အခန်း (၄၅၇-၄၅၈)
Vol. 46 Ch. 457-458
အခန်း ၄၅၇ ၊ အပိုင်း ၁ ။ လျင်မြန်သော တိုးတက်မှု၊ ပထမအကြိမ် လှည့်ပတ်မှု ပြီးပြည့်စုံခြင်းနှင့် ဆရာဖြစ်သူ၏ သတင်းစကား
"လုပ်နိုင်တဲ့သူ ရှိတယ်လား၊ ဘယ်သူများလဲ"
တတိယ သခင်ကြီးက အစပိုင်းတွင် မယုံနိုင်ဖြစ်သွားသော်လည်း ချက်ချင်းပင် ဆိုလိုရင်းကို နားလည်သွားလေသည်။
"အစ်ကိုကြီး...မဟုတ်မှလွဲရော အဲဒီလူငယ်လေးကို ပြောချင်တာလား"
"အတိအကျပဲ။ အခုခေတ်မှာ ရိုင်းစိုင်းတဲ့သူတွေကို နှိမ်နင်းပြီး မကောင်းမှုလုပ်တဲ့သူတွေရဲ့ ရင်ထဲကို ကြောက်ရွံ့မှုတွေ သွင်းပေးနိုင်တာ သူကလွဲလို့ ဘယ်သူရှိဦးမှာလဲ" ပထမသခင်ကြီးက ခေါင်းညိတ်ကာ အတည်ပြုလိုက်သည်။
ဒုတိယသခင်ကြီးနှင့် တတိယ သခင်ကြီးတို့ တိတ်ဆိတ်သွားကြသည်။ အစ်ကိုကြီးဖြစ်သူ ပြောသည့်စကားမှာ မှန်ကန်ကြောင်း သူတို့ သိကြပါ၏။
ဤလောကတွင် အခြားသူများအားလုံးကို လွှမ်းမိုးနိုင်ပြီး ကျင့်ကြံသူများအပေါ် အုပ်စိုးနိုင်သူတစ်ဦး ရှိမည်ဆိုပါက ထိုလူငယ်လေးမှလွဲ၍ အခြားမရှိနိုင်ပေ။
"ဒါပေမဲ့ သူက ကူညီပေးဖို့ ဆန္ဒရှိပါ့မလား" ဒုတိယ သခင်ကြီးက မေးလိုက်သည်။
ညီအစ်ကိုသုံးယောက်သည် အတိတ်က ပြုလုပ်ခဲ့သော ကြီးမြတ်လှသည့် ကတိသစ္စာကြောင့် မြင့်မြတ်သောတောင်တော်ကို တည်ထောင်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော် ထိုသူမှာမူ ဤသို့သော ကတိကဝတ်မျိုးဖြင့် ချည်နှောင်ခံထားရခြင်း မရှိပေ။ ဤမျှ ကျေးဇူးတင်ခံရမည်မဟုတ်သော တာဝန်မျိုးကို သူ လက်ခံမည်ဆိုသည်မှာ မသေချာလှချေ။
"ငါတို့ ကြိုးစားကြည့်လို့တော့ ရပါတယ်။ သူက ရက်စက်ပုံပေါက်ပေမယ့် သူ့ရဲ့လုပ်ရပ်တွေက သာမန်ပြည်သူတွေအပေါ်မှာ ကရုဏာထားတယ်ဆိုတာ ပြနေတယ်လေ။
အရင်တုန်းက သူက မြို့ငယ်လေးတစ်ခုမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရတဲ့ သာမန်ပြည်သူတွေအတွက် လက်စားချေဖို့ တိမ်လွှာစီးဂိုဏ်းကို အမြစ်ဖြတ်ဖို့အတွက်နဲ့ မိုင်ထောင်ချီ ခရီးနှင်ခဲ့တာပဲဟာ။
ပြီးတော့ မကြာသေးခင်က ရေခဲမြို့တော်မှာလည်း လီချန်ပေါ်က မြို့သူမြို့သားအားလုံးကို သတ်ဖြတ်ပစ်မယ်လို့ ခြိမ်းခြောက်လို့သာ သူက ဝင်ပါခဲ့တာလေ။
ဒါတွေကပဲ သူက နောက်ဆုံးမှာ တရားမျှတမှုဘက်က ရပ်တည်တယ်ဆိုတာကို ပြနေတာပဲ။
ထပ်ပြောရရင် သူ့ရဲ့ဆရာကလည်း ကုသိုလ်ကံအလင်းရောင်တွေနဲ့ တောက်ပနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ။ ငါတို့ အဲဒါကို အစပြုပြီး သူ့ကို စည်းရုံးနိုင်ကောင်းစည်းရုံးနိုင်လိမ့်မယ်"
ပထမသခင်ကြီးက ဤကိစ္စကို သေချာပေါက် စဉ်းစားတွေးတောထားပြီးဖြစ်ကြောင်း ထင်ရှားနေလေသည်။ ကျန်သခင်ကြီးနှစ်ပါးကလည်း ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် သူ၏ အကြောင်းပြချက်များမှာ ခိုင်လုံကြောင်း တွေ့ရှိလိုက်ရ၏။
"အစ်ကိုကြီး ပြောတာမှန်တယ်။ ကြိုးစားကြည့်ရကျိုးနပ်ပါတယ်။ တကယ်လို့ သူ သဘောတူခဲ့ရင် မြင့်မြတ်သောတောင်တော်ရဲ့ စည်းမျဉ်းတွေကို ကျွန်တော်တို့ ပြန်ပြီးချမှတ်နိုင်ကောင်းချမှတ်နိုင်လိမ့်မယ်"
"ဒီကိစ္စကို ထျန်းကျီကိုပဲ လွှဲပေးလိုက်ကြစို့။ သူက အဲဒီလူနဲ့လည်း လူရင်းတွေဖြစ်သလို သူ့ရဲ့ အဓိကတပည့်ကလည်း အဲဒီလူငယ်လေးရဲ့ မိတ်ဆွေဖြစ်နေတော့ သူတို့ကနေ ဆက်သွယ်ရတာ ပိုလွယ်ကူလိမ့်မယ်။ ပြီးတော့လည်းညသူ့ကို စည်းရုံးရတာ ပိုလွယ်လိမ့်မယ်လေ"
"သဘောတူတယ်။ ထျန်းကျီက ရွေးချယ်မှုကောင်းတစ်ခုပဲ"
သူတို့၏ ဆွေးနွေးမှု ပြီးဆုံးသွားသည်နှင့် မြင့်မြတ်သောတောင်တော်မှ သတင်းစကားတစ်ခုသည် မြို့တော်မြတ်ရှိ ထျန်းကျီမျှော်စင်ဆီသို့ ပျံသန်းသွားလေတော့၏။
ထျန်းကျီမျှော်စင်သခင်သည် စာလွှာကို လက်ခံရရှိပြီး ဖွင့်ဖတ်လိုက်သောအခါ၌ ချက်ချင်းပင် အံ့အားသင့်သွားခဲ့လေတော့သည်။
...
ရေခဲမြို့တော်ရှိ လုချင်း၏ ဝင်ရောက်စွက်ဖက်မှုမှ ဂယက်လှိုင်းများသည် အင်အားစုအသီးသီးထံသို့ ရိုက်ခတ်ပျံ့နှံ့သွားသည်နှင့်အမျှ နေ့ရက်များမှသည် လများသို့ ကူးပြောင်းသွားခဲ့လေသည်။
များပြားလှသော အင်အားစုများသည် သူတို့၏ လှုပ်ရှားမှုများကို သိသိသာသာ ထိန်းချုပ်လိုက်ကြပြီး သူတို့၏တပည့်များအား သတိထား၍ သွားလာလှုပ်ရှားကြရန် ညွှန်ကြားလိုက်ကြသည်။ သူတို့၏ ပိုင်နက်နယ်မြေများအတွင်း၌ ကောင်မလေးတစ်ဦးနှင့်အတူ သွားလာနေသော လူငယ်လေးတစ်ဦးကို သတိထားစောင့်ကြည့်ရန် တာဝန်ပေးအပ်ထားကြပါ၏။
အကယ်၍ ထိုသူနှစ်ဦးနှင့် ဆုံတွေ့ပါက အမြင့်မားဆုံးသော လေးစားမှုဖြင့် ဆက်ဆံရမည်ဖြစ်ပြီး သူတို့၏ တည်းခိုနေထိုင်မှုမှာ တတ်နိုင်သမျှ သာယာပျော်ရွှင်ဖွယ်ကောင်းစေရန် သေချာစေရမည်ဟု အမိန့်ပေးထားကြ၏။
အခြားရွေးချယ်စရာ မရှိပေ။ လုချင်းသည် အလွန်တရာမှ ကြောက်မက်ဖွယ် ကောင်းလွန်းလှပေ၏။ ရွေအမြုတေအဆင့် ကျင့်ကြံသူများပင်လျှင် သူ၏ရှေ့မှောက်၌ လုံးဝ စွမ်းအားမဲ့နေကြရသည်။ နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိသော ရွှမ်ခုန်းဘုရားကျောင်းပင်လျှင် သူ၏လက်ချက်ဖြင့် ကျဆုံးသွားခဲ့ရသည်ဟု ကောလာဟလများ ထွက်ပေါ်နေသေးပါ၏။
ဤသို့သော ပုဂ္ဂိုလ်မျိုး သူတို့၏နယ်မြေကို ဖြတ်သန်းသွားချိန်တွင် မိုက်မဲသော လက်အောက်ငယ်သားတစ်ဦးဦးကသာ သွားရောက် ရန်စမိပါက သူတို့၏ ဂိုဏ်းတစ်ခုလုံး ညတွင်းချင်း အမြစ်ဖြတ် သုတ်သင်ခံလိုက်ရနိုင်ပေသည်။ ထို့ကြောင့် မည်သူကမျှ ပေါ့ပေါ့တန်တန် မနေရဲကြပေ။
