← Chapters

အခန်း ၁၆၀

Vol. 16 Ch. 160

အခန်း ၁၆၀

Vol. 16 Ch. 160

အခန်း (၁၆၀)

တပည့်များပြားလာသောအခါ ခါးသီးသောအသီးအပွင့်များကို မလွဲမသွေ ခံစားရမည်ပင်

ဆောက်လုပ်ရေးလောကတွင် အချိန်ကြာမြင့်စွာ လုပ်ကိုင်လာသောအခါ ကန်ထရိုက်တာလုပ်ရခြင်းသည် စိတ်ပျက်စရာအကောင်းဆုံးဖြစ်ကြောင်းကို သဘောပေါက်လာရလေသည်။

အိမ်ရှင်ဖြစ်စေ၊ ကြီးကြပ်ရေးမှူးဖြစ်စေ သူတို့အားလုံးသည် ဆောက်လုပ်ရေးအဖွဲ့ကို လုံးဝ လက်ခုပ်ထဲကရေ အဖြစ် ထိန်းချုပ်ထားနိုင်ကြပေသည်။

မည်သို့မျှ ရှင်းပြနေရန်ပင် မလိုအပ်ချေ။ မိမိကိုယ်တိုင်က ထိုမျှအထိ အောက်ကျခံနေရခြင်း ဖြစ်လေသည်။

အလွန်တရာ ရွံရှာဖွယ်အကောင်းဆုံးမှာ အဆင့်အတန်းတူ လုပ်ဖော်ကိုင်ဖက် အချို့ သို့မဟုတ် ကန်ထရိုက်ခွဲ များမှ ဆောက်လုပ်ရေးအဖွဲ့များသည်ပင် တစ်ခါတစ်ရံတွင် အပြစ်ဖို့ခြင်းနှင့် တာဝန်လွှဲချခြင်းများကို လုပ် ဆောင်တတ်ကြခြင်းပင် ဖြစ်၏။

ထို့ကြောင့် ရွှီပေါ်အန်းသည် အလွန်ကောင်းမွန်သော အကျင့်တစ်ခုကို ရရှိခဲ့လေသည်။ သူ လုပ်ဆောင်သမျှကို မှတ်တမ်းတင်ထားခြင်းပင် ဖြစ်လေသည်။

ထို့ကြောင့် ဟူရှောင်ကျဲ၏ မဟုတ်မမှန် စွပ်စွဲချက်များရှေ့တွင် ရွှီပေါ်အန်းမှာ လုံးဝကို တည်ငြိမ်နေခဲ့လေသည်။

ရွှီပေါ်အန်းက ရယ်မောလိုက်ပြီးနောက် ၊

"ဒေါက်တာဟူ...၊ ခင်ဗျားက ကျွန်တော် ဒီလိုလုပ်ခဲ့တယ်လို့ ပြောနေတာပဲ...။ ဒါပေမဲ့ ကျွန်တော်က ဘာလို့ ဒီလိုလုပ်ရမှာလဲ...။ ခင်ဗျားပြောတဲ့ 'ပြောမပြနိုင်တဲ့ အကြောင်းပြချက်' ဆိုတာက ရိုးသားဖြောင့်မတ်တဲ့ လူ တစ်ယောက်ကို ချောက်ချဖို့ ဖန်တီးထားတဲ့ စွပ်စွဲချက်တစ်ခုနဲ့ နည်းနည်းတော့ တူနေတယ်နော်...။" ဟု ပြောလိုက်လေသည်။

ထိုအချိန်က ယွဲ့ဖေးသည် ချင်ဟွေ့၏ 'မရှိမဖြစ်သော အပြစ်' ဟူသည့် ထူးဆန်းသော စွပ်စွဲချက်ဖြင့် ချောက်ချ ခြင်းကို ခံခဲ့ရလေသည်။ ဟူရှောင်ကျဲ၏ ပညာအရည်အချင်းဖြင့် ဤဇာတ်လမ်း၏ မူလအစကို မသိနိုင်စရာ အကြောင်းမရှိဟု ရွှီပေါ်အန်း ယုံကြည်ထားလေသည်။

ထင်ထားသည့်အတိုင်းပင် ဤစကားကို ကြားသောအခါ ဟူရှောင်ကျဲမှာ ဒေါသတကြီးဖြစ်သွားပြီး၊

"ဟက်...၊ မင်းက ကိုယ့်ကိုယ်ကိုယ် သစ္စာရှိပြီး ဖြောင့်မတ်တဲ့သူလို့ ခေါ်ရဲသေးတယ်ပေါ့...။ မင်း ဘာလုပ်ခဲ့လဲဆို တာ မင်းအသိဆုံးပါ...။" ဟု အော်ဟစ်လိုက်လေသည်။

