အခန်း ၁၆၉
Vol. 17 Ch. 169
အခန်း (၁၆၉)
မဟာလျန်မင်းဆက်၏ ရွှေအုတ်ကြီးအကြောင်း တွေးတောခြင်း
သူတို့၏ အထူးဆက်သွယ်မှုကြောင့် ရွှီပေါ်အန်းသည် သူ၏ တောင်စောင့်သားရဲ တည်ရှိရာ နေရာကို အလျင် အမြန် သိရှိနိုင်ခဲ့လေသည်။
ယခုအချိန်တွင် ဝက်ဝံညိုကြီးသည် တောင်စောင့်နတ်မင်း နတ်ကွန်းနှင့် မျက်နှာချင်းဆိုင်ရှိ အခြားတောင်ထွဋ် တစ်ခုပေါ်မှ လိုဏ်ဂူတစ်ခုအတွင်း၌ ရောက်ရှိနေလေ၏။
ရွှီပေါ်အန်း၏ ဘွန်ဆိုင်းထဲတွင် ပုံဖော်ထားသော ဧရိယာ၏ တစ်ဝက်မှာ ဆက်တိုက် တည်ရှိနေသော တောင်တန်း များနှင့် သစ်တောများ ရှုခင်းပင် ဖြစ်လေသည်။ ဤတောင်တန်းများ ထူထပ်သော မြေပြင်အနေအထားတွင် ထင်ရှားစွာ ပေါ်လွင်နေသော တောင်ထွဋ်သုံးခုခန့် ရှိလေ၏။
ဤတောင်ထွဋ် သုံးခုအနက် နှစ်ခုမှာ တစ်ခုနှင့်တစ်ခု ဆက်စပ်နေလေသည်။
အခြားတစ်ခုမှာမူ ကျောက်စရစ်ခဲများ ဖုံးလွှမ်းနေသော မြေပြင်ကျယ်ကြီးဖြင့် ခြားထားကာ သီးခြား တည်ရှိနေ လေ၏။ အနည်းဆုံးတော့ မြေပြင်ပေါ်ထွက်နေသော နေရာများတွင် ထိုသို့ မြင်တွေ့ရခြင်း ဖြစ်လေသည်။
သေချာသည်မှာ သိပ္ပံပညာ၏ ဗဟုသုတအရ ဤသဲသောင်ပြင် ဧရိယာသည် တစ်ချိန်က ရေမျက်နှာပြင် မြင့်မား သော ရေလမ်းကြောင်း တစ်ခု ဖြစ်ခဲ့ပေလိမ့်မည်။ ကမ္ဘာ့မြေမျက်နှာပြင် ပြောင်းလဲမှုများကြောင့် ရေများ မြေ အောက်သို့ စီးဆင်းသွားသလား သို့မဟုတ် ရင်းမြစ်ရှိ မိုးခေါင်မှုကြောင့် ရေပြတ်တောက်သွားသလား ဆိုသည် ကိုမူ မသိရသေးချေ။
အတိုချုပ်ဆိုရလျှင် ဘွန်ဆိုင်းအတွင်းရှိ တောင်တန်း ဧရိယာသည် အလယ်ရှိ ခန်းခြောက်နေသော မြစ်ကမ်းစပ် ကြောင့် နှစ်ပိုင်းကွဲနေလေသည်။
ရွှီပေါ်အန်း၏ တောင်စောင့်နတ်မင်း နတ်ကွန်းသည် ဆက်စပ်နေသော တောင်ထွဋ်နှစ်ခု အနက်မှ တစ်ခု၏ တောင်ခါးပန်းတွင် တည်ရှိလေ၏။ ၎င်းကို တောင်၏ တစ်ဝက်ဟု ခေါ်သော်လည်း အမှန်တကယ်တွင် တောင်ထွဋ် ၏ အမြင့်တစ်ဝက်နှင့် အလှမ်းဝေးလှပေသည်။ ၎င်းမှာ မီတာဆယ်ဂဏန်းခန့် အမြင့်ရှိသော ဖြတ်ပိုင်းပုံစံ မြေကွက်လပ်တစ်ခုမျှသာ ဖြစ်လေ၏။
ထိုမြေကွက်လပ်မှာ ဘောလုံးကွင်း တစ်ဝက်ခန့် အရွယ်အစားရှိပြီး သဘာဝအတိုင်း ဖြစ်ပေါ်လာခြင်းလော သို့မဟုတ် လူတို့၏ ဖန်တီးမှုကြောင့်လော ဆိုသည်ကိုမူ မသိနိုင်ချေ။
ဤအရာမှလွဲ၍ ဤတောင်နှင့် ဆက်စပ်နေသော ပို၍ မြင့်မားသည့် တောင်ထွဋ်များရော အဝေးမှ မျက်နှာချင်း ဆိုင်ရှိ အခြားတောင်ထွဋ်များပါ မတ်စောက်ကြမ်းတမ်းပြီး သစ်တောများ ထူထပ်ကာ ဖြတ်သန်းသွားလာရန် မဖြစ်နိုင်သော တောင်တန်းများ ဖြစ်ကြလေသည်။
သာမန်လူတစ်ယောက်အတွက် ထိုနေရာသို့ တက်ရောက်ရန် အမှန်တကယ် မလွယ်ကူလှပေ။
ဤဝက်ဝံညိုကြီးသည် များသောအားဖြင့် တောင်စောင့်နတ်မင်း နတ်ကွန်း ပတ်ဝန်းကျင်ရှိ တောင်တန်းများနှင့် သစ်တောများထဲတွင်သာ လှည့်လည်သွားလာလေ့ ရှိလေ၏။
ခေါင်ရှန်းရွာမှ ရွာသားများနှင့် ရှန်းယန်ခရိုင်ရှိ အခြားရွာများမှ ထွက်ပြေးလာသော ဒုက္ခသည်များသည်လည်း ဤလမ်းကြောင်းမှပင် လာရောက်ခဲ့ကြခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရှန်းယန်ခရိုင်မှာ ဤဘက်ခြမ်း တွင် တည်ရှိနေသောကြောင့် ဖြစ်လေ၏။
သူတို့၏ နေအိမ်များသည်လည်း ဤဘက်ခြမ်းနှင့် နီးကပ်နေပြီး မည်သူမျှ တောင်၏ အခြားတစ်ဖက်ရှိ ထူထပ် သော သစ်တောများထဲသို့ မရောက်ဖူးခဲ့ကြချေ။
မည်သို့ပင်ဖြစ်စေ ကျယ်ဝန်းသော ကျောက်စရစ် မြေပြင်မှာ မြုံနေပြီး အခြားတစ်ဖက်တွင် သစ်တောတစ်ခု ရှိနေသော်လည်း ဤနေရာက ထင်းခုတ်ရန် သို့မဟုတ် အခြားသော နေ့စဉ် လိုအပ်ချက်များ အားလုံးကို အပြည့်အဝ ဖြည့်ဆည်းပေးနိုင်သဖြင့် မည်သူမျှ မြစ်၏ အခြားတစ်ဖက်ရှိ သစ်တောထဲသို့ လှည့်လည်သွားလာ ရန် ဒုက္ခခံကြမည် မဟုတ်ပေ။
ထို့ကြောင့် ပုံမှန်အားဖြင့် ရွှီပေါ်အန်းပင်လျှင် ထိုခြောက်ကပ်နေသော တောင်တန်းကို ဂရုစိုက်ရန် အလုပ်မရှုပ်ခဲ့ ပေ။ မမျှော်လင့်ဘဲ ပျင်းရိနေသော ဤဝက်ဝံညိုကြီးသည် မျက်နှာချင်းဆိုင် တောင်ထွဋ်ရှိ သစ်တောထဲသို့ မည်သို့မည်ပုံ သွားရောက် ကစားခဲ့သည်ကို မသိရချေ။
*ကောင်းပြီ...၊ ကစားချင်တယ်ဆိုရင်လည်း ကစားပေါ့...။ ဒါပေမဲ့ မင်းက အခြားတစ်ဖက်မှာ ဥမင်လိုဏ်ခေါင်း တစ်ခု တူးနေခဲ့တာကိုး...။*
*လိုဏ်ဂူတူးတာက ကိစ္စတစ်ခု...။ အတွင်းထဲမှာ ပိတ်မိနေတာက နောက်ထပ် ကိစ္စတစ်ခုပဲ...။ တကယ့်ကို မိုက်မဲ တဲ့ လုပ်ရပ်ပဲ...။*
ထိုအဖြစ်အပျက်မှာ ဤသို့ဖြစ်လေ၏။ ဝက်ဝံညိုကြီးသည် တောင်ထဲတွင် လိုဏ်ဂူတူးနေစဉ် ကျောက်သားများ ၏ ဖိအားပြောင်းလဲမှုကို သေချာစွာ မထိန်းချုပ်နိုင်ခဲ့သဖြင့် တောင်၏ တစ်စိတ်တစ်ပိုင်း ပြိုကျသွားခဲ့ခြင်း ဖြစ် လေသည်။
ထို့နောက် ၎င်းသည် ကောင်းကင်မြင်းများကို စောင့်ရှောက်သူ အဖြစ် တာဝန်ထမ်းဆောင်နေစဉ်က စွန်းဝူခုန်း ကဲ့သို့ပင် ကျောက်တုံးများ အကြားတွင် ပိတ်မိသွားခဲ့လေ၏။
