာ ရှိတာ...၊ တုန်းကျန်းမြို့မှာ တော်တော်လေး နာမည်ကြီးတယ် လေ...။ ဒေါက်တာကျန်း...၊ ခင်ဗျား မသိဘူးလား...။”
ကျန်းကျိမင်က အေးစက်စွာ နှာမှုတ်လိုက်ပြီး သွားကြိတ်ကာ ဆိုလိုက်လေသည်။
“ဒီခွေးကောင်က အပြင်ထွက်ပြီး လိမ်စားနေပြန်ပြီပဲ...။”
ရွှီပေါ်အန်းသည် တစ်စုံတစ်ရာ မှားယွင်းနေကြောင်းကို ချက်ချင်းပင် ခံစားလိုက်ရလေ၏။
ကျန်းကျိမင်၏ စကားနောက်ကွယ်ရှိ အဓိပ္ပာယ်မှာ ထို ဆရာကြီးဆိုသူကို သူ သိရှိနေနိုင်ခြေ များပြားနေခြင်းပင် ဖြစ်လေတော့သည်။