"မင်း ဘာလို့ ခုလိုလုပ်ခဲ့လဲဆိုတာ ငါက ဘယ်လိုလုပ် သိမှာလဲ...။ ဘာပဲဖြစ်ဖြစ် ငါက ကျွမ်းကျင်စုံထောက်မှ မဟုတ်တာ...။ ငါ့ဆရာက မင်းကို စာအုပ်တွေပေးဖတ်ဖို့ ငြင်းဆိုလိုက်ပြီးနောက်မှာ မင်းက မကျေမနပ်ဖြစ်ပြီး လက်စားချေတဲ့အနေနဲ့ ဒီဆိုးရွားတဲ့ လုပ်ရပ်ကို တမင်တကာ လုပ်ခဲ့တာဖြစ်မယ်...။"

ရွှီပေါ်အန်းက စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်လေ၏။ သူသည် ဟူရှောင်ကျဲအား ဆွပေးရန်နှင့် ထိုနေ့ က သူ ဆေးကျမ်းတစ်အုပ်ကို ဖတ်ရှုပြီးနောက် ဟူရှောင်ကျဲက သူ့ကို ဝေဖန်ခဲ့သည့် ဖြစ်စဉ်ကို ထုတ်ဖော်ပြောဆို လာစေရန် မူလက မျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။

ဤသို့ဖြင့် သူ ဆေးကျမ်းကို မတွေ့ခဲ့ရပါဟုဆိုသော ဟူရှောင်ကျဲ၏ လိမ်ညာမှုမှာ ပေါ်လွင်သွားမည် ဖြစ်လေ သည်။ အံ့သြစရာကောင်းသည်မှာ ဤကောင်လေးက တော်တော်လေး ပါးနပ်ပြီး ထောင်ချောက်ထဲသို့ မဝင်ခဲ့ ခြင်းပင် ဖြစ်၏။

ဟူရှောင်ကျဲ၏ စကားကို ကြားသောအခါ ကျန်းကျိမင်သည် မျက်မှောင်ကြုတ်သွားပြီး ရွှီပေါ်အန်းကို မသိမသာ လှမ်းကြည့်လိုက်လေသည်။

မည်သို့ပင်ဆိုစေကာမူ သူသည် ရွှီပေါ်အန်းထံမှ စိုယန် ဆေးပင်နှင့် ထျဲ့ဖီရှီဟူ ဆေးပင်တို့ကို တောင်းဆိုခဲ့သည်ကို ရှင်းလင်းစွာ မှတ်မိနေသေးလေသည်။

ရွှီပေါ်အန်းသည် သူပိုင်ဆိုင်သော ဆေးပင်နှစ်မျိုးကို ဤဆေးကျမ်း၏ အကြောင်းအရာများနှင့် လဲလှယ်ရန် အမှန်တကယ်ပင် အဆိုပြုခဲ့လေသည်။

သို့သော်လည်း ထိုအချိန်က ဤစာအုပ်သည် မိသားစုအမွေအနှစ်ဖြစ်ပြီး ပြင်ပသို့ ပျံ့နှံ့ခွင့်မပြုနိုင်ကြောင်း သူ ရှင်းလင်းစွာ ပြောဆိုခဲ့ပြီး ရွှီပေါ်အန်း၏ အဆိုပြုချက်ကို ယဉ်ကျေးစွာ ငြင်းပယ်ခဲ့လေသည်။

ဤရှုထောင့်မှ ကြည့်လျှင် ဟူရှောင်ကျဲ၏ သံသယများမှာ အကြောင်းပြချက် မရှိသည်တော့ မဟုတ်ပေ။

ကျန်းကျိမင်၏ မျက်လုံးများထဲရှိ သံသယများကို မြင်သောအခါ ရွှီပေါ်အန်းမှာ ဒေါသမထွက်ခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် ဤဆေးကျမ်းမှာ အလွန်တရာ အရေးပါလှသောကြောင့်ပင် ဖြစ်သည်။ ၎င်းသည် ဘိုးဘွားများထံမှ လက်ဆင့်ကမ်းလာခဲ့သောအရာဖြစ်ပြီး အလွန်အရေးပါသော ဆေးဘက်ဆိုင်ရာ တန်ဖိုးများ ရှိနေလေသည်။

နောက်ဆုံးပိတ် အကျဲအဖြစ် သူ၏ လျှို့ဝှက်လက်နက်ကို မသုံး၍ မရတော့ဟု ထင်ရလေသည်။ အမှန်တကယ် ပင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခြင်းက အမြဲတမ်း ကောင်းမွန်လှပေသည်။

ရွှီပေါ်အန်းက ပြုံးလိုက်ပြီး သူ၏ ဖုန်းကို ထုတ်ကာ ယမ်းပြရင်း၊

"ကျွန်တော်က ပြဿနာတွေကို မုန်းတီးပြီး ငြင်းခုံရတာကို မကြိုက်တဲ့ လူစားမျိုးပါ...။ နှစ်တွေကြာလာတာနဲ့ အမျှ ကျွန်တော် လုပ်သမျှကိစ္စတိုင်းကို မှတ်တမ်းတင်ထားလေ့ရှိတဲ့ အကျင့်ကောင်းတစ်ခုကို ရရှိခဲ့တယ်...။ ရော့...၊ ခင်ဗျားတို့ကို အသံဖမ်းထားတာလေးတစ်ခု ဖွင့်ပြမယ်...။" ဟု ပြောလိုက်လေသည်။