အကယ်၍ ရွှီပေါ်အန်းကသာ ဤသတ္တဝါကို အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု စွမ်းအားဖြင့် မခိုင် ခံ့စေခဲ့ပါက ဤမျှ ကြီးမားသော ဖိအားအောက်တွင် ၎င်းမှာ အချိန်ကြာမြင့်စွာကပင် သေဆုံးနေလောက်ပြီ ဖြစ်လေသည်။
ညည်းညူမှုများကို ခေတ္တဘေးဖယ်ထားကာ သူ၏ ကိုယ်ပိုင် တောင်စောင့်သားရဲလေးကို လျစ်လျူရှုထား၍ မရနိုင်ချေ။
ရွှီပေါ်အန်းသည် လက်လှမ်းကာ ဝက်ဝံညိုကြီးကို ဖိထားသော ကျောက်တုံးကြီးကို ညင်သာစွာ ညှပ်၍ လွယ်ကူစွာ မတင်လိုက်လေ၏။ နောက်တစ်ခဏတွင် ဝက်ဝံညိုကြီးသည် တစ္ဆေတစ်ကောင်အလား ဝှစ်ခနဲ အသံနှင့်အတူ အတွင်းမှ ခုန်ထွက်လာပြီးနောက် ပြိုကျနေသော တောင်ကို ကြောက်ရွံ့စွာဖြင့် ကြည့်လိုက် လေသည်။
ရွှီပေါ်အန်းနှင့် တောင်စောင့်သားရဲတို့မှာ စိတ်ချင်းဆက်စပ်နေသဖြင့် ဝက်ဝံညိုကြီး၏ စိတ်ထဲရှိ ကြောက်ရွံ့မှု အကြွင်းအကျန်ကို သူ ချက်ချင်း ခံစားလိုက်ရလေ၏။
ရွှီပေါ်အန်းကို ဝေခွဲမရ ဖြစ်သွားစေခဲ့သည်မှာ ဝက်ဝံညိုကြီးသည် နက်ရှိုင်းသော နောင်တရမှု တစ်ခုကို ခံစားနေရ ခြင်းပင် ဖြစ်လေသည်။ ၎င်းအဖို့မူ လိုဏ်ဂူတူး၍ ပြိုကျသွားပါက အခြားတစ်ခု ထပ်တူးလိုက်ရုံပင် မဟုတ်ပါ လော။ ဤမျှအထိ ခံစားလွယ်ရန် တကယ်ပဲ လိုအပ်ပါသလား။
ရွှီပေါ်အန်း၏ အတွေးများကို ခံစားမိသွားသည့်အလား ဝက်ဝံညိုကြီးက ဟိန်းဟောက်လိုက်ပြီး ပြိုကျနေသော လိုဏ်ဂူကို လက်ညှိုးထိုးပြကာ ညည်းတွားလိုက်လေ၏။
“အရသာရှိတယ်...၊ အရသာရှိတယ်...။”
ရွှီပေါ်အန်းမှာ ချက်ချင်းပင် ဝေခွဲမရ ဖြစ်သွားခဲ့လေသည်။
*လိုဏ်ဂူတစ်ခုထဲမှာ ဘယ်လိုများ အရသာရှိတဲ့ အစား အစာတွေ ရှိနေနိုင်မှာလဲ...။*
*တိရစ္ဆာန် တစ်ကောင်ကောင်ရဲ့ အသိုက်များ ဖြစ်နေမလား... ၊ဝက်ဝံညိုကြီးက အမဲလိုက်ရင်းနဲ့ ဒီအထိ လိုက် လာခဲ့တာလား...။*
အကယ်၍ ဤသို့ဆိုလျှင် လိုဏ်ဂူအပေါက်က ပြိုကျသွားပြီ ဖြစ်ရာ အတွင်းမှ တိရစ္ဆာန်များလည်း အသက်ရှင်နိုင် တော့မည် မဟုတ်ချေ။
*ကောင်းပြီ...၊ ကောင်းကင်ဘုံက ကရုဏာစိတ် ရှိတယ်...၊ ငါတို့ ဒီအခြေအနေနဲ့ ကြုံတွေ့နေရပြီဆိုတော့ ကူညီ ပေးလိုက်ရအောင်...။*
ရွှီပေါ်အန်းက သူ၏ လက်ထဲရှိ ကျောက်တုံးကို တောင်ခြေတွင် ပေါ့ပေါ့ပါးပါးပင် ချထားလိုက်ပြီးနောက် ပြိုကျ နေသော ကျောက်တုံးများကို ရှင်းလင်းရန် လက်ကို မြှောက်လိုက်လေ၏။ ရွှီပေါ်အန်း၏ လက်ကြီးမှာ ဘွန်ဆိုင်း ကမ္ဘာထဲရှိ မြေတူးစက်၏ ခွက်ထက်ပင် ပိုမို ကြီးမားလေသည်။
မကြာမီ တောင်ခါးပန်းတွင် မှောင်မိုက်နေသော လိုဏ်ဂူအပေါက် တစ်ခု ပေါ်လာခဲ့လေ၏။
ရွှီပေါ်အန်းသည် မျက်လုံးများကို အနည်းငယ် ကျဉ်းလိုက်ပြီး အတွင်းပိုင်းကို စူးစမ်းနေသော ဒရုန်းတစ်စီးကဲ့သို့ လိုဏ်ဂူအပေါက်ထဲသို့ အလျင်အမြန် စတင်ကြည့်ရှုလိုက်လေသည်။ ခဏအကြာတွင် ရွှီပေါ်အန်းမှာ ဆွံ့အသွားခဲ့ လေ၏။
လိုဏ်ဂူမှာ သူတွေးထင်ထားသကဲ့သို့ ဖြောင့်တန်းနေသော လိုဏ်ဂူတစ်ခု မဟုတ်ဘဲ တောင်အတွင်းပိုင်းသို့ ခရုပတ်ပုံစံ ဆင်းသွားခြင်း ဖြစ်လေသည်။ အရေးအကြီးဆုံးမှာ ဤလိုဏ်ဂူသည် တိရစ္ဆာန်များ ပြုလုပ်ထားပုံ မရခြင်းပင် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ရွှီပေါ်အန်း၏ အမြင်တွင် သူ၏ ခြေအောက်ရှိ မြေပြင်မှာ လှေကားထစ်များကဲ့သို့ ထင်ရှားစွာ ဖြစ်နေသောကြောင့် ဖြစ်လေသည်။ အကယ်၍ တိရစ္ဆာန်များ လိုဏ်ဂူတူးပါက အဘယ်ကြောင့် လှေကားထစ်များကို တမင်တကာ ဖန်တီးရမည်နည်း။
သိသာထင်ရှားစွာပင် ဤသည်မှာ လူတို့ တူးဖော်ထားသော လိုဏ်ဂူတစ်ခု ဖြစ်လေသည်။
ဆယ်မီတာခန့် အောက်သို့ ဆင်းသွားပြီးနောက် ရွှီပေါ်အန်း၏ အမြင်မှာ ရုတ်တရက် ရှင်းလင်းသွားခဲ့လေ၏။
ဤနေရာသည် အမှန်တကယ်ပင် အလွတ်ဖြစ်နေသော ကျောက်လိုဏ်ဂူ တစ်ခု ဖြစ်နေလေသည်။ သူတို့၏ အမြင်တွင် သင်းခွေချပ်နှင့် အနည်းငယ် တူသော တိရစ္ဆာန်ငယ်လေး တစ်ကောင်သည် လမ်းကြောင်းဆီသို့ စိုးရိမ်တကြီး စိုက်ကြည့်နေခဲ့လေ၏။
သူတို့၏ အနောက်ဘက်ရှိ ကျယ်ဝန်းသော လိုဏ်ဂူထဲတွင်မူ ဧရာမ သစ်သားသေတ္တာ ဒါဇင်ကျော်ခန့် ရှိနေ လေ သည်။ သစ်သားသေတ္တာများ၏ ဘေးတွင် အရိုးစုအချို့ ရှိနေသော်လည်း သူတို့၏ ပုံသဏ္ဌာန်ကို ကြည့်ရလျှင် လူ့ အရိုးစုများနှင့် မတူချေ။ ဖြစ်နိုင်သည်မှာ တိရစ္ဆာန်အချို့ မတော်တဆ ဝင်ရောက်လာပြီး ထွက်ပေါက် မရှာတွေ့ဘဲ အငတ်ဘေးဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
အကယ်၍ ဤသင်းခွေချပ်နှင့်တူသော သတ္တဝါလေး၏ ဝင်ပေါက်သာ အမှန်တကယ် ပိတ်ဆို့ခံလိုက်ရပါက ၎င်း သည်လည်း ရက်အနည်းငယ်အတွင်း အငတ်ဘေးဖြင့် သေဆုံးသွားနိုင်ချေ ရှိလေသည်။
အကယ်၍ ၎င်းမှာ တောင်တန်းများထဲမှ ထွက်ပေါ်လာနိုင်စွမ်းရှိသော သင်းခွေချပ် တစ်ကောင် အမှန်တကယ် မဟုတ်ခဲ့လျှင်ပေါ့လေ။
“သတ္တဝါလေး...၊ မကြောက်ပါနဲ့...။ လမ်းကြောင်းအတိုင်းသာ ထွက်လာခဲ့ပါ...။”
ရွှီပေါ်အန်း၏ ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် သင်းခွေချပ်နှင့်တူသော တိရစ္ဆာန်လေးမှာ လန့်ဖျန့် သွားခဲ့လေ၏။
“ကျွီ...”
