← Chapters

အခန်း ၉၀၂

Vol. 91 Ch. 902

အခန်း ၉၀၂

Vol. 91 Ch. 902

အခန်း (၉၀၂) - နတ်ဘုရားဘုံ ၊နတ်ဘုရားအလင်းတန်း ၊ မသေဆေး ပေါ်ထွက်လာခြင်း

​ဤနေရာသို့ ရောက်ရှိနေကြသော မဟာရှ ကျင့်ကြံသူအားလုံးသည် ရှန်ထူမင်ဟူသော အမည်ကို သိရှိကြပေသည်။

​လက်ရှိအချိန်တွင် အော်မေတောင် ပေါ်၌ ဗုဒ္ဓဘာသာကျောင်းတိုက်များစွာ တည်ရှိပြီး အမွှေးတိုင်မီးလျှံများဖြင့် စည်ကားသိုက်မြိုက်လျက် ရှိသည်။ လီယန်ချူသည်လည်း တစ်ကြိမ်က အော်မေတောင်၏ ရွှေရောင်တောင်ထိပ်သို့ ရောက်ဖူးခဲ့ရာ ထိုနေရာတွင် တျန်းရှုလျှို့ဝှက်နယ်မြေ ရှိပြီး၊ ၎င်းအထဲ၌ ကျင်းဟွာနန်းတော်သခင် ချန်ထားရစ်ခဲ့သော အမွေအနှစ်ကျင့်စဉ်များ ရှိနေသည်။

​သို့သော် မဟာရှခေတ်ကာလကမူ အော်မေတောင်တွင် တာအိုကျင့်စဉ်ဂိုဏ်း ရှိခဲ့ပြီး၊ ၎င်းမှာ အလွန်ကျော်ကြားလှသော တရားဝင်ဂိုဏ်းကြီးတစ်ခု ဖြစ်ခဲ့သည်။ အော်မေဂိုဏ်းချုပ် ရှန်ထူမင်သည် အော်မေ၏ အလွန်ထင်ရှားကျော်ကြားသော ထိပ်တန်းကျွမ်းကျင်သူတစ်ဦး ဖြစ်ပြီး၊ သူ၏ ခေတ်ပြိုင်ကာလတွင် အမြင့်ဆုံးအဆင့်ရှိသော ကျင့်ကြံသူ တစ်ဦး ဖြစ်ခဲ့သည်။

​သို့သော်လည်း နောက်ပိုင်းတွင် အော်မေဂိုဏ်းသည် ရတနာတစ်ခုကို ရှာဖွေရန်အတွက် ကျွမ်းကျင်သူအားလုံး အင်တိုက်အားတိုက် ထွက်ခွာခဲ့ကြသည်ဟု ဆိုကြသည်။ ဂိုဏ်းချုပ် ရှန်ထူမင်သည် သက်ကြီးဝါရင့် အကြီးအကဲ အများအပြားကို ဦးဆောင်၍ မြေအောက်ကမ္ဘာ သို့ ဝင်ရောက်သွားခဲ့သည်။ ရလဒ်အနေဖြင့် အော်မေဂိုဏ်း၏ အဆင့်မြင့်လူကြီးများအားလုံး ထိုမြေအောက်ကမ္ဘာထဲတွင်ပင် အသက်ပျောက်ခဲ့ကြရပြီး၊ ထိုအကြောင်းရင်းကြောင့်ပင် နောက်ပိုင်းတွင် အော်မေဂိုဏ်း ကွယ်ပျောက်ပျက်စီးခြင်းသို့ ရောက်ရှိသွားခဲ့ရသည်။

​ဤအကြောင်းအရာမှာ မဟာရှ ကျင့်ကြံသူများအကြား ကျယ်ပြန့်စွာ လူသိများလှသည်။ ဤနေရာရှိ ကျင့်ကြံသူများနှင့် ရှန်ထူမင်တို့မှာ ခေတ်ပြိုင်လူများ မဟုတ်ကြဘဲ၊ သူတို့က များစွာ နောက်ကျမှ လူလားမြောက်လာသူများ ဖြစ်ကြသည်။

​ထို့ကြောင့် စောစောက ထိုသူက ရှန်ထူမင်၏ နောက်ခံသမိုင်းကြောင်းကို အော်ဟစ်မပြောခင်အထိ လူအများစုမှာ ဤအော်မေဂိုဏ်းချုပ်ကို မမှတ်မိကြချေ။ သူသည် ထိုခေတ်ကာလက မဟာရှ၏ အမြင့်ဆုံးအဆင့်ရှိသော ကျင့်ကြံသူ ဖြစ်ခဲ့သည်။

​ဤနေရာတွင် မဟာရှ ကျင့်ကြံသူ အများအပြား ရှိနေသဖြင့် အဝတ်စိမ်းဝတ်အမျိုးသားသည် ဤအကြောင်းကို ကြားလိုက်ရသောအခါ စိတ်ထဲတွင် အလွန်အမင်း အံ့ဩသွားမိသည်။ မြေအောက်ကမ္ဘာထဲတွင် သေဆုံးသွားခဲ့ပြီဟု ယူဆရသော အော်မေဂိုဏ်းချုပ်သည် ဘာကြောင့် ဟောထုံတောင် ထဲတွင် ပေါ်လာရသနည်း။ ဘာကြောင့် တစ်ဖန် အလောင်းဖျောက်နတ်ဘုရား အဖြစ် ပြောင်းလဲကာ ကျင့်ကြံသူတစ်ဦး၏ သွေးသားခန္ဓာကို လုယူသိမ်းပိုက်ထားရသနည်း။

​မျက်တောင်တစ်ခတ်အတွင်းမှာပင် လူတိုင်း၏စိတ်ထဲ၌ မေးခွန်းပေါင်းများစွာ ပေါ်ထွက်လာသည်။ ဤအကြောင်းအရာထဲတွင် ထာဝရအသက်ရှည်ခြင်း လျှို့ဝှက်ချက် များ ပါဝင်နေနိုင်ပေသည်။

​ချက်ချင်းပင် လူတိုင်း၏ သတ်ဖြတ်လိုစိတ်များမှာ လျော့ပါးသွားပြီး၊ သူ့ကို ဖမ်းဆီးကာ သူ၏ကိုယ်ပေါ်ရှိ လျှို့ဝှက်ချက်များကို ဖြည်းဖြည်းချင်း မေးမြန်းရန် စိတ်ကူးလိုက်ကြသည်။

​သို့သော်လည်း ထိုခန္ဓာကိုယ်ထွားကျိုင်းသော ယောက်ျားကြီးကမူ မည်သည့်အရာကိုမျှ ဂရုမစိုက်ဘဲ ကြေးနီရှေးဟောင်းဓားကို တိုက်ရိုက်လှုပ်ရှားကာ ထိုးနှက်လိုက်တော့သည်။

​ဤကြေးနီရှေးဟောင်းဓားမှာ မဟာရိုင်းကမ္ဘာတွင် မိစ္ဆာများကို နှိမ်နင်းရန် ချုပ်နှောင်ထားသော နတ်ဘုရားဓား ဖြစ်ရာ၊ ဓားချက်တစ်ချက်တည်းဖြင့်ပင် ရှန်ထူမင်၏ စိတ်ဝိညာဉ်ပုံရိပ် ကို ကွက်တိ ထိမှန်သွားတော့သည်။

​တစ်ပြိုင်နက်တည်းမှာပင် လီယန်ချူသည် စိတ်ဓားကျင့်စဉ်ကို ထုတ်သုံးလိုက်သည်။ စိတ်ဓားအတတ်မှာ စိတ်ဝိညာဉ်ပုံရိပ်များကိုသာ သီးသန့် အပိုင်းပိုင်းဖြတ်တောက်နိုင်သည့် အတတ် ဖြစ်သည်။ ရှန်ထူမင်၏ ဒဏ်ရာရနေသော စိတ်ဝိညာဉ်ပုံရိပ်မှာ ချက်ချင်းပင် ဗုန်းကနဲ ပေါက်ကွဲကာ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားတော့သည်။