ပြောရင်းဆိုရင်းပင် ရွှီပေါ်အန်းသည် သူ၏ ဖုန်းကို ဖွင့်လိုက်ပြီး ခေတ္တမျှ ကလိလိုက်လေသည်။ မကြာမီ ဖုန်းထဲမှ အသံဖိုင်တစ်ခု ထွက်ပေါ်လာခဲ့၏။

"ငါ့ဆရာက သူ့ရုံးခန်းကိုလာပြီး စာအုပ်တွေကို သော့ခတ်ထားတဲ့ ဗီရိုထဲ ပြန်ထည့်ထားဖို့ ဖုန်းဆက်ပြီး ပြောတာ မဆန်းပါဘူး...။ ဒီနေရာမှာ ဖိတ်ခေါ်မထားတဲ့ ဧည့်သည်တစ်ယောက် ရောက်နေခဲ့တာကိုး...။"

"ငါ့ကို လာခြောက်လှန့်ဖို့ မကြိုးစားနဲ့...၊ ဆရာက မင်းကို စောင့်နေဖို့ ပြောခဲ့ရင်တောင် သူ့ရဲ့ ဆေးကျမ်းတွေကို ယူဖတ်ဖို့ မပြောခဲ့ပါဘူး...။ မင်းက ဘယ်လိုလုပ်ပြီး...၊"

"အဲဒါက ဆရာ့မိသားစုကနေ လက်ဆင့်ကမ်းလာတဲ့ ဆေးကျမ်းပဲ...။ သူက တခြားဘယ်သူ့ကိုမှ ပေးမဖတ်ဘူး...၊ သူ့ရဲ့တပည့်ဖြစ်တဲ့ ငါ့ကိုတောင် ပေးမဖတ်ဘူး...။"

"မင်း ဒီလို ဆက်ငြင်းနေမယ်ဆိုရင် ငါ လုံခြုံရေးကို ခေါ်လိုက်မယ်...။"

အသံဖိုင်ကို ဖွင့်လိုက်သည်နှင့်အမျှ ဟူရှောင်ကျဲ၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့လေ သည်။ အသံဖိုင်ထဲမှ ထွက်ပေါ်လာသော အသံမှာ သံသယဖြစ်ဖွယ်မရှိ သူ၏အသံပင် ဖြစ်လေသည်။

အသံဖိုင် ပြီးဆုံးသွားသောအခါ ရွှီပေါ်အန်းက သူ၏ဖုန်းကို ပြန်သိမ်းလိုက်လေ၏။ သူ၏ မျက်နှာပေါ်တွင် အပြစ်ကင်းစင်သော အပြုံးတစ်ခု ရှိနေဆဲဖြစ်ပြီး..၊

"ကြားကြလား...၊ သူ မဝင်လာခင်ကတည်းက စာအုပ်က မီးခံသေတ္တာထဲမှာ ရှိနေတယ်ဆိုရင် ဘယ်လိုလုပ် စိုနေ နိုင်မှာလဲ...။ တစ်ယောက်ယောက်က မီးခံသေတ္တာရဲ့ လျှို့ဝှက်နံပါတ်ကို သိပြီး စာအုပ်ကို ပြန်ထုတ်သွားတာက လွဲလို့ပေါ့...။ ဟုတ်တယ်မလား...။" ဟု ဖြည်းညင်းစွာ ခွဲခြမ်းစိတ်ဖြာ ပြလိုက်လေသည်။

ကျန်းကျိမင်၏ မျက်နှာမှာ ညှိုးနွမ်းသွားပြီး…၊

"ဒီဗီရိုရဲ့ လျှို့ဝှက်နံပါတ်ကို ငါကလွဲလို့ ဘယ်သူမှ မသိဘူး...။ စုစုတောင် မသိပါဘူး...။" ဟု ပြောလိုက်လေ သည်။

ပိုင်စုစုသည် သူ၏ ကိုယ်ပိုင်မြေးမလေးပင် ဖြစ်ပြီး ပိုင်စုစုပင်လျှင် ထိုအရာကို မသိခဲ့ပေ။ ၎င်းက မည်သူမျှ မီးခံသေတ္တာထဲမှ စာအုပ်များကို ထုတ်ယူ၍ မစိုရွှဲစေနိုင်ကြောင်း ပြသရန် လုံလောက်လှလေသည်။

ထိုသို့ဆိုလျှင် ဖြစ်နိုင်ခြေ တစ်ခုတည်းသာ ရှိတော့သည်။ စာအုပ်မှာ မီးခံသေတ္တာထဲသို့ မထည့်မီကတည်းက စိုရွှဲနေခဲ့ခြင်းပင် ဖြစ်၏။

