အခန်း (၄၅၁-၄၅၂)
Vol. 46 Ch. 451-452
အခန်း ၄၅၁ ၊ အပိုင်း ၁ - ဇာတ်သိမ်းခန်းနှင့် ရေခဲနန်းတော်၏ ဖိတ်ကြားချက်
"ဘာရွှေအမြုတေအဆင့် ကျင့်ကြံသူလဲ။ အဲ့ဒီလီချန်ပေါ်က တိရစ္ဆာန်ထက်တောင် ဆိုးသေးတယ်"
လီချန်ပေါ်သည် တွေဝေငေးမောနေနေရာမှ သတိပြန်ဝင်လာချိန်တွင် ဒေါသတကြီး ဆဲရေးတိုင်းထွာလိုက်သော အသံကို ကြားလိုက်ရလေသည်။
သူ၏ရင်ထဲတွင် ဒေါသမီးတို့ ဟုန်းဟုန်းတောက်လောင်သွားခဲ့၏။
ငါ့ကို ဒီလိုမျိုး ဘယ်သူက ဆဲရဲတာလဲ။
သူသည် ရိုင်းစိုင်းလှသော ထိုသူအား သုတ်သင်ပစ်ရန် မန္တန်တစ်ခုကို ထုတ်လွှတ်တော့မည့်ဆဲဆဲတွင် သူ၏ကိုယ်ခန္ဓာမှာ လုံးဝလှုပ်ရှား၍မရတော့ကြောင်း ရုတ်တရက် သတိပြုမိလိုက်သည်။
သူ၏ ရွေအမြုတေအဆင့်မှ စွမ်းအားကြီးမှာ လုံးဝ အသုံးပြု၍မရအောင် ပိတ်လှောင်ခံထားရလေသည်။
သူ၏ရှေ့မှောက်တွင်တော့ သဲ့သဲ့လေးပြုံးကာ သူ့ကို လှောင်ပြောင်သရော်နေသည့် မျက်ဝန်းများဖြင့် ကြည့်နေသော လူငယ်တစ်ဦး ရပ်နေလေ၏။
ထိုအခါမှသာ လီချန်ပေါ်သည် သူ့ကို ဖိနှိပ်ချုပ်ချယ်ခဲ့သော ထိတ်လန့်ဖွယ်ရာ လူငယ်လေးအကြောင်းကို ပြန်၍သတိရသွားခဲ့တော့သည်။
တစ်ချိန်တည်းမှာပင်၊ သူ မကြာမီကမှ ကြုံတွေ့ခဲ့ရသော ထင်ယောင်ထင်မှားအာရုံခြောက်ခြားမှုနယ်ပယ်ထဲမှ အဖြစ်အပျက်များသည် သူ့ခေါင်းထဲသို့ အလုံးအရင်းနှင့် ပြန်၍ဝင်ရောက်လာခဲ့သည်။
အောက်ဘက်ရှိ မြို့ထဲမှ ကဲ့ရဲ့ရှုတ်ချနေသော အသံများကို ကြားလိုက်ရသောအခါ ဘာတွေဖြစ်ပျက်သွားခဲ့သလဲဆိုသည်ကို သူ အပြည့်အဝ နားလည်သဘောပေါက်သွားခဲ့တော့၏။ တမုဟုတ်ချင်းပင် သူ၏မျက်နှာမှာ သွေးဆုတ်ကာ ဖြူရော်သွားခဲ့၏။
"နိုးလာပြီလား" လုချင်းက ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သည်။ "ကြည့်ရတာ မင်းမိန်းမအပေါ်ထားတဲ့ မင်းရဲ့အချစ်က တခြားသူတွေကို ထင်စေချင်သလောက်တောင် မနက်ရှိုင်းပါလား။
သနားစရာကောင်းတဲ့ အဲဒီအမျိုးသမီးလေးကတော့ မင်းရဲ့လှည့်စားမှုအောက်မှာ အပြည့်အဝ ကျရောက်ခဲ့ရှာတယ်လေ။ သူ့ရဲ့ နောက်ဆုံးအချိန်လေးမှာတောင် မင်းအသက်ရှင်ဖို့အတွက် တောင်းပန်ပေးနေခဲ့သေးတာ။ သူ အချစ်ရဆုံးလူက သူ့ကို ငရဲတွင်းထဲ တွန်းချခဲ့တဲ့လူမှန်းတောင် သူ မသိသွားရှာဘူး"
လီချန်ပေါ်၏မျက်နှာမှာ ပြာနှမ်းသွားခဲ့သည်။ ထိုစကားများကို ပြန်လည်ချေပချင်သော်လည်း သူ့မှာ စကားပြောရန် အသံပင်ထွက်မလာတော့သည်ကို တွေ့လိုက်ရပါ၏။
ထပ်မံပြောဆိုရန် စိတ်ဝင်စားမှု ကုန်ဆုံးသွားပြီဖြစ်သော လုချင်းသည် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ကာ သူ၏လက်ဖဝါးပြင်ထက်တွင် အနက်ရောင်လေဝဲကတော့တစ်ခုကို ဖန်တီးလိုက်၏။ လီချန်ပေါ်၏ ထိတ်လန့်တုန်လှုပ်နေသော အကြည့်များရှေ့တွင်ပင် ထိုလေဝဲကတော့ကြီးက သူ့ကို တစ်စမကျန် ဝါးမျိုသွားခဲ့လေတော့သည်။
လီချန်ပေါ် ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ထိုနေရာတစ်ဝိုက်တွင် ငြိမ်းချမ်းမှုတို့ ပြန်လည်လွှမ်းမိုးသွားခဲ့သည်။
"မဟာသခင်လေး... ဒီလီချန်ပေါ်ကိစ္စနဲ့ပတ်သက်ပြီးတော့..."
(T/n - ရှေ့ပိုင်းမှာတော့ နန်းတော်သခင်က လုချင်းကို သခင်လေးလို့ ခေါ်ခဲ့ပါတယ်။ ခုကစပြီး မဟာသခင်လေးလို့ ပြောင်းသုံးပါ့မယ်။ ပြီးတော့ ရေခဲနန်းတော်ဆိုတာက ဟန်ရွှေနန်းတော်နဲ့ အတူတူပါပဲ။ ဒါပေမဲ့ ရေခဲနန်းတော်က ပိုသင့်တော်မယ်ထင်လို့ ရေခဲနန်းတော်လို့ ပြောင်းလဲသုံးနှုန်းထားပါတယ်။)
ရေခဲနန်းတော်၏ နန်းတော်သခင်သည် မရေမရာအသံဖြင့် တုံ့ဆိုင်းရင်း မေးလိုက်သည်။
"စိတ်မပူပါနဲ့။ သူ ဒီလောကမှာ ဘယ်တော့မှ ထပ်ပေါ်လာတော့မှာ မဟုတ်ပါဘူး"
လုချင်းက သူ၏လုပ်ရပ်များအတွက် မည်သည့်ရှင်းပြချက်မျှ ထပ်မပေးဘဲ တည်ငြိမ်စွာပင် ပြောလိုက်သည်။
ထိုအခါမှ နန်းတော်သခင်လည်း ချက်ချင်းပင် စိတ်အေးသွားရတော့သည်။
လုချင်း၏ အဆင့်အတန်းနှင့် ဂုဏ်သတင်းအရ သူ၏စကားများက ယုံမှားဖွယ်ရာမရှိသည်မှာ မှန်ကန်လှပေမည်။ ထို့အပြင် သူမ သိထားသလောက်ဆိုလျှင် သူသည် မကောင်းမှုဒုစရိုက်ကို အလွန်ပင်ရွံရှာမုန်းတီးသူတစ်ဦး ဖြစ်ပေသည်။
သို့ဖြစ်ရာ လီချန်ပေါ်၏ ကံကြမ္မာမှာ အဆုံးသတ်သွားပြီဖြစ်ကြောင်း သေချာသွားလေပြီပင်။
ဤသို့တွေးမိကာ နန်းတော်သခင်သည် လုချင်းအား ရိုသေစွာဖြင့် ဦးညွှတ်လိုက်တော့သည်။
"ဒီလိုယုတ်မာတဲ့လူကို ရှင်းလင်းပေးပြီး ကျွန်မတို့ ရေခဲနန်းတော်ကို အန္တရာယ်ကနေ ကယ်တင်ပေးခဲ့တဲ့အတွက် မဟာသခင်လေးကို ကျေးဇူးတင်ပါတယ်။ ဒီကျေးဇူးတရားကို ကျွန်မတို့ ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူးရှင့်"
"ဒီလိုမျိုး ကျေးဇူးတင်နေစရာ မလိုပါဘူး" လုချင်းက ခေါင်းခါရင်း ပြန်ပြောလိုက်သည်။ "ကျွန်တော်က ဒီကနေ ဖြတ်သွားရင်းနဲ့ လီချန်ပေါ်က အရမ်းကို ရက်စက်ယုတ်မာလွန်းနေတာကြောင့် ဝင်ပါခဲ့တာပါ။ မဟုတ်ရင် ခင်ဗျားတို့ရဲ့ပဋိပက္ခတွေထဲမှာ ကျွန်တော် ဝင်စွက်ဖက်နေမှာ မဟုတ်ဘူးဗျ"
ထိုသို့ပြောပြီးနောက် သူက ရှောင်ယန်ကို လက်ဟန်ပြကာ ထွက်ခွာရန် ပြင်ဆင်လိုက်လေသည်။
"ကျေးဇူးပြုပြီး ခဏစောင့်ပါဦး မဟာသခင်လေး" နန်းတော်သခင်က အလျင်စလို လှမ်းခေါ်လိုက်သည်။
လုချင်းသည် ခြေလှမ်းတန့်သွားပြီး သူမကို လှည့်ကြည့်လိုက်၏။
"မဟာသခင်လေးရဲ့ ဝင်ရောက်စွက်ဖက်မှုက ရေခဲနန်းတော်ကို ကယ်တင်နိုင်ရုံတင်မကဘဲ ရေခဲမြို့တော်တစ်မြို့လုံးကိုလည်း ကပ်ဘေးကနေ ကယ်တင်ပေးခဲ့တာပါရှင်။
ဒီကျေးဇူးက ပြန်ဆပ်လို့တောင် မကုန်နိုင်ပါဘူး။ ဒါပေမဲ့ ကျွန်မတို့နန်းတော် တည်ရှိလာခဲ့တဲ့ နှစ်သောင်းချီတဲ့ သက်တမ်းတစ်လျှောက်မှာ စုဆောင်းထားခဲ့တဲ့ ရတနာတချို့တော့ ရှိပါတယ်။
မဟာသခင်လေးဘက်က သဘောကျမယ်ဆိုရင် ကျွန်မတို့ရဲ့ ရတနာတိုက်ကို လာရောက်ကြည့်ရှုဖို့ ရိုသေစွာနဲ့ပဲ ဖိတ်ကြားပါရစေရှင်။ မဟာသခင်လေး တန်ဖိုးရှိတယ်လို့ ထင်တဲ့ ဘယ်အရာကိုမဆို လွတ်လွတ်လပ်လပ် ယူဆောင်သွားနိုင်ပါတယ်ရှင့်"
"ခင်ဗျားက ကျွန်တော့်ကို ရတနာတွေ လက်ဆောင်ပေးချင်လို့လား" လုချင်းက အံ့အားသင့်စွာ မေးလိုက်သည်။
"မဟာသခင်လေးရဲ့ ပြိုင်ဘက်ကင်းတဲ့ ကျင့်ကြံမှုအဆင့်အတန်းနဲ့ဆိုရင် ကျွန်မတို့ ရေခဲနန်းတော်က ပစ္စည်းတွေက မဟာသခင်လေးရဲ့ စံနှုန်းကို မီနိုင်ပါ့မလားဆိုတာတော့ ကျွန်မလည်း မသိပါဘူးရှင့်"
လုချင်း တုံ့ဆိုင်းသွားခဲ့သည်။
အမှန်တကယ်ပြောရလျှင် သူ အနည်းငယ် စိတ်ဝင်စားသွားခဲ့၏။
သူ၏ ပြီးပြည့်စုံသော ရွေအမြုတေ၏ ထူးခြားသော သဘာဝအရ သူသည် လက်ရှိတွင် ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ်များ လိုအပ်နေပေသည်။ ရေခဲနန်းတော်၏ ရတနာတိုက်မှ အထောက်အပံ့အချို့ ရရှိခြင်းက သူ့အတွက် အကျိုးရှိနိုင်ပါ၏။
ထို့ထက်ပို၍...