​သူ၏ စိတ်ဝိညာဉ်ပုံရိပ်မှာ ပြင်းထန်လှသော တိုက်ခိုက်မှုများကို ကြုံတွေ့ခဲ့ရပြီးပြီ ဖြစ်သည်။ သေခါနီးအချိန်တွင် သူသည် လီယန်ချူ၏ ဤနတ်ဘုရားမှော်အတတ်ကို မှတ်မိသွားပုံရပြီး၊ မျက်လုံးများ ပြူးကျယ်လျက် ထိုထွားကျိုင်းသော ယောက်ျားကြီးကို အံ့ဩတုန်လှုပ်စွာ ကြည့်လိုက်မိသည်။ သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ သူ စကားတစ်လုံးမျှပင် အော်ဟစ်ခွင့်မရခင်မှာပင် စိတ်ဝိညာဉ်ပုံရိပ်မှာ လုံးဝ ဥဿုံ ပျောက်ကွယ်သွားရတော့သည်။

​မဟာရှ ကျင့်ကြံသူ အနည်းငယ်မှာ နှမြောတသခြင်း ဖြစ်သွားကြရသည်။ သို့သော်လည်း စောစောက သူတို့ကိုယ်တိုင်ကလည်း သတ်ဖြတ်လိုစိတ် အပြည့်ဖြင့် ပြင်းထန်လှသော တိုက်ကွက်များကို သုံးခဲ့ကြခြင်း ဖြစ်ရာ၊ ဤထွားကျိုင်းသော ယောက်ျားကြီးကို အပြစ်တင်၍မရပေ။ ဤကျင့်ကြံသူသည် ရှန်ထူမင်က မည်သူမှန်း သိရှိခြင်းမရှိ၍လည်း ဖြစ်နိုင်ပေသည်။

​အဝတ်စိမ်းဝတ်အမျိုးသားက မျက်မှောင်ကြုတ်ကာ

"ဝိညာဉ်ခြောက်ခြားခေါင်းလောင်း က သူခန္ဓာကိုယ်ပေါ်မှာ မရှိဘူး"

ဟု ပြောလိုက်သည်။

​စောစောက ရှန်ထူမင်၏ သွေးသားခန္ဓာကိုယ် ပျက်စီးသွားစဉ်ကပင် ဝိညာဉ်ခြောက်ခြားခေါင်းလောင်း၏ အရိပ်အယောင်ကို မတွေ့ခဲ့ရသဖြင့် လူတိုင်းက ၎င်းကို စိတ်ဝိညာဉ်ပုံရိပ်ထဲတွင် ဝှက်ထားသည်ဟု ထင်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော် မည်သူက ထင်မှတ်ထားမည်နည်း၊ ရှန်ထူမင်၏ စိတ်ဝိညာဉ်မှာ ရုပ်ခန္ဓာရော နာမ်ခန္ဓာပါ လုံးဝ ချေမှုန်းခြင်း ခံလိုက်ရသော်လည်း ဝိညာဉ်ခြောက်ခြားခေါင်းလောင်း ပေါ်မလာခဲ့ပေ။

​"ခွေးအိုကြီးက ဝိညာဉ်ခြောက်ခြားခေါင်းလောင်းကို ဘယ်နေရာမှာ ဝှက်ထားခဲ့တာလဲ"

​အဝတ်စိမ်းဝတ်အမျိုးသားက ဒေါသတကြီး ဆဲရေးတိုင်းထွာလိုက်သည်။ ဝိညာဉ်ခြောက်ခြားခေါင်းလောင်းမှာ အလွန်တရာ အစွမ်းထက်လှသော နတ်ဘုရားလက်နက် တစ်ခု ဖြစ်သည်။ ၎င်းမှာ ရန်သူ၏ စိတ်ဝိညာဉ်ကို တုန်ခါစေကာ သတ်ဖြတ်နိုင်ရုံသာမက မိမိ၏ စိတ်ဝိညာဉ်ကိုပါ ပိုမိုသန်မာအောင် လေ့ကျင့်ပေးနိုင်ပြီး ကျင့်ကြံမှုကို မြှင့်တင်ပေးနိုင်သဖြင့် ကျင့်ကြံသူများအတွက် အလွန်အရေးကြီးလှသည်။ ယနေ့တွင် ၎င်းနှင့် လွဲချော်ခဲ့ရသဖြင့် အလွန်အမင်း နှမြောတသစရာ ကောင်းလှပေသည်။

​ထိုအချိန်တွင်...

​ဤနတ်ဘုရားတောင်မြတ်ကြီးတစ်ခုလုံး နေရာအနှံ့အပြား ပြိုလဲပျက်စီးလာတော့သည်။ ထိပ်တန်းကျွမ်းကျင်သူများစွာ ဤနေရာတွင် တိုက်ခိုက်ခဲ့ကြသဖြင့် ကြောက်မက်ဖွယ်ကောင်းသော မှော်အတတ်များကြောင့် မြေပြင်ကြီးမှာ ကွဲအက်ကာ တောင်တန်းများ ပြိုလဲခဲ့ရခြင်း ဖြစ်သည်။

လူတိုင်း ဤနေရာမှ ထွက်ခွာရန် ပြင်လိုက်ကြစဉ်...

​အဝေးရှိ နတ်ဘုရားတောင်မြတ်တစ်ခုထဲမှနေ၍ ရုတ်တရက် တောက်ပလှသော အလင်းတန်းတစ်ခု ဖြာထွက်လာသည်။ ထို့နောက်တွင် လူတိုင်းသည် အလွန်တရာ ထူထပ်လှသော ဆေးဘက်ဝင်အမွှေးနံ့ကို ရရှိလိုက်ကြသည်။

​မျက်တောင်တစ်ခတ်အတွင်းမှာပင် လူတိုင်း၏ ဒဏ်ရာအားလုံးမှာ လုံးဝ သက်သာပျောက်ကင်းသွားပြီး၊ စောစောက ကုန်ခမ်းသွားခဲ့သော ကျင့်ကြံမှုစွမ်းအား များသည်လည်း အရှိန်အဟုန်ပြင်းစွာဖြင့် ပြန်လည် ပြည့်ဝလာတော့သည်။ ၎င်းမှာ အလွန်တရာ ကြောက်စရာကောင်းလှသော ပြန်လည်ပြည့်ဖြိုးမှုနှုန်းပင် ဖြစ်သည်။

​လူတိုင်းသည် ခန္ဓာကိုယ်များကို လှုပ်ရှားကာ နတ်ဘုရားတောင်မြတ်မှ အလင်းတန်းများ ထွက်ပေါ်လာရာ နေရာဆီသို့ လျင်မြန်စွာ ပျံသန်းသွားကြတော့သည်။ သူတို့ ထိုတောင်မြတ်ဆီသို့ ရောက်မလာသေးခင်မှာပင် ထိုတောင်မြတ်ပေါ်ရှိ သစ်ပင်ပန်းမာန်များမှာ စိမ်းလန်းစိုပြည်လာတော့သည်။ ပျက်စီးသွားသော ကျောက်တောင်ကြီးများမှာ ပြန်လည်မကောင်းမွန်လာသော်လည်း တောင်ပေါ်တွင် ပန်းပွင့်များနှင့် မြက်ပင်များ ဝေဆာစွာ ပေါက်ရောက်လာသည်။

​တောင်တစ်ခုလုံးသည် ရုတ်တရက် အသက်ပြန်ဝင်လာသကဲ့သို့ အဆုံးမဲ့လှသော သက်စောင့်စွမ်းအားများ ပေါ်ထွက်လာသည်။ အလွန်တရာ အဖိုးတန်လှသော ဆေးဖက်ဝင်အပင်များကို နေရာအနှံ့အပြားတွင် တွေ့မြင်နေရပြီး နတ်ဘုရားမြက်ခင်းများ ဖုံးလွှမ်းသွားသည်။

​သာမန်အချိန်များတွင် ဖြစ်ပါက ဤနတ်ဘုရားဆေးပင်များကို လုယူသူများ ရှိနိုင်သော်လည်း ယခုအချိန်တွင်မူ လူတိုင်း၏ မျက်လုံးများထဲ၌ အတိုင်းအဆမဲ့သော ဝမ်းမြောက်ခြင်း အရိပ်အယောင်များ ပေါ်ထွက်လာသည်။ ဤမျှကြီးမားသော သက်စောင့်စွမ်းအားများကို ထုတ်ဖော်နိုင်သည်မှာ အဖြေတစ်ခုသာ ရှိပေသည်။

​"မသေဆေး ပဲ။"

