အခန်း ၉၀၆
Vol. 91 Ch. 906
အခန်း (၉၀၆) ဝမ်ဖူဖုန်း ၊ အထက်အမိန့်ကို ဖီဆန်ခြင်း ၊ လောကနယ်ပယ်ငယ်လေး စတင်ပုံပေါ်လာခြင်း ၊ မင်ရှန်တောင်မှ ဆေးဖက်ဝင်ရတနာ
နတ်ဘုရားတစ်ပိုင်းခန္ဓာကို ဖွဲ့စည်းတည်ဆောက်ထားနိုင်သည့် ထျန်ယင်းဆရာတော်၏ ကျင့်ကြံဆင့်မှာ တတိယအဆင့်နှောင်းပိုင်းထက် များစွာသာလွန်ရုံမျှမက၊ ၎င်း၏လက်ထဲတွင်လည်း နတ်ဘုရားအမိန့်စာချွန်လွှာကို ကိုင်ဆောင်ထားသေးသည်။
ထိုကဲ့သို့သော အထွတ်အထိပ်ပညာရှင်တစ်ယောက် ကျဆုံးပျက်စီးသွားရခြင်းက ရှန့်ရှန်းနန်းတော်အရှင်သခင်ကို မဖြစ်မနေ အလေးဂရုပြုလာစေတော့သည်။
အထူးသဖြင့် ယခုအချိန်တွင် ရှေးဟောင်းနတ်ဘုရားများ နိုးထလာပြီး နတ်ဘုရားအမိန့်တော်များ လက်ဆင့်ကမ်းလာသည့်အချိန်မျိုးတွင် ဖြစ်သည်။
ခရမ်းရောင်ဝတ်စုံနှင့် လူလတ်ပိုင်းအမျိုးသားသည် နေရာမှ ဖြည်းညှင်းစွာ ထရပ်လိုက်သည်။ ကောင်းပုကျေးရွာတွင် ကိစ္စဖြစ်ပွားပြီး ရွာစောင့်နေသည့် ဖုန်းဖေးနှင့် ဝူကျိတို့ အသတ်ခံရကတည်းက သူသည် ဤနန်းရင်ပြင်မဟာခန်းမကြီးအတွင်း၌သာ အောင်းပြီး ကျင့်ကြံနေခဲ့ခြင်းဖြစ်သည်။ ထိုအတောအတွင်း သူအပြင်သို့ တစ်ကြိမ်သာ ထွက်ခဲ့ဖူးပြီး၊ ထိုတစ်ကြိမ်မှာလည်း ပြီးခဲ့သည့်ခေါက်က ထျန်ယင်းဆရာတော်ကို လိုက်လံပို့ဆောင်စဉ်ကသာ ဖြစ်သည်။
ထျန်ယင်းဆရာတော်သည် သဘာဝတရား၏ ဖန်ဆင်းမှုအတတ်ပညာများကို အစွမ်းကုန်တတ်မြောက်ထားသူဟု ထင်မှတ်ခဲ့မိသည်။ မိစ္ဆာဓားကို ကျင့်ကြံအောင်မြင်ပြီး တစ်ကိုယ်တည်း သုံးကိုယ်ခွဲ ဖြစ်တည်သွားပြီဖြစ်ရာ၊ ယခုအကြိမ်တွင် စိတ်အာရုံတွယ်တာမှုများကို ဖြတ်တောက်ပြီး နယ်ပယ်အသစ်တစ်ခုသို့ တက်လှမ်းနိုင်လိမ့်မည်ဟု ယူဆခဲ့သော်လည်း အဆုံးသတ်ရလဒ်ကမူ အသက်ဝိညာဉ်ကျောက်ပြား အစိတ်စိတ်အမြွှာမြွှာကွဲကြေကာ၊ နတ်ဘုရားအမိန့်စာချွန်လွှာပါ အလုခံလိုက်ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ရှန့်ရှန်းနန်းတော်အရှင်သခင်သည် ထိုရှေးဟောင်းနတ်ဘုရားကျောင်းဆောင်မှ ထွက်ခွာ၍ ကျင့်ကြံရာဂူဗိမာန်အတွင်းသို့ ရောက်ရှိလာပြီး၊ စိတ်အာရုံဖြင့် အသံလွှင့်ကာ ဆင့်ခေါ်လိုက်သည်။ မကြာမီပင် လူငယ်တစ်ယောက် အပြေးအလွှား ရောက်ရှိလာခဲ့သည်။
ထိုလူငယ်သည် ကျယ်ပြန့်သောပုခုံးနှင့် သေးသွယ်သောခါးရှိပြီး၊ ထူထဲသောမျက်ခုံး၊ ဖြူစင်သောမျက်နှာနှင့်အတူ မျက်ဝန်းအစုံမှာ နတ်ဘုရားအလင်းရောင်များ တောက်ပနေသည်။ ၎င်း၏ကိုယ်ပေါ်တွင်မူ မပျယ်မလွင့်ဘဲ စုစည်းနေသည့် တည်ကြည်ခံ့ညားသော အရှိန်အဝါ အငွေ့အသက်များ ဝန်းရံလျက်ရှိသည်။
သူကား ရှန့်ရှန်းနန်းတော်၏
အထွေထွေအတွင်းရေးမှူးချုပ် ‘ဝမ်ဖူဖုန်း’ ပင် ဖြစ်သည်။
“နန်းတော်အရှင်သခင်ကို ဂါရဝပြုပါတယ်” ဝမ်ဖူဖုန်းက ရိုသေကျိုးနွံစွာ ပြောဆိုလိုက်သည်။
ရှန့်ရှန်းနန်းတော်အရှင်သခင်က တည်ငြိမ်အေးဆေးစွာဖြင့်
“ထျန်ယင်းဆရာတော်ရဲ့ အသက်ဝိညာဉ်ကျောက်ပြား ကွဲကြေသွားပြီ၊ သူကျဆုံးသွားခဲ့ပြီ” ဟု ဆိုသည်။
နန်းတော်အတွင်းရှိ လူအားလုံး၏ အသက်ဝိညာဉ်ကျောက်ပြားများကို သီးသန့်နေရာတစ်ခုတွင် ထိန်းသိမ်းထားလေ့ရှိသော်လည်း၊ ထျန်ယင်းဆရာတော်၏ ကျောက်ပြားကိုမူ ရှန့်ရှန်းနန်းတော်အရှင်သခင်ကိုယ်တိုင် လက်ဝယ်ထားရှိခြင်းဖြစ်သည်။
ဝမ်ဖူဖုန်း၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားပြီး မယုံကြည်နိုင်ဟန်ဖြင့် ခေါင်းကို ဝုန်းခနဲ မော့ကြည့်ကာ
“ဆရာသခင် ကျဆုံးသွားပြီဟုတ်လား” ဟု မေးလိုက်သည်။
သူသည် ထျန်ယင်းဆရာတော်၏ တစ်ဦးတည်းသော တပည့်ရင်းဖြစ်ပြီး၊ ၎င်း၏ခါးတွင်လည်း ရှည်လျားသော ဓားတစ်လက်ကို ချိတ်ဆွဲထားသည်။ ထိုဓားမှာ ရှေးဟောင်းနာမည်ကျော်ဓားတစ်လက်ဖြစ်သည့် မဟာရှနဂါးငှက်ဓား ဖြစ်ပြီး ထျန်ယင်းဆရာတော် ကိုယ်တိုင်လက်ဆောင်ပေးထားခြင်း ဖြစ်သည်။
ရှန့်ရှန်းနန်းတော်အရှင်သခင်က လေးနက်သောလေသံဖြင့်
“ထျန်ယင်းဆရာတော် ကျဆုံးရုံတင်မကဘူး၊ ပြီးခဲ့တဲ့ခေါက်က ပင့်ဆောင်သွားတဲ့ နတ်ဘုရားအမိန့်စာချွန်လွှာလည်း အလုခံလိုက်ရတယ်။ အထက်နတ်ဘုရားမင်းက အဲဒီလူကို ရှာဖွေဖော်ထုတ်ပြီး စာချွန်လွှာကို ပြန်လည်ပင့်ဆောင်ဖို့ နတ်ဘုရားအမိန့်တော် ချမှတ်ထားတယ်”
ဟု ဆက်ပြောသည်။
ဝမ်ဖူဖုန်း၏ မျက်ဝန်းထဲတွင် အံ့ဩရိပ်များ ဖြတ်ပြေးသွားသည်။ နတ်ဘုရားအမိန့်စာချွန်လွှာသည် အလွန်တရာ အစွမ်းထက်သော စွမ်းအားများ ရှိသည်။ အသုံးပြုသည်ဖြစ်စေ၊ အသုံးမပြုသည်ဖြစ်စေ သာမန်ကျင့်ကြံသူတစ်ယောက်၏ လက်ထဲတွင် မရှိသင့်သော အရာမျိုးဖြစ်သည်။
ရှန့်ရှန်းနန်းတော်အရှင်သခင်က လေးနက်စွာဖြင့်
“ဖူဖုန်း... မင်းရဲ့ဆရာက မင်းကို နန်းတော်ရဲ့ အမှုကိစ္စတွေကို ဦးဆောင်ဖို့ ညွှန်းဆိုခဲ့တယ်။ ဒီအရေးကိစ္စအပေါ် မင်း ဘယ်လိုမြင်လဲ ”
ဟု မေးလိုက်သည်။
ဝမ်ဖူဖုန်းက တည်ငြိမ်စွာဖြင့်
“တပည့်အနေနဲ့တော့ ဒီကိစ္စကို အချိန်ယူပြီး တဖြည်းဖြည်းချင်းပဲ အကွက်ချ လုပ်ဆောင်သင့်တယ်လို့ မြင်ပါတယ်” ဟု ပြန်လည်ဖြေကြားသည်။
ရှန့်ရှန်းနန်းတော်အရှင်သခင်က
“တဖြည်းဖြည်းချင်း အကွက်ချမယ် ဟုတ်လား” ဟု မေးခွန်းထုတ်သည်။
ဝမ်ဖူဖုန်းက ခေါင်းကို အနည်းငယ်ညိတ်ကာ
“မှန်ပါတယ်၊ နတ်ဘုရားအမိန့်စာချွန်လွှာကိုတောင် လုယူနိုင်တယ်ဆိုရင် တစ်ဖက်လူရဲ့ ကျင့်ကြံဆင့်က အလွန်အမင်း အစွမ်းထက်နေမှာ အသေအချာပါပဲ။ ပြီးတော့ တစ်ဖက်လူရဲ့ နောက်ခံဇာစ်မြစ်ကိုလည်း မသိရသေးတဲ့အတွက် အခုအချိန်မှာ ဇွတ်တရွတ် လှုပ်ရှားဖို့ မသင့်တော်သေးပါဘူး”
