အခန်း ၁၆၅
Vol. 17 Ch. 165
အခန်း (၁၆၅)
အမျိုးသမီးတစ်ဦးအပေါ် မှီခိုစားသောက်ခြင်း
မီဒီယာကုမ္ပဏီ ကိုယ်စားလှယ်တစ်ဦးဖြစ်သည်ဟု ဆိုသူထံမှ မက်ဆေ့ချ်ကို မြင်လိုက်ရချိန်တွင် ရွှီပေါ်အန်းက အလေးအနက် မထားခဲ့ချေ။
ပထမအချက်အနေဖြင့် အနည်းဆုံး လတ်တလောအချိန်၌ ချန်ရှီရှီကို ဖျော်ဖြေရေးလောကသို့ ဝင်ရောက်လာ လိမ့်မည်ဟု မျှော်လင့်ခြင်းမှာ လက်တွေ့မကျလှပေ။
ဒုတိယအချက်အနေဖြင့် ဤအရာမှာ အမှန် သို့မဟုတ် အမှားဖြစ်ကြောင်း မည်သူမှ မသိနိုင်ပေ။ အကယ်၍ အွန်လိုင်းမိတ်ဆွေတစ်ဦးက ပေါ့ပေါ့ပါးပါး နောက်ပြောင်ထားခြင်းသာ ဖြစ်နေနိုင်လေသည်။
ရွှီပေါ်အန်းတွင် အစစ်နှင့် အတုကို ခွဲခြားနေရန် အချိန်မရှိခဲ့ချေ။ ထို့ကြောင့် မှတ်ချက်များကို ခေတ္တမျှ ကြည့်ရှုပြီး နောက် ရွှီပေါ်အန်းက ဆက်လက် ဂရုမစိုက်တော့ပေ။
သူ၏ မိခင်ဖြစ်သူ ထန်ရုံကျီထံ ဖုန်းခေါ်ဆိုပြီးနောက် သူ၏ မိဘများသည် ဝမ်တန်း ပလာဇာတွင် ဈေးဝယ်နေဆဲ ဖြစ်ကြောင်း သိလိုက်ရသဖြင့် ရွှီပေါ်အန်းသည် ကုန်တိုက်အတွင်းသို့ လမ်းလျှောက်ဝင်သွားခဲ့လေ၏။
ဝမ်တန်း ပလာဇာ၏ ပထမထပ်သည် အများအားဖြင့် လက်ဝတ်ရတနာဆိုင်များနှင့် အဝတ်အထည်ဆိုင်များဖြင့် ပြည့်နှက်နေလေသည်။ အကြီးဆုံးဆိုင်မှာ စက်ဝိုင်းပုံစံ ဧရိယာ၏ အလယ်ဗဟိုတည့်တည့်တွင် တည်ရှိသော အရောင်းရုံးခန်းပင် ဖြစ်၏။ ၎င်းမှာ ဝမ်တာ့ ဗဟိုဗီလာ ဖောက်သည်အတွေ့အကြုံ စင်တာပင် ဖြစ်လေသည်။
ရွှီပေါ်အန်းသည် ထိုဗီလာကို ဤနေရာတွင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ ရွှီပေါ်အန်း ကုန်တိုက်အတွင်းသို့ ဝင်ရောက် လိုက်သည်နှင့် ဤနေရာကို မလွှဲမရှောင်သာ မြင်တွေ့လိုက်ရလေ၏။ သူ လှမ်းကြည့်လိုက်သောအခါ အရောင်း မန်နေဂျာ ထျန်ရှောင်ရို့က အိမ်ရာမော်ဒယ်ကို လက်ညိုးထိုးပြကာ ဖောက်သည်တစ်ဦးအား အိမ်အကြောင်း မိတ်ဆက်ပေးနေသည်ကို တိုက်ဆိုင်စွာ မြင်တွေ့လိုက်ရလေသည်။
ထျန်ရှောင်ရို့ကလည်း ဖြတ်လျှောက်သွားသော ရွှီပေါ်အန်းကို တိုက်ဆိုင်စွာ မြင်တွေ့သွားပြီး နှုတ်ခွန်းဆက်သည့် အနေဖြင့် ယဉ်ကျေးစွာ ပြုံးပြလိုက်လေ၏။ ရွှီပေါ်အန်းသည် ထျန်ရှောင်ရို့အပေါ် အမြင်ကောင်းရှိသဖြင့် ပြုံးပြ ကာ ခေါင်းညိတ်ပြပြီးနောက် ထွက်ခွာလာခဲ့လေသည်။
ရွှီပေါ်အန်းက သူ၏ မိဘများကို ရှာတွေ့သွားချိန်တွင် သူ၏ မိခင် ထန်ရုံကျီသည် မှန်တင်ခုံရှေ့တွင် သူမ၏ အဝတ်အစားသစ်များကို ကြည့်ရှုနေပြီး ချန်ဖိန်ဖိန်ကမူ ထန်ရုံကျီအတွက် အကြံဉာဏ်များ ပေးရန် ကြိုးကြိုး စားစား ကူညီပေးနေခဲ့သည်။
ထန်ရုံကျီ၏ ဝင်းပနေသော အပြုံးကို ကြည့်ရုံဖြင့် သူမသည် ရလဒ်အပေါ် တော်တော်လေး ကျေနပ်နေကြောင်း သိသာလှပေသည်။ ဖခင်ဖြစ်သူ ရွှီကျန်းချန်မှာမူ ဘေးဘက်ရှိ ဆိုဖာပေါ်တွင် အလုပ်မရှိ ထိုင်နေပြီး သူ၏ ဘေး တွင် ဖိနပ်ဘူးတစ်ဘူးရှိကာ ခြေထောက်တွင် နောက်ဆုံးပေါ် ခေတ်မီ ကျူလီကျန့် ဖိနပ်ကို စီးထားလေ၏။
ရွှီကျန်းချန်သည် ပတ်ဝန်းကျင်နှင့် အသားမကျသည့်အလား ဘယ်ညာလှည့်ကြည့်ရင်း အလွန် သက်သောင့်သက် သာ မရှိပုံဖြင့် ထိုင်နေခဲ့သည်။ ရွှီပေါ်အန်း နီးကပ်လာသည်ကို မြင်သောအခါ ရွှီကျန်းချန်သည် ကယ်တင်ရှင်ကို တွေ့လိုက်ရသည့်အလား အပြေးအလွှား ရှေ့သို့ တိုးလာခဲ့လေတော့သည်။