သူ ရှောင်ယန်ကို တစ်ချက်ကြည့်လိုက်သောအခါ ကောင်မလေးက နန်းတော်သခင်အား စူးစိုက်ကြည့်နေသည်ကို လုချင်း သတိပြုမိလိုက်လေသည်။ ရှောင်ယန်၏ ရေခဲကြွက်သားနှင့် ကျောက်စိမ်းအရိုး ခန္ဓာကိုယ်ဖွဲ့စည်းပုံကို သတိရသွားကာ လုချင်းသည် ဆုံးဖြတ်ချက်ချလိုက်တော့၏။
ထို့နောက်၌ သူ၏မျက်နှာပေါ်တွင် အပြုံးရေးရေးလေးတစ်ခု ပေါ်လာခဲ့၏။
"ဒါဆိုရင်လည်း ခင်ဗျားရဲ့ဖိတ်ကြားမှုကို ကျွန်တော် ဝမ်းမြောက်စွာနဲ့ပဲ လက်ခံပါတယ်ဗျာ"
နန်းတော်သခင်၏ မျက်နှာသည် ဝမ်းသာမှုတို့ဖြင့် လင်းလက်သွားခဲ့သည်။
"ကျေးဇူးတင်ပါတယ် မဟာသခင်လေး။ ကျွန်မနောက်ကနေ နန်းတော်ထဲကို လိုက်ခဲ့ပေးပါရှင့်"
သူမ၏ လမ်းညွှန်မှုအောက်တွင် လုချင်းသည် ရှောင်ယန်၏လက်ကို ဆွဲကာ ကြီးမားလှသော ရေခဲနန်းတော်ကြီးဆီသို့ ဖြည်းညင်းစွာ ဆင်းသက်သွားလေတော့သည်။
...
လုချင်းနှင့် ရှောင်ယန်တို့ ရေခဲအဆောက်အအုံကြီးထဲသို့ ပျောက်ကွယ်သွားသောအခါ မြို့လေးသည် ခေတ္တမျှ တိတ်ဆိတ်သွားခဲ့၏။
ထို့နောက် ရေနွေးအိုးဆူပွက်လာသကဲ့သို့ စိတ်လှုပ်ရှားမှုတို့ဖြင့် ပေါက်ကွဲထွက်လာလေတော့သည်။
လူအများက ထိုအံ့သြဖွယ်အဖြစ်အပျက်များအကြောင်းကို ဆွေးနွေးပြောဆိုလာကြသည်။
"အဲဒီလူငယ်လေးက ဘယ်သူလဲ။ ရွှေအမြုတေအဆင့် ကျင့်ကြံသူကို ဘာခုခံမှုမှမရှိဘဲနဲ့ နှိမ်နင်းသွားခဲ့တာနော်"
"နန်းတော်သခင်ကတော့ သူ့ကို 'မဟာသခင်လေး' တဲ့လေ။ လျှို့ဝှက်နယ်မြေကြီးလေးခုရဲ့ သခင်တွေထဲက တစ်ယောက်ဆီကနေ ဒီလိုဘွဲ့နာမမျိုး အခေါ်ခံရလောက်အောင် သူက ဘယ်လိုပုဂ္ဂိုလ်မျိုးများပါလိမ့်"
"ရွေအမြုတေအဆင့် ကျင့်ကြံသူကို ဒီလောက်လွယ်လွယ်ကူကူ အနိုင်ယူနိုင်ဖို့ အဲ့ဒီမဟာသခင်လေးက ဘယ်လိုကျင့်ကြံမှုအဆင့်ထိတောင် ရောက်နေတာများလဲ"
...
ထိုသို့သော ခန့်မှန်းပြောဆိုမှုများကြားတွင် မည်သူကမျှ လုချင်းက မည်သူမည်ဝါဖြစ်ကြောင်းကို မသိကြပေ။ သို့တိုင် မြို့ထဲရှိ လူတိုင်း၏ရင်ထဲတွင်တော့ ကျေးဇူးတင်စိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။
စောစောက လီချန်ပေါ်၏ ယုတ်မာလှသော စကားများကို သူတို့ ရှင်းရှင်းလင်းလင်း ကြားခဲ့ရသည်။ ထိုလူသည် စက်ဆုပ်ရွံရှာဖွယ်ကောင်းသော မိစ္ဆာတစ်ကောင်ဖြစ်ပြီး လုချင်း၏ ကယ်တင်မှုကြောင့်သာ သူတို့အားလုံး အသက်ချမ်းသာရာ ရခဲ့ခြင်းဖြစ်ပေသည်။
သို့သော် အတက်ကြွဆုံးလူမှာ တည်းခိုခန်းပိုင်ရှင်ပင် ဖြစ်လေသည်။
သူက ဘေးနားရှိလူများကို အော်ဟစ်ပြောဆိုနေခဲ့၏။
"မဟာသခင်လေးက စောစောက ငါ့တည်းခိုခန်းမှာ စားသောက်သွားတာကွ။ ငါကိုယ်တိုင်တောင် သူ့ကို အသားဟင်းပွဲတွေ သွားချပေးခဲ့သေးတာ"
သူ၏စကားကြောင့် လူအများသည် ထိုတည်းခိုခန်းဆီသို့ ချက်ချင်းပင် အလုအယက် ပြေးသွားကြလေတော့သည်။
အဘယ်ကြောင့်ဆိုသော် ဤစကားမှာ လိမ်ညာမှု မဟုတ်ပေ။ လုချင်းသည် ထိုတည်းခိုခန်း၏ ခေါင်မိုးပေါ်တွင် တကယ်ပင် ရှိနေခဲ့သည် မဟုတ်ပါလော။
...
တစ်ဖက်တွင်မူ လုချင်းသည် အပြင်ဘက်မှ ဆူညံသံများကို ဂရုမစိုက်ခဲ့ပေ။
မြေပြင်ပေါ်သို့ ဆင်းသက်ပြီးသည်နှင့် နန်းတော်သခင်က ချက်ချင်းပင် အမိန့်ပေးလိုက်လေသည်။
"စားပွဲသောက်ပွဲကို ချက်ချင်း ပြင်ဆင်ကြစမ်း"
"ဟုတ်ကဲ့ပါ နန်းတော်သခင်"
အထက်တွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသော နန်းတော်မှ တပည့်များသည် အချိန်မဆွဲရဲကြပေ။ သူတို့အထဲမှ ကျုံးကျိုးသို့ သွားရောက်ဖူးသူအချို့သည် လုချင်း မည်သူဖြစ်ကြောင်းကို မှတ်မိသွားကြပြီး ပြင်ဆင်မှုများပြုလုပ်ရန် အလျင်အမြန် ထွက်ခွာသွားကြတော့၏။
ထို့နောက် နန်းတော်သခင်သည် လုချင်းနှင့် ရှောင်ယန်တို့ကို ကြီးမားခမ်းနားသော ခန်းမဆောင်ကြီးတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့၏။
သူမက ထပ်မံ၍ စကားဆိုပြန်သည်။
"မဟာသခင်လေး... ကျွန်မရဲ့ အခုလို ဖရိုဖရဲဖြစ်နေတဲ့ ပုံစံအတွက် တောင်းပန်ပါတယ်။ ကျွန်မကို ကိုယ်လက်သန့်စင်ဖို့ ခွင့်ပြုပေးပါဦးရှင့်"
လုချင်းက ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။
အမှန်ပင် နန်းတော်သခင်၏ အသွင်အပြင်မှာ အတော်လေးကို ဖရိုဖရဲဖြစ်နေခဲ့သည်။ သူမ၏ အဝတ်အစားများနှင့် ဆံပင်များတွင် လီချန်ပေါ်၏ မီးတောက်များကြောင့် လောင်ကျွမ်းထားသော လက္ခဏာများ ရှိနေပြီး သူမ၏ဝတ်ရုံပေါ်တွင်လည်း ဒဏ်ရာများမှ သွေးကွက်များ စွန်းထင်းနေလေသည်။
နန်းတော်သခင် ထွက်သွားပြီးနောက်၌ လုချင်းသည် ရှောင်ယန်နှင့်အတူ ခန်းမကြီးထဲတွင် အေးအေးလူလူ လမ်းလျှောက်နေခဲ့သည်။
ဤခန်းမသည် ဂုဏ်သရေရှိ ဧည့်သည်တော်များကို ကြိုဆိုရန် အထူးတည်ဆောက်ထားခြင်းဖြစ်ပြီး အတွင်းဘက်တွင် အလွန်လှပသေသပ်သော အလှဆင်မှုများနှင့် ရှုပ်ထွေးနက်နဲသော ပန်းပုလက်ရာများဖြင့် မွမ်းမံထားလေသည်။
....