ရှန့်ရှန်းနန်းတော်အရှင်သခင်က အေးစက်စွာဖြင့်
“ဒါပေမဲ့ အထက်နတ်ဘုရားမင်းက ညွှန်ကြားချက် ပေးထားပြီးပြီလေ” ဟု ဆိုသည်။
ဝမ်ဖုန်းဖုန်းက ပြုံးလျက်
“အရေးကြီးတဲ့ကိစ္စ ဖြစ်လေလေ၊ ပိုပြီးတော့ အေးအေးဆေးဆေး လုပ်ဆောင်ရလေလေပါပဲ။ နတ်ဘုရားမင်းကလည်း အချိန်ကန့်သတ်ချက် ပေးမထားဘူးမဟုတ်လား တစ်ဖက်လူက စာချွန်လွှာကို လုသွားနိုင်တယ်ဆိုတော့ သူ့နောက်ကို လိုက်ဖို့အတွက်လည်း အချိန်ယူရဦးမှာပါ။ အခုလောလောဆယ်မှာတော့ အာရုံစိုက်မှုကို ကျိုဖုန်းတောင် စတဲ့ နေရာတွေဆီမှာပဲ ထားရှိပြီး၊ လျှို့ဝှက်နယ်မြေရဲ့ အကြွင်းအကျန်တွေကို ရှာဖွေစူးစမ်းကာ ကိုယ့်အစွမ်းအစကို မြှင့်တင်ရင်း အခွင့်အခါကောင်းကို စောင့်ဆိုင်းသင့်ပါတယ်”
ရှန့်ရှန်းနန်းတော်အရှင်သခင် တိတ်ဆိတ်သွားသည်။
ခေတ္တမျှကြာပြီးနောက် ဝမ်ဖူဖုန်းကို တစ်ချက်ကြည့်ကာ တည်ငြိမ်စွာဖြင့်
“မင်းရဲ့ဆရာက မင်းကို ဘာလို့ ဒီလောက်တောင် သဘောကျလဲဆိုတာ ငါ အခုမှ နည်းနည်းသဘောပေါက်တော့တယ်” ဟု ပြောလိုက်သည်။
ဝမ်ဖူဖုန်း၏ မျက်ဝန်းထဲတွင် ဝမ်းနည်းရိပ်တစ်ခု ဖြတ်ပြေးသွားပြီး မျက်နှာကို တည်ခန့်ကာ
“တပည့်ဟာ ရှန့်ရှန်းနန်းတော်ရဲ့ အမှုဆောင်အရာရှိအဖြစ် တာဝန်ယူထားတာမို့လို့ ဘယ်လိုလုပ် စွမ်းဆောင်မှု မပြဘဲ နေဝံ့ပါ့မလဲ ” ဟု လေးနက်စွာ ဆိုသည်။
ရှန့်ရှန်းနန်းတော်အရှင်သခင်က ပြုံးစိစိမျက်နှာထားဖြင့်
“မင်းက နတ်ဘုရားမင်းရဲ့ ညွှန်ကြားချက်ကိုတောင် ဒီလိုသဘောထားဝံ့တာ၊ ငါ့ရဲ့စကားကိုကျတော့ နားထောင်ပါ့မလား ဒီလောက်အထိ အစွယ်အပြောင် ပြရဲတယ်ဆိုတော့ ကိုယ့်အသက်ကို နှမြောပုံမရဘူးပဲ”
ဝမ်ဖူဖုန်းက အလေးအနက်ဟန်ဖြင့်
“နတ်ဘုရားမင်းရဲ့ အရှိန်အဝါက ကြီးမြတ်ပြီး ရှေးကျလှပါတယ်၊ မိုးကောင်းကင်ရဲ့ အရှိန်အဝါကလည်း ဦးခေါင်းထက်မှာ ရှိနေပါတယ်။ ဒါပေမဲ့ တပည့်ရဲ့ မျက်လုံးထဲမှာတော့ နန်းတော်အရှင်သခင်တစ်ယောက်ပဲ ရှိပါတယ်။ တပည့် လုပ်ဆောင်သမျှ အရာအားလုံးဟာလည်း နန်းတော်ရဲ့ အကျိုးစီးပွားအတွက်သာ ဖြစ်ပြီး၊ ကိုယ်ကျိုးစီးပွား နည်းနည်းလေးမှ မပါဝင်ပါဘူး”
“သတ္တိရှိလှချည်လား” ရှန့်ရှန်းနန်းတော်အရှင်သခင်က လေးနက်သောအသံဖြင့် ဟောက်လိုက်သည်။
“ရှန့်ရှန်းနန်းတော်ထဲမှာ ရှိသမျှလူတိုင်းဟာ နတ်ဘုရားတွေရဲ့ ကျွန်တွေချည်းပဲ။ မင်းရဲ့ဒီစကားတွေဟာ အထက်အမိန့်ကို ဖီဆန်တဲ့ ကြီးလေးတဲ့ပြစ်မှုပဲ ”
ချက်ချင်းဆိုသလိုပင် ၎င်း၏ကိုယ်ပေါ်မှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာသည်။ ဤလျှို့ဝှက်ဆန်းကြယ်သော နန်းတော်အရှင်သခင်၏ ကျင့်ကြံဆင့်မှာ အတိုင်းအဆမရှိ နက်ရှိုင်းလှပေသည်။
ဝမ်ဖူဖုန်းက တည်ငြိမ်စွာဖြင့်ပင်
“ကောင်းကင်ရဲ့အလိုတော်က မြင့်မားလွန်းပါတယ်၊ ဒါပေမဲ့ ဒီနေရာက လူ့လောကပါ” ဟု ပြန်ပြောလိုက်သည်။
ရှန့်ရှန်းနန်းတော်အရှင်သခင်သည် ကိုယ်ပေါ်မှ အရှိန်အဝါများကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး အေးစက်စွာဖြင့်
“လူငယ်တွေက ကောင်းကင်နဲ့မြေကြီးရဲ့ အနိမ့်အမြင့်ကို မသိကြသေးဘူးပဲ။ နောင်ကို ဒီလိုစကားမျိုး ပေါက်ကရ လျှောက်မပြောနဲ့တော့”
ဝမ်ဖူဖုန်းက ရိုသေစွာဖြင့် “အမိန့်အတိုင်းပါ” ဟု နာခံလိုက်သည်။
ရှန့်ရှန်းနန်းတော်အရှင်သခင်က အေးဆေးစွာဖြင့်
“ဒီကိစ္စကို မင်းပဲ တာဝန်ယူပြီး လုပ်လိုက်ပါ။ နောက်တောင်ကိုသွားပြီး ရွှေဆေးလုံး သုံးလုံး သွားထုတ်ယူ၊ ပြီးရင် နတ်ရေကန် မှာ ဆယ်ရက်တိတိ တရားထိုင်ပါဦး” ဟု မိန့်ကြားသည်။
ရွှေဆေးလုံးဆိုသည်မှာ ကြီးမားသော ကောင်းမှုကုသိုလ်အကျိုးဆောင်နိုင်သူများကိုသာ ဆုလာဘ်အဖြစ် ပေးသနားလေ့ရှိခြင်း ဖြစ်သည်။ စတင်တည်ထောင်ချိန်မှစ၍ နတ်ရေကန်တွင် တရားထိုင်ခွင့်ရသူဟူ၍လည်း လက်ချိုးရေတွက်ရုံမျှသာ ရှိပြီး၊ ထိုနေရာသည် ခန္ဓာကိုယ်တွင်း အညစ်အကြေးများကို ဆေးကြောပေးနိုင်ကာ အသက်ဝိညာဉ် ကို အားကောင်းစေနိုင်သည်။ ဤဆုလာဘ်နှစ်ခုလုံးမှာ အတုမရှိသော အခွင့်အရေးကြီးများပင် ဖြစ်သည်။
ဝမ်ဖုန်းဖုန်းက
“နန်းတော်အရှင်သခင်ရဲ့ အမိန့်တော်အတိုင်း နာခံပါ့မယ်” ဟု ဆိုကာ ထွက်ခွာသွားသည်။
ဝမ်ဖူဖုန်း ထွက်ခွာသွားပြီးနောက် ရှန့်ရှန်းနန်းတော်အရှင်သခင်သည် သူ၏ကျောပြင်ကို ကြည့်ရင်း ရုတ်တရက် ခပ်ပြုံးပြုံး လုပ်လိုက်ပြီး
“တကယ့်ကို အတွင်းရေးမှူးချုပ် လုပ်ဖို့ မွေးဖွားလာတဲ့ အစွမ်းအစရှိသူပဲ” ဟု တွေးလိုက်သည်။
သူသည် ခေါင်းကို ဖြည်းညှင်းစွာ လှည့်၍ ထိုရှေးဟောင်းနတ်ဘုရားကျောင်းဆောင်ကြီးဆီသို့ လှမ်းကြည့်လိုက်သည်။ မသိမသာဖြင့် ရင်ဘတ်ကို မတ်လိုက်ပြီး၊ မျက်ဝန်းအစုံမှာ နက်ရှိုင်းအေးစက်သွားကာ
“ဟုတ်ပါ့ကွာ... ဒီနေရာက လူ့လောကပဲဥစ္စာ” ဟု ရေရွတ်လိုက်မိတော့သည်။
ဆိုင်ရှင်မ ဝေမြို့တွင် မရှိသဖြင့် လီယန်ချူတစ်ယောက် တစ်မျိုးကြီး ဖြစ်နေပြီး အသားမကျသေးပေ။
သို့သော်လည်း ညစဉ်ညတိုင်း မွှေးကြိုင်နူးညံ့သော အထိအတွေ့များ၊ ခြေအိတ်အမည်း၊ ခြေအိတ်အဖြူ၊ သူနာပြုဝတ်စုံများကို တစ်လှည့်စီ ဝတ်ဆင်တတ်သည့် အလှနတ်သမီးလေးနှင့် အတူရှိနေရသည့် နေ့ရက်များကို မည်သူက မနှစ်သက်ဘဲ နေပါမည်နည်း။