“ပေါ်အန်း...၊ မင်း ရောက်လာပြီပဲ...။ မင်းအမေတို့က တော်တော်လေး အားအင်ပြည့်ဝနေတာ...၊ နှစ်နာရီလောက် ရှိနေပြီကို သူတို့က မကျေနပ်သေးဘူး...။”
ရွှီပေါ်အန်းသည် သူ၏ အတိတ်က အဖြစ်အပျက်ကို ရုတ်တရက် သတိရသွားခဲ့၏။ အဝတ်အစားဝယ်ရန် ထွက် သွားတိုင်း ဆိုင်ထဲသို့ ဝင်သည်နှင့် သူသည် ထိုင်စရာနေရာကိုသာ ရှာဖွေလေ့ရှိသည်။ သေချာသည်မှာ ဈေးဝယ် ထွက်ခြင်းသည် အမျိုးသားများအတွက် နာကျင်စရာ အတွေ့အကြုံတစ်ခုပင် ဖြစ်လေသည်။
ရွှီပေါ်အန်းက ပြုံး၍ သူ၏ ဖခင်ကို နှစ်သိမ့်လိုက်လေသည်။
“အဖေ...၊ အမေက မြို့ထဲမှာ ဈေးဝယ်ထွက်တာ ရှားပါတယ်...။ ဒါကြောင့် အမေ့ကို အချိန်နည်းနည်းလောက် ပိုပေးလိုက်ပါ...။”
ရွှီကျန်းချန်က သက်ပြင်းချလိုက်လေ၏။
“ဟူး...၊ ငါတို့အားလုံး ဒီနေ့ ပြန်ဖို့ စီစဉ်ထားတာ...။ ဒါပေမဲ့ ရှောင်ချန်က သူ့ကို ဈေးဝယ်ထွက်ဖို့ လိုက်ပို့မယ် ဆိုတာ ကြားတာနဲ့ မင်းအမေက စိတ်ပြောင်းသွားတာပဲ...။ တကယ့် ပြဿနာပဲ...။”
ရွှီပေါ်အန်းက အလျင်အမြန် ပြောလိုက်လေသည်။
“ပြန်ဖို့ မလောပါနဲ့ဦး...။ ဒီအိမ်ကြီးက အရမ်းကျယ်တာ အဖေတို့ကိုယ်တိုင် မြင်တဲ့အတိုင်းပဲ...၊ ဘာလို့ ဒီလောက် အလောတကြီး ပြန်ချင်နေရတာလဲ...။ ဒီမှာ နည်းနည်းလောက် ပိုနေတာက သားကို သားသမီးဝတ္တရား ကျေပွန် ခွင့် ပေးတာပါပဲ...။”
ရွှီကျန်းချန်က ရွှီပေါ်အန်းကို မျက်စောင်းထိုးကြည့်ကာ ပြောလိုက်လေ၏။
“ဟေ့ကောင်...၊ မင်း ဒီမှာ ဘာလုပ်နေတာလဲ...။ ဒီအိမ်က မင်းဟာမှ မဟုတ်တာ...။”
ရွှီပေါ်အန်းသည် ခေတ္တမျှ အံ့အားသင့်သွားပြီးနောက် ရှုပ်ထွေးစွာဖြင့် မေးလိုက်လေသည်။
“ဟမ်...၊ အဖေ ဘာတွေပြောနေတာလဲ...။”
ရွှီကျန်းချန်က မိမိက အားလုံးသိနေသည် ဟူသော အကြည့်ဖြင့် ကြည့်ကာ တိုးညင်းစွာ ပြောလိုက်လေ၏။
“မင်း လူလည်လေး...။ မင်းအမေနဲ့ ငါက အိုမင်းမစွမ်း ဖြစ်နေပြီလို့ တကယ် ထင်နေတာလား...။ မင်းအမေနဲ့ ငါ စုံစမ်းပြီးသွားပြီ...။ ဒီဗီလာက ယွမ် ဆယ်သန်းကျော် တန်တယ်ဆိုတာ...။”
“မင်း အလုပ်လုပ်နေတာ ဘယ်လောက်ကြာပြီလဲ...၊ မင်း ဝင်ငွေကောင်းရင်တောင် သည်လောက် ဈေးကြီးတဲ့ ဗီလာကို မင်း ဝယ်နိုင်မှာ မဟုတ်ဘူး...။ ဒါ့အပြင် မင်း ကွာရှင်းထားတာ ရက်အနည်းငယ်ပဲ ရှိသေးတယ်...။ သေချာပေါက် အဲဒီပိုက်ဆံရဲ့ တစ်ဝက်က ခွဲဝေပြီးသွားပြီ မဟုတ်လား...။”
ရွှီပေါ်အန်းသည် သူ၏ ဖခင်က ဤကိစ္စကို ရုတ်တရက် ထုတ်ပြောလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ဘဲ မသိ စိတ်မှ ရှင်းပြလိုက်လေသည်။
*အဖေ... အဖေနဲ့ အမေက သားအတွက် စိတ်ပူနေတယ်ဆိုတာ သား သိပါတယ်...။ ဒါပေမဲ့ စိတ်မပူပါနဲ့...၊ သား ရဲ့ လစာက တကယ်တော့ အဖေတို့ ထင်ထားတာထက် အများကြီး ပိုများပါတယ်...။ ပြီးတော့ သားတို့ ဆောက် လုပ်ရေး အလုပ်သမားတွေက အဓိကအားဖြင့် စီမံကိန်း အမြတ်ဝေစုတွေနဲ့ အပိုဆုကြေးတွေကို အားကိုးရတာ ပါ...။ ဒီအိမ်က တကယ်ကို သားပိုင်တာပါ...။*
ရွှီကျန်းချန်က သားဖြစ်သူ၏ ပခုံးကို ပုတ်ကာ ပြောလိုက်လေ၏။
