← Chapters

အခန်း ၁၆၂

Vol. 17 Ch. 162

အခန်း ၁၆၂

Vol. 17 Ch. 162

အခန်း (၁၆၂)

လရောင်အောက်တွင် တေးဂီတကို နားဆင်ခြင်း

ရှန်းယန်မြို့၌ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို ရွှီပေါ်အန်း လုံးဝ မသိရှိခဲ့ပေ။

အလုပ်ဆင်းပြီးနောက် ရွှီပေါ်အန်းသည် တစ်ညနေခင်းလုံး ပျင်းစရာကောင်းလှသော ညစာစားပွဲများ၌ အချိန်ကုန် ဆုံးပြီးမှသာ အိမ်သို့ ပြန်ရောက်လာခဲ့လေ၏။

မိခင်ဖြစ်သူ ထန်ရုံကျီမှာ မူလက အနည်းငယ် ဆူပူကြိမ်းမောင်းရန် ရည်ရွယ်ထားခဲ့သော်လည်း ရွှီပေါ်အန်း၏ မူးယစ်နေသော အခြေအနေနှင့် သူမ ဝယ်ခိုင်းလိုက်သော တိုင်းရင်းဆေးများကို မြင်သောအခါ ဆက်မဆူတော့ ချေ။

သူ၏ အခန်းထဲသို့ ပြန်ရောက်၍ တံခါးကို ပိတ်လိုက်သည်နှင့် တစ်ပြိုင်နက် ရွှီပေါ်အန်း၏ ခြေလှမ်းများမှာ ပေါ့ပါးသွားပြီး သူ၏ မျက်ဝန်းများမှာလည်း တည်ငြိမ်သွားခဲ့လေသည်။

စောစောက သူ၏ မူးယစ်နေသော အခြေအနေမှာ ဟန်ဆောင်ထားခြင်းသက်သက်သာ ဖြစ်ပေသည်။

ရွှီပေါ်အန်းသည် သူ၏ မိဘများအပေါ် အလွန်တရာ ရိုသေကိုင်းရှိုင်းသော်လည်း သူတို့၏ အဆက်မပြတ် ဆူပူ ညည်းတွားမှုများကို အလွန် စိတ်အနှောင့်အယှက် ဖြစ်ရသောကြောင့် ယခုကဲ့သို့ မူးယစ်နေဟန် ဆောင်ခဲ့ရခြင်း ဖြစ်လေ၏။

အမွှေးတိုင် ပူဇော်မှုစွမ်းအားဖြင့် ခန္ဓာကိုယ်အား အကြိမ်အနည်းငယ်မျှ ကြံ့ခိုင်စေပြီးနောက် သူ၏ အရက် သောက်နိုင်စွမ်းမှာလည်း သိသိသာသာ တိုးတက်လာခဲ့ကြောင်းကို ရွှီပေါ်အန်း ရှာဖွေတွေ့ရှိခဲ့လေသည်။

ယနေ့ညစာစားပွဲမှာ အထက်အာဏာပိုင်များထံမှ စစ်ဆေးရေးအဖွဲ့ဝင် အချို့နှင့် ၎င်းတို့နှင့်အတူ စစ်ဆေးရေး လိုက်ပါလာသော ဆောက်လုပ်ရေးအုပ်စုမှ ဌာနအကြီးအကဲတစ်ဦးကို ဧည့်ခံရန် မူလက ရည်ရွယ်ထားခြင်း ဖြစ်သည်။

ကြီးမားလှသော အရှိန်အဝါရှိသည့် အဖွဲ့တစ်ဖွဲ့နှင့် ရင်ဆိုင်ရသော်ငြားလည်း သူတို့ကို ရင်ဆိုင်ရန် အမူးပြေဆေး များ သို့မဟုတ် ဟော်သွန်းသီးများကို အသုံးပြုရလိမ့်မည်ဟု ရွှီပေါ်အန်း ထင်မှတ်ထားခဲ့မိသည်။ သို့သော်လည်း အရက်ငါးခွက်ခန့် သောက်ပြီးသည့်တိုင် မည်သည့် မသက်မသာ ဖြစ်မှုမျိုးကိုမျှ သူ မခံစားခဲ့ရပေ။

ထိုအခါမှသာ ခန္ဓာကိုယ်ကြံ့ခိုင်မှု တိုးတက်လာခြင်းကြောင့် ဖြစ်ပေါ်လာသော ဘက်စုံစွမ်းရည် တိုးတက်မှုသည် မည်မျှအထိ အစွမ်းထက်မြက်ကြောင်းကို ရွှီပေါ်အန်း နားလည်သဘောပေါက်သွားခဲ့လေသည်။ ဤအတိုင်းသာ ဆက်သွားနေပါက သူသည် စူပါမင်း တစ်ယောက် ဖြစ်လာတော့မည် မဟုတ်ပါလား။

အကယ်၍ သူသာ အသက်မကြီးလွန်းသေးပါက နောက်ထပ် လအနည်းငယ်ခန့် အချိန်ယူ၍ စာအုပ်စာပေ အမျိုးမျိုးကို ဖတ်ရှုပြီးနောက် နိုင်ငံ့ဝန်ထမ်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုလိုစိတ် ပေါ်လာခဲ့လေ၏။