​နတ်ဘုရားလက်နက် အလုခံလိုက်ရသည့် စိတ်ပျက်မှုများမှာ ချက်ချင်းပင် လွင့်ပျယ်သွားတော့သည်။ ယခုတစ်ကြိမ် ဟောထုံတောင်ခရီးစဉ်တွင် ဘာမျှမရဘဲ လက်ဗလာဖြင့် ပြန်ရတော့မည်ဟု ထင်ထားခဲ့သော်လည်း မထင်မှတ်ဘဲ မသေဆေးမှာ တကယ်ပင် ပေါ်ထွက်လာခဲ့ချေပြီ။

​အဝတ်စိမ်းဝတ်အမျိုးသားက စိတ်ထဲမှ ဝမ်းသာအားရဖြင့်

"တကယ်တော့ ဒီမသေဆေးကို တောင်မြတ်ရဲ့ အတွင်းပိုင်းထဲမှာ ဝှက်ထားခဲ့တာကိုး" ဟု တွေးလိုက်မိသည်။

သူ၏ ခန္ဓာကိုယ်မှာ လေထုထဲတွင် ပုံရိပ်ယောင်များစွာအဖြစ် ပြောင်းလဲကာ လျင်မြန်စွာ ပျံသန်းသွားတော့သည်။

​ဟောထုံတောင်ဂူဗိမာန်တစ်ခုလုံး ပျက်စီးသွားပြီး၊ ကျင့်ကြံခြင်းနယ်မြေများ ကွယ်ပျောက်ကာ၊ မြေပြင်နတ်ဘုရားများပင် သေဆုံးခဲ့ရသည့် ကြောက်မက်ဖွယ်ကောင်းသော ကပ်ဘေးကြီးကို ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။ အကယ်၍ မသေဆေးသာ အမှန်တကယ် ရှိခဲ့ပါက ၎င်းကို နတ်ဘုရားတောင်မြတ်၏ အတွင်းပိုင်းထဲတွင် ဝှက်ထားခဲ့ခြင်းမှာ အလွန်ပင် ယုတ္တိရှိလှပေသည်။

​အဝတ်စိမ်းဝတ်အမျိုးသား၏ နှလုံးသားမှာ လောဘမီးများဖြင့် ပူပြင်းလာတော့သည်။ ယခုအခါ ကောင်းကင်ဖဲကြိုး နှင့် ဝိညာဉ်ခြောက်ခြားခေါင်းလောင်း ဟူသော နတ်ဘုရားလက်နက်နှစ်ခုလုံး အလုခံလိုက်ရပြီးပြီ ဖြစ်ရာ၊ သူ၏ မျက်လုံးများထဲမှ အလင်းတန်းများ ဖြာထွက်လာသည်။ ယခုတစ်ကြိမ်တွင်မူ မည်သူ့ကိုမျှ မိမိ၏လက်ထဲမှ မသေဆေးကို လုယူခွင့် ပေးမည်မဟုတ်ပေ။

​သူက ဘေးသို့ လှည့်ကြည့်လိုက်ရာ မိမိ၏ ဘေးနားတွင် လူရိပ်တစ်ခုကလည်း စဉ်ဆက်မပြတ် ပုံရိပ်ယောင်များဖြင့် ပေါ်လိုက်ပျောက်လိုက် ဖြစ်နေပြီး အနီးသို့ ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ မြေကို ကျုံ့စေသော နတ်ဘုရားမှော်အတတ်နှင့် ဆင်တူလှသည်။ မျက်တောင်မခတ်ဘဲ သေချာကြည့်လိုက်သောအခါ စောစောက ထိုထွားကျိုင်းသော လူငယ်လေး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

​ထိုလူငယ်လေး၏ မျက်နှာမှာ အေးစက်တည်ငြိမ်နေပြီး လက်ထဲတွင် ကြေးနီရှေးဟောင်းဓားကို ကိုင်ဆောင်ထားသည်။ အဝတ်စိမ်းဝတ်အမျိုးသား၏ စိတ်ထဲတွင် တုန်လှုပ်သွားရသည်။ ဤထွားကျိုင်းသော လူငယ်လေး၏ ကျင့်ကြံမှုမှာ အလွန်တရာ နက်ရှိုင်းလှပြီး ဓားချီမှာလည်း ထက်မြက်လှသည့်အပြင် အတိုင်းအဆမဲ့ပေတံ ကိုလည်း ပိုင်ဆိုင်ထားသေးသည်။

​သူသည် မိမိအပေါ်တွင် အလွန် ရင်းနှီးဖော်ရွေဟန် ပြသခဲ့သော်လည်း ဤကဲ့သို့ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ကြသော အစွမ်းထက် ကျွမ်းကျင်သူကြီးများမှာ တစ်ယောက်မကျန် ကောက်ကျစ်စဉ်းလဲသော သူ များသာ ဖြစ်ကြသည်။ ထို့ကြောင့် သူသည် မိမိ၏ နတ်ဘုရားမှော်အတတ်ကို ထပ်မံမြှင့်တင်ကာ ပုံရိပ်ယောင်များစွာဖြင့် နတ်ဘုရားအလင်းတန်း ရှိရာဆီသို့ အပြင်းအထန် ပျံသန်းသွားတော့သည်။ ထိုထွားကျိုင်းသော လူငယ်လေးကို အဝေးတွင် ထားရစ်ခဲ့နိုင်မှသာ သူသည် သက်ပြင်းချနိုင်တော့သည်။

​တစ်ဖက်လူက မိမိနောက်သို့ တကောက်ကောက် လိုက်ရန် ရည်ရွယ်ချက်မရှိမှန်း သိလိုက်ရသဖြင့် မိမိဘာသာ လွန်လွန်ကဲကဲ တွေးမိခြင်းဖြစ်နိုင်ကြောင်း နားလည်ကာ အဝတ်စိမ်းဝတ်အမျိုးသားက သက်ပြင်းအရှည်ကြီး ချလိုက်ပြီး နတ်ဘုရားအလင်းတန်း ဖြာထွက်ရာ နေရာဆီသို့ အမြန်ဆုံး သွားလိုက်တော့သည်။

​ထိုခန္ဓာကိုယ် ထွားကျိုင်းသော လူငယ်လေး (လီယန်ချူ၏ ခန္ဓာကိုယ်ခွဲ) မှာမူ နတ်ဘုရားအလင်းတန်း ရှိရာဆီသို့ အလောတကြီး သွားခြင်းမပြုဘဲ စိတ်အာရုံခံစားမှုဖြင့် မိမိ၏ မူရင်းခန္ဓာကိုယ်အစစ်အမှန် ရှိရာကို ရှာဖွေလိုက်သည်။ ထို့နောက် အတိုင်းအဆမဲ့ပေတံနှင့် ကြေးနီရှေးဟောင်းဓားကို သိမ်းဆည်းလိုက်ပြီး မူရင်းခန္ဓာကိုယ်အနီးသို့ ရောက်ရှိလာသောအခါ ခန္ဓာကိုယ်မှာ ဖြည်းဖြည်းချင်း ပုံရိပ်ယောင်အဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားတော့သည်။

​ဤသည်မှာ သူ အတိုင်းအဆမဲ့ပေတံကို ပထမဆုံးအကြိမ် ထုတ်သုံးခြင်း ဖြစ်သည်။ အတိုင်းအဆမဲ့ပေတံနှင့် ကျင်းယဲ့လှံ တို့မှာ ကောင်းကင်ပြင်ပ လကြယ်သံရိုင်းများဖြင့် သွန်းလုပ်ထားခြင်းချင်း တူညီကြသော်လည်း အတိုင်းအဆမဲ့ပေတံကမူ နတ်ဘုရားအရှိန်အဝါ ပိုမို ကိန်းအောင်းလျက် ရှိသည်။

​ဤဘက်တွင်မူ လီယန်ချူ၏ မျက်လုံးများထဲ၌ အံ့ဩခြင်း အရိပ်အယောင်များ ပေါ်ထွက်လာပြီး

"ဟောထုံတောင်ဂူဗိမာန်ထဲမှာ တကယ်ပဲ မသေဆေး ရှိနေတာလား"

ဟု ရေရွတ်လိုက်သည်။ သူသည် မျက်လုံးနှစ်လုံးတွင် ကျင့်ကြံမှုစွမ်းအားများကို လှုပ်ခတ်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