“ပေါ်အန်း... မင်းမှာ ပိုက်ဆံတချို့ ရှိတယ်ဆိုတာ ငါ သေချာပေါက် သိပါတယ်...။ မဟုတ်ရင် ဟိုနေ့က မင်းရဲ့ ဝမ်းကွဲမင်္ဂလာဆောင်မှာ မင်း သည်လောက် ရက်ရက်ရောရော ရှိနေမှာ မဟုတ်ဘူး...။ မျက်တောင်တစ်ချက် မခတ်ဘဲ ပိုက်ဆံတွေ အများကြီး သုံးပစ်ခဲ့တာလေ...။ ဒါပေမဲ့ ဒီအိမ်က မင်းဟာလို့ ပြောရအောင် မင်းမှာ အိမ်ခြံ မြေ ပိုင်ဆိုင်မှု လက်မှတ် ရှိလို့လား...။”
ရွှီပေါ်အန်းက နှုတ်ခမ်းကို တွန့်လိုက်လေသည်။ သူ့ထံတွင် တကယ်ပင် မရှိခဲ့ချေ။ သူ အိမ်ဝယ်ခဲ့သည်မှာ ရက်အနည်းငယ်သာ ရှိသေးသည်။ အိမ်ရာဆောက်လုပ်ရေး ကုမ္ပဏီနှင့် ဘဏ်တို့တွင် လုပ်ထုံးလုပ်နည်းများ မပြီးပြတ်သေးသဖြင့် အိမ်ခြံမြေ ပိုင်ဆိုင်မှု လက်မှတ် ထုတ်မပေးသေးပေ။
“အဖေ...၊ သားမှာ အိမ်ဝယ်ယူမှု စာချုပ် ရှိတယ်...။ အဖေ မယုံရင် သား ပြန်သွားပြီး ပြမယ်...။”
ရွှီပေါ်အန်းက ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်လေ၏။
ရွှီကျန်းချန်က လက်ယမ်းပြကာ ပြောလိုက်လေသည်။
“သည်အကြောင်း ဆက်မပြောကြရအောင်...။ မင်းအမေနဲ့ ငါ တိုင်ပင်ပြီးသွားပြီ...။ ငါတို့အိမ်ကို ဖျက်ရင် ငါတို့ က နစ်နာကြေး ပိုတောင်းမယ်...။ ငါတို့က အိမ်ကို နည်းနည်းပဲ တောင်းမယ်...။ ဒါမှမဟုတ် လုံးဝ မတောင်းဘဲ နေလို့ရတယ်...။ အဲဒီပိုက်ဆံကို အိမ်ဝယ်ဖို့ သုံးမလား...၊ ဒါမှမဟုတ် စီးပွားရေးမှာ ရင်းနှီးမြှုပ်နှံမလား ဆိုတာကို မင်း ဆုံးဖြတ်နိုင်တယ်...။ ဘယ်လိုပဲဖြစ်ဖြစ် မင်းအမေနဲ့ ငါ့မှာ တခြား အသုံးစရိတ်မှ မရှိတာ...။”
ရွှီပေါ်အန်းက အလျင်အမြန် ပြောလိုက်လေ၏။
“ဟင့်အင်း အဖေ...၊ သား အဖေတို့ ပိုက်ဆံကို မလိုချင်ပါဘူး...။ ဒါ့အပြင် သား တကယ်ပဲ အခုချိန်မှာ ပိုက်ဆံ မလိုအပ်သေးပါဘူး...။”
ရွှီကျန်းချန်က သားဖြစ်သူ၏ ပခုံးကို ပုတ်ကာ ပြောလိုက်ပြန်လေသည်။
“ပေါ်အန်း...၊ မင်းက အမြဲတမ်း စိတ်ဓာတ်ခိုင်မာတယ် ဆိုတာ ငါ သိပါတယ်...။ ဒါပေမဲ့ မင်းရဲ့ အဖေဖြစ်တဲ့ ငါက အရည်အချင်း သိပ်မရှိတော့ မင်းကို သိပ်မကူညီနိုင်ခဲ့ဘူး...။ အခု နောက်ဆုံးတော့ ဒီအခွင့်အရေး ရလာပြီဆို တော့ ဒီတစ်ခါတော့ မင်းကို ခေါင်းမော့နိုင်အောင် ငါ ကူညီပေးရမယ်...။”
ရွှီပေါ်အန်း ထပ်မံ ရှုပ်ထွေးသွားပြီး မေးလိုက်လေ၏။
“ဟမ်...၊ အဖေ ဘာကို ဆိုလိုတာလဲ...။ အဖေ...၊ သား သိပ်နားမလည်ဘူး...။”
ရွှီကျန်းချန်က အရာအားလုံးကို ဖြတ်သန်းဖူးသူ တစ်ဦး၏ အမူအရာဖြင့် ပြောလိုက်လေသည်။
“ငါ့ရှေ့မှာ ဟန်ဆောင်နေတုန်းပဲလား...။ ဟို ရှောင်ချန်က သဘောကောင်းပါတယ်...။ မင်းအတွက် ပိုက်ဆံသုံးဖို့ ဆန္ဒရှိတယ်...၊ ဒါပေမဲ့ ငါတို့က ယောက်ျားတွေလေ...၊ လောကကြီးကို ဂရုမစိုက်ဘဲ မိန်းမတစ်ယောက်ကို မှီခိုပြီး အေးအေးဆေးဆေး ထိုင်စားနေလို့ မရဘူးလေ...။”
“ဘာ...၊ မိန်းမကို မှီခိုစားနေတယ်...။”
ရွှီပေါ်အန်းသည် တစ်စုံတစ်ရာကို နားလည်သွားသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရလေ၏။
ရွှီကျန်းချန်က တိုးညင်းစွာ ပြောလိုက်လေသည်။
“မင်း လူလည်လေး...၊ မင်း ဝန်မခံချင်သေးဘူးလား...။ မင်းအမေနဲ့ ငါက ရှောင်ချန် အဝတ်အစား ရောင်းတယ် ဆိုတာ အရင်က သိခဲ့တာပါ...။ လမ်းဘေးက ဆိုင်ငယ်လေး တစ်ဆိုင်လို့ပဲ ထင်ခဲ့တာ...။ သူမက ဒီလောက်ကြီး တဲ့ ကုန်တိုက်ကြီးမှာ စီးပွားရေး လုပ်နေတယ်ဆိုတာ ဘယ်သူ သိမှာလဲ...။ အဲဒီဆိုင်က ယွမ် သန်းပေါင်းများစွာ တန်လောက်တယ်...။”