မိမိ၏ လုပ်ငန်းခွင်နှင့် သက်ဆိုင်သော အာဏာပိုင်အဖွဲ့အစည်းအတွက် စာမေးပွဲကို ဖြေဆိုရမည်ဆိုလျှင် အဆင့် မြင့်လေလေ ပိုကောင်းလေလေပင် ဖြစ်သည်။ သူတို့ကို မိမိအား မူးအောင် တိုက်ခွင့်ပြုလိုက်ပြီး မိမိကလည်း သူဌေးတစ်ကြိမ်လောက် လုပ်ကာ ခေါင်းမော့ထားနိုင်မည် မဟုတ်ပါလား။

အပြင်တွင် စားသောက်ခဲ့ရသောကြောင့် သူ၏ တစ်ကိုယ်လုံးတွင် ဆေးလိပ်နှင့် အရက်နံ့များ ဖုံးလွှမ်းနေသဖြင့် ရွှီပေါ်အန်းသည် ရေချိုးရန်အတွက် သူ၏ အိပ်ခန်းတွင်းရှိ ရေချိုးခန်းထဲသို့ ဦးစွာ ဝင်ရောက်သွားလေ၏။

ပြန်ထွက်လာချိန်တွင်မူ သန်းခေါင်ယံအချိန်တည့်တည့်သို့ ရောက်ရှိနေခဲ့လေပြီ။

ရွှီပေါ်အန်းသည် လန်းဆန်းသက်သာသွားသော ခံစားချက်ကို ချက်ချင်း ခံစားလိုက်ရပြီး အမွှေးတိုင် ပူဇော်မှုစွမ်း အား လေးမျှင်ခန့် တိုးလာကြောင်းကို ရုတ်တရက် သတိပြုမိလိုက်လေသည်။

ရွှီပေါ်အန်း၏ မျက်နှာပေါ်တွင် ဝမ်းမြောက်ဝမ်းသာ ဖြစ်မှုများ လင်းလက်သွားခဲ့၏။ ယခင်က နေ့စဉ် ပြန်လည် ပြည့်ဖြိုးလာမှုမှာ စွမ်းအင်နှစ်မျှင်သာ တိုးလာလေ့ရှိသော်လည်း ဤတစ်ကြိမ်တွင်မူ နောက်ဆုံး၌ အပြောင်းအလဲ တစ်ခု ဖြစ်ပေါ်လာခဲ့လေပြီ။

သူ၏ ခန့်မှန်းချက် မှန်ကန်ပုံရပေသည်။ လူဦးရေ တိုးလာသည်နှင့်အမျှ ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု ပမာဏမှာလည်း တိုးလာလေ၏။ ယခုလို ဒုက္ခသည်အုပ်စုကို လက်ခံလိုက်ခြင်းမှာ မှန်ကန်သော ဆုံးဖြတ်ချက် တစ်ခု ဖြစ်ခဲ့ပေသည်။

သို့သော်ငြားလည်း အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှုများ တိုးတက်လာရန်အတွက် အတိအကျ မည်သည့် အခြေခံကိန်းဂဏန်းကို အသုံးပြု၍ တွက်ချက်ရမည်ကို ရွှီပေါ်အန်း နားမလည်နိုင်သေးချေ။

သို့သော် သူ အလျင်စလို မဖြစ်ခဲ့ပေ။

မည်သို့ပင်ဖြစ်စေ ဘွန်ဆိုင်းကမ္ဘာထဲရှိ လူသားများသည် သေးငယ်လွန်းလှပြီး သနားစရာကောင်းလောက်အောင် အစာစားနည်းကြလေသည်။ ၎င်းတို့ဘာသာ ဖူလုံစွာ နေထိုင်နိုင်ခြင်းမှာ မပြောနှင့်၊ အကယ်၍ သူတို့ အလုပ်မ လုပ်ဘဲ ဒီအတိုင်း နေမည်ဆိုလျှင်ပင် ဘွန်ဆိုင်းတစ်ခုလုံးကို ထောက်ပံ့ပေးရန် မိမိတို့ တတ်နိုင်ပေသည်။

ရွှီပေါ်အန်းတွင် ထိုစွမ်းရည်မျိုး ရှိနေသည် မဟုတ်ပါလား။

သူသည် ခေါင်ရှန်းရွာ၏ ညရှုခင်းကို ကျေနပ်အားရစွာဖြင့် လှမ်းကြည့်လိုက်လေ၏။ လရောင်အောက်တွင် ဘွန်ဆိုင်းသည် အလွန်တရာ အေးချမ်းတိတ်ဆိတ်နေခဲ့သည်။

ဖုန်းကို ခေတ္တမျှ ကြည့်ပြီးနောက် ရွှီပေါ်အန်းသည် အိပ်မောကျသွားခဲ့လေတော့သည်။

မိန်းမောနေစဉ်အတွင်း ဆူညံသော အသံတစ်သံ ထွက်ပေါ်လာခဲ့၏။

ရွှီပေါ်အန်း မျက်လုံးဖွင့်၍ ကုတင်ဘေး စားပွဲတင်ခုံပေါ်ရှိ နာရီငယ်လေးကို လှမ်းကြည့်လိုက်ရာ မနက် သုံးနာရီ သာ ရှိသေးသည်ကို တွေ့လိုက်ရလေသည်။