ရွှီပေါ်အန်းက ပခုံးတွန့်လိုက်ပြီး၊

"ဒါဆိုရင်တော့ ရှင်းနေတာပဲ...။ ဒီဒေါက်တာဟူက လိမ်နေတာ၊ အနည်းဆုံးတော့ သူက စားပွဲပေါ်က ဆေးကျမ်း ကို မမြင်ခဲ့ဘူးလို့ ခုနလေးတင် ပြောခဲ့ပေမဲ့ အသံဖိုင်ထဲမှာတော့ ခင်ဗျားရဲ့ ဆေးကျမ်းကို ကျွန်တော်က သာမန် ကာလျှံကာ လှန်လှောကြည့်ခဲ့တယ်ဆိုပြီး စွပ်စွဲထားတယ်လေ...။ သူ ဘာလို့ လိမ်နေတာလဲ...၊ အမှန်တရားကို ဖုံးကွယ်နေလို့ပေါ့...။"

ကျန်းကျိမင်က သက်ပြင်းချလိုက်ပြီး၊

"ရှောင်ဟူ...၊ အဲ့နေ့က ဂုဏ်သရေရှိ ဧည့်သည်တွေကို ဧည့်ခံဖို့ မင်းကို အကူအညီတောင်းခဲ့ပေမဲ့ သူတို့ကို ဖိတ်ခေါ်မထားတဲ့ ဧည့်သည်တွေလို့ ငါ မပြောခဲ့ပါဘူး...။ ဆေးကျမ်းတွေကို သိမ်းဆည်းဖို့ အကူအညီတောင်း တယ်လို့လည်း ငါ မပြောခဲ့ပါဘူး...။"

ဟူရှောင်ကျဲက စိုးရိမ်တကြီးဖြင့် ပြောလိုက်လေသည်။

"ဆရာ...၊ သူ့စကားကို နားမယောင်ပါနဲ့...။"

ထို့နောက် အံကြိတ်ကာ ရွှီပေါ်အန်းကို စူးရဲစွာ ကြည့်လိုက်ပြီး၊

"ဟွန့်...၊ ဒီခေတ်မှာ ဗီဒီယိုတွေတောင် အတုလုပ်လို့ရနေတာ...။ မင်းရဲ့ အသံဖိုင်က ဘာမဟုတ်တာလေး...၊ ငါ့ကို ချောက်ချဖို့ မင်း တော်တော်လေး အားထုတ်ထားတာပဲ...။"

ရွှီပေါ်အန်းက ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်လေသည်။

"မင်းမှာ သံသယဝင်ခွင့် ရှိပါတယ်...။ ဒါပေမဲ့ ဒေါက်တာကျန်း...၊ ဒီအသံဖိုင်ကို ခင်ဗျားဆီ ကျွန်တော် ပို့ပေးနိုင် ပါတယ်...။ တကယ်လို့ ခင်ဗျား စိတ်ဝင်စားရင် သက်ဆိုင်ရာ ဌာနတွေ ဒါမှမဟုတ် ကျွမ်းကျင်စစ်ဆေးရေး အဖွဲ့အစည်းတွေဆီ သွားပြီး ဒါရဲ့ စစ်မှန်မှုကို အချိန်မရွေး အတည်ပြုနိုင်ပါတယ်...။"

ဟူရှောင်ကျဲက ပြန်လည် ချေပလေသည်။

"ငါ့ကို လာမလုပ်နဲ့...။ မင်းက သိပ်ကို ယုံကြည်မှုရှိနေတယ်ဆိုတော့ ဒီအသံဖိုင်ကို အရမ်းစစ်မှန်ပုံရအောင် ကျွမ်းကျင်သူတွေကို ငှားပြီး လုပ်ခိုင်းထားတာ မဟုတ်လား...။ ပြီးတော့ ဒီအသံဖိုင်က အစစ်ဖြစ်နေရင်တောင် ငါက စာအုပ်ပေါ်ကို ရေဖိတ်ချခဲ့တယ်လို့ သက်သေမပြနိုင်ပါဘူး...။"

ရွှီပေါ်အန်းက ရယ်မောလိုက်ပြီး ပြောလိုက်လေ၏။

"မင်း နားလည်မှုလွဲနေပြီ...။ မင်း စာအုပ်ကို စိုအောင် လုပ်တာဖြစ်စေ၊ မလုပ်တာဖြစ်စေ ငါနဲ့ ဘာမှမဆိုင်ဘူး...။ ငါက ငါ့နာမည်ကို ရှင်းလင်းဖို့ ကြိုးစားနေတာဖြစ်ပြီး လူယုတ်မာတစ်ယောက်ရဲ့ ချောက်ချတာကို မခံချင်ရုံပါ...။"

"ဒီအသံဖိုင်နဲ့ဆိုရင် အနည်းဆုံးတော့ ငါ မထွက်သွားခင်မှာ စာအုပ်က အကောင်းအတိုင်း ရှိနေသေးတယ် ဆိုတာ ကို ငါတို့ တွေ့နိုင်တယ်...။ ဘယ်သူက စိုအောင်လုပ်ခဲ့လဲ...၊ ဘယ်လို လုပ်ခဲ့လဲဆိုတာကတော့ စာအုပ်ပိုင်ရှင် ကိုယ်တိုင် ရှာဖွေရမယ့် ကိစ္စပဲလေ...။"