ဝိညာဥ်​မျက်စိအတတ် နှင့် အရှိန်အဝါကြည့်အတတ်

​ဘေးပတ်ပတ်လည်ရှိ သစ်ပင်ပန်းမာန်များမှာ တကယ်ပင် လက်တွေ့ တည်ရှိနေခြင်း ဖြစ်ပြီး ပုံရိပ်ယောင်များ မဟုတ်ကြချေ။ ၎င်းမှာ စောစောက နတ်ဘုရားနန်းတော်အတွင်းရှိ ဝေဝါးလွင့်ပျံနေသော နတ်ဘုရားအငွေ့အသက်များနှင့် လုံးဝ ကွဲပြားခြားနားလှသည်။

​ထို့အပြင် ပျက်စီးနေသော နတ်ဘုရားတောင်မြတ်ကြီးတစ်ခုလုံးကို အသက်ပြန်ဝင်လာစေနိုင်ပြီး၊ ဆေးဘက်ဝင်အမွှေးနံ့မျှဖြင့် တတိယအဆင့် ကျွမ်းကျင်သူများ၏ ဒဏ်ရာများကိုပင် ချက်ချင်း ပျောက်ကင်းစေနိုင်သည်မှာ မသေဆေးကလွဲ၍ အခြား မည်သည့်အရာကမျှ မစွမ်းဆောင်နိုင်ကြောင်း လီယန်ချူ သိပေသည်။

​သူသည် ကိုယ်ခွဲ အတတ်ကို ရုပ်သိမ်းလိုက်ရာ စိတ်ထဲတွင် အနည်းငယ် ထူးဆန်းသကဲ့သို့ ခံစားရသည်။

ကျွေ့ ဟွာ က သူ၏ မျက်နှာအမူအရာ ထူးဆန်းနေသည်ကို မြင်သောအခါ

"ဘာဖြစ်လို့လဲ" ဟု မေးလိုက်သည်။ စောစောက တောင်မြတ်ထဲမှ အလင်းတန်းများ ထွက်ပေါ်လာသည်ကို သူမ မြင်လိုက်ရသဖြင့် အနည်းငယ် စိတ်ဝင်စားနေခြင်း ဖြစ်သည်။

​လီယန်ချူက

"ဝူမျိုးနွယ်ဘိုးဘေးကို ငါ သတ်ပစ်လိုက်ပြီ" ဟု ပြောလိုက်သည်။

​‌ ကေျွ့ဟွာနှင့် ဝူမေ့နန်တို့သည် အံ့ဩတုန်လှုပ်စွာဖြင့် လှည့်ကြည့်လာကြသည်။ ‌ေကျွ့ဟွာက ထိတ်လန့်တုန်လှုပ်စွာဖြင့်

"အသေသတ်လိုက်တာလား" ဟု မေးရာ၊ လီယန်ချူက ခေါင်းအသာအယာ ငြိမ့်ပြပြီး

"မှန်တယ်၊ စောစောက ငါ ခန္ဓာကိုယ်ခွဲအတတ်ကို သုံးလိုက်တဲ့အချိန်မှာ ဝူမျိုးနွယ်ဘိုးဘေးက အခြားလူတွေရဲ့ ဝိုင်းအုံတိုက်ခိုက်တာကို ခံနေရတာနဲ့ ကွက်တိတိုးလို့၊ လူစုလူဝေးကြားထဲကနေ ချောင်းမြောင်းပြီး အသေသတ်လိုက်တာ"

ဟု ပြောလိုက်သည်။

ကျေွ့ဟွာက

"နင့်ကြည့်ရတာ အရမ်းအေးဆေးနေတာ မဆန်းပါဘူး၊ တကယ်တော့ ကြိုတင်ပြီး စီစဉ်ထားပြီးသားကိုး"

ဟု ဆိုသည်။

​လီယန်ချူက ပြုံးလိုက်ပြီး

"ဒီလူကို မသတ်နိုင်ရင် ငါ့စိတ်ထဲမှာ ဘယ်လိုမှ မကျေနပ်နိုင်ဘူး" ဟု ပြောလိုက်သည်။

ဝူမေနန်သည် သက်ပြင်းအရှည်ကြီး ချလိုက်မိပြီး စိတ်ထဲတွင် များစွာ တည်ငြိမ်သွားတော့သည်။

​ ‌ေကျွ့ဟွာက ထူးဆန်းအံ့ဩစွာဖြင့်

"ဒါဆိုရင် စောစောက တောင်ပေါ်မှာ ဖြစ်ပျက်ခဲ့တဲ့ ကမ္ဘာပျက်မတတ် မြင်ကွင်းကြီးက ဝူမျိုးနွယ်ဘိုးဘေး ဝိုင်းအုံတိုက်ခိုက်ခံရတာပေါ့"

ဟု မေးရာ၊ လီယန်ချူက ခေါင်းငြိမ့်ပြသည်။

​ ကေျွ့ဟွာ၏ မျက်နှာတွင် သံသယများ ပေါ်လာပြီး

"အဲဒီလူရဲ့ ကျင့်ကြံမှုက အရမ်းသန်မာပြီး စိတ်ဓာတ်ကလည်း ယုတ်မာကောက်ကျစ်သလို၊ အမြဲတမ်းလည်း ကွယ်ရာကနေ ချောင်းမြောင်းတတ်တဲ့သူပဲ။ ဘာဖြစ်လို့ ဒီလိုမျိုး ဝိုင်းအုံတိုက်ခိုက်ခံရတဲ့ အခြေအနေထဲ ရောက်သွားတာလဲ"

ဟု မေးလိုက်သည်။

ဝူမျိုးနွယ်ဘိုးဘေးသည် ကေျွ့ဟွာအား အလွန်တရာ မိစ္ဆာဆန်သော ခံစားချက်ကို ပေးရုံသာမက ကောင်းမွန်စွာ စီစဉ်တွက်ချက်တတ်သော လူအိုကြီးတစ်ဦးအဖြစ်လည်း ခံစားရစေသည်။ ထိုကဲ့သို့သောလူက ဘာကြောင့် ဝိုင်းအုံတိုက်ခိုက်ခံရသနည်းဟူသည်ကို သူမ နားမလည်နိုင်ချေ။

​လီယန်ချူက တည်ငြိမ်စွာဖြင့်

"ဘယ်သူသိမှာလဲ၊ ကျွမ်းကျင်သူထက် ပိုကျွမ်းကျင်သူ ရှိသလို၊ လူယုတ်မာကို နှိမ်နင်းမယ့် လူယုတ်မာလည်း ရှိစမြဲပဲ ဖြစ်မှာပေါ့"

ဟု ပြောလိုက်သည်။

​ထို့နောက် လီယန်ချူက ပြုံးကာ

"ဒီနတ်ဘုရားအလင်းတန်းက တောင်မြတ်ကြီးတစ်ခုလုံးကို အသက်ပြန်သွင်းပေးနိုင်ခဲ့တယ်။ စောစောက ငါ ဝိညာဥ်မျက်စိအတတ်နဲ့ ကြည့်ပြီးပြီ၊ ဆေးပင်တွေနဲ့ သစ်ပင်တွေထဲမှာ တကယ့်ကို အဆုံးမဲ့တဲ့ သက်စောင့်စွမ်းအားတွေ ပါဝင်နေတယ်။ ဒါက တကယ်ပဲ မသေဆေး ပေါ်လာတာ ဖြစ်နိုင်တယ်"

ဟု ဆိုသည်။

​ ကေျွ့ဟွာက

"သွားကြည့်ကြမလား" ဟု

အကြံပြုရာ၊ လီယန်ချူက

"သွားကြစို့၊ ငါလည်း သိချင်နေပြီ၊ ယခုတစ်ကြိမ်မှာ တကယ်ပဲ စိတ်စွဲလမ်းမှုတွေကြောင့် မိစ္ဆာဝင်ပြီး ဖြစ်ပေါ်လာတဲ့ ပုံရိပ်ယောင်လား၊ ဒါမှမဟုတ် တကယ့် မသေဆေး ပေါ်လာတာလားဆိုတာကို" ဟု ပြောလိုက်သည်။

​လီယန်ချူနှင့် သူတို့အဖွဲ့ နတ်ဘုရားအလင်းတန်း ရှိရာနေရာသို့ ရောက်ရှိလာသောအခါ အဝေးမှကြည့်ရုံဖြင့်ပင် ဘေးပတ်ပတ်လည်၌ ရင်းနှီးနေသော မျက်နှာအချို့ကို တွေ့လိုက်ရသည်။