ကျယ်လောင်သော ကြွက်စူးစူးအော်သံတစ်ခု ထိုတိရစ္ဆာန်လေး၏ ပါးစပ်မှ ထွက်ပေါ်လာပြီးနောက် လိုဏ်ဂူ အတွင်း ခုန်ပေါက်ပြေးလွှားလေတော့သည်။
မသိလိုက်ဘဲ ၎င်းသည် သစ်သားသေတ္တာပေါ်သို့ ခုန်တက်ကာ ကန်ချလိုက်ရာ မျက်စိတစ်မှိတ်အတွင်းမှာပင် သစ်သားစများ ကြွေကျလာခဲ့လေ၏။ သစ်သားသေတ္တာများသည် လေထဲတွင် အချိန်ကြာမြင့်စွာ ရှိနေခြင်း ကြောင့် ဆွေးမြည့်နေပြီး ပြင်ပအားနှင့် ထိတွေ့သောအခါ အချို့မှာ ကွဲကြေသွားကာ အတွင်းရှိ ပစ္စည်းများ ပေါ်ထွက်လာခဲ့လေသည်။
ထို့နောက် ရွှီပေါ်အန်းမှာ အသက်ရှူရန်ပင် မေ့လုနီးပါး ဖြစ်သွားခဲ့ရလေ၏။
သေတ္တာထဲတွင် ပေါ်လာသော အရာမှာ အမှန်တကယ်ပင် ရွှေရောင် ဖြစ်နေလေသည်။ ယုတ္တိတန်တန် တွေးကြည့် မည်ဆိုလျှင် အလင်းရောင်မရှိသော ဤမျှ နက်ရှိုင်းသည့် လိုဏ်ဂူထဲတွင် အတွင်း၌ ရှိနေသော အရာများကို မမြင် နိုင်သင့်ပေ။
သို့သော် ရွှီပေါ်အန်းကို အရာအားလုံး ရှင်းလင်းစွာ မြင်နိုင်စေခဲ့သည်မှာ သူ၏ အထူးစွမ်းရည်ကြောင့်ပင် ဖြစ်လေသည်။
ထိုတိရစ္ဆာန်လေး အပြေးအလွှား သွားလာနေစဉ် ၎င်းသည် သေတ္တာများကို ပိုမို ဆုတ်ဖြဲကာ ဖျက်ဆီးခဲ့လေ၏။ အပေါ်ဘက်ရှိ သေတ္တာတစ်ခုမှာ ပြင်ပ နှောင့်ယှက်မှုကြောင့် ချက်ချင်း ပြိုကျသွားပြီး မြေပြင်ပေါ်သို့ အုတ်ခဲ အရွယ်အစားခန့်ရှိ ရွှေအုတ်များ အစုလိုက်အပြုံလိုက် ပြန့်ကျဲသွားခဲ့လေသည်။
ရွှေအုတ် ကျလာစဉ် ၎င်းသည် အောက်ဘက်ရှိ သေတ္တာကို ဖောက်ထွက်သွားခဲ့လေ၏။ လိုဏ်ဂူအတွင်းမှ ဆူညံ သံများ ဆက်တိုက် ထွက်ပေါ်လာပြီး အချိန်အတန်ကြာမှ ရပ်တန့်သွားခဲ့လေသည်။
ထို့နောက် ဤသေတ္တာများထဲတွင် ပြန့်ကျဲနေသော အမျိုးမျိုးသော ရွှေငွေ ရတနာများကို မြင်တွေ့ရသောအခါ ရွှီပေါ်အန်းမှာ ဆွံ့အသွားခဲ့လေ၏။
လက်သီးဆုပ်အရွယ်အစားရှိ အလင်းပေး ပုလဲတစ်လုံးပင် ပါရှိပြီး ၎င်းက မူလက မှောင်မိုက်နေသော လိုဏ်ဂူကို ချက်ချင်း လင်းထိန်သွားစေကာ စိမ်းလန်းစိုပြည်နေသည့်အလား ထင်မှတ်ရစေလေသည်။
*ဘုရားရေ...၊ ဒီလိုဏ်ဂူက အလီဘာဘာရဲ့ ရတနာသိုက်ကြီးနဲ့ တူနေတာပဲ...။*
ရွှီပေါ်အန်းသည် ကြည့်ရှုရန်အတွက် ချက်ချင်းပင် ရွှေအုတ်တစ်ချပ်ကို ထုတ်ယူချင်စိတ်များ ပြင်းပြနေခဲ့လေ၏။ သူသည် အရင်က ရွှေချောင်းများကို မြင်ဖူးသော်လည်း ရွှေအုတ်များ အကြောင်းကိုမူ ကြားသာ ကြားဖူးပြီး တစ်ခါမှ အမှန်တကယ် မမြင်တွေ့ဖူးခဲ့ချေ။
ရွှေအုတ်ပေါ်တွင် စာလုံးအချို့ သို့မဟုတ် သင်္ကေတအချို့ ရေးထိုးထားပုံ ရလေသည်။
သို့သော် ရွှီပေါ်အန်းသည် ဤနေရာမှ စာလုံးများကို မသိသေးသဖြင့် ၎င်းတို့ပေါ်တွင် ဘာရေးထားသည်ကို နားမလည်နိုင်ခဲ့ပေ။ ပြည့်လျှံနေသော ရွှေငွေ ရတနာများကို ကြည့်ရင်း ရွှီပေါ်အန်းသည် အကူအညီမဲ့စွာ သက်ပြင်းချလိုက်လေ၏။
ကံမကောင်းစွာဖြင့် တောင်စောင့်နတ်မင်း နတ်ကွန်းနှင့် ဘဏ်ခွဲစခန်း နှစ်ခုမှလွဲ၍ ရွှီပေါ်အန်းသည် သူ၏ ဘွန်ဆိုင်း အခြေအနေတွင် အလွယ်တကူ လက်လှမ်းမီနိုင်သော အရာများကိုသာ ရရှိနိုင်လေသည်။
ဤမျှ နက်ရှိုင်းပြီး ကျဉ်းမြောင်းသော လိုဏ်ဂူထဲသို့ သူ၏ လက်က ဝင်ရန် ကြီးမားလွန်းနေသည်ကို မဆိုထားနှင့်၊ အကယ်၍ ဝင်သွားခဲ့လျှင်ပင် သူ၏ လက်မောင်းက ကွေးနိုင်မည် မဟုတ်ချေ။
*အဲဒါက နည်းနည်းတော့ နှမြောစရာ ကောင်းတယ်...။*
ရွှီပေါ်အန်း စိတ်ပျက်နေစဉ်မှာပင် လိုဏ်ဂူအပြင်ဘက်မှ ဝက်ဝံညိုကြီး၏ ဟိန်းဟောက်သံ ထပ်မံ ထွက်ပေါ် လာခဲ့လေ၏။
ရွှီပေါ်အန်းသည် အလျင်အမြန် လှည့်ကြည့်လိုက်ရာ သင်းခွေချပ်နှင့်တူသော တိရစ္ဆာန်လေးမှာ မည်သို့မည်ပုံ ထွက်ပြေးလွတ်မြောက်သွားသည်ကို ချက်ချင်း မြင်တွေ့လိုက်ရလေသည်။ သို့သော် ၎င်းကို လိုဏ်ဂူအပေါက်ကို စောင့်ကြပ်နေသော ဝက်ဝံညိုကြီးက လက်ပူးလက်ကြပ် ဖမ်းမိသွားခဲ့လေ၏။
မည်သို့ပင်ဖြစ်စေ ဤသတ္တဝါလေးမှာ အမှန်တကယ် မြန်ဆန်လှပေသည်။ ၎င်း၏ ကိုယ်ပိုင် အမွှေးတိုင် ပူဇော်မှု နှင့် ဆုတောင်းပတ္ထနာပြုမှု စွမ်းအား၏ ကောင်းချီးမင်္ဂလာဖြင့် ဝက်ဝံညိုကြီး၏ သွက်လက်မှုမှာ အဆင့်သစ် တစ်ခုသို့ ရောက်ရှိနေပြီဖြစ်ပြီး မျောက်တစ်ကောင်ပင်လျှင် ၎င်းနှင့် ယှဉ်နိုင်မည် မဟုတ်ချေ။
သို့သော် ၎င်းတို့သည် ဤသင်းခွေချပ်နှင့်တူသော သတ္တဝါလေးကို ဘာမှမလုပ်နိုင်ခဲ့ဘဲ ၎င်း၏ လှည့်စားခြင်းကို လုံးဝ ခံလိုက်ရလေ၏။ သတ္တဝါလေး အဝေးသို့ ပြေးထွက်သွားသည်နှင့် တစ်ပြိုင်နက် ဝက်ဝံညိုကြီးသည် ရင်ဘတ်ကို ထုကာ ခြေဆောင့်ပြီး နောက်တစ်ကြိမ် ဟိန်းဟောက်လေတော့သည်။
ဝက်ဝံညိုကြီးကို မြင်သောအခါ ရွှီပေါ်အန်း၏ မျက်လုံးများ လင်းလက်သွားခဲ့လေ၏။
*ဟုတ်သားပဲ...။ အခု လိုဏ်ဂူက ပွင့်နေပြီဆိုတော့ ငါတို့အတွက် ရွှေငွေ ရတနာတချို့ သွားယူဖို့ ငါ့ရဲ့ တောင် စောင့်သားရဲလေးကို ဘာလို့ လွှတ်မလိုက်ရမှာလဲ...။*
ဤအရာကို တွေးမိသောအခါ ရွှီပေါ်အန်းသည် ချက်ချင်း ပင် ဝက်ဝံညိုကြီးကို ရှေ့သို့ သွားရန် ညွှန်ကြားလိုက် လေသည်။
“အထဲကို ဝင်ပြီး ပစ္စည်းတွေ အပြင်ထုတ်ဖို့ ငါ့ကို ကူညီပေးပါဦး...။”
ဝက်ဝံညိုကြီးသည် တိုးတိတ်စွာ ဟိန်းဟောက်လိုက်ပြီး တိရစ္ဆာန်ငယ်လေး ထွက်ပြေးသွားသော လမ်းကြောင်း သို့ နောင်တတရားများဖြင့် ကြည့်လိုက်ပြီးနောက် လိုဏ်ဂူထဲသို့ ပြန်ဝင်ရန် ခြေလက်လေးဖက်လုံးကို အသုံးပြု လိုက်လေ၏။
မကြာမီ ဝက်ဝံညိုကြီးသည် လိုဏ်ဂူအောက်ခြေသို့ ရောက်ရှိသွားပြီး ၎င်းမြင်ရသော အရာများကို ကြောင် တောင်တောင်ဖြင့် စိုက်ကြည့်နေခဲ့လေသည်။
၎င်းသည် ရွှေငွေ ရတနာများ၏ အံ့ဩဖွယ်ကောင်းသော အသုံးပြုမှုများကို မသိသော်လည်း မှောင်မိုက်နေသော လိုဏ်ဂူထဲတွင် တောက်ပနေသော ပုလဲကြီး တစ်လုံးကို ရုတ်တရက် မြင်လိုက်ရသဖြင့် အနည်းငယ်တော့ အံ့အားသင့်သွားခဲ့လေ၏။
ရွှီပေါ်အန်းက အမိန့်ပေးလိုက်လေသည်။
“ငါ့ကို ရွှေအုတ်တစ်ချပ် ယူပေးစမ်းပါ...။”
ဝက်ဝံညိုကြီးက လုံးဝ ဝေခွဲမရသော အမူအရာဖြင့် ကြည့်ကာ...