ဤရက်ပိုင်းအတွင်း သူသည် နေ့စဉ်နေ့တိုင်း နတ်လက်နက်များကို စွမ်းအားပေးကာ ဆက်သွယ်မှု တည်ဆောက်ခြင်း၊ ကျင့်စဉ်နှင့် နတ်ဘုရားအတတ်ပညာများကို ကျင့်ကြံခြင်း၊ ကိုယ်ခံပညာရပ်များကို လေ့ကျင့်ခြင်းတို့အပြင် အားလပ်သည့်အချိန်များတွင် ကြောင်လေးကို ပွတ်သပ်ကစားရသည်ကို သဘောကျနေသည်။
သူ၏ ကြောင်ပွတ်သည့် လက်ကွက်အတတ်ပညာမှာ အလွန်တရာ မြင့်မားလှရာ၊ ကျွေ့ ဟွာ သည် ယခင်ကတည်းက သူ၏ဘေးတွင် အလွန်ဇိမ်ခံတတ်သော်လည်း ယခုအခါတွင်မူ ပို၍ပင် ဆိုဖွယ်ရာမရှိတော့ပေ။ ပွတ်သပ်ပေးသည့် အကြိမ်တိုင်းတွင် တစ်ကိုယ်လုံး ရင်တဖိုဖိုဖြင့် လျှပ်စစ်စီးသကဲ့သို့ ဖြစ်ကာ တစ်ကိုယ်လုံး ပျော့ခွေသွားရလေ့ရှိသည်။
ကိစ္စပြီးတိုင်း ကျွေ့ ဟွာက မိမိကိုယ်ကို
“ ကျွေ့ ဟွာ ရေ... နင် ဒီလိုမျိုး ဆက်ပြီး ပျက်စီးလို့မဖြစ်ဘူး၊ သူ့ကို ဒီအတိုင်း ပေါ့ပေါ့ဆဆ ပွတ်သပ်ခွင့် မပေးနဲ့တော့။ နင်က ရှေးဟောင်းမျိုးနွယ်စုဝင်၊ အနာဂတ်ရဲ့ မိစ္ဆာလောက ဧကရာဇ်ကြီးပဲ”
ဟု သတိပေးတတ်သည်။ သို့သော်လည်း နောက်တစ်နေ့ ထိုမကောင်းဆိုးဝါး လက်ကြီးက မိမိကို လာရောက်ဆုပ်ကိုင်သည့်အခါတွင်မူ ကျွေ့ ဟွာတစ်ယောက် ရှက်ရွှံ့စွာဖြင့် ပြန်လည်အရှုံးပေးလိုက်ရပြန်သည်။
“ဒီလိုမျိုး အထိန်းအချုပ် ခံနေရတဲ့ နေ့ရက်တွေကလည်း... မဆိုးပါဘူးလေ”
လီယန်ချူသည် အလွန်တရာ ပြင်းထန်လှသော နေမင်းစစ်မှန်သောမီးတောက် ကို ပိုင်ဆိုင်ထားသဖြင့် ရွှေကျီးကန်း ကို ကျွေးမွေးရန် အကွက်ကွင်းဆိုက်နေသည်။ ရွှေကျီးကန်းသည် သူ၏ ပြင်းထန်လှသော နေမင်းစစ်မှန်သောမီးတောက်များကြောင့် မျက်လုံးဖြူလန်မတတ် မကြာခဏ ကျွေးမွေးခြင်း ခံရလေ့ရှိသည်။ သို့သော် အကျိုးကျေးဇူးကလည်း ထင်ရှားလှရာ၊ ၎င်း၏ကျင့်ကြံဆင့်မှာ ပိုမိုအစွမ်းထက်လာပြီး ဝေမြို့တော်၏ တောင်တန်းတောအုပ်များထဲသို့ မကြာခဏ ပျံသန်းထွက်ခွာကာ ဝဲပျံနေတတ်သည်။
ရွှေကျီးကန်းသည် ရှေးဟောင်းမျိုးနွယ်စုဝင် ဖြစ်ပြီး ဒဏ္ဍာရီလာပုံပြင်များတွင် နေမင်းအဖြစ် အသွင်ပြောင်းလဲနိုင်သည်ဟု ဆိုကြသည်။ အထက်တန်းစား ပညာရှင်ကြီးများ ပေါ်လာတိုင်း ရွှေကျီးကန်းနှင့် အနည်းငယ် တိုက်ခိုက်မပြနိုင်လျှင် ဂုဏ်ဒြပ်မပေါ်လွင်သကဲ့သို့ပင် ဖြစ်သည်။
ရွှေကျီးကန်း၏ ကြီးထွားနှုန်းမှာ အလွန်မြန်ဆန်ပြီး ကျင့်ကြံဆင့်ကလည်း ပိုမိုအစွမ်းထက်လာရာ၊ ရှေးဟောင်းမျိုးနွယ်စုဝင်ချင်းတူသည့် ကျွေ့ ဟွာပင်လျှင် အနည်းငယ် ထိတ်လန့်မိစေသည်။
“ဒီငတုံးရဲ့ ကျင့်ကြံဆင့်က ဘာလို့ ဒီလောက်တောင် မြန်မြန် တိုးတက်နေရတာလဲ ဒီအတိုင်းဆိုရင် ငါ့ထက်အရင် မိစ္ဆာလောက ဧကရာဇ်ကြီး ဖြစ်သွားနိုင်တယ်”
ဟု ကျွေ့ ဟွာက စိတ်ထဲက တွေးနေမိသည်။
မျက်တောင်ဖျတ်ခနဲအတွင်း ဆယ်ရက်တာ ကုန်လွန်သွားခဲ့ပြီး၊ လီယန်ချူသည် ကောင်းကင် ဖဲကြိုး နှင့် ဝိညာဉ် ခေါင်းလောင်း ဟူသည့် နတ်ဘုရားလက်နက်နှစ်ခုနှင့် လုံးဝဥဿုံ ဆက်သွယ်မှု တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်သည်။
ဟော့ထုံတောင် နယ်မြေ အတွင်း၌ ယူယုတောင်ထိပ်မှ နတ်သမီးသည် ကောင်းကင် ဖဲကြိုးကို ကိုင်ဆောင်ကာ တန်ခိုးကို ပြသခဲ့ဖူးပြီး၊ ၎င်းမှာ တိုက်ခိုက်ရေးနှင့် ကာကွယ်ရေး နှစ်မျိုးလုံးသုံးနိုင်သည့် နတ်ဘုရားလက်နက်ဖြစ်သည်။ သို့သော် ထိုစဉ်က သူမသည် ယူယုတောင်ထိပ်၏ မူလအစီအရင်စွမ်းအားကို ချေးငှားသုံးစွဲခဲ့ခြင်းဖြစ်ပြီး၊ လီယန်ချူကမူ ယခုအခါ အသစ်တစ်ဖန် ပြန်လည်ကျင့်ကြံကာ မိမိကိုယ်ပိုင်အဖြစ် သွန်းလုပ်ခဲ့ခြင်းဖြစ်ရာ ဤမျှမြန်ဆန်လှသည့် အရှိန်မှာ အလွန်ပင် အံ့ဩစရာ ကောင်းလှသည်။
ဝိညာဉ်ခေါင်းလောင်းမှာမူ အသက်ဝိညာဉ်ကို သတ်ဖြတ်နိုင်သည့် အဖိုးတန်ရတနာဖြစ်ပြီး၊ လီယန်ချူသည် ဤဝိညာဉ်ခေါင်းလောင်းကို စိတ်ကူးပုံဖော်ကြည့်ရုံမျှဖြင့် အသက်ဝိညာဉ်ကို အားကောင်းစေနိုင်သည်။
ခေါင်းလောင်းသံသည် စိတ်ထဲရှိ ရှုပ်ထွေးသော အတွေးပွားမှုများကို ဖယ်ရှားပေးနိုင်စွမ်းရှိရာ၊ ၎င်းမှာ ကျင့်ကြံခြင်းကို အထောက်အကူပြုသည့် အဖိုးတန်ရတနာကြီးလည်း ဖြစ်သည်။
နတ်ဘုရားအတတ်ပညာပိုင်းတွင်မူ သူသည် ခန္ဓာကိုယ် အသွင်ပြောင်းလဲခြင်းအတတ် ၊ မြေပြင်ကို သံမဏိအဖြစ် ပြောင်းလဲခြင်းအတတ် ၊ တောင်ကိုပိုက်၍ ပင်လယ်ကို ဖြတ်ကျော်ခြင်းအတတ် စသည့် နတ်ဘုရားအတတ်ပညာများကို တတ်မြောက်ထားပြီး၊ ဤဆယ်ရက်တာအတွင်း၌ ကြီးမားသော တိုးတက်မှုများ ရှိခဲ့သည်။
သူ့ကို ပိုမိုဝမ်းမြောက်စေသည်မှာ သူ၏ ထျန်းဟူအတတ် ပင် ဖြစ်သည်။ ဤနတ်ဘုရားအတတ်သည် အဆင့်မြင့်ဆုံး နတ်ဘုရားအတတ်မဟုတ်သော်လည်း ၎င်း၏ အထက်ကန့်သတ်ချက်မှာမူ အလွန်မြင့်မားသည်။
လီယန်ချူ ယခုအခါတွင် ဖွင့်လှစ်ထားသည့် လောကနယ်ပယ်ငယ်မှာ အတော်အတန် ပုံပေါ်လာခဲ့ပြီ ဖြစ်သည်။ စိတ်အာရုံတစ်ခုတည်းဖြင့်ပင် ၎င်း၏အတွင်း၌ ကျောက်စားပွဲ၊ ကျောက်ကုလားထိုင်များကို ဖန်တီးနိုင်ရုံမျှမက၊ လောကနယ်ပယ်ငယ်အတွင်းရှိ ရှုခင်းများကိုလည်း ပြောင်းလဲနိုင်သည်။ ဤသည်မှာ ဆိုင်ရှင်မ ချန်ထားခဲ့သည့် ပန်းချီကားကြောင့်လည်း ပါဝင်ပြီး၊ ထိုပန်းချီကားကို မကြာခဏ အာရုံပြု စွမ်းအားပေးခြင်းဖြင့် အာကာသဟင်းလင်းပြင် လမ်းစဉ်အပေါ် နားလည်မှု ပိုမိုနက်ရှိုင်းလာကာ ထျန်းဟူအတတ် ၏ ကျင့်ကြံမှုအရှိန်ကို ပိုမိုမြန်ဆန်စေခဲ့ခြင်း ဖြစ်သည်။