ဟူရှောင်ကျဲမှာ ခေတ္တမျှ ဆွံ့အသွားခဲ့လေသည်။

ရွှီပေါ်အန်း မှန်ပေသည်။ သံသယရှိသူမှာ သံသယကင်းရှင်းသွားသည်နှင့် တစ်ပြိုင်နက် ဤကိစ္စမှာ ရွှီပေါ်အန်းနှင့် မည်သို့မျှ သက်ဆိုင်တော့မည် မဟုတ်ချေ။

ထိုသို့ဆိုလျှင် အကြီးမားဆုံး သံသယရှိသူမှာ မိမိကိုယ်တိုင်ပင် ဖြစ်လေသည်။

ဟူရှောင်ကျဲ၏ နှလုံးသားမှာ တစ်ချက်ခုန်သွားပြီး ထိုနေ့က သူ၏ လုပ်ရပ်များအတွက် ရုတ်တရက် နောင်တရ သွားခဲ့လေသည်။

ဆေးရုံစင်္ကြံများတွင် အချိန်ပြည့် မှတ်တမ်းတင်နေသော ကင်မရာများ ရှိနေသည်ကို သူ သိထားလေသည်။ ရွှီပေါ်အန်း ထွက်သွားပြီးနောက် အခန်းထဲတွင် သူ တစ်ယောက်တည်းသာ ရှိနေခဲ့ခြင်း ဖြစ်၏။

ရွှီပေါ်အန်းက သူ၏ အပြစ်ကင်းစင်ကြောင်း သက်သေပြလိုက်ပြီး အမှန်တရားမှာ ရှင်းလင်းသွားခဲ့လေပြီ။

ဤအချက်ကို သဘောပေါက်သွားသောအခါ ဟူရှောင်ကျဲမှာ ချက်ချင်းပင် လုံးဝကို စိတ်ပျက်အားငယ် သွားခဲ့ လေတော့သည်။

သူသည် ဆက်လက်၍ ငြင်းခုံနိုင်သော်လည်း ဘာအကျိုးထူးမည်နည်း။

ဥပဒေအရ သူတို့သည် စာအုပ်ကို တမင်တကာ စိုရွှဲစေခဲ့ကြောင်း သက်သေအထောက်အထားများ မပြနိုင်ခြင်း မျိုး ဖြစ်နိုင်ပေသည်။

သို့သော်လည်း ကျန်းကျိမင်ကပင် သူသည် စာအုပ်ကို စိုအောင်လုပ်ခဲ့သည်ဟု ယုံကြည်နေပါက သူသည် ဆေးပညာများ သင်ကြားပေးခြင်းကို သဘာဝကျကျပင် ရပ်တန့်သွားမည် ဖြစ်သည်။ ပိုင်စုစုသည်လည်း သူမတို့၏ မိသားစုအမွေအနှစ်ကို ဖျက်ဆီးခဲ့သူတစ်ယောက်နှင့် ပတ်သက်ရန် ပို၍ပင် ဖြစ်နိုင်ခြေ နည်းပါးသွား မည်ဖြစ်ရာ သူ ဤနေရာတွင် ဆက်နေရန် အကြောင်းပြချက် မရှိတော့ပေ။

ထို့ကြောင့် မိမိကိုယ်တိုင်အတွက် နေရာတစ်ခွင့်ချန်ထားကာ ရိုးရှင်းစွာပင် နှုတ်ဆက်ထွက်ခွာသွားရန် ဆုံးဖြတ် လိုက်လေသည်။

ဤသို့ပြုလုပ်ခြင်းက အမြဲတမ်း ပြန်လည်ဆုံတွေ့နေရမည့် အဆင်မပြေမှုများမှ ကင်းဝေးစေမည် ဖြစ်လေ၏။

ဟူရှောင်ကျဲသည် ထွက်ခွာမည့် ကိစ္စကို မပြောမီ အခြေအနေကို ပြင်ဆင်ရန်အတွက် ယဉ်ကျေးသော စကား အနည်းငယ်ကို ပြောဆိုရန် ပြင်လိုက်လေသည်။

သူ စကားမပြောနိုင်မီ ကျန်းကျိမင်က သက်ပြင်းချလိုက်ပြီး၊

"ရှောင်ဟူ...၊ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း မင်း ငါ့ဆီကနေ ပညာသင်ယူခဲ့ပြီး ငါ့ရဲ့ ဘိုးဘွားပိုင် ဆေးကျမ်းထဲက အကြောင်းအရာတွေကို မင်းရဲ့ ဖုန်းကို အသုံးပြုပြီး ခိုးရိုက်ထားတာ တော်တော်များနေလောက်ပါပြီ...။" ဟု ပြောလိုက်လေ၏။