“ဝု...၊ ဘာ...၊ ရွှေအုတ်ဆိုတာ... ၊ ဘာလဲ...။”
ရွှီပေါ်အန်းက သူ့ကိုယ်သူ ရယ်မောလိုက်လေ၏။
“ငါက ဉာဏ်မမီသေးပါလား...။”
“အဲဒီ အဝါရောင် အရာကို ယူလိုက်...။”
“အဝါရောင်ဆိုတာ...၊ ဘာလဲ...။”
ဝက်ဝံညိုကြီးမှာ အနည်းငယ် ဝေခွဲမရ ဖြစ်နေဆဲပင်။
“အဲဒီ တောက်ပနေတဲ့ အရာကို သွားယူလိုက်...။”
“ဝု...၊ ကောင်းပြီ...။”
ဤတစ်ကြိမ်တွင်မူ ဝက်ဝံညိုကြီးက အထူးတလည် သဘောတူလိုက်ပြီးနောက် အလင်းပေး ပုလဲကို ဖက်ရန် ၎င်း၏ ရှေ့လက်များကို ဆန့်တန်းလိုက်လေ၏။
“မှားတယ်...၊ အဲဒီဘေးက ကျောက်တုံးနဲ့တူတဲ့ အရာပဲ...။”
ရွှီပေါ်အန်းမှာ မျှော်လင့်ချက် ကင်းမဲ့လုနီးပါး ဖြစ်သွားခဲ့ရလေသည်။
အချိန်အတန်ကြာ ညွှန်ကြားပြီးနောက် ရွှီပေါ်အန်းပင်လျှင် ဉာဏ်ကုန်လုနီးပါး ဖြစ်နေချိန်တွင် ဝက်ဝံညိုကြီးသည် မတော်တဆပင် ရွှီပေါ်အန်းအတွက် ရွှေအုတ်တစ်ချပ်ကို ကိုက်၍ ယူဆောင်လာပေးခဲ့လေ၏။
လမ်းကြောင်းမှာ ကျဉ်းလွန်းသောကြောင့် ဝက်ဝံညိုကြီးသည် လုံးဝ မတ်တတ်မရပ်နိုင်သဖြင့် ရွှေအုတ်ကို ပါးစပ် ဖြင့် ကိုက်ကာ ခြေလက်လေးဖက်လုံး အသုံးပြု၍ တွားသွားကာ ထွက်လာခဲ့ရလေသည်။
ရွှေအုတ်ကို မြင်သောအခါ ရွှီပေါ်အန်းမှာ အလွန်တရာ ဝမ်းသာသွားခဲ့လေ၏။
သူသည် ချက်ချင်းပင် မွှေးရနံ့သာအသား တစ်ပိုင်းကို ယူ၍ ဝက်ဝံညိုကြီးအား ကျွေးလိုက်လေသည်။
“ဝိုး...၊ အရသာရှိလိုက်တာ...။”
တောင်စောင့်နတ်မင်းကြီးက မွှေးရနံ့သာအသားကို ပေးသနားသည်ကို မြင်သောအခါ ဝက်ဝံညိုကြီးသည် နောက် ဆုံးတွင် အနည်းငယ် ပျော်ရွှင်သွားခဲ့လေ၏။
သားကောင်ကို ဆုံးရှုံးလိုက်ရခြင်း၏ စိတ်ပျက်မှုမှာ သိသိသာသာ လျော့နည်းသွားပုံ ရလေသည်။
ရွှီပေါ်အန်းသည် ခေတ္တမျှ တွေးတောလိုက်ပြီးနောက် အခြား ကျောက်တုံးကြီး တစ်တုံးကို ရွှေ့ကာ လိုဏ်ဂူ အပေါက်ကို ပိတ်ဆို့လိုက်လေ၏။ ဝက်ဝံညိုကြီး စားသောက်နေစဉ် ရွှီပေါ်အန်းသည် ဘွန်ဆိုင်းထဲမှ ရွှေအုတ်ကို စိတ်လှုပ်ရှားစွာ ထုတ်ယူလိုက်လေသည်။ မကြာမီ ရွှေအုတ်သည် ပိုမို ကြီးမားလာပြီး အုတ်ခဲတစ်လုံးခန့် အရွယ် အစား ဖြစ်လာခဲ့လေ၏။
ကွာခြားချက်မှာ ဤအရာသည် အုတ်ခဲတစ်လုံးထက် များစွာ ပို၍ လေးလံနေခြင်းပင် ဖြစ်သည်။
အကယ်၍ ရွှီပေါ်အန်းသာ ထူးခြားဆန်းကြယ်သူ တစ်ဦး မဖြစ်ခဲ့ပါက ရွှေအုတ်၏ ရုတ်တရက် ကြီးမားလာ မှုကြောင့် သူ၏ လက်မှာ ပြုတ်ကျသွားနိုင်လေသည်။ ဤအရာသည် အစိမ်းရောင်အင်ပါယာ ကျောက်စိမ်း သို့မဟုတ် ရာစုနှစ်များစွာ သက်တမ်းရှိသော ဆေးဖက်ဝင်အပင်များထက် ငွေကြေးအဖြစ် ပြောင်းလဲရန် များစွာ ပိုမို လွယ်ကူလှပေသည်။
ရွှီပေါ်အန်းသည် ရွှေအုတ်ပေါ်ရှိ စာတန်းကို အခါခါ ကြည့်ရှုနေခဲ့ပြီး သူ၏ စပ်စုလိုစိတ်ကို မထိန်းနိုင်တော့ဘဲ ပိုမို သိရှိရန် ဆန္ဒပြင်းပြနေခဲ့လေ၏။ သူသည် စာမတတ်သော်လည်း ခေါင်ရှန်းရွာတွင် စာတတ်သူများ ရှိလေသည်။
ရွှီပေါ်အန်းသည် ချန်ရှီရှီကို အလျင်အမြန် အာရုံစိုက်လိုက်လေ၏။
ဤမိန်းကလေးသည် အနုပညာ အားလုံးတွင် ကျွမ်းကျင်သည်ဟု နာမည်ကြီးသောကြောင့် ဤပြဿနာလေးက သူမအတွက် သေချာပေါက် စိန်ခေါ်မှု တစ်ခု ဖြစ်မည် မဟုတ်ချေ။
ရွှီပေါ်အန်းသည် ပင်အပ်ကြီး တစ်ချောင်းကို ရှာဖွေလိုက်ပြီး သူ ထုတ်ယူထားသော ဘွန်ဆိုင်းကို အာရုံစိုက် လိုက်လေသည်။ အချိန်အတန်ကြာ ရှာဖွေပြီးနောက် ရွှီပေါ်အန်းသည် တောင်စောင့်နတ်မင်း နတ်ကွန်း၏ ခြံဝင်း ထဲတွင် ချန်ရှီရှီကို တွေ့ရှိခဲ့လေ၏။
ချန်ရှီရှီသည် သစ်သားပြား တစ်ခုပေါ်တွင် ပန်းချီဆွဲနေလေသည်။
၎င်းမှာ ရှုခင်းပန်းချီကား တစ်ချပ်နှင့် တူပြီး ယခု တစ်ဝက်ခန့် ပြီးစီးနေပြီ ဖြစ်သည်။ ရွှီပေါ်အန်းသည် ဤအနုပညာတွင် ကျွမ်းကျင်သူ တစ်ဦး မဟုတ်သော်လည်း ပန်းချီကားမှာ အနည်းဆုံးတော့ အလွန် ကောင်းမွန်စွာ ရေးဆွဲထားပုံ ရလေ၏။
“ချန်ရှီရှီ... မင်းရဲ့ ပန်းချီက အလွန်ကောင်းမွန်တာပဲ...။”
ရွှီပေါ်အန်းက ရိုးသားစွာ ချီးကျူးလိုက်လေသည်။
ချန်ရှီရှီသည် တောင်စောင့်နတ်မင်းကြီး၏ အသံကို ရုတ်တရက် ကြားလိုက်ရသဖြင့် အလွန်အမင်း အံ့အားသင့် သွားပြီး သူမ၏ စုတ်တံပင် တုန်ယင်သွားခဲ့လေ၏။ သူမသည် စုတ်တံကို အလျင်အမြန် ချထားလိုက်ပြီး ဒူးထောက်ကာ ပြောလိုက်လေသည်။
“ကျွန်တော်မျိုးမက တောင်စောင့်နတ်မင်းကြီးရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်...။ ကျွန်တော်မျိုးမရဲ့ ကျွမ်းကျင်မှုက နည်းပါးလှပြီး ဒီလို ချီးကျူးမှုမျိုးနဲ့ မထိုက်တန်ပါဘူးရှင်...။”
“မင်းအရွယ်နဲ့ ဒီလောက် များပြားလှတဲ့ ကျွမ်းကျင်မှုတွေ ပိုင်ဆိုင်ထားတာက တော်တော်လေး အံ့ဩစရာ ကောင်းလှပါတယ်...။ ဒီနေ့ မင်းဆီကို ငါလာခဲ့တာက မင်းကို မေးစရာ မေးခွန်းတစ်ခု ရှိလို့ပါ...။”
ချီးကျူးစကား အနည်းငယ် ပြောပြီးနောက် ရွှီပေါ်အန်းက လိုရင်းကို ပြောလိုက်လေ၏။ မည်သို့ပင်ဖြစ်စေ သူမသည် သူ့အတွက် အလုပ်လုပ်ပေးနေခြင်း ဖြစ်သောကြောင့် သင့်လျော်သော ချီးကျူးမှုက သူမကို စိတ်အား တက်ကြွစေနိုင်လေသည်။
ဤသည်မှာ ဆယ်နှစ်ကျော် အလုပ်လုပ်ပြီးနောက် ရွှီပေါ်အန်း အနှစ်ချုပ်ထားသော အတွေ့အကြုံပင် ဖြစ်လေ၏။
“တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...၊ ကျေးဇူးပြုပြီး မေးတော်မူပါ...။ ကျွန်တော်မျိုးမ သိသမျှ အကောင်းဆုံး ဖြေကြားပေးပါ့မယ်ရှင်...။” ချန်ရှီရှီက ပြတ်သားစွာ ပြောလိုက်လေသည်။