​ထိုနတ်ဘုရားအလင်းတန်းမှာ ကွဲအက်နေသော အက်ကြောင်းကြီးတစ်ခု ဖြစ်ပြီး၊ ထိုအက်ကြောင်း၏ နောက်ကွယ်တွင် ဆန်းကြယ်လှသော နတ်ဘုရားဘုံ တစ်ခုနှင့် ချိတ်ဆက်ထားပုံရသည်။ တစ်ချက်ကြည့်လိုက်ရုံမျှဖြင့်ပင် စိတ်နှလုံးကို အေးချမ်းစေကာ အလွန်တရာ မြင့်မြတ်သန့်စင်လှသည်။

​အရာအားလုံးထက် လူတိုင်းကို စိတ်လှုပ်ရှားစေသည်မှာ ထိုနတ်ဘုရားဘုံ၏ အလယ်တွင် ရှိနေသော အလွန်တရာ ရှေးကျလှသည့် ဆေးချက်ဖိုကြီး တစ်ခု ဖြစ်သည်။ လီယန်ချူသည် တစ်ချက်ကြည့်လိုက်ရုံဖြင့် အလွန်အမင်း အံ့ဩသွားရသည်။ ဤဆေးချက်ဖိုမှာ ပုံစံရော အရွယ်အစားပါ မိမိလက်ထဲတွင် ရှိနေသော ရှေးဟောင်းဆေးချက်ဖိုနှင့် တစ်ပုံစံတည်း တူညီနေခြင်းပင်။

​မသေဆေးနှင့် ပတ်သက်သော ဒဏ္ဍာရီများမှာ အမြဲတမ်း ကွဲပြားစုံလင်လှပြီး ၎င်းသည် နတ်ဘုရားဆေးပင်လား သို့မဟုတ် အခြားအရာလားဟူသည်ကို မည်သူမျှ မသိကြချေ။ ဝေမြို့တွင်လည်း မသေဆေးနှင့် ပတ်သက်သော သတင်းများ ထွက်ပေါ်ခဲ့ဖူးပြီး လွန်ခဲ့သော နှစ်ပေါင်း သုံးရာခန့်က လူအများအပြား လုယူခဲ့ကြဖူးသဖြင့် အလွန်တရာ ဟိုးဟိုးကျော်သွားခဲ့ဖူးသည်။

​ဟောထုံတောင်ဂူဗိမာန်ထဲမှ မသေဆေးနှင့် ပတ်သက်သော သတင်းမှာမူ ပိုမို တိကျမှန်ကန်လှသည်။

အကြောင်းမှာ ရှေးယခင်က တစ်စုံတစ်ယောက်သည် မသေဆေးကို အမှန်တကယ် ရရှိခဲ့ပြီး မြေပြင်နတ်ဘုရား အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်ဟု သတင်းကြီးခဲ့ဖူးသောကြောင့် ဖြစ်သည်။ ထိုသူမှာ လီယန်ချူ ကောင်းပုရွာ တွင် တွေ့ဆုံခဲ့ဖူးသော ပိုင်ချူးဟန် ပင် ဖြစ်သည်။

​တစ်နည်းအားဖြင့်ဆိုရသော် ပိုင်ချူးဟန်ကိုယ်တိုင်က မသေဆေးနှင့် ပတ်သက်မှု အလွန်နက်ရှိုင်းလှသူ ဖြစ်သည်။ လက်ရှိအချိန်တွင် လီယန်ချူသည် ပို၍ပင် အံ့ဩသွားရပြီး မျက်လုံးများကို အက်ကြောင်းနောက်ကွယ်ရှိ နတ်ဘုရားအလင်းတန်းဆီသို့ ပို့လွှတ်ကာ ထိုဆေးချက်ဖို၏ ပုံသဏ္ဌာန်ကို သေချာစွာ ကြည့်ရန် ကြိုးစားလိုက်သည်။ သို့သော် မည်သို့ပင်ကြည့်စေကာမူ ထိုဆေးချက်ဖိုမှာ မိမိလက်ထဲရှိ ရှေးဟောင်းဆေးချက်ဖိုနှင့် တစ်ထေရာတည်း တူညီနေဆဲ ဖြစ်သည်။

​'ဒါက တိုက်ဆိုင်မှုလား၊ ဒါမှမဟုတ် ငါ့လက်ထဲက ဆေးချက်ဖိုက ဒီနေရာက ဆေးချက်ဖိုနဲ့ တစ်ခုခု ပတ်သက်နေတာလား' ဟု လီယန်ချူက စိတ်ထဲမှ တွေးနေမိသည်။

​လူတိုင်းသည် ထိုနတ်ဘုရားအလင်းတန်းကို သိသိသာသာ စိုးရိမ် နေကြသည်။ အဓိကအကြောင်းရင်းမှာ စောစောက ဂူဗိမာန်ထဲတွင် အတုအယောင် နတ်သမီး၊ နတ်ဘုရား နှစ်ကြိမ်တိုင်တိုင် ပေါ်လာခဲ့ဖူးသောကြောင့် ဖြစ်သည်။ ထိုနတ်သမီးမှာ မသေနိုင်သလိုဖြစ်နေပြီး၊ ခရမ်းရောင်ဝတ် နတ်ဘုရားမှာမူ တိုက်ခိုက်မှု အလွန်ပြင်းထန်ကာ သူ၏ သွေးသားခန္ဓာကိုယ်မှာ ကပ်ဘေးပေါင်းစုံကို ခံနိုင်ရည်ရှိသဖြင့် နောက်ဆုံးတွင် လူတိုင်း ပူးပေါင်းတိုက်ခိုက်မှသာ လုံးဝ ချေမှုန်းနိုင်ခဲ့ခြင်း ဖြစ်သည်။

​ယခုအချိန်တွင် လူသားတို့၏ နတ်ဘုရားဘုံကဲ့သို့ အက်ကြောင်းတစ်ခု ထပ်မံ ပေါ်လာခြင်း ဖြစ်ရာ လူတိုင်းကို ပိုမို သတိကြီးစွာ ထားစေတော့သည်။ သို့သော်လည်း ဤနေရာသို့ ချဉ်းကပ်လာသည်နှင့်အမျှ ထိုထူထပ်လှသော ဆေးဘက်ဝင်အမွှေးနံ့မှာ ပိုမို ဆွဲဆောင်မှု ရှိလာပြီး မိမိတို့၏ ခန္ဓာကိုယ်ထဲတွင် အဆုံးမဲ့သော သက်စောင့်စွမ်းအားများ ပြည့်နှက်လာသကဲ့သို့ ခံစားရစေသည်။

​မိမိတို့၏ သက်တမ်းကုန်ဆုံးတော့မည့် ကျင့်ကြံသူ အများအပြားမှာ ဤအပြောင်းအလဲကို ခံစားလိုက်ရသဖြင့် နှလုံးသားထဲတွင် လောဘမီးများ တောက်လောင်လာတော့သည်။ ဆေးဘက်ဝင်အမွှေးနံ့မျှဖြင့်ပင် ဤမျှ စွမ်းအာရှိပါက အကယ်၍ ဤဆေးချက်ဖိုထဲမှ နတ်ဘုရားဆေးလုံးကိုသာ သောက်သုံးနိုင်ပါက တိုက်ရိုက်ပင် နတ်ဘုရားအဖြစ် ပျံသန်းသွားနိုင်မည် မဟုတ်ပါလား။ အနည်းဆုံးတော့ ထာဝရအသက်ရှည်ခြင်းကို ရရှိနိုင်ပေလိမ့်မည်။

​နောက်ဆုံးတွင်မူ အချို့လူများသည် ဆွဲဆောင်မှုကို မခံနိုင်တော့ပေ။ တံငါသည်တစ်ဦးကဲ့သို့ ဝတ်ဆင်ထားပြီး ဘောင်းဘီခြေထောက်ကို ပင့်တင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ခြေတစ်လှမ်း လှမ်းလိုက်ပြီး ထိုအက်ကြောင်းထဲမှ နတ်ဘုရားအလင်းတန်း ရှိရာဆီသို့ လျှောက်လှမ်းသွားတော့သည်။ စောစောက ဝူမျိုးနွယ်ဘိုးဘေးကို ဝိုင်းအုံတိုက်ခိုက်စဉ်ကပင် ဤသူ၏ ကျင့်ကြံမှုမှာ အလွန်တရာ သန်မာကြောင်း တွေ့မြင်ခဲ့ရပြီး၊ သူသည် အဝတ်စိမ်းဝတ်အမျိုးသားလောက် မစွမ်းသော်လည်း အမြင့်ဆုံးအဆင့်ရှိသော ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။