ရွှီပေါ်အန်းက ခေါင်းညိတ်လိုက်ပြီး အမှန်အတိုင်း ပြောလိုက်လေ၏။
“ဪ...၊ ဟုတ်တယ်...။ ယွမ် သန်းပေါင်းများစွာ တန်ပါလိမ့်မယ်...။”
“မင်း လူလည်လေး...။ နောက်ဆုံးတော့ မင်းကိုယ်မင်း ဖွင့်ဟလိုက်ပြီ မဟုတ်လား...။”
'ငါ သိသားပဲ' ဟူသော မျက်နှာအမူအရာဖြင့် ရွှီကျန်းချန်က ပြောလိုက်လေသည်။
“မဟုတ်ပါဘူး...၊ သားက ဘာကို ဖွင့်ဟမိလို့လဲ...။”
ရွှီပေါ်အန်းက ရှုံ့မဲ့မဲ့ ပြုံးရင်း ပြောလိုက်လေ၏။
ရွှီကျန်းချန်က ရယ်မောကာ ပြောလိုက်လေသည်။
“အဲဒီ ဗီလာက ရှောင်ချန် ပိုင်တာ မဟုတ်လား...။”
ရွှီပေါ်အန်းက ကူကယ်ရာမဲ့စွာ ပြုံးရင်း ပြောလိုက်လေ၏။
“အဖေ...။ ဘာလို့ ဒီလို ထင်ရတာလဲ...။”
ရွှီကျန်းချန်က ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်လေသည်။
“ဟား…ဟား...၊ မင်းအဖေ အရင်က ဘာလုပ်ခဲ့သလဲ ဆိုတာကို မင်း မေ့သွားပြီလား...။ ရွာရဲ့ ပူးပေါင်း ကာကွယ်ရေးအဖွဲ့မှာ ရှိခဲ့တာလေ...။ ဒီသဲလွန်စလေးတွေကို ငါ ရှာမတွေ့နိုင်ဘူးလို့ မင်း ထင်နေတာလား...။ ဥပမာအနေနဲ့ အဲဒီဗီလာကိုပဲ ကြည့်...၊ အဓိက ပရိဘောဂ လုပ်ဆောင်ချက်တွေ အားလုံးကစပြီး ဆီ၊ ဆား၊ ပဲငံပြာရည်နဲ့ ရှာလကာရည် ထားသိုမှုတွေအထိ ရှောင်ချန်က အရာအားလုံးကို သိပြီး အရာအားလုံးကို နားလည်နေတယ်...။”
“ပြီးတော့ မင်းကိုယ်မင်း ပြန်ကြည့်ဦး...။ မင်းက ထမင်းစားနေရင်တောင် မင်းရဲ့ တူတွေကို ရှာဖို့ အချိန်အကြာ ကြီး ယူနေရတာလေ...။ ဒါ့အပြင် ရှောင်ချန်က ဒီလောက်ကြီးတဲ့ စီးပွားရေးလုပ်ငန်းကို စွန့်လွှတ်ပြီး ငါတို့ကို နေ့တိုင်း ပြုစုစောင့်ရှောက်ပေးတယ်...။ တစ်နေ့ကို သုံးနပ် ပြင်ဆင်ပေးတယ်...။ ငါတို့ကို ခရီးထွက်ဖို့ ခေါ်သွား တယ်...။ ပြီးတော့ မင်းအမေနဲ့ ငါ့ကို အဝတ်အစားတွေ ဝယ်ဖို့ ခေါ်သွားတယ်...။ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒါတွေအားလုံးက သူမက မင်းကို သဘောကျလို့ မဟုတ်ဘူးလား...။”
ရွှီပေါ်အန်းက ရယ်မောလိုက်ပြီး နောက်ပြောင်လိုက်လေ၏။
“အဖေ...၊ အဖေ့မှာ ဒီလောက်တောင် ကောင်းတဲ့ စိတ်ကူးယဉ်ဉာဏ် ရှိမှန်း သား အရင်က တစ်ခါမှ မသိခဲ့ဘူး...။”
ရွှီကျန်းချန်က ဟန်ဆောင် ဒေါသထွက်ကာ ပြောလိုက်လေသည်။
“ငါ့လာပြီး လုပ်မနေနဲ့...။ ဒါဆို မင်းက မိန်းမကို မှီခိုနေရတာကို ရှက်နေတာပေါ့လေ...။ အကောင်းဘက်က တွေးကြည့်စမ်းပါ...၊ ငါတို့က ဘယ်ခေတ်မှာ နေနေတာလဲ...။ ပျော်ရွှင်မှုက အရေးအကြီးဆုံးပဲ...၊ မင်း အဆင် ပြေနေသရွေ့ ဒါက အရေးကြီးဆုံးပဲ...။”
“ဒါ့အပြင် မင်းအမေနဲ့ ငါက ရှောင်ချန်ကို တော်တော်လေး ကောင်းတဲ့သူ...။ ယုံကြည်စိတ်ချရတဲ့သူလို့ ထင် တယ်...၊ ဖျက်သိမ်းမှုကနေ ငါတို့ရဲ့ နစ်နာကြေးငွေ ရလာတာနဲ့ အဲဒါကို ဘယ်လို ရင်းနှီးမြှုပ်နှံမလဲဆိုတာ မင်းတို့ ဆွေးနွေးလို့ ရပြီ...။ ရှောင်ချန်ရဲ့ စီးပွားရေးက တော်တော်လေး ကြီးမားတယ်...၊ သူမနဲ့ မကြာခဏ တိုင်ပင်သင့် တယ်...။”
ကျန်းမာရေး ထုတ်ကုန်များ၊ ဆေးဘက်ဝင် လက်ဖက်ရည်များ၊ ခြေဆေးပေါင်ဒါများနှင့် အခြားအလားတူ ပစ္စည်းများကို ရောင်းချသော အရောင်းအဖွဲ့များသည် သက်ကြီးရွယ်အိုများကို ဖောက်သည်များအဖြစ် အဘယ်ကြောင့် ပစ်မှတ်ထားကြသနည်း ဆိုသည်ကို ရွှီပေါ်အန်း ရုတ်တရက် နားလည်သွားခဲ့လေ၏။