“ကောင်းပြီ...၊ ကြီးကြီးမားမားတော့ မဟုတ်ပါဘူး...။ မင်းငါ့ကို ကူညီဖတ်ပေးဖို့ စာလုံးအချို့ ရှိလို့ပါ...။ ငါ ရေးပြမယ်...၊ မင်း ကြည့်ကြည့်လိုက်ပါဦး...။”
ရွှီပေါ်အန်းသည် ပင်အပ်ကို ယူ၍ ဘွန်ဆိုင်းထဲသို့ ထိုးသွင်းလိုက်ပြီး ရွှေအုတ်ပေါ်ရှိ စာလုံးပုံစံများနှင့် နှိုင်းယှဉ် ကာ မြေပြင်ပေါ်တွင် အလျင်အမြန် စတင်ရေးသားလေတော့၏။
ရွှီပေါ်အန်းသည် စာလုံးများကို အလွန်သေးငယ်အောင် ရေးရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သော်လည်း သူ ရေးပြီး သွားသောအခါ ရိုးရှင်းသော စာလုံးအနည်းငယ်မှာ ခြံဝင်း၏ နေရာအများစုကို ယူထားဆဲပင် ဖြစ်လေသည်။
ရွှီပေါ်အန်း လမ်းလျှောက်သွားစဉ် ချန်ရှီရှီက နောက်မှ လိုက်သွားပြီး သူ ကိုင်ထားသော ပင်အပ်ကို ကြည့်နေ ခဲ့လေ၏။ ရွှီပေါ်အန်း ရေးပြီးသွားသောအခါ ချန်ရှီရှီ၏ မျက်နှာမှာ တုန်ယင်သွားပြီး ဒူးထောက်ချလိုက်လေသည်။
“မင်း ဘာဖြစ်လို့လဲ...၊ ဒီစာလုံးတွေ အားလုံးကို မင်း သိတယ် မဟုတ်လား...။”
ချန်ရှီရှီ၏ ထူးဆန်းသော အမူအရာကို သတိထားမိသဖြင့် ရွှီပေါ်အန်းက စပ်စုလိုစိတ်ဖြင့် မေးလိုက်လေ၏။
“တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...၊ ကျွန်တော်မျိုးမ သိပါတယ်...။ ဒါပေမဲ့...၊ ဒီ... ဒီစာလုံးတွေက...၊ လုံးဝကို သစ္စာဖောက်မှုပါပဲရှင်...။”
ချန်ရှီရှီ၏ အသံမှာ တုန်ယင်နေပြီး သူမ၏ စစ်မှန်သော ကြောက်ရွံ့မှုကို ရှင်းလင်းစွာ ပြသနေလေသည်။
ရွှီပေါ်အန်းသည် ပို၍ပင် စပ်စုလိုစိတ် ပြင်းပြလာပြီး ချက်ချင်းပင် ပေါ့ပေါ့ပါးပါး ပြောလိုက်လေ၏။
“အို...၊ ဘာစာလုံးလဲ... ။ငါ အိပ်ပျော်နေတာ အရမ်းကြာသွားတော့ လူတွေရဲ့ စာလုံးတွေကို မသိတော့ဘူး...။ ကောင်းကင်သိတယ်...၊ မြေကြီးသိတယ်...၊ မင်းသိတယ်...၊ ပြီးတော့ ငါသိတယ်...။ ဒါ့အပြင် အကယ်၍ တစ်ခုခု ဖြစ်လာရင်တောင် ငါ မင်းကို ကာကွယ်ပေးမှာပါ...။ မင်း ထိတ်လန့်နေစရာ မလိုပါဘူး...၊ လွတ်လွတ်လပ်လပ် သာ ပြောပါ...။”
ချန်ရှီရှီသည် သူမ၏ နီရဲနေသော နှုတ်ခမ်းများကို ညင်သာစွာ ကိုက်လိုက်ပြီး တိုးတိတ်စွာ ပြောလိုက်လေသည်။
“ကျင့်မင်းဆက်ကို ဖြုတ်ချပြီး လျန်မင်းဆက်ကို ပြန်လည် တည်ထောင်ဖို့ပါရှင်...။”
“အင်း...၊ ဒီကြွေးကြော်သံက အရမ်း ရင်းနှီးနေသလိုပဲ...။”
*ဝေ့ရှောင်ပေါင် ခြေဖဝါးပေါ်မှာ စာလုံးတွေ တက်တူးထိုးခဲ့ဖူးတယ် မဟုတ်လား...။*
ဤစာလုံးက သစ္စာဖောက်မှု ဖြစ်သည်ဟု ချန်ရှီရှီ ပြောခဲ့သည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ ဤရွှေငွေ ရတနာ များ အားလုံးမှာ မဟာကျင့်မင်းဆက်ကို ဖြုတ်ချရန် အချို့သူများ အသုံးပြုခဲ့သော အရင်းအနှီးများပင် ဖြစ်လေ တော့၏။
*မမျှော်လင့်ဘဲ ငါ ဒါကို မတော်တဆ တွေ့ရှိခဲ့တာပဲ...။*
*အို...၊ မဟုတ်ဘူး...။ တိတိကျကျ ပြောရရင် ငါ့ရဲ့ ကိုယ်ပိုင် တောင်စောင့်သားရဲလေး တွေ့ရှိခဲ့တာပဲ...။*
ဤအရာကို တွေးမိသောအခါ ရွှီပေါ်အန်းသည် သူမဝသေးဟန်ဖြင့် ခြေဖဝါးများကို လျက်နေသေးသော ဝက်ဝံ ညိုကြီးကို လှမ်းကြည့်လိုက်လေ၏။
*ဘုရားရေ...၊ သူ စားတာ အရမ်း မြန်တာပဲ...။ ဒီတစ်ကြိမ် ငါ သူ့ကို မွှေးရနံ့သာအသား အများကြီး ပေးခဲ့ တာကို...။*
သို့သော် ထိုရွှေငွေ အားလုံးနှင့် နှိုင်းယှဉ်ပါက သူသည် အတော်လေး နှမြောတွန့်တိုသည်ဟု ခံစားလိုက်ရလေ သည်။
*ထားလိုက်ပါတော့...၊ နောက်မှ ဝက်ဝံညိုကြီးကို လျော်ကြေးအနေနဲ့ အစားအစာ တချို့ ထပ်ပေးလိုက်ပါ့ မယ်...။*
*အဲဒါကလည်း အဆင်မပြေဘူး...။ တကယ်လို့ ဒီကောင်က အစားအစာ ကျွေးတာကို မျှော်လင့်တဲ့ အကျင့်ရသွား ရင် သူ့ရဲ့ တိုက်ခိုက်ရေး စွမ်းရည်က သေချာပေါက် ထိခိုက်လိမ့်မယ်...။ ကောင်းပြီ...၊ ငါ သူ့ကို ကူညီခဲ့ပြီးပြီပဲ...။ ဒါကြောင့် ဒီရွှေငွေ ရတနာတွေက အခု ငါ့ဟာတွေ ဖြစ်သွားပြီ...။ သူ့ဟာက ငါ့ဟာပဲ...၊ ငါ အရမ်း တရားဝင်ဆန် နေစရာ မလိုပါဘူး...။*
ရွှီပေါ်အန်းက သူ့ကိုယ်သူ ရယ်မောလိုက်ပြီး သူ၏ ကိုယ်ပိုင် ဉာဏ်အမြင်အတွက် အတော်လေး ကျေနပ်သွား ခဲ့လေ၏။
မည်သို့ပင်ဖြစ်စေ အမွှေးတိုင် ပူဇော်မှုနှင့် ဆုတောင်းပတ္ထနာပြုမှု စွမ်းအားကို တိုးမြှင့်ရန် အခွင့်အရေးနှင့် နှိုင်းယှဉ်ပါက ဤရွှေငွေ ရတနာများမှာ အမှန်တကယ်ပင် ဘာမှ မဟုတ်လှချေ။
သူ၏ ကိုယ်ပိုင် အတွေးများကို ဘေးဖယ်ထားကာ ရွှီပေါ်အန်းက ချန်ရှီရှီကို စပ်စုလိုစိတ်ဖြင့် မေးလိုက်လေသည်။
“ဒါဆို 'ကျင့်မင်းဆက်ကို ဖြုတ်ချပြီး လျန်မင်းဆက်ကို ပြန်လည် တည်ထောင်ဖို့' ဆိုတဲ့ စကားစုထဲက လျန် က အရင်မင်းဆက်ရဲ့ နာမည်ပေါ့...။”
ချန်ရှီရှီသည် ထပ်မံ ဒူးထောက်လိုက်ပြီး ပြောလိုက်လေ၏။
“တောင်စောင့်နတ်မင်းကြီးရဲ့ မေးခွန်းကို ဖြေကြားရမယ်ဆိုရင်...၊ မဟာကျင့်မင်းဆက် မတိုင်ခင်က မဟာလျန် မင်းဆက် တစ်ခုတည်းသာမက ကိုယ့်ကိုယ်ကိုယ် အုပ်ချုပ်ကြတဲ့ ကြီးငယ်မင်းဆက် ဒါဇင်ကျော်ခန့် ရှိခဲ့ပါတယ် ရှင်...။”
မဟာလျန် နှင့် မဟာကျင့် တို့သည် ထိုအချိန်က အင်အားအကြီးဆုံး မင်းဆက်ငါးခုတွင် ပါဝင်ခဲ့ကြလေသည်။ မူလ က မဟာလျန် သည် အကြွယ်ဝဆုံးဖြစ်ပြီး မဟာကျင့် မှာ စတုတ္ထနေရာတွင်သာ ရှိခဲ့လေ၏။ သို့သော် နောက်ဆုံးတွင် အလွန်လှပသော ဤနိုင်ငံကို တပေါင်းတည်းဖြစ်အောင် သိမ်းပိုက်ခဲ့သည်မှာ မဟာကျင့် ၏ ကြီးမားလှသော စစ်တပ်ပင် ဖြစ်လေသည်။
“အင်း...”