ယခုအခါ သူ၏ လောကနယ်ပယ်ငယ်အတွင်း၌ ကျယ်ပြန့်လှသော ငါးရောင်ခြယ်နတ်မြေဆီလွှာများ ရှိနေရုံမျှမက၊ နတ်ဆေးဖက်ဝင်အပင်များ၊ နတ်လက်ဖက်ပင်များနှင့် နတ်သစ်ပင်များကိုပါ စိုက်ပျိုးထားရှိသည်။ ရွှေကျီးကန်းကိုလည်း ၎င်း၏အတွင်းသို့ ထည့်သွင်းထားနိုင်ရာ ၎င်း၏ကျင့်ကြံမှုအတွက် ကြီးစွာသော အကျိုးကျေးဇူးကို ရရှိစေသည်။ ရွှေကျီးကန်းနှင့် လီယန်ချူတို့သည် စိတ်ချင်းဆက်နွှယ်နေပြီး လီယန်ချူက စောစောစီးစီးကတည်းက တံဆိပ်ခတ်နှိပ်ကာ နတ်ဘုရားစေခိုင်းခြင်းအတတ် ဖြင့် ထိန်းချုပ်ထားသဖြင့် လောကနယ်ပယ်ငယ်အတွင်း၌ ကျင့်ကြံနေသော်လည်း ၎င်းက ပစ္စည်းများကို ခိုးယူစားသောက်လိမ့်မည်ကို စိုးရိမ်စရာမလိုပေ။
ယခုအခါတွင် လောကနယ်ပယ်ငယ်အတွင်း၌ နတ်ဘုရားတို့၏ အငွေ့အသက်များ ပုံပေါ်နေပြီဖြစ်ရာ၊ ထူးဆန်းဆန်းကြယ်လှသော လမ်းစဉ်သဘောတရားများကို ထုတ်လွှင့်နေသည့် ရွှေရောင်နတ်သစ်ပင်များ ရှိနေသကဲ့သို့၊ ဆိုင်ရှင်မ က ငါးရောင်ခြယ်နတ်မြေဆီလွှာကို အသုံးပြု၍ ရှင်သန်အောင် စိုက်ပျိုးပေးခဲ့သည့် ကျန်းထင်ရှန်းမှ စပျစ်သီးပင် လည်း ရှိနေသည်။ ရွှေကျီးကန်းသည် ၎င်း၏အတွင်း၌ ရွှေရောင်နတ်သစ်ပင်မှ ထွက်ပေါ်လာသော ဆေးဖက်ဝင်အမွှေးနံ့သာများကို စုပ်ယူနေသဖြင့် ကျင့်ကြံဆင့်မှာ တစ်နေ့တည်းဖြင့် မိုင်ပေါင်းထောင်ချီ ခရီးရောက်သကဲ့သို့ တိုးတက်နေတော့သည်။
“ဒီ ထျန်းဟူအတတ်နဲ့ ကျင့်ကြံထုတ်လုပ်ထားတဲ့ လောကနယ်ပယ်ငယ်ဟာ အခုဆိုရင် နတ်ဘုရားတွေ နေထိုင်တဲ့ မင်္ဂလာရှိတဲ့မြေ တစ်ခုလို သဘောသဘာဝမျိုး ဆောင်နေပြီပဲ”
ဟု လီယန်ချူက စိတ်ထဲက တွေးလိုက်သည်။
ရုတ်တရက် သူ ကြောင်ခနဲ ဖြစ်သွားသည်။ ဤသည်မှာ လျှို့ဝှက်နယ်မြေတစ်ခုကို ဖွင့်လှစ်တည်ဆောက်ခြင်းနှင့် အတူတူပင် မဟုတ်ပါလော ၃၆ ပါးသော လောကနယ်ပယ်ကြီးများနှင့် ၇၂ ပါးသော မင်္ဂလာရှိသည့်မြေများ၊ လျှို့ဝှက်နယ်မြေများအားလုံးသည်လည်း ဤကဲ့သို့ပင် ဖွင့်လှစ်တည်ဆောက်ခဲ့ကြခြင်း ဖြစ်ပေလိမ့်မည်။
ဤသို့ တွေးမိသည်နှင့်တစ်ပြိုင်နက် ဟင်းလင်းပြင်ကို ကျင့်ကြံခြင်းအပေါ် သူ ပိုမို၍ အာရုံစိုက်လာခဲ့ပြီး
“တစ်နေ့နေ့ကျရင် ငါလည်းပဲ လောကနယ်ပယ် နတ်ဘုရားနယ်မြေနဲ့ တူညီတဲ့ လျှို့ဝှက်နယ်မြေတစ်ခုကို ဖွင့်လှစ်တည်ဆောက်နိုင်ကောင်း တည်ဆောက်နိုင်လိမ့်မယ်” ဟု ဆုံးဖြတ်လိုက်သည်။
မင်ရှန်တောင်တန်း နယ်မြေအတွင်း...
ဤနေရာသည် တစ်ချိန်က ဟော့ထုံတောင် လောကနယ်ပယ်ငယ် ပွင့်လှစ်စဉ်က လောကတစ်ခုလုံး၏ အာရုံစိုက်မှုကို ခံခဲ့ရပြီး၊ နေရာအနှံ့အပြားမှ ပညာရှင်များသည် ဤနေရာသို့ စုစည်းရောက်ရှိလာခဲ့ကြသည်။ အနောက်ဘက်ဒေသ၊ မြောက်ဘက်နယ်စပ်၊ တောင်ဘက်နယ်စပ်တို့မှ ကျင့်ကြံသူ ပညာရှင်များစွာ ရောက်ရှိလာခဲ့ကြဖူးသည်။ မိစ္ဆာလောက၊ မကောင်းဆိုးဝါးလမ်းစဉ်နှင့် လမ်းလွဲကျင့်ကြံသူ စုန်းရူးမရူးများလည်း တစ်ဖွဲဖွဲ ရောက်လာခဲ့ကြသကဲ့သို့ လျှို့ဝှက်ဆန်းကြယ်လှသော မဟာရှ၏ လေကျင့်ကျင့်ကြံသူများလည်း တောင်ပေါ်မှ ဆင်းသက်လာခဲ့ကြသည်။
ယခုအခါ ဟော့ထုံတောင် နတ်ဘုရားနယ်မြေ ပိတ်သွားခဲ့သည်မှာ ကြာပြီဖြစ်သဖြင့် ကျင့်ကြံသူများအားလုံး ထွက်ခွာသွားကြပြီ ဖြစ်သည်။
အကြောင်းမူကား ဤနေရာသည် နတ်ဘုရားနယ်မြေ ပိတ်သွားပြီးနောက်တွင် သာမန်ရိုးစင်းလှသည့် တောင်ကုန်းတစ်ခုမျှသာ ဖြစ်သွားသောကြောင့် ဖြစ်သည်။
သို့သော် ယခုအချိန်တွင်မူ... မင်ရှန်တောင်တန်း နယ်မြေအတွင်း၌ ပညာရှင်အချို့သည် ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။
တည်ကြည်အေးစက်လှသော အသွင်အပြင်ရှိသည့် အမျိုးသမီး သီလရှင်တစ်ဦးသည် လက်ထဲတွင် အဖြူရောင် ကျောက်စိမ်းမြီးယပ်ကို ကိုင်ဆောင်ထားပြီး၊ ၎င်းမှာ ကောင်းကင်ယံတွင် ပေပေါင်းရာချီ ကြီးမားသော ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲကာ နဂါးတစ်ကောင်ကဲ့သို့ ဝဲပျံနေသည်။ အရှိန်အဝါကြီးမားလှပြီး ၎င်းရောက်ရှိရာနေရာတိုင်းတွင် ကျောက်ခဲများ အစိတ်စိတ်အမြွှာမြွှာ လွင့်စင်နေတော့သည်။
သူမ၏ ဘေးတွင်မူ ရင်ဘတ်ဟိုက် အင်္ကျီကို ဝတ်ဆင်ထားသည့် မိန်းကလေးငယ်တစ်ဦး ရှိနေပြီး ရင်သားများမှာ အလွန်ပင် ထွားကျိုင်းပြည့်ဖြိုးကာ ရုပ်ရည်မှာ ချစ်စဖွယ် လှပလွန်းလှသည်။ အထိမခံနိုင်လောက်အောင် နူးညံ့လှသည့် ပါးပြင်လေးထက်တွင် ယခုအခါ နီမြန်းသော အသွေးအရောင်များ ယှက်သန်းနေပြီး၊ မျက်ဝန်းအစုံမှာလည်း ရီဝေဝေဖြစ်နေကာ ဖော်မပြနိုင်လောက်အောင် ဆွဲဆောင်မှုရှိနေသည်။ ၎င်း၏ ကိုယ်ပေါ်တွင်မူ ကာကွယ်ရေးရတနာ နှစ်ခုမှ ထွက်ပေါ်လာသော အလင်းတန်းများ ပျံသန်းနေပြီး တစ်ကိုယ်လုံးကို ကာကွယ်ထားသည်။
အခြားတစ်ဖက်တွင်မူ အရပ်ပေ တစ်ရာခန့် မြင့်မားသော လျှို့ဝှက်ဂိုဏ်း ၏ စိန်လက်နက်ကိုင် စောင့်ရှောက်ရေးနတ်ဘုရား တစ်ပါးရှိနေပြီး၊ လက်နက်ကို ဝှေ့ယမ်းကာ တိုက်ခိုက်နေသည်။ ဤလက်နက်သည် မိစ္ဆာများကို နှိမ်နင်းနိုင်သည့် မဟာနတ်ဘုရားစွမ်းအားများ ကိန်းအောင်းနေပြီး အလွန်တရာ ထန်ပြင်းလှသည်။
အကယ်၍ လီယန်ချူသာ ဤနေရာတွင် ရှိနေပါက ထိုသူမှာ ယခင်က ရိုင်းစိုင်းလှသော ကမ္ဘာမြေအတွင်း၌ နဂါးသွေးကြောဝိညာဉ်ကို လုယူခဲ့ဖူးသည့် လျှို့ဝှက်ဂိုဏ်းမှ ဘုန်းကြီးအိုကြီးဖြစ်ကြောင်း မှတ်မိလိမ့်မည် ဖြစ်သည်။
သူသည် နတ်ဘုရားများကို ပင့်ဖိတ်ပြီး သရဲတစ္ဆေများကို စေခိုင်းနိုင်သည့် နတ်ဘုရားအတတ်ပညာကို အသုံးပြုနိုင်သော်လည်း၊ ၎င်းပင့်ဖိတ်ခဲ့ဖူးသည့် ငရဲမှ သရဲတစ္ဆေကြီးမှာ ပြီးခဲ့သည့်ခေါက်က ထိုအရိုင်းကမ္ဘာမြေအတွင်း၌ပင် ကျဆုံးပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