​သူ၏လက်ထဲတွင် အလင်းတန်းများ တဖျပ်ဖျပ် တောက်ပြောင်လာပြီး ငါးဖမ်းပိုက်ကွန်တစ်ခု ပေါ်လာသည်။ သူသည် အန္တရာယ်မရှိဘဲ အက်ကြောင်း၏ ရှေ့သို့ ရောက်ရှိသွားသည်။ ထိုတံငါသည်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ် အမျိုးသားသည် နောက်သို့ လှည့်ကြည့်လိုက်ရာ အခြားကျင့်ကြံသူများ လိုက်ပါလာခြင်းမရှိသည်ကို တွေ့သောအခါ စိတ်ထဲတွင် ဗုန်းကနဲ တုန်လှုပ်သွားရသည်။

​"တစ်ယောက်ပြီးတစ်ယောက် နောက်ဆုံးမှ အကျိုးအမြတ်ကို လာလုချင်နေကြတာပေါ့၊ အဲလောက် မလွယ်ဘူး" ဟု ထိုအမျိုးသားက အေးစက်စွာ ပြောလိုက်သည်။

​သူသည် ကျင့်ကြံမှုစွမ်းအားများကို လှုပ်ခတ်ကာ မိမိ၏ သွေးသားခန္ဓာနှင့် စိတ်ဝိညာဉ်အရှိန်အဝါကို အမြင့်ဆုံးသို့ မြှင့်တင်လိုက်ပြီး လက်ထဲမှ ငါးဖမ်းပိုက်ကွန်ကို ဖြန့်ကျက်ကာ မိမိရှေ့မှ မမြင်ရသော တိုက်ခိုက်မှုများကို ကာကွယ်လိုက်သည်။ သူသည် အလွန်အမင်း သတိကြီးစွာဖြင့် ဖြည်းဖြည်းချင်း လျှောက်လှမ်းသွားသည်။ ဤကဲ့သို့သော ကျင့်ကြံသူတစ်ဦး၏ စွမ်းအားဖြင့်ဆိုပါက ထိုနေရာသို့ ရောက်ရန် ခန္ဓာကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ရုံမျှသာ ဖြစ်သော်လည်း သူသည် အလွန်အမင်း သတိထား၍ လျှောက်လှမ်းနေခြင်း ဖြစ်သည်။

​သူသည် နောက်ဆုံးတွင် ထိုအက်ကြောင်းကို ဖြတ်သန်းကာ နတ်ဘုရားအလင်းတန်း၏ နောက်ကွယ်သို့ ရောက်ရှိသွားသောအခါ လူတိုင်းသည် သူ၏ ပုံရိပ်ကို နတ်ဘုရားဘုံထဲတွင် မြင်တွေ့လိုက်ရပြီး သူက ထိုဆေးချက်ဖိုဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားသည်။

​သို့သော်လည်း... နတ်ဘုရားအလင်းတန်းက တစ်ချက် ဝှေ့ယမ်းလိုက်သည်။

​ဤအရှိန်အဝါ အလွန်သန်မာလှသော သက်လတ်ပိုင်းအရွယ် အမျိုးသားသည် တုံ့ပြန်ရန် အချိန်မရခင်မှာပင် အရိုးနှင့် အသားများ အရည်ပျော်သွားကာ၊ နောက်ဆုံးတွင် ဆေးချက်ဖို၏ ရှေ့သို့ပင် မရောက်နိုင်ဘဲ ခန္ဓာကိုယ်တစ်ခုလုံး လုံးဝ ဥဿုံ ပျောက်ကွယ်သွားတော့သည်။ ၎င်းတင်မကသေးဘဲ သူ၏ကိုယ်ပေါ်ရှိ အရာအားလုံး၊ သူ၏ ငါးဖမ်းပိုက်ကွန်ပုံစံ ကာကွယ်ရေးရတနာ အပါအဝင် အားလုံး လုံးဝ ပျက်စီးသွားရတော့သည်။

​"ရှူး..."

​ဤမြင်ကွင်းကြောင့် ကျင့်ကြံသူ အများအပြားမှာ အေးစက်သော လေကို ပြင်းထန်စွာ ရှူသွင်းလိုက်မိကြသည်။ လူအများစုမှာ မိမိတို့၏ ကျင့်ကြံမှုသည် သူ့ထက် များစွာ သန်မာသည်ဟု ယူဆထားကြသော်လည်း ဤလူသည် အသံမထွက်ဘဲ၊ တုံ့ပြန်နိုင်စွမ်း လုံးဝမရှိဘဲ သေဆုံးသွားခဲ့ရသဖြင့် သူတို့၏ စိတ်ထဲတွင် လေးပင်သွားကြရသည်။

​ထို့နောက်တွင် ခန္ဓာကိုယ်ပိန်လှီပြီး ဆံပင်ဖြူနေသော အဖိုးအိုတစ်ဦးက ထိုနတ်ဘုရားအလင်းတန်း ရှိရာဆီသို့ လျှောက်လှမ်းသွားပြန်သည်။ စောစောက သူသည် ဤဆေးဘက်ဝင်အမွှေးနံ့ကို တစ်ချက်မျှ ရှူရှိုက်လိုက်ရုံဖြင့် ရောဂါဝေဒနာအားလုံး ပျောက်ကင်းသွားခဲ့ခြင်း ဖြစ်သည်။ နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သဖြင့် စုဆောင်းမိခဲ့သော အတွင်းဒဏ်ရာဟောင်းများမှာ မည်သည့်နတ်ဘုရားဆေးပင်ကို သောက်သုံးစေကာမူ အသုံးမဝင်ခဲ့သော်လည်း ဤဆေးမွှေးနံ့အောက်တွင်မူ ထူးဆန်းစွာ ကောင်းမွန်သွားခဲ့သည်။

​ဤဆံပင်ဖြူအဖိုးအိုမှာ သက်တမ်းကုန်ဆုံးတော့မည့်သူ ဖြစ်ရာ ဤကဲ့သို့သော နတ်ဘုရားဆေးလုံးကို လွယ်လွယ်နှင့် လက်လွှတ်မည် မဟုတ်ပေ။

​ရွှပ်...

​သူသည် ကြေးနီရတနာပုလင်း တစ်လုံးကို ပစ်လွှတ်လိုက်ရာ ၎င်းမှာ လေပြင်းကို စုပ်ယူပြီး ကြီးမားလာကာ နတ်ဘုရားအလင်းတန်းများ ဖြာကျလျက် အဖိုးအို၏ တစ်ကိုယ်လုံးကို ကာကွယ်ပေးလိုက်သည်။ သူ၏ ရတနာပုလင်းမှာ စောစောက ငါးဖမ်းပိုက်ကွန်ထက် များစွာ ပိုမိုအစွမ်းထက်သော ရတနာ ဖြစ်သည်။ ၎င်းမှာ နတ်ဘုရားလက်နက် အဆင့်သို့ မမီသော်လည်း တတိယအဆင့် အထွတ်အထိပ် ကျွမ်းကျင်သူတစ်ဦးက နှစ်ပေါင်းများစွာ သွေးသားဖြင့် မွေးမြူထားခဲ့သော ရတနာ ဖြစ်သည်။

​ဤသူ ရှေ့သို့ တက်လှမ်းကာ လမ်းရှာသည့်အချိန်တွင် မည်သူမျှ သူ့ကို ချောင်းမြောင်းတိုက်ခိုက်ခြင်း မပြုကြချေ။ အဘယ်ကြောင့်ဆိုသော် ဤအဖိုးအိုကဲ့သို့ သတ္တိရှိသူမျိုးမှာ အလွန် ရှားပါးလှသောကြောင့် ဖြစ်သည်။

​အဖိုးအိုသည်လည်း ထိုနတ်ဘုရားအလင်းတန်းကို အောင်မြင်စွာ ဖြတ်သန်းသွားနိုင်ခဲ့ပြီး ဆေးချက်ဖို၏ ရှေ့သို့ ရောက်ရှိသွားကာ ထိုအက်ကြောင်းနောက်ကွယ်ရှိ နတ်ဘုရားဘုံထဲမှ လူတစ်ယောက် ဖြစ်သွားတော့သည်။

​ရုတ်တရက်...