*ဒီဇာတ်ကွက်က အံ့ဩစရာပဲ...။*
*နွေဦးနှင့် ဆောင်းဦး ကာလ၏ အင်အားကြီး နိုင်ငံငါးခုလား...၊ စစ်ပွဲဖြစ်နေသော ပြည်နယ်ခုနစ်ခုလား...၊ နိုင်ငံကို တပေါင်းတည်း ဖြစ်အောင် လုပ်တာလား...။ သူတို့က အရမ်း ဆင်တူတာပဲ...။ ဘယ်လို နေရာဒေသပဲ ဖြစ်နေပါ စေ...၊ အားလုံးက တူညီတဲ့ ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်ကို လိုက်နာကြပုံ ရတယ်...။*
*ကမ္ဘာကြီးက အချိန်အကြာကြီး ကွဲကွာနေပြီးနောက်မှာ နောက်ဆုံးမှာ ပြန်လည် ပေါင်းစည်းသွားမယ်...။ ပြီးတော့ အချိန်အကြာကြီး ပေါင်းစည်းနေပြီးနောက်မှာ နောက်ဆုံးမှာ ပြန်လည် ကွဲကွာသွားမယ် လို့ သူတို့ ပြောကြတာ အံ့သြစရာ မဟုတ်တော့ဘူး...။*
*နောက်မှ အားလပ်ချိန် ရရင် ငါ ဘွန်ဆိုင်းကမ္ဘာရဲ့ သမိုင်းအကြောင်းကို ပိုလေ့လာသင့်တယ်...။*
*မဟုတ်ရင် မင်းက ရတနာတစ်ခု ရလာရင် တခြားသူတွေကို မေးရလိမ့်မယ်...။ အဲဒါက တောင်စောင့်နတ် မင်းကြီး ဖြစ်တဲ့ မင်းကို အသိပညာ ဗဟုသုတ မရှိသလို ဖြစ်သွားစေလိမ့်မယ်...။*
*နောက်ထပ် အရေးတကြီး ပြဿနာက စာတတ်မြောက်ရေးပဲ...။*
*မဟုတ်ရင် ဂုဏ်သိက္ခာရှိတဲ့ တောင်စောင့်နတ်မင်းကြီး၊ တခြားသူတွေရဲ့ မျက်လုံးထဲမှာ အစွမ်းထက်တဲ့ နတ် ဘုရားတစ်ပါးက စာမတတ်ဘူး ဖြစ်နေရင် နည်းနည်းတော့ အရှက်ရစရာ ဖြစ်လိမ့်မယ်...။*
*မဟာကျင့်မင်းဆက်မှာ စာမတတ်သူတွေ အများကြီး ရှိနေသေးပေမဲ့ တခြားသူတွေက သာမန်လူတွေ ဆိုရင် တောင် ကိစ္စမရှိဘူး...။ ငါတို့က အင်မော်တယ်တွေဆိုတော့ တခြားသူတွေရဲ့ နောက်မှာ ကျန်ရစ်နေလို့ မဖြစ် ဘူး...။*
ဤအရာကို တွေးမိသောအခါ ရွှီပေါ်အန်းက မေးလိုက်လေ၏။
“ချန်ရှီရှီ...၊ နောက်ထပ် မေးခွန်းတစ်ခု ရှိသေးတယ်...။ ဒီအနုပညာတွေကို မင်း သင်ယူနေချိန်မှာ မင်းဆီမှာ အခြေခံ စာအုပ်တွေ ရှိခဲ့လား...။”
ရွှီပေါ်အန်းသည် စာဖတ်ရန် သင်ယူလိုရုံသာ ဖြစ်သော်လည်း ကျွမ်းကျင်မှုများ ပိုမို ရရှိခြင်းက အမြဲတမ်း ကောင်းမွန်သည်ဟု သူ တွေးထင်ခဲ့လေ၏။ ထို့ကြောင့် မေးခွန်းများ ပိုမေးပြီး ပိုမို လေ့လာခြင်းက အရှုံးမရှိနိုင်ဟု သူ တွေးခဲ့လေသည်။
ချန်ရှီရှီသည် အနည်းငယ် ရှုပ်ပွနေသော သူမ၏ ဆံပင်ကို ညင်သာစွာ သပ်တင်လိုက်ပြီး ပြောလိုက်လေ၏။
“ဟုတ်ကဲ့...၊ ကျွန်တော်မျိုးမဆီမှာ တချို့ရှိပါတယ်...။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ကျွန်တော်မျိုးမ ယူမလာခဲ့ပါ ဘူး....။ ဒါပေမဲ့လည်း အကယ်၍ တောင်စောင့်နတ်မင်းဘိုးဘိုးကြီးက သိချင်တယ်ဆိုရင် ကျွီရှန်ဖန်းမှာ ဂီတ၊ စစ်တုရင်၊ လက်ရေးလှနဲ့ ပန်းချီအကြောင်း စာအုပ်တွေ အများကြီး ရှိပါတယ်ရှင်...။ ခရိုင်ကျောင်းမှာလည်း လက်ရေးလှနဲ့ ပန်းချီအကြောင်း စာအုပ်တွေ ရှိပါတယ်...။”
ရွှီပေါ်အန်း နားလည်သွားပြီး ထပ်မေးလိုက်လေသည်။
“ကိစ္စမရှိပါဘူး...၊ ဒါပေမဲ့ ဒီနေ့ အဖြစ်အပျက်တွေကို တခြားသူတွေကို လုံးဝ မပြောပြရဘူးနော်...။ မဟုတ်ရင် မင်းကိုယ်မင်း ဒုက္ခရောက်စေလိမ့်မယ်...။”
စကားပြောနေစဉ် ရွှီပေါ်အန်းသည် သူ၏ လက်ချောင်းကို ဆန့်တန်းကာ မြေပြင်ကို ပွတ်ဆွဲလိုက်ပြီး သူရေးထား ခဲ့သော စာလုံးများ၏ အရိပ်အယောင်များကို ချက်ချင်း ဖျက်ပစ်လိုက်လေ၏။
“ကျွန်တော်မျိုးမ နားလည်ပါတယ်ရှင်...။ တောင်စောင့်နတ်မင်းကြီးရဲ့ သနားကြင်နာမှုအတွက် ကျေးဇူးတင်ပါ တယ်...။”
ရွှီပေါ်အန်း အချိန်အတော်ကြာ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ချန်ရှီရှီသည် နောက်ဆုံးတွင် ထရပ်ပြီး ပန်းချီဆက်ဆွဲလေတော့၏။
သို့သော် သူမ၏ လက်ထဲရှိ စုတ်တံမှာ စိတ်ကူးအာရုံ ကင်းမဲ့သွားပုံရပြီး လိုင်းအမှားများကိုသာ ဆက်တိုက် ရေးဆွဲနေမိလေသည်။ သူမ ရေးဆွဲလိုက်သော လိုင်းအသစ်များပင်လျှင် ကောက်ကွေ့နေသော (လျန်) စာလုံးနှင့် တူနေပုံရလေ၏။
အချိန်အတော်ကြာပြီးနောက် ချန်ရှီရှီသည် လွတ်ဟာနေသော မျက်လုံးများဖြင့် မှားယွင်းစွာ ရေးဆွဲမိသော ပန်းချီကို မလိုလားစွာ ဖျက်ပစ်လိုက်ပြီးနောက် စုတ်တံကို ချကာ သက်ပြင်းရှည်ကြီး ချလိုက်ပြီး တိုးတိတ်စွာ ရေရွတ်လိုက်လေသည်။
“မဟာလျန်...။”
...