ထို့ပြင် ကိုယ်ပေါ်တွင် ဝတ်ရုံဖြူကို ခြုံထားသည့် လူငယ်တစ်ယောက်လည်း ရှိနေသေးသည်။ ထိုလူငယ်၏ အသားအရေမှာ ညိုမည်းနေပြီး အလယ်ပိုင်းဒေသ မှ လူနှင့်မတူပေ။ အကယ်၍ သေချာစွာ ကြည့်ရှုမည်ဆိုပါက ၎င်း၏ ဦးခေါင်းနောက်ဖက်တွင် နောက်ထပ်မျက်နှာတစ်ခု ရှိနေသေးကြောင်း တွေ့ရလိမ့်မည်၊ ထိုမျက်နှာမှာ နူးညံ့ချောမောလှသည့် မိန်းကလေးငယ်တစ်ဦး၏ မျက်နှာဖြစ်သည်။
မျက်နှာနှစ်ခုသည် တစ်ခုတည်းအဖြစ် ပြီးပြည့်စုံစွာ ပေါင်းစပ်နေသော်လည်း တစ်ဦးနှင့်တစ်ဦးမူ မြင်တွေ့နိုင်စွမ်း မရှိကြချေ။
ထိုလူငယ်သည် လက်ကို ဝှေ့ယမ်းလိုက်သည့် အကြိမ်တိုင်းတွင် အဆိပ်ရှိသော ပိုးကောင်များ အုပ်စုလိုက် ပျံသန်းထွက်ပေါ်လာကြသည်။ ၎င်းတို့မှာ အရောင်အသွေး စုံလင်လှပြီး အချို့တွင် ကြီးမားသော ပါးစပ်များ ပါရှိကာ၊ အချို့တွင်မူ စူးရှလှသည့် အဆိပ်ဆူးများ ပါရှိကြသည်။ ဤနှစ်ယောက်လုံးမှာ တတိယအဆင့် ရှိသည့် ပညာရှင်များ ဖြစ်ကြသည်။
ယခုအခါတွင် ကြီးမားသော တိုက်ပွဲခေတ်ကြီး ရောက်ရှိလာခဲ့ပြီဖြစ်ရာ၊ ကမ္ဘာမြေကြီး၏ ချည်နှောင်ထားသော သံခြေကျင်းများ လျော့ရဲလာခဲ့သဖြင့် မူလက ယင်ဝိညာဉ်အထွတ်အထိပ် ရှိသည့် ပညာရှင်များပင်လျှင် တတိယအဆင့်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေး ရရှိလာခဲ့ကြသည်။ မူလက တတိယအဆင့်တွင် နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့သည့် ပညာရှင်များသည်လည်း ယခုအခါတွင် အစောပိုင်းအဆင့်မှသည် အလယ်ပိုင်းအဆင့်သို့ နောက်ဆုံးတွင် ဖောက်ထွက်နိုင်ခဲ့ကြပြီ ဖြစ်သည်။
ထို့ပြင် ရှေးဟောင်းကျင့်ကြံသူ မိသားစုကြီးများ၊ နယ်စပ်ပြင်ပမှ ရှေးဟောင်းအင်အားစုများနှင့် တစ်ချိန်က မဟာရှ၏ ကျင့်ကျင့်ကြံသူ ဂိုဏ်းကြီးများသည်လည်း တစ်ဖွဲဖွဲ လောကထဲသို့ ပြန်လည်ဝင်ရောက်လာခဲ့ကြသည်။ ထို့ကြောင့် ယခုခေတ်ကာလသည် ယခင်နှင့် လုံးဝဥဿုံ ကွဲပြားခြားနားသွားခဲ့ပြီဖြစ်ပြီး တိတ်တဆိတ်ဖြင့် ပြောင်းလဲမှုများစွာ ဖြစ်ပေါ်နေတော့သည်။
ထိုလူငယ်သည် တောင်ဘက်နယ်စပ်မှ လာခြင်းဖြစ်ပြီး ကိုးကွယ်ဆည်းကပ်ထားသည်မှာ စုန်းနတ်ဘုရား ပင် ဖြစ်သည်။ တောင်ဘက်နယ်စပ်၏ စုန်းအတတ်နှင့် အဆိပ်အတတ် မှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှရာ၊ လူငယ် ထိန်းချုပ်ထားသည့် ပျံသန်းသော ပိုးကောင်များသည်လည်း အလွန်ပင် ကြောက်စရာကောင်းလှသည်။
အကယ်၍ သေချာစွာ ကြည့်ရှုမည်ဆိုပါက တည်ကြည်အေးစက်သော တာအိုဆရာကြီး၏ အဖြူရောင်ကျောက်စိမ်းယပ်ေတာင်ပေါ်တွင် ပျံသန်းသော ပိုးကောင်များစွာ တွယ်ကပ်နေပြီး ယပ်ေတာင်ကို ဝါးမြိုနေကြကြောင်း တွေ့ရလိမ့်မည်။
ထို့ပြင် ထိုလူငယ်၏ ကျိန်စာအတတ်မှာ အလွန်ပင် ပြင်းထန်လှရာ လျှို့ဝှက်ဂိုဏ်း၏ စစ်မှန်သောမန္တန်များထက်ပင် ပိုမိုဆန်းကြယ်ပြီး မကောင်းဆိုးဝါးဆန်လှသည်။ ၎င်းမှာ အမှန်တကယ် လက်ဆင့်ကမ်းလာခဲ့သည့် ရှေးဟောင်းစုန်းအတတ်ပညာနှင့် တူလှပေသည်။
လျှို့ဝှက်ဂိုဏ်းမှ ဘုန်းကြီးအိုကြီးသည် ကြေးစည်ကြီးတီးလိုက်သကဲ့သို့ ကျယ်လောင်လှသောအသံဖြင့်
“ရှဲ့မိသားစုက မိန်းမ... ဒီမိန်းကလေးကို မြန်မြန် လွှဲအပ်စမ်း ”
ဟု ဟောက်လိုက်သည်။
ကျင့်ရွှမ်သီလရှင် သည် မျက်နှာကို အေးစက်ထားပြီး အဖြူရောင်ကျောက်စိမ်းမြီးယပ်ကို ဝှေ့ယမ်းကာ နဂါးကြီးတစ်ကောင်အသွင်ဖြင့် အရှိန်အဟုန်ပြင်းစွာ ရိုက်ချလိုက်တော့သည်။
ဒေါင်
ကြီးမားလှသော ခေါင်းလောင်းသံကြီးတစ်ချက် ထွက်ပေါ်လာပြီးနောက် စိန်လက်နက်ကိုင် စောင့်ရှောက်ရေးနတ်ဘုရားမှာ နောက်သို့ ဆုတ်သွားရပြီး၊ ၎င်း၏ကိုယ်ပေါ်ရှိ ပြည့်လျှံနေသော နတ်ဘုရားလမ်းစဉ် အငွေ့အသက်များမှာလည်း ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။
“နင်တို့ နှစ်ယောက်တည်းနဲ့ ငါ့ရှဲ့မိသားစုရဲ့ လူကို ထိရဲတယ်ပေါ့ ”
ကျင့်ရွှမ် သီလရှင်၏ အရှိန်အဝါမှာ ယခုအခါတွင် အလွန်တရာ ပြင်းထန်လှသည်။ ယခင်က ဟော့ထုံတောင်အတွင်း၌ ၎င်းတို့သည် ကြီးမားသော နတ်ဘုရားအခွင့်အရေးများကို မရရှိခဲ့ကြပေ။ သို့သော် ထွက်ခွာလာပြီးနောက် မင်ရှန်တောင်တန်း နယ်မြေအတွင်း၌ ရှဲ့ဝမ်ရင် သည် အခွင့်အရေးတစ်ခုကို ရရှိခဲ့ပြီး၊ ပြည့်လျှံလှသော သက်စောင့်စွမ်းအင်များ ကိန်းအောင်းနေသည့် နတ်ဆေးဖက်ဝင်အပင်တစ်ပင်ကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ဤစွမ်းအားသည် ကြီးမားလွန်းလှသဖြင့် ရှဲ့ဝမ်ရင်တစ်ယောက်ပင်လျှင် မထိန်းချုပ်နိုင်လောက်အောင် ဖြစ်ခဲ့ရသည်။
ထိုအတွင်းမှ ထွက်ပေါ်လာသော ထူထဲပြည့်လျှံလှသည့် သက်စောင့်စွမ်းအင်များကြောင့်ပင် ဤလျှို့ဝှက်ဂိုဏ်းမှ ဘုန်းကြီးအိုနှင့် တောင်ဘက်နယ်စပ်မှ စုန်းအတတ်ပညာရှင်တို့၏ အာရုံစိုက်မှုကို ဆွဲဆောင်မိသွားခြင်း ဖြစ်သည်။
ဝီဝီဝီ
အဆိပ်ရှိသော ပိုးကောင်များသည် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များကို ထုတ်လွှင့်ရင်း ကျင့်ရွှမ် သီလရှင်ကို ဝိုင်းရံလာကြသည်။
ဝုန်း