သို့သော် လများကုန်လွန်သွားသည်နှင့်အမျှ ထိုလူငယ်နှင့် ကောင်မလေးတို့မှာ အရိပ်အယောင်မျှပင် မတွေ့ရဘဲ ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေသဖြင့် ထိုအင်အားစုများမှာ ဇဝေဇဝါ ဖြစ်လာကြတော့၏။ သူတို့ကို တွေ့မြင်ရခြင်း မရှိတော့သလို သူတို့၏ သွားလာလှုပ်ရှားမှုများနှင့် ပတ်သက်၍လည်း မည်သည့် ကောလာဟလမျှ မကြားရတော့ချေ။ ထိုသည်မှာ လေထဲသို့ ပျောက်ကွယ်သွားသကဲ့သို့ပင်။
သို့တိုင် သူတို့၏ နိုးကြားသတိရှိမှုများကို လျှော့ချလိုက်သူကတော့ အလွန်ကိုမှ နည်းပါးလှ၏။ လုချင်း၏ စွမ်းအားဖြင့် သူ၏သွားရာလမ်းကြောင်းကို ဖုံးကွယ်ထားခြင်းမှာ လွယ်ကူသော ကိစ္စတစ်ခု ဖြစ်ပေသည်။ သူသည် ခရီးဆက်ရန်အတွက် ရုပ်သွင်အသစ်တစ်ခုကို ဖန်တီးထားခြင်းလည်း ဖြစ်နိုင်ပေ၏။
ဤစိုးရိမ်မကင်းဖွယ် လေထုကြားထဲတွင် တစ်ခါတစ်ရံ၌ လောကတစ်ခွင်တွင် ထူးဆန်းသော အဖြစ်အပျက်များ ပေါ်ပေါက်လာတတ်လေသည်။ ဤအရာများကတော့ အစွမ်းထက် ကျင့်ကြံသူများမှာ မွေးရာပါနယ်ပယ်၊ အခြေတည်အဆင့် သို့မဟုတ် ရွေအမြုတေအဆင့်အထိပင် အဆင့်သစ်များသို့ တက်လှမ်းရာ၌ အောင်မြင်မှုသတင်းများပင်။
ဤအရာက လောကကြီး၏ ဝိညာဉ်စွမ်းအင်များ ပြန်လည်နိုးထလာမှုနှင့် အသားကျလာရန် နှစ်နှင့်ချီ၍ အချိန်ယူပြီးနောက်တွင် တစ်ချိန်က ကန့်သတ်ချက်များဖြင့် ရင်ဆိုင်ခဲ့ရသော ပါရမီရှင်များစွာသည် နောက်ဆုံးတွင် သူတို့၏ အဟန့်အတားများကို ဖြတ်ကျော်ကာ နယ်ပယ်အသစ်များသို့ ဝင်ရောက်လာနေပြီဖြစ်ကြောင်း ပြသနေလေ၏။
အစွမ်းထက် ကျင့်ကြံသူများ ပိုမိုပေါ်ထွက်လာသည်နှင့်အမျှ လောကကြီး၏ စွမ်းအား ချိန်ခွင်လျှာမှာလည်း စတင်ပြောင်းလဲလာခဲ့လေပြီပင်။ အသစ်တက်လှမ်းလာသော ပညာရှင်များနှင့် ဂိုဏ်းများသည် အရင်းအမြစ်များကို ရှာဖွေရန်အတွက် ရန်လိုစွာ တိုးချဲ့လာကြရာ မလွဲမသွေ ပဋိပက္ခများနှင့် စစ်ပွဲများကို ဖြစ်ပေါ်စေခဲ့တော့သည်။
...
ထိုစဉ် ပြင်ပလောက၏ လှိုင်းထန်မှုများသည် လုချင်းထံသို့တော့ ရောက်ရှိမလာခဲ့ပေ။
ဝိညာဉ်ကြော၏ အနက်ရှိုင်းဆုံး မြေအောက်နေရာတွင် သူတို့၏ ခိုလှုံရာနေရာကို အခြားသူများ မသိရှိနိုင်အောင် ဖုံးကွယ်ထားလေသည်။ ဝင်ပေါက်ကို လုချင်း၏ ဝင်္ကပါများဖြင့် လုံးဝ လုံခြုံစွာ ချိတ်ပိတ်ထားပါ၏။
အခန်းတွင်း၌ လုချင်းသည် တင်ပျဉ်ခွေထိုင်ကာ တရားမှတ်နေ၏။ သိပ်သည်းလှသော ဝိညာဉ်စွမ်းအင်များသည် သူ၏ကိုယ်တွင်းသို့ စီးဝင်လာပြီး ဓာတ်ကြီးငါးပါး ဘူးသီးခြောက်၏ အကူအညီဖြင့် သန့်စင်သော ဓာတ်ကြီးငါးပါး ဝိညာဉ်စွမ်းအားအဖြစ် အဆက်မပြတ် ပြောင်းလဲသွားလေသည်။
အခန်း၏ အခြားတစ်နေရာတွင် ရှောင်ယန်၊ ရှောင်လီနှင့် ဝူရှင်းတို့ကလည်း သူတို့၏ ကျင့်ကြံခြင်းတွင် အာရုံစိုက်နေကြသည်။
အချိန်မည်မျှ ကုန်လွန်သွားသည် မသိ၊ လုချင်း ရုတ်တရက် တုန်ယင်သွားခဲ့သည်။ အလွန်တရာ အစွမ်းထက်သော အရှိန်အဝါတစ်ခုက သူ၏ကိုယ်မှ ခေတ္တမျှ ထွက်ပေါ်လာပြီးနောက်တွင် အလျင်အမြန် ပြန်၍ဖိနှိပ်ခံလိုက်ရပါ၏။
သို့သော်လည်း ရုတ်တရက် ဖြစ်ပေါ်လာသော လှိုင်းခတ်မှုက ရှောင်ယန်နှင့် အခြားသူများကို လန့်နိုးသွားစေပြီး သူတို့၏ ကျင့်ကြံမှုများကို ရပ်တန့်သွားစေခဲ့သည်။
လုချင်း မျက်လုံးများကို ဖွင့်လိုက်ရာ သူ၏မျက်နှာပေါ်တွင် ကျေနပ်အားရမှုများ ပြည့်နှက်နေ၏။
"ပြီးပြည့်စုံတဲ့ရွေအမြုတေကျင့်စဉ်ရဲ့ ပထမအဆင့်ကို နောက်ဆုံးတော့ ငါ အောင်မြင်သွားခဲ့ပြီ"
အမှန်ပင်၊ စောစောက ထွက်ပေါ်လာသော အရှိန်အဝါသည် ကျင့်စဉ်၏ ပထမအကြိမ် လှည့်ပတ်မှု ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသွားခြင်း၏ လက္ခဏာပင် ဖြစ်လေ၏။ နောက်ထပ် အနည်းငယ်သာ ပြင်ဆင်ပြီးပါက ဒုတိယအကြိမ် လှည့်ပတ်မှုကို သူ စတင်ကြိုးစားနိုင်ပေတော့မည်။
"အချိန်ဘယ်လောက်တောင် ကြာသွားခဲ့ပြီလဲ"
သူ၏ ထက်မြက်သော အာရုံခံနိုင်စွမ်းကို အသုံးပြုကာ လုချင်းသည် အချိန်ကုန်လွန်မှုကို တွက်ချက်လိုက်၏။ မြေအောက်အခန်း၏ အဆုံးမဲ့ အမှောင်ထုထဲတွင်ပင် အချိန်ကို သူ တိကျစွာ တိုင်းတာနိုင်လေသည်။
သူ အနည်းငယ် အံ့အားသင့်သွားခဲ့၏။
"နှစ်ဝက်နီးပါးတောင် ရှိသွားပြီလား"
အမှန်ပင် ကျင့်ကြံနေစဉ်အတွင်း အချိန်သည် အလွန် လျင်မြန်စွာ ကုန်လွန်သွားတတ်ပေသည်။
"ကိုကို... အခုနက ဘာဖြစ်တာလဲဟင်" ရှောင်ယန်က သိချင်စိတ်ဖြင့် အနီးသို့ လျှောက်လာကာ မေးလိုက်သည်။ ရုတ်တရက် ဖြစ်ပေါ်လာသော ဆူညံမှုကြောင့် သူမ၏ ကျင့်ကြံမှု အနှောင့်အယှက်ဖြစ်သွားခဲ့ခြင်းပင်။ ရှောင်လီနှင့် ဝူရှင်းတို့ကလည်း နောက်မှ လိုက်ပါလာကြသည်။
"တောင်းပန်ပါတယ်ကွာ... ကိုကို ခုလေးတင် အဆင့်တက်သွားလို့ အရှိန်အဝါကို မထိန်းနိုင်ဘဲ ညီမလေးတို့ကို အနှောင့်အယှက် ပေးမိသွားတယ်" လုချင်းက တောင်းပန်စကားဆိုလိုက်သည်။
"ဝိုး... ကိုကို အဆင့်တက်သွားတာလား။
ဒါက အရမ်းဝမ်းသာစရာကောင်းတဲ့ သတင်းပဲ" ရှောင်ယန်၏ မျက်နှာလေးသည် ပျော်ရွှင်မှုများဖြင့် လင်းလက်သွားခဲ့သည်။
လုချင်းကလည်း ရယ်မောလိုက်၏။ "ဟုတ်တယ်... ဒါက ဂုဏ်ပြုသင့်တဲ့ ကိစ္စပဲ"
သို့သော် သူ ပြုံးနေစဉ်မှာပင် သူ၏အတွေးများက အတွင်းပိုင်းသို့ ဦးတည်သွားခဲ့လေသည်။
...