ရွှီပေါ်အန်းသည် သူ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီးနောက် ရွှေအုတ်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားကာ အခြားလက်တစ်ဖက်ဖြင့် ရွှေအုတ်ပေါ်ရှိ စာတန်းကို ရုတ်တရက် အားစိုက်လိုက်လေ၏။ ရိုးရှင်းသော ပွတ်သပ် မှု တစ်ခုနှင့် တူသောအရာနှင့်အတူ နောက်တစ်ခဏတွင် ရွှေအုတ်ပေါ်ရှိ မူလ စာသားမှာ ပျောက်ကွယ် သွားခဲ့ လေသည်။ ရွှီပေါ်အန်းက ၎င်းကို ရိုးရိုးလေး ဖျက်ပစ်လိုက်သကဲ့သို့ပင်။
*တကယ်ကို ကြောက်စရာကောင်းလိုက်တာ...။ တကယ်ကို ကြောက်စရာကောင်းတာပဲ...။*
ရွှီပေါ်အန်းသည် သူ၏ လက်ရာအတွက် အလွန် ကျေနပ်အားရနေခဲ့လေ၏။
*ငါက ပြီးခဲ့တဲ့ရက်တွေမှာ ငွေတွေကို ဖြုန်းတီးနေခဲ့တော့ ငါ့မှာ ငွေတွေ သိပ်မရှိတော့ဘူး...။*
*အစိမ်းရောင်အင်ပါယာ ကျောက်စိမ်းကုတင်နဲ့ ရာစုနှစ်များစွာ သက်တမ်းရှိတဲ့ ဆေးဖက်ဝင်အပင်တွေလို တခြား ပစ္စည်းတွေက ရောင်းဖို့ မတန်သေးဘူး...။ ဒီရွှေအုတ်ကို အသုံးပြုပြီး ဆုံးရှုံးမှုတချို့ကို ပြန်လည် ရယူကာ သုံးစွဲဖို့ ငွေတချို့ ရှာဖို့ ကောင်းတဲ့ အခွင့်အရေးပဲ...။*
ရွှီပေါ်အန်းသည် လေလံအိမ်တော်ရှိ သူ၏ သူငယ်ချင်းဟောင်း ကျောက်ယွန်းထောင်ထံသို့ ဖုန်းခေါ်လိုက် လေသည်။
ဖုန်းခေါ်ဆိုမှုကို အလျင်အမြန် လက်ခံဖြေကြားခဲ့လေ၏။
“အထွေထွေမန်နေဂျာရွှီ...၊ ဘာများ ညွှန်ကြားချင်လို့လဲ...။ ကျွန်တော့် ဘယ်ဘက်မျက်လုံးက လှုပ်နေပြီ...။”
ရွှီပေါ်အန်းက ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။
“မင်း ကောင်စုတ်လေး...၊ ငါက မင်းဆီကို ငွေတွေ လာပေးမယ့် ငွေပေးကောင်လေးလို့ မင်း ထင်နေတာလား...။”
ကျောက်ယွန်းထောင်က အားရပါးရ ရယ်မောလိုက်ပြီး ပြောလိုက်လေ၏။
“အထွေထွေမန်နေဂျာရွှီက နောက်နေပြန်ပါပြီ...။ ကျွန်တော်တို့ အတူတူ ငွေရှာပြီး စည်းစိမ်တွေကို မျှဝေလို့ ရပါတယ်...၊ ခင်ဗျား ကျွန်တော့်အကြောင်း သိပါတယ်...။”
ရွှီပေါ်အန်းက ရယ်မောလိုက်ပြီး ပြောလိုက်လေသည်။
“သေချာတာပေါ့...၊ ငါ မင်းဆီကို အကြိမ်ကြိမ် လာခဲ့ဖူးတော့ ငါ မင်းကို ယုံပါတယ် ညီလေးရာ...။”
ကျောက်ယွန်းထောင်၏ နှလုံးသားမှာ ခုန်ပေါက်သွားခဲ့ပြီး သူ မမှန်းဆမိကြောင်းကို ချက်ချင်း သဘောပေါက် လိုက်လေ၏။ သူ့ထံသို့ စီးပွားရေး လုပ်ငန်းများ ပိုမို ရောက်ရှိလာတော့မည် ဖြစ်သည်။
ပြီးခဲ့သည့် အကြိမ်က ယွမ် သန်း (၂၀) အထိ မယုံကြည်နိုင်လောက်အောင် စျေးကောင်းရခဲ့သော ကမ်းပါးယံ သစ်မြစ်ကို တွေးမိပြီး ကျောက်ယွန်းထောင်က ကြီးမားသော မျှော်လင့်ချက်ဖြင့် ပြောလိုက်လေ၏။
“အထွေထွေမန်နေဂျာရွှီ...၊ ဒီတစ်ကြိမ် ခင်ဗျားဆီမှာ ဘယ်လို အံ့ဩစရာ ပစ္စည်းမျိုး ပြစရာ ရှိလို့လဲ...။ စိတ်မပူ ပါနဲ့...၊ ကျွန်တော် ခင်ဗျားအတွက် စျေးကောင်း သေချာပေါက် ရအောင် လုပ်ပေးပါ့မယ်...။”
ရွှီပေါ်အန်းက စိတ်မဝင်စားဟန်ဖြင့် ပြောလိုက်လေသည်။
“ရှားပါးတဲ့ အရာတော့ မဟုတ်ပါဘူး...။ သာမန် ပစ္စည်းတစ်ခုပါပဲ...၊ လေလံတင်ဖို့ မတန်ပါဘူး...။ ငါ့လက်ထဲမှာ ရှေးဟောင်းပစ္စည်း တချို့ရှိလို့ မင်းရဲ့ အပေါင်ဆိုင်ကနေ ငွေတချို့နဲ့ လဲလှယ်ချင်လို့ စဉ်းစားနေတာ...။”
ရွှေပေါင်ခြင်း အကြောင်းဖြစ်သည်ကို ကျောက်ယွန်းထောင် ကြားသောအခါ ၎င်းမှာ ရွှေလက်ကောက် သို့မဟုတ် ဆွဲကြိုးကဲ့သို့သော အရာဖြစ်မည်ဟု မသိစိတ်မှ တွေးထင်လိုက်ပြီး သူ၏ စိတ်ဝင်စားမှုမှာ ချက်ချင်း လျော့ကျ သွားခဲ့လေ၏။
သို့သော် ကျောက်ယွန်းထောင်သည် သူ၏ စီးပွားရေး အမြော်အမြင်နှင့်အညီ သူ၏ ပါးနပ်မှုကို အပြည့်အဝ ပြသ ကာ ပြုံးလျက် ပြောလိုက်လေသည်။
“အထွေထွေမန်နေဂျာရွှီ...၊ ခင်ဗျား နောက်နေတာ ဖြစ်ရမယ်...။ ခင်ဗျား ပစ္စည်းတွေကို ငွေနဲ့ ပေါင်ဖို့ လိုနေတာ လား...၊ အကယ်၍ ခင်ဗျား လောလောဆယ် ငွေပြတ်နေတယ်ဆိုရင် ဘယ်လောက် လိုလဲဆိုတာကိုသာ ပြောပါ ...။ တကယ်လို့ ကျွန်တော် ကူညီနိုင်ရင် ခင်ဗျားဆီကို ချက်ချင်း လွှဲပေးပါ့မယ်...။ တကယ်လို့ ခင်ဗျား မတတ်နိုင် ရင်တောင် ကျွန်တော် အကောင်းဆုံး ကြိုးစားပေးပါ့မယ်...။”
ရွှီပေါ်အန်းက ပြုံးလျက် ငြင်းပယ်လိုက်ပြီး ပြောလိုက်လေ၏။
“မင်းရဲ့ ကြင်နာမှုအတွက် ငါ ကျေးဇူးတင်ပါတယ်...။ ဒါပေမဲ့ တကယ်ကို မလိုအပ်ပါဘူး...၊ စျေးကွက်ပေါက်စျေး အတိုင်းပဲ ငါ့အတွက် လဲလှယ်ပေးပါ...။”
ကျောက်ယွန်းထောင်သည် ဤကိစ္စလေးကို အထင်သေးနေဆဲဖြစ်ပြီး သူ့ကို အတတ်နိုင်ဆုံး ဖျောင်းဖျရန် ကြိုးစားလေတော့သည်။
“ဒီလိုလုပ်ရင်ကော အထွေထွေမန်နေဂျာရွှီ...။ ကျွန်တော် ခင်ဗျားအတွက် ပစ္စည်းတွေကို ခဏ သိမ်းထားပေး မယ်...၊ ပြီးတော့ ငွေကို ခင်ဗျားဆီ တိုက်ရိုက် လွှဲပေးလိုက်မယ်...၊ ခင်ဗျား ပိုက်ဆံ တစ်ပြားမှ ပေးစရာ မလိုပါ ဘူး...။ ခင်ဗျား ငွေကြေးအခြေအနေ ပိုကောင်းလာတဲ့အခါ ကျွန်တော့်ကို ပြောလိုက်ပါ...။”
အပေါင်ဆိုင်များသည် အရောင်းအဝယ်တိုင်းအတွက် ဝန်ဆောင်ခ ကောက်ခံလေသည်။
သို့သော် ရွှီပေါ်အန်း ကဲ့သို့သော သူငယ်ချင်းဟောင်းများမှာမူ များသောအားဖြင့် လျှော့စျေးအချို့ ရရှိလေ့ ရှိကြ လေ၏။
ထို့အပြင် ရွှီပေါ်အန်းသည် မကြာသေးမီက ယွမ် သန်း (၂၀) တန်ဖိုးရှိ ကမ်းပါးယံ သစ်မြစ်ကို အရောင်းအဝယ် ပြုလုပ်ခဲ့ပြီး ၎င်းက ကျောက်ယွန်းထောင်ကို အကျိုးအမြတ် အတော်လေး ရရှိစေခဲ့လေသည်။ ထို့ကြောင့် သူ သည် အပေါင်ဆိုင်၏ ဝန်ဆောင်ခ အကျိုးအမြတ်ကို စွန့်လွှတ်လိုက်နိုင်လေ၏။
ရွှီပေါ်အန်းက ထပ်မံ ငြင်းပယ်လိုက်ပြီး ပြောလိုက်လေသည်။
“ဒီတစ်ကြိမ်တော့ ငါ့စကားအတိုင်းပဲ လုပ်ပါမယ်...၊ ဘာပဲဖြစ်ဖြစ် လုပ်ထုံးလုပ်နည်းတွေနဲ့ အခကြေးငွေတွေ အားလုံးအတွက် စည်းမျဉ်းတွေကို လိုက်နာပါ...။ ငါ့မှာ အခြေအနေ တစ်ခုပဲ ရှိတယ်...၊ ငါ့အကြောင်း သတင်း အချက်အလက် အားလုံးကို လုံးဝ လျှို့ဝှက်ထားပေးပါ...။”
ကျောက်ယွန်းထောင်က ရယ်မောလိုက်ပြီး ပြောလိုက်လေ၏။
“စိတ်မပူပါနဲ့ အထွေထွေမန်နေဂျာရွှီ...၊ ကျွန်တော်တို့က သူငယ်ချင်းဟောင်းတွေပါ...။ ခင်ဗျား ကျွန်တော့်ရဲ့ စည်းမျဉ်း တွေကို မယုံဘူးလား...။ ကြည့်ရတာ ဒီတစ်ကြိမ် အထွေထွေမန်နေဂျာရွှီမှာ 'အဝါရောင် ကုန်ပစ္စည်း' အမြောက်အမြား ရှိနေပုံပဲ...။”
ရွှီပေါ်အန်းက ပြုံးလျက် ပြောလိုက်လေသည်။
“သိမ်မများပါဘူး...၊ အုတ်နီခဲတစ်လုံး အရွယ်အစားလောက်တော့ ရှိတယ်...။”
သူ၏ လေသံမှာ အလွန် တည်ငြိမ်နေသော်လည်း သူသည် ကျောက်ယွန်းထောင်၏ တုံ့ပြန်မှုကို မလိုတမာ ဟာသဉာဏ်ဖြင့် တိတ်တဆိတ် တွေးတောနေခဲ့လေ၏။
ကျောက်ယွန်းထောင်၏ ပြင်ဆင်ထားသော အပြုံးမှာ ရုတ်တရက် ရပ်တန့်သွားခဲ့လေသည်။
သူသည် အလွန် ပြင်းပြင်းထန်ထန် တွေးတောနေခဲ့ပြီး ဤတစ်ကြိမ်တွင် ရွှီပေါ်အန်းသည် ရွှေချောင်း ဆယ် ချောင်း၊ ရှစ်ချောင်း သို့မဟုတ် လက်ဝတ်ရတနာ ဆွဲကြိုး အကုံး သုံးဆယ်၊ ငါးဆယ်ခန့် ရရှိထားသလား ဆို သည်ကိုပင် စတင် တွက်ချက်နေခဲ့လေ၏။
တစ်စုံတစ်ယောက်တွင် ရွှေအုတ်များ အမှန်တကယ် ရှိနေလိမ့်မည်ကို သူ တကယ်ကို မယုံကြည်နိုင်ခဲ့ချေ။
ထို့အပြင် ၎င်းတို့မှာ ဆယ်ဆထက်မက သေးငယ်သွားပြီး လက်သုံးလုံးခန့်သာ ကျယ်သော ရွှေအုတ်များဟု ခေါ်သည့် အရာများ မဟုတ်ဘဲ အစစ်အမှန် ရွှေအုတ်များ ဖြစ်လေသည်။
*ဘုရားရေ... ဘယ်လို သူဌေးကြီးကများ ရွှေတွေကို အရည်ကြိုပြီး အုတ်ခဲအရွယ်အစား ရွှေအုတ်တစ်ခု ဖြစ် အောင် လုပ်မှာလဲ...။*
*ငါ ရွှေငါးတွေနဲ့ ရွှေပဲစေ့တွေ အကြောင်း ကြားဖူးပေမဲ့ ရွှေအုတ်အကြောင်း တစ်ခါမှ မကြားဖူးဘူး...။*
“အထွေထွေမန်နေဂျာရွှီ... ရိုးရိုးသားသား ပြောရရင် လောလောဆယ်တော့ ကျွန်တော် ဒီပစ္စည်းကို တကယ် မစားနိုင်သေးဘူး...။ ကျွန်တော့်ကို နှစ်ရက်လောက် အချိန်ပေးနိုင်မလား...။”
ကျောက်ယွန်းထောင်မှာ အံ့အားသင့်သွားသော်လည်း သူ အများဆုံး ခံစားရသည်မှာ ဝမ်းသာမှုပင် ဖြစ်လေ၏။
ဤကဲ့သို့သော အရာများက ဒီဇိုင်းနာ အိတ်များ၊ ရှေးဟောင်းပစ္စည်းများ သို့မဟုတ် ရှေးဟောင်း ဒင်္ဂါးပြားများ ကဲ့သို့သော အရာများလောက် ဝင်ငွေ မရသော်လည်း ၎င်း၏ များပြားလှသော ပမာဏက အစားထိုးပေးနိုင်လေ သည်။
အကယ်၍ တစ်ဂရမ်ကို ယွမ် ဆယ်ဂဏန်း သို့မဟုတ် နှစ်ဆယ်ခန့် မြတ်လျှင်ပင် ရွှေအုတ်တစ်ချပ်သည် ကီလို ဂရမ် ဆယ်ဂဏန်းခန့် အလေးချိန် ရှိနိုင်သဖြင့် ဝင်ငွေ အများကြီး ရနိုင်သေးလေ၏။
ရွှီပေါ်အန်းက ခေါင်းညိတ်ကာ သဘောတူလိုက်လေသည်။
“ပြဿနာမရှိပါဘူး...၊ အားလုံး အဆင်သင့်ဖြစ်ပြီဆိုရင် အချိန်မရွေး ငါ့ကို ဆက်သွယ်လိုက်ပါ...။”
ကျောက်ယွန်းထောင်သည် အလျင်အမြန် ပြုံးလျက် တုံ့ပြန်လိုက်ပြီး အချိန်အတော်ကြာ ချီးကျူးပြီးနောက် ဖုန်းချလိုက်လေ၏။
ရွှီပေါ်အန်း ဖုန်းချလိုက်သည်နှင့် တစ်ပြိုင်နက် ကျောက်ယွန်းထောင်သည် အခြားနံပါတ် တစ်ခုသို့ ချက်ချင်း ဖုန်းခေါ်လိုက်လေသည်။
“ဟေး...၊ ကျောက်စီအာ...၊ မင်းက အချိန်ရွေးတတ်တာပဲ...။ ငါ ခုလေးတင် ဖုန်းရတာ...။”
ဖုန်းတစ်ဖက်မှ လူ၏ အသံမှာ အလွန် ပျော်ရွှင်နေပြီး ရယ်မောနေပုံ ရလေ၏။
ကျောက်ယွန်းထောင်က အားနာမနေဘဲ ချက်ချင်း ပြောလိုက်လေသည်။
“အစ်ကိုကြီး...၊ ကျွန်တော် ကုန်ပစ္စည်း အများကြီး ဝယ်ဖို့ လိုနေတယ်...။ ဒါပေမဲ့ ငွေပြတ်နေလို့ အရေးပေါ် လိုအပ်နေတယ်...။ ငွေကြေး စီးဆင်းမှုအတွက် ခင်ဗျား ကျွန်တော့်ကို ကူညီဖို့ လိုတယ်...။”
“ဟားဟား...၊ ငါတို့ ညီအစ်ကိုတွေ ဒီလိုပြောတာ ပြဿနာ မရှိပါဘူး...၊ စျေးသာပြောလိုက်...။ ဗဟိုခြံဝင်းထဲက ဒီအိမ်ကို ငါ ခုလေးတင် ရောင်းလိုက်လို့ ငါ့လက်ထဲမှာ ငွေအပိုတချို့ ရှိနေတယ်...။ ဟားဟား...၊ ငါ ဘယ်သူ့ကို ရောင်းလိုက်လဲဆိုတာ မင်းသိလား...။”
“အင်း...၊ ကျွန်တော်က ဘယ်လိုလုပ် ခန့်မှန်းရမှာလဲ...။ ဘာပဲဖြစ်ဖြစ် သူတို့ ကျွန်တော့်ကို မရောင်းခဲ့ဘူးလေ...။”
ကျောက်ယွန်းထောင်မှာ မေးခွန်းကြောင့် လုံးဝ ဝေခွဲမရ ဖြစ်သွားခဲ့လေ၏။
“ကောင်းပြီ... မင်း မှန်အောင် မခန့်မှန်းနိုင်ဘူး ကောင်လေး...။ ငါ တိုက်ရိုက်ပဲ ပြောလိုက်မယ်...၊ မင်းရဲ့ အိပ်မက် ထဲက ကောင်မလေး...၊ ခြေတံရှည်ပြီး အနက်ရောင် ခြေအိတ်ရှည် ဝတ်ထားတဲ့ စူပါစတားမလေးကို ရောင်း လိုက်တာ...။”