ကျင့်ရွှမ် ၏ မြင်းမြီးယပ် တုန်ခါသွားပြီး ကြောက်စရာကောင်းသောကျင့်ကြံမှုစွမ်းအား များ ပေါက်ကွဲထွက်လာကာ၊ တစ်ပိုင်းတစ်စ ပွင့်လင်းမြင်သာသော လှိုင်းဂယက်များသည် အပြင်ဘက်သို့ ကူးစက်ပျံ့နှံ့သွားသည်။ ကျင့်ရွှမ် သည် လက်ကောက်ဝတ်ကို တစ်ချက်ခါလိုက်ရာ၊ အဖြူရောင်ကျောက်စိမ်းမြီးယပ်မှ ပြောင်းလဲထားသော နဂါးကြီးသည် တောင်ဘက်နယ်စပ်မှ လာသော လူငယ်ဆီသို့ တိုက်ရိုက် ခုန်အုပ်သွားတော့သည်။
ဤတစ်ချက်တွင် ကျင့်ရွှမ် ၏ ပြည့်လျှံလှသော သတ်ဖြတ်လိုစိတ်နှင့် ကျင့်ကြံမှုစွမ်းအားများ စုစည်းနေပြီး၊ မည်သည့်ချန်လှပ်မှုမျှမရှိဘဲ အကုန်ထုတ်သုံးလိုက်ခြင်း ဖြစ်သည်။
ယခင်က သူမသည် စိန်လက်နက်ကိုင် စောင့်ရှောက်ရေးနတ်ဘုရားနှင့်သာ လုံးထွေးတိုက်ခိုက်နေခဲ့သဖြင့် ၎င်း၏ ပစ်မှတ်မှာ အစကတည်းက ဤတောင်ဘက်နယ်စပ်မှ လူငယ်ဖြစ်လိမ့်မည်ဟု မည်သူကမျှ မမျှော်လင့်ထားခဲ့ကြပေ။ တောင်ဘက်နယ်စပ်မှ လူငယ်သည် သန်မာထွားကျိုင်းလှရာ၊ အဖြူရောင်ကျောက်စိမ်းမြီးယပ်မှ ပြောင်းလဲထားသော နဂါးကြီးက အရှိန်အဟုန်ပြင်းစွာဖြင့် ရိုက်ချလာသည်ကို မြင်သောအခါ၊ ၎င်း၏ မျက်လုံး၊ နား၊ ပါးစပ်၊ နှာခေါင်းတို့အတွင်းမှ ရေတွက်၍မရနိုင်သော ပျံသန်းသည့် ပိုးကောင်များ ထွက်ပေါ်လာပြီး ကြီးမားလှသော လက်ဝါးကြီးတစ်ခုအဖြစ် စုစည်းလိုက်သည်။
ဝုန်း
ပြင်းထန်လှသော လေလှိုင်းအချို့သည် အပြင်ဘက်သို့ ကူးစက်ပျံ့နှံ့သွားပြီး၊ အဖြူရောင်ကျောက်စိမ်းမြီးယပ်ပေါ်တွင်မူ ရေတွက်၍မရနိုင်သော ပိုးကောင်များ တွယ်ကပ်နေကာ မြီးယပ်၏ ငွေမျှင်များကို တစ်ချောင်းချင်း ကိုက်ဖြတ်နေကြသည်။ ကျင့်ရွှမ် သီလရှင်သည် လက်ဖြင့် ဓားကွက်ကို ဖော်လိုက်ရာ၊ ဓားအရှိန်အဝါတစ်ခုသည် ဟင်းလင်းပြင်ကို ဖြတ်သန်းထွက်ပေါ်လာပြီး တောင်ဘက်နယ်စပ်မှ လူငယ်ဆီသို့ ပြင်းထန်စွာ ထိမှန်သွားတော့သည်။
ဝုန်း
တောင်ဘက်နယ်စပ်မှ လူငယ်သည် တစ်ကိုယ်လုံး နောက်သို့ လွင့်ထွက်သွားပြီး၊ ၎င်း၏ ရင်ဘတ်တွင်မူ ကြောက်စရာကောင်းလောက်အောင် အပေါက်ပွင့်သွားသည့် ဓားဒဏ်ရာတစ်ခု ရရှိသွားခဲ့သည်။
လျှို့ဝှက်ဂိုဏ်းမှ ဘုန်းကြီးအိုကြီး၏ မျက်နှာထား အနည်းငယ် ပြောင်းလဲသွားပြီး၊ မျက်နှာမှာ တစ်လှည့်စီ အရောင်ပြောင်းသွားကာ
“ဗောဓိသတ်ကျိန်စာ... နှိမ်နင်းစမ်း”
ဟု ဆိုကာ လျှို့ဝှက်ဂိုဏ်း၏ စစ်မှန်သောမန္တန်ကျိန်စာကို ထုတ်သုံးလိုက်ရာ၊ ကျင့်ရွှမ် ၏ ခန္ဓာကိုယ်သည် ချက်ချင်း တောင့်တင်းသွားပြီး ဗူးခနဲ သွေးတစ်လုပ် အန်ချလိုက်ရသည်။ သို့သော်လည်း သူမသည် ချက်ချင်းပင် အဖြူရောင်ကျောက်စိမ်းမြီးယပ်ကို ထိန်းချုပ်ကာ ထိုတောင်ဘက်နယ်စပ်မှ လူငယ်ကို ဖမ်းဆီးရန် လှမ်းလိုက်ပြန်သည်။
ယခင်က ရှဲ့ဝမ်ရင်သည် ဤတောင်ဘက်နယ်စပ်မှ လူငယ်၏ အလွန်ရှေးကျသော ကျိန်စာအတတ်ဖြင့် အတိုက်ခံထားရသဖြင့် စိတ်အာရုံများမှာ ကြည်လင်မှု မရှိသေးဘဲ ဝေဝေဝါးဝါး ဖြစ်နေခြင်း ဖြစ်သည်။ သူမ မည်သို့ပင် အဖိုးတန်ဆေးလုံးများနှင့် နတ်ဘုရားအတတ်များကို အသုံးပြုပါစေ အရာမထင်ခဲ့ပေ။
ထို့ကြောင့် ကျင့်ရွှမ် လုပ်ချင်သည့်အရာမှာ ဤတောင်ဘက်နယ်စပ်မှ လူငယ်ကို ဖမ်းဆီးရန် ဖြစ်သည်။
သို့သော် ဤနှစ်ယောက်၏ ကျင့်ကြံဆင့် ပြင်းထန်မှုမှာ သူမ၏ စိတ်ကူးထက် ကျော်လွန်နေခဲ့ရာ၊ တစ်ယောက်တည်းနှင့် နှစ်ယောက်ကို ရင်ဆိုင်ပြီး မရှုံးနိမ့်အောင် ထိန်းထားနိုင်သည်ကပင် အလွန်ခက်ခဲနေပြီဖြစ်ရာ၊ တစ်ယောက်ကို ဖမ်းဆီးရန်ဆိုသည်မှာ ပို၍ပင် ခက်ခဲလှသည်။ ထို့ကြောင့် သူမသည် ပစ်မှတ်ကို ပြောင်းလဲကာ ဤတောင်ဘက်နယ်စပ်မှ စုန်းအတတ်ပညာရှင်ကို အရင်သတ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်၊ အကြောင်းမူကား အတတ်ပညာကို သုံးစွဲသူ သေဆုံးသွားပါက ကျိန်စာအတတ်သည်လည်း အလိုအလျောက် ပျယ်ပျက်သွားနိုင်သောကြောင့် ဖြစ်သည်။
သို့သော် မည်သူက ထင်မှတ်ထားပါ့မည်နည်း၊ ခုနကတင် ဓားအရှိန်အဝါဖြင့် ရင်ဘတ်ကို အပေါက်ဖောက်ခံလိုက်ရသည့် တောင်ဘက်နယ်စပ်မှ လူငယ်သည် ရုတ်တရက် ပြန်လည်မတ်တတ်ရပ်လာခဲ့သည်။ ၎င်း၏ မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေသော်လည်း ရင်ဘတ်အတွင်းမှမူ ရေတွက်၍မရနိုင်သော ပိုးကောင်များ ပြန်လည်တွားသွားထွက်ပေါ်လာကြပြီး၊ မျက်တောင်ဖျတ်ခနဲအတွင်း ရင်ဘတ်ရှိ အသားစများမှာ ပြန်လည် ပြုပြင်သွားခဲ့ပြီ ဖြစ်သည်။
တောင်ဘက်နယ်စပ်မှ လူငယ်သည် အလယ်ပိုင်းဒေသ စကားဖြင့် အသံကျယ်ကျယ်ဖြင့်
“ချင်းမိတ်ဆွေ... မင်းသာ ထပ်ပြီး မလှုပ်ရှားရင် ဒီကိစ္စကို ဒီမှာတင် ရပ်လိုက်တော့မယ်” ဟု လှမ်းပြောလိုက်သည်။
ဤရှဲ့မိသားစုမှ မိန်းမ တတ်မြောက်ထားသည့် နတ်ဘုရားအတတ်၏ စွမ်းအားမှာ ဤမျှအထိ ကြီးမားလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
ကျင့်ရွှမ်၏ စိတ်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။
“နောက်ထပ် လူတစ်ယောက် ရှိသေးတာလား”
ရုတ်တရက်
ဆံပင်ဖားလျားချထားပြီး ရေပြာရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားသည့် လူလတ်ပိုင်း တာအိုဆရာတစ်ဦးသည် အသံကျယ်ကျယ်ဖြင့် ရယ်မောကာ ထွက်လာခဲ့သည်။
“ရိုင်းစိုင်းတဲ့ လူတွေပဲ၊ တကယ့်ကို စိတ်မရှည်ကြဘူး”
ဤစကား ထွက်လာသည်နှင့်တစ်ပြိုင်နက် လျှို့ဝှက်ဂိုဏ်းမှ ဘုန်းကြီးအိုနှင့် တောင်ဘက်နယ်စပ်မှ လူငယ်တို့သည် အလွန်တရာ ဒေါသထွက်သွားကြသည်။
လျှို့ဝှက်ဂိုဏ်းမှ ဘုန်းကြီးအိုကြီးက လေးနက်သောအသံဖြင့်