အခန်း ၄၅၇ ၊ အပိုင်း ၂ ။ လျင်မြန်သော တိုးတက်မှု၊ ပထမအကြိမ် လှည့်ပတ်မှု ပြီးပြည့်စုံခြင်းနှင့် ဆရာဖြစ်သူ၏ သတင်းစကား
ရွေအမြုတေ၏ ပထမအကြိမ် လှည့်ပတ်မှုသည် လုချင်း မျှော်လင့်ထားသည်ထက် ကျင့်ကြံရန် ပို၍ခက်ခဲနေခဲ့သည်။
ဝိညာဉ်ကြော၏ အထောက်အပံ့ ရှိနေသော်လည်း ပထမအကြိမ် လှည့်ပတ်မှု ပြီးပြည့်စုံရန်အတွက် ခြောက်လကြာ အချိန်ယူခဲ့ရပါ၏။ ဤဝိညာဉ်ကြောသာ မရှိဘဲ ကောင်းကင်နှင့်မြေကြီး၏ သဘာဝ ဝိညာဉ်စွမ်းအင်များကိုသာ စုပ်ယူမည်ဆိုပါက ဤဖြစ်စဉ်သည် အဆုံးအစမရှိ ကြာမြင့်သွားနိုင်ပေသည်။
ကံကောင်းထောက်မစွာဖြင့် ဤလတ်တလောသွားနေသည့် ခရီးစဉ်က သူ့ကို ဤဝိညာဉ်ကြောထံသို့ ခေါ်ဆောင်လာခဲ့ခြင်းပင်။
ကျေနပ်အားရမှုများဖြင့် လုချင်းသည် ဂူခန်းမထဲတွင် ပျံ့လွင့်နေသော သိပ်သည်းလှသည့် ဝိညာဉ်စွမ်းအင်များကို ခံစားလိုက်လေသည်။ ဤရတနာသိုက်ကြီးနှင့်အတူဆိုလျှင် ဤနေရာတွင်ပင် ရွေအမြုတေ၏ ဒုတိယအကြိမ် သို့မဟုတ် တတိယအကြိမ် လှည့်ပတ်မှုကိုပင် အောင်မြင်နိုင်လိမ့်မည်ဟု သူ ယုံကြည်လိုက်မိ၏။
"အားချင်း၊ အားချင်း...နင် ကျင့်ကြံနေတုန်း ငါ ဘာရှာတွေ့ခဲ့လဲဆိုတာ ကြည့်စမ်းပါဦး"
ရှောင်လီသည် ပါးစပ်ထဲတွင် အိတ်တစ်လုံးကို ကိုက်ချီလျက် ခုန်ပေါက်ကာ ရောက်လာ၏။
လုချင်းက ထိုအိတ်ကို ယူလိုက်ရာ အတော်လေး လေးလံနေကြောင်း တွေ့လိုက်ရ၏။ ဖွင့်ကြည့်လိုက်သောအခါ၌ ဝိညာဉ်အလင်းရောင်များ တောက်ပနေသည့် ဝိညာဉ်ကျောက်တုံး အိတ်တစ်ဝက်ခန့်ကို တွေ့လိုက်ရတော့သည်။ အကြမ်းဖျင်း ခန့်မှန်းကြည့်ရာ အနည်းဆုံး ကျောက်တုံး ၇၀၊ ၈၀ခန့်လောက် ရှိပေလိမ့်မည်။
"အားချင်း... ငါရယ် ဟိုမြွေနံစော်ကြီးရယ် ပေါင်းပြီး ဒီအခန်းထဲမှာ ရှာလို့ရနိုင်သမျှ ဝိညာဉ်ကျောက်တုံးတွေ အကုန်လုံးကို တူးထုတ်လိုက်တာ။ နံရံတွေထဲမှာ ထပ်ရှိနေသေးတယ်ဆိုတာ ငါ အာရုံခံမိပေမယ့် နင့်ရဲ့ လမ်းညွှန်မှုမပါဘဲ ဆက်မတူးရဲလို့" ရှောင်လီ၏ အသံက လုချင်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
လုချင်းက မေးလိုက်၏။ "ရှောင်လီ... နံရံတွေထဲမှာ ဝိညာဉ်ကျောက်တုံး ဘယ်လောက်လောက် ကျန်သေးတယ်လို့ မင်း အာရုံခံမိလဲ"
"သိပ်တော့ မများတော့ပါဘူး။ ဒီအိတ်ထဲမှာ ပါတာရဲ့ တစ်ဝက်လောက်ပဲ ရှိတော့မယ် ထင်တယ်။ ဒါပေမဲ့ တချို့က နံရံတွေထဲ တော်တော်လေး နက်နက်မှာ မြှုပ်နေတာလေ"
ခေတ္တမျှ စဉ်းစားပြီးနောက် လုချင်းက ခေါင်းခါလိုက်၏။ "ဆက်မတူးနဲ့တော့။ တကယ်လို့ ပြိုကျသွားရင် မတန်ဘူးဖြစ်သွားလိမ့်မယ်"
လက်ရှိတွင် မြေအောက်အနက်ရှိုင်းဆုံးနေရာ၌ ရောက်ရှိနေသော်ငြား ထွက်ပြေးလွတ်မြောက်နိုင်မည်ဟုတော့ သူ ယုံကြည်ချက်ရှိဆဲပင်။ သို့ပေစိ ဤတန်ဖိုးမဖြတ်နိုင်သော ဝိညာဉ်ကြောကြီးကို ဖျက်ဆီးပစ်ရမည့် စွန့်စားမှုကိုတော့ သူ မပြုလုပ်လိုပေ။
"ငါလည်း အဲဒီလို တွေးမိလို့ပဲ မလုပ်ခဲ့တာလေ။ အဲဒီမြွေနံစော်ကြီးကတော့ သူ့ဘာသာ ဆက်တူးချင်နေတာ။ အဲ့ဒါကြောင့် ငါ သူ့ကို ကောင်းကောင်း ဆူပစ်လိုက်တယ်" ရှောင်လီက ၎င်း၏ သတိရှိမှုကို ဂုဏ်ယူစွာဖြင့် ဆက်ပြောလေ၏။
လုချင်းသည် ဝူရှင်းကို တစ်ချက် ကြည့်လိုက်သည်။ အရောင်ငါးသွယ်တောင်ပံပါမြွေက အပြစ်လုပ်ထားသလို ခေါင်းလေးက ပုဝင်သွားလေ၏။ ထိုအချိန်က သခင်ဖြစ်သူ၏ ညွှန်ကြားချက်မှာ တတ်နိုင်သမျှ အများဆုံး စုဆောင်းရန်ဖြစ်သည်ဟု ၎င်းက ထင်မှတ်ခဲ့ပြီး နောက်ဆက်တွဲ အကျိုးဆက်များကို ထည့်သွင်းမစဉ်းစားခဲ့မိချေ။
ဝူရှင်း၏ နာခံမှုရှိသော အမူအရာကို မြင်သောအခါ၌ လုချင်းက ထပ်ပြီး အပြစ်မတင်တော့ပေ။ လျှို့ဝှက်နယ်မြေတစ်ခုအတွင်း ကြီးပြင်းလာခဲ့ရသော ဤမြွေကြီးမှာ အမှန်တကယ်ပင် ရိုးအလွန်းလှပေ၏။ သူနှင့်အတူ တိုက်ပွဲဝင်ခဲ့ပြီး စာအုပ်များကိုပင် မကြာခဏ ဖတ်ရှုတတ်သော ရှောင်လီနှင့် နှိုင်းယှဉ်ပါက ဝူရှင်း၏ ဉာဏ်ရည်မှာ သိသိသာသာကိုပဲ နိမ့်ကျနေပေသည်။
ဥပမာအားဖြင့် ရှောင်လီသည် ဝိညာဉ်ရေးရာ အဆက်အသွယ်မှတစ်ဆင့် တိုက်ရိုက် စကားပြောဆိုနိုင်သော်လည်း ဝူရှင်းမှာမူ ၎င်း၏ရည်ရွယ်ချက်များကို ဝေဝါးစွာသာ ဖော်ပြနိုင်လေသည်။
ဝူရှင်းကို စာများများ ဖတ်ခိုင်းရမည့် အချိန်ရောက်ပြီလား ဟူ၍ပင် လုချင်းက မေးစေ့ကို ပွတ်သပ်ရင်း တွေးတောလိုက်မိသည်။
၎င်း၏ ကျောရိုးတစ်လျှောက် အေးစက်စက် အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသော ဝူရှင်းမှာ ပြစ်ဒဏ်တစ်ခုခုကို မျှော်လင့်နေသဖြင့် ပို၍ပင် ဂနာမငြိမ် ဖြစ်လာခဲ့၏။
သို့သော် မည်သည့်ပြစ်ဒဏ်မျှ ကျရောက်မလာခဲ့ပေ။ ထိုအစား လုချင်းက မေးလိုက်သည်။ "ဒါနဲ့ မင်းတို့ရဲ့ ကျင့်ကြံမှုတွေကကော ဘယ်လိုအခြေအနေရှိသွားပြီလဲ"
"ကိုကို... ညီမလေးက မွေးရာပါနယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်သွားပြီ" ရှောင်ယန်လေးက ပျော်ရွှင်စွာဖြင့် ချက်ချင်း ဖြေလိုက်၏။
"အားချင်း၊ အားချင်း... ငါလည်း အခြေတည်အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ" ရှောင်လီကလည်း ထပ်တူ စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်လေသည်။
လုချင်းက ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်၏။ တံခါးပိတ်ကျင့်ကြံမှု မစတင်မီက ရှောင်ယန်သည် မွေးရာပါနယ်ပယ် အလယ်အလတ်အဆင့်တွင် ရှိနေပြီး ရှောင်လီမှာ အခြေတည်အဆင့်၏ နှောင်းပိုင်းအဆင့်တွင် ရှိနေခဲ့သည်။ ခြောက်လအတွင်း သူတို့၏ တိုးတက်မှုမှာ မှတ်သားလောက်ဖွယ်ပင်။
ထို့နောက် သူက ဝူရှင်းဘက်သို့ လှည့်ကြည့်လိုက်၏။
အရောင်ငါးသွယ်တောင်ပံပါမြွေမှာ ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့သွားခဲ့သည်။ ခြောက်လအတွင်း ၎င်း၏ ရုပ်ခန္ဓာကို ပို၍သန်စွမ်းအောင် ပြုလုပ်နိုင်ခဲ့သည်မှလွဲ၍ မည်သည့်အဆင့်တက်မှုမျှ မရှိခဲ့ဘဲ အခြေတည်အဆင့်၏ အထွတ်အထိပ်တွင်သာ ဆက်လက်ရှိနေခဲ့လေသည်။