​နတ်ဘုရားအလင်းတန်းက သူ၏ကိုယ်ပေါ်သို့ ထပ်မံ ကျရောက်လာပြန်သည်။ သူ ပစ်လွှတ်ထားသော ကြေးနီရတနာပုလင်းမှာ ဗုန်းကနဲ ပေါက်ကွဲကာ လုံးဝ ပျက်စီးသွားရတော့သည်။ သို့သော် သူကိုယ်တိုင်မှာမူ ဒဏ်ရာတစ်စုံတစ်ရာမရဘဲ ထိုနတ်ဘုရားဘုံထဲတွင် လုံးဝ တည်ရှိနေနိုင်ခဲ့သည်။ သူသည် ထိုဆေးချက်ဖိုဆီသို့ ဆက်လက်လျှောက်လှမ်းသွားပြီး အထဲမှ လျှို့ဝှက်ချက်များကို စတင်ရှာဖွေတော့သည်။

​ဤအခြေအနေကို မြင်လိုက်ရသောအခါ အချို့သော ကျွမ်းကျင်သူများမှာ စိတ်မထိန်းနိုင်တော့ပေ။ ကြည့်ရသည်မှာ ထိုကြေးနီရတနာပုလင်းနှင့် အဆင့်အတန်းတူညီသော ရတနာများ ရှိနေပါက ထိုနတ်ဘုရားအလင်းတန်းကို ဖြတ်သန်းကာ နတ်ဘုရားဘုံထဲတွင် ရှိနေနိုင်ပုံရသည်။

​အပြာရောင်ဝတ်အမျိုးသမီးက မျှော်စင် ကို ပစ်လွှတ်လိုက်ရာ ချက်ချင်းပင် တစ်ကိုယ်လုံးကို ကာကွယ်ပေးလိုက်ပြီး ထိုနတ်ဘုရားအလင်းတန်းကို ခုခံလိုက်သည်။ မျှော်စင်သည် နတ်ဘုရားအလင်းတန်း၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ တုန်ခါသွားသော်လည်း ပျက်စီးသွားခြင်း မရှိပေ။ ထင်ရှားလှသည်မှာ ၎င်း၏ အရည်အသွေးမှာ ထိုကြေးနီရတနာပုလင်းထက် များစွာ သာလွန်လှသည်။

​မျက်လုံးများထဲတွင် ရှေးကျလှသော ရင့်ကျက်မှုများ ပြည့်နှက်နေသော လူငယ်လေးကလည်း အဆောင်တံဆိပ် တစ်ခုကို ပစ်လွှတ်လိုက်ရာ ၎င်းပေါ်တွင် ရှေးဟောင်းစာလုံးနှစ်လုံး ပါရှိပြီး သူ၏ ဦးခေါင်းထက်တွင် ဆန်းကြယ်စွာ လည်ပတ်နေသည်။ နတ်ဘုရားအလင်းတန်းကို ခုခံလိုက်သည့်အချိန်တွင် ပျက်စီးသွားခြင်း မရှိပေ။

​သို့သော်လည်း ဤနှစ်ယောက်မှအပ အခြားသူများ ပစ်လွှတ်လိုက်ကြသော ပြင်းထန်လှသော ရတနာများမှာမူ တစ်ခုမကျန် ဗုန်းကနဲ ပေါက်ကွဲကာ ပျက်စီးသွားကြရတော့သည်။ ခြွင်းချက်မရှိချေ။

​ကျွမ်းကျင်သူ ခုနစ်ယောက်သာ ထိုနတ်ဘုရားအလင်းတန်းကို ခုခံနိုင်ခဲ့ကြပြီး၊ ကျန်ရှိသောလူများတွင်မူ ဤမျှ အစွမ်းထက်သော ရတနာများ မရှိကြချေ။ အချို့သောသူများမှာ ကျင့်ကြံမှု သန်မာကြသော်လည်း ရတနာ အများအပြား မရှိကြပေ။

​အနောက်ဘက်ဒေသ မှ တတိယအဆင့် ကျွမ်းကျင်သူတစ်ဦးက မယုံကြည်ဘဲ လက်တစ်ထောင်ဘုရားရုပ်တု ကို ထုတ်ကာ နတ်ဘုရားမှော်အတတ်ကို လှုပ်ခတ်၍ ထိုနတ်ဘုရားအလင်းတန်းကို ရင်ဆိုင်လိုက်သည်။ သို့သော် နတ်ဘုရားအလင်းတန်း၏ အရိုက်ခံလိုက်ရသည်နှင့် အသားနှင့်အရိုးများ ချက်ချင်း အရည်ပျော်သွားကာ ဘုရားရုပ်တု ပျက်စီးပြီး တတိယအဆင့် ကျွမ်းကျင်သူတစ်ဦး သေဆုံးသွားရပြန်သည်။

​နောက်ဆုံးလူက ရတနာကို သုံးပြီး အတင်းအကျပ် ဖြတ်သန်းသွားပြီးနောက် အချိန်အတော်ကြာသည်အထိ မည်သူမျှ ထိုနတ်ဘုရားအလင်းတန်းကို မဖြတ်သန်းဝံ့ကြတော့ပေ။ လူတိုင်းသည် ထိုခုနစ်ယောက် ဆေးချက်ဖို၏ ရှေ့သို့ ရောက်ရှိသွားသည်ကို မြင်တွေ့နေရသော်လည်း ထိုနေရာတွင် မမြင်ရသော ရှေးဟောင်းတားဆီးမှုအတားအဆီးတစ်ခု ရှိနေပုံရပြီး၊ ၎င်းက သူတို့ကို ချုပ်နှောင်ထားသဖြင့် အနီးသို့ ကပ်မသွားနိုင်ကြချေ။ သို့သော် မြင်ကွင်းအရ သူတို့သည် အလွန်တရာ ထူထပ်လှသော ဆေးမွှေးနံ့ကို ခံစားနေရပုံရပြီး တစ်ယောက်ပြီးတစ်ယောက် ကျင့်ကြံမှုကို စတင် စုပ်ယူနေကြသဖြင့် လူတိုင်းကို အလွန် မနာလိုဖြစ်စေသည်။

​၎င်းမှာ မသေဆေး ဖြစ်သော်လည်း နတ်ဘုရားအလင်းတန်း၏ စွမ်းအားမှာ လူတိုင်းကို အားလျှော့သွားစေသည်။

​ရုတ်တရက်...

​လူငယ်တာအိုဆရာတစ်ပါး လျှောက်လှမ်းလာသည်။ ထိုလူငယ်တာအိုဆရာ၏ ခန္ဓာကိုယ်မှာ ထောင့်စွန်းကျပြီး အရှိန်အဝါမှာ တောင်တန်းကြီးတစ်ခုကဲ့သို့ ထူထပ်လှသည်။ သူသည် ကျောက်စိမ်းကဲ့သို့ နူးညံ့သိမ်မွေ့ပြီး ထက်မြက်လှသော မျက်ခုံးနှစ်ဖက် ရှိသဖြင့် ပိုမို ရဲရင့်ထက်မြက်ဟန် ပေါ်လွင်နေသည်။ သူ၏ ခါးတွင် ရှေးဟောင်းဓားရှည်တစ်လက်ကို ချိတ်ဆွဲထားသည်။

​ထိုလူငယ်တာအိုဆရာ ပေါ်လာသည်နှင့် လူတိုင်းသည် ဒီရေလှိုင်းကဲ့သို့ ဘေးဘယ်ညာသို့ အလိုအလျောက် လမ်းဖယ်ပေးလိုက်ကြတော့သည်။ စောစောက လျှို့ဝှက်ဆန်းကြယ်သော ကျွမ်းကျင်သူအချို့ ပူးပေါင်းကာ နတ်ဘုရားတောင်မြတ်ရှိ နန်းတော်ထဲမှ ခရမ်းရောင်ဝတ်နတ်သမီးကို ချေမှုန်းခဲ့ခြင်းမှာပင် လောကကြီးကို ထိတ်လန့်စေခဲ့ပြီ ဖြစ်သည်။

နောက်ပိုင်းတွင် လူတိုင်း ဝိုင်းအုံတိုက်ခိုက်ခဲ့ကြသော ထိုခန္ဓာကိုယ်ထွားကျိုင်းသည့် အဖိုးအို (ဝူမျိုးနွယ်ဘိုးဘေး) ကလည်း လူတိုင်းကို နတ်ဘုရားမှော်အတတ်၏ အစွမ်းထက်ပုံကို ပြသခဲ့သည်။ ဆန်းပြားလှသော မှော်အတတ်များကြောင့် တောင်ကြီး ပြိုလဲကာ ကောင်းကင်တစ်ခုလုံး မှော်အတတ်များ ဖုံးလွှမ်းသွားခဲ့သည်။