အခန်း ၄၅၁ ၊ အပိုင်း ၂ ။ ဇာတ်သိမ်းခန်းနှင့် ရေခဲနန်းတော်၏ ဖိတ်ကြားချက်
အချို့သော ပန်းပုလက်ရာများတွင် စီးဆင်းနေသော သဘာဝအနှစ်သာရများ ပါဝင်နေသဖြင့် လုချင်းကိုပင် သဘောကျစွာဖြင့် တိတ်တဆိတ် ခေါင်းညိတ်မိစေခဲ့သည်။
ရေခဲနန်းတော်မှ လူများသည် ပန်းပုပညာရပ်တွင် အလွန်ကျွမ်းကျင်ကြကြောင်း ထင်ရှားလှပေသည်။ ဤထူးခြားပြောင်မြောက်သော လက်ရာများသည် စစ်မှန်သော သခင်တစ်ဦးမှ ဖန်တီးထားသည့် နက်နဲသော အနုပညာအောင်မြင်မှုကို ဖော်ပြနေပါ၏။
"မဟာသခင်လေးက ပန်းပုပညာကို စိတ်ဝင်စားလို့လားရှင့်"
အေးစက်စက် အသံလေးတစ်ခုက သူ၏အတွေးများကို ဖြတ်တောက်သွားပြီးနောက် ရေခဲနန်းတော်၏ နန်းတော်သခင်သည် ခန်းမနောက်ဘက်မှ ထွက်ပေါ်လာခဲ့လေသည်။
လုချင်း လှည့်ကြည့်လိုက်ရာ သူ၏မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့၏။
နန်းတော်သခင်သည် အစိမ်းနုရောင် ဝတ်ရုံရှည်ကို လဲလှယ်ဝတ်ဆင်ထားပြီး သူမ၏ အေးစက်စက်နှင့် သပ်ရပ်သော အသွင်အပြင်ကို ဆွဲဆောင်မှုအပြည့်ဖြင့် ပေါင်းစပ်ဖန်တီးထားလေသည်။ အချို့သော ဝိညာဉ်ဆေးများ သောက်သုံးထားပုံရသဖြင့် သူမ၏ ချီအရှိန်အဝါသည်လည်း တည်ငြိမ်နေလေပြီပင်။ သူမ၏ ဒဏ်ရာများမှ ကျန်ရစ်နေသော အားနည်းသည့်အရိပ်အယောင်လေးများက သူမကို ပို၍ပင် ချစ်စရာကောင်းအောင် ဖန်တီးပေးနေသယောင် ရှိပေ၏။
လုချင်းသည် သူမကို ခေတ္တမျှသာ အကဲခတ်ကြည့်ရှုပြီးနောက် အကြည့်ကိုလွှဲကာ မှတ်ချက်ပေးလိုက်သည်။
"ဒီပန်းပုတွေက အတော်လေး နက်နဲတဲ့ဟန် ရှိတယ်။ အနုပညာမှာ အမှန်တကယ် ကျွမ်းကျင်တဲ့သူတစ်ယောက်ရဲ့ လက်ရာတွေပဲ ဖြစ်ရမယ်။ အရမ်းကို ထူးခြားပြောင်မြောက်ပါတယ်ဗျ"
နန်းတော်သခင်သည် သူ၏ ကြည်လင်တည်ငြိမ်သော မျက်ဝန်းများကို အကဲခတ်လိုက်ရာ သူမ ဂရုတစိုက် ဝတ်ဆင်ပြင်ဆင်လာမှုသည် သူ၏ တည်ငြိမ်မှုကို အနည်းငယ်မျှပင် မတုန်လှုပ်စေနိုင်ကြောင်း နားလည်သွားခဲ့သည်။
သို့သော် သူမ မအံ့သြခဲ့ပေ။
လုချင်းကဲ့သို့ ကျင့်ကြံမှုအဆင့်ကို ခန့်မှန်း၍မရနိုင်လောက်အောင် နက်ရှိုင်းသူတစ်ဦးတွင် ခိုင်မာလှသော ကျင့်ကြံခြင်းသိုင်းနှလုံးသား ရှိပေမည်။ ဤကဲ့သို့သော လူမျိုးသည် သာမန် ရုပ်ရည်အဆင်းသဏ္ဌာန်အတွက်နှင့် မည်သည့်အခါမျှ ယိမ်းယိုင်သွားမည် မဟုတ်ချေ။
သူမက နွေးထွေးစွာ ပြုံးလိုက်ပြီး ပြောလိုက်သည်။
"မဟာသခင်လေးဆီကနေ ဒီလို ချီးကျူးစကားကြားရတာ အကြီးအကဲရှီ သိရင် သေချာပေါက် ဝမ်းသာနေမှာပဲ"
"အကြီးအကဲရှီဆိုတာ ဒီလက်ရာတွေကို ဖန်တီးခဲ့တဲ့ ဆရာသခင်ပဲ ဖြစ်ရမယ်။ တကယ့်ကို ထူးခြားလွန်းပါတယ်ဗျ" လုချင်းက ရိုးသားစွာ ပြန်၍ဖြေကြားလိုက်သည်။ စစ်မှန်သော အရည်အချင်းရှိသူများကို သူ အလွန်လေးစားပေသည်။
"မဟာသခင်လေးရဲ့ စကားတွေကို အကြီးအကဲရှီဆီ အတိအကျ ပြန်ပြောပြပေးပါ့မယ်ရှင့်။ ဆိုးတာက အကြီးအကဲရှီက မကြာသေးခင်ကမှ တံခါးပိတ်ကျင့်ကြံမှုထဲ ဝင်သွားတာဆိုတော့ ရှင်ရဲ့ချီးကျူးစကားတွေကို ကိုယ်တိုင် မကြားနိုင်တော့ဘူးပေါ့"
"မမ..မမက အရမ်းလှတာပဲနော်"
ထိုအချိန်တွင် ရှောင်ယန်၏ အသံလေး ထွက်ပေါ်လာခဲ့သည်။
နန်းတော်သခင်သည် ခေတ္တရပ်တန့်သွားပြီး ခေါင်းငုံ့ကာ တောက်ပနေသော မျက်လုံးလေးများဖြင့် သူမကို မော့ကြည့်နေသည့် ကောင်မလေးကို ကြည့်လိုက်သည်။
သူမက ပြုံးကာ ပြန်ပြောလိုက်၏။
"ညီမလေးလည်း အရမ်းလှတာပဲ"
"သမီးနာမည်က ရှောင်ယန်ပါ မမ။ မမနာမည်ကကော ဘယ်လိုခေါ်လဲဟင်"
ရှောင်ယန်သည် လုချင်း၏ ညီမလေးဖြစ်ကြောင်း သိထားသဖြင့် နန်းတော်သခင်က လေးစားမှုနှင့် ကြင်နာမှုအပြည့်ဖြင့် ပြန်ဖြေလိုက်လေသည်။
"မမရဲ့ မျိုးရိုးနာမည်က ဟန် လို့ခေါ်ပြီး နာမည်ကတော့ လင်းရွှမ် လို့ခေါ်ပါတယ်ရှင့်။ မမကို မမ လင်းရွှမ်လို့ ခေါ်လို့ရပါတယ်နော်"
"မမ လင်းရွှမ်" ကောင်မလေးက ပျော်ရွှင်စွာဖြင့် ခေါ်လိုက်သည်။
လုချင်းသည် သူတို့နှစ်ဦး၏ ပျော်ရွှင်စရာ စကားဝိုင်းလေးကို ကြည့်နေခဲ့ပြီး ရှောင်ယန်က သူမကို "မမ" ဟု လျင်မြန်စွာ ခေါ်ဝေါ်လိုက်သည်ကို တွေ့သောအခါ၌ ဝင်ရောက်နှောင့်ယှက်ရန် မလိုအပ်ဟု ခံစားလိုက်ရသည်။ ရှောင်ယန်၏ မွေးရာပါ ရေခဲကြွက်သားနှင့် ကျောက်စိမ်းအရိုး ခန္ဓာကိုယ်ဖွဲ့စည်းပုံက နန်းတော်သခင်နှင့် မွေးရာပါ ရင်းနှီးကျွမ်းဝင်မှုကို ဖြစ်ပေါ်စေကြောင်း သူ ခံစားသိရှိနိုင်ပေသည်။
အချိန်အနည်းငယ် စကားပြောပြီးနောက် အစေခံမိန်းကလေးတစ်ဦးက ခန်းမထဲသို့ ဝင်လာခဲ့သည်။
"နန်းတော်သခင်... စားပွဲသောက်ပွဲ ပြင်ဆင်ပြီးပါပြီရှင့်"
"မဟာသခင်လေး... ရှောင်ယန်... ကျွန်မနောက်ကနေ လိုက်ခဲ့ကြပါရှင့်"
လုချင်းနှင့် ရှောင်ယန်တို့သည် ဟန်လင်းရွှမ်နောက်သို့ လိုက်ကာ ခန်းမဆောင်တစ်ခုဆီသို့ သွားခဲ့ကြသည်။ ထိုနေရာတွင် ဧရာမကျောက်စိမ်းစားပွဲကြီးတစ်ခုပေါ်၌ ကောင်းမွန်လှသော ဟင်းလျာများစွာဖြင့် သူတို့ကို စောင့်ကြိုနေလေ၏။
ဟင်းလျာအမျိုးအစားများစွာမှာ မျက်စိကျိန်းလောက်အောင် များပြားလှပြီး အနည်းဆုံး ပွဲတစ်ရာခန့် ရှိပေလိမ့်မည်။
"မဟာသခင်လေးနဲ့ ရှောင်ယန်လေး... သုံးဆောင်ကြပါရှင်" ဟန်လင်းရွှမ်က ယဉ်ကျေးစွာ ဖိတ်ခေါ်လိုက်သည်။
လုချင်းကလည်း ငြင်းဆန်ခြင်းမရှိဘဲ ရှောင်ယန်နှင့်အတူ စားပွဲတွင် ဝင်ထိုင်လိုက်လေသည်။
"မဟာသခင်လေး... ကျွန်မတို့နန်းတော်ရဲ့ အရင်းအမြစ်တွေက ကန့်သတ်ချက်ရှိပါတယ်။ ဒီဟင်းလျာတွေကို အလျင်စလိုနဲ့ ပြင်လိုက်ရတာမို့ မျှော်မှန်းထားသလောက် မကောင်းရင် ခွင့်လွှတ်ပေးပါရှင်" ဟန်လင်းရွှမ်က တောင်းပန်စကားဆိုလိုက်သည်။
"နန်းတော်သခင်က အရမ်းနှိမ့်ချလွန်းနေပါပြီဗျာ။ ဒီဟင်းပွဲတွေက ကျွန်တော်တို့ နှစ်ယောက်တည်းအတွက်ဆိုရင် တော်တော်လေးကို များလွန်းနေပါပြီဗျ"
"ဟုတ်တယ် မမ လင်းရွှမ်... သမီးတို့ ဒါတွေအကုန်လုံး ကုန်အောင် မစားနိုင်ဘူးရယ်" ရှောင်ယန်ကလည်း စားပွဲပေါ်ရှိ ဟင်းလျာများကို အံ့သြတကြီး ကြည့်ရင်း ဝင်ပြောလာသည်။
ထိုစဉ် ရုတ်တရက် လုချင်း၏ ရင်ခွင်ထဲမှ ခေါင်းသေးသေးလေးတစ်ခု ထွက်ပေါ်လာပြီး စားပွဲပေါ်ရှိ ဟင်းပွဲတစ်ပွဲကို စူးစိုက်ကြည့်နေလေသည်။
"ဒါက..." ဟန်လင်းရွှမ် အံ့အားသင့်သွားခဲ့သည်။
"မလန့်ပါနဲ့ နန်းတော်သခင်။ ဒါက ကျွန်တော်တို့ရဲ့ အဖော် ရှောင်လီ ပါ"
ရှောင်လီ ကြည့်နေသည့်အရာကို မြင်လိုက်ရသောအခါ လုချင်းက ၎င်း အဘယ်ကြောင့် နိုးလာသနည်းဆိုသည်ကို ချက်ချင်း သဘောပေါက်သွားတော့သည်။ သူက ရှောင်လီကို ရင်ခွင်ထဲမှ ညင်သာစွာ ထုတ်ယူလိုက်ပြီး သူ၏ပခုံးပေါ်တွင် တင်လိုက်၏။
"အဖော်..."