ပြောစရာပင် မလိုပေ... သက်ကြီးရွယ်အိုများကို လှည့်စားရန် အလွန် လွယ်ကူလွန်းလှသည်။ တစ်စုံတစ်ဦးကို ယုံကြည်ရန် လွယ်ကူလှပေသည်။
ချန်ဖိန်ဖိန်သည် သူ၏ မိဘများနှင့် ရက်အနည်းငယ်သာ အချိန်ဖြုန်းခဲ့ရသော်လည်း သူမသည် သူတို့၏ စိတ်နေ သဘောထားကို လုံးဝ ဆုပ်ကိုင်နိုင်ခဲ့လေပြီ။ သို့သော်လည်း ရွှီပေါ်အန်းက တော်တော်လေး ပျော်ရွှင်နေခဲ့သည်။ အနည်းဆုံးတော့ သူ၏ ငွေများ အလဟဿ မဖြစ်ခဲ့ကြောင်းနှင့် ချန်ဖိန်ဖိန်သည် သူ၏ မိဘများကို အမှန်တကယ် ဂရုစိုက်ကြောင်း ဤအရာက သက်သေပြနေလေ၏။
ရွှီပေါ်အန်းက ရှင်းပြရန် ပြင်လိုက်စဉ်မှာပင် သူ၏ မိခင် ထန်ရုံကျီက လှမ်းခေါ်လိုက်လေသည်။
“ပေါ်အန်း...၊ မင်း လာမယ်ဆိုတာကို ငါ့ကို တောင် မပြောဘူး...။ ဒီအဝတ်အစား နှစ်စုံထဲက ဘယ်တစ်ခုက ပိုကြည့်ကောင်းလဲဆိုတာ လာကူကြည့်ပေးပါဦး...။”
ထန်ရုံကျီသည် မူလက အလွန် ချွေတာသော ဘဝကို ဖြတ်သန်းခဲ့သူ ဖြစ်သည်။ ရွှီပေါ်အန်း၏ မှတ်ဉာဏ်ထဲတွင် သူ၏ မိခင်သည် အဝတ်အစား ဝယ်လေ့ ဝယ်ထ သိပ်မရှိခဲ့ပေ။ နောက်ပိုင်းတွင် မိသားစု၏ ဘဏ္ဍာရေး အခြေ အနေ တိုးတက်လာမှသာ ဈေးမှ အထည်အချို့ ဝယ်ယူကာ ကိုယ်တိုင် အဝတ်အစားသစ်များ ချုပ်လုပ်ဝတ်ဆင် ရန် ဆန္ဒရှိခဲ့ကြခြင်း ဖြစ်လေသည်။
နောက်ပိုင်းတွင် ရွှီပေါ်အန်း အလုပ်စလုပ်ပြီး ဝင်ငွေ ကောင်းကောင်း ရလာပြီးနောက် တရုတ်နှစ်သစ်ကူး ကာလ အတွင်း ထန်ရုံကျီသည် ပြည်သူ့ကုန်တိုက်၌ ဂါဝန်အသစ်တစ်ထည် ဝယ်ယူနိုင်ရန် နောက်ဆုံးတွင် တတ်နိုင်ခဲ့လေ သည်။
“အမေ...၊ ဒီနှစ်စုံလုံး ကြည့်ကောင်းတယ်...။ ဒါတွေ အတူတူ မဝယ်လိုက်ဘူးလား...။”
ယနေ့ခေတ် ရွှီပေါ်အန်းအတွက်မူ အဝတ်အစား နှစ်ထည်မပြောနှင့် အိမ်နှစ်လုံး ဝယ်လျှင်ပင် မျက်တောင် တစ်ချက် ခတ်မည် မဟုတ်ပေ။
“အဓိပ္ပာယ် မရှိတာ...၊ မင်း လူလည်လေး...။ မင်း ငွေဖြုန်းတဲ့သူ...။ ဖိန်ဖိန်...၊ မင်း အဒေါ့်ကို ကူညီပြီး သူ့ကို စောင့်ကြည့်ပေးရမယ်...။ သူ့ကို ဒီလောက် စည်းကမ်းမဲ့ ခွင့်မပြုနဲ့...။”
ကောင်းပြီ...။ သူ၏ မိဘများသည် သူ၏ ဇနီးအပေါ် မှီခိုစားသောက်နေသည့် အပြုအမူနှင့် ပတ်သက်၍ သဘော တူညီမှု တစ်ခုနီးပါး ရရှိသွားပုံပေါ်လေသည်။
ချန်ဖိန်ဖိန်က ပါးစပ်ကို ဖုံးကာ ရယ်မောရင်း ပြောလိုက်လေ၏။
“အန်တီ...၊ မြင်လား...။ အန်တီက အဝတ်အစား နှစ်စုံလုံးနဲ့ ကြည့်ကောင်းတယ်လို့ သမီး ပြောသားပဲ...။ အန်တီ က ဒီကို ဈေးဝယ်လာတာ ရှားတော့ နှစ်စုံလုံးကို ဝယ်လိုက်ပါ...။ သမီးမှာ ဒီက ရွှေကတ် အသင်းဝင် ရှိတော့ ၁၀ ရာခိုင်နှုန်း လျှော့ဈေး ရနိုင်တယ်...။”
ရွှီကျန်းချန်က လက်လှမ်းကာ ရွှီပေါ်အန်း၏ လက်မောင်းကို ထိလိုက်ပြီး တီးတိုး ပြောလိုက်လေသည်။
“ရှောင်ချန်မှာ ပိုက်ဆံ ဘယ်လောက်တောင် ရှိနေတာလဲ...။ ဒီဆိုင်တွေ အများကြီးမှာ သူမက ဘယ်လိုလုပ် အသင်းဝင် ဖြစ်နေရတာလဲ...။”
ရွှီပေါ်အန်းက ရယ်မောကာ ပြောလိုက်လေ၏။
“အဖေ... အဖေ အများကြီး တွေးနေပြန်ပြီ...။ ချန်ဖိန်ဖိန်က ဒီမှာ ဆိုင်ရှင်လေ...။ ဆိုင်ရှင်တွေ အချင်းချင်း အသင်းဝင်ကတ်တွေ လဲလှယ်ကြတာက လုံးဝ ပုံမှန်ပါပဲ...။”