ဟူရှောင်ကျဲမှာ အံ့အားသင့်သွားပြီး ၊

"ဆရာ...၊ ကျွန်တော် မလုပ်ခဲ့ပါဘူး...၊ ကျွန်တော် မလုပ်ခဲ့ပါဘူး...။" ဟု မသိမသာ ပြန်လည်ချေပလေသည်။

ကျန်းကျိမင်က ဂရုမစိုက်သည့်ဟန်ဖြင့် ခေါင်းခါလိုက်ပြီး၊

"ငါ စကားပြီးအောင် ပြောပါရစေဦး...။"

ဟူရှောင်ကျဲသည် မှုန်ကုပ်ကုပ်ဖြင့် ခေါင်းညိတ်လိုက်ပြီး မည်သို့မျှ ဆက်မပြောတော့ချေ။

ကျန်းကျိမင်က ဆက်၍ ၊

"ရိုက်ထားတော့ရော ဘာဖြစ်လဲ...။ ငါက မျက်စိတစ်ဖက်မှိတ်ထားပြီး ဘာမှမသိသလို ဟန်ဆောင်နေခဲ့တာပါ...။ မင်းနဲ့ စုစုက လိုက်ဖက်တယ်လို့ ငါ ထင်နေခဲ့တယ်...။ အကယ်၍ နောင်တစ်ချိန်မှာ မင်းတို့နှစ်ယောက် လက်ထပ် ဖြစ်ခဲ့ရင် မင်းကို ပြင်ပလူလို့ သတ်မှတ်လို့ မရတော့ဘူးလေ...။ ပြီးတော့ ငါကလည်း ဘိုးဘွားတွေရဲ့ သွန်သင် ချက်ကို ချိုးဖောက်တယ်လို့ အမှတ်ခံရတော့မှာ မဟုတ်ဘူး...။"

"ဒါပေမဲ့ မင်းက ပေါ်အန်းကို ချောက်ချဖို့အတွက် စာအုပ်တွေပေါ် ရေလောင်းချတဲ့အထိ အမှန်တကယ် လုပ်ရက် ခဲ့တယ်...။ မင်းရဲ့ ကိုယ်ကျင့်တရားက လုံးဝကို ပျက်စီးနေပြီ...၊ အဲဒါကို ငါ သည်းမခံနိုင်ဘူး...၊ ထွက်သွားတော့..။ ဒီနေ့ကစပြီး မင်းလို တပည့်မျိုး ငါ့မှာ မရှိတော့ဘူး...။"

ကျန်းကျိမင်၏ စကားကို ကြားသောအခါ ဤကိစ္စမှာ အပြီးသတ် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ဟူရှောင်ကျဲ နားလည်သွားခဲ့လေသည်။

ဤအရာကို တွေးမိသောအခါ ဟူရှောင်ကျဲသည် အေးစက်စွာ နှာမှုတ်လိုက်ပြီး ရွှီပေါ်အန်းကို ကြည့်ကာ ခေါင်းမာ စွာဖြင့်၊

"မင်း နိုင်သွားပြီ...။ ဆရာက မင်းကို ယုံတယ်...၊ ဒါပေမဲ့ ငါ ပြောရဦးမယ်...။ ဒီကိစ္စကို ငါ မလုပ်ခဲ့ဘူး...။"

ထို့နောက် သူက ကျန်းကျိမင်ဘက်သို့ လှည့်ကာ၊ ပြောလိုက်လေသည်။

"ဆရာ...၊ အချိန်က သက်သေပြပါလိမ့်မယ်...။ ဂရုစိုက်ပါ...။"

ထိုသို့ပြောပြီးနောက် သူသည် မတရားခံရသည့်ဟန် ဆောင်ကာ ထွက်ခွာရန် လှည့်ထွက်သွားလေသည်။

သို့သော် ထိုစဉ် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား စကားတစ်ခွန်းက သူ၏ အနောက်ဘက်မှ ထွက်ပေါ်လာခဲ့ လေသည်။

"ဟူး...၊ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ငါ အသက်ကြီးလာပြီဆိုတာကို စုစု မြင်သွားပြီး ရုံးခန်းထဲမှာ ရုတ်တရက် နှလုံးရောဂါဖြစ်တာပဲဖြစ်ဖြစ် လေဖြတ်တာပဲဖြစ်ဖြစ် ဖြစ်သွားရင် ဘယ်သူမှ မသိလိုက်မှာကို စိုးရိမ်လို့ ငါ့ရုံးခန်း ထဲမှာ ကင်မရာတစ်လုံး တပ်ဆင်ပေးခဲ့တယ်...။ မင်း ကြည့်လိုက်ပါ...၊ အဲဒီမှာ ရှိနေတယ်...။"

ကျန်းကျိမင်၏ စကားကို ကြားသောအခါ ဟူရှောင်ကျဲသည် ရုတ်တရက် လှည့်ကြည့်လိုက်ပြီး ကျန်းကျိမင် ညွှန် ပြနေသော ဦးတည်ရာသို့ ကြည့်လိုက်လေသည်။ သေချာသည်မှာ ဗီရိုအပေါ်တွင် ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိသော အလှစိုက် ပန်းအိုးတစ်အိုး ရှိနေခဲ့ပြီး ၎င်း၏ စိမ်းလန်းနေသော သစ်ရွက်များကြားတွင် တစ်စုံတစ်ခုက အမှန်တကယ်ပင် လက်ခနဲ ဖြစ်နေခဲ့လေသည်။

ဤသည်မှာ...