ရွှီပေါ်အန်းမှာ ကျန်းမာရေး အထူးကောင်းမွန်နေပြီး ညဘက်ထရမည့် အရေးတကြီး လိုအပ်ချက်မျိုးကို မခံစားရ တော့ချေ။ သူ ပြန်အိပ်ရန် စဉ်းစားနေစဉ်မှာပင် သူ၏ စိတ်ထဲမှ ပိုမို ရှင်းလင်းပြတ်သားသော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့လေ၏။

အသံမှာ မကျယ်လောင်သော်လည်း ၎င်း၏ ရိုက်ခတ်မှုမှာ အလွန်တရာ အစွမ်းထက်လှပေသည်။

ထိုတေးဂီတသည် လှိုင်းလုံးကြီးများ ရိုက်ခတ်သကဲ့သို့ ကောင်းကင်ယံသို့တိုင် ပဲ့တင်ထပ်နေပြီး ကြမ်းတမ်းသော သားရဲကြီးတစ်ကောင် တောင်တန်းများနှင့် သစ်တောများအတွင်း ဟိန်းဟောက်နေသကဲ့သို့ ဖြစ်သည်ဟု ခံစားရ ကာ ရွှီပေါ်အန်း ခေတ္တမျှ တိတ်ဆိတ်စွာ နားထောင်နေမိလေသည်။

ယခုမှ နိုးလာသော ရွှီပေါ်အန်းသည် ဝေခွဲမရစွာဖြင့် ခေတ္တမျှ နားထောင်နေမိပြီး တေးဂီတသံ တဖြည်းဖြည်း တိုးညင်း သွားချိန်မှသာ သူ သတိပြန်လည်လာခဲ့လေ၏။

တေးဂီတသံသည် ဘွန်ဆိုင်းအလှပင်ဆီမှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။

ရွှီပေါ်အန်းသည် သူ၏ သိစိတ်ပင်လယ်ထဲရှိ ဘွန်ဆိုင်းဆီသို့ သူ၏ အာရုံကို အလျင်အမြန် စူးစိုက်လိုက်လေ၏။

ဘွန်ဆိုင်းအတွင်း၌ လမင်းကြီးသည် ကောင်းကင်ယံတွင် ထိန်လင်းစွာ သာယာနေပြီး ၎င်း၏ အလင်းရောင်မှာ မှန်ကဲ့သို့ ကြည်လင်နေခဲ့သည်။

ဤကဲ့သို့သော လရောင်မျိုးကို သူ မမြင်ရသည်မှာ အချိန်အတော်ကြာခဲ့လေပြီ။

ညအချိန် မြို့ပြကြီး။ လမင်းကြီး မကြီးမားလုံလောက်၍ မဟုတ်သကဲ့သို့ ညဘက် တိတ်ဆိတ်မှု မရှိ၍လည်း မဟုတ်ချေ။

သူ ကလေးဘဝတုန်းက ညအချိန်များ၌ လမ်းမီးများ မလိုအပ်ဘဲ လရောင်ဖြင့်ပင် လမ်းကို ရှင်းလင်းစွာ မြင်နိုင် ခဲ့ကြောင်းကို ရွှီပေါ်အန်း မှတ်မိနေသေးလေသည်။

မိုးရွာသော နေ့များမှလွဲ၍ နွေရာသီ၏ နေ့ရက်တိုင်းသည် ညင်သာသော လေပြေလေညင်းများနှင့် သာယာလှပ သော လရောင်တို့ဖြင့် ပြည့်နှက်နေလေ့ရှိ၏။

ယခုခေတ်တွင်မူ လမ်းမီးများ မရှိပါက ညဘက်များတွင် အမှောင်အတိ ကျနေလေ့ရှိသည်။ ကျွမ်းကျင်သူများက ဤသည်မှာ မီးခိုးမြူများကြောင့် ဖြစ်သည်ဟု ဆိုကြလေ၏။

ခေတ္တမျှ စဉ်းစားတွေးတောပြီးနောက် ရွှီပေါ်အန်းသည် အသံထွက်ပေါ်လာရာ ဇာစ်မြစ်ကို အလွယ်တကူ ရှာဖွေ တွေ့ရှိသွားခဲ့လေသည်။

နတ်ကွန်းခြံဝင်းအတွင်း၌ အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ညကောင်းကင်ယံရှိ ဝိုင်းစက်ထိန်လင်းနေသော လမင်းကြီးကို မျက်နှာမူလျက် ကျက်သရေရှိစွာ ထိုင်ကာ သူမ၏ နန်ချင်စောင်းကို တီးခတ်၍ သာယာလှပသော တေးသံသာတစ်ခုကို ဖန်တီးနေခဲ့လေ၏။

လရောင်အောက်မှ အမျိုးသမီးတစ်ဦး၏ အလွန်လှပသော ပန်းချီကားတစ်ချပ်ပင် ဖြစ်လေတော့သည်။

ဤအခြေအနေတွင် ရွှီပေါ်အန်းသည် ကဗျာတစ်ပုဒ်ကို အမှန်တကယ်ပင် စပ်ဆိုချင်စိတ် ပေါ်လာခဲ့၏။

ကံမကောင်းစွာဖြင့် သူ၏ ပညာရေးအဆင့်အတန်းက ခွင့်မပြုခဲ့ပေ။

ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီးနောက် ရွှီပေါ်အန်းသည် ကျောင်းသားဘဝ က သင်ယူခဲ့သော အသိပညာအများစုကို မေ့လျော့နေခဲ့သည်မှာ ကြာမြင့်နေခဲ့လေပြီ။