ရွှီကျန်းချန်က နားလည်သွားသည့်အလား ခေါင်းညိတ်လိုက်ပြီး ပြောလိုက်လေသည်။
“လုံခြုံရေး အစောင့်တွေ ခေါ်နေတဲ့ ဆိုင်းဘုတ်ကို တံခါးမှာ ငါ ခုလေးတင် မြင်လိုက်တယ်...။ လုံခြုံရေး အစောင့် တွေက တစ်လကို သုံးထောင်ကျော် ရနိုင်တယ်လို့ ရေးထားတယ်...။ ငါ ဒီမှာ လုံခြုံရေး အစောင့်အဖြစ် အလုပ် လုပ်လို့ ရမလား ဆိုတာကို ရှောင်ချန်ကို ကူညီစုံစမ်းခိုင်းရင် ကောင်းမလား...။”
ရွှီပေါ်အန်းက ရှုံ့မဲ့မဲ့ ပြုံးရင်း ပြောလိုက်လေ၏။
“အဖေ... အဖေ့မှာ တကယ်ပဲ လုပ်စရာ အလုပ်မရှိဘူး ဆိုရင်တောင် ဒီမှာ လုံခြုံရေး အစောင့်အဖြစ် ဘာလို့ အလုပ်လုပ်မှာလဲ...။ ဒါက အရမ်း ပင်ပန်းတယ်...၊ သားတို့ ကုမ္ပဏီမှာ လုံခြုံရေး အစောင့် လုပ်ရတာက ပိုပြီး သက်သောင့်သက်သာ ရှိလိမ့်မယ်...။”
ရွှီကျန်းချန်က ခေါင်းယမ်းလိုက်ပြီး ပြောလိုက်လေသည်။
“သက်သောင့်သက်သာ ဖြစ်တော့ ဘာအသုံးကျမှာလဲ...။ အဓိကက ပိုက်ဆံရှာဖို့ပဲလေ...။”
ရွှီပေါ်အန်းက မေးလိုက်လေ၏။
“ဖျက်သိမ်းမှု နစ်နာကြေးကြောင့် သားတို့ မိသားစုက ချမ်းသာတော့မှာကို...။ ဘာလို့ ဒီပိုက်ဆံလေးကို ရှာဖို့ စဉ်းစားနေသေးတာလဲ...။”
ရွှီကျန်းချန်က ခေါင်းယမ်းလိုက်ပြီး ပြောလိုက်လေသည်။
“ဖျက်သိမ်းခံရတဲ့ မြေက မင်းရဲ့ အဘိုးအဘွားတွေ ပိုင်တာလေ...။ အဲဒါက အဓိကအားဖြင့် မင်းအမေ မိသားစုရဲ့ မြေပဲ...။ အဲဒါက ငါ့ကို အလကား ခိုကပ်စားနေတဲ့သူ တစ်ယောက်လို ဖြစ်စေတယ်...။”
“ဒါဆို အဖေကလည်း မှီခိုစားသောက်တဲ့သူ မဖြစ်ချင်ဘူးပေါ့လေ...။”
ရွှီပေါ်အန်းက မကျေနပ်မှု အနည်းငယ်ဖြင့် သူ၏ ဖခင်ကို ကြည့်လိုက်လေ၏။
ရွှီကျန်းချန်က ပြောလိုက်လေသည်။
“အဓိပ္ပာယ် မရှိတာတွေ ပြောမနေနဲ့...။ ငါက ကိုယ့်အတွက် အရန်အစီအစဉ် တစ်ခု ပြင်ဆင်နေရုံပါ...။”
ရွှီပေါ်အန်းက ရယ်မောလိုက်ပြီး ပြောလိုက်လေ၏။
“ကောင်းပါပြီ အဖေ...၊ အဖေ့ရဲ့ အရန်အစီအစဉ်ကို သား တာဝန်ယူပါတယ်...။ သား နောက်ကျရင် အဖေ့ကို သားရဲ့ ကုမ္ပဏီဆီ အလည်ခေါ်သွားမယ်...။ ပြီးတော့ သားတို့ လုံခြုံရေး အလုပ်က ဘယ်လိုလဲ ဆိုတာ အဖေ့ကို ပြမယ်...။”
သူတို့နှစ်ဦး စကားပြောနေစဉ်မှာပင် ချန်ဖိန်ဖိန်သည် ထန်ရုံကျီ၏ အဝတ်ဟောင်းများကို ထုပ်ပိုးရန် ဆိုင်ဝန်ထမ်း အား ချော့မော့ပြောဆိုကာ အဝတ်အစားသစ်များအတွက် ငွေပေးချေပြီးဖြစ်လေသည်။
“ရှောင်ချန်...၊ ဒီလို လုပ်လို့ မဖြစ်ဘူးလေ...။ မင်းကိုပဲ အမြဲတမ်း ပိုက်ဆံပေးခိုင်းဖို့ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ။”
ချန်ဖိန်ဖိန်က ပြုံး၍ ပြောလိုက်လေ၏။
“အန်တီ...၊ သမီးအပေါ် အရမ်း အားမနာပါနဲ့...။ ပေါ်အန်းက သမီးကို အများကြီး ကူညီပေးခဲ့တာပါ...။ ဒီကိစ္စ လေးက ဘာမှ မဟုတ်ပါဘူး...။ သမီးဆိုင်မှာ ရှိတဲ့ အရာတွေကို အန်တီ မကြိုက်တာက နှမြောစရာပဲ...။ မဟုတ် ရင် သမီးက အန်တီ့ကို နေ့တိုင်း တစ်ထည်စီ လဲဝတ်ဖို့ ပေးမှာ...။”
ထန်ရုံကျီနှင့် ချန်ဖိန်ဖိန်တို့သည် အပြုံးကိုယ်စီဖြင့် ရှေ့မှ စကားပြောရင်း လမ်းလျှောက်သွားကြလေသည်။ ရွှီပေါ်အန်းနှင့် သူ၏ ဖခင် ရွှီကျန်းချန်တို့က နောက်မှ လိုက်လာခဲ့ပြီး ရွှီပေါ်အန်းက သူ၏ ဖခင်ကို ပတ်ဝန်းကျင်ရှိ ဆိုင်များအကြောင်းကို တစ်ခါတစ်ရံ မိတ်ဆက်ပေးလေ၏။