ဟူရှောင်ကျဲမှာ ချက်ချင်းပင် လန့်ဖြန့်သွားပြီး ချွေးစေးများပင် ပြန်လာခဲ့လေတော့သည်။

အကယ်၍ ဤအရာသာ အပြင်သို့ ပေါက်ကြားသွားပါက သူ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းမှာ လုံးဝ ပျက်စီးသွားပေလိမ့်မည်။

ရက်စက်ကြမ်းကြုတ်သော အနာဂတ်ကို တွေးမိသောအခါ ဟူရှောင်ကျဲသည် ချက်ချင်းပင် ဒူးထောက်ချလိုက်ပြီး ရှက်ရွံ့မှု အပြည့်ရှိနေသော မျက်နှာဖြင့် အသနားခံလေတော့သည်။

"ဆရာ...၊ ကျွန်တော်...၊ ကျွန်တော် တမင်လုပ်တာ မဟုတ်ပါဘူး...။ ရေနွေးကြမ်းက မတော်တဆ ဖိတ်ကျသွား တာပါ...။ ဆရာ့ရဲ့ အပြစ်ပေးတာကို ကြောက်လို့...၊ ဒါကြောင့် ကျွန်တော် ခုလို လုပ်လိုက်မိတာပါ..။ တစ်နေ့တာ ဆရာဖြစ်ခဲ့ရင် တစ်သက်တာ ဖခင်ပါပဲ...။ ကျွန်တော်တို့ရဲ့ ဆရာတပည့် သံယောဇဉ်ကို ထောက်ထားပြီး ဒီတစ် ကြိမ် ကျွန်တော့်ရဲ့ မိုက်မဲမှုကို ခွင့်လွှတ်ပေးပါ...။"

ကျန်းကျိမင်သည် ကြင်နာတတ်သော အဘိုးအိုတစ်ဦးဖြစ်ကြောင်း ဟူရှောင်ကျဲ သိထားလေသည်။

သူသည် တမင်တကာ လုပ်ခဲ့ကြောင်းကို သိမြင်နေလျှင်တောင်မှ မိမိက ဝန်ခံလိုက်သရွေ့ သူက နောက်ပိုင်းတွင် မိမိ တမင်တကာ လုပ်ခဲ့ကြောင်း သိရှိသွားပါကလည်း အနာဂတ်တွင် ထပ်မံ ထုတ်ဖော်ပြောဆိုမည် မဟုတ်သည် မှာ သေချာလှပေသည်။

ကျန်းကျိမင်မှာ အလွန်တရာ ပင်ပန်းနွမ်းနယ်နေပုံရလေ၏။ သူသည် ဟူရှောင်ကျဲထံမှ ခေါင်းကို လွှဲဖယ်လိုက်ပြီး လက်ကို မြှောက်ကာ ရှေ့နောက် အနည်းငယ် ဝှေ့ယမ်းရင်း ပြောလိုက်လေသည်။

"မင်း သွားလို့ရပြီ...။"

ဟူရှောင်ကျဲသည် ကမန်းကတန်း မတ်တတ်ရပ်လိုက်ပြီး နောက်သို့ပင် လှည့်မကြည့်ဘဲ ပြေးထွက်သွားလေတော့ သည်။

ကျန်းကျိမင်က သက်ပြင်းရှည်ကြီးကို ချလိုက်ပြီး ရွှီပေါ်အန်းအား ခါးသီးသော အပြုံးဖြင့် ကြည့်ကာ ပြောလေ ၏။

"မင်းကို ရယ်စရာ ဖြစ်သွားစေတဲ့အတွက် တောင်းပန်ပါတယ်...။ ငါ့တပည့်တွေကို မထိန်းသိမ်းနိုင်တာက ငါ့ရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းလို့ပါပဲ...။"

ရွှီပေါ်အန်းက ခေါင်းခါလိုက်ပြီး၊

"ဆိုရိုးစကားအတိုင်းပါပဲ...။ ဆရာက တံခါးဝရောက်အောင်ပဲ ခေါ်ဆောင်ပေးနိုင်ပြီး ကျင့်ကြံတာကတော့ ကိုယ့် အပေါ်မှာပဲ မူတည်တာပါ... ။ အဲဒါ ခင်ဗျားအပြစ် မဟုတ်ပါဘူး...၊ ဒါ့အပြင် ဆရာတစ်ယောက်ဖြစ်ရတာက မလွယ်ကူပါဘူး...။ နဂါးရဲ့ သားကိုးကောင်တောင်မှ တစ်ကောင်နဲ့တစ်ကောင် မတူကြဘူးလေ...။ တပည့်တွေက နေရာအနှံ့မှာ ရှိနေတဲ့အခါကျတော့ အချို့က ဆိုးရွားတာမျိုး ရှိတာက ရှောင်လွှဲလို့မရပါဘူး...။"