အခြေအနေကို လုချင်း ချက်ချင်း နားလည်သွားခဲ့၏။ ဝူရှင်းသည် ၎င်း၏ နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။ နောက်ထပ် တိုးတက်မှုဆိုသည်မှာ ရွေအမြုတေအဆင့်သို့ ခြေချရန်ဖြစ်ပြီး ယင်းမှာ ဝိညာဉ်သားရဲများအတွက် ကြီးမားသော အဟန့်အတားတစ်ခုပင်။ ယန်၏ အဆိုအရ ဝိညာဉ်သားရဲများသည် အဓိကအဆင့်များကို ကျော်ဖြတ်ရာတွင် လူသားများထက် များစွာ ပိုမိုခက်ခဲသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရလေ့ရှိသည်။ အထူးသဖြင့် ရွေအမြုတေအဆင့်သို့ တက်လှမ်းရာတွင် မိုးကြိုးအတိဒုက္ခကို ဖြတ်ကျော်ရမည်ဖြစ်ပြီး ယင်းမှာ တူညီသောအဆင့်ရှိ လူသားများထက် သားရဲများအတွက်တော့ ပို၍ ပြင်းထန်လေ့ရှိပေသည်။
ထို့ကြောင့် ဝူရှင်း၏ ကျင့်ကြံမှု ရပ်တန့်နေခြင်းမှာ အံ့သြစရာ မဟုတ်ပေ။
ခေတ္တမျှ စဉ်းစားပြီးနောက်၌ လုချင်းက ပြောလိုက်သည်။ "ဝူရှင်း... မင်း အခြေတည်အဆင့်ရဲ့ အထွတ်အထိပ်မှာ ရှိနေတာ အတော်လေး ကြာခဲ့ပြီ။ ဒီတံခါးပိတ်ကျင့်ကြံမှုအတွင်းမှာ မင်းရဲ့ ရုပ်ခန္ဓာကို ပြီးပြည့်စုံတဲ့အထိ လေ့ကျင့်နိုင်ခဲ့တယ်။ ဒီအကျိုးအမြတ်တွေကို မင်း အပြည့်အဝ ချေဖျက်နိုင်တာနဲ့ မင်းကို ကြာစေ့နည်းနည်းပေးမယ်"
ထိုစကားကို ကြားသောအခါ အရောင်ငါးသွယ်တောင်ပံပါမြွေ၏ ခေါင်းမှာ မော့တက်လာပြီး ၎င်း၏ မျက်လုံးများတွင် ပျော်ရွှင်မှုများ ပြည့်နှက်သွားခဲ့တော့သည်။
"လောလောဆယ်တော့ မင်းရဲ့အခြေခံကို ခိုင်မာအောင် လုပ်ဖို့ပဲ အာရုံစိုက်ထားပါ။ မင်းရဲ့ အခြေခံ ပိုပြီးခိုင်မာလေ အတိဒုက္ခကို ဖြတ်ကျော်နိုင်မယ့် အခွင့်အရေးလည်း ပိုများလေပဲ"
ဝူရှင်းက ကြက်ကလေး အစာကောက်သကဲ့သို့ တက်ကြွစွာဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။ ဤမြင်ကွင်းကို ကြည့်ရင်း လုချင်းခင်မျာ မပြုံးဘဲ မနေနိုင်ခဲ့ပေ။
ဓာတ်ကြီးငါးပါး ကြာပန်း၏ ကြာစေ့များသည် ဝူရှင်းအတွက်တော့ အလွန်တရာကိုမှ အဖိုးတန်လှပေသည်။ ၎င်းတို့ကို သန့်စင်ပြီးသည်နှင့် ၎င်း၏ အတိဒုက္ခကို ရင်ဆိုင်ရန် အဆင်သင့် ဖြစ်သွားပေလိမ့်မည်။
ဝူရှင်းကို အားပေးစကားပြောပြီးနောက် လုချင်းသည် ကျောက်စိမ်းအဆောင်တစ်ခုကို ထုတ်ယူလိုက်၏။
ယင်း၏ စွမ်းအင်ကို အာရုံခံမိသောအခါ၌ သူ အနည်းငယ် မှင်သက်သွားခဲ့၏။
"ဆရာက ငါ့ဆီကို သတင်းစကား ပို့ထားတာလား"
တံခါးပိတ်ကျင့်ကြံမှု မစတင်မီက ဤဝိညာဉ်ကြောကို တွေ့ရှိခဲ့ကြောင်းနှင့် ရှောင်ယန်နှင့်အတူ ကျင့်ကြံမည်ဖြစ်ကြောင်း သူ၏ဆရာထံ အကြောင်းကြားခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ဆရာ့အနေဖြင့် သူတို့ကို စိုးရိမ်စရာ အကြောင်းရင်း မရှိခဲ့ပေ။ ဤသို့ ဖြစ်ပါလျက်နှင့် ဆရာဖြစ်သူက သတင်းစကား ပေးပို့လာသည်ဆိုလျှင်......
တစ်ခုခုများ ဖြစ်နေပြီလား။
သူ ချက်ချင်းပင် အဆောင်ရှိ သတင်းကို ဖတ်ရှုလိုက်တော့၏။
စုစုပေါင်း သတင်းစကား သုံးခု ပါဝင်နေချေ၏။
လွန်ခဲ့သော နှစ်လခန့်က ပေးပို့ထားသော ပထမသတင်းစကား နှစ်ခုမှာ ကိစ္စတစ်ခုတည်းအတွက် ဖြစ်သည်။ ထျန်းကျီမျှော်စင်သခင်သည် အရေးကြီးကိစ္စဖြင့် လာရောက်တွေ့ဆုံခဲ့ကြောင်းပင်။
လွန်ခဲ့သော သုံးရက်ခန့်က ပေးပို့ထားသော တတိယသတင်းစကားတွင်မူ ဆရာဖြစ်သူသည် မကြာသေးမီက နားလည်သဘောပေါက်မှုတစ်ခု ရရှိခဲ့ပြီး မကြာမီ မိုးကြိုးအတိဒုက္ခကို ရင်ဆိုင်ရနိုင်ကြောင်း ဖော်ပြထားလေ၏။
"ဆရာက အတိဒုက္ခကို ဖြတ်ကျော်တော့မှာလား"
လုချင်း၏ အာရုံစိုက်မှုသည် နောက်ဆုံး သတင်းစကားပေါ်တွင်သာ စူးစိုက်သွားပြီး အစောပိုင်းက သတင်းစကားများကို ဘေးဖယ်ထားလိုက်တော့သည်။ သူက ဆရာဖြစ်သူ၏ လက်ရှိအခြေအနေကို မေးမြန်းရန် ချက်ချင်း စာပြန်ပို့လိုက်၏။
သို့သော် မည်သည့် တုံ့ပြန်မှုမျှ ရောက်မလာခဲ့ပေ။ စိုးရိမ်ပူပန်မှုများက လုချင်း၏ ရင်ထဲတွင် လှိုင်းထန်လာခဲ့တော့သည်။
အချိန်ဆွဲမနေတော့ဘဲ လိုဏ်ဂူထဲမှ ထွက်ခွာရန် ရှောင်ယန်နှင့် အခြားသူများကို သူ စုစည်းလိုက်လေ၏။
"ကိုကို... ဘာဖြစ်လို့လဲဟင်" လုချင်း၏ အလျင်စလို ဖြစ်နေမှုကို သတိပြုမိသော ရှောင်ယန်က မေးလိုက်သည်။
"ဆရာက မကြာခင် အတိဒုက္ခ ဖြတ်ကျော်ရနိုင်တယ်လို့ မကြာသေးခင်ကမှ ပို့ထားတဲ့ သတင်းစကားထဲမှာ ပြောထားတယ်။ သူ့ရဲ့ လက်ရှိအခြေအနေကို သေချာမသိရလို့ ကိုကိုတို့ အမြန် ပြန်မှရမယ်" လုချင်းက သူမကို အပြင်သို့ ခေါ်ဆောင်သွားရင်း ပြန်ဖြေလိုက်သည်။
နောင်တတရားများက သူ့ခေါင်းကို ကိုက်ခဲစေခဲ့၏။ ကျင့်ကြံခြင်းတွင် အာရုံစိုက်လွန်းနေသဖြင့် သူ၏ ဆက်သွယ်ရေးအဆောင်ကို စစ်ဆေးရန် မေ့လျော့နေခဲ့ပြီး ဤမျှ အရေးကြီးသော သတင်းကို လွတ်သွားခဲ့ရသည်။ အကယ်၍ ဆရာဖြစ်သူသာ တစ်ခုခုဖြစ်သွားခဲ့လျှင် သူကိုယ်သူ ဘယ်တော့မှ ခွင့်လွှတ်နိုင်မည် မဟုတ်ပေ။
"အဘိုးချန်က မိုးကြိုးအတိဒုက္ခကို ဖြတ်ကျော်ရတော့မှာလား ဒါဆို သမီးတို့ မြန်မြန်သွားရအောင်" ရှောင်ယန်ကလည်း ထပ်တူ စိုးရိမ်ပူပန်သွားခဲ့၏။ မွေးရာပါနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ကျုံးကျိုးတွင် လုချင်း၏ အတိဒုက္ခ ဖြတ်ကျော်မှုကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသူတစ်ယောက်အနေဖြင့် ထိုအဖြစ်အပျက်၏ အန္တရာယ်ကြီးမားမှုကို သူမ အပြည့်အဝ နားလည်ထားလေသည်။
အပြင်သို့ ရောက်သည်နှင့် လုချင်းသည် ဂူဝင်ပေါက်တစ်ဝိုက်တွင် ကျောက်စိမ်းအဆောင် ဆယ်ခုကျော်ကို ချထားကာ နေရာတစ်ခုလုံးကို လုံးဝ ဖုံးကွယ်ထားသည့် ဝင်္ကပါတစ်ခုကိုပါ ဖန်တီးလိုက်လေ၏။ ဤဝင်္ကပါသည် မြေကြီး၏ ဝိညာဉ်စွမ်းအင်ကို ရယူအသုံးပြုထားသဖြင့် ဝင်္ကပါပညာရပ်များကို အထူးပြုလေ့လာထားသူသာ မဟုတ်ပါက ရွေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် ထိုးဖောက်ဝင်ရောက်နိုင်မည် မဟုတ်ချေ။
အရာအားလုံး လုံခြုံသွားပြီးနောက်၌ လုချင်းနှင့် ရှောင်ယန်တို့သည် ကောင်းကင်ယံသို့ ပျံတက်သွားကြတော့၏။ လေထဲတွင် လုချင်းက နေရာလွတ်လှေပျံကို ခေါ်ထုတ်ကာ အထဲသို့ ဝင်လိုက်ကြသည်။
နောက်တစ်စက္ကန့်တွင်တော့ သူ၏ ဝိညာဉ်စွမ်းအားဖြင့် မောင်းနှင်လိုက်သော လှေပျံကြီးသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားလေတော့သည်။
...