သူတို့ လမ်းလျှောက်လာရင်း ထန်ရုံကျီနှင့် ချန်ဖိန်ဖိန်တို့၏ နောက်မှ အဝတ်အထည်ဆိုင် တစ်ဆိုင်အတွင်းသို့ ဝင်လိုက်သည်နှင့် ဆိုင်အတွင်းမှ နှုတ်ခွန်းဆက်စကား တစ်ခွန်း ရုတ်တရက် ထွက်ပေါ်လာခဲ့လေသည်။
“အထွေထွေမန်နေဂျာရွှီ...။”
ရွှီပေါ်အန်း အသံလာရာဆီသို့ လှမ်းကြည့်လိုက်သောအခါ လျှိုချွမ်နှင့် အမျိုးသမီးတစ်ဦးတို့ အဝတ်အထည် ဆိုင်တွင် ယှဉ်တွဲရပ်လျက် တစ်စုံတစ်ရာကို ဆွေးနွေးနေပုံရသည်ကို တွေ့လိုက်ရလေ၏။
လျှိုချွမ်၏ အသွင်အပြင်မှာမူ ယခင်ကဲ့သို့ပင် ပြောင်ချောချော နိုင်လှပေသည်။ သို့သော်လည်း သူ၏ ဘေးရှိ အမျိုးသမီးမှာ တော်တော်လေး ဆွဲဆောင်မှု ရှိလေ၏။
ထိုအမျိုးသမီးသည် အရပ် (၁.၇) မီတာခန့် ရှိပြီး အညိုရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ သူမ၏ ဆံပင်များကို ပခုံးပေါ်သို့ သေသပ်စွာ ဖြီးသင်ထားပြီး ဖြူဝင်းနူးညံ့သော အသားအရေနှင့် အလွန် ကောင်းမွန်သော စိတ်နေ သဘောထား ရှိလေသည်။
ဤဝတ်စုံသည် ဒေါက်မြင့်ဖိနပ်နှင့် တွဲဖက်လိုက်ပါက ပို၍ပင် ကြည့်ကောင်းမည် ဖြစ်သည်။ သို့သော်လည်း သူမနှင့် လျှိုချွမ်ကြားရှိ အရပ်အမောင်း ကွာခြားမှုကို အဆင်ပြေစေရန်အတွက် ဖြစ်ကောင်းဖြစ်နိုင်မည်... ထို အမျိုးသမီးသည် ဒေါက်နိမ့်ဖိနပ် တစ်ရံကိုသာ စီးထားလေ၏။
“တိုက်ဆိုင်လိုက်တာ အထွေထွေမန်နေဂျာရွှီ...။”
ရွှီပေါ်အန်း လှမ်းကြည့်နေသည်ကို မြင်သောအခါ လျှိုချွမ်သည် အလျင်အမြန် ထွက်လာပြီး နှုတ်ဆက်လိုက်လေ သည်။
“အလုပ်လုပ်ရမယ့် ရုံးဖွင့်ရက်မှာ မင်းက ဘာလို့ ဒီမှာ ဈေးဝယ်နေတာလဲ...။” ဟူသော မေးခွန်းမျိုးကို ရွှီပေါ်အန်း မမေးခဲ့ချေ။ ကုမ္ပဏီတစ်ခုသည် အလုပ်တက်ရောက်မှုကို တင်းကြပ်စွာ စတင်ထိန်းချုပ်လာသောအခါ ထိုကုမ္ပဏီ သည် ဒေဝါလီခံရမည့် အချိန်နှင့် မဝေးတော့ကြောင်း ဆိုလိုခြင်းပင် ဖြစ်လေသည်။
အထူးသဖြင့် ဆောက်လုပ်ရေး ကုမ္ပဏီများတွင် ဖြစ်သည်။ ထို့အပြင် လျှိုချွမ်မှာ သူတို့၏ ကိုယ်ပိုင် လူတစ် ယောက် ဖြစ်လေ၏။
ရွှီပေါ်အန်းက ပြုံး၍ ပြောလိုက်လေသည်။
“တော်တော်လေး တိုက်ဆိုင်တာပဲ...။ ငါ့မိဘတွေလည်း ဒီမှာ ရှိနေလို့ သူတို့နဲ့အတူ လမ်းလျှောက်ထွက် လာတာ...။”
လျှိုချွမ်သည် ထန်ရုံကျီနှင့် ရွှီကျန်းချန်တို့ထံသို့ နွေးထွေးသော အကြည့်တစ်ချက် အလျင်အမြန် ပို့လွှတ်လိုက်ပြီး အပြုံးကြီးတစ်ခုဖြင့် လက်လှမ်းပေးကာ ဦးဆောင်၍ ပြောလိုက်လေ၏။
“ဦးလေးနဲ့ အန်တီ...။ ကျွန်တော်က အထွေထွေမန်နေဂျာရွှီရဲ့ လက်အောက်ငယ်သားပါ... ကျွန်တော့်ကို ရှောင်လျှိုအာ လို့ပဲ ခေါ်လို့ရပါတယ်...။”
ရွှီပေါ်အန်းက ပြုံး၍ မိတ်ဆက်ပေးလိုက်လေသည်။
“အဖေ...၊ သူက သားရဲ့ လုပ်ဖော်ကိုင်ဖက်ပါ...။”
ရွှီကျန်းချန်နှင့် ထန်ရုံကျီတို့ကလည်း လျှိုချွမ်ကို အပြုံးဖြင့် နှုတ်ဆက်လိုက်ကြလေ၏။ လျှိုချွမ်က ချန်ဖိန်ဖိန်ထံ သို့ အကြည့်ရောက်သွားချိန်တွင် ချန်ဖိန်ဖိန်က တည်ငြိမ်စွာဖြင့် မိမိကိုယ်ကို မိတ်ဆက်လိုက်လေသည်။
“ကျွန်မက အထွေထွေမန်နေဂျာရွှီရဲ့ သူငယ်ချင်းပါ...၊ မင်္ဂလာပါ...။”
“မင်္ဂလာပါ... မင်္ဂလာပါ...”