ထိုအနုပညာ အစွမ်းအစများ ယခု ဘယ်ရောက်သွားပြီနည်း။

ထိုအချိန်တွင် "အလွန် လှပလွန်းလှပါတယ်" ဟု အာမေဍိတ်သံ ပြုလိုက်ခြင်းသည်ပင် အမြင့်မားဆုံး ချီးမွမ်းမှု တစ်ခုအဖြစ် မှတ်ယူရမည် ဖြစ်ပေသည်။

တေးဂီတသံ ပြန်လည်စတင်လာပြန်ရာ ရွှီပေါ်အန်းသည် တောင်စောင့်နတ်မင်း နတ်ကွန်းခြံဝင်းအတွင်းရှိ အဖြူ ရောင်ဝတ်စုံနှင့် အမျိုးသမီးဆီသို့ သူ၏ အကြည့်ကို ဆက်လက် စူးစိုက်ထားလိုက်လေ၏။

ချန်ရှီရှီ ပင်ဖြစ်သည်။

ဤမိန်းကလေးသည် သန်းခေါင်ယံအချိန်ကြီး ထလာကာ ဖီဖာစောင်းကဲ့သို့သော တူရိယာတစ်ခုကို သယ်ဆောင် လာပြီး ဤနေရာတွင် မည်သို့သော ခံစားချက်မျိုးကို ဖော်ပြနေသနည်း။

ရွှီပေါ်အန်း မေးခွန်းတစ်ခု မေးတော့မည့်ဆဲဆဲမှာပင် ရုတ်တရက် စောင်းကြိုးများပေါ်ရှိ ချန်ရှီရှီ၏ လက်များမှာ သွက်လက်မြန်ဆန်လာခဲ့လေသည်။

ထို့နောက် သူမ၏ သွယ်လျသော လက်ချောင်းလေးများသည် စောင်းကြိုးများကို လျင်မြန်စွာ တီးခတ်လိုက်ပြီး တေးဂီတမှာ ပြန်လည်စတင်လာခဲ့ပြန်လေ၏။

တေးဂီတ ပြန်လည်စတင်လာသည်နှင့် ရွှီပေါ်အန်းသည် ဘွန်ဆိုင်းကို အလျင်အမြန် ဆင့်ခေါ်လိုက်ပြီး ခိုင်ခံ့သော ဗန်းတစ်ခုပေါ်တွင် တင်လိုက်လေသည်။ သူသည် ဖုန်းကင်မရာကို အမြန်ဖွင့်ကာ အကြိမ်အနည်းငယ်မျှ ချုံ့လိုက် ချဲ့လိုက် လုပ်ပြီးနောက် နောက်ဆုံးတွင် သင့်တော်သော ရှုထောင့်တစ်ခုကို ဖမ်းယူလိုက်ကာ ဗီဒီယို စတင်ရိုက် ကူးလေတော့၏။

တီးခတ်နေသော တေးဂီတမှာ သာယာငြိမ့်ညောင်းသော အစပိုင်းမှနေ၍ ဂီတ၏ အထွတ်အထိပ်သို့ တဖြည်း ဖြည်း မြင့်တက်သွားပြီးနောက် တဖြည်းဖြည်း ပြန်လည် ငြိမ်သက်သွားခဲ့လေသည်။

အလွန် လှပလွန်းလှသော မြင်ကွင်းပါတကား။

အစပိုင်းတွင် ရေပြင်ပေါ်၌ တိတ်ဆိတ်စွာ မျောပါနေသော လှေအထီးကျန်လေး တစ်စင်းနှင့် ဆင်တူနေခဲ့၏။

ထို့နောက် ဒေါသတကြီး ရိုက်ခတ်နေသော လှိုင်းလုံးများပါရှိသည့် ကြီးမားလှသော မြစ်ကြီးတစ်စင်းကဲ့သို့ ဖြစ် လာကာ မြစ်ကမ်းပါး၏ ကန့်သတ်ချက်များမှ ရုန်းထွက်လိုနေသော ကျေနပ်မှုမရှိသည့် ရေစီးကြောင်းများနှင့် တူနေပြန်လေသည်။

နောက်ဆုံးတွင် နေ့အလင်းရောင်မှ ညအမှောင်သို့ ပြောင်းလဲသွားကာ သည်းထန်စွာ ရွာသွန်းနေသော မိုးနှင့် မြင့်မားလှသော လှိုင်းလုံးကြီးများကြားတွင် ရဲရင့်စွာနှင့် မဆုတ်မနစ် ခုတ်မောင်းနေသော လှေငယ်လေးတစ် စင်းနှင့် ပုံစံတူသွားခဲ့လေ၏။

ရွှီပေါ်အန်းသည် သူ အရင်က သွားရောက်လည်ပတ်ခဲ့ဖူးသော ခမ်းနားကြီးကျယ်လှသည့် ဟူခိုရေတံခွန်နှင့် တိတ်ဆိတ်အေးချမ်းသော လောင်နျူပင်လယ်အော်တို့ကို ရုတ်တရက် သတိရသွားပြီး ၎င်းတို့အားလုံးကို ဤတေးဂီတအပိုင်းအစထဲတွင် ကိုယ်တိုင်ကိုယ်ကျ ခံစားရသကဲ့သို့ ဖြစ်သွားခဲ့လေသည်။