“ငါတို့က ချင်းမိတ်ဆွေ နဲ့အတူ ဒီမိန်းကလေးကို ပူးပေါင်းကြံစည်နေတာ။ မိတ်ဆွေ က အခု ဘေးကနေ ပြဇာတ်ကြည့်နေရုံတင်မကဘဲ ဒီလိုစကားမျိုး ပြောတာက တကယ့်ကို နားမလည်နိုင်စရာပဲ”
ဟု ဆိုသည်။
ဆံပင်ဖားလျားနှင့် လူလတ်ပိုင်း တာအိုဆရာက ရယ်မောကာ
“နောက်ပြောင်တဲ့ စကားတစ်ခွန်းတင်ပါ၊ ဆရာကြီးက ဘာလို့ ဒေါသထွက်နေရတာလဲ”
လျှို့ဝှက်ဂိုဏ်းမှ ဘုန်းကြီးအိုကြီး တိတ်ဆိတ်သွားသည်။ တောင်ဘက်နယ်စပ်မှ လူငယ်ကမူ အေးစက်စွာဖြင့်
“ မိတ်ဆွေ သာ ထပ်ပြီး မလှုပ်ရှားရင် ဒီနှစ်ယောက် လွတ်သွားခဲ့ရင် နောင်တရဖို့ နောက်ကျသွားလိမ့်မယ်” ဟု ပြောလိုက်သည်။
ဆံပင်ဖားလျားနှင့် လူလတ်ပိုင်း တာအိုဆရာက ရယ်မောကာ “မလွတ်နိုင်ပါဘူး” ဟု ဆိုသည်။
သူသည် ရင်ဘတ်ထဲမှ ရတနာတစ်ခုကို ထုတ်ယူလိုက်ရာ၊ ၎င်းမှာ ကြေးညိုရောင် ခေါင်းလောင်းလေးများ သီထားသည့် ကြိုးတစ်ချောင်း ဖြစ်သည်။ ၎င်းကို သာယာစွာဖြင့် အနည်းငယ် လှုပ်ခါလိုက်ရာ၊ ဒေါင်လင်လင် ဟူသည့် အသံများ ထွက်ပေါ်လာခဲ့သည်။
ကျင့်ရွှမ်၏ စိတ်ထဲတွင် ချက်ချင်းပင် စိတ်အာရုံများ ရှုပ်ထွေးနောက်ကျိလာပြီး အတွေးပွားမှုများစွာ ထွက်ပေါ်လာကာ ခန္ဓာကိုယ်အတွင်းရှိ ကျင့်ကြံမှုစွမ်းအားများ လည်ပတ်မှုမှာလည်း ထစ်ငေါ့သွားခဲ့သည်။ သူမ၏ စိတ်ထဲတွင် ထိတ်လန့်သွားပြီး လက်ထဲရှိ အဖြူရောင်ကျောက်စိမ်းမြီးယပ်ကို ထပ်မံ၍ လွှတ်တင်လိုက်ပြန်ရာ၊ ယခုအကြိမ်တွင် မြီးယပ်သည် ရုတ်တရက် တောင့်တင်းဖြောင့်မတ်သွားပြီး လှံရှည်ကြီးတစ်လက်ကဲ့သို့ ထိုလူလတ်ပိုင်း တာအိုဆရာဆီသို့ တည့်တည့် စိုက်ဝင်သွားတော့သည်။
သို့သော် ခေါင်းလောင်းသံ ထွက်ပေါ်လာသည်နှင့်အမျှ ကျင့်ရွှမ်သည် စိတ်ထဲတွင် သောင်းကျန်းနောက်ကျိလာပြီး မြင်းမြီးယပ်ကို လှံရှည်အဖြစ် ပြောင်းလဲထားသည့် နတ်ဘုရားအတတ်ကိုပင် ဆက်လက်မထိန်းသိမ်းနိုင်တော့ပေ။
‘စိတ်ပူပန်စေသော ခေါင်းလောင်း’
ဤသည်မှာ အစွမ်းထက်လှသည့် ရတနာတစ်ခုဖြစ်ပြီး၊ နာမည်မှာ ခေါင်းလောင်းဟု ခေါ်သော်လည်း အမှန်စင်စစ်တွင် ခေါင်းလောင်းလေးများ သီထားသည့် ကြိုးတစ်ချောင်း ဖြစ်သည်။ ခေါင်းလောင်းသံကို ကြားရပြီးနောက်တွင် လူကို စိတ်ပူပန်နောက်ကျိစေကာ တိုက်ခိုက်နိုင်စွမ်း မရှိတော့အောင် လုပ်ဆောင်နိုင်စွမ်းရှိရာ၊ ကျင့်ရွှမ် ကဲ့သို့သော တတိယအဆင့် ပညာရှင်တစ်ယောက်ပင်လျှင် မခုခံနိုင်ပေ။
သူမသည် ရှဲ့မိသားစု၏ ကျင့်စဉ်ကို လည်ပတ်စေကာ လက်ထဲရှိ အဖြူရောင်ကျောက်စိမ်းမြီးယပ်ကို ဘေးပတ်ပတ်လည်သို့ ဝှေ့ယမ်းလိုက်ရာ၊ မြင်းမြီးယပ်သည် ငွေမျှင်ပေါင်း သန်းချီအဖြစ် ပြောင်းလဲသွားပြီး တစ်ချောင်းချင်းစီမှာ ထက်မြက်လှသည့် ဓားရှည်ကြီးများကဲ့သို့ ဖြစ်သွားသည်။ လျှို့ဝှက်ဂိုဏ်းမှ ဘုန်းကြီးအိုကြီးသည် စစ်မှန်သောမန္တန်ကျိန်စာကို သုံးစွဲလိုက်ရာ ကြီးမားသော ကျင့်ကြံမှုစွမ်းအားများသည် ဟင်းလင်းပြင်ထဲမှ ကျဆင်းလာခဲ့ပြီး၊ တောင်ဘက်နယ်စပ်မှ လူငယ်သည်လည်း ကျိန်စာအတတ်ကို သုံးစွဲလိုက်ပြန်သည်။
ကျင့်ရွှမ် ၏ ကောင်းကင်ယံရှိ ခန္ဓာကိုယ်သည် တောင့်တင်းသွားပြီး သွေးတစ်လုပ် ထပ်မံအန်ချလိုက်ရသည်။ ထိုဆံပင်ဖားလျားနှင့် လူလတ်ပိုင်း တာအိုဆရာသည် လက်ထဲရှိ စိတ်ပူပန်စေသော ခေါင်းလောင်းကို ပိုမိုပြင်းထန်စွာ လှုပ်ခါလိုက်ရာ၊ ကျင့်ရွှမ်သည် ကောင်းကင်ယံမှ တိုက်ရိုက် ကျဆင်းလာခဲ့ရပြီး ရင်ခွင်ထဲရှိ ချစ်စဖွယ် လှပလွန်းလှသည့် မိန်းကလေးငယ် ရှဲ့ဝမ်ရင်မှာလည်း ဝေဝေဝါးဝါး ဖြစ်နေရှာသည်။
ပညာရှင်ကြီး သုံးယောက်၏ ဝိုင်းရံတိုက်ခိုက်မှုကို ခံရသဖြင့် ကျင့်ရွှမ်သီလရှင် ၏ စိတ်ထဲတွင် သိသိသာသာ နိမ့်ဆင်းသွားပြီး အေးစက်လှသော အငွေ့အသက်များ ထွက်ပေါ်လာခဲ့သည်။ ဤကျင့်ကြံဆင့် ပြင်းထန်ပြီး နောက်ခံဇာစ်မြစ် လျှို့ဝှက်ဆန်းကြယ်လှသည့် လူလတ်ပိုင်း တာအိုဆရာပါ ပေါင်းထည့်လိုက်ပါက ယနေ့တွင် လွတ်မြောက်ရန် ခက်ခဲပေလိမ့်မည်။
ဆံပင်ဖားလျားနှင့် လူလတ်ပိုင်း တာအိုဆရာက ရိုင်းစိုင်းစွာဖြင့် ရယ်မောကာ
“ငါက စိတ်သဘောထား အေးစက်တဲ့ တာအိုသီလရှင်တွေကို သဘောကျတယ်။ ခဏနေ ဒီမိန်းကလေးကို မခွဲဝေခင်မှာ ဒီသီလရှင် ကို ငါ အရင်ခေါ်သွားပြီး သေချာကစားရမယ်” ဟု ဆိုသည်။
လျှို့ဝှက်ဂိုဏ်းမှ ဘုန်းကြီးအိုကြီးက အေးစက်စွာဖြင့်
“ မိတ်ဆွေ သာ ရှဲ့မိသားစုက နတ်သမီးကို ဖမ်းနိုင်ရင် မင်း သဘောရှိသာ စီမံပါ။ ငါကတော့ ဒီမိန်းကလေးရဲ့ အသားနဲ့အသွေးကိုပဲ လိုချင်တယ်”
ဟု ပြောလိုက်သည်။
စကားဆုံးသည်နှင့် ၎င်း၏ မျက်ဝန်းထဲတွင် ရူးသွပ်ပြီး တစ်ဖက်သတ်ဆန်လှသည့် အလင်းရောင်များ ထွက်ပေါ်လာကာ
“သူ့ကိုယ်ပေါ်က အမွှေးနံ့သာကို ရလိုက်တာနဲ့တင် ငါ့ကို ပိုပြီး ငယ်ရွယ်သွားစေသလို ခံစားရတယ်”
ဘုန်းကြီးအို၏ စကားမှာ လူကို ကြက်သီးထစေလောက်အောင် ကြောက်စရာကောင်းလှသည်။ ဤပညာရှင် သုံးယောက်စလုံးသည် ရှဲ့ဝမ်ရင်၏ ခန္ဓာကိုယ်အသွေးအသားကို မျက်စိကျနေကြခြင်း ဖြစ်သည်
ဘုန်းကြီးအိုကြီးသည် နတ်ဘုရားအတတ်ကို သုံးစွဲကာ စိန်လက်နက်ကိုင် စောင့်ရှောက်ရေးနတ်ဘုရားကို စေခိုင်းပြီး ကြီးမားသော လက်ဝါးကြီးဖြင့် အနီးတွင်ရှိသော ကျင့်ရွှမ် ကို လှမ်းဖမ်းလိုက်သည်။ တောင်ဘက်နယ်စပ်မှ လူငယ်သည်လည်း ပျံသန်းသော ပိုးကောင်များဖြင့် ကြီးမားသော လက်ဝါးကြီးတစ်ခုကို ဖန်တီးကာ လှမ်းဖမ်းလိုက်ပြီး၊ လူလတ်ပိုင်း တာအိုဆရာသည်လည်း ထပ်ချပ်မကွာ လိုက်ပါလာကာ လက်ထဲတွင် သေးငယ်လှသည့် ကြိုးတစ်ချောင်း ထွက်ပေါ်လာပြီး အလင်းတန်းတစ်ခုအဖြစ် ပျံသန်းသွားတော့သည်။