ဤစကားလုံးရွေးချယ်မှုကြောင့် ဟန်လင်းရွှမ်၏ ရင်ထဲတွင် တုန်လှုပ်သွားခဲ့သည်။ ဝိညာဉ်အိမ်မွေးတိရစ္ဆာန်ဟု မခေါ်ဘဲ အဖော်ဟု ခေါ်ဆိုခြင်းက လုချင်း၏ အမြင်တွင် ရှောင်လီ၏ ထူးခြားသော အဆင့်အတန်းကို ပေါ်လွင်စေပေသည်။
ပို၍အရေးကြီးသည်မှာ ရှောင်လီထံမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ်ရာ ချီအရှိန်အဝါကို သူမ သဲ့သဲ့လေး ခံစားမိနေခြင်းပင်။ ဤအနက်ရောင်သားရဲလေးသည် အလွန်တရာ အစွမ်းထက်သော ဝိညာဉ်သားရဲတစ်ကောင် ဖြစ်ကြောင်း ထင်ရှားလှပါ၏။
"မဟာသခင်လေးရဲ့ အဖော်အတွက် နေရာတစ်ခု ပြင်ဆင်ပေးလိုက်ကြစမ်း" ဟန်လင်းရွှမ်က အစေခံများကို အမိန့်ပေးလိုက်သည်။
"နှစ်နေရာ ပြင်ပေးပါဗျ" လုချင်းက ဝင်ပြောလိုက်ပြီး ရှောင်ယန်၏ ဦးထုပ်ထဲမှ နောက်ထပ်သတ္တဝါတစ်ကောင်ကို မလိုလားစွာဖြင့် ဆွဲထုတ်လိုက်လေသည်။
ပွဲတော်မှ အနံ့အသက်ကို ရကတည်းက ဤသတ္တဝါလေးသည် ခေါင်းကို တရစပ် ပြူထွက်နေခဲ့ခြင်းဖြစ်သည်။ အကယ်၍ ရှောင်လီအတွက်သာ နေရာပြင်ပေးပြီး ၎င်းအတွက် မပြင်ပေးပါက ရက်ပေါင်းများစွာ စိတ်ကောက်နေပေလိမ့်မည်ပင်။
နောက်ထပ် အစွမ်းထက်ဝိညာဉ်သားရဲတစ်ကောင်လား။
အရောင်ငါးသွယ်တောင်ပံပါမြွေကို မြင်လိုက်ရသောအခါ ဟန်လင်းရွှမ်၏ နှလုံးသားမှာ တုန်ခါသွားခဲ့ပြန်၏။ ခန့်ညားလှသော မြွေကြီးသည် လွန်စွာအန္တရာယ်ကြီးမားလှသော အငွေ့အသက်များကို ထုတ်လွှင့်နေပြီး ၎င်းသည်လည်း နောက်ထပ် ကြောက်မက်ဖွယ်ရာ သတ္တဝါတစ်ကောင်ဖြစ်ကြောင်း ထင်ရှားလှပေသည်။
သူမကို ပို၍ အံ့အားသင့်စေသည်မှာ စောစောက ထိုဝိညာဉ်သားရဲ နှစ်ကောင်လုံး၏ တည်ရှိမှုကို သူမ လုံးဝ အာရုံမခံမိခဲ့ခြင်းပင်။ သူတို့၏ တည်ရှိမှုသည် လုံးဝ ဖုံးကွယ်ခံထားရသကဲ့သို့ ရှိနေခဲ့လေသည်။
လုချင်း၏ လျှို့ဝှက်ဆန်းကြယ်လှသော သဘာဝက သူမ၏စိတ်ထဲတွင် ပို၍ပင် ကြီးမားလာခဲ့သည်။ ရွေအမြုတေအဆင့် ကျင့်ကြံသူကို သတ်ဖြတ်နိုင်ပြီး ရွှမ်ခုန်းတောင်ကြီးတစ်ခုလုံးကို တစ်ကိုယ်တော် ဖြိုခွင်းနိုင်ခဲ့သော အမျိုးသားတစ်ဦးသည် အမှန်တကယ်ပင် နက်နဲလှသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါ၏။ သူ၏ ဝိညာဉ်သားရဲများသည်ပင်လျှင် အလွန်တရာ အစွမ်းထက်လှပေသည်။
သူမသည် အစေခံများကို သူတို့အတွက် နေရာနှစ်နေရာ ပြင်ဆင်ပေးရန် အလျင်အမြန် အမိန့်ပေးလိုက်လေသည်။
အစေခံများကလည်း ရှောင်လီနှင့် မြွေကြီး၏ လိုအပ်ချက်များနှင့်အညီ နေရာများကို ကျွမ်းကျင်စွာဖြင့် ပြင်ဆင်ပေးလိုက်ကြ၏။
နေရာများ ပြင်ဆင်ပြီးသည်နှင့် အရောင်ငါးသွယ်တောင်ပံပါမြွေသည် သူ၏နေရာသို့ စိတ်အားထက်သန်စွာ တက်သွားပြီး စားပွဲနှင့် အဆင်ပြေစေရန် သူ၏ကိုယ်လုံးကို အနည်းငယ် ကြီးမားအောင် ဖန်တီးလိုက်လေသည်။
သို့သော် ရှောင်လီမှာတော့ သတ်မှတ်ထားသော နေရာတွင် မထိုင်လိုပေ။ ၎င်းက လုချင်း၏ ဆံပင်များကို ဆွဲကာ စောစောက သူ မျက်စိကျနေသော ဟင်းပွဲကို တပ်မက်စွာဖြင့် ကြည့်နေ၏။
ထိုအရာကို သတိပြုမိသွားသော ဟန်လင်းရွှမ်က အစေခံများကို မျက်ရိပ်မျက်ကဲပြလိုက်သည်။ သို့ဖြစ်၍ သူတို့က ချက်ချင်းပင် ထိုဟင်းပွဲကို လုချင်းထံသို့ ယူလာပေးကြ၏။
ထိုအခါ၌ ရှောင်လီသည်လည်း အချိန်ဆွဲမနေဘဲ စားပွဲပေါ်သို့ ခုန်တက်ကာ အစားအစာများကို အေးအေးလူလူ အရသာခံ စားသောက်နေတော့သည်။
"တောင်းပန်ပါတယ်ဗျ နန်းတော်သခင်။ ရှောင်လီက အမြဲတမ်း ဒီလိုပဲ ဆော့ကစားတတ်လို့ပါ" လုချင်းက ပြုံးစစဖြင့် ပြောလိုက်သည်။
"စိတ်မပူပါနဲ့ရှင်။ ရှောင်လီက ကျွန်မတို့နန်းတော်က ဟင်းလျာတွေကို သဘောကျတာ ကျွန်မတို့အတွက်တော့ ဂုဏ်ယူစရာပါပဲရှင့်" ဟန်လင်းရွှမ်က ပြုံး၍ ပြန်ပြောလိုက်သည်။
"ဒါက ဘာဟင်းပွဲလဲ နန်းတော်သခင်" လုချင်းက မေးလိုက်၏။
"ဒါက နှင်းနဂါးငါး လို့ခေါ်ပါတယ်ရှင့်။ ကျွန်မတို့ မြောက်ပိုင်းဒေသရဲ့ အထူးဟင်းလျာတစ်ခုပေါ့။ အဲ့ငါးတွေက အေးခဲနေတဲ့ ရေနက်ပိုင်းတွေမှာ ကျက်စားတတ်ကြတယ်လေ။ အတော်လေးကို ရှားပါးတဲ့ငါးမျိုးပေါ့ရှင်။ ပါးပါးလေးလှီးပြီး အစိမ်းစားရင် ပိုပြီးတော့တောင် အရသာရှိပါတယ်ရှင့်" သူမက ရှင်းပြလာသည်။
ရှောင်လီ အဘယ်ကြောင့် ဤမျှ စွဲလမ်းနေသနည်းဆိုသည်ကို နားလည်သွားလေပြီ။ နှင်းနဂါးငါးသည် အမှန်တကယ်ပင် ထူးခြားလှပေသည်။
ရှောင်လီ ကျေနပ်သွားသည်နှင့် လုချင်းလည်း သူကိုယ်တိုင် ဟင်းပွဲများကို စတင်ခံစားလိုက်တော့သည်။ ရှောင်လီသည် သူ၏ ဟင်းပွဲကို စားပြီးသည်နှင့် ကျန်ဟင်းလျာများအပေါ် စိတ်ဝင်စားမှု ကုန်ဆုံးသွားကာ လုချင်း၏ ရင်ခွင်ထဲသို့ ပြန်ဝင်၍ အိပ်စက်နေလေတော့သည်။
သို့သော် အရောင်ငါးသွယ်တောင်ပံပါမြွေမှာတော့ ထိုသို့သော ထိန်းချုပ်မှုမျိုး မရှိပေ။ အေးစက်သော သို့မဟုတ် အစိမ်းစားရသော အစားအစာများကို ရွံရှာမှုမရှိဘဲ အားရပါးရ စားသောက်နေသဖြင့် ဟန်လင်းရွှမ်ပင်လျှင် ၎င်းအား ဝန်ဆောင်မှုပေးရန် အစေခံတစ်ဦးကို အထူးတာဝန်ပေးလိုက်ရလေသည်။
စားပွဲသောက်ပွဲသည် ပျော်ရွှင်ဖွယ်ရာ အငွေ့အသက်များဖြင့် အဆုံးသတ်သွားခဲ့ပြီး အိမ်ရှင်ရော၊ ဧည့်သည်ပါ အလွန်တရာ ကျေနပ်အားရသွားကြလေ၏။
....