တေးဂီတမှာ ပြန်လည် နှေးကွေးသွားခဲ့ပြီး ရွှီပေါ်အန်းသည် မိမိကိုယ်ကို စိတ်ထဲမှနေ၍ ချီးကျူးလိုက်လေ၏။ သူသည် မှတ်တမ်းတင်လေ့ရှိသော အလေ့အကျင့်ကောင်းတစ်ခု ရှိနေသည့်အတွက် ဝမ်းသာမိပြီး ဤမျှ လှပ သော တေးဂီတနှင့် ရှုခင်းများကို သူ ဖမ်းယူနိုင်ခဲ့သည် မဟုတ်ပါလား။

ဆယ်မိနစ်ကျော် ကြာပြီးနောက် ချန်ရှီရှီသည် စောင်းကြိုးများကို ညင်သာစွာ တီးခတ်လိုက်ပြီး နောက်ဆုံး အသံကို အဆုံးသတ်လိုက်လေသည်။

ရွှီပေါ်အန်းမှာ သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ သူသည် အရင်က "ပြည့်တန်ဆာအိမ်တွင် တေးဂီတ နားဆင် ခြင်း" ကို မခံစားဖူးခဲ့သော်လည်း မမျှော်လင့်ဘဲ တိုက်ဆိုင်မှုသက်သက်ဖြင့် "လရောင်အောက်တွင် တေးဂီတကို နားဆင်ခြင်း" အဖြစ် အဆုံးသတ်သွားခဲ့လေ၏။

နောက်ဆုံးတွင် ရွှီပေါ်အန်း ရိုက်ကူးရေး ပြီးဆုံးသွားခဲ့သည်။ အကယ်၍ သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုသာ တိုးတက် မလာခဲ့လျှင် ဖုန်းကို ဤမျှကြာအောင် မလှုပ်မယှက် ကိုင်ထားရသဖြင့် သူ၏ လက်များမှာ သေချာပေါက် နာကျင် နေလောက်မည် ဖြစ်ပေသည်။

ချန်ရှီရှီ အထဲသို့ ပြန်ဝင်ရန် ထရပ်လိုက်သည်ကို မြင်သောအခါ ရွှီပေါ်အန်းက အလျင်အမြန် မေးလိုက်လေ၏။

"ချန်ရှီရှီ...၊ မင်း ခုနက တီးသွားတဲ့ တေးသွားနာမည်က ဘာလဲ...။"

ချန်ရှီရှီ လန့်သွားခဲ့သည်။ ရွှီပေါ်အန်း၏ အသံကို မှတ်မိသွားသောအခါ သူမသည် နတ်ကွန်းအတွင်းရှိ ရုပ်ထုများ ကို ရိုသေစွာ ဦးညွှတ်ပြီးမှ ပြန်လည်ဖြေကြားလိုက်လေ၏။

"တောင်စောင့်နတ်မင်းကြီးရဲ့ တရားရှုမှတ်မှုကို နှောင့်ယှက်မိတဲ့အတွက် ကျွန်တော်မျိုးမမှာ အပြစ်ရှိပါတယ်...။ တောင်စောင့်နတ်မင်းကြီးက အပြစ်ပေးပါလို့ မျှော်လင့်ပါတယ်...။"

ရွှီပေါ်အန်း ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်လေသည်။

"ကိစ္စမရှိပါဘူး...။ ဒီတေးဂီတက နားထောင်လို့ အရမ်းကောင်းပါတယ်...၊ ပြောရမယ်ဆိုရင်...၊ ဒီတေးဂီတက ကောင်းကင်ဘုံမှာပဲ ရှိသင့်တာပါ...။ လူ့လောကမှာ ဘယ်နှကြိမ်လောက် ကြားနိုင်မှာမို့လို့လဲ...။"

ရွှီပေါ်အန်း တွေးပြီးရင်း တွေးနေမိ၏။ ဤအခြေအနေနှင့် ကိုက်ညီစေရန် ဤစကားစုကို မိမိ ခိုးချရမည်ဟု သူ ဆုံးဖြတ်လိုက်လေသည်။

ချန်ရှီရှီသည် အံ့သြစွာဖြင့် မျက်တောင်ခတ်လိုက်ပြီး တိုးညှင်းစွာ ပြောလိုက်လေ၏။

"ကျွန်တော်မျိုးမရဲ့ စောင်းတီးခတ်မှုစွမ်းရည်က သာမန်ပါပဲ...။ ပြီးတော့ ဂီတစွမ်းရည်ကလည်း အဲဒီထက်တောင် နိမ့်ကျပါသေးတယ်...။ တောင်စောင့်နတ်မင်းဘိုးဘိုးကြီးဆီက ဒီလောက် မြင့်မားတဲ့ ချီးမွမ်းမှုကို ဘယ်လိုလုပ်ပြီး ခံယူထိုက်မှာလဲ...၊ ကျွန်တော်မျိုးမ လက်မခံဝံ့ပါဘူး...။"

သူမ ပြောစကားအရဆိုလျှင် ဤတေးဂီတကို ချန်ရှီရှီ ကိုယ်တိုင် ရေးဖွဲ့ခဲ့ခြင်း ဖြစ်လေသည်။