အခန်း ၄၅၈ ၊ အပိုင်း ၁ ။ ရွာသို့ပြန်ရောက်ခြင်း၊ ရတနာများ ပေးအပ်ခြင်းနှင့် လောကကြီး၏ မတည်ငြိမ်မှုများ
ကျိုးလီရွာ၏ အထက်ကောင်းကင်ယံတွင် အနက်ရောင် လေဝဲကတော့တစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။ ၎င်းအတွင်းမှ အနည်းငယ် စုတ်ပြဲနေသော ငွေရောင်လှေပျံကြီးတစ်စင်း ထွက်ပေါ်လာ၏။
လုချင်းနှင့် ရှောင်ယန်တို့သည် လှေပျံပေါ်မှ ဆင်းသက်လာပြီးနောက် လှေပျံကို ပြန်၍သိမ်းဆည်းလိုက်သည်။ သူ၏ အရှိန်အဝါမှာ အနည်းငယ် မတည်မငြိမ် ဖြစ်နေခဲ့ပါ၏။
ဤလောကတွင် အမြန်နှုန်း ကန့်သတ်ချက်တစ်ခု ရှိပေသည်။ ၎င်းနှင့် နီးကပ်လာပါက ကောင်းကင်ဘုံ၏ သတိပေးမှုကို ခံရပေလိမ့်မည်။ သို့သော် ဟင်းလင်းပြင်ကို ဖြတ်သန်းသွားလာခြင်းတွင် ထိုသို့သော ကန့်သတ်ချက်မျိုး မရှိပေ။
သို့သော်လည်း ဟင်းလင်းပြင်ကို ဖြတ်သန်းရန် နေရာလွတ်လှေပျံကို အသုံးပြုခြင်းက ဝိညာဉ်စွမ်းအား အမြောက်အမြားကို ကုန်ဆုံးစေလေသည်။ လုချင်း၏ ကျင့်ကြံမှုမှာ မကြာသေးမီကမှ ပြီးပြည့်စုံသည့်ရွေအမြုတေအဆင့်၏ ပထမအကြိမ် လှည့်ပတ်မှု အထွတ်အထိပ်သို့ သိသိသာသာ တက်လှမ်းလာခဲ့သော်လည်း ဤစွမ်းရည်ကို အသုံးပြုခြင်းက အတော်လေးကို ပင်ပန်းစေဆဲပင်။
"ကိုကို...ညီမလေးတို့ ကျိုးလီရွာကို တကယ် ပြန်ရောက်လာပြီလား"
ရှောင်ယန်သည် ရင်းနှီးကျွမ်းဝင်နေသော အောက်ဘက်ရှိ ရွာလေးကို ငေးမောကြည့်နေခဲ့သည်။ ရှောင်လီနှင့် ဝူရှင်းတို့မှာလည်း ထိုနည်းတူ လုံးဝ အံ့အားသင့် မှင်သက်နေကြလေ၏။
လွန်ခဲ့သော စက္ကန့်အနည်းငယ်က သူတို့သည် မိုင်ထောင်ချီ ကွာဝေးသော အခြားပြည်နယ်တစ်ခုတွင် ရှိနေခဲ့သည်။ ယခုမူ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျိုးလီရွာသို့ ပြန်ရောက်လာခဲ့လေပြီပင်။ ဤမျှ လျင်မြန်သော အမြန်နှုန်းမှာ ကြောက်မက်ဖွယ်ကောင်းလှပေ၏။
သူတို့သုံးဦးစလုံး နေရာလွတ်လှေပျံကို စီးနင်းခြင်း သို့မဟုတ် ဟင်းလင်းပြင်ကို ဖြတ်သန်းခြင်းမျိုး တစ်ခါမျှ မကြုံဖူးခဲ့သဖြင့် အံ့သြမှင်သက်နေကြသည်မှာ နားလည်နိုင်ဖွယ်ပင်။
"ဟုတ်တယ်... ဝိညာဉ်လက်နက်ရဲ့ ကျေးဇူးကြောင့်ပေါ့။ ရွာထဲကို အရင်ပြန်ကြရအောင်" လုချင်းက ဝေဝါးစွာ ရှင်းပြလိုက်သည်။
သူ၏ ဝိညာဉ်အာရုံကို ဖြန့်ကြက်လိုက်ရာ တောင်ခါးပန်းမှ ခြံဝင်းအတွင်းရှိ ဆရာဖြစ်သူ၏ အရှိန်အဝါကို ခံစားလိုက်ရသည်။ ရွာလေးမှာ တိတ်ဆိတ်ငြိမ်းချမ်းနေပြီး မည်သည့် ပရမ်းပတာအခြေအနေမျိုးကိုမှ မတွေ့ရပေ။ သို့ကြောင့်သာ သူ့ရင်ထဲတွင် ပေါ့ပါးသွားခဲ့၏။ သူ အစိုးရိမ်ဆုံးသော အဆိုးရွားဆုံးအခြေအနေများ ဖြစ်မလာခဲ့ပေ။
သူက ရှောင်ယန်နှင့် အခြားသူများကို ခေါ်ဆောင်ကာ ရွာဆီသို့ ဆင်းသက်သွားလေသည်။
...
သူတို့ တောင်ခါးပန်းရှိ ခြံဝင်းသို့ ဆင်းသက်လိုက်ချိန်တွင် မျက်နှာပေါ်၌ အပြုံးတစ်ခုနှင့်အတူ အိမ်ထဲမှ ထွက်လာသော ဆရာဖြစ်သူကို တွေ့လိုက်ရ၏။
"ဒီအချိန်လောက်ဆို မင်း ပြန်ရောက်လာလိမ့်မယ်လို့ ငါ တွက်ထားပြီးသား" သမားတော်ကြီးချန်က ဆိုလေသည်။
"အဘိုးချန်"
ရှောင်ယန်တစ်ယောက် သမားတော်ကြီးကို မတွေ့ရသည်မှာ ခြောက်လကျော်ပြီ ဖြစ်သည်။ ထို့ကြောင့် သူမက နှုတ်ဆက်ရန် အလျင်အမြန် ပြေးသွားလိုက်လေ၏။
လုချင်းကမူ အပြစ်ရှိသလို မျက်နှာထားဖြင့် ရပ်နေခဲ့၏။ "ဆရာ... ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် တံခါးပိတ်ကျင့်ကြံနေလို့ ဆက်သွယ်ရေးအဆောင်ကို မစစ်ဆေးမိခဲ့လို့ပါ။ ဒီနေ့ တံခါးပိတ်ကျင့်ကြံမှုကနေ ထွက်လာမှ ဆရာ့ရဲ့ သတင်းစကားတွေကို တွေ့လိုက်ရတာပါဗျ"
"ဒီနေ့မှ ထွက်လာတာလား။ ဒါပေမဲ့ မင်းက ပြန်တောင် ရောက်နေပြီပဲ..." သမားတော်ကြီးချန် အံ့အားသင့်သွားခဲ့သည်။ လွန်ခဲ့သော ခြောက်လက ပြည်နယ်အနည်းငယ်လောက် ကွာဝေးသော ချန်ဟန့် တောင်တန်းတွင် ကျင့်ကြံမည်ဖြစ်ကြောင်း လုချင်း အကြောင်းကြားခဲ့သည်ကို သူ သိပါ၏။
တံခါးပိတ်ကျင့်ကြံမှုမှ ထွက်လာပြီးနောက်၌ ဤမျှ လျင်မြန်စွာဖြင့် မည်သို့ ပြန်ရောက်လာနိုင်သနည်း။
"ဟင်းလင်းပြင်ကို ဖြတ်သန်းသွားလာနိုင်တဲ့ ဝိညာဉ်လက်နက်တစ်ခု ကျွန်တော့်မှာ ရှိလို့ပါ။ အဲ့ဒါက မိုင်ထောင်ချီ ခရီးကို မျက်စိတစ်မှိတ်အတွင်း ဖြတ်သွားနိုင်တယ်လေ။ ဒါပေမဲ့ စွမ်းအင် အများကြီး ကုန်ဆုံးစေလို့ မကြာခဏတော့ သုံးလို့မရပါဘူးဗျ" လုချင်းက ရှင်းပြလိုက်လေသည်။
"အဲ့ဒီလောက်တောင် အံ့သြစရာကောင်းတဲ့ ဝိညာဉ်လက်နက်မျိုးလား"
သမားတော်ကြီးချန်ခင်မျာ လုံးဝကို အံ့အားသင့်သွားခဲ့ပါ၏။ လိုအပ်လျှင် အမြန်ပြန်လာခဲ့မည်ဟု လုချင်း အဘယ်ကြောင့် ကတိပေးခဲ့သနည်းဆိုသည်မှာ မထူးဆန်းတော့ပေ။ လုချင်း ပြန်လာရန် ရက်အနည်းငယ် ကြာမည်ဟု သူ ထင်ထားခဲ့သည်ပင်။ "အမြန်" ဆိုသည်မှာ ဤသို့ ချက်ချင်း ရောက်ရှိလာခြင်းဖြစ်မည်ဟုတော့ မည်သူက ထင်မည်နည်း။
ဤသို့သော ဝိညာဉ်လက်နက်မျိုး ရှိခြင်းမှာ လောကကြီးတစ်ခုလုံးက လက်လှမ်းမီနိုင်သော အကွာအဝေးတွင် ရှိနေသည်ဟု ဆိုလိုခြင်းပင်။