အခန်း ၄၅၂ ၊ အပိုင်း ၁ ။ ရတနာတိုက်၊ မီးတောက်ဝိညာဉ်ပုလဲနှင့် သန္ဓေသားဝိညာဉ်အဆင့် အမွေအနှစ်
"မဟာသခင်လေး... ဒါက ကျွန်မတို့ ရေခဲနန်းတော်ရဲ့ ရတနာတိုက်ပါပဲ။ စိတ်ကြိုက် လှည့်ပတ်ကြည့်ပြီး မဟာသခင်လေး မျက်စိကျတဲ့ ဘယ်အရာကိုမဆို ရွေးချယ်နိုင်ပါတယ်ရှင့်" ဟန်လင်းရွှမ်က နွေးထွေးစွာ ပြောလိုက်သည်။
စားသောက်အပြီးတွင် ဟန်လင်းရွှမ်သည် လုချင်းအား ရေခဲနန်းတော်၏ ရတနာတိုက်သို့ ခေါ်ဆောင်သွားရန် အချိန်မဆွဲခဲ့ပေ။
ထိုအခါမှသာ ရတနာတိုက်မှာ သူတို့၏ လျှို့ဝှက်နယ်မြေအတွင်း တည်ရှိကြောင်း လုချင်း သိလိုက်ရတော့၏။
ဤအစီအစဉ်မှာ အဓိပ္ပာယ်ရှိလှပေသည်။ လျှို့ဝှက်နယ်မြေသည် ဝင်္ကပါများဖြင့် အထပ်ထပ် ကာကွယ်ထားသဖြင့် ရွေအမြုတေအဆင့် ကျင့်ကြံသူများပင် ထိုးဖောက်ဝင်ရောက်ရန် မဖြစ်နိုင်သလောက် ရှိပါ၏။ ရတနာများကို ထိုနေရာတွင် သိမ်းဆည်းထားခြင်းက အမြင့်ဆုံး လုံခြုံရေးကို သေချာစေလေသည်။
သို့သော် ဟန်လင်းရွှမ်၏ ဖိတ်ကြားမှုက လုချင်းအား အနည်းငယ်မျှပင် တုန်လှုပ်စေခြင်း မရှိခဲ့ပေ။
ဆန့်ကျင်ဘက်အနေဖြင့် ဤအရာက ရေခဲနန်းတော်၏ အမြင့်မားဆုံးသော ရိုးသားမှုကို ပြသနေခြင်းပင်။
လုချင်းသည် ရွှမ်ခုန်းတောင်ကို အမြစ်ဖြတ် သုတ်သင်နိုင်စွမ်းရှိသော ကျင့်ကြံသူတစ်ဦး ဖြစ်ပေသည်။
သူ့ကို သူတို့၏ လျှို့ဝှက်နယ်မြေအတွင်းသို့ ဖိတ်ခေါ်ခြင်းသည် သူတို့၏ အကြီးမားဆုံးသော အားနည်းချက်ကို ဖော်ပြလိုက်ခြင်းနှင့် တူညီပြီး သူတို့ဘက်မှ ကြီးမားသော စွန့်စားမှုတစ်ရပ်ကို ပြုလုပ်လိုက်ခြင်းပင် ဖြစ်၏။
"သူတို့တွေ နှစ်သောင်းချီကြာအောင် ရပ်တည်နိုင်ခဲ့တာ မထူးဆန်းပါဘူးလေ။ သူတို့ရဲ့ စုဆောင်းမှုက တကယ့်ကို ကြီးမားကျယ်ပြန့်တာပဲ" ကျယ်ဝန်းလှသော ရတနာတိုက်ထဲတွင် ရပ်နေရင်း ပတ်ဝန်းကျင်ရှိ ရတနာများထံမှ ထွက်ပေါ်နေသော မှေးမှိန်သည့် ဝိညာဉ်စွမ်းအင်များကို ခံစားရင်း လုချင်းက တွေးလိုက်သည်။
ရတနာတိုက်ထဲတွင် ဝိညာဉ်စွမ်းအင်များ ပါဝင်နေသော ပစ္စည်းမှာ အနည်းဆုံး ရာပေါင်းများစွာ ရှိနေလေ၏။
သို့သော် လုချင်း၏ စူးရှသော မျက်ဝန်းများတွင်တော့ ဤရတနာအများစုမှာ သူ့အတွက် အသုံးဝင်မည့် အစွမ်းသတ္တိများ ချို့တဲ့နေပေသည်။
ဥပမာအားဖြင့်... ဤနေရာရှိ မှော်လက်နက်များနှင့် ဝိညာဉ်လက်နက်အများစုမှာ မှန်ကန်သော ပစ္စည်းများသာ ရှိပါက လုချင်းကိုယ်တိုင် ဖန်တီးနိုင်သည့် အရာများထက်ပင် နိမ့်ကျနေလေသည်။
ထို့ကြောင့် ရေခဲနန်းတော်၏ စုဆောင်းမှုမှာ ကျယ်ပြန့်သော်လည်း အမှန်တကယ် အရည်အသွေးမြင့်မားသော ရတနာများမှာ အလွန်တရာကိုမှ နည်းပါးလှပါ၏။
ရှေးဟောင်းကျင့်ကြံခြင်းခေတ်၏ ဆုတ်ယုတ်ကျဆင်းမှုကို ထည့်သွင်းစဉ်းစားပါက ဤအရာမှာ အံ့သြစရာတော့ မဟုတ်ပေ။ ယန်ထံမှ လုချင်း သိထားသည်မှာ ထိုခေတ်၏ နောက်ဆုံးနေ့ရက်များတွင် အစွမ်းထက် ကျင့်ကြံသူများသည် လောကတစ်ခွင် လှည့်လည်ကာ သူတို့ ရှင်သန်နိုင်ရေးအတွက် အကောင်းဆုံးသော ရတနာများနှင့် ဝိညာဉ်လက်နက်များကို ယူဆောင်သွားခဲ့ကြသည် ဟူ၍ပင်။
အမှန်တကယ် တန်ဖိုးရှိသော ပစ္စည်းအများစုမှာ သယ်ဆောင်သွားခြင်း ခံရပြီးဖြစ်စေ၊ အချိန်၏ ရေစီးကြောင်းထဲတွင် ပျောက်ဆုံးသွားခဲ့သည်ဖြစ်စေ ဖြစ်ပေလိမ့်မည်။
ဤရှားပါးမှုက လုချင်းနှင့် ရွှမ်ခုန်းတောင်တို့၏ တိုက်ပွဲအတွင်း ဘုန်းကြီးများတွင် အစွမ်းထက် ဝိညာဉ်လက်နက်များ အဘယ်ကြောင့် မရှိခဲ့သနည်းဆိုသည်ကို ရှင်းပြနေပေသည်။
ထိုနည်းတူစွာပင် မတည်ငြိမ်သော အခြေခံဖြင့် ရွေအမြုတေအဆင့်သို့ တက်လှမ်းလာခါစဖြစ်သော လီချန်ပေါ်၏ ယုတ်မာခြင်းကိုခံခဲ့ရသော ရေခဲနန်းတော်၏ လက်ရှိအကျပ်အတည်းမှာလည်း ဤသမိုင်းဝင် ဆုံးရှုံးမှုများအပေါ် အခြေခံနေခြင်း ဖြစ်လေသည်။
လျှို့ဝှက်နယ်မြေကြီးလေးခုဟု ခေါ်ဆိုကြသောအရာများသည် အခြေခံအားဖြင့် ရှေးဟောင်းခေတ်၏ ထိပ်တန်းဂိုဏ်းကြီးများမှ ကျန်ရစ်ခဲ့သော အကြွင်းအကျန်များသာ ဖြစ်ကြပြီး ထိုသူတို့ မထွက်ခွာမီက အကောင်းဆုံးရတနာအများစုကို ယူဆောင်သွားခဲ့ကြပြီးနှင့်ပြီးသားပင်။
ဝိညာဉ်စွမ်းအင် ရှားပါးမှု နှစ်ထောင်ပေါင်းများစွာ ကြာမြင့်ခဲ့သည့်တိုင်အောင် ရေခဲနန်းတော်သည် ဤမျှ ကြီးမားလှသော စုဆောင်းမှုကို ပြုလုပ်နိုင်ခဲ့ခြင်းကပင် အတော်လေးကို အံ့သြချီးကျူးဖွယ် ကောင်းလှပေ၏။
များပြားလှသော ရတနာများရှေ့တွင် လုချင်းသည် ပစ္စည်းတစ်ခုချင်းစီကို အသေးစိတ် မစစ်ဆေးခဲ့ပေ။ ထိုအစား သူ၏နတ်မျက်စိစွမ်းရည်ကို လွှတ်ထုတ်ကာ ရတနာတိုက်တစ်ခုလုံးကို ဖြန့်ကြက်စစ်ဆေးလိုက်တော့၏။
"ဟင်"
ရုတ်တရက် သူ၏ မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး ရတနာတိုက်၏ သီးသန့်နေရာတစ်ခုဆီသို့ ကြည့်လိုက်ချိန်တွင် သူ၏မျက်နှာပေါ်၌ အံ့အားသင့်မှုအရိပ်အယောင်လေးတစ်ခု ပေါ်လာခဲ့သည်။
ထိုစဉ်မှာပဲ သူ၏ မျက်ခုံးကြားရှိ နေရာတွင် ကိန်းအောင်းနေသော မြေကမ္ဘာဝိညာဉ်ပုလဲထံမှ မှေးမှိန်သော လှိုင်းခတ်မှုတစ်ခု ထွက်ပေါ်လာခဲ့သည်။ ဤလှိုင်းခတ်မှု၏ အရင်းအမြစ်မှာ ယခု သူ ကြည့်နေသော အရပ်မှ ဖြစ်ပေသည်။
"မဟာသခင်လေး ဘာဖြစ်လို့လဲရှင့်" သူ၏တုံ့ပြန်မှုကို သတိပြုမိသွားသော ဟန်လင်းရွှမ်က လှမ်းမေးလိုက်သည်။
"စိတ်ဝင်စားစရာတစ်ခုခု တွေ့လိုက်လို့ပါ။ ကျွန်တော် အနီးကပ် သွားကြည့်လို့ ရမလားဗျ" လုချင်းက ပြုံး၍ မေးလိုက်သည်။
"ရပါတယ်ရှင်။ မဟာသခင်လေး စိတ်ဝင်စားတဲ့အရာရှိရင် ဒါက ကျွန်မတို့ရဲ့ ဂုဏ်ယူစရာပါပဲရှင့်" ဟန်လင်းရွှမ်က ယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။
သူ၏ နတ်မျက်စိစွမ်းရည်ကို အစွဲပြုကာ လုချင်းသည် ရတနာတိုက်၏ အတွင်းပိုင်းဆီသို့ လျှောက်သွားလိုက်ပြီး လမ်းတစ်လျှောက်ရှိ အခြားသော ရတနာများစွာကို လျစ်လျူရှုထားခဲ့သည်။ အဆုံးတွင် သူသည် အနောက်ဘက်အနီးရှိ စင်တစ်ခုရှေ့၌ ရပ်လိုက်တော့၏။
ထိုစင်ပေါ်ရှိ အကန့်တစ်ခုတွင် လက်သီးဆုပ်ခန့်ရှိသော အနီရင့်ရောင် အလုံးလေးတစ်ခု ရှိနေသည်။
၎င်းကို မြင်လိုက်သည်နှင့် လုချင်း၏ စိတ်ထဲတွင် အသိအမြင်တစ်ခု ဝင်လာခဲ့၏။
"ဒီတော့... ဒီပစ္စည်းပဲကိုး"
သူ၏ နတ်မျက်စိစွမ်းရည်ကို အသက်သွင်းလိုက်ပြီးနောက်၌ လုချင်းသည် ထိုအလုံးလေးထဲသို့ အာရုံလွှတ်ကြည့်လိုက်တော့သည်။
ချက်ချင်းပင် ခရမ်းရောင်အလင်းတန်းလေးတစ်ခုက ထိုအလုံးလေးကို လွှမ်းခြုံသွားပြီး စာသားအချို့က မျက်စိရှေ့တွင် ပေါ်လာခဲ့၏။
[မီးတောက်ဝိညာဉ်ပုလဲ : မီးဓာတ်စွမ်းအင်၏ အနှစ်သာရမှ ဖြစ်ပေါ်လာသော လျှို့ဝှက်ဆန်းကြယ်သည့် အလုံးလေးတစ်လုံး။ ၎င်းတွင် အံ့သြဖွယ်ကောင်းပြီး နက်နဲသော လုပ်ဆောင်ချက်များစွာ ပါဝင်သည်။]
[မီးတောက်ဝိညာဉ်ပုလဲများသည် မီးဓာတ်စွမ်းအင် သိပ်သည်းဆုံးဖြစ်သော ကမ္ဘာမြေကြီး၏ အနက်ရှိုင်းဆုံး အပိုင်းများတွင်သာ ဖြစ်တည်လေ့ရှိသည်ဟု ဆိုကြသည်။]
[မီးဓာတ်စွမ်းအင် နိယာမများ၏ စွမ်းအားများ ပါဝင်နေသောကြောင့် ဝိညာဉ်လက်နက်များ ဖန်တီးရာတွင် အကောင်းဆုံးသော သဘာဝအမြုတေတစ်ခု ဖြစ်သည်။]
[လက်ရှိတွင် ဤပုလဲသည် အိပ်စက်နေသောအခြေအနေ၌ ရှိနေသည်။]
...