ရွှီပေါ်အန်း တော်တော်လေး အံ့အားသင့်သွားခဲ့၏။ ဤမျှ သာယာငြိမ့်ညောင်းသော တေးသွားသည် မဟာကျင့် မင်းဆက်တွင် ကျယ်ကျယ်ပြန့်ပြန့် ထင်ရှားသော နာမည်ကြီး တေးသွားတစ်ခုဟု သူ ထင်မှတ်ထားခဲ့မိလေသည်။

"ဒီတေးသွားကို မင်းကိုယ်တိုင် ရေးဖွဲ့ခဲ့တာလား...။"

ရွှီပေါ်အန်း ယုံကြည်ရန် ခက်ခဲနေဆဲ ဖြစ်လေသည်။

ချန်ရှီရှီ ခေါင်းအနည်းငယ် ညိတ်ကာ ပြောလိုက်လေ၏။

"ဒီတေးသွားက လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်တော်မျိုးမ ကိုယ်တိုင် ရေးဖွဲ့ခဲ့တာပါ...။ မူလက ပန်းဘုရင်မ ပြိုင်ပွဲမှာ ထိပ်ဆုံးသုံးနေရာအတွက် ယှဉ်ပြိုင်ဖို့ အသုံးပြုချင်ခဲ့တာပါ...။"

"သို့ပေမဲ့ နိမ့်ကျတဲ့ ဒီမိန်းမငယ်လေးက ရုပ်ဆင်းအင်္ဂါလည်း ညံ့ဖျင်းပြီး အကဲဖြတ်မှုမှာ ပါဝင်ဖို့ စွမ်းရည် လည်း မရှိပါဘူး...။ သင့်တော်တဲ့ နာမည်တစ်ခုကိုလည်း မစဉ်းစားရသေးပါဘူး...။ အကယ်၍ တောင်စောင့် နတ်မင်း ကြီးက သနားကြင်နာစွာနဲ့ နာမည်တစ်ခု ပေးသနားမယ်ဆိုရင် ကျွန်တော်မျိုးမကို ပေးသနားဖို့ ရိုသေစွာ တောင်း ဆိုပါတယ်...။"

အတည်ပြုနိုင်ပြီ ဖြစ်သည်။ ချန်ရှီရှီသည် အလွန်တော်သော တေးရေးဆရာ တစ်ဦးလည်း ဖြစ်လေ၏။

ပါရမီရှင်တစ်ဦးပင်။

အလှဆုံး ပြည့်တန်ဆာမလေးထံမှ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်လေသည်။

ရွှီပေါ်အန်း ခေတ္တမျှ စဉ်းစားကာ ခေါင်းကုတ်နေမိသော်လည်း တေးဂီတနှင့် ကိုက်ညီမည့် သင့်တော်သော နာမည် တစ်ခုကို စဉ်းစား၍ မရခဲ့ပေ။

ထားလိုက်ပါတော့။ မိမိ၏ ကြမ်းတမ်းပြီး မသေသပ်လှသော စွမ်းရည်များဖြင့် ဤမျှ သပ်ရပ်လှပသော တေးဂီတ မျိုးတွင် မပါဝင်သင့်ပေ။

ရွှီပေါ်အန်း စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်ပြီးမှ ပြောလိုက်လေ၏။

"မင်းက တေးဂီတကို ရေးဖွဲ့ခဲ့တာဆိုတော့ မင်းပဲ နာမည်ပေးတာက မှန်ကန်ပါတယ်...။ နာမည်တစ်ခု ဆုံးဖြတ်ပြီး သွားရင် ငါ့ကို အသိပေးဖို့ မမေ့နဲ့အုံး...။"

ချန်ရှီရှီ အနည်းငယ် ဦးညွှတ်ကာ ပြောလိုက်လေသည်။

"ကျေးဇူးတင်ပါတယ် တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...။ အကယ်၍ သင့်တော်တဲ့ နာမည်တစ်ခု စဉ်းစားမိရင် ကျွန်တော်မျိုးမ ချက်ချင်း သတင်းပို့ပါ့မယ်...။"

ရွှီပေါ်အန်းက ပြန်ပြောလိုက်လေ၏။

"လွယ်ပါတယ်...၊ ဒါပေမဲ့ မင်းက ဘာလို့ အခန်းထဲမှာ အနားမယူဘဲ သန်းခေါင်ယံအချိန်ကြီး ဒီနေရာကို ရောက် နေရတာလဲ...။"

ချန်ရှီရှီ ရှင်းပြလိုက်လေသည်။

"နေ့ခင်းဘက်တုန်းက ဦးလေးကျင်းက ပန်းချီဆွဲနိုင်တဲ့သူတွေကို စုစည်းပြီး တောင်စောင့်နတ်မင်း နတ်ကွန်း အတွက် သစ်လုံးအသစ်တွေပေါ်မှာ ပန်းချီကားတချို့ ရေးဆွဲချင်တယ်ဆိုလို့ပါ...။"

"ကျွန်တော်မျိုးမမှာ သိပ်ပြီး အရည်အချင်းမရှိပေမဲ့ နှစ်တွေတစ်လျှောက်လုံး ဂီတ၊ စစ်တုရင်၊ လက်ရေးလှနဲ့ ပန်းချီ အကြောင်း အတော်လေး သင်ယူခဲ့ရတာမို့ စမ်းကြည့်ဖို့ ဆန္ဒအလျောက် ပါဝင်ခဲ့တာပါ...။"