ဤသုံးယောက်စလုံးသည် တစ်ဦးကိုတစ်ဦး အလျှော့မပေးကြပေ၊ သိသာလှသည်မှာ ရှဲ့ဝမ်ရင်ကို အလွန်အမင်း မက်မောနေကြခြင်း ဖြစ်သည်။ သာမန် နတ်ဆေးဖက်ဝင်အပင်တစ်ပင်၊ သန့်စင်သောယန် ရတနာတစ်ခုမျှဖြင့် ဤသုံးယောက်ကို ဤမျှအထိ လှုပ်ခတ်သွားစေရန် မဖြစ်နိုင်ပေ၊ ရှဲ့မိသားစုသည် မည်သို့ပင်ဆိုစေကာမူ ရှေးဟောင်းကျင့်ကြံသူ မိသားစုကြီးဖြစ်ပြီး ဘိုးဘေးပညာရှင်ကြီး ရှိနေသည် မဟုတ်ပါလော။
သို့သော် သုံးယောက်စလုံး ယခုအချိန်တွင် ပြိုင်တူ တိုက်ခိုက်လာကြသည့် ထိုလောဘဇောတိုက်နေသည့် ပုံစံမှာ လူကို ထိတ်လန့်စေသည်။
ကျင့်ရွှမ်သီလရှင် သည် ကျင့်ကြံမှုစွမ်းအားများကို ခုခံရန် သုံးစွဲလိုက်သော်လည်း၊ ယခင်က ပညာရှင်ကြီး နှစ်ယောက်၏ ဆက်တိုက် ဝိုင်းရံတိုက်ခိုက်မှုကို ခံထားရသည့်အပြင် စိတ်ပူပန်စေသော ခေါင်းလောင်း၏ သက်ရောက်မှုကြောင့် ကျင့်ကြံမှုစွမ်းအားများ လည်ပတ်မှုမှာ ထစ်ငေါ့နေခဲ့ရာ၊ ဖန်တီးလိုက်သည့် ကျင့်ကြံမှုစွမ်းအား အကာအကွယ်အတားအဆီးမှာ မျက်တောင်ဖျတ်ခနဲအတွင်း ရိုက်ချိုးခြင်း ခံလိုက်ရတော့သည်။
ရုတ်တရက်
လူရိပ်တစ်ခုသည် ဟင်းလင်းပြင်ထဲမှ လေဟာနယ်အတိုင်း ပေါ်ထွက်လာခဲ့သည်။ ၎င်းမှာ ကြောင်ကြီးတစ်ကောင်ကို စီးနင်းထားသည့် လူငယ် တာအိုဆရာတစ်ဦး ပင် ဖြစ်သည်။ မျက်ခုံးအစုံမှာ ဓားကဲ့သို့ ထက်မြက်လှပြီး မျက်ဝန်းမှာ အေးစက်လှသည်။
လူငယ်တာအိုဆရာသည် လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ၊ ကြောက်စရာကောင်းလှသည့် စွမ်းအားလှိုင်းတစ်ခုသည် ပညာရှင်ကြီး သုံးယောက်၏ နတ်ဘုရားအတတ်များကို တိုက်ရိုက် ရိုက်ခွဲပစ်လိုက်တော့သည် ယခင်က ရှိနေခဲ့သည့် ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးမှာ ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ပြီး ကမ္ဘာမြေကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
ကျင့်ရွှမ်၏ မျက်ဝန်းများ တောက်ပသွားခဲ့ပြီး၊ ဤနေရာတွင် တာအိုဆရာ ချောင်ချောင် နှင့် ဆုံတွေ့လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ကြောင်ကြီးကို စီးနင်းထားသည့် လူငယ်တာအိုဆရာမှာ လီယန်ချူ ပင် ဖြစ်သည်။ သူ မင်ရှန်တောင်တန်း နယ်မြေအတွင်းသို့ ရောက်ရှိလာခြင်းမှာ မူလက ဟော့ထုံတောင် နတ်ဘုရားနယ်မြေ ၏ ခြေရာလက်ရာများကို ရှာဖွေနိုင်မလားဟု လာရောက်ကြည့်ရှုခြင်း ဖြစ်ပြီး၊ ဤကိစ္စနှင့် ကွက်တိတိုးလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
တောင်ဘက်နယ်စပ်မှ လူငယ်က လေးနက်သောအသံဖြင့်
“ဘယ်ကလာတဲ့ တာအိုဆရာပေါက်စလဲ၊ ကောင်းကင်နဲ့မြေကြီးရဲ့ အနိမ့်အမြင့်ကို မသိဘူးပဲ ” ဟု ဟောက်လိုက်သည်။
ဆံပင်ဖားလျားနှင့် လူလတ်ပိုင်း တာအိုဆရာက လှောင်ပြုံးပြုံးကာ
“မှန်တယ်၊ အခြေအနေက အကုန်အဆင်သင့်ဖြစ်နေပြီ။ မင်းက ကြားထဲကနေ အကျိုးအမြတ် လာနှိုက်ချင်တာလား၊ တကယ့်ကို အိပ်မက်ယောင်နေတာပဲ ”
နှစ်ယောက်စလုံးသည် ကိုယ်ပေါ်ရှိ အရှိန်အဝါများကို အထွတ်အအိပ်သို့ မြှင့်တင်လိုက်ကြသည်။ ချက်ချင်းဆိုသလိုပင် အရောင်အသွေး စုံလင်လှသည့် အဆိပ်ရှိသော ပျံသန်းသည့် ပိုးကောင်များသည် တောင်ဘက်နယ်စပ်မှ လူငယ်ကို ဖုံးလွှမ်းသွားခဲ့ပြီး၊ လူလတ်ပိုင်း တာအိုဆရာ၏ လက်ထဲရှိ စိတ်ပူပန်စေသော ခေါင်းလောင်းသည်လည်း ဒေါင်လင်လင် ဟူသည့် အသံများကို ထုတ်လွှင့်လိုက်ရာ၊ မျက်စိဖြင့် မမြင်နိုင်သော လှိုင်းဂယက်များသည် အပြင်ဘက်သို့ ကူးစက်ပျံ့နှံ့သွားပြီး လူကို စိတ်ပူပန်နောက်ကျိစေကာ တိုက်ခိုက်နိုင်စွမ်း မရှိတော့အောင် လုပ်ဆောင်တော့သည်။
သို့သော်လည်း လျှို့ဝှက်ဂိုဏ်းမှ ဘုန်းကြီးအိုကြီးသည် လီယန်ချူ၏ ရုပ်ရည်ကို သေချာစွာ မြင်တွေ့လိုက်ရသည့်အခါတွင်မူ မည်သည့်စကားတစ်ခွန်းမျှ မဆိုတော့ဘဲ ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားခဲ့သည်။
“သူပဲ”
စိန်လက်နက်ကိုင် စောင့်ရှောက်ရေးနတ်ဘုရား၏ ကိုယ်ပေါ်ရှိ နတ်ဘုရားလမ်းစဉ် အငွေ့အသက်များသည် ပြင်းထန်စွာ တုန်ခါသွားပြီး ဝုန်းခနဲ ပေါက်ကွဲပျက်စီးသွားခဲ့သည်။ လျှို့ဝှက်ဂိုဏ်းမှ ဘုန်းကြီးအိုကြီး၏ မျက်နှာထား အလွန်အမင်း ပြောင်းလဲသွားပြီး၊ ခြေဖဝါးအောက်မှ အဖြူရောင်အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာကာ အမြန်ဆုံး ကိုယ်ဟန်အတတ်ကို သုံးစွဲပြီး အပြင်ဘက်သို့ လျှပ်စီးကဲ့သို့ ထွက်ပြေးသွားတော့သည်
ယခင်က အရိုင်းကမ္ဘာမြေအတွင်း၌ သူသည် ဤလူငယ်တာအိုဆရာ ကောင်းကင်ယံသို့ ပျံသန်းသွားသည်ကို မြင်တွေ့ခဲ့ဖူးသည်။
ကြောက်စရာကောင်းလှသည့် နတ်ဘုရားအတတ်ကို သုံးစွဲကာ လူကို ခုခံလိုစိတ်ပင် မမွေးဖွားနိုင်လောက်အောင် ကြောက်စရာကောင်းသည့် ကောင်းကင်ယံမှ လက်ဝါးနက်ကြီးကို သတ်ဖြတ်ခဲ့ဖူးသည် မဟုတ်ပါလော။
ထိုမြင်ကွင်းက သူ့ကို ပေးခဲ့သည့် အမှတ်သညာမှာ အလွန်တရာ နက်ရှိုင်းလွန်းလှသည်။
လူလတ်ပိုင်း တာအိုဆရာ - “………………”
တောင်ဘက်နယ်စပ်မှ လူငယ် - “………………”
လျှို့ဝှက်ဂိုဏ်းက အခုဆိုရင် ဒီလောက်တောင် အသုံးမကျတော့တာလား၊ ကြည့်ရတာ ရုပ်ချောတဲ့ လူငယ်တာအိုဆရာတစ်ယောက်ပဲဥစ္စာ၊ ဒီဘုန်းကြီးအိုက ဘာလို့ ထွက်ပြေးသွားတာလဲ။