ဤစကားကို ကြားသောအခါ ကျန်းကျိမင်သည် ရယ်မောလိုက်ပြီး၊

"ဟားဟား...။ တပည့်တွေက နေရာအနှံ့မှာ ရှိနေတဲ့အခါကျတော့ အချို့က ဆိုးရွားတာမျိုး ရှိတာက ရှောင်လွှဲလို့ မရပါဘူး ဆိုတဲ့ စကားက တော်တော်လေး ကောင်းတာပဲ...။ ကောင်းပြီ ပေါ်အန်း...၊ ငါတို့ရဲ့ အဓိက အကြောင်း အရာကို ပြန်သွားကြစို့...။ ဒီနေရာက ဆေးပညာတွေကို ဒီလောက် မြန်မြန်ဆန်ဆန် တတ်မြောက်သွားအောင် မင်းက ဘယ်လောက်တောင် အရည်အချင်းရှိသလဲဆိုတာကို ငါ မြင်ချင်သေးတယ်...။ စွမ်းအင်တွေ ကုန်ဆုံးတာ နဲ့ ခန္ဓာကိုယ် အလွန်အမင်း အားနည်းသွားတဲ့ အကြောင်းအရာတွေက နောက်ဆုံးမှာ ရှိနေပြီး အဲဒါက မပျက်စီး သေးလောက်ဘူးလို့ ငါ မှတ်မိနေတယ်...။"

ထိုသို့ပြောရင်း ကျန်းကျိမင်သည် သူ၏ လက်ထဲရှိ စာအုပ်ကို လျင်မြန်စွာ လှန်လှောကြည့်လိုက်လေသည်။

ရွှီပေါ်အန်းက နှိမ့်ချသော စကားအနည်းငယ်ကို ပြောဆိုရန် ပြင်လိုက်စဉ်မှာပင် သူ၏ ဝမ်းဗိုက်အောက်ပိုင်းက ရုတ်တရက် မွှေနှောက်လာပြီး မကောင်းသော အနံ့အသက်ရှိသည့် အီးတစ်ပွဲက သူ၏ဖင်မှ အလိုအလျောက် ထွက်ကျသွားခဲ့လေတော့သည်။

ရွှီပေါ်အန်းမှာ အနည်းငယ် ရှက်ရွံ့သွားခဲ့လေသည်။

နေ့လယ်စာက အလွန်တရာ အရသာရှိပြီး အိမ်တွင် သူ၏ မိခင် ချက်ပြုတ်သော ဟင်းလက်ရာကို မမြည်းစမ်းရ သည်မှာ အချိန်ကြာမြင့်နေပြီ ဖြစ်၏။ တစ်ကြိမ်တစ်ခါမျှ သူ တော်တော်လေး အများကြီး စားခဲ့မိ ခြင်း ဖြစ်လေ သည်။

တော်တော်လေး ရှက်စရာကောင်းလှပေသည်။

"ခွင့်ပြုပါဦး...၊ ကျွန်တော် သန့်စင်ခန်း သွားဖို့ လိုနေတယ်...။"

ရွှီပေါ်အန်းက သူ နေမကောင်းဖြစ်နေကြောင်း ပြသရန် သူ၏ ဗိုက်ကို အနည်းငယ် ပွတ်သပ်လိုက်လေသည်။

ကျန်းကျိမင်က ခေါင်းမမော့ဘဲ၊

"အခန်းရဲ့ အတွင်းခန်းထဲမှာ တစ်ခုရှိတယ်...။ အဲဒီကိုပဲ သွားလိုက်ပါ...။ ငါ နောက်တစ်ခန်းကို သွားရှာလိုက် မယ်...။"

သူ၏ ဗိုက်ထဲတွင် မွှေနှောက်နေဆဲဖြစ်သဖြင့် ရွှီပေါ်အန်းမှာ အပြင်ဘက်ရှိ အများသုံး သန့်စင်ခန်းသို့ သွားရန် အချိန်မရှိတော့ဘဲ အတွင်းခန်းဆီသို့ ကမန်းကတန်း လျှောက်သွားလိုက်လေတော့သည်။

ရွှီပေါ်အန်း အတွင်းသို့ ဝင်သွားပြီး မကြာမီမှာပင် ရုံးခန်းတံခါး ပွင့်လာခဲ့ပြီး အဖြူရောင် ဝတ်စုံဝတ်ဆင်ထားသော သွယ်လျလျနှင့် အလှပြင်ဆင်ထားခြင်းမရှိသည့် အမျိုးသမီးတစ်ဦး ဝင်ရောက်လာခဲ့လေသည်။

သူမသည် ကျန်းကျိမင်၏ မြေးမလေးဖြစ်သော ပိုင်စုစုပင် ဖြစ်လေတော့သည်။

All Chapters