ထိုသို့ ပြောပြီးနောက် လျှိုချွမ်သည် ချန်ဖိန်ဖိန်ကို ထပ်မကြည့်တော့ဘဲ သူ၏ အာရုံကို ထန်ရုံကျီထံသို့သာ စူးစိုက်လိုက်ပြီး ပြောလိုက်လေ၏။
“အန်တီ...၊ ဒီဆိုင်က ကျွန်တော်တို့ ကိုယ်ပိုင်ဆိုင်ပါ...။ ကြိုက်တာကို လွတ်လွတ်လပ်လပ် ရွေးချယ်ပါ...။”
ရွှီပေါ်အန်းက တော်တော်လေး အံ့အားသင့်သွားပြီး မေးလိုက်လေသည်။
“မင်း ဖွင့်ထားတာလား...။”
လျှိုချွမ်က ရယ်မောလိုက်ပြီး သူ၏ ဘေးရှိ အမျိုးသမီးကို လက်ညိုးထိုးပြကာ ပြောလိုက်လေ၏။
“အင်း... ကျွန်တော့် မိန်းမက ကိုယ်ဝန်ရပြီးကတည်းက နေမကောင်းဖြစ်လို့ အလုပ်မသွားတော့ဘူးလေ... ။ နောက်တော့ သူမနဲ့ သူမရဲ့ အစ်မက ဒီဆိုင်ကို အတူတူ ဖွင့်လိုက်တာ...။ အဲဒါမှ သူမ လုပ်စရာတစ်ခုခု ရှိပြီး အိမ်မှာ အမြဲတမ်းနေရင် အရမ်း ပျင်းမနေရအောင်လို့လေ...။”
ထိုအမျိုးသမီးသည် ဖျော့တော့စွာ ပြုံးလိုက်ပြီး ရွှီပေါ်အန်းကို ခေါင်းညိတ်ပြသော်လည်း စကားမပြောခဲ့ချေ။
လျှိုချွမ်၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားပြီး သူက တိုးညင်းစွာ ပြောလိုက် လေသည်။
“ကလေးမွေးပြီးနောက် ကျွန်တော့် မိန်းမက မီးဖွားပြီးနောက် စိတ်ကျရောဂါ ခံစားခဲ့ရတယ်...။ အခု တော်တော် လေး ကောင်းလာပြီ ဆိုပေမဲ့ သူမက လူတွေနဲ့ စကားသိပ်ပြောရတာ မကြိုက်သေးဘူး...။ ဒါကြောင့် သူမကို လာကြည့်ဖို့ ကျွန်တော်က မကြာခဏ အချိန်ယူရတာ...။”
ရွှီပေါ်အန်းက ခေါင်းအနည်းငယ် ညိတ်လိုက်လေ၏။ သူ၏ မှတ်ဉာဏ်က အနည်းငယ် ဝေဝါးနေသော်လည်း လျှိုချွမ် လက်ထပ်စဉ်က ကုမ္ပဏီသို့ သင်တန်းတက်ရန် တစ်ချိန်တည်း ဝင်ရောက်လာသော ဝန်ထမ်းသစ်များထဲမှ လှပသော မိန်းကလေးတစ်ဦးကို ရွေးချယ်ခဲ့ကြောင်း သူ မှတ်မိနေလေသည်။
လျှိုချွမ် ပြောသည်ကို ကြားလိုက်ရချိန်တွင် မှတ်ဉာဏ်များ ချက်ချင်း ပြန်လည်ဝင်ရောက်လာပြီး သူ၏ ရှေ့ရှိ အမျိုးသမီးမှာ အမှန်တကယ်ပင် ထိုမိန်းကလေး ဖြစ်နေလေ၏။
ဤအခိုက်အတန့်တွင် လျှိုချွမ်နှင့် သူ၏ ဇနီးကြားရှိ ရိုမန်တစ်ဆန်ပြီး ကြံ့ကြံ့ခံနိုင်သော အချစ်ကို သူ အမှန်တ ကယ်ပင် အားကျမိလေသည်။
အဖွဲ့သားများ အချင်းချင်း စကားစမြည် ပြောဆိုနေကြစဉ် ရုတ်တရက် အပြင်ဘက်မှ ဆူညံသော အသံများ ထွက်ပေါ်လာခဲ့လေ၏။
“ဝိုး...၊ နာမည်ကြီး ကြယ်ပွင့်တစ်ယောက် အောက်ထပ်ကို ဆင်းလာနေပြီ...။ သွားကြည့်ကြရအောင်...။”
“သူမက ဗဟိုဗီလာ အရောင်းရုံးမှာ အိမ်တွေကို ကြည့်နေတာ...။ နာမည်ကြီး ကြယ်ပွင့်တွေတောင် ဒီမှာ အိမ်ဝယ် ချင်ကြတာပဲ...။”
“ဝိုး...၊ တကယ်ပဲ...။ တစ်ယောက်ယောက်က ခွိုက်ရှို့ မှာ တိုက်ရိုက်ထုတ်လွှင့်နေတာ...၊ အဲဒါ သူမပဲ...။ ငါ့ အဆောင်က ကောင်တွေ အားလုံးက သူမရဲ့ ပရိသတ်တွေပဲ...။ သူတို့ကို မြန်မြန် လာဖို့ ငါ ပြောရမယ်...။”
“အို ဘုရားသခင်...။ သူမက အရမ်း လှပပြီး စတိုင်ကျတာပဲ...။”