"ငါထင်တဲ့အတိုင်းပဲ" အချက်အလက်များကို ဖတ်ရှုပြီးနောက် လုချင်းက သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။
ဤအလုံးလေးသည် အခြားမဟုတ်ဘဲ ဒြပ်စင်ငါးပါး ဝိညာဉ်ပုလဲများထဲမှ တစ်ခုဖြစ်သော မီးတောက်ဝိညာဉ်ပုလဲပင်။
သူ၏ မျက်ခုံးနှစ်ခုကြားထဲရှိ မြေကမ္ဘာဝိညာဉ်ပုလဲနှင့် တုံ့ပြန်မှုဖြစ်ပေါ်ခြင်းမှာ ဤဒြပ်စင်ရတနာများကြားရှိ ဆက်သွယ်မှုကို သက်သေပြနေခြင်းပင် ဖြစ်၏။
"နန်းတော်သခင်... ကျွန်တော် ဒီပုလဲကို ယူမယ်ဗျ" လုချင်းက မည်သည့်တုံ့ဆိုင်းမှုမျှ မရှိဘဲ သူ၏ဆုံးဖြတ်ချက်ကို ပြောလိုက်တော့၏။
"ဒီပုလဲကိုလား" လုချင်းက ဤမျှ ရိုးရှင်းသော ပစ္စည်းလေးကို ရွေးချယ်လိမ့်မည်ဟု မမျှော်လင့်ထားသဖြင့် ဟန်လင်းရွှမ်မှာ အံ့အားသင့်သွားခဲ့သည်။
"နန်းတော်သခင်က ဒီပစ္စည်းကို မသိလို့လားဗျ" သူမ၏ တုံ့ပြန်မှုကို သတိပြုမိသွားသော လုချင်းက သိချင်စိတ်ဖြင့် မေးလိုက်သည်။
ဟန်လင်းရွှမ်၏ မျက်ဝန်းများတွင် နားလည်သွားဟန် အရိပ်အယောင်လေးတစ်ခု ဖြတ်ပြေးသွားခဲ့သည်။
"မဟာသခင်လေးရဲ့ လမ်းညွှန်မှုကို သိချင်ပါတယ်ရှင့်"
အစပိုင်းတွင် သူမသည် ၎င်းကို သာမန်ရတနာတစ်ခုအဖြစ်သာ သဘောထားပြီး လျစ်လျူရှုထားခဲ့သော်လည်း လုချင်း၏ စိတ်ဝင်စားမှုက ထိုသို့မဟုတ်ကြောင်း ပြသနေပါ၏။
"ဒီဟာကို မီးတောက်ဝိညာဉ်ပုလဲလို့ ခေါ်တယ်ဗျ။ အဆင့်မြင့် မီးဓာတ်ရတနာတစ်ခုပေါ့။ တကယ်လို့ သူ့ကို အပြည့်အဝ အသက်သွင်းနိုင်ပြီး တခြားပစ္စည်းတွေနဲ့သာ ပေါင်းစပ်နိုင်မယ်ဆိုရင် အရမ်းကိုမှ စွမ်းအားကြီးတဲ့ မီးဓာတ်ဝိညာဉ်လက်နက်တစ်ခုအဖြစ် ဖန်တီးလို့ရတယ်လေ" လုချင်းက ပွင့်လင်းစွာ ရှင်းပြလိုက်ပြီး သူမ၏ ကမ်းလှမ်းခဲ့မှုကို နောင်တရ၊ မရ သိနိုင်ရန် ဟန်လင်းရွှမ်၏ တုံ့ပြန်မှုကို ဂရုတစိုက် စောင့်ကြည့်နေလိုက်သည်။
"ဒါက ဒဏ္ဍာရီထဲက မီးတောက်ဝိညာဉ်ပုလဲလား" အနီရင့်ရောင် အလုံးလေးလေးကို စူးစိုက်ကြည့်ရင်း ဟန်လင်းရွှမ်၏ မျက်နှာပေါ်တွင် အံ့သြမှုများ ထင်ဟပ်လာခဲ့သည်။
ဤသာမန်ရုပ်သွင်ရှိသော ပုလဲလေးကို သူမတို့ဂိုဏ်း၏ ရှေးဟောင်းကျမ်းစာများတွင် ဖော်ပြထားသော ရတနာနှင့် ယှဉ်ကြည့်ရန် သူမအတွက် ခက်ခဲနေခဲ့ပါ၏။
"နန်းတော်သခင်က သူ့ရဲ့မူလအစကို တကယ်မသိခဲ့ဘူးထင်တယ်။ တကယ်လို့ ခင်ဗျား ဒါကိုပေးရမှာ နောင်တရတယ်ဆိုရင် ကျွန်တော် တခြားတစ်ခုကိုပဲ ရွေးလိုက်ပါ့မယ်ဗျ" လုချင်းက သဘောထားကြီးစွာဖြင့် ပြောလိုက်လေသည်။
ဟန်လင်းရွှမ်က ရယ်မောလိုက်ပြီး ခေါင်းခါလိုက်၏။
"မဟာသခင်လေး... ရှင် ကျွန်မကို အထင်သေးလွန်းနေပါပြီရှင်။ ကျွန်မတို့ရဲ့ ရတနာတိုက်ထဲကနေ သခင်လေး ကြိုက်တာကို ရွေးချယ်ဖို့ ဖိတ်ခေါ်ထားကတည်းက သဘာဝကျကျပဲ ဒီမီးတောက်ဝိညာဉ်ပုလဲလည်း ပါဝင်ပြီးသားပါရှင့်။
တကယ်တော့ ဒီပုလဲကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ခရီးထွက်ခဲ့တဲ့ ကျွန်မတို့ဂိုဏ်းရဲ့ ဘိုးဘေးတစ်ယောက်က ယူလာခဲ့တာလေ။ အဲဒီအချိန်ကစပြီး သူ့ရဲ့စစ်မှန်တဲ့သဘာဝကို မသိခဲ့ဘဲ ဒီနေရာမှာပဲ ရှိနေခဲ့တာပေါ့။
မဟာသခင်လေးရဲ့ အသိအမြင်သာ မပါခဲ့ဘူးဆိုရင် ဒါက နောက်ထပ် ရာစုနှစ်ပေါင်းများစွာကြာရင်တောင် ချောင်ထိုးခံထားရဦးမှာပဲရယ်။ အခုလို ပြန်ပြီးတောက်ပခွင့်ရတာက သူ့ရဲ့ ကံတရားပါပဲ။
တကယ်လို့ တခြား စိတ်ဝင်စားတဲ့အရာ ရှိသေးရင်လည်း လွတ်လွတ်လပ်လပ် ယူနိုင်ပါတယ်ရှင့်။ မဟာသခင်လေးက ဒီရတနာတိုက်ကြီးတစ်ခုလုံးကို အကုန်ယူသွားမယ်ဆိုရင်တောင် ကျွန်မတို့ ရေခဲနန်းတော်အပေါ် ထားရှိခဲ့တဲ့ ကြီးမားလှတဲ့ ကျေးဇူးတရားအတွက် သေးငယ်တဲ့ ပြန်ပေးဆပ်မှုလေးတစ်ခုပါပဲ။"
သူမ၏ ရိုးသားလှသောလေသံနှင့် သဘောထားကြီးမှုက လုချင်းအား အလွန်သဘောကျသွားစေခဲ့သည်။
"လျှို့ဝှက်နယ်မြေတစ်ခုကို အုပ်ချုပ်နိုင်စွမ်းရှိတဲ့သူက တကယ့်ကို ကြီးမြတ်တဲ့ဟန်ပန် ရှိတာပဲ" သူ တွေးလိုက်သည်။
ရွှမ်ခုန်းတောင်မှ ဘုန်းကြီးများနှင့် နှိုင်းယှဉ်ပါက ဟန်လင်းရွှမ်သည် လုံးဝကို ကွဲပြားခြားနားသော အဆင့်အတန်းတစ်ခုတွင် ရှိနေပါ၏။
...
အခန်း ၄၅၂ ၊ အပိုင်း ၂ ။ ရတနာတိုက်၊ မီးတောက်ဝိညာဉ်ပုလဲနှင့် သန္ဓေသားဝိညာဉ်အဆင့် အမွေအနှစ်
"နန်းတော်သခင်... ခင်ဗျားကတော့ ကျွန်တော့်ကို အထင်ကြီးလွန်းနေပါပြီဗျာ။ ကျွန်တော် ဒီမီးတောက်ဝိညာဉ်ပုလဲကိုပဲ ယူပါတော့မယ်ဗျ" လုချင်းက ပြုံးလျက် ပြောလိုက်သည်။
ဟန်လင်းရွှမ်က မျက်မှောင်ကြုတ်သွားသည်။
"မဟာသခင်လေးက ကျွန်မရဲ့ ရက်ရောမှုကို နှိမ့်ချမှုတစ်ခုအဖြစ် ဟန်ဆောင်နေတယ်လို့ ထင်နေတာလား။ အဲဒီလို တွေးစရာ မလိုပါဘူးရှင့်။ ကျွန်မပြောတဲ့စကားတွေက လုံးဝကို ရိုးသားပါတယ်ရှင့်။ အကယ်၍ တန်ဖိုးရှိတယ်လို့ ထင်တဲ့ တခြားရတနာတွေ ရှိသေးရင်လည်း ယူသွားပေးပါရှင်"
"ခင်ဗျားရဲ့ ရိုးသားမှုကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမဲ့ ဒီမီးတောက်ဝိညာဉ်ပုလဲကလွဲရင် ဒီက ကျန်တဲ့ရတနာတွေက ကျွန်တော့်အတွက် သိပ်အသုံးမဝင်ဘူးဗျ။ အဲ့ဒါကြောင့် ခင်ဗျားတို့ဂိုဏ်းအနေနဲ့ ဒါတွေကို လက်လွှတ်ဖို့ မလိုအပ်ပါဘူး" လုချင်းက ပြန်ဖြေလိုက်သည်။
ဟန်လင်းရွှမ်က ခေတ္တမျှ ငြိမ်သက်သွားခဲ့သည်။
ခန့်မှန်း၍မရနိုင်လောက်အောင် နက်ရှိုင်းလှသော လုချင်း၏ စွမ်းအားများကို ပြန်၍သတိရသွားသောအခါ၌ သူ အမှန်တရားကို ပြောနေခြင်းဖြစ်ကြောင်း သူမ နားလည်သွားတော့သည်။
ရတနာတိုက်ထဲတွင် အဖိုးတန်ပစ္စည်းများစွာ ရှိသော်လည်း ရွေအမြုတေအဆင့် ကျင့်ကြံသူများကို လွယ်လွယ်ကူကူ သတ်ဖြတ်နိုင်စွမ်းရှိသည့် လုချင်းကဲ့သို့သော ပုဂ္ဂိုလ်တစ်ဦးအတွက် အသုံးဝင်မှု နည်းပါးလှပေသည်။ ထိုသည်မှာ သူမ အသိအမှတ်ပြုထားသည့်တိုင် ယုံကြည်ရန် ခက်ခဲနေသေးသော စွမ်းအားအဆင့်အတန်းတစ်ခုပင် ဖြစ်၏။
ထိုအရာကို သဘောပေါက်သွားသောအခါ သူမ၏ မျက်မှောင်ကြုတ်ထားမှုက လျော့ကျသွားသော်လည်း နောင်တရိပ်လေးတစ်ခုတော့ ကျန်ရှိနေဆဲပင်။
"ကြည့်ရတာ ရေခဲနန်းတော်ရဲ့ အခြေခံက အရမ်းတိမ်ကောလွန်းနေတဲ့ပုံပဲ။ ကျွန်မတို့ စုဆောင်းထားတဲ့ ရတနာတွေက မဟာသခင်လေးရဲ့ အာရုံစိုက်မှုကို ခံရလောက်အောင်ထိ မတန်ဘူးဖြစ်နေတာပဲ"
သူမ၏ စစ်မှန်သော နောင်တကို မြင်လိုက်ရသောအခါ၌ လုချင်းက ခေတ္တမျှ တွေးတောလိုက်ပြီးနောက် ပြောလိုက်လေသည်။
"နန်းတော်သခင်... ခင်ဗျား အရမ်းကို ယဉ်ကျေးလွန်းနေပါပြီဗျ။ ဒါဆိုလည်း ဒီမီးတောက်ဝိညာဉ်ပုလဲကလွဲရင် ကျွန်တော့်မှာ တောင်းဆိုစရာ နောက်ထပ်တစ်ခုတော့ ရှိပါတယ်"
ထိုအခါ၌ ဟန်လင်းရွှမ်၏ စိတ်ဓာတ်များ ပြန်၍တက်ကြွလာခဲ့သည်။
"အားနာနေစရာမလိုဘူးနော် မဟာသခင်လေး။ ဘာများ တောင်းဆိုချင်လို့လဲရှင်။ ရေခဲနန်းတော်က လုပ်ပေးနိုင်တဲ့ကိစ္စသာဆိုရင် ကျွန်မတို့ အစွမ်းကုန် ကြိုးစားပေးပါ့မယ်"
"ကျွန်တော် ခင်ဗျားတို့ဂိုဏ်းရဲ့ အမွေအနှစ် ကျင့်စဉ်မှတ်တမ်းကို ငှားချင်ပါတယ်ဗျ။ ရနိုင်မလား" လုချင်းက မေးလိုက်၏။
"မဟာသခင်လေးက ရေခဲနန်းတော်ရဲ့ အမွေအနှစ် ကျင့်စဉ်မှတ်တမ်းကို ငှားချင်လို့လား" ဟန်လင်းရွှမ်မှာ ခေတ္တမျှ မှင်သက်သွားခဲ့သည်။
"ဟုတ်တယ်ဗျ။ ကျွန်တော့်ညီမလေးမှာ ရေခဲဒြပ်စင်နဲ့ အထူးသက်ဆိုင်တဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိတယ်ဆိုတာ ခင်ဗျားလည်း မြင်နိုင်မယ်လို့ ထင်ပါတယ်။ သူနဲ့ သင့်တော်မယ့် ကျင့်စဉ်တစ်ခုလောက် ဖန်တီးဖို့ အကြံဉာဏ်တွေရအောင်လို့ ခင်ဗျားတို့ဂိုဏ်းရဲ့ အမွေအနှစ်မှတ်တမ်းကို လေ့လာချင်လို့ပါ။ သေချာတာကတော့ အလဲအလှယ်အနေနဲ့ လုံလောက်တဲ့ လျော်ကြေးကို ကျွန်တော် ပြန်ပေးပါ့မယ်ဗျ"
ဟန်လင်းရွှမ်သည် အနီးတွင် ရပ်နေသော ရှောင်ယန်ကို တစ်ချက်ကြည့်လိုက်သည်။ အမှန်ပင် ကောင်မလေးထံမှ ရေခဲနန်းတော်၏ ကျင့်စဉ်များမှတစ်ဆင့် ရရှိလာသော စွမ်းအင်များနှင့် ဆင်တူသည့် ထူးဆန်းသော အငွေ့အသက်တစ်ခု ထွက်ပေါ်နေသည်ကို သူမ ခံစားနိုင်ပေသည်။
ဤအရာက ရှောင်ယန်နှင့် တွေ့ဆုံစဉ်က သူမ ချက်ချင်း ခံစားလိုက်ရသည့် ရင်းနှီးကျွမ်းဝင်မှုကို ရှင်းပြနေပါ၏။ အစပိုင်းတွင် ကောင်မလေးသည် သူတို့ဂိုဏ်းနှင့် ဆင်တူသော ကျင့်စဉ်များကို ကျင့်ကြံထားသည်ဟု သူမ ထင်ခဲ့မိသည်။ သို့သော် ယခုကြည့်ရသည်မှာတော့ ရှောင်ယန်တွင် ထူးခြားသော ခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိနေခြင်းပင်။
အနည်းငယ် စဉ်းစားပြီးနောက်တွင်တော့ ဟန်လင်းရွှမ်က ခေါင်းညိတ်လိုက်သည်။
"ကျွန်မတို့ဂိုဏ်းရဲ့ ကျင့်စဉ်တွေက မဟာသခင်လေးရဲ့ အာရုံစိုက်မှုကို ရတာ ဂုဏ်ယူစရာပါ။ ဒါပေမဲ့ ကျွန်မတို့ရဲ့ အမွေအနှစ်မှတ်တမ်း မူရင်းက ဒီမှာမရှိဘဲ မှတ်တမ်းခန်းမဆောင်ထဲမှာ ရှိနေတာပါရှင့်။ ဒီရတနာတိုက်ကနေ ထွက်သွားတာနဲ့ မဟာသခင်လေးအတွက် သွားယူပေးပါ့မယ်။ အလဲအလှယ်ကိစ္စနဲ့ ပတ်သက်ပြီးတော့ လျော်ကြေးပေးဖို့ မလိုပါဘူးရှင်။ ရေခဲနန်းတော်ကို ကယ်တင်ပေးခဲ့တဲ့ မဟာသခင်လေးရဲ့ အသက်ကယ်ကျေးဇူးနဲ့ဆိုရင် ဘယ်လိုလုပ်ပြီး ပြန်တောင်းလို့ရပါ့မလဲ"
ဟန်လင်းရွှမ်ကဲ့သို့ စိတ်အားထက်သန်သူနှင့် ဆက်လက်ငြင်းခုံနေခြင်းမှာ အချည်းနှီးသာဖြစ်မည်ကို မြင်သဖြင့် လုချင်းကလည်း ထပ်မံ၍အတင်းအကြပ် မတောင်းဆိုတော့ပေ။
သူက ရှေ့သို့ လှမ်းသွားကာ စင်ပေါ်မှ မီးတောက်ဝိညာဉ်ပုလဲကို ယူလိုက်သည်။ မြေကမ္ဘာဝိညာဉ်ပုလဲနှင့် မတူဘဲ မီးတောက်ဝိညာဉ်ပုလဲမှာ လက်ထဲတွင် လေးလံမှုမရှိပေ။ ထိုအစား ၎င်းထံမှ ညင်သာသော နွေးထွေးမှုလေးတစ်ခု ထွက်ပေါ်နေပါ၏။
လုချင်းက သူ၏ နတ်မျက်စိစွမ်းရည်ဖြင့် စစ်ဆေးကြည့်သောအခါ ၎င်း၏ အတွင်းပိုင်းရှိ မီးဓာတ်စွမ်းအင်များမှာ ကုန်ခမ်းခါနီးနေပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ ရေခဲနန်းတော်က ၎င်းကို အလှပြကျောက်မျက်ရတနာတစ်ခုအဖြစ်သာ သတ်မှတ်ထားခဲ့ခြင်းမှာ အံ့သြစရာတော့မဟုတ်ပေ။ ထို့အပြင် ရေနှင့် ရေခဲအခြေခံ စွမ်းအင်များ လွှမ်းမိုးနေသော ဤလျှို့ဝှက်နယ်မြေတွင် မီးတောက်ဝိညာဉ်ပုလဲအတွက် ၎င်း၏ စွမ်းအားများကို ပြန်လည်ဖြည့်တင်းရန် အခွင့်အရေး မရှိခဲ့ပေ။
လုချင်း၏ တွေ့ရှိမှုသာ မပါခဲ့လျှင် ဤပုလဲလေးသည် ရတနာတိုက်၏ အနက်ရှိုင်းဆုံးနေရာတွင်သာ ထာဝရအိပ်စက်နေရမည်ဖြစ်ပြီး မည်သည့်အခါမျှ နိုးထလာနိုင်မည် မဟုတ်ချေ။ ယခုအချိန်တွင်ပင် ၎င်း၏ စွမ်းအားများ ပြန်လည်ရရှိလာစေရန် အချိန်အတန်ကြာ ပြုစုပျိုးထောင်ပေးဖို့ မီးဓာတ်လွှမ်းမိုးသော ပတ်ဝန်းကျင်တစ်ခုကို သူ ရှာဖွေရဦးမည်ပင်။
ပုလဲကို ခေတ္တမျှ စစ်ဆေးပြီးနောက်၌ လုချင်းက သိမ်းဆည်းလိုက်တော့၏။ သူ့စိတ်ထဲတွင် ထူးဆန်းသော အတွေးတစ်ခု ဖြတ်ပြေးသွားခဲ့သည်။ ယခုအခါ ဒြပ်စင်ငါးပါး ဝိညာဉ်ပုလဲများထဲမှ နှစ်ခုကို သူ ရရှိခဲ့ပြီဖြစ်သည်။
နောင်တစ်ချိန်တွင် ငါးခုလုံးကို စုဆောင်းနိုင်မည့် အခွင့်အရေးများ ရနိုင်မည်လားဟု သူ တွေးမိလိုက်သည်။ သို့သော် ထိုအတွေးကို ချက်ချင်းပင် ဖယ်ရှားပစ်လိုက်ပါ၏။ ဤပုလဲများ ဖြစ်တည်လာရန် အခြေအနေများမှာ အလွန်ကိုမှ ရှားပါးလှပေသည်။
အတိတ်ကာလက တည်ရှိခဲ့လျှင်တောင်မှ အခြားကျင့်ကြံသူများ ယူဆောင်သွားခြင်းကြောင့်ဖြစ်စေ၊ ယခင် မသေမျိုးခေတ်အတွင်း ပျောက်ကွယ်သွားခြင်းကြောင့်ဖြစ်စေ ကြာမြင့်စွာကတည်းက ပျောက်ဆုံးနေလောက်ပြီ ဖြစ်သည်။
ရတနာတိုက်မှ ထွက်လာပြီးနောက်၌ ဟန်လင်းရွှမ်သည် ဂိုဏ်း၏ အမွေအနှစ်မှတ်တမ်းကို သွားရောက်ယူဆောင်နေစဉ် လုချင်းကို စောင့်နေရန် ပြောခဲ့သည်။ မကြာမီ သူမသည် ကျောက်စိမ်းမှတ်တမ်းလိပ်တစ်ခုကို ကိုင်ဆောင်လျက် ပြန်ရောက်လာခဲ့၏။
"မဟာသခင်လေး... ဒီ စစ်မှန်တဲ့ရေခဲမှတ်တမ်းက ကျွန်မတို့ဂိုဏ်းရဲ့ အနက်ရှိုင်းဆုံးသော အမွေအနှစ်ပါပဲရှင့်။ ကျွန်မတို့ရဲ့ ကျင့်စဉ်အားလုံးနီးပါးက ဒီမှတ်တမ်းကနေ ဆင်းသက်လာတာပါ" ဟန်လင်းရွှမ်က လုချင်းထံသို့ ကျောက်စိမ်းမှတ်တမ်းလိပ်ကို ကမ်းပေးရင်း ပြောလိုက်သည်။
လုချင်းက မျက်ခုံးတစ်ချက် ပင့်လိုက်ပြီး သူမ၏ ရက်ရောမှုအတွက် ထပ်မံ၍ အံ့အားသင့်သွားခဲ့ရပြန်သည်။ မိမိဂိုဏ်း၏ အဓိကအမွေအနှစ်ကို ဤမျှ လွယ်လွယ်ကူကူ ပေးအပ်လိုက်ခြင်းမှာ သူ မျှော်လင့်ထားသည်ထက် များစွာ လွန်ကဲနေပါ၏။ သူက မှတ်တမ်းစာလိပ်ကို လက်ခံယူလိုက်ပြီးနောက်၌ ထိုသည်အား ဖွင့်ကာ ၎င်း၏ အကြောင်းအရာများကို လေ့လာနေဟန် ပြုလိုက်သည်။ အမှန်တကယ်တွင်တော့ သူ၏ နတ်မျက်စိစွမ်းရည်ကို အသက်သွင်းလိုက်တာပင်။
[အမွေအနှစ် ကျောက်စိမ်းမှတ်တမ်းလိပ် : ရေခဲနန်းတော်၏ အဓိကအမွေအနှစ် ပါဝင်သည်။]
[ဤကျောက်စိမ်းမှတ်တမ်းလိပ်ကို တန်ဖိုးကြီး ကျောက်စိမ်းပစ္စည်းများဖြင့် ဖန်တီးထားသည်။]
[အမွေအနှစ်ကို ရှာဖွေတွေ့ရှိသည်။ ဒေါင်းလုဒ်ဆွဲယူခြင်းကို စတင်နေပါပြီ။ တိုးတက်မှု: 1%, 2%, 3%… 100% ပြီးစီးပါပြီ။]
[ဒေါင်းလုဒ်ဆွဲယူခြင်း ပြီးစီးပါပြီ။ လေ့လာမှုကို စတင်မလား]
လုချင်းက "စတင်မည်" ကို ချက်ချင်း ရွေးချယ်လိုက်သည်။ စက္ကန့်ပိုင်းအကြာတွင်တော့ သူ၏စိတ်ထဲသို့ နားလည်သဘောပေါက်မှုများ အလုံးအရင်းနှင့် ဝင်ရောက်လာခဲ့တော့၏။
လုချင်းလည်း မျက်လုံးများကို မှိတ်ထားရင်း ထိုအချက်အလက်များကို တိတ်တဆိတ် စုပ်ယူလိုက်၏။
ဟန်လင်းရွှမ်၏အမြင်တွင်တော့ လုချင်းသည် မှတ်တမ်း၏ နက်နဲလှသော အမှန်တရားများကို နားလည်သဘောပေါက်ရန် မျက်လုံးမှိတ်၍ အာရုံစိုက်နေသည့်ပုံပင်။ သူ၏ အာရုံစိုက်မှုကို လေးစားသောအားဖြင့် သူမသည် သူ၏ဘေးတွင်သာ တိတ်ဆိတ်စွာဖြင့် ရပ်နေခဲ့ပြီး အစ်ကိုဖြစ်သူ၏ အမူအကျင့်များကို ရင်းနှီးနေပြီဖြစ်သော ရှောင်ယန်ကလည်း တိတ်ဆိတ်စွာ ရပ်နေခဲ့လေသည်။
တစ်နာရီ၏ လေးပုံတစ်ပုံခန့် အကြာတွင်တော့ လုချင်းသည် မျက်လုံးများကို ဖွင့်လိုက်ကာ သူ၏အကြည့်များတွင် ချီးကျူးလိုမှုနှင့်တကွ လေးစားမှုများ ရောယှက်နေခဲ့သည်။
"ရှေးဟောင်း မသေမျိုးဂိုဏ်းတစ်ခုရဲ့ အမွေအနှစ်ပီပီ ဒီ စစ်မှန်တဲ့ရေခဲမှတ်တမ်းက ရေခဲဒြပ်စင်နဲ့ပတ်သက်ပြီး နက်နဲတဲ့ အသိအမြင်တွေကို ပေးစွမ်းနိုင်တာပဲ။ ဒီကနေ ကျွန်တော် အများကြီး သင်ယူလိုက်ရပါတယ်ဗျ"
သူက ကျောက်စိမ်းမှတ်တမ်းလိပ်ကို ဟန်လင်းရွှမ်ထံ ပြန်ပေးလိုက်သည်။
"ကျေးဇူးအများကြီးတင်ပါတယ် နန်းတော်သခင်"
ဟန်လင်းရွှမ်က မှတ်တမ်းလိပ်ကို မှင်သက်စွာဖြင့် လက်ခံယူလိုက်၏။
"မဟာသခင်လေး... ဒီအမွေအနှစ်မှတ်တမ်းလိပ်ကို မလိုအပ်တော့ဘူးလားရှင့်"
"မလိုတော့ပါဘူးဗျ။ သူ့ရဲ့ အနှစ်သာရတွေကို ကျွန်တော် နားလည်သဘောပေါက်သွားပါပြီ။ ရှောင်ယန်အတွက် ကျင့်စဉ်တစ်ခု ဖန်တီးဖို့ အကြံဉာဏ်တချို့လည်း ရသွားပါပြီဗျ" လုချင်းက ကျေနပ်စွာ ပြန်ဖြေလိုက်လေသည်။
သန္ဓေသားဝိညာဉ်အဆင့်အထိ ကျင့်ကြံရန် လမ်းညွှန်ပေးနိုင်သော ဤအမွေအနှစ်မှတ်တမ်းလိပ်သည် သူ၏ နားလည်သဘောပေါက်မှုကို များစွာ ကျယ်ပြန့်သွားစေခဲ့သည်။ ၎င်းက သူ၏ ပြီးပြည့်စုံသော ရွေအမြုတေကျင့်စဉ်၏ နောက်ဆက်တွဲအဆင့်များကို သန့်စင်ရန်အတွက်ပင် အကြံဉာဏ်များ ပေးစွမ်းနိုင်ခဲ့ပါ၏။ လီဟော်ဂိုဏ်း၏ မီးဓာတ်အခြေခံ ကျင့်စဉ်များနှင့်မတူဘဲ စစ်မှန်သည့်ရေခဲမှတ်တမ်းသည် ရေဓာတ်အခြေခံ အမွေအနှစ်တစ်ခုဖြစ်ပြီး သူ၏ နားလည်မှုကို ဖြည့်ဆည်းပေးနိုင်သော အသိအမြင်များ ပါဝင်နေပေသည်။
ခရီးစဉ်ကို ပြန်လည်သုံးသပ်ကြည့်ရာ လုချင်း၏ ရင်ထဲတွင် ကျေနပ်ပီတိများ ဖြစ်ပေါ်လာခဲ့တော့၏။ ရှောင်ယန်ကို ဤခရီးစဉ်တွင် ခေါ်ဆောင်လာခြင်းက သူတို့၏ အမြင်အာရုံများကို ကျယ်ပြန့်စေရုံသာမက သိသာထင်ရှားသော အကျိုးအမြတ်များဖြစ်သည့် မီးတောက်ဝိညာဉ်ပုလဲနှင့် သန္ဓေသားဝိညာဉ်အဆင့် အမွေအနှစ်ကျင့်စဉ်တို့ကိုပါ ရရှိစေခဲ့သည်။
အမှန်တကယ်ပင် ဆုလာဘ်များမှာ ကြီးမားလှပါ၏။
သူ၏စကားများကို ကြားလိုက်ရသော ဟန်လင်းရွှမ်မှာတော့ အလွန်တရာ အံ့သြမှင်သက်နေဆဲပင်။
....