"ကျွန်တော်မျိုးမရဲ့ ကိုးရိုးကားယားနိုင်မှုကြောင့် ကမ်းပါးပေါ် အတက်အဆင်းလုပ်ရတာ တကယ်ကို ခက်ခဲတဲ့ အတွက် ဒီနေရာမှာပဲ ရိုးရိုးရှင်းရှင်း နေခဲ့တာပါ...။ ဘာပဲဖြစ်ဖြစ် တောင်စောင့်နတ်မင်းကြီး ကာကွယ်ပေးထား တဲ့အတွက် ကျွန်တော်မျိုးမ မကြောက်တဲ့အတွက် ပြန်မသွားခဲ့တာပါ...။"

"ဆွဲဆောင်မှုရှိတဲ့ လရောင်ကို မြင်ရပြီး ပင်ပန်းတဲ့ လက္ခဏာလည်း မတွေ့ရတဲ့အတွက် ကျွန်တော်မျိုးမရဲ့ စွမ်းရည်တွေကို လေ့ကျင့်တဲ့အနေနဲ့ လရောင်အောက်မှာ နန်ချင်စောင်းတီးဖို့ အပြင်ထွက်လာဖို့ ဆုံးဖြတ်ခဲ့တာ ပါ...။"

ဤသည်မှာ အစစ်အမှန် ကျွမ်းကျင်ပညာရှင်တစ်ယောက်၏ ပုံစံပင် ဖြစ်လေသည်။

သူမသည် ဂီတ၊ စစ်တုရင်၊ လက်ရေးလှနှင့် ပန်းချီအပါအဝင် အနုပညာအားလုံးတွင် ကျွမ်းကျင်သူ ဖြစ်လေ၏။

ဤအခြေအနေမျိုးတွင် ဖယောင်းတိုင်မီးရောင်အောက်၌ ညနက်ပိုင်း စကားစမြည်ပြောရန် ချန်ရှီရှီကို အပြင်သို့ ခေါ်ထုတ်ခြင်းသည် အလွန် ကောင်းမွန်မည် မဟုတ်ပါလား။

သူ၏ ဂနာမငြိမ်သော အတွေးများကို ဖိနှိပ်ထားရင်း ရွှီပေါ်အန်း ပေါ့ပေါ့ပါးပါး မေးလိုက်လေ၏။

"ဒါနဲ့...၊ မင်းရဲ့စောင်းက တော်တော်ကြည့်ကောင်းတာပဲ...။ အဲဒါ ဘယ်ကရတာလဲ...။"

ချန်ရှီရှီ ရှက်ရွံ့စွာဖြင့် ပြောလိုက်လေသည်။

"ဒီစောင်းက ကျွန်တော်မျိုးမနဲ့အတူ ရှိနေခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ...၊ ပုလင်းထဲမှာ ပုန်းနေခဲ့တဲ့နေ့က ကျွန်တော်မျိုးမ အရမ်း အလိုလိုက်ခံထားရတော့ အထဲမှာ သက်တောင့်သက်သာ မရှိဘူးလို့ ခံစားရလို့ အိပ်ရာ ခင်းကို ယူလာခဲ့ပါတယ်...။ အန္တရာယ်ကြုံလာရင် ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ဘာမှမရှိမှာကိုလည်း ကြောက်တဲ့ အတွက် ဒီစောင်းကို ကျွန်တော်မျိုးမနဲ့အတူ ယူဆောင်လာခဲ့တာပါ...။ တောင်စောင့်နတ်မင်းကြီးကို ရယ်မောစေ မိတဲ့အတွက် တောင်းပန်ပါတယ်...။ အကယ်၍ တောင်စောင့်နတ်မင်းကြီး သဘောကျတယ်ဆိုရင် ကျွန်တော်မျိုး မရဲ့ ကျေးဇူးတင်တဲ့အနေနဲ့ ဒီစောင်းကို ပူဇော်ဖို့ ဆန္ဒရှိပါတယ်...။"

ထို့ကြောင့် ဤအရာကို နန်ချင်စောင်းဟု ခေါ်ဆိုခြင်း ဖြစ်လေသည်။ ရွှီပေါ်အန်း ရယ်မောကာ ပြောလိုက်လေ၏။

"မလိုပါဘူး...၊ လူကြီးလူကောင်းဆိုတာ တခြားသူတွေ တန်ဖိုးထားတဲ့အရာကို မယူပါဘူး...။"

ဤမျှ သပ်ရပ်လှပသော တေးဂီတကို တီးခတ်နေသူတစ်ယောက်ထံမှ အလကား နားမထောင်သင့်ဟု ရွှီပေါ်အန်း တွေးမိသဖြင့် သူ၏ ဖုန်းတွင် ရှာဖွေကြည့်ရာ "အရပ်ဆယ်မျက်နှာမှ ချုံခိုတိုက်ခိုက်ခြင်း" ဟုခေါ်သော အလွန် ချီးကျူးခံရသည့် ဖီဖာစောင်း တေးသွားတစ်ခုကို တွေ့ရှိခဲ့လေသည်။ ထို့နောက် သူက ပြောလိုက်လေ၏။