​သူတို့အတွက်မူ ထိုလူများအားလုံးမှာ အလွန်တရာ စွမ်းအားကြီးမားသော တည်ရှိမှုများ ဖြစ်ကြသော်လည်း၊ သူတို့ကို တကယ်ပင် လက်လှမ်းမမီနိုင်လောက်အောင် ခံစားရစေသည်မှာ ဤလူငယ်တာအိုဆရာ ဖြစ်သည်။ ဤလူငယ်တာအိုဆရာ မှာ မိမိ၏ စွမ်းအားတစ်ခုတည်းဖြင့် ယုယူတောင်ထိပ်ရှိ နန်းတော်ကို ရိုက်ခွဲကာ နန်းတော်ထဲမှ နတ်သမီးကို သတ်ဖြတ်ခဲ့သူ ဖြစ်သည်။

၎င်းတင်မကသေးဘဲ မီးနတ်ဘုရား ၏ ခန္ဓာကိုယ်ပွားကို ပင့်ဖိတ်ကာ နတ်ဘုရားခန္ဓာကိုယ်ပွားကို ထုတ်သုံးခဲ့သော ကြောက်မက်ဖွယ်ကောင်းသည့် လူငယ်လေးကိုပါ လုံးဝ ချေမှုန်းပစ်ခဲ့သူ မဟုတ်ပါလား။

​သူသည် ကျောက်စိမ်းကဲ့သို့ နူးညံ့သိမ်မွေ့ဟန် ပေါ်သော်လည်း ဤလူငယ်တာအိုဆရာ သည်သာ တစ်ကိုယ်လုံးတွင် ရှေးဟောင်းရက်စက်မှု အရှိန်အဝါများ ပြည့်နှက်နေသော တည်ရှိမှု ဖြစ်ပေသည်။

​လီယန်ချူသည် လမ်းဖယ်ပေးကြသော လူအုပ်ကြီးကို ကြည့်ကာ မျက်နှာအမူအရာ တည်ငြိမ်နေသည်။

‌ ကျွေ့ ဟွာက ဘေးမှနေ၍ တိုးတိုးလေး

"ဒီအက်ကြောင်းနောက်ကွယ်က နတ်ဘုရားဘုံထဲမှာ တကယ်ပဲ မသေဆေး ရှိနေတာလား"

ဟု မေးလိုက်သည်။

​လီယန်ချူ၏ မျက်လုံးနှစ်လုံးထဲတွင် ကျင့်ကြံမှုအလင်းတန်းများ တောက်ပြောင်လာပြီး စိတ်ကြည်လင်ကျောက်စိမ်း ကို တိုက်ရိုက်လှုပ်ရှားကာ ကြည့်လိုက်သည်။ ခဏအကြာတွင် တည်ငြိမ်စွာဖြင့်

"မသေဆေးလား မလားဆိုတာ မသေချာဘူး၊ ဒါပေမဲ့ ဘာပြဿနာမျှတော့ မမြင်ရသေးဘူး"

ဟု ပြောလိုက်သည်။

​မကြာခင်မှာပင် အခြားကျင့်ကြံသူတစ်ဦး စိတ်မထိန်းနိုင်ဘဲ တက်လှမ်းသွားပြန်သည်။ ဤသူသည် ရတနာသုံးခုကို တစ်ပြိုင်နက်တည်း ပစ်လွှတ်လိုက်ရာ ၎င်းတို့ထဲတွင် ပြင်းထန်လှသော အရှိန်အဝါများ ကိန်းအောင်းနေသည်။ တစ်ပြိုင်နက်တည်းမှာပင် သူ၏ကိုယ်ပေါ်၌ ကြီးမားလှသော နတ်ဘုရားအရှိန်အဝါများ ပေါ်ထွက်လာပြီး မည်သည့် နတ်ဘုရား၏ စွမ်းအားကို ငှားရမ်းလိုက်သည်မသိရဘဲ ထိုနတ်ဘုရားဘုံထဲသို့ တိုက်ရိုက် တိုးဝင်သွားတော့သည်။

​ဤနတ်ဘုရားဘုံမှာ ဘယ်နေရာသို့ ဦးတည်နေသည်ကို မည်သူမျှ မသိကြချေ။ ၎င်းမှာ အခြား လျှို့ဝှက်နယ်မြေတစ်ခုလား၊ သို့မဟုတ် ဟောထုံတောင်ဂူဗိမာန်ထဲမှ တားဆီးမှုနယ်မြေတစ်ခုမျှသာလား၊ သို့မဟုတ် တကယ့် နတ်ဘုရားကမ္ဘာ သို့ ဦးတည်နေခြင်းလားဟူသည်ကို မည်သူမျှ မသိရပေ။

​သို့သော်လည်း ဤကျင့်ကြံသူ၏ ရလဒ်မှာမူ အထင်ရှားဆုံး ဖြစ်ခဲ့သည်။ နတ်ဘုရားအလင်းတန်း၏ ရိုက်ခတ်မှုကြောင့် သူ၏ ရတနာသုံးခုလုံး ချက်ချင်း ပျက်စီးသွားပြီး အရိုးနှင့်အသားများ အရည်ပျော်ကာ ရုပ်ခန္ဓာရော နာမ်ခန္ဓာပါ လုံးဝ ပျောက်ကွယ်သွားရတော့သည်။

​"ဒီနတ်ဘုရားအလင်းတန်းက အရမ်းကြောက်ဖို့ကောင်းတာပဲ၊ ရတနာကသာ မသန်မာရင် တကယ်ပဲ ဖြတ်လို့မရဘူးလား"

"ဟူး... မသေဆေးက မျက်စိရှေ့တင် ရှိနေတာကို သူများတွေ လုတာကိုပဲ ထိုင်ကြည့်နေရတယ်"

"စောစောကသာ ရတနာကောင်းကောင်းတစ်ခုကို ရှာထားခဲ့ရင် အခုအချိန်မှာ အသုံးဝင်မှာပဲ"

​သူတို့၏ စကားဝိုင်းကို ကြားလိုက်ရသဖြင့် လီယန်ချူနှင့် သူတို့အဖွဲ့သည် လက်ရှိအခြေအနေကို လျင်မြန်စွာ နားလည်လိုက်ကြသည်။ တကယ်တော့ စောစောကပင် ကျင့်ကြံသူ အများအပြား ဤနတ်ဘုရားအလင်းတန်းအောက်တွင် သေဆုံးခဲ့ကြရခြင်း ဖြစ်သည်။

ကျွေ့ ဟွာက

"ဒီနေရာက တကယ်ကို အန္တရာယ်များတာပဲ"

ဟု ရေရွတ်လိုက်မိသည်။ သို့သော် စကားပြောပြီးနောက် လီယန်ချူ အာရုံလွင့်နေသည်ကို သူမ သတိပြုမိသွားသည်။

ကျွေ့ ဟွာက

"ဘာဖြစ်လို့လဲ" ဟု မေးလိုက်သည်။

​လီယန်ချူက မျက်မှောင်ကြုတ်ကာ ဖြည်းညှင်းစွာဖြင့်

"စောစောက အဲဒီလူ သေသွားတဲ့အချိန်မှာ ဆေးချက်ဖိုရဲ့ အရှိန်အဝါက ပိုပြီး ထူထပ်လာသလို ငါ ခံစားလိုက်ရတယ်" ဟု ပြောလိုက်သည်။

ကျွေ့​ဟွာ၏ စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်သွားရသည်။ သူမသည်လည်း အလွန် လိမ်မာပါးနပ်သူ ဖြစ်ရာ ချက်ချင်းပင် သဘောပေါက်သွားပြီး ထိတ်လန့်စွာဖြင့်

"ဒါဆိုရင်... ဒီဆေးချက်ဖိုက ဒီနေရာက ကျင့်ကြံသူတွေကို ဆေးချက်နေတာလား" ဟု မေးလိုက်သည်။

​အကယ်၍ ဤသို့သာ ဆိုပါက... ဤမျှ ထူထပ်လှသော ဆေးမွှေးနံ့များနှင့် အဆုံးမဲ့သော သက်စောင့်စွမ်းအားများထဲတွင် တကယ်တော့ ကျင့်ကြံသူ မည်မျှများများ သေဆုံးခဲ့ကြရပြီနည်း။

All Chapters