"ဆရာ... အတိဒုက္ခ ဖြတ်ကျော်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းစကားထဲမှာ ပြောထားတယ်နော်" လုချင်းက မေးလိုက်သည်။
"အင်း... အခွင့်အရေးက နီးကပ်လာပြီလို့ ခံစားရတယ်။ ရက်အနည်းငယ်အတွင်း ဖြစ်လာနိုင်တယ်" သမားတော်ကြီးချန်က ခေါင်းညိတ်ပြလိုက်သည်။ "အဆင့်တက်မယ့် အချိန်က အရင်ကထက် ပိုပြီး ပြင်းပြင်းထန်ထန် ချဉ်းကပ်လာတာကို ငါ ခံစားနေရတယ်လေ"
"ဆရာ့ကို ကူညီပေးဖို့ အချိန်မီ ပြန်ရောက်လာတာ ကံကောင်းတာပဲ" စိတ်အေးသွားသော လုချင်းသည် သူ၏ ကောင်းကင်နှင့်မြေကြီး ချီအိတ်ထဲမှ အနီရောင်နှင့် အဖြူရောင် ပုလဲနှစ်လုံးကို ထုတ်ယူလိုက်သည်။
"ဆရာ့ရဲ့ အတိဒုက္ခက အရမ်းနီးကပ်နေပြီဆိုတော့ ကျွန်တော် အများကြီး မကူညီနိုင်ပေမယ့် ခရီးသွားနေတုန်းက ဒီပုလဲနှစ်လုံးကို ရခဲ့ပါတယ်ဗျ။ ဒါတွေက ရေဓာတ်နဲ့ မီးဓာတ် ဝိညာဉ်လက်နက်တွေဖြစ်ပြီး ဆရာ့ရဲ့ ရေနဲ့မီး သိုင်းလမ်းစဉ်နဲ့ လုံးဝကို ကိုက်ညီပါတယ်ဗျ။
ဒါတွေကိုသာ သန့်စင်လိုက်ရင် ဆရာ့ရဲ့ အခြေခံကို ပိုခိုင်မာစေပြီး အတိဒုက္ခအတွက် ပိုပြီး ကောင်းကောင်း ပြင်ဆင်နိုင်ပါလိမ့်မယ် ဆရာ"
လုချင်း ပေးအပ်လိုက်သော ရတနာများမှာ အမြင့်ဆုံးအဆင့် ရေဓာတ်ဝိညာဉ်လက်နက်ဖြစ်သော မန္တန်သောင်းချီရေဓာတ်ပုလဲနှင့် အဆင့်မြင့် မီးဓာတ်ဝိညာဉ်လက်နက်ဖြစ်သော မီးတောက်အမြုတေပုလဲတို့ ဖြစ်လေသည်။
"ဒီဝိညာဉ်လက်နက်တွေက..."
ပုလဲများကို မြင်လိုက်ရသောအခါ သမားတော်ကြီးချန်၏ ဝိညာဉ်စွမ်းအင်များက ထိန်းမရသိမ်းမရ လှုပ်ရှားသွားခဲ့တော့သည်။ ထိုအရာများနှင့် သူ၏ အလွန်တရာ ကိုက်ညီမှုရှိခြင်းကို သူ ချက်ချင်း ခံစားလိုက်ရပါ၏။
"ကြည့်ရတာ ဒီဝိညာဉ်လက်နက်တွေက ဆရာ့အတွက် ရည်ရွယ်ပြီး ဖန်တီးထားတာပဲ ဖြစ်ရမယ်" လုချင်းက ပြုံးလျက် မှတ်ချက်ချလိုက်သည်။
ထို့နောက် သူက ပုလဲများကို ဆရာဖြစ်သူထံ ကမ်းပေးလိုက်၏။
"ဆရာ... အဖြူရောင်ပုလဲက အမြင့်ဆုံးအဆင့် ရေဓာတ်ဝိညာဉ်လက်နက်ဖြစ်တဲ့ မန္တန်သောင်းချီ ရေဓာတ်ပုလဲဖြစ်ပြီးတော့ အနီရောင်ပုလဲကတော့ အဆင့်မြင့် မီးဓာတ်ဝိညာဉ်လက်နက်ဖြစ်တဲ့ မီးတောက်အမြုတေပုလဲပါဗျ။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ အဆင့်တွေကတော့ မတူကြပါဘူး။ ဒါတွေကို သန့်စင်ပြီးရင် ဆရာ့ရဲ့ ကျင့်ကြံခြင်းနဲ့ လုံးဝ ပေါင်းစပ်သွားအောင် အချိန်ယူပြီးတော့ ပြုပြင်မွမ်းမံဖို့ လိုပါလိမ့်မယ်"
ထိုဝိညာဉ်လက်နက်များမှာ ဒြပ်စင်သန့်စင်မှုအပိုင်းတွင် ပြိုင်ဘက်ကင်းသော်လည်း လုချင်းက အစပိုင်းတွင် ၎င်းတို့ကို လီဟော်ဒယ်အိုးဖြင့် ထပ်မံသန့်စင်ရန် စဉ်းစားခဲ့သေး၏။ သို့သော် ဆရာဖြစ်သူ၏ အတိဒုက္ခက နီးကပ်လာပြီဖြစ်သဖြင့် ချက်ချင်း အထောက်အကူပြုနိုင်ရန် ပေးအပ်လိုက်ခြင်းကသာ ပိုကောင်းမည်ဟု တွေးလိုက်မိသည်။
အဆင့်မြင့် ဝိညာဉ်လက်နက်များသည် စနစ်တကျ ပြုစုပျိုးထောင်ပါက အသုံးပြုသူနှင့်အတူ ပိုမို အစွမ်းထက်လာနိုင်ပေသည်။
သမားတော်ကြီးချန် ရွေအမြုတေအဆင့်သို့ ရောက်ရှိသွားသည်နှင့် ဤရတနာများကို သန့်စင်ပြီး ပြီးပြည့်စုံအောင် ပြုလုပ်ရန် အချိန်အလုံအလောက် ရရှိပေလိမ့်မည်။ ထို့အပြင် ကိုယ်တိုင် သန့်စင်ပြီး ပြုစုပျိုးထောင်ထားသော ဝိညာဉ်လက်နက်များသည် အသုံးပြုသူ၏ စိတ်၊ ဝိညာဉ်တို့နှင့် ပို၍ပင် လိုက်ဖက်ညီကာ အပြစ်အနာအဆာကင်းသော ပေါင်းစပ်မှုကို ရရှိနိုင်လေသည်။
"အမြင့်ဆုံးနဲ့ အဆင့်မြင့် ဝိညာဉ်လက်နက်တွေ..."
သမားတော်ကြီးချန်သည် သူ့လက်ထဲရှိ ပုလဲများကို အံ့သြတကြီး ကြည့်နေမိသည်။ ဤအဆင့်ရှိ ဝိညာဉ်လက်နက်များမှာ အလွန်တရာကိုမှ ရှားပါးပြီး တန်ဖိုးကြီးမားလှပေ၏။
သူက ၎င်းတို့ကို တိတ်ဆိတ်စွာ သိမ်းဆည်းလိုက်လေသည်။ ဆရာနှင့် တပည့်ကြားတွင် စကားအပိုပြောစရာ မလိုအပ်တော့ပေ။
"ဒါနဲ့ ဆရာ... ထျန်းကျီမျှော်စင်သခင်က အရေးကြီးကိစ္စ ဆွေးနွေးစရာရှိလို့ လာတယ်လို့ သတင်းစကားထဲမှာ ပြောထားတယ်နော်။ ဘာကိစ္စများလဲဗျ" လုချင်းက မေးလိုက်သည်။
ထိုအခါ သမားတော်ကြီးချန်၏ မျက်နှာအမူအရာမှာ လေးနက်သွားခဲ့၏။
"တကယ့်ကို အရေးကြီးတဲ့ ကိစ္စပဲ။ မျှော်စင်သခင်က မြင့်မြတ်သောတောင်တော်က သခင်ကြီးသုံးပါးကိုယ်စား လာခဲ့တာလေ။
လောကကြီးမှာ ကြီးထွားလာနေတဲ့ ပရမ်းပတာအခြေအနေတွေကို သူတို့က စောင့်ကြည့်နေခဲ့ကြရင်းနဲ့ စည်းမျဉ်းတစ်ခု ထုတ်ပြန်ပြီး တည်ငြိမ်မှုကို ပြန်ပြီးတည်ဆောက်ချင်နေကြတယ်လေ။ ဒါပေမဲ့ ပါရမီရှင်တွေနဲ့ ပြိုင်ဘက်တွေ အများကြီး ပေါ်ထွက်လာတဲ့အတွက် လောကကြီးရဲ့ လေးစားမှုကို ရဖို့ သူတို့ရဲ့ အာဏာတစ်ခုတည်းနဲ့ မလုံလောက်တော့ဘူးလို့ သူတို့က ယုံကြည်နေကြတယ်။
ဒါကြောင့် အားလုံးရဲ့ အကျိုးအတွက် လောကကြီးကို တည်ငြိမ်မှုယူဆောင်လာပေးဖို့ မင်းက သူတို့နဲ့ ပူးပေါင်းပါဝင်ပေးလိမ့်မယ်လို့ သူတို့ မျှော်လင့်နေကြတယ်"
...
အခန်း ၄၅၈ ၊ အပိုင်း ၂ ။ ရွာသို့ပြန်ရောက်ခြင်း၊ ရတနာများ ပေးအပ်ခြင်းနှင့် လောကကြီး၏ မတည်ငြိမ်မှုများ
ဆန့်ကျင်ဘက်အနေဖြင့် ထျန်းကျီမျှော်စင်သခင်သည် သခင်ကြီး သုံးပါး၏ ရည်ရွယ်ချက်များကို သမားတော်ကြီးထံ ရိုးသားပြည့်စုံစွာ ရှင်းပြခဲ့လေသည်။ ဤကြင်နာတတ်ပြီး ကရုဏာကြီးမားသော သက်ကြီးရွယ်အိုက သူတို့၏ရည်ရွယ်ချက်တွင် ပါဝင်လာရန် လုချင်းအား ကူညီစည်းရုံးပေးလိမ့်မည်ဟု သူတို့ မျှော်လင့်ခဲ့ကြ၏။
"သခင်ကြီး သုံးပါးက တားမြစ်ချက်တစ်ခု ရေးဆွဲဖို့ ကျွန်တော့်ကို ကူညီစေချင်တယ်ပေါ့လေ"
ဤတစ်ကြိမ်တွင်တော့ လုချင်းတစ်ယောက် အမှန်တကယ်ပင် အံ့အားသင့်သွားခဲ့ရသည်။ ထျန်းကျီမျှော်စင်သခင် လာရောက်ရခြင်း၏ ရည်ရွယ်ချက်မှာ ဤသို့သောကိစ္စရပ်တစ်ခုအတွက် ဖြစ်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။ ထို့ကြောင့် ခေတ္တမျှ သူ တိတ်ဆိတ်သွားခဲ့၏။
"အားချင်း... ဒါက ကိစ္စသေးသေးလေး မဟုတ်ဘူး။ မင်း သေချာ စဉ်းစားသင့်တယ်။ မသေချာမရေရာဘဲ လုပ်လိုက်ရင် လောကတစ်ခွင်လုံးရဲ့ ရန်သူ ဖြစ်သွားနိုင်တယ်လေ။ တကယ်လို့ မဖြစ်နိုင်ဘူးဆိုရင် သခင်ကြီး သုံးပါးကို ငြင်းလိုက်တာက ပိုကောင်းလိမ့်မယ်" လုချင်း၏ တုံ့ဆိုင်းနေမှုကို မြင်သောအခါ သမားတော်ကြီးက အကြံပေးလိုက်၏။
သခင်ကြီးများ၏အကြံသာ အောင်မြင်သွားပါက သက်ရှိအားလုံးအတွက် အမှန်တကယ် အကျိုးရှိမည်ဟု သမားတော်ကြီး ယုံကြည်သော်လည်း လုချင်း၏ လုံခြုံရေးကိုလည်း သူ ထပ်တူ တန်ဖိုးထားလေသည်။ သေချာမှုသာ မရှိပါက လုချင်းအား ဤသို့သော လှိုင်းလုံးကြီးများကြားသို့ တွန်းပို့မည်မဟုတ်။
ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် လုချင်းက မေးလိုက်၏။ "ဆရာ... ကျွန်တော် တံခါးပိတ်ကျင့်ကြံနေခဲ့တာဆိုတော့ ပြီးခဲ့တဲ့ ခြောက်လအတွင်း ဘာတွေဖြစ်ခဲ့လဲဆိုတာ ကောင်းကောင်း မသိသေးဘူးဗျ။ ပြင်ပလောကက တော်တော်လေးကို ပရမ်းပတာ ဖြစ်နေပြီလား"
သမားတော်ကြီးက ခေတ္တမျှ စဉ်းစားပြီးမှ ပြန်ဖြေလာလေသည်။ "တော်တော်လေး ပရမ်းပတာ ဖြစ်နေပုံရတယ်။ ဒီချန်းကျိုးမှာနေတဲ့ ငါတို့အတွက်ကတော့ ကံကောင်းတယ်ပဲပြောရမှာပေါ့။ ဒေသကလည်း ခေါင်ဖျားပြီး မင်းလည်း ရှိနေတော့ ယန်နိုင်ငံက ငါတို့ကို ဂရုစိုက်ပေးတယ်လေ။ ဒါကြောင့် ဘာပြဿနာမှ မရှိခဲ့ဘူး။
ဒါပေမဲ့ ကျိယွဲ့နဲ့ ဝေ့မိသားစု ခေါင်းဆောင်ပြောတာအရဆိုရင် ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ အံ့မခန်း ကျင့်ကြံခြင်း ပါရမီတွေရှိတဲ့ ပါရမီရှင်တွေ အများကြီး ပေါ်ထွက်လာခဲ့တယ်တဲ့။
ထပ်ပြောရရင် ကောင်းကင်နဲ့မြေကြီးရဲ့ စည်းမျဉ်းတွေကြောင့် ကျင့်ကြံမှုတွေ ရပ်တန့်နေခဲ့ရတဲ့ ဝါရင့်ပညာရှင်အများကြီးကလည်း နယ်ပယ်အသစ်တွေဆီကို ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ကြတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ခြောက်လအတွင်း နေရာတော်တော်များများမှာ ကောင်းကင် မိုးကြိုးအတိဒုက္ခတွေ ကျရောက်ခဲ့တယ်တဲ့လေ။ တချို့လူတွေဆို ရွေအမြုတေ အတိဒုက္ခကိုတောင် ဖြတ်ကျော်နေကြတဲ့ပုံပဲ။
သူရဲကောင်းတွေ ပေါ်ပေါက်လာပြီး ပညာရှင်တွေ ထွက်ပေါ်လာတာနဲ့အမျှ ပဋိပက္ခတွေဆိုတာကလည်း မလွဲမသွေ ဖြစ်လာတော့မှာပဲလေ။ ဒါပေမဲ့ အဲဒီလောက်ဆိုရင်တောင် သိပ်မဆိုးသေးပါဘူး။ ဒါတွေက ကျင့်ကြံသူတွေအချင်းချင်းကြားက တိုက်ပွဲတွေ သက်သက်ပဲလေ။ ဒါပေမဲ့ တချို့ကျင့်ကြံသူတွေက အဆင့်တက်ပြီး ကြီးမားတဲ့ စွမ်းအားတွေ ရလာတဲ့အခါကျ အရမ်းကို ယုံကြည်မှုလွန်ကဲလာပြီးတော့ မောက်မာလာကြတော့တာပေါ့။
မကြာသေးခင်ကမှ ချီကျိုးမှာ ဂိုဏ်းနှစ်ခုက ဝိညာဉ်နယ်မြေတစ်ခုအတွက် တိုက်ခိုက်ခဲ့ကြတယ်လို့ ကျိယွဲ့ဆီက ကြားလိုက်ရတယ်။
သူတို့ရဲ့ အခြေတည်အဆင့် အကြီးအကဲတွေက မြို့တစ်မြို့ထဲမှာ မဆင်မခြင်နဲ့ တိုက်ခိုက်ခဲ့ကြလို့ သာမန်ပြည်သူတွေ အများကြီး သေကြေဒဏ်ရာရခဲ့ကြတယ်လေ။ ပြီးတော့ ချွမ်ကျိုးမှာလည်း ပြည်နယ်နှစ်ခု စစ်ဖြစ်ကြလို့ ရေတွက်လို့မရနိုင်တဲ့ သာမန်ပြည်သူတွေ ဒုက္ခပင်လယ်ဝေခဲ့ကြရတယ်..."
ဆရာဖြစ်သူ၏ ဤအဖြစ်အပျက်များကို ပြန်လည်ပြောပြနေသည်ကို နားထောင်ရင်း ခြောက်လကြာ သူ တံခါးပိတ်ကျင့်ကြံနေစဉ်အတွင်း လောကကြီး မည်မျှ လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်ကို လုချင်း နားလည်သွားခဲ့တော့သည်။
မကြာသေးမီက ရှောင်ယန်နှင့်အတူ ခရီးသွားစဉ်က မမြင်ရသော လှိုင်းဂယက်များကို သူ ခံစားခဲ့ရသော်လည်း အခြေအနေများက ဤမျှအထိ ဆိုးရွားသွားလိမ့်မည်ဟု ဘယ်သောအခါကမျှ မမျှော်လင့်ခဲ့ပေ။
သူက ခေတ္တမျှ စဉ်းစားပြီးနောက်၌ ပြောလိုက်၏။ "ဆရာ... ဒီကိစ္စတွေကို လောလောဆယ် ဘေးဖယ်ထားလိုက်ရအောင်။ အရေးအကြီးဆုံးက ဆရာ့ရဲ့ အတိဒုက္ခပဲ။ ဆရာ အတိဒုက္ခ ဖြတ်ကျော်ပြီးမှပဲ ကျန်တာတွေကို ဆုံးဖြတ်ကြတာပေါ့"
"ကောင်းပြီလေ။ မင်းလည်း အခုမှ ပြန်ရောက်တာဆိုတော့ ဆုံးဖြတ်ချက် မချခင် ဒီအချိန်လေးမှာ အရာအားလုံးကို သေချာ စဉ်းစားလိုက်ဦး" သမားတော်ကြီးက သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်လေသည်။
ထို့နောက်၌ ဆရာနှင့် တပည့်တို့သည် ဆက်လက် စကားပြောဆိုနေကြပြီး လုချင်းက ခရီးသွားစဉ်အတွင်း သူ၏ အတွေ့အကြုံများကို အဓိကထား၍ ပြန်ပြှးပြောပြနေခဲ့သည်။ ရံဖန်ရံခါတွင် ရှောင်ယန်ကလည်း သူမ၏ တက်ကြွသောအသံလေးဖြင့် ဝင်ရောက်ပြောဆိုတတ်လေ၏။
ထိုအခါမှသာ သမားတော်ကြီးသည် သူတို့ ထွက်ခွာသွားစဉ်အတွင်း မည်မျှ ကြုံတွေ့ခဲ့ရသည်ကို သိရှိသွားလေတော့သည်။ သူတို့၏ ခရီးစဉ်ကို အကျဉ်းချုံးပြောပြပြီးနောက်၌ လုချင်းနှင့် ရှောင်ယန်တို့သည် သမားတော်ကြီး ရတနာပုလဲနှစ်လုံးကို သန့်စင်ပြီး အတိဒုက္ခအတွက် ပြင်ဆင်နိုင်စေရန် ခြံဝင်းထဲမှ ထွက်ခွာလာခဲ့ကြတော့၏။
...
အိမ်အပြန်လမ်းတွင် ရွာသူရွာသားများက သူတို့ကို မြင်တွေ့သွားကြသဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြလေသည်။ လုချင်းနှင့် ရှောင်ယန်တို့ ထွက်သွားခဲ့သည်မှာ တစ်နှစ်နီးပါး ရှိနေပြီ မဟုတ်ပါလော။
ဤအချိန်အတွင်း ရွာသူရွာသားများစွာသည် စိုးရိမ်ပူပန်မှုဖြင့် သူတို့အကြောင်းကို မေးမြန်းရန် သမားတော်ကြီးထံ မကြာခဏ သွားရောက်ခဲ့ကြသည်။
ကံကောင်းထောက်မစွာဖြင့် သမားတော်ကြီးက လုချင်းနှင့် ရှောင်ယန်တို့ ဘေးကင်းကြောင်း၊ ခရီးသွားနေခြင်းသာ ဖြစ်ကြောင်း အကြိမ်ကြိမ် အာမခံခဲ့လေ၏။ ယခုအခါ၌ သူတို့ ပြန်ရောက်လာကြပြီဖြစ်ရာ ရွာသူရွာသားများက ဝိုင်းအုံလာကြပြီး အဘယ်ကြောင့် ဤမျှ ကြာမြင့်စွာ ပျောက်ကွယ်နေခဲ့ရသနည်းဟု မေးမြန်းကြလေတော့သည်။
ဤဆူညံသံများက ဝေ့မိသားစု စံအိမ်တော်သို့ပင် ရောက်ရှိသွားပြီး အာရုံစိုက်မှုကို ရရှိသွားခဲ့သည်။ လုချင်းတစ်ယောက် အရာအားလုံးကို ရှင်းပြပြီး အိမ်သို့ ပြန်ရောက်ချိန်တွင် နာရီအနည်းငယ်တောင် ကြာမြင့်သွားခဲ့ပြီပင်။
သူ ထိုင်လိုက်သည်နှင့် တစ်ပြိုင်နက် ဧည့်သည်များ ရောက်လာကြလေသည်။ သူ ပြန်ရောက်လာသည့်သတင်းက ဝေ့မိသားစုထံသို့လည်း ရောက်ရှိသွားခဲ့ပါ၏။ ဝေ့ရှန်ဟိုင်နှင့် ဝေ့ရှင်းဟယ်တို့က လာရောက်တွေ့ဆုံကြပြီး စံအိမ်တော်တွင် ညစာစားရန် ဖိတ်ကြားကြလေသည်။
လုချင်း၏အိမ်မှာ အချိန်ကြာမြင့်စွာ လူမနေဘဲ ဖြစ်နေခဲ့တာကြောင့်တစ်ကြောင်း၊ ရှောင်ယန်ကလည်း ဝေ့သခင်မကြီးကို မတွေ့ရသည်မှာ ကြာနေပြီဖြစ်တာကြောင့်တစ်ကြောင်း သူ သဘောတူလိုက်တော့သည်။
...
ညစာစားနေစဉ်အတွင်း လောကကြီး၏ လက်ရှိအခြေအနေနှင့် ပတ်သက်၍ ဝေ့မိသားစုထံမှ ပို၍သိရှိခဲ့ရ၏။ အခြေအနေများက သူ ထင်ထားသည်ထက်တောင် ပိုပြီးဆိုးရွားနေခဲ့သည်ပင်။ ဂိုဏ်းပေါင်းများစွာအပြင် အသစ်ပေါ်ထွက်လာသော ပညာရှင်များနှင့် ပြည်နယ်များပင်လျှင် အရင်းအမြစ်များနှင့် ဩဇာအာဏာအတွက် မကြာခဏ ပဋိပက္ခများ ဖြစ်ပွားနေကြ၏။
အစပိုင်းတွင် အများစုမှာ ထိန်းချုပ်မှု ရှိခဲ့ကြသည်။ သို့သော် ပဋိပက္ခများ ကြီးထွားလာပြီး တပည့်များ သေဆုံးလာသည်နှင့်အမျှ ရန်ငြိုးများကလည်း ပို၍ပင်ပြင်းထန်လာခဲ့တော့၏။ အချို့သော အင်အားစုများဆိုလျှင် သွေးဆာလာကြလေသည်ပင်။
အထိခိုက်ဆုံးသူများမှာ မိမိကိုယ်ကို ကာကွယ်ရန် နည်းလမ်းမရှိသော သာမန်အရပ်သားများပင် ဖြစ်၏။ မကြာသေးမီက ဝိညာဉ်စွမ်းအင်များ မြင့်တက်လာမှုကြောင့် ပညာရှင်များစွာသည် သူတို့၏ ယခင်ကန့်သတ်ချက်များကို ကျော်လွန်နိုင်ခဲ့သဖြင့် ကြောက်မက်ဖွယ် ကျင့်ကြံသူအရေအတွက်ကို တိုးပွားလာစေခဲ့သည်။
သို့သော် သူတို့၏ တိုက်ပွဲများက ကျယ်ပြန့်သော ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့ပါ၏။ လမ်းလွဲလာသော ဓားတစ်ချောင်း သို့မဟုတ် လက်နက်တစ်လက်ကပင် လူအုပ်ကြီးကို သေကြေပျက်စီးစေနိုင်လေသည်။ အကျိုးဆက်အနေဖြင့် အရပ်သားများသည် ဖြစ်ပေါ်လာမည့် ပဋိပက္ခများအကြောင်း ကြားရသောအခါ၌ ဘေးထွက်ဆိုးကျိုးများကို ကြောက်ရွံ့၍ ထွက်ပြေးကြရရှာ၏။ သို့သော် ထွက်ပြေးရသည့် လမ်းခရီးမှာလည်း အခက်အခဲများစွာဖြင့် ပြည့်နှက်နေပြီး သူတို့၏ ဒုက္ခများကို ပို၍ပင်ဆိုးရွားစေခဲ့သည်။
"ကျုပ်တို့ရဲ့ ချန်းကျိုးနဲ့ ယန်နိုင်ငံကတော့ အငြိမ်းချမ်းဆုံး နေရာတွေထဲမှာ ပါတယ်လေ။ လုသခင်လေးရဲ့ ကျေးဇူးကြောင့် ယန်နိုင်ငံက ကျုပ်တို့ဒေသအပေါ်မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ မထားရဲဘူးလေ။ အဲ့ဒါကြောင့်လည်း အိမ်နီးချင်းပြည်နယ်တွေက သာမန်ပြည်သူတွေအများကြီး ဒီကို လာရောက်ခိုလှုံနေကြတာပေါ့။
ဒါပေမဲ့ မကြာသေးခင်က ချိုးနိုင်ငံက ဂနာမငြိမ်ဖြစ်နေပြီး ယန်နိုင်ငံကို ပစ်မှတ်ထားလာနိုင်တယ်လို့ ကြားရတယ်" ဝေ့ရှင်းဟယ်က မှတ်ချက်ချလိုက်သည်။
"ချိုးနိုင်ငံလား" လုချင်းက စဉ်းစားလိုက်၏။ "ယန်မိသားစုရဲ့ အကြီးအကဲဖြစ်တဲ့ ထျန်းလောင်မှာ သူတို့ကို ဟန့်တားဖို့ လုံလောက်တဲ့ အင်အားရှိတယ် မဟုတ်ဘူးလား။ သူက အခြေတည်အဆင့် ကျင့်ကြံသူလေ"
"ကောလာဟလတွေအရ ချိုးနိုင်ငံရဲ့ အစောင့်အရှောက် စစ်သူကြီးက ဝိညာဉ်စွမ်းအင်တွေ ပြန်လည်မနိုးထလာခင်ကတည်းက မွေးရာပါနယ်ပယ် အထွတ်အထိပ်က ပညာရှင်တစ်ယောက် ဖြစ်နေပြီတဲ့။ အဲဒီနောက်ပိုင်း သူ့ရဲ့ ကျင့်ကြံမှုက မြန်မြန်ဆန်ဆန်နဲ့တိုးတက်လာပြီး မကြာသေးခင်ကမှ အခြေတည်အဆင့်ကို အဆင့်တက်သွားနိုင်ခဲ့တယ်လေ။
ထပ်ပြောရရင် ချိုးတော်ဝင်မိသားစုမှာလည်း အခြေတည်အဆင့်ကို ရောက်နေတဲ့ အကြီးအကဲတစ်ယောက် ရှိနေသေးတယ်။ အဲဒီလို ပညာရှင်နှစ်ယောက်နဲ့ဆိုတော့ ချိုးနိုင်ငံရဲ့ ရည်မှန်းချက်တွေက ပိုကြီးလာပြီး အိမ်နနားချင်းပြည်နယ်တွေကို မျက်စိကျလာကြတော့တာပေါ့" ဝေ့ရှင်းဟယ်က ရှင်းပြလေသည်။
"ဪ... ဒီလိုကိုး" လုချင်းက ခေါင်းညိတ်လိုက်၏။ "ကျွန်တော် တံခါးပိတ်ကျင့်ကြံနေတဲ့အချိန်အတောအတွင်း လောကကြီးက အကြီးအကျယ် ပြောင်းလဲသွားခဲ့တာပဲနော်။ ဒီပရမ်းပတာ အခြေအနေတွေသာ ဆက်ဖြစ်နေရင် သာမန်ပြည်သူတွေလည်း ရှင်သန်နိုင်မယ့် နည်းလမ်းတွေ တကယ်ကြီး ရှိတော့မှာ မဟုတ်ဘူး"
သူ၏လေသံတွင် ဝမ်းနည်းမှု အရိပ်အယောင်လေးတစ်ခု ပါဝင်နေသော်လည်း သူ၏ရင်ထဲတွင်မူ ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခု ပုံဖော်လာနေပြီဖြစ်၏။
....