"ငါ့ဆီမှာလည်း တေးသွားတစ်ခု ရှိတယ်...။ မင်းကို နားထောင်ဖို့ ငါ ပေးမယ်... ။ ဂီတကနေတစ်ဆင့် သူငယ်ချင်း ဖွဲ့တယ်လို့ မှတ်ယူလို့ရပါတယ်...။"

ချန်ရှီရှီ အနည်းငယ် ဦးညွှတ်ကာ ပြောလိုက်လေသည်။

"တောင်စောင့်နတ်မင်းကြီးရဲ့ ကောင်းချီးအတွက် ကျေးဇူးတင်ပါတယ်...။ ကျွန်တော်မျိုးမ သေသေချာချာ နားထောင်ပါ့မယ်...။"

သူ၏ ဖုန်းကို အထဲသို့ ထည့်ရန် စဉ်းစားနေစဉ်မှာပင် ပို၍ နီးကပ်စွာ တိုးသွားသောအခါ တူလို မြေနံရံအိမ်ရာထဲမှ ဟောက်သံအချို့ကို သူ ကြားလိုက်ရလေ၏။

ရွှီပေါ်အန်း သူ၏ လက်ကို ပြန်ရုပ်လိုက်လေသည်။ သန်းခေါင်ယံအချိန်တွင် ဖုန်းကို စပီကာဖွင့်၍ မြည်စေပါက မိုးကြိုးပစ်သကဲ့သို့ ဤလူများကို သေချာပေါက် နိုးသွားစေမည် ဖြစ်ပေသည်။

ခေတ္တမျှ စဉ်းစားပြီးနောက် ရွှီပေါ်အန်းသည် သူ၏ ဖုန်းတွင် ကြိုးတပ်နားကြပ်တစ်ခုကို တပ်လိုက်ပြီး အသံကို အနည်းငယ် တိုးလိုက်ကာ နားကြပ်တစ်ဖက်ကို တောင်စောင့်နတ်မင်း နတ်ကွန်းခြံဝင်းအတွင်းသို့ ညင်သာစွာ ချထားလိုက်လေ၏။

လမင်းအရွယ်အစားခန့်ရှိသော အဖြူရောင်အရာဝတ္ထုတစ်ခု ကောင်းကင်ယံမှ ရုတ်တရက် ကျလာသည်ကို ချန်ရှီရှီ ကြည့်နေစဉ် သူမ အလွန် လန့်သွားသဖြင့် နောက်သို့ ခြေနှစ်လှမ်း ဆုတ်သွားမိလေသည်။ ထို့နောက် တောင်စောင့်နတ်မင်းကြီး၏ အသံကို ထပ်မံ ကြားလိုက်ရပြန်လေ၏။

"ကိစ္စမရှိပါဘူး...၊ တခြားသူတွေရဲ့ အနားယူမှုကို မနှောင့်ယှက်မိစေဖို့ အသံပို့လွှတ်ရုံသက်သက် ဒါကို အသုံးပြု လိုက်တာပါ...။"

ချန်ရှီရှီက၊

"တောင်စောင့်နတ်မင်းဘိုးဘိုးကြီးက အရမ်းကို စဉ်းစားဆင်ခြင်နိုင်ပြီး ကြင်နာတတ်ပါတယ်...။ ကျွန်တော်မျိုးမ ကသာ အသိပညာမဲ့တာပါ...။" ဟု ပြောလိုက်လေသည်။

ထိုအရာ ကျဆင်းလာပြီးနောက် ၎င်းမှာ တောင်ကုန်းငယ်တစ်ခု၏ အရွယ်အစားရှိပြီး နကျယ်အုံပုံစံရှိကာ အပေါက်များဖြင့် ဖုံးလွှမ်းနေကြောင်း ချန်ရှီရှီ သတိပြုမိသွားခဲ့လေ၏။

တောင်စောင့်နတ်မင်းကြီး၏ သတိပေးချက် ရှိနေသော်ငြားလည်း ဤအမှောင်ပေါက်များထဲမှ ကြောက်မက်ဖွယ် ကောင်းသော ဘီလူးကြီးများ ထွက်လာနိုင်သည်ဟု ထင်မှတ်ရကာ ချန်ရှီရှီမှာ ကြောက်ရွံ့မှုကို ခံစားနေရဆဲပင်။

အပေါ်သို့ ထပ်ကြည့်လိုက်သောအခါ ဤအရာကြီးပေါ်တွင် တုတ်ခိုင်သော အဖြူရောင်ကြိုးတစ်ချောင်း ရှိနေပြီး ၎င်းမှာ ထိုအရာကြီး၏ အမြီးနှင့် တူနေလေသည်။

ကြိုးမှာ အလွန်တရာ ရှည်လျားလှပြီး မျက်စိတစ်ဆုံးအထိ ဆန့်တန်းနေကာ ကောင်းကင်ယံသို့ တိုက်ရိုက် ရောက်ရှိနေခဲ့၏။

ဤကြိုးပေါ်မှတစ်ဆင့် အင်မော်တယ်ကမ္ဘာအထိ လမ်းတစ်လျှောက်လုံး တွယ်တက်ရန် သူမအတွက် ဖြစ်နိုင်ခြေ ရှိမရှိကို ချန်ရှီရှီ ရုတ်တရက် တွေးတောမိသွားခဲ့လေတော့သည